ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်၏ ဆွေမျိုးသားချင်းများကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးတရားစွဲထားခြင်းမှ အမှုကိုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခြင်းသည် ရခိုင်စစ်ပွဲ ရပ်စဲရေး နှစ်ဘက်အကြား အပေးအယူ တစုံတရာ ရသွားခြင်း၏ ရလဒ်များ ဖြစ်ပါသလား။
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီအရင်းဖြစ်သူ ကိုအောင်မြတ်ကျော်၊ ညီမအရင်းဖြစ်သူ မယမင်းမြတ် ( ခ) မိုးနှင်းဖြူ၊ ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့အပါအဝင် ရခိုင်တိုင်းရင်းသား ၁၀ ဦးကို ဇွန် လ ၉ ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံမှ ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ အမှုအားလုံးကို တရားလို သတင်းရဲတပ်ဖွဲ့ဘက်မှ စွဲချက် ပြန်ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။
AA ခေါင်းဆောင်၏ ဆွေမျိုးသားချင်းများကို ထိုသို့လွှတ်ပေးခြင်းသည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို စစ်ကောင်စီက ပုဂ္ဂိုလ်ရေးအရ “အကြောလျှော့”သည့် သဘောသာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။
စစ်ကောင်စီက AA ခေါင်းဆောင်၏ ဆွေမျိုးသားချင်းများကို ပြန်လွှတ်ပေးသော်လည်း ရခိုင်မြောက်ပိုင်း မြို့နယ်အသီးသီးရှိ တရားရုံးများတွင် လူရာနှင့်ချီပြီး အကြမ်းဖက်မှုနှင့် တရားစွဲခံနေရသေးခြင်းက ငြိမ်းချမ်းရေးလမ်းအတွက် သံယဖြစ်စရာတခု ဖြစ်နေကြောင်း ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းက မြင်သည်။
ဦးမောင်စောဝင်းက “ စင်္ကပူအသင်းက လူငယ်တွေကို ပြန်လွှတ်ပေးလိုက်တာက အပြုသဘောဆောင်ပေမယ့် အမှန်တကယ် နှစ်နဲ့ချီ ချုပ်နှောင်ခံထားရတဲ့ ရခိုင်ရွာသားတွေက မလွတ်သေးအခါ ဒီဟာသည် ငြိမ်းချမ်းရေးထက် ဟန်ပြလုပ်သလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက တောင်ကုတ်မြို့နယ် မိုးပညာဒါန ပရဟိတသင်တန်းကျောင်းမှ ရခိုင်တိုင်ရင်းသား ၇ ဦးကိုလည်း AA ဆက်စပ်မှုရှိသည်ဟု ဆိုကာ သံတွဲသို့ကားဖြင့် အသွားလမ်းတွင် ပိတ်ဆို့ ဖမ်းဆီးခဲ့သည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီဆန့်ကျင်ရေး အုံကြွမှုများကြောင့် “အရူးမီးဝိုင်း”ဖြစ်နေသည့် စစ်ကောင်စီ အနေဖြင့် ရခိုင်ပြည်နယ် စစ်မျက်နှာကို တည်ငြိမ်အောင် ထိန်းသိမ်းရန် တင်းမာမှု ပြန်လည်ဖြေလျှော့သည့်အနေဖြင့် အကြမ်းဖက်မှုနှင့် တရားစွဲထားသည့် AA ခေါင်းဆောင်၏ ဆွေမျိုးသားချင်းများကို ပြန်လွှတ်ပေးခြင်းဟု နိုင်ငံရေးလေ့လာသူ စာရေးဆရာ ဦးသန်းစိုးနိုင်ကလည်း သုံးသပ်သည်။
ဦးသန်းစိုးနိုင်က ” ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် စစ်ကောင်စီနဲ့ AA ကြားမှာ ရှိတဲ့ အဖုအထစ်တွကို ဖြေလျှော့ပေးတဲ့ သဘောပဲ “ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် တဘက်နှင့်တဘက် ယုံကြည်မှု မရှိကြသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ကာလတခုလောက်သာ တည်ငြိမ်နိုင်ပြီး ရေရှည်တည်ငြိမ်မှုကို ရရှိနိုင်မည့် အာမခံချက်မရှိသေးကြောင်း ဦးသန်းစိုးနိုင်က ထောက်ပြသည်။
အပစ်အခတ်ရပ်စဲခြင်း
မြန်မာ့နိုင်ငံ၏ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်း မီးကုန်ယမ်း ကုန်တိုက်ခိုက်ခဲ့ကြသည့် စစ်တပ်နှင့် AA အကြား တိုက်ပွဲများက ရုတ်ချည်း ထိုးရပ်သွားခြင်းက အားလုံးအတွက် အံ့သြသင့်စရာဖြစ်စေခဲ့သည်။
စစ်ပန်းနေကြသည့် နှစ်ဘက်တပ်များသည် ပြီးခဲ့သော ၂၀၂၀ ခုနှစ် နိုဝင်ဘာကစပြီး တိုက်ပွဲများ ရပ်တန့်ထားသလို ဂျပန်အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် နှစ်ဘက် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။
စစ်တပ်သည် ရခိုင်စစ်မျက်နှာတွင် ထင်သလောက် ခရီးမပေါက်တော့သည့် အခြေအနေကို နားလည်လာပြီး အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး နောက် ၄ လအကြာတွင်မူ ရွေးကောက်ခံ အစိုးရကို အာဏာသိမ်းခဲ့သည်။
ထိုအာဏာသိမ်းမှုနှင့်ပတ်သက်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုများ အရှိန်မြင့်လာပြီး တတိုင်းပြည်လုံး စစ်မျက်နှာဖွင့်ကာ တိုက်ခိုက်ရသည့် အနေအထားမျိုးကို စစ်တပ်ရင်ဆိုင်လာရသည်။
စစ်တပ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း တစုံတရာ ဆန္ဒပြမှုများ ကြီးကြီးမားမား ထွက်ပေါ်လာခြင်းမရှိသလို AA ခေါင်းဆောင်များအနေဖြင့်လည်း အာဏာသိမ်းမှုအပေါ် ကြားနေဝါဒဖြင့်နေကာ ရက္ခိတ လမ်းစဉ်အတိုင်းသာ ဆက်လျှောက်မည်ဟု အတိအလင်း ဖော်ထုတ် ပြောဆိုခဲ့ခြင်းကြောင့် အာဏာသိမ်း စစ်ကောင်စီ အသက်ရှုချောင်သွားစေခဲ့သည်။
စစ်တပ်က AA ကို မျှားခေါ်နေသလား
စစ်တပ်၏ ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးများကို တဦးတဖွဲ့တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော AA သည် ယခုတကြိမ်တွင် တနိုင်ငံလုံးအတိုင်းအတာ စစ်မျက်နှာဖွင့်တိုက်နေရသော စစ်တပ်ကို အမြတ်ထုတ် တိုက်ခိုက်ခြင်းမပြုပဲ စစ်နားနေခြင်းက စိတ်ဝင်စားစရာ ကောင်းသည်။
စစ်တပ်ခေါင်းဆောင်များသည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် ပြီးခဲ့သော မတ်လ အတွင်း AA ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးကာ ယခင်က အပစ်ရပ်သည့်အထဲတွင် ချန်ထားခံရသည့် ရခိုင်ပြည်နယ်ကိုပါ အပစ်ရပ် နယ်မြေထဲတွင် ထည့်သွင်း ကြေငြာခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း မြို့ နယ်၊ ခရိုင်အသီးသီးရှိ တရားမဝင်အဖွဲ့ ဆက်သွယ်မှုကဲ့သို့ တရားရင်ဆိုင်နေရသော ရခိုင် ကျေးရွာသားများ၏ အမှုများကို စစ်ကောင်စီ နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များက အမှုရုပ်သိမ်းရန် တင်ထားကြောင်းလည်း သိရသည်။ သို့သော် ၎င်းရုပ်သိမ်းလွှာများမှာ သက်ဆိုင်ရာတရားရုံးသို့ တရားဝင် ရောက်ရှိလာခြင်း မရှိသေးကြောင်းလည်း အမှုလိုက်ပါဆောင်ရွက်သူ ရှေ့နေများက ပြောသည်။
ထိုသို့ ဗဟိုအဆင့်မှ တရားဝင် ညွှန်ကြားထားခြင်းမျိုး မဟုတ်ဘဲ အောက်ခြေ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့နယ်အလိုက် တမှုချင်းစီကို ရုပ်သိမ်းရန် တင်ပြလာခြင်းမှာ လုပ်နည်းလုပ်ဟန် မကျသည့်အတွက် ဥပဒေနှင့်အညီ အမှုရုပ်သိမ်းရန် အခက်အခဲများရှိနေကြောင်း အမှုလိုက် ရှေ့နေများက ဆိုကြသော်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင် မိသားစုဝင်များ လွှတ်ပေးလိုက်ခြင်းက နောက်ဆက်တွဲ မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေသည်။
တဖက်တွင်လည်း AA စစ်ဦးချုပ်၏ ဆွေမျိုးများကို အမှုရုပ်သိမ်းပြီး နှစ်ချီချုပ်နှောင်ခံထားရသည့် ရခိုင်ရွာသားများ၏ အမှုများကို လက်ရှိ အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်းမရှိခြင်းက မေးခွန်းထုတ်စရာ ဖြစ်လာသည်။
စစ်ကောင်စီနှင့် AA မည်သည့်အပေးအယူရှိသနည်း သို့ မဟုတ် စစ်ကောင်စီသည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဆွေမျိုးသားချင်းများကိုသာ ပြန်လွှတ်ပေးပြီး ရခိုင်ရွာသားများကို ဆက်လက်ချုပ်နှောင်ထားခြင်းက AA နှင့် ဖမ်းဆီးချုပ်နှောင်ခံ ရခိုင်ရွာသားများအပေါ် ရန်တိုက်ပေးခြင်းလား။
ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အေးနုစိန်မှာ နိုင်ငံတော်အဆင့် စစ်ကောင်စီဝင်အဖြစ် နေပြည်တော်တွင် တာဝန်ထမ်းနေပြီး အကြမ်းဖက်မှုနှင့် တရားစွဲထားသော ရခိုင်သားများ၏ အမှုများကို ရုပ်သိမ်းရန် တင်ပြဆွေးနွေးမှုများကို ပြုလုပ်နေသည်ဟု ANP ပါတီက မီဒီယာများသို့ မကြာခဏ ပြောဆိုသည်။
ဒေါ်အေးနုစိန်ကိုယ်တိုင် နေပြည်တော် စစ်ကောင်စီ အစည်းအဝေးများတွင် တင်ပြမှုများ ပြုလုပ်နေသော်လည်း ရခိုင်ရွာသားများအမှုအပေါ် စစ်တပ် ခေါင်းဆောင်များက ဗဟိုအဆင့်မှ ပေါ်လစီချကာ တခါတည်း အမှုရုပ်သိမ်းခြင်းမရှိသည်မှာ AA ကို လိုချင်သည့် အနေအထားတခုသို့ ရောက်အောင် မျှားခေါ်ကာ တဘက်တွင် ရခိုင်လူထုနှင့် သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာစေရန် ကစားကွက်တခု ဖန်တီးနေသည်ဆိုသည့် ဝေဖန်ချက်များလည်း ရှိနေသည်။
စစ်တပ်နှင့် AA တို့ တိုက်ပွဲကာလအတွင်း ရခိုင်မြောက်ပိုင်း ကျေးရွာများမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ကာလရှည်ကြာ ဖမ်းဆီး တရားစွဲခံနေရသည့် ရခိုင်ရွာသား အယောက် ၂၀၀ ကျော်အထိရှိသလို တရားခံပြေးအဖြစ် ကြေညာခံထားရသူ ရွာသား ၆၀၀ နီးပါး ရှိကြောင်း အမှုလိုက် ရှေ့နေများထံမှ သိရသည်။
စစ်ကောင်စီအခက် AA အတွက် အချက်လား
တဘက်တွင် AA က အပစ်ရပ်စဲထားသောကြောင့် နိုင်ငံရေးအရ အမြတ်ထွက်နေသည်။ ဩဇာလွှမ်းပြီးသား ရခိုင်မြောက်ပိုင်း မြို့နယ်များသာမက တောင်ပိုင်းမြို့နယ်များဖြစ်သည့် သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင် စသည့်မြို့နယ်များသို့ စိမ့်ဝင်ပြီး နိုင်ငံရေးဩဇာ ထူထောင်သည်။ ၎င်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်လည်း AA အုပ်ချုပ်ရေး စတင်ထူထောင်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်တောင်ပိုင်းမြို့နယ်များသည် ယခင်က AA အပေါ်ထောက်ခံမှု အားနည်းခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းမှုကာ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်သည့် လုပ်ရပ်များကြောင့် AA ကို ပိုမိုထောက်ခံလာကြကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။
ရခိုင်လူထုအပေါ် သြဇာညောင်းသည့် AA စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် ရခိုင်ပြည်နယ်အတွင်း လမ်းပေါ်ထွက် ဆန္ဒပြမှုနှင့် CDM လူပ်ရှားမှုကို မလိုလားကြောင်း ထုတ်ဖော်ပြောကြားထားသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခြင်း မရှိသလို CDM လှုပ်ရားမှုတွင်လည်း ရခိုင်လူမျိုးများ ပါဝင်ခြင်း မရှိပေ။
သို့သော် သံတွဲကဲ့သို့ မြို့များတွင်မူ လမ်းပေါ်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ စစ်တပ်နှင့် ရဲများကလည်း ဖမ်းဆီးဖြိုခွင်းမှုများ ရှိခဲ့သည်။
တခြားတဘက်တွင် အကျပ်ရိုက်နေသည့် စစ်တပ်ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်တွင် စစ်မျက်နှာဖွင့်ကာ တကျော့ပြန်တိုက်ပွဲဖြစ်မည်ကို ရှောင်ရှားချင်သော်လည်း AA က နယ်မြေတိုးချဲ့ပြီး ဩဇာတည်ဆောက်လာမှု၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ပေါ်ပေါ်ထင်ထင် တည်ဆောက်လာမှုကို လုံးဝ မလိုလားသည်မှာ သေချာသည်။
ပြီးခဲ့သော မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မြောက်ဦးမြို့ အမှတ် ၃၁ ရဲတပ်ရင်းနေ ခေတ်မီလက်နက်များ စမ်းသပ်ပစ်ခတ်ရန် အနီးပတ်ဝန်းကျင် ကျေးရွာသားများ ဖြတ်သန်းသွားလာမှု မပြုရန် စစ်ကောင်စီ လက်အောက်ခံ ဒေသအာဏာပိုင်များက တရားဝင် စာထုတ်ပြန်ခဲ့သည်။
ထိုပစ်ခေတ်မှုသည် တကျော့ပြန် စစ်မီးတောက်ရန် အချက်ပေး ခေါင်းလောင်းသံလားဆိုသည့် ဝေဖန်ချက်များ ရခိုင်လူမှုအသိုင်းအဝန်းကြားတွင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည့်အတွက် နောက်ပိုင်းတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် ယင်းကိစ္စကို ရုပ်သိမ်းပေးခဲ့ရကြောင်း လေ့လာသူများက ဆိုသည်။
စစ်ကောင်စီဆန့်ကျင်ရေး AA နောက်ကွယ်က ပါ
ပြီးခဲ့သော ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော AA တည်ထောင်သည့်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဒေသအသီးသီးတွင် စစ်ရေးပြ အခမ်းအနားများဖြင့် ကျင်းပခဲ့သည်။
ထိုအခမ်းအနားသို့ ပေးပို့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်န်ိုင်၏ သဝဏ်လွှာတွင် နှစ်ဘက် အပစ်အခတ်ရပ်စဲထားသော်လည်း ခိုင်မာသည့် သဘောတူညီမှု တစုံတရာ မရရှိသေးသည့်အတွက် စစ်ရေးသတိ လုံးဝ မပေါ့လျော့ရန် လိုအပ်ကြောင်း ပြောထားသည်။
AA သည် ရခိုင်မြောက်ပိုင်းတွင်း စစ်မျက်နှာဖွင့် မတိုက်ခိုက်တော့သော်လည်း ကချင်ပြည်နယ်အတွင်း KIA တပ်ဖွဲ့ဝင်များနှင့်အတူ ပူးတွဲ တိုက်ပွဲဝင်နေသလို ရှမ်းမြောက်ဒေသတွင်လည်း စစ်ရေး မဟာမိတ် များနှင့်လည်း ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးလေ့လာသူများက ဆိုနေသည်။
ထို့အပြင် အာဏာသိမ်းမှုနောက်ပိုင်း ရခိုင်စစ်မျက်နှာရှိ ရှေ့တန်းစခန်းများမှ စစ်သည်များ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးကြရာ AA တပ်ဖွဲ့ဝင်များက ထို ထွက်ပြေးလာသူများကို လမ်းစရိတ်များ ပေးခြင်းနှင့် လမ်းကြောင်းအမျိုးမျိုးပေး ကူညီပံ့ပိုးမှုများ ရှိသည်ဟုလည်း AA နှင့် နီးစပ်သည့် အသိုင်းအဝန်းတချို့မှ သိရသည်။
ယင်းအပြင် ပြည်မက စစ်ကောင်စီကို ဆန့်ကျင်ပြီး တိမ်းရှောင်လာကြသူများကိုလည်း AA ထိန်းချုပ်သည့် နေရာတွင် ခိုလှုံခွင့်ပေးထားသလို တချို့ G- Z လူငယ်များကိုလည်း အခြေခံ ရက်တိုစစ်သင်တန်းနှင့် လက်နက်ငယ် ပစ်ခတ်မှုများပါ လေ့ကျင့်ပေးမှုများ ရှိကြောင်းလည်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ထို့ကြောင့် စစ်တပ်ခေါင်းဆောင်များကလည်း AA နှင့်ဆိုင်ထားသည့် တပ်မ၊ တပ်ရင်းများကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် လက်ရှိစစ်ပွဲဖြစ်ပွားနေသော ဒေသအသီးသီးသို့ ထုတ်ယူသုံးစွဲရန် စဉ်းစားသော်လည်း ရခိုင်စစ်မျက်နှာကို စိတ်မချနိုင်ပေ။
စစ်ကောင်စီသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းကြောင့် AA နှင့် နားလည်မှုယူထားသော်လည်း AA မျှော်မှန်းထားသည့် နိုင်ငံရေးလမ်းကြောင်းအပေါ် စစ်ကောင်စီက မည်သည့်နည်းနှင့်မျှ လိုက်လျောမည် မဟုတ်ကြောင်း ဦးသန်းစိုးနိုင်က ထင်မြင်ချက် ပေးသည်။
“နိုင်ငံရေးသဘောနဲ့ ပြောရင် စစ်ကောင်စီဆီက ဖက်ဒရယ် ဒီမိုကရေစီ အခွင့်အရေးတောင် ပြည့်ပြည့် ဝဝ ရနိုင်စရာ သိပ်အကြောင်း မရှိဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အနေအထားဆို ပိုဆိုးပေါ့။ ဘယ်လိုမှ စစ်ကောင်စီက လက်ခံနိုင်တဲ့ အနေအထား မဟုတ်ဘူး” ဟု ဦးသန်းစိုးနိုင်က ဧရာဝတီသို့ ပြောသည်။
လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်
AA သည် ပြီးခဲ့သော ၂၀၁၉ ခုနှစ်ကို မုန်တိုင်းကို ဖြတ်သန်းကြ ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ၂၀၂၀ အာရကန်အိပ်မက် ဆိုသည့် ဆောင်ပုဒ်များဖြင့် စစ်တပ်နှင့် ၂ နှစ်ကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲကာလအတွင်း ရခိုင်ကျေးရွာသား လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့သလို လူပေါင်း ၇၀၀ ကျော်မှာလည်း ထိခိုက်ဒဏ်များ ရရှိခဲ့ကာ စစ်ဘေး ဒုက္ခသည် ၂ သိန်းကျော်အထိ မြင့်တက်ခဲ့သည်။
လက်ရှိအခြေအနေတွင် AA သည် ရခိုင်မြောက်ပိုင်းမြို့ နယ်များတွင် အုပ်ချုပ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထားသလို လက်ရှိ အချိန်တွင် “ပြည်သူ့တရားစီရင်ရေး”ကိုပါ တိုးချဲ့ တည်ဆောက်လာနေသည်။
AA ပြည်သူ့တရားစီရင်ရေးတွင် တိုက်နယ်၊ ဒေသ၊ ခရိုင်၊ ပြည်နယ်၊ ဗဟို စသည်ဖြင့် အယူခံခွင့် အဆင့်ဆင့်ပေးထားပြီး တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကို အထောက်အကူပြုရန် “ပြည်သူ့ရဲ”တပ်ဖွဲ့များကိုပါ လေ့ကျင့်သင်တန်းပေးပြီး ရခိုင်ပြည်နယ်အုပ်ချုပ်ရေးကို အစားထိုး ဝင်ရောက်နေရာယူရန် တစိုက်မတ်မတ် ကြိုးပမ်းနေကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
AA ၏ ပေါ်ပေါ်တင်တင်လှုပ်ရှားမှုများသည် အမ်း အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်တိုင်းမှူးနှင့် နယ်မြေခံ တပ်မှူးများအဖို့ နေမထိထိုင်မသာ ဖြစ်နေစေသည်။
စစ်ကောင်စီခေါင်းဆောင်များအတွက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်ရှိ အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်နေရသလို ချင်းတောင်တန်းနှင့် ကယားပြည်နယ်များက တူမီးသေနတ်ကိုင်တပ်၊ တခြားသော ပြည်နယ်နှင့် တိုင်း ဒေသကြီးတို့မှ ပြည်သူ့ကာကွယ်ရေးတပ်တို့နှင့် တိုက်ခိုက်နေရသောကြောင့် AA ခြေကုပ်ယူထားသည့် အနောက်အရပ်၌ပါ သေနတ်ပြန်ပေါက်လျှင် ဆိုသည့်အတွေးက ချောက်အိပ်မက်ဖြစ်သည်။
ထို့ကြောင့် ကျောက်တော်-ပလက်ဝ ကုလားတန်မြစ်ကြောင်း တလျှောက် အချက်အခြာကျသော တောင်ကုန်းများတွင် တပ်မ ၅၅ တပ်ဖွဲ့ကို အထိုင်ချထားသလို တပ်မမှူး ကိုယ်တိုင် ရှေ့တန်းစခန်းတွင် ကြီးကြပ် နေသည်။
အလားတူ မြောက်ဦးမြို့နယ်အတွင်းရှိ လင်းမြွေတောင်၊ သင်းဂျိုက်တောင်၊ မင်းပြားမြို့ရှိ ကျိန်းတောင်စသည့် အချက်အခြာကျသည့် တောင်ကုန်းများတွင် ဗျူဟာထိုင်ထားသလို ရန်ကုန်-စစ်တွေ ကားလမ်းတလျှောက်တွင်လည်း တပ်ဖြန့်နေရာယူထားသည်။
နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ထားသည့် အချိန်ကစပြီး နှစ်ဘက်လုံးက လူသူ လက်နက် ရိက္ခာများ ဖြည့်တင်းကာ ပြင်ဆင်မှုများ ပြုလုပ်နေကြသောကြောင့် လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်ဟု ဆိုရမည်။
AA စခန်းတည်နေရာများနှင့် AA တပ်ဖွဲ့ဝင်များ၏ လူပ်ရှားမှု အားလုံးကို စစ်တပ်က မျက်ခြေမပြတ် စုံစမ်းထောက်လှမ်းပြီး သတင်းစုဆောင်းလျက် ရှိသည်။ AA တပ်ဖွဲ့ဝင်များသည်လည်း စစ်တပ်က တပ်စွဲနေထိုင်သည့် နေရာအားလုံးတွင်ပင် တပ်ချင်းဆိုင်ထားသလို ထောက်ပံ့ရေးလမ်းကြောင်းများတလျှောက်တွင်လည်း အပြန်အလှန်ပိတ်ဆို့ထားသည်။
တကျော့ပြန် တိုက်ပွဲဖြစ်ပွားလျှင် တဘက်နှင့်တဘက် စစ်ထွက်လှုပ်ရှားစရာ မလိုတော့ဘဲ မျက်နှာချင်းဆိုင် တိုက်ခိုက် ပစ်ခတ်ကြမည့် သဘောရှိကာ အလွန်ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သုံးသပ် ရေးသား တင်ပြလိုက်ပါသည်။
You may also like these stories:
AA စစ်ဦးစီးချုပ်၏ ညီနှင့်ညီမ အပါအဝင် တရားစွဲခံထားရသူ ၁၀ ဦး ပြန်လွတ်
NUG ရိုဟင်ဂျာမူဝါဒ ရခိုင်တိုင်းရင်းသားများကို ကိုယ်စားမပြုဟု တုံ့ပြန်
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို
အလောင်း မကောက်နိုင်တော့သည်အထိ စစ်တပ် အခြေအနေဆိုး
The post AA နဲ့ စစ်တပ်တို့ရဲ့ တခြမ်းပဲ့ ငြိမ်းချမ်းရေး appeared first on ဧရာဝတီ.