မြို့ပြရဲ့မောင်းနှင်မှုအောက်မှာ မြို့ပြနေလူတန်းစားတွေဟာ အားလပ်ရက်ကို အသုံးချဖို့ မြို့ပြဆိုတဲ့အတိုင်း ရန်ကုန်မြို့မှာ လည်စရာပတ်စရာတွေ၊ ကြည့်စရာရုပ်ရှင်ရုံတွေ၊ စားစရာစားသောက်ဆိုင်တွေ၊ အနားယူစရာ ပန်းခြံတွေ ထုနဲ့ထေးပါ။
မြို့နေလူတန်းစားတို့ ထုံးစံအတိုင်း အားလပ်ရက်ဆိုတာလည်း ရေသန့်လေသန့်လို ရှားပါးကြတာမို့ ရွှေမြို့တော်ကြီးမှာ ယာဉ်ကျောကလည်း တနေရာက တနေရာ ခက်ခဲနေဆဲမို့ အားလပ်ရက်ကို အကျိုးရှိရှိ အသုံးပြုနေကြရတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ စားသောက်တန်း၊ အဝတ်အထည်တန်း စသဖြင့် တွေ့နိုင်ပေမယ့် စာအုပ်ဆိုင်တန်းရယ်လို့တော့ ပြီးခဲ့တဲ့ ၂၀၁၇ နှစ်ဦးပိုင်းမှ စကြားဖူးကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန တိုက်တွန်းညွှန်ကြားမှုနဲ့အတူ စာအုပ်ထုတ်ဝေတဲ့ စာအုပ် တိုက်များရဲ့ပူးပေါင်းမှုနဲ့ Yangon Books Street ဆိုပြီး ပေါ်ပေါက်လာခဲ့တာပါ။
ယခင်က ပန်းဆိုးတန်းစာအုပ်အဟောင်းတန်းဆိုပြီး စာအုပ်တန်းတခေတ်ရှိခဲ့ဖူးပြီး နောက်နေရာအခက်အခဲ၊ စာအုပ်ဈေး ကွက် အနေအထားတွေကြောင့်လားမသိ၊ အရင်လို စာအုပ်ပင်လယ်မဟုတ်တော့ဘဲ ကျိုးတိုးကျဲတဲသာရှိပါတယ်။ နေ့စဉ်နဲ့ အမျှ အခက်အခဲမျိုးစုံကြားက ရှင်သန်ရပ်တည်ခဲ့ရတဲ့စာအုပ်အဟောင်းတန်းလေးဟာလည်း သတိရစရာဖြစ်ပါတယ်။

ယခုပလက်ဖောင်းပေါ်က စာအုပ်တန်းလေးကတော့ သိမ်ဖြူလမ်း(အလယ်ဘလောက်)နဲ့ အနော်ရထာလမ်းဘက်ခြမ်းထိ ခင်းကျင်းထားတဲ့ ရန်ကုန်ပလက်ဖောင်း စာအုပ်ဈေးတန်းလေးဖြစ်ပါတယ်။ သိမ်ဖြူလမ်း(လယ်) ဝန်ကြီးများရုံးဘက်နဲ့ ပြန် ကြားရေးဌာနပုံနှိပ်နဲ့ စာနယ်ဇင်းရှေ့တလျှောက်မှာ မြင်ရတဲ့အခင်းအကျင်းဖြစ်ပါတယ်။
ရုံးပိတ်ရက်များဖြစ်တဲ့ စနေ၊တနင်္ဂနွေ နှစ်ရက်ဖွင့်တာဖြစ်ပြီး မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ရောင်းချကြောင်း ယဉ်မျိုးစာအုပ်တိုက်မှ ဖြန့်ချိရေးဝန်ထမ်းတဦးဖြစ်သူ ကိုကျော်ဇေယျက ပြောပြပါတယ်။
နိုင်ငံရေးစာပေ သီးသန့်နီးပါးရောင်းချနေသောစာအုပ်ဆိုင်ရှေ့ရောက်တော့ ပူပြင်းတဲ့နေရောင်အောက်မှာ လမ်းလျှောက် စာအုပ်ဝယ်သူများနဲ့ သိမ်ဖြူလမ်းဟာ အသက်ဝင်လှပနေပါတယ်။ တိတ်တိတ်ဆိတ်ဆိတ် ကိုယ်လိုရာစာအုပ်များကို ရွေး ချယ်မေးမြန်းနေသံတွေကို မင်္ဂလာရှိစွာ ကြားရပါတယ်။
ဘာသာရေး၊ ကလေးစာပေဆိုင်ရာ၊ ပညာရေး၊ ကျန်းမာရေး၊ ရသဆိုင်ရာ၊ နိုင်ငံရေး၊ အတွေးအခေါ်ဆိုင်ရာများနဲ့ ပတ်သက် တဲ့ စာအုပ်များကို ပလက်ဖောင်းထက် ဆယ်ပေပတ်လည်ရှိတဲ့ ခေါက်အမိုးပြာအောက်မှာ စီစီရီရီ ခင်းကျင်းထားကြတာကို တွေ့နိုင်ပါတယ်။ တန်ဖိုး ချိတ်ထားပြီး စာအုပ်ပုံများရှိတဲ့ စာဟောင်းစာကောင်းသီးသန့်ဆိုင်များကိုလည်း တွေ့ရပါတယ်။
မြန်မာ့ယဉ်ကျေးမှုအထိမ်းအမှတ်ပါတဲ့ သော့တွဲ၊ သော့ချိတ်၊ ရင်ထိုး၊ အမှတ်တရလွယ်အိတ်အရောင်းဆိုင်များလည်းရှိပြီး အင်္ဂလိပ်ဘာသာနဲ့ ဝတ္ထု၊ ဆောင်းပါး၊ မဂ္ဂဇင်းများရောင်းချတဲ့ဆိုင်လည်းရှိပါတယ်။
ကိုယ်ဝယ်ထားကြတဲ့စာအုပ်တွေကို ဆိုင်က ထည့်ပေးလိုက်တဲ့ အိတ်ထဲထည့်ပြီး စာအုပ်တန်းလမ်းလေးပေါ် အခြားစာအုပ် များကို ကြည့်ရှုလမ်းလျှောက်နေတဲ့နွေရာသီမြင်ကွင်းဟာ ရာသီဥတုပူလောင်သော်ငြား ကြည့်ရအေးနေပါတော့တယ်။

“တလပိုင်းအစ စနေ၊တနင်္ဂနွေကစဖွင့်တာဆိုတော့ ဒီအပတ်က ၅ ပတ်မြောက်ရှိပြီ။ စဖွင့်တဲ့အပတ်က ၂ ရက်ပေါင်း သုံး သိန်းဖိုး လောက်ရောင်းရတယ်။ နောက်အပတ်တွေကျ နည်းနည်းချင်းတော့ ကျလာတာပေါ့။ ဒီနေ့တော့ ၅ သောင်း ကျော်ကျော်” လို့ (စနေနေ့နေ့လယ် ၃ နာရီလောက်မှာ) ကိုကျော်ဇေယျက ပြောပါတယ်။
သူ အလုပ်လုပ်နေတဲ့စာအုပ်တိုက်က နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်သီးသန့်ထုတ်ဝေတဲ့ဆိုင်လည်းဖြစ်ပါတယ်။ ဆိုင်ခန်းခတွေအကြောင်း မေးကြည့်တော့ သူက “ဆိုင်ခန်းတခန်းကို ၆ ထောင်ပေးရတယ်။ အမိုးဘာညာ စားပွဲက ကိုယ့် တိုက်က ယူလာတာ၊ နေရာခ သက်သက်ပဲ၊ ဆိုင်ခန်းပေါင်း၁၂၀ လောက်ရှိတယ်”လို့ ပြောပြပါတယ်။
အရောင်းဝန်ထမ်းကျားမနှစ်ဦးရှိတဲ့ သူတို့ဆိုင်လေးထဲ စာအုပ်မေးသူဝယ်သူကတော့ ၅ မိနစ်ခြား ၁၀ မိနစ်ခြားမပြတ်တာကိုတော့ သတိပြုမိပါတယ်။
မူရင်းတိုက်ထုတ်ဈေးနဲ့ပဲ ရောင်းကြတာလားမေးတော့ “ကျနော်တို့တိုက်ဆို ၁၀၊၂၀၊၃၀ ရာခိုင်နှုန်းနဲ့ လျှော့ရောင်းတာပါ။ အခြားတိုက်တွေလည်း discount နဲ့ လျှော့ရောင်းကြတယ်”။
သူနဲ့စကားပြောနေတုန်း နိုင်ငံခြားသား ၄၊ ၅ ယောက်တတွဲ လေ့လာနေတာကိုလည်း လှမ်းတွေ့ရပါတယ်။ တပတ်တပတ် ဘယ်လိုအသက်ရွယ်တွေ အလာများတာတွေ့မိလဲဆိုတော့ အသက်၂၅ ဝန်းကျင်တွေများတယ်။ လူကြီးပိုင်းတွေလည်း လာပါတယ်။ မနက် ၉ ခွဲ၊၁၀ ခွဲနဲ့ ညနေ ၃ ခွဲကနေ ၅ နာရီလောက်ဆိုရင် လူပြန်စည်တတ်တယ်လို့ ပြောပါတယ်။
သူ့ကိုနှုတ်ဆက်ပြီး အခြားစာအုပ်တိုက်တွေဘက်လျှောက်လာတော့ ဘာသာရေးသီးသန့်စာအုပ်ဆိုင်၊ ကျန်းမာရေးစာအုပ် ဆိုင်၊ ရသ၊ နိုင်ငံရေးစာအုပ်ဆိုင်တွေကို စာအုပ်တိုက်နာမည်တွေနဲ့ တွေ့ရပါတယ်။ စာဟောင်းရောင်းတဲ့ဆိုင်တွေမှာတော့ ကြိုက်တာယူ ၅၀၀/ ၁၀၀၀ကျပ်၊ သုံးအုပ် ၁၀၀၀ကျပ် စသဖြင့် ဆိုင်းဘုတ်လေးတွေကပ်ပြီး ရောင်းချနေတာတွေ့ရပါတယ်။
အခြားစားသောက်ဆိုင်တန်း၊အဝတ်ထည်တန်းများလို ဆူဆူညံညံအသံလည်း မကြားရ၊ စာအုပ်လှန်ဖတ်ရှု၊ ကြိုက်ရင်ဈေး နှုန်းမေးသံလောက်သာ ကြားရတဲ့ ပလက်ဖောင်းစာအုပ်တန်းလေးဟာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ မြို့လယ်ပလက်ဖောင်းနဲ့ တူနေပါတယ်။
စာပေမြင့်မှ လူမျိုးတင့်မည်ဆိုတဲ့ မြန်မာစကားတခွန်းရှိပါတယ်။
စာအုပ်စာပေထွန်းကားတဲ့တိုင်းပြည်ဟာ ယဉ်ကျေးပြီး တိုးတက်မြန်လေ့ရှိပါတယ်။ အကျင့်ကောင်းဓလေ့ကောင်းဆိုရင် ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။
စာမဖတ်ရင်လည်း မျက်စိကန်း၊ နားပင်းတတ်တာမို့ နိုင်ငံ့အသက်တမျှ အရေးကြီးတဲ့စာအုပ်စာပေတွေ ဝယ်ယူစုဆောင်း ရနေတဲ့ ပလက်ဖောင်းပေါ်က စာအုပ်ဆိုင်တန်းလေးကို အားလပ်ရက်တွေမှာ အဓွန့်ရှည်အနာမဲ့စေချင်တော့တယ်။
The post ပလက်ဖောင်းပေါ်က စာအုပ်ဆိုင်တန်းလေး appeared first on ဧရာဝတီ.