Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ယက်တောအား ပြန်ပြောင်းအမှတ်ရခြင်း

$
0
0

ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏အဖော်က ၎င်းတို့၏နေအိမ်တွင် ပြဿနာဖြစ်နေကြောင်း လာအသိပေးချိန်မှာ နံနက် ၅ နာရီဝန်းကျင်ဖြစ်ပြီး သူမအိပ်ရာမှ နိုးကာစပင် ရှိသေးသည်။

နိုင်ငံခြားသား လူစိမ်းတယောက် ခြံထဲရောက်နေကြောင်းကို သူမနှင့် အဖော်ပြုနေထိုင်ပေးနေသူ ဒေါ်ခင်ခင်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို လာပြောသည်။

“သူက ထွက်သွားမယ့် ပုံမပေါ်ဘူး အစ်မ။ မိုးမလင်းခင် ကျမတို့ တခုခုလုပ်ဖို့လိုတယ်”ဟု ဒေါ်ခင်ခင်ဝင်းက ဆက်ပြောသည်။

သူတို့ အနေနှင့် တရားဝင် ခွင့်ပြုချက်မရဘဲ ဧည့်သည်လက်ခံခွင့် လုံးဝမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါ်ခင်ခင်ဝင်းတို့ နှစ်ယောက်စလုံးသိသည်။

ထိုနေ့သည်ကား ၂၀၀၉ ခုနှစ် မေလ ၄ ရက်။ ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ အမျိုးသမီး အဖော် နှစ်ဦး အင်းလျားကန်နံဘေးနေအိမ်တွင် အကျယ်ချုပ်ကျနေသည်မှာ ၅ နှစ်မျှကြာပြီဖြစ်သောအချိန်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိမ်အပြင်ဘက်တွင် ရေစိုရွှဲနေပြီး နာကျင်မှုဖြင့် ညည်းညူနေသော အဆိုပါ နိုင်ငံခြားသားကိုကြည့်ရန် အိမ်အောက်ထပ်သို့ ဆင်းလာသည်။ ခြံထဲမှ ပြန်လည်ထွက်ခွာသွားရန် ထိုလူစိမ်းကို တိုက်တွန်းသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ အင်းလျားကန်ကို ဖြတ်ကူးကျူးကျော်ဝင်ရောက်လာသူ ဂျွန်ယက်တောက သူသည် ဆီးချိုရောဂါခံစားနေရပြီး ရေကူးပြန်ရန်မှာ လွန်စွာအားနည်းနေသောကြောင့် ခေတ္တအနားယူခွင့်ပေးရန် ပြောလေသည်။

ယက်တောနှင့် စကားအနည်းငယ်ပြောပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က “သူ့ကိုပေးဝင်လိုက်ပါ” ဟု နောက် အမျိုးသမီးအဖော်တယောက်အား ပြောလိုက်သည်။

ဒေါ်ခင်ခင်ဝင်းက ယက်တောအား လက်မခံသင့်ကြောင်း ပြောကြားသော်လည်း ဒေါ်အောင်ဆန်းစုကြည်က သူမသည် ရောဂါနဲ့ အနာတရဖြစ်နေသူတဦးကို လျစ်လျူရှုမထားနိုင်သလို ရဲလက်သို့လည်း မအပ်လိုကြောင်း ရှင်းပြသည်။

“လူတွေကို အပြစ် မယ်မယ်ရရ မရှိဘဲ ဖမ်းပြီး ထောင်ချနေတာ တွေ့နေရတော့ ကျမကြောင့်နောက်ထပ်တယောက် ထပ်အဖမ်းခံရတာ ကျမ မမြင်ချင်တော့ဘူး။ ကျမ အစစအရာရာ တာဝန်ယူတယ်။ အထဲသာ ပေးဝင်လိုက်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဤသည်မှာ အကြမ်းဖက်သမားအုပ်စုတခုက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်မည့်ဘေးမှ ကာကွယ်ရန် သူ့ကိုဘုရားသခင်က စေလွှတ်လိုက်သည်ဟု ပြောသော အမေရိကန်ဧည့်သည် ဂျွန်ယက်တော ရုတ်တရက် ရောက်ရှိလာပုံကို ဒေါ်ခင်ခင်ဝင်းက ပြန်လည်ပြောပြပုံဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ကာကွယ်စောင့်ရှောက်ရန် လာသည်ဟုဆိုသူသည်နောက်တနေ့ ထိုအိမ်မှ ထွက်ရာတွင် အဖမ်းခံရခြင်းပင် ဖြစ်သည်။

ယက်တော အဖမ်းခံရသည့်သတင်းသည် ပြည်တွင်းပြည်ပတွင် သတင်းကြီးဖြစ်ခဲ့သည်။ သူ့ကိုထောင်ဒဏ် ၇ နှစ် ချမှတ်သော်လည်း လအနည်းငယ်အကြာတွင် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်က ထိုအမှုကို ကြားဝင်သောအခါ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အမျိုးသမီး အဖော်နှစ်ဦးမှာ နေအိမ်အကျယ်ချုပ် ၁၈ လစီ ထပ်မံချမှတ်ခံရသည်။

အမေရိကန်ဂျွန်ယက်တော ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ကဘန်ကောက်ရှိထိုင်းလေတပ်စခန်းသို့ရောက်ရှိလာစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဖွင့်ပြောလေ့မရှိခြင်းကြောင့် ဒေါ်ခင်ခင်ဝင်း၏ ရေးသားချက်များသာလျှင် ယက်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး အသးစိတ်သိနိုင်သော အချက်များ ဖြစ်သည်။ ထိုကံဆိုးသောဖြစ်ရပ်အပြီး ၈ နှစ်အကြာတွင် ပြည်လူထုသည် ဒေါ်ခင်ခင်ဝင်း ရေးသားသော ထိုဖြစ်ရပ်များကို “ရေဆန်လမ်းမှ အိမ်အပြန်”စာအုပ်တွင် ဖတ်ခွင့်ရကြသည်။ စာမျက်နှာ ၃၀၀ ကျော်ရှိ အမှတ်တရ စာအုပ်သည် သူမ၏ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဘဝ၊ ၁၉၉၀ ရွေးကောက်ပွဲအပြီး ပါတီဆက်လက်ရှင်သန်ရေးလှုပ်ရှားမှုများနှင့် နေအိမ်အကျယ်ချုပ်ဘဝတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေရသောဘဝများကို ဖော်ကြူးထားသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုလူမျိုးလဲ၊ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကို တစိုက်မတ်မတ် ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ ပြည်သူတွေ သိသင့်တယ်။ ဒါကြောင့် ဒီစာအုပ်ကိုရေးတာ” ဟု အသက် ၇၄ နှစ် ဒေါ်ခင်ခင်ဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ထက် အသက် ၂ နှစ်ကြီးပြီး ကျောင်းဆရာမဟောင်းတဦးဖြစ်ခဲ့သူ ဒေါ်ခင်ခင်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်အနားတွင် ၁၉၉၆ ခုနှစ်မှ စတင်ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပဲခူးနှင့် မကွေးတိုင်းများတွင် ပါတီစည်းရုံးရေးမှူးအဖြစ် တာဝန်ကြေခဲ့သောဒေါ်ခင်ခင်ဝင်းကို သတိထားမိသည်။ ဒေါ်ခင်ခင်ဝင်းသည် အမျိုးသမီးကွန်ရက်တွင်လည်း ပါဝင်ခဲ့ပြီး အိမ်မှုကိစ္စလည်း နိုင်နင်းသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏နေအိမ်တွင် အိမ်ရှင်မလုပ်ပေးနိုင်မလား မေးသောအခါ ဒေါ်ခင်ခင်ဝင်းက လိုလိုလားလား လက်ခံခဲ့သည်။

သူမ၏ အချိန်အများစုကို ဒေါ်အောင်ဆန်းစုကြည်နှင့် ကုန်ဆုံးခဲ့ရသူ ဒေါ်ခင်ခင်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝမှ အရေးပါသောဖြစ်ရပ်များကိုလည်း မြင်တွေ့ခဲ့သည်။ ၁၉၉၉ ခုမတ်လက ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည်မိုက်ကယ်အဲရစ် သေဆုံးကြောင်း သတင်းရောက်လာသောအခါ သူမအနေနှင့် တခြားဘာမှမလုပ်ပေးနိုင်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ လက်အား ကိုင်ပေးထားပြီး နှစ်သိမ့်ပေးရုံသာ တတ်နိုင်ခဲ့သည်။

“မျက်ရည်သွန်ချဖို့တောင် အားမရှိတော့သလို ခုတင်ပေါ်မှာ တစောင်းလဲပြီး ငြိမ်သက်နေသည့် ဒေါ်အောင်ဆန်းစုကြည် ခမျာ မျက်နှာညိုးနေတသာ်လည်း သူမ၏ သောကမီးများကို ထိန်းထားနိုင်ခဲ့သည် “ဟု ဒေါ်ခင်ခင်ဝင်းက သူမ၏စာအုပ်တွင် ရေးသားထားသည်။

ဒေါ်ခင်ခင်ဝင်း၏ ရေဆန်လမ်းမှ အိမ်အပြန်စာအုပ်အဖုံး

၂၀၀၄ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ဖမ်းဆီးထားစဉ်အတွင်း ဒေါ်ခင်ခင်ဝင်းနှင့် သမီးတို့သည် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ သွားရောက်နေထိုင်ခဲ့ကြသည်။ ထိုအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကျန်းမာရေးလည်း ကောင်းလှသည် မဟုတ်ပေ။

နေအိမ်အကျယ်ချုပ်ကျနေစဉ် ကာလအတွင်း သူတို့တတွေ ဘယ်လိုနေ၊ ဘာတွေလုပ်ကြသလဲဆိုပြီး သိချင်ကြသူများအတွက် ဒေါ်ခင်ခင်ဝင်းတွင် အဖြေရှိသည်။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ နှစ်ထပ်အိမ်ကြီးသည် နံနက် ၅ နာရီထိုးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘီဘီစီကမ္ဘာတဝန်းအစီအစဉ်နှင့် အခြားအင်္ဂလိပ်သတင်းဌာနများကို ဖွင့်နားထောင်ခြင်းနှင့်အတူ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ နံနက် ၇ နာရီထိုးလျှင် ဒေါ်အောင်ဆန်းစုကြည် ဘုရားရှစ်ခိုးပြီးနောက် ၎င်းတို့ ၃ ဦး နံနက်စာစားကြသည်။ ကျန်တနေ့တာအချိန်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် စာရေး၊ စာဖတ်၊ တရားထိုင်သည်။ တခါတရံ ဒေါ်အောင်ဆန်းစုကြည်သည် အနောက်တိုင်း ဂန္တဝင်တေးသွားများကို စန္ဒယား တီးလေ့ရှိသည်။ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမ တို့က အိမ်အလုပ်လုပ်၊ ခြံထဲတွင် အပင်စိုက်၊ ပန်းပင်ရေလောင်း လုပ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းသောအခါတွင် ဒေါ်ခင်ခင်ဝင်းက ပရိတ်ရွတ်ပေးသည်။

“ဒေါ်အောင်ဆန်းစုကြည်က စည်းစနစ်သမား အချိန်ဇယားနဲ့ အလုပ်တဲ့သူ။ ဧည့်သည်မရှိ၊လူမှုရေးတွေမရှိပေမယ့် ပျင်းဖို့ အချိန်တောင်မရှိဘူး”ဟု ဒေါ်ခင်ခင်ဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

တခါတရံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ ရှေးဟောင်းနှောင်းဖြစ်များ ပြောကြသည်။ ၁၉၉၀ ခုနှစ်များ နှောင်းပိုင်းက ဧရာဝတီတိုင်းသို့ ခရီးသွားစဉ်အတွင်း ရှေ့ဆက်မသွားရန် သေနတ်ဖြင့်ချိန်ပြီး အတားခံရချိန်ကဲ့သို့ အသက်အန္တရာယ် ရင်ဆိုင်ရချိန်များတွင် ဒေါ်အောင်ဆန်းစုကြည် အဘယ်ကြောင့် တည်တည်ငြိမ်ငြိမ် နေနိုင်သည်ကိုလည်း ဒေါ်ခင်ခင်ဝင်းမေးမြန်းခွင့်ရခဲ့သည်။

“ကြောက်တာပေါ့ အဝင်းရယ်။ ဒါပေမယ့်လည်း လုပ်ရမယ့်ကိစ္စကို ကြောက်ကြောက်နဲ့ လုပ်ရတာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေသည်။

သို့သော် ၂၀၀၉ ခုနှစ်တွင် လူထူးလူဆန်း အမေရိကန်တယောက်ဖြစ်သော ဂျွန်ယက်တောရောက်လာသောအခါ ထိုနိစ္စဓူဝကိစ္စများမှာ ပြောင်းလဲသွားရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေါ်ခင်ခင်ဝင်းတို့က သူ့ကို နေစရာပေးပြီး ကျွေးမွေးရသည်။ ညအချိန်ရောက်ရာတွင် သူ့အနေနှင့် ပြန်နိုင်လောက်အောင် မကျန်းမာသေးဟု ဂျွန်ယက်တောပြောသောအခါ ဒေါ်ခင်ခင်ဝင်းမှာတညလုံး အိပ်မပျော်နိုင် ဖြစ်ရသည်။ ထိုလူစိမ်းက ၎င်းတို့ကို တခုခုမကောင်းကြံမည်ကို စိုးရိမ်ပြီး စတီးတုတ်တချောင်းကိုင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏သမီးဖြစ်သူတို့၏ အခန်းများသို့ သွားသောလှေခါးထစ်တွင် ကင်းစောင့်လေသည်။ ယက်တော အဖမ်းခံရသောအခါ သုံးဦးလုံးကို အင်းစိန်ထောင်ထဲတွင် လေးလခန့် နေခဲ့ရပြီး အမှုရင်ဆိုင်ရသည်။

” အဲဒီလူက ဂနာမငြိမ်သလို ပုံမှန်လူတွေနဲ့လည်း မတူဘူး။ စိတ် သိပ်ကောင်းပုံမရဘူး” ဟု ဒေါ်ခင်ခင်ဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

တရားရုံးတွင် ယက်တောဖြောင့်ချက်ပေးစဉ်အတွင်း ယက်တောသည် ၂၀၀၈ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း ခိုးဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ခရစ်ယန် သမ္မာကျမ်းစာအုပ် ထားခဲ့သူနှင့် တဦးတည်းဖြစ်ကြောင်း သူတို့သိကြရသည်။

၂၀၁၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်သောအခါ အနားယူချိန်တန်ပြီဟု ဒေါ်ခင်ခင်ဝင်း ဆုံးဖြတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က မထွက်သွားရန် တားသော်လည်း ကျန်းမားရေး ယိုယွင်းလာသည်က တကြောင်း၊ မိသားစုအတွက် အချိန်ပိုမိုပေးလိုသည်က တကြောင်းကြောင့် တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄ ၏ အိမ်ရှင်မ ရာထူးကို ၂၀၁၁ ခုနှစ်တွင် စွန့်လွှတ်လိုက်သည်။

ရန်ကုန်ရှိ နေအိမ်တွင် တွေ့ရသော ဒေါ်ခင်ခင်ဝင်း

“အဝင်းတို့ သားအမိကြောင့် ဒီတခါ အကျယ်ချုပ်မှာ ၈၀ ရာခိုင်နှုန်း သက်သာရာရခဲ့ပါတယ်။ ပါတီမှာလည်း အမှားမရှိခဲ့ဘူး။ အစ်မနဲ့နေတဲ့ ကာလမှာလည်း စိတ်ရှည်ရှည်နဲ့ တာဝန်ကျေခဲ့ပါတယ်”ဟု နှုတ်ဆက်ခွဲခွာကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

“ဒီစကားတွေကို ဆုလာဘ်အနေနဲ့ရော ကျမဘဝရဲ့ သမိုင်းမှတ်တိုင်အနေနဲ့ပါ လှိုက်လှိုက်လှဲလှဲကျမခံယူတယ်”ဟု ဒေါ်ခင်ခင်ဝင်းက ပြောသည်။

ယခုအသက် ၇၄ နှစ်ရှိပြီး ဖြစ်သော အငြိမ်းစားကျောင်းဆရာမကြီးသည် မနှစ်က သူတည်ထောင်ခဲ့သော အခမဲ့ကလေးထိန်းကျောင်းကလေးကို စီမံခန့်ခွဲနေသည်။သူမ၏ ကျောင်းသား ၃၀ အနက် အများစုမှာ ဆင်းရဲသော မိသားစုများမှဖြစ်ပြီး ထိုကျောင်းကို ထူထောင်ခြင်း ရည်ရွယ်ချက်မှာလည်း ရိုးရှင်းလှပါသည်။

“ကျမက လူငယ်မျိုးဆက်တွေကို ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး ပုံသွင်းပေးဖို့ကျိုးစားနေတာ။ သူတို့တွေကို ကျမတို့တတွေကြုံခဲ့ရတဲ့ လူညစ်တွေလိုမျိုး မဖြစ်စေချင်ဘူး”

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် ကျော်ဖြိုးသာ၏ Housekeeper Recalls Swimmer who Surprised Suu Kyi’s House­ ကို ဘာသာပြန်ထားခြင်း ဖြစ်သည်။)

The post ယက်တောအား ပြန်ပြောင်းအမှတ်ရခြင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...