Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ရပ်တည်ချက် မယိမ်းယိုင်ကြောင်း ပြလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

$
0
0

အာဏာသိမ်း စစ်တပ်လက်အောက်မှာ ရက်ပေါင်း ၁၂၀ ကျော်ကြာ နေအိမ်အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရပြီဖြစ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခက်အခဲတချို့ကို ဖွင့်ဟရင်း အာဏာရှင်နဲ့ ပတ်သက်တဲ့ သူမရဲ့ ပြတ်သားတဲ့ သဘောထား ရပ်တည်ချက်ကို ပြသခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်က စလို့ သူမရဲ့ နေအိမ်ကနေ ရွှေ့ပြောင်းခံရပြီး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ သူမအနေနဲ့ ရက်ကြာလာတာနဲ့အမျှ ငွေလက်ကျန် နည်းပါးလာတဲ့ အနေအထားနဲ့ ပတ်သက်လို့ ဇွန်လ ၇ ရက်နေ့ ရုံးထုတ်မှာ ရှေ့နေတွေထံ အကူအညီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သူမနဲ့အတူ နေအိမ် အကျယ်ချုပ်မှာ နေထိုင်တဲ့ လူ ၈ ဦးအတွက် ရိက္ခာ အရေးပေါ်ငွေကြေးနဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို ကူညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ ကူညီထောက်ပံ့မှုကိုတော့ လက်မခံကြောင်း ပြောဆိုခဲ့ပါ တယ်။
“သူတို့ (စစ်တပ်) ကို အောက်ကျ မခံဘူး၊ သူဟာ တရားခံ မဟုတ်ဘူး၊ ထောင်ထမင်းထောင်ဟင်းလို ပုံစံနဲ့ ထောက်ပံ့တာကို မစားနိုင်ဘူး ဆိုတာပေါ့။ စစ်တပ်နဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသား ရှိတယ်။ ဒါက ကျနော့်ရဲ့ အမြင်ပါ” လို့ NLD ပါတီနဲ့ နီးစပ်တဲ့ ရှေ့နေ တဦးက ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ ယခုလို အာဏာရှင် စစ်တပ်လက်အောက် နေအိမ်အကျယ်ချုပ် ဘဝနဲ့ နေထိုင်ပြီး အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။
ယခင် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ခန့် ထိန်းသိမ်းခံထားရစဉ်မှာလည်း အာဏာရှင်တွေရဲ့ ထောက်ပံ့ ပေးအပ်တာတွေကို ရယူခဲ့တာ မရှိဘဲ ကိုယ်တိုင် ခက်ခက်ခဲခဲ ရပ်တည်ခဲ့တာ ဖြစ်တယ်လို့ သူမနဲ့ အနီးကပ်ရှိခဲ့သူချို့က ထုတ် ဖော်ပြောဆိုခဲ့ကြပါတယ်။

ရန်ကုန်မှာ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရစဉ်အတွင်း ပါတီဝင်တွေနဲ့ နီးစပ်သူတွေက ပေးပို့တာတွေ၊ သူမရဲ့ စာမူခ ရတဲ့ ငွေကြေးအချို့နဲ့ ရပ်တည်ခဲ့တာဖြစ်သလို နေအိမ်မှာရှိတဲ့ ပရိဘောဂအချို့ကို ရောင်းချပြီး ဖြေရှင်းခဲ့ရတာတွေ ရှိတယ်လို့လည်း ဆိုကြပါတယ်။
“သူ့ရဲ့ ရပ်တည်ချက်က စစ်တပ်နဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသား ရှိနေဆဲပဲလို့လည်း ပေါ်လွင်ပါတယ်။ ယိမ်းယိုင်သွားခြင်း မရှိဘူး၊ ယခင်က ရပ်တည်ချက် အတိုင်းပဲ ရှိနေဆဲပဲ” လို့လည်း သူမနဲ့ ပတ်သက်ပြီး ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးခင်မောင်မြင့်က မှတ်ချက်ပြုပါတယ်။

လက်နက်ကိုင် အကြမ်းဖက် အာဏာသိမ်းမှုတွေနဲ့ အာဏာရှင် အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ နေခဲ့ရတဲ့ နိုင်ငံမှာ အာဏာ ရှင်သာ ပြောင်းလဲသွားပေမယ့် လူထုယုံကြည်တဲ့ အားထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ တငြိုးတကြီး စွပ်စွဲချက်တွေနဲ့ ဖိနှိပ်ဖျက်ဆီးဖို့ ကြိုးပမ်းခံနေရဆဲ ဖြစ်ပါတယ်။

NLD ပါတီ ပထမဆုံး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာလည်း NLD ရဲ့ အနိုင်ရလဒ်ကို လက်မခံဘဲ စစ်တပ် အာဏာသိမ်းကာ ဖမ်းဆီးခံခဲ့ရသလို ယခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ NLD ဟာ မဲစာရင်းတွေ မှားတယ်၊ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်းခံရပြီး ဒေါ်အောင် ဆန်းစုကြည် အပါအဝင် ပါတီ ခေါင်းဆောင် အားလုံးနီးပါး အဖမ်းခံထားရပါတယ်။
ဒီလုပ်ရပ်အတွက် အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်တဲ့ လူထုဟာ ငြိမ်းချမ်းစွာလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသလို လူထုသန်းနဲ့ ချီ ပါဝင်တဲ့ ၂၂၂၂၂ အထိမ်းအမှတ်လို ဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ပြီး ယနေ့ အာဏာသိမ်းမှု ၄ လကျော် ကြာလာတဲ့အထိလည်း ဆန္ဒပြပွဲတွေက ရှိနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

အာဏာသိမ်း စစ်တပ်ဘက်ကတော့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို တိုက်ပွဲဝင် လက်နက်တွေ အသုံးပြုကာ အကြမ်းဖက် ပစ် ခတ်ဖြိုခွင်းခဲ့လို့ လူပေါင်း ၈၀၀ ကျော် သေဆုံးကာ ထောင်နဲ့ချီပြီး ဖမ်းဆီးခံရထားသလို သိန်းနဲ့ချီတဲ့သူတွေဟာလည်း နေရပ် စွန့်ခွာထွက်ပြေးရပြီး စစ်ဘေးရှောင်အနေနဲ့ ခက်ခက်ခဲခဲ ရပ်တည်နေကြရပါတယ်။

လူထုအနေနဲ့ အာဏာသိမ်း စစ်တပ်လက်အောက် ဒီလိုအခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း အာဏာရှင်ကို အောက်မကျို့၊ အထောက်အပံ့ မယူဘဲ နေအိမ် အကျယ်ချုပ်မှာ ကိုယ့်အားကိုယ်ကိုး ရပ်တည်နေတဲ့ အခက် အခဲ တချို့ကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ဖော်ပြောဆိုချက်ဟာ အာဏာသိမ်း စစ်တပ်က သူမအပေါ် အဂတိမကင်းတဲ့ ငွေကြေးရယူမှုတွေ အကြောင်း စွပ်စွဲချက်တွေကို ချေပခဲ့တာ ဖြစ်သလို လူထု၊ စစ်ကောင်စီနဲ့ တရားရုံးကို သွယ်ဝိုက် အသိပေးလိုက်တာ ဖြစ်တယ်လို့ ရှုမြင် သူတွေလည်း ရှိကြပါတယ်။

“စားဝတ်နေရေး၊ ငွေကြေး သုံးစွဲမှု၊ ဆေးဝါးက အစ အခက်အခဲတွေ အများကြီးကြုံနေရတယ်။ အဲဒီလိုကြုံနေရတာက နိုင်ငံ သူ၊ နိုင်ငံသားတွေတင် မဟုတ်ဘဲနဲ့ နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်းပဲ တပြေးညီ ဒီလို ခံစား နေရပါတယ် ဆိုတာကို အသိပေးလိုက်တာ၊ စိတ်ဓာတ် ခွန်အားအနေနဲ့ ဖေးမသွားတာ” လို့လည်း ဦးခင်မောင်မြင့်က ပြောပါ တယ်။
သူမရဲ့ ရှေ့နေတွေထံ တောင်းဆိုချက်နဲ့ ပတ်သက်လို့တော့ လူထုကြား ရိုက်ခတ်ခဲ့ပြီး ဝမ်းနည်းစိတ်မကောင်းစရာအဖြစ်နဲ့ ဂရုဏာသက်ကြသလို လှူဒါန်းဖို့ ကြိုးပမ်းသူတွေလည်း များပြားတဲ့အတွက် ရှေ့နေတွေ ကိုယ်တိုင်က အလှူခံမှာ မဟုတ် ဘူးလို့ ရှင်းလင်းခဲ့ကြရပါတယ်။

လတ်တလော လိုအပ်ချက်နဲ့ ပတ်သက်လို့တော့ ဇွန်လ ၇ ရက်က ရုံးထုတ်အပြီးမှာ လိုအပ်တဲ့ ဆန်၊ ဆီစတဲ့ ရိက္ခာ ၄ သိန်း ကျပ်ဖိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေသူတွေထံ ရဲတပ်ဖွဲ့က တဆင့် ပေးပို့ခဲ့တယ်လို့ သူမရဲ့ရှေ့နေဖြစ်သူ ဦးကြည် ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိမှာ အာဏာသိမ်း စစ်တပ်ရဲ့ အမှု ၆ မှုနဲ့ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရတာဖြစ်ပြီး နေပြည်တော်မှာ စွဲဆိုထားတဲ့ အမှု ၅ မှုကို မှုခင်းစီမံခန့်ခွဲမှုအရ ၆ လအတွင်း အပြီး စစ်ဆေးဖို့ ဆုံးဖြတ်ထားကြပါတယ်။
ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ သူမရဲ့စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်နဲ့အတူ တရားစွဲဆိုထားတဲ့ နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အမှုကိုတော့ ဇွန်လ ၂၃ ရက်မှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ကနေ ကြားနာဖို့ ရှိနေပါတယ်။

You may also like these stories:

နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည် အမှုများ ၆ လအတွင်း အပြီးစစ်ရန် တရားရုံး ဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည်ထံ ရိက္ခာလေးသိန်းဖိုး ကနဦးပို့ပေး

ဒေါက်တာ အောင်မိုးညို ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

The post ရပ်တည်ချက် မယိမ်းယိုင်ကြောင်း ပြလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...