Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all 3346 articles
Browse latest View live

ရန်ကုန်မြို့ပေါ်က တရုတ်ပြည်သစ်

$
0
0

ရန်ကုန်မြို့ရဲ့ ဘုရင့်နောင် တံတားကနေ လှိုင်သာယာ ဘက်ကို ဆင်းလိုက်တာနဲ့ ဘတ်စ်ကား ၂ မှတ်တိုင်လောက်သာ ဝေးကွာတဲ့ နေရာမှာ FMI City ပဒေသာပင် မြို့တော် လို့ အမည်ပေးထားတဲ့ လူနေအိမ်ရာ တခုရှိပါတယ်။ 

အဲ့ဒီ အိမ်ရာဟာ လွန်ခဲ့တဲ့ ၁၇ နှစ်ကျော် စစ်အစိုးရ လက်ထက်က တည်ရှိခဲ့တာ ဖြစ်သလို စတည်စဉ် ကတည်းက နေထိုင် လာကြတဲ့သူ အများစုကလည်း အေးအေးချမ်းချမ်း နေထိုင်လိုကြတဲ့ အငြိမ်းစား ဝန်ထမ်းဟောင်းတွေ ဖြစ်ကြ ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ FMI City ဆိုတဲ့မုခ်ဦးကနေ ဝင်လိုက်တာနဲ့ တွေ့သမျှဆိုင် အများစုဟာ မြန်မာစာနဲ့ ရေး ထားတဲ့ ဆိုင်းဘုတ်တွေ မဟုတ်ဘဲ တရုတ်စာတွေနဲ့သာ ဖြစ်နေသလို ညနေပိုင်း နေဝင် အလုပ်သိမ်းချိန် ရောက်လာ တာနဲ့ လမ်းမပေါ်တွေမှာ သွားလာနေတာ၊ FMI City အဝမှာရှိနေတဲ့ City Mart မှာ၊ စားသောက်ဆိုင်တွေမှာ တရုန်း ရုန်း ဖြစ်နေတာကတော့ မြန်မာစကားကို လုံးဝနားမလည်တဲ့ တရုတ်လူမျိုး အများစုပါပဲ။

FMI City ထဲကို ဝင်လိုက်တာနဲ့ မြန်မာပြည်နဲ့ လုံးဝခြားနားကာ တရုတ်နိုင်ငံ ရွှေလီမြို့ကို ရောက်ရှိသွားသည့် အလား ခံစား လိုက်ရပါတယ်။ 

ဟိုဒီတဝ တွေ့မြင်နေရတဲ့ ဆိုင်တွေ၊ သွားလာနေကြတဲ့ သူတွေ၊ စားသောက်ဆိုင်၊ ဘီယာဆိုင်က အစ စတိုးဆိုင်တွေ မှာကအစ မြန်မာစာတွေထက် တရုတ်စာတွေသာ နေရာယူနေပါတော့တယ်။ 

တရုတ် နိုင်ငံသား အများအပြား ဝင်ရောက်လာသည့် အတွက် တရုတ် ဘာသာဖြင့် ဆိုင်းဘုတ်များနှင့် ဖွင့်လှစ် ထား သော FMI City အတွင်းရှိ စားသောက်ဆိုင်များ

FMI City တင်မက၊ အနီးရှိနေတဲ့ နဝဒေး အိမ်ရာတို့မှာလည်း ထိုနည်းတူတူ။ 

မြန်မာနိုင်ငံအတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု နံပါတ် ၂ နေရာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဟာ လှိုင်သာယာ စက်မှု ဇုန်မှာ အများအပြားရှိနေသလို တခြားသော လုပ်ငန်းတွေဖြစ်တဲ့ အင်တာနက် ဆက်ကြောင်း ပြုပြင်ထိန်းသိမ်း တည် ဆောက်ရေး၊ သဘာဝ သယံဇာတ စတဲ့ လုပ်ငန်းတွေ အများအပြားနဲ့အတူ တရုတ်လူမျိုးတွေဟာ မြန်မာ့ အလုပ် အကိုင် အခွင့်အလမ်း တွေမှာပါ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။

FMI City နဲ့ လှိုင်သာယာ တခွင်မှာလည်း မြန်မာပြည်ဖွား မဟုတ်တဲ့ တရုတ် နိုင်ငံသားတွေဟာ တနှစ်ထက် တနှစ် ပိုလို့ များပြားလာသလို မူရင်းနေ ဒေသခံတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ညက ပဋိပက္ခ ဖြစ်ပွား ခဲ့ပါတယ်။ 

ပြဿနာ ဘယ်လို စဖြစ်သလဲ

ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံအတွင်း အင်တာနက် ဖိုင်ဘာကြိုး သွယ်တန်းတဲ့ ကုမ္ပဏီ Myanmar Communication Network Construction Co.,Ltd  ရဲ့ Sub-Contract  တရုတ်ဝန်ထမ်းတွေ နေထိုင်နေတဲ့ အိမ်က လမ်းပေါ်မှာ လုပ်ငန်းသုံး Canter Truck ကား ၂ စီးနဲ့ Probox ကားတစီးတို့ကို လမ်းပိတ်ဆို့ကာ ရပ်ထားခဲ့ပါတယ်။ 

အဲ့ဒါကြောင့် သွားလာလိုတဲ့ တခြားသော ကားတွေက ဟွန်းတွေတီးပေမယ့် ဖယ်ရှားတာ မရှိခဲ့လို့ တမနက်လုံး လမ်း အသွားအလာ ပိတ်ဆို့နေပြီး မူရင်းနေ ဒေသခံတွေ အနေနဲ့ စိတ်ဆိုး ဒေါသထွက်နေတဲ့ စိတ်အခံ ဖြစ်နေခဲ့ပါတယ်။ 

ည ၇ နာရီလောက်မှာတော့ အိမ်ထဲအထိ နည်းအမျိုးမျိုးနဲ့ အကြောင်းကြားမှုကြောင့် တရုတ် နိုင်ငံသားတွေ ထွက်လာ ပြီး ကားကို တွန်းကာ ဖယ်ရှား ပေးခဲ့ပါတယ်။

ဒါပေမယ့် ကားကိုဖယ်ရှားနေချိန်မှာ တရုတ်နိုင်ငံသားတွေက ဆဲရေး တိုင်းထွာမှုနဲ့အတူ ရိုင်းပြတဲ့ အမူအရာတွေ ပြုလုပ်လာလို့ မူရင်းနေ ဒေသခံတွေ အတွက် ပိုပြီး စိတ်ဆိုးဒေါသ ထွက်စရာ ဖြစ်လာပါတယ်။ 

အဲ့ဒီ အတွက် FMI City အိမ်ပိုင်ရှင်များ အသင်း တာဝန်ရှိသူတွေ၊ လုံခြုံရေး အဖွဲ့တွေနဲ့အတူ နယ်မြေခံ ရဲတပ်ဖွဲ့ နယ် ထိန်း တာဝန်ရှိသူတို့က အဲ့ဒီအိမ်မှာနေတဲ့ တရုတ်နိုင်ငံသားတွေကို အိမ်ထဲအထိ ဝင်ရောက်ကာ စစ်ဆေးရေး ဆောင်ရွက် ပါတယ်။

အဲ့ဒီအိမ်မှာ အရင်က နေတဲ့ တရုတ်နိုင်ငံသား ၄ ဦးက မချေမငံပြောတဲ့အပြင် နောက်ထပ် တရုတ်နိုင်ငံသား တဦး ထပ် ရောက်လာကာ စစ်ဆေးရေး လုပ်တာကို ငြင်းခုံရင်း တင်းမာလာပါတယ်။ နောက်တော့ ဝင်ရောက် စစ်ဆေးတဲ့ ရဲ တပ်ဖွဲ့ဝင် နယ်ထိန်းကို တရုတ်နိုင်ငံသား တဦးက ပါးရိုက်လိုက်ပါတယ်။ 

ရဲ တပ်ဖွဲ့ဝင်ကိုတောင်မှ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့အတွက် အပြင်မှာရှိနေတဲ့ ဒေသခံတွေရဲ့ ဒေါသဟာ အထွဋ်အထိပ်ကို ရောက်သွားပြီးတော့ အဲ့ဒီအိမ် ဝန်းကျင်မှာ ရုန်းရင်း ဆန်ခတ်မှု စတင် ဖြစ်ပွားခဲ့ပါတော့တယ်။

အခင်းဖြစ်ပွား ချိန်အတွင်းမှာပဲ တရုတ်နိုင်ငံသား တဦးက မီးဖိုချောင်သုံး ဓားကို ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင် တဦးကို ရန်ပြုဖို့ ကြိုးစားခဲ့တာကိုလည်း မျက်မြင်တွေ့ရှိသူတွေ အများအပြားရှိခဲ့ သလို တုတ်တွေနဲ့ ရိုက်ခဲ့တဲ့ အတွက် နယ်မြေ ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ၄ ဦးတို့ဟာ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။

ဒါပေမယ့် လှိုင်သာယာမြို့နယ် ရဲစခန်းမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူက တရားလိုပြုလုပ်ပြီး အမှုဖွင့်လိုက်တဲ့ အခါ မှာတော့ ပြည်သူ့ ဝန်ထမ်းများအား တာဝန်ဝတ္တရား ဆောင်ရွက်နေစဉ် နှောင့်ယှက် ဟန့်တား နာကျင်စေမှု ဖြစ်စေတဲ့ ပုဒ်မ ၃၃၂ နဲ့ အားပေး ကူညီမှုဖြစ်တဲ့ ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့်ခဲ့ပြီး အဲ့ဒီ တရုတ်နိုင်ငံသားတွေကို အာမခံ ပေးလိုက်တဲ့ အတွက် မူရင်းနေ ဒေသခံ အများအပြားက ကျေနပ်မှု မရှိခဲ့ကြဘူး။

FMI City အိမ်ပိုင်ရှင်များ အသင်းက ကိုဇော်ဝင်းမြင့်ကရဲစခန်းမှူးရဲ့ မီဒီယာတွေမှာ ဖြေကြား ထားတဲ့အထဲမှာ သူတို့ ရဲ တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့တာတွေလည်း မပါဘူး။ နောက်ပြီး အခင်းဖြစ် နေစဉ် ကျနော်တို့တွေကို ပြောခဲ့တာက အာမခံ မရတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်မယ် ဆိုပေမယ့် ဘယ်လိုကြောင့် တကယ်အမှုဖွင့်တာမှာ အာမခံပေးလိုက်တာလဲ ဆိုတာပဲ။ ကျနော်တို့ နိုင်ငံသားတွေသာ ဖြစ်ကြည့်ပါ။ သူတို့ဒီလို လုပ်မလား။ တရုတ်တွေမို့ ဒီလိုလုပ်တာလား ဆိုတာ မေးစရာ ဖြစ်လာတယ်လို့ ပြောဆိုပါတယ်။

ငွေလဲ ကောင်တာကိုလည်း တရုတ် ဘာသာဖြင့်ပင် ဆိုင်းဘုတ် တင်ထားသည်ကို မြင်တွေ့ရစဉ်

ဧရာဝတီက FMI City ထဲက မူရင်းနေ အိမ်ပိုင်ရှင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ တရုတ်နိုင်ငံသားတွေရဲ့ ရိုင်းပြမှုတွေ၊ ဆူပူ သောင်းကျန်း နေတဲ့ ဖြစ်ရပ်မျိုးတွေကို တွေ့လာရလို့ စိတ်မကျေ လည်စရာ တွေ အများအပြား ဖြစ်ကြရတယ်လို့ ပြောပြ ကြပါတယ်။ 

ဒေသခံတဦးကလည်း သူ့ကားနဲ့ FMI City ထဲ ဝင်လာချိန် ဖုန်းသုံးရင်း လမ်းလျှောက်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးဟာ လမ်း အလယ်မှာ ပိတ်လျှောက်နေတာကြောင့် ကားဟွန်းတီးလိုက်လို့ သူ့ကားကို ခြေထောက်နဲ့ လာကန်တဲ့ အကြောင်း ပြောပြပါတယ်။ 

သူကကျနော့်ကားကို လာကန်တော့ ဘာလို့ ငါ့ကား လာကန်တာလဲ၊ မင်းတို့ကသာ လမ်းကိုပိတ် လျှောက်နေတာ၊ ဒါ ကား သွားရမယ့်လမ်း ဆိုတာမျိုး ကျနော်က ဗမာလိုပြောတော့ သူတို့က နားမလည်သလို ခြေဟန်လက်ဟန်နဲ့ မသိ ဟန် ဆောင်တယ်။ တယောက်က ကျနော့်ကိုတောင် ဘာညာ လာလုပ်တော့ ကျနော်က ရင်ဘတ်ကိုဆွဲပြီး ဒေါသ ထွက်တဲ့ပုံစံ လုပ်မှ နောက်တယောက်က တောင်းပန်ပါတယ်ဆို လုပ်တာလို့ ပြောပါတယ်။

အဲ့ဒီ အပြင် စနေ၊ တနင်္ဂနွေလို အားလပ်ရက်တွေမှာ တရုတ်သီချင်းတွေ အကျယ်ကြီး ဖွင့်၊ မူးယစ် သောက်စားကြတဲ့ အကြောင်း FMI City မှာ ၁၇ နှစ်ကျော်ကြာ နေထိုင်လာခဲ့တဲ့ တပ်မတော် အငြိမ်းစား တဦးကလည်း ပြောပြပါတယ်။

ဘယ်လို စည်းကမ်း တင်းကျပ်မလဲ

အခုလို တရုတ်နိုင်ငံသား မျိုးတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားသား ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဌာနဆိုင်ရာ အဖွဲ့ အစည်းတွေက စည်းကမ်း ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနည်းတူ ထိုင်း၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့လည်း တရုတ် နိုင်ငံသားတွေ အဝင်အထွက် များပေမယ့် စည်းကမ်း ဥပဒေ ကိုင်တွယ်ပုံတွေကို လေ့လာသင့်တယ်လို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ မြန်မာ နိုင်ငံသား တရုတ် လူမျိုး တဦးက ပြောဆိုပါတယ်။ 

မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်ဟာ မြန်မာစိတ်ဓာတ် ရှိသူတွေ ဖြစ်ကြသလို အခုလို လှိုင်သာယာ ဖြစ်စဉ်မျိုးတွေမှာ တရုတ် နိုင်ငံသားတွေကို ဦးစားပေးနေမယ် ဆိုရင် မိမိတို့လို မြန်မာနိုင်ငံသား ဖြစ်ပေ မယ့် တရုတ်လူမျိုး ဆိုတဲ့ အချက်တခုတည်းနဲ့ တခြား တိုင်းရင်းသားတွေရဲ့ အမြင်တွေ ပြောင်းလဲမှာကို စိတ်ပူမိတယ် လို့ သူက ပြောပါတယ်။

၎င်းကဒီအတိုင်း ဆက်လွှတ်ထားလို့တော့ မကောင်းဘူးဗျ။ စနစ်နဲ့ကို ကိုင်တွယ်တာ ပိုသေချာ မယ်။ ဥပမာဗျာ။ လမ်း စည်းကမ်း ဖောက်ဖျက်လို့ ကျနော်တို့က မဖမ်းဘဲ နေကြည့်လေ။ မီးနီရင် ရပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဘယ်သူ က လိုက်နာတော့မှာလဲ။ အရေးယူသင့်တာကို ယူလိုက်ရမှာ။ ကိုယ်တွေ သူတို့နိုင်ငံထဲမှာ သွားလုပ်လို့ မရတဲ့ဟာတွေ ကို ကျနော်တို့ နိုင်ငံမှာလည်း သူတို့ ဘာလို့ လုပ်လို့ရမှာလဲ။ ဥပဒေက ဥပဒေပဲဖြစ်ရမယ်လို့လည်း ပြောဆို တယ်။  

ဒါ့အပြင် လှိုင်သာယာမြို့နယ်ဟာ လူကုန်ကူးမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ရင်လည်း အများဆုံး စာရင်းမှာ ပါဝင်နေပါ တယ်။ အဲဒီ့ ဒီဇင်ဘာ ၇ ရက်နေ့မှာပဲ FMI City ထဲက အိမ်တအိမ်မှာ တရုတ်ပြည်ကို ပို့မယ့် အမျိုးသမီး ၁ဝ ဦးကို ရဲတပ်ဖွဲ့က ကယ်တင် လိုက်နိုင်ပါတယ်။ 

လူကုန်ကူးမှုတွေထဲမှာ အခုနောက်ပိုင်း ၇ဝ ရာခိုင်နှုန်းလောက်က တရုတ်ပြည်ထဲမှာ တရုတ်မယား အဖြစ် အဓမ္မ လက်ထပ်ရတဲ့ ဖြစ်စဉ်တွေ ရှိလာပါတယ်။ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဟာ လူကုန်ကူးမှုဖြစ်စဉ် အဓိက ဖြစ်ပျက်ရာ နယ်မြေတွေလည်း ဖြစ်လာပါတယ်။ 

အကြောင်းအမျိုးမျိုး၊ မက်လုံးအမျိုးမျိုးနဲ့ မြန်မာအမျိုးသမီးတွေကို တရုတ်ပြည်ထဲ ခေါ်သွား၊ ဟိုရောက်မှ တရုတ် နိုင်ငံသားတွေက လာကြည့်ပြီး ဘယ်လောက်ဈေး ဆိုတာနဲ့ ဝယ်ယူသွားတဲ့ ဖြစ်စဉ်တွေကို သတင်းတွေမှာ အများ အပြား ဖော်ပြထားတာလည်း တွေ့ရပါတယ်။

တရုတ် နိုင်ငံသား အများအပြား ဝင်ရောက်လာသည့် အတွက် တရုတ် ဘာသာဖြင့် ဆိုင်းဘုတ်များနှင့် ဖွင့်လှစ် ထား သော FMI City အတွင်းရှိ စားသောက်ဆိုင်များ

 

တရုတ်နိုင်ငံထဲကို ရောက်ပြီးမှ ဘာသာစကားကအစ နယ်မြေ အနေအထားတွေနဲ့ ဒုက္ခရောက်ခဲ့ကြတဲ့ မြန်မာ အမျိုးသမီးတွေ အများအပြားဖြစ်လာတာဟာ လက်ရှိ နှစ်စဉ် လူကုန်ကူးမှုဖြစ်စဉ်တွေနဲ့ အရေးယူရတဲ့ အမှု အရေ အတွက်ကို ကြည့်ရုံနဲ့ သိနိုင်တယ်လို့ ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့က အရာရှိ တဦးက ပြောပြဖူးပါတယ်။

FMI City က မြန်မာအမျိုးသမီး ၁ဝ ဦးကို ကယ်တင်လိုက်နိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူကုန်တား ရဲတပ်ဖွဲ့က အရာရှိ ကကျနော်တို့က အခု တရုတ်ပြည်ကို အိမ်ဖော်လုပ်ရမယ်ဆိုပြီး လူစုတဲ့ အဆင့်မှာပဲ အုပ်မိလိုက်နိုင်တာ။ ဟိုရောက်ရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ အမျိုးမျိုး ဖြစ်နိုင်တယ်။ လူကုန်တားဥပဒေနဲ့ အမှုဖွင့်လို့မရတော့ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ပဲ အမှု ဖွင့်လိုက်ရတယ်။ ဒီလို တရုတ်တွေ များပြားလာတာကလည်း ဒီလို လူကုန်ကူးမှု ဖြစ်စဉ်တွေ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူးလို့ ပြောဆိုပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း ဒီလို တရုတ်နိုင်ငံသားတွေ များပြားလာရခြင်း အပေါ် မတားမြစ်နိုင် ပေမယ့် သူတို့အနေနဲ့ မိမိတို့နိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ဒီဇင်ဘာ ၁ဝ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီရဲ့ အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ 

နိုင်ငံအတွင်း စည်းမျဉ်းဥပဒေတွေ ရှိပြီးသားဖြစ်တဲ့ အတွက် အဲဒီ စည်းမျဉ်းတွေဟာ စာရွက်ပေါ် မှာသာ ရှိနေရမယ် မဟုတ်ဘဲ အကောင်အထည်ဖော်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ စည်းမျဉ်းဥပဒေအတိုင်း ထိရောက် စွာ ဆောင်ရွက် သွားရမယ်လို့ ၎င်းက ဆက်ပြော တယ်။ 

မြို့တော်ဝန် ဦးမောင်မောင်စိုးကဒီလို ကိစ္စမျိုးတွေ ဖြစ်လာလို့ နိုင်ငံခြားသားတွေ မလာရဘူး ပြောလို့ မရဘူး။ တနည်း ပြောရရင် ကြွက်မနိုင်လို့ ကျီ ကို မီးနဲ့ရှို့သလို လုပ်လို့မရဘူး။ အဲဒီလို လုပ်လိုက်ရင် တိုင်းပြည်စီးပွားရေး ကျသွားနိုင် တယ်ဟု ဆိုတယ်။

ဒီ့အပြင် လှိုင်သာယာ မြို့နယ် တခုလုံးတွင် တရုတ် နိုင်ငံသား ၅ သောင်းကျော်အထိ ရှိနေပြီး ၎င်းတို့ထဲတွင် ဗီဇာ သက်တမ်း လွန်သူတွေ၊ တရားမဝင် နေထိုင်သူတွေလည်း ရှိနေနိုင်ကြောင်း၊ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ကြပ်မတ် ဆောင်ရွက်မှု လိုအပ် ကြောင်း လှိုင်သာယာ မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ ကလည်း ပြောဆိုထားပါတယ်။  

မြို့နယ် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့အနေနဲ့လည်း ကိုယ့်မြို့နယ်က နိုင်ငံခြားသား နေထိုင်မှုတွေကို တောက်လျှောက် လိုက်လံ စိစစ်လျက် ရှိတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံခြားသားတွေ အနေနဲ့ကလည်း နိုင်ငံထဲကို ရောက်လာပြီ ဆိုတာနဲ့ ဟိုတယ်မှာ နေမယ်ဆိုရင် ဟိုတယ် ဘက်က၊ အိမ်မှာနေမယ် ဆိုရင် အိမ်ရှင်တွေဘက်က ၂၄ နာရီအတွင်း လူဝင်မှု ကြီးကြပ် ရေးရုံးမှာ ပုံစံ (ဂ) ကို ဖြည့်သွင်းပြီး အကြောင်းကြားရမယ့် တာဝန်ရှိတယ်လို့ လှိုင်သာယာ မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဌာနက မြို့နယ်မှူး ဦးခင်မောင်ထွန်း ကလည်း ပြောပါတယ်။

တရုတ်နိုင်ငံသား အများအပြား ဝင်ရောက်လာသည့် အတွက် တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်များနှင့် ဖွင့်လှစ်ထားသော FMI City အတွင်းရှိ စားသောက်ဆိုင်များ

နိုင်ငံခြားသား မှတ်ပုံတင်ရေး နည်းဥပဒေ ပုဒ်မ ၁၄/၆ အရ ၎င်းတို့နေထိုင်ခွင့်ကို သက်ဆိုင်ရာ သံရုံးတွေက ပေးလိုက် တဲ့ ဗီဇာသက်တမ်း အတိုင်း နေထိုင်ခွင့်ပေးပြီးတော့ ဗီဇာသက်တမ်း မကုန်ခင် နိုင်ငံခြားသားတွေ အနေနဲ့လည်း သက်တမ်း ပြန်တိုးဖို့ တာဝန်ရှိတယ်လို့ သူက ဆက်ပြောတယ်။ 

ဦးခင်မောင်ထွန်းကသက်တမ်းကျော်ပြီးမှ သူတို့နိုင်ငံကို ပြန်ထွက်မယ် ဆိုရင် လေဆိပ်တွေက သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့တွေက တရက်ကို အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ ဒဏ်ကြေး ပေးဆောင်ပြီးမှ ထွက်ခွင့်ပြုတယ်။ ဒါက တရုတ်မှ မဟုတ်ဘူး။ နိုင်ငံခြားသားတိုင်း ကိုပဲ။ လှိုင်သာယာက စက်မှုဇုန် နယ်မြေဆိုတော့ နိုင်ငံခြားသား မျိုးစုံပေမယ့် ရာခိုင်နှုန်းအရ တော့ တရုတ်က အများဆုံးပဲ။ သူတို့က အဝင်အထွက်တွေကလည်း များတော့ ဘယ်လောက် ရှိတယ် ဆိုတာ အတိအကျ ပြောဖို့တော့ ခက်တယ်လို့လည်း ဆိုပါတယ်။  

ဒီဇင်ဘာ ၇ ရက်နေ့ညက မူလဒေသခံတွေနဲ့ တရုတ်နိုင်ငံသားတွေ အခင်းဖြစ်ချိန်မှာ တရုတ်နိုင်ငံ သားတွေနဲ့ တဖွဲ့ တည်းလို့ ဆိုလို့ရနိုင်တဲ့ ပန်းရောင် အကျီ ဝတ်ထားတဲ့ တရုတ်နိုင်ငံသား ၁၅ ဦးထက်မနည်း အခင်းဖြစ်ပွားတဲ့ ဝန်းကျင် မှာ ရှိနေတာကို တွေ့လိုက်ရတဲ့ အတွက် တချိန်ချိန်မှာ ဒီလိုပြဿနာတွေ ထပ်မံ ဖြစ်ပွားလာမယ် ဆိုရင် လူမျိုးရေး ပဋိပက္ခတွေပါ ဖြစ်ပျက်လာမယ့် အရေးကိုလည်း မူရင်းနေ ဒေသခံ အများအပြားက စိတ်ပူလာနေကြပါတယ်။  

FMI City အိမ်ပိုင်ရှင်များ အသင်းက ကိုဇော်ဝင်းမြင့်ကလည်းကျနော်တို့ ပြောလိုတာက ကျနော်တို့နိုင်ငံမှာ နိုင်ငံခြား သား တွေက တရားဝင် ဈေးဆိုင်တွေ၊ ဘီယာ ဆိုင်တွေ၊ စားသောက် ဆိုင်တွေ ဖွင့်ခွင့်ရှိလားလို့ မေးချင်တယ်။ ကျနော် လည်း မလေးရှားမှာ အလုပ်လုပ်ခဲ့ဖူးသူပါ။ ကျနော်တို့တွေ မလေးရှားမှာ အဲ့ဒီလို တရားဝင် ဖွင့်ခွင့်မရှိဘူး။ အခုက ကျနော်တို့ဆီက ဆိုင်ပိုင် ရှင်တွေ ကြည့်လိုက် တရုတ် နိုင်ငံသားတွေချည်း။ သူတို့ကို ဘယ်လို အနေအထားနဲ့ လုပ်ပိုင် ခွင့်ပေးနေတာလဲ မေးချင်တယ်။ ကားတွေလည်း ဘယ်လို လိုင်စင်ရပြီး မောင်းနေကြလဲဆိုတာ မေးချင်တယ်လို့ ပြောပါ တယ်။ 

ရန်ကုန်မြို့လယ်က စီးကရက် အရောင်းဆိုင်များတွင်ပင် ရှာဖွေရ ခက်ခဲသည့် တရုတ် ဆေးလိပ်မျိုးစုံကို FMI City ရှိ စားသောက်ဆိုင်များတွင် ရောင်းချနေသည်ကို မြင်တွေ့ရစဉ်

ကိုဇော်ဝင်းမြင့်က ဆက်လက်ပြီးအခုက ကျနော်တို့နဲ့ တရုတ်နိုင်ငံသားတွေ ပဋိပက္ခဖြစ်တာ ပထမဆုံးဆိုပေမယ့် ဒါကို နောက်နောင် ထပ်ဖြစ်လာမယ်ဆိုရင် သူတို့မှာလည်း သူတို့နိုင်ငံသား အုပ်စုလိုက်ရှိတယ်။ ကျနော်တို့မှာလည်း ကျနော် တို့ အုပ်စုလိုက် ရှိတယ်။ အဲ့ဒီလိုသာ ထပ်ထပ် ဖြစ်လာမယ်ဆိုရင် တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားဆိုပြီး လူမျိုးရေး တွေ ပါလာတော့မယ့် အနေအထားပဲ။ ဒါကို သက်ဆိုင်ရာတွေက သေသေချာချာ ကိုင်တွယ် ဆောင်ရွက်ဖို့ လိုလာ တယ် လို့ ထင်တယ်လို့လည်း ပြောဆိုသွားပါတယ်။

You may also like these stories:

လှိုင်သာယာ FMI City တွင် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားသည့် တရုတ်နိုင်ငံသား ၅ ဦးကို အာမခံပေး

နိုင်ငံခြားသားများ ဥပဒေကို လေးစားလိုက်နာရန် ရန်ကုန် မြို့တော်ဝန်ပြော

မှတ်ပုံတင် အတုဖြင့် ကျောက်မျက်ပွဲ လာသည့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေ

မြဝတီရောက် တရုတ်များကိစ္စ သေချာပေါက် ကိုင်တွယ်မည်ဟု ပြည်နယ်ဝန်ကြီး ပြော

The post ရန်ကုန်မြို့ပေါ်က တရုတ်ပြည်သစ် appeared first on ဧရာဝတီ.


သားဆုံး မိခင်တယောက်၏ ခရစ်စမတ်

$
0
0

“တကယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲဆိုတာသာ မရှိခဲ့ရင် ခရစ်စမတ်မှာ ကျမသားနဲ့အတူ အချိန်ဖြုန်းနိုင်ခွင့် ရခဲ့လိမ့်မယ်”

အသက် ၅၆ နှစ်အရွယ် Normita Lopez ၏ အသံက ဒေါသကြောင့်ကွဲအက်နေသည်။ အသက် ၂၃ နှစ်သာ ရှိသေးသော သူ၏ သားဖြစ်သူ Djastin မှာ သေနတ်နှင့် ပစ်သတ်ခံရခြင်းကြောင့် လွန်ခဲ့သော ၂ နှစ်ခွဲခန့်က သေဆုံးခဲ့ရသည်။ သူက သမ္မတ Rodrigo Duterte ၏ အကြမ်းဖက်နှိမ်နင်းမှုလှိုင်း၏ သားကောင်ဖြစ်ခဲ့ရသည့်သူ (စာရင်းအဆိုလျှင်) ၅၅၂၆ ဦးထဲမှ တဦးဖြစ်ပါသည်။

ဝဝဖိုင့်ဖိုင့်နှင့် လန်းဆန်းသောမျက်နှာထားရှိသူ Normita Lopez က သားဖြစ်သူ အသတ်ခံရသည့် နေ့တွင် တစုံတရာ မှားယွင်းနေသလိုမျိုး စိတ်ထဲတွင် ခံစားနေခဲ့ရသည်။ “အဲဒါကြောင့်ပဲ သူ့ကို မသွားအောင် တားဆီးဖို့ ကျမ ကြိုးစားမိတာ ဖြစ်လိမ့်မယ်”

ပြီးခဲ့သည့် ၆ လအတွင်းတွင် Ceritalah အဖွဲ့က သူနှင့် ၂ ကြိမ်တွေ့ဆုံ ဖြစ်ခဲ့သည်။ ပထမဆုံးအကြိမ်မှာ မနီလာရှိ Tondo ခရိုင်မှ သူနှင့် သူ့မိသားစုနေထိုင်ရာ အခန်းတခုတည်းသာရှိသော တဲအိမ်လေးတွင်ဖြစ်သည်။ သို့သော်လည်း နှုတ်ဆိတ် နေရန်နှင့် သားဖြစ်သူ၏ ကြမ္မာဆိုးကို လက်ခံရန် သူကငြင်းဆန်ခဲ့ခြင်းကြောင့် Normita Lopez က သူ့အိမ်မှ ထွက်ခွာပြေးရန် ဖြစ်လာခဲ့ရပြီး ယခုအခါ မြို့တော်၏ အခြားအပိုင်းတွင် ဆွေမျိုးတဦးနှင့်အတူ နေထိုင်နေသည်။

ထိုနေ့လည်ခင်းမှ အဖြစ်အပျက်များကို Normita Lopez က ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ ဖြစ်သည်။ သူငယ်ချင်းတယောက်က အပြင်ထွက်ရန် ခေါ်သည့် မက်ဆေ့ချ်တစောင်ကို သူ၏ သားဖြစ်သူ ရရှိခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူ၏ စိုးရိမ်စကားကို အမှုမထားပဲ အိမ်မှ ကတိုက်ကရိုက်ထွက်သွားခဲ့သည်။

“လူတိုင်းက သူ့ကို ‘Tirik’ (ဝက်ရူးပြန်စဉ်အတွင်း မျက်လုံးများလှုပ်ရှားမှုကို ရည်ညွှန်းခြင်း ဖြစ်သည်) လို့ခေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူ့က ဝက်ရူးပြန်ရောဂါ ရှိလို့ပါ”

နာရီ အနည်းငယ်ကြာသည့်အခါ ရဲတပ်ဖွဲ့က ရထားလမ်းများဘက်မှနေ၍ သေနတ်များဖြင့် ပစ်ခတ်နေခဲ့ကြောင်း သတင်းကို အိမ်နီးချင်းတယောက်ထံမှ သူရရှိခဲ့သည်။ သားဖြစ်သူနှင့် ဆက်သွယ်ရန် Normita Lopez အသည်းအသန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ ဤသို့ဖြင့် ညဖက်သို့ ရောက်လာသည်။

ပစ်ခတ်မှုအကြောင်းပြောပြခဲ့သည့် အိမ်နီးချင်းက နောက်ထပ်သတင်းများနှင့် အတူ ပြန်ရောက်လာသည်။ “Tirik သေသွားပြီ”

အခင်းဖြစ်သည့်နေရာသို့ Normita Lopez အပြေးအလွှား ရောက်သွားသည်။ သားဖြစ်သူ ဝတ်သွားခဲ့သည့် ရှပ်အင်္ကျီ အရောင်နှင့် တံဆိပ်ကို သူစိတ်ထဲတွင် စွဲနေ၏။ အဝါရောင်တောက်တောက် Nike အင်္ကျီ ဖြစ်သည်။ အိမ်နီးချင်း၏ အဆိုအရ သေဆုံးသူက အပြာနှင့် မီးခိုးရောင်ဝတ်ထားသည် ဟုသိရသည်။

 “ကျမ မယုံနိုင်ခဲ့ဘူး။ ဒါပေမယ့် ငိုနေမိတယ်”

သူ့ကို လမ်းပြခေါ်မသွားမီအထိ ရထားလမ်းဆုံနှင့် အနီးဆုံးနေရာအထိ ရောက်သွားခဲ့ပြီး ရဲအရာရှိအများအပြားက စောင့်ကြပ်နေသည့် ဖမ်းဆီးခံရွာသားများ၏ ဘေးတွင် ခြေကားယားလက်ကားယားဖြင့် လဲကျနေသော အလောင်းတခုကို ရိုးတိုး ရိပ်တိတ်မျှသာ မြင်တွေ့ရသည်။

စိုးရိမ်မှုများတိုးလာခြင်းနှင့်အတူ အလောင်းနှင့် နီးသည့်နေရာအထိရောက်အောင် Normita Lopez ကြိုးစားနေချိန်တွင် မြင်ကွင်းက ပိုမိုဝေဝါးလာခဲ့သည်။ Scene of the Crime Operatives- SOCO (ABS-CBN ရုပ်သံဌာနမှ ထုတ်လွှင့်သည့် မှုခင်းစုံစမ်း ဖော်ထုတ်ရေးဆိုင်ရာ မှတ်တမ်းတင်အစီအစဉ်) က လုံလောက်သည့် သက်သေအထောက်အထား မရရှိခဲ့သောအခင်း ဖြစ်ပွားရာ နေရာတွင် အနားသို့ကပ်ရန် ကြိုးစားခြင်းကို အကြိမ်ကြိမ် တားဆီးခြင်းခံခဲ့ရသည်။

သားဖြစ်သူ Djastin ၏ဓာတ်ပုံကို ကိုင် ဆန္ဒပြနေသူ Normita Lopez/ Ceritalah

 “ကျမ တငိုတည်း ငိုနေခဲ့ရတယ်”

မနက်ခင်းက လတ်ဆတ်သော အလင်းရောင်ကိုသာမက စိတ်ထိခိုက်ဖွယ်ရာ သေချာခြင်းကိုပါ ယူဆောင်လာခဲ့သည်။ ယခုအခါ အလောင်းကို မြင်နိုင်ပြီဖြစ်သော Normita Lopez နောက်တကြိမ် ပြိုလဲခဲ့ရပြန်သည်။ ယခုအချိန်တွင် သံသယ ရှိစရာ မလိုတော့ပါ။ Djastin ၏ မျက်နှာကို သူမြင်လိုက်ရပြီ ဖြစ်သည်။ သို့သော်လည်း သူ့ကို အလောင်းရှိရာသို့ သွားခွင့်မပြုခဲ့သလို မိသားစုကိုလည်း အလောင်းထုတ်ယူခွင့် မပေးခဲ့ပါ။

နောက်ပိုင်း ရက်အနည်းငယ်ကြာသည့်အခါ ပစ်ခတ်မှုတခုတွင် Djastin သေဆုံးခဲ့ကြောင်း ရဲအဖွဲ့က အတည်ပြု ပေးခဲ့သည်။

သို့သော်လည်း အဖြစ်မှန်တွင် သေနတ်နှင့် အပစ်ခံရသည့် အချိန်တွင် Djastin က လက်မြှောက်၍ အဖမ်းခံနေခြင်းဖြစ်သည်ကို ဖုံးကွယ်ရန် အခင်းဖြစ်ပွားရာသို့ ပထမဆုံးရောက်လာသည့် ရဲအရာရှိ အချို့က Djastin ၏ အလောင်းကို လက်၂ ဘက် လုံးမြှောက်၍ သေဆုံးခဲ့သည့် ပုံမပေါက်စေရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်များကို Normita Lopez နောက်ပိုင်းတွင် စတင်ကြားသိလာခဲ့ရသည်။

 “သူက လက်မြှောက်ထားတာပဲ၊ ဘာကြောင့်သူတို့က သူ့ကို မဖမ်းကြတာလဲ” ဟု သူက မေးခွန်းထုတ်သည်။

ဖုံးကွယ်ထားသည်ဟု မြင်ခြင်းကြောင့် ဒေါသဖြစ်နေသည့် Normita Lopez က ထိုအချိန်မှစ၍ အဖြစ်မှန်ကို လူသိအောင် စတင်လုပ်ဆောင်ခဲ့သည်။ အစိုးရ အပေါ်တွင် အမှုဖွင့်တရားစွဲရန် ဆောင်ရွက်နေခဲ့သည်။ ထို့ပြင် သူ၏ အတွေ့အကြုံများနှင့် ပတ်သက်၍ သက်သေထွက်ဆိုချက်ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် တရားလက်လွတ် သတ်ဖြတ်မှုများ၏ သားကောင် ဖြစ်ခဲ့သူတို့၏ မိသားစုများကို အထောက်အကူပေးသည့် ပြည်တွင်း NGO တခုဖြစ်သော Rise Up တွင် စေတနာ့ဝန်ထမ်း တဦးအဖြစ် တာဝန် ထမ်းဆောင်နေသည်။

သူ၏ စိတ်ဆန္ဒပြင်းပြမှုကို သူ့စကားများထဲတွင် Ceritalah အဖွဲ့က ခံစား၍ ရခဲ့ပါသည်။ “ကျမလိုမျိုး ကြုံတွေ့ခဲ့ရတဲ့ မိသားစုတွေကို အကူအညီပေးချင်တယ်။ အဖော်ပြုပေးချင်တယ်”

မိခင်တယောက်၏ ပရိဒေဝက နက်ရှိုင်းသည် ကြီးမားသည်။ “တခါတလေကျရင် သူက ကျမဘေးမှာ အိပ်နေတယ်လို့ ကျမထင်တယ်။ မြင်ယောင်မိတယ်။ သူ့ကို ဖက်ထားလို့ရရင် ကျမ ငိုပဲငိုနေမိလိမ့်မယ်။ ကျမရဲ့ တခြားသားသမီးတွေက အမေရယ် မငိုပါနဲ့တော့လို့ ပြောတဲ့အခါ ငါ ဒါကို လက်မခံနိုင်ဘူးလို့ ကျမပြောတယ်။ ဒါပေမယ့် ကျမပြိုလဲမသွားအောင်တော့ သူတို့အတွက် ကျမကြိုးစားပါတယ်။ မေ့ပစ်ဖို့အတွက် ကျမ ရယ်မောနေတာကို သူတို့မြင်ကြပါတယ်။ ဒါပေမယ့် အဲဒါကို ကျမလက်မခံနိုင်ဘူး။ လက်ခံလို့မရသေးဘူး”

ရဲက ပစ်သတ်၍ Djastin သေဆုံးချိန်တွင် အသက် ၂၃ နှစ်သာ ရှိသည်/ Ceritalah

သို့သော်လည်း ဘဝက ရှေ့ဆက်သွားနေရသည်။ ဆက်လက်၍ တိုးတက်နေအောင် Normita Lopez ကြိုးစားနေသည်။ ခရစ်စမတ် နီးလာသည့် အချိန်တွင် မူးယစ်တိုက်ဖျက်ရေးစစ်ပွဲကြောင့် ထိခိုက်နစ်နာခဲ့ရသော မိသားစု ၂၀၀ ခန့်အတွက် လက်ဆောင်ထုပ်များပြင်ဆင်ရာတွင် သူက ကူညီပေးနေသည်။

ယခုအချိန်က သူ့အတွက် Djastin မပါသော တတိယမြောက် ခရစ်စမတ်ဖြစ်သည်။ သို့သော်လည်း  Normita Lopez  အတွက် ခရစ်စမတ်က မိသားစုနှင့် အမြဲတမ်း သက်ဆ်ိုင်နေသည်။ Djastin ကို မြှုပ်နှံထားသည့် သုဿန်သို့ သူတို့ မိသား စုသွားရောက်ကြမည် ဖြစ်သည်။ Djastin ၏ မွေးနေ့က ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖြစ်နေခြင်းက ပျော်စရာကောင်းသည့် ကာလအတွက် နောက်ထပ် စိတ်မချမ်းမြေ့ဖွယ်ရာတခုဖြစ်စေသည်။

သူပါဝင်ခဲ့သည့် ဆန္ဒပြပွဲများနှင့် ရုပ်/သံ အစီအစဉ်များအကြောင်း ပြန်ပြောပြသည့် အချိန်တွင် Normita Lopez ၏ မျက်နှာတွင် အလင်းရောင် စတင် တောက်ပလာသည်။ ကွယ်လွန်သွားသည့် သားဖြစ်သူကို ရည်စူးသည့် ကဗျာတပုဒ်ကိုပင် သူရေးသားခဲ့ပြီး ဖြစ်သည်။ ထိုကဗျာစာပိုဒ်များကို သူရွက်ဆိုနေသည့် ဗီဒီယိုတခုက ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း Normita Lopez မကျေနပ်နိုင်သေးပါ။ သားဖြစ်သူနှင့် သတ်ဖြတ်မှုများကြောင့် ပြိုကွဲပျက်စီးခဲ့ရသည့် မိသားစုများ အတွက် တရားစွဲဆိုထားသည့် အမှုအနိုင်ရရှိရေး သူလုပ်ဆောင်နေဆဲဖြစ်သည်။

“အမှုပိတ်ပေးဖို့ အတွက် ကျမနဲ့ ကျမယောက်ျားကို လာဘ်ထိုးဖို့ ရဲအဖွဲ့က ကြိုးစားခဲ့ပြီးပြီ။ ဒါပေမယ့် သူတို့အားလုံး အရှက်ရအောင် ကျမ လုပ်မယ်။ ကျမ အသက်ရှင်နေသမျှ ကာလပတ်လုံး တိုက်ပွဲဝင်သွားမယ်”

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post သားဆုံး မိခင်တယောက်၏ ခရစ်စမတ် appeared first on ဧရာဝတီ.

ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၁)

$
0
0

ဆောင်းဦးပေါက်စ နံနက်ခင်းထဲက ဖြူဖွေးသော နှင်းထု ပါးပါးလေးကို ဖြတ်ပြီး ဖုန်းဝင်လာသည်။

ကျမ ယောကျ်ား တရားရုံးချိန်းက ဘယ်နေ့လဲ။ အမှုကိုလည်း နားမလည်ဘူး။ ကလေးတွေနဲ့ ကျမ အရမ်းဒုက္ခရောက် နေ တယ်ဆိုသည့် ဗမာစကားကို အသံခပ်ဝဲဝဲနှင့် ပြောလာသော အမျိုးသမီး အသံတသံ ဖြစ်သည်။

ဖုန်းလိုင်းက ပြတ်တောက် ပြတ်တောက်ဖြင့်၊ အသံက ကြားတချက် မကြားတချက် တုန်ရီနေသည်။

ထိုအမျိုးသမီးမှာ ချင်း တောင်တန်း သံထောင် ကျေးရွာအုပ်စု ဘန်းပွေး ကျေးရွာက မယုယုခင် ဖြစ်ကြောင်း သိလိုက်ရ သည်။

မယုယုခင်သည် အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲခံနေရသော အမျိုးသားဖြစ်သူ ကိုခင်မောင်၏ ရုံးချိန်းကို သိလိုသည့် အတွက် နံနက် ဝေလီဝေလင်းကတည်းက ရွာအနောက်ဘက်ရှိ တောင်ကုန်းပေါ်တွင် ဖုန်းလိုင်း မိသည့်နေရာကို လိုက် ရှာရင်း ဖုန်းဆက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ကံအကြောင်း မလှသည့် ချင်းတိုင်းရင်းသား ဇနီးမောင်နှံ

ပလက်ဝ မြို့နယ် သံထောင်ကျေးရွာအုပ်စု ဘန်းပွေး ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ကိုခင်မောင်နှင့် ဇနီး ဖြစ် သူ အသက် ၂၉ နှစ်အရွယ် မယုယုခင်တို့သည် ပြီးခဲ့သော ဧပြီလ ရက်နေ့က မြောက်ဦးမြို့ KBZ ဘဏ်တွင် အပ်နှံ ထားသော ငွေများကို ထုတ်ယူရန်အတွက် လေးမြို့ ချောင်းအတိုင်း စက်လှေဖြင့် လာခဲ့ကြသည်။

မြောက်ဦးမြို့သို့ ရောက်သည့်အခါ KBZ ဘဏ်တွင် ကျည်ဆန်ထိမှန်၍ ပိတ်ထားသဖြင့် မည်သို့ ဆက်လုပ်ရမှန်း မသိ ဖြစ်နေစဉ် မြို့ခံများက ကျောက်တော်မြို့ရှိ KBZ ဘဏ်တွင် သွားရောက်ထုတ်ယူရန် အကြံပေးကြသည်ဟု ဆိုသည်။

နောက်တနေ့ နံနက်တွင် ကိုခင်မောင်တို့ ဇနီးမောင်နှံ ဦး ရွာသို့ မပြန်တော့ဘဲ ကျောက်တော်မြို့သို့ သွားရန်အတွက် သူတို့၏ မိတ်ဆွေ ဦးမောင်လှသန်း နေထိုင်ရာ လက္ကာကျေးရွာတွင်သို့ သွားရောက်ပြီး တညတာ တည်းခိုခဲ့ကြသည်။

ကျမ အမျိုးသားက မလေးရှားကနေ ထည့်ပေးတဲ့ငွေကို ဘဏ်မှာ စုထားတာ ရှိတယ်။ သူ ပြန်ရောက်လာတော့ အိမ် လည်း ဆောက်မယ်။ ကလေးတွေကိုလည်း ဘော်ဒါဆောင် ပို့မယ်ဆိုပြီး ငွေလာ ထုတ်တာ။ မြောက်ဦးက KBZ က ပိတ်ထားတော့ ကျောက်တော်ကို သွားထုတ်ရအောင်ဆိုပြီး လက္ကာရွာမှာ တည တည်းတာဟု မယုယုခင်က ဖြစ်စဉ်ကို ပြန်ပြောပြသည်။

ရက္ခိုင့် တပ်တော် (AA) အဖွဲ့သည် ဧပြီလ ရက်နေ့ ညဉ့်အချိန်တွင် မြောက်ဦးမြို့နယ် ကိုးသောင်းဘုရား အနီးရှိ ရဲတပ်ရင်း နှင့် လေးမြို့မြစ်ကမ်းရှိ တပ်မတော် ယာယီ အမြောက်စခန်း တခုကို ဝင်ရောက် တိုက်ခိုက်သည်။

တရားရင်ဆိုင်နေရသည့် ခင်ပွန်းဖြစ်သူ ကိုခင်မောင် ရုံးချိန်းကို လာရောက်စောင့်ဆိုင်းနေသည့် ဇနီးသည် (ဓာတ်ပုံ – ဧရာဝတီ)

ထိုတိုက်ပွဲအတွင်း စစ်ကူလာသည့် တပ်မတော် စစ်ကြောင်းတခုကိုလည်း လက္ကာကျေးရွာ အနီးတွင် AA အဖွဲ့က ကြားဖြတ် တိုက်လိုက်သည်။

ဘဏ်က ငွေထုတ်ပြီး မိသားစုရေး အတွက် မျှော်လင့်ချက်များစွာ ရှိနေသော ကိုခင်မောင်နှင့်ဇနီး မယုယုခင် တို့သည် လက်နက်ကြီး ပေါက်ကွဲသံ၊ လက်နက်ငယ် ပစ်ခတ်သံများဖြင့် နံနက်စောစော အိပ်ရာမှ နိုးထခဲ့ရသည်။

ကိုခင်မောင်နှင့် မယုယုခင်တို့ ဇနီးမောင်နှံ ဦးသည် ကျောက်တော်မြို့သို့ မသွားလိုက်ရဘဲ နှစ်ဘက်တိုက်ပွဲကြောင့် ကျေး ရွာ အတွင်း ပိတ်မိနေခဲ့သည်။ မကြာမီ တပ်မတော် စစ်ကြောင်းတခုက ရွာထဲသို့ ဝင်ရောက်လာပြီး ရွာသားများ နှင့် အတူ ဇနီးမောင်နှံ ဦးလည်း ထိန်းသိမ်းစစ်ဆေးခြင်း ခံလိုက်ရသည်။

ရွာသားတွေက ဘုန်းကြီးကျောင်းကို ပြေးကြတော့ ကျမတို့ကလည်း သူတို့နဲ့အတူ ပါသွားတယ်။ တပ်မတော်သားတွေ ရွာ ထဲဝင်လာပြီး ဘုန်းကြီးကျောင်းထဲကနေ ခေါ်ပြီးတော့ ရွာလယ်မှာ လူစုပါတယ်။ ရွာသားနဲ့ ဧည့်သည် လူခွဲပါတယ်။ အဲဒီမှာ ကိုခင်မောင် အဖမ်းခံလိုက်ရတာ။ ကျမလည်း ဘာမှ မတတ်နိုင်ဘူးဟု မယုယုခင်က သူ့ခင်ပွန်း အဖမ်းခံလိုက် ရပုံ ကို ပြန်ပြောပြသည်။

ရွာသားများနှင့်အတူ ကိုခင်မောင် အဖမ်းခံလိုက်ရစဉ် ဇနီးသည် မယုယုခင်က မှတ်ပုံတင်နှင့် ဘဏ်စာအုပ်ကိုပြပြီး အကျိုးအကြောင်း ရှင်းပြသော်လည်း တပ်မတော်သားများက ဘဏ်စာအုပ်နှင့် မှတ်ပုံတင်ကို ကြည့်ရုံသာ ကြည့်ပြီး ခဏ စစ်ဆေးရန် ရှိသည်ဟုဆိုကာ ရွာသားများနှင့်အတူ ကိုခင်မောင်ကို ကြိုးတုပ်ပြီး ဖမ်းခေါ်သွားကြသည်ဟု ဆို သည်။

ကျမက အထောက်အထားတွေကိုပြတော့ သူတို့က ယူပြီးကြည့်တယ်။ ဘာမှလည်း ပြန်မပြောဘူး။ ခဏ စစ်ဆေးဖို့ ခေါ်တာလို့ ပြောတယ်၊ ခေါင်းငုံ့နေခိုင်းတယ်။ ပြီးရင် ဘဏ်စာအုပ်နဲ့ မှတ်ပုံတင်ကို ကျမကို ပြန်ပေးပြီးတော့ ကိုခင်မောင် ကို ဖမ်းခေါ်သွားကြတယ်ဟု မယုယုခင်က ရှင်းပြသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဧပြီလ ၁၀ ရက် နေ့လယ်ပိုင်းတွင် လက္ကာ ကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက် စစ်ဆေးခဲ့ရာ အရပ်သား အယောင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင် ၂၇ ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။

AA သတင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကမူ မြောက်ဦး မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း AA တပ်ဖွဲ့ ဝင်များ ဖမ်းဆီးခံရမှု မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ကိုခင်မောင် မထင်မှတ်ဘဲ အဖမ်းခံလိုက်ရသည့်အတွက် ဇနီးဖြစ်သူ မယုယုခင် တယောက် ကျောက်တော် KBZ ဘဏ် သို့ မရောက်နိုင်တော့ဘဲ လက္ကာ ရွာသားများနှင့်အတူ မြောက်ဦးမြို့နယ်အတွင်းက ပြလှရွာသို့ စစ်ဘေးရှောင် အဖြစ် ရောက်ရှိ သွားသည်။

စစ်ဘေးရှောင် စခန်းတွင် မယုယုခင်သည် ရက် နေထိုင်ခဲ့ရပြီးနောက် ၎င်းတို့ ဘန်းပွေးရွာက ဆွေမျိုးသားချင်းများ က လာရောက် ခေါ်ယူခဲ့သည်ဟု ဆိုသည်။

ကိုခင်မောင် အဖမ်းခံလိုက်ရတဲ့ နေ့ကတည်းက ကျမက သူ့အစ်ကိုတွေကို အိမ်မှာ ကျန်နေခဲ့တဲ့ ကလေးတွေကို ကြည့်ထားပေးဖို့ ဖုန်းဆက်ပြီး ပြောပြလိုက်တယ်။ စစ်ပွဲက ပြင်းထန်နေတော့ သူတို့လည်း အားချင်း မလာနိုင်ကြဘူး။ ကျမ စစ်ဘေးရှောင်စခန်းမှာ ရက်လောက်နေပြီးမှ သူတို့ လာခေါ်ကြတာဟု မယုယုခင်က ပြောပြသည်။

ချင်း အမျိုးသား ကိုခင်မောင် အပါအဝင် လက္ကာရွာမှ အဖမ်းခံလိုက်ရသော လူ ၂၇ ဦးတွင် တပ်မတော် စစ်ကြောရေး၌ ဦး သေဆုံးခဲ့သည်။

စစ်ကြောရေး၌ သေဆုံးသွားသော ဦးမှာ ကိုဇော်မျိုးထွန်း (၂၅ နှစ်) ဦးသိန်းထွန်းစိန် (၃၅ နှစ်) နှင့် ဦးမောင်သန်းနု (၄၁ နှစ်) တို့ ဖြစ်သည်။

သေဆုံးသွားသည့် ကျေးရွာသား ဦးနှင့် ပတ်သက်ပြီး ဆေးပြတ်၍ သေဆုံးသူ ဦး၊ ဆွဲကြိုးချ သေဆုံးသူ ဦးနှင့် နှလုံး ဖောက်၍ သေဆုံး ဦးတို့ ဖြစ်ကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။

သေဆုံးသူများကို လုပ်ထုံး လုပ်နည်းနှင့်အညီ စစ်တွေမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးချက်များ ရယူ ခဲ့ပြီး တဖက်တွင်လည်း သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်းနှင့် အမှု ဖွင့်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက  ဧရာဝတီသို့ ပြောဆိုထားသည်။

သို့သော်လည်း သေဆုံးသူ မိသားစုဝင်များကမူ အလောင်းများကိုလည်း တွေ့မြင်ခွင့် မရခဲ့သလို တပ်မတော်ဘက်က  အကြောင်းပြချက်ပေးသည့် အပေါ်လည်း အယုံအကြည် မရှိဟု ပြောဆိုကြသည်။

လက်နက်ကြီးကျည်ထိမှန်၍ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သော ပန်းမြောင်းရွာသားများ (ဓာတ်ပုံ – ဧရာဝတီ)

အဆိုပါ စစ်ကြောရေးတွင် သေဆုံးသူ ဦးနှင့်ပတ်သက်ပြီး ဆေးစာအဖြေကို သိလိုကြောင်း စစ်တွေ ဆေးရုံကြီးမှ တာဝန်ရှိသူများကို သွားရောက် မေးမြန်းရာတွင် အထက်လူကြီးများ၏ ခွင့်ပြုချက် မရသဖြင့် ထုတ်ဖော် ပြောဆိုခွင့် မရှိဟု တုံ့ပြန် ဖြေကြားသည်။

လက်ရှိအချိန်တွင် ကျန်ရှိသည့် ဖမ်းဆီးခံ လက္ကာရွာသား ၂၄ ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (က) ၅၀ () ၅၄၊ ၁၉၄၉ လက်နက် အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂၁(က) တို့ဖြင့် တရားရုံးတွင် အမှုရင်ဆိုင်နေရ သည်။

ရခိုင်စစ်ပွဲအတွင်း ဒေသခံရွာသား အမြောက်အမြား ဖမ်းဆီးခံခဲ့ကြရာ တပ်မတော်၏ စစ်ကြောရေး ကာလအတွင်း သေဆုံးသူ စုစုပေါင်း ၁၅ ဦးအထိ ရှိလာကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းက တပ်မတော်နှင့် AA တို့၏ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပွားခဲ့သော စစ်ရေး ပဋိပက္ခသည် တနှစ်ကျော်အထိ ရှိလာပြီဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ စစ်ပွဲဧရိယာ ကျယ်ပြန့်လာသကဲ့သို့ ဒေသခံပြည်သူများက မြေစာပင် ဘဝဖြင့် အတိဒုက္ခ ရောက်ရှိကြရသည်။

စစ်ပွဲ၏ ဆိုးကျိုးအဖြစ် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အပြစ်မဲ့ အရပ်သားများ ထိခိုက် ဒဏ်ရာ ရရှိမှု အရေအတွက်လည်း တဖြည်းဖြည်း များပြားလာနေသည်။

ပန်းမြောင်းရွာက မြေစာပင်

ရခိုင်စစ်ပွဲ ကာလအတွင်း ဒဏ်ရာဒဏ်ချက်များတွင် ပန်းမြောင်းရွာက မတင်တင်နွယ်တို့ မိသားစု ဖြစ်ရပ်ကလည်း ဝမ်းနည်း ကြေကွဲစရာပင်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အထည်ချုပ်စက်ရုံ တရုံတွင် အလုပ်လုပ်ကိုင်နေသော အသက် ၃၀ အရွယ် မတင်တင် နွယ်သည် နေ့လယ်စာ ထမင်းစားဆင်းရန် ပြင်နေစဉ် ဖုန်းဝင်လာသည်။

ဖုန်းနံပါတ်ကို မြင်လိုက်သည်နှင့် တပြိုင်နက် မိသားစုဝင် တယောက်ယောက် ဆက်သွယ်လာသည်ကို သိလိုက်သည့် အတွက် ဖုန်းကိုင်လိုက်သော်လည်း ဖုန်းထဲက မည်သည့် အသံမှ ထွက်ပေါ်မလာပေ။

ခဏ အကြာတွင်မူ ညီမဝမ်းကွဲ တဦး၏ ငိုကြွေးသံနှင့်အတူ အသံတသံ ထွက်ပေါ်လာသည်။ ဖုန်းထဲက အသံကို ကြား လိုက်သည်နှင့် တပြိုင်နက် မတင်တင်နွယ်တယောက် သတိလစ်ကာ အရုပ်ကြိုးပြတ် လဲကျသွားပါတော့သည်။

အိမ်က အငယ်မ (ညီမ) ဖုန်းခေါ်တယ်ထင်လို့ အငယ်မလား ဆိုတော့ ဘာသံမှ ထွက်မလာဘူး၊ သားသားလေးလား မေးတော့လည်း ဖုန်းထဲက ဘာမှ ထွက်မလာဘူး။ နောက်ဆုံး ညီမဝမ်းကွဲတယောက်က အစ်မ စိတ်ခိုင်ခိုင်ထားနော်၊ အစ်မတို့အိမ် လက်နက်ကြီး ကျလို့ တအိမ်လုံး သေကုန်ပြီတဲ့ဟု မတင်တင်နွယ်က နေအိမ်လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ မိသားစုဝင်များ သေဆုံးမှု သတင်းအား ကြားသိခဲ့ရပုံကို ပြန်ပြောပြသည်။

ထိုနေ့ နံနက်ပိုင်းက မင်းပြားမြို့နယ် ပန်းမြောင်း ရွာထဲက မတင်တင်နွယ်တို့ နေအိမ်ကို လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲခဲ့သဖြင့် တိုင်းတပါးတွင် အလုပ်လုပ်ကိုင်နေသည့် သူ့ထံ ဝမ်းကွဲညီမတယောက်က အကြောင်း ကြားလာခဲ့ခြင်း ဖြစ်သည်။

မတင်တင်နွယ် သတိပြန်ရလာသောအခါ ထိုသတင်းကို ဆက်လက်ကြားလိုစိတ် မရှိသော်လည်း မိသားစုဝင်များဆီမှ  ထပ်မံ ဖုန်းဆက်လာသည်။

သူ၏ နှစ်အရွယ် သားလေး မောင်အောင်ဇင်ဖြိုး အပါအဝင် မိသာစုဝင်များ လက်နက်ကြီးကျည် ထိမှန်၍ သေဆုံး သွားသည့်အတွက် အမြန်ပြန်လာရန် အကြောင်းကြားလာပြန်သည်။

လက်နက်ကြီးကျည်ထိမှန်၍ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သော ပန်းမြောင်းရွာသားများ (ဓာတ်ပုံ – ဧရာဝတီ)

သားကလေး မောင်အောင်ဇင်ဖြိုးကို နှစ်သား အရွယ်ကတည်းက ခွဲခွာပြီး ရေခြားမြေခြားတွင် အလုပ်လုပ်ကိုင်နေ သော မတင်တင်နွယ်သည် စိုးရိမ်သောကများ ဖြစ်ကာ သူ၏ ခင်ပွန်းနှင့်အတူ မြဝတီဘက်ကနေ ဇာတိ ပန်းမြောင်း ကျေးရွာသို့ ချက်ချင်း ပြန်လာခဲ့သည်။

ပန်းမြောင်း ကျေးရွာသူ မတင်တင်နွယ်နှင့် ခင်ပွန်း ကိုသိန်းအောင်မြင့် တို့သည် ရေမြေခြားတွင် အလုပ်လုပ်ရင်း သားလေး မောင်အောင်ဇင်ဖြိုးကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

သားသားလေးကို ထိုင်းမှာမွေးတာ။ သူ့ကို မွေးပြီးတာနဲ့ ကျမက ရွာပြန်လာတယ်။ ကလေး နှစ်ခွဲရောက်တာနဲ့ ရွာမှာ အလုပ်ကလည်း မရှိဘူး။ စားဝတ်နေရေးကလည်း အဆင်မပြေတော့ အမေတို့နဲ့ တခါ ကလေးကိုထားပြီး ထိုင်းမှာ ပြန်ပြီးတော့ အလုပ်လုပ်နေတာဟု မတင်တင်နွယ်က သားလေး မောင်အောင်ဇင်ဖြိုး၏ ဓာတ်ပုံကို ပြသ လျက် အဖြစ်အပျက်ကို ပြောပြသည်။

ခရီးလမ်းတလျှောက် နွမ်းလျလာသော်လည်း မတင်တင်နွယ်၏ ပြင်းပြသော ဆန္ဒမှာ သားကလေး၏ နောက်ဆုံး ခရီးတွင် မျက်နှာကို မြင်ခွင့်ရရှိရန်သာ ဖြစ်သည်။

သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် သားလေး၏ ချစ်စဖွယ် မျက်နှာလေးကို မြင်ယောင်လျက် ဇာတိရွာ ပန်းမြောင်း ကျေးရွာသို့ ရောက်ရှိလာသော်လည်း သူ၏ သားလေး မောင်အောင်ဇင်ဖြိုး၏ ရုပ်အလောင်းကိုမူ မိသားစုဝင်များက ဂူသွင်း သဂြိုဟ်လိုက်ပြီ ဖြစ်သည်။

သို့သော်လည်း သေဆုံးသွားသည့် မိသားစုဝင် ဦးနှင့်အတူ ဂူသွင်း သဂြိုဟ်ထားသည့် မောင်အောင်ဇင်ဖြိုးအား မိဘ နှစ်ပါး နောက်ဆုံးအနေဖြင့် မြင်ခွင့်ရရှိစေရန် ဖန်သားဖြင့် အပေါ်ကဖုံးကာ မျက်နှာကို မြင်သာနိုင်သည့် အနေအထား တခုကို မိသားစုဝင်များက ပြုလုပ်ပေးထားသည်။

မိသားစုတွေက နောက်ဆုံး သားသားလေး မျက်နှာကို မြင်ခွင့်ရအောင် အပေါ် တပိုင်းကို မှန်နဲ့ အပေါ်က ဖုံးပေး ထား တယ်။ ရုပ်ကတော့ နည်းနည်း ပျက်နေပေမယ့် သားလေးမျက်နှာကိုတော့ ကြည့်ခွင့်ရခဲ့တယ်ဟု စီးကျလာသည့် မျက်ရည်များကို သုတ်လျက် မတင်တင်နွယ်က ပြောပြသည်။

သားလေး မောင်အောင်ဇင်ဖြိုး အပါအဝင် မိသားစုဝင် ဦး လက်နက်ကြီးကျ၍ သေဆုံးသွားခဲ့သော်လည်း သူ၏ မိခင် ဒေါ်ဦးကြိုင်နှင့် ညီမဖြစ်သူ ဖြူနှင်းစိုး ကိုတော့ ရွာသားများက အသိမပေးကြပေ။

ရရှိထားသော ဒဏ်ရာများက ပြင်းထန်သည့်အတွက် တစုံတခု ဖြစ်မည်စိုးရိမ်၍ ထိုဖြစ်ရပ်ကို မိသားစုဝင်များက လတ်တလော အသိမပေးဘဲ ကျန်းမားရေးကိုသာ ဂရုစိုက်ရန် နှစ်သိမ့်ထားကြသည်။

ကျမရောက်လာတော့ အမေကလည်း ဆေးရုံမှာ လက်တဖက်က အရိုးထွက်နေတယ်။ ညီမလေးကလည်း ဒဏ်ရာ ပြင်းပြီးတော့ ရေတောင် မသောက်နိုင်ရှာဘူး။ အမေကပြောတယ်၊ ကံကောင်းတယ်တဲ့ သူနဲ့ညီမလေးပဲ ဒဏ်ရာရတာ၊ ကျန်တဲ့ လူတွေ ဘာမှ မဖြစ်ဘူးတဲ့ဟု မတင်တင်နွယ်က ပန်းမြောင်းရွာထဲက သူတို့ အိမ်အတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့် နေရာများကို လိုက်ပြရင်း ပြောပြသည်။

ထိုစကားကို ကြားရသည့်အခါ မတင်တင်နွယ်တယောက် စီးကျလာမည့် မျက်ရည်များကို တားဆီးပြီး မိခင်နှင့် ညီမလေး စိတ်ချမ်းသာစေရန် ခေါင်းညိတ်ပြလိုက်ရသည်ဟု ဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက မင်းပြားမြို့နယ် ပန်းမြောင်းရွာထဲသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့် အတွက် အရပ်သား ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မိသားစုဝင်များ ဝိုင်းဖွဲ့ ထမင်းစားရန် ပြင်ဆင်နေစဉ် လက်နက်ကြီး ကျည်ကြောင့် သေဆုံးသွားသူများတွင် အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မညိုညိုဝင်း၊ အသက် နှစ်အရွယ် မောင်အောင်ဇင်ဖြိုးနှင့် အသက် ၁၀ နှစ် အရွယ် မောင်မင်းထက်ကျော်တို့ ဖြစ်သည်။

ဒဏ်ရာ ရရှိထားသူများမှာ အသက် ၆၀ အရွယ် ဒေါ်ဦးကြိုင်၊ ဒေါ်အေးရွှေလှ၊ အသက် ၂၉ နှစ်အရွယ် မဖြူနှင်းစိုးနှင့် မောင်မင်းထက်ကျော်၏ မိခင် ဒေါ်ချိုချိုတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီး ကျည်ဆန်သည် ပန်းမြောင်းရွာလယ်တွင် တည်ရှိသည့် အောင်မင်္ဂလာဘုရား ကုန်းပေါ်တွင် တပ်စွဲ ထားသော တပ်မတော်သားများက တောင်တန်းများကို ပစ်ခတ်ရာမှ ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ကျေးရွာသား များ နှင့် သေဆုံးသူ မိသားစုဝင်များက ပြောသည်။

ဘုရားတောင်ကနေ စစ်သားတွေ လှမ်းပစ်တာပါ။ စစ်သားတွေ အခုထိလည်း အဲဒီတောင်မှာ ရှိနေသေးတယ်ဟု မဖြူနှင်းစိုးက ရွာလယ်တွင် တည်ရှိသည့် ဘုရားတောင်ပေါ်ကို လက်ညှိုးထိုးပြရင်း ဖြစ်စဉ်ကို ပြောပြသည်။

လက်နက်ကြီးကျည်ထိမှန်၍ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သော ပန်းမြောင်းရွာသားများ (ဓာတ်ပုံ – ဧရာဝတီ)

တပ်မတော်ဘက်ကတော့ အဆိုပါ လက်နက်ကြီး ကျည်ဆန်သည် ၎င်းတို့ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခြင်း မဟုတ်ဘဲ AA အဖွဲ့ ကနေ တပ်တော်သားများရှိရာ ဘုရားတောင်ပေါ်ကို လာရောက်ပစ်ခတ်ရာမှ ကျရောက် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ပြောဆို သည်။

စိန်ပြောင်း ဗုံးသီးဆိုတာ ထောင်ပစ်လိုက်၊ အနီးနားမှာ ဘယ်တော့မှ မကျဘူး၊ မယုံရင် သွားပစ်ကြည့်၊ ကျနော်တို့ လည်း လက်တွေ့ ပစ်ပြလို့ရတယ်။ ကျနော်ဆို တကယ်လည်း စစ်မြေပြင်မှာ ပစ်ခဲ့တယ်။ အခုက တပ်က ပစ်တယ်လို့ ပြောတယ်။ ထောင် ပစ်ရင်တော့ ဒီနေရာမှာ မရောက်ပါဘူး ဆို၊ အခုက သူ့(ဘုရားကုန်းပေါ်မှာ တပ်စွဲထားသည့် စစ်ကြောင်း) ခြံစည်းရိုး ရှေ့မှာလေ၊ သူ့ခြံစည်းရိုး ရှေ့ကို ဘယ်လိုလုပ်ပစ်မှာလဲ မဟုတ်ဘူးလားဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဧရာဝတီသို့ ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မိသားစုဝင်များကမူ တပ်မတော်၏ တုံ့ပြန်ပြောကြား ချက်ကို လက်မခံပေ။

မတင်တင်နွယ်၏ မောင်ဖြစ်သူ ကိုကျော်မင်းထွန်းကကျနော်ပြောချင်တာက ဒီလို မတော်မရား လုပ်နေတာကို ရပ်တန်းက ရပ်ပေးဖို့ အနူးအညွတ် တောင်းပန်ချင်တယ်။ သူတို့ လုပ်တာကိုလည်း တာဝန် အပြည့်အဝ ယူစေချင် တယ်။ ငါတို့မဟုတ်။ သူတို့ မလုပ်ဘူး။ ငြင်းတာ မလိုချင်ဘူး။ ကျနော်တို့ မျက်မြင် ကိုယ်တွေ့ ဖြစ်ရပ်တွေပါဟု ဧရာဝတီသို့ ပြောဆိုထားသည်။

ဗိုလ်မှူးကြီး မင်းသန်းကမူ AA အဖွဲ့က ရွာသားများကို အကြောက်တရားဖြင့် ကြီးစိုးထားသည့်အတွက် အမှန်တရားကို ရွာသားများက မပြောရဲခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်သည်။

မဟာမုနိရွာက ကျည်ဆန် ထိမှန်ခံရသော ကိုယ်ဝန်ဆောင် မိခင်

မတင်တင်နွယ်တို့ မိသားစုကဲ့သို့ပင် ကျောက်တော်မြို့နယ် မဟာမုနိကျေးရွာက အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိခင် မအေးအေးမြင့် သည်လည်း နေအိမ်ထဲတွင် မိသားစုဝိုင်းဖွဲ့ ထမင်းစားရန် ပြင်ဆင်နေစဉ် ကျည်ဆန် ထိမှန်ခဲ့သည်။  

သူသည် ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့ ညနေပိုင်းက ကိုယ်ဝန်အရင့်အမာဖြင့် ကျည်ဆန်ထိမှန်၍ စစ်တွေပြည်သူ့ ဆေးရုံ သို့ ရောက်ရှိလာသည်။

မအေးအေးမြင့်တို့ နေထိုင်သော မဟာမုနိကျေးရွာ၏ အရှေ့ မိုင်ခန့်ဝေးသော မြောက်ဘက် တောင်တန်းများတွင် ထိုနေ့ ညနေ နာရီကျော် အချိန်က တိုက်ပွဲဖြစ်သံများ ကြားရသည့်အတွက် ရွာသူရွာသားများနှင့်အတူ သူတို့ မိသားစုလည်း သတိဝီရိယဖြင့် နေကြသည်။

မှောင်ရီသန်းစ ညနေ နာရီကျော် အချိန်တွင် သေနတ်သံများ ငြိမ်သွား၍ သူ၏ မိသားစုဝင်များ ဝိုင်းဖွဲ့ကာ ထမင်းစား ရန် ပြင်ဆင်နေစဉ် အနီးရှိ မဟာမြတ်မုနိဘုရား ဝင်းထဲမှ တပ်မတော်သားများ ထွက်လာကာ နေအိမ်များ ဘက်သို့ သေနတ် များဖြင့် လှမ်းပစ်ကြသည်ဟု မအေးအေးမြင့်၏ ခင်ပွန်းဖြစ်သူ ကိုဇော်ဇော်က ပြောပြသည်။

ကိုဇော်ဇော်ကသေနတ်သံတွေ ငြိမ်သွားတော့ ကျနော်တို့က တိုက်ပွဲဖြစ်ကြတာ ဒီလောက်ဆို ပြီးသွားပြီ ဆိုပြီးတော့  မိသားစုတွေ ထမင်းစားဖို့ ဝိုင်းပြီး ထိုင်ကြတယ်။ အဲဒီမှာ ဘုရားဝင်းထဲမှာ ရောက်နေကြတဲ့ စစ်သားတွေက အိမ်တွေကို လှမ်းပစ်ပါတယ်၊ ကျနော်တို့က ပြားပြား ဝပ်ကြတယ်။ ကျနော့် အမျိုးသမီးက ကိုယ်ဝန်နဲ့ဆိုတော့ သူက ဝပ်မရလို့ ထသွားတဲ့အခါ အဲဒီမှာ ကျည်ဆန် လာမှန်တာဟု ဧရာဝတီသို့ ပြောသည်။

ထိုနေ့က ပစ်ခတ်မှုဖြစ်စဉ်၌ မဟာမြတ်မုနိ ကျေးရွာတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးအေးမြင့်နှင့် သရက်တပင် ကျေးရွာတွင် နေထိုင်သည့် အသက် ၂၅ အရွယ် ကိုကျော်သက်ထွန်းတို့ ဒဏ်ရာများရရှိခဲ့ပြီး နေအိမ် တချို့လည်း ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

ကိုကျော်သက်ထွန်း၏ ဖခင်ဖြစ်သူ ဦးမောင်ဖြူက ၎င်း၏သားသည် အဘိုးဖြစ်သူ ဘုရားဂေါပက ဥက္ကဋ္ဌ ဦးညိုသာလှ အား အဝတ်အထည်နှင့် ဆေးဝါးများ သွားပို့ပြီးအပြန် အနောက်ဘက် မုခ်ဝကနေ တပ်မတော်သားများက လှမ်း၍ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

ကိုကျော်သက်ထွန်းသည် ပစ်ခတ်ခံရမှုကြောင့် ကျောကုန်းတွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့၍ ကျောက်တော် ဆေးရုံသို့ တက်ရောက် ကုသခဲ့ရပြီး မည်သည့်အတွက်ကြောင့် ပစ်သည်ကိုတော့ မသိရှိရဟု ဦးမောင်ဖြူက ဆက်လက် ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကမူ ထိုနေ့ ညနေပိုင်းက မဟာမြတ်မုနိ ဘုရားကြီး၏ အရှေ့မြောက်ဘက်၊ သစ်တပုံ ဆည်အနီးတွင် တိုက်ပွဲဖြစ်ပွားမှု အနည်းငယ် ရှိခဲ့သော်လည်း မဟာ မြတ်မုနိ ဘုရား အနီးတွင် မည်သည့် တိုက်ပွဲဖြစ်ပွားမှုမှ မရှိကြောင်း ပြောဆိုသည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတိုက်ပွဲဖြစ်တာက မဟာမုနိနဲ့ အဝေးကြီးပဲ၊ ပလက်ဝကို သွားတဲ့လမ်း၊ သစ်တပုံ ဆည် အနီးမှာ ခဏလေးပဲ ဖြစ်တာရှိတယ်။ ဘယ်ရွာသားမှလည်း ထိခိုက်တာ မရှိဘူး၊ ဘယ်သူမှလည်း ထိခိုက်တာ မရှိဘူး၊ မဟာမုနိဘုရား အနီးမှာ တိုက်ပွဲဖြစ်တာလည်း ဘာတခုမှ မရှိဘူးဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်သားများသည် မဟာမုနိ ဘုရားဝင်းထဲတွင် နေထိုင်ကြပြီး ပစ်ခတ်မှုမဖြစ်ခင် နေ့ရက်များက အနီးရှိ ဈေးဆိုင် တန်းများသို့ ကွမ်းယာ၊ ဆေးလိပ် စသည်ဖြင့် ဝယ်ယူရန် လာရောက်တတ်ကြကြောင်း၊ ဒေသခံ ဈေးရောင်းချနေသူများနှင့် လည်း ခင်ခင်မင်မင် ရှိတတ်ကြကြောင်း သိရသည်။

မည်သည့် အတွက်ကြောင့် နေအိမ်များဘက်သို့ ပစ်ခတ်သည်ကိုမူ ရွာသားများက မသိရှိဟု ဆိုသည်။

သို့သော်လည်း ထိုအချိန်က အရှိန်ဖြင့် မောင်းလာသော ဆိုင်ကယ်စီး လူငယ်တဦးကို ဘုရားပေါ်မှထွက်၍ စစ်သားများ က ဟန့်တားကြောင်း၊ ထို့နောက် လှမ်း၍ ပစ်ခတ်သည်ကို မြင်တွေ့ရကြောင်း ရွာသားများက ပြောဆိုကြသည်။

ဆိုင်ကယ်မောင်းလာတဲ့ လူတယောက်ကို ဘုရားပေါ်ကနေ စစ်သားတယောက်က လှမ်းပစ်တယ်။ သူတို့ လှမ်းပစ်တဲ့ အနောက်ဘက် မုခ်ဝနဲ့ဆို ကျနော်တို့ အိမ်နဲ့ တည့်တည့်ပဲ။ တယောက် ပစ်တာနဲ့ ကျန်တဲ့ စစ်သားတွေကလည်း အကုန်လုံး ထွက်ပစ်ကြတာပဲဟု ကိုဇော်ဇော်က ထိုနေ့ညက ပစ်ခတ်မှုဖြစ်သည့် အခြေအနေကို ပြန်ပြောပြသည်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ မအေးအေးမြင့်ကို ထိုနေ့ည နာရီကျော် အချိန်တွင် ကျောက်တော် ပြည်သူ့ ဆေးရုံ သို့ ပို့ဆောင်ခဲ့ရသည်။

ကိုယ်ဝန် အရင့်အမာနှင့်လည်းဖြစ် လက်မောင်း ဒဏ်ရာကလည်း ပြင်းထန်သဖြင့် မအေးအေးမြင့်ကို သြဂုတ်လ ရက် နေ့တွင် ကျောက်တော် ဆေးရုံမှနေတဆင့် စစ်တွေပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသမှု ခံယူခဲ့ရ သည်။

စစ်တွေဆေးရုံ၌ ကုသမှုခံယူနေရင်း ၁၀ ရက်အကြာတွင် မအေးအေးမြင့် တယောက် သမီးလေးကို ဖွားမြင်နိုင်ခဲ့သည်။

သို့သော်လည်း လွယ်လွယ်ကူကူနှင့် မွေးဖွားနိုင်ခဲ့ခြင်းတော့ မဟုတ်ပေ။ ကံတရားနှင့် လောင်းကြေး ထပ်ခဲ့ရသည်။

သူ၏ ကိုယ်ဝန်သည် ၁၀ လထဲကို ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ဗိုက်ထဲက ကလေးငယ်၏ အခြေအနေကို ဆရာဝန် များက ထည့်တွက်ကာ လိုအပ်သည့် ကုသမှုများကို လုပ်ဆောင်လျက် ရက်အနည်းငယ် စောင့်ကြည့်ထား ခဲ့ကြသည်ဟု လည်း ခင်ပွန်းဖြစ်သူ ကိုဇော်ဇော်က ဆိုသည်။

မအေးအေးမြင့်၏ ဒဏ်ရာရရှိထားသော လက်ကို ကုသရန် နှင့် ဗိုက်ထဲက ကလေး တခုခုကို ရွေးချယ်ရမည့် အခြေ အနေ များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်ဟု ကိုဇော်ဇော်က ပြောသည်။

ဆေးရုံပေါ်တွင် ဒဏ်ရာတဘက်၊ ကလေးတဘက်နှင့် တွေ့ရသည့် မအေးအေးမြင့် (ဓာတ်ပုံ – ဧရာဝတီ)

သူ့လက်မောင်း ဒဏ်ရာကလည်း ချက်ချင်း ခွဲစိတ်ရမယ့် အခြေအနေရှိတယ်။ ဒဏ်ရာကို ခွဲစိတ်ရင် ဗိုက်ထဲက ကလေးက စိုးရိမ်ရတယ်လို့ ပြောတယ်။ နှစ်ခုတည်းက တခုခုရွေးရမယ့်အခြေ ဖြစ်ခဲ့တယ်။ နောက်ဆုံး ဆရာဝန်တွေ တိုင်ပင်ပြီး လက် ဒဏ်ရာကို အရင်ကုတယ်။ နောက်မှ ကလေး မွေးပေးခဲ့တာဟု ကိုဇော်ဇော်က သူ့သမီးလေး မျက်နှာကို ကြည့်ရင်း ပြန်ပြောပြသည်။

ဆေးရုံကဆင်းပြီး ရွာသို့ ပြန်လာသည့် အချိန်တွင်မူ ကိုဇော်ဇော် တယောက် လက်နက်ကြီး၊ လက်နက်ငယ် ကျည်များ နေအိမ်သို့ ထပ်မံ ကျရောက်မည်ကို စိုးရိမ်၍ သူတို့၏ နေအိမ်တွင် မနေရဲတော့ဘဲ အနီးရှိ တည်းခိုခန်း၌ အခန်းငှား နေထိုင်လျက် ရှိသည်။

မဟာမုနိ ဘုရားကြီးအနီးရှိ တည်ခိုးခန်းတွင် တလ ၆၀၀၀၀ ကျပ်ပေးကာ ငှား၍ နေထိုင်သည့် အခန်းရှေ့၌ မအေးအေးမြင့် တယောက် သစ်တုံးကဲ့သို့ ဖြစ်နေသော သူ၏ ညာဘက်လက်ကို ကိုယ်ပေါ်တွင် တင်ထားရင်း မွေးကင်းစ ရင်သွေးငယ် လေးကို နို့တိုက်နေသည်။

သွေးနု သားနုနှင့် မအေးအေးမြင့်၏ မျက်နှာသည် အနည်းငယ် ဖောရောင်နေပြီး ခန္ဓာကိုယ်ကို တချက်လှုပ်တိုင်း အနာ  မကျက်သေးသည့် ကျည်ဒဏ်ရာကြောင့် အံကြိတ်ကာ တဖက်ကလည်း သမီးကလေး နှင်းသဇင်ကို ပြုတ်ကျ မသွားစေရန် ထိန်းထားသည်ကို တွေ့မြင်ခဲ့ရပါသည်။

ဒုတိယပိုင်း ဆက်လက် ဖော်ပြပါမည်။

The post ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၁) appeared first on ဧရာဝတီ.

၂၀၁၉ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

$
0
0

၂၀၁၉ ခုနှစ်ကို ရင်မောစရာ ဖြတ်သန်းခဲ့ရသည်။ နှစ်ဆန်း ၄ ရက် လွတ်လပ်ရေးနေ့ မနက်ဝေလီဝေလင်း နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ ယူသွားသည့် သတင်းဖြင့် နှစ်အကူးကို စဖွင့်ခဲ့သည်။ တနှစ်ပတ်လုံး သွေးထွက် ပိုမိုများလာသည့် ရခိုင်စစ်ပွဲတွင် အရပ်သား သေဆုံး ထိခိုက်မှု မြင့်တက်လာခဲ့ပြီး NLD ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း AA အဖမ်းခံဘဝတွင် သေဆုံးရခြင်း သတင်းဖြင့် နှစ်တနှစ် ကုန်ခဲ့ရပြီ။ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး ICC က ဆက်လက် အချက်အလက် ရှာဖွေရန် ခွင့်ပြုခဲ့ပြီး နောက်တရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၌လည်း ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံ အချီအချ ရင်ဆိုင်ခဲ့ရသည်။ ICJ တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံကိုယ်စား သူ့ရှေ့နေများနှင့်အတူ ချေပခြင်းအား လူပေါင်းများစွာ စောင့်ကြည့်ခဲ့ကြသည်။ အလားတူ နေပြည်တော်ရှိ ဗစ်တိုးရီးယား ကလေးမုဒိန်းမှုကို ရဲတပ်ဖွဲ့ကိုင်တွယ်မှု ညံ့ဖျင်းခြင်း၊ ဧရာဝတီ ဖျာပုံမြို့နယ် ကမ်းလွန်ငါးဖမ်းလုပ်ငန်း ကျားဖောင်တွေပေါ်မှ လူကုန်ကူးမှုနှင့် လူမဆန်မှုများကလည်း မပြီးသေးသော ဇာတ်လမ်းများပင်။

မြန်မာ့ဒီမိုကရေစီ တည်ဆောက်ရေးတွင် အရေးကြီးသော အထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် ၂၀၂၀ ခုနှစ်သို့ ဦးတည်နေသည့် ၂၀၁၉ ခုနှစ် အနိမ့်အမြင့် အတက်အကျ သတင်းလှိုင်းလုံးများကြား ထင်ရှားသူများကို ဧရာဝတီ သတင်းအဖွဲ့က ရွေးထုတ်ဖော်ပြအပ်ပါသည်။

အောင်လအန်ဆန်း
MMA နှစ်ထပ်ကွမ်း ချန်ပီယံ

၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ တဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တောင်ပေါ်မြေပြန့်မခွဲ တောရောမြို့ပါ နိုင်ငံရေး သဘောကွဲလွဲသူတွေတောင် တညီတညွတ်တည်း ထောက်ခံအားအပေးဆုံး ပုဂ္ဂိုလ်ကို ညွှန်ပြပါဆိုရင် ကိုယ်ခံပညာ ဘက်စုံသုံး MMA နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းအပြင် တခြားသူ မရှိပါဘူး။

အာရှတလွှား တိုက်ခိုက်ရေး အားကစားပွဲတွေ စီစဉ်ကျင်းပနေတဲ့ စင်္ကာပူနိုင်ငံအခြေစိုက် ဝမ်းချန်ပီယံရှစ်အဖွဲ့ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းဟာ ၂၀၁၉ ခုနှစ်အတွင်း အောင်မြင်ခြင်းမှတ်တိုင် ၃ ခု အခိုင်အမာ စိုက်ထူနိုင်ခဲ့ပါတယ်။

ပထမအောင်မြင်မှုက ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံက ပွဲမှာ ကိုယ်ခံပညာဘက်စုံသုံး MMA လောကရဲ့ ထိပ်တန်းဖိုက်တာတဦးဖြစ်တဲ့ ကန် ဟာဆီဂါဝါကို အောင်လအန်ဆန်းက အိမ်ရှင်ပရိတ်သတ်များ ရှေ့မှောက် ၂ ချီတည်းနဲ့ အလဲထိုး အနိုင်ယူကာ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ၃ ကြိမ်မြောက် ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒုတိယအောင်မြင်မှုက အမေရိကန်နိုင်ငံအခြေစိုက် Fighter Only မဂ္ဂဇင်းက ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ပေးအပ်ချီးမြှင့်တဲ့ ၂၀၁၈ ခုနှစ်ရဲ့ နိုင်ငံတကာ အကောင်းဆုံး တိုက်ခိုက်ရေး အားကစားသမားဆုကို မြန်မာပြည် ကိုယ်စားပြုဖိုက်တာအနေနဲ့ ဆွတ်ခူးရရှိခဲ့ခြင်းပါ။

တတိယမြောက် အောင်မြင်မှုကတော့ သူ့ရဲ့လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို လုယူဖို့ စိန်ခေါ်ခဲ့တဲ့ ဝမ်းချန်ပီယံရှစ် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာကို အလဲထိုးအနိုင်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်သည့်ပွဲစဉ်မှာ အောင်လအန်ဆန်းက သူ့ထက် ဝိတ်တန်းတဆင့် ပိုမြင့်တဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာကို ၂ ချီတည်းနဲ့ အလဲထိုး အနိုင်ယူပြခဲ့တာကြောင့် ကမ္ဘာတလွှား MMA အားကစားလောကမှာ အောင်လအန်ဆန်းရဲ့ အရှိန်အဝါနဲ့ ဂုဏ်သတင်းက ပိုကြီးမားလာပါတယ်။

ဝမ်းချန်ပီယံရှစ်ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ် ၂ ခုကို သိမ်းပိုက်ထားပြီး စိန်ခေါ်သူ ဖိုက်တာများကို တယောက်ပြီးတယောက် ဖြိုလှဲကာ ချန်ပီယံဘွဲ့များကို အကြိမ်ကြိမ် ကာကွယ်နေတဲ့ အောင်လအန်ဆန်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ အားကစား အဘက်ဘက်က အောက်တန်းနောက်တန်းကျနေခဲ့ပြီး အရှုံးသမားများ ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံသားတိုင်းရဲ့ အသည်းကျော် ဖြစ်လာခဲ့တာ ရိုးရှင်း ကြည်နူးဖွယ် ဇာတ်လမ်းပါပဲ။

အမေရိကန်နိုင်ငံသား ခံယူထားပေမယ့် မြန်မာနိုင်ငံသားတိုင်လိုလိုက ချစ်ခင်ကြတဲ့ ကချင်တိုင်းရင်းသား ဖိုက်တာကြီးကို သူ့မွေးရပ်မြေ ကချင်ပြည်နယ်ကလည်း ကြေးရုပ်တုတောင် စိုက်ထူပြီး ဂုဏ်ပြုခဲ့ကြပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်


ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်တွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို ရပ်တံ့ပေးဖို့ ဂမ်ဘီယာနိုင်ငံက သဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို ကြားဖြတ်အစီအမံ ထုတ်ပြန်ပေးဖို့  မလျှောက်ထားခင်အချိန်ထိ ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်တွင်းက တခြားအလုပ်တွေနဲ့ ရှုပ်နေခဲ့ပြီးသားပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ စွမ်းဆောင်ရည် အားနည်းတာတွေ၊ နိုင်ငံ့စီးပွား ခေါင်းမမော့နိုင်သေးတာတွေ၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဖြစ်နေရတာတွေက အထင်အရှားပါ။

ဒါပေမယ့် တရားရုံးမှာ လာရောက် ချေပဖို့ မြန်မာပြည်ကို ဆင့်ခေါ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဟာ သဟိဂ်မြို့ကို ခရီးထွက်ပြီး “နိုင်ငံတော် အကျိုးစီးပွား ကာကွယ်”ဖို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့တာကြောင့် ပြည်တွင်းပြည်ပက လူအတော်များများ တအံ့တဩဖြစ်ပြီး စိတ်လည်း ဝင်စားကြပါတယ်။ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ဥပဒေမဲ့ မတရားလုပ်ရပ်တွေကို ကျူးလွန်ဖွယ် သင်္ကာမကင်းခံရတဲ့ မြန်မာ့တပ်မတော်ဆီက အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ကို ရယူပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သဟိဂ်တရားရုံး Great Hall of Justice ရင်ပြင်မှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေနဲ့  လျှောက်ထားပါတယ်။

စွပ်စွဲချက်တွေဟာ တကယ်ဖြစ်ပွားတာတွေနဲ့မတူ ပုံကြီးချဲ့တာဖြစ်ပြီး “လူမျိုးသုဉ်းသတ်ဖြတ်မှု”အဆင့် မရှိကြောင်း ကာကွယ်ပြောဆိုပါတယ်။ စစ်ရာဇဝတ်မှုတွေ ရှိခဲ့ရင်လည်း ပြည်တွင်း တရားခုံရုံးတွေမှာ ကြားနာစစ်ဆေးနိုင်ကြောင်း ပြောပါတယ်။ “ပြည်တွင်း တာဝန်ခံနိုင်မှု ပျောက်ကွယ်မှသာလျှင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးကို အသုံးချသင့်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေ တင်ပြလျှောက်လဲချက်ကို နိုင်ငံတကာမီဒီယာတွေက သိပ်အကောင်းမပြောပါ။ ဒီအစား တပ်မတော်ရဲ့ လုပ်ရပ်တွေကို အကာအကွယ်ပေးသူ အချောင်သမားအဖြစ် ပုံဖော်ကြပါတယ်။

ပြည်တွင်းမှာတော့ လူအများ စိတ်ဝင်စားမှု ကြီးမြင့်ခဲ့ပါတယ်။ မြန်မာ့အရေးဆောင်ရွက်သူတွေကြား သဘောကွဲလွဲမှုတွေ ရှိသော်ငြား မြန်မာနိုင်ငံသား အများအပြားထဲ အခု အမှုဟာ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အသင်းဝင်နိုင်ငံတွေက ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေး ဖိအားပေးမှုလို့ ထင်မြင်ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ရပ်တည်ကြပါစို့” ရည်ရွယ်ချက်နဲ့ လူထုစုဝေး ထောက်ခံပွဲတွေ မြို့ကြီး အတော်များများမှာ ကျင်းပခဲ့ကြတယ်။ ရှေ့နှစ် ၂၀၂၀ ရွေးကောက်ပွဲမှာ သူ့ပါတီ ၂၀၁၅ တုန်းကလို အခိုင်အမာ ပြန်နိုင်ရအောင် ဒီအမှုက ဝင်ကူသွားမယ့် ပုံပေါက်တယ်လို့တောင် ဆိုနိုင်ပါတယ်။

ပြည်သူလူထုထံ အမှုအကြောင်း ပြန်လည်တင်ပြရာမှာတော့ ချီးကျူးတာရော ကဲ့ရဲ့တာတွေ သိပ်ထည့်မတွေးဘဲ သူ့လျှောက်လဲချက်ဟာ ပြောစမှတ်ပြုလောက်စရာ မဟုတ်ကြောင်း ရိုးရိုးပဲ ပြောပါတယ်။ ခက်ခဲတဲ့အချိန်တွေ ဆက်ရှိနိုင်ကြောင်းလည်း ဆိုတယ်။

နိုင်ငံတကာမှာ သူတော်စင်လို ဝိုင်းချီးမွမ်းခံခဲ့ရာက စစ်ရာဇဝတ်မှုတွေအတွက် ရုံးတင်ခံရသူအဖြစ် ဈာန်လျောပြီးဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာ့နိုင်ငံရေးဟာ သူ့ဘဝပါပဲ။ ဘယ်လိုဖြစ်ဖြစ် သူ့တိုင်းပြည် အနာဂတ် ကျဆုံးမှုနဲ့ အောင်မြင်မှု မှန်သမျှနဲ့အတူ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလို သူ့ကို ယှဉ်တွဲဖော်ပြခံရမှာ မြေကြီးလက်ခတ် မလွဲပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်

၂၀၁၉ ခုနှစ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အလှုပ်အယိမ်း များတဲ့နှစ်ပါပဲ။ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ရှိတယ်လို့ နိုင်ငံတကာမှာ လှုပ်ရှားနေကြသူတွေက သဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး ICC မှာ အမှုဖွင့်ဖို့ လုပ်ရာမှာ အဓိက ထိပ်ဆုံးပစ်မှတ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။

သဟိဂ်က နောက်တရားရုံး ICJ မှာ ဂမ်ဘီယာရဲ့ စွဲချက်ကို ခုခံဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့ကိုယ်စား နယ်သာလန်ဆီ သွားတဲ့အခါ ရခိုင်ပြည်မြောက်ပိုင်းမှာ သူ့တပ်ဖွဲ့တွေ ရက်စက်ထားသမျှကို သူ့အပေါ် အပြစ်ပုံချလိုက်မလားလို့ ဗိုလ်ချုပ်မှူးကြီး စိုးရိမ်နိုင်ကောင်းပါတယ်။ ဒါပေမယ့် သူစိုးရိမ်သလို မဖြစ်ခဲ့တာ လူတွေမြင်ခဲ့ရပြီးပါပြီ။

ဒီအကြောင်းတွေရဲ့ အကျိုးဆက်ပဲလား၊ ပြည်တွင်းနိုင်ငံရေးစင်မြင့်မှာ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲ ခြေလှမ်းတွေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှမ်းလာခဲ့တယ်။ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ အမြဲတိုက်တွန်း ပြောဆိုလာခဲ့သူ ဗိုလ်ချုပ်မှူးကြီးဟာ ဒီနှစ်ထဲမှာ ဗလီကျောင်း၊ ချာ့ချ်ကျောင်း၊ ဟိန္ဒူဘုရားကျောင်းတွေဆီ လိုက်သွားနေခဲ့တယ်။ ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်ဆန့်ကျင်ရေး တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကို ထောက်ခံဆန္ဒပြပွဲတွေ အသံတိတ်သွားတယ်။ ဂူတာပြင်ရွာက လက်လွန်ခြေလွန်မှုကို စစ်တရားရုံးတင် ကြားနာစစ်ဆေးဖို့ တက်သုတ်ရိုက်လာတယ်။

သူ့ရဲ့ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်တွေကတော့ ရခိုင်မြောက်ပိုင်းမှာ ဒီနှစ်ဆန်းက စလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ တိုက်ပွဲတွေ ရင်ဆိုင်ဖြစ်လာခဲ့ပြီး တပ်မတော်သားတွေ ထိခိုက် ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။ ရှမ်းမြောက်ပိုင်းမှာ အပစ်ရပ်ဖို့ကလည်း မလွယ်သေးပါဘူး။

ဒေသတွင်း ပထဝီနိုင်ငံရေးမှာ စစ်အင်အား ချိန်ခွင်ညှာညှိတဲ့ သဘောနဲ့ တပ်မတော် (ရေ) ကို ဒီနှစ်ထဲမှာ တိုးချဲ့တယ်။ ရဟတ်ယာဉ်တင် ဘက်စုံထောက်ပို့ သင်္ဘောသစ်တစင်းကို တောင်ကိုရီးယားက မှာပြီး ကီလိုအမျိုးအစား ရေငုပ်သင်္ဘောကို အိန္ဒိယကနေ ဝယ်ယူခဲ့ပါတယ်။ ဝေဟင်မှ တိုက်ခိုက်ခြင်းကို ပြန်လည်တုန့်ပြန်နိုင်ခြင်း၊  ရေပေါ်တွင် တိုက်ခိုက်နိုင်ခြင်းနဲ့ ရေအောက်တွင် တိုက်ခိုက်နိုင်ခြင်းတို့ ယခုအခါ မြန်မာ ရေတပ်မှာ ၃ ချက်စလုံး ရှိလာပြီလို့ စစ်ဘက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တပ်ချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတဖြစ်ချင်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကလည်း တပ်တွင်းတပ်ပြင်မှာ ပေါ်ထွက်လာနေတယ်။ ဒီလို ပြောဆိုချက်တွေကို တပ်မတော်က လုံးလုံး ပယ်မချထားပါဘူး။ တကယ်လို့ ဒါမှန်တယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲ ပိုနီးလေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံရေး ခြေလှမ်းတွေက ပိုစိတ်ဝင်စားစရာ ကောင်းလေ ဖြစ်မှာမလွဲပါ။

ဒေါ်ဝေသစ်လွင်
Bella အလှကုန် လုပ်ငန်းရှင်

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ သမီးဖြစ်ပေမယ့် အောင်မြင်ပြီးသား မိဘလုပ်ငန်းများကို ဆက်ခံတဲ့ လုပ်ငန်းရှင်အဖြစ် မရပ်တည်ဘဲ ဒေါ်ဝေသစ်လွင်ဟာ သူ့ကိုယ်ပိုင်လုပ်ငန်းတခုကို အချိန်တိုအတွင်း ဈေးကွက်နေရာတခုရအောင် လုပ်ဆောင်ခဲ့တဲ့ ငယ်ရွယ်သူ အမျိုးသမီးလုပ်ငန်းရှင်တဦးပါ။

၂၀၁၇ ခုနှစ်မှာ သူကိုယ်တိုင်ဦးဆောင်တဲ့ Bella အမည်ရှိ အမျိုးသမီးသုံး အလှကုန်ထုတ်ကုန်တွေကို သူ ကိုယ်တိုင် စတင်မိတ်ဆက်လာခဲ့ပါတယ်။

သူမရဲ့ ထုတ်ကုန်တွေဟာ လူတိုင်း လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်း နဲ့ အရည်အသွေးကောင်းမွန်တာကြောင့် မြန်မာ့ အလှကုန်ထုတ်ကုန်ဈေးကွက်မှာ အချိန်တိုတို ၆ လအတွင်းမှာ လူကြိုက်များတဲ့ အမှတ်တံဆိပ်တခုအဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် လေးစားအားကျရတဲ့ အမျိုးသမီးလူငယ် လုပ်ငန်းရှင်တဦး ဖြစ်လာပါတယ်။

နိုင်ငံခြားသတင်းဌာနတခုရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်မှာ Bella ထုတ်ကုန်တွေဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နဲ့ မြန်မာ့အလှကုန်ဈေးကွက်ရဲ့ ၆၅ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားပါတယ်။

အမျိုးသမီးတိုင်း လှစေဖို့ Bella ထုတ်ကုန်တွေရဲ့ ရောင်းဈေးဟာ အလှကုန်ပစ္စည်းတခုကို ကျပ် ၂၀၀၀ ကျော်က ကျပ် ၅၀၀၀ ကျော်သာ ရှိနေတာပါ။ လက်ရှိအချိန် အမျိုးသား၊ အမျိုးသမီး သုံး မျက်နှာသစ်ဆေး၊ မိတ်ကပ်၊ skin care ခရင်မ်များ၊ နှုတ်ခမ်းနီများ အပါအဝင် အလှကုန်ပစ္စည်း အမျိုးပေါင်း ၂၀ ကျော် ထုတ်လုပ် ရောင်းချလျက် ရှိပါတယ်။

အသက် ၃၀ အရွယ်မှာ အောင်မြင် ထင်ရှားလာတဲ့ အမျိုးသမီး လုပ်ငန်းရှင်ဖြစ်လာနိုင်ဖို့ ရေခံမြေခံကောင်းတွေ ဒေါ်ဝေသစ်လွင်မှာ ပြည့်စုံခဲ့ပါတယ်။

သူဟာ အသက် ၁၈ အရွယ်ကတည်းက မိဘရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ABC ၂၄ နာရီ စတိုးဆိုင်လုပ်ငန်း၊ အီလက်ထရွန်နစ်ပစ္စည်းများ နှင့် ဆောက်လုပ်ရေးသုံးပစ္စည်များ တင်သွင်းရောင်းချတဲ့ TMW စီးပွားရေးလုပ်ငန်းစု စီမံခန့်ခွဲမှု တာဝန်ရှိသူ တယောက်အနေနဲ့ နှစ်အတန်ကြာ အတွေ့အကြုံ ယူခဲ့ပါတယ်။

Hass Shool of Business, University of Berkeley, California တက္ကသိုလ်တွေမှာ Business Administration နဲ့ Bachelor’s Degree ရရှိထားပြီး ရန်ကုန်တက္ကသိုလ်မှာလည်း Business Law ဘာသာရပ် တက်ရောက်သင်ကြားခဲ့ပါတယ်။

ဦးဇော်ရဲနောင်
ရွှေတောင်ညိုကြီး သြဂဲနစ်မွေးမြူရေးလုပ်ငန်း တည်ထောင်သူ

မြန်မာနိုင်ငံရဲ့ ပထမဆုံး သြဂဲနစ် မွေးမြူရေးလုပ်ငန်းဖြစ်တဲ့ ရွှေတောင်ညိုကြီးကုမ္ပဏီ လုပ်ငန်းတည်ထောင်သူ ဦးဇော်ရဲနောင်က ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးမှု ဦးတည်ချက်များ (SDG) ဆိုင်ရာ စီးပွားရေး ရှေ့ဆောင် လူငယ် ၁၀ ဦးမှာ တဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာလည်း သဘာ၀ကြက်မွေးမြူရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

သူ့လုပ်ငန်းကို ကျေးလက်နေ ပြည်သူများရဲ့ ဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင် ဖန်တီးပေးခြင်း၊ နေ့စဉ် ဝင်ငွေ ရရှိစေခြင်း၊ သဘာ၀ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ကောင်းမွန်သော စီးပွားရေးပုံစံ တီထွင် ဖန်တီးပေးခြင်းတို့ကို ရည်ရွယ်ပြီး ထူထောင်ထားပါတယ်။

ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ရှိတဲ့ လယ်သမားတွေ၊ မွေးမြူရေးသမားတွေနဲ့ ပူးပေါင်းပြီး သူတို့ကို နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက် ရှာဖွေပေး ပါတယ်။ လွှတ်ကြောင်း ကြက်ဥ (Free Range Egg)၊ လှောင်အိမ်မဲ့ ကြက်ဥ (Cage Free)၊  ကြက်ချေးနဲ့  စိုက်ပျိုးတဲ့ သဘာ၀ ကြက်သွန်ဖြူတွေ ထုတ်လုပ် နေပါတယ်။

ဒီလုပ်ငန်းကို ဦးဇော်ရဲနောင်အနေနဲ့ ၂၀၁၇ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ကနေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့လုပ်ငန်းက ထုတ်တဲ့ ကြက်ဥတွေကို Citymart များနဲ့ ရန်ကုန်မြို့ရှိ ဆိုင်များတွင် ဖြန့်ဖြူး ရောင်းချ နေပြီဖြစ်တယ်။

ဦးဇော်ရဲနောင်ဟာ အင်္ဂလန်နိုင်ငံက ကွန်ပျူတာသိပ္ပံဘွဲ့ ရခဲ့တဲ့ IT Engineer ဖြစ်ပြီး ၂၀၀၈ နာဂစ် မုန်တိုင်းဖြစ်ပွားချိန်မှာ မြန်မာနိုင်ငံသို့ ပြန်လာပါတယ်။ ၂၀၀၉ ခုနှစ်က စတင်ပြီး ဂျာနယ်လစ်တဦး အဖြစ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလအထိ လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီမှ တဆင့် ကမော္ဘဇဘဏ်မှာ ဒီဂျစ်တယ်ဆက်သွယ်ရေးဌာနမှာ ဌာနကြီးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ရွှေတောင်ညိုကြီးကုမ္ပဏီကို မိတ်ဆွေ ကိုမာန်သူရှိန်နှင့်အတူ ထူထောင်ခဲ့ပါတယ်။

ဝန်ထမ်းဘဝက လုပ်ငန်းရှင်အဖြစ် ရောက်ရှိလာချိန် ငွေအရင်းအနှီး အခက်အခဲများ ကြုံတွေ့ခဲ့ရတာမို့ ကျေးလက် ပြည်သူတွေနဲ့ တွဲပြီး “အားလုံးပါဝင်ခွင့်ရှိသော စီးပွားရေးဂေဟစနစ်” (All Inclusive Business Ecosystem) ကို တီထွင် စမ်းသပ် အသုံးပြုခဲ့ရာက အောင်မြင်ခဲ့တာ ကုလသမဂ္ဂက ဆုချီးမြှင့်ခံရထိပါပဲ။

ဒီစနစ်က ကမာ္ဘကြီးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် အဖြေတခု ဖြစ်တယ်လို့ ကုလသမဂ္ဂက လက်ခံ ယုံကြည်တဲ့အတွက် ကိုဇော်ရဲနောင်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကို ဖိတ်ကြားပြီး UN SDG Pioneer 2019 Advancing Local Livelihoods ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

တချိန်တည်းမှာ နယူးယောက်မြို့တော်မှာလည်း ဦးဇော်ရဲနောင်ရဲ့ ဓါတ်ပုံနဲ့ မြန်မာနိုင်ငံရဲ့ အမည်ကို မက်ဟက်တန်တိုင်းစကွဲယားက LED Screen များမှာ ဂုဏ်ပြုဖော်ပြခြင်းလည်း ခံခဲ့ရပါတယ်။

အခုချိန်မှာတော့ ကုလသမဂ္ဂနှင့် လက်တွဲကာ ရွှေတောင်ညိုကြီးမှ တီထွင်ခဲ့သည့် “အားလုံးပါဝင်ခွင့်ရှိသော စီးပွားရေးဂေဟစနစ်” (All Inclusive Business Ecosystem) ကို ကမာ္ဘ့နိုင်ငံ အသီးသီးသို့ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိတဲ့အပြင် မြန်မာနိုင်ငံ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းကလည်း ကျေးလက်ပြည်သူများ ဘဝ အမှန်တကယ်တိုးတက်လာစေခဲ့သောကြောင့် ရွှေတောင်ညိုကြီးကုမ္ပဏီ ကို MYEA Inclusive Business Award 2019: Innovation Award ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဦးမင်းကျော်ဇင်
Nature Myanmar တည်ထောင်သူ

ယခင်က ကွမ်းပင်တွေက ထွက်လာတဲ့ ကွမ်းဖက်တွေကို အမှိုက်တွေလို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ အဲဒီလို အမှိုက်သဖွယ်ဖြစ်နေတဲ့ ကွမ်းဖက်တွေကို သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးနေတဲ့ ပလတ်စတစ် လူသုံးကုန်ပစ္စည်းတွေနေရာမှာ အစားထိုးအသုံးပြုနိုင်မယ့် တခါသုံးပစ္စည်းတွေကို စွန့်ဦးတီထွင်လုပ်ငန်းရှင် ဦးမင်းကျော်ဇင်က ထုတ်လုပ်ခဲ့ပါတယ်။

ဦးမင်းကျော်ဇင်က ပလတ်စတစ်တခါသုံး ပစ္စည်းတွေနေရာမှာ ကွမ်းဖက်နဲ့ ထုတ်ထားတဲ့ ထမင်းစားပန်းကန်တွေ၊ ပန်းကန်လုံးတွေ၊ ဇွန်းနဲ့ ခရင်းတွေ အပြင် (Takeaway Box) ဖော့ဘူးအစားထိုး ဘူးတွေ၊ အချဉ်ထည့်တဲ့ ခွက်တွေ ထုတ်လုပ်လျက်ရှိပါတယ်။ သူရဲ့ တခါသုံး ကွမ်းဖက်ပစ္စည်းတွေက ယခုဆိုရင် လူကြိုက်များပြီး ပြည်တွင်းစားသောက်ဆိုင်တွေ၊ စားသုံးသူတွေ တင်မကဘဲ ပြည်ပနိုင်ငံတွေကပါ အော်ဒါမှာယူခြင်းများ ရှိနေပါပြီ။

ဈေးကွက်ထဲက တခါသုံး ပလတ်စတစ်ပစ္စည်းတွေနဲ့ အပြိုင်ဖြစ်လာနေတဲ့ ကွမ်းဖက် တခါသုံးပစ္စည်းတွေကို ကိုမင်းကျော်ဇင်အနေနဲ့ အလွယ်တကူ ထုတ်လုပ်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။

သူ ဒီပစ္စည်းတွေ စတင်ထုတ်လုပ်ခဲ့တဲ့ တနင်္သာရီတိုင်းမှာ ကုန်ကြမ်းဖြစ်တဲ့ ကွမ်းဖက်တွေကို အလွယ်တကူ ရရှိပေမယ့် လျှပ်စစ်မီးလုံလောက်စွာ မရှိတာကြောင့် အပူချိန် မမှန်ပဲ ပစ္စည်းများပျက်စီးခြင်း၊ ကုန်ကြမ်းပစ္စည်းများ စိုထိုင်းစ မမှန်တာကြောင့် ပျက်စီးခြင်း အပြင် ဈေးကွက်ဝင်ထုတ်ကုန်အဖြစ် မရောက်မီ စမ်းသပ်ကာလ ကြာလာတာနဲ့အမျှ တယူနစ် ကျပ် ၄၀၀ လောက်ရှိနေတဲ့ လျှပ်စစ်မီတာခနဲ့ ဘဏ္ဍာရေးစိန်ခေါ်မှုတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရပါတယ်။

စိန်ခေါ်မှုတွေ ကျော်ဖြတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လက စတင်ခဲ့တဲ့ သူရဲ့လုပ်ငန်းက ၂၀၁၉ ဇန်နဝါရီလမှာ ဈေးကွက် တင်ရာမှာ လူမှုကွန်ရက်နဲ့ မီဒီယာတွေမှာ အကျယ်တဝင့် ဖော်ပြခံခဲ့ရပြီးနောက် ရန်ကုန်မြို့မှာပါ စက်ရုံအသေးစားလေး တခု ဖွင့်လှစ်ပြီး ပစ္စည်းတွေကို တိုးထုတ်လုပ်ခဲ့ရပါတယ်။

World Ocean Day 2019 ဇွန်လ ၅ ရက်နေ့မှာတော့ ကမ္ဘာ့ဘဏ်က အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း ၁၅ နိုင်ငံက သဘာဝပတ်ဝန်းကျင် အကျိုးပြု လုပ်ငန်းတွေ လုပ်နေတဲ့ လုပ်ငန်းရှင် ၁၅ ဦး ရွေးချယ်ရာမှာ မြန်မာနိုင်ငံက Nature Myanamr ရဲ့ တည်ထောင်သူ ဦးမင်းကျော်ဇင် ရွေးချယ်ခံခဲ့ရပါတယ်။

ပြည်တွင်းမှာလည်း သူဟာ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်း (MYEA) ရဲ့ Social Entrepreneur Award ဆု ရရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စွန့်ဦး တီထွင်ပြိုင်ပွဲမှာတော့ Waste to Value ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မှာ International Trade Center နဲ့ TCMA တို့က ကြီးမှူးကျင်းပတဲ့ ၈ ကြိမ်မြောက် နိုင်ငံတာကာ သံရုံးများရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံအလိုက် ထုတ်ကုန်/ထွက်ကုန်များကို ပြသတဲ့ ဆောင်းရာသီပြပွဲ 8th Annual Embassy Showcase: Winternational (2019) မှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သူရဲ့ ကွမ်းဖတ်နဲ့ ထုတ်လုပ်ထားတဲ့ သဘာဝထုတ်ကုန်တွေကို သွားရောက်ပြသဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။

သက်ထားသူဇာ
ကြက်တောင်ရိုက် အားကစားမယ်

မြန်မာနိုင်ငံမှာ အားကစားလို့ ဆိုလိုက်ရင်ဖြင့် ဘောလုံးပွဲလို့သာ အများစုက သိထားကြတဲ့အချိန်မှာ ကြက်တောင်ရိုက် အားကစားကို လူသိများစေခဲ့ပြီး တနှစ်အတွင်း ရွှေတံဆိပ် ၇ ခုရယူနိုင်ကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ သူက သက်ထားသူဇာပါ။

နှစ်ပေါင်းများစွာကြာအောင် ပျောက်ကွယ်လုနီးနီးဖြစ်နေတဲ့ ကြက်တောင်အားကစားပြိုင်ပွဲတွေမှာ သက်ထားသူဇာအနေနဲ့ 2018 Egypt International ပွဲမှာ ပထမဆုံးအကြိမ် ရွှေတံဆိပ်ဆုရယူလိုက်နိုင်တာက ကြက်တောင် အားကစားကို ပြန်လည်သက်ဝင်စေခဲ့ပါတယ်။

သက်ထားသူဇာက Egypt International 2018၊ Uganda International 2019၊ Kenya International 2019၊ Mauritius International 2019၊ Benin International 2019၊ Cote d’Ivoire International 2019၊ Egypt International 2019 ပွဲတွေမှာ ချန်ပီယံရွှေတံဆိပ်ဆုတွေ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သက်ထားသူဇာက ကမာ္ဘ့ကြက်တောင်အဖွဲ့ချုပ် (BWF) က သတ်မှတ်ထားတဲ့ ၂၀၁၈ ခုနစ် မတ်လ မှာ ကမာ္ဘအဆင့်သတ်မှတ်ချက် World ranking ၁၆၀ ကနေ ၂၀၁၉ ခုနစ် ဒီဇင်ဘာမှာ အဆင့် ၆၁ အထိ ခုန်တက်နိုင်ခဲ့သူပါ။

သူ ဒီလို ကမာ္ဘ့အဆင့် သတ်မှတ်ချက် တက်လာဖို့အတွက် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှာ တပတ်ကို ၅ ရက် တနေ့ကို မနက် ၉ နာရီခွဲကနေ ၁၂ နာရီအထိ ညနေပိုင်းမှာ ၅ နာရီကနေ ၇ နာရီအထိ ကြက်တောင်ရိုက် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။

ဒါ့အပြင် ဒိန်းမတ်နိုင်ငံ၌ Asia Olympic Project Training ကို ၂ လကြာ လေ့ကျင့်နေရင်း ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နေသလို ပြိုင်ပွဲမရှိတဲ့ ကြားကာလရက်တချို့မှာလည်း မလေးရှားမှာ သွားရောက် လေ့ကျင့်တာမျိုး ရှိတယ်။

ဝါသနာအရင်းခံကာ ပင်ကိုယ်စွမ်းရည် ပါရမီနဲ့ ပြည့်စုံတယ်လို့ ဆိုရမယ့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ တယောက် သွားရောက်ယှဉ်ပြိုင်တဲ့ ပြည်ပပွဲစဉ်တွေမှာ အပိုသုံးငွေမရှိဘဲ ခြိုးခြံချွေတာကာ သွားလာနေထိုင်ခဲ့ရတယ်လို့ သိရတယ်။

သက်ထားသူဇာအနေနဲ့က အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နိုင်ဖို့ အနည်းဆုံး ကမာ္ဘ့အဆင့် (World Ranking) ၁၀၀ အတွင်း ရောက်ဖို့ လိုတာမို့ လိုအပ်တဲ့အတွက် ဖိတ်ခေါ်ပြိုင်ပွဲတွေ အပါအဝင် နိုင်ငံတကာ စီးရီးပြိုင်ပွဲပေါင်း ၁၄ ပွဲကို ၁ နှစ်အတွင်း ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်။

သက်ထားသူဇာအနေနဲ့က ဒီလိုပြိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ဝင်ရိုက်နေရတာကြောင့် ရံဖန်ရံခါ ပွဲပန်းကာ အနာတရ ရတာတွေရှိတဲ့အတွက် တချို့ပွဲတွေမှာ အနိုင်မရခဲ့တာတွေလည်း ရှိပါတယ်။ သက်ထားသူဇာက ဖိတ်ခေါ်ပြိုင်ပွဲတွေ၊ နိုင်ငံတကာ Series ပြိုင်ပွဲတွေနဲ့ Future Series အပါအဝင် ပြိုင်ပွဲပေါင်း ၉၃ ပွဲကစားထားရာ ၇၀ ပွဲ အနိုင်ရပြီး ပွဲ ၂၃ ရှုံးထားပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ သက်ထားသူဇာရဲ့ အဓိက ရည်မှန်းချက်က ၂၀၂၀ ခုနစ် ဂျပန်နိုင်ငံ၊ တိုကျိုမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ ကွာလီဖိုင်းဝင်ပြီး round  ရိုက်လို့ရအောင် နိုင်ငံတကာပြိုင်ပွဲများစွာကို တောက်လျှောက် ယှဉ်ပြိုင်ကာ အမှတ်ရယူနေတာပါ။

မြန်မာ့ကြက်တောင်လောကမှာ အိုလံပစ်ဝင်တဲ့ ကြက်တောင်အားကစားသမား တဦးတယောက်မျှ မပေါ်သေး တဲ့အတွက် သက်ထားသူဇာက မြန်မာ့ကြက်တောင်လောကအတွက် မျှော်လင့်ချက်တခုလည်း ဖြစ်တယ်။

သက်ထားသူဇာဟာ ထိုင်းနိုင်ငံ၊ ရနောင်းမှာ အသက် ၇ နှစ်အရွယ်က စတင်ကာ ကြက်တောင် စတင်ကစားခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ နေခဲ့တဲ့ ၁၁ နှစ်တာ ကာလတလျှောက်မှာ ထိုင်းဘုရင်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆု ၆ ဆုကို ရရှိခဲ့သူလည်း ဖြစ်တယ်။

ဒါ့အပြင် သူရဲ့မိဘနှစ်ပါးလုံးက ကြက်တောင်ကစားသမားဟောင်းတွေ ဖြစ်ကြပြီး ဖခင်ဖြစ်သူက ၁၉၉၅ ခုနစ် အရှေ့ တောင်အာရှဆီးဂိမ်းမှာ တတိယဆုရရှိထားတဲ့ လက်ရွေးစင်ဟောင်းတဦးဖြစ်တဲ့အပြင် သက်ထားသူဇာကို သင်ပေးခဲ့တဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဖြစ်သူ သိက္ခာတော်ရ ဆရာတော်ကြီး ဒေါက်တာခလမ်ဆမ်ဆွန်က ကချင်ပြည်နယ်တွင်း စစ်ဘေးရှောင်အရေး၊ န်ိုင်ငံရေး မပြေလည်မှုတွေကြောင့် လူထုတွေ ကြုံတွေ့နေရတဲ့ အရေးနဲ့ ပတ်သတ်ရင် ကချင်လူထုဘက်က မားမားမတ်မတ် ရပ်တည်ပေးနေသူအဖြစ် အသိအမှတ်ပြုခံရတဲ့ ဘာသာရေးခေါင်းဆောင် တဦးဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို သြဂုတ်လအတွင်းက တပ်မတော်ကို နိုင်ငံတကာမျက်နှာစာမှာ သိက္ခာညှိုးနွမ်းအောင် ပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုနိုင်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ် တရားရုံးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သန်းထိုက်က တိုင်ကြားခဲ့ပါတယ်။

တိုင်ကြားခံရတဲ့ အကြောင်းကတော့ ဇူလိုင် ၁၈ ရက် အမေရိကန် အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရန့်ကို ဘာသာရေး ဖိနှိပ်ခံရတဲ့နိုင်ငံတွေက ဘာသာရေး  ခေါင်းဆောင်တွေနဲ့ အတူ တွေ့ဆုံရာမှာ ဒေါက်တာခလမ်ဆမ်ဆွန်က မြန်မာနိုင်ငံမှာ တပ်မတော်က ဘာသာရေးအရ ဖိနှိပ်မှုတွေ လုပ်တာရှိပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့် မရဘူးလို့ ပြောတဲ့အပြင် ဒီမိုကရေစီ၊ ဖက်ဒရယ်လမ်းကြောင်း အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေက တပ်မတော်ကို တိုက်ခိုက်နေရကြောင်းနဲ့ အမေရိကန် အစိုးရဘက်ကနေ လူနည်းစု တိုင်းရင်းသားခေါင်းဆောင်တွေကို အကူအညီပေးပါလို့လည်း တောင်းဆိုခဲ့လို့ပါ။

ဒီ့အပြင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်အချို့ကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့ အပေါ်လည်း ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲဆိုဖို့ ကြံစည်ခဲ့ပေမယ့် တပ်မတော်ဘက်က ပြန်တောင်းပန် ရင် အမှုကျေအေးပေးမယ်လို့ နှုတ်နဲ့ ကမ်းလှမ်းခဲ့တာလည်း ရှိပါတယ်။ ရက်သတ္တပတ်အကြာမှာတော့ ညှိနှိုင်းမှု တစုံတရာ မရှိပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နှုတ်မိန့် နဲ့ ဆိုပြီး တရားစွဲဆိုဖို့ ကြိုးစားနေတာကို ရုတ်သိမ်းသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်လည်း အမှုရုပ်သိမ်းပြီးပြီးချင်း မန္တလေးမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်လက်နက်ကိုင်အဖွဲ့  KIA အပေါ်လည်း ဝေဖန်ရဲသူပါ။ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး KIA အနေနဲ့  အစိုးရနဲ့ အကြိုပမာဏ အပစ်ရပ်ရေး သဘောတူညီချက် ရေးဖို့ ပြောဆိုသလို နိုင်ငံရေးမှာ KIA ဟာ ကရင်၊ မွန်လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ တိုင်းရင်းသားမဟာမိတ် UNFC က ထွက်ပြီး ဝလက်နက်ကိုင် UWSA ဦးဆောင်တဲ့ FPNCC ထဲ ဝင်လိုက်တဲ့အခါ စစ်ဘက်ကသာ ကြီးစိုးပြီး အရပ်ဘက်အဖွဲ့အစည်းတွေ လွတ်လပ်ခွင့် မရှိတဲ့ UWSA ဘက် ယိမ်းမသွားဘဲ ဖယ်ဒရယ်နဲ့ ဒီမိုကရေစီရေး လမ်းကြောင်းကိုသာ လိုက်ဖို့ ပြောဆိုခဲ့ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်က ကချင်လူထုတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ တရုတ်ရဲ့ စီမံကိန်းကြီး တခုဖြစ်တဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ရင်လည်း လူထုဘက်က ရပ်တည်ပြောဆိုတာတွေကြောင့် တရုတ်အစိုးရဘက်က ခေါ်ယူတွေ့ဆုံပြီး လက်ခံဖို့ တွန်းအားပေးတာတွေ ရှိပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်က ဘာသာရေးခေါင်းဆောင်တဦးအဖြစ် တာဝန်ယူထားချိန်မှသာ ပြည်တွင်း နိုင်ငံရေးအခြေအနေ၊ ကချင်တွေရဲ့ နိုင်ငံရေးထဲမှာ ပါဝင်လာသူ တဦး မဟုတ်ပါဘူး။

၁၉၈၈ ခုနှစ် တနိုင်ငံလုံး အုံကြွပြီး ဒီမိုကရေစီ တောင်းဆိုတဲ့ အရေးအခင်းဖြစ်ပွားစဉ်ကလည်း မြစ်ကြီးနားမြို့က ဆန္ဒပြပွဲအချို့မှာ ဦးဆောင်သူ ကချင်လူငယ်တဦးအဖြစ် လှုပ်ရှားခဲ့သူ တဦးပါ။

ရန်ကုန်မြို့မှာ အရေးအခင်းတွေ ဖြစ်လို့ ကျောင်းတွေ ပိတ်လိုက်ချိန် Myanmar Institute of Theology က ကျောင်းသားတဦးဖြစ်တဲ့ သူက မြစ်ကြီးနားကို ရောက်ချိန်မှာ ကချင်လူငယ်တွေ စုပြီး ကချင်ဘာသာစကားနဲ့ မဆလအစိုးရက လွတ်လပ်ရေးပေးဖို့ အရပ်သားတွေကို နှိပ်စက်သတ်ဖြတ် တာတွေကို ရပ်တန်းက ရပ်ဖို့ ကြွေးကြော်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သူပါ။

ဘာသာရေးဆရာဖြစ်လာချိန် KBC ရဲ့ ဦးဆောင်သူ အခန်းကဏ္ဍမှာ ပါဝင်လာချိန်မှာလည်း ၄ နှစ်တကြိမ် အများဆန္ဒနဲ့ အတွင်းရေးမှူး ရာထူးကို ၂ ကြိမ်၊ ၈ နှစ်ဆက်တိုက် ရွေးကောက် တင်မြှောက် ခံရသူ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် KBC သင်းလုံးကျွတ် ညီလာခံမှာ အခြား ဘာသာရေး ခေါင်းဆောင်တဦးကို KBC ဥက္ကဌ အဖြစ် ခန့်ဖို့ KBC ရွေးချယ်ရေးကော်မတီက တင်ပြလာရာမှာ အသင်းသူအသင်းသားများက ဝိုင်းကန့်ကွက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို တင်မြှောက်လိုကြောင်း ဝိုင်းဝန်းထောက်ခံကြတာကြောင့် KBC ဥက္ကဌ ဖြစ်လာတာပါ။

လက်ရှိမှာ ဒေါက်တာခလမ်ဆမ်ဆွန် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ KBC က မြန်မာနိုင်ငံတွင်း ဇုံနယ်အသင်းတော် ၁၅ ဖွဲ့၊ အသင်းတော်ပေါင်း ၄၂၉၊ အသင်းသူအသင်းသားပေါင်း ၄ သိန်း ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။

ဦးရဲမြတ်သူ
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်

ပြီးခဲ့တဲ့ အောက်တိုဘာက စတင်ပြီး ယူနီကုဒ်ဖောင့်ကို ပြည်ထောင်စုဖောင့်အဖြစ် အစိုးရက သတ်မှတ်ပြီး ပြောင်းလိုက်တဲ့အခါ လူအများ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ ဇော်ဂျီဖောင့်ကို တီထွင်ခဲ့တဲ့ ဦးရဲမြတ်သူဟာ သတင်းမီဒီယာတွေမှာ ပေါ်ထွက်လာခဲ့ပါတယ်။

ဒီလို ဖောင့်အပြောင်းအလဲကို သူက ကြိုဆိုပေမယ့် ၂၀၀၄ ခုနှစ်က စပြီး ခေတ်ကာလလိုအပ်ချက်အရ အကျိုးအမြတ်မယူဘဲ သူနဲ့ သူ့မိတ်ဆွေတွေ တီထွင်ထားခဲ့တဲ့ ဇော်ဂျီဖောင့်ကို မကောင်းပြောလာတာကို သူက ကာကွယ်ပါတယ်။

ကွန်ပြူတာ ဆော့ဖ်ဝဲ ပရိုဂရမ် နည်းပညာရှင်တယောက်ဖြစ်တဲ့ ဦးရဲမြတ်သူက ၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှာ ကော်မတီဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခြင်းခံရသူတဦးလည်း ဖြစ်ပါတယ်။

မန်းစည်ပင်ကော်မတီမှာ လမ်းတံတားဌာနကို တာဝန်ယူရတဲ့ ကော်မတီ ဝင်တယောက်ဖြစ်သလို မြို့အတွက် နည်းပညာပိုင်းနဲ့ သက်ဆိုင်တဲ့တာဝန်များ၊ Smart City Chief Officer အဖြစ် တာဝန်ယူထားပါတယ်။

၂၀၁၉ ခုနှစ်အတွင်း မန္တလေးစည်ပင် နယ်နိမိတ်ဧရိယာမှာ အမည်ထပ်နေတဲ့ လမ်းတွေကို အမည်ပြန်လည်သတ်မှတ်ခြင်း၊ Zip Code တွေ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ပါတယ်။ ဒါအပြင် မန္တလေးမြို့ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ဖို့ အဆင့်မြင့်နည်းပညာသုံး မီးပွိုင့်တွေ၊ Radio-frequency identification (RFID) စနစ်သုံး အီလက်ထရောနစ် လမ်းတံတား အသုံးပြုခ ကောက်ခံတဲ့ စနစ်တွေ၊ GPS စနစ်တပ်ဆင်ထားတဲ့ အမှိုက်သိမ်းကားတွေ စတဲ့ နည်းပညာအခြေခံတဲ့ မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဦးရဲမြတ်သူက စတင်ထိတွေ့စေခဲ့ပါတယ်။

နည်းပညာနဲ့ မယဉ်ပါးသေးတဲ့ ဝန်ထမ်းအချို့ကြား နည်းပညာနဲ့အပြောင်းအလဲကို စတင်ခဲ့တဲ့အတွက် စိန်ခေါ်မှုုနဲ့ မျက်နှာချင်းဆိုင်ခဲ့ရတယ်လို့ ဧရာဝတီနဲ့ သီးသန့်အင်တာဗျူးမှာ သူက ဆိုခဲ့ပါတယ်။

ဦးရဲမြတ်သူဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်းက စပြီး နည်းပညာလောကထဲကို ဝင်ရောက်ခဲ့သလို Alpha Computer လုပ်ငန်းကို စတင်ခဲ့တဲ့အတွက် မန္တလေးမြို့မှာ Alpha ရဲမြတ်သူလို့ လူသိများသူတယောက်ပါ။

သူ့ဆောင်ရွက်ချက်တွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလက ဂျာမန်အဖွဲ့အစည်း Friedrich Nauman Foundation က ဦးရဲမြတ်သူကို ဒီဂျစ်တယ်ခေတ်မှာ လွတ်လပ်မှုအတွက် ကြိုးပမ်းခဲ့ကြသူများအတွက် ရည်ရွယ်ပေးအပ်တဲ့ “Digital Courage Award” (ဒီဂျစ်တယ်နည်းပညာ သူရဲကောင်းဆု) ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်
AA စစ်ဦးစီးချုပ်

ရခိုင်ပြည်နယ်တွင်းက နယ်ခြားစောင့်စခန်း ၄ ခုကို မနက်စောစော ဝေလီဝေလင်းမှာ ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သောင်းချီယူသွားတဲ့ သတင်းကြောင့် ၂၀၁၉ ခုနှစ်ရဲ့ နှစ်ဦးပိုင်း လွတ်လပ်ရေးနေ့ မနက်ခင်းက လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ရပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲတွေကို ၂၀၁၉ ခုနှစ် လွတ်လပ်ရေးနေ့က စစ်ဆင်ရေးနဲ့ စစ်ရှိန်မြှင့်တင်ပြီးတဲ့နောက် ရက္ခိုင့်တပ်မတော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင်း အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာကို ပြိုလဲအောင် လုပ်ပြီး မိမိတို့ အုပ်ချုပ်ရေးစနစ်ကို အစားထိုးဖို့ ကြိုးစားလာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်၊ တနှစ်လုံး တိုက်ပွဲတွေ ပြင်းထန်နေခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ခိုက်နေတဲ့ AA တပ်ဖွဲ့ ကို ဦးဆောင်နေသူက ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပါ။

သူက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်ကို တိုက်ခိုက်မယ့် စစ်ဆင်ရေး နည်းဗျူဟာ တရပ်လုံးကို အဓိက ရေးဆွဲသူ တဦးဖြစ်ပြီး မြေပြင်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း မြေပြင်က တပ်မှူးတွေနဲ့ ချိတ်ဆက်ပြီး စစ်ပွဲတွေကို ဦးဆောင်ညွှန်ကြားနေသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ရည်မှန်းချက်က ရခိုင်ပြည်နယ်တွင်းက တပ်မတော်၊ တပ်ဖွဲ့ဝင်တွေကို တိုက်ထုတ်ပြီး ဥပဒေအရ ကွန်ဖက်ဒရေးရှင်းအဆင့် ရရှိဖို့ ဆိုပြီးလည်း ပြောဆိုထားပါတယ်။

၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်မှာ လက်နက် အလက် ၂၀ ၊ ကျည်အတောင့် ၅၀၊ လူငယ် ၂၆ ဦးတည်းနဲ့စခဲ့တဲ့ သူ့ရဲ့ စစ်တပ်ဟာ အခုဆိုရင် စစ်သားအင်အား တသောင်းဝန်းကျင်ထိ ရှိနေပါပြီ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တော်လှန်ရေး သက်တမ်း ၁၀ နှစ်အတွင်းမှာ လက်နက်အင်အား၊ လူအင်အား အသင့်အတင့်ကောင်းတဲ့ စစ်တပ် တခုကို ထူထောင်ပြီး တပ်တွင်း စစ်သားတွေရဲ့ စားဝတ်နေရေး၊ တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်း တပ်ဆင်မှုတွေမှာလည်း ဖူလုံဖို့ကိုလည်း ဦးဆောင်နေသူဖြစ်တဲ့အပြင် ပြည်တွင်းမှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေ ဖြစ်တဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့နဲ့လည်း ညီနောင်အဖြစ်လည်း အသိအမှတ်ပြုမှု ထောက်ပံ့မှုတွေကို ရရှိလာသူပါ။

ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပြီး သြဂုတ်လမှာတော့ AA၊ တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့က ပြင်ဦးလွင်၊ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ နောင်ချိုမြို့၊ ဂုတ်ထိပ် တံတားနဲ့ ရဲကင်းတွေကို ဝင်စီးပြီး တိုက်ခိုက်မှုတွေကြောင့် တပ်မတော်တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ ဝင် တွေအပြင် အရပ်သားတွေပါ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နဲ့ AA ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့တွေကြား အသေအပျောက်များခဲ့သလို အရပ်သားတွေကြားမှာလည်း ထိခိုက်သေဆုံးတာတွေအပြင် မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတာ စစ်ဆေးခံရတာ ၁၀၀ ကျော် ရှိပါတယ်။ ချင်းလွှတ်တော်အမတ် ဦးဝှေ့တင်းအပါအဝင် ပြန်ပေးစွဲမှုတွေလည်း စလုပ်လာတယ်။

ရခိုင်ပြည်နယ်ထဲက တရုတ်စီးပွားရေး အကျိုးစီးပွားတွေကို မတိုက်ခိုက်ပေမယ့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်းမှာ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းအတွက် ဆောက်လုပ်ရေး ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ရေယာဉ်တစီး ပစ်ခတ် ဖျက်ဆီးခံခဲ့ရပြီး ကုလားတန်စီမံကိန်းနဲ့ အလုပ်လာလုပ်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာလည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ၎င်းတို့ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားတဲ့ နေရာက စီမံကိန်းတွေ စီးပွားရေး လုပ်ငန်းတွေက AAကို အခွန်ပေးဆောင်ရမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ အခွန်မပေးဆောင်တဲ့ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖျက်သိမ်းပစ်မယ်လို့လည်း ပြောတာကြောင့် ရခိုင်ပြည်နယ်တွင်းက စီးပွားရေးသမားတွေကြား ထိတ်လန့်နေကြပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ပခုံးထမ်း လေယာဉ်ပစ်ဒုံးကျည်တွေအပြင် အဆင့်မြင့်လေယာဉ်ပစ်လက်နက်တွေကို ဦးစားပေးအဆင့်အနေနဲ့ စုဆောင်း နေတာကြောင့် လာမယ့် ၂၀၂၀ ခုနှစ် တိုက်ပွဲတွေမှာ AAရဲ့ တိုက်ခိုက်မှုစွမ်းရည်ကို ဆက်လက်စောင့်စားပါလို့ ဧရာဝတီနဲ့ အမေးအဖြေမှာ ပြောဆိုထားတဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲလုပ်ရင် သူတို့နဲ့ညှိပါလို့ ပြောဆိုလိုက်တာကြောင့် ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲတွေ ဖြစ်မှဖြစ်ပါ့မလားလို့ စိုးရိမ်မှုတွေ ဖြစ်လာနေရပါပြီ။

ဒေါက်တာ ဇော်မြင့်မောင်
မန္တလေးတိုင်း ဝန်ကြီးချုပ်

အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) အစိုးရရဲ့ ဝန်ကြီးချုပ်များထဲ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ နာမည်အရဆုံးနဲ့ အားအကိုးရဆုံး ဖြစ်သလို ပါတီမှာလည်း ဒုတိယ ဥက္ကဌ ၂ အနေနဲ့ ဩဇာကြီးပါတယ်။ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ ဥက္ကဌ ၁ ဦးဝင်းမြင့်တို့ အစိုးရ ခေါင်းဆောင်များ ဖြစ်နေချိန် ပါတီမှာ ပြန် ဦးဆောင်မှု ပေးနိုင်သူတဦးပါ။

ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးမြို့ ဇာတိဖြစ်ပြီး ဇနီးနဲ့ ကလေး ၃ ဦး စလုံးကလည်း ဆရာဝန်များ ဖြစ်ကြပါတယ်။ သူ့မန္တလေးက ရန်ကုန်ထက် ပို ချီးကျူးရပါတယ်။။ သူ့မှာ အားကိုးရတဲ့ မြို့တော်ဝန်နဲ့ အစိုးရအဖွဲ့လည်း ရှိပါတယ်။။ မန္တလေးသူ မန္တလေးသား မဲဆန္ဒရှင်များကလည်း သူ့ရဲ့ ခပ်ပြတ်ပြတ် မာရည်ကျောရည် ဆက်ဆံမှုကို မကြိုက်ရင်သာရှိမယ်၊ သူရဲ့ စီမံကွပ်ကဲမှုနဲ့ ဝန်ဆောင်မှုတွေကြောင့် ဗြောင်ထုတ် မဝေဖန်ကြပါ။

သူဟာ သူ့အာဏာရပါတီကို ပြန်လည် ဝေဖန်ရာမှာလည်း အားနာတတ်သူ မဟုတ်ပါ။ အာဏာရ ပါတီက ခန့်အပ် တာဝန်ပေးထားတဲ့ အစိုးရ အဖွဲ့ ဝင် ဝန်ကြီးများ အောက်ခြေ လွတ်သွားကြပြီး ပြည်သူကို မေ့ကာ ပါတီကို ဂရုမစိုက်တော့ကြောင်း သတိပေးတတ်ပါတယ်။

ဒါပေမယ့် မီဒီယာတွေအပေါ် သဘောထား မကောင်းလှပါဘူး။ အခြေခံဥပဒေမှာ မဏ္ဍိုင် ၃ ရပ်ပဲရှိတယ်၊ စတုတ္ထမဏ္ဍိုင် မရှိဘူးလို့တောင် ဆိုခဲ့ပါတယ်။ သူ့ဓာတ်ပုံတွေ သုံးပြီး လူမှုကွန်ရက်မှာ ဝေဖန်လို့ဆိုပြီး သူ့ကိုယ်စား မန္တလေးတိုင်း NLD ပြန်ကြားရေး အရာရှိတဦးက ပို့စ်တင်ခဲ့သူ အကောင့် ပိုင်ရှင် ၂ ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ စက်တင်ဘာ ၁၆ ရက်နေ့က အမှုဖွင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမယ်လို့ ဦးဝင်းမြင့်နဲ့အတူ တစ်ပြေးနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကို ၂၀၁၉ ခုနှစ်က မျက်နှာသာ မပေးခဲ့ပါဘူး။ သွေးကင်ဆာ ရောဂါရှိကြောင်း ဖော်ထုတ်တွေ့ ရှိရပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကို အောက်တိုဘာလကတည်းက သွားရောက်ပြီး ဆေးကုသခံရပါတယ်။

သူဟာ သွေးလဲသွင်းခဲ့ရပါတယ်။ အချိန်ယူ အနားယူရမှာမို့ အစိုးရနဲ့ ပါတီတာဝန်များကို အပြည့်အဝ ပြန်လည် ထမ်းဆောင်ဖို့ သိပ်မသေချာတော့ပါဘူး။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန်  NLD ပါတီ စုဖွဲ့ ပြင်ဆင်မှုကလည်း တအားလျော့သွားစေပါတယ်။

ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေး အခြေအနေဟာ NLD က အခြား အသက်ရလာနေတဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်တွေကို သတိပေးခေါင်းလောင်းသံပါပဲ။

ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ အဲဒီနောက်တော့ အကျဉ်းစံဘဝနဲ့ ၁၉ နှစ်လောက် နေခဲ့ရပါတယ်။၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ မိခင်ပါတီ NLD ပါတီမှတ်ပုံတင်တဲ့အခါ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမရပူရ မဲဆန္ဒနယ်က အနိုင်ရပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
တပ်မတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်

တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေထဲ သိသာတဲ့တခုကတော့ မီဒီယာနဲ့ ထိတွေ့ ဆက်ဆံလာတာပါပဲ။ ပြောင်းလဲလာတဲ့ သတင်းခေတ်ကြီးထဲ လူထုကို အရင်လို တဖက်သက် ဝါဒဖြန့်နေရုံနဲ့ မရတော့ဘဲ သတင်းထောက်တွေကို ဆက်သွယ်ရတော့မယ် ဆိုတာ တပ်မတော်ခေါင်းဆောင်တွေ သဘောပေါက်လာပုံရပါတယ်။

၂၀၁၈ ခုနှစ်တ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို အသစ် ပြင်ဆင် ဖွဲ့ စည်းလိုက်ပြီး ဥက္ကဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယ ဥက္ကဌ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည် သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ ဖြစ်လာပါတယ်။

သူတို့ ၃ ဦးအနက် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပိုထူးခြားတယ်လို့ နေပြည်တော်အခြေစိုက် သတင်းထောက်တွေက မှတ်ချက်ပေးပါတယ်။ ကျန်ဗိုလ်ချုပ်တွေက ဆက်သွယ်ရခက်ခဲချိန် သူက ဖုန်းခေါ်ဆိုမေးမြန်းချက် အများစုကို ပြန်လည်ဖြေကြားတဲ့အပြင် သူ့ဘက်က စပြီး သတင်းထောက်တွေဆီ ဖုန်းခေါ်ပြီး သတင်းတွေ ပေးတတ်ပါတယ်။

“မီဒီယာခေတ်မှာ မီဒီယာကို အသုံးမချနိုင်ခြင်းသည် ညံ့တယ်လို့ ယူဆတယ်။ ကျနော်တို့က မီဒီယာကို အသုံးချသလို မီဒီယာကလည်း ကျနော်တို့ကို အသုံးချမှာပဲ။ ဒါကိုတော့ ခံနိုင်ရည် ရှိဖို့ လိုတယ်”လို့  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီကို မှတ်ချက်ပေးပါတယ်။

တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ သူပါဝင်ဖြေကြားချက်တွေကို လူမှုကွန်ရက်ပေါ်မှာ စကြ နောက်ကြ ဆဲဆိုကြပေမယ့် သိပ်ဂရု စိုက်ပုံ မပေါ်ပါဘူး။ ဒီအစား စကားမှားလို့ အထက်အရာရှိတွေက မကြိုက်ဘဲ အလုပ်ပြုတ်နိုင်တာကို ရည်ညွှန်းပြီး ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြုလုပ်ခဲ့တဲ့ ဌာနဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ မီဒီယာများကြား  ပြုလုပ်တဲ့ သတင်း သိပိုင်ခွင့် ဥပဒေ ပြဌာန်းဖို့  တွေ့ ဆုံညှိနှိုင်းပွဲတခုမှာ “မီဒီယာတွေကို ကျေးဇူးတင်ပါတယ်။ ဘုရား၊ တရား ပိုလုပ်ဖြစ်ပါတယ်”လို့ အရွှမ်းဖောက်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ တပတ်စဉ်တည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးဌာနကို ရောက်ရှိလာပြီး မီဒီယာတွေ၊ သတင်းမီဒီယာကောင်စီတို့နဲ့ စတင်ထိတွေ့ ဆက်ဆံခဲ့ရပါတယ်။

မြန်မာ မီဒီယာတွေအပေါ် သူ့အမြင်က ပြည်တွင်းရေး အရှုပ်များ၊ ဂိုဏ်းဂဏ္ဏ ကွဲပြားမှုများ၊ အချင်းချင်း မတည့်မှုများ အပေါ်တွင်သာ အာရုံစိုက်ကြပြီး ပြင်ပက မြန်မာကို သွေးခွဲမှုများ၊ လွှမ်းမိုးမှုများ၊ လှုံ့ဆော်မှုများကို ဖော်ပြရေးသားမှု အလွန် ရှားတယ်လို့  မြင်ပါတယ်။

“ဒီလိုကိစ္စမျိုးမှာ အားလုံး တာဝန်ရှိတယ်။ တာဝန်ရှိသူတွေကလည်း မီဒီယာတွေ သိအောင် ပြောရမယ်။ အချက်အလက် ရှာပေးရမှာ ဖြစ်သလို မီဒီယာတွေကလည်း ရှာဖွေ ဖော်ထုတ် ရေးသားသင့်တယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။

ခိုင်သုခ
AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ

တနှစ်ကျော်ထိ ရှိလာပြီဖြစ်တဲ့ ရခိုင်စစ်ပွဲနဲ့အတူ သတင်းမီဒီယာတွေရဲ့ သတင်းပေးပို့ချက်တိုင်းလိုလိုမှာ မပါမဖြစ် တွေ့နေရသူကတော့ ရက္ခိုင့်တပ်မတော် AA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခပါပဲ။

ခိုင်သုခဟာ သူဖြေချင်ရင် ဖုန်းခေါ်တာ ကိုင်ပြီး  မြေပြင်တိုက်ပွဲ အခြေအနေသာမက သမိုင်းနောက်ခံ အကြောင်းအရာတွေနဲ့ပါ ထည့်ပြီး ပြန်လည် ဖြေကြားတတ်တယ်။ မဖြေချင်ရင် ဖုန်းလုံးဝ မကိုင်ပါဘူး။ ဥပမာ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်း AA အထိန်းသိမ်းခံ ဘဝနဲ့ တပ်မတော် လက်နက်ကြီး ကျကွဲတာကြောင့် သေဆုံးသွားတယ်လို့ ထုတ်ပြန်ပေမယ့် အသေးစိတ် မေးဖို့ ဆက်သွယ်ရာမှာ ဖုန်းမကိုင်ပါ။

“အခုအချိန်အထိ ကျနော် အာဏာရှင် ဆန့်ကျင်ရေးနဲ့ ရခိုင်ပြည် လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ULA /AA ကပေးအပ်တဲ့ တာဝန်တွေကို အားကြိုးမာန်တက် ထမ်းဆောင်ပြီးတော့ ခရီးဆက်နေပါတယ်” လို့ ပြောတဲ့ ခိုင်သုခဟာ AA မှာ ဝါအရင့်ဆုံးလို့ ဆိုနိုင်ပါတယ်။

သူ့အသက် ၂၀ ကျော်မှာ ကရင်ပြည် ကေအင်ယူနယ်မြေထဲ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရခိုင့်တပ်မတော်(ယာယီ)မှာ သူ့ နိုင်ငံရေး လက်ဦးဆရာ ခိုင်ရာဇာ၊ ခိုင်စောထွန်း ၊ ခိုင်ဖြူအောင်တို့နဲ့ လက်တွဲပြီး ဝင်ပါပါတယ်။

၁၉၉၁ ခုနှစ်မှာ ထိုင်းနယ်စပ်ကနေ မြန်မာပြည်တောင်ပိုင်း၊ ပြီးတော့ ပင်လယ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကတဆင့် ရခိုင်ပြည်နယ် ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံမကောင်းတော့ ၁၉၉၁ မှာ တကြိမ်၊ ၁၉၉၂ မှာ တကြိမ် ဘင်္ဂလားဒေ့ရှ်မှာ အဖမ်းခံရပြီး ထောင်ကျပါတယ်။ ပထမအကြိမ်မှာ ၂ လနဲ့ ၁၀ ရက်ပဲ ကျပေမယ့် ဒုတိယအကြိမ် စစ်ကြောင်းနဲ့အတူ နယ်ခြားကို ဖြတ်တာမို့ လက်နက်မှုနဲ့ ထောင် ၅ နှစ်ကျခံရတယ်။ ထောင်ကလွတ်လာတော့ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) နဲ့ လက်တွဲပါတယ်။

သူ့ဆရာ ခိုင်ရာဇာကတော့ သူလွတ်လာတဲ့ နောက်တနှစ် ၁၉၉၈ ခုနှစ်မှာ သူ့လို ရခိုင်ပြည် ခြေချဖို့ ထပ်ကြိုးစားရာမှာ အန်ဒမန်ပင်လယ်ထဲက ကျွန်းတကျွန်းပေါ်မှာ အိန္ဒိယ စစ်ထောက်လှမ်းရေးတွေရဲ့ လှည့်ဖျား သတ်ဖြတ်ခြင်း ခံရပါတယ်။

ခိုင်သုခဟာ ၂၀၁၂ ခုနှစ် ဧပြီလမှာ အစိုးရနဲ့ ALP တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပဏမ အပစ်အခတ် ရပ်စဲရေးအတွက် ပါတီကိုယ်စား ဦးဆောင်လက်မှတ်ရေးထိုးခဲ့တဲ့အထိ ALP ခေါင်းဆောင်မှုပိုင်းက ပါဝင်လာခဲ့တယ်။ ၂၀၁၄ မှာ ပါတီထိပ်ပိုင်းခေါင်းဆောင် အချင်းချင်း သဘောကွဲကြရာက ALP နဲ့ လမ်းခွဲပြီး ရခိုင်လူငယ် တဦးဖြစ်တဲ့ ထွန်းမြတ်နိုင်နဲ့ ပေါင်းကာ AA ရဲ့ နိုင်ငံရေး တောင်ပံ ဖြစ်တဲ့ ရက္ခိုင့် အမျိုးသား အဖွဲ့ချုပ် (ULA) ကို ပူးပေါင်းထူထောင်ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြား မျဉ်းတွေပေါ်က ခိုင်သုခရဲ့ အတွေ့အကြုံတွေဟာ ရခိုင်ပြည်မှာ AA ပြန်အခြေချဖို့ သင်ခဏ်းစာတွေဖြစ်ခဲ့သလို ၁၉၈၉ ကတည်းက ရခိုင့်နိုင်ငံရေးကို လုပ်လာတဲ့သူမို့ ရခိုင်စစ်ပွဲသတင်းတွေ လိုက်ကြတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဆန့်ကျင်ဘက် မြန်မာ့တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအပြိုင် မှတ်ချက်တွေ၊ သုံးသပ်ချက်တွေပါးပါးနပ်နပ် ဖြေဆိုနိုင်သူပါ။

ဦးမျိုးအောင်၊ ဦးမင်းခန့်နှင့် Dawei Watch
ဂျာနယ်လစ်များနှင့် သတင်းအေဂျင်စီ

Dawei Watch သတင်းအေဂျင်စီက ၂၀၁၃ ခုနှစ်မှာ အယ်ဒီတာချုပ် ဦးမျိုးအောင်နဲ့ သူငယ်ချင်း ၆ ယောက်တို့ ငွေကျပ် ၁၅ သိန်းစီ စိုက်ထုတ်ကာ တနင်္သာရီဂျာနယ်ကို စတင်ထုတ်ဝေခဲ့ရာက စပါတယ်။ Dawei Watch သတင်းအေဂျင်စီ အနေနဲ့လည်း ပြည်တွင်းက နေ့စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေကို စာမူခရယူပြီး မြန်မာပြည်တောင်ဘက်စွန်းက သတင်းတွေကို ပေးပို့နေခဲ့ပါတယ်။

ယနေ့အချိန် လူမှုကွန်ယက်စာမျက်နှာတွေမှာ သတင်းဖတ်ရှုမှုတိုးပြီး ပုံနှိပ်သတင်းစာ၊ ဂျာနယ်တွေ တစောင်ပြီး တစောင် ထိုးရပ်နေပေမယ့် Dawei Watch ရဲ့ တနင်္သာရီဂျာနယ်က ဒေသခံတွေရဲ့ အားပေးမှုနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေဆဲပါ။

ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရဟောင်းလက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို စတင်လမ်းဖွင့်မှုနဲ့အတူ အစိုးရဌာနဆိုင်ရာတွေနဲ့ သတင်းမီဒီယာဂဏ္ဍတို့ ပွတ်တိုက်မှု တချို့ရှိခဲ့ပေမယ့် တရားစွဲဆိုခံရတဲ့ အဆင့်ထိတော့ Dawei Watch သတင်းအေဂျင်စီ မခံခဲ့ရပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပြီး နောက်ပိုင်းမှ ၂ ကြိမ်တိုင်တိုင် တရားစွဲဆိုခံရပါတော့တယ်။

ပထမတကြိမ် စီးပွားရေးလုပ်ငန်းရှင်တဦးက Dawei Watch သတင်းအေဂျင်စီရဲ့ ဆောင်းပါးရှင်ကို တရားစွဲတာဖြစ်ပြီး ဒုတိယအကြိမ်က တနသာင်္ရီတိုင်း အစိုးရအဖွဲ့ကို သရော်စာရေးတယ်ဆိုပြီး တိုင်းအစိုးရက Dawei Watch သတင်းအေဂျင်စီကို တရားစွဆိုတာ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ တိုင်းအစိုးရရဲ့ တရားစွဲဆိုမှုကို မြို့နယ်တရားရုံး၊ ခရိုင်တရားရုံးတို့မှာ အဆင့်ဆင့် ရှုံးနိမ့်ထားပြီး တိုင်းအဆင့် အယူခံတင်ထားတာ စောင့်နေရပါတယ်။

ဒီလိုအချိန်မျိုးမှာ သတင်းထောက် ကိုမင်းခန့်က တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော် ထားဝယ်လေယာဉ်ကွင်း ရှင်းလင်းရေးကိစ္စ၊ လျှပ်စစ်စီမံကိန်းတို့မှာ အဂတိလိုက်စားထားတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေနဲ့ အထောက်အထားတွေကိုအယ်ဒီတာတွေဆီ တင်ပြလာပါတယ်။

ဦးမျိုးအောင်က “ကျနော်တို့ သူ ရရှိခဲ့တဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးမှုတွေ ပေါင်းလုပ်ကြပြီးမှ မှန်ကန်မှုရှိတဲ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီကိစ္စကို ဖောင်ထုတ်နိုင်တယ်ဆိုတာ ကျနော်တို့ တစုတဖွဲ့တည်း မဟုတ်ဘူး။ သက်ဆိုင်ရာ လွှတ်တော်ပိုင်းရော၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်အပါအဝင် ပြည်သူအားလုံးရော ပူးပေါင်းပါဝင်မှုကြောင့် ဒီအဂတိအမှုကို ဖော်ထုတ်နိုင်ခဲ့တာပါ။ အဲ့ဒီဖော်ထုတ်ချိန်က ကျနော်တို့မှာလည်း သရော်စာနဲ့ တရားစွဲခံရတဲ့အချိန်ဆိုတော့ ကျနော်တို့ကပဲ အမှန်တရားတခုထက် ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာမျိုး မဖြစ်အောင်လည်း ချင့်ချိန်ခဲ့ရတယ်” လို့ ပြောပါတယ်။

နောက်ဆုံးမှာတော့ NLD အစိုးရလက်ထက် ပထမဦးဆုံး တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ် အဂတိလိုက်စားမှုနဲ့ တရားစွဲခံလိုက်ရပါတော့တယ်။

Dawei Watch သတင်းအေဂျင်စီအနေနဲ့ မိမိတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ သတင်းတွေကို ဦးစားပေးပြီး သတင်းစာအရည်အသွေး ပြည့်ဝတဲ့ တနသာင်္ရီဂျာနယ်ကို ယနေ့အချိန်အထိ ထုတ်ဝေနေဆဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် တဦးဦးရဲ့ အကူအညီ အထောက်အပံ့တွေနဲ့ ရပ်တည်နေတာထက် ဒေသခံ လူထုက ဝယ်ယူဖတ်ရှု အားပေးမှုနဲ့ ကိုယ်ထူကိုယ်ထ ရပ်တည်နေတဲ့ ဂုဏ်ယူ အားကျဖွယ် လွတ်လပ်တဲ့ သတင်းဌာနတခုလို့ လည်း ဆိုနိုင်ပါတယ်။

ဒေါ်ခိုင်ခိုင်လဲ့
အမျိုးသမီး လွှတ်တော်အမတ်

ဒေါ်ခိုင်ခိုင်လဲ့ဆိုတဲ့ အမည်နာမတခုကို ကြားတဲ့အခါ ငယ်ရွယ်ပြီး သွက်လက်ထက်မြက်တဲ့ မဟုတ်မခံစိတ်ရှိတဲ့ အဆိုတွေ မေးခွန်းတွေကို ထိထိမိမိ တင်ပြတတ်တဲ့ မွန်ပြည်နယ်လွှတ်တော်က သထုံအမတ်ကို ပြေးမြင်မိကြမှာပါ။

သူဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ မွန်ပြည်နယ် သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပါတယ်။

လက်ရှိ မွန်ပြည်နယ် လွှတ်တော်မှာ ဥပဒေပြုရေးကော်မတီ၊ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ၂ ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။

၂၀၀၈ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့စဉ်က ကယ်ဆယ်ရေးသမားဘဝနဲ့ ပရဟိဟ လောကထဲ စဝင်ခဲ့ရင်းက အခုဆိုရင် နိုင်ငံသမား ဖြစ်လို့နေပါပြီ။

လွှတ်တော်သက်တမ်း ၄ နှစ်အတွင်းမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တဦးအနေနဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် သူကတော့ မမှုခဲ့ဘူးဆိုတာ သူ့လုပ်ရပ်တွေက သက်သေထူနေပါတယ်။

လွှတ်တော်ထဲမှာ ကြိုးပမ်းမှုကြောင့် တကိုယ်ရေ မိခင် Single mom တွေအတွက် အဖေနာမည်မပါဘဲ ကလေးမွေးစာရင်း ရနိုင်နေပြီ၊ ပဋိပက္ခ ဧရိယာထဲမှာ နေခဲ့ရတဲ့ တိုင်းရင်းသားတွေ မှတ်ပုံတင်ပြုလုပ်တဲ့အခါ ဖြေလျှော့မှုတွေ ရှိလာနေပြီ။ ဒါတွေ ဟာ သူ့ဘဝမှာ အောင်မြင်မှုတွေ ဖြစ်တယ်လို့ သူက ထုတ်ဖော် ပြောပြဖူးပါတယ်။

မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြုံရပြီဆိုရင်လည်း နေ့ညမရွေး အရောက်သွားကာ ကူညီ ကယ် ဆယ်ရေး လုပ်ငန်းတွေကို ရှေ့တန်းက တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ခဲ့တာကို ပြီးခဲ့တဲ့ သထုံလေဘေးနဲ့ ပေါင် မြို့နယ်အတွင်းက မလတ်တောင်ပြိုကျမှုမှာ တွေ့မြင်နိုင်ပါတယ်။

ကလေးသူငယ်နဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဥပဒေ၊ မူဝါဒ အသိပညာဟောပြောပွဲတွေ၊ သက်ငယ်မုဒိမ်း ပပျောက်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်း ရပ်ရွာအထိ ကွင်းဆင်းရုံသာမက အမှုအခင်းတွေ ဖြစ်လာရင် လည်း သူ့ကော်မတီကို တိုင်တိုင်မတိုင်တိုင် သူကတော့ ပါဝင်ကူညီပေးလေ့ရှိပါတယ်။

အောက်ခြေအဆင့်မှာ ပါဝင်ရုံသာမက မြန်မာ့နိုင်ငံရေးမှာ ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍ အသီးသီးမှာ အမျိုးသမီး ခေါင်းဆောင်ပါဝင်လာရေးနဲ့ ပတ်သက်လို့လည်း အရည်အသွေးမြင့်သင်တန်းတွေ၊ စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးမှုတွေကိုလည်း အလျဉ်းသင့်သလို ပါဝင်ဆောင်လျက် ရှိပါတယ်။

သူက အရည်အချင်းပြည့်မီတဲ့ အမျိုးသမီးတွေကို သူတို့နဲ့ ထိုက်တန်တဲ့နေရာ ပေးကိုပေးရမယ်လို့ ခံယူထားပြီး ပြည်ထောင်စုအဆင့်မှာ အမျိုးသမီးဝန်ကြီးများများ ပါဝင်လာဖို့လည်း ဆန္ဒရှိသူပါ။

ပြီးခဲ့တဲ့ ၂၀၁၇ လောက်ကဆိုရင် သူ့မဲဆန္ဒနယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာ အလံတရာ ဆရာတော် ဝင်စားတယ်ဆိုတဲ့ ခွန်တန်(ခေါ်) ဇာတ်လိုက်ရဲ့ ပြဿနာနဲ့ ပတ်သက်လို့လည်း ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တာတွေကြောင့် လူမှုကွန်ရက်ကနေတဆင့် ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေလည်း သူ့အနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဒီနေ့ဒီအချိန်ထိတော့ သူဟာ ကြံ့ကြံ့ခံ ရပ်တည်နေဆဲဖြစ်ပြီး စိတ်ဓာတ်ခိုင်မာသူ တဦးဖြစ်တာကို သူ့ စကားတွေကနေတဆင့် ထင်ဟပ်ပြသနေပါတယ်။

“သန်မာတဲ့သူ နောက်မှာ ထောက်ခံပေးမယ့်သူတွေလည်း သူ့ဘာသာ အလိုလို ရပ်လာလိမ့်မယ်။ ပျော့ညံ့တဲ့သူကို ဘယ်သူမှ မထောက်ခံပေးပါဘူး။ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ လူအားလုံး ယုံကြည်ကိုးစားလို့ ခေါင်းဆောင်ဖြစ်လာ တာပါ” လို့ သူ့ခံယူချက်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

ဗစ်တိုးရီးယား
လိင်အကြမ်းဖက်ခံရသူ ကလေးငယ်

၂၀၁၉ ခုနှစ်အတွင်း လူအများ စိတ်ပါဝင်စားမှု အရှိဆုံး ရာဇဝတ်မှုက နေပြည်တော်မှာ မေလ ၁၆ ရက်နေ့က Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းတက်နေတဲ့ အသက် ၂ နှစ်အရွယ် သမီးငယ် ဗစ်တိုးရီးယားရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမှု ဖြစ်မယ်။ ဒီအမှုဟာ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကိုယ်တိုင် စောင့်ကြည့်ရတဲ့ အမှုလည်း ဖြစ်ပါတယ်။

ဗစ်တိုးရီးယားအမှုကို ရဲတပ်ဖွဲ့က စတင်ကိုင်တွယ်ကတည်းက လူအများ စိတ်ဝင်စားခဲ့ကြပါတယ်။ ဗစ်တိုးရီးယား တက်ခဲ့တဲ့ မူကြိုကျောင်းဟာ ရဲအရာရှိတဦးရဲ့ ဇနီးက ဦးစီးနေတာဖြစ်ပြီး ဒီအမှုဟာ ကျောင်းနဲ့မဆိုင်ဘဲ ကျောင်းဂုဏ်သိက္ခာ ထိခိုက်အောင် လူမှုကွန်ရက်မှာ ရေးသူတွေကို တရားစွဲမယ်လို့ ကနဦး ခြိမ်းခြောက်မှုတွေကလည်း လူတွေကို ပိုစိတ်ဝင်စားစေခဲ့ပါတယ်။

နာမည်ကြီး အနုပညာရှင်များ အပါအဝင် Facebook အသုံးပြုသူတွေက ပရိုဖိုင်ပုံတွေမှာ Justice for Victoria (ဗစ်တိုးရီးရားအတွက် တရားမျှတမှု) ဆိုပြီး ပြောင်းလဲလာတဲ့အထိ ကလေးငယ်ဘက်က ရပ်တည်လာကြပါတယ်။

ရဲတပ်ဖွဲ့ဟာ မူကြိုကျောင်း ကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေတဲ့ အောင်ကျော်မျိုး(ခ)အောင်ကြီးကို သံသယ တရားခံအဖြစ် ဇူလိုင် ၄ ရက်နေ့တွင် တရားစွဲဆို အပြီး ဇူလိုင် ၆ ရက် မှာတော့ ရန်ကုန်မြို့ CID ရုံးရှေ့ လူထောင်ပေါင်းများစွာ စုရုံးပြီး ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို မကျေနပ်ပဲ ဆန္ဒပြခဲ့ပြီး ဆက်တိုက်ဆိုသလို တောင်ကြီး၊ မန္တလေး၊ ပြည်၊ တောင်ငူနဲ့ အခြားမြို့ကြီးတွေမှာ ဆန္ဒပြခဲ့ကြပါတော့တယ်။

ထူးခြားတဲ့ လူထုလှုပ်ရှားမှုတရပ်အသွင် ဖြစ်လာခဲ့တာမို့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်ကို ကိုင်တွယ်နေရသူတွေက တရားမျှတမှုအတွက် ကတိကဝတ်ပေးခဲ့ကြရပါတယ်။ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ တရားသူကြီး ၂ ဦးထိုင်ရုံးထိုင် ကြားနာရတဲ့အထိ အမှုကို အရေးထားခဲ့ကြရပါတယ်။

အမှုကို နှစ်ဖက်ရှေ့နေများရဲ့ အပြန်အလှန် မေးခွန်းမေးမြန်းမှုများနဲ့ တရားလိုဖြစ်တဲ့ ရဲဘက်က တင်သွင်းတဲ့ လိုုပြသက်သေများကို စစ်ဆေးနေဆဲ ဒီဇင်ဘာ ၁၈ ရက်နေ့ ၁၃ ကြိမ်မြောက် ရုံးချိန်းမှာ တရားခွင် စစ်ဆေး ပေါ်ပေါက်ချက်တွေအရ စွဲချက်တင်နိုင်တဲ့ သက်သေခံချက် အထောက်အထား တစုံတရာ တွေ့ရခြင်း မရှိဆိုပြီး တရားရုံးက အောင်ကြီးကို တရားရှင်လွှတ်ပေးလိုက်ပါတယ်။

ဒါဟာ တရားလို ရဲတပ်ဖွဲ့က တင်သွင်းတဲ့ သက်သေခံအထောက်အထားတွေ အားမကောင်းလို့ ဆုံးဖြတ်လိုက်တာပါ။ တကယ်တမ်းလည်း အမှုမှာ ရဲတပ်ဖွဲ့ဟာ နစ်နာသူကို ကာကွယ်ပေးပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားရမယ့်အစား အမှုကို လမ်းကြောင်းလွဲအောင်၊ အမှန်နဲ့ ပိုဝေးသွားအောင် လုပ်ဆောင်နေတဲ့ ပုံပေါ်နေတယ်လို့ အများက ဝေဖန်နေကြပါတယ်။ ဥပမာ ဗစ်တိုးရီးယားရဲ့ မိန်းမကိုယ်မှာ တွေ့ရှိထားခဲ့တဲ့ သုတ်ပိုးက ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ အထောက်အထား ခိုင်မာစွာ တွေ့ရှိခဲ့ပေမယ့် မှုခင်းရဲတပ်ဖွဲ့ လက်ထဲရောက်တဲ့အခါ ဘာမှမရှိတော့တာ၊ CCTV မှတ်တမ်း မူရင်းတွေ ပြန်လည် မဖော်ထုတ်နိုင်ခဲ့တာတွေက သံသယဖြစ်စရာတွေ ဖြစ်နေခဲ့ရလို့ပါပဲ။

ကိုအောင်ကြီးကို တရားသူကြီးက တရားရှင်လွှတ်ပေးအပြီး နောက်တရက်၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးနဲ့ ရဲမှူးကြီး မင်းဟန်တို့က ကလေးငယ်ရဲ့ အမည်ရင်း၊ မိဘ အမည်နဲ့ နေရပ်လိပ်စာတွေကို ထည့်သွင်းပြောဆိုခဲ့တာအပြင် ရဲတပ်ဖွဲ့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာ “ရဲဇာနည်”မှာ အဲဒီ အချက်အလက်တွေကို တင်လိုက်တာကြောင့် ဒီအမှုကို စောင့်ကြည့်နေသူတွေ ပိုပြီး ဒေါသူပုန်ထကုန်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို မကျေနပ်ပဲ ရန်ကုန်မြို့မှာ ကလေးမိဘ အများအပြားက ဒီဇင်ဘာလ ၂၃ ရက်မှာ ကန့်ကွက်ရှုတ်ချ လမ်းပေါ်ထွက် ဆန္ဒပြပါတယ်။ ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးလိုက်တာအပေါ် ကျေနပ်မှု မရှိရင် အဆင့် ပိုမြင့်တဲ့ တရားရုံးကို ၂ လအတွင်း ပြင်ဆင်ချက်နဲ့ ပေးပို့နိုင်တာကြောင့် အမှုမှန်ပေါ်ပေါက်ရေး တရားဥပဒေလမ်းကြောင်းအတိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဘာဆက်လုပ်မယ်ဆိုတာ စောင့်ကြည့်နေကြပါပြီ။

ဒေါ်ရွက်နုအောင်
တရားလွတ်တော်ရှေ့နေ

ဗစ်တိုးရီးယားအမှုမှာ တရားလိုဘက်က ရှေ့နေအဖြစ် ဆောင်ရွက်သူ မန္တလေးမြို့က တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် ပါဝင်ဆောင်ရွက်မယ်ဆိုတော့ လူအများက စိတ်ဝင်စားကြပါတယ်။

ဒေါ်ရွက်နုအောင်ဟာ ဒီအမှုမတိုင်ခင်ကတည်းက မြန်မာနောင်း Myanmar Now အယ်ဒီတာကိုဆွေဝင်း အမှုအပါအဝင် မတရားဘူးလို့ သူယုံကြည်တဲ့အမှုတွေကို ငွေကြေးကို ရှေ့တန်းမတင်ဘဲ ပြောင်ပြောင်မြောက်မြောက်နဲ့ ရဲရဲဝင့်ဝင့် ရှေ့နေလိုက်သူ အမျိုးသမီး ရှေ့နေအဖြစ် ဂုဏ်သတင်းမွှေးလာခဲ့သူပါ။

ဒေါ်ရွက်နုအောင်ဟာ အခုအမှုကို တရားလိုဘက်က လိုက်ပါဆောင်ရွက်ရာမှာ အစိုးရ ဥပဒေအရာရှိရဲ့ ကြီးကြပ်မှုအောက်က ဆောင်ရွက်ရပေမယ့် တချို့ တရားခွင် စစ်ဆေးမှုများမှာ ဥပဒေအရာရှိနဲ့ သဘောထား ကွဲလွဲတတ်တာမျိုး ရှိပြီး အမှားအမှန်ကို တရားခွင်အတွင်း ချက်ချင်းထပြီး ထောက်ပြတတ်ပါတယ်။

ဗစ်တိုးရီးယားဘက်က အမှုလိုက်ပါဆောင်ရွက်ဖို့ ကလေးမိဘဘက်က ကြားခံတဦးက ဆက်သွယ်လာတဲ့အခါ လက်ခံခဲ့တဲ့အကြောင်း ဒီလိုပြောပါတယ်။ “ကာယကံရှင် မိသားစုနဲ့ အရင်ဆုံး တွေ့လိုက်တယ်။ တွေ့ပြီးမှ အမှုဖြစ်စဉ် အကြောင်းအရာတွေကို မေးတယ်။ မေးရင်းနဲ့ သူတို့ မိသားစုရဲ့ ကြုံတွေ့နေရတဲ့ အနေအထား၊ လူတွေကိုလည်း အကဲခတ်တယ်။ သူတို့ဟာ ပညာတတ်တွေ၊ ရိုးသားတဲ့ အောက်ခြေဝန်ထမ်း မိသားစုတွေ၊ ကလေးမှာလည်း တကယ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတယ်ဆိုတာ သေသေချာချာ သိသွားတယ်။ ဒါကြောင့် ဒီအမှုကို လက်ခံတယ်”လို့ ဆိုပါတယ်။

ဒေါ်ရွက်နုအောင်ဟာ အမျိုးသမီးရှေ့နေတဦးဖြစ်တာမို့ အမှုတွေ လိုက်ပါဆောင်ရွက်တဲ့အခါ ခြိမ်းခြောက်ခံရတာတွေလည်း ကြုံရပါတယ်။ ဒါပေမယ့် အမှန်တရားပေါ်ပေါက်စေလိုတဲ့ ဆန္ဒကိုသာ ဦးထိပ်ထားတာကြောင့် ချစ်ခြင်း၊ မုန်းခြင်းများကို ခံစားလေ့မရှိဘဲ ယုံကြည်ချက်အတိုင်း ဆက်လျှောက်နေတယ်လို့ ပြောပြပါတယ်။

သက္ကမိုးညို (သို့မဟုတ်) ဒေါက်တာ ဝင်းကိုကိုသိန်း
ဗစ်တိုးရီးယားအရေး တက်ကြွလှုပ်ရှားသူ

သက္ကမိုးညိုလို့ ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ လူသိများတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းကလည်း ဗစ်တိုးရီးယားအမှုမှာ ထည့်သွင်း အမှတ်ပေးရမယ့်သူပါပဲ။ ဗစ်တိုးရီးယားရဲ့ ဖခင်ကိုယ်စား လူအများ သတိပြုမိလာအောင် သူ့ဖေ့ဘွတ်စာမျက်နှာကတဆင့် ရေးသားဖော်ပြပေးခဲ့တာကြောင့်လည်း ဒီအမှုရဲ့ တရားခွင်နဲ့ ရဲရဲ့ စုံစမ်းစစ်ဆေးမှု နောက်ကွယ်က အကြောင်းတွေကို လူတွေ ပိုသိလာရတယ်လို့ ပြောရင် မမှားပါဘူး။

သက္ကမိုးညို ခေါ် ဒေါက်တာ ဝင်းကိုကိုသိန်းဟာ လက်ရှိမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး အဆင့်ရှိသူတဦးလည်း ဖြစ်ပါတယ်။ သက္ကမိုးညိုဟာ အမှုဖြစ်စဉ် အခြေအနေကို လူမှုကွန်ရက် စာမျက်နှာမှာ အချိန်နဲ့ တပြေးညီ ဖော်ပြတတ်ပါတယ်။ သူ့ရဲ့ ရေးသားဖော်ပြချက်အချို့ကြောင့် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းတယ်လို့ ဆိုပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့မှာ အီလက်ထရောနစ် ပုဒ်မ ၃၄ (ဃ) နဲ့ ပျဉ်းမနားမြိ့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါသေးတယ်။

ဒါပေမယ့် သက္ကမိုးညိုဟာ သူ့ကို ထောက်ခံသူတွေရဲ့ တဖက်တလမ်းက အကူအညီနဲ့ ငွေကျပ် သိန်း ၁၀ဝ အာမခံတင်ပြီး ပြန်လွတ်လာခဲ့ပါတယ်။ ဗစ်တိုးရီးယား အမှုရုံးချိန်းတိုင်းလိုလို တရားခွင်အတွင်း လာရောက်နားထောင်လေ့ရှိပြီး ဗစ်တိုးရီးယား မိသားစုကို အနီးကပ် အကြံပေးတဦးလည်း ဖြစ်ပါတယ်။

ကျော်ဇင်ဝင်း
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူ

လိင်စိတ်ကွဲပြားမှုအပေါ် အခြေခံပြီး လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရလို့ဆိုကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ ဖြစ်ရပ်တခု ပြီးခဲ့တဲ့ ဇွန်လပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

Myanmar Imperial University (MIU)မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၂၆ နှစ် အရွယ် ကျော်ဇင်ဝင်းရဲ့ သေဆုံးမှုဟာ LGBT အသိုင်းအဝိုင်းကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို လူမှုကွန်ရက်စာမျက် နှာ သုံးစွဲသူတွေအကြားမှာလည်း ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။

အနေအေးပြီး ပျော်ပျော်နေတတ်တဲ့သူ့ကို အခုလို ဖြစ်သွားတဲ့အပေါ်မှာလည်း သူနေထိုင်ရာ ရပ်ကွက်အတွင်းက အသိုင်းအဝိုင်းကလည်း အံ့သြခဲ့ကြပါတယ်။

ကျော်ဇင်ဝင်းဟာ သူ မသေဆုံး ခင်အချိန်မှာ သူ့အနေနဲ့ လုပ်ငန်းခွင်အတွင်း လိင်ဝိသေသကွဲပြားမှုကို အဓမ္မ ဖော်ထုတ်ခံရပြီး အုပ်စုဖွဲ့ အနိုင်ကျင့် ပြောဆိုမှုတွေ ခံရကြောင်းကို Screen Shot တွေနဲ့အတူ သူ့ရဲ့ လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

သူသေဆုံးချိန် တိုက်ဆိုင်မှု တခုကတော့ နှစ်တနှစ်ရဲ့ ဇွန်လဟာဆိုရင် လိင်စိတ်ကွဲပြားသူတွေရဲ့ စွမ်းအင်သတ္တိကို အသိအမှတ်ပြုတဲ့ LGBT Pride Month လို့သတ်မှတ်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့နာရေးမှာ LGBT အသိုင်းအဝိုင်းက လာရောက် ဝန်းရံကြခဲ့သလို ဆုတောင်းပွဲတွေ လုပ်ပြီးတော့လည်း သူသေဆုံး မှုနဲ့ပတ်သက်လို့ တရားမျှတမှုရရှိရေး တောင်းဆိုခဲ့ကြပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးဖို့ဆိုပြီး LGBT အသိုင်းအဝိုင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို တိုင်ကြားခဲ့တာကြောင့် ကော်မရှင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။

ကျော်ဇင်ဝင်း သေဆုံးမှုဟာ လုပ်ငန်းခွင်အတွင်း နိုင်ထက်စီးနင်း ပြုကျင့်ခံရလို့ မဟုတ်၊ ပင်ကိုယ်အနေအထားကိုယ်က စိတ်အားငယ်တတ်သူဖြစ်တယ်ဆိုတဲ့ MNHRC ရဲ့ ကောက်ချက်ဟာ တရားမျှတမှုကို မျှော်လင့်နေသူတွေအတွက်တော့ အားရကျေနပ်စရာ မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ဒီလိုမျိုးဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်တွေ ထပ်မဖြစ်နိုင်အောင် လုပ်ငန်းခွင်အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ နိုင်ထက်စီးနင်းပြုမှုကျင့်တွေ မရှိဘဲ လူတယောက်နဲ့တယောက် အပြန်အလှန် လေးစားမှု၊ တန်ဖိုးထားတတ်မှုတွေဟာလည်း အရေးကြီးတယ်ဆိုတာကို သတိပေးရာ ရောက်ခဲ့ပါတယ်။

You may also like these stories:

၂၀၁၉ ခုနှစ်၏ ကြယ်တာရာများ

၂၀၁၈ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

The post ၂၀၁၉ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ appeared first on ဧရာဝတီ.

ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၂)

$
0
0

အရပ်သား အစိုးရလက်ထက် သွေးထွက် များလာသော ရခိုင် စစ်ပွဲ

ရခိုင်ပြည်နယ် အတွင်း စစ်ရေးပဋိပက္ခ ဆက်လက် မြင့်တက်နေပြီး အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် အတူ ဖမ်းဆီးတရားစွဲ ခံရမှုများလည်း တနေ့ထက်တနေ့ များပြားလာနေသည်။

ယင်းသို့ တိုက်ပွဲနှင့်မသက်ဆိုင်ဘဲ အပြစ်မဲ့ အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်၍ စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းရန် မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က လွှွတ်တော်တွင် အဆိုတရပ် တင်သွင်းခဲ့သည်။

အဆိုအပေါ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့ကြသော်လည်း ပါတီ အသီးသီးမှ ကိုယ်စားလှယ်များက ထောက်ခံခဲ့ကြသည့် အတွက် စက်တင်ဘာလ ၂၃ ရက်နေ့ ကျင်းပသော ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ပြည်နယ် လွှတ်တော်တွင် အဆို အောင်သော်လည်း အစိုးရအနေဖြင့် လက်ရှိ အချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသကဲ့သို့ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိကြောင်းလည်း ဦးထွန်းသာစိန်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်ပွဲကာလအတွင်း အရပ်သား သေဆုံးသူဦးရေ ၈၀ နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂၀ ကျော်အထိ တိုးလာနေကြောင်းလည်း ဦးထွန်သာစိန်က လွှတ်တော်တွင်တင်ပြ ဆွေးနွေးခဲ့သည်။

နေ့စဉ်နှင့်အမျှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဖမ်းဆီးခံရမှုများ ရှိနေသည့် အတွက် နောက်ထပ်တိုးလာသည့် သေဆုံးသူ၊ ထိခိုက်သူ အရေအတွက် အတိအကျကိုမူ လတ်တလောစာရင်း မပြုစုနိုင်သေးဟု ဆိုသည်။

ပူပူနွေးနွေး ယခုလဆန်းပိုင်း မြောက်ဦးမြို့နယ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အရပ်သား ဦး သေဆုံး ကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၂ ဦး ရှိခဲ့သည်။

ဒီဇင်ဘာလ ရက်နေ့က မြောက်ဦးမြို့နယ် ရှာရှည်ပြင် ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးငယ် ဦးနှင့် ကလေးငယ် ဦး စုစုပေါင်း ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများအကြား သေဆုံး ဒဏ်ရာရှိခဲ့သော ရခိုင်ဒေသခံများ (ဓာတ်ပုံ – ဧရာဝတီ)

ဒီဇင်ဘာလ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် နလိပ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ သဖြင့် ရွာသား ဦးထိခိုက် ဒဏ်ရာရရှိခဲ့သလို ထိုနေ့ ညနေပိုင်းတွင် မြောက်ဦးမြို့ အလယ်ဈေး ရပ်ကွက် တွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်၍ ကလေးငယ် ဦးနှင့် အမျိုးသမီး ဦး သေဆုံးကာ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

စစ်၏ ဆိုးကျိုး ဖြစ်သော လူမသိ၊ သူမသိ ဖမ်းဆီးခံရမှု၊ တိုက်ပွဲကြားတွင် ပျောက်ဆုံးသွားမှု စသည့် ဖြစ်ရပ် များကြောင့် ကျန်ရစ်သူ မိသားစုများ အနေဖြင့်လည်း ပူပင်သောကများ ဖြစ်နေကြရသည်။

မီးရှို့ ရုပ်အလောင်းများနှင့် ပျောက်ဆုံးသူ ၅ ဦး၏ ကံကြမ္မာ

ကျောက်တော် မြို့နယ်နှင့် မြောက်ဦး မြို့နယ်ကြား ရန်အောင်ပြင် ကျေးရွာအနီး တပ်မတော်နှင့် AA တို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ကြသည်။

ထိုတိုက်ပွဲ ဖြစ်ပွားသည့်နေ့တွင် ဒေသခံ ကျေးရွာသား ဦး အိမ်ပြန် မရောက်တော့ဘဲ တိုက်ပွဲ ဖြစ်ပွားရာ နေရာ အနီး တွင် ပျောက်ဆုံးသွားခဲ့သည်။

ပျောက်ဆုံးသွားသူ ကျေးရွာသား ဦးသည် မြောက်ဦးမြို့နယ် ရန်အောင်ပြင် ကျေးရွာသား ဦး၊ ကျောက်တော် မြို့နယ် ကျားနင်းကန် ကျေးရွာမှ ဦးတို့ ဖြစ်ပါသည်။

သူတို့ ဦးသည် တိုက်ပွဲဖြစ်ပွားရာ ရန်းချောင်း တောင်တန်းအနီး သာကျော်ရွာနှင့် ရန်အောင်ပြင် ကြားတွင် တချိန်တည်း၊ တရက်တည်း ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောပြသည်။

ကျားနင်းကန် ကျေးရွာသား အသက် ၃၀ ကျော်အရွယ် ဦးမောင်ဝင်းစိန်နှင့် အသက် ၂၀ ကျော်အရွယ် ကိုမောင်ရွှေစိုး တို့သည် တိုက်ပွဲမဖြစ်ခင် နာရီပိုင်းအလို ဆိုင်ကယ်ဖြင့် ထင်းဝယ်ရန် သွားရောက်ခဲ့ရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ရမ်းချောင်းဖျားကနေ ထင်းတင်ပြီး စက်လှေဖြင့် ရွာသို့ ပြန်လာကြသော ဦးအေးသိန်းနှင့် ကိုမျိုးမင်းဇော်တို့သည်လည်း သာကျော် ရွာနှင့် ရန်အောင်ပြင်ရွာကြား လမ်းတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးအေးသိန်း၏ ဇနီးဖြစ်သူ ဒေါ်အေးမေစိုးက ပြောသည်။

ဒေါ်အေးမေစိုးကကျမ ယောကျ်ားတို့က ထင်းတင်ပြီးတော့ စက်လှေနဲ့ လာပါတယ်၊ သူတို့ တိုက်ပွဲဖြစ်တာလည်း မသိဘူး။ လမ်းခုလတ် ရောက်မှ တိုက်ပွဲဖြစ်တာသိတာ။ အဲဒီအနီးက သာကျော်ရွာ ဆိုတာ ရှိတယ်။ အဲဒီရွာက လူတွေက တိုက်ပွဲဖြစ်နေ တယ်။ ဒီမှာ ခဏနေဦး ပြောတယ်တဲ့။ တနာရီလောက်ကြာတော့ တိုက်ပွဲဖြစ်တာပြီးပြီ အိမ်ကလည်း မိသားစုတွေ စိုးရိမ်နေမယ်ဆိုပြီး အဲဒီရွာကနေ သွားကြတယ်လို့ ပြောတယ်။ အဲဒီအတည်းက ကျမယောကျ်ား ပြန်မရောက် လာတာဟု ပြန်ပြောပြသည်။

တခြားသော နောက်က ပါလာသည့် စက်လှေသမားများက ဦးအေးသိန်းတို့၏ ထင်းလှေအား တပ်မတော်သားများ ရှိရာ ချောင်းကမ်း ဘေးတွင် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ကြသည်ဟုလည်း ဒေါ်အေးမေစိုးက ရှင်းပြသည်။

ကျမ အစ်မတို့လှေလည်း သူတို့နောက်ကလာတော့ ကျမအိမ်ရှင် (ခင်ပွန်း) ရဲ့လှေကို ချည်ထားတာကို လူတွေ တွေ့ခဲ့ ကြတယ်။ ထင်း အပြည့်နဲ့။ ငါ့ညီမ ယောကျ်ား စက်လှေရှိတယ်၊ လူလည်း မရှိဘူးဆိုပြီး ကျမ အစ်မတို့တောင် ပြောနေ ကြသေးတယ်တဲ့။ အဲဒီနေရာမှာ စစ်သားတွေလည်း အများကြီး ရှိတယ်တဲ့။ ကျမ အစ်မတို့လည်း အစစ်ဆေး ခံခဲ့ရ တယ် လို့ ပြောတယ်ဟု ဒေါ်အေးမေစိုးက ပြောပြသည်။

ဖခင် သေသလား၊ ရှင်သလား မသိဘဲ ပျောက်ဆုံးနေသည့် အတွက် ကျန်ရစ်ခဲ့သော ဆယ်ကျော်သက် အရွယ် သား ယောကျ်ားလေး ဦး၏ ပညာရေးသည်လည်း လမ်းပျောက်ခဲ့ရကြောင်း ဒေါ်အေးမေစိုးက ပြောသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများအကြား သေဆုံး ဒဏ်ရာရှိခဲ့သော ရခိုင်ဒေသခံများ (ဓာတ်ပုံ – ဧရာဝတီ)

ကျမ ယောကျ်ားက အမေအို၊ အဖေအိုတွေနဲ့ သားသမီးတွေကို လုပ်ကျွေးနေရတာပါ။ ကျမသား ယောက်လည်း အခု ပညာလည်း မသင်နိုင်တော့ဘူး။ လမ်းဆုံးပြီ။ ကျမတို့မိသားစု အားလုံး မျက်စိ ကန်းသွားတာနဲ့ တူသွားပြီဟု ဒေါ် အေးမေစိုးက ပါးပြင်ထက်က စီးကျလာသော မျက်ရည်ကို သုတ်ရင်း ပြောပြသည်။

ထိုနေ့က ပျောက်ဆုံးသွားသည့် ကျားနင်းကန် ကျေးရွာနေ ဦးမောင်ဝင်းစိန်၏ဇနီး ဒေါ်မြင့်ဌေးကလည်း သူ့ယောကျ်ား မပျောက်ဆုံးခင် ပထမတကြိမ် ဖုန်းအဆက်အသွယ်ရကြောင်း၊ ဒုတိယ အကြိမ်တွင် သူ့ယောကျ်ားဖုန်းအား သူစိမ်း လူတယောက်က ကိုင်ကြောင်း ပျောက်ဆုံးသွားသည့် အချိန်က ဖြစ်စဉ်ကို ပြန်ပြောပြသည်။

ပထမအကြိမ် ဖုန်းဆက်တုန်းက ကျမယောကျ်ားနဲ့ အဆက်အသွယ်ရသေးတယ်။ တိုက်ပွဲဖြစ်နေလို့ သူ သာကျော်ရွာ မှာ ရှိတယ်လို့ ပြောတယ်။ နောက်ထပ် နာရီဝက်အကြာမှာ ဖုန်းဆက်တော့ သူ့အသံ မဟုတ်တော့ဘူး။ သူစိမ်း တယောက် ကိုင်တယ်။ ဘာကိစ္စရှိလဲ၊ ကိစ္စမရှိရင် မဆက်နဲ့ ဆိုပြီး ဖုန်းချသွားတယ်ဟု ဒေါ်မြင့်ဌေးက ပြောပြသည်။

ထိုနေ့ရက်က ဇနီးဖြစ်သူ ဒေါ်မြင့်ဌေးတယောက် ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုသော်လည်း ဆက်သွယ်၍ မရလိုက်တော့ပေ။  သူ့ခင်ပွန်း ဖုန်းစက် ပိတ်သွားသည်မှာ ယနေ့အချိန်အထိဖြစ်သလို ဦးလုံး အိမ်ပြန် မရောက်လာတော့ပါ။

ကျားနင်းကန်ရွာသား ဦး ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်ပြီး ထိုနေ့ ညနေပိုင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူက ကျောက်တော် ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သော်လည်း ပျောက်ဆုံးသွားသည့် နေရာသည် မြောက်ဦးအပိုင် ဖြစ်သည့်အတွက် မြောက်ဦး ရဲစခန်းသို့ လမ်းညွန်ခဲ့ကြောင်း ဒေါ်မြင့်ဌေးက ပြောသည်။

နောက်တနေ့ မြောက်ဦး ရဲစခန်းသို့ သွားရောက် တိုင်တန်းသော်လည်း ပျောက်ဆုံးနေသူများသည် ၎င်းတို့ မြို့နယ်မှ မဟုတ်သည့် အတွက် ကျောက်တော် ရဲစခန်းသို့ သွားရောက်တိုင်တန်းရန် အကြံပြုကြောင်း ပျောက်ဆုံးသူ မိသားစုဝင် များက ပြန်ပြောပြကြသည်။

ကျမတို့က ဟိုပြေးလိုက်၊ ဒီပြေးလိုက် ခွေးလို ဝက်လိုပဲ၊ ကျောက်တော် စခန်းက မြောက်ဦး စခန်းသွားပါတဲ့၊ မြောက်ဦး စခန်းက တခါ ကျောက်တော်စခန်းနဲ့ ဆိုင်တယ်တဲ့ဟု ဒေါ်မြင့်ဌေးက ပြောသည်။

ရန်အောင်ပြင်ရွာက ပျောက်ဆုံးသွားသည့် အသက် ၆၀ အရွယ် ဦးလှထွန်းချေကိုမူ တပ်မတော်သားများ လက်ထဲတွင် ဖမ်းချုပ်ပြီး ကြိုးတုပ်ထားသည်ကို တွေ့ရှိရကြောင်း ဇနီးဖြစ်သူ ဒေါ်ဒါစိန်ကလည်း ပြောပြသည်။

ရန်အောင်ပြင်ရွာနေ ဦးလှထွန်းချေသည် ရွာအနီး ငရုတ်စိုက်ခင်းတွင် နွားများ ဝင်ရောက်ဖျက်ဆီးမည်ကို စိုးရိမ်သည့် အတွက် စိုက်ခင်းသို့ သွားရောက်ရာမှ နေအိမ် ပြန်မရောက်လာသည့်အတွက် ၎င်းကိုယ်တိုင် လိုက်သွားခဲ့ရာ ဖမ်းဆီး ချုပ်နှောင် ထားသည်ကို တွေ့မြင်ခဲ့ရကြောင်း ဒေါ်ဒါစိန်က ပြောသည်။

တိုက်ပွဲဖြစ်တာ ရပ်သွားတော့ ကျမက အမျိုးသားကို စိုးရိမ်ပြီးတော့ သွားကြည့်ပါတယ်။ စိုက်ခင်းနားကို ကျမ သွား ကြည့် လိုက်တဲ့အခါ ကျမယောကျ်ားကို တပ်မတော်လက်ထဲမှာ ဖမ်းချုပ်ထားပါတယ်။ ကြိုးတွေနဲ့ တုပ်ထားပါတယ်။ အဲဒီ အချိန်မှာ ကျမအမျိုးသား လှထွန်းချေက ပုဆိုးကျွတ်ကျတော့မယ်၊ ပုဆိုး တချက် လာဝတ်ပေးပါဆိုလို့ ကျမက ပုဆိုး သွားဝတ် ပေးလိုက်ရသေးတယ်ဟု ဒေါ်ဒါစိန်က သူကြုံတွေ့ရပုံကို ပြန်ပြောပြသည်။

ထိုသို့ ခင်ပွန်းဖြစ်သူ ဦးလှထွန်းချေအား ပုဆိုးဝတ်ပေးပြီးနောက် ဘာမှ မစိုးရိမ်နှင့် ညနေပိုင်း ပြန်လွှတ်ပေးမည်ဟု ဆိုကာ တပ်မတော်သားများက ဒေါ်ဒါစိန်ကို ပြန်ခိုင်းလိုက်သည်ဟု ဆိုသည်။

ပုဆိုး ဝတ်ပေးလိုက်ပြီးတဲ့ အချိန်မှာ စစ်သားတယောက်က ဗိုလ်တယောက် ခေါ်တယ်ဆိုပြီး ကျမ အမျိုးသားကို အဲဒီ နေရာက ခေါ်သွားကြပါတယ်။ အဲဒီလိုမျိုး ခေါ်သွားပြီးတာနဲ့ ကျမကို စစ်သားတယောက်က အစ်မ ပြန်သွားလို့ ရပြီလို့ ပြောပါတယ်။ ကျမ ပြန်လို့ရပြီဆိုရင် ကျမ အိမ်ရှင် (ခင်ပွန်း) က မပြန်ရသေးဘူးလား ဆိုပြီး ကျမက မေးလိုက်တယ်။ အစ်မ စိတ်ချစိတ်ချ မစိုးရိမ်နဲ့ အေးဆေးပြန် အေးဆေးပြန်လို့ ပြောလိုက်တာကနေ အခုထိ အိမ်ပြန် မရောက်ဘူးဟု ဒေါ်ဒါစိန်က သူ၏ ခင်ပွန်း ပျောက်ဆုံးသွားပုံကို ပြန်ပြောပြသည်။

ရွာသား ဦး ပျောက်ဆုံးပြီး ရက်ခန့်ကြာသောအခါ တိုက်ပွဲဖြစ်ပွားရာ ရန်အောင်ပြင် ကျေးရွာအနီးတွင် အလောင်း များကို မီးပုံရှို့ထားသည့် အရိုးစုနှင့်ပြာပုံ တခု တွေ့ရှိရကြောင်း ပျောက်ဆုံး မိသားစုဝင်များက ပြောဆိုကြသည်။

သို့သော်လည်း ထိုးမီးရှို့ခံထားရသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုရန် မဖြစ်နိုင်တော့ကြောင်း၊ အရိုးစု အနည်းငယ် နှင့် မိုးခိုးတငွေ့ငွေ့ ထွက်နေသော ပြာပုံအဖြစ်သာ ကျွင်းကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများအကြား သေဆုံး ဒဏ်ရာရှိခဲ့သော ရခိုင်ဒေသခံများ (ဓာတ်ပုံ – ဧရာဝတီ)

ရန်အောင်ပြင်ရွာကနေ ကျမတို့ဆီကို ဖုန်းဆက်တယ်။ အလောင်းတွေ မီးရှို့ထားတဲ့ နေရာတခုတော့ တွေ့တယ်။ လာကြည့်ချည် ဆိုတော့ ကျမတို့သွားကြည့်ပါတယ်။ ပြာပုံဖြစ်နေပြီ၊ မည်းတူးနေတဲ့ ဦးခေါင်းခွံတွေ၊ ရင်အုံတွေ၊ အဲဒါတွေပဲ တွေ့တယ်။ ဘယ်သူ ဘယ်ဝါဆိုတာလည်း ခန့်မှန်းလို့ မရတော့ဘူးဟု ဒေါ်မြင့်ဌေးက ပြောဆိုသည်။

ရန်အောင်ပြင် ကျေးရွာက ပျောက်ဆုံးသွားသူ ဦးလှထွန်းချေ၏ဇနီး ဒေါ်ဒါစိန်ကလည်း သူ၏ ခင်ပွန်းကို ဖမ်းဆီးထား သည့် နေရာတွင် သူ့အဝတ်အစား၊ ဖိနပ်နှင့် သွေးတိုးကျဆေးဘူး စသည့် အသုံးအဆောင် ပစ္စည်းများကို တွေ့ရှိရသည့် အတွက် ၎င်း၏ ခင်ပွန်း သေဆုံးသွားပြီဟု ယူဆနိုင်ကြောင်း ပြောသည်။

မီးရှို့ထားတဲ့ အလောင်းတွေကို ဘယ်သူ ဘယ်ဝါဆိုတာ ကျမ မမှတ်မိတော့ပေမယ့် အင်္ကျ ီကလည်း အဲဒီအနားမှာ၊ သူ သောက်တဲ့ သွေးတိုးဆေးဘူး၊ ဆရာခိုဘူး၊ ဆေးဘူးတွေလည်း အဲဒီအနားမှာ၊ ထီးလည်း အဲဒီအနားမှာ။ ဖိနပ် လည်း အဲဒီ အနားမှာ တွေ့တယ်၊ ကျမ အမျိုးသား မီးရှို့တဲ့အထဲမှာ ပါသွားတာ သေချာပြီလို့ ထင်ပါတယ်ဟု ဒေါ်ဒါစိန် က ပြောပြသည်။

မီးရှို့ အလောင်းများတွေ့ရှိသည့် နေရာနှင့် သူ့ခင်ပွန်းကို ဖမ်းချုပ်ထားသည်ကို တွေ့ရှိသော နေရာနှင့်ဆို တမိနစ်ကျော် ကျော် လမ်းလျှောက် သွားရကြောင်းလည်း ဒေါ်ဒါစိန်က ဆိုသည်။

ကျမ စဉ်းစားတာက ကျမ အမျိုးသားဟာ ဝါဂျီး (အဘိုးကြီး) ဆိုတော့ မသတ်လောက်ဘူး။ ဖမ်းခေါ်သွားမယ် ဆိုရင် လည်း သူက ဒူးမကောင်းတဲ့ အတွက် လမ်းမလျှောက်နိုင်ဘူး။ ရောဂါသည်တယောက်၊ ဒါပေမယ့် ပြန်မလာတော့ ဆုံးသွားပြီလို့ ယုံကြည်ပေမယ့် သူ့ရဲ့သမီးတွေ၊ မြေးမလေးတွေကတော့ အခုထိ သူလာမယ့်လမ်းကို လှမ်းကြည့်နေ တုန်း ပဲဟု ဒေါ်ဒါစိန် က သားသမီးနှင့်မြေများက အဘိုးဖြစ်သူ ပြန်လာမည့်လမ်းကို စောင့်မျှော် နေကြကြောင်း ပြန် ပြောပြသည်။

ပျောက်ဆုံးနေသည့် ဒေသခံ ဦး ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆုံး အခြေအနေအား ဧရာဝတီမှ ရန်အောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်ထံ ဒီဇင်ဘာလ ရက်နေ့က ဆက်သွယ်မေးမြန်ခဲ့ရာအဲဒီလူ ဦးကိစ္စက ဘာမှ မထူးသေးပါဘူး။ သတင်းလည်း ထပ်မကြားတော့ဘူး။ ဖြစ်တဲ့အချိန်ကတော့ ကျနော်လည်း အားလုံး (ရဲနှင့် ထွေအုပ်) ကို သတင်းပို့ပြီး တိုင်ပါတယ်။ သူတို့လည်း အခုထိ လာကြည့်တာမရှိဘူးဟု ပြန်ဖြေသည်။

ထိုရွာသား ဦးပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ကျောက်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က ကာယကံရှင် မိသားစုဝင်များနှင့် တွေ့ဆုံပြီး ဖြစ်စဉ်အပေါ် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် လူ့ အခွင့် အရေး ကော်မရှင်တို့ထံ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရန် မတ်လအတွင်း တိုင်ကြားခဲ့ကြောင်း သိရပါသည်။

တိုင်ကြားမှုနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ်လအတွင်း အကြောင်းပြန်ကြားစာ တစောင် ရောက်ရှိလာကြောင်း သိရသည်။

ကျနော့်ဆီကို ကာကွယ်ရေး ဝန်ကြီးဌာနက စာနဲ့အကြောင်းပြန်တာက အဲဒီအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်တယ်။ မည်သည့် ရွာသားကိုမျှ သူတို့ဖမ်းတာ မရှိဘူး။ တိုက်ပွဲတုန်းက AA အလောင်း လောင်းရတာ ရှိတယ်။ သူတို့ (တပ်) ဘက် ကလည်း ဦးကျဆုံးတာ ရှိတယ်လို့ပါတယ်။ အဲဒီ အလောင်း လောင်းကို ဂျနီဗာ ကွန်းဗန်းရှင်းနဲ့အညီ အဲဒီ အနားမှာ မီးသဂြိုဟ်ခဲ့တယ်လို့ အဲဒီအကြောင်းပြန်စာမှာ ဖြေထားပါတယ်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဧရာဝတီ သို့ ပြောသည်။

တိုက်ပွဲဖြစ်ပွားသော နေရာတွင် ရရှိခဲ့သည့် ရန်သူ့အလောင်း လောင်းမှာ တိုင်ကြားစာပါ အမည် ဟုတ်၊ မဟုတ်ကို စိစစ်နိုင်ခြင်း မရှိကြောင်း၊ တိုက်ပွဲအတွင်းက သေဆုံး သောင်းကျန်းသူ အလောင်းများကိုသာ မီးသဂြိုဟ်ပေးခြင်း ဖြစ်ကြောင်း ထိုသို့ ကာကွယ်ရေး ဝန်ကြီးဌာနက အကြောင်းကြားလာသည့်အတွက် ပျောက်ဆုံးသွားသူ ရွာသား ဦး အရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်လုပ်ရမည့် လမ်းစ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း ဦးဦးထွန်းဝင်းက ဆက်လက် ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားစဉ်က ရန်အောင်ပြင်ရွာအနီး ရောက်ရှိခဲ့သော တပ်မတော်သားများသည် တပ်မ ၂၂ က ဖြစ်ပြီး တပ်မှူး တချို့ထံ ခင်ပွန်း ပျောက်ဆုံးခြင်းနှင့် ပတ်သက်၍ စုံစမ်းရှာဖွေပေးရန် ဒေါ်ဒါစိန် တယောက် အကူညီတောင်း တင်ပြခဲ့ သော်လည်း ဦးလှထွန်းချေ တယောက်ကမူ လက်ရှိအချိန်အထိ အိမ်ပြန်ရောက် မလာတော့ပေ။

ကျန်ရစ်သူ မိသားစုဝင်များက သေဆုံးသွားပြီးလား၊ အသက်ရှင်လျက် ရှိနေသေးလား ဆိုသည့် အဖြေတခုကို သိချင် နေ ကြပါသည်။ လက်ရှိ အချိန်အထိတော့ တနေ့နေ့ ပြန်လာမည် ဆိုသည်ကို ယုံကြည်လျက် စောင့်မျှော်နေကြဆဲပင် ဖြစ်သည်။

ရခိုင်စစ်ပွဲသည် နှစ်ချီကြာလာသည်နှင့်အမျှ စစ်ဘေးရှာင် အရေအတွက် ၉၀၀၀၀ ခန့်အထိ ရှိလာပြီ ဖြစ်ကြောင်း၊ စစ်ပွဲ ကာလအတွင်း အရပ်သား သေဆုံးသူ ၆၃ ဦး၊ မြေမြှုပ်မိုင်းကွဲမှုနှင့် စစ်ကျန် လက်နက်ကြီး ကျည်ဆန် ပေါက်ကွဲမှု တို့ကြောင့် ထိခိုက် ဒဏ်ရာရသူ ၅၃ ဦး၊ ပျောက်ဆုံးသူ ဦး၊ ဖမ်းဆီးခံရသူ ၁၅၆ ဦးရှိကြောင်း ဇူလိုင်လ အတွင်းက ထုတ်ပြန်သော ရခိုင် မျိုးနွယ်စု အစည်းအရုံး (REC) စာရင်းအရ သိရှိရသည်။

မင်းမဲ့စရိုက် ဆန်ဆန် လုပ်ကြံ သတ်ဖြတ်မှုများ

နှစ်ဘက်တိုက်ပွဲများက နေ့စဉ်ဖြစ်ပွားမှုနှင့်အတူ အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု၊ ဖမ်းဆီးခံရမှုလည်း များသထက် များလာနေပါသည်။

တခြားတဘက်တွင် ကျေးရွာအတွင်း ဓားထိုး လုပ်ကြံသတ်ဖြတ်ခံရမှု၊ သေနတ်ဖြင့် ပစ်သတ်ခံရမှု စသည့် ဖြစ်စဉ်များ လည်း လက်သည်တရားခံ မပေါ်ဘဲ တနေ့ထက်တနေ့ တိုးလာနေသည်။

လုပ်ကြံသတ်ဖြတ်ခံရသူ အများစုသည် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်မှုထမ်း အငြိမ်းစားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် နိုင်ငံရေး ပါတီ အရပ်သားများ အထိ ဖြစ်သည်။

ဧရာဝတီက စာရင်းပြုစုထားမှုအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ အထိ လုပ်ကြံ သတ်ဖြတ်ခံရ၍ သေဆုံးသူ စုစုပေါင်း ၂၀ ကျော် ရှိနေသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများအကြား သေဆုံး ဒဏ်ရာရှိခဲ့သော ရခိုင်ဒေသခံများ (ဓာတ်ပုံ – ဧရာဝတီ)

ထို လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်ပြီး ကြောက်စရာ အကောင်းဆုံးက စက်တင်ဘာလ ၁၀ ရက် နေ့ နံနက်ပိုင်းက မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ဒေသခံ ဦးကို ခေါင်းဖြတ်သတ်ပြီး ဈေးလယ် လမ်းမပေါ် ချထားသည့် ဖြစ်စဉ်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကျေးရွာတချို့တွင် ယခုကဲ့သို့သော လုပ်ကြံ သတ်ဖြတ်ခံရသည့် ဖြစ်စဉ် များက ခပ်စိတ်စိတ် ဖြစ်ပွားနေသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများက လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့်အတူ လုပ်ကြံ သတ်ဖြတ်သွား သည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းလည်း မရှိသေးပေ။

သို့သော် တပ်မတော်ကမူ လုပ်ကြံ သတ်ဖြတ်သွားသည့် ဖြစ်စဉ်အားလုံးသည် AA တပ်ဖွဲ့ဝင်များ လက်ချက် ဖြစ် ကြောင်း ပြောသည်။

ဒီဖြစ်စဉ်တွေက အကုန်လုံး AA လုပ်တာလို့ ပြောလို့ရတယ်။ ဘာကြောင့် ဒီလို ပြောနိုင်လဲဆိုတော့ မျက်မြင်သက်သေ တချို့ ရှိတယ်။ ရွာတွေမှာ ကျနော်တို့ အမာခံတွေရှိတယ်။ ဘယ်လိုကြောင့်၊ ဘယ်လိုကြောင့် လာသတ်သွားတာဆိုတဲ့ အကြောင်းအရင်းကို ကျနော်တို့ကို ပြောတယ်။ ပြီးရင် ကျနော်တို့ရတဲ့ တခြားသတင်းတွေအရ အကုန် AA လုပ်တာလို့  ကျနော်တို့ ပြောနိုင်တယ်ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဧရာဝတီသို့ ပြောသည်။

တပ်မတော် စွပ်စွဲချက်အပေါ် AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက လက်မခံပေ။ ပြည်သူနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် အထင်အမြင်လွဲရန် တပ်မတော်က ဗျူဟာ သုံးခြင်းသာ ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။

ဒါကတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်ဗျ။ ဗမာစစ်တပ်က ပြည်သူနဲ့ နိုင်ငံတကာကြားမှာ ကျနော်တို့ ရက္ခိုင် စစ်တပ်ကို အထင်အမြင် လွဲလာအောင် နည်းဗျူဟာတွေသုံးပြီး လုပ်လာတာဖြစ်တယ်။ သမိုင်းမှာ ချင်းပျံ တော်လှန်ရေး တုန်းကလည်း သူတို့ ဒီနည်းဗျူဟာတွေကိုသုံးပြီး လုပ်ခဲ့တာ ရှိတယ်ဟု ဦးခိုင်သုခက ဧရာဝတီသို့ ပြော သည်။

ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် သတ်ဖြတ်ခံရပါက တရားခံ အစစ်ကို ရှာနိုင်ကြောင်း၊ တရားစွဲတင်မှု မပြုလုပ်နိုင် သဖြင့် တရားဥပဒေ စိုးမိုးမှု ပပျောက်နေကာ အကြမ်းဖက် သတ်ဖြတ်မှုများလည်း တစတစ ပိုမိုများပြားလာရခြင်း ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောဆိုထားသည်။

ထိုသို့သော အခြေအနေတွင် အပြစ်မဲ့ ပြည်သူများ သတ်ဖြတ်ခံရလာပါက တပ်မတော်က AA သတ်ဖြတ်ကြောင်း ပြောဆို သကဲ့သို့ AA ဘက်ကလည်း တပ်မတော်က သတ်ဖြတ်ကြောင်း အပြန်အလှန်စွပ်စွဲမှုများ ရှိနေပြီး မည်သည့် အဖွဲ့အစည်းကမှ မဟုတ်ဘဲ ကြားထဲက ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် သတ်ဖြတ်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။

တဖြည်းဖြည်း ကျယ်ပြန့်လာသော ရခိုင် စစ်ပွဲ

ချင်း တောင်းတန်းက စတင်ခဲ့သော တိုက်ပွဲများသည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ် အစပ်အထိ ရောက်ရှိလာပြီ ဖြစ်သည်။

တပ်မတော်နှင့် AA တို့သည် စတင်ထိတွေ့ တိုက်ခိုက်ခဲ့စဉ်က လူထုနှင့် အလှမ်းဝေးကွာသည့် တောင်ကုန်း၊ တောင်တန်း များတွင် ဖြစ်ပွားခဲ့ရာမှနေ တဖြည်းဖြည်း အဝေးပြေး ကားလမ်းကြီးများအထိ ရောက်ရှိလာကြသလို ယခုဆိုလျှင် ပင်လယ် ရေပြင်အထိ စစ်ပွဲ ဧရိယာက ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါသည်။

ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်များတွင် တပ်မတော်က လက်နက်ကြီး ပစ်ကူမှုများဖြင့် အသုံးပြု တိုက်ခိုက်ခဲ့သလို  လေကြောင်းမှလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် ဂျက်ဖိုက်တာများပါ အသုံးပြုခဲ့ကြောင်း သိရသည်။

ဂျက်ဖိုက်တာ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် နေ့ရာ ညပါ အသုံးပြု၍ ပြင်ထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်း မြို့နယ်ကြားက ဗုဒ္ဓေါရွာ အနောက် ဘက် တိုက်ပွဲ၊ ဧပြီလ ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သော မြောက်ဦး တိုက်ပွဲတို့ ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာ လကုန်ကနေ ထိတွေ့ တိုက်ခိုက်ခဲ့ကြသည့် ရခိုင် ပြည်နယ် မြောက်ပိုင်းက စစ်ပွဲ သည် ယခုဆိုလျှင် တနှစ်ကျော်လာပြီ ဖြစ်သည်။ နေ့စဉ်ရက်ဆက် တိုက်ပွဲကြီး တိုက်ပွဲငယ် ဖြစ်ပွားနေသည့် အတွက် တိုက်ပွဲ အရေအတွက်မှာလည်း မရေမတွက်နိုင်အောင် များပြားလာနေသည်။

တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုကို နှစ်ဘက်လုံးက ထုတ်ပြန်ခြင်း မရှိသော်လည်း အရပ်သား အစိုးရ လက်ထက်တွင် အပြင်းအထန်ဆုံး တိုက်ပွဲနှင့် အသေအပျောက် အများဆုံး တိုက်ပွဲတခုဟု ဆိုရပေမည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများအကြား သေဆုံး ဒဏ်ရာရှိခဲ့သော ရခိုင်ဒေသခံများ (ဓာတ်ပုံ – ဧရာဝတီ)

လက်ရှိ အချိန်အထိ ငြိမ်းချမ်းရေး လမ်းစ ပျောက်ဆုံးနေပြီး တပ်မတော်ကမူ ရခိုင်ပြည်နယ်သည် အဖြူရောင်နယ်မြေ တခုဖြစ်သည့် အတွက် အဖြူရောင် နယ်မြေပေါ် AA ကို အခြေချခွင့် မပြုနိုင် ဆိုသည့် အကြောင်းပြချက်ကို ဆုပ်ကိုင် ထားသည်။

AA အနေဖြင့်လည်း ရခိုင်မြေသည် ရခိုင် တိုင်းရင်းသားများပိုင် ဖြစ်သည့်အတွက် မိမိတို့ ပြည်နယ်ကို အပြည့်အဝ ကာကွယ် စောင့်ရှောက်ခွင့် ရရှိသည်အထိ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြော သည်။

နိုင်ငံရေး သုတေသီ စာရေးဆရာ ဦးမောင်မောင်စိုးက နှစ်ဘက်ခံယူထားချက်များသည် အလွန် ကွာဟမှု ဖြစ်နေသည့် အတွက် ပကတိ လက်တွေ့ကျကျ အခြေအနေကို သုံးသတ်ပြီး ဆွေးနွေးပွဲ စကားဝိုင်းတွင် အဖြေရှာမှ အကောင်းဆုံး အခြေအနေကို ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

ဦးမောင်မောင်စိုး ကအဲဒီနှစ်ဘက် ကွာဟမှုက တော်တော်ကြီးတယ်ဗျ။ ရောက်နေတဲ့ AA တပ်တွေအားလုံး လိုင်ဇာ ပြန်ပို့ ဆိုတာလည်း ဖြစ်နိုင်မှာ မဟုတ်ဘူး။ AA ကလည်း လက်ရှိရခိုင်မှာ နေရာချဖို့ ခက်ခဲနေဦးမယ် ဆိုရင် စစ်ပွဲက  ဆက်ဖြစ်နေဦးမှာပဲဟု ဧရာဝတီသို့ ပြောသည်။

နှစ်ဘက်လုံးက ငြိမ်းချမ်းရေး လိုချင်ကြောင်း ပြောဆိုထားကြပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း အကျိုး သက်ရောက်မှု မရှိဘဲ  ငြိမ်းချမ်းရေး ခရီးမှာ ဦးနင်း ပဲ့ထောင် ဖြစ်နေသည်။

ထိုသို့သော အခြေအနေများ အတွင်း ချင်းတောင်တန်းက မယုယုခင်၏ ခင်ပွန်း ကိုခင်မောင်သည် မြောက်ဦးတွင် ဖမ်းဆီး ခံရပြီး အကြမ်းဖက်မှု ဥပဒေဖြင့် စွဲဆို ခံထားရကာ တရားရင်ဆိုင် နေရသည်။

စစ်တွေမြို့ တရားရုံးတွင် ရုံးချိန်းပေါင်း များစွာ ရင်ဆိုင်ခဲ့ပြီးလည်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေ တရားရုံး၏ အနောက်ဘက် အချုပ်သားများ သွင်းသည့် နေရာတွင် လက္ကာ ရွာသားများ စုရုံး ရောက်ရှိနေကြပါသည်။

အမျိုးသမီးတချို့ကလည်း အချုပ်ကျနေသူ အမျိုးသားများကို ပေးရန် လက်ထဲတွင် စားသောက်စရာများ ကိုင်ဆောင် ထားပြီး တချို့ကလည်း အဝတ်ထုပ်များကို ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။

ထိုလူအုပ်ထဲတွင် မျက်နှာပေါ်တွင် သနပ်ခါး ပါးကွက် ကွက်ထားသော ချင်း တောင်တန်းက မယုယုခင် တယောက် အချုပ်ကားတွင် ပါလာမည့် ခင်ပွန်းဖြစ်သူ ကိုခင်မောင်ကို စောင့်မျှော်နေပါသည်။

သူ့လက်ထဲတွင် စာရွက် စာတမ်းတချို့လည်း ကိုင်ထားသည်။ ထိုစာရွက်များနှင့် အတူ KBZ ဘဏ်စာအုပ် တအုပ်၊ သံထောင် ရဲစခန်းနှင့် သံထောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ကိုခင်မောင်အား အကျင့်စာရိတ္တ ကောင်းမွန် ကြောင်း ထောက်ခံချက် ပေးထားသည့် စာရွက်များကို တွေ့ရသည်။

မယုယုခင် ကကျမက ရုံးချိန်းတိုင်း မလာနိုင်ဘူး။ စစ်တွေကို တခေါက်လာဖို့ ဆိုတာ မလွယ်ဘူး။ ကိုခင်မောင်ကို တွေ့ပြီး စားစရာတွေ ပေးမလို့ လာခဲ့တာဟု ပြောပြသည်။

မယုယုခင်သည် ရုံးချိန်းကို ကြိမ်ခန့်သာ လာရောက်နိုင်ခဲ့ပြီး ငွေကြေး အခက်အခဲကြောင့် နောက် ရုံးချိန်းများကို မလာရောက်နိုင်တော့ပေ။

ကိုခင်မောင်အတွက် ကျမ အရမ်းစိတ်ပူတယ်။ ကလေးတွေလည်း သူ့အဖေကို နေ့တိုင်းမေးနေကြတယ်။ ကလေးတွေ မေးတိုင်း ကျမက အဖေ အလုပ် သွားလုပ်နေတာလို့ နေ့တိုင်း လိမ်ပြောနေရတယ်ဟု မယုယုခင်က ပြောပြသွားပါ သည်။ 

You may also like these stories:

စစ်ပွဲများရပ်ရေး မန္တလေးမြို့တွင် ဆုတောင်းခဲ့သူ ၁ ဦးအား ဖမ်းဆီး

တိုက်ပွဲများကြောင့် ပလက်ဝ ဒေသခံ ၂၀၀ ကျော်နေရပ်စွန့်ခွာ ထွက်ပြေးနေရ

ဘူးသီးတောင်၌ ပစ်ခတ်ခံမှု ဖြစ်ပွားရာ ၅ ဦး သေ

The post ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၂) appeared first on ဧရာဝတီ.

မပျက်စီးသေးတဲ့ အလှတွေနဲ့ မော်တင်စွန်းကမ်းခြေဆီ

$
0
0

ချမ်းအေးလှတဲ့ ဆောင်းရာသီရောက်ပြီ ဆိုရင်ဖြင့် အပန်းဖြေနားနေဖို့ရာ ရွေးချယ်သင့်တာကတော့ နွေးထွေး တဲ့ နေရောင်ခြည်နဲ့ လေကောင်းလေသန့် ကောင်းကောင်း ရနိုင်တဲ့ ကမ်းခြေတွေဆိုတာ ငြင်းမရတဲ့ အမှန်တရားပါပဲ။

နှစ်သစ်ကူး ရုံးပိတ်ရက်တွေမှာ ဘယ်ကမ်းခြေ၊ ဘယ်လိုနေရာတွေ ကို သွားမလဲလို့ စိတ်ကူးနေတဲ့သူတွေအတွက် ပြီးခဲ့ တဲ့အပတ်က ရောက်ဖြစ်ခဲ့တဲ့ မော်တင်စွန်းကမ်းခြေနဲ့ ဂေါ်ရန်ဂျီ ကမ်းခြေအကြောင်း ဖောက်သည်ချချင်ပါတယ်။

မော်တင်စွန်းကမ်းခြေဟာ တကယ်တော့ မြန်မာနိုင်ငံရဲ့ အနောက်တောင်ဒေါင့် အစွန်ဆုံးက ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့ ဆုံရာမှာ တည်ရှိတာကြောင့် တကယ်တမ်းပြောရရင် စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတခုလို့ဆိုရမှာပါ။

မော်တင်စွန်း ကမ်းခြေအလှ/ကျော်ဆုမွန်

များသောအားဖြင့် မော်တင်စွန်းဟာ မြတ်မော်တင်စွန်း ဆံတော်ရှင်စေတီကြောင့် လူသိများတဲ့နေရာဖြစ်ပြီးသားပါ။

ကျမတို့ငယ်ငယ်က တေးသံရှင်သန်းထွန်းလေးရဲ့ မမပုသိမ်သူ သီချင်းကနေ၊ မော်တင်စွန်းဘုရားပွဲအကြောင်းက ပါးစပ် ဖျားမှာ စွဲနေပြီးသားပေါ့။

ဒါပေမယ့် အဲဒီခေတ်က အနေအထားတခုအရ မော်တင်စွန်းဘုရားပွဲကို သွားခဲ့ကြသူတွေဟာ ရေလမ်း ခရီးကသာ သဘောၤကြီး စီးသွားကြတာကြောင့် ရောက်ဖို့ အရေး အတော်ခက်ခဲခဲ့တယ်လို့ ဆိုရမှာပါ။

အခုနောက်ပိုင်း ဆယ်စုနှစ်ကျော်ကာလတွေမှာ လမ်းတွေပိုကောင်းလာတာ၊ ခရီးသွားတွေ ပိုများလာတာတွေကြောင့် ကားလမ်းခရီးကနေ သွားသူတွေ ပိုများလာပါတယ်။ မော်တင်စွန်းကို သဘောၤခရီးနဲ့သွားမယ်ဆိုရင် ပုသိမ်မြို့ကနေ ခမောက်မော်ကမ်းခြေအထိ သဘောၤစီးရတာက ၈ နာရီနီးပါးလောက်ကြာပါတယ်။

မော်တင်စွန်း ကမ်းခြေအလှ/ကျော်ဆုမွန်

ရန်ကုန်ကနေ ပုသိမ်မြို့ကို ကားနဲ့သွား၊ ပြီးမှသဘောၤစီး မော်တင်စွန်းကို ဆက်ချီတက်ရတာပေါ့။

ပြီးခဲ့တဲ့အပတ်ကတော့ ကျွန်မတို့ မိသားစုကြီးဟာ ကမ်းခြေကလည်းသွားချင်၊ သွားနေကျ ချောင်းသာ၊ ငွေဆောင်ကမ်းခြေ တွေကိုလည်း သွားရတာ ရိုးလာတာကြောင့် တစ်ယောက်မှ မရောက်ဖူးသေးတဲ့ အနောက်တောင်ဒေါင့်က ပင်လယ်နှစ်ခုဆုံ ရာ မော်တင်စွန်းကို သွားကြဖို့ ဖြစ်လာပါတယ်။

မော်တင်စွန်းကို ကားလမ်းကနေပဲ သွားကြမှာ ဖြစ်တာကြောင့် မိသားစု ၁၅ ဦး၊ ကားနှစ်စီးနဲ့ ရန်ကုန်-ပုသိမ်လမ်းကို မနက် အစောကြီး ထွက်ကြပါတယ်။ ထုံးစံအတိုင်း ရုံးချိန်ရောက်တာနဲ့ လှိုင်သာယာမြို့နယ်ကို ဖြတ်သန်းဖို့ဟာအင်မတန် ခက်ခဲ လှတာကြောင့် မနက်စောလေ ကားရှင်းလေဆိုတဲ့အတွေးနဲ့ မနက် ၄ နာရီလောက် ထွက်ဖို့ပြင်ကြပါတယ်။

ရန်ကုန်-ပုသိမ်လမ်းဟာ ပုံမှန်အတိုင်းသာဆို မိုင် ၁၂၀ ကို ၄ နာရီသာသာပဲ မောင်းရပေမယ့် အခုချိန်ထိ လမ်းပိုင်းကြပ် တည်း မှုတွေ၊ ပြုပြင်ဆဲ နေရာတွေကြောင့် စိတ်ရှည်ရှည်ထား မောင်းနှင်မှသာ အဆင်ပြေပြေရောက်စေတာပါ။ ပုသိမ်မြို့ ကို မနက် ၁၀ နာရီဝန်းကျင်လောက် ရောက်ရှိပြီးတာနဲ့ ကျွန်မတို့က ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေသွားတဲ့ လမ်း အတိုင်း ထွက် လာရပါတယ်။

ပုသိမ်ကနေ မော်တင်စွန်းကို ၈၈ မိုင်ဝေးတဲ့အတွက် ကျွန်မတို့က လမ်းမှာပဲ ချက်ပြုတ်စားသောက်ကြဖို့ စီစဉ်လာကြတာပါ။ ငွေဆောင်လမ်းခွဲကနေ မော်တင်စွန်းဘက် မောင်းလာတဲ့အခါ လမ်းတွေက တောင်တက် တောင်ဆင်းလမ်းတွေမို့ ထိန်း တော့ မောင်းဖို့လိုပါတယ်။ လမ်းသားကောင်းမွန်ပေမယ့် အကွေ့အကောက် အတော်များတာမို့ လူကြီးတွေကတော့ မူးမော်တာမျိုး ဖြစ်ကြပါတယ်။

မော်တင်စွန်း ကမ်းခြေအလှ/ကျော်ဆုမွန်

ရှုခင်းကတော့ တောင်ပေါ်ရှုခင်းမို့ ကြည့်လေရာရာ မြွေလိမ်မြွေကောက်လမ်းတွေရယ် ကုန်းမြင့်ပေါ်က စိမ်းစိမ်းစိုစို အပင်တွေနဲ့မို့ လူငယ်တွေကတော့ ပျော်နေကြတာပေါ့။ ဒီမော်တင်စွန်းသွားတဲ့ လမ်းတစ်လျှောက်မှာ တခါတလေ တောဆင်ရိုင်းတွေ ထွက်လာတတ်တယ်လို့တော့ ကြားဖူးပါတယ်။

ဒီလိုသွားရင်းက လမ်းဘေးတနေရာမှာ ဆင်လေးကောင်လောက်ရှိတဲ့ အုပ်စု တွေ့လိုက်ရတာမို့ အတော်တော့ လန့်သွားကြပါသေးတယ်။ ဒါပေမယ့် သစ်တောဌာနက ထူးခတ်ထားတဲ့ ဆင်တွေဖြစ်နေတာမို့ ဓာတ်ပုံတောင် ရိုက်လိုက်ကြပါသေးတယ်။

နားလိုက်သွားလိုက်နဲ့ ညနေ ၄ နာရီလောက်မှာ မော်တင်စွန်းကမ်းခြေကိုရောက်ပါတယ်။ မော်တင်စွန်းဟာ မြန်မာပြည် အနောက်တောင်အစွန်းလေးမှာ ရှိတာဖြစ်လို့ ကမ်းခြေတွေကတော့ အနောက်ကို မျက်နှာမူတဲ့ကမ်းခြေ၊ တောင်ဘက်ကို မျက်နှာမှုတဲ့ ကမ်းခြေစသဖြင့် ရှိနေပါတယ်။

တည်းခိုခန်းတွေ ဟိုတယ်တွေကလည်း များပြားလာတာမို့ ကိုယ်ကြိုက်တဲ့ အခြမ်းမှာ တည်းခိုနိုင်ပါတယ်။

ကျွန်မတို့ကတော့ လူရှင်းတဲ့အခြမ်းဖြစ်တဲ့ ဟိုတယ်မော်တင်မှာ တည်းတာဖြစ်တာကြောင့် ကမ်းခြေအလျားရှည်ပြီး ကျယ် လည်း ကျယ်တဲ့ နေရာဖြစ်လို့ ရေကူးတာ၊ လမ်းလျှောက်တာ၊ အားကစားလုပ်တာတွေအတွက်ပါ အဆင်ပြေတာပေါ့။ မော်တင်စွန်း ကမ်းခြေဟာ တိတ်ဆိတ်ပြီး လေကောင်းလေသန့်လည်း ရတဲ့နေရာ၊ ကြည်လင်နေတဲ့ ရေထဲမှာ လှိုင်းလည်း စီးလို့ ကောင်းတဲ့နေရာဖြစ်တာကို အခုမှတွေ့ရတဲ့အတွက် အရောက်တောင် နောက်ကျနေတယ်လို့ ပြောဖြစ်ရပါတယ်။

ဂေါ်ရန်ဂျီနှင့် လိပ်ချိုင့် ကမ်းခြေအလှ/ကျော်ဆုမွန်

လူသူ မရှုပ်ထွေးတဲ့အတွက် စိတ်ငြိမ်းချမ်းပြီး မနက်စောစော လမ်းထလျှောက်တာပဲဖြစ်ဖြစ်၊ အားကစား လုပ်တာပဲဖြစ်ဖြစ်၊ စာဖတ်ချင်သူတွေပဲဖြစ်ဖြစ် တော်တော်အဆင်ပြေပါတယ်။ အစားအသောက်အတွက်လည်း လက်ရာကောင်းတဲ့ စားဖိုမှုး တွေရှိမှတော့ ပင်လယ်စာတွေ တဝမှာစားလို့လည်းရတာပေါ့။

ကျွန်မတို့မိသားစုကတော့ ရေကူးလိုက်၊ အနားယူလိုက်၊ စားလိုက်နဲ့ အတော်လေးကို သာသာယာယာရှိခဲ့ရပါတယ်။

နောက်ရက်မှာတော့ မော်တင်စွန်းဘုရားကို သွားရောက်ဖူးမျှော်ကြပါတယ်။ ပင်လယ်နှစ်ခုဆုံတဲ့ နေရာက ဖောင်တော် ဆိုက်စေတီရှိရာ ကျောက်ဆောင်တွေအထိ ရောက်ခဲ့ပြီး ဒီနေရာဟာ မြန်မာနိုင်ငံရဲ့ အနောက်တောင်စွန်းတည့်တည့်က အငူအစွန်းကလေးပဲပေါ့ဆိုပြီး ကြည်နူးရပါတယ်။

မော်တင်စွန်းကို သွားတဲ့အခါ ဘုရားပွဲတော်ကာလဖြစ်တဲ့ တပေါင်းလကနေ တပို့တွဲလပြည့်နေ့အထိကတော့ အတော်ကို လူစည်ကားလွန်းလို့ တည်းခိုဖို့တောင် ခက်ခဲတဲ့အချိန်လို့သိရပါတယ်။ မော်တင်စွန်းဘုရားဟာ မြတ်စွာဘုရားဆံတော် တွေကို ထည့်သွင်းဌာပနာထားတယ်လို့ ယုံကြည်ကြတဲ့အတွက် အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေဟာ ဆုတောင်းပြည့် လို့ လာရောက်ဖူးကြပါတယ်တဲ့။

နဂါးအဆက်အနွယ်တွေ တည်ထားတယ်လို့လည်း နာမည်ရှိတာကြောင့် ပင်လယ်ထဲက နတ်နဂါးတွေကို ပူဇော်ပသ မေတ္တာပို့တာတွေလည်း လုပ်ကြပါတယ်။

မော်တင်စွန်းဘုရားကို လာရောက်ဖူးကြရင်း ငွေတောင်ကမ်းခြေမှာလည်း အပန်းဖြေကြသူတွေရှိပါတယ်။

အခုလိုအချိန်အခါဟာ ဒေသထွက်ကုန် မျှင်ငါးပိ လုပ်တဲ့အချိန်ဖြစ်လို့ ငါးပိလုပ်တဲ့ နေရာတွေကိုလည်း လေ့လာလို့ ရပါတယ်။

ဂေါ်ရန်ဂျီနှင့် လိပ်ချိုင့် ကမ်းခြေအလှ/ကျော်ဆုမွန်

ဒါ့ပြင် မော်တင်စွန်းကနေ ၃ မိုင်လောက်ပဲဝေးတဲ့ ဟိုင်းကြီးကျွန်းကိုလည်း သွားလည်ပတ်လို့ရပါတယ်။ မော်တော်ဘုတ်နဲ့ ဆက်သွားရတဲ့ ကျွန်းပေါ်မှာတော့ အင်မတန်လှပတဲ့ ကျောက်ဆောင် ကျောက်ကလပ်ကြီးတွေရှိပါတယ်။ ဒါပေမယ့် အဲဒီဘက်ကို သွားဖို့ လမ်းကြမ်းနေဆဲဖြစ်တာကြောင့် မရောက်ခဲ့ရပါဘူး။

ကျွန်မတို့က ကမ်းခြေကို အရူးအမူးဖြစ်ကြသူတွေပီပီ၊ မော်တင်စွန်းကနေ အပြန်လမ်းမှာ ဂေါ်ရန်ဂျီကျွန်းကိုပါ လည် ပတ်ကြဖို့ သဘောတူကြတာကြောင့် ပုသိမ်ထိ မပြန်သေးပဲ ဂေါ်ရန်ဂျီကျွန်းလမ်းခွဲကို လှည့်ဝင်သွားကြပါတယ်။ မော်တင်စွန်းကနေ ၂နာရီကျော်ကျော်မောင်းပြီး လမ်းခွဲကိုရောက်တဲ့အခါ လမ်းခင်းစပြုနေတဲ့ ကတ္တရာလမ်းအစကို မြင်ရပါတယ်။ဒါပေမယ့် တကယ့် လမ်းအတွင်းဝင်တဲ့အခါ အတော်ကြမ်းသေးတာကြောင့် ကားငယ်တွေ အတွက်တော့ မလွယ်လှပါဘူး။

ဂေါ်ရန်ဂျီကို သွားမယ်ဆိုရင် ငရုတ်ကောင်းမြို့ကနေတဆင့် ကြွေချိုင်ကမ်းခြေကို လှေနဲ့ ထပ်ကူးရတာရှိသလို လမ်း နည်းနည်းဆိုးတာကို သည်းခံမောင်းနိုင်ရင် ကြွေချိုင်ကို တိုက်ရိုက်ရောက်တဲ့ လမ်းကို ရွေးချယ်သွားနိုင်ပါတယ်။ မြေသားဖုန်ထူလမ်းဖြစ်တာကြောင့် ကားငယ်တွေ မသွားသင့်ပါ။

ကြွေချိုင်ကမ်းခြေကိုရောက်တဲ့အခါ ညဘက်ဖြစ်နေပြီဖြစ်တာကြောင့် အေးချမ်းလှတဲ့ ဆောင်းရာသီ ကမ်းခြေအရသာက တမျိုးထူးပါတယ်။ ကြွေချိုင်ကမ်းခြေမှာ တည်းခိုစရာတွေကပေါလှပါတယ်။ တစ်ညကို ကျပ် ၃၅၀၀၀ လောက်သုံးနိုင်ရင် တော်တော် အဆင်ပြေတဲ့ ဘန်ဂလို Sea View မှာ တည်းနိုင်ပါတယ်။

ဂေါ်ရန်ဂျီကျွန်းဟာ ကြွေချိုင်၊ နံ့သာပုနဲ့ လိပ်ချိုင်စတဲ့ နေရာသုံးခုပေါင်းထားတာဖြစ်တာကြောင့် အင်မတန်လှတဲ့ ပင်လယ် ကမ်းခြေတွေပါဝင်နေပါတယ်။ န့ံ့သာပုကမ်းခြေမှာရှိတဲ့ မြဝတီဘုရားရှိရာ တောင်ထိပ်ကနေ စီးကြည့်လိုက်မယ်ဆိုရင် ကမ်းခြေ နှစ်ဘက်ကို အပေါ်စီးကနေ လှလှပပတွေ့ရမှာပါ။

ဂေါ်ရန်ဂျီနှင့် လိပ်ချိုင့် ကမ်းခြေအလှ/ကျော်ဆုမွန်

လိပ်ချိုင်ကမ်းခြေကလည်း စက်လှေ မိနစ် ၂၀ လောက်စီးယုံနဲ့ရောက်ရှိနိုင်ပြီး လိပ်ပုံစံ၊ဖားပုံစံကျောက်ဆောင်ကြီးတွေ ကြောင့် နာမည်ကြီးလှပါတယ်။ ကြည်လင်လှတဲ့ ပင်လယ်ရေတွေက သလင်းကျောက်လိုဖြစ်နေတာပါ။

လိပ်ချိုင်မှာရှိတဲ့ သဘောကျစရာတွေကတော့ ကျောက်ဆောင်တွေကြား ကြည်လင်နေတဲ့ရေထဲ ရေငုပ်ပြီး ရေအောက် အလှအပတွေကို ရှု့စားနိုင်သလို ကျောက်ဆောင်တွေပေါ်က ရေငန်ဝင်နေတဲ့ တွင်းပေါက်လေးတွေကလည်း ကိုယ်ပိုင် ရေစိမ်ကန်သေးသေးလေးတွေလို ဖြစ်နေတာကိုက ချစ်စရာပါ။

စားသောက်စရာလည်းပေါများလှပြီး လိပ်ချိုင်မှာ ညအိပ်မယ်ဆိုရင် တဲလေးတွေ ဆောက်ပေးထားတာရှိပါတယ်။ သဲသောင်မရှိပဲ ခရုသောင်လိုဖြစ်နေတဲ့ လိပ်ချိုင်မှာ ခရုကောက်ချင်တဲ့သူတွေအတွက်လည်း ပျော်စရာတွေအများကြီး ရှိနေမှာပါ။

လမ်းပန်းဆက်သွယ်ရေးသာ ကောင်းသွားရင်ဖြင့် ဒီမော်တင်စွန်းနဲ့ ဂေါ်ရန်ဂျီကမ်းခြေတွေဟာ ရက်တိုတိုနဲ့ အနားယူ အပန်းဖြေစရာ နေရာကောင်းတွေ ဖြစ်မှာပါ။ အခုထက်ပိုပြီး သွားလာရေး လွယ်ကူအောင်လုပ်ပေးနိုင်ရင် ရန်ကုန်နဲ့ မနီးမဝေးက ကမ်းခြေတွေဟာ စည်ကားသိုက်မြိုက်လာဦးမှာ အမှန်ပါ။

You may also like these stories:

ခရီးသွားခြင်းဟာ ကလေးတွေအတွက် အကောင်းဆုံး ပညာရေး ဖြစ်သည်

ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ ၂ ဦးရဲ့အပြန်ခရီး အိန္ဒိယသို့ ရောက်ရှိ

၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အကောင်းဆုံး ကမ်းခြေစာရင်းမှာ ငပလီ ပါဝင်

The post မပျက်စီးသေးတဲ့ အလှတွေနဲ့ မော်တင်စွန်းကမ်းခြေဆီ appeared first on ဧရာဝတီ.

ဓာတ်ပုံများက ပြောသော ၂၀၁၉

$
0
0

၂၀၁၉ တနှစ်တာကာလအတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များစွာကို ဧရာဝတီဓာတ်ပုံဆရာများ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများထဲမှ အကောင်းဆုံးဟု အယ်ဒီတာအဖွဲ့က သတ်မှတ်ယူဆသောပုံများကို ရွေးထုတ်ဖော်ပြလိုက်ပါသည်။

၇၁ ကြိမ်မြောက် လွတ်လတ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ဗဟန်းဈေးတွင် အုန်းသီးလုနေသည့် ကလေးငယ်များ။

၂၀၁၉ ခုနှစ် တရုတ်နှစ်သစ်ကူး ကာလ လမ်းမတော်မြို့နယ်အတွင်း မီးပုံးများဖြင့် အလှဆင်ထားသည်ကို တွေ့ရစဉ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကိုင်းကောင်းမှုတော်စေတီအား ထုံးသင်္ကန်းပြန်လည်ကပ်လှူနေမှုမြင်ကွင်း

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဟုမ္မလင်းမြို့နယ်ရှိ တပ်မဟာ ၇၅၃ ၏ လွတ်မြောက်နယ်မြေ တနေရာတွင် ရှမ်းနီတပ်မတော် (SNA)၏ အခြေခံ စစ်ရေးနှင့် နိုင်ငံရေ မွန်းမံသင်တန်း ဆင်းပွဲတခုတွင် စစ်ရေးပြနေသော ရှမ်းနီတပ်ဖွဲ့ဝင်များ

မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော ၇၄ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ လေကြောင်းမှ လေယာဉ်များဖြင့် အလေးပြုစဉ်။

ရန်ကုန်မဟာသင်္ကြန်ဖွင့်ပွဲနေ့၊ မဟာဗန္ဓုလပန်းခြံဘေးရှိ လမ်းလေ ျှာက်သင်္ကြန်သို့ လာရောက်ရေကစားနေကြသူများ။

၂၀၁၉ ဧပြီလတွင် မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်းရှိဆေးခြောက်လျော်ပင်စီမံကိန်းအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းစီးပြီး စောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်တဦး။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပရန်အတွက် တပ်ဖွဲ့ဝင်များ စီတန်းနေစဉ်

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားတွင် ချီတက်အလေးပြုနေကြသော တပ်ဖွဲ့ဝင်များ

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားတွင် စီတန်းအလေးပြုနေကြသော တပ်ဖွဲ့ဝင်များ

 

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနား ဖွင့်လှစ်သစ်ညတွင် မီးရှူးမီးပန်းများဖြင့် ပစ်ဖောက်အလေးပြု

ပုဒ်မ ၅၉ (စ) ကာကွယ်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ရေးအတွက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အင်အားစုများက မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြခဲ့ကြသည်။

၂၀၁၉ ခုနှစ် မေလတွင် ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် ဒေသခံများနှင့် ရဲတပ်ဖွဲအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာတွင် တဖက်စီမြင်တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ

ဇွန်လ ၁ ရက်နေ့ ဖျက်သိမ်းခဲ့သော ပါရမီလမ်းနှင့် သံသုမာလမ်းထောင့်မှ ကျူးကျော်အိမ်များ။

ကလေးငယ်တစ်ဦးနှင့် နှုတ်ဆက်နေကြသည့် DKBA လက်ဖြောင့်စစ်သားတစ်ဦး

ဇွန်၃၀ရက်နေ့တွင်ကျင်းပသော မိုင်းလားနှစ် ၃၀ ပြည့်ပွဲတွင်မြင်တွေ့ရသည့် မိုင်းလားစစ်သည်များ

ရန်ကုန်တက္ကသိုလ်၊ ကံ့ကော်ဥယျာဉ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများက ဇူလိုင် ၂၀ ရက်နေ့တွင် ဆန္ဒပြနေစဉ်။

အာဇာနည်နေ့ အခမ်းအနားတွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုရန် စောင့်ဆိုင်းနေသူ များပြားလျက်ရှိသောကြောင့် လူအချို့ တိုးဝှေ့နေရာမှ မူးလဲသူတဦးအား ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အကူအညီပေးနေစဉ်။

အေအေအဖွဲ့က ဖမ်းဆီးခံထားသည့် ချင်းတိုင်းရင်းသားများကိုအြမန်ဆုံးပြန်လွှတ်ပေးအပါအဝင် တိုက်ပွဲများရပ် တန့်ရေးအတွက် ချင်းတိုင်းရင်းသား သုံးရာခန့်သည့် ဇူလိုင် ၁၃ရက် ရန်ကုန်မြို့ ဘူတာကြီးမှ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇူလိုင် ၂၈ရက်နေ့ မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်းအနီးရှိ ၉ အိမ်တန်း နေအိမ်အချို့အား ကျုးကျော်ဟုရှင်းလင်းဖယ်ရှားရာမှ ဖခင်ဖြစ်သူနှင့် အဖွားဖြစ်သူ အဖမ်းခံရသည့် အတွက် ငိုကျွေးနေသည့် ကလေးငယ်

၂၀၁၉ ဇူလိုင်လ ၈ရက်နေ့တွင်ပြုလုပ်ခဲ့သည့် မန္တလေးမြို့က ဗစ်တိုးရီးယားအမှုမှန်ဖော်ထုတ်ပေးရေးဆန္ဒပြပွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်(BGF)များ၏ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား သြဂုတ် ၂၀ ရက်နေ့တွင် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၌ ကျင်းပပြုလုပ်စဉ် ချီတက်အလေးပြုကြသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ

၂၀၁၉ ခုနှစ် သြဂုတ်လအတွင် ကမ္ဘာ့မွေနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရသည့် ပုဂံမြို့ရှိ စေတီပုထိုးများ

သြဂုတ်လ ၁၅ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းမဟာမိတ်တို့ ဂုတ်တွင်းသို့လာရောက် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် စစ်သည်များ

သြဂုတ်လ ၁၇ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပဂ္ဂိုလ်တက်ရောက်ခဲ့သည့် မန္တလေးမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအစားအစာပြပွဲ

သြဂုတ်လ ၉ ရက်နေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်မြေများ ပြိုကျကာ မကြီးအောက်ထဲ ပိကျနေသူများ၏ ရုပ်အလောင်းများကို လူမှုကယ်ဆယ်ရေးအဖွဲ့များ မီသတ်တပ်ဖွဲ့ဝင်များ တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်းရှာဖွေ

သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသော သံဖြူဇရပ်နှင့် ရေးမြို့သို့သွားသည့် ကားလမ်းပိုင်းရှိ ဝဲဝင်္ကရာကျေးရွာ ချောင်းကူးတံတားလမ်းပိုင်း လတ်တလော အများပြည်သူ သွားလာနိုင်ရန်အတွက် တာဝန်ရှိသူများမှ ယာယီပြင်ဆင်

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် TLNA နှင့် မြန်မာ့တပ်မတော် တိုက်ပွဲအတွင်း အတွင်းမြင်တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ

စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် Myanmar International Series 2019 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာကြက်တောင်မယ် သက်ထားသူဇာ

စက်တင်ဘာလတွင် ဝင်္ဂဘောဆင်စခန်းသို့ ရောက်ရှိလာသော မိဘမဲ့ဆင်လြေးဖစ်သည့် ဧရာစိန် တွင် ရရှိထားသည့် ဒဏ်ရာအား ဆင်စခန်းမှ ဆရာဝန်နှင့် ဝန်ထမ်းများက ကုသပေးနေစဉ်

တောင်ကိုးရီးယား သမ္မတနှင့် ဇနီး စက်တင်ဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမျှော်

စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းကျေးရွာအုပ်စု အထက်မြက်လဲရွာအနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းေနထိုင်သော ကလေးငယ်များ ဆော့ကစားနေစဉ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေးနှင့် လွတ်လပ်သည့် တရားစီရင်ရေး ရရှိရေးဟု ဆိုကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စက်တင်ဘာ ၉ ရက် မနက်ပိုင်းက စစ်ဘေးရှောင် ဒုက္ခသည်များ ဆန္ဒပြနေစဉ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ သံချပ်ကာယာဉ်များနှင့် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တပ်မတော်သားများကို သယ်ဆောင်လာသော စစ်ကားများက လှည့်ပတ်နေခဲ့စဉ်။

ကမ္ဘာ့မွေနှစ်စာရင်းဝင်ရန်ကြိုးစားခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးဒေသအတွင်းရှိ ရှေးဟောင်းဘုရားများအား ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။

အောက်တိုဘာတွင် ရှည်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်ရှိသော ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဖွင့်လှစ်ထားသည့် စစ်ရှောင်ပညာရိပ်မွန်တစ်ခု၌ ပညာသင်ကြားနေသူတစ်ဦး။

 

ရန်ကုန်မြို့ ကြည်မြင့်တိုင် ကမ်းနားတွင် အောက်တိုဘာလ ၈ရက်နေ့က ပြုလုပ်ခဲ့သည့် ၂၅ ကြိမ်မြောက် သျှရီသျှရီ စန္ဒီမယ်တော် ရုပ်ထုတော်များ ရေချပူဇော်ပွဲ

မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Myanmar Motocross လမ်းကြမ်းဆိုင်ကယ်စီးပြိုင်ပွဲမြင်ကွင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက မိုးသဲထန်မှုကြောင့် နတ်မောက်မြို့နှင့် လေးအိမ်ကျေးရွာ အကြားရှိ ကျွဲမကျချောင်းတွင် ရေကြီးမှု ဖြစ်ပွားနေစဉ် မော်တော်ဆိုင်ကယ်အား သယ်ယူပြီးဖြတ်သန်းနေကြသူများ။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး NJ မှ ဆေးခြောက်တရားဝင်အသုံးပြုရေးလူထုလှုပ်ရှားမှုကိုပြုလုပ်နေစဉ်။

နိုဝင်ဘာလတွင်ကျင်းပသော ၄၇ ကြိမ်မြောက် မဒေါက်ဒေသ တန်ဆောင်တိုင် မီးမျှောပွဲတော်

တောင်ကြီး တန်ဆောင်တိုင်တွင် လွှတ်တင်နေသော နေ့လွှတ်အရုပ်မီးပုံးတစ်လုံး

 

ကလောမြို့တွင် ကျင်းပသော မီးရှော်တိုင်ပွဲတော်

ICJ တွင် သွားရောက်ဖြေရှင်းသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ

ဗစ်တိုးရီးရားအမှု အမှန်တရားပေါ်ပေါက်ရေးအတွက် ရန်ကုန်တွင် စုရုံးဆန္ဒပြချီတက်နေစဉ် တွေ့ရသော ဆန္ဒပြသူတဦး။

ခရစ်စမတ်ညတွင် ရန်ကုန်မြို့ရှိ စိန့်မေရီ ဘုရားရှိခိုးကျောင်းသို့ လာရောက်ဝတ်ပြုနေသည့် ယုံကြည်သူဘာသာဝင်တဦး။

The post ဓာတ်ပုံများက ပြောသော ၂၀၁၉ appeared first on ဧရာဝတီ.

အီရန်ဗိုလ်ချုပ်ကို အမေရိကန်သတ်ဖြတ်မှု စစ်ပွဲဆီ ဦးတည်နေ

$
0
0

အိုစမာဘင်လာဒင် မှသည် အဘူဘာကာရ် အယ်လ်ဘဂ်ဒါဒီ အထိ အမေရိကန်နိုင်ငံက ယခုရာစုနှစ်အတွင်း ခြေရာခံလိုက် သုတ်သင်ခဲ့သော ကြောက်စရာ အကောင်းဆုံး အကြမ်းဖက်ခေါင်းဆောင်များ၏ သေဆုံးမှုများထဲတွင် လတ်တလော သတ်ဖြတ်ခဲ့သူတဦးက အထူးခြားဆုံး ဖြစ်မည်။

ဇန်နဝါရီလ ၂ ရက်နေ့က ဘဂ္ဂဒတ်၌ အမေရိကန်၏ တိုက်ခိုက်မှုတခုတွင် အီရန်နိုင်ငံမှ Quds တပ်ဖွဲ့၏ တပ်မှူး ကက်ဆမ်ဆိုလမာနီ Qassem Soleimani ကို သတ်ဖြတ်ခဲ့ခြင်းက တိုင်းပြည်တပြည်၏ စစ်ခေါင်းဆောင်တယောက်ကို ပစ်မှတ်ထားသည့် လုပ်ကြံမှုတခုမျှသာ မဟုတ်ခဲ့ပါ။ ကက်ဆမ်ဆိုလမာနီက ဆယ်စုနှစ် တခုကျော် ကူညီ ပုံသွင်းနေခဲ့သော အရှုပ်အထွေးဒေသတခု၏ အန္တရာယ်များသည့် အခန်းကဏ္ဍသစ်လည်း ဖြစ်သည်။ အမေရိကန်နှင့် အီရန်တို့၏ တဆင့်ခံ အကြမ်းဖက်မှု နှင့် နှောက်ယှက်ဖျက်ဆီးမှု သံသရာက ပွင့်ပွင့်လင်းလင်း စစ်ပွဲတခုဆီ ပိုနီးအောင် ရွေ့လျားသွားနေခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာလအတွင်းက အဘူဘာကာရ် အယ်လ်ဘဂ်ဒါဒီ သေဆုံးမှုတွင် ပြုလုပ်ခဲ့သလို အောင်မြင်မှုကို ချက်ချင်း ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပါ။ ထိုအစား သမ္မတက ကက်ဆမ်ဆိုလမာနီ သေဆုံးမှု အစောပိုင်း သတင်းများ ပျံ့နှံနေချိန် Twitter တွင် အမေရိကန်အလံ ပုံတခုကိုသာ တင်ခဲ့သည်။ ဒေါ်နယ်ထရမ့်၏ အမိန့်အရ အမေရိကန်တပ်မတော်က ကက်ဆမ်ဆိုလမာနီကို သုတ်သင်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

ကက်ဆမ်ဆိုလမာနီကို ယနေ့ခေတ် အရှေ့အလယ်ပိုင်းတွင် သြဇာအာဏာ အကြီးဆုံး ဗိုလ်ချုပ်ကြီးဟု ခေါ်ခဲ့ကြသည်။ သြဇာလွှမ်းမိုးမှုနှင့် အီရန်၏ ရန်သူများကို တိုက်ခိုက်ခြင်းများ သေချာစေရေး ယီမင်၊ အီရတ်နှင့် လက်ဘနွန်မှ တဆင့်ခံအဖွဲ့များကို ကျောထောက်နောက်ခံပေးသည့် ဗျူဟာတခု၏ နောက်ကွယ်မှ ကြိုးကိုင်နေသူအဖြစ် သိကြသည်။ နယူကလီးယား သဘောတူညီချက်ကို စွန့်ခွာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့် အစိုးရက အီရတ်နိုင်ငံအပေါ် ၎င်းတို့၏ ဘဏ္ဍာရေးအရ ဖိအားပေးသည့် လှုပ်ရှားမှုကို အရှိန်မြှင့်လာခဲ့သည့် ၂၀၁၉ ခုနှစ် နွေရာသီနှင့် ဆောင်းဦးရာသီ တလျှောက်တွင် ကက်ဆမ်ဆိုလမာနီ၏ တပ်ဖွဲ့များ သို့မဟုတ် ၎င်းတို့၏ တဆင့်ခံအဖွဲ့များက ပါရှန်းပင်လယ်ကွေ့အနီးတွင် ရေနံတင်သင်္ဘောများအား တိုက်ခိုက်ခြင်း၊ အီရတ်မှ အမေရိကန် အကျိုးစီးပွားများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း၊ အမေရိကန် ဒရုန်း တစီး ပစ်ချခံရခြင်းနှင့် ဆော်ဒီအာရေးဗီးယားမှ ရေနံစက်ရုံတခုကို တိုက်ခိုက်ခြင်းတို့အတွက် တာဝန်ရှိကြောင်း အပြစ်တင်ခံခဲ့ရသည်။

အိုစမာဘင်လာဒင် သို့မဟုတ် အဘူဘာကာရ် အယ်လ်ဘဂ်ဒါဒီ ကဲ့သို့ မဟုတ်ဘဲ ကက်ဆမ်ဆိုလမာနီက သူ့နောက်တွင် နိုင်ငံတခုလုံး၏ အာဏာနှင့် အရင်းအမြစ်များ ရှိနေသည်။ သူအသတ်ခံရသည့် အီရတ်နိုင်ငံမှ အစိုးရ အဆင့်မြင့်ပိုင်းမှ ပွင့်ပွင့်လင်းလင်း ထောက်ခံမှုများ ရှိသည်။ အိုစမာဘင်လာဒင်နှင့် အဘူဘာကာရ် အယ်လ်ဘဂ်ဒါဒီတို့ ၂ ဦးလုံးက ပုန်းခို ရှောင်တိမ်းရင်း အသတ်ခံခဲ့ရခြင်း ဖြစ်သော်လည်း ကက်ဆမ်ဆိုလမာနီက သူ၏ တပ်ဖွဲ့များ လှုပ်ရှားရာ ဒေသတွင်းတွင် ဗြောင်ကျကျပင် ခရီးသွားလာနေသည်။ “အိမ်ရှင်နိုင်ငံ အပါအဝင် လူတိုင်းက အကြမ်းဖက်သမားလို့ ယူဆတဲ့သူတဦးကို သုတ်သင်တာမျိုး ရှိပါတယ်။ အခုကိစ္စကတော့ အိမ်ရှင်ဖြစ်တဲ့ အီရတ်က မဟုတ်ဘဲ အမေရိကန်က အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့သူတဦးကို လုပ်ကြံခြင်း ဖြစ်ပါတယ် ” ဟု ဉာဏ်ကြီးရှင်အဖွဲ့တဖွဲ့ဖြစ်သော Iraq Initiative at the Atlantic Council မှ ဒါရိုက်တာ Abbas Kadhim က ပြောသည်။

“ဗိုလ်ချုပ်ကြီး ကက်ဆမ်ဆိုလမာနီက အီရတ်နဲ့ ဒေသတလွှားမှာရှိတဲ့ အမေရိကန် သံတမန်တွေနဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်ဖို့ အစီအစဉ်တွေကို တက်တက်ကြွကြွ အကောင်အထည်ဖော်နေခဲ့ပါတယ်” ဟု အမေရိကန် ကာကွယ်ရေးဌာန၏ ကြေညာချက်က ဆိုသည်။ ပြီးခဲ့သည့် လများအတွင်း အမေရိကန် ဦးဆောင်သည့် မဟာမိတ်စခန်းများ ဆက်တိုက် တိုက်ခိုက်ခံရခြင်းများအတွက် ကက်ဆမ်ဆိုလမာနီတွင် တာဝန်ရှိသည်ဟုလည်း ကြေညာချက်က ဆိုသည်။ အမေရိကန် ကန်ထရိုက်တဦး သေဆုံးခဲ့ရသည့် ဒီဇင်ဘာလ နှောင်းပိုင်းမှ တိုက်ခိုက်မှုတခု အပါအဝင် ဖြစ်သည်။

“တကယ်တော့ ဒီတိုက်ခိုက်မှုတွေရဲ့ ရည်ရွယ်ချက်က အမေရိကန်တွေကို သတ်ဖြတ်ဖို့ ဆိုတာကို ကျနော်တို့ သိပါတယ်” ဟု အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley က ဇန်နဝါရီလ ၂ ရက် မနက်ပိုင်းတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောသည်။ ဒီဇင်ဘာလအတွင်းက တိုက်ခိုက်ခံရသည့် ခြံဝန်းအတွင်းတွင် ကန်ထရိုက် ၂၀၀ ခန့် အပြင် အမေရိကန် စစ်ဘက်မှ အဖွဲ့ဝင် ၁၀၀ ခန့် ရှိနေခဲ့သည်ဟု သူက ဆိုသည်။ “ဒုံးကျည် ၃၁ ခု ဆိုတာ သတိပေးပစ်ခတ်မှုတခု အတွက် ရည်ရွယ်ထားတာ မဟုတ်ပါဘူး”။

ထိုတိုက်ခိုက်မှုကြောင့် အီရန် ကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Kataib Hezbollah လှုပ်ရှားနေသည့် အီရန်နှင့် ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်မှတ် ၅ ခုကို အမေရိကန်က တိုက်ခိုက်ခြင်းများ ပေါ်ပေါက်စေခဲ့သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ကက်ဆမ်ဆိုလမာနီ၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အဘူမာဒီ အယ်လ်မူဟန်ဒစ် Abu Mahdi al-Muhandis မှာလည်း ကက်ဆမ်ဆိုလမာနီနှင့်အတူ သေဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ အစောပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က Kataib Hezbollah အပေါ် တိုက်ခိုက်မှုများအတွက် အီရန်နိုင်ငံ၏ လက်တုန့်ပြန်မှုကို သူ အပြည့်အဝ မျှော်လင့်ထားကြောင်း၊ သို့သော် အမေရိကန်က ကြိုတင်ကာကွယ် မှုများ ပြုလုပ်နိုင်ကြောင်းနှင့် ရလဒ်များကို အီရန်က သဘောကျလိမ့်မည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ မည်သည့်ပုံစံမျိုးနှင့် ဖြစ်လာလိမ့်မည်က မသဲကွဲသေးသည့်တိုင် အီရန်ဘက်မှ နောက်ထပ် လက်တုန့်ပြန်မှုများက မလွဲမသွေရှိလာမည့် အသွင်ဖြစ်သည်။ အမေရိကန်၏ နောက်ထပ် တုန့်ပြန်မှုများကလည်း ထပ်တူထပ်မျှ သေချာပေါက်ရှိလာပါလိမ့်မည်။

“သူတို့ ပြန်တိုက်ခိုက်လိမ့်မယ်။ ဘယ်ပစ်မှတ်ဖြစ်မလဲဆိုတာပဲ မေးစရာရှိတယ်” ဟု Foundation for Defense of Democracies မှ အကြီးတန်း အဖွဲ့ဝင်တဦး ဖြစ်သည့် Reuel Marc Gerecht က ပြောသည်။ ယင်းအဖွဲ့မှာ အီရန်နှင့် ပတ်သက်၍ တင်းမာသော မူဝါဒကို တောင်းဆိုနေသည့် အဖွဲ့ဖြစ်သည်။ “အဲဒါက နယူကလီးယား ဆွေးနွေးညှိနှိုင်းမှုတွေရဲ့ ဖြစ်နိုင်ချေ မှန်သမျှကို အဆုံးသတ်စေမှာ ဖြစ်တယ်။”

Washington Institute for Near East Policy တွင် အီရန်နိုင်ငံ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များနှင့် သူတို့၏တဆင့်ခံများ နှင့် ပတ်သက်၍ လေ့လာနေသည့် ပညာရှင်တဦး ဖြစ်သည့် Phillip Smyth က ကက်ဆမ်ဆိုလမာနီအား တိုက်ခိုက်မှုသည် အမေရိကန်နိုင်ငံက ပြုလုပ်ခဲ့သည့် လုပ်ကြံမှုများထဲတွင် အရေးအကြီးဆုံးဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ လုပ်ရပ်က ISIS သို့မဟုတ် al-Qaeda နှင့် လုံးဝ ကွဲပြားခြားနားသည့် အစိုးရ ကျောထောက်နောက်ခံရှိ အဖွဲ့အစည်းတခု အပေါ်တွင် တိုက်ခိုက်ခြင်း ဖြစ်သောကြောင့်ပင်။

“ကျနော်တို့က အီရန်က ဦးဆောင်တဲ့ နိုင်ငံတကာကွန်ရက်တခုရဲ့ ပင်မခေါင်းဆောင်မှုအကြောင်း ပြောနေကြတာပါ။ သူတို့က ဒေသတလွှားမှာရှိတဲ့ သောင်းနဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေကို ထိန်းချုပ်ထားတယ်။ သူတို့က အတွေ့အကြုံ ရှိတဲ့သူတွေ၊ အမှန်တကယ် ယုံကြည်သက်ဝင်သူတွေ။ အဲဒါတွေက အီရန်နိုင်ငံရဲ့ နယ်ချဲ့ စီမံကိန်းအတွက် အနာဂတ်ကို ဖန်တီးနေတဲ့သူတွေ ဖြစ်ပါတယ်” ဟု သူက ပြောသည်။ (အီရတ်နှင့် ဆီးရီးယားတွင် ISIS ၏ တိုက်ခိုက်ရေးသမား ၁၄၀၀၀ မှ ၁၅၀၀၀ အတွင်း ရှိနေဆဲဖြစ်နိုင်သည်ဟု ယူဆရသည်။ အဘူဘာကာရ် အယ်လ်ဘဂ်ဒါဒီ လုပ်ကြံခံခဲ့ရသည့် အောက်တိုဘာလတွင် ၎င်းတို့၏ ပိုင်နက် နယ်မြေရှိမနေတော့ပါ)

နိုင်ငံရပ်ခြားတာဝန်များအတွက် ကက်ဆမ်ဆိုလမာနီ၏ Quds တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည့် အီရန်နိုင်ငံ၏ အစ္စလမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC )ကို ဒေါ်နယ်ထရမ့် အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်ဟု Phillip Smyth က မှတ်ချက်ချသည်။ ကက်ဆမ်ဆိုလမာနီက ထိန်းချုပ်သည့် IRGC ကွန်ရက်များထဲတွင် အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်း အများအပြား ပါဝင်နေသည်။ နိုင်ငံတခုက ညွှန်ကြားနေသည့်တိုင် အဆိုပါအဖွဲ့များက အကြမ်းဖက်ဝါဒကို အသုံးပြုနေသည်။ ပိုမိုထိရောက်စွာ အသုံးပြုနေခဲ့သည်။ ၎င်းတို့က al-Qaeda သို့မဟုတ် ISIS တို့ ရှိခဲ့သည်ထက် များစွာပို၍ စွမ်းအားရှိသည်ဟု Phillip Smyth က ထပ်ပြောသည်။

အဆိုပါကွဲပြားမှုက နောက်လာမည့်နေ့များတွင် အထူးပင် အရေးပါလာလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အီရန်နှင့် ၎င်း၏ တဆင့်ခံအဖွဲ့များ၏ တုန့်ပြန်မှုက မည်သို့ အန္တရယ်ရှိနိုင်သည်ကို ဖော်ပြနေသောကြောင့် ဖြစ်သည်။ သမ္မတ အိုဘားမား၏ လက်အောက်၌ ကာကွယ်ရေးဌာနတွင် အီရန်နိုင်ငံနှင့် ပတ်သက်၍ အလုပ်လုပ်ခဲ့သော Ilan Goldenberg က တုန့်ပြန်မှုတွင် အီရတ်၌ တိုက်ခိုက်မှု အရှိန်မြင့်တက်လာခြင်း သို့မဟုတ် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စု ကဲ့သို့သော အမေရိကန်၏ ဒေသတွင်း မဟာမိတ်နိုင်ငံများအပေါ် ဒုံးကျည်ဖြင့် တိုက်ခ်ိုက်မှုများ ပါဝင်လာနိုင်သည်ဟု Twitter တွင် ခန့်မှန်းခဲ့သည်။

အီရတ် စစ်ပွဲ၌ ပါဝင်တိုက်ခိုက်ခဲ့ကြသော အမေရိကန်စစ်သားများတွင် ကက်ဆမ်ဆိုလမာနီနှင့် တိုင်းပြည်အတွင်း သူတိုက်ခိုက်ခဲ့သော သွေးချောင်းစီးတိုက်ပွဲများ၏ နာကျင်ခါးသီးသော အမှတ်ရစရာများ ရှိနေသည်။ အီရတ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော အထက်လွှတ်တော်အမတ် Tom Cotton က “ကက်ဆမ်ဆိုလမာနီဟာ သူနဲ့ အလွန်ပဲ ထိုက်တန်တာကို ရရှိသွားတာပါ။ သူ့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အမေရိကန် စစ်သားတွေအတွက်လည်း သူတို့နဲ့ ထိုက်တန်တဲ့ တရားမျှတမှုကို ရရှိခဲ့ကြပါတယ်” ဟု ကြေညာခဲ့သည်။ အီရတ်စစ်ပွဲမှ စစ်ပြန်တဦး ဖြစ်သလို ဒီမိုကရက်ပါတီမှ အောက်လွှတ်တော် အမတ်တဦးလည်းဖြစ်ပြီး ဒေါ်နယ်ထရမ့်၏ အီရန်ဆိုင်ရာ မူဝါဒကို ပြစ်တင်ဝေဖန်ခဲ့ဖူးသော Seth Moulton က ဇန်နဝါရီလ ၂ ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ကက်ဆမ်ဆိုလမာနီကို “သူ၏ လက်တွင် အမေရိကန်သွေးများ စွန်းနေသည့် အမေရိကန်ပြည်ထောင်စု၏ ရန်သူတဦး” ဟု ခေါ်ဝေါ်ခဲ့သည်။

သို့သော်လည်း သူ၏ ပါတီမှ အခြားသူများကဲ့သို့ပင် Seth Moulton က ကက်ဆမ်ဆိုလမာနီကို လုပ်ကြံခဲ့ခြင်းကြောင့် ဦးတည်သွားနိုင်မည့် အခြေအနေ အတွက် စိုးရိမ်ပူပန်ခဲ့သည်။ “အီရတ်မှာ ကျနော်တို့ နှစ်ပေါင်းများစွာ လုံးထွေးသတ်ပုတ်နေခဲ့ရတဲ့ မေးခွန်းက ကျနော်တို့ ဖန်တီးထားတာထက် ပိုတဲ့ အကြမ်းဖက်သမားတွေကို ဘယ်လိုသတ်မလဲ ဆိုတာပါပဲ။ အစိုးရမှာလည်း ဗျူဟာ မရှိသေးဘဲနဲ့ ဒေသတွင်း စစ်ပွဲတခုကို မီးမွှေးပေးနိုင်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ အရှိန်မြှင့်မှု အပေါ် အီရန်ရဲ့ တုန့်ပြန်မှုကို ကျနော်တို့ စောင့်ဆိုင်းနေချိန်မှာ အဲဒါက ဒီညအတွက် အဖြေမသိသေးတဲ့ မေးခွန်းတခုပါ။”

(အမေရိကန် အွန်လိုင်းမဂ္ဂဇင်း The Atlantic ပါ The Soleimani Assassination Is America’s Most Consequential Strike This Century ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

အီရန်နှင့် အမေရိကန် စစ်ဖြစ်ခဲ့လျှင်

ဆော်ဒီရေနံတွင်း တိုက်ခိုက်ခံရမှုကြောင့် ရေနံဈေး ၁၅ ရာခိုင်နှုန်း ခုန်တက်

အီရန်ခေါင်းဆောင်ကို အမေရိကန် ပိတ်ဆို့အရေးယူမှု ချမှတ်

The post အီရန်ဗိုလ်ချုပ်ကို အမေရိကန်သတ်ဖြတ်မှု စစ်ပွဲဆီ ဦးတည်နေ appeared first on ဧရာဝတီ.


အန္တရာယ်ကြားက ငှက်ပျောသီးစား ကျောက်မိုင်းခွဲသူများ

$
0
0

ပေ ၇၀၀ နီးပါး မြင့်မားပြီး မတ်စောက်သော ကျောက်တောင်ပေါ်မှ “မိုင်းခွဲတော့မယ်ဟေ့” ဟူသည့် အသံ ထွက်ပေါ်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကျယ်လောင်သော မိုင်းခွဲသံနှင့် အတူ မြေကြီးမှာ သိသိသာသာ တုန်ခါသွားသည်။

ထိုမိုင်းခွဲသံနှင့်အတူ ကျောက်တောင်မှ ကျောက်စိုင်ကျောက်ခဲများ ဖွာထွက် ပြိုကျလာသည်။ ကျောက်မိုင်းလုပ်ငန်းလုပ်ကိုင်သူများက ကျောက်မိုင်းခွဲမှု အောင်မြင်သည်ဟု ဆိုကြသည်။

ထိုမြင့်မားမတ်စောက်သည့် ထိုတောင်ပေါ်သို့ တက်ကာ ကျောက်တောင်ကြား သွားလာ လှုပ်ရှားနေသော လူများ၏ ကိုယ်တွင် အကာအကွယ် ပစ္စည်းများ လုံးဝ မပါရှိကြပါ။ ကျယ်လောင်လှသည့် မိုင်းခွဲသံနှင့် မိုင်းပေါက်ကွဲမှုကို ရှောင်တိမ်းရန် လွတ်ကင်းမည်ဟု သူတို့ယူဆသော တောင်ပေါ်ရှိ နေရာတခုတွင်သာ ခိုကပ်နေကြသည်။

ထိုသို့ မိုင်းခွဲစဉ်တွင် မြေပြင်နှင့် ပေ ၂၀၀၊ ၃၀၀ ခန့် အကွာအဝေးအထိကိုမူ အခြားလူများ မလာရန် ရှောင်တိမ်းခိုင်းထားကြသည်။

ထို့နောက် သူတို့ ကျောက်မိုင်း ခွဲသည့် အလုပ်ပြီးစီးပြီးနောက် ထိုအလုပ်သမားများမှာ တောင်အောက်သို့ ပြန်ဆင်းလာကြသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောဒေသသည် မန္တလေး- ပြင်ဦးလွင် ကားလမ်းမကြီး နံဘေးတွင် တည်ရှိပြီး ထိုဒေသခံများသည် လမ်းခင်းကျောက်များကို ထုတ်လုပ်သည့် လုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြသည်။

ထိုဒေသ၏ အခေါ်အဝေါ်အရ ယင်းသို့ တောင်ပေါ်တက် အလုပ်လုပ်ကိုင်ကြသည့် ကျောက်မိုင်း အလုပ်သမားများကို ပေထိုးမိုင်းခွဲ လုပ်သားဟု သိရသည်။ ကျောက်တောင်အောက်နားတွင်ပင် ကျောက်မိုင်းခွဲရာမှ ရရှိလာသည့် ကျောက်စိုင်ကျောက်ခဲများကို သယ်ယူသည့် ကျောက်ခွဲ အလုပ်သမားများလည်း ရှိသည်။

အန္တရာယ်များသော်လည်း လုပ်အားခ နှစ်ဆ ရသည့် ပေထိုးမိုင်းခွဲ လုပ်သား အဖြစ် လုပ်ကိုင်သူဦးရေသည် အုန်းချောကျေးရွာရှိ ကျောက်မိုင်းလုပ်ငန်းခွင်တွင် ပိုများပါသည်။

အသက် ၃၅ နှစ်ဝန်းကျင်ရှိ ကိုကျော်စိုးဦးသည် ထိုကျောက်မိုင်းတွင် လုပ်နေသည့် ပေထိုးမိုင်းခွဲ လုပ်သားတဦးဖြစ်သည်။ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ် တကိုယ်လုံးတွင် ကျောက်မှုန့်မြေမှုန့်များဖြင့် ဖုံးနေသည်။ ထိုနေရာတွင် လုပ်သက် ၁၀ နှစ်ခန့်ရှိပြီဖြစ်သော ကိုကျော်စိုးဦးသည် မိသားစု စားဝတ်နေရေးကို ဖြေရှင်းရန် အတွက်သာ ၎င်းအလုပ်ကို မဖြစ်မနေ လုပ်နေရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောပြပါသည်။

“ကိုယ့်အသက် ကိုယ်ရင်းပြီး လုပ်ရတာဆိုတော့ အခက်အခဲတော့ရှိတယ်။ ချော်ကျပြီး ခိုက်မိတာရှိတယ်။ ခဲပြုတ် ကျတာမျိုးတွေလည်း ရှိတယ်။ မိုင်းခွဲတုန်း ခဲတွေ ပြုတ်ကျလာလို့ ကျနော် ခါးဆစ်ရိုးကျိုးဖူးတယ်။ တောင်ပေါ်ကနေ ပြုတ်ကျဖူးတယ်။ ကိုယ့်အိမ်က မစားလောက်တော့ ပေထိုး မိုင်းခွဲလုပ်တာ။ လူကို လာမှန်တာမျိုး ဖြစ်တတ်တော့ လွတ်ရာကို မှန်းပြီး ရှောင်တိမ်း ရတာပေါ့။ ကိုယ်လုပ်ထားတဲ့မိုင်း ကိုယ့်ဆီမလာနိုင်အောင်ပါ” ဟု ကိုကျော်စိုးဦးက ပြောပြသည်။

တနေ့လျှင် လုပ်အားခ ၁၅၀၀၀ ကျပ် ရရှိသည့် ကိုကျော်စိုးဦးသည် မနက် ၈ နာရီမှ ညနေ ကျောက်မိုင်းခွဲပြီးသည့် အချိန်အထိ အလုပ်လုပ်ရသည်။ သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ထိုပေထိုးမိုင်းခွဲ လုပ်သား အဖြစ် လုပ်ကိုင်ရင်း ကျောက်တောင်ပေါ်မှ ပြုတ်ကျကာ ခါးဆစ်ရိုးကျိုး၊ ခြေထောက် ထိခိုက်ခဲ့ဖူးသည်။ လုပ်ငန်းရှင်က ၎င်း၏ ဆေးကုသစရိတ်ကို တာဝန်ယူပေးခဲ့သဖြင့် ယခုအခါ ထိုအလုပ်ကိုပင် စားဝတ်နေရေးအတွက် ပြန်လည် လုပ်ကိုင်နေရသည်။

ကိုကျော်စိုးဦး ကဲ့သို့ပင် ထိုကျောက်မိုင်းတွင် တောင်ပေါ်တက် အလုပ်လုပ်ရသည့် ပေထိုးမိုင်းခွဲလုပ်သားဦးရေမှာပင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၂၀၀၊ ၃၀၀ ဦး ဝန်းကျင် ရှိသည်။

ပေထိုးမိုင်းခွဲ လုပ်သား တဦးသည် ကျောက်တောင်ပေါ်သို့ တက်ကာ ပေဖောက်ရသည် (ကျောက်တောင်ကို အပေါက်ငယ် ဖောက်ခြင်း)၊ ထို့နောက် ထိုအပေါက်ငယ်ထဲသို့ ဒေသအခေါ် ပုလဲ ဟုခေါ်သည့် ယမ်းများ ထည့်ရသည်။ ထိုယမ်းများကို ပေကြိုးထိုးပြီး ကျောက်တောင်ကို ဖောက်ခွဲကာ ရလာသော ကျောက်တုံးများအား သယ်ထုတ်ကာ ရောင်းတန်းဝင်အထိ အဆင့်ဆင့် ခွဲထုတ်ရသည်။
ထိုသို့ ကျောက်ခဲများကို လမ်းများခင်းရန်နှင့် အချို့ ဆောက်လုပ်ရေးလုပ်ငန်းများတွင် သုံးရန် ဝယ်ယူကြကြောင်း မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောရွာရှိ ကျောက်ခွဲစက် လုပ်ငန်းရှင်များထံက သိရသည်။

လမ်းခင်းကျောက်တွေ ဘယ်လိုထုတ်

“အရင်ကလောက်တော့ အလုပ်သမား မလိုတော့ဘူး။ အလုပ်သမားတွေ နေရာမှာ စက်တွေ အစားထိုးလိုက်တော့ ကိုယ်ခိုင်းချင်တဲ့အချိန် ခိုင်းလို့ရတယ်လေ။ ဒီ အုန်းချောဒေသမှာတော့ ကျောက်စက်လုပ်ငန်း လုပ်နေတာက တော်တော်များလာပြီ။ ကုမ္ပဏီကြီးတွေဝင်လာတော့ ကျနော်တို့လို လုပ်ငန်းသေးတွေ တော်တော် ရုန်းကန်နေရတယ်” ဟု ရွှေလမင်း ကျောက်ခွဲစက် ပိုင်ရှင် ကိုဝင်းကိုက ပြောပြသည်။

ထိုဒေသရှိ ကျောက်တောင်များမှ ထုတ်လုပ်သည့် ကျောက်များသည် ခွဲကျောက်များဖြစ်ပြီး အဓိက အားဖြင့် လမ်းခင်းခြင်း၊ အုတ်ထုတ်လုပ်ခြင်းနှင့် အဆောက်အဦများ ဆောက်လုပ်မှုတွင် အသုံးပြုလေ့ရှိကြသည်။

ကျောက်ထုတ်လုပ်ပုံအားဖြင့် ထုတ်လုပ်ခြင်း၊ ကြိတ်ခွဲခြင်းများ ပြုလုပ်ပြီးနောက် ဖြန့်ဖြူးခြင်း သို့ အဆင့်အလိုက် လုပ်ဆောင်ကြသည်။

အုန်းချောဒေသဘက်ရှိ ကျောက်တောင်နေရာတွင် ကျောက်များ ထုတ်လုပ်ရန် ၁ ကွက်လျှင် ပေ ၅၀ အကျယ်ခန့်ရှိသည့် ကျောက်ခန်း ၁ ခန်းစီ ရှိကြသည်။ နေ့စဉ် ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် အလုပ်ရှင် ၁ ဦးစီပိုင်ဆိုင်သည့် ကျောက်ခန်း ၁ ခန်းစီမှ မိုင်းခွဲကာ ရရှိလာသည့် ကျောက်များကို ဝယ်လက်များသို့ ပြန်လည် ရောင်းချကြသည်။


ကျောက်စက်လုပ်ငန်းရှင်များသည် သက်ဆိုင်ရာ ကျောက်ထုတ်လုပ်သား ခေါင်းဆောင်များထံမှ တဆင့် ပြန်လည် ဝယ်ယူကြသည်။ လတ်တလော ပေါက်ဈေး အရ ကျောက်များကို ထော်လာဂျီ တစီးလျှင် ကျပ် ၁၁၀၀၀ မှ ၁၃၀၀၀ ကြား ဖြစ်သည်။ ကျောက်ထုတ်လုပ်သူများသည် ကျောက် ထော်လာဂျီ ၁ စီး ရောင်းရပါက ကျောက်တွင်း ကန်ထရိုက်ကို အခစားငွေ ပေးကြရသည်။

အခွန်ဆောင်ထားပြီး ရယူထားသော တောင်ပိုင်များအတွက် ကျောက်ကန်ထရိုက်များက အစိုးရထံသို့ ကျောက်ဖိုး ပြန်သွင်းကြရသည်။ ထိုကျောက်များသည် မိုင်းခွဲ ထုတ်လုပ်သည်မှ စကာ အဆင့်ဆင့် ဝယ်ယူလာပြီးနောက် ကျောက်စက်လုပ်ငန်းရှင်များ လက်ထဲသို့ ရောက်သည့်အခါ အရွယ်အစား မျိုးစုံသော ကျောက်များ ထုတ်လုပ်ခံရပြီးနောက် အနယ်နယ်အရပ်ရပ်ရှိ ဈေးကွက်ထဲသို့ ရောက်ရှိကြသည်။

ထိုကျောက်မိုင်း လုပ်ငန်းခွင်များမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်များဖြစ်သည့် ကျောက်မှုန်၊ ဘီ ကျောက်၊ ချီပင်ကျောက်၊ သုံးမူး ကျောက်၊ ငါးမူးကျောက်၊ ဝမ်းတူး (၁လက်မx၂လက်မ)၊ တူးဖိုး (၂လက်မx၄ လက်မ)၊ ခြောက်ကိုး (၆လက်မx၉လက်မ) အရွယ်စုံ ထုတ်လုပ်ပေးလျက် ရှိသည်။

အုန်းချောရွာမှ ထွက်ရှိသည့် လမ်းခင်းကျောက်များကို မြန်မာနိုင်ငံ အရပ်ရပ်သို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း မျိုးစုံဖြင့် တင်ပို့ကာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

ကျောက်မိုင်းလုပ်ငန်းခွင် လုံခြုံရေး

လုပ်ငန်းရှင် ကိုဝင်းကို က “ကျနော်တို့ဆိုရင် ကျောက်ခွဲတဲ့နေရာမှာ စောင့်ကြည့်ဖို့ အလုပ်သမား ၃၊ ၄ ဦးလောက်နဲ့ ကျောက်မိုင်းခန်းမှာ လူ ၇ ယောက်လောက်ပဲ ရှိတော့တယ်။ မိုင်းခွဲသမားကိုတော့ လုပ်သက်ရင့်မှ ငှားတယ်။ အန္တရာယ်အရမ်းများတဲ့ အလုပ်နေရာ ဖြစ်နေတာကြောင့်ပါ”ဟု ပြောပြသည်။

ထိုဒေသတွင်ရှိသော ကျောက်မိုင်း အလုပ်သမားများသည် ကျောက်မှုန့်၊ ဖုန်မှုန့်များ အကြား၊ တောင်ကြို တောင်ကြားများတွင် လုပ်ကိုင်နေရသော်လည်း လုပ်ငန်းခွင် လုံခြုံရေး၊ ကျန်းမာရေး အခြေအနေများကို မည်သူမျှ ဂရုတစိုက် မရှိကြသလို အလုပ်သမားများကိုယ်တိုင်သည်လည်း ထိုသို့ ဂရုစိုက်ရမည်ကို ဗဟုသုတ ရှိကြသည့်ပုံ မပေါ်ပါ။

မိုင်းများ သုံးစွဲရာတွင် လုပ်ငန်းကျွမ်းကျင်မှုကိုလည်း အလုပ်ရှင် အလုပ်သမားအကြား နားလည်မှုဖြင့်သာ ဆုံးဖြတ်ပြီး လုံခြုံရေးအရ ကန့်သတ်သုံးစွဲရသည့် ယမ်းများ၊ ယမ်းများ သိုလှောင်ထားရှိမှုနှင့် ပတ်သက်ပြီး စနစ်တကျ သုံးစွဲခြင်း ရှိ၊ မရှိကို သေချာစွာ မသိရှိရပါ။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ဝန်ကြီး ဦးမျိုးသစ်က “လုပ်ငန်းရှင်တွေကတော့ လိုင်စင်အတွက် လုပ်ငန်းခွင် လုံခြုံရေးကို ဘာလုပ်ပါမယ် ညာလုပ်ပါမယ်ဆိုပြီး စာရွက်ထဲမှာတော့ ချရေးတာပေါ့လေ။ ဒါပေမယ့် ဆောင်ရွက်ခြင်း ရှိ၊ မရှိကတော့ ပြဿနာ ဖြစ်လာမှ အဲဒါတွေ ဖြစ်လာတာပေါ့။ ကျနော်တို့ Mining engineer တွေ ခန့်ထားဖို့၊ Geologist တွေခန့်ထားဖို့ အကြံကတော့ ပြုနေတာပဲ။ ဒါပေမယ့် ဝန်ကြီးဌာနကတောင် တနှစ်ကို ၁၀ ယောက်တောင် မခန့်နိုင်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

လမ်းခင်းကျောက်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်သည် သတ္ထုတွင်းဥပဒေ၊ ကျောက်မျက်တွင်းထွက် ဥပဒေများတွင် မပါဝင်သဖြင့် လုပ်ကွက်လုပ်မည့် နေရာသည် သစ်တောမြေများ ဖြစ်ပါက သက်ဆိုင်ရာ သစ်တော ဦးစီးဌာနသို့ လည်းကောင်း၊ အခြားမြေဖြစ်ပါက သက်ဆိုင်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သို့လည်းကောင်း တင်ပြကာ လိုင်စင် လျှောက်ထားရကြောင်း သိရသည်။

“ဒီအလုပ်ကို စလုပ်စဉ်ကတည်းက စာချုပ်ချုပ်ထားတယ်။ Underground မိုင်းဆိုရင် နာရီ ဘယ်လောက်နဲ့ လုပ်ရပါမယ်ဆိုတာ ပါပြီးသား။ ကျောက်ခဲထုတ်တာ သဘာဝပတ်ဝန်းကျင် ဘာတွေထိခိုက်လဲ။ မိုင်းတွေ ခွဲတာလား ဆိုတာမျိုး သေချာ စိစစ်ပါတယ်။ လေထဲ အမှုန်အမွှားတွေ ထွက်လာတယ်ဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက လေထုတိုင်းတာရေး စက်တွေနဲ့ စစ်ဆေးပါတယ်။ စိစစ်ပြီး အကြံပြုတယ်။ အဲဒီအတိုင်း မလုပ်ရင် အရေးယူဆောင်ရွက်တဲ့အပိုင်းကတော့ အားနည်းနေတယ်လို့ ပြောလို့ရတယ်”ဟု ဝန်ကြီး ဦးမျိုးသစ်က ရှင်းပြသည်။

လမ်းခင်းကျောက်များ ထုတ်လုပ်ပါက အများပြည်သူဆိုင်ရာ လမ်းမကြီး၊ မီးရထားလမ်း၊ ရေလှောင်ကန်နှင့် တူးမြောင်း စသည့်နေရာများနှင့် အနည်းဆုံး ပေ ၆၀၀ အတွင်း လုံးဝ တူးဖော်ထုတ်လုပ်ခြင်း မပြုလုပ်ရဟု လမ်းခင်းကျောက် ထုတ်လုပ်မှု လုပ်ငန်းလိုင်စင် စည်းကမ်းများ ရှိသည်။

ကျောက်ကြီး၊ ဂဝံကျောက် ထုတ်လုပ်မှုများအပေါ် ကာယကံရှင်မှ လျှောက်ထားလာပါက သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် လုပ်ငန်းရှင်၏ ထွက်ဆိုချက်၊ အနီးပတ်ဝန်းကျင်ရှိ တောင်သူများ နေထိုင်သူများ၏ ထွက်ဆိုချက်များ လိုအပ်ပြီး ကွင်းဆင်း စစ်ဆေးရမည် ဖြစ်သည်။

ထိိုသို့ စိစစ်ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက ကွင်းအရေအတွက် မည်မျှ တူးဖော် ထုတ်လုပ်ခွင့် ပြုသည်ကို မူတည်၍ သတ်မှတ် အခွန်နှုန်းထားဖြင့် ၁၈၇၆ ခုနှစ် မြေနှင့် အခွန်ဥပဒေ အမိန့် ဆင့်ဆိုချက် ၁၉၂ တွင် ပြဌာန်းထားသည့် ပုံစံများအတိုင်း လိုင်စင်ထုတ်ပေးသည်ဟု သိရသည်။

ထို လိုင်စင်လျှောက်ထားမှု ပုံစံများထဲတွင် အလုပ်သမားများ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ သဘောတူညီချက်များ၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး အချက်အလက်များ ထည့်သွင်းပါဝင်မှု ယနေ့အထိ မရှိသေးပါ။

ကျောက်မိုင်း အလုပ်သမားများအနက် ပေထိုးမိုင်းခွဲ လုပ်သား အဖြစ် လုပ်ကိုင်သူများမှာ အန္တရာယ် အများဆုံး ဖြစ်သည်။ ဝင်ငွေ ပိုမို ရကြသော်လည်း တစုံတခု ဖြစ်လာပါက အသက်ကို ရင်းသွားရသည်အထိ လုပ်ငန်းခွင် အန္တရာယ် ရှိနေသည်။

“ထိခိုက်မိတာ အနည်းဆုံး၊ အများဆုံးတော့ ပြောလို့မရဘူး။ ဖြစ်ပြီဆိုရင် ကိုယ့်အသက် ကိုယ်ရင်း သွားရတာလေ။ ကျနော်တို့ဘက်တော့ မဟုတ်ဘူး။ ဒေသအခေါ် ဂျပန်လျိုပေါ့။ အဲဒီဘက်မှာ ၆ ယောက်လုံး ဖြစ်တယ် တရက်ထဲ။ မိုးရွာပြီးတဲ့အချိန် ကျောက်တောင်ထဲ ဝင်ပြီး လုပ်ငန်းလုပ်တော့ ပြိုကျတော့ ပါသွားတယ်။ ဒီအလုပ်က အန္တရာယ်ရှိတာ သိတယ်။ ဒါပေမယ့် ဝမ်းရေးက ရှိနေတော့ အန္တရာယ် ဆိုတာကို ကျနော် ကြည့်နေလို့ မရဘူးလေ။ ကျနော့် နောက်မှာ မိသားစု ၆ ယောက်ရှိတယ်” ဟု ပေထိုးမိုင်းခွဲ လုပ်သား ကိုကျော်စိုးဦးက ရှင်းပြသည်။

၎င်း၏ အတွေ့အကြုံအရ လုပ်ငန်းခွင်အတွင်း အလုပ်သမား ၁ ဦး ထိခိုက်မှု ဖြစ်ပေါ်လာပါက လုပ်ငန်းရှင်မှာ ဆေးစရိတ်ကို အပြည့်အဝ တာဝန်ယူပေးကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော်သည် ပြီးခဲ့သည့် မတ်လအတွင်းက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေကို အတည်ပြုထားသည်။ ထိုဥပဒေသည် သမ္မတ လက်မှတ်ထိုးရန် ကျန်ရှိနေသော်လည်း သမ္မတမှ လက်မှတ်ထိုး အတည်ပြုပြီးနောက်ပိုင်းတွင် အလုပ်ရှင် အလုပ်သမားများ အကြား ဥပဒေ အသက်ဝင်လာမည် ဖြစ်သည်။

အဆိုပါ ဥပဒေအရ လုပ်ငန်း တခုခုကို လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေသူနှင့် စတင် လုပ်ကိုင်လိုသူတို့သည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရမည် ဖြစ်သည်။

ဥပဒေ ပုဒ်မ ၂၅ အရ လုပ်ငန်းခွင် ပတ်ဝန်းကျင် အန္တရာယ် ကျရောက်နိုင်မှု အခြေအနေကို တိုင်းတာ အကဲဖြတ်ရန် လိုအပ်သလို စီမံဆောင်ရွက်ရမည်။ အလုပ်သမားများကို လုပ်ငန်းခွင်ဆိုင်ရာ ရောဂါခံစားရမှု ရှိ၊ မရှိ သတ်မှတ်ချက်များနှင့် အညီ အသိအမှတ်ပြု ဆရာဝန်ဖြင့် ဆေးစစ်ပေးရန် စီမံပေးရမည် ဖြစ်သည်။

ထိုအခြင်းအရာများ ပါဝင်သည့် ဥပဒေ ပုဒ်မ ၂၆ အပိုဒ်ငယ် က မှ တ အထိ ပျက်ကွက်သည့် လုပ်ငန်းရှင်အား ၃ လ ထက် မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ၁၀ သိန်းမှ အများဆုံး ကျပ် သိန်း ၅၀ ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ငှက်ပျောသီးစားသူများ

ဧရာဝတီမှ သွားရောက်ခဲ့သည့် နိုဝင်ဘာ နောက်ဆုံးပတ်က ကျောက်စက်လုပ်ငန်း လုပ်ကိုင်သည့် နေရာများသည် ဖုန်များ၊ ကျောက်မှုန့်များက လေထုထဲတွင်သာမက နေအိမ်ပတ်ဝန်းကျင်များတွင်လည်း ပြည့်နှက် ပျံ့နှံ့နေသည်။

ကျောက်ခွဲစက်များရှိရာ နေရာများရှိ အလုပ်သမားများ၊ အလုပ်ရှင်များသည်လည်းကောင်း၊ ကျောက်မိုင်းလုပ်ကွက်များရှိ အလုပ်သမားများသည်လည်းကောင်း မျက်နှာတွင် မည်သည့် အကာအကွယ်မှ မပါဘဲ ကျောက်မှုန့်များ ဖုန်မှုန့်များ ကြားတွင်သာ လုပ်ကိုင် သွားလာနေကြသည်။

“ကျနော်တို့ လုပ်လာတာ ကြာလှပြီ။ ဘာရောဂါမှလည်း မဖြစ်ဘူး။ အသက်ရှုကျပ်တာ ဘာညာလည်းမရှိဘူး။ ဆေးခန်းတွေဘာတွေပြလို့ ဆရာဝန်က ဒါကြောင့် ဖြစ်တယ်လို့ ပြောရင်တော့ တမျိုးပေါ့။ အဲဒီလို ဖြစ်တာ မရှိဘူး။ တခုခု စိုးရိမ်လည်း ကျနော်တို့ကတော့ ငှက်ပျောသီး စားလိုက်တာပဲ”ဟု ကျောက်စက်လုပ်ငန်းရှင် ကိုဝင်းကိုက ပြောပြသည်။

ရှေးယခင်ကတည်းက ရှိခဲ့သည့် အယူအဆ တခု အဖြစ် ငှက်ပျောသီး စားသုံးပါက နေ့စဉ် ရှုသွင်းခဲ့သည့် အမှုန်၊ ဖုန်မှုန့်များသည် ငှက်ပျောသီးနှင့် ကပ်ကာ ဝမ်းတွင်းမှ တဆင့် မစင်အဖြစ် ပြန်လည် စွန့်ထုတ်နိုင်သည်ဟု ထိုနေရာတဝိုက်ရှိ ဒေသခံများက ထင်မြင်နေကြသည်။

ပေထိုးမိုင်းခွဲလုပ်သား တဦးဖြစ်သည့် ကိုကျော်စိုးဦးကလည်း “မျက်နှာကို ကာထားတာ အသက်ရှုကျပ်တယ်။ ဒီတိုင်းပဲ လုပ်နေတာပဲ ၁၅ နှစ်လောက်တောင် ရှိနေပြီ။ နေ့တိုင်း ငှက်ပျောသီး စားတယ်။ ဘာမှမဖြစ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

 

ကျောက်မိုင်းလုပ်သားများသာမက လုပ်ငန်းရှင်များလည်း ထိုနည်းတူပင် ဖြစ်သည်။ “ငှက်ပျောသီး စားပေးလိုက်တယ်လေ။ ဒီအမှုန်ကြောင့်ဆိုရင် ဆရာဝန်က သွားပြတဲ့အချိန် ပြောမှာပေါ့။ ဘာမှ မဖြစ်ဘူး။ လုပ်လာတာဖြင့် ကြာလှပြီ” ဟု ကျောက်ခွဲစက် လုပ်ငန်းရှင် တဦးက ဆိုသည်။

ထိုလုပ်ကွက် နေရာတဝိုက်ရှိ လူများအားလုံး ငှက်ပျောသီး စားခြင်းဖြင့်သာ ကျောက်နှင့် ဖုန်မှုန့်များ၏ အန္တရာယ်ကို ကာကွယ်ကြသည်ဟု သိရသည်။

အခြားကျောက်ထုလုပ်သား တဦးကလည်း “ဒီလို နေလာတာဖြင့် ကြာလှပြီ။ ဘယ်သူမှ မျက်နှာအုပ်မထားဘူး။ မအုပ်ထားမှ အသက်ဝဝရှုလို့ရတယ်။ ဘယ်သူမှလည်း ဒီအမှုန်တွေကြောင့် ဖြစ်တယ် မကြားမိဘူး။ လုပ်စရာရှိတာလုပ်ပြီး ညဘက်အိမ်ပြန်ရန် ငှက်ပျောသီးကို ရေနဲ့ မျောချလိုက်တာပဲ” ဟု ဆိုပါသည်။

မန္တလေးတိုင်းဒေသကြီးရှိ အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာဝင်းဇော်၏ ပြောပြချက်အရ ကျောက်မှုန့် ဖုန်မှုန့်များသည် လူ၏ ကိုယ်တွင်းရှိ အဆုတ်ကို အများဆုံး ထိခိုက်စေကြောင်း သိရသည်။

“ဒီကျောက်မှုန့်ဖုန်မှုန့်တွေတင် မကဘူး။ ပန်းရံအလုပ်သမားတွေ ဘိလပ်မြေတွေ ရှုရတဲ့သူတွေမှာ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ တော်တော်များများ တွေ့ရတယ်။ ဓာတ်မှန်ရိုက်ခိုင်းလို့ရှိရင် အမှုန်အမွှားတွေ ဒီအဆုတ်ထဲမှာ ရှိနေတယ်ဆိုတာကို တွေ့တော့ ဒါတွေကို စနစ်တကျ သုတေသနလုပ်ပြီး ကာကွယ်ရေးတွေ လုပ်သင့်ပြီ။ အခုက ကျန်းမာရေးအသိ မရှိကြသေးဘူး”ဟု ရှင်းပြသည်။

အစိုးရ ဌာနများအနေဖြင့် အချက်အလက်များ ကောက်ယူကာ ကျန်းမာရေး အသိပညာပေးမှုများကိုလည်း လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြုသည်။

“Data တွေ ဘာမှ မရှိသေးတော့ ဆရာဝန်စကားနဲ့ ပြောရရင် blind ဆန်နေမယ်။ ဒါပေမယ့် ဒါက အန္တရာယ်ရှိနေတာ အမှန်ပဲဆိုတော့ ဌာနတွေက တစုံတရာ ကာကွယ်မှုတွေ မလာခင် mask တပ်ပြီး အလုပ်လုပ်ဖို့၊ အမှုန်မလွင့်အောင် ကာကွယ်နိုင်ရန် ကာကွယ်ဖို့ပေါ့။ ရောဂါလက္ခဏာပြလာတာနဲ့ ဆေးရုံပြေးဖို့၊ အလုပ်ပြောင်းပစ်ဖို့ အကြံပေးချင်တယ်” ဟု ဒေါက်တာဝင်းဇော်က ပြောသည်။

အုန်းချောဒေသ ကျောက်မိုင်းလုပ်သားများ၏ နေ့စဉ်ဘဝက ၎င်းတို့ကိုယ်တိုင်ရော အစိုးရကပါ မေ့လျော့ခံနေကြရသည်။ လုပ်ငန်းခွင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု၊ လုပ်ငန်းခွင် အန္တရာယ် စသည့် အခြေအနေများမှာ လျစ်လျူရှု ခံထားရဆဲဖြစ်သည်။ နေ့စား အခစား လုပ်သားများ ဖြစ်သည့် ၎င်းတို့အတွက် လူမှု ဖူလုံရေး ခံစားခွင့် ဆိုသည်မှာလည်း အကျုံးဝင်မှု မရှိသေးပေ။

You may also like these stories:

အကျဉ်းစခန်းတွေ ပိတ်သိမ်းသင့်တယ်

ကျောက်မိုင်းခွဲသဖြင့် ထိခိုက်မှုများအား အပြည့်အဝ တာဝန်ယူ ပေးမည်ဟု MCL ကုမ္ပဏီဆို

ကျောက်မိုင်းလုပ်ငန်းများ တရားဥပဒေစိုးမိုးမှု ပျောက်ကွယ်နေ

The post အန္တရာယ်ကြားက ငှက်ပျောသီးစား ကျောက်မိုင်းခွဲသူများ appeared first on ဧရာဝတီ.

ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး စီမံကိန်း တရုတ် ဆွယ်နေ

$
0
0

ယူနန်အခြေစိုက် တရုတ်ဉာဏ်ကြီးရှင်အဖွဲ့များသည် ၂၀၁၈ ခုနှစ်အစောပိုင်းမှ စတင်ပြီး ရန်ကုန်နှင့် ပြည်နယ်မြို့တော် ကူမင်းအကြား စုန်ဆန်သွားလာနေကြသည်။ သို့သော် ထိုသူများသည် စီးပွားရေးမြို့တော်ကိုသာမက အခြားနေရာများသို့လည်း ယခုအခါ သွားရောက်ကြကုန်ပြီ ဖြစ်သည်။

၎င်းတို့သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောကို တရုတ်နိုင်ငံနှင့် ဆက်သွယ်သည့် အဓိက ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအဖြစ်ပြောင်းလဲရန် မျှော်လင့်ချက်ဖြင့် ဧရာဝတီမြစ်အတွင်းအစုန်အဆန် ကွင်းဆင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရင်း မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းအထိ မိုင်ရာပေါင်းများစွာ ခရီးသွားကြသည်။

ထို သေနင်္ဂဗျူဟာကျသော ကုန်းတွင်းနှင့် ရေလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် ကူမင်းမှစတင်ပြီး ယူနန်ပြည်နယ်မှ လောင်ချွန်ကို ဖြတ်ကာ ကချင်ပြည်နယ် ဗန်းမော်သို့ ဆက်သွယ်ပြီး ရန်ကုန်နှင့် အိန္ဒိယသမုဒ္ဒရာအထိရောက်မည်ဖြစ်သည်။ ကူမင်းမှ ရန်ကုန်သို့ ၂၁၆၁ ကီလိုမီတာရှည်သော ထိုလမ်းကြောင်း ဖွံ့ဖြိုးရေးသည် တရုတ် ယွမ်ငွေ ၃.၃ ဘီလျွှ (ကျပ် ၇၀၀ ဘီလျှံ) အထိ ကုန်ကျနိုင်သည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံတွင် အရေးအပါဆုံး ရေကြောင်းလမ်းဖြစ်ပြီး မြစ်ဝကျွန်းပေါ်ကို ဖြတ်ကာ အန်ဒမန်ပင်လယ်အတွင်းသို့ စီးဝင်သည်။

ထို စီမံကိန်းတွင် တရုတ်နယ်စပ် လောင်ချွန်မှကျေန်းဖန်/လွယ်ဂျယ် အကောက်ခွန်ဂိတ်ကို ဖြတ်သန်းကာ မြောက်ပိုင်းမှ စီးပွားရေးအချက်အခြာဖြစ်သော ဗန်းမော် ရထားလမ်း၊ ကားလမ်းမှတဆင့် ကုန်စည်သယ်ဆောင်ခြင်းပါဝင်သည်။ ဗန်းမော်မှတဆင့် ကုန်စည်နှင့် ခရီးသည်များသည် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းကာ မန္တလေး၊ ရန်ကုန်နှင့် အိန္ဒိယ သမုဒ္ဒရာသို့ သွားလာနိုင်သည်။

တရုတ် ဉာဏ်ကြီးရှင်အဖွဲ့များက ကမ္ဘာ့အလုပ်အများဆုံး ဆိပ်ကမ်းဖြစ်သော ရှန်ဟိုင်းဆိပ်ကမ်းကို ကူမင်းနှင့် ဆက်သွယ်ပြီးနောက် လမ်းနှစ်ကြောင်းခွဲထွက်ကာ တခုမှာ ရွှေလီမှတဆင့် ရှမ်းပြည်နယ် မူဆယ်သို့ ဆက်သွယ်လိုပြီး အခြားလမ်းတခုမှာ လောင်ချွန်မှတဆင့် ဗန်းမော်ကို ဆက်သွယ်ချင်သည်။

ထိုစီမံကိန်းကို သူတို့က တရုတ်-မြန်မာ ဧရာဝတီ စီးပွားရေး ရပ်ဝန်းဟု ခေါ်ကြပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြန် (CMEC) အတွက် အဓိကျသော စီမံကိန်းအဖြစ် သတ်မှတ်လိုကြသည်။ BRI အစီအစဉ်မှာ တရုတ်က အာဖရိကနှင့် ဥရောပရှိ နိုင်ငံပေါင်း ၇၀ တွင် လမ်းများ၊ ရထားလမ်းများနှင့် ဆိပ်ကမ်းများကို ဆက်သွယ်သည့် ကွန်ရက်တည်ဆောက်ရေး ဖြစ်သည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ် စက်တင်ဘာလက CMEC ထူထောင်သည့် နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးပြီး နောက် BRI ၏ တရားဝင် အဖွဲ့ဝင်ဖြစ်လာသည်။

မြန်မာအစိုးရ၏ အဆို တရုတ်နိုင်ငံသည် CMEC အရ မြန်မာနိုင်ငံတွင် စီမံကိန်း ၃၈ ခု အဆိုပြုထားသည်ဟု သိရသည်။ သို့သော်မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ် ဧပြီလက ဘေ့ဂျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် BRI ညီလာခံတွင် စီမံကိန်း ၉ ခုကိုသာ အတည်ပြုထားသည်။ ယခုအချိန်အထိ မြန်မာနိုင်ငံသည် ကချင်နှင့် ရှမ်းပြည်နယ်မှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် သုံးခု၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် မူဆယ်-မန္တလေးရထားလမ်းတို့ တည်ဆောက်ရေးကိုသာ လူသိရှင်ကြား ထုတ်ပြန်ကြေညာထားသည်။

ယူနန်ပြည်နယ် ကျန်းဖန် အကောက်ခွန်ဂိတ်တွင် တွေ့ရသော ဧရာဝတီမြစ်ကြောင်း စီမံကိန်း ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကြော်ငြာ/ နန်းလွင်

ဧရာဝတီ စီးပွားရေးရပ်ဝန်းသည် CMEC မူဘောင်အောက်ရှိ အခြားအခြေခံ အဆောက်အအုံ စီမံကိန်းများထက် တရုတ်နိုင်ငံကို ပိုမိုအခွင့်အလမ်းများပေးကြောင်း တရုတ်နိုင်ငံ ကူမင်းရှိ တောင်အာရှနှင့် တောင်အာရှ သယ်ယူပို့ဆောင်ရေး သုတေသန သိပ္ပံ (SSILR) ဥက္ကဋ္ဌ လျူကျင်ရှင်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

မြစ်လမ်းကြောင်းသည် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပြီး မြန်မာနိုင်ငံရှိ အဓိကမြို့ကြီးများ၏ ၆၀ ရာခိုင်နှုန်းကို ဆက်သွယ်ပေးကာ မြစ်ကြောင်းတလျှောက်တွင် လူ သန်း ၃၀ နေထိုင်ကြောင်းလည်း လျူက ပြောသည်။

“အကုန်အကျသက်သာမှုအရပြောရင် ဧရာဝတီစီမံကိန်းက အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်” ဟု ထို တရုတ်ဥဏ်ကြီးရှင်အဖွဲ့ကပြောသည်။

တရုတ်နိုင်ငံအတွက် ဧရာဝတီလမ်းကြောင်းသည် အကုန်အကျ သက်သာရုံသာမက တိုင်းရင်းသား ပဋိပက္ခကြောင့် လုံခြုံရေး အန္တရာယ်ကို ဖြေရှင်းပေးသည့် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပုံရသည်။ ထိုလမ်းကြောင်းသည် ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခဒေသကို ဖြတ်သန်းသည့် ကုန်းလမ်းအပေါ် မှီခိုရခြင်းအား သိသိသာသာလျှော့ချပေးသည်။ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများမကြာခဏဖြစ်သောကြောင့် နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းများ အလွယ်တကူ ပြတ်တောက်သွားစေသည်။

သုတေသနများအရ ဧရာဝတီမြစ်၏ ၈၀ ရာခိုင်နှုန်းသည် ၁၅ မီတာထက်နက်ပြီး ရေစီးကြောင်းမှာ လွန်စွာ တည်ငြိမ်သောကြောင့် ရေကြောင်းသွားလာရေးအတွက် စံချိန်တင်နီးပါး ကောင်းမွန်နေသည်ဟု သိရသည်။

“လုံခြုံရေးက အဓိက စိုးရိမ်ရတဲ့အချက်ဖြစ်တယ်။ သြဂုတ်လတုန်းက ဖြစ်ခဲ့တာတွေကို ကျနော်တို့အားလုံး သိပြီးဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ လမ်းကြောင်းသစ်ရှာရမယ်” ဟု အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားသည်ကို ရည်ညွှန်းပြီး လျူက ပြောသည်။

“ဧရာဝတီမြစ်ကို သုံးပြီး စိုက်ပျိုးရေး ထုတ်ကုန်တွေကို တရုတ်နိုင်ငံကို တင်ပို့လို့ ရတယ်။ ကုန်းလမ်းကြောင်းကြောင့်ဖြစ်ပေါ်တဲ့ မြင့်မားတဲ့ လုံခြုံရေး အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်တယ်။ စိုက်ပျိုးရေးထုတ်ကုန်တွေကို မြစ်ကြောင်းကပို့နိုင်ရင် ကုန်ကျစရိတ်ကို အကြီးအကျယ်လျှော့ချပေးနိုင်တယ်” ဟုလည်း သူပြောသည်။

SSILR သည် တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံကိန်းဌာနဖြစ်သော အမျိုးသားတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) နှင့် အခြားအဓိကကျသော အတိုင်ပင်ခံကော်မတီများအတွက် တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် ပတ်သက်ပြီး လမ်းညွှန်မှု၊ သုတေသနနှင့် သရုပ်ခွဲလေ့လာမှုများ ပြုလုပ်ပေးနေသည်။

လွယ်ဂျယ်နှင့် ကျန်းဖန်ကြားက အကောက်ခွန်ဂိတ်/ နန်းလွင်

တရုတ်-မြန်မာ ဧရာဝတီ စီးပွားရေး ရပ်ဝန်း စီမံကိန်းနှင့် ပတ်သက်ပြီး ဘေ့ဂျင်းနှင့် ယူနန်ပြည်နယ်အစိုးရများ မည်မျှအထိ အလေးထားသည်ကို ရှင်းလင်းစွာ ပြသသည့် လက္ခဏာမှာ အထက်ပါ ဉာဏ်ကြီးရှင်အဖွဲ့သည် လွန်ခဲ့သော နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် လေ့လာမှု ခြောက်ကြိမ်ပြုလုပ်ခဲ့ပြီး သုံးခုမှာ ထိုစီမံကိန်းနှင့် တိုက်ရိုက် ပတ်သက်နေခြင်းပင်။

မြစ်လမ်းကြောင်း စီမံကိန်းသည် ဈေးအသက်သာဆုံး ဖြစ်ကြောင်း SSILR မှ ဝါရင့်သုတေသီ ချန်တိဂျွန် ပြောသည်။

“ကျနော်တို့က ကျန်းဖန်ကနေ ဗန်းမော်ကို လမ်းဖောက်ဖို့ စီမံကိန်းအတွက် ပြင်ဆင်ထားပြီးပြီ။ လမ်းအဆင့်မြှင့်တင်ရေး စီမံချက်က အကောင်အထည်ဖေါ်နေပြီ” ဟု သူပြောသည်။

နယ်စပ်တွင် တရုတ်ဘာသာဖြင့် အသိပေးကြေညာချက်တခုက ဧရာဝတီ စီမံကိန်းအတွက်  အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားသည်။ ထိုစီမံကိန်းတွင် ဧရာဝတီမြစ်၏ ၄၁၀ ကီလိုမီတာရှည်သော အပိုင်းတွင် ရှင်းလင်းရန်လိုနေပြီး ဗန်းမော်တွင် ဆိပ်ကမ်း လေး ခု တည်ဆောက်ရန်လိုကြောင်းဖေါ်ပြထားသည်။ လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအများအပြားကို အကောင်အထည်ဖေါ်နေပြီးဖြစ်သည်။ တရုတ်နိုင်ငံ၏ အဆိုအရ လောင်ချွမ်သည် သည် တရုတ်ယွမ်ငွေ သန်း ၂၀ (ကျပ် ၄.၂ ဘီလျှံ) ကို မြှုပ်နှံထားပြီးဖြစ်ကာ ဗန်းမော်သို့လမ်းကို အဆင့်မြှင့်တင်နေသည်ဟု သိရသည်။

နှစ်ဖက်အစည်းအဝေးများကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း တရုတ် ဉာဏ်ကြီးရှင်အဖွဲ့များနှင့် ယူနန်ပြည်နယ်မှ အရာရှိများသည် ဧရာဝတီ စီးပွားရေး ရပ်ဝန်းကို အကောင်အထည်ဖေါ်ရန် မြန်မာအစိုးရကို တွန်းအားပေးနေကြသည်။

ယူနန်ပြည်နယ်အစိုးရသည် မြစ်ကြောင်းတလျှောက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အဆိုပြုချက်တခုကို လွန်ခဲ့သော ၂ နှစ်ကပင် တင်ခဲ့သော်လည်း မြန်မာနိုင်ငံက ထိုအဆိုပြုချက်ကို အတည်မပြုသေးပေ။

“ဒီစီမံကိန်းကို ဘယ်လိုဆက်လုပ်မယ် ဆိုတာနဲ့ပတ်သက်တဲ့ အသေးစိတ် စိတ်ကူးတွေကို ကျနော်တို့တင်ပြထားပြီးပြီ။ အကြံပြုချက်တခုကတော့ ကျန်းဖန်နဲ့ ဗန်းမော်အကြား ရထားလမ်းတည်ဆောက်ဖို့ပဲ။ နောက်တခုက ကျန်းဖန်-ဗန်းမော် နယ်စပ်ကုန်သွယ်ရေးဇုန် ထူထောင်ဖို့ပဲ” ဟု လျူက ဆိုသည်။

တရုတ်နိုင်ငံသည် ယူနန်နှင့် အိန္ဒိယ သမုဒ္ဒရာအကြား ဧရာဝတီမြစ်မှတဆင့် ချိတ်ဆက်ရန် အဆိုပြုနေသည်မှာ ဆယ်စုနှစ် ၂ ခုကြာပြီဖြစ်သည်။  ၁၉၈၉ ခုနှစ်တွင် ယူနန်ပြည်နယ်အစိုးရသည် တရုတ်နိုင်ငံမှ အကြီးအကျယ် သယ်ယူပို့ဆောင်ရေး ဧရာဝတီမြစ်ကို သုံးရန် အလားတူစီမံကိန်းမျိုး အဆိုပြုခဲ့ဖူးသည်။

ထိုစီမံကိန်းကို အစောပိုင်းက တရုတ်/ကူမင်း-မြန်မာ/ရန်ကုန် ဧရာဝတီ မြစ်ဆိပ်ကမ်းစီမံကိန်း သို့မဟုတ် စင်နို-မြန်မာ ကုန်းတွင်းနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဟုလည်း သိကြသည်။ ယူနန်ပြည်နယ်အစိုးရက အပြင်းအထန်ထောက်ခံသော ထိုစီမံကိန်းကို ထိုစဉ်က အာဏာသိမ်း စစ်အစိုးရနှင့် တရုတ်နိုင်ငံဖက်မှ အကောင်အထည်ဖေါ်ရေးအတွက် ခဏတာမျှ ဆွေးနွေးခဲ့ပြီး နှစ်ဖက်နားလည်မှုလွဲမှားခြင်းနှင့် သဘောထားကွဲလွဲမှုများကြောင့် ဆွေးနွေးပွဲများ ၂၀၀၄ ခုနှစ်တွင် ရပ်ဆိုင်းသွားသည်။  သို့သော် ထိုသဘောတူညီချက် ပျက်စီးသွားခြင်းအကြောင်းရင်းကို နှစ်ဖက်လုံးက တရားဝင်ကြေညာခြင်း မရှိပေ။

မြစ်လမ်းကြောင်းတည်ဆောက်ခြင်းသည် တရုတ်နိုင်ငံတော်ကောင်စီ၏ အလုံးစုံ အခြေခံအဆောက်အအုံ အပြန်အလှန် ဆက်သွယ်ရေး မဟာစီမံချက်၊ ယူနန်ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး တိုးတက်ရေး စီမံကိန်း (၂၀၁၄-၂၀၂၀) နှင့် ယူနန်ပြည်နယ် နယ်စပ်ဒေသများ လမ်းဖွင့်ပေးရေးစီမံကိန်း (၂၀၁၆-၂၀၂၀) တွင် ပါဝင်နေသည်။ ထိုလမ်းကြောင်းသည် ၎င်းတို့စီမံချက်၏ ဦးစားပေးဖြစ်ကြောင်း ဒီဟုန် ခရိုင် အရာရှိများက ဖေါ်ပြပြီး ထိုကိစ္စကို လောင်ချွမ်ဒေသ ၂၀၁၉ ခုနှစ် စီမံကိန်းသို့ လွှဲပြောင်းပေးကြောင်း ၂၀၁၅ ခုနှစ်တွင် ဖေါ်ပြခဲ့သည်။

၂၀၁၈ ခုနှစ်ဇွန်လတွင် ယူနန်ပြည်နယ် တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (YPRDC) သည် ၁၂ ကြိမ်မြောက် ယူနန်ပြည်နယ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံသို့ ဧရာဝတီမြစ်လမ်းကြောင်း စီမံကိန်းကို ပြန်လည်စတင်ရန် တင်ပြခဲ့သည်။

လွန်ခဲ့သောနှစ်ကမူ မြန်မာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ဗီယက်နမ်တွင် ကျင်းပသည့် မဲခေါင်ဒေသခွဲနိုင်ငံများ (GMS) အစည်းအဝေး၏ သီးခြားဆွေးနွေးပွဲတွင် တွေ့ဆုံခဲ့သည်။ တရုတ်အရာရှိများ၏ အဆိုအရ နှစ်နိုင်ငံတို့သည် ဧရာဝတီ စီးပွားရေးရပ်ဝန်းကို အကောင်အထည်ဖေါ်ရန် ဆွေးနွေးသည်ဟု သိရသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာအစိုးရသည် လမ်းကြောင်းပိတ်ဆို့မှုများ သက်သာစေရန် နှင့် စရိတ်သက်သာသော သယ်ယူပို့ဆောင်ရေးကို အားပေးရန် ရေကြောင်းလမ်းများတွင် ရင်းနှီးမြှုပ်နှံမှုအားပေးရေးကို အမျိုးသားသယ်ယူပို့ဆောင်ရေး စီမံချက်အရကြေညာသည်။

တရုတ်ဘာသာဖြင့် ဖော်ပြထားသော ဧရာဝတီစီမံကိန်းအပါအဝင် ဖွံ့ဖြိုးရေးစီမံကိန်းများပြ မြေပုံတခု/ နန်းလွင်

၂၀၁၄ ခုနှစ်က စတင်ခဲ့သော ထိုစီမံချက်သည် သင်္ဘောသယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ကို လျှော့ချမည့်  ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုအများအပြား၊ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် သယ်ယူပို့ဆောင်ရေး စွမ်းရည်ကို မြှင့်တင်ပေးမည့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမျာ၊း စုစုပေါင်းအမျိုးသားထုတ်လုပ်မှု၏ ၁-၁.၅ ရာခိုင်နှုန်းမှ ၃-၄ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးမည့် ပြုပြင်ပြောင်းလဲမှုများ ပါဝင်သည်။ ထိုသို့လုပ်ဆောင်လျှင် မြန်မာနိုင်ငံသည် ထိုင်း၊ ဗီယက်နမ် နိုင်ငံများနှင့် အကြမ်းအားဖြင့် တန်းတူဖြစ်လာမည်ဖြစ်သည်။

ထိုနှစ်အတွင်းမှာပင် အစိုးရသည် မြစ်ဆိပ်ကမ်း ခြောက်ခုကို အဆင့်မြှင့်တင်ရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းခဲ့ပြီး ဆိပ်ကမ်း လေးခု မှာ ဧရာဝတီမြစ်မှဖြစ်ကာ နှစ်ခုမှာ ချင်းတွင်းမြစ်မှဖြစ်သည်။ ထိုဆိပ်ကမ်းများမှာ ဧရာဝတီမြစ်မှ စဉ့်ကိုင်၊ မန္တလေး၊ ပခုက္ကူနှင့် မကွေးတို့ဖြစ်ပြီး  ချင်းတွင်းမြစ်မှ ကလေးဝနှင့် မုံရွာဆိပ်ကမ်းတို့ဖြစ်သည်။ မန္တလေးဆိပ်ကမ်းကို လတ်တလောတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အဆင့်မြှင့်တင်နေသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသည် ဗန်းမော်၊ ပခုက္ကူ၊ မကွေး၊ ကလေးဝနှင့် မုံရွာဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေးကို ဦးစားပေးစာရင်းတွင် ထည့်သွင်းခဲ့ပြီး နိုင်ငံ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် ဖေါ်ပြခဲ့သည်။

ဆိပ်ကမ်းစီမံကိန်းများသည် တိုးတက်မှုကို မြှင့်တင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးကာ ကုန်စည်နှင့် လူစီးဆင်းမှုကို သက်တောင့်သက်သာ ဖြစ်စေမည်ဟု သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်ကပြောခဲ့သည်။

သူသည် လွန်ခဲ့သော နှစ်နှစ်အတွင်း တရုတ်အစိုးရအရာရှိနှင့် ဉာဏ်ကြီးရှင်အဖွဲ့ ကိုယ်စားလှယ်အများအပြားနှင့် တွေ့ဆုံခဲ့ကြောင်း ဗန်းမော်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းကလည်း ပြောသည်။

“ကျနော်တို့ ကုန်သွယ်ရေးက တရုတ်နိုင်ငံကို အဓိက မှီခိုနေရတာ။ မမျှတတဲ့ ကုန်သွယ်မှု ဆက်ဆံရေးကြောင့် ကျနော်တို့ ထိခိုက်နစ်နာနေတယ်။ သူတို့က နယ်စပ်ကုန်သွယ်ရေးမူဝါဒကို ခဏခဏပြောင်းတယ်” ဟု ဦးဇော်သင်းပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်ပို့မှုကို တင်းကျပ်စွာ ကန့်သတ်ထားသည်။ ပြောင်း၊ နာနတ်သီးနှင့် အခြားကုန်စည်များကို ပိတ်ထားသည်မှာ မေလမှပင်ဖြစ်ပြီး လယ်သမားများ အကြီးအကျယ် ဆုံးရှုံးနေသည်။

“မျှတတဲ့ကုန်သွယ်ရေး စနစ်မရှိရင် ဧရာဝတီ စီမံကိန်းကလည်း တရုတ်နိုင်ငံကိုပဲ အကျိုးပြုမှာ။ ဒီစီမံကိန်းမစခင် အစိုးရနှစ်ရပ်လုံးအနေနဲ့ မျှတတဲ့ ကုန်သွယ်ရေးစနစ်အကြောင်း ဆွေးနွေးသင့်တယ်” ဟု သူပြောသည်။

ကချင်ပြည်နယ်အစိုးရသည် တရုတ်နိုင်ငံမှ ဟုန်ရှင်ကျာဖန် ကုမဏီကို ဗန်းမော်မှလွယ်ဂျယ်အထိ ကားလမ်းအဆင့်မြှင့်တင်ခွင့်ကို နှစ် ၃၀ ပေးခဲ့ကြောင်း ဦး ဇော်သင်းပြောသည်။

“ဘယ်သူက ဧရာဝတီ စီမံကိန်းကို အကောင်အထည်ဖေါ်မယ်ဆိုတာကို ကျနော်တို့ သဘောမတူရသေးဘူး။ ဘယ်သူပဲအကောင်အထည်ဖေါ်ဖေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ လုပ်ထိုးလုပ်နည်းကို လိုက်နာရမယ်” ဟုလည်း သူပြောသည်။

မြစ်တွင်လမ်းကြောင်းဖေါ်ခြင်းနှင့် ထိုစီမံကိန်း၏ စီးပွားရေးအလားအလာများနှင့် ပတ်သက်ပြီး မကြာသေးမီက နယ်သာလန် နိုင်ငံအခြေစိုက် အကူးအပြောင်းကာလလေ့လာရေးဌာန Transitional Institute ကသတိပေးခဲ့သည်။

တရုတ်နိုင်ငံ၏ စံ မြစ်ကြောင်း ခွဲခြားသတ်မှတ်မှုအရ အမြင့်ဆုံး အဆင့် ၁ တွင် အကြီးမားဆုံးသင်္ဘောများသည် မြစ်ကြောင်းတလျှောက် ရေဆူး အနည်းဆုံး ၃.၅ မှ ၄ မီတာအထိ လိုသည်။ ထိုစနစ်ကို မြန်မာနိုင်ငံတွင် ကျင့်သုံးပါက ပြဿနာများစွာရှိကြောင်း ထိုအဖွဲ့က ဆိုသည်။

ဗန်းမော်နှင့် မန္တလေးအကြား မြစ်ကြောင်းဖေါ်ခြင်းကို ကုန်ကျစရိတ်အရ အာရှဖွံဖြိုးရေးဘဏ်က ဆန့်ကျင်သည်။ မန္တလေးတောင်ပိုင်းတွင် လမ်းကြောင်းဖေါ်ခြင်းကို  အနက် ၁.၅ မီတာအထိသာ ဘဏ်က ထောက်ခံသည်။ ထိုသို့ဆိုလျှင် တရုတ်နိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်း မရှိတော့ပေ။

ကျယ်ဂေါင်ရှိ ရွှေလီ-ကျယ်ဂေါင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ပြခန်းများစင်တာ၌ ပြသထားသော မြန်မာနိုင်ငံတွင်း တရုတ်ဖွံ့ဖြိုးရေး စီမံကိန်းများ/ နန်းလွင်

ဧရာဝတီမြစ်သည် နှုန်းများဖြင့် ပိတ်စို့နေကြောင်း ရာသီဥတုပြောင်းလဲမှုနှင့် သစ်တော ပြုန်းတီးမှုများကြောင့် မြစ်၏ စီးဆင်းမှုသည်နည်းလာကြောင်း မြန်မာနိုင်ငံမှ ဧရာဝတီ  Airavati အသင်းကပြောသည်။ မြစ်အတွင်းမှ ကျောက်များကို ဖယ်ထုတ်ခြင်းသည် ရေတိုက်စားမှုဖြစ်ပြီး ရေသည် စက်ရုံစွန့်ပစ်ရေများကြောင့် ညစ်ညမ်းနေကြောင်းသိရသည်။

မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးတိုးတက်အောင်ပြုလုပ်ခြင်းသည် စီးပွားရေးကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်သော်လည်း ဒေသခံများကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ ရေတိုက်စားမှု၊ နှုန်းပို့ချခြင်းနှင့် ညစ်ညမ်းမှုဖြစ်ကာ သန့်ရှင်းသောရေ ဖြန့်ချိမှုကို ထိခိုက်မှု ဖြစ်နိုင်ကြောင်း  Airavati အစီအစဉ် ညှိနှိုင်းရေးမှူး ဟင်နရီ ဒမ် ခေါလင်းက ဆိုသည်။

“ ဒီစီမံကိန်းအကြောင်းလူတွေကို ကောင်းကောင်း အသိပေးသင့်တယ်။ တည်ဆောက်အကောင်အထည်ဖေါ်သူတွေဟာ လူထုရဲ့ အသံကို နားထောင်ရမယ်။ ဒေသခံတွေ ထိခိုက်မှု အနည်းဆုံးဖြစ်မယ့် နည်းလမ်းတွေကိုလည်း သူတို့ရွေးချယ်သင့်တယ်” ဟု သူပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏အဆိုအရ တရုတ်နိုင်ငံသည် ဧရာဝတီ စီးပွားရေးရပ်ဝန်းအတွက် တရားဝင် အဆိုပြုချက်ကို အစိုးရထံ တင်သွင်းခြင်းမရှိသေးကြောင်း သိရသည်။

ထိုစီမံကိန်းသည် ၂၀၁၉ ခုနှစ် ဧပြီလက အတည်ပြုခဲ့သည် CMEC စီမံကိန်းများတွင်လည်း ပါဝင်ခြင်းမရှိပေ။

“အခုအချိန်အထိတော့ တရုတ်က စီမံကိန်းသစ် အဆိုပြုတာမရှိသေးဘူး။ အခုလောလောဆယ်က နှစ်ဖက်သဘောတူပြီးသားတွေ အတွက် အသေးစိတ်တွေကိုပဲ ဆွေးနွေးနေကြတာ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဧရာဝတီသို့ပြောသည်။

“အဆိုပြုချက်ကို မတွေ့ရသေးတော့ အတည်ပြုမယ်၊ မပြုဘူးလည်း ကျနော်တို့ မပြောနိုင်ဘူး။ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ ကျနော်တို့လိုချင်တာနဲ့ သူတို့လုပ်ချင်တာကြားမှာ မျှတမှုရှိဖို့ပဲ” ဟု သူပြောသည်။

တရုတ်နိုင်ငံဖက်ကမူ ယူနန်ပြည်နယ်တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်သည် ထိုစီမံကိန်းကို ပိုးလမ်းစီမံကိန်းရန်ပုံငွေတွင် ထည့်သွင်းရန်နှင့် အာရှ အခြေခံအဆောက်အအုံဖွံဖြိုးရေး ဘဏ်က ငွေကြေးထောက်ပံ့ရန် ကြိုးစားနေသည်။

ယခုနှစ်အစောပိုင်းတွင နေပြည်တော်တွင် အစိုးရနှင့် ဆွေးနွေးပွဲများကျင်းပရန် SSILR ကမျှော်လင့်နေသည်။

“ ဒီကိစ္စအတွက် ကျနော်တို့ပိုမို ဆွေးနွေးရမယ်။ စီမံကိန်းရှေ့ဆက်ဖို့ သူတို့ကိုကျနော်တို့ အားပေးရမယ်” ဟု လျူက ပြောသည်။

( Nan Lwin ၏ China Quietly Pushing Myanmar to Back its Development Plan for Irrawaddy River  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ

မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း

အစိုးရ၏ ဝင်ငွေရင်းမြစ်နှင့် အသုံးစရိတ်ကို ခြေရာခံခြင်း

The post ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး စီမံကိန်း တရုတ် ဆွယ်နေ appeared first on ဧရာဝတီ.

ခယောင်းလမ်းပေါ်က တွဲလက်များ သို့မဟုတ် WLB

$
0
0

ကျမတို့ အမျိုးသမီးတွေဟာ မျက်ရည်အိုင်ထဲကနေ WLB ကို တည်ဆောက်လာခဲ့ကြတာ ဖြစ်တယ်လို့ ဖွင့်ဟ ဆို လာသူက ဒေါ်စောမြရာဇာလင်းပါ။  

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB စတင် တည်ထောင်စဉ်က ပါဝင်ခဲ့ပြီး ရခိုင် တိုင်းရင်းသူ တဦးလည်း ဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေ အကြောင်း ပြန် ပြောပြနေတာပါ။   

ငြင်းကြတယ်။ ခုံကြတယ်။ ဆွေးနွေးကြတယ်။ အိမ်သာထဲမှာ ပုန်းငိုကြတယ်။ အပြင်မှာ ကျမတို့ မငိုကြဘူး။ ဒီမြင် ကွင်းကို မြင်လာပြီဆိုရင် ဝမ်းနည်းတယ်လို့ သူက ရစ်ဝဲလာတဲ့ မျက်ရည်စတွေကို ထိန်းရင်း အဖြစ်ပျက်တွေကို ဆက်လက် ပြောပြပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြို့စွန်တနေရာမှာ ၁၉၉၈ ဒီဇင်ဘာ ရက်ကနေ ရက်အထိ နယ်စပ်တလျှောက် အခြေစိုက်တဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ စတင်ဆုံစည်းခဲ့မှုက WLB ဖြစ်ပေါ်လာဖို့ အရေးပါတဲ့ တွေ့ဆုံပွဲတခု ဖြစ်ခဲ့ပါတယ်။ 

အဲဒီလို တွေ့ဆုံကြတဲ့အခါ အဖွဲ့အစည်း အသီးသီးက တဦးချင်းစီရဲ့ တင်ပြမှုတွေ၊ ဆွေးနွေးချက်တွေကို အပြန်အလှန် သိရှိခွင့်ရခဲ့သလို တဖက်မှာလည်း တဦးနဲ့တဦး မယုံကြည်မှု၊ မလုံခြုံမှုနဲ့ စိတ်ပျက်မှုတွေကလည်း ဒွန်တွဲလို့ နေပါတယ်။

တက်ရောက်လာတဲ့ အမျိုးသမီးတွေရဲ့ နောက်ခံသမိုင်းကြောင်း၊ ဘဝဖြတ်သန်းမှု၊ ပညာရေးအဆင့်နဲ့ စိတ်ဝင်စားမှုတွေ မတူညီတာမို့ ဘုံသဘောတူညီချက် တခုရဖို့ အခက်အခဲများစွာ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းစစ် ဒေသတွေနဲ့ မြို့ပြဒေသ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ပါဝင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ မတူညီတဲ့ ဖြတ်သန်းမှုတွေက တော်လှန်ရေး နယ်မြေရှိ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၊ အရေးတော်ပုံ နောက်ပိုင်း တောထဲရောက်သွားတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေကြား ကွာဟမှု ဖြစ်စေခဲ့တာပါ။ 

အဲဒီလို အနေအထားတခုမှာ ပထမဆုံးအကြိမ် အမျိုးသမီးတွေ စုဆုံတွေ့လိုက်ရတော့ တိုင်းရင်းသူ အမျိုးသမီးတွေ တကယ့် ပြင်းပြင်းထန်ထန် ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးကြ အတိုက်အခံတွေဖြစ်ကြ ငြင်းကြခုန်ကြ မျက်ရည်တွေကျ ကြနဲ့ နောက်ဆုံးမှ နားလည် လက်ခံပေးရတဲ့ ပကတိ အခြေအနေတွေပဲ ဖြစ်တယ်လို့ WLB ဖြစ်လာဖို့ အစပျိုးစဉ်က တည်းက ပါဝင်ခဲ့တဲ့ ကရင်နီ တိုင်းရင်းသူ တဦး ဖြစ်တဲ့ မိဆူးပွင့်ကလည်း ပြောပါတယ်။ 

အဲဒီလို အခြေအနေတွေကနေ တဦးရဲ့အခက်အခဲကို တဦးပြောပြရင်း၊ နားထောင်ရင်းက သူတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေး တပ်ပေါင်းစုတွေရဲ့ အသိအမှတ်ပြုမှုက အားနည်း လွန်းလှသလို ကမ္ဘာက သိဖို့ဆိုရင်တော့ ဝေးစွ အခြေအနေ ဖြစ်နေတာကို နားလည် သဘောပေါက်လာကြ ပါတယ်။

ဒီတော့ အမျိုးသမီး အဖွဲ့အစည်း တခုတည်းအနေနဲ့ ဆိုရင် အားရှိမှာမဟုတ်၊ အမျိုးသမီးတွေ စုပေါင်းပြီး အသံတခု တည်း ထွက်လာဖို့ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်မှသာ ရတော့မယ်လို့ သိရှိလာတဲ့နောက်မှာတော့ WLB ဖွဲ့စည်း နိုင်ရေး ကြိုးပမ်းခဲ့ကြပါတော့တယ်။ 

အဖွဲ့နာမည် ရွေးတာကစလို့ ပါဝင်မယ့် အဖွဲ့အစည်းတွေရဲ့ စံနှုန်း သတ်မှတ်ချက်တွေအဆုံး အကျေအလည် ငြင်းခုန် ခဲ့ပြီးနောက်မှာတော့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေ မှာရှိတဲ့ အမျိုးသမီး အဖွဲ့အစည်း ၁၂ ဖွဲ့နဲ့ ၁၉၉၉ ဒီဇင်ဘာ ရက်မှာ WLB ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ 

အမျိုးသမီးတွေကတော့ ညီညွတ်ရေးကို လိုတယ်ဆိုပြီးမှ အတတ်နိုင်ဆုံး ငါတို့ကတော့ ဒီနေ့ကတော့ မဖြစ်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ သံန္နိဋ္ဌာန်ကို ရလိုက်တာဟာ ကျမတို့အတွက် အင်မတန်မှ မေ့လို့မရတဲ့ အမှတ်တရကြီး ဖြစ်ပါ တယ်လို့ ဒေါ်စောမြရာဇာလင်းက ကျေနပ်ပီတိဖြစ်စွာ ပြောဆိုပါတယ်။ 

၂၀၁၉ ဒီဇင်ဘာ ၁၉ မှာတော့ WLB ရဲ့ သက်တမ်း နှစ် ၂၀ ပြည့်သွားပါပြီ။ အခုအချိန်မှာ WLB ဟာ အဖွဲ့ဝင် အဖွဲ့အ စည်းပေါင်း ၁၃ ဖွဲ့နဲ့ ရှင်သန်ရပ်တည်နေသလို လူ့အခွင့်အရေး၊ အမျိုးသမီးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့အစည်း တချို့နဲ့လည်း မိတ်ဖက်အဖြစ် ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပါတယ်။  

WLB ဖြတ်သန်းခဲ့တဲ့ နှစ် ၂၀ ကာလအတွင်းမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပေမယ့် အခုအချိန် ထိ အဖွဲ့ဝင် အဖွဲ့အစည်းတွေကြား ပူးပေါင်း ဆောင်ရွက်နိုင်မှုနဲ့ အဖွဲ့ချုပ်ကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက် ထားနိုင်မှု က WLB ရဲ့ အောင်မြင်မှု အသီးအပွင့် တခုအဖြစ် အဖွဲ့ဝင်အားလုံးက ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

လူမျိုး တမျိုးနဲ့တမျိုးကြားမှာ နိုင်ငံရေး အခြေအနေတွေ မတူညီတဲ့ဟာတွေကို နားလည်မှု သိပ်မရှိကြတဲ့ အခြေအနေ ကနေ နားလည်မှုတွေ တည်ဆောက်လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ဖြစ်ဖို့ အတွက် ဆိုတဲ့ သံန္နိဋ္ဌာန်တွေနဲ့ တနှစ်ပြီးတနှစ် အခု နှစ် ၂၀ ထိကို ပိုပြီးတော့မှ ကျစ်လျစ်ခိုင်မာလာတယ်လို့ WLB စဖွဲ့ကတည်းက ပါဝင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသူ နန်းဆိုင်နောင့်က ဆိုပါတယ်။ 

ဒီမိုကရေစီ စံချိန်စံညွှန်းတွေကို လိုက်နာကာ နှစ်တကြိမ် ညီလာခံကျင်းပပြီး ရွေးကောက်ပွဲကနေတဆင့် အတွင်းရေး မှူး အဖွဲ့ဝင်တွေကို ရွေးချယ်တာဝန် ပေးအပ်ခဲ့ရာမှာ အခုဆိုရင် မျိုးဆက် ဆက်ခန့် ရှိပြီလို့လည်း သူက ဂုဏ်ယူစွာ ပြောပြပါတယ်။ 

အဲဒီ အောင်မြင်မှုကို WLB ရဲ့ မိတ်ဖက်အဖွဲ့အစည်း တခုဖြစ်တဲ့ အခရာ အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ထားထားက လည်း ထောက်ခံ မှတ်ချက်ပြုပါတယ်။ 

“WLB လို လုပ်နိုင်ဖို့ မလွယ်ဘူး။ တော်တော်ခက်တယ်။ နည်းပညာရော လေ့လာမှုရော စွမ်းရည်ရော။ အထူးသဖြင့် Member (အဖွဲ့) တွေနဲ့ ဖွဲ့စည်းထားတဲ့ အတွက် Power (လုပ်ပိုင်ခွင့်) ကို ခွဲဝေသုံးစွဲတဲ့ နေရာမှာ စနစ်ကို သေသေ ချာချာလေး တည်ထောင်ထားတာလို့ သူက ဆိုပါတယ်။ 

အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လမ်းပြ စီနီယာဖြစ်တဲ့ WLB ဟာ နှစ် ၂၀ ကနေ နှစ် ၁၀၀ တိုင် အခုထက် ပိုလို့စွမ်းဆောင်နိုင်မယ်၊ အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ ရှေ့ဆောင်လမ်းပြ အဖြစ်လည်း ဆက်လက် တည်ရှိ နေဦးမယ်လို့လည်း သူက ယုံကြည်ထားပါတယ်။  

ဒီလို မတူညီတဲ့ မျိုးဆက်သစ်တွေ၊ တိုင်းရင်းသားလူမျိုးတွေနဲ့ ဘဝဖြတ်သန်းမှု မတူညီတဲ့ အမျိုးသမီးတွေကို နှစ်ပေါင်း ၂၀ ထိ လက်တွဲခေါ်ယူနိုင်ခဲ့ပြီး စုစုစည်းစည်းစည်းနဲ့ ရှင်သန်နေနိုင်သေးသလို ဆက်သွားဖို့လည်း အားမာန်တွေ ရှိသေး တယ်လို့ မိဆူးပွင့်က ပြောပြပါတယ်။  

တဖွဲ့နဲ့တဖွဲ့ အမြင်တွေမတူပေမယ့် မတူတဲ့ဟာကို လေးစားခြင်းအားဖြင့် အချင်းချင်း ယုံကြည်မှုတွေ ချစ်ခင်မှုတွေ ပိုပြီး တည်ဆောက်နိုင်ခဲ့လို့ ယနေ့အထိ ကျမတို့ဆက်ပြီးတော့ ရှင်သန်နေနိုင်တယ်လို့ပဲ မြင်ပါတယ်လို့လည်း သူက ဆိုပါ တယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အခက်အခဲများစွာ တွေ့နေရပေမယ့် တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တွေ့ဆုံ ဆွေးနွေးရေး လမ်းနဲ့ပဲ ငြိမ်းချမ်းရေးကို ဆက်လျှောက်မယ်လို့ ဆုံးဖြတ်ထားတာ တွေ့ရပါတယ်။ 

ဒီလို တွေ့ဆုံဆွေးနွေးရေး လမ်းစပေါ်လာတာဟာ တိုင်းရင်းသား နယ်မြေတွေမှာ ဘာတွေဖြစ်နေလဲ၊ စစ်ပွဲတွေကြောင့် ဘယ်လို ဒုက္ခတွေ ခံခဲ့ရလဲဆိုတာကို ဖော်ထုတ်ခဲ့ပြီး မြန်မာ ပြည်သူလူထုသာမက နိုင်ငံတကာကပါ သိလာအောင် WLB က ပါဝင်စည်းရုံး လှုံ့ဆော်ခဲ့တဲ့၊ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အင်အားတွေ ပါဝင်တယ်လို့ မိဆူးပွင့်က ယုံကြည်ထားပါတယ်။ 

ဒါကြောင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ သေချာ မလုပ်ဆောင်နိုင်သေးပေမယ့်လည်း  တွေ့ဆုံ ဆွေးနွေးပွဲ တံခါးကို ဆက်ပြီးတွန်းသွားနိုင်မယ်ဆိုရင် WLB ရဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှု အခန်းကဏ္ဍ ပိုမို မြင့်တက်လာမယ်လို့လည်း သူက ရှင်းပြတယ်။ 

WLB ဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် သံတမန်ရေး လုပ်ငန်းတွေကို အများဆုံး ဆောင်ရွက်နိုင်တဲ့ အဖွဲ့အ စည်းဆိုရင်လည်း မမှားပါဘူးလို့ စောမြရာဇာလင်းက ပြောပါတယ်။ 

ဒါပေမယ့် WLB ရဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ ဆို ရင်တော့ လက်ရှိနိုင်ငံရေး အခြေအနေအရ မရောက်သေးဘူး။ ဒီအတွက် အောင်မြင်မှု ရရှိပြီလို့လည်း မပြောနိုင် သေးဘူးလို့ အဖွဲ့ဝင်တွေ အားလုံးက တညီတညွတ်တည်း လက်ခံထားတယ်လို့လည်း ဆိုပါတယ်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ပီပီပြင်ပြင်ဖြစ်လာအောင် စစ်စစ်မှန်မှန်ဖြစ်အောင် ဝိုင်းလုပ်ဖို့ လိုနေသေးသလို ရှေ့ဆက်သွားမယ့် အနာဂတ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ WLB ပိုမိုပါဝင်လာနိုင်မယ့် အခြေအနေ အခွင့် အလမ်းတွေ ရရှိနိုင်အောင် ကြိုးစား ရုန်းကန်နေတယ်လို့ မိဆူးပွင့်က ပြောပါတယ်။ 

အမျိုးသမီးတွေအပေါ် တဖက်သတ် ခွဲခြားဆက်ဆံမှု အပိုင်းမှာဆိုရင် အခြေခံကစ အဖွဲ့ဝင်အဖွဲ့အစည်း တဖွဲ့ချင်းကနေ ပညာပေးမှုတွေ စည်းရုံးလှုံ့ဆော်မှုတွေ ဆက်ပြီး လုပ်နေနိုင်တဲ့ အခြေအနေ အခွင့်အလမ်းတခုကိုတော့ ရောက်လာပြီ လို့ သူက ဆိုပါတယ်။ 

အမျိုးသမီးတွေဟာ နှစ်ပေါင်းများစွာ နောက်ကောက်ကျန်ခဲ့ရ၊ ခွဲခြားခံရ၊ ဖိနှိပ်ခံရတဲ့အခါမှာ အမျိုးသားတွေနဲ့ ရင်ပေါင် တန်းနိုင်ဖို့ ချက်ချင်းမဖြစ်နိုင်ဘူးလို့ WLB တွဲဖက် အထွေထွေ အတွင်းရေးမှူး() လွေးပိုးငယ်က ပြောပါတယ်။

ဒီအတွက် စွမ်းရည်မြှင့်တင်မှုတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့ WLB ဟာ နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင် လာရေးအတွက် စွမ်းရည်မြှင့်တင်မှု ဆိုင်ရာ သင်တန်းတွေ လုပ်ပေးသလို တဖက်မှာလည်း အသိပညာပေး ဟောပြော ပွဲတွေ ဆောင်ရွက်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ 

နှစ် ၂၀ အတွင်းမှာ WLB ဟာ နိုင်ငံရေးစွမ်းရည် မြှင့်တင်ရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး လုပ် ငန်းစဉ်နဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး လုပ်ငန်းစဉ် ခုနဲ့ ရပ်တည် ဆောင်ရွက်ခဲ့တယ်လို့ လည်း ပလောင်တိုင်းရင်းသူလည်း ဖြစ်တဲ့ လွေးပိုးငယ်က ဆိုပါတယ်။ 

WLB ဟာ မြန်မာအစိုးရ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံး ဖျက် သိမ်းရေး သဘောတူစာချုပ် (CEDAW) စင်ပြိုင် အစီရင်ခံစာ ပထမဆုံး ရေးခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့ မှတ်တမ်းတင်ထားတဲ့၊ မြန်မာနိုင်ငံရှိ အမျိုးသမီးတွေ ရဲ့ လိုအပ်ချက်နဲ့ တန်းတူမှု မရှိခြင်းတွေအပေါ် သုံးသပ်ထားတဲ့ အစီရင်ခံစာပေါင်း များစွာကိုလည်း ထုတ်ဝေကာ နိုင်ငံတကာအဆင့်ထိ သိရှိစေဖို့ WLB ဟာ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။   

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ အနည်းဆုံး အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့ ကိုတာစနစ်ကို စတင် အသံထုတ်ခဲ့တဲ့ WLB ရဲ့ ဆောင်ရွက်ချက်ဟာ အခုဆို NCA အရ ရေးဆွဲထားတဲ့ နိုင်ငံရေး  ဆွေးနွေးမှုဆိုင်ရာ မူဘောင်မှာ ထည့်သွင်းရေးဆွဲလာပြီ ဖြစ်ပါတယ်။ 

ဒါတွေဟာ နှစ် ၂၀ အတွင်း ဆောင်ရွက်ခဲ့တဲ့ WLB ရဲ့ သမိုင်းမှတ်တိုင်တွေလို့ ဆိုနိုင်ပါတယ်။ 

WLB အဖွဲ့ဝင်တွေဟာ ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားဒေသမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေဖြစ်လို့ ထိုဒေသတွင်း က အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်မှန်သမျှကို ဘယ်သူကပဲ ကျူးလွန်ကျူးလွန် မှတ်တမ်းတင်ထားပြီး ငြိမ်းချမ်းရေး မစ်ရှင်လို အဖွဲ့တွေကို အကြောင်းကြားကာ အရေးယူပေးဖို့ တိုက်တွန်းပြောဆိုတာတွေ ရှိပါတယ်။  

အဓိကအားဖြင့် တပ်မတော်က ကျူးလွန်တဲ့ ပြစ်မှုတွေဟာ ဒီနေ့အချိန်ထိ အမှန်တရား ပေါ်ပေါက်တဲ့အမှု မရှိသေးဘဲ ကင်းလွတ်ခွင့် ရနေသေးကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေမှာတော့ အရေးယူဆောင်ရွက် ပေးတာမျိုးတွေ ရှိတယ်လို့ လွေးပိုးငယ်က ပြောပြပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်ပေးထားတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက် လို့ သူကရေငုံ နှုတ်ပိတ်တယ်လို့တော့ မထင်ဘူး။ ကျမတို့က ဘယ်သူ့ကိုမှလည်း ကာကွယ်ပြောဆိုစရာ မလိုဘူးလို့ ချေပ ပြောဆိုပါတယ်။  

တခြားအဖွဲ့တွေက WLB ဆိုရင် သဘောထား တင်းမာတယ်၊ တချို့ကျတော့လည်း အနုတ်လက္ခဏာ ဆန်တယ်လို့ ထင်ကြတာမျိုးတွေ ရှိသလို WLB ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အားပေးတဲ့အဖွဲ့ ဖြစ်တယ်လို့ အမြင် မှားတာမျိုးတွေ ရှိတယ်လို့လည်း လွေးပိုးငယ်က ပြောပါတယ်။  

ရန်ကုန်တွင် ပြုလုပ်ခဲ့သော WLB နှစ် ၂၀ ပြည့် အခမ်းအနား အမှတ်တရပုံရိပ် (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ကျမတို့က ဘယ်သူ့ကိုမှ အားပေးအားမြှောက် လုပ်တာတော့ မဟုတ်ဘူး။ အမှန်တရားကိုပဲ တန်ဖိုးထားပြီး အမျိုး သမီးထု အတွက် ရပ်တည်ပြီးတော့မှ လုပ်တာဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။  

WLB ဟာ အားပေးမှုတွေ၊ ထောက်ခံမှုတွေ၊ ဝေဖန်မှုတွေ၊ ပြစ်တင်မှုတွေနဲ့အတူ သူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတကာ ဆုတံဆိပ်တွေလည်း ရရှိခဲ့ပါတယ်။ 

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေ ရရှိစေရေး ကြီးမားတဲ့ အားထုတ်မှု (သို့) တခါတရံ အန္တရာယ် ကြုံတွေ့နိုင်တဲ့ အခြေအနေတခုမှာ စွမ်းဆောင်ကူညီပေးတဲ့ အဖွဲ့တွေကို အပ်နှင်းတဲ့ ဆုတခုဖြစ်တဲ့ Peter Gruber Foundation အဖွဲ့ရဲ့ အမျိုးသမီး အခွင့်အရေးဆုကို ရှမ်း အမျိုးသမီး ရေးရာ အဖွဲ့ Shan Women’s Action Network (SWAN) နဲ့အတူ တွဲဖက်ပြီး ၂၀၀၅ မှာ ချီးမြှင့် ခံခဲ့ရပါတယ်။ 

၂၀၀၈ မှာတော့ အမေရိကန် အခြေစိုက် အဖွဲ့အစည်းတွေဖြစ်တဲ့ National Democratic Institute က ပေးအပ်တဲ့ အောလ်ဗရိုက်ဆု (Madeleine K. Albright Award) နဲ့ International Republican Institutes အဖွဲ့ရဲ့ အမျိုးသမီး ဒီမိုကရေစီ ကွန်ရက်က ပေးအပ်တဲ့ Jeanne J. Kirkpatrick ဆုရှင် ဦးအနက် တဦးအဖြစ် ဆုတွေ ရရှိခဲ့ပါတယ်။ 

၂၀၁၉ WLB နှစ် ၂၀ ပြည့် မွေးနေ့မှာတော့ နယ်သာလန်နိုင်ငံ သံရုံးက ချီးမြှင့်တဲ့ လူ့အခွင့်အရေး ကျူလစ်မြန်မာ (Human Rights Tulip Myanmar 2019) ဆုကို ပေးအပ် ချီးမြှင့်ခံခဲ့ရပါတယ်။ 

ဒီဆုတံဆိပ်တွေဟာ WLB ရဲ့ အောင်မြင်မှု ဆိုတာထက် အသိအမှတ်ပြုမှုအဖြစ် ခံယူထားပြီး ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေ အတွက် အားဖြစ်စေတယ်လို့ ဆိုပါတယ်။  

လွေးပိုးငယ်ကကျမတို့ကို အသိအမှတ်ပြုတယ်။ ဒီလို အလုပ်တွေ ဆက်လုပ်နိုင်ဖို့ အမျိုးသမီးထုအတွက် အလုပ်လုပ် နိုင်ဖို့ ခွန်အားတခု ဖြစ်စေတယ်။ အသိအမှတ်ပြုပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ တကယ် အောက်ခြေမှာ လုပ်နေတဲ့ အမျိုးသမီးတွေ အတွက် အားတခုဖြစ်စေတယ်လို့ ပြောပါတယ်။ 

အခုဆိုရင် WLB ရုံးချုပ်ဟာ ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့တာ နှစ်နီးပါး ရှိပါပြီ။ ပြည်တွင်းကို ပြောင်းရွှေ့လာတဲ့အခါ မတူညီတဲ့ အခက်အခဲမျိုးစုံကို အခုအချိန်ထိ ရင်ဆိုင်နေရတုန်း ဆိုပေမယ့် ပြည်တွင်းက တခြားသော အင်အားစုတွေနဲ့ ဆက်စပ်ပြီး လုပ်ကိုင်လာနိုင်တာမို့ အားသာချက်တွေလည်း ရှိနေပါတယ်။ 

ဒီအခြေအနေတွေကို အသုံးချပြီး ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေ ပိုပြီးပေါ်လာအောင် လုပ်ဆောင် သွားဖို့တော့ လိုအပ်နေသေးတယ်လို့ မိဆူးပွင့်က ဆိုပါတယ်။  

အခုအချိန်မှာ အမျိုးသမီး အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့များစွာ ရှိပေမယ့် ဒါတွေ အားလုံးကို စုစည်းပြီး အရွေ့တခုကို တိုက်တွန်းနိုင်မယ့် အမျိုးသမီး လှုပ်ရှားမှုကြီး (Women movement) ဖြစ်ပေါ်လာစေချင်တဲ့ ဆန္ဒရှိတယ် လို့ WLB ဖြစ်ပေါ်လာဖို့ ကြိုးပမ်းသူတွေထဲက တဦးဖြစ်တဲ့ နန်းယဉ်က ဖွင့်ဟ ပြောဆိုပါတယ်။ 

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ် ၂၀ ဒီလို အချိန်တုန်းက ဘာမှမရှိသေးတဲ့ ကွင်းပြင် ကိုင်းတောကြီး လမ်းကြမ်းကြီးရဲ့ ခြုံ နွယ် ပိတ်ပေါင်းတွေကို စတင် ခုတ်ထွင် ရှင်းလင်းခဲ့ရာကနေ ချောမွေ့တဲ့ လမ်းတခုဖြစ်အောင်ထိ မဆောင်ရွက်နိုင်သေး  ပေမယ့်လည်း အခုဆို လမ်းကြောင်းလေး ပေါ်အောင်တော့ ဖောက်လုပ်နိုင်ခဲ့ပြီမို့ သူ့အနေနဲ့ ကျေနပ် ပီတိဖြစ်ရတယ် လို့ လည်း ရှမ်းတိုင်းရင်သူ ဖြစ်တဲ့ နန်းယဉ်က ဆိုပါတယ်။ 

လက်ရှိမှာ မျိုးဆက်သစ်တွေကလည်း အဲဒီလမ်းကို ပိုမိုချောမွေ့အောင် ဆက်လက်လုပ်ဆောင်နေပြီ ဖြစ်ပေမယ့် ချောမွေ့ ဦးမှာတော့ မဟုတ်သေးပါဘူး။ ခရီးလမ်းကလည်း ရှည်သလို သွားရတဲ့လမ်းမှာလည်းပဲ ချောက်ကမ်းပါးကြီးတွေကို ထိုးရမယ့် တံတားတွေ၊ လမ်းတွေချဲ့ဖို့ ကျောက်ဆိုင် ကျောက်သားကြီးတွေကို ဖြိုရမှာတွေလည်း ဖြစ်ပေါ် လာနိုင်ပါ သေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်မတွန့်ဘဲ ဇွဲရှိရှိနဲ့ သွားကြဖို့ ခွန်အားပေးချင်ပါတယ်။ ကြာနိုင်တယ်။ ဒါပေမယ့် တနေ့မှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါလို့ သူက မျိုးဆက်သစ်တွေကို သတင်းစကား ပါးလိုက်ပါတယ်။  

WLB ရဲ့ အဖွဲ့ဝင်တွေမှာ အခက်အခဲတွေ ကိုယ်စီရှိကြပေမယ့်လည်း ပန်းတိုင်ရောက်အောင် သွားရဦးမှာမို့ မတူ ကွဲပြား မှုတွေကနေ ညီညွတ်ခြင်း အားအင်တွေယူကာ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ ခိုင်ခိုင်မာမာ သံန္နိဋ္ဌာန် ချထား ကြောင်း နှစ် ၂၀ ပြည့် မွေးနေ့က သက်သေထူ မီးမောင်း ထိုးပြနေပါတယ်။ 

You may also like these stories:

ရခိုင်တိုက်ပွဲကြား ဘဝရပ်တည်ရေး ခက်ခဲနေသော ချင်းတိုင်းရင်းသားများ

 

The post ခယောင်းလမ်းပေါ်က တွဲလက်များ သို့မဟုတ် WLB appeared first on ဧရာဝတီ.

အီရန်နဲ့ ဆော်ဒီကြား အာဆီယံ မွတ်စလင်တွေ ဘယ်ဘက်ရပ်မလဲ

$
0
0

သြဇာကြီးမားသည့် အီရန်တပ်မှူး ကက်ဆန် ဆိုလေမန်နီကို အမေရိကန်က သတ်ဖြတ်လိုက်ခြင်းသည် အီရန်၏ နိုင်ငံတကာ၊ အထူးသဖြင့် အစ္စလမ်မစ် ကမ္ဘာမှ အချိတ်အဆက်များကို မီးမောင်းထိုးပြနေသည်။

အရှေ့အလယ်ပိုင်းပြင်ပ မွတ်စလင်ကမ္ဘာမှ မည်သည့်နိုင်ငံများသည် အီရန်နှင့်အတူ ရပ်တည်မည် သို့မဟုတ် လက်စားချေရန် ကြိုးစားရာတွင် ကူညီမည်ကို အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့်နေသည်။

အီရန်နိုင်ငံသည် ကမ္ဘာ့အကြီးမားဆုံး မွတ်ဆလင်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှား အပါအဝင် နိုင်ငံတကာ မွတ်စလင်အသိုင်းအဝန်းက ထောက်ခံမှုရရှိရေးအတွက် ထိုသတ်ဖြတ်မှုကို အသုံးချနေသည်။

ထိုနှစ်နိုင်ငံစလုံးကို နိုင်ငံတကာက အလယ်အလတ်များအဖြစ် သတ်မှတ်ထားကြသည်။ ထိုအစိုးရများနှင့် ပြည်သူများ မည်သည့်ဘက်ကရပ်သည်ဆိုသော အချက်သည် ဆိုလေမန်နီကို သတ်ဖြတ်ပြီးနောက် အီရန်ကို အထီးကျန်အောင်လုပ်ရန် အမေရိကန်၏ အားထုတ်မှု မည်မျှ အလုပ်ဖြစ် မဖြစ်ကို ပြသသည်။

တရားဝင်အဆင့်တွင် အီရန်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အစိတ်အပိုင်းအဖြစ် အတူတကွရှိကြသော်လည်း တင်းမာမှုများရှိနေသည်။အရှေ့တောင်အာရှမှ မွတ်ဆလင်အများစုသည် ဆွန်နီများဖြစ်ကြပြီး အီရန်သည် ရှီးယားဖြစ်သည်။ အင်ဒိုနီးရှားတွင် မွတ်စလင် သန်း ၂၃၀ ရှိပြီး ကမ္ဘာ့စုစုပေါင်းထက် ၈ ပုံ ၁ ပုံရှိသည်။ အင်ဒိုနီးရှားတွင်နေထိုင်သည့် နိုင်ငံခြားသားများအပါအဝင် ရှီးယား တသန်းပင် မရှိပေ။

မလေးရှားနှင့် အင်ဒိုနီးရှားမှ အစ္စလမ်မစ် အာဏာပိုင်များသည် ရှီးယားလှုပ်ရှားမှုကို တက်ကြွစွာ ဖိနှိပ်ထားပြီး ရှီးယား ဘာသာရေး စာများကို အသိအမှတ်မပြုပေ။ မလေးရှားသည် ရှီးယား ကိုးကွယ်သူများကိုပင် ဖမ်းဆီးသည်။

သို့သော် လွန်ခဲ့သောဆယ်စုနှစ် ၂ ခုအတွင်း ထိုနှစ်နိုင်ငံတွင် ရှီးယား အရေအတွက် တိုးလာခဲ့သည်။ အီရန်နိုင်ငံသား အများအပြား ထိုနိုင်ငံတွင် လာရောက်နေထိုင်သောကြောင့်လည်း တစိတ်တပိုင်း ပါဝင်သည်။ အီရန်နိုင်ငံသား အများအပြားတို့သည် ထိုနှစ်နိုင်ငံတွင် နေထိုင်ခွင့်ပါမစ် အလွယ်တကူရသည်ဟု မြင်ကြပြီး ကျောင်းသားအဖြစ် မှတ်ပုံတင်သူ ရှိသကဲ့သို့ စီးပွားရေးလုပ်ငန်း ထူထောင်ထားသူလည်း ရှိသည်။

အမေရိကန်က ဦးဆောင်ပြီး အီရန်ကို အရေးယူပိတ်ဆို့မှု ပြုလုပ်သောကြောင့် အီရန်နိုင်ငံသား အများအပြားတို့သည် ထိုနှစ်နိုင်ငံသို့ အပမ်းဖြေခရီး သို့မဟုတ် ပိတ်ဆို့ အရေးယူမှုကို ကျော်လွှားရန် သွားရောက်ကြသည်။

အင်ဒိုနီးရှားနှင့် မလေးရှားတွင် ပညာရှင်အဖြစ် လုပ်ကိုင်နေသော အီရန်ပညာရှင် ထောင်ချီရှိနေသည်။ ချမ်းသာသော အီရန်နိုင်ငံသားများသည် ကွာလာလမ်ပူကို အခြေစိုက်စခန်းအဖြစ်သုံးပြီး နှစ်သက်ကြသည်။ ဂျကာတာကိုမူ သူတို့၏ လွတ်လပ်သော လူမှုပတ်ဝန်းကျင်အဖြစ် နှစ်သက်ကြသည်။

မလေးရှားနှင့် အင်ဒိုနီးရှား အစိုးရများသည် ဆော်ဒီအာရေဗျနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်ရန် ကြိုးစားသောကြောင့် ပုံမှန်အားဖြင့် အီရန်နှင့် နီးစပ်မည်ကို စိုးရိမ်ကြသည်။ ဆော်ဒီတို့သည် နှစ်စဉ် မက္ကာသို့ လာရောက်ခွင့်ပေးသည့် ဟာ့ဂျ် ခရီးသည် အရေအတွက် ဝေစုကို ထိန်းချုပ်ထားသည်သာမက၊ ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်လည်းဖြစ်နေသည်။ ထို့အပြင် ဆော်ဒီ အစ္စလမ်မစ် အဖွဲ့အစည်းများတွင် ပညာလေ့လာနေသော မလေးရှားနှင့် အင်ဒိုနီးရှား ထောင်ချီရှိနေပြီး နှစ်နိုင်ငံစလုံးမှ ဗလီများနှင့် အစ္စလမ်မစ် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ဆော်ဒီမှငွေကို ယူကြသည်။

၂၀၁၇ ခုနှစ်က အင်ဒိုနီးရှားသည် ဆော်ဒီဘုရင်ကို အင်ဒိုနီးရှားသို့ ပထမဆုံးအကြိမ် ဖိတ်ခေါ်ပြီး ကော်ဇောနီဖြင့် ကြိုဆိုသည်။ ထိုစဉ်က ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇ ဘီလျံဖိုး ရခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသား သန်းဝက်ခန့်သည် ဆော်ဒီအာရေဗျတွင် အများ အားဖြင့် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင် နေသောကြောင့် ငွေလွှဲပို့မှုလည်းမြင့်မားသည်။ ၂၀၁၈ ခုနှစ်က လွှဲပို့ငွေ ဒေါ်လာ ၃.၉ ဘီလျံ ရရှိသည်။

မလေးရှားနှင့် ဆော်ဒီအာရေဗျအကြား နီးကပ်သောဆက်ဆံရေးသည် ဝန်ကြီးချုပ်နာဂျစ်ရာဇတ် ၂၀၁၈ ခုနှစ်က ပြုတ်ကျချိန်တွင် စတင်ပြောင်းလဲသွားသည်။ သူ၏ဘဏ်စာရင်းမှ ငွေ သန်းပေါင်းများစွာမှာ ဆော်ဒီတော်ဝင်မိသားစုက သူ့ကိုပေးသောငွေဖြစ်သည်ဟု သူက ပြောသည်။

နာဂျစ်ကို ဆက်ခံသူ မဟာသီယာ မိုဟာမက်သည် လွန်ခဲ့သောလက OIC ထိပ်သီးဆွေးနွေးပွဲတခု ကျင်းပပြီး အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တူရကီ၊ အီရန်နှင့် ကာတာနိုင်ငံ ခေါင်းဆောင်များကို မိန့်ခွန်းပြောစေသောအခါ စိတ်ပျက်စရာကြုံခဲ့ရသည်။ OIC တွင် ၎င်းတို့၏ ထိပ်တန်းအခန်းကဏ္ဍကို စိန်ခေါ်ခြင်းဖြစ်သည်ဟု ဆော်ဒီကမြင်ပြီး ဖိအားပေးသောကြောင့် ထိုအစည်းအဝေးမှ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတို့ နောက်ဆုတ်သွားသည်။

တရားဝင်အားဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် ဆိုလေမန်နီ သတ်ဖြတ်မှုတွင် ကြားနေကြလိမ့်မည် ဖြစ်သည်။ အမေရိကန်နှင့်အီရန် မည်သူ့ကိုမျှ ထောက်ခံမည်မဟုတ်ဘဲ သံတမန်စကား၊ ငြိမ်ချမ်းရေးနှင့် တင်းမာမှုလျှော့ချရေးကိုသာ ပြောမည်ဖြစ်သည်။ ဆော်ဒီအာရေဗျသည်လည်း ထိုနှစ်နိုင်ငံအနေဖြင့် ကြားနေရန် နောက်ကွယ်မှ လုပ်ဆောင်နေသည်။

သို့သော် လက်ရှိ အမေရိကန်နှင့် ထိပ်တိုက်တွေ့မှုတွင် အီရန်ကို သာမန်နိုင်ငံသားများ အကြားတွင် ထောက်ခံကြမည်ဖြစ်သည်။

အမေရိကန် အရေးယူပိတ်ဆို့မှုတွင် အီရန်နိုင်ငံ၏ ခံနိုင်ရည်ရှိခြင်းနှင့် နျူကလီးယား ဗုံးတလုံး တည်ဆောက်နိုင်ခြင်းအတွက် မလေးရှားနှင့် အင်ဒိုနီးရှားအများအပြားက လေးစားကြသည်။ ၎င်းတို့သည် ရှီးယားအယူအဆကို လက်မခံနိုင်သော်လည်း အမေရိကန်ကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်လျှင် အီရန်ကို ထောက်ခံကြသည်။

သို့သော် ထိုအချက်မှာ ကာလတိုသာဖြစ်နိုင်သည်။ ရေရှည်တွင် ဆိုလေမန်နီ သတ်ဖြတ်ခံရခြင်းကြောင့် အီရန်သည် နိုင်ငံရေးအမြတ်ရနိုင်ခြေ မရှိပေ။ အရှေ့တောင်အာရှမှ မွတ်စလင်လူမှုအသိုင်းအဝန်းသည် ဆွန်နီများဖြစ်ပြီး ဆွန်နီ-ရှီးယား အကွဲအပြဲကို ကျော်လွှားရန် လွန်စွာခက်သည်။

သမ္မတ ဒေါ်နယ်ထရမ့်အတွက် အကောင်းဆုံးအရာမှာ တွစ်တာမှ တဆင့် အီရန်ကို ခြိမ်းခြောက်မှု ရပ်ရန်ဖြစ်သည်။ သူဆက်လုပ်လေလေ အရှေ့တောင်အာရှမှ မွတ်စလင်များ အီရန်ကို ထောက်ခံလေလေပင် ဖြစ်သည်။

(James Chin သည် တက်စမေးနီးယား တက္ကသိုလ် Asia Institute ၏ ဒါရိုက်တာ ဖြစ်သည်။ Nikkei Asian Review ပါ ၎င်း၏ Soleimani killing tests Iran’s ties with Malaysia and Indonesia ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

အီရန်ဗိုလ်ချုပ်ကို အမေရိကန်သတ်ဖြတ်မှု စစ်ပွဲဆီ ဦးတည်နေ

အီရန်နှင့် အမေရိကန် စစ်ဖြစ်ခဲ့လျှင်

The post အီရန်နဲ့ ဆော်ဒီကြား အာဆီယံ မွတ်စလင်တွေ ဘယ်ဘက်ရပ်မလဲ appeared first on ဧရာဝတီ.

ငါတို့ စစ်ထွက်ပြီ

$
0
0

အရှေ့အလယ်ပိုင်းသို့ သွားရောက်ရန်အမိန့်ထုတ်ထားသည့် အမေရိကန် တပ်ဖွဲ့ဝင် ၃၅၀၀ ၏ အစိတ်အပိုင်းအဖြစ် မြောက်ကာရိုလိုင်းနားရှိ ဖော့ဘရက်မှ လူငယ်အများစုပါဝင်သော စစ်သား ၆၀၀ သည် အရှေ့အလယ်ပိုင်းသို့ ထွက်ခွာခဲ့သည်။ ၎င်းတို့အနက် အများအပြားသည် ကူဝိတ် နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ၎င်းတို့နောက်ဆုံး ခရီးပန်းတိုင်ကို လျှို့ဝှက်ထားသည်။

“ငါတို့ စစ်ထွက်ပြီ ညီအစ်ကိုတို့” ဟု တယောက်က လက်မနှစ်ဖက်ထောင်ရင်း ခပ်တိုတိုညှပ်ထားသော ဆံပင်အောက်မှ အားရပါးရပြုံးကာ တက်ကြွစွာ အော်ဟစ်သည်။ သူသည် ခုံတန်းရှည်၊ စားပွဲရှည်များနှင့် ခန်းမအများအပြားပါသော ဘိလပ်မြေအုတ် အဆောက်အအုံ ပြင်ပတွင် ထရပ်ကားများပေါ်သို့ ပစ္စည်းများတင်နေသော စစ်သားများကြားတွင် ရပ်နေသည်။

အီရန်တပ်မှူး ကက်ဆမ် ဆိုလေမန်နီကို မောင်းသူမဲ့လေယာဉ်ဖြင့်သတ်ဖြတ်ရန် သမ္မတ ထရမ့်က အမိန့်ပေးပြီးနောက် ရက်အနည်းငယ်ကြာတွင် အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခသစ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရပြီး အမေရိကန်စစ်တပ်၏ ကျော်ကြားလှသော အမှတ် ၈၂ လေကြောင်းချီတပ်မှ စစ်သား၊ စစ်သမီးများသည် ၂၀၁၀ ဟေတီငလျင်နောက်ပိုင်းတွင် အကြီးမားဆုံး အလျင်အမြန် တပ်ဖြန့်ချခြင်းလည်း ဖြစ်သည်။

 

အမှတ် ၈၂ လေကြောင်းချီတပ်၏ တပ်မှူးဖြစ်သော ကြည်းတပ်ဗိုလ်ချုပ် ဂျိမ်းစ် မင်းဂတ်သည် တနင်္ဂနွေနေ့က ဖေးယက်ဗိုင်းလ် အနီးတွင် စစ်စခန်းမှ ထွက်ခွာရန် ပြင်ဆင်နေသည့် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားအမျိုးသမီများအကြား သွားလာနှုတ်ဆက်ကာ ၎င်းတို့ကံကောင်းပါစေဟု ဆုတောင်းပေးသည်။

ဗာဂျီးနီးယားပြည်နယ် အက်ရှ်ဘိုရိုမှ စစ်သားတဦးက ယခုအမိန့်ရောက်လာသောကြောင့် အံ့သြခြင်းမရှိကြောင်း ပြောသည်။

“ကျနော်က သတင်းပဲကြည့်ပြီး ဟိုမှာဘာတွေဖြစ်နေလဲဆိုတာကို လေ့လာနေတာ။ နောက်တော့ ဘယ်ကိုမှမသွာနဲ့လို့ တပ်ကြပ်ကြီးဆီကနေ စာတိုပေးပို့လာတယ်။ ဒါပဲလေ” ဟု Reuters သတင်းဌာနက အမည်မဖော်ဘဲ တွေ့ဆုံမေးမြန်းခွင့်ရသည့် တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ဆိုလေမန်နီကို သတ်ဖြတ်ခြင်းကြောင့် အမေရိကန်နှင့် အီရန်အကြား တင်းမာမှု မြင့်မားသွားသော်လည်း အပြည့်အ၀ တိုက်ပွဲဖြစ်လာမည်၊ ဖြစ်မလာမည်ကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။ (အီရန်မှ ပြန်လည်လက်စားချေခြင်းအားဖြင့် အီရတ်ရှိ အမေရိကန်စစ်စခန်း ၂ ခုကို အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးက စစ်ပွဲ အရှိန်မမြှင့်လို ဟု ပြောသည်။ အီရန်၏ တိုက်ခိုက်မှုကြောင့် မည်သူမျှ မထိခိုက်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တုံ့ပြန် ပြောပြီး အီရန်ကို လက်တုံ့ပြန်မည် မဟုတ်ဟု ဆိုလိုက်သောကြောင့် တိုက်ပွဲများ အကြီးအကျယ် ဖြစ်ဦးမည်မဟုတ်ဟု ခန့်မှန်းရသည်။)

စစ်ပွဲတခုကို စတင်ရန်မဟုတ်ဘဲ ရပ်တန့်စေရန် ထိုသတ်ဖြတ်မှုကို အမိန့်ပေးခြင်းဖြစ်ကြောင်း ထရမ့်က လွန်ခဲ့သော တပတ်က ပြောကြားခဲ့သည်။ အီရန်ဖက်မှ တင်းမားသော စကားများ ပြောနေသော်လည်း အီရန်သည် အမေရိကန်နှင့် သမားရိုးကျ စစ်ပွဲမဖြစ်လိုဘဲ လက်ဝေခံများမှ တဆင့် ဖျက်ဆီးမှု သို့မဟုတ် အခြားစစ်ရေးအရေးယူမှု ပြုလုပ်လိမ့်မည်ဟု သုတေသီများက ပြောဆိုကြသည်။

 

အမေရိကန်စစ်သားငယ် အများအပြားသည် ကြက်ဥ၊ ဝေဖာ၊၊ ဝက်အူချောင်းနှင့် ဒိုးနပ် ၁၀၀၀ ပါဝင်သော နံနက်စာကို စားသုံးပြီးနောက် အခြေစိုက်စခန်းရှိ ဘုရားကျောင်းသို့ စုရုံးသွားရောက်ကြသော်လည်း အန္တရာယ်ကို အလေးထား စဉ်းစားပုံမရပေ။

တပ်သားတဦးသည် သယ်ယူပို့ဆောင်ရေး ထရပ်ကားမှ ကြိုးတချောင်းကို သူငယ်ချင်း တဦး၏ ခါးပတ်တွင် ချည်ရန်ကြိုးစားပြီး နောက်ပြောင်သည်။

တာဝန်

အသက် ၃၀ မှ ၄၀ အတွင်းရှိ ပိုမိုအသက်ကြီးသော စစ်သားများမှာမူ သိသိသာသာ တည်ငြိမ်နေသည်။ ယခင်တပ်များဖြန့်ချရာမှ ပြန်လာသော ခြေတဖက်နှင့် လမ်းလျှောက်ကျင့်နေရသူများ သို့မဟုတ် အလံအုပ်ပြီးသယ်လာသော အခေါင်းများကို မြင်ခဲ့ဖူးသည့် အတွေ့အကြုံကြောင့်ဖြစ်နိုင်သည်။

“ဒါက တာဝန်ပဲ” ဟု အရှေ့အလယ်ပိုင်းသို့ ထိုးစစ်တာဝန် ငါးကြိမ် ထမ်းဆောင်ခဲ့သည့် ကြည်းတပ် တပ်ဖွဲ့ဝင်ဟောင်း ဘရိုင်ယန် နိုက်ကပြောသည်။ သူသည် စစ်ဖက်အထောက်အကူပြု စေတနာရှင် အသင်းခွဲတခုတွင် ဒါရိုက်တာအဖြစ် လုပ်ဆောင်နေသည်။

“သူတို့တွေက အမေရိကန်ပြည်ထောင်စုအတွက် အရေးပေါ်မှုကို ဖြည့်ဆည်းနေကြတယ်။ သူတို့သွားဖို့ဖြစ်လာပြီ။ အမေရိကန်သမ္မတက သူတို့ကို တောင်းဆိုလိုက်ပြီ” ဟု နိုက်က ပြောသည်။

တပ်ဖွဲ့ဝင်များသည် ၇၅ ပေါင် (၃၄ ကီလိုဂရမ်) ရှိ ကျောပိုးအိတ်များကို သယ်ယူပို့ဆောင်းရေး ထရပ်ကားပေါ်သို့ ပစ်တင်သောအခါ နားပမ်းသတ်ရာတွင် ချုပ်နှောင်ပစ်တင်ရသည့် သဘောမျိုး ဖြစ်နေသည်။ ထိုကျောပိုးအိတ်များတွင် ကျည်ကာအင်္ကျီ၊ ခြေအိတ်၊ အတွင်းခံအဝတ်အပိုနှင့် ၎င်းတို့ကိုင်သော အမ် ဖိုး ကာဘိုင်များအတွက် ကျည် ၂၀၀ နှင့် အစစအရာရာ ပါဝင်သည်။

တပ်ကြပ်ကြီးတဦးသည် လူအုပ်အတွင်း အိုသွေးရှိသူများကို အော်ခေါ်နေသည်။ ထိုသွေးကို မည်သူ့ကိုမဆို သွင်းပေးနိုင်သောကြောင့် ဖြစ်သည်။

“ဆေးတပ်က မင်းတို့ကို အခုလိုနေတယ်။ လာကြ” ဟု သူက ပြောသည်။

မရေရာမှုများလွှမ်းမိုးနေ

အမေရိကန်တပ်များအတွင်း လှုပ်ရှားမှုအများဆုံးဖြစ်သော ထိုတပ်သည် အလျှင်အမြန် တပ်ဖြန့်ချသည့် အလေ့အထရှိသည်။ ထိုအချက်သည် ထူးခြားချက်ဖြစ်သည်ဟု ကြည်းတပ်ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုက်ဘန်းက ပြောသည်။

“ဒီလူတွေက သွားဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားနေတယ်။ ဒါပေမယ့် သူတို့ ဘယ်လောက်ကြာကြာ သွားရမယ်ဆိုတာကို ဘယ်သူမှ မသိသေးဘူး။ ဒါက ဆုံးဖြတ်ရ အခက်ဆုံးကိစ္စပဲ” ဟု ဘန်းက ပြောသည်။

တပ်ဖွဲ့လှုပ်ရှားမှု အသေးစိတ်များ ပေါက်ကြားမည်စိုးသောကြောင့် စစ်သားများကို ဆဲလ်ဖုန်း၊ လက်စွဲဗီဒီယိုဂိမ်းစက် သို့မဟုတ် မိတ်ဆွေများ၊ မိသားစုများနှင့် ဆက်သွယ်နိုင်သော အခြားမည်သည့်ကိရိယာကိုမျှ ယူဆောင်ခွင့်မပေးပေ။

“ကျနော်တို့က ခြေလျင်တပ်ဖွဲ့တခုဖြစ်တယ်။ ကျနော်တို့ရဲ့ အခြေခံတာဝန်က မြေပြင်မှာတိုက်ခိုက်ဖို့ဖြစ်တယ် တကယ်ကို တိုက်ခိုက်ရမယ်” ဟု သူက ပြောသည်။

တပ်ကြပ်ကြီးတဦးက နောက်ဆုံးတွင် အမည်များကို စတင်အော်ဟစ်ပြီး ပြန်ထူးသော အခါ ထိုအမည်များကို စာရင်းမှတ်နေသည်။

တိုက်လေယာဉ်တိုင်းတွင် ထောက်ပံ့ရေး အကူအဖွဲ့ ၇ ဦးရှိသည်။ ထမင်းချက်များ၊ လေကြောင်းလမ်းပြများ၊ စက်ပြင်ဆရာများ၊ ဆေးဝန်ထမ်းများ၊ ဘာသာရေးဆရာများနှင့် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး မန်နေဂျာများတို့ဖြစ်သည်။ ဘာသာရေးဆရာကလွဲပြီး ကျန်သူများအားလုံးသည် တိုက်ခိုက်ရန် လက်နက်ကိုင်ဆောင်ကြရသည်။

အသက် ၃၄ နှစ်အရွယ် အရာခံ တဦးက “ကြည်းတပ်ဟာ စေတနာ့ဝန်ထမ်းတပ်ဖြစ်တယ်။ ကျနော်တို့ ဒီလိုပဲလုပ်ချင်တယ်။ ခင်ဗျားတို့က ခင်းဗျားတို့ အခွန်ကို ဆောင်ပြီး ကျနော်တို့က ဒီအလုပ်ကိုလုပ်ရတယ်” ဟု သူက ပြောသည်။

တပ်ဖြန့်ချမှု ပကတိတရားသည် တပ်ဖွဲ့များ တံခါးဖွင့်ထွက်ရာ မရောက်မခြင်း အကောင်အထည် မပေါ်သေးကြောင်း C-5 နှင့် C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့် ကန်ထရိုက်ဖြင့် ငှားထားသော ဂျက်လေယာဉ် ၂ စင်းရပ်ထားသည့် လေယာဉ်ကွင်းကို လက်ညှိုးထိုးပြီး သူက ပြောသည်။

သူသည်သူ၏ ဇာတိ ဖလော်ရီဒါမှ ဒေတုန်နာ ကမ်းခြေတွင် သမီးနှစ်ယောက်ကို ဆွေမျိုများဖြင့် တွေ့ဆုံရေးအတွက်နှင့် ဝေါ့ဒစ္စနေသို့ လည်ရန်အတွက် ခွင့်ဖြင့် လိုက်ပါပို့ဆောင်နေစဉ် တပ်က သူ့ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့က ဟိုရောက်ခါစပဲရှိသေးတယ် ညာကွေ့ပြန်လာဖို့ ဖုန်းဆက်ပြောတာ။ ကျနော့် ဇနီးက စစ်ရေးလေ့ကျင့်မှုကို သိတယ်။ ကျနော်ချက်ခြင်း မောင်းပြန်လာခဲ့တာ” ဟု သူက ပြောသည်။

အမိန့်တခုတည်းဖြင့် စစ်သားရာပေါင်းများစွာသည် ထရပ်လိုက်ကြပြီး သေနတ်များ၊ အိတ်များ၊ ဟဲလ်မက်ဦးထုတ်များကို သယ်ဆောင်ကာ ဇန်နဝါရီလလေတွင် အရှေ့ဖက်သို့ လွင့်မြူးနေသည့် အလံကို ကိုင်ထားသော စေတနာ့ဝန်ထမ်း အစောင့်ကို ဖြတ်ကျော်ပြီး တတန်းတည်း တန်းစီချီတက်ကြသည်။

(Reuters သတင်းထောက် Rich McKay ၏ ‘We’re going to war, bro’: Fort Bragg’s 82nd Airborne deploys to the Middle East ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အီရန် တိုက်ခိုက်မှု အပျက်အစီးနည်း ဟုဆို

အီရန်ဗိုလ်ချုပ်ကို အမေရိကန်သတ်ဖြတ်မှု စစ်ပွဲဆီ ဦးတည်နေ

အီရန်နဲ့ ဆော်ဒီကြား အာဆီယံ မွတ်စလင်တွေ ဘယ်ဘက်ရပ်မလဲ

အီရန်နှင့် အမေရိကန် စစ်ဖြစ်ခဲ့လျှင်

The post ငါတို့ စစ်ထွက်ပြီ appeared first on ဧရာဝတီ.

ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း

$
0
0

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ချီဖွေမြို့ အနီး မေခမြစ်ကမ်းစပ်တွင် အောက်ဘမ်ကျွန်းနှင့် ကဆုန့်ဘမ် ဟူသည့် ကျွန်းညီနောင်ရှိပါသည်။ တောင်ညီနောင် ဟုလည်းခေါ်ကြသည်။ ထို ကျွန်းညီနောင် အကြောင်းကို ဆရာငြိမ်းအေးအိမ်၏ ညှို့ငင်တောင် စာအုပ်မှတဆင့် သိရှိရပါသည်။ ဤကတည်းက ကျွန်းညီနောင်အကြောင်းမှာ ကျမ အတွေးထဲက ထုတ်မရတော့။

၂၀၁၈ ဒီဇင်ဘာလကုန်ပိုင်းတွင် သူငယ်ချင်းစက်ဘီးသမား တယောက် ရေးမြို့မှ ပန်ဝါမြို့ အထိ စက်ဘီးစီးသည့်ခရီးစဉ်မှ ပြန်ရောက်လာခဲ့သည်။ သူနှင့်တွေ့တော့ ပန်ဝါမြို့အကြောင်း၊ ချီဖွေမြို့အကြောင်း၊ မေခမြစ်အကြောင်း ပြောကြရင်း ကျွန်းညီနောင်ဆီ စကားစပ်မိသွားသည်။ သူရော ကျမရော ဒီကျွန်းညီနောင်အကြောင်းကို သိထားပြီးသား။ ဆရာငြိမ်းအေးအိမ်၏ ကျေးဇူးဟု ဆိုရပါမည်။

“အစ်မ …ကျနော်တို့သိတဲ့ကျွန်းလေး … မရှိတော့ဘူး’”

မေခမြစ်၊ ချီဖွေ – ဇနောင်ယန်မြစ်ကူးတံတားနှင့်၂၀၁၁ တစ်ကြော့ပြန်စစ်မဖြစ်မီ ချီဖွေမြစ်ကမ်းအလှ/ Zawng Dai

ကြားကြားရချင်း ကျမမှာ အံ့သြဝမ်းနည်းဖြစ်ရသည်။ ဒီကျွန်းညီနောင်မှာ ကျမ စိတ်ဝင်တစားရှိလှသည့် ဂေဟစနစ်နှင့် ယဉ်ကျေးမှု အဆက်အစပ် ဇာတ်ကြောင်းကို ပြောပြနိုင်သည်။ ကျွန်းမရှိရင် ကျွန်းဆီကို ခပြွန်ကောင်တွေ လာတော့မှာမဟုတ်၊ ဒါဆို သူတို့ရဲ့အော်သံကြားရတော့မှာ မဟုတ်၊ ဒီရာသီငှက်သံအပေါ် မှီတည်ထားတဲ့ ဌာနေတွေရဲ့ ရာသီလုပ်ငန်းခွင်အချိန်ဇယားလည်း ရှိတော့မှာ မဟုတ်၊ သူတို့ရဲ့ နေထိုင်မှုအလေ့အထတွေ ပြောင်းကုန်တာ၊ ဒါမှမဟုတ် နေသားကျအောင် အသစ်ကျင့်ယူရတာတွေ ရှိလာတော့မှာပေါ့ ဟု ဆက်စပ်တွေးနေမိသည်။

အဲဒီနေ့ကစ၍ ကိုယ်တိုင်ကိုယ်ကျ သွားရောက် စူးစမ်းလိုသည့်စိတ်သာ ကြီးစိုးနေတော့သည်။ ဂေဟစနစ်အပြောင်းအလဲနှင့် ယဉ်ကျေးမှုအရွေ့ အဆက်အစပ်ကို ကျမ စိတ်ဝင်စားပါသည်။

သိပ်မကြာခင်မှာပဲ အလုပ်ကိစ္စတခုနှင့် ချီဖွေမြို့ဆီ သွားဖို့ အကြောင်း တိုက်ဆိုင်လာခဲ့သည်။ မတ်လ ၂၉ ရက် (၂၀၁၉ ခုနှစ်) တွင် ချီဖွေမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိပါသည်။ ကျွန်းညီနောင်နှင့် ပတ်သတ်၍ ခရီးစဉ်အတွင်း ချီဖွေဒေသခံတချို့နှင့်သာ တွေ့ဆုံမေးမြန်းခြင်း ပြုလုပ်နိုင်ခဲ့သည်။ ကျွန်းညီနောင်အကြောင်းကို သေချာစွာပြောပြနိုင်သည့် မေခမြစ်တဖက်ကမ်းရှိ ဇနောင်ယန်ရွာမှ ဒေသခံနှင့်တော့ မတွေ့ဆုံဖြစ်ခဲ့ပါ။

ရရှိခဲ့သည့် အချက်အလက်များနှင့် စာပြန်ရေးသည့်အခါ ရေးလို့မရ၊ ရေးနေရင်းပင် မရှင်းလင်းသေးသည့် အကြောင်းအရာများ ထပ်ဆင့် ပေါ်လာသည်။ ထို့အပြင် အဆိုပါခရီးစဉ်အတွင်း ကျွန်းညီနောင်နှင့် ဆက်စပ်၍ ကြားသိခဲ့ရသည့် မုတ်သုန်တော အကြောင်းကိုလည်း ကိုယ်တွေ့ မစူးစမ်းခဲ့ရသဖြင့် ဤလေ့လာမှုမှာ ပိုင်နိုင်သေချာမှုမရှိလှဟု ခံစားမိနေခဲ့သည်။ ထို့နောက် အကြောင်းတိုက်ဆိုင်စွာဖြင့် အောက်တိုဘာလ ၁၂ ရက် (၂၀၁၉ ခုနှစ်) တွင် ချီဖွေမြို့သို့ နောက်တကြိမ် ထပ်မံရောက်ရှိခဲ့သည်။

ချီဖွေ တဖက်ကမ်းသို့ကူးရန် လှေစောင့်နေကြသည့် ဇနောင်ယန်ရွာသားများကို အောက်တိုဘာ၊ ၂၀၁၉ ခုနှစ်တွင် မြင်ရစဉ်/ ခင်စန္ဒာညွန့်

ဒုတိယ ခရီးစဉ်အတွင်း အချိန်လုံလောက်စွာ ရသဖြင့် မြစ်တဖက်ကမ်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခွင့် ရခဲ့ပါသည်။

ယခုတင်ပြချက်မှာ ကျွန်းညီနောင် (ခေါ်) တောင်ညီနောင် မှသည် မုတ်သုန်တောအထိ စူးစမ်းလေ့လာခဲ့သည့် ဖြစ်စဉ်ဖြစ်ပါသည်။ စစ်ကြောင့် မငြိမ်းချမ်းသည့် ဒေသဆီမှ ဂေဟစနစ်အခြေပျက်မှုနှင့် လူနေမှုအပြောင်းအလဲ အခြေအနေကို အဆိုပါ တောင်ညီနောင်နှင့် မုတ်သုန်တောတို့က ပြောပြကြပါလိမ့်မည်။

ရှာခဲ့တဲ့ ကျွန်းညီနောင်

မြစ်ကြီးနားမြို့မှ မေခမြစ်ကမ်းတလျှောက် ကားလမ်းအတိုင်းလာခဲ့ပြီး နန်းဦးရွာကို ကျော်ပြီးနောက် ချီဖွေမြို့ကို စဝင်ပါသည်။ ဤနေရာတွင် မေခမြစ်တဖက်ကမ်းနှင့် တစပ်ဆက်တည်း ဖြစ်နေသည့် အပြန့်ကျယ်ကျယ် သောင်ခုံဖွေးဖွေးနှင့် ကဆုန်ု့ဘမ်ကျွန်းကို မြင်ရပါပြီ။ မြင်မြင်ချင်း ဒါဟာ ကဆုန့်ဘမ်ပဲဟု သေချာစွာ သိသည်။ ဓာတ်ပုံနှင့် ဂြိုဟ်တု မြေပုံတွင် မြင်ဖူးထားသည်။ လက်တွေ့အသွင်မှာ မကွာခြား။ မို့မောက်နေသည့် သောင်ခုံပေါ်က ကျောက်သားတောင်ကမူ လေးဖြစ်သည်။ ပန်းဆီတောက်တောက်အရောင် ပန်းများက ကျောက်သားနံရံတွင် တွယ်ပေါက်နေကြသည်။ ထိုတောင်ကမူလေးအပါ်တွင် သစ်ပင်များ ကြပ်သိပ်စွာ ပေါက်ရောက်နေကြသည်။

ရှေ့ဆက်သွားသည့်အခါ မြို့အဝင်တွင် ဆီးကြိုနေသည့် ချီဖွေ-ဇနောင်ယန် ကြိုးတံတားအပျက်ကို တွေ့ရပြီ။ ထုထည်ကြီးမားလှသည့် တံတားအင်္ဂတေတိုင် ငုတ်တုတ်တွေကို မြင်ရပြီး ချီမထားစရာ ဘာမှမရှိတော့သည့် သံမဏိကြိုး နှစ်သွယ်မှာလည်း ဟင်းလင်းပြင်ထဲတွင် သူ့အတိုင်းသားရှိသည်။

၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲအပြီးတွင် မြစ်တဖက်ကမ်း ဇနောင်ယန်ရွာတွင် အခြေစိုက်သည့် ကေအိုင်အေ နယ်မြေနှင့် ချီဖွေမြို့ရှိ အစိုးရအုပ်ချုပ်ရေး နယ်မြေတို့ သီးခြားစီ ဆက်ရှိခဲ့ကြသည်။ ကမ်းတဖက်တချက်ကို ဆက်သွယ်စရာ နိုင်ငံရေးအရ မည်သည့်အကြောင်းမျှ မရှိတော့။ ကမ်းနှစ်ဖက်တွင် နေထိုင်ကြသည့်ဒေသခံများမှာ ကူးတို့လှေဖြင့် မနက် ၇ နာရီမှ ညနေ ၃ နာရီ သတ်မှတ်အချိန်အတွင်း မေခမြစ်ကို ဖြတ်သန်းရသည်။ တံတားပျက်အောက်တွင် ခေါက်တုန့်ခေါက်ပြန် သွားလာနေသည့် ကူးတို့လှေငယ်တစီးကို တွေ့နိုင်သည်။ 

ထိုတံတားပျက် အထက်ဖက် မလှမ်းမကမ်း ဤအနီးအနားဝန်းကျင်တွင် အောက်ဘမ်ကျွန်း ရှိသည်ကို သိထားခဲ့သည်။

စစ်ကြောင့် ပျက်စီးသွားသော ချီဖွေ – ဇနောင်ယန်တံတားကို ၂၀၁၉ အောက်တိုဘာလအတွင်း တွေ့ရစဉ်/ခင်စန္ဒာညွန့်

ရှာကြည့်သည့်အခါ မေခမြစ်ထဲသို့ လျှံထွက်နေသည့် ခပ်မောက်မောက် တောအုပ်တခုကို သတိထားမိသည်။ ကဆုန့်ဘမ်ကဲ့သို့ အောက်ခြေတွင် သဲခုံကျယ်ကျယ်မရှိ၊ အရွယ်အစားပိုကြီးသည်၊ သစ်တောမှာ ပိုထူ၊ ပိုကြပ်သည်။ မြစ်တဖက်ကမ်းရှိ ကုန်းတန်းနှင့် ထိစပ်နေသည်။ အခြား သစ်ပင်စုစု တောအုပ်ငယ်များနှင့်လည်း တဆက်စပ်တည်းရှိသည့်အတွက် သိပ်တော့ မသေချာလှ။

ပုံတွေအရတော့ ဒီနေရာသည် အောက်ဘမ်ကျွန်းနှင့် တူလှသည်။ ကျွန်း မရှိတော့တာ တကယ်ပဲလားဟု စိတ်ထဲ တွေးမိလာသည်။ ဒေသခံများနှင့် တွေ့မှသာ မေးရတော့မည်။

ကျွန်းညီနောင်ဆိုတာ

နတ်ကိုးကွယ်သည့် ဓလေ့ရှိစဉ်အခါက သေဆုံးသူများ၏ လိပ်ပြာကို ၎င်းတို့၏ဘိုးဘွားများ ဆင်းသက်လာခဲ့သည့် မူလအရပ်ဒေသသို့ နတ်ဆရာက ဂါထာများရွတ်ဖတ်ပြီး ပြန်လည်ပို့လွှတ်သည်။ လမ်းတလျှောက်တွင် ဝိညာဉ်များ ခရီးတထောက်နားခိုရာ နေရာများရှိသည်။ ထိုနေရာများထဲမှ အောက်ဘမ်ကျွန်းသည် ဝိညာဉ်များအတွက် ကြားထောက်စခန်းတခု ဖြစ်ခဲ့သည်။ “လိပ်ပြာကျွန်း” ဟု ခေါ်ကြသည်။ ဇိုင်ဝါး လူမျိုးများက ယနေ့အချိန်ထိ အောက်ဘမ်ကျွန်းဆီ နှုတ်ဖြင့် လိပ်ပြာပို့လွှတ်ကြသေးကြောင်း သိရသည်။

ကျွန်းနှစ်ကျွန်းစလုံး ပေါ်တွင် သစ်ခုတ်ခြင်း၊ အမဲလိုက်ခြင်း စသည်တို့ကို ရိုးရာအရ ရှောင်ကြဉ်ထားသဖြင့် တော၏သဘာဝ အဆင်တန်ဆာများဖြင့် ဇီဝစုံကြွယ်ဝနေသည်။ ကျွန်းပေါ်မှ တောကောင်များ ဆင်းလာတတ်ကြောင်း၊ ယခင်က တိုင်းရင်းဆေးဆရာများသည် ကဆုန့်ဘမ်ကျွန်းပေါ်မှ ဆေးယူကြကြောင်းနှင့် ကျွန်းကို မြွေပတ်ထားပါက လူနာအခြေအနေ မကောင်းနိုင်ဟု ယူဆကြောင်း ဇနောင်ယန်ရွာတွင် နေထိုင်သည့် အသက် ၇၀ ဝန်းကျင်ရှိ ဒေသခံအဘက ပြောပြသည်။

မေခမြစ်ထဲက ကဆုန့်ဘမ်ကျွန်း/ ခင်စန္ဒာညွန့်

ကဆုန့်ဘမ်ကျွန်းပေါ်တွင် မနောပွဲကျင်းပလေ့ ရှိခဲ့သည်။ ကချင်မျိုးနွယ်စုများ ဆင်းသက်ရာ အထိမ်းအမှတ် ရိုးရာတောင် အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ ကျွန်းညီနောင်၏ ဇီဝစုံကြွယ်ဝပုံနှင့် ဌာနေတို့အတွက် ရာသီခွင်အချိန်ဇယား နှိုးဆော်ပုံကို အောက်ဘမ်ကျွန်း မနောပွဲဖြစ်မြောက်ရေးကော်မတီမှ ထုတ်ဝေသော စာစောင်ငယ်တစောင်တွင် အောက်ပါအတိုင်း ဖော်ပြထားသည် (ဆရာငြိမ်းအေးအိမ်၏ ညှို့ငင်တောင်စာအုပ်တွင် ဖော်ပြချက်အတိုင်း ကိုးကားထားပါသည်)။

“သဘာဝတရားဖြစ်သည့် နွေ၊ မိုး၊ ဆောင်း ရာသီဥတုပြောင်းလဲမည့် အတိတ်နိမိတ်၊ သစ်ပင်၊ ပန်းမန်များ ဖူးပွင့်မည့် အတိတ်နိမိတ်၊ ရာသီသီးနှံများ စိုက်ပျိုးချိန်ကို ပိုင်းခြားနှိုးဆော်ခြင်း စသည့် အတိတ်နိမိတ်များကို ဤတောင်ညီနောင်၏ သစ်ပင်ပန်းမန်များ စတင်ဖူးပွင့် သီးခြင်း၊ ပုစဉ်းရင်ကွဲများ စတင်မြည်အော်ခြင်း၊ ဥသြငှက်နှင့် အခြားအခါပေးသည့် ကျေးငှက်တွန်သံများသည် ဤတောင်တွင်စတင်ပြီး အခြားဒေသသို့ ပျံ့နှံ့သွားသဖြင့် သဘာဝတရားအရ စတင်ဖူးပွင့်ခြင်း၊ ကျေးငှက်များ၊ ပုစဉ်းရင်ကွဲနှင့် အခြားတိရစာ္ဆန်များ စတင်တွန်သံပေးသည့် နေရာဒေသဖြစ်ပါသည်။

ဤတောင်ညီနောင်မှပေးသည့် အတိတ်နိမိတ်ကိုကြည့်၍ ဒေသခံများက ရာသီဥတုကို ခန့်မှန်းခြင်း၊ တောင်ယာခုတ်ခြင်း၊ ခရီးထွက်ခြင်း၊ မုဆိုးလိုက်ခြင်း၊ ပွဲလမ်းသဘင်ကျင်းပခြင်းကို ဆောင်ရွက်လာခဲ့ကြသည်။

ဤဖော်ပြချက်အရ ဌာနေတိုင်းရင်းသားများ၏ ဘဝရှင်သန်လည်ပတ်မှုမှာ တောင်ညီနောင်၏ သဘာဝ ဂေဟစနစ်အပေါ် အမှီပြုထားသည်။ တောင်ညီနောင်၏ ဂေဟစုံ၊ ပဒေသာစုံ ကြွယ်ဝမှုသည် ဌာနေများ၏ ချမ်းသာမှုပင်ဖြစ်ပေလိမ့်မည်။

“လောဝေါ်ဘာသာစကားအရ ‘အောက်’ ဆိုသည်မှာ ရာသီဥတု သဘာဝတရား အပြောင်းအလဲကို အတိတ်နိမိတ်ဖတ်ခြင်း၊ ကြိုတင်ဟောခြင်း၊ နှိုးဆော်ခြင်း၊ အသိပေးခြင်းဟု အဓိပ္ဗာယ်ရပြီး ‘ဘမ်’ သည် ‘တောင်’ ဟုအနက်ထွက်သဖြင့် ‘အောက်ဘမ်’ ဆိုသည်မှာ ရာသီဥတုအပြောင်းအလဲကို နှိုးဆော်အချက်ပေးသည့် ‘တောင်’ ဟုရည်ညွှန်းခဲ့ဟန်တူ၏” ဟူ၍ ဆရာငြိမ်းအေးအိမ်၏ စာအုပ်တွင် ဖော်ပြထားသည်။

မေခမြစ်နဲ့ အောက်ဘန်ကျွန်း/ ခင်စန္ဒာညွန့်

အဆိုပါ ရာသီအချက်ပေးသံဖြစ်သည့် ခပြွန်ကောင်များ၏အော်သံကို သူ့ရာသီချိန် ဧပြီနှင့် မေလတွင် ကြားရသည်။ ဤအချိန်အခါသည် ဌာနေများအတွက် စိုက်ပျိုးရာသီစတင်ချိန် ဖြစ်သည်။ ခပြွန်ကောင်မှာ ပျံသန်းနိုင်သော်လည်း ငှက်မဟုတ်၊ ပုစဉ်းရင်ကွဲအကြီးစားဖြစ်ကြောင်း၊ ခပြွန်ကို လောဝေါ်လို ဥသြငှက်တွန်သည်ဟု အဓိပ္ဗာယ်ရကြောင်း ကျွန်းညီနောင်အကြောင်းကို သိသည့် ချီဖွေမြို့တွင်နေထိုင်သည့် အသက် ၈၀ အရွယ် ဒေသခံတဦးက ပြောပြသည်။

ဒေသခံများနှင့် တွေ့ဆုံသည့်အခါတိုင်း လိပ်ပြာကျွန်း (ခေါ်) ကျွန်းညီနောင်နှင့် ရာသီအချက်ပေးသံပြုသည့် ခပြွန်ကောင်များအကြောင်းကို မေးကြည့်မိသည်။ သက်ငယ်ပိုင်းနှင့် သက်လတ်ပိုင်းဒေသခံများက မသိကြပါ။ သူတို့နှင့် မရင်းနှီးသည့် အကြောင်းအရာ အသစ်တခုလို၊ ကြားဖူးသည့် ပုံပြင်ဟောင်းတဝက်တပျက်လို တုန့်ပြန်ကြသည်။ နတ်ကိုးကွယ်မှုဓလေ့ မရှိတော့သည့်အတွက် အဆိုပါကျွန်းညီနောင်အကြောင်းကို သိရှိသူနည်းပါး ပါသည်။ အများစုမှာ ဤကျွန်းညီနောင်အကြောင်းကို ကြားဖူးသည်ဆိုရုံ၊ ခပြွန်ကောင်တွေအော်သံ ကြားသလိုလိုရှိတယ် ဆိုရုံလောက်သာ ပြန်လည်တုန့်ပြန်ကြသည်။

ကျမကို ရင်ခုန်စိတ်လှုပ်ရှားစေသည့် ထိုကျွန်းညီနောင်မှာ ဒေသခံများအတွက်တော့ အထူးအထွေ အကြောင်းအရာမဟုတ်။ ထို့အပြင် အောက်ဘမ်ကျွန်းနှင့် ကဆုန့်ဘမ်ကျွန်းကိုလည်း ကွဲပြားစွာ မညွှန်ပြနိုင်ကြတော့ပါ။ တောင်ညီနောင်ဟုသာ ခြုံပြောကြသည်။ ချီဖွေမြို့ခံအများစုမှာ ကဆုန့်ဘမ်ကို အောက်ဘမ်ဟု မှား၍ ညွှန်ပြပြောဆိုကြသည်ကို သတိထားမိခဲ့သည် (ဤသို့ မှားယွင်းစွာ ဖော်ပြနေသည့်ကိစ္စကိုလည်း ဆရာငြိမ်းအေးအိမ်က သူ၏စာအုပ်တွင် ထောက်ပြထားပြီးဖြစ်သည်)။ ကျမတွေ့ခဲ့သည့် မြစ်တစ်ဖက်ကမ်းရှိ ဇမ်နောင်ယန်ရွာမှ ဒေသခံ အဘသာ သေသေချာချာ တိတိကျကျ ညွှန်ပြ၊ ရှင်းပြနိုင်သည်။

အောက်ဘမ်ကျွန်းန်းနှင့် ကပ်ရပ် မုတ်သုန်တော နေရာဟောင်းနောက်ခံနှင့် မေခမြစ်/ ဖြူအိသိမ်း

လက်တွေ့မြင်ရသည့် အခြေအနေကို စေ့ငုကြည့်သည့်အခါ ဤဒေသတခွင်တွင် နတ်ကိုးကွယ်သည့်ဓလေ့ မရှိတော့သည့်အတွက် အဆိုပါ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်နေသည့် လိပ်ပြာကျွန်းအကြောင်းကို နောက်လူတို့ မသိကြတော့ပါ။ ဤဒေသဝန်းကျင်တွင် ခရစ်ယာန်သာသနာ တည်ရှိလာသည်မှာ အနှစ် ၁၀၀ ဝန်းကျင်ခန့် ရှိပြီဖြစ်သည်။ ထို့အပြင် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှာလည်း ရှေးယခင်ကဲ့သို့ တောင်ယာကိုသာ အဓိကလုပ်ကိုင်ကြသည် မဟုတ်တော့။ မြစ်တဖက်ကမ်းရှိ ဇမ်နောင်ယန်ရွာနှင့် ဆက်စပ်အခြားရွာများမှာ တောင်ယာကို ဆက်လက်လုပ်ကိုင်နေကြဆဲ ဆိုသော်လည်း ယခင်ကဲ့သို့ အခြေတကျ နေထိုင်လုပ်ကိုင်ကြခြင်း မဟုတ်။

၂၀၁၁ ခုနှစ် တိုက်ပွဲများပြန်ဖြစ်ပြီးနောက်ပိုင်း တဖက်ကမ်း ချီဖွေမြို့ရှိ စစ်ရှောင်စခန်းများတွင် ရွှေ့ပြောင်း နေထိုင်လာခဲ့ကြရသည်။ တောင်ယာ စိုက်ပျိုးချိန်တွင်သာ ခေတ္တသွားရောက် လုပ်ကိုင်ကြသော်လည်း အိမ်ခြေ ၈၆ အိမ်အနက် ၁၆ အိမ်သာ ပြန်လာ စိုက်ပျိုးကြတော့သည်။ ကျန်အိမ် ၅၀ ဝန်းကျင်ခန့်မှာ လူမနေကြတော့၊ အိမ်စောင့်အနေနှင့် တအိမ်တယောက်ကျသာ ပြန်လာပြီး နေထိုင်ကြသည်ဟု သိရသည်။ တဖက်ကမ်း ချီဖွေမြို့မှာ ၁၉၆၁ ခုနှစ်မှစ၍ အစိုးရရုံးစိုက်ရာမြို့ ဖြစ်သည်။

၂၀၁၁ ခုနှစ် တကြော့ပြန်စစ်ပွဲမတိုင်ခင် ကာလများတွင် ချီဖွေငယ်နှင့် ချီဖွေကြီး ရေအားလျှပ်စစ် စီမံကိန်းများကြောင့် လူနေရှုပ်ထွေးသည့် မြို့တမြို့ အသွင်ရှိခဲ့သည်။ စီမံကိန်းမှ စက်ပစ္စည်းအလုံးအရင်း၊ လူအလုံးအရင်းနှင့် ရွှေ့ပြောင်း လာရောက်နေထိုင်သူ များပြားခဲ့သည်။ မူးယစ်ဆေးဝါးလည်း အလွယ်တကူရရှိ၊ ပြန့်နှံ့ခဲ့သည်။ တောင်ယာစိုက်သူ အနည်းငယ်သာရှိသည်။ အစိုးရဝန်ထမ်း များသည်။

ဤသို့ဖြင့် ကျွန်းညီနောင်အကြောင်းမှာ ကိုးကွယ်ယုံကြည်မှု၊ လူမှုစီးပွား၊ နိုင်ငံရေး အခြေအနေ အပြောင်းအလဲများအောက်တွင် မှန်းဆရခက်နေတော့သည်။ ဤအကြောင်းကို သေချာစွာသိသည့် လော်ဝေါ်စာပေနှင့်.ယဉ်ကျေးမှုအသင်းမှ ချီဖွေဒေသခံ အဘ၏ အပြောကိုသာ အချုပ်အဖြစ် မှတ်ယူထားလိုက်တော့သည်။

“အခု အောက်ဘမ်ရော၊ ကဆုန့်ဘမ်ရောရှိတယ်၊ ခပြွန်ကောင်တွေ သူ့ရာသီဆို လာကြတုန်းပဲ၊ ကြားရတယ်။ အဲဒီအတိုင်းပဲ အသံကြားချိန်ဆို တောင်ယာလုပ်ကြတယ်၊ ရာသီအလိုက် ငှက်သံ အသီးအပွင့် အပေါ်မူတည်ပြီး ပွဲတော်လုပ်ချိန် ကျင့်သုံးကြတုန်းပဲ။ ဒါပေမယ့် အခုက လူနေမှုပုံစံက ကွဲသွားပြီ။ စစ်ရှောင်နေရတယ်။ လှေနဲ့ ဟိုဖက်ကမ်းသွားပြီး တောင်ယာလုပ်ကြသေးတယ်။ အခုဆို မုတ်သုန်တောလည်း မရှိတော့ဘူး”

အပျက်အစီးများဖြင့် ဂျန်ရော်ပါ (ခေါ်) မုတ်သုန်တော နေရာဟောင်းကို ၂၀၁၉ အောက်တိုဘာလအတွင်း မြင်ရစဉ်/ ခင်စန္ဒာညွန့်

လက်ရှိတွင် ဒေသခံများ စိတ်ဝင်စားကြသည်က မုတ်သုန်တော ဖြစ်သည်။ ကျွန်းညီနောင်အကြောင်းကို မေးမြန်းသည့်အခါတိုင်း မုတ်သုန်တောကို ပြောတာလားဟု ပြန်မေးကြစမြဲပင်။ တံတားအထက်ဖက်ရှိ အောက်ဘမ်ကျွန်းနှင့် ကပ်လျှက်တွင် မုတ်သုန်တော ရှိသည်။ ဒီနှစ်ခု မတူကြောင်းကို သေချာစေပြီးနောက် ကျမ၏ ကျွန်းညီနောင်လေ့လာရေးမှသည် မုတ်သုန်တော ရှာဖွေရေးဆီသို့ ဆက်လက် ခရီးဆက်တော့သည်။

တွေ့ခဲ့တဲ့ မုတ်သုန်တော

မုတ်သုန်တော ဆိုသည်မှာ ဗမာတွေခေါ်သည့် အခေါ်ဟု ဆိုသည်။ ယခုအခါ အများစုလည်း ဤသို့ပင် သုံးနှုန်းသည်။ ဌာနေဒေသ အခေါ်မှာ ဂျန်ရော်ပါ ဖြစ်သည်။ အသက်ငယ်သူနှင့် သက်လတ်ပိုင်းအရွယ်များက မုတ်သုန်တောဟုသာ သိကြသော်လည်း၊ အသက်ကြီးသည့် သူများက ဂျန်ရော်ပါဟု ညွှန်းမှ သိသည်။ ကြံပင်ကဲ့သို့ ကိုင်းပင်တမျိုး ပေါက်ရောက်ပြီး မြေပြန့်အကျယ်ပေါသည့်အတွက် ဂျန်ရော်ပါ ဟုခေါ်ကြောင်း သိရသည်။ ရှေး ဘိုးဘွားဘီဘင်လက်ထက်က တောနက်ကြီး ဖြစ်ပြီး တောသတ္တဝါနှင့် မြွေအလွန်ပေါသည်။ စိမ့်စမ်းရေထွက်တွေရှိကာ စိုက်ခင်းစိုက်ကွက်လည်း ကောင်းသည်ဟု ဆိုသည်။ ဧက ၁၀၀ နီးပါးရှိသည့် စိုက်ပျိုးမြေအပြန့်ကျယ်ကြီး ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သော နှစ် ၂၅၀ ခန့်က ဘိုးဘွားများသည် တောင်ပေါ်တွင်သာ နေထိုင်ကြပြီး ဂျန်ရော်ပါဆီ လာရောက် စိုက်ပျိုးလုပ်ကိုင်ကြသည်။ မုန်ညှင်း၊ လိမ္မော်နှင့် လှေခါးထစ် စပါးစိုက်ခင်း စိုက်ကြသည်။ ဤနေရာဒေသသည် အနှစ် ၅၀ တခါ ရေကြီး၊ ရေလွှမ်းလေ့ရှိသည်ဟု ဒေသခံများက မှတ်ယူကြသည်။

၁၉၇၉ ခုနှစ် အောက်တိုဘာလတွင် ရေလွှမ်းခဲ့ပြီးနောက် ဂျန်ရော်ပါသည် သဲသောင်ပြင်အဖြစ်သာ ကျန်ရစ်ခဲ့ပြီး ဆင်ခြေလျှော လှေခါးထစ်စိုက်ခင်း အနည်းငယ်သာ ကျန်တော့သည်။ ကျန်ရှိခဲ့သည့် မြေနေရာ ၃ ပုံ ၁ ပုံ ခန့်တွင် အာလူး၊ ဖရဲ စိုက်ခဲ့ကြသေးသည်။ ထို့နောက် ဤနေရာကိုစားကျက်မြေအဖြစ်သာ ထားလိုက်ကြတော့သည်။

၂၀၁၃ ဝန်းကျင်ခန့်တွင် တောကို ရွှေလုပ်ကွက်အသွင် ပြောင်းခဲ့ကြသည်။ ၂၀၁၅ – ၂၀၁၆ တွင် ရွှေလုပ်ကွက် ရပ်နားလိုက်သည်။ ယခုအခါ ဂျန်ရော်ပါတွင် စိုက်ပျိုးမြေ မရှိတော့။ စိမ့်ရေထွက်သည့် သဘာဝအရိုင်းသစ်တောမှာ ၄ နှစ်အတွင်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။ ဤနေရာတွင် ဇီဝစုံကြွယ်ဝသည့် မုတ်သုန်တော ရှိခဲ့သည်ဆိုသည်မှာ ပုံပြင်သဖွယ်ဖြစ်သည်။

ယခုအခါတွင် တောင်လောက်မြင့်သည့် သဲပုံ၊ ကျောက်ပုံများရံထားသည့် ပြာနောက်နောက်ရေများရှိသည့် ရှည်မျောမျော တွင်းနက်ကြီးတတွင်းနှင့် ကျဲတောက်တောက် လက်ကျန် သစ်ပင် ၁၅ ပင်ခန့်သာ တွေ့ရတော့သည်။

ဂျန်ရော်ပါဆီ ရောက်သည့်အခါ

ဌာနေတွေနဲ့ စကားပြောကြည့်သည့်အခါ ဂျန်ရော်ပါဟု စကားစလိုက်သည်နှင့် ရွှေတူးစားလို့ကုန်ပြီ ဟု ချက်ချင်းအကြောင်းပြန်ကြသည်။ သူတို့၏စိတ်ထဲတွင် အလိုမကျခြင်း၊ စိတ်ဆိုးခြင်း၊ အောက်မေ့တသခြင်း ဆိုသည့် ခံစားချက်များ ရောပြွန်းနေသည်ကို သတိထားမိသည်။ စိတ်ထဲ ပြောမပြတတ်အောင် တမျိုးကြီးဖြစ်တယ်ဟု ဆိုကြသည်။ ကျမအနေနှင့် ကြားကြားချင်း ဤခံစားချက်ကို မသိပါ။ ဂျန်ရော်ပါ နှင့် ဤဒေသ၊ ဤလူများ အကြား ဆက်နွယ် စပ်ယှက်မှုကို ကျမ အပြည့်အဝ နားမလည်နိုင်ခဲ့သေး၍ ဖြစ်သည်။

နောက်တနေ့တွင် ဂျန်ရော်ပါဆီ ကျမသွားခဲ့ပါသည်။ ချီဖွေချောင်းနှင့် မေခမြစ်ဆုံရာ အပြန့်ကျယ်ကျယ် မြစ်ကမ်းနှဖူးဆီ ဆင်းလာခဲ့လိုက်သည်။ ထို့နောက် မေခမြစ်အတွင်း ကမ်းနှစ်ဖက်ဆီ ခေါက်တုန့်ခေါက်ပြန် ဆွဲနေသည့် ကူးတို့လှေငယ်ဖြင့် တဖက်ကမ်းရှိ ဇနောင်ယန် ရွာဆီ လာခဲ့သည်။ ရွာထိပ်ရှိ ကေအိုင်အေ ဂိတ်ကို အသိပေး၊ ခွင့်ပြုချက်ရပြီးနောက် ခရီးဆက်ခဲ့ကြသည်။ ရွာထဲ ဝင်လိုက်သည်နှင့် ကျမ မမြင်ဖူးသည့် ခရမ်းရောင်စိုစို၊ အနီရောင်စိုစို၊ ဝါထိန်ထိန်အဆင်းနှင့် လိပ်ပြာများက တရစ်ဝဲဝဲ ကြိုဆိုနှုတ်ဆက်ကြသည်။ ရွာထဲသို့ အေးအေး ကြည်ကြည် တောင်ကျရေ စမ်းချောင်း မျှင်မျှင်လေး ဖြတ်စီးနေသည်။

ဂျန်ရော်ပါ (ခေါ်) မုတ်သုန်တော နေရာဟောင်းရှိ ရပ်နားထားခဲ့သည့်ရွှေလုပ်ကွက်/ ခင်စန္ဒာညွန့်

ဝါးတော၊ တောင်ပေါ်လှေခါးထစ်စိုက်ခင်းများနှင့် လူမနေသည့် အိမ်များကို တွေ့ရသည်။ ယခင် လူနေစဉ်က ရွာမှာ ပို၍ သပ်သပ်ရပ်ရပ်ရှိသည်ဟု လိုက်ပို့သည့် ဦးလေးက ပြောပြသည်။ လူရှိသည့် အိမ်တချို့လည်းရှိသည်။ မော်တော်ဆိုင်ကယ်နှင့် ဖြတ်သန်းသွားလာနေကြသည့် ကေအိုင်အေ စစ်သားတချို့ကို တွေ့ရသည်။ ရွာကိုဖြတ်ပြီး နာရီဝက်ခန့် လမ်းလျှောက်ကြပြီးနောက်၊ နေပူပူ အောက်က အပြန့်ကျယ်ကျယ် ဂျန်ရော်ပါကို လှမ်းမြင်ရတော့သည်။

ကျမကို ဂျန်ရော်ပါဆီ လမ်းညွှန် ခေါ်သွားသည့် ဦးလေးက ရွှေတူးစဉ်ကာလများ၌ ရွှေလုပ်ကွက်တွင် ၁၀ ဘီကား မောင်းသည်။ သူက ချီဖွေ ဇာတိမဟုတ်၊ ဝိုင်းမော်မှ လာရာက် လုပ်ကိုင်သူဖြစ်သည်။ ရွှေလုပ်ကွက် ရပ်လိုက်ပြီးနောက် ဇနောင်ယန်ရွာတွင် ဆက်လက် အခြေချနေထိုင်သူ ဖြစ်သည်။ ရွှေကြောနှိုက်ထားသည်မှာ ဘောလုံးကွင်း ၄၊ ၅ ကွင်းစာခန့် အကျယ်ရှိပြီး အနက်မှာ ပေ ၁၀၀ ကျော်သည်ဟု ဆိုသည်။

ရွှေအလွန်ထွက်ပြီး၊ ကြက်ဥတလုံးစာခန့် ရဖူးသည့်နေ့လည်းရှိသည်ဟု သိရသည်။ လုပ်ခငွေအနေနှင့် တလ ၃ သိန်းခွဲရသည်။ တရုတ်လူမျိုး ၁၀ ဘီးကားမောင်းသူဆိုပါက တလ ၉ သိန်းလောက် ရသည်။ တရုတ်လုပ်သား စက်ကိုင် ကျွမ်းကျင်သူများက လစာ ပိုရကြသည်ဟု ဆိုသည်။ ဂျန်ရော်ပါကို ၁၀ ဘီးကား အစင်း ၃၀ လောက်နှင့် တူးကြသည်။ 

လမ်းကြောင်းမှာ နန်းဦးရွာရှိ ဖောင်ဆိပ်မှဆင့် တဖက်ကမ်းသို့ ကားများ ကူးလာဖြတ်သန်းကြသည်။ ထို့နောက် မေခမြစ်ကမ်းနဖူးရှိ တောတွင်း ကားလမ်းတလျှောက်မှ ဇနောင်ယန်ရွာကို ဖြတ်သန်းကာ ဂျန်ရော်ပါဆီ ကားများ၊ စက်များ၊ လူများ အလုံးအရင်းနှင့် ဝင်ရောက် လုပ်ကိုင်ကြသည်။ ချီဖွေမြို့ အထွက် နန်းဦးရွာတွင် အဆိုပါ သဘောင်္ဆိပ်ဟောင်းကို တွေ့နိုင်သေးသည်။

သဘောင်္အပျက်တစင်းကိုပင် တဖက်ကမ်းနဖူးစပ်တွင် တွေ့ခဲ့ရသေးသည်။ ဂျန်ရော်ပါ ရွှေလုပ်ကွက်မှာ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင်ရှိပြီး ကား၊ စက်ပစ္စည်းနှင့် လုပ်သား အလုံးအရင်းမှာ စစ်တပ်ထိန်းချုပ်သည့် နေရာများ၊ ဂိတ်များမှ ဖြတ်သန်းဝင်ရောက်ကြခြင်း ဖြစ်သည်။ ဒေသခံ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များက တဖက်ကမ်းရှိ ကေအိုင်အေတပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရွှေလုပ်ကွက်ကို ကန့်ကွက်ခဲ့သော်လည်း အရာမထင်ခဲ့ပေ။ တကျွန်းလုံးနီးပါး တူးယူကြသည်။

ဂျန်ရော်ပါဆီ ရောက်ခဲ့စဉ်က ကျမ မြင်၊ တွေ့၊ ခံစားခဲ့ရသည်များကို ယနေ့တိုင် မေ့မရ။ ဇန်နောင်ယန်ရွာအလွန် ဝါးရုံတောများကို ဖြတ်ခဲ့ပြီးနောက် အပေါ်ယံ မြက်ခင်းပါးပါး ဖုံးထားသည့် လွင်ပြင်ကျယ်ကို စမြင်ရသည်။ လျှောက်လာလိုက်သည့်အခါ ခြုံနှင့် သစ်ပင်ငယ်များ အကြိုအကြားထဲတွင် သံကြေးတက်နေသည့် စက်အပိုင်းအစများ၊ ဆီဖြည့်ကုန်ကား အဟောင်းများ၊ မြေတူးစက်အငယ်စား အဟောင်းများ သံပြားများ၊ ကားဘီးများ ဟိုတစ ဒီတစ ပြန့်ကြဲနေသည်ကို တွေ့ရသည်။

မေခမြစ်ကြောင်းရေစီးအားနှင့် တိုက်ရိုက် ထိစပ်မနေသည့် ကျွန်းအဝိုက်နေရာရှိ ရေပြင်တကြောတွင် သံချေးရေများ ဝေ့ဝဲနေသည်ကို မြင်ရသည်။ ကွင်းပြင်ကို ဖြတ်ပြီးနောက် မို့မောက်နေသည့် သဲပုံ၊ ကျောက်ပုံများ ဝိုင်းရံထားသည့် တွင်းနက်နက်နှင့် ရေအိုင်ကြီးတခုကို မြင်ရသည်။

ဂျန်ရော်ပါကို ဖြန့်ကြည့်လိုက်သည့်အခါ မေခမြစ်ထဲ ချွန်းထွက်နေသည့် ကျွန်း၏ယာဖက် အစွန်ဆုံးနေရာ ကုန်းတန်းအစွယ်တွင် ပင်စည်ဖြောင့်ဖြောင့်သစ်ပင် သုံးပင်ကို တွေ့ရသည်။ ဝဲဖက်အစွန်ဆုံး ဇန်နောင်ယန်ရွာကုန်းတန်းနှင့် ဆက်စပ်နေသည့် နေရာတွင် သစ်ပင်တချို့ရှိသည်။ ထိုနေရာသည် ဂျန်ရော်ပါ၏ လက်ကျန် အငွေ့အသက်ဖြစ်သည်။ သက်ရင့် ရေသဖန်းပင်ကြီး ၁၅ ပင်ဝန်းကျင်ခန့်ကို တွေ့နိုင်သေးသည်။ ကုန်းတန်းအစွယ်မှ လက်ကျန်တောအုပ်အကြား နေရာတကြောတွင် ဘောလုံးကွင်း ၄ ကွင်းစာမကကျယ်သည့် ရွှေတူးထားသည့် ရှည်မျောမျောကန်ကြီးက နေရာယူထားသည်။ မြင်လေရာ၊ လျှောက်လေရာ နေရာတိုင်းသည် မို့မောက်နေသည့် ကျောက်တောင်ပုံများသာ။

ကန်ပတ်ပတ်လည် ကျောက်ပုံ၊ သဲပုံများကိုဖြတ်ပြီး ဂျန်ရော်ပါ လက်ကျန်တောအုပ်နေရာဆီ လျှောက်လာခဲ့လိုက်သည်။ သစ်ပင်အစုအဝေး နေရာဆီ ဆိုက်ရောက်သည်နှင့် အအေးဓာတ်ကို စတင်ခံစားလိုက်ရသည်။ သစ်ပင်ကြီးများ ခြေရင်းတွင် ရွှေကျင်သည့် စက်ပစ္စည်းအပိုင်းအစများကို တွေ့ရသည်။ သံပြားကြီးများက မြေကြီးထဲ စိုက်ဝင်နေသည်။ လူတဖက်စာမက ကြီးလှသည့် သဖန်းပင်ကြီးများ၊ တွဲရရဲကျနေသည့် နွယ်ခွေများ၊ ပြန့်ကြဲနေသည့် သဖန်းသီးများကို မြင်ရသည်။ သဲမြေက အေးစိုနေသည်။ အကောင်များ၏ တစီစီအော်သံကို ကြားရသည်။ တဖက်ကမ်း ကျောက်နံရံတွေကို အရှိန်ပြင်းပြင်းနှင့် ပွတ်တိုက် ဖြတ်စီးနေသည့် မေခ၏အသံကို ကြားရသည်။ ရေငွေ့ကို ထိတွေ့ခံစားရသည်။

သစ်ပင်အောက်တွင် ထိုင်ပြီး ချီဖွေမြို့ဆီ လှမ်းမျှော်ကြည့်သည့်အခါ မို့မောက်နေသည့် ကျောက်ပုံများနှင့် သဲပြင်က မြင်ကွင်းကိုကွယ်နေသည်။ ကျန်ခဲ့သည့် သစ်ပင်စုစု နေရာကို ကြည့်ပြီး ဝမ်းနည်းရသည်။ ကျောက်ပုံကြီးတွေကိုကြည့်ပြီး စိတ်လက်မအီမသာ ဖြစ်ရသည်။ မြစ်ကို မမြင်ရ၊ သူတို့ကကြားထဲ ဝင်ခံနေသည်။ စိတ်ထဲလည်း တခုခုခံနေသည်၊ ရေသံ တဝေါဝေါကိုတော့ ကြားနေခဲ့ရသည်။

ရွှေမတူးခင် ဂျန်ရော်ပါ၏ ဝန်းကျင်အနေအထားကို မေးကြည့်မိသည်။ ယခင်က မေခကမ်းနား တလျှောက် ကျွန်း၏အစွန်ဆုံး အစွယ်ကုန်းတန်းလေးအထိ သစ်ပင်ကြီးတွေ အုံ့အုံ့ဆိုင်းဆိုင်းနှင့် အတန်းလိုက် ရှိခဲ့ဖူးသည်။ စားကျက်မြေနေရာ မြေသားမြက်ခင်းပြင် ကျယ်ကျယ်ရှိသည်။ အရိပ်ကောင်းကောင်း၊ သောင်ပြင်ဖွေးဖွေးနှင့် ပျော်စရာဖြစ်သည်ဟု ဆိုသည်။ ဂျန်ရော်ပါဆီ နှစ်စဉ် လူငယ်တွေလာရောက် စုရုံးကြပြီး ခွန်အားယူ၊ အားသစ်လောင်း ကြသည်။ တနှစ်စာ ဘာတွေ လုပ်ခဲ့ပြီးပြီလဲ၊ ရှေ့ဆက်ပြီး ဘာအစီအစဉ်တွေ၊ ဘယ်လိုတွေ ကောင်းအောင် လုပ်ကြမလဲ ဆိုတာတွေ တိုင်ပင် ဆွေးနွေး ဖလှယ်တဲ့ အစီအစဉ်ဖြစ်ကြောင်း ချီဖွေမြို့မှ ဘာသာရေး၊ လူမှုရေး လူငယ်အသင်းအဖွဲ့ ဦးဆောင်သူ လူငယ်တဦးက ပြောပြသည်။

ထို့အတူ အနီးဝန်းကျင်မှ ဒေသခံများအတွက် အပန်းဖြေရာ နေရာ၊ စိတ်ပျော်ရွှင် ကြည်နူးစရာ နေရာ တခုဖြစ်ခဲ့သည်။ ဂျန်ရော်ပါ တွင် ရိုက်ကူးသည့် သီချင်း၊ ဖျော်ဖြေရေး အစီအစဉ်များလည်း ရှိခဲ့ဖူးသည်။ သိပ်ကိုလှတဲ့နေရာဟု စကားစပ်မိသူတိုင်း ရေရွတ်ကြသည်။ တဆက်တည်း ”အခုတော့ မသွားနဲ့၊ ဘာမှမရှိတော့ဘူး၊ ကုန်ပြီ” ဟု အပိတ်စကားဆိုကြသည်။

အပျက်အစီးများဖြင့် ဂျန်ရော်ပါ (ခေါ်) မုတ်သုန်တော နေရာဟောင်းကို ၂၀၁၉ အောက်တိုဘာလအတွင်း မြင်ရစဉ်/ ခင်စန္ဒာညွန့်

ရွှေပြန်တူးနေပြီ

ဒေသ သဘာဝ အရင်းအမြစ်များနှင့် ဌာနေတို့မှာ စိတ်ဝိညာဉ်အရ ရစ်ဖွဲ့ ချည်နှောင်နေသည်။ မြတ်နိုးခုံမင်ကြသည်။ အပြန်အလှန် စောင့်ရှောက်ကြသည်။ ယခင်က မတို့ထိရက် အမြတ်တနိုး တန်ဖိုးထားခဲ့ရသည့် အရာတခုကို မျက်စိအောက်တွင် အရုပ်ဆိုးအကျည်းတန်စွာ နေ့စဉ် မြင်တွေ့နေရသည့် ဒေသခံများ၏ ခံစားချက်၊ ယခင်လို ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဆိုသည့် နှမြောတသမှုကို ကျမ နားလည်ခဲ့ပါပြီ။ မုတ်သုန်တော (ခေါ်) ဂျန်ရော်ပါနှင့်အတူ ဒေသခံများ၏ အပျော်စိတ်ဝိညာဉ်တို့ ပျောက်ဆုံးခဲ့ရပါပြီ။

ဒါသည်ပင် ကျမ နှမြောမိဆုံးအရာ၊ စိတ်မကောင်းဖြစ်မိဆုံးအရာ ဖြစ်ပါတော့သည်။ 

အစဉ်အလာ လူ့အဖွဲ့အစည်း များတွင် လူသားနှင့် ဂေဟဝန်းကျင် အပြန်အလှန် ကျေးဇူးပြုရင်း ဟန်ချက်ညီ ကျိုးကြောင်းဆီလျော်စွာ ရှင်သန်လည်ပတ်နေကြသည်ကို တွေ့ရလေ့ရှိသည်။

တဖက်တွင်လည်း ဂေဟစနစ် ဟန်ချက်ပျက်မှုအောက်တွင် လူမျိုးစုများ၏ ယဉ်ကျေးမှုနှင့် လူမှုအဆောက်အအုံ ကမောက်ကမ ဖြစ်မှုများ ရှိစမြဲပင်။ ၎င်းတို့နှင့်အတူ အပျော်စိတ်ဝိညာဉ်တို့လည်း ဆိတ်သုဉ်းသွားရလေ့ရှိသည်။ သို့သော် လူတွေသတိပြုခဲသည်။ ထင်သာမြင်သာသည့်၊ ထိတွေ့ကိုင်တွယ်လို့ရသည့် အရာများမဟုတ်သည်က အကြောင်းရင်းတရပ် ဖြစ်နိုင်ပါသည်။ သို့သော် ကျမတို့မှာ အရာအားလုံး စပ်ယှက်ဖြစ်တည်နေမှုအပေါ် အသေးစိတ်ရှုမြင် ခံစား နားလည်နိုင်စွမ်းမှာ အားနည်းလှသည်။

ဤဆောင်းပါးကို ရေးပြီးချိန်တွင် ချီဖွေမြို့မှ ကျမ၏ မိတ်ဆွေတချို့နှင့် ဖုန်းအဆက်အသွယ်ရခဲ့သည်။ မုတ်သုန်တောမှာ ရွှေပြန်တူးနေပြီဟု ပြောကြသည်။ ကျမ သက်ပြင်းချမိသည်။ ဒီတခေါက်တူးရင်တော့ ဂျန်ရော်ပါ လက်ကျန်သစ်တောသာ မက သူနှင့်ဘေးကပ်ရပ် တဆက်တည်းဖြစ်သည့် အောက်ဘမ်ကျွန်းလည်း ကုန်ချေတော့မည်။ အောက်ဘမ်နှင့် မလှမ်းမကမ်း ရွှေလုပ်ကွက်ကားများ ဖြတ်သန်းရာ လမ်းကြောင်းရှိ ကဆုန့်ကျွန်းလည်း ကုန်ရချေတော့မည်။ ချီဖွေတွင် ဘာများကျန်ရှိတော့သနည်း။

ကိုးကား
ငြိမ်းအေးအိမ် (၂၀၁၂)၊ ညှို့ငင်တောင်၊ ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ။ 
MIMU, Township profile, Chipwi (2017).

You may also like these stories:

မြစ်၊ ရေ၊ ကျွန်း၊ ကျွန်းသားများနှင့် ဘိုးဘိုးကြီးကို ကာကွယ်ပေးပါ

ငေါ့ချမ်းခမြစ်ရေ နောက်ကျိရခြင်းနှင့် ဌာနေများ၏ အနာဂတ်

The post ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း appeared first on ဧရာဝတီ.

အီရန်နှင့် စစ်မဖြစ်ရန် ဒေါ်နယ်ထရမ့် နောက်ဆုတ်လိုက်သည်

$
0
0

တင်းမာမှုများ အရှိန်မြင့်တက်လာပြီး ရက်အနည်းငယ်အကြာ ဇန်နဝါရီလ ၈ ရက်နေ့တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် စစ်ရေးအရ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ပြန်ဆုတ်လိုက်သည်။ အီရတ်ရှိ အမေရိကန်နှင့် မဟာမိတ်တပ်များ၏ စခန်း၂ ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းတွင် အီရန်အစိုးရက နောက်ဆုတ်နေသည့် အသွင်ရှိကြောင်း သူက ပြောသည်။

ဇန်နဝါရီလ ၈ ရက် ဒုတိယသမ္မတ မိုက်ပန့်စ် Mike Pence၊ ကာကွယ်ရေး ဝန်ကြီး မာ့က်အက်စပါ Mark Esper နှင့် ယူနီဖောင်းဝတ် အခြားသော စစ်ဘက်အဆင့်မြင့် အရာရှိများ ခြံရံ၍ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် ပင်မခန်းမဆောင်တွင် ထိုသို့မှတ်ချက်ချခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်းစစ်ဗိုလ်ချုပ် ကက်ဆမ်ဆိုလိုင်မာနီ သေဆုံးခဲ့ရခြင်းကို လက်တုန့်ပြန်သည့် တိုက်ခိုက်မှုကို အီရန်နိုင်ငံက ကြေညာခဲ့ပြီး နာရီ အနည်းငယ်အကြာတွင် ဖြစ်သည်။

“အီရန် နောက်ကိုဆုတ်သွားတဲ့ အသွင်ရှိတာက သက်ဆိုင်သူ အားလုံးအတွက် ကောင်းပါတယ်။ ကမာ္ဘအတွက် အလွန် ကောင်းတဲ့ကိစ္စဖြစ်ပါတယ်” ဟု ဒေါ်နယ်ထရမ့်က မိန့်ခွန်းစာသားဖော်ပြပေးသည့် ကိရိယာကို ကြည့်ရင်း ပြောကြား ခဲ့သည်။ “ကြိုတင်သတိပေးထားခြင်း၊ တပ်ဖွဲ့များဖြန့်ကျက်ခြင်းနဲ့ သတိပေးစနစ်က ကောင်းကောင်း အလုပ်လုပ်ခဲ့တာ တွေကြောင့် အမေရိကန် သို့မဟုတ် အီရတ်နိုင်ငံသားတွေရဲ့ အသက်တွေ မဆုံးရှုံးခဲ့ရပါဘူး”

နောက်ပိုင်းတွင် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာ့က်မေလီ Mark Milley က ပစ်မှတ်ထားခံခဲ့ရသည့် အခြေစိုက်စခန်းများမှ ထိခိုက် ပျက်စီးမှုများ၏ အနေအထားရ ဒုံးကျည်များ၏ ရည်ရွယ်ချက်သည် အမေရိကန်နှင့်မဟာမိတ်တပ်ဖွဲ့များ၏ အသက်ကို သတ်ဖြတ်ဖျက်ဆီးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျနော် မြင်တာ၊ သိတာတွေကို အခြေခံပြီးတော့ ကျနော်ယုံကြည်မိတာကတော့ သူတို့က အဆောက်အဦးတွေ ထိခိုက် ပျက်စီးဖို့၊ ယာဉ်တွေ၊ ပစ္စည်းကိရိယာတွေ နဲ့ လေယာဉ်တွေကိုဖျက်ဆီးဖို့နဲ့ လူတွေကို ဝန်ထမ်းတွေကို သတ်ဖို့ ရည်ရွယ်ခဲ့ပါ တယ်။ ဒါကကျနော့်ရဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးအကဲဖြတ်မှု ဖြစ်ပါတယ်”ဟု မာ့က်မေလီက ဆိုသည်။ ဂြိုဟ်တု ဓာတ်ပုံများအရ ဒုံးကျည်များက Anbar ပြည်နယ် အယ်လ်အာဆဒ်စခန်းရှိ အဆောက်အဦးများကို ပျက်စီးစေခဲ့သည်။

သမ္မတ စကားပြောပြီး နာရီအနည်းငယ်အကြာတွင် ဘဂ္ဂဒက်မှ ခံတပ်သဖွယ် ခိုင်ခံ့သော သံတမန်ဧရိယာ အစိမ်းရောင်ဇုန်ကို ဒုံးကျည် ၂ ခုဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ကနဦး အစီရင်ခံစာများအရ အဆိုပါ ဒုံးကျည်များသည် ပြည်တွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါ။ သို့သော်လည်း အီရန်နှင့် နီးစပ်သည့် အချို့သော အီရတ်ပြည်သူ့စစ်များ၏ အန္တရယ်နှင့် ပတ်သက်သော သတိပေးချက်တခု ဖြစ်ခဲ့သည်။

ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းက ကက်ဆမ်ဆိုလိုင်မာနီ အသတ်ခံရပြီး များမကြာမီတွင် (စစ်ရာဇဝတ်မှုတခု ဖြစ်လာရန် အလားအလာရှိသော) အီရန်ယဉ်ကျေးမှုဆိုင်ရာ နေရာ ၂ ခုကို ဗုံးကျဲမည်ဟုသူက ခြိမ်းခြောက်ခဲ့သည့် ရန်လိုသော ကြေညာချက်များနှင့် twitter မှ ရေးသားမှုများထက် များစွာ ပို၍ သတိရှိနေခဲ့သည်။ မကြာသေးမီရက်များအတွင်း အမေရိကန်နိုင်ငံက လေထီး တပ်ဖွဲ့ဝင် ၃၅၀၀ ကို အရှေ့ အလယ်ပိုင်းသို့ စေလွှတ်ခဲ့ပြီး အမေရိကန် နိုင်ငံသားများကို သူတို့၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်မှုများကြောင့် အဆိုပါဒေသမှ ထွက်ခွာရန် တိုက်တွန်းခဲ့သည်။

အမေရိကန်နိုင်ငံက အီရန်၏ ရန်လိုမှုကို တုန့်ပြန်ရာတွင် ရွေးချယ်စရာများကို ဆက်လက် အကဲဖြတ်သွားမည်ဖြစ်ပြီး အီရန်အစိုးရအပေါ် နောက်ထပ်အရေးယူမှုများ ချမှတ်သွားမည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ သို့သော် သူက အသေးစိတ် ပြောဆိုရှင်းပြခြင်း မရှိခဲ့ပါ။  အီရန်နိုင်ငံအပေါ် ကြီးလေးသော ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများက ရှိနှင့်ပြီး ဖြစ်ပြီး အမေရိကန်၏ နောက်ထပ်ဆောင်ရွက်မှုများက စီးပွားရေးအရ များစွာကွဲပြားမှုများ ဖြစ်စေလိမ့်မည်ဟု အချို့ ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

သမ္မတက အမေရိကန် စစ်တပ်၏ ကြီးမားသော အင်အားကို အလေးအနက် ဖော်ပြခဲ့သော်လည်း သူ၏ အစိုးရက ပဋိပက္ခကို ရှာခဲ့ခြင်း မဟုတ်ကြောင်း ပြောသည်။

“ကျနော်တို့ရဲ့ ဒုံးကျည်တွေက ကြီးမားတယ်။ စွမ်းအားပြင်းပြီး တိကျသေချာတယ်။ သေစေနိုင်တယ်။ တည်ဆောက်ဆဲ အသံထက်မြန်တဲ့ ဒုံးကျည်တွေ အများကြီးရှိတယ်” ဟု ဒေါ်နယ်ထရမ့်က  ပြောသည်။ “ကျနော်တို့မှာ ဒီလို ကြီးမားတဲ့ စစ်အင်အားနဲ့ ပစ္စည်းကိရိယာတွေရှိနေတာက အဲဒါတွေကို ကျနော်တို့ သုံးရမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ကျနော်တို့ အဲဒါကို မသုံးချင်ကြပါဘူး။ ”

နိုဝင်ဘာလတွင် ပြန်လည် ရွေးချယ်ခံရရေး မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် သမ္မတအနေဖြင့် သူ၏ အစိုးရအဖွဲ့၏ မလှုပ်သာ မလှည့်သာ ဖြစ်စေသော ကိုင်တွယ်ပုံနှင့် ပတ်သက်၍ မကြာသေးမီရက်များအတွင်း အကြီးတန်း ဒီမိုကရက်များ ၏ ပြင်းထန်သော ဝေဖန်မှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။ သမ္မတလောင်း အမည် စာရင်းတင်သွင်းမှုတွင် ရှေ့ဆုံးမှ ပြေးနေသူဟု ရှုမြင်ခံထားရသော ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင် Joe Biden က ဒေါ်နယ်ထရမ့်သည် အမေရိကန် နိုင်ငံအား အီရန်နှင့် စစ်ဖြစ်ရသည့် အန္တရာယ်နှင့် အလွန်နီးအောင် လုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ကက်ဆမ်ဆိုလိုင်မာနီကို ပစ်မှတ်ထားရန် ဆုံးဖြတ်ချက်နှင့် ပြဿနာမှ အခြားသောရှုထောင့်များကို အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိများက ကွန်ဂရက်လွှတ်တော်သို့ တံခါးပိတ် တင်ပြမှုများ ပြုလုပ်ခဲ့သော်လည်း အဓိက ပြဿနာများနှင့် ပတ်သက်၍ ရှောင်ရှားနေခဲ့ကြခြင်းကြောင့် သူတို့အပေါ် အဓိကပါတီ ၂ ခုလုံးမှ လွှတ်တော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

“သူတို့ မဖြေခဲ့တဲ့ အရေးကြီးတဲ့ မေးခွန်းတွေ အများကြီးရှိပါတယ်” ဟု ဒီမိုကရက် အထက်လွှတ်တော်အမတ် ချက်ရှူးမား Chuck Schumer က ပြောသည်။ “မေးခွန်းတွေက စပြီးခက်လာပြီဆိုရင် သူတို့က ရှောင်ထွက်သွားတော့တာပဲ”

ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် မိုက်လီး Mike Lee က “ လွှတ်တော်အမတ်သက်တမ်း ၉ နှစ်အတွင်း ကျနော် ပါဝင် ဆောင်ရွက်ခဲ့ရတဲ့ စစ်ရေးဆိုင်ရာ ကိစ္စတခုမှာ အဆိုးရွားဆုံး ရှင်းလင်းတင်ပြမှု” ဟု ခေါ်ဝေါ်ခဲ့ကြောင်း CNN သတင်းဌာန ကပြောသည်။ ပြဿနာကို အစိုးရအဖွဲ့၏ ကိုင်တွင်ဖြေရှင်းပုံက အမေရိကန် မဆန်ဘဲ လုံးဝလက်ခံနိုင်ဖွယ်ရာမရှိဟု မိုက်လီးက ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် အောက်လွှတ်တော်က ၎င်းတို့၏ ခွင့်ပြုချက် မပါဝင်ဘဲ အီရန်နိုင်ငံ အပေါ် အမေရိကန်က စစ်ရေးအရ ဆောင်ရွက်မှုကို အဆုံးသတ်ရန် တောင်းဆိုသည့် စစ်အင်အားဆိုင်ရာ ဆုံးဖြတ်ချက်တခုကို မဲပေး ဆုံးဖြတ်သည်။

ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းသည် အီရန်က အီရတ် နိုင်ငံရှိ အမေရိကန်နှင့့် မဟာမိတ်တပ်များ၏ အခြေစိုက်စခန်းများကို ဒုံးကျည် တဒါဇင်ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အီရတ်အစိုးရ၏ အဆိုအရ Anbar ပြည်နယ် ရှိ အယ်လ်အာဆဒ် လေတပ်အခြေစိုက် စခန်းကို မပေါက်ကွဲခဲ့သည့် ပဲ့ထိန်း ဒုံးကျည် ၂ ခုအပါအဝင် ၁၇ ကြိမ် ထိမှန်ခဲ့သည်ဟု သိရသည်။ နောက်ထပ်ဒုံးကျည် ၅ စင်းဖြင့် မြောက်ပိုင်းမြို့တော် Erbil မှ အခြေစိုက်စခန်း ပစ်မှတ် ထားတိုက်ခိုက်ခြင်း ခံခဲ့ရပြီး ဇန်နဝါရီလ ၈ နေ့က ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီခန့်တွင် စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာတစောင်တွင် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး Majid Takht Ravanchi က အဆိုပါတိုက်ခိုက်မှုများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အရ မိမိကိုယ်ကို ကာကွယ်ရန် ခွင့်ပြုထားသည့် “တိုင်းတာတွက်ချက်ထားပြီး ဖြစ်သော အချိုးညီသည့် လုပ်ရပ်” ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အီရန်နိုင်ငံက အရှိန်မြင့်တင်ရန် သို့မဟုတ် စစ်ပွဲဆင်နွဲရန် မကြိုးစားခဲ့ကြောင်းလည်း သူက ထပ်ပြောသည်။

သို့သော်လည်း တိုတောင်းသော ကာလအတွင်းမှာပင် ၂ ဘက်လုံးက ထိပ်တိုက်ရင်ဆိုင်မှုမှ ပြန်လည်ဆုတ်ခွာနေကြပုံ ရသည့် အချိန်တွင် အရှေ့အလယ်ပိုင်းရှိ ကြားခံများမှတဆင့် ရန်စောင်မှုများက ဆက်လက်ဖြစ်ပေါ်နေနိုင်သည်ဟု လေ့ လာသုံးသပ်သူများက သတိပေးခဲ့သည်။ အီရန်နိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုများ ရှိလာနိုင်ချေကိုလည်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးခဲ့ပြီး ဖြစ်သည်။

အီရန် ခေါင်းဆောင် အလီခါမေနီ Ali Khamenei က ဗုံးကျဲတိုက်ခိုက်ခြင်းသည် အမေရိကန်အတွက် “မျက်နှာကို အရိုက်ခံလိုက်ရခြင်း” ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ သို့သော်လည်း အီရန်အစိုးရတွင် ဒေသတွင်းမှ ၎င်း၏ရန်သူ များကို နှင်ထုတ်ရန် ပိုမို ကျယ်ပြန့်သည့် ရည်မှန်းချက်က ရှိနေဆဲ ဖြစ်ကြောင်း သတိပေးခဲ့သည်။ အီရန်သမ္မတ ဟက်ဆန်ရူဟာနီ Hassan Rouhani က  လုပ်ကြံ သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ နောက်ဆုံးအဖြေမှာ အမေရိကန်တပ်ဖွဲ့အားလုံးကို ဒေသတွင်းမှ မောင်းထုတ်ရန် ဖြစ်လိမ့်မည် ဟုပြောကြားခဲ့သည်။

သူ၏ ဇန်နဝါရီလ ၈ ရက်နေ့ မိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအား နယူကလီးယား လက်နက်တခု ရရှိရန် ခွင့်ပြုမည် မဟုတ်ကြောင်း ထပ်မံကတိပြုခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန် နိုင်ငံက ထွက်ခွာခဲ့သည့် ၂၀၁၅ ခုနှစ်  အီရန်နှင့် နယူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ရန်နှင့် အမေရိကန် နှင့် အီရန်အကြားတင်းမာမှုများ မြင့်တက်ရသည့် အဓိက အကြောင်းရင်း ဖြစ်သည့် အဆိုပါ ကိစ္စအတွက် သဘောတူညီချက်အသစ် တခု ရရှိရေး ဆောင်ရွက်ရန် ကမာ္ဘ့ အင်အားကြီးနိုင်ငံများကို တိုက်တွန်းလိုက်သည်။ အီရန်နိုင်ငံက နယူကလီးယားလက်နက်များ ရရှိရေး ကြိုးစားနေခြင်းမရှိကြောင်း ပယ်ချထားပြီး နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရေးကို ငြင်းဆိုခဲ့သည်။

“အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ အနေနဲ့ အဖြစ်မှန်ကို အသိအမှတ်ပြုဖို့ အချိန်ရောက်ပါပြီ” ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ “အခု အချိန်မှာ သူတို့အနေနဲ့ အီရန်သဘောတူညီချက် သို့မဟုတ် JCPOA ရဲ့ အကြွင်းအကျန် တွေကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ ကမာ္ဘကြီး ကို ပိုမို လုံခြုံပြီး ငြိမ်းချမ်းတဲ့နေရာဖြစ်စေမယ့် အီရန်နဲ့ သဘောတူညီမှု တခု ရရှိရေးကို အတူတကွ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ”

ဒေါ်နယ်ထရမ့်က အသေးစိတ်ကို မရှင်းပြဘဲ “အရှေ့အလယ်ပိုင်း ဖြစ်စဉ်တွင် ပိုမို ပါဝင်ပတ်သက်ဖြစ်လာရန် ” NATO ကို တောင်းဆိုသွားမည်ဟု ပြောသည်။ ဒေါ်နယ်ထရမ့်သည် ယခင်က NATO မဟာမိတ်အဖွဲ့ကို အကြိမ်ကြိမ် ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး ကက်ဆမ်ဆိုလိုင်မာနီကို လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ သူတို့ကို သတိပေးရန် ပျက်ကွက်ခြင်းအားဖြင့် သူ၏ ဥရောပများအပေါ် ထပ်မံ၍ သူစိမ်းဆန်ခဲ့သည်။

ဒေါ်နယ်ထရမ့်၏ မှတ်ချက်များနှင့် ပတ်သက်၍ အီရန် အာဏာပိုင်များထံမှ ချက်ချင်းတုန့်ပြန်လာမှု မရှိခဲ့ပါ။ အစိုးရတပိုင်း သတင်းဌာနဖြစ်သည့်  Fars သတင်းအေဂျင်စီကမူ အမေရိကန်သမ္မတ၏မှတ်ချက်များကို “ခြိမ်းခြောက်မှုများမှ ကြီးမားသော ဆုတ်ခွာခြင်း” ဟု ဖော်ပြခဲ့သည်။

ဘားရက်အိုဘားမား၏ အစိုးရကာလအတွင်း အမျိုးသားလုံခြုံရေးကောင်စီ တွင် အလုပ်လုပ်ခဲ့သည့် စီအိုင်အေအရာရှိတဦးလည်းဖြစ်သော နဒ်ပရိုက်စ် Ned Price က  အဆိုပါမိန့်ခွန်းသည် အမေရိကန် နိုင်ငံကို အီရန်နှင့် စစ်ပွဲဖြစ်မည့် အန္တရာယ် နှုတ်ခမ်းမှ ဝေးကွာသွားစေသည် ဟုဆိုသည်။

“အီရန်နဲ့ ဖြစ်မယ့်စစ် ပွဲကို ရှောင်ရှားတာက အကောင်းဆုံးရလဒ်လို့ အများကမျှော်လင့်ထားတဲ့ အချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဆင်မခြင်ချဉ်းကပ်မှုက အန္တရာယ်ရှိတဲ့ ပကတိတရား တခုကို ဖန်တီးခဲ့ပါတယ်” ဟု နဒ်ပရိုက်စ်က  ဆိုသည်။ “သူ့မိန့်ခွန်းနဲ့ အတူ ဒေါ်နယ်ထရမ့်က အများမျှော်လင့်ချက်ပြည့်မီရေးမှာ အလွန်နိမ့်တဲ့ အတိုင်းအတာတခုအထိတော့ ရောက်ကောင်း ရောက်ပါလိမ့်မယ်။ ဒါပေမယ့် ရောက်တယ်ဆိုရုံလေးပါပဲ။ တချိန်တည်းမှာပဲ သူ့ လုပ်ရပ်တွေက နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ကင်းလွတ် မနေပါဘူး။ ဒီအပြင် ကမာ္ဘတဝှမ်းက အမေရိကန် တွေနဲ့ ကျနော်တို့ရဲ့ မိတ်ဖက်တွေက အခုဆိုရင် များပြားတဲ့ စိန်ခေါ်မှုတွေ ပိုတိုးလာမယ့် ခြိမ်းခြောက်မှုအောက်မှာ ရှိနေပါတယ်။”

သို့သော်လည်း ကက်ဆမ်ဆိုလိုင်မာနီကို လုပ်ကြံရန် ခွင့်ပြုချက်ပေးလိုက်ခြင်းအားဖြင့် ဒေါ်နယ်ထရမ့်က အီရန်အစိုးရ၏ တဆင့်ခံများနှင့် စစ်တပ်များကို ထိတ်လန့်သွားစေခဲ့သည် ဟု နဒ်ပရိုက်စ်က   မှတ်ချက်ပေးသည်။

“သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင်တော့ သူတို့က ကက်ဆမ်ဆိုလိုင်မာနီ သေဆုံးမှုအတွက် လက်စားချေဖို့ အတွက် ဒေသတလွှားနဲ့ ဒေသအပြင်ဖက်မှာ တောင်မှ သူတို့တွေ ရှိနေတာကို အားသာချက်အဖြစ် ရယူပြီးတော့ တလ သို့မဟုတ် နှစ်တွေနဲ့တောင် ချီပြီးကြာနိုင်တဲ့ အားထုတ်မှုတခု လုပ်ဖို့ ကြိုးစားပါလိမ့်မယ်” ဟု နဒ်ပရိုက်စ်က ထပ်ပြောသည်။

ကိုးကား။         ။ The Guardian, Reuters

You may also like these stories:

အီရန်နဲ့ ဆော်ဒီကြား အာဆီယံ မွတ်စလင်တွေ ဘယ်ဘက်ရပ်မလဲ

ငါတို့ စစ်ထွက်ပြီ

အီရန် တိုက်ခိုက်မှု အပျက်အစီးနည်း ဟုဆို

The post အီရန်နှင့် စစ်မဖြစ်ရန် ဒေါ်နယ်ထရမ့် နောက်ဆုတ်လိုက်သည် appeared first on ဧရာဝတီ.


တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို

$
0
0

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်အပတ် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သတင်းများက ဆိုသည်။ ထိုခရီးစဉ်သည် အိန္ဒိယ သမုဒ္ဒရာတွင် တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်များအတွက် မြန်မာနိုင်ငံ၏ အရေးပါမှုကို သတင်းပေးရန်နှင့် ရှီ၏ ရည်မှန်းချက်ကြီးမားလှသော ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ကို မြန်မာခေါင်းဆောင်များအကြား ထောက်ခံမှု ရရှိရေးအတွက် လာရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် ထိုအစီအစဉ်၏ အဓိကကျသော စီမံကိန်းအချို့ကို အိမ်ရှင်အဖြစ်လက်ခံရန် သဘောတူထားသည်။

ရှီသည် တရုတ်နိုင်ငံတောင်ပိုင်း အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံသို့ ဆယ်စုနှစ် နှစ်ခုအတွင်း လာရောက်လည်ပတ်သည့် ပထမဆုံး တရုတ် သမ္မတဖြစ်လာမည် ဖြစ်သည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်ကို ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားရာ ရှီ၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးရန် ဒီဇင်ဘာလ အစောပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

အစိုးရသတင်းရင်းမြစ်များ၏ အဆိုအရ ရှီသည် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်သို့ ဇန်နဝါရီလ ၁၇-၁၈ ရက်များအတွင်း သွားရောက် လည်ပတ်မည်ဖြစ်သည်။ သူ၏ ခရီးစဉ်တွင် နှစ်နိုင်ငံတို့သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးနှင့်ပတ်သက်သည့် သဘောတူညီချက်နှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်များ၊ လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းများ၊ ကုန်သွယ်မှု မြှင့်တင်ရေး၊ လူမှုနှင့် စီးပွားတိုးတက်ရေး အကူအညီများနှင့် ပတ်သက်သော သဘောတူညီမှုများကို လက်မှတ်ရေးထိုးမည်ဟု မြန်မာအစိုးရ သတင်းရင်းမြစ်များက ဆိုသည်။

ရှီသည် မြန်မာနိုင်ငံသို့ မကြာမီလာရောက်လည်ပတ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်က မီဒီယာများကို ဗုဒ္ဓဟူးနေ့ကပြောသည်။ သူ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်တခု ချုပ်ဆိုမည်ဖြစ်ပြီး ထိုသဘောတူညီချက်အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးမည်ဟု သူက ပြောသည်။

“ဒီစာချုပ်က နှစ်နိုင်ငံကုန်သွယ်ရေးကို မြှင့်တင်ပေးပါလိမ့်မယ်” ဟု သူက ပြောသည်။

ယခုခရီးစဉ်သည် ရှီ၏ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်သည်။ သူသည် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသို့ ဒုတိယ သမ္မတအဖြစ် လာရောက်ခဲ့ဖူးသည်။ ထိုခရီးစဉ်အတွင်း မြန်မာနှင့် တရုတ်နိုင်ငံတို့သည် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့နှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးသည်။ သို့သော် ကျောက်ဖြူစီမံကိန်းသည် ရှယ်ယာ အချိုးအစားအပေါ် သဘောထားကွဲလွဲမှုကြောင့် တုန့်ဆိုင်းသွားခဲ့သည်။

ယခုခရီးစဉ်အတွင်း တရုတ်သမ္မတသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းများ (CMEC) အကောင်အထည်ဖော်ရေးအတွက် အရှိန်မြှင့်ရန် မြန်မာနိုင်ငံကို တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း မြန်မာသေနင်္ဂဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန (ISP) မှ တရုတ်နိုင်ငံဆိုင်ရာ ဌာန အကြီးအကဲ ဒေါ်ခင်ခင်ကျော်ကြီးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် CMEC နှင့်ပတ်သက်သည့် အချက် ၁၅ ချက်ပါ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး BRI သို့ဝင်ရောက်ခဲ့သည်။ အပြန်အလှန်ဆက်သွယ်နေသော သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံမျာကို အသုံးပြုပြီး ကီလိုမီတာ ၁၇၀၀ ရှိသော CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမှ ရှမ်းပြည်နယ် မူဆယ်မြို့နယ်ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးကို ဖြတ်သန်းကာ ရန်ကုန်နှင့် အနောက်ပိုင်း ခရိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သို့ လမ်းခွဲဆက်သွယ်မည်ဖြစ်သည်။

BRI သည် ရှီ၏ သင်္ကေတ နိုင်ငံခြားရေးမူဝါဒ စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ကြေညာခဲ့ပြီး ပိုးလမ်း စီးပွားရေး ရပ်ဝန်းနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းဟုလည်း လူသိများကြသည်။ ထိုစီမံကိန်းသည် လမ်းများ၊ ရထားလမ်းများနှင့် သင်္ဘောလမ်းများကို တရုတ်မှ ဥရောပအထိ ဗဟိုအာရှ အရှေ့အလယ်ပိုင်းနှင့် ရုရှားကို ဖြတ်ကာ နိုင်ငံပေါင်း အနည်းဆုံး ၇၀ တွင် တည်ဆောက်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်မည့် စီမံကိန်းဖြစ်သည်။

မြန်မာအစိုးရ၏ အစီအစဉ်အရ တရုတ်နိုင်ငံသည် CMEC အရ မြန်မာနိုင်ငံတွင် စီမံကိန်း ၃၈ ခု အကောင်အထည် ဖော်ရန် အဆိုပြုထားသည်။ သို့သော် မြန်မာနိုင်ငံက လွန်ခဲ့သော နှစ်ဧပြီလက ဘေ့ဂျင်းတွင် ကျင်းပသည့် ဒုတိယ အကြိမ် BRI ညီလာခံတွင် စီမံကိန်း ၉ ခုကိုသာ အတည်ပြုခဲ့သည်။ ယခုအချိန်အထိ မြန်မာနိုင်ငံသည် စီမံကိန်း ၃ ခုကိုသာ လူသိရှင်ကြားကြေညာသေးသည်။ ထို စီမံကိန်းများမှာ ကချင်နှင့် ရှမ်းပြည်နယ်များတွင် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်စီမံကိန်း ၃ ခု တည်ထောင်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် မူဆယ်-မန္တလေး ရထားလမ်းတို့ဖြစ်သည်။

“ချမှတ်ထားတဲ့ စီမံကိန်းတွေဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ မူဆယ်-မန္တလေးရထားလမ်းနဲ့ ဧရာဝတီ စီးပွားရေး ရပ်ဝန်းတို့ဟာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေး သေနင်္ဂဗျူဟာကို အသက်သွင်းထားတဲ့သဘောဖြစ်ကြောင်း ပြသနေတယ်။ အထူးသဖြင့်တော့ အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့်ရမယ့် လမ်းကြောင်းစီမံကိန်းတွေပေါ့” ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။

“ရှီရဲ့ခရီးစဉ်ဟာ တရုတ်နိုင်ငံ အနေနဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိရေး အောင်မြင်ရေးရည်မှန်းချက်နဲ့ ကိုက်ညီနေလိမ့်မယ်။ ဒါကြောင့်မို့လို့ BRI စီမံကိန်းတွေ အတွက် မြန်မာနိုင်ငံရဲ့ အလေးအနက် ကတိကဝတ်ကို တရုတ်နိုင်ငံက လိုချင်နေတာပါ” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် တောင်နှင့်တောင်အာရှအကြားနှင့် အိန္ဒိယ သမုဒ္ဒရာနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အကြားတွင် တည်ရှိပြီး BRI တွင် ထူးခြားသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသည် ရှယ်ယာအချိုးအစားကို ပြန်လည် ညှိပြီးနောက် CMEC ၏ အဓိက စီမံကိန်းဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ရပြီး အိန္ဒိယသမုဒ္ဒရာကို တရုတ်နိုင်ငံက တိုက်ရိုက်အသုံးပြုခွင့် ရမည်ဖြစ်ကာ ၎င်း၏ ရေနံသွင်းကုန်များကို မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ တင်သွင်းနိုင်မည်ဖြစ်သည်။

တည်ဆောက်ရေး လုပ်ဆောင်သော လုပ်ငန်းဖြစ်သည့် China International Trust and Investment Corporation (CITIC) သည် အထူးစီးပွားရေးဇုန်နှင့် မသက်ဆိုင်သော ထိုဆိပ်ကမ်း စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ထိခိုက်မှုများကို လေ့လာရန်နှင့် ပထဝီ ဆိုင်ရာ စစ်တမ်းပြုလုပ်ရေးအတွက် လေ့လာရန် ကနေဒါလုပ်ငန်းဖြစ်သော HATCH ကို ဇူလိုင်လတွင် ငှားရမ်းခဲ့သည်။ သို့သော် တည်ဆောက်သူများသည် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ဥပဒေကို လိုက်နာခြင်းရှိမရှိနှင့် ပတ်သက်ပြီး ဥပဒေလေ့လာသူများက ဝေဖန်ကြသည်။ ထိုဥပဒေအရ မည်သည့်စီမံကိန်းကြီးမဆိုသည် လုပ်ငန်းခွင်တခုလုံးအရ သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု အကဲဖြတ်ချက်ပြုလုပ်ရန် လိုအပ်သည်။ ထိုဝေဖန်မှုများကို CITIC က တုန့်ပြန်ခြင်းမရှိခဲ့ပေ။

တရုတ် နိုင်ငံပိုင် လုပ်ငန်းတခုက ကူမင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အခြာများ ဖြစ်သည့် မူဆယ်၊ မန္တလေးကို ဆက်သွယ်သည့် အဆိုပြုရထားလမ်းအတွက် ဖြစ်နိုင်ခြေစမ်းသပ်ခြင်းကို ဆောင်ရွက်သည်။ ထိုလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်ခြင်းကို ဆောင်ရွက်ရန် ပြည်တွင်းလုပ်ငန်းတခုကို ငှားရမ်းသည်။ သို့သော်လည်း ရထားလမ်း၏ သက်ရောက်မှုနှင့်ပတ်သက်ပြီး ဒေသခံများကို အပြည့်အ၀ တိုင်ပင်ဆွေးနွေးခြင်းမရှိကြောင်း လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ပြောသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအကျပ်အတည်းကြောင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး အေးစက်နေချိန်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံဖက်သို့ ယိမ်းနေသည်ကို လေ့လာစောင့်ကြည့်သူ အများအပြားက ဝေဖန်ကြသည်။

နိုင်ငံတကာအသိုင်းအဝန်းမှ ပြင်းထန်သော ဖိအားများအကြားတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အကျပ်အတည်းတွင် မြန်မာနိုင်ငံကို ထောက်ခံကြောင်းပြသသည်။ နှစ်နိုင်ငံဆက်ဆံရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တာဝန်ယူချိန်တွင် ပိုမို မြင့်မားလာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

“တရုတ်က မြန်မာနဲ့ဆက်ဆံရေး ကောင်းမွန်ကြောင်း ပြသလိုတယ်။ ရှီ ရဲ့ခရီးစဉ်က NLD အစိုးရနဲ့ အနာဂတ်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ပေးလိမ့်မယ်” ဟု တိုင်းရင်းသားအရေးနှင့် တရုတ်ရေးရာကျွမ်းကျင်သူ ဦးမောင်မောင်စိုးက ဧရာဝတီသို့ပြောသည်။

နိုင်ငံတကာအသိုင်းအဝန်းက မြန်မာနိုင်ငံကို ဝေဖန်နေသော်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အတူ အခိုင်အမာ ရပ်တည်မည်ဖြစ်ကြောင်း ရှီ၏ ခရီးစဉ်က ပြသနေသည် ဟုလည်း သူက ပြောသည်။

တရုတ်နိုင်ငံသည် CMEC ကို စီမံကိန်းချသည့်အဆင့်မှ အကောင်အထည်ဖော်သည့်အဆင့်သို့ မြှင့်တင်ရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်က သူ၏ဒီဇင်ဘာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောသည်။

အခြေခံအဆောက်အအုံ ဆက်သွယ်ရေးသည် CMEC ၏ ကျောရိုးဖြစ်ကြောင်းနှင့် နှစ်ဖက်အောက်ခြေတွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဝမ်ကပြောသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ် အထူးစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်များနှင့် အခြားစီမံကိန်းများ အကောင်အထည်ဖော်ခြင်းကို အရှိန်မြှင့်တင်ရန်လည်း သူက နိုင်ငံတော်အတိုင်ပင်ခံကို တွန်းအားပေးသည်။

တရုတ်-မြန်မာ ဆက်ဆံရေးသည် CMEC စီမံကိန်းများ၏ တဝက်သာ အကောင်အထည်ပေါ်စေကာမူ ပိုမိုနီးစပ်လာလိမ့်မည်ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောပြီး နှစ်နိုင်ငံဆက်ဆံရေးကို တရုတ် နိုင်ငံက စီးပွားရေး၊ လူမှုရေးအရ မြှင့်တင်မည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံသည် ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသော်လည်း မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ပတ်သက်သော ရပ်တည်ချက်သည် CMEC စီမံကိန်းများကြောင့် တရုတ်နိုင်ငံဘက်သို့ လိုက်မည်ဖြစ်ကြောင်း ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင် မူဆယ်-မန္တလေးရထားလမ်းကဲ့သို့သော CMEC ၏ ကျောရိုးစီမံကိန်းများသည် မြန်မာအစိုးရဖက်မှ ပွင့်လင်းမြင်သာမှု မရှိသောကြောင့် ပြည်တွင်းဝေဖန်မှုများ ခံနေရသည်။ ထိုသို့ ဝေဖန်မှုများရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဧပြီလက ညီလာခံတက်ရန် ဘေ့ဂျင်းသို့ ရောက်ရှိနေစဉ်အတွင်း သဘောတူညီချက် သုံးခုကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်များတွင် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (၂၀၁၉-၃၀) နှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး ငါးနှစ် စီမံကိန်းချမှတ်ရေး သဘောတူညီချက်တို့ ပါဝင်သည်။

“တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းတွေနဲ့ ပတ်သက်လာရင် ကျမတို့အနေနဲ့ သေနင်္ဂဗျူဟာ ရည်မှန်းချက်လိုတယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံဆီက သူတို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရည်မှန်းချက်ရှိတယ်။ မြန်မာအစိုးရအနေနဲ့လည်း တရုတ်နိုင်ငံက သူတို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရည်မှန်းချက်ရှိသင့်တယ်။ ဒီစီမံကိန်းတွေကနေ ဘာအကျိုးကျေးဇူးရမလဲ။ ဆိုးကျိုးအနည်းဆုံးဖြစ်အောင် ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာတွေကို စဉ်းစားသင့်တယ်” ဟု သူက ပြောသည်။

( Nan Lwin ၏ Chinese President’s Upcoming Visit Seen as Bid to Gain Myanmar Leaders’ Commitment on BRI Projects ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်သမ္မတ ရှီကျင့်ဖျင် ရှေ့အပတ် သောကြာနေ့ ရောက်မည်

မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း

စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ

The post တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို appeared first on ဧရာဝတီ.

ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ရှင်းတမ်း မချပြခြင်းသည် အဂတိလိုက်စားမှု ဖြစ်သွားနိုင်

$
0
0

ရန်ကုန်တိုင်းအစိုးရက စာရင်းချုပ်အစီရင်ခံစာကို လွှတ်တော်တွင် ဆွေးနွေးရန် ကိုယ်စားလှယ်များထံသို့ ဖြန့်ချိခြင်းမရှိခြင်းသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ချိုးဖောက်ရာရောက်စေနိုင်ကြောင်း ရန်ကုန်တိုင်း အစိုးရ၏ လုပ်ဆောင်မှုကို စောင့်ကြည့်နေသော လွတ်လပ်သည့် အဖွဲ့အစည်းတခုက သတိပေးလိုက်သည်။

လွန်ခဲ့သောနှစ် ဇွန်လက ရန်ကုန်တိုင်း အစိုးရသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ၎င်း၏အသုံးစရိတ်များနှင့် ပတ်သက်သည့် တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာ ဖြန့်ချိခြင်းကို ကန့်သတ်ရန် ကြားဝင်စွက်ဖက်ခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်း လွှတ်တော် ဥက္ကဋ္ဌတို့သည် ထိုအစီရင်ခံစာကို ယခင်နှစ်များကကဲ့သို့ လွှတ်တော်က်ိုယ်စားလှယ်များ ကြိုတင်သုံးသပ်ရန် မဖြန့်ဝေဘဲ တိုင်းလွှတ်တော်၏ ပြည်သူ့ငွေစာရင်း ကော်မတီက သုံးသပ်ရန် တာဝန်ပေးခဲ့သည်။

ထိုကော်မတီက ၎င်းတို့၏ တွေ့ရှိချက်များကို လွှတ်တော်တွင် ပြန်လည် တင်ပြရမည်ဖြစ်သည်။ သို့သော် ထိုကော်မတီသည် တိုင်းအစိုးရ အသုံးစရိတ်စည်းမျဉ်း ဖောက်ဖျက်မှုများကို ခြုံငုံမိအောင် အသေးစိတ် လုပ်မည် မလုပ်မည်ကို လွှတ်တော်က်ိုယ်စားလှယ်အများစုက သိလိုနေကြသည်။

လက်ရှိ ရန်ကုန်တိုင်းအစိုးရသည် ၂၀၁၆ ခုနှစ်တွင် စတင်တာဝန်ယူသောကြောင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာသည် သက်တမ်း ၂ နှစ်ရှိပြီဖြစ်သော ဦးဖြိုးမင်းသိန်း အစိုးရ၏ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုအပေါ် အကဲဖြတ်ချက်ပင်ဖြစ်သည်။

နှစ်စဉ် တိုင်းစာရင်းစစ်ချုပ်ရုံးသည် အစီရင်ခံစာတစောင်ပြုစုပြီး တွေ့ရှိချက်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေအရ ရန်ကုန်တိုင်း လွှတ်တော်သို့ တင်သွင်းရသည်။ တိုင်းအစိုးရ၏ အသုံးစားရိတ်များနှင့် ပတ်သက်သည့် လွှတ်တော်ဆွေးနွေးပွဲ မတိုင်မီ လေ့လာနိုင်ရန် တိုင်းလွှတ်တော် ကိုယ်စားလှယ်များထံ ထိုအစီရင်ခံစာကို ကြိုတင်ပေးပို့ရသည်။

ပုံမှန်အားဖြင့် ရန်ကုန်တိုင်းလွှတ်တော်သည် အစိုးရ အသုံးစားရိတ်များဆိုင်ရာ နှစ်စဉ် အစီအရင်ခံစာကို အောက်တိုဘာလတွင် ဆွေးနွေးလေ့ရှိသည်။ သို့သော် ထိုအစီရင်ခံစာ ဖြန့်ချိခြင်းကို တိုင်းအစိုးရက ဇွန်လတွင် ပိတ်ပင်ခဲ့သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များသည် ထိုအစီရင်ခံစာကို ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို ဒေသဆိုင်ရာ လွှတ်တော်သို့ပေးပို့မှု မရှိခြင်းသည် ပြည်သူ့လွှတ်တော် လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်သည်ဟု ပြည်သူ့ငွေစာရင်း ကော်မတီက ပြောသည်။ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်များသည် စာရင်းစစ်ချုပ် အစီရင်ခံစာကို ကြိုတင်သုံးသပ်ခွင့် မရကြပေ။ သို့သော် ထိုသို့ကန့်သတ်ခြင်းသည် ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် အစီရင်ခံစာမှ စည်းကမ်းချိုးဖောက်မှုများကို လွှတ်တော်ကိုယ်စားလှယ်များ အပြင်းအထန် ဝေဖန်သကဲ့သို့ ထပ်မံမဖြစ်ပေါ်စေလိုသော ရန်ကုန်တိုင်းအစိုးရ၏ ဆန္ဒကို ထင်ဟပ်နေသည်ဟူသည့် ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။

အစီရင်ခံစာပါ အကြောင်းအရာများအရ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များသည် မြို့တော်ဘတ်စ်ကား ဝန်ဆောင်မှုအတွက် အမေရိကန်ဒေါ်လာ ၂.၃ သန်း (ကျပ် ၃.၅ ဘီလျံ) ဆုံးရှုံးခြင်းနှင့် တိုင်းလွှတ်တော်ကို အသိမပေးဘဲ ကျောင်းကားများဝယ်ရန် ပုဂ္ဂလိက ဘဏ်နှစ်ခုမှ ကျပ် ၁၃.၅ ဘီလျံ ချေးယူခြင်းကို ၂၀၁၈ ခုနှစ်က မေးခွန်းထုတ်ခဲ့ကြသည်။ ရန်ကုန်တိုင်းလွှတ်တော် ထောက်ခံချက်မရဘဲ ရန်ကုန်တိုင်းအစိုးရသည် အငြင်းပွားဖွယ် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ကျပ် ၁၀ ဘီလျံ ရင်းနှီး မြှုပ်နှံခြင်းသည် အာဏာအလွဲသုံးစားပြုခြင်း ဖြစ်သည်ဟုပင် လွှတ်တော်က်ိုယ်စားလှယ် တဦးက ပြောသောကြောင့် တိုင်းအစိုးရသည် အရှက်ကွဲခဲ့ရသည်။

တစုံတဦး၏ အကျိုးစီးပွားအတွက် မိမိ၏ အာဏာကို အလွဲသုုံးခြင်းဖြင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်ပျက်ကွက်ခြင်းသည် အဂတိလိုက်စားမှု ဖွင့်ဆိုချက်နှင့် ကိုက်ညီနေကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ ကို တနင်္လာနေ့က ကိုးကားဖော်ပြခဲ့သည်။

“အစီရင်ခံစာကို လူတိုင်းမသိနိုင်တဲ့အချိန်အတွင်းမှာ တဦးတယောက် သို့မဟုတ် တစုတဖွဲ့ဟာ မသမာမှု ကျူးလွန်ဖို့ သို့မဟုတ် သူတို့လုပ်ထားတဲ့အမှားတွေကို ဖုံးကွယ်ဖို့အခွင့်အရေး ရသွားနိုင်တယ်” ဟု ရန်ကုန် စောင့်ကြည့်အဖွဲ့ကို တည်ထောင်သူ ဒေါ်ညိုညိုသင်းက မီဒီယာများသို့ တနင်္လာနေ့တွင်ပြောသည်။

အဂတိလိုက်စားမှုအတွက် အပြစ်ရှိကြောင်း တွေ့ရသည့် မည်သည့်နိုင်ငံရေးရာထူး ရယူထားသူမဆို ထောင်ဒဏ် ၁၅ နှစ်အထိ ကျနိုင်ကြောင်း ထိုဥပဒေတွင် ဖော်ပြထားသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ် အစီရင်ခံစာတွင်လည်း အများပြည်သူဘတ်စ်ကား ဝန်ဆောင်မှု သို့မဟုတ် ရန်ကုန်မြို့သစ်စီမံကိန်း ကဲ့သို့သော အငြင်းပွားဖွယ်ရာ စီမံကိန်းမျာအတွက် အစိုးရ အသုံးစားရိတ်နှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် တွေ့ရှိချက်များပါနိုင်ကြောင်း ဒေါ်ညိုညိုသင်းက ပြောသည်။

ရန်ကုန်တိုင်းအစိုးရ၏ ပြည်သူ့ဘဏ္ဍာကို မှားယွင်းစွာ စီမံခန့်ခွဲခြင်းနှင့်ပတ်သက်ပြီး ယခင်အစိုးရ တာဝန်ယူစဉ်က တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ်တာဝန်ယူခဲ့သော ဒေါ်ညိုညိုသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၁၈ ခုနှစ်တွင် တိုင်ကြားခဲ့ဖူးသည်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာပါ ဆုံးရှုံးမှုများကို စုံစမ်းစစ်ဆေးရန် ဒေါ်ညိုညိုသင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တောင်းဆိုသည်။

ထိုတိုင်ကြားမှုနှင့် ပတ်သက်ပြီး ကော်မရှင်က ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တုန့်ပြန်ကြေညာရာတွင် အစိုးရနှင့် စာရင်းစစ်ချုပ်တို့သည် မည်သည့်စာရင်းစစ်အစီရင်ခံစာမဆို ထုတ်ပြန်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်သောကြောင့် ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်မလိုကြောင်း ပြောကြားခဲ့သည်။

တိုင်စာပါဖြစ်ရပ်များသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃(က)(၂) ကို မပြဋ္ဌာန်းမီက ဖြစ်ရပ်များဖြစ်ကြောင်း၊ ထိုပုဒ်မသည် ထိုနှစ် ဇူလိုင်လ၊ ဥပဒေပြင်ဆင်ချက် နောက်ပိုင်းမှသာ အသက်ဝင်လာခြင်းဖြစ်ကြောင်း ကော်မရှင်က ထောက်ပြသည်။

ယခုနှစ်တွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားမည်လားဟု မေးသောအခါ ထိုပြဿနာသည် ရန်ကုန်တိုင်းလွှတ်တော်တွင် မည်ကဲ့သို့ဆက်လက် ဖြစ်ပေါ်သည် ကို စောင့်ကြည့်မည်ဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

ရန်ကုန်တိုင်းလွှတ်တော်သည် ကာလကြာမြင့်စွာ နားနေပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ပြန်လည်စတင်ပြီဖြစ်သည်။

လွှတ်တော်တွင် တိုးတက်မှုမရှိလျှင် ရန်ကုန်စောင့်ကြည့်အဖွဲ့သည် အထောက်အထားများနှင့်တကွ သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားမည်ဖြစ်ကြောင်း သူက ပြောသည်။ သမ္မတဦးဝင်းမြင့်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးအဖြစ် ကြေညာထားသူဖြစ်သည်။

“မတုန့်ပြန်ရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ပဲ ဆက်လုပ်ရမှာပဲ” ဟုလည်း ဒေါ်ညိုညိုသင်းက ပြောသည်။

စာရင်းစစ်ချုပ်အစီရင်ခံစာ ကြည့်ရှုခွင့်ကို ကန့်သတ်ခြင်းသည် အဓိပ္ပာယ်ကင်းမဲ့ကြောင်း၊ ယခင်က အာဏာရ ဦးသိန်းစိန်အရပ်သားတပိုင်း အစိုရသည်ပင် ထိုကဲ့သို့သော လုပ်ရပ်များကို လုပ်ဆောင်ခြင်း မရှိကြောင်း စန္ဒီ အုပ်ချုပ်ရေး အင်စတီကျုမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ဝင်းက ပြောသည်။

“အခုအသုံးစားရိတ် ပွင့်လင်းမြင်သာမှုကို အလေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအောက်မှာ ပိုမိုပွင့်လင်းမြင်သာသင့်တယ်။ အစီရင်ခံစာကို လျှို့ဝှက်ထားရင် အစိုးရရဲ့ရည်ရွယ်ချက်နဲ့ အစီရင်ခံစာပါ အကြောင်းအရာကို လူတွေက ပိုသံသယဝင်မယ်” ဟု သူက ဆက်ပြောသည်။

လွှတ်တော်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အများပြည်သူသို့ အစီရင်ခံစာ အပြည့်အ၀ ထုတ်ပြန်ပေးပါက ကျေနပ်ကြောင်း ဒေါ်ညိုညိုသင်းက ပြောသည်။

“အဲဒီလို တကယ်ဖြစ်ခဲ့ရင်တော့ ကျမတို့အနေနဲ့ ဆက်လုပ်စရာမလိုဘဲ၊ ဒီတိုင်းထားလိုက်ရုံပဲ။ စိတ်အနှောင့်အယှက် ဖြစ်ရတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်သူတွေရဲ့ သိရှိပိုင်ခွင့်ကို ပိတ်ပင်လိုက်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်” ဟုလည်း သူက ပြောသည်။

(Kyaw Phyo Tha ၏ Blocking Access to Spending Report May Violate Myanmar Graft Law, Watchdog Warns Yangon Govt ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဖုံးဖိဖို့ မကြိုးစားပါနဲ့ ရန်ကုန်တိုင်းအစိုးရရယ်

ရန်ကုန်မြို့သစ် ရေလွှမ်းမိုးမှု ကာကွယ်ရေး အစီအစဉ်နှင့် ငွေကြေးစိုက်ထုတ်မှု အသေးစိတ်များ မသိရ

ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာ နိုင်ငံတကာမီဒီယာ မျှမျှတတ မရေးပါ

The post ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ရှင်းတမ်း မချပြခြင်းသည် အဂတိလိုက်စားမှု ဖြစ်သွားနိုင် appeared first on ဧရာဝတီ.

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ငန်းတွေကို တပ်မတော် ဘာကြောင့် ကန့်ကွက်သလဲ

$
0
0

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းမကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မဆန့်ကျင်ကြောင်း တပ်မတော်နှင့် ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်များက ပြောကြသည်။ သို့သော် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားပါတီများ၏ ဆောင်ရွက်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ သီးခြားပြင်ဆင်ရန် အဆိုပြုချက်များကိုသာ တပ်မတော်နှင့် USDP ကိုယ်စားလှယ်တို့က တင်သွင်းခဲ့ကြသည်။

ထိုကိစ္စအားလုံးသည် NLD က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက် နိုင်ရန်အတွက်ဟုဆိုကာ ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းနိုင်ရေး တင်သွင်းခဲ့သည့် အရေးကြီးအဆိုက စတင်ခဲ့သည်။

ယခင်စစ်အစိုးရက ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ ပူးပေါင်းကော်မတီကို လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့သည်။

ထိုကော်မတီဖွဲ့စည်းမှုကို တပ်မတော်နှင့် USDP ကိုယ်စားလှယ်များက တညီတညွတ်တည်း ကန့်ကွက်ခဲ့သည်။ သို့သော် NLD နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အများစုဖြစ်နေသည့် လွှတ်တော်က ကော်မတီဖွဲ့စည်းမှုကို အတည်ပြုခဲ့သည်။

ဤသို့ဖြင့် ပြီးခဲ့သည့် တနှစ်တာလုံးတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်သည် ကော်မတီကို ထောက်ခံသူများက တဖက်၊ တပ်မတော်နှင့် USDP ကိုယ်စားလှယ်များက တဖက်ဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်အပေါ် ဆွေးနွေးမှုများဖြင့် ဆူညံခဲ့သည်။

မကြာခဏဆိုသလို လွှတ်တော်တွင်း ဆွေးနွေးမှုများသည် တင်းမာလာပြီး အပြန်အလှန် ထ၍ကန့်ကွက်မှုများအထိ ရှိခဲ့သဖြင့် လွှတ်တော်နာယကက သတိပေးခဲ့ရသည်များအထိ ရှိသည်။ လွှတ်တော်နာယက၏ ဆုံးဖြတ်ချက်အချို့ကို တပ်မတော်သားကိုယ်စားလှယ်များက မကျေနပ်မှုများလည်း ရှိခဲ့သည်။

လက်ရှိအချိန်တွင် ထိုကော်မတီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်လုံးကို လေ့လာသုံးသပ်ပြီးနောက် နိုင်ငံရေးပါတီအစုအဖွဲ့ အသီးသီး၏ အဆိုပြုချက်များကို စုစည်းကာ ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေကြမ်းတခုကို ရေးဆွဲနေသည်။

တပ်မတော်နှင့် ၎င်းနှင့်နီးစပ်မှုရှိသည့် USDP တို့က အထက်ပါကော်မတီ ဖွဲ့စည်းခြင်းကို ဆန့်ကျင်ခဲ့ပြီးနောက် ကော်မတီ၏ လုပ်ငန်းအားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်နေသည်၊ ထိုလုပ်ရပ်များကြောင့် တိုင်းပြည်မတည်မငြိမ် ဖြစ်သွားနိုင်သည်ဟု ပြောသည်။ သို့သော် ထိုကော်မတီကို ယခင် USDP ဦးဆောင်သည့် အစိုးရလက်ထက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းသည့် လုပ်ထုံးလုပ်နည်းအတိုင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယခင်လွှတ်တော်က ပြင်ဆင်ရေး ကော်မတီသည် သိသာသည့် မည်သည့်ပြင်ဆင်ချက်မှ ဖြစ်စေခဲ့ခြင်း မရှိပေ။

ထို့ကြောင့် တပ်မတော်နှင့် USDP သည် ယခု လွှတ်တော်ကဖွဲ့စည်းသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီတွင် မပူးပေါင်းဘဲ သီးခြားအဆိုပြုပြင်ဆင်ချက်များကို မည်သည့်အတွက် တင်သနည်းဟု မေးစရာဖြစ်လာသည်။

ထိုမေးခွန်းကို မဖြေမီ တပ်မတော်က ဖွဲ့စည်းပုံတွင် မည်သည့်အချက်များ ပြင်ဆင်ရန် အဆိုပြုထားသည်ကိုသိလျှင် အထောက်အကူ ဖြစ်စေနိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖေဖော်ဝါရီလက ဖွဲ့စည်းလိုက်ပြီးနောက် တပ်မတော်နှင့် USDP သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ တွင် ပြင်ဆင်ရန် တခုတည်းသော အဆိုပြုချက်ကို ပူးတွဲတင်သွင်းသည်။ ထိုပြင်ဆင်ရန် အဆိုပြုချက်အရ ဆိုလျှင် ပြည်နယ်နှင့်တိုင်းများ၏ ဝန်ကြီးချုပ်များကို သမ္မတက မခန့်ဘဲ ပြည်နယ်နှင့် တိုင်းလွှတ်တော်က ရွေးချယ်ရန်ဖြစ်သည်။ ထိုအဆိုပြုချက်သည် တိုင်းရင်းသားအခွင့်အရေးများကို မြှင့်တင်ရန်အတွက်ဖြစ်ကြောင်း သူတို့က ပြောသည်။

သို့သော် တိုင်းရင်းသားနိုင်ငံရေးသမားများကမူ ထိုအဆိုပြုချက်ကြောင့် တပ်မတော်က လုပ်ပိုင်ခွင့် ပိုရသွားမည်ကို စိုးရိမ်ခဲ့ကြသည်။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ပြည်ထောင်စုလွှတ်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် နေရာများ၏ ၂၅ ရာခိုင်နှုန်းကို ရယူထားပြီးဖြစ်သည်။

“ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်က ရွေးရင် အခုလောလောဆယ် ဝန်ကြီးချုပ်ခန့်အပ်တဲ့ ကိစ္စမှာ ဘာမှ ပြောခွင့်မရတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြောခွင့် ရသွားမယ်။ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့ သူတို့က ဝန်ကြီးချုပ်ခန့်တဲ့ကိစ္စမှာ ပါဝင်ပတ်သက်လာလိမ့်မယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ဧရာဝတီသတင်းဌာနသို့ မတ်လက ပြောကြားခဲ့သည်။

ပုဒ်မ ၂၆၁ ကို ပြင်လိုက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ဆက်စပ် ပုဒ်မများကိုပါ ရှေ့နောက်ညီညွတ်စေရန်အတွက် ပြင်ဆင်ရန် သုံးသပ်ရမည် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်နှင့် USDP တို့၏ ပြင်ဆင်ရန် အဆိုပြုချက်ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင်သာ ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

၎င်းတို့၏ ပထမအဆိုပြုပြင်ဆင်ချက်ကို ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် တပါတည်း ထည့်သွင်းမည်ကို တားဆီးရန် အားထုတ်မှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်း နှစ်ခုနှင့် USDP ကိုယ်စားလှယ်များနှင့်လည်း ပူးတွဲပြီး နောက်ထပ် ဥပဒေကြမ်းနှစ်ခုတို့ကို တခုပြီးတခု ဆက်တိုက်တင်ခဲ့သည်။

ထိုဥပဒေကြမ်းများတွင် သမ္မတ၏ အုပ်ချုပ်ရေးအာဏာကို လျှော့ချရန် ကြိုးပမ်းပြီး တပ်မတော်က လွှမ်းမိုးထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ လွှတ်တော်ကို ဖျက်သိမ်းရန်တင်ပြခွင့်အပါအဝင် အာဏာပိုမို ကျယ်ပြန့်စွာပေးရန် အားထုတ်ချက်များပါဝင်သည်။ မိသားစုတွင် ပြည်ပနိုင်ငံသားရှိလျှင် ပြည်ထောင်စု ဝန်ကြီး သို့မဟုတ် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းကို တားမြစ်သည့် အချက်လည်း ပါသည်။ ထိုအချက်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း မြင်ကြသည်။

ထိုအဆိုပြုချက်များကို ကြည့်လျှင် တပ်မတော်သည် ၎င်းတို့၏ အကျိုးစီးပွားကို မထိခိုက်နိုင်သော ပြုပြင်ပြောင်းလဲမှု အနည်းငယ်ကိုသာ လုပ်ရန် ကြိုးပမ်းသည့်ပုံရှိပြီး တဖက်တွင် NLD နှင့် တိုင်းရင်းသားပါတီများက ဖွဲ့စည်းပုံရှိ ပုဒ်မအများစုကို ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းလျှက် ရှိသည်ကို တွေ့ရသည်။

NLD နှင့်တိုင်းရင်းသားပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အမျိုးမျိုးကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အပါအဝင် အချက်ပေါင်း ၃၇၀၀ ကျော်ကို ပူးပေါင်းကော်မတီတွင် အကြံပြုထားသည်။ ထိုအကြံပြုချက်များတွင် တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ နိုင်ငံရေး အခန်းကဏ္ဍကို လျှော့ချခြင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် နိုင်ငံသားများ တန်းတူအခွင့်အရေးရရှိရေးနှင့် တရားဥပဒေစိုးမိုးမှု ရရှိရေးတို့ပါဝင်သည်။

“ပူးပေါင်းကော်မတီကိုဖွဲ့တာရဲ့ မူလရည်ရွယ်ချက်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပါ။ ဒါပေမယ့်လို့ သူတို့က ကော်မတီမှာ ဆန္ဒမပြုကြဘူး။ အစည်းအဝေးတော့ တက်တယ်။ ဒါပေမယ့် ဘာမှ သဘောထားမှတ်ချက်မပြုဘူး။ သီးခြားတင်ထားတာတွေ ရှိတယ်။ ဘာကြောင့် အဲဒီလိုလုပ်လဲ၊ သူတို့ရဲ့ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ဘယ်လိုရှိလဲ ဆိုတာတော့ သူတို့ပဲသိမှာလေ” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းရန် အဆိုတင်ခဲ့သူ NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောသည်။

တပ်မတော်နှင့် USDP တို့က ယခုကဲ့သို့ ပူးပေါင်းကော်မတီတွင် မပူးပေါင်းဘဲ စင်ပြိုင်ပြီး သီးသန့်ဥပဒေကြမ်းများ တင်သွင်းခြင်းက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကသိကအောက်ဖြစ်စေကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်သူ ဦးအောင်ကြည်ညွှန့်က ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အကြံပြုချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော် အခြေခံမူများတွင် ပြင်ဆင်ရန် အဆိုပြုချက် ရာနှင့်ချီ ပါဝင်သည်။ နိုင်ငံတော်အခြေခံမူများတွင် တပ်မတော်ကို နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်ခွင့်၊ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ခွင့် တပ်မတော်ကို ရစေသည့် ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး အပါအဝင် တပ်မတော်နှင့် တိုက်ရိုက်ပတ်သက်သည့် ပြဋ္ဌာန်းချက်များပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရ သို့မဟုတ် အခန်း ၁ မှ နိုင်ငံတော်၏ အခြေခံမူ ၄၈ ချက်ကို ထိခိုက်စေမည့် မည်သည့်ပြင်ဆင်ချက်မျှ လက်ခံမည်မဟုတ်ကြောင်း တပ်မတော်က သတိပေးထားသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးက ပြင်ဆင်ရန်ထောက်ခံသည့်တိုင် တပ်မတော်၏ သဘောတူညီမှုကို လိုသောကြောင့် ကမာ္ဘတွင် ပြင်ဆင်ရန်အခက်ဆုံး အခြေခံဥပဒေဟု ဆိုကြသည်။

မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကိုမဆို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန်လိုသည်ဟု ပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသည်။ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေသောကြောင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် ဗီတိုအာဏာရရှိနေသည်။

တပ်မတော်နှင့် USDP တို့၏ အဆိုပြုချက်များနှင့်မတူဘဲ ယခုလအတွင်း တင်သွင်းမည်ဟု မျှော်လင့်ရသည့် ကော်မတီ၏ ဥပဒေကြမ်းတွင် တပ်မတော်က ပြင်ဆင်ရန် လက်သင့်မခံနိုင်သေးသည့်၊ ၎င်းတို့ကို အခွင့်ထူးများ ပေးအပ်ထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် အဆိုပြုချက်များ ပါဝင်နိုင်သည်။

“တပ်မတော်က သဘောတူညီချက်မရှိရင် ဘယ်လိုမှပြင်လို့ရတဲ့ အခြေအနေမရှိဘူး။ ပြင်ဆင်ဖို့ ကြိုးပမ်းချက်တွေရှိပေမယ့်လည်း ရလဒ်က နည်းလိမ့်မယ်လို့ ကျနော်ထင်တယ်။ ကျနော်ထင်တာ ဒီသက်တမ်းအတွင်းမှာ ပြင်လို့ရရင်တောင်မှ ရနိုင်တာက ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို သွားနိုင်တဲ့ အခြေအနေမျိုးတော့ ရောက်လိမ့်ဦးမယ်မထင်ဘူး” ဟု ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုဝင် ကိုမြအေးက ပြောသည်။

(San Yamin Aung ၏ Why Does the Myanmar Military Rebuff the Work of the Constitutional Amendment Committee?  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ “နိုင်ထက်စီးနင်း” လုပ်ဟု တပ်မတော်ပြော

အမေရိကန် အရေးယူ ပိတ်ဆို့မှု နိုင်ငံရေး ဖိအားဟု တပ်မတော်ဆို

ကာ/လုံ အစည်းအဝေးခေါ်ရန် တပ်မတော်သား ကိုယ်စားလှယ် လွှတ်တော်တွင် တောင်းဆို

The post ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ငန်းတွေကို တပ်မတော် ဘာကြောင့် ကန့်ကွက်သလဲ appeared first on ဧရာဝတီ.

တောင်တရုတ်ပင်လယ်တွင် ရှီကျင့်ဖျင် အနိုင်ကျင့်နေသည်

$
0
0

ယနေ့အချိန်တွင် ဒေါ်နယ်ထရမ့် Donald Trump နှင့် ရှီကျင့်ဖျင် Xi Jinping တို့က ကမာ္ဘ့ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ၂ ခုဖြစ်သည်။ သူတို့ ၂ ဦးလုံးက သက်ဆိုင်ရာ ကျောင်းပရဝုဏ်များတွင် (လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းတွင် ဒေါ်နယ်ထရမ့်နှင့် အရှေ့တောင်အာရှတွင် ရှီကျင့်ဖျင်တို့က)  အနိုင်ကျင့်တတ်သူများ ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ မသိနားမလည်မှု၊ ဝန်တိုမှုနှင့် တယူသန် ထင်ရာစိုင်း အမူအကျင့်တိုကို အမြဲ မြင်တွေ့နေခဲ့ရသည်။သူ၏ စွန့်စားလောင်းကြေးထပ်လိုသော သဘောနှင့်  အီရန်နှင့် ယှဉ်ပြိုင်ကာ သူရဲကောင်းလုပ်ပြခြင်း တို့သည် သူ့အပေါ် စွပ်စွဲပြစ်တင်ခံနေရခြင်းနှင့် ပြန်လည်ရွေးကောက်တင်မြှောက်ခံရရေး ပြဿနာများမှနေ၍ လူတိုင်းကို အာရုံပြောင်းစေရန် ကြိုးပမ်းမှုအဖြစ် ပယ်ချရန် လွယ်ကူပါသည်။

ရှီကျင့်ဖျင်က အတိုင်းအဆမရှိ ပို၍ပင် အန္တရာယ်ကြီးသည်။ ၂၀၁၆ ခုနှစ်တွင် ကမာ္ဘ့ခေါင်းဆောင်များက သူနှင့် တရုတ်အစိုးရသည် (စည်းကမ်းရှိသော၊ ကမာ္ဘ့ စီးပွားရေးနှင့် နိုင်ငံရေးအတွက် မျှတသည့် ချဉ်းကပ်မှုတခုဖြစ်သော) နောက်ထပ် အချက်အခြာနေရာတခုအဖြစ် မြင်ခဲ့ကြသည်။ ကျနော်တို့အားလုံး၏  စိတ်ပျက်ဝမ်းနည်းခြင်းကို စကားလုံးများဖြင့် ဤနေရာတွင် ဖော်ပြနိုင်ခြင်း မရှိပါ။

ရှီကျင့်ဖျင်လက်အောက်မှ တရုတ်နိုင်ငံက တိန့်ရှောင်ဖိန် Deng Xiaoping ၏ သင်ခန်းစာအားလုံးကို မေ့လျော့သွားသည်။ (ရှေးယခင်က သူတို့နိုင်ငံသည် ကမာ္ဘ၏ အလယ်ဗဟိုဖြစ်သည်ဟု တရုတ်တို့က ယူဆခဲ့ကြသော) အလယ်ပိုင်း ဘုရင့်နိုင်ငံကြီး က (ကျနော်တို့) နိုင်ငံငယ်ကလေးများကို အမေရိကန်ကဲ့သို့ပင် အကြမ်းဖက်တတ်သည်၊ အထင်သေးတတ်သည်။ အနောက်နိုင်ငံများကြောင့် ၎င်းတို့ “အရှက်ရခဲ့သည့် ရာစုနှစ်” (၁၈၃၉ မှ ၁၉၄၉ အထိ) ကိိုု အခြားနိုင်ငံများအား ကြိုးကိုင် ချယ်လှယ်ရန် ဆင်ခြေတခုအဖြစ် သုံးသည်။

အမှန်တကယ်တွင် သမ္မတ ရှီကျင့်ဖျင်က တောင်တရုတ်ပင်လယ်နှင့် အခြားနေရာများမှ သူ၏ ရန်လိုသော လုပ်ရပ်များကို တရုတ်၏ ” ငြိမ်းချမ်းစွာ အာဏာ ကြီးထွားလာခြင်း” အကြောင်း ရွှန်းရွှန်းဝေ အပြောအဆိုများဖြင့် ဖုံးကာထားသည်။

၂၀၁၈ ဧပြီလအတွင်း တောင်တရုတ်ပင်လယ်တွင်း တရုတ်ရေတပ် လေ့ကျင့်နေစဉ်/ Getty Images

အမေရိကန်နှင့် တရုတ် ၂ နိုင်ငံလုံးက သံတမန်ရေးကို အထင်အမြင်သေးကြသည်။ သူတို့က ကျနော်တို့ကို မထီမဲ့မြင် ပြုသည်။ သူတို့အတွက် ကျနော်တို့က အားနည်းသည်၊ သေးငယ်သည်၊ ဆင်းရဲသည်။ ၁၉၆၀ နှစ်များအတွင်း အမေ ရိကန်များက ဗီယက်နမ်များကို “gooks (အရှေ့နှင့် အရှေ့တောင်အာရှ နွယ်ဖွားများကို နှိမ်ချခေါ်ဝေါ်သည့် အသုံးအနှုံး)” ဟုခေါ်ခဲ့ကြသည်။ ယခုအချိန်တွင် ဘေဂျင်းနှင့် ဝါရှင်တန်အတွက် ကျနော်တို့ အားလုံးက “gooks” ပင်ဖြစ်သည်။

ထိုကဲ့သို့သော အနေအထားအရ ကမာ္ဘ၏ ယုံကြည်မှုသာမက စည်းကမ်းစည်းမျဉ်းများကို လိုက်နာကျင့်သုံးမှုနှင့် လေးစားမှုများက ပြိုလဲသွားခဲ့ရသည်။
ကျနော် ဆိုလိုချင်သည်မှာ ထိပ်ပုတ် ခေါင်းပုတ်လုပ်၍ ရနေသည့် အချိန်တွင် မည်သည့်အတွက်ကြောင့် အပြန်အလှန် လေးစားမှုကို ပြခြင်းအားဖြင့် (သူတို့က) အလုပ်ရှုပ်ခံနေမည်နည်း။ ဤသည်မှာ အနိုင်ကျင့်တတ်သူတို့၏  ဂန္ထဝင်မြောက် အစဉ်အလာ အလေ့အထပင် ဖြစ်သည်။

တောင်တရုတ် ပင်လယ်ပြင်အတွင်း အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ) တွင် ပါဝင်နေသော Natuna ကျွန်းများတွင် တရုတ်၏ ရန်လိုသော လှုပ်ရှားမှုများ တိုးလာနေသည်ကို မည်သူက ရှင်းပြမည်နည်း။ တရုတ် နိုင်ငံက ငါးဖမ်းရေယာဉ်များသာမက ကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ်များကိုပါ စေလွှတ်ခဲ့သည်။

တောင်တရုတ်ပင်လယ်က အရေးကြီးသည်။ တနှစ်လျှင် ဒေါ်လာ ၃.၃၇ ထရီလီယံခန့် တန်ဖိုးရှိသော ကမာ္ဘ့ ရေကြောင်း ပို့ဆောင်မှု၏ ၃ ပုံ ၁ ပုံနီးပါး က ၎င်းကို ဖြတ်သန်းသွားရသည်။ သဘာဝဓာတ်ငွေ့ကုဗပေ ၁၉၀ ထရီလီယံနှင့် ရေနံစည်ပေါင်း ၁၁ ဘီလီယံ ထွက်ရန် အလားအလာရှိသော စွမ်းအင် အရင်းအမြစ်များ ရှိသည်သာမက ကမာ္ဘ့ငါးဖမ်းဆီးမှု၏ ၁၂ ရာခိုင်နှုန်းကိုပါ ထောက်ပံ့ပေးသည်။

တောင်တရုတ်ပင်လယ်ပြင်နေရာ အများစုကို တရုတ်နိုင်ငံက သူတို့ ပိုင် ဖြစ်ကြောင်း ပြောဆိုထားသည်။ သူတို့၏ မြေပုံများတွင် နာမည်ကျော် “nine-dash line (သူ့သဘောနှင့်သူ ပိုင်နက် ရေးဆွဲသတ်မှတ်ထားသည့် မျဉ်း)” ဖြင့် သတ်မှတ် ဖော်ပြထားသည်။ ၎င်းက အခြားသော အရှေ့တောင်အာရှနိုင်ငံများ၏ ရေပိုင်နက်များနှင့် ထပ်နေခဲ့သည်။ တရုတ်နိုင်ငံက ရေပိုင်နက်ကို ချိုးဖောက်ရုံသာမက လူလုပ်ကျွန်းတုများကိုလည်း တည်ဆောက်ခဲ့သည်။

တောင်တရုတ်ပင်လယ်ပြင်တွင် အပြုအမူများကို ထိန်းကျောင်းပေးမည့် “စည်းကမ်းကျင့်ဝတ်” တခုအတွက် နှစ်ပေါင်းများစွာ ဆွေးနွေးမှုများကလည်း အဖြေမထွက်သေးဘဲ ရှိနေသည်။

တရုတ်နှင့် ရေပိုင်နက်အချင်းပွားရာ နာတူနာကျွန်းများသို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ သွားရောက်စဉ်/ Instagram

တရုတ်နိုင်ငံက အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်သည်မှာ မှန်ပါသည်။ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက် အတွင်းတွင်  ၂ ဘက် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂၉၂ ဘီလီယံရှိခဲ့သည်။ အာဆီယံ၏ အကြီးဆုံးစီးပွားရေး ၆ ခုမှ  အခြေခံ အဆောက်အဦး စီမံကိန်းများအတွက်လည်း တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၅၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသည်။

(၎င်းသည် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်တောင်းဆိုသည့် နိုင်ငံတခုမဟုတ် ဆိုသည့် အနေအထားကို ယခင်က အံ့အားသင့်ဖွယ်ရာ ထိန်းသိမ်းထားခဲ့သော) အင်ဒိုနီးရှားနိုင်ငံက ၂၀၁၉ ခုနှစ်၏ ပထမပိုင်း ၄ ပုံ ၃ ပုံတွင် တရုတ်စီမံကိန်းများဖြင့် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံခန့်ရရှိခဲ့ပြီး ၎င်းထဲမှ အချို့မှာ အလွန် အငြင်းပွားဖွယ်ရာဖြစ်သော ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (Belt and Road Initiative)၏ အစိတ်အပိုင်းများဖြစ်သည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတို့၏ အတိုုင်းအတာ ပမာဏကြောင့် သူတို့က ကျွန်ုပ်တို့ အပေါ် ထင်သလိုလုပ်ခွင့် ပေးသင့်ပါသလား။ ကျနော်ကတော့ မထင်ပါ။

ထပ်၍ ဆိုရလျှင် ခြိမ်းခြောက်မှုများ သို့မဟုတ် မက်လုံးများ မည်သို့ပင်ရှိနေသည်ဖြစ်စေ ပြည်သူများက နိုင်ငံခြားလွှမ်းမိုးမှုကို မည်သည့်အခါတွင်မျှ လက်ခံလိမ့်မည် မဟုတ်သော ၎င်းတို့၏ ကိုယ်ပိုင်သမိုင်းကြောင်းမှ သင်ခန်းစာများကို တရုတ်နိုင်ငံက မေ့လျော့နေပါသည်။

အရှေ့တောင်အာရှမှ ကျနော်တို့သည် တရုတ်လူမျိုးများကိုယ်တိုင်ကဲ့သို့ပင် ကျနော်တို့၏ နယ်မြေပိုင်ဆိုင်မှုကို များစွာ အလေးထားပါသည်။

တရုတ်နှင့် ရေပိုင်နက်အချင်းပွားရာ နာတူနာကျွန်းများကို မြေပုံပေါ်တွင် ထောက်ပြစဉ်/ Reuters

ကျနော်တို့ကို ပါးလာရိုက်သည့် အချိန်တွင် မည်သည့်အတွက်ကြောင့် ကျနော်တို့က နောက်ပါးတဘက်ကို ထပ်အရိုက်ခံဖို့ ထိုးပေးရမည်နည်း။ တရုတ်အာဏာပိုင်တို့၏ ခံစားချက်များကသာ အရေးကြီးသော အကြောင်းရင်း ဖြစ်သင့်ပါသလား။

ရှီကျင့်ဖျင် အနေဖြင့် ဒေါ်နယ်ထရမ့်၏ မဆင်မခြင်လုပ်မှုနှင့် လုံးလုံးလျားလျား ဆိုးသွမ်းမှုမှနေ၍ အမြတ်အစွန်း ကြီးမားစွာ ရရှိနိုင်ပါသည်။ ကျနော်တို့ ရှီကျင့်ဖျင်ကို အမှန်တကယ်ပင် နှစ်သက်ချင်ပါသည်။ လေးစားချင်ပါသည်။

ထို့ကြောင့် ကျန်သည့် အရှေ့တောင်အာရှ၏ ကျောင်းပရဝုဏ်တွင် ဘာလုပ်ကြရမည်နည်း။

ထင်ထင်ရှား ရှားပေါ်လာသောအရာသုံးခုရှိပါသည်

ပထမဆုံး အနေဖြင့် စည်းလုံးညီညွတ်မှုက သော့ချက်ဖြစ်ပါသည်။ ကျနော်တို့တွင် ကွဲပြားခြားနားမှုများ ရှိသော်လည်း စည်းလုံးညီညွတ်ပါက ကျောင်းသားငယ်များ ကျောင်းသားဆိုးများက အနိုင်ကျင့်ခြင်း မပြုနိုင်ပါ။ အမှန်မှာ ကျနော်တို့၏ အစွမ်း ထက်ဆုံး ကာကွယ်ရေးစည်းက အတူတကွ လုပ်ဆောင်ခြင်း၌ တည်ပါသည်။ အာဆီယံ အဖွဲ့ အနေဖြင့် ထိုသို့ပြုလုပ်ရန် ဖွဲ့စည်းပုံရှိနှင့်ပြီးဖြစ်သည်

တောင်တရုတ်ပင်လယ်အတွင်း အရှေ့တောင်အာရှနိုင်ငံများပိုင် ရေပိုင်နက်များကို တရုတ်က အလေးမထားပါ/ South China Morning Post

ပူးတွဲလေ့ကျင့်မှုများ၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်း၏ အခြား ပုံစံများ အပါအဝင် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးပါသည်။ ကျနော်တို့၏ ပင်လယ်ရေကြောင်း အခြေခံအဆောက်အဦးနှင့် စွမ်းရည်များကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ရပါမည်။ အကယ်၍ ကျနော်တို့ အားလုံးက သီးခြားစီ  အလုပ်လုပ်နေပါက ကျနော်တို့ တယောက်ပြီး တယောက် အရိုက်ခံကြရတော့မည် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် အရှုံးပေးခြင်းက ဘာကိုမျှ ဖြေရှင်းလိမ့်မည်မဟုတ်ပါ။ ဒူတာတေး လက်အောက်မှ ဖိလစ်ပိုင်နိုင်ငံက အခြေခံအားဖြင့် ထိုသို့ပြုလုပ်ခဲ့သည်။ သူတို့၏ နှိမ်ချမှုက တန်ဖိုး အနည်းငယ်ကိုသာ ပြသနိုင်ခဲ့သည်။ အရေးမပါသည့် အပြောအဆိုများဖြင့် အနိုင်ကျင့်သူ၏ သက်ညှာမှုကို ရယူရန် ကြိုးစားခြင်းက အဓိပ္ပာယ်မရှိပါ။

အနိုင်ကျင့်တတ်သူများက ကြိုတင်ခန့်မှန်းရန် လွယ်ပါသည်။ အကယ်၍ သူတို့က သင့်ကို တကြိမ် ထိခိုက် နစ်နာစေခဲ့ပါက ရေတိုကာလတခုတွင် သင့်ကို သကြားလုံး အနည်းငယ် ပေးကောင်းပေးလိမ့်မည် ဖြစ်သော်လည်း နောက်တကြိမ် ထပ်၍ ထိခိုက် အောင်ပြုကြလိမ့်ဦးမည် ဖြစ်သည်။ စိတ်ကျေနပ်အောင် ချော့ခြင်းက မည်သည့်အခါတွင်မျှ အလုပ်မဖြစ်ပါ။

တရုတ်နိုင်ငံက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှ တဆင့် လက်တုံ့ပြန်မည်ကို အရှေ့တောင်အာရှ နိုင်ငံ အများစုက ယခုအခါ ကြောက်နေကြောင်း ကျနော်သိပါသည်။ အလွန်လည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ကျနော်တို့ ဒေသက တရုတ်နှင့် ရာစုနှစ်များစွာ ကုန်သွယ်ခဲ့ပြီးဖြစ်သလို ဆက်လက်၍လည်း ကုန်သွယ် သွားမည်ဖြစ်သည်။ ကာလရှည်ကြာ ဆက်သွယ်မှုများက အလွန်နက်ရှိုင်းပါသည်။

သို့ရာတွင် ကျနော်တို့က ကျနော်တို့၏ အမီအခိုကင်းမှုကို အလွန် အလေးအနက်ထားကြောင်း တရုတ်နိုင်ငံက သဘောပေါက်ရန် အရေးကြီးပါသည်။ အချုပ်အခြာအာဏာနှင့် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုမှ လွတ်မြောက်ရေးအတွက် ကျနော်တို့၏ ကြိုးစားရုန်းကန်မှုများကို မမေ့ကြသေးပါ။

၂၀၂၀ ဇန်နဝါရီ ၁၀ ရက် နာတူနာကျွန်းအနီး စစ်ဆင်ရေးဝင်နေသော အင်ဒိုနီးရှား လေတပ်တိုက်လေယာဉ်တစီးနှင့် ရေတပ်သင်္ဘော/ Antara

နောက်ဆုံးအနေဖြင့် အနိုင်ကျင့်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်ပါသည်။ ကျနော်တို့က အနိုင်ကျင့်သူများအဖြစ် ကိုယ့်ကိုယ်ကို ပြောင်းလဲ၍ မရပါ။ ကျနော်တို့ နိုင်ငံများ အားလုံးတွင် တရုတ်လူမျိုးအသိုင်းအဝိုင်းများ သိသာထင်ရှားစွာ ရှိနေပါသည်။ သူတို့ က သက်ဆိုင်ရာ တိုင်းပြည်များအတွက် အရေးပါသော အစိတ်အပိုင်းတရပ် ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သက်ဆိုင်ရာအစိုးရများ လက်တွင် ရှိနေကြရမည့် သူတို့သည် တရုတ်နိုင်ငံ၏ ဒေသတွင်းမှ လုပ်ရပ်များ၏ သားကောင်များအဖြစ် မရည်ရွယ်ဘဲ ဖြစ်မသွားသင့်ပါ။

၎င်းမှာ ဆောင်ရွက်ရန် ခက်ခဲသော အလုပ်တခု ဖြစ်နေဆဲဖြစ်ပါသည်။ တခါတရံတွင် အင်အားကြီးမားသော အနိုင်ကျင့်သူ ၂ ဦး ကို ရင်ဆိုင်ရန် ကျနော်တို့ အကူအညီမဲ့နေသလိုမျိုး ထင်ရပါသည်။ သို့သော်လည်း အရှေ့တောင်အာရှက ပိုမိုကျယ်ပြန့်စွာ ရှုမြင်တတ်ပြီး အတူတကွ ရပ်တည်နိုင်ကြမည်ဆိုလျှင် ကျနော်တို့၏ ကျောင်းပရဝုဏ်ကို လွတ်လပ်စွာ ငြိမ်းချမ်းစွာ ထိန်းသိမ်းထားနိုင်မည့် အခွင့်အလမ်း ရှိနေနိုင်ပါသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ လမ်းခင်းပေးသူ ဘီဂျေဟာဘီဘီ

တရုတ်တွေ ကြိုက်တဲ့ ဒူးရင်းသီးက ကျိန်စာလား

အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်း

The post တောင်တရုတ်ပင်လယ်တွင် ရှီကျင့်ဖျင် အနိုင်ကျင့်နေသည် appeared first on ဧရာဝတီ.

လူမှုဖူလုံရေးက အလုပ်သမားအခွင့်အရေး တကယ် အာမခံနိုင်လား

$
0
0

လူမှုဖူလုံရေး ဦးစီးအရာရှိ၏ ပြောဆိုချက်များက ကိုယ်ဝန် အရင့်အမာနှင့် မဖြိုးပပ အတွက် မျှော်လင့်ချက်များ ဖျက်ဆီး ခံလိုက်ရပြီး အနာဂတ်ပါ ပျောက်ပျက်သွားသလို ခံစားလိုက်ရ၍ ခေတ္တတွေဝေ အားငယ်သွားရသည်။

“ပိုက်ဆံနဲ့ တူတာ ၁ ကျပ်မှ လူမှုဖူလုံရေးကြေး မီးဖွားစရိတ် ထုတ်ပေးစရာ မရှိဘူးတဲ့။ စက်ရုံက လာသွင်းထားတဲ့ ပိုက်ဆံမရှိဘူးလို့ ခါးခါးသီးသီး ပြောလွှတ်လိုက်ပါတယ်”ဟု သူက ပြောရင်း ငေးငိုင်နေပါသည်။

မဖြိုးပပ၏ ကိုယ်ဝန်က ၈ လကျော်ထဲ ရောက်နေပြီ ဖြစ်သည်။ ယခု ရွှေပြည်သာမြို့နယ်ထဲက လူမှုဖူလုံရေးရုံးရှေ့တွင် လုပ်သက်ခွင့်၊ နာမကျန်းခွင့်၊ မီးဖွားခွင့်များ ယူရန်အတွက်နှင့် လစဉ် ပေးသွင်းနေသည့် လူမှုဖူလုံရေး ကြေးများကို မီးဖွားခွင့်အတွက် အသုံးပြုနိုင်ရန် စုံစမ်း မေးမြန်းနေခြင်းပင် ဖြစ်သည်။

မဖြိုးပပသည် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ World Jin အထည်ချုပ်စက်ရုံ၏ အလုပ်သမား တဦး ဖြစ်ပြီး စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁ နှစ် ကျော်ရှိပြီ ဖြစ်သည်။

စက်ရုံဘက်က လစဉ် ပုံမှန် လူမှုဖူလုံရေး ထည့်ဝင်ကြေးကို ကျပ် ၂ ထောင်မှ ကျပ် ၃ ထောင် ဝန်းကျင်အထိ ဖြတ်တောက် ထားသော်လည်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်ရှိ လူမှုဖူလုံရေး ဌာနသို့ ပေးသွင်းရမည့် ငွေများကို အလုပ်ရှင်ဘက်က ပေးသွင်းခြင်း မရှိခဲ့ကြောင်း သိရသည်။

ထိုငွေများသည် မများလှသော်လည်း မဖြိုးပပတို့ကဲ့သို့ ဝင်ငွေနည်းသူများ အတွက် ကျန်းမာရေးစရိတ်ကို အထောက်အပံ့ ပေးနိုင်သည့် စုဆောင်းငွေတခု ဖြစ်သည်။

ထိုသို့ လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသော်လည်း အကျိုးခံစားခွင့် မရသည့်အတွက် World Jin အထည်ချုပ်စက်ရုံ အလုပ်သမားများက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

World Jin အထည်ချုပ်စက်ရုံသည် ကိုရီးယားနိုင်ငံသားပိုင် စက်ရုံတခုဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်တွင် လူမှုဖူလုံရေး ထည့်ဝင်ကြေးကို ၂ လစာသာ ဝန်ကြီးဌာနသို့ ပေးသွင်းထားကြောင်း အလုပ်သမားများက ပြီးခဲ့သည့် လအတွင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

World Jin စက်ရုံ အလုပ်သမား တဦး ဖြစ်သည့် မနှင်းနွယ်ဦးကလည်း“စက်ရုံက ကိုယ်ဝန်ဆောင်သည် တယောက် ခွင့် သွားယူတဲ့အခါမှ ၂ လစာပဲထည့်ထားလို့ ခွင့်ပေးခွင့် မရှိဘူးလို့ ဦးစီးမှူးက ပြောလို့ ကျမတို့ဆီက ပိုက်ဆံဖြတ်ပြီး ဟိုမှာကျ ထည့်မထားဘူးဆိုတာ သိတာ။ တလကို ကျပ် ၂ ထောင်ကျော်က ပုံမှန်ဖြတ်တယ်”ဟု ပြောပြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အလုပ်ရှင်ကို အရေးယူမည့် အပိုင်းတွင် အလုပ်သမား ဦးစီးဌာနမှ တာဝန်ရှိသူများ အနေ ဖြင့် အားနည်းမှုများ ရှိနေသည်ဟုလည်း ၎င်းက ဝေဖန်ပြောဆိုသည်။

“သူတို့ ညှိပေးမယ် ပြောတယ်။ တကယ်ညှိတော့ အလုပ်ရှင်က ကျန်တဲ့ ၈ လစာအတွက် ဒီဇင်ဘာလ အကုန်မှာ အပြီး သွင်းပေးမယ် ပြောတယ်။ ဒီလိုပဲညှိ ပေးတယ်။ အလုပ်ရှင်က သွင်းပေးမယ် ပြောပေမယ့် ဒါက ကျမတို့ ပိုက်ဆံကို အလွဲ သုံးစားလုပ်ထားတာလို့ ယူဆတယ်။ ဒါကို အရေးယူမှု မရှိဘူး”ဟု မနှင်းနွယ်ဦးက ပြောသည်။

ပိုင်ရှင်က လူမှုဖူလုံကြေး မသွင်း၍ နိုဝင်ဘာလအတွင်းက ဆန္ဒပြနေခဲ့ကြသော World Jin စက်ရုံ အလုပ်သမားများ/မျိုးမင်းစိုး

ထိုဖြစ်ရပ်များကြောင့် လူမူဖူလုံရေးကြေး ထည့်ဝင်ခြင်းသည် ခံစားခွင့်မရှိသော လုပ်ရပ်တခုကို လုပ်နေခြင်းလားဟု ထင်မြင်နေကြကြောင်း အလုပ်သမားများက ပြောဆိုကြသည်။

World Jin စက်ရုံမှပင် အလုပ်သမား တဦးဖြစ်သည့် မနန်းခင်မွှေးကလည်း “ဒါကြောင့် လူမူဖူလုံရေးက အလုပ်သမားတွေ အပေါ်မှာ လုံးဝလွှမ်းခြုံမှု မရှိဘူး။ အခု ကျမတို့က ပေးရဲ့သားနဲ့ အလုပ်ရှင်က မဆောင်တော့ မရတဲ့အတွက် ကျမတို့က ဒီလူမှုဖူလုံရေးကို ဆောင်ချင်တဲ့ စိတ်တောင် မရှိတော့ဘူး။ ကိုယ်တကယ် ဖြစ်တောင် ဘာခံစားခွင့်မှ မရလို့”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက“ကျမတို့ဆို အခုမှ အိမ်ခွဲနေတော့ ဒီလစာလေး တသိန်းကျော်နဲ့ မလောက်ငှဘူး။ လူမှုဖူလုံရေး ကြေး စက်ရုံကို ကျမတို့ ပေးတဲ့ ငွေကျပ် ၂ ထောင်ကျော်က ဆန်တပြည်စာ ရှိတယ်။ ဒါကြောင့် မဆောင်တဲ့ စက်ရုံ ပိုင်ရှင်ကို တိတိကျကျ အရေးယူဖို့ အလုပ်သမား ဦးစီးတွေကို လုပ်စေချင်တယ်”ဟု ပြောသည်။

ထို အခြေအနေများသည် အလုပ်သမား အခွင့်အရေး တရပ်အတွက် ဖော်ဆောင်နေသော လူမှုဖူလုံရေး အာမခံစနစ်ကို ယုံကြည်မှု ကင်းမဲ့လာစေနိုင်သည့် လုပ်ဆောင်ချက်များလည်း ဖြစ်နေသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနှင့်လည်း လူမှုဖူလုံရေး ထည့်ဝင်ကြေး ပျက်ကွက်သော ပြည်တွင်း၊ ပြည်ပ စက်ရုံ ပိုင်ရှင်များကို အသေအချာ စိစစ်ပြီး အရေးယူရန် လိုအပ်နေပါသည်။

မြန်မာနိုင်ငံတွင် အလုပ် လုပ်ကိုင်နိုင်သော အလုပ်သမား ဦးရေ ၂၂ သန်းကျော်အနက် ၁ ဒသမ ၄ သန်းသည် လူမှုဖူ လုံရေးကြေး ထည့်ဝင် ပေးဆောင်ထားသည့် အလုပ်သမားများဖြစ်ရာ လူမှုဖူလုံရေးနှင့် ပတ်သက်သော ခံစားခွင့်များကို အပြည့်အ၀ ခံစားရရှိနေလား ဆိုသည်မှာ လက်ရှိအချိန်တွင် မေးခွန်းထုတ်စရာလည်း ဖြစ်နေပေသည်။

မဖြိုးပပက“ကျမဆို အရင် အထည်ချုပ်စက်ရုံမှာ လုပ်တုန်းက လူမှုဖူလုံရေး ထည့်ဝင်ကြေးငွေ သွင်းပေမယ့် အကျိုး ခံစားခွင့် သေချာ မသိလို့ မတောင်းခဲ့ရဘူး”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး ဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းထားပါသည်။ ၁၉၅၄ ခုနှစ် ဥပဒေကို အစားထိုး ထားသည့် ဥပဒေ ဖြစ်သည်။

ယင်း ဥပဒေတွင် ထည့်ဝင်ကြေးနှင့် ဆေးဝါး စောင့်ရှောက်မှု၊ နာမကျန်းဖြစ်မှု၊ မီးဖွားခွင့်နှင့် လုပ်ငန်းခွင် ထိခိုက်မှု အတွက် ခံစားခွင့်တို့ကို တိုးမြှင့်ပေးထားခြင်း အပြင် မှတ်ပုံတင်ထားသော အလုပ်သမားများ အတွက် စမတ်ကတ်များ ထုတ်ပေးရန်လည်း ပါရှိသည်။

သို့သော် စက်မှုဇုန်များရှိ စက်ရုံအများစုတွင် စမတ်ကတ်များကို အကြောင်း အမျိုးမျိုးပြ၍ အလုပ်ရှင်မှ ထုတ်ပေးထား ခြင်း မရှိသည်ကို တွေ့ရကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။

ပိုင်ရှင်က လူမှုဖူလုံကြေး မသွင်း၍ နိုဝင်ဘာလအတွင်းက ဆန္ဒပြနေခဲ့ကြသော World Jin စက်ရုံ အလုပ်သမားများ/မျိုးမင်းစိုး

မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (CTUM) အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက“အများစု ကြုံတွေ့နေရတာ တော့ လူမှုဖူလုံရေး ကတ်ပြားမရှိတာ ဖြစ်တယ်။ ဒါပေမယ့် အကြောင်းကြားရင် လူမှုဖူလုံရေးအဖွဲ့က လျင်လျင် မြန်မြန် ဆောင်ရွက်ပေးတော့ အခက်အခဲ မရှိပါဘူး။ ကြန့်ကြာနေတာက အကျိုးခံစားခွင့်တွေ လျှောက်တဲ့အပိုင်းမှာ ဖြစ်တယ်။ ဒါကိုတော့ ဥပဒေအရ နည်းဥပဒေအရ ဖြေလျှော့ပေးဖို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးနေပါ တယ်”ဟု ပြောပြသည်။

အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေးကြေးနှင့် ပတ်သက်၍ အလုပ်ရှင်က ထည့်ဝင်ထားသည် ဖြစ်စေ၊ မထည့်ဝင် ထားသည် ဖြစ်စေ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ ဖူလုံရေး အာမခံနှင့် သက်ဆိုင်သော လုပ်ငန်းများဖြစ်လျှင် အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် အကျိုးခံစားခွင့် ရရှိရန် နီးစပ်ရာ မြို့နယ် လူမှုဖူလုံရေး ဦးစီးဌာန ရုံးများသို့ သွားရောက်၍ အာမခံ အလုပ်သမား ဖြစ်သည်ကို အကြောင်းကြားသင့်သည်ဟု ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ လုပ်ငန်းနှင့် ဆက်နွယ်နေသော ထိခိုက် ဒဏ်ရာများ ကုသရသည့် ကုန်ကျစရိတ် ပြန် အမ်းငွေကိုလည်း ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းနှင့် လုပ်ငန်းခွင်တွင် သေဆုံးပါက ခံစားခွင့်ရှိသော မိသားစု ဝင်များသည် ကွယ်လွန်သူ လစဉ်ရရှိသော လစာ၏ အဆ ၃၀ မှ အဆ ၈၀ ကြား ဝန်ထမ်း လုပ်သက်ပေါ် မူတည်၍ ကျန်ရစ်သူ အကျိုးခံစားခွင့် ရန်ပုံငွေမှ ရရှိနိုင်ကြောင်းလည်း သိရသည်။

နာမကျန်းမှု အတွက် ငွေသား အကျိုးခံစားခွင့်မှာလည်း မှတ်ပုံတင်ထားသော လုပ်သား လစာ၏ ၅၀ ရာခိုင်နှုန်းသာ ယခင်က ပေးခဲ့ရာမှ ယခုအချိန်တွင် ၆၀ ရာခိုင်နှုန်းသို့လည်းကောင်း၊ မီးဖွားစရိတ်ကို ၆၆ ဒသမ ၆၇ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသို့ လည်းကောင်း တိုးမြှင့်ပေးထားသည်။

လုပ်ငန်းခွင်တွင် သေဆုံးသော အလုပ်သမား အတွက် သင်္ဂြိုဟ် စရိတ်ကိုလည်း ယခင်က ကျပ် ၄ သောင်း ပေးခဲ့ရာမှ ယခုအခါ အလုပ်သမား လစဉ်ရရှိသော လစာ၏ ၅ ဆအထိ တိုးပေးထားကြောင်း သိရသည်။

လူမှုဖူလုံရေး အဖွဲ့သည် ၂၀၁၂ ခုနှစ် ဥပဒေပြဋ္ဌာန်းပြီးနောက် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် ဥပဒေကို စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် လူမှုဖူလုံရေး အာမခံ ထားရှိခြင်းကြောင့် ရရှိလာနိုင်သော အကျိုးခံစားမှုများကို အလုပ်သမားများ သိရှိရန် အသိ ပညာပေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်နေကြောင်းလည်း တွေ့ရှိရသည်။

မနှင်းနွယ်ဦးက“ပထမ သားဦး မွေးတုန်းက အခု စက်ရုံမှာ မဟုတ်ဘူး။ လူမှုဖူလုံရေး အကြောင်း နားမလည်တော့ ခွင့် သွားလည်း မယူဘူး။ မီးဖွားစရိတ်လည်း မထုတ်ခဲ့ဘူး”ဟု ပြောသည်။

လက်ရှိ ရန်ကုန်မြို့၏ အလုပ်သမား အများဆုံး စက်မှုဇုန်တွင် ပါဝင်သော ရွှေပြည်သာ မြို့နယ်ရှိ သာဓုကန် စက်မှုဇုန် ကဲ့သို့ နေရာများတွင်ပင် လူမှုဖူလုံရေး အာမခံ ထားရှိလျှင် မည်သည့် အကျိုးခံစားခွင့် ရသည်ကို အလုပ်သမားများ သိရှိရန် အားနည်းနေသည်။

ထို့ပြင် အလုပ်သမားက ပေးသွင်းသော်လည်း အလုပ်ရှင်က အစိုးရထံ ပေးသွင်းမှု ပျက်ကွက်ခြင်းများ တပုံတပင် ရှိနေကြောင်း World Jin စက်ရုံအဖြစ်အပျက်က သက်သေပြနေသည်။

CTUM မှ ဒေါ်ဖြိူးစန္ဒာစိုးက“အလုပ်ရှင်က ဖူလုံရေးကြေး သွင်းဖို့ ပျက်ကွက်တဲ့ ကိစ္စမျိုးတွေက မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတာ။ ဒါတွေ နောက်နောင် မဖြစ်စေချင်ရင် လက်ရှိ လုပ်နေတဲ့ ဖူလုံရေးစနစ်ကို စာရွက်စာတမ်းနဲ့ လုပ်ရာကနေ အိုင်တီ လို့ ခေါ်တဲ့ ကွန်ပျူတာစနစ် ပြောင်းလုပ်ဖို့ လိုတယ်။ ဒါဆိုရင် စနစ်အရကိုက လူမှုဖူလုံရေးကြေး ထည့်ဝင်မှုကို သူတို့ ရှောင်လွှဲလို့ မရတော့ဘူး။ ကွန်ပျူတာမှာ ကြည့်တာနဲ့ သွားပေါ်နေမယ်”ဟု ပြောသည်။

ပိုင်ရှင်က လူမှုဖူလုံကြေး မသွင်း၍ နိုဝင်ဘာလအတွင်းက ဆန္ဒပြနေခဲ့ကြသော World Jin စက်ရုံ အလုပ်သမားများ/မျိုးမင်းစိုး

လူမှုဖူလုံရေး အာမခံထားသည့် စနစ်ကို အိုင်တီ စနစ်သို့ ပြောင်းခြင်းအားဖြင့် အလုပ်သမား ဦးစီးအရာရှိများ အနေနှင့်လည်း မည်သည့် အလုပ်ရှင်က ထည့်ဝင်ကြေး ထည့်ထားသည်၊ ထည့်မထားဘူး ဆိုသည်ကို အလွယ်တကူ ကြည့်ရှု နိုင်မည့်အပြင် အလုပ်သမားများအနေနှင့်လည်း အလုပ်ရှင်က ဖူလုံကြေးဖြတ်သော်လည်း ထည့်ဝင်ခြင်း ရှိသည်၊ မရှိ သည်ကို ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ဖြိူးစန္ဒာစိုးက“နောက်တခုက လိုအပ်တာက MIC ဆီမှာ လုပ်ငန်းလိုင်စင် လာလျှောက်တဲ့ အခါ စာရင်းဇယားတွေ ရှိတယ်။ ဒါကြောင့် MIC နဲ့ လူမှုဖူလုံရေးအဖွဲ့နဲ့ ပူးပေါင်းပြီးလုပ်ဖို့ လိုတယ်။ ဒီလို ဌာနနှစ်ခု သတင်း အချက်အလက် ဖလှယ်မယ် ဆိုရင် အလုပ်ရှင်ရဲ့ ပျက်ကွက်မှုတွေကို ချက်ချင်းသိပြီး ပြဿနာ နည်းသွားနိုင် တယ်”ဟု ပြောဆိုသည်။

တချို့သော အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ဦးစီးမှူးများကလည်း စက်မှုဇုန်များရှိ အလုပ်ရှင် တချို့သည် လူမှုဖူလုံရေး အာမခံ ထားရှိသော်လည်း အလုပ်သမားများ အတွက် စမတ်ကတ်များ လုပ်ပေးမှု မရှိသည်ကို တွေ့ရ ကြောင်း ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဌာနခွဲ ၂ ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာအောင်က“ကျမတို့ အလုပ်ရှင် ဘက်က ကြည့်တော့လည်း တချို့က နယ်က တက်လာတဲ့ အခါကျတော့ မှတ်ပုံတင်တွေ ဘာတွေမရှိဘူး။ အဲဒီအခါ ကျတော့ လူမှုဖူလုံရေး စမတ်ကတ် လုပ်ပေးဖို့ လုပ်ငန်းရှင်ဘက်က အခက်အခဲ ရှိတယ်”ဟု ရှင်းပြသည်။

ထို့ကြောင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ပြဿနာများ နည်းနိုင်သမျှ နည်းစေရန် အသိပညာပေး လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်ပေးရန် လိုနေသည်ဟုလည်း ၎င်းက ပြောဆိုသည်။

သို့သော် အလုပ်ရှင်များက လူမှုဖူလုံရေးကြေး ပေးသွင်းရန် ပျက်ကွက်၍ သော်လည်းကောင်း၊ အချိန်ပို ပိုခိုင်း၍ သော် လည်းကောင်း အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေး တွေ့ရှိ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ တင်ပြ လျှင် MIC အနေဖြင့် ထိုအလုပ်ရှင်ကို ခေါ်ယူတွေ့ဆုံ၍ ဥပဒေ စည်းကမ်းများကို အသိပေးခြင်း၊ သတိပေးခြင်းသာ လုပ်ဆောင်ကြောင်း သိရသည်။

MIC အတွင်းရေးမှူး ဦးသန့်စင်လွင်က“MIC က ခွင့်ပြုမိန့်ပေးတဲ့ ဘယ်ကုမ္ပဏီက ဘယ်နေ့မှာ အလုပ်သမားတွေကို သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး ခိုင်းတယ်။ လူမှုဖူလုံရေးကြေး ပေးသွင်းတာ အလုပ်ရှင်က ပျက်ကွက်လို့ အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေးလို့ တွေ့ရင် အဲဒီ့ အလုပ်ရှင်ကို ဒဏ်ကြေး ဆောင်ခိုင်းမယ်။ တရားရုံးကို ဆင့်ခေါ်မယ် ဒါဆိုရင် MIC ကို အကြောင်း ကြားတယ်။ အဲဒီလောက်ပဲ သိရတယ်”ဟု MIC ၏ လုပ်ဆောင်နိုင်မှု အခန်းကဏ္ဍကို ရှင်းပြသည်။

လက်ရှိတွင် လူမှုဖူလုံရေးကြေး ပေးသွင်းရန် ပျက်ကွက်သော ပြည်တွင်း ပြည်ပ အလုပ်ရှင်များကို အလုပ်သမား ဝန်ကြီး ဌာနက ဒဏ်ရိုက်ရန် MIC သို့ တင်ပြထားသည့် စာရင်း ရှိကြောင်းလည်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ခုံသမာဓိ ကောင်စီ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးဋ္ဌေးကလည်း အလုပ်သမား ဥပဒေများတွင် အလုပ်ရှင်များ ပျက်ကွက်လျှင် အရေးယူမှု အားနည်းပြီး အလုပ်သမားများကို အရေးယူခံရသည်သာ ပို၍များကြောင်း ဆိုသည်။

ဦးဋ္ဌေးက“တရားမျှတမှု မရှိတဲ့ သဘောဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ အလုပ်သမား အရေး ဆောင်ရွက် တဲ့ သူတွေက အဲဒါကိုပဲ အစိုးရကို ထောက်ပြနေတယ်။ အလုပ်ရှင်လည်း ဥပဒေချိုးဖောက်ရင် အရေးယူ အလုပ်သမား လည်း ဥပဒေ ချိုးဖောက်ရင် အရေးယူဖို့ သင့်ပါတယ်”ဟု ပြောဆိုသည်။

ထို့ကြောင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဖိုရမ်များတွင် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ကြုံတိုင်း အလုပ်ရှင်နှင့် ဌာနဆိုင်ရာက တင်ပြသည့် အမြင်သည်“အလုပ်သမားများ ဆန္ဒပြမှုများလျှင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသား လုပ်ငန်းရှင်များ ပြန်ထွက်သွား၍ အလုပ်လက်မဲ့ များနိုင်တယ်ဆိုတဲ့ ရှုထောင့်ကတွေး ပြောတာ ပုံမှန်ဖြစ်နေတယ်”ဟု ထောက်ပြကာ ထိုအချက်ကြောင့်လည်း အလုပ်ရှင်များ၏ ပျက်ကွက်မှုများ၊ ဥပဒေ မလိုက်နာမှုများ နှင့် ကြုံလျှင် အရေးယူဆောင်ရွက်သည့် အပိုင်း၌ မြန်မာနိုင်ငံ၏ တရားစီရင်ရေး ယန္တရား၊ ဌာနဆိုင်ရာ အုပ်ချုပ်ရေး ယန္တရားများတွင် ဆောင်ရွက်ရ အလွန် ခက်ကြောင်း ပြောသည်။

လူမှုဖူလုံရေးနှင့် ပတ်သက်သော အလုပ်ရှင် အလုပ်သမား ပြဿနာများ နည်းသွားစေရန် လိုအပ်နေသော အချက်မှာ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း အိုင်တီစနစ်သို့ ကူးပြောင်းရန် လိုအပ်နေပြီး နိုင်ငံတော် သမ္မတရုံးက ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကတည်းက ခွင့်ပြုချက်ပေးထားကြောင်း သိရသည်။

အိုင်တီစနစ်ကို သမ္မတရုံး၏ ခွင့်ပြုချက် ရပြီးသော်လည်း ယခုအချိန်ထိ အကောင်အထည် မဖော်နိုင်ခြင်းသည် စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘတ်ဂျက် မချပေးသဖြင့် နှောင့်နှေးနေခြင်းဖြစ်သည် ဟု ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

မဖြိုးပပကမူ လတ်တလော ကြုံတွေ့နေရသည့် အခြေအနေရ ထည့်သွင်းထားသော လူမှုဖူလုံရေး ကြေးများ ကို မီးဖွားခွင့် အတွက် ခံစားခွင့်မရခဲ့ပါက ကြိုတင် စုဆောင်းငွေလည်း မရှိထား၍ ကြွေးမြီ သံသရာတွင် ထပ်မံ လည်ပတ် ရုန်းကန်ရတော့မည် ဖြစ်ကြောင်း ပြောဆိုရင်း လေးလံသည့် ခြေလှမ်းများဖြင့် လှမ်းလျှောက် ထွက်ခွာသွား ပါတော့သည်။

ဆက်စပ်လင့်

လူမှုဖူလုံရေးကို အားလုံး အကျုံးဝင် မှတ်ပုံတင်သင့်တယ်

အလုပ်သမားရေး မန္တလေးတိုင်းအစိုးရ ပိုအာရုံစိုက်ဖို့ လိုနေတယ်

အလုပ်ရှင် အလုပ်သမား ပြဿနာ ဥပဒေအရ ဖြေရှင်းခြင်းအပေါ် လိုက်နာမှု အားနည်းနေသေးဟု ဆို

The post လူမှုဖူလုံရေးက အလုပ်သမားအခွင့်အရေး တကယ် အာမခံနိုင်လား appeared first on ဧရာဝတီ.

Viewing all 3346 articles
Browse latest View live