Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မြောက်ဦးဒေသ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရန် အလားအလာရှိ

$
0
0

ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းမြို့တော် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် (World Heritage) စာရင်းဝင်ရေး အတွက် အခြေအနေ ကောင်းများရှိနေသည်ဟု ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ပြော သည်။

မြောက်ဦးမြို့ ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးငြိမ်းလွင် က “မြောက်ဦးဟာ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်၊ အဲဒါကြောင့် ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့ အတူ ရခိုင် ပြည်သူ ပြည်သားတွေ အားလုံးကလည်းပဲ လိုလိုလားလား ပါဝင် ပူးပေါင်း ကြိုးစားဖို့ လိုအပ်နေပါတယ်”ဟု ပြော ဆို သည်။

ထို့အတူ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် တင်ပြနိုင်ရေး အတွက်လည်း အချိန်ယူ လုပ်ရဆောင်ရမည့် အရာ အများ အပြား ရှိနေသေးကြောင်း၊ သို့ဖြစ်၍ ပြည်နယ် အစိုးရနှင့် ဗဟိုအစိုးရတို့ အနေဖြင့် ဆုံးဖြတ်ချက်များ ပေးရန်နှင့် လို အပ်သည့် အကူအညီများ ပေးရန်လည်း လိုအပ်ကြောင်း ဦးငြိမ်းလွင် က ပြောသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် တင်သွင်းနိုင်ရေးအတွက် ရှေးဟောင်း သု တေသန အဖွဲ့နှင့်အတူ ပြည်နယ် အစိုးရကလည်း ဆောင်ရွက်နေကြောင်း ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန်ထား သည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)မှ တာဝန်ရှိသူများသည်လည်း မြောက်ဦး ရှေးဟောင်း နယ်မြေသို့ ပြီးခဲ့သည့် သီတင်းပတ်တွင် လာရောက် လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေးအတွက် ပြည်နယ် အစိုးရ၏ ဆောင်ရွက်နေမှုများ အပြင်၊ ဒေသခံ ပြည်သူ များ၏ ဆန္ဒအရ ပါဝင်ပူးပေါင်းမှု သည်လည်း အရေးကြီးကြောင်း ယူနက်စကို အဖွဲ့က တိုက်တွန်းထားသည်။

ဦးငြိမ်းလွင်က “ကမ္ဘာ့ယဉ်ကျေးမှုအမွေ စာရင်းဝင်ရေး စံနှုန်းတွေနဲ့ပတ်သက်ပြီး ဘာတွေရှိလဲ၊ ဘာတွေလုပ်နေကြလဲ၊ သတ်မှတ်စံနှုန်း တွေနဲ့ညီတဲ့ ဟာတွေ ဘယ်လောက်ရှိလဲ ဆိုတာတွေကို ယူနက်စကို အဖွဲ့က တရားဝင် လာကြည့်တဲ့ သဘောပါ၊ မြောက်ဦး အတွက်တော့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး၊ ကျနော်တို့တွေက ကြိုးစား လုပ်ဆောင်မယ်ဆိုရင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နိုင်ပါတယ်”ဟု ဆိုသည်။

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေးအတွက် ပြည်နယ်အစိုးရက လုပ်ဆောင်နေသည် ဆို ပါ က ၎င်းတို့အနေဖြင့် နည်းပညာ အကူအညီများ ပေးသွားမည်ဟုလည်း ယူနက်စကို အကြီးအကဲက ပြောဆိုခဲ့ ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားသည်။

ကိုးသောင်း ဘုရား

တရုတ်နိုင်ငံကလည်း နည်းပညာ အကူအညီပေးမည်ဟု ပြောဆိုထားပြီး တရုတ် ဗိသုကာ အဖွဲ့တခုသည် မြောက်ဦးမြို့ သို့ ဇန်နဝါရီလက သွားရောက်၍ တိုင်းတာ လေ့လာမှုများ ပြုလုပ်ခဲ့ ကြသည်။

မြောက်ဦးမြို့တော်ကို ရခိုင်ဘုရင် မင်းစောမွန်က ၁၄၃၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၇၈၄ ခုနှစ်အထိ မင်းဆက် ပေါင်း ၄၉ ဆက်အထိ ထီးနန်း စိုးစံခဲ့ရာ နှစ်ပေါင်း ၃၀၀ ကျော်အထိ တည်တံ့ခဲ့သည်။

ယခုလက်ရှိ အချိန်အထိ ဆိုပါက မြောက်ဦးမြို့ဟောင်းသည် နှစ်ပေါင်း ၆၀၀ နီးပါး ရှိပြီဖြစ်သည်။

ရခိုင်ဘုရင် မင်းဆက်များ၏ နောက်ဆုံး ဘုရင်ဖြစ်သူ မဟာသမ္မတ ရာဇာမင်း အုပ်ချုပ်နေစဉ် ၁၇၈၄ ခုနှစ် တွင် ဗမာဘုရင် ဘိုးတော် ဗဒုံမင်း၏ ကျူးကျော်သိမ်းပိုက်မှု ခံခဲ့ရပြီး ရခိုင်ဘုရင် စနစ်သည်လည်း အဆုံးသတ်သွားခဲ့သည်။

မြောက်ဦးမြို့တော် တည်ဆောက်ခဲ့ရာတွင် မြို့တော်၏ လေးဘက် လေးတန်ကို ခံတပ်မြို့ရိုး တံတိုင်း အခိုင်အမာဖြင့် တည်ဆောက်ထားပြီး မြို့၏ ပတ်လည်တွင် တောင်တန်းများက ဝန်းရံထားသည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေး လုပ်ဆောင်ရာ၌ ဥပဒေကြောင်းအရ လုပ်ဆောင်ရမည့် အရာများရှိနေ ကြောင်း၊ ယဉ်ကျေးမှု နယ်မြေဇုန်ထဲတွင် ဆောက်လုပ်ထားသည့် ဟိုတယ်များ၊ စာသောက်ဆိုင်များ၊ လူနေ အိမ်များ ကြောင့် အခက်အခဲ တချို့ရှိနေကြောင်း၊ ထို့ကြောင့် ယင်း အဆောက်အအုံများကို ဥပဒေကြောင်းအရ ဖြေရှင်းပေး နိုင်မှသာ စာရင်းဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြောက်ဦးယဉ်ကျေးမှု နယ်မြေထဲတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း စသည့် အဆောက်အအုံပေါင်း ရာချီရှိနေပြီး အများစုသည် တားမြစ်ဇုန်ထဲတွင် ပါဝင်နေကြောင်း မြောက်ဦး ယဉ်ကျေးမှု ထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ပြောပြသည်။

ဦးငြိမ်းလွင်က “မြောက်ဦးမှာ အဓိက ပြဿနာက ဝိသမ လောဘသားတွေပဲ ဖြစ်နေတယ်၊ ဟိုတယ် ဆောက်ချင်တယ်၊ အိမ် ဆောက်ချင်ကြတယ်၊ အဲဒါတွေကို ကိုင်တွယ်ထိန်းသိမ်းဖို့ ခက်နေတယ်၊ အဲဒါကြောင့် ပြည်သူတွေကိုယ်တိုင် ပါဝင် ဖို့ လိုအပ်နေတယ်လို့ ပြောရတာပါ” ဟု ပြောသည်။

ပြည်သူများကို အသိပညာပေး စည်းရုံးရေးအတွက် မြောက်ဦး ယဉ်ကျေးမှု အမွှေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု သိရသည်။

၁၉၉၈ ခုနှစ် ရှေးဟောင်းဇုန် ဥပဒေအရ တားမြစ်နယ်မြေများ၌ အဆောက်အအုံများ ဆောက်လုပ်ခွင့် မရှိသော်လည်း မြောက်ဦး ယဉ်ကျေးမှု နယ်မြေထဲ၌ အဆောက်အအုံများ ရှိနေသည်။

ဦးငြိမ်းလွင် က “တရားမဝင် ဆောက်ထားတဲ့ အဆောက်အအုံတွေကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ တည်ဆဲ ဥပဒေ အရ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်ပါတယ်၊ ကျနော်တို့မှာက အရေးယူပိုင်ခွင့် မရှိပါဘူး” ဟု ပြောသည်။

မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွှေအနှစ် စာရင်းဝင်ရေးအတွက် စီမံကိန်းများရေးဆွဲ၍ ကဏ္ဍအလိုက် ဆောင် ရွက်မည့်အရာများ၌ ဘုရား ပုထိုး အရေအတွက် အတိအကျ စိစစ်ရန် အချက်လည်း ပါဝင်နေခြင်းကြောင့် အချိန်ယူ ဆောင်ရွက် ရမည်ဟုသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘတ်ဂျက်သည် အဓိက ဖြစ်၍ ဘတ်ဂျက် ရရှိမှု အပေါ်မူတည်၍ လုပ်ဆောင် ရမည်ဟု ရှေးဟောင်း အဖွဲ့က ပြောသည်။

မြောက်ဦးယဉ်ကျေးမှု နယ်မြေတွင် သျှစ်သောင်း ဘုရား၊ ကိုသောင်း၊ ထုက္ကံသိမ်၊ ပုထိုးတော်ကြီး၊ ရတနာပုံ စသည့် စေတီပုထိုးများနှင့် နာမည်ကြီး စေတီ ပုထိုးပေါင်း ထောင်ချီရှိပြီး မြောက်ဦး နန်းတော်ရာသည်လည်း အထင်ကရ နေရာ တခုအဖြစ် ရှေးမူမပျက် တည်ရှိနေဆဲ ဖြစ်သည်။

ထို့အတူ တူးဖော်ရန် ကျန်ရှိနေသည့် စေတီပုထိုးပေါင်းများစွာ ရှိနေသေးကြောင်းလည်း သိရသည်။

မြောက်ဦးမြို့တော်ရှိ စေတီပုထိုးများ၏ ထူးခြားချက်သည် ကျောက်သားထုများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ရှေးခေတ် ရခိုင်လူမျိုးများ၏ ကျောက်ဆစ်အနုပညာ လက်ရာများစွာသည်လည်း တည်ရှိနေဆဲ ဖြစ်သည်။

ယဉ်ကျေးမှု အမွေအနှစ်များအား တဖက်တွင် ထိန်းသိမ်းမှုများ လုပ်ဆောင်နေသကဲ့သို့ တဖက်တွင်လည်း ယဉ်ကျေးမှု အမွေ အနှစ်များကို ထိခိုက်စေသည့် လုပ်ရပ်များ လုပ်ဆောင်နေကြကြောင်း၊ ယဉ်ကျေးမှုနယ်မြေ ဇုန်ထဲတွင် ပါဝင်နေ သည့် ရထားလမ်း ဖောက်လုပ်မှုသည်လည်း ယဉ်ကျေးမှု အမွေကို ထိခိုက်စေ၍ ကန့်ကွက်ထားကြောင်း ရှေးဟောင်း ထိန်းသိမ်းရေး အဖွဲ့က ဆိုသည်။

မြောက်ဦး ယဉ်ကျေးမှု နယ်မြေကို ထိန်းသိမ်းရာတွင် မြို့သစ်တည်ပေးရေးသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ ထိုသို့ လုပ်နိုင်ရန်အတွက် ပညာရှင်များ လိုအပ်နေကြောင်း၊ ရှေးဟောင်းနှင့်ပတ်သက်၍ နိုင်ငံတကာ အတွေ့အကြုံ ရှိသည့် ပညာရှင်များ၏ အကြံဉာဏ်များ ရရှိမှသာ ဒေသခံ အဖွဲ့အစည်းများက အကောင်အထည် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း မြောက်ဦး အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သိန်း က ပြောသည်။

ဒေါ်ခင်သိန်း က “မြို့သစ်ကို စနစ်တကျ တည်ဆောက်ပေးမယ်ဆိုရင် ဇုန်ထဲက လူတွေလည်း လိုက်နေကြမှာပါ၊ အဲဒီ အတွက် လူထုကို အသိပညာပေး စည်းရုံးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတာတွေ ရှိပါတယ်၊ အစိုးရကလည်း လူတွေ နေထိုင် ချင်အောင်၊ ရောင်းဝယ် ဖောက်ကားမှုတွေ လုပ်လို့ရအောင် စနစ်တကျ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်”ဟု လည်း ပြောဆိုသည်။

ယဉ်ကျေးမှု နယ်မြေဇုန်နှင့် လွတ်ကင်းသည့် နေရာတွင် မြို့သစ်တခု တည်ဆောက်သွားရန် ပြည်နယ်အစိုးရကလည်း စီစဉ် နေကြောင်း၊ ထိုမြို့သစ်ကို မြန်ဆန်စွာ တည်ဆောက်၍ လူအများနေထိုင်နိုင်ရန် လိုအပ်ချက်များ ဖြည့်စွက်ပေး မည် ဆိုပါက မြောက်ဦးဇုန်သည် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေးအတွက် စောလျှင်စွာ တင်ပြနိုင်မည် ဖြစ်ကြောင်း ရခိုင်သမိုင်းများ ပြုစုနေသူလည်း ဖြစ်သည့် ဒေါ်ခင်သိန်း က ပြောသည်။

မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်း အမွှေအနှစ် စာရင်းဝင်ရေး ဆောင်ရွက်လျက်ရှိရာတွင် နစ်မြုပ်နေသည့် စေတီ ပု ထိုး များအား တူးဖော်၍ ထင်သာမြင်သာအောင် ဆောင်ရွက်နေကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း လှုပ်ခတ်သွားသည့် ငလျင် ကြောင့် ပျက်စီးသွားသည့် စေတီပုထိုးများကိုလည်း ပြန်လည်ပြုပြင်နေကြောင်း မြို့ဟောင်း တချို့ကိုလည်း တူးဖော်နေကြောင်း ပြည်နယ် အစိုးရ အဖွဲ့က ပြောပြသည်။

ကမ္ဘာ့အမွေအနှစ် စံသတ်မှတ်ချက်များ၌ ယဉ်ကျေးမှု အမွေအနှစ်နှင့် သဘာ၀ အမွေအနှစ် နှစ်မျိုးရှိကြောင်း၊ အမွေ အနှစ် စံ သတ်မှတ်ချက်တွင် အချက် ၆ ချက်ပါဝင်ပြီး သဘာ၀ အမွေအနှစ်စံသတ်မှတ်ချက်တွင် ၄ ချက် ပါဝင်ကြောင်း ယူနက်စကို အဖွဲ့က ဆိုသည်။

အံတော်သိမ် ပုထိုးတော်ကြီး

ယင်းတို့အနက် အချက်တချက်နှင့် ကိုက်ညီလျှင်ပင် အမွေအနှစ် စာရင်းဝင်နိုင်ကြောင်း သိရပြီး မြောက် ဦးဒေသ၏ ရှေးဟောင်းအမွေအနှစ် စံနှုန်းများ၌ ဒြပ်ရှိစေတီ ပုထိုများနှင့် ဒြပ်မဲ့ ယဉ်ကျေးမှုတို့ ပါဝင်ကြောင်း သိရသည်။

ဒြပ်မဲ့ ယဉ်ကျေးမှု ဆိုသည်မှာ ရိုးရာ ယဉ်ကျေးမှု ပွဲလမ်းများ၊ လူနေမှု ယဉ်ကျေးမှု စံနှုန်းများ ပါဝင်ကြောင်း သိရသည်။

ရှေးဟောင်း နယ်မြေများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ဆောင်ရွက်ရာတွင် နှစ်အနည်းငယ် အချိန်ယူဆောင်ရွက် ရန်လိုအပ်ပြီး ဘဏ္ဍာငွေ သုံးစွဲနိုင်မှု၊ လူသား အရင်းအမြစ်၊ နည်းပညာ သုံးစွဲမှုတို့ အပေါ် မူတည်ကြောင်း ယူနက်စကို အဖွဲ့က ပြောသည်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်နေသည့် ကဏ္ဍများအား လုပ်ဆောင် ပြီးပါက နိုင်ငံတော် အစိုးရက ကမ္ဘာ့ယဉ်ကျေးမှု အဖွဲ့သို့ တင်သွင်းရမည်ဖြစ်သည်။

ထိုသို့တင်သွင်းပြီးပါက နိုင်ငံတကာ အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီက လာရောက်စစ်ဆေးမှု လုပ်ဆောင်မည် ဖြစ်သည်။

ထိုသို့ စစ်ဆေးပြီးပါက World heritage committee သို့ ထပ်မံ အစီရင်ခံစာ တင်သွင်းပြီး ထိုကော်မတီက ဆုံးဖြတ် ပေးမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရေးအတွက် မြန်မာနိုင်ငံက ကနဦး တင်သွင်းသည့် အရာများတွင် ပျူမြို့ဟောင်း၊ ပုဂံ မြို့ဟောင်းနှင့် မြောက်ဦးတို့ ပါဝင်သည်။

ယင်းတို့အနက် မြောက်ဦး ယဉ်ကျေးမှုဇုန်သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ပုဂံထက် အလားအလာ ပိုမိုရှိနေ ကြောင်း ရှေးဟောင်း သုတေသနအဖွဲ့ က ပြောသည်။

ပုဂံကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ် အစီရင်ခံစာ တင်သွင်းမည်ဟု ရှေးဟောင်း သုတေသနအဖွဲ့က ပြောဆိုထားပြီး ၂၀၁၉ ခုနှစ်တွင် ပြုလုပ်သည့် ကမ္ဘာ့အမွေအနှစ် သတ်မှတ်ရေး ညီလာခံက ဆုံးဖြတ်ပေးမည် ဖြစ်သည်။

မြောက်ဦးကို ယင်းနောက်တွင်မှ တင်သွင်းခွင့် ရမည်ဖြစ်သည်။

အပြီးသတ် အစီရင်ခံစာ တင်သွင်းရာတွင်လည်း တကြိမ်လျှင် တခုသာ တင်သွင်း ခွင့်ရှိသောကြောင့် ပုဂံ ကိစ္စပြီးစီးမှ သာ မြောက်ဦးဇုန်ကို တင်သွင်းခွင့်ရမည် ဖြစ်သည်။

The post မြောက်ဦးဒေသ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရန် အလားအလာရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...