Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all 3346 articles
Browse latest View live

တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက်

$
0
0

နေမွန်းတည့်ချိန် ရောက်ပြီ ဖြစ်သော်လည်း ဈေးကွဲမသွားသေးဘဲ မန္တလေးကျောက်ဝိုင်းအတွင်း ရောင်းသူ ဝယ်သူများနှင့် ပြည့်နှက် စည်ကားနေသည်။

ထိုသူများထဲတွင် တရုတ်ကျောက်ကုန်သည် များစွာလည်း အပါအဝင် ဖြစ်သည်။ ၂၀၁၆ ခုနှစ် ရှေ့ပိုင်း နှစ်များက မွန်းလွဲပိုင်းရောက်ပြီဆိုသည်နှင့် ကျောက်ဝိုင်းသည် တဖြည်းဖြည်း တိတ်ဆိတ်ခြောက်ကပ် သွားသော်လည်း ယခုမူ WeChat အသုံးပြုသူများကြောင့် ညနေအထိ ပွဲစား၊ ဝယ်ရောင်းများနှင့် ကြိတ်ကြိတ်တိုးနေဆဲ ဖြစ်သည်။

၂ ပေခန့်ကျယ်သည့် စားပွဲရှည်ပေါ်တွင် အစီအရီ တင်ထားသော ကျောက်စိမ်း လက်ကောက်၊ လက်စွပ်တို့ကို ဖုန်း ကင်မရာမှတဆင့် တခုချင်း အသေအချာ ဓာတ်မီးနဲ့ ထိုးကြည့်လိုက်၊ တရုတ်ဘာသာစကားဖြင့် ဖုန်းပြောလိုက်၊ စိတ်ကြိုက် မဖြစ်လျှင် အနီးတွင် ရပ်စောင့်နေသော မြန်မာကျောက်ပွဲစားကို ခေါင်းတခါခါဖြင့် စကားပြောလိုက် လုပ်နေ သော တရုတ်ကျောက်ကုန်သည်များကို မန္တလေးကျောက်ဝိုင်းအတွင်း လက်ညှိုးထိုးမလွဲတွေ့ရမှာ ဖြစ်သည်။

“ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတဲ့ဈေးကို မပြောရသေးဘူး။ ဟိုဘက်(တရုတ်ပြည်ရှိကုန်သည်)ကိုပြတော့ ကျောက်က သိပ်မလှလို့ မကြိုက်ဘူးဆိုပြီး ငြင်းလို့ပြန်သိမ်းလာတာ” ဟု ကျောက်ဝိုင်းအတွင်းမှ တရုတ်ကျောက်ပွဲစား ၏ We Chat အကောင့်မှ တဆင့် ကျောက်ရောင်းရန် ပြခဲ့သော်လည်း အရောင်း အဝယ် မဖြစ်ခဲ့သော ကျောက်ပွဲစား ကိုနေမျိုးက ဧရာဝတီကို ပြောသည်။

ကိုနေမျိုးကဲ့သို့ပင် မန္တလေးရှိ ကျောက်ဝိုင်းတွင် တရုတ်နိုင်ငံ၏ ဆိုရှယ် မီဒီယာ တခု ဖြ စ်သော “WeChat” Application ကို အသုံးပြုကာ ကျောက်စိမ်း အရောင်းအဝယ်လုပ် နေသူများစွာ ရှိ သည်။

We Chat ဆိုသည်က မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ သုံးနေသည့် သည့် ဖေ့ဘုတ်စ် Messenger ကဲ့သို့ပင် အကောင့်ဖွင့်ထားပါက အင်တာနက်ကို အသုံးပြုကာ မည်သူမဆို မိတ်ဆွေမိသားစုများနှင့် အပြန် အလှန် စကားပြောနိုင်၊ ဗီဒီယိုဖုန်း ခေါ်ဆိုနိုင်သော ဆိုရှယ်မီဒီယာ Application တမျိုးဖြစ်သည်။

Facebook အသုံးပြုခွင့် ပိတ်ထားသော တရုတ်နိုင်ငံအတွင်း ဖေ့ဘုတ်ကဲ့သို့ တွင်ကျယ်သည့် Application ဖြစ်ကာ လက်ရှိ အသုံးပြုသူဦးရေ ၁ ဘီလျှံကျော်ရှိသည့် တရုတ် ဆိုရှယ်မီဒီယာတခု ဖြစ်၏။

မန္တလေးကျောက်ဝိုင်းဟု အလွယ်ခေါ်ကြသည် မန္တလေးမြို့၏ ပင်မကျောက်စိမ်းဈေးကွက် “မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း” ကို ၂၀၀၀ ခုနှစ် နှစ်ဆန်းက စတင်ဖွင့်လှစ်ခဲ့ တာ ယနေ့ဆို နှစ် ၂၀ နီးပါး သက် တမ်း ရောက် ရှိတော့မည်။

ဆယ်စုနှစ် ၂ခုနီးပါး သက်တမ်း ဖြတ်သန်းလာပြီးဖြစ်သည့် မန္တလေးကျောက်ဝိုင်းတွင် We Chat ကိုသုံးပြီး အရောင်း အဝယ်လုပ်သည့် ဓလေ့က ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်သည် ဟုမန္တလေးကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီ အတွင်းရေးမှုး ဦးမျိုးမြင့်နိုင်က ဧရာဝတီကို ပြောသည်။

“We Chat ကို ကျောက်သမားတွေ အရင်ကမကြိုက်တာ နားမလည်လို့ မကြိုက်ကြတာ။ အခုတော့ ခေတ်ရေစီး ကြောင်းအလိုက် ဖုန်းတလုံးနဲ့ ဘာမဆို ဝယ်လို့ရတဲ့ခေတ် ရောက်သွားပြီ” ဟု ဦးမျိုးမြင့်နိုင်က ပြောသည်။

ကျောက်ဝိုင်းအတွင်း နေ့စဉ်ဝင်ထွက် အရောင်းအဝယ်လုပ်နေသူ ပြည်တွင်းပြည်ပ ကျောက်ကုန်သည် ၂ သိန်းဝန်း ကျင် ရှိသည့်အနက် ပြည်ပကုန်သည်အရေအတွက်မှာ ၁ ထောင်ကျော်ခန့်ဖြစ်ကြောင်း မန္တလေးကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီထံမှ သိရသည်။

၂၀၁၄ ခုနှစ်အလွန်ကာလများမှ စတင်ကာ တရုတ်ဝယ်လိုအား ကျဆင်းလာသလို တရုတ်ဝယ်လက်သာ အဓိကဖြစ် သော မန္တလေးကျောက်စိမ်း ဈေးကွက်လည်း ဈေးကွက် ပျက်လာသလို အရောင်းအဝယ်များ အေးစက်ခဲ့ပြီး ကျောက် တန်ဖိုးများလည်း မူလထက် ၄၀ ရာခိုင်နှုန်းခန့် တဖြေးဖြေး ကျဆင်းခဲ့သည့် အခြေအနေ သို့ရောက်ရှိခဲ့သည်။

“လက်ရှိတရုတ်သမ္မတ ရှီကျင့်ဖျင့် တက်လာကတည်းက မြန်မာ့ကျောက်စိမ်းဈေးကွက်က မကောင်းတော့တာ” ဟု “သူ့စေတနာထိုက်”ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးအောင်ဝင်းက ဧရာဝတီကို ပြော သည်။

၂၀၁၃ ခုနှစ် မတ်လမှ တရုတ်နိုင်ငံသမ္မတအဖြစ် စတင်တာဝန်ယူခဲ့သော မစ္စတာရှီကျင့်ဖျင့်သည် ၎င်း တက်လာပြီး မကြာခင် အစိုးရအဖွဲ့အတွင်း အဂတိတိုက်ဖျက်မှုအစီအမံကို အကောင်အထည်ဖော်ခဲ့သည်။

တရုတ်လူမျိုးများ၏ ယုံကြည်မှုရိုးရာအရ ကျောက်စိမ်းသည် ကံကောင်းစေသောရတနာ တပါးအဖြစ် ခံယူထားသလို တံစိုးလက်ဆောင်များ ပေးရာတွင် ငွေကြေးအစား တန်ဖိုးကြီးသည့် ကျောက်စိမ်း အဆင်တန်ဆာ များကိုသာ အဓိက ပေးကြသည့် အတွက်ဖြစ်သည်။

ထိုသို့ အဓိက ဝယ်လက်နိုင်ငံ၏ မူဝါဒအပြောင်းအလဲကြောင့် မြန်မာကျောက်စိမ်းကုန်သည်များ ဈေးကောင်း မရ၊ ကျောက်မရောင်းရသဖြင့် လက်ထဲငွေအောင်း၊ အိမ်ပေါင် တိုက်ပေါင်စသည့် ကိစ္စများလည်း အလျှိုလျှိုဖြစ်ခဲ့ကြ သည်ဟု မန္တလေးကျောက်စိမ်းဈေးကွက်ရှိ ကုန်သည်များက ၂၀၁၄ ခုနှစ်နောက်ပိုင်း ဖြတ်သန်းခဲ့ရသော အတွေ့အကြုံတို့ကို ပြန်ပြောင်းပြောပြကြသည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် တရုတ်ကုန်သည်များ၏ WeChat Application မှတဆင့် ကျောက်အရောင်း အဝယ် လုပ်သည့်စနစ် မန္တလေးကျောက်ဝိုင်းတွင် ခေတ်စားလာခဲ့ရာ အနိမ်ပိုင်းကျောက်များ We Chat ဖြင့် အရောင်းအဝယ် လုပ်ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

လက်ရှိအခြေအနေအရ We Chat ကိုအသုံးပြုကာ ကျောက်အရောင်းအဝယ် လုပ်နေသူအရေအတွက်သည် ကျောက်သမားများ၏ ၅၀ ရာခိုင်နှုန်း အထက်သို့ ရောက်လာပြီဖြစ်ကြောင်း ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီမှ သိရသည်။

“We Chat ကြောင့် ဈေးကွက်သွက်လာတာ။ ဘာပဲပြောပြော ခါးပိုင်း(တန်ဖိုးနိမ့်ကျောက်) ကျောက်သမား အများစု ကတော့ သူ(We Chat)ကြောင့်မို့ အသက်ရှုချောင်လာကြတာ” ဟု We Chat App အသုံးပြုကာ အရောင်းအဝယ် လုပ်သူ တဦးလည်း ဖြစ်သူ သူ့စေတနာထိုက် ကျောက်မျက်ကုမ္ပဏီမှ ဦးအောင်ဝင်းက ပြောသည်။

ပြီးခဲ့သောစက်တင်ဘာနှင့် ယခုလဆန်းပိုင်းက We Chat Application က ၎င်းတို့နည်းပညာနှင့် လုံခြုံရေးပိုင်း ဆိုင်ရာ အဆင့်မြှင့်ရန် ယင်းစနစ်အား ၃ ရက်ခန့် ရပ်နားခဲ့ရာ ကျောက်ဝိုင်းအတွင်း အရောင်းအဝယ် ၅၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း ခဲ့သည်ဟု ကျောက်သမားများက ပြောပြသည်။

ထိုမျှ အထိ We Chat App က မန္တလေးကျောက်ဝိုင်း အတွင်း အရေးပါတွင်ကျယ်လျက် ရှိသည်။

သို့သော် We Chat ဖြင့် အရောင်းအဝယ် ပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးကိစ္စ အ၀၀နှင့် ပတ်သက်၍မူ မန္တလေးကျောက်ဝိုင်းတွင် အထိုင်လုပ်ကာ We Chat ဖြင့် ကျောက်အရောင်းအဝယ်လုပ်ကြသော တရုတ် ကုန်သည် အပါအဝင် တဖက် တရုတ်နိုင်ငံမှပင် အထိုင်ချကာ App မှ တဆင့် ကျောက်ဝယ်ယူရန် ပြုလုပ်ကြသော တရုတ်ကုန်သည် တို့အား လက်ခံထားသော မြန်မာဆိုင်ရှင်များက တာဝန်အပြည့်အဝယူရမည်ဟု ကျောက်ဝိုင်း အကျိုးတော် ဆောင် ကော်မတီက စည်းကမ်းချက်ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ရခြင်းမှာလည်း We Chat ဖြင့် အရောင်းအဝယ် စခဲ့သောကာလများက တဖက် တရုတ်ကုန်သည် သည် အရောင်းအဝယ်မလုပ်လိုသည့်အခါ၊ ပွဲဖျက်လိုသည့်အခါ အွန်လိုင်းမှ ကျောက်ကြည့်နေရင်း အင်တာနက် လိုင်းပြတ်တောက်သည့် ပုံစံဖန်တီးကာ ပွဲဖျက်သဖြင့် မကြာခဏ အရောင်း အဝယ် ဖျက်ခံရသည့်အတွက် ထိုသို့ စည်းကမ်းချက် ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်နိုင်က ရှင်းပြသည်။

WeChat ကိုအသုံးပြုကာ ကျောက်အရောင်းအဝယ် ပြုလုပ်ခြင်း၌ အဓိက အားနည်းချက်နှစ်ခု ရှိနေသေးသည်။

ပထမအချက်မှာ တိုက်ရိုက်ဝယ်သူနှင့် ထိတွေ့ခြင်း မဟုတ်ဘဲ ဆိုရှယ်မီဒီယာတခုကို ကြားခံအသုံးပြု၍ မိမိ ကုန်ပစ္စည်း (ကျောက်)အား ပြသကာ ဈေးပေး ရောင်းချရခြင်း ဖြစ်၍ ယင်းဆိုရှယ်မီဒီယာကို အသုံးပြုနေသူတိုင်း ယင်းကုန်ပစ္စည်း တန်ဖိုးကို အလိုအလျောက် သိရှိကြပြီး ဝယ်သူတဦးနှင့် အလုပ်မဖြစ်ပါက အခြားဝယ်သူများက ဈေးနှိမ်မှုကို ခံရခြင်း ဖြစ်သည်။

ကျောက်မျက်လုပ်ငန်းကို နှစ် ၂၀ ကျော်လုပ်ကိုင်လာသူ သဇင်ပန်း ကျောက်မျက်အရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်လေးမြင့်က “အန်တီက We Chat နဲ့ တခါမှကျောက်မရောင်းဖူးဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကျောက်ကို ဟိုအော်ဒီအော်နဲ့ မတန်တဆ ဈေးဆစ်တဲ့ဒဏ်မခံချင်လို့” ဟု ဧရာဝတီကို ပြောသည်။

ထိုကြောင့် မြန်မာကျောက်သမား အများစုသည် We Chat ပေါ်တွင် သိန်းထောင် သောင်းချီ တန်သော ကျောက်များ ထက် များသောအားဖြင့် ကျပ်သိန်းရာဂဏန်း၊ ဆယ်ဂဏန်းတန်ကျောက်များကိုသာ အရောင်းအဝယ် ပြုလုပ်လေ့ရှိ သည်ဟု သိရသည်။

ဒုတိယအချက်မှာ ပိုအရေးကြီးပါသည်။ We Chat သည် ဆိုရှယ်မီဒီယာ တခုအဖြစ်သာမက WeChat Pay ဝန်ဆောင်မှုအဖြစ် ပြည်တွင်းပြည်ပအွန်လိုင်း ငွေပေးချေမှု ဝန်ဆောင်မှုကိုပါ ရရှိနိုင်သော Application တခုဖြစ်ရာ ကျောက်အရောင်းအဝယ်လုပ်သော တရုတ်ကုန်သည်နှင့် မြန်မာကျောက်ပွဲစားတို့အကြား အများစုသည် ပြည်တွင်း ဘဏ်များမှ ငွေကြေးလွှဲပြောင်းခြင်း စီးဆင်းမှုထက် အွန်လိုင်းငွေပေးချေမှုကို အသုံးပြုကြသဖြင့် မြန်မာနိုင်ငံအတွက် ရသ့င်ရထိုက်သော အခွန်အခများ ဆုံးရှုံးနေခြင်းဖြစ်သည်။

ပြည်ထောင်စု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ကျောက်မျက် ရတနာရောင်းချခွင့်နှင့် ပတ်သက်၍ လုပ်ငန်းလိုင်စင် ၃မျိုး ခွင့်ပြုပေး ထားရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက် ရတနာ အချောထည်နှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်းအချောများ ရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်တို့ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရ ရောင်းဝယ်ရေးလုပ်ငန်း (မန္တလေး တိုင်း)မှ ဒုတိယအထွေထွေ မန်နေဂျာ ဦးမောင်မောင်ရှိန်က ဆိုသည်။

ယင်းလိုင်စင် ၃ ခုအနက် We Chat Pay အရောင်းအဝယ်ဖြင့် အများဆုံးသက်ဆိုင်သော ကျောက်မျက် ရတနာ အချော ထည်နှင့် လက်ဝတ် ရတနာရောင်းဝယ်ခြင်း လိုင်စင်တွင် နိုင်ငံခြားသို့ ရောင်းချမည်ဆိုပါက အခွန်ပြေစာ ဖြတ်ပိုင်း (Cash Memo) တွင် ရောင်းချသည့် ပစ္စည်းအရေအတွက်၊ တန်ဖိုးတို့ကို မှတ်သားကာ သတ်မှတ်အခွန်အခများ ဖြစ် သော အထူးကုန်စည်ခွန်၊ ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်တို့ကို ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပေးဆောင်ရခြင်းဖြစ် သည်။

အဆိုပါ ပြေစာပါရှိမှသာ ဝယ်ယူထားသောကျောက်များအား ပြည်ပသို့ သယ်ဆောင်ခွင့်ရှိမည်လည်း ဖြစ်သည်။

သို့ရာတွင် မြန်မာကျောက်ကုန်သည်များ၏ ခန့်မှန်းချက်အရ We Chat Pay ဖြင့် ပြုလုပ်သော ကျောက် အရောင်းအဝယ်များ၏ ၄၀ ရာခိုင်နှုန်းခန့်သည် Cash Memo ဖြင့် မဖြတ်ဘဲ အရောင်းအဝယ် ပြုလုပ်ကြသလို ကျောက်ဝယ်ယူ သွားသော တရုတ်ကုန်သည်များ ဘက်ကလည်း နိုင်ငံခြားသို့ ကျောက်မျက်အချောထည်များ တင်ပို့လိုပါက မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ဖွင့်လှစ် ထားသော One Stop Service စနစ်ကို မသုံးကြဘဲ လက်ရှိ မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော တရုတ်အမြန်ချောပို့ ပုဂ္ဂလိက ကုမ္ပဏီများဖြင့်သာ တရုတ်ပြည်သို့ ပို့ဆောင်နေကြသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းက ပြဌာန်းခဲ့သော မြန်မာ့ကျောက်မျက်ရတနာဥပဒေ၏ နည်းဥပဒေအား ဆက်လက် ပြဌာန်း နိုင်ရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပြီးခဲ့သောစက်တင်ဘာလက ပေးပို့ခဲ့ပြီး ဖြစ်သည် ။

အဆိုပါနည်းဥပဒေတွင် ကျောက်စိမ်း အပါအဝင် ကျောက်မျက်အချောထည် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျောက်မျက်ပြပွဲများနှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အစိုးရများအား လုပ်ပိုင်ခွင့် အချို့ ခွဲဝေပေးထားခြင်း အချက်တို့ ထည့်သွင်းပါရှိ လာသော်လည်း ပြည်ပအွန်လိုင်း ငွေပေးချေမှုဖြင့် ကျောက်မျက် အချော ထည် အရောင်းအဝယ်လုပ်ခြင်း ကဏ္ဍအတွက် သီးခြား ထည့် သွင်း ရေးဆွဲထားခြင်း မရှိဟု မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း (နေပြည်တော်)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဧရာဝတီကို ပြောသည်။

မန္တလေးမြို့ခံ ကျောက်ကုန်သည် ကိုဖြိုးက “ဥပဒေ၊ နည်းဥပဒေ ဘယ်လောက်ပြည့်စုံပါတယ် ဆိုဦးတော့ ကိုယ့်နိုင်ငံက ဌာနကရာ၊ ကုန်သည်ပါ လက်တလုံးခြား လုပ်တတ်တဲ့အကျင့်တွေနဲ့က ခုထိ ယဉ်ပါး နေတုန်းပဲလေ” ဟု ပြောသည်။

ပြည်ပနိုင်ငံတခု၏ အွန်လိုင်း ငွေကြေးဝန်ဆောင်မှု တခုကို မိမိနိုင်ငံအတွင်း အသုံးပြုမည် ဆိုပါက ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ခြင်း၊ ထိုငွေကြေးဝန်ဆောင်မှုကြောင့် နှစ်ဦးနှစ်ဖက်ညီမျှသော အကျိုးခံစားခွင့်တို့ ရရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်၏ အငြိမ်းစားဒုဥက္ကဌ ဦးသန်းလွင်က သုံးသပ်ရှင်းပြသည်။

လက်ရှိတွင်လည်း ဘဏ်ဆိုင်ရာစီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ ဦးသန်းလွင်က “နိုင်ငံခြားက Online Payment တခုကို ခွင့်ပြုချက်မရှိဘဲ ကိုယ့်ဆီမှာ လက်ခံသုံးစွဲနေတာ ရေရှည်ကျရင် ထိန်းချုပ်ရ ခက်လာလိမ့်မယ်။ အဲဒီအပေါ်မှာ သက်ဆိုင်ရာတာဝန်ရှိသူများက တစုံတရာမရိပ်စားမိရင်တော့ IQ နိမ့်လို့ပဲနေမှာပါ” ဟု ထောက်ပြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပမှ အွန်လိုင်းငွေပေးဆောင်မှု စနစ်တစ်ခုအား ပြည်တွင်း၌ ခွင့်ပြုချက် မရှိ တွင်ကျယ်စွာ အသုံးပြုနေခြင်းအပေါ် တစုံတရာ ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်သလို ထိုသို့သော ဝန်ဆောင်မှုများအား ပြည်တွင်းဘဏ်များအား ဆောင်ရွက်ခွင့်ပေးရန် ဖြေလျှော့ပေးသင့်ကြောင်း ၎င်းက ပြောသည်။

သို့ရာတွင် လက်ရှိအနေအထားအရ ပြည်တွင်းဘဏ်များအနေဖြင့် ထိုသို့သောဝန်ဆောင်မှုမျိုး ဆောင်ရွက်ရန် အကန့်အသတ်နှင့် စိန်ခေါ်မှုများ ရှိနေသေးသလို အဓိကအားဖြင့် နည်းပညာနှင့် အခြေခံ အဆောက်အအုံ မပြည့်စုံခြင်းတို့ ဖြစ်သည်ဟု ၎င်းက သုံးသပ်ပြသည်။

ထို့အတူ တရုတ်နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး အစဉ်အလာအရ နိုင်ငံရေးနှင့်စီးပွားရေးအပေါ် သီးခြားစီ ခွဲထား မှုအားနည်းကြောင်း၊ အကယ်၍ နိုင်ငံရေးအရ စဉ်းစားစရာများ ဖြစ်လာပါက စီးပွားရေးအပေါ် တွင်လည်း မူဝါဒ အပြောင်းအလဲ မကြာခဏ ပြုလုပ်လေ့ရှိသည့် နိုင်ငံဖြစ်သောကြောင့် ထိုအချက်ကိုလည်း ထည့်သွင်း စဉ်းစားကာ မိမိနိုင်ငံအကျိုးစီးပွားအတွက် တင်ကြိုကာကွယ်မှုများ လုပ်ထားရန် လိုအပ်လိမ့်မည်ဟု ဦးသန်းလွင်က ပြောသည်။

ကျောက်စိမ်း၏ အဓိကဝယ်လက်ဖြစ်သော တရုတ်၏ ဝယ်လိုအား ကျသွားသောအချိန်၌ ဈေးကွက်ပျက်ခဲ့ရ သော မြန်မာကျောက်စိမ်းကဏ္ဍသို့ We Chat စနစ်က အခြေခံကျောက်သမား အများစုအတွက် ပြန်လည်အသက်ရှုချောင် စေခဲ့သော်လည်း We Chat Pay ကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများလည်း ဆုံးရှုံးနေ ဆဲဖြစ်သည်။

၃ နှစ်ကာလအတွင်း မန္တလေးကျောက်စိမ်းဈေးကွက်၏ ၅၀ ရာခိုင်နှုန်းကျော် မှီခိုလာရသည့် အထိ WeChat သည် မြန်မာကျောက်မျက်လောကအတွင်း အမြစ်တွယ်လာသလို ထိုအရောင်းအဝယ်မှတဆင့် နိုင်ငံအတွက် ရသင့် ရထိုက် သောအခွန်အခများဝင်လာရန် သက်ဆိုင်ရာတာဝန်ရှိဌာနများက ခိုင်မာသောမူဝါဒများ ချမှတ်ရန် လိုအပ်နေပြီ ဖြစ်သည်။

The post တရုတ် We Chat ယဉ်ကျေးမှုနှင့် မန္တလေး ကျောက်ဈေးကွက် appeared first on ဧရာဝတီ.


ကွတ်ခိုင်က မအီဘူး နှင့် တဲအိမ်ကလေး

$
0
0

အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင် ပတ်လည်ကြား ပလောင် ထဘီနှင့် နွမ်းရော်နေသည့် အဝါရောင် အနွေးထည် ကို ဝတ်ဆင်ထားသော ပိန်ပါးပါး ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီး တဦးသည် ဝါးခြမ်းပြားများဖြင့် ပြုလုပ်ထားသည့် ခြံစည်း ရိုး တန်းများကို ဆုပ်ကိုင်ကာ ခြံဝန်း အတွင်းဘက်သို့ တွေတွေကြီး ငေးကြည့်နေသည်။

ထိုအမျိုးသမီး၏ ကျောပေါ်တွင် လသားအရွယ် ကလေးငယ်တဦးကို လွယ်ထားသလို အောက်တွင်လည်း ၂ နှစ်၊ ၃ နှစ် ခန့်အရွယ် ကလေးငယ် ၂ ဦးလည်း တွေ့ရသည်။ နောက်ကျောဘက်က ရွာလမ်းမပေါ်တွင် အထုပ်အပိုးများ ကိုယ်စီ ထမ်းပိုးကာ သွားနေသည့်သူများကိုပင် သတိမူမိဟန် မရပေ။

အမျိုးသမီး စိုက်ကြည့်နေသည့်ဘက်တွင် ၁၀ ပေ၊ ၁၅ ပေခန့် လယ်စောင့်တဲသာသာရှိ ဝါးထရံကာ၊ သွပ်မိုး အိမ်လေး တလုံးရှိသည်။

လက်နက်ကြီးထိမှန်ခဲ့သော လူ ၇ ဦးနေထိုင်သည့် မအီဘူး၏ တဲအိမ်ကလေး (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

ထိုအိမ်ကလေးသည် ကွတ်ခိုင်မြို့နှင့် ၈ မိုင်ခန့် ဝေးသော လွယ်ပယ် စုစည်းကျေးရွာတွင် ရှိပြီး သြဂုတ်လ ၂၃ ရက်နေ့ည ၈ နာရီခန့်က ကျမှန် ပေါက်ကွဲခဲ့သော လက်နက်ကြီး ကျည်စများ၏ ထုတ်ချင်းဖောက် ခံထားရကာ တအိမ်လုံး ဆန်ခါပေါက် ဖြစ်နေပါသည်။

အိမ်ကလေး၏ တံခါးဝတွင် အနီရောင် ကျောင်းလွယ်အိတ် ၂ လုံးမြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ထိုလွယ်အိတ် ၂ လုံး ဘေးတွင် ပထမတန်းနှင့် တတိယတန်း ကျောင်းစာအုပ်များလည်း ပြန့်ကျဲလျက် ရှိသည်။

ပထမတန်း မြန်မာစာအုပ်လေးမှာ လက်နက်ကြီးစ ထိမှန်ပြီး အလယ်ဗဟိုတည့်တည့်မှ ထုတ်ချင်းဖောက် ထိမှန်ခံထား ရ သလို တတိယတန်း ကျောင်းစာအုပ်များမှာလည်း တအုပ်မှ ရစရာ မကျန်အောင် စုတ်ပြဲနေသည့် မြင်ကွင်းသည် ကာယကံ ရှင် ကျောင်းသားအတွက်တော့ စိတ်မကောင်းစရာပင်။

တဲအိမ်ကလေးကို သံယောဇဉ် မပြတ်ဘဲ ခြံစည်းရိုးဘေးမှ တွေးငေးနေသော မအီဘူး (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

မြင်ကွင်းကို ကလေးငယ် သုံးယောက်နှင့် ခြံစည်းရိုးတန်း ကိုင်၍ တွေတွေကြီး ငေးကြည့်နေသူသည် ပလောင် တိုင်းရင်းသူ မအီဘူး ဖြစ်သည်။

ထိုအိမ်ကလေးသည် မအီဘူးတို့အိမ် ဖြစ်ပြီး မဖိတ်ခေါ်ဘဲ ရောက်လာသော လက်နက်ကြီးကျည်ကြောင့် ယခုဆိုလျှင် သူတို့သည် သောကများဖြင့် ပူလောင်နေပေမည်။

လက်နက်ကြီး ကျမှန် ပေါက်ကွဲမှုကြောင့် ပလောင် တိုင်းရင်းသား အများစု နေထိုင်သည့် လွယ်ပယ် တရွာလုံး ဘေးလွတ် ရာသို့ သွားရောက် ပုန်းရှောင်ရန် အထုပ်အပိုးများ ဆွဲ၍ ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ထိုသူများတွင် မအီဘူးတို့ မိသားစုလည်း အပါအဝင် ဖြစ်ပြီး သူတို့မိသားစု ပျော်ရွှင်စွာနေခဲ့သော အိမ်ကလေးကို စွန့်ခွာ သွားရမည်ဖြစ်၍ ခြံစည်းရိုးတန်းကိုင် တွေငေးနေသည်လည်း ဖြစ်နိုင်ပါသည်။

လက်နက်ကြီးထိမှန်၍ ပျက်စီးသွားသော ကျောင်းစာအုပ်များ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

အိမ်ကလေးတွင် မအီဘူးအပါအဝင် ယောက္ခမ၊ ခင်ပွန်း၊ သားသမီး ၄ ဦး စုစုပေါင်း လူ ၇ ဦး အတူ နေထိုင်ကြသည်။ ထို တဲအိမ်ကလေးက လူ ၇ ဦးနေထိုင်ရန်အတွက် ကျဉ်းလွန်းလှသည်။ အိပ်ဖို့ရာအတွက် ကျောတခင်းစာဟုပင် ဆိုရမည် ဖြစ်ပါသည်။

တဲအိမ်လေးကို ၂ ခန်းခွဲထားသည်။ အိမ်ရှေ့ခန်းတွင် ထမင်းဟင်းချက်သည်။ ထိုမီးဖိုဘေးတွင် အဘွားဖြစ်သူနှင့် အကြီးဆုံး သမီးလေးက ပီနံအိတ်များခင်း၍ အိပ်ကြသည်။ အတွင်းခန်းတွင်တော့ မအီဘူး၊ ခင်ပွန်းနှင့် ကလေးငယ် ၃ ဦး အိပ်ကြရသည်။

၁၁ နှစ်အရွယ် အကြီးဆုံး သမီးလေးက တတိယတန်း ကျောင်းတက်နေသည်။ သားအလတ် မောင်လေးက ပထမတန်း ကျောင်းသားဖြစ်သည်။

သူတို့မောင်နှစ်မ ၂ ဦးစလုံး ဖယောင်းတိုင် မီးဖြင့် ထိုအိမ်ထဲတွင်ပင် စာကျက်သည်၊ ထိုအိမ်လေးတွင်ပင် ရှိသည့် နေ့ဖို့ ညစာ ကလေးများဖြင့် မိသားစု ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြသည်ဟု ဆိုသည်။

လက်နက်ကြီးကျည် ထိမှန်၍ ဆေးကုသနေရသော မအီဘူး၏ သမီးကြီး (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

မြေနိမ့်ရာ လှံစိုက် ဆိုသည့်စကားက မအီဘူးတို့ မိသားစု အတွက်တော့ သွေးထွက်အောင် မှန်နေသလိုပင်။ ပေါက်ကွဲ သွားသော လက်နက်ကြီးစများသည် သူတို့၏ တဲအိမ်ကလေးကို ထုတ်ချင်း ပေါက်သွားသည် အထိ ပျက်စီးဆုံးရှုံး စေခဲ့ ပါသည်။

အိမ်ထဲတွင် နေထိုင်သည့် လူ ၇ ဦးအနက်မှ ယောက္ခမ၊ ခင်ပွန်းနှင့် အသက် ၁၁ နှစ်အရွယ် သမီးကြီးတို့ လက်နက်ကြီး ကျည်စများ ထိမှန် ခံခဲ့ရသည်။ ရွာသူ၊ ရွာသားများ၏ ကူညီမှုဖြင့် ၃ ဦးလုံးကို ဆေးကုသမှု ခံယူနိုင်ရန် ညချင်းတွင်း ကွတ်ခိုင် မြို့ပေါ်က ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြသည်။

မအီဘူးကတော့ ကလေး ၃ ယောက်နှင့် ထိုအိမ်ကလေးထဲတွင် သွေးပျက်စွာ ကျန်ရစ်ခဲ့သည်။ ယောက္ခမ၊ ခင်ပွန်းနှင့် သမီးကြီးကို စိတ်ပူနေသော်လည်း ထိတ်လန့်သွားသည့် ကလေး ၃ ဦး အနားတွင် သူရှိနေရန် လိုအပ်သည်။

“ကျမကလေးတွေက အခုအချိန်ထိ လန့်ပြီး စကားမပြောနိုင်သေးဘူး”ဟု ရှင်းပြသည်။

လက်နက်ကြီးကျည် ထိမှန်၍ ဆေးကုသမှု ခံယူနေရသော မအီဘူး၏ ယောက္ခမ ဖြစ်သူ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

ညက ဖြစ်ပျက်ခဲ့သော မြင်ကွင်းကို ပြန်ပြောပြရန်ပင် ခက်ခဲနေပုံရသည်။ မျက်နှာ ပေါ်တွင်လည်း စိုးရိမ် ထိတ်လန့်နေ သည့်အရိပ်က အထင်အရှား ပေါ်လွင်နေပါသည်။

တကြိမ်မျှ မကြုံဘူးခဲ့ကြသော ထိုပေါက်ကွဲမှုကြောင့်ပင် တရွာလုံးက ဘေးလွတ်ရာကို သွားရောက်ခိုလှုံကြရန် အထုပ် အပိုးများ ပြင်ဆင်နေကြရသည်။ ရွာလယ်လမ်းမပေါ်နှင့် ဘုန်းကြီးကျောင်းထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများက အထုပ်ကိုယ်စီ ဆွဲထွက်လာနေကြသည်။

မွေးဖွားရန် နေ့စေ့၊ လစေ့ ကိုယ်ဝန်ဆောင်သည်မိခင်တချို့ကိုပါ တွေ့ရသည်။ အမျိုးသားများကမူ ရွာတွင် ကျန်ရှိနေ သည့် ကျွဲ၊ နွား တိရစ္ဆာန်နှင့် တောင်ယာများကို စောင့်ကြည့်ရန် အတွက် ကျန်ခဲ့ကြရမည် ဖြစ်သည်။

ကွတ်ခိုင်မြို့ပေါ်ရှိ လူမှုကူညီရေး အသင်းများက ထိုကျေးရွာသို့ ရောက်လာကြပြီး ရွာသူရွာသားများကို ဘေးလွတ်ရာ မြို့ပေါ် ကယ်ဆယ်ရေး စခန်းများထံ ခေါ်ဆောင်သွားရန် ပြင်ဆင်ကြသည်။

မအီဘူးလည်း ကလေးသုံးယောက်နှင့်အတူ စောင်၊ ခေါင်းအုံးနှင့် အဝတ်အထည်များကို ပီနံအိတ်ထဲ ထိုးထည့်ပြီး ဆန်ခါပေါက်ဖြစ်နေသည့် တဲအိမ်လေးကို ကျောခိုင်း၍ ကွတ်ခိုင်မြို့ပေါ်သို့ လိုက်ပါ လာခဲ့ရသည်။

လက်နက်ကြီးကျ၍ ကွတ်ခိုင်မြို့ပေါ်သို့ ပုန်းရှောင်ရန် သွားနေကြသည့် လွယ်ပယ် ရွာသူရွာသားများ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

ကယ်ဆယ်ရေးကားနှင့် လိုက်ပါလာသော်လည်း တောင်ကုန်းပေါ်တွင် အထင်းသားမြင်နေရသော သူတို့ ရွာကလေး အား ကလေးသုံးဦးကို ပွေ့ပိုက်ထားရင်း မြင်ကွင်းက ပျောက်ကွယ်သွားသည် အထိ ငေးကြည့်နေသည်။

မအီဘူးကို အသက်မေးကြည့်တော့ သူ့အသက်ကိုပင် သူမသိဘဲ ဖြစ်နေသည်။ သူ့အမျိုးသားနှင့် အသက် လပိုင်းသာ ကွာသည်ဟု ခင်ပွန်းသည် ပြောစကားကို မှတ်ထားသည့်အတိုင်း ပြန်ပြောသည်။ ခင်ပွန်းသည်မှာ အသက် ၃၄ နှစ် ဖြစ်ကြောင်း ဆေးရုံမှတ်တမ်းအရ သိလိုက်ရသည်။

ထို့အတူ ၎င်း၏ ကလေး ၄ ယောက် အသက်ကိုမေးသည့် အခါတွင်လည်း “အိမ်က စာရွက်ထဲမှာပဲ ရှိတယ်”ဟု ပြော သည်။

ရိုးအလွန်းသော မအီဘူးတို့မိသားစု လက်နက်ကြီး ကျည်ကြောင့် တကွဲတပြား ဖြစ်သွားခဲ့ရသည်။ နေစရာ အရိပ် ကလေး လည်း ပြိုပျက် သွားခဲ့ရသည်။

မအီဘူးတို့ မိသားစုသည် တနေ့လုပ်၊ တနေ့စား အခြေအနေသာဖြစ်၍ ယောက္ခမ၊ ခင်ပွန်းနှင့် သမီးကြီးတို့ ရရှိထား သော ဒဏ်ရာများကို ဆေးကုသရန် နှင့် ပျက်စီးသွားသော တဲအိမ်ကလေးကို ပြန်လည် တည်ဆောက်ရန် အတွက် ခက်ခဲ နေမည်ဟု တွေးမိသည်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် လေ့ကျင့်ရေး စစ်သင်တန်းကျောင်း အပါအဝင် နေရာ ၆ ခုကို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သော ရက္ခိုင်စစ်တပ် (AA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က တပြိုင်တည်း တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြား ရှမ်းမြောက် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သော ပြည်ထောင်စု လမ်းမကြီး တလျှောက်တွင် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ခဲ့ပြီး ထိုပစ်ခတ်မှုများ က လမ်းမကြီး အနီးရှိ ကွတ်ခိုင် မြို့နယ်အတွင်းက လူနေကျေးရွာများထဲအထိ ကျည်ဆန် ကျမှန်မှုများ ဖြစ်ပွားခဲ့သည်။

မအီဘူးတို့ ခြံဝန်းထဲကိုလည်း ထိုတိုက်ပွဲများကြားက လက်နက်ကြီးကျည် ကျမှန်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးကျ၍ ကွတ်ခိုင်မြို့ပေါ်သို့ ပုန်းရှောင်ရန် သွားနေကြသည့် လွယ်ပယ် ရွာသူရွာသားများ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

သို့သော် ပစ်ခတ်ခဲ့မှုများနှင့် ပတ်သက်ပြီး ကာယကံရှင်များက ဝန်ခံခြင်း မရှိခဲ့ပေ။

ရွာသူရွာသားများကလည်း “သိရင်တောင် ဒုက္ခထပ်ပေးမှာစိုးလို့ မပြောရဲဘူး”ဟု ပြောဆိုကြသည်။

တာဝန်ယူမှုကင်းမဲ့သော ထိုပစ်ခတ်မှုကြောင့် မရှိဆင်းရဲသား မိသားစုဘဝများ ဒုက္ခကြုံကြရသည်။ မအီဘူး တို့လို သာမန်မိသားစုလေး အတွက်လည်း ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်ခဲ့ရသည်။

မအီဘူးကမူ ကွတ်ခိုင်မြို့ စစ်ဘေးရှောင်စခန်းသို့ ပို့ဆောင်ပေးမည့် ကယ်ဆယ်ရေး ကားနှင့် လိုက်ပါလာရင်း ကလေး သုံးယောက်ကို ပွေ့ဖက်ကာ တွေတွေကြီးသာ တွေးနေတော့သည်။

သူ့ အတွေးထဲတွင် ခင်ပွန်း၊ သမီးနှင့် ယောက္ခတို့၏ ဒဏ်ရာ အခြေအနေကို စိတ်ပူနေလား၊ ရွာထဲကို လက်နက်ကြီး ကျည် ထပ်ကျမည်ကို စိုးရိမ်နေလား၊ ပျက်စီးသွားသော အိမ်လေး ပြန်မပြင်နိုင်မည်ကို စိုးရိမ်နေသလား မသိနိုင်ပေ။

လက်နက်ကြီးကျ၍ ကွတ်ခိုင်မြို့ပေါ်သို့ ပုန်းရှောင်ရန် သွားနေကြသည့် လွယ်ပယ် ရွာသူရွာသားများ (ဓာတ်ပုံ – ဇော်ဇော်/ဧရာဝတီ)

သို့မဟုတ် ပျက်စီးသွားသော ကလေး ကျောင်းစာအုပ်လေးများ ပြန်မဝယ်ပေးနိုင်မည်ကို စိုးရိမ်နေသည့် အခြေအနေမှ စ၍ ယခင်ကကဲ့သို့ တဲအိမ်ကလေးထဲတွင် မိသားစု စုံစုံညီညီဖြင့် မနေနိုင်တော့မည့် အရေး စိုးရိမ်မှုများကို တွေးတော နေခြင်းလည်း ဖြစ်နိုင်ပါသည်။

မအီဘူး မည်သည့်အရာ တွေးတောနေသည်ကို အသေအချာ မသိရသော်လည်း သူ၏ မျက်ဝန်းထဲတွင် ပူပင် သောက အရိပ်များ လွှမ်းနေသည်ကိုတော့ တွေ့မြင်နေရပါသည်။

သေချာသည်ကတော့ မအီဘူး အနေဖြင့် သူ၏ တဲအိမ်ကလေးကို အကောင်းအတိုင်း ပြန်လိုချင်နေလိမ့်မည် ဆိုသည် ပင် ဖြစ်ပါသည်။ ။

The post ကွတ်ခိုင်က မအီဘူး နှင့် တဲအိမ်ကလေး appeared first on ဧရာဝတီ.

ရပ်ထဲရွာထဲအထိ ရောက်လာတဲ့ မြေမြှုပ်မိုင်း နဲ့ ကျီးလန့်စာစား ဘဝများ

$
0
0

ဝုန်းခနဲ မြေကြီးအောက်က ပွင့်ထွက်လာတဲ့ အသံနဲ့ အတူ ဦးခေါန်ဒိုင် နင်းထားတဲ့ မြေနေရာကနေ ၂ ပေလောက် အကွာ ကို လွင့်ထွက်သွားပါတယ်။

သတိဝင်တာနဲ့ ချက်ချင်း မိုင်းနင်းမိပြီ ဆိုတာကို ဦးခေါန်ဒိုင် သိလိုက်ပါပြီ။ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ ကြီးကြီး မားမား ဒဏ်ရာ မရ။

ခြေထောက်မှာတော့ သွေးတွေ တစိမ့်စိမ့် စီးကျနေပေမယ့် လမ်းလျှောက်နိုင်သေးတာကြောင့် ရွာက အမျိုးတွေ လာခေါ် ပေးဖို့ ဖုန်းဆက်၊ သူကိုယ်တိုင်လည်း မိုင်းကွဲတဲ့ နေရာနဲ့ ဝေးနိုင်သမျှ ဝေးဖို့ အားပြုရင်း ထွက်ပြေးလာတယ်လို့ ဦးခေါန်ဒိုင် က ပြောပြပါတယ်။

“သူတို့နဲ့ တွေ့မှာကို ကျနော် ကြောက်တယ်။ မိုင်းကွဲသံကြားရင် သူတို့ဆင်းလာပြီ။ မိုင်းထိတဲ့လူဆိုရင် သူတို့က ဆေး ထိုး တယ်။ ဆေးအထိုးမခံချင်လို့ ကျနော်လည်း သတိဝင်တာနဲ့ ချက်ချင်း ထွက်ပြေးလာတာ”လို့လည်း ဦးခေါန်ဒိုင်က ပြောပါတယ်။

ဦးခေါန်ဒိုင်ပြောတဲ့ သူတို့ဆိုတာ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)ကို ပြောတာပါ။

ဦးခေါန်ဒိုင် နေထိုင်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ထဲက ကျေးရွာတွေထဲမှာ မိုင်းထိတာ နဲ့ ပတ်သက်ရင် အကြောက်တရား နှစ်ခု ရှိပါတယ်။

တခုကတော့ မိုင်းထိပြီ ဆိုတာနဲ့ အပြင်ကို အသိမခံချင်လို့ ဆေးရုံမပို့ဘဲ အစဖျောက်ခံရမှာ စိုးရိမ်ရတာနဲ့ရယ်၊ နောက် တခုကတော့ TNLA ထောင်ထားတဲ့ မိုင်းကို ကျွဲပဲ နင်းနင်း၊ လူပဲနင်းနင်း ထိခိုက်တာ ဖြစ်ဖြစ် အသက်ပဲ ဆုံးဆုံး၊ မိုင်း တလုံးကွဲရင် ကျပ် ၅ သိန်း လျော်ကြေးပေးရမယ် ဆိုတာပါပဲ။

မိုင်းထိလို့ ကိုယ်လက်အင်္ဂါ ထိခိုက်ချို့ယွင်းရင် သေဆုံးရင်တော့ မငြိမ်းချမ်းတဲ့ ဒေသမှာ လူဖြစ်လာရလို့ ဘဝကံ အကြောင်း ကြောင့်သာလို့ အပြစ်ပုံချကြလေ့ ရှိပေမယ့် မိုင်းနင်းမိတဲ့ အခါ ဆေးရုံမရောက်ဘဲ အသက်သေဆုံးရမှာ လျော်ကြေးပေးရမှာကိုတော့ မိုင်းငေါ့မြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်ကြသူတွေဟာ စိုးရိမ်ကြပါတယ်။

အဲဒီ အကြောက်တရားတွေကြောင့်လည်း ဦးခေါန်ဒိုင်ဟာ မိုင်းထိထိချင်း ရွာက ဆွေမျိုးတွေ လာခေါ်တာတောင် မစောင့် နိုင်တော့ဘဲ ရှိတဲ့အားကို အကုန်သုံးပြီး ဝေးနိုင်သမျှ ဝေးဝေးကို ထွက်ပြေးခဲ့တာပါ။

သူမိုင်းထိပြီး နောက်နှစ်ရက်နေတော့ သူ့နေရပ်ရင်း ဆမ်ဆစ်ရွာကို TNLA စစ်သားတချို့ ရောက်လာကြပါတယ်။

ဒေသခံတွေ ပြန်ပြောပြတာက မိုင်းပေါက်ကွဲတဲ့ အကြောင်း လာစုံစမ်းရင်း ဦးခေါန်ဒိုင် မိုင်းထိတဲ့ နေရာမှာ မိုင်း ၃ လုံး ထောင်ထားတာ ဖြစ်ကြောင်းနဲ့ ကွဲသွားတဲ့ ၁ လုံးက ဘယ်တခု ဆိုတာကို ပြောဆိုပြီး ပြန်သွားကြတယ်ဆိုတာပါပဲ။

ဦးခေါန်ဒိုင် မိုင်းထိတဲ့ နေရာက တောထဲတောင်ထဲ လူသူမပေါက်ရောက်တဲ့ နေရာ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တပ် စခန်းတွေ ရှိတဲ့ နေရာမျိုးလည်း မဟုတ်ပါဘူး။

မိုင်းငေါ့မြို့နယ် ကျေးရွာထဲက ဒေသခံတွေ ကျွဲနွားကျောင်းနေကြ စားကျက်မြေလည်းဖြစ် ဆမ်ဆစ်ရွာကနေ ဟင်းကျိုင်း ကျေးရွာကို သွားတဲ့ လမ်းမကြီးနားက ယာခင်း အနီးတဝိုက်မှာ ကျွဲကျောင်းရင်း မိုင်းထိတာပါ။

တပ်မတော်ဘက်ကတော့ ဦးခေါန်ဒိုင်ကို ထိခိုက်ဒဏ်ရာ ရအောင် ပေါက်ကွဲတဲ့ မိုင်းဟာ တိုက်မိုင်း အမျိုးအစား ဖြစ် တယ် လို့ သတင်း ထုတ်ပြန်ထားပါတယ်။

ဦးခေါန်ဒိုင်ဟာ ကံကောင်းထောက်မစွာနဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရလိုက်ဘဲ ခြေထောက်နဲ့ လက်ချောင်း တွေမှာ သာ မိုင်းစတွေ ထိတာကြောင့် ကျောက်မဲဆေးရုံမှာ ဆေးကုသမှု ခံယူပြီး အခုဆိုရင် လူကောင်းအတိုင်း တောင်ယာ လုပ်ငန်းခွင်မှာ ပြန်ဝင်နေပါပြီ။

နမ့်တွေ ကျေးရွာအနီး မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိထားသည့် ဦးထွန်းဦး /ထက်ဝေ/ဧရာဝတီ

ကံဆိုးတာကတော့ ဦးခေါန်ဒိုင်ရဲ့ အစ်ကိုအကြီးဆုံး ဦးကျော်သန်းနဲ့၊ တူတော်စပ်သူ ဒေါင်ဟောင်းပါ။ ဦးခေါန်ဒိုင် ဆေးရုံ တက်နေတုန်း ကျွဲကူကျောင်းပေးတဲ့ ဦးကျော်သန်းနဲ့ ဒေါင်ဟောင်းတို့ မိုင်း ထပ်နင်းမိကြပြန်ပါတယ်။

ဦးခေါန်ဒိုင် မိုင်းထိတာက စက်တင်ဘာ ၈ ရက်၊ ဦးကျော်သန်းနဲ့ ဒေါင်ဟောင်းတို့ မိုင်းထပ်နင်းမိကြတာကတော့ စက် တင်ဘာ ၁၆ ရက်ပါ။

မိုင်းထိဒဏ်ရာကြောင့် နေရာမှာပဲ ဦးကျော်သန်းကတော့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဒေါင်ဟောင်းကတော့ TNLA တပ်ဖွဲ့ဝင်တွေ ရောက်လာပြီးနောက်မှ သေဆုံးသွားတာပါ။

ဦးခေါန်ဒိုင်က“သူတို့ပလောင်စစ်သား ကိုယ်တိုင်ပဲ ပြောတာ။ ကျနော့် တူလေးကို ပတ်တီးစည်းပေးနေတုန်း မင်း ကချင် လူမျိုး အစစ်လား။ နောက်တယောက်က ဘာတော်လဲ မေးတာ အကုန်ဖြေနိုင်တယ်တဲ့။ ပတ်တီး စည်းပေးပြီး ဆေးထိုး လိုက်မှ ဆေးထိုးအပ်လည်း နုတ်ရော အသက်ဆုံးသွားတာလို့ ပြောတယ်”လို့ ပြောဆိုပါတယ်။

ဦးကျော်သန်းနဲ့ ဒေါင်ဟောင်းတို့ အလောင်းတွေကို TNLA တပ်ဖွဲ့တွေ ကိုယ်တိုင်ပဲ တောလမ်းကနေ ထမ်းချလာပြီး ချက်ချင်း မြေမြှုပ်သဂြိုဟ်ဖို့ ဓာတ်ပုံတွေ မရိုက်ကြဖို့ သတိပေးတယ်လို့ သိရပါတယ်။ သေနတ်တွေ လွယ်ထားပြီး စစ်သားတွေလည်း ဖြစ်တာကြောင့် ရွာသားတွေဟာ ကြောက်လန့်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

အလောင်းတွေ ဆမ်ဆစ်ရွာနားထိ သယ်လာတဲ့ မြင်ကွင်းကို မြင်ခဲ့ရတဲ့ အမျိုးသမီးတဦးက“သူတို့က မိုင်းထိသေတယ် ဆိုတာ အပြင်ကို သိစေချင်ပုံမရဘူး။ အဲဒီတုန်းက မိသားစုကိုတောင် ကြည့်ခွင့်၊ အလောင်းပြင်ခွင့် မပေးဘူး။ သူတို့ မျက်စိရှေ့တင် ချက်ချင်း မြေမြှုပ်ခိုင်းတာ”လို့ ပြောပြပါတယ်။

ဦးခေါန်ဒိုင်တို့ကတော့ သူတို့ရဲ့ မိသားစုဝင် နှစ်ဦးရဲ့ ဈာပနကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တာကြောင့် ခေါင်း တလားတွေ သေချာစီစဉ်ပြီး မြေမြှုပ်သဂြိုဟ်ဖို့ အလောင်းတွေကို အင်္ကျီတွေ လဲပေးခွင့်၊ ပြင်ဆင်ခွင့်ပေးဖို့ TNLA တပ် ဖွဲ့ဝင်တွေထံ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အစ်ကိုကြီး ဖြစ်တော့ သေသေချာချာ အခေါင်းတွေလည်း ကောင်းကောင်းလေးနဲ့ ကျနော်တို့က လုပ်ချင် တာ။ သူတို့က အင်္ကျီလဲခွင့်တောင် မပေးဘူး။ ချက်ချင်းကို မြေမြှုပ်ခိုင်းတာ”လို့ ပြောရင်း ဦးခေါန်ဒိုင်က ခေါင်းကို ခါ ရမ်း နေပါတယ်။

ဖြစ်ပျက်ပြီးခဲ့တဲ့ အကြောင်းတွေကို ပြန်ပြောပြနေရင်း မျက်ရည်တွေလည်း ဝဲလာပါတယ်။

မိသားစုဝင် နှစ်ဦး မိုင်းထိ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေရတာ သူ့အတွက်တော့ စိတ်ထိခိုက်စရာတွေ ချည်းပဲလို့ ပြောပါတယ်။

အသက်ကို ပြင်းပြင်းရှူရင်း ခေါင်းကို တချက်ပြန်မော့လိုက်ပြီး ဦးခေါန်ဒိုင်က“ကံကောင်းချင်တော့ တပ်မတော် စစ်ကြောင်း တွေ ဝင်လာပြီဆိုတဲ့ သတင်း ရောက်လာတယ်။ အဲဒီမှာ ပလောင်စစ်သားတွေ အကုန် ထွက်ပြေးသွား တယ်”လို့လည်း ပြောဆိုပါတယ်။

စစ်သားတွေ ထွက်သွားတော့မှ ဦးကျော်သန်းနဲ့ ဒေါင်ဟောင်းတို့ အလောင်းကို အခေါင်းတွေထဲ သေချာထည့်ပြီး မြန် မြန်ဆန်ဆန် သဂြိုဟ်လိုက်ကြရပါတယ်။

မိုင်းထိ ဒဏ်ရာများကြောင့် ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ဦးထွန်းဦးနှင့် ဦးကာလိန္ဒ /ထက်ဝေ/ဧရာဝတီ

TNLA တပ်ဖွဲ့ဝင်တွေ သတိပေး တားမြစ်ထားတာကြောင့် ဆမ်ဆစ်ရွာ ဒေသခံတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင် တွေဟာ အလောင်းတွေကို ဓာတ်ပုံ ရိုက်မယူရဲကြပေမယ့် ရွာကို အလည်အပတ် ရောက်နေသူ တဦးကတော့ ဓာတ်ပုံ တွေ ရိုက်ယူထားလိုက်ပါတယ်။

ဧရာဝတီကတော့ အဲဒီဓာတ်ပုံတွေကို ကြည့်ရှုခွင့် ရလိုက်ပါတယ်။

ဓာတ်ပုံထဲမှာ ဦးကျော်သန်းကတော့ ကျောဘက် ပွင့်ထွက်သွားတဲ့ ဒဏ်ရာအပြင် ခန္ဓာကိုယ်အနှံ့မှာလည်း မိုင်းစတွေ ကြောင့် ထိခိုက်ဒဏ်ရာတွေ ရထားတာ တွေ့ရပါတယ်။

မိုင်းငေါ့မြို့နယ်ထဲမှာတော့ ဒေါင်ဟောင်း သေဆုံးရတာ ခြေနှစ်ဖက်လုံး ပြတ်ထွက်သွားလို့ ဆိုပြီး သတင်းတွေ ပျံ့နေ ပေမယ့် ဓာတ်ပုံထဲမှာ အသေးစိတ်ဒဏ်ရာ အနေအထားတွေကို ရိုက်ယူထားချက် အရတော့ ဒေါင်ဟောင်းရဲ့ ဒဏ်ရာ တွေဟာ ခြေထောက်ပြတ်ထွက်တာ မရှိပါဘူး။ ညာဘက် ခြေသလုံးမှာ နှစ်လက်မခန့် အသားစတွေ ပွင့်ထွက်သွားတဲ့ ဒဏ်ရာနဲ့ ညာဘက် ခြေသလုံးမှာ ပွန်းပဲ့ဒဏ်ရာ တချို့ပဲ တွေ့ရပါတယ်။

ဆမ်ဆစ်ရွာဒေသခံ တဦး ပြောတာကတော့“ဒီဓာတ်ပုံတွေသာ လိုင်းပေါ် ပျံ့သွားရင် ကျနော်တို့ ရွာသူကြီး ဒုက္ခ ရောက် မှာ။ ကျနော်တို့ရွာ ဒုက္ခရောက်မှာ။ ဘယ်သူ့ကိုမှ မပြဘူး။ ဒါတွေကို အခု ပြပြီးရင်လည်း ကျနော် ဖျက်လိုက် တော့မယ်”လို့ ပြောပါတယ်။

ဦးခေါန်ဒိုင်တို့ မိသားစုတွေကတော့ ဒေါင်ဟောင်းဟာ မသေသင့်ဘဲ သေသွားရတယ်လို့ ပြောကြပါတယ်။

TNLA တပ်ဖွဲ့က ဘာဆေးမှန်းမသိဘဲ ထိုးပေးလိုက်တဲ့ ဆေးကြောင့် သေဆုံးတာ ဖြစ်နိုင်သလို ဆေးရုံကို အချိန်မီ ပို့ နိုင်ရင် ဒီနေ့အထိ အသက်ရှင်နေဦးမှာလို့ သူတို့ မိသားစုတွေက ပြောပါတယ်။

ဦးခေါန်ဒိုင်ကတော့“ခြေထောက်နှစ်ဖက်လုံး ဖြတ်ထုတ်ရတဲ့ သူတောင် အသက်ရှင်တာပဲလေ။ ဒေါင်ဟောင်းရဲ့ ဒဏ်ရာ က အဲဒီလိုမှ မများတာ”လို့လည်း ပြောဆိုပါတယ်။

ဦးကျော်သန်းနဲ့ ဒေါင်ဟောင်းတို့ သေဆုံးမှုအတွက် TNLA ဘက်က တဦးကို ကျပ် ၂ သိန်းစီ လာပေးသွားတယ်လို့ လည်း မိသားစုဝင်တွေထံက သိရပါတယ်။

ဦးခေါန်ဒိုင်ကတော့ မိုင်းထိပြီး ဒဏ်ရာတွေ ရထားပေမယ့် ဆေးကုသစရိတ် တစုံတရာ မရပါဘူး။ မိုင်းငေါ့မြို့နယ်ထဲက ကျေးရွာတွေမှာ မိုင်းကြောင့် ဒုက္ခရောက်နေရတာ ဦးခေါန်ဒိုင်တို့ မိသားစု တစုတည်းတော့ မဟုတ်ပါဘူး။

ကျွဲနွား မိုင်းထိပြီး သေဆုံးတာကလည်း ၇ ကောင်ထက်မနည်း ရှိနေပါပြီ။ မိုင်းငေါ့မြို့နယ်ထဲက ကျေးရွာတရွာမှာ နေထိုင်တဲ့ ဦးစိုင်းစံဆိုရင် သူ့ကျွဲတွေ မိုင်းထိပြီး သေတာ ၃ ကောင် ရှိပါပြီ။

မိုင်းငေါ့မြို့ ဆိုင်းဘုတ် /ထက်ဝေ/ဧရာဝတီ

“ကျွဲပဲထိထိ လူပဲ ထိထိ လျော်ကြေးပေးရမယ်ဆိုတာကလည်း သူတို့က ပြောထားတယ်။ ကျနော်တို့မှာလည်း လုပ်စား ကိုင်စား ဒါပဲ ရှိတာ။ ထိတော့ ကျနော်တို့ သွားတောင် မကြည့်ဘူး။ တိတ်တိတ်ပဲ နေလိုက်တာ”လို့ ဦးစိုင်းစံက ဆိုပါ တယ်။

မိုင်းငေါ့မြို့နယ်ထဲမှာ ကျေးရွာတရွာနဲ့ တရွာ တောင်ကုန်းတောင်တန်းတွေ ဖြတ်ပြီး သွားရတဲ့ လမ်းတွေကလည်း မလုံ ခြုံ ပါဘူး။

မိုင်းတွေ ထောင်ထားတယ်ဆိုတဲ့ သတင်းစကားတွေကြောင့် တောင်ပတ်လမ်း ကားလမ်းမကြီး အတိုင်းတောင် သတိနဲ့ သွားလာနေရတာလို့ ဦးစိုင်းစံက ပြောပါတယ်။

ဦးစိုင်းစံ ပြောသလိုပါပဲ။ မိုင်းငေါ့မြို့နယ် ကွင်းစလင်းကျေးရွာအုပ်စုထဲမှာ နေထိုင်တဲ့ ဦးကာလိန္ဒ ဆိုသူ ရွာသားတဦး သူ့လက်ဖက်ခြံမှာ လက်ဖက်ခူးပြီး လက်ဖက်အိတ်ကို ဆိုင်ကယ်နဲ့ တင်လို့ လမ်းမကြီးအတိုင်း ပြန်လာတာ စက်တင် ဘာ၂၅ ရက် မနက်ခင်းမှာ မိုင်းထိပါတယ်။

မိုင်းစတွေကြောင့် ဦးကာလိန္ဒရဲ့ ညာဘက်ခြေထောက် တခုလုံး ဒဏ်ရာတွေရပြီး အရိုးထိအောင် အသားစတွေ ပေါက် ထွက်သွားပါတယ်။ အသားစတွေ ပေါက်ထွက်တဲ့ နေရာက ၁ လက်မခွဲခန့်သာ ရှိလို့ ကိုယ်လက် အင်္ဂါ ဆုံးရှုံးမှုတော့ မရှိပါဘူး။ ညာဘက်ပေါင်ရင်းနားမှာလည်း မိုင်းစတစ ဝင်ပြီး လက်မ လက်သည်းခွံလောက် အပေါက် တပေါက် ဖြစ် သွားပါတယ်။ ဦးကာလိန္ဒက လက်ရှိမှာတော့ ကျောက်မဲမြို့ဆေးရုံရဲ့ အရိုးကုသဆောင်မှာ ဆေးကုသ နေရပါတယ်။

သူ့ဒဏ်ရာတွေကို ပြရင်း ဦးကာလိန္ဒက“အဲဒီနေ့က ဆိုင်ကယ်သာ မပါရင် ကျနော်တော့ တစစီဖြစ်မှာ။ မိုင်းထိ တော့ ဆိုင်ကယ်က တစစီ အကုန်ပြုတ်ထွက်သွားတယ်”လို့ ဆိုပါတယ်။

ဦးကာလိန္ဒရဲ့ နောက်မှာ ခြေလျင်လျှောက်ပြီး လက်ဖက်ခြံက ပြန်လာတဲ့ သူငယ်ချင်းနဲ့ တွေ့တော့မှ ရွာကို ဆက်သွယ် ပြီး ရွာက အသိတွေ လာထမ်းသယ်ပြီးမှ ဆေးရုံကို ရောက်လာခဲ့တာပါ။

ဦးကာလိန္ဒဆိုရင် ရွာမှာ လက်ဖက်ခြံကိုပဲ အားထားပြီး သူတို့ လင်မယား စားဝတ်နေရေး အတွက် ဝင်ငွေရှာနေရတာ ဖြစ်လို့ မိုင်းထိတဲ့နေ့မှာ ဆိုင်ကယ်လည်းဆုံး၊ လက်ဖက်တွေလည်း ဆုံးသွားတာကြောင့် ဆေးကုသစရိတ်၊ လူနာ စောင့် စရိတ်တောင် ခက်ခက်ခဲခဲ သုံးစွဲနေရပါတယ်။

ဦးကာလိန္ဒရဲ့ ဇနီးဖြစ်သူ ဒေါ်အေးခမ်းကတော့“ကျမတို့ ဆင်းရဲတယ်။ ဆင်းရဲသားမို့ သိပ်မတတ်နိုင်ဘူး။ အခု ဆေးရုံ တက်နေတာဆို ငွေ ၁ သိန်းလောက်တော့ ကုန်နေပြီ။ ပိုက်ဆံမရှိတော့ သားသမီးတွေကို ထိုင်းမှာ အလုပ်လုပ်ဖို့ လွှတ် ထားတာ သူတို့ဆီက နည်းနည်းစီ ပြန်တောင်းနေရတယ်”လို့ ပြောပါတယ်။

ယွင်းစလင်း ကျေးရွာအနီး မိုင်းနင်းမိသဖြင့် ဆေးကုသမှု ခံယူနေရသည့် ဦးကာလိန္ဒ /ထက်ဝေ/ဧရာဝတီ

ဦးကာလိန္ဒရဲ့ ဆေးရုံခုတင်ဘေးက စားပွဲမှာ ကျွတ်ကျွတ်အိတ် အကြည်နဲ့ ထုပ်ထားတဲ့ ထမင်းဖြူ ၁ ထုပ်၊ ကြက်သား ကြော် ၁ ထုပ်က လွဲရင် လူနာအားရှိအောင် စားနိုင်ဖို့ အစားအစာတွေ၊ ဖြည့်စွက်စာတွေ၊ အာဟာရတွေ တခုမှ မတွေ့ရ ပါဘူး။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ ဦးကာလိန္ဒ မိုင်းထိတာနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၆ ရက် ကြေညာ ချက်မှာ TNLA က ထောင်တဲ့ တိုက်မိုင်း အမျိုးအစား ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်မိုင်း ဆိုတာကတော့ လမ်းတဖက်မှာ မိုင်းကို မြေကြီးထဲ ခိုင်အောင် စိုက်၊ အဓိက စနက်တံ (Pin) ကို ကြိုးနဲ့ ချည် ပြီး လမ်းမမှာ ကန့်လန့်ဖြတ် အနေအထား ထောင်ထားတာပါ။ လမ်းသွားတဲ့သူက ကြိုးစကို ဖြတ်လျှောက်မိရင် ကြိုးကို ဆောင့်ဆွဲသလို ဖြစ်ပြီး စနက်တံ ပြုတ်ထွက် ပေါက်ကွဲတာ မျိုးပါ။

သတိနဲ့ သွားလာတဲ့ ရွာသူရွာသား တချို့ဆိုရင် တိုက်မိုင်း ထောင်ထားတဲ့ ကြိုးစကို တွေ့တာမျိုးတွေလည်း မိုင်းငေါ့ မြို့ နယ်ထဲမှာ ရှိပါတယ်။

ဆိုင်ကယ်စီးလာတာ၊ ကားမောင်းလာတာမျိုး ဆိုရင်တော့ ကြိုးလုံးသေးသေးလေးကို အလွယ်တကူ မတွေ့နိုင်တာ ကြောင့် ထိခိုက်ကြတာ ရှိသလို တောထဲတောင်ထဲ ခြုံနွယ်များတဲ့နေရာ ထောင်ထားရင်လည်း အလွယ်တကူ မတွေ့ နိုင်ပါဘူး။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား စစ်ရေး တင်းမာမှုတွေကြောင့် တဖက်နဲ့တဖက် ရန်သူ အဖြစ် သတ်မှတ်ထားတဲ့အခါ ရန်သူတပ်ဖွဲ့ လာရာလမ်းမှာ ထိခိုက်မှု ဖြစ်ဖို့၊ နှောင့်နှေးစေဖို့နဲ့ ရန်သူ့စစ်ကြောင်း လာနေ ပြီဆိုတာကို အသိပေးချက်အနေနဲ့ စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ မိုင်းထောင်ကြတာပါ။

ရံဖန်ရံခါ ရွာတရွာနဲ့ သွားတဲ့ လမ်းမကြီးတွေပေါ်မှာလည်း တိုက်မိုင်းတွေ ထောင်ထားတတ်ပြီး TNLA က ရွာသားတွေ ကို မသွားလာဖို့ ညမထွက်ဖို့ သတိပေးတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

အရပ်သားတွေ မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရတဲ့ အခါမျိုးမှာ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေက သူ့လက်နက် ကိုယ့် လက်နက်ဆိုပြီး အပြန်အလှန် ငြင်းဆိုကြတာတွေကလည်း ရှိပါတယ်။

မိုင်း ဆိုတာကတော့ ပေါက်ကွဲပြီးရင် အစအနလည်း ရှာမရတော့သလို ဘယ်သူ့ပစ္စည်း ဆိုတာလည်း အရပ်သားတွေ မသိနိုင်တာကြောင့် ဘယ်တပ်ဖွဲ့က ထောင်တဲ့ မိုင်းဆိုတာကတော့ အတိအကျ ဘယ်သူမှ မပြောနိုင်ကြပါဘူး။

တပ်ဖွဲ့ တဖွဲ့နဲ့ တဖွဲ့ကြား စစ်ရေးအရ ရန်သူကို ရည်ရွယ်ပြီး မိုင်းထောင်ကြပေမယ့် မိုင်းငေါ့မြို့နယ်ထဲမှာ ဆိုရင် ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေဟာ ဒေသခံတွေ သွားလာ လုပ်ကိုင် စားသောက်နေတဲ့ နေရာတွေပဲ ဖြစ်လို့ အရပ်သားတွေပဲ အထိနာကြရပါတယ်။

ဦးကာလိန္ဒ ဆေးကုသမှု ခံယူနေတဲ့ ခုတင်ရဲ့ ဘေးကပ်လျက် ခုတင်မှာတော့ နမ့်တွေ ကျေးရွာက မိုင်းထိလူနာ ဦးထွန်းဦး လည်း ရှိနေပါတယ်။

ဦးထွန်းဦးကလည်း သူ့ သူငယ်ချင်း ဦးစံလှ၊ သူတို့ မွေးထားတဲ့ ခွေးတကောင်နဲ့ အတူ ကျွဲလိုက် ရှာရင်း မိုင်းပေါက်ကွဲမှု ဖြစ်လို့ ဆေးရုံကို ရောက်နေတာပါ။ ဦးထွန်းဦး နေထိုင်တဲ့ နမ့်တွေကျေးရွာဟာ နမ့်ဆန်မြို့နယ်ထဲမှာ ရှိပါတယ်။ နမ့်တွေ ကျေးရွာဟာ မိုင်းငေါ့မြို့နယ် အဆုံး၊ နမ့်ဆန်မြို့နယ် အစမှာ တည်ရှိပြီး မိုင်းအန္တရာယ် စိုးရိမ်နေရတဲ့ ရွာတရွာပါ။

နမ့်တွေကျေးရွာကနေ ဆက်သွားရင် ခြုံသစ်၊ ခြုံဟောင်းရွာတွေကို ရောက်ပါတယ်။ အဲဒီရွာတွေဟာ စက်တင်ဘာလ မတိုင်ခင် အထိကတော့ TNLA ဝင်ထွက် သွားလာနေတဲ့ ရွာတွေဖြစ်ပြီး စက်တင်ဘာလ အတွင်းမှာတော့ TNLA နဲ့ စစ်ရေး ပြေလည်ခြင်း မရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့တွေက နေရာယူထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဦးထွန်းဦးတို့  မိုင်းထိတုန်းက ရွာနဲ့ မလှမ်းမကမ်း တောစပ်ထဲက ချောင်းအနားမှာ ထိကြတာပါ။

ဦးထွန်းဦးက“ချောင်းနားမှာဆိုတော့ မိုင်းထောင်ထားမယ် မထင်မိဘူးလေ။ တကယ်တမ်း မိုင်းထိတာက ကျနော့်ခွေး၊ ခွေးက နင်းမိလို့ မိုင်းက ပေါက်ပြီး ကျနော်တို့ နှစ်ယောက်ကို လာထိတာ”လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ခွေးက ပွဲချင်းပြီး သေဆုံးသွားပြီး ဦးစံလှကတော့ ညာဘက်ခြေထောက် ခြေဖဝါးတခုလုံး ပြုတ် ထွက်သွားပါတယ်။ ဦးထွန်းဦးဆိုရင်လည်း ညာဘက်ခြေဖနောင့်ကလည်း ပြတ်ထွက်သွားတာ အစတောင် ပြန်ရှာမရ တော့ပါဘူး။

ရွာက လူတွေကို ဖုန်းဆက်တော့မှ ထမ်းစင်နဲ့လာသယ်ပြီး ရွာထဲကို ခေါ်လာကြပါတယ်။ နမ့်တွေကျေးရွာဟာ မြေလမ်း အတိုင်း လမ်းလျှောက်သွားရင် မိုင်းငေါ့မြို့ကို ရောက်ဖို့ ၅ နာရီလောက် ခရီးနှင်ရမှာပါ။

ကားကလည်း မရှိ၊ ညမှောင်ရင်လည်း သွားလာရ ခက်ခဲတာကြောင့် မိုင်းထိတဲ့ ည တညလုံး ရွာမှာပဲ ဆေးဆရာမက ပတ်တီးစည်းပေးပြီး မနက်မိုးလင်းမှ မိုင်းငေါ့ဆေးရုံကို သွားပို့ ကြရပါတယ်။

ကျွဲ ကျောင်းရင်း မိုင်းနင်းမိသဖြင့် ခြေလက်များတွင် မိုင်းထိ ဒဏ်ရာများရရှိထားသည့် ဦးခေါန်ဒိုင်၊ ဦးခေါန်ဒိုင်၏ မိသားစုဝင် နှစ်ဦးသည်လည်း မိုင်းငေါ့မြို့နယ်အတွင်း မိုင်းနင်းမိသဖြင့် အသက်ဆုံးရှုံးထားသည်။ /ထက်ဝေ/ဧရာဝတီ

မိုင်းငေါ့က တဆင့် ပရဟိတအဖွဲ့တွေ ကားအကူအညီရမှ ကျောက်မဲမြို့ ဆေးရုံကို ရောက်လာကြတာပါ။ ဦးထွန်းဦးက တော့ ပြတ်ထွက်သွားတဲ့ ခြေဖနောင့်နေရာမှာ ပေါင်က အသားကို အစားထိုးပြီး ကုသထားရပါတယ်။

ဦးစံလှကတော့ ခြေဖဝါးပြတ်ထွက်သွားတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေနဲ့ လားရှိုး ဆေးရုံကို လွှဲလိုက်ရပါတယ်။

မိုင်းအတူ ထိတဲ့ သူငယ်ချင်း နှစ်ယောက်မှာ ဦးထွန်းဦးကတော့ ပေါင်ကအသား ခြေဖနောင့်မှာ အစားထိုးလို့ ရခဲ့ပေ မယ့် ဦးစံလှကတော့ ညာဘက် ဒူးအောက်ဘက်က ခြေထောက်ကို အပြီး ဖြတ်တောက် ပစ်လိုက်ရပါတယ်။

ဦးစံလှတို့ကလည်း ကျန်းမာရေးစရိတ် အတွက် ငွေကြေး တတ်နိုင်ကြသူတွေ မဟုတ်ကြပါဘူး။ ၇ နှစ်အရွယ် ကလေးကို ကျောက်မဲက ဆွေမျိုးတွေဆီ ပို့ထားခဲ့ပြီး လားရှိုးဆေးရုံမှာ ဆေးရုံ လာတက်နေရတာပါ။

ဇနီးဖြစ်သူ ဒေါ်နွမ်ခမ်းတယောက်တည်းသာ လူနာစောင့်အဖြစ် ရှိပြီး ဦးစံလှကို လားရှိုး ဆေးရုံရောက်အောင် သယ် လာရတဲ့ ကားခ၊ ဆေးကုသစရိတ်၊ လူနာစောင့် စရိတ်တွေနဲ့  ငွေ ၁၀ သိန်းလောက် ကုန်နေပြီလို့ သိရပါတယ်။

ဒေါ်နွမ်ခမ်းက“၁၀ သိန်းဆိုတာကလည်း အကုန် ကျမတို့ ပိုက်ဆံ မဟုတ်ဘူး။ ချေးရ ငှားရ တာတွေနဲ့ပါ။ လာကူတဲ့ သူတွေ ရှိပေမယ့် များများ မရှိပါဘူး။ ကားခတွေကလည်း အရမ်းဈေးကြီးတယ်”လို့ ပြောပြပါတယ်။

ဦးစံလှကို တပတ်အတွင်း ဆေးရုံဆင်းလို့ ရပြီလို့ ဆရာဝန်တွေက ပြောထားပေမယ့် ခြေတု အလှူရှင်ကလည်း မရ သေးပါဘူး။ ရှိတဲ့ငွေနဲ့ ချိုင်းထောက်တခု ဝယ်ပြီး အိမ်ပြန်ဖို့ စဉ်းစားထားတယ်လို့လည်း ဒေါ်နွမ်ခမ်းက ပြောပါတယ်။

ဆရာဝန်တွေရဲ့ ပြောဆိုချက် အရတော့ ဦးစံလှက ခြေထောက်ဖြတ်ထုတ်ထားတဲ့ အနာကျက်အောင် အသားကျ အောင် အချိန်ယူရဦးမှာ ဖြစ်လို့ ချက်ချင်းတော့ လယ်ယာလုပ်ငန်းခွင်နဲ့ လက်ဖက်ခြံတွေမှာ ပြန်အလုပ်လုပ်နိုင်ဦးမှာ မဟုတ်ပါ ဘူး။

ဒေါ်နွမ်ခမ်းကတော့“ဖြစ်လာသမျှ ကံပဲလေ။ ဘယ်သူ့ကိုမှ ကျမတို့ အပြစ်မတင်ချင်ပါဘူး။ သူမလုပ်နိုင်ရင် ကျမပဲ လက်ဖက်ခြံကို သွားရမှာပေါ့။ ဒီလို အဖြစ်ကြုံထားတော့ ကြောက်စိတ်တော့ ရှိတယ်”လို့ ပြောဆိုပါတယ်။

မိုင်းငေါ့မြို့နယ်ထဲမှာ မိုင်းပေါက်ကွဲမှုတွေဟာ ရပ်တန့်ခြင်း မရှိဘဲ ထပ်ပြီးထိခိုက်သူတွေ ရှိလာပါတယ်။ အောက်တိုဘာ ၁၄ ရက်မှာ မိုင်းငေါ့မြို့နယ် လွယ်ပျက်ကျေးရွာ အနီးမှာ သံဃာတော် ၃ ပါး မိုင်းထပ် နင်းမိကြ ပြန်ပါတယ်။

သံဃာတော် ၃ ပါးမှာ တပါးကတော့ နံရိုးထဲထိ မိုင်းစတွေ ဖောက်ဝင်သွားတာကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားပါတယ်။ ကျန်သံဃာ၂ ပါးမှာ တပါးက ခြေထောက်ရိုး ကျိုးသွားပြီး တပါးကတော့ မိုင်းစတချို့ ထိမှန်တဲ့ ဒဏ်ရာတွေပဲ ရရှိပါ တယ်။

မိုင်းငေါ့မြို့နယ်တွင်း TNLA အပြင် RCSS ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) အပြင် တပ်မတော် တို့လည်း လှုပ်ရှား သွားလာနေကြပေမယ့် ဒေသခံတွေကတော့ မိုင်းထောင်သူတွေဟာ TNLA တပ်ဖွဲ့တွေပဲ ဖြစ်ပြီး မိုင်းနင်းမိရင် လျော် ကြေးပေးရမယ်လို့လည်း TNLA တွေပဲ ပြောတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် တနေရာရာမှာ မိုင်းကွဲလို့ ထိခိုက်မှုတွေ ဖြစ်ပြီဆိုလည်း TNLA တပ်ဖွဲ့ဝင်တွေက ရွာထဲ လိုက်လာပြီး အခြေ အနေ စုံစမ်းတာတွေ ရှိတာကြောင့် အရပ်သားတွေ လတ်တလော ထိခိုက်နေတဲ့ မိုင်းတွေဟာ TNLA က ထောင်နေ တာလို့လည်း ပြောဆိုနေကြပါတယ်။

မိုင်းနင်းမိသဖြင့် ရရှိထားသည့် ဦးကာလိန္ဒ ၏ ခြေထောက်မှ ဒဏ်ရာများ /ထက်ဝေ/ဧရာဝတီ

TNLA တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ နယ်မြေ ဝန်းကျင်နားမှာ မိုင်းပေါက်ကွဲမှုတွေကြောင့် ထိခိုက်တာ သေဆုံးတာတွေ ရှိ နေပေမယ့် TNLA ဘက်ကတော့ သူတို့ တပ်ဖွဲ့တွေဟာ မြေမြှုပ်မိုင်း မသုံးဘူးလို့ ငြင်းဆိုထားပါတယ်။

ဧရာဝတီက TNLA  ရဲ့ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို မိုင်းအသုံးပြုမှုတွေနဲ့ ပတ်သက်လို့ သုံးကြိမ်ခန့် မေးမြန်းထားပါတယ်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က သူတို့တပ်ဖွဲ့တွေ အနေနဲ့ မြေမြှုပ်မိုင်း လုံးဝ အသုံးမပြုဘူးလို့ ငြင်းဆိုပါတယ်။ TNLA အနေ နဲ့ တက်နင်းရင်တောင် မကွဲတဲ့ ရီမုကွန်ထရိုး (အဝေးထိန်း) မိုင်းတွေကိုသာ အသုံးပြုတာလို့လည်း ဗိုလ်မှူး မိုင်းအိုက် ကျော်က ဆိုပါတယ်။

ရီမုကွန်ထရိုးမိုင်း ဟာလည်း လက်ကိုင်ဖုန်းတွေက ဖုန်းလာတဲ့အခါ ကြိမ်နှုန်း (Frequency Number) တူရင် ပေါက် ကွဲတတ်ပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေး အဖွဲ့က ၁၉၉၇ ခုနှစ်မှာ အိုတာဝါ သဘောတူစာချုပ်လို့ ခေါ်တဲ့ မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း သဘောတူစာချုပ် တစောင်ကို စတင် ရေးဆွဲပြီး နိုင်ငံ တနိုင်ငံချင်းစီ အလိုက်လည်း သဘောတူ လက်မှတ်ထိုးကြဖို့ ဆောင်ရွက်ခဲ့ပါတယ်။

စတင် ဆောင်ရွက်တဲ့ နှစ်ကနေ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ ဆိုရင် ကမ္ဘာမှာ နိုင်ငံပေါင်း ၁၆၂ နိုင်ငံက မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို လက်ခံထားကြပါပြီ။ နိုင်ငံပေါင်း ၁၂၀ ကတော့ ထပ်ဆင့် ပေါက် ကွဲစေတဲ့ လက်နက်ပစ္စည်းတွေ အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခြင်း ဆိုင်ရာ သဘောစာချုပ်မှာ လက်မှတ် ထိုးထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ စာချုပ်စာတမ်း နှစ်ခုလုံးမှာ ပါဝင်လက်မှတ် ရေးထိုးခြင်း မရှိသေးပါဘူး။

မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေး အဖွဲ့က မြန်မာနိုင်ငံကို စာချုပ်နှစ်ခု လက်မှတ်ရေးထိုးဖို့ တိုက်တွန်း ပေမယ့်၂၀၁၇ ခုနှစ် ဇွန်လမှာ နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့က လတ်တလော လက်မှတ်ရေး ထိုးဖို့ မရှိသေးကြောင်းနဲ့ လက်မှတ်ရေးထိုး လာနိုင်မယ့် အချိန်ကိုလည်း မပြောဆိုနိုင်သေးကြောင်း အကြောင်း ပြန် ထား ပါတယ်။

မြန်မာ့ တပ်မတော်ဟာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ရင် တိုင်းရင်းသား ဒေသ စစ်ဖြစ်ပွားရာ ဒေသတွေမှာ ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပြီး ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနပိုင် စစ်ပစ္စည်း ထုတ်လုပ် ရေး စက်ရုံ (ကပစ) က ဆိုရင် မိုင်းရှာစက်နဲ့တောင် ရှာဖွေမရနိုင်တဲ့ အစိတ်အပိုင်းတွေ ထည့်သွင်းထားတဲ့ မိုင်းအမျိုး အစားတွေကို ထုတ်လုပ်နေတယ်လို့ မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့၂၀၁၈ ခုနှစ် အစီရင်ခံစာ မှာ ထောက်ပြထားပါတယ်။

မြန်မာ့တပ်မတော်က မိုင်းအမျိုးအစား ပေါင်းစုံကို ပြည်တွင်း စက်ရုံတွေမှာ ထုတ်လုပ်ရုံသာမက တရုတ်၊ အိန္ဒိယ၊ အီတ လီ၊ ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန် ပြည်ထောင်စု အပြင် အခြားနိုင်ငံတွေကနေပါ မိုင်းတွေ ဝယ်ယူ အသုံးပြုတာ ရှိတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာလည်း TNLA ရဲ့ မဟာမိတ်ဖြစ်တဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ် မတော် (UWSA) ၊ TNLA ပြန်လည် ထူထောင်နိုင်ဖို့ စစ်သင်တန်းနဲ့ အကူအညီတွေ ပေးခဲ့တဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့က နင်းမိုင်း အပါအဝင် ကားမိုင်း၊ ရီမုကွန်ထရိုးမိုင်း၊ ရှေ့ထွက်မိုင်းစတဲ့ မိုင်းပေါင်းစုံကို ကိုယ်ပိုင် စက်ရုံတွေမှာ ထုတ်လုပ်နေကြတာပါ။

စက်ရုံထုတ် မဟုတ်ဘဲ အရေးကြုံလာရင် ကုန်ကြမ်းပစ္စည်းတွေ သုံးပြီး ဖောက်ခွဲရေး အတွက် မိုင်းတပ်ဆင်ပြီး ထောင် နိုင်တဲ့ လက်လုပ်မိုင်း အမျိုးအစားတွေကိုလည်း စစ်သင်တန်းတွေမှာ သင်ကြားပို့ချနေတာပါ။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တိုင်းရဲ့ ရှေ့တန်း တပ်ဖွဲ့တွေမှာ မိုင်းနဲ့ ပတ်သက်ပြီး စစ်သင်တန်းဆင်းထားတဲ့ ဖောက်ခွဲရေး တာဝန်ယူရသူတွေ  ရှိပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေတဲ့ တအန်း အမျိုးသမီးအဖွဲ့ (TWO)က သြဂုတ်ကနေ စက်တင်ဘာ အတွင်း ၎င်းတို့ ကောက်ယူထားတဲ့ စာရင်းအရ ကျောက်မဲမြို့နယ် အပါအဝင် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံမြို့နယ်တွေထဲမှာ မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေ ပေါက်ကွဲလို့ ထိခိုက်သေဆုံးသူ ၁၀ ဦးကျော်၊ ဒဏ်ရာရသူ ၂၀ အထက်မှာ ရှိပြီလို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက“ဘယ်လက်နက်ကိုင်ပဲ ဖြစ်ဖြစ် မိုင်းထောင် ရင် ပြည်သူတွေကို အသိမပေးဘူး။ အသိမပေးလို့သာ ဖြစ်ပြီးမှ သိကြရတာ။ ကျနော် နားလည်တာကတော့ သူတို့ ပြည်သူတွေကို အသိမပေးပါဘူး။ တချို့ဒေသတွေမှာသာ ရွာရဲ့ ဘယ်ဘက်အခြမ်းကို မသွားပါနဲ့ ဆိုတာမျိုး ပြောတာ ရှိတာပါ။ ဒါတောင် တချို့ပါ”လို့ ပြောပါတယ်။

မိုင်းနဲ့ ပတ်သက်ရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က အရပ်သားတွေကို အသိမပေးသလို တချို့ စစ်ဆင်ရေး တင်းမာနေတဲ့ အချိန်တွေမှာဆိုရင် လမ်းပြအဖြစ် ခေါ်ဆောင်သွားတာမျိုးတွေက မလုပ်သင့်တဲ့ လုပ်ရပ် တွေလို့ ဦးစိုင်းထွန်းဝင်းက ဆိုပါတယ်။

တပ်မတော်က ဆိုရင်လည်း ၂၀၁၈ ခုနှစ်အတွင်းက စစ်ရေး တင်းမာနေချိန်မှာ ၎င်းရဲ့ မဲဆန္ဒနယ်ထဲက  အရပ်သား ၁၀ ဦး ကျော်ကို လမ်းပြအဖြစ် ဖမ်းခေါ်သွားပြီး စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာတွေလည်း ထမ်းခိုင်းတဲ့ အပြင် စစ်ကြောင်းရဲ့ ရှေ့ကနေလည်း သွားခိုင်းခဲ့တယ်လို့ ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။

“အဲဒါမျိုးကျတော့ လူသားဒိုင်း လုပ်တာလို့ ကျနော်က ပြောချင်တယ်”လို့လည်း ဦးစိုင်းထွန်းဝင်းက ပြောဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့လည်း စစ်ဆင်ရေးအရ မိုင်းထောင်ရာမှာ အရပ်သားတွေ အန္တရာယ် ကင်းမကင်းကို မကြည့်ဘဲ ရွာနီးဝန်းကျင်တွေမှာလည်း မိုင်းတွေ ထောင်ကြတယ်လို့ ဦးစိုင်းထွန်းဝင်းက ဆိုပါတယ်။

၎င်းရဲ့ မဲဆန္ဒနယ်ထဲက ကျေးရွာတရွာမှာဆိုရင် တပ်မတော်နဲ့ SSPP စစ်ရေး တင်းမာမှုတွေဖြစ်တုန်းက SSPP စစ်သား တွေဟာ ရွာထိပ်ဝန်းကျင်မှာပဲ မိုင်းတွေထောင်သွားတာကို ရွာသားတွေက တွေ့ခဲ့တယ်လို့ ဦးစိုင်းထွန်းဝင်းကပြော ပါ တယ်။

“အဲဒီတုန်းက ရွာသားတွေ ကျနော့်ကို လိုက်ပြတာ ရွာနဲ့ ဘာမှမဝေးဘူး။ အိမ်ဝင်းအနေနဲ့ဆိုရင် ၅ အိမ် အကွာ လောက်မှာပဲ ရွာအစပ်မှာ မိုင်းထောင်ထားတာ”လို့ ၎င်းက ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့လည်း မိုင်းတွေကို ထောင်ပြီးရင် စစ်ဆင်ရေးပြီးသွားတဲ့ အခါ တိုက်ပွဲတွေ ငြိမ်နေတဲ့အချိန်မှာ ပြန်ဖြုတ်တာမျိုး မရှိတာကြောင့် အရပ်သားတွေက လုပ်ငန်းခွင်သွားရင်း ဒုက္ခရောက်နေကြရတာ လို့လည်း ဦးစိုင်းထွန်းဝင်းက ပြောဆိုပါတယ်။

မိုင်းငေါ့မြို့နယ်အတွင်း မိုင်းအသိပညာပေးပိုစတာကို ကြည့်ရှုနေသည့် ကလေးများ /ထက်ဝေ/ဧရာဝတီ

လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း အရပ်သားတွေ အရေးကြုံလာရင် လာရောက် တိုင်တန်းတာ၊ အကူ အညီတောင်းတဲ့ အခါမျိုးမှာ စေ့စပ်ညှိနှိုင်းပေးတာမျိုးတွေ လုပ်ပေးနိုင်ပေမယ့် နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စစ်ရေးစစ်ရာတွေနဲ့ ပတ်သက်ရင်တော့ အရပ်သားတွေ အပေါ် အလုံးစုံ မကူညီနိုင်ကြပါဘူး။

လွှတ်တော် ကိုယ်စားလှယ်တွေ ကိုယ်တိုင် ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ နေထိုင်နေရတာကြောင့် အပြောအဆို၊ အနေ အထိုင် ဆင်ခြင်ရတာတွေလည်း ရှိနေပါတယ်။

အစိုးရနဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေကြား ညှိနှိုင်းနေတဲ့ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ပြေလည်ဖို့ိကို လည်း မျှော်လင့်သလို အပစ်ရပ် စာချုပ် ချုပ်နိုင်ရင်တော့ အရပ်သားတွေ ကြုံနေရတဲ့ မိုင်းအန္တရာယ်က အနည်းအ ကျဉ်းတော့ လျော့နည်းလာမှာလို့လည်း ဦးစိုင်းထွန်းဝင်းက သုံးသပ်ပါတယ်။

လတ်တလော မိုင်းထိထားလို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲ ဦးကာလိန္ဒ၊ ဦးထွန်းဦးနဲ့ ဦးစံလှတို့ကတော့ ရှုပ် ထွေး လွန်းတဲ့ နိုင်ငံရေးတွေကို သူတို့ နားမလည်ဘူးလို့ ပြောပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားက နိုင်ငံရေးအကြောင်းတွေကိုပြောရင် စကားမှားမှာ စိုးတာကြောင့် ဘာမှ မပြောချင်ဘူးလို့လည်း ဆိုကြပါတယ်။

သူတို့ သိတာက သူတို့ရပ်ရွာနား အေးအေးချမ်းချမ်း ဖြစ်ဖို့ လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်နိုင်ဖို့ကိုပဲ အလို ရှိ တယ်လို့ ပြောကြပါတယ်။

ဦးကာလိန္ဒနဲ့ ဦးထွန်းဦးကတော့ ခြေထောက်က မိုင်းထိထားတဲ့ ဒဏ်ရာတွေ သက်သာရင် အကောင်းပကတိ အတိုင်း ပြန်ဖြစ်လာဖို့ မျှော်လင့်ချက် ရှိနေကြပေမယ့် ခြေတဖက် ဖြတ်ထားရတဲ့ ဦးစံလှကတော့ ဆုံးရှုံးသွားတဲ့ ခြေတဖက်ကို ဘယ်တော့မှ အစားပြန် မရနိုင်တော့ပါဘူး။

ဦးစံလှကတော့ နာလန်ပြန်ထနိုင်ရင်တောင် ပြည်တွင်းစစ်ထဲ ပါသွားတဲ့ သူ့ခြေတဖက် အတွက် ဝမ်းနည်း ပူဆွေးနေရ မယ့် အချိန်ရှိမှာ မဟုတ်ပါဘူး။

ဆေးရုံတက်နေစဉ် ချေးငှားထားတဲ့ အကြွေးတွေ ကျေအောင် ဆပ်ဖို့ သူ့ဇနီးသည်နဲ့ အတူ လက်ဖက်ခြံတွေဆီ ပြန် သွားပြီး ဝင်ငွေရှာရဦးမှာ ဖြစ်ပါတယ်။ ။

 

The post ရပ်ထဲရွာထဲအထိ ရောက်လာတဲ့ မြေမြှုပ်မိုင်း နဲ့ ကျီးလန့်စာစား ဘဝများ appeared first on ဧရာဝတီ.

အင်ဒိုနီးရှား ကျောင်းသားဆန္ဒပြသူများကြားဝယ်

$
0
0

“အစိုးရဆိုတာ ပြည်သူတွေအတွက် ဘုရားသခင်ရဲ့ အသံဖြစ်သင့်တယ်။ စေတန် နတ်ဆိုးရဲ့ အသံ မဖြစ်ရဘူး” ဟု ဂျကာတာ ဆင်ခြေဖုံးရှိ အသက်၂၂ နှစ်အရွယ် အင်္ဂလိပ်စာ ကျောင်းသားတယောက်ဖြစ်သည့် ဟမ်ဇာမူစတာဖာ Hamzah Mustaffa က ကဗျာဆန်သော်လည်း ခိုင်မာသော သူ၏ အမြင်ကို ပြောပြသည်။

အစ္စလမ်၊ တူရကီသမိုင်းနှင့် ဆူဖီဝါဒအကြောင်း စာအုပ်များကို စွဲလမ်းနှစ်ချိုက်စွာ ဖတ်တတ်သူတဦးဖြစ်သည့် ဟမ်ဇာမူစတာဖာက မွေးချင်း ၁၁ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ (အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ သူတဦးဖြစ်သည့်) သူ့ဖခင်က သေဆုံးခါနီးအချိန်တွင် သားသမီးများအား တိုင်းပြည်ကို ကာကွယ်ကြရန် တိုက်တွန်းခဲ့ သည်ကို သူ ယခုထိ မှတ်မိနေသေးသည်။

သူတို့ကလည်း ထိုစကားကို အနည်းနှင့် အများဆိုသလို လိုက်နာခဲ့ကြသည်။ သူတို့အားလုံးနီးပါးက အစိုးရဝန်ထမ်းများ သို့မဟုတ် ကျောင်းဆရာများ အဖြစ် လုပ်ကိုင်ခဲ့ကြသည်။ အချို့က စစ်တပ်တွင် အမှုထမ်းခဲ့ကြသည်။

စက်တင်ဘာလ ၂၃ ရက်မှ ၃၀ ရက်အတွင်းတွင် ဟမ်ဇာမူစတာဖာက အင်ဒိုနီးရှားလွှတ်တော် အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည့် ထောင်ပေါင်းများစွာသော ကျောင်းသားများထဲမှ တယောက်အပါအဝင် ဖြစ်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က သမ္မတ ဆူဟာတို Suharto ကို ပြုတ်ကျစေခဲ့သည့် ပြုပြင်ပြောင်းလဲရေးကာလကို အမှတ်ရစရာများပြန် ဖြစ် စေခဲ့သည်။

ထိုအဖြစ်က ဟမ်ဇာမူစတာဖာ၏ ပထမဆုံးသော ချီတက်ပွဲတော့ မဟုတ်ခဲ့ပါ။ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် မည်သူ့ကို မဲပေးခဲ့ကြောင်း ပြောပြရန် သူက ငြင်းဆန်ခဲ့သော်လည်း သမ္မတ ဂျိုကိုဝီ ပြန်လည် ရွေးချယ်ခံရမှုကို အတည်ပြုလိုက်ခြင်းကြောင့် ပေါ်ပေါက်ခဲ့သော မေလ ၂၂ ရက်နေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြောင်းကိုမူ သူက ဝန်ခံခဲ့သည်။

နောက်ဆုံးပေါ်ပေါက်ခဲ့သည့် ဆန္ဒပြ ချီတက်ပွဲများသည် ယခင် ၂၀၁၄-၁၉ လွှတ်တော်(လွှတ်တော် အသစ်တခုက အောက်ဘာလ ၁ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆို စတင်ခဲ့ပြီ ဖြစ်သည်)က သူတို့၏ သက်တမ်း မကုန်ဆုံးမီတွင် ဥပဒေ အများအပြားကို အတည်ပြုခြင်း သို့မဟုတ် ဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းအပေါ် ဒေါသများ ကျယ်ပြန့်လာရာမှ စတင်ဖြစ် ပွားခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခဲ့ခြင်းက မမှန်ကန်သော အလျှင်စလိုနိုင်မှုတခု အဖြစ် ဝေဖန်သူများက ပြောကြသည်။

အဆိုပါ အဆိုပြုချက်များထဲမှ အညင်းပွားဖွယ်ရာ အဖြစ်ဆုံးမှာ အင်ဒိုနီးရှားနိုင်ငံ၏ အများကလေးစားသော အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို ကြီးကြပ်သည့် ဥပဒေပြင်ဆင်ချက်များဖြစ်သည်။ ၎င်းကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အပြောင်းအလဲများထဲတွင် ကြီးကြပ်ကွပ်ကဲသည့် အဖွဲ့ကို ထည့်သွင်းခြင်းပါဝင်သလို သံသ ယ ရှိသူများ၏ တယ်လီဖုန်းဆက်သွယ်မှုများကို ကြားဖြတ်နားထောင်နိုင်သည့် အခွင့်အာဏာကို ကန့်သတ်မှုများ ပြုလုပ် ခြင်းလည်းပါဝင်သည်။

အသက်၂၂ နှစ်အရွယ် အင်္ဂလိပ်စာ ကျောင်းသားတယောက်ဖြစ်သည့် ဟမ်ဇာမူစတာဖာ/ Ceritalah

အင်ဒိုနီးရှားနိုင်ငံ၏ ရာဇဝတ်ဥပဒေနှင့် ပတ်သက်၍ အဆိုပြုထားသည့် ပြင်ဆင်ချက်များ အပေါ်လည်း စိုးရိမ်မှုများ ရှိနေသည်။ ပြင်ဆင်မှုများက လက်မထပ်ဘဲ လိင်ဆက်ဆံခြင်းကို ရာဇဝတ်မှု မြောက်စေလိမ့်မည်၊ သမ္မတအပေါ် စော် ကား ပြောဆိုခြင်းအဖြစ် ရာဇဝတ်မှု မြောက်စေလိမ့်မည်၊ ကိုယ်ဝန်ဖျက်ချခွင့် အပါအဝင် အမျိုးသမီးများ၏ အခွင့်အရေးများ ကို အကန့်အသတ် ဖြစ်စေလိမ့်မည်ဟု အရပ်ဘက်အဖွဲ့အစည်းများက သူတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့် လွှတ်တော်က အလုပ်သမားဆက်ဆံရေး ကြီးကြပ်မှုနှင့် မြေနှင့် သတ္တုတွင်း အသုံးချမှုဆိုင်ရာ ဥပဒေများကို လည်း ပြင်ဆင်ရန် စဉ်းစားခဲ့သည်။ အားလုံးက အညင်းပွားဖွယ်ရာများ ပေါ်ပေါက်စေခဲ့၏။

ပြည်သူလူထု၏ ဒေါသက ကြီးမားပြတ်သားသည်။ တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ ဒေါသ အမျက်အများစုက အောက်တိုဘာလ ၂၀ ရက်နေ့တွင် သူ၏ ဒုတိယ သက်တမ်းကို စတင်ထမ်းဆောင်တော့မည်ဖြစ်သော သမ္မတ ဆီသို့ ဦးတည်သွားခဲ့သည်။

ဟမ်ဇာမူစတာဖာအတွက် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ကို အားနည်းစေခြင်းက ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။ မှန်ပါသည်။ လေ့လာစောင့်ကြည့်သူ အများအပြားအတွက် ဟမ်ဇာမူစတာဖာ၏ ပြည်နယ်ဖြစ်သော Banten တွင် ၂၀၁၅ ခုနှစ်က ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ထောင်ကျသည်အထိ ဖြစ်ခဲ့ရသည့် အကျင့်ပျက်ခြစားမှုနှင့် စီမံခန့်ခွဲရေး အမှားအယွင်းများ တပုံတပင်ရှိနေသော မှတ်တမ်းများက ရှိနေသည်။

အကျင့်ပျက်ခြစားခြင်းကို နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ကပ်ရောဂါဆိုးတခု ဖြစ်နေသည် ဟု ဟမ်ဇာမူစတာဖာက မြင်သည်။

ထို့ကြောင့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဟမ်ဇာမူစတာဖာနှင့် Pamulang တက္ကသိုလ်မှ သူ၏ ကျောင်းနေဘက် ၆၀၀ ခန့်က Kopaja(ဂျကာတာ ပို့ဆောင်ရေး သမဝါယမ) မှ မီနီဘတ်စ် အစုတ်များကို ငှားရမ်း၍ တနာရီ ခရီးအကွာတွင် ရှိ သော ဂျကာတာသို့ ထွက်ခွာခဲ့ကြသည်။ Senayan အရပ်ရှိ အစိုးရပိုင် TVRI ရုပ်သံဌာနသို့ ရောက်သည့် အချိန်တွင် Indonesia တက္ကသိုလ်နှင့် Trisakti တက္ကသိုလ်အပါအဝင် အခြားသော ကျောင်းများမှ ကျောင်းသားများနှင့် သူတို့ ပူးပေါင်းမိသွားသည်။

ထို့နောက် (မြောက်ဘက် ၁၃ ကီလိုမီတာ အကွာတွင်ရှိသော) လွှတ်တော်သို့ ဦးတည်၍ ခြေလျင် ချီတက်ခဲ့ကြသည်။ ထိုနေ့က ဆန္ဒပြပွဲများတွင် အလုပ်သမား သမဂ္ဂအမျိုးမျိုးကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

အဓိကရုဏ်းနှိမ်နင်းရေး အင်ဒိုနီးရှား ရဲတပ်ဖွဲ့/ Ceritalah

ကျောင်းသားများက ကျယ်ပြန့်သည့် တောင်းဆိုချက် ၇ ခု တောင်းဆိုခဲ့ကြရာတွင် အများသဘောမကျသည့် ဥပဒေပြင်ဆင် ချက်များ ပယ်ဖျက်ပေးရေးပါဝင်သလို ပါပူဝါ Papua မှ ဖိနှိပ်မှု စွပ်စွဲချက်များနှင့် ကာလီမန်တန် Kalimantan နှင့် ဆူမတြား Sumatra မှ တောမီးများ အဆုံးသတ်ရေးလည်း ပါဝင်သည်။

ထိုနေ့ တနေ့လုံး နီးပါးတွင် အခြေအနေက အတော်လေး အေးအေးချမ်းချမ်း ရှိခဲ့သည်။ ဆန္ဒပြသူများက ဝတ်ပြုရန် ရပ်တန့် ခဲ့ကြသည်။ ရဲအဖွဲ့နှင့်လည်း ညှိနှိုင်းဆွေးနွေးမှု ပုံမှန်ပြုလုပ်ခြင်းများ ရှိခဲ့သည်။ သို့သော်လည်း ဟမ်ဇာမူစတာဖာ၏ အ ဆိုအရ အချို့ကျောင်းသားများ အိမ်ပြန်သွားခဲ့ကြသော ညနေ ၄ နာရီခွဲခန့်တွင် မျက်ရည်ယို ဗုံးများဖြင့် ပစ်ခတ်ခြင်းခံခဲ့ရ သည်။ ထိုအချိန်မှ စတင်၍ ခံစားချက်များက ပြောင်းလဲသွားခဲ့ပြီး ညနေခင်း ဝတ်ပြုချိန် ပြီးဆုံးသည့်(ညနေ ၆နာရီဝန်းကျင်) နောက်ပိုင်းတွင် စတင်၍ ရုတ်ရုတ်သဲသဲဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ရဲတပ်ဖွဲ့က နံပါတ်တုတ်များကို ဝှေ့ရမ်း၍ တုန့်ပြန် ခဲ့ ကြပြီး ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့သည်။

အကြိမ်တော်များများ အရိုက်ခံထိခဲ့သော်လည်း ည ၁ နာရီ ခန့်တွင် TVRI သို့ ဟမ်ဇာမူစတာဖာ ပြန်ရောက်လာနိုင်ခဲ့သည်။ Kopaja ဘတ်စ်ကားတစီးက သူ့ကို ကျောင်းသို့ ပြန်ပို့ပေးနိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။ ထိုအတွေ့ အကြုံက လူငယ် ဆန္ဒပြသမားလေးကို မတားဆီးနိုင်တော့ပါ။ နောက်တနေ့တွင် သူပြန်သွားခဲ့သည်။ Pamulang တက္ကသိုလ် မှဆန္ဒပြ ကျောင်းသား အရေအတွက်ကလည်း ထိုအချိန်တွင် ၂၀၀၀ ကျော်အထိ ပါဝင်လာခဲ့သည်။

ဒုတိယညတွင် လူစုလူဝေးကို ဖြိုခွဲရန် အတွက် ရဲအဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် နောက်တကြိမ် ပစ်ခတ်ခဲ့သည်။ စက်တင် ဘာ ၂၃ မှ ၂၆ ရက်အတွင်းတွင် သူ၏ သူငယ်ချင်း အမြောက်အများ ဖမ်းဆီးခံခဲ့ရသည်ဟု ဟမ်ဇာမူစတာဖာက ယုံ ကြည်နေသည်။ အာဏာပိုင်များ၏ ဖမ်းဆီးခံရသူများ နှိပ်စက်ခံရသည်ဆိုသည့် စွပ်စွဲမှုများနှင့် ပတ်သက်၍လည်း သူ စိတ် ပူနေသည်။ ပြန်လည်လွတ်မြောက်ရေး သေချာအောင် အားထုတ်မှုများကလည်း မရေမရာဖြစ်နေ၏။

သို့သော်လည်း ကျောင်းသားများက ဆက်၍ လာနေကြသည်။ ထပ်၍ လာနေကြသည်။

ရဲအဖွဲ့က မီးသတ်ပိုက်များ၊ ရာဘာကျည်များနှင့် နံပါတ်တုတ်များ အသုံးပြုခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ ဆန္ဒပြပွဲ များက အဆိုးဆုံးဟု ဟမ်ဇာမူစတာဖာက ထင်သည်။ ထိုနေ့ညနေတွင် လွှတ်တော်မှ ၃.၂ ကီလိုမီတာခန့်ဝေးသည့် Senayan City Mall အနီးအထိ ပြန်တွန်းပို့ခံရသည်ကို သူမှတ်မိနေသည်။

“ ကျနော်တို့ကို အာဏာပိုင်တွေက ကြောင်နဲ့ ကြွက်လို ကစားနေသလိုပဲ။ သူတို့က ကျနော်တို့ နောက်မှာရှိတယ်။ ဘေး ပတ်လည်မှာ ရှိတယ်။ ကျနော်တို့ဆီကို ဘက်ပေါင်းစုံကနေလာနေတယ်။ ကျနော်တို့က အလင်းရောင်အောက်က လမ်းမ ကြီးပေါ်မှာနေခဲ့ကြတယ်။ ကျနော်တို့ထဲက တယောက်ယောက်ကို ရုတ်တရက် ဝင်ဆွဲသွားမှာစိုးလို့ စောင့်ကြည့်နေခဲ့ရ တယ်။”

ဆန္ဒပြသူများအား ဟန့်တားထားသော သံဆူးကြိုးခွေ/ Ceritalah

မည်သို့ပင်ဖြစ်စေ သူကံကောင်းခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် Ceritalah အဖွဲ့က သူနှင့် တွေ့ဆုံ မေးမြန်းခွင့်ရ ခဲ့ သည်။

မိုက်မဲသူများ၊ မသိနားမလည်သူများဟု အချို့က ကျောင်းသားများကို စွပ်စွဲကြသော်လည်း ဟမ်ဇာမူစတာဖာက ပြင်း ပြင်းထန်ထန်ပင် ပယ်ချခဲ့သည်။ “ သူတို့ (ကျောင်းသားများ)က ဆန္ဒပြပွဲတွေရဲ့ အနှစ်သာရကို နားလည်ကောင်းမှ နား လည်ကြမယ်။ အကြောင်းပြချက် ရေရေရာရာမရှိဘဲ ရောက်လာတာလည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် သူတို့ အဲဒီမှာ ရှိ နေကြတုန်းပဲ။ ဒီကိစ္စတခုလုံးက သူတို့အတွက် ဘယ်လိုအရေးပါတယ်ဆိုတာ အဲဒါက ပြသနေတယ်”

သူတို့၏ အားထုတ်မှုက တနည်းတဖုံ အကျိုးဖြစ်ခဲ့ပါသည်။

သမ္မတ ဂျိုကိုဝီ၏ မေတ္တာရပ်ခံချက်ကြောင့် လွှတ်တော် အသစ်က ရာဇဝတ် ဥပဒေနှင့် အခြား အညင်းပွားဖွယ်ရာ ဥပဒေ ပြင်ဆင်မှုများကို ပြန်လည်သုံးသပ်ရန်အတွက် ရွှေ့ဆိုင်းမှုပြုလုပ်ခဲ့သည်။ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေမှ အညင်းပွားဖွယ်ရာ ပြင်ဆင်ချက်များကို ပယ်ဖျက်သည့် အမိန့်ဒီဂရီတခု ထုတ်ပြန်ပေးရေးအတွက် စဉ်းစား ပေးမည်ဟုလည်း သမ္မတက ကတိပြုခဲ့သည်။

ထိုမျှလောက်က ဟမ်ဇာမူစတာဖာအတွက် မလုံလောက်သေးသည်မှာ သေချာပါသည်။ သူက Ceritalah အဖွဲ့ကို ပြောခဲ့သည့် အတိုင်းဆိုလျှင် “ ကျနော်တို့ ရပ်တန့်သွားမှာ မဟုတ်ဘူး။ ကျနော်တို့ ပြန်လာခဲ့မယ်။”

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You May Also Like These Stories:

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ လမ်းခင်းပေးသူ ဘီဂျေဟာဘီဘီ

မာယာကာရင် သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်သူ ရုပ်ရှင်မင်းသမီး 

ကြွေးကြော်သံ၊ ကျည်ဆံများနှင့် အင်ဒိုနီးရှား ရွေးကောက်ပွဲအလွန် 

The post အင်ဒိုနီးရှား ကျောင်းသားဆန္ဒပြသူများကြားဝယ် appeared first on ဧရာဝတီ.

အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း

$
0
0

သူက အာရှ၏ အလိုအရှိဆုံးသူဖြစ်သည်။ သူ့ကိုထိုင်းကစ်ဘောက်ဆာသမားများ ပါဝင်သော အစောင့်အဖွဲ့က ကာကွယ် ပေးထားသည်။ သူက ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ခရီးသွားသည်။ ရဲတပ်ဖွဲ့က ပြောသည့် အတိုင်းဆိုလျှင် မကာအိုမှ ကာ စီနိုတခုတွင် တညတည်းနှင့် ဒေါ်လာ ၆၆ သန်း ရှုံးခဲ့ဖူးသည်။

တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများ၏ အဆိုအရ တရုတ်ပြည်တွင် မွေးဖွားခဲ့သည့် ကနေဒါနိုင်ငံသားတယောက်ဖြစ်သော Tse Chi Lop က အာရှ၏ ရာဇဝတ်ဂိုဏ်း ၅ ခု မဟာမိတ်ပြုဖွဲ့စည်းထားသော ကြီးမားသည့် နိုင်ငံတကာ မူးယစ်ဆေး ကုန်သွယ်ရေး ဆင်ဒီကိတ်တခုကို ဦးဆောင်နေသည်ဟု ယူဆရသည်။ အဆိုပါ ဆင်ဒီကိတ်ကို အဖွဲ့ဝင်များက “ကုမ္ပဏီ” ဟု အလွယ်ခေါ်ကြသည်။ Tse Chi Lop ၏ နာမည်ပြောင်တခုကို အစွဲပြု၍ “အစ်ကို နံပါတ် ၃” ဟု အဓိပ္ပါယ်ရသော “ဆမ်ကော” ဟူ၍ ကန်တုန်တရုတ်ဘာသာ စကား ဖြင့် ရဲအဖွဲ့က ၎င်းကို အမည်ပေးထားသည်။

ထိုဆင်ဒီကိတ်က တန်နှင့် ချီသော မက်သဖက်တမင်း၊ ဘိန်းဖြူနှင့် ကီတမင်းများကို အာရှမြောက်ပိုင်း ဂျပန်နိုင်ငံမှသည် ပစိဖိတ်တောင်ပိုင်း နယူးဇီလန်အထိ ပါဝင်သော နိုင်ငံ အနည်းဆုံး တဒါဇင်ခန့်ဆီသို့ ပို့ဆောင်နေသည်ဟု တရားဥပဒေစိုးမိုး ရေး တာဝန်ရှိသူများက ယုံကြည်ကြသည်။ သို့သော်လည်း (အလွန်တရာ စွဲလမ်းစေတတ်ပြီး ရေရှည်သုံးစွဲသူများကို ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ ပြင်းထန်စွာ ဆိုးကျိုးသက်ရောက်စေနိုင်သည့်) မက်သဖက်တမင်းက အဓိက စီးပွားရေး ဖြစ်သည်ဟု သူတို့က ယုံကြည်ကြသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး(UNODC) က ဆမ်ကော ဆင်ဒီကိတ်၏ မက်သဖက်တမင်း ဝင်ငွေက ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်လည်း ထိုပမာဏက ဒေါ်လာ ၁၇.၇ ဘီလီယံအထိ မြင့်တက်နိုင်သည်ဟုလည်း ပြောသည်။ မူးယစ်ဆေးများကို လက်ဖက်ခြောက်အိတ်များအတွင်းတွင် ဖုံးကွယ်သယ်ဆောင်လေ့ရှိသော အဆိုပါအဖွဲ့က ပြီးခဲ့သည့် ၅ နှစ်အတွင်းတွင် အနည်းဆုံး ၄ ဆခန့် ပိုမိုကျယ်ပြန့်လာသော ဒေသတွင်း မက်သဖက်တမင်းဈေးကွက်တွင် ဝေစု ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအတွင်း ရရှိထားသည်ဟု UNODC က ဆိုသည်။

မက်သဖက်တမင်း ထုတ်လုပ်မှု မကြုံဖူးလောက်အောက် တိုးတက်ကြီးထွားလာခြင်းက ဖြစ်နေကျမဟုတ်သည့် တုန့်ပြန်မှု တခုကို ဖြစ်စေခဲ့ကြောင်း ရိုက်တာသတင်းဌာနက သိခဲ့ရသည်။ အသက် ၅၅ နှစ်အရွယ် Tse Chi Lop က ယခင်က မသိခဲ့ကြသော မူးယစ်တိုက်ဖျက်ရေး ကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှုတခု ဖြစ်သည့် Kungur စစ်ဆင်ရေး၏ အဓိက ပစ်မှတ် ဖြစ်ပါသည်။ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က ဦးဆောင်သည့် Kungur စစ်ဆင်ရေးတွင် အာရှ၊ မြောက် အမေရိကနှင့် ဥရောပမှ အေဂျင်စီ ၂၀ ခန့်ပါဝင်နေသည်။ ထိုစစ်ဆင်ရေးသည် (ယခုအချိန်အထိ ပြုလုပ်ခဲ့သမျှသော) အာရှ မူးယစ်ကုန်သွယ်ရေး ဆင်ဒီကိတ်များကို တိုက်ဖျက်ရန် နိုင်ငံတကာ အားထုတ်မှုများထဲတွင် အကြီးဆုံးဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးတွင် ပါဝင်နေသည့် ဧဂျင့်များက ပြောကြသည်။ မြန်မာ၊တရုတ်၊ ထိုင်း၊ ဂျပန်၊ အမေရိကန်နှင့် ကနေဒါမှ တာဝန်ရှိသူများလည်း ပါဝင်နေသည်။ ထိုင်ဝမ်နိုင်ငံက စစ်ဆင်ရေးတွင် တရားဝင် ပါဝင်ခြင်း မရှိသော်လည်း စုံစမ်းစစ်ဆေးရေး တွင် ကူညီမှုများ ပြုလုပ်ပေးသည်။

ရိုက်တာ သတင်းဌာနမှ လေ့လာခဲ့သည့် ဩစတြေးလျရဲမှ ပြုစုထားသော စစ်ဆင်ရေး၏ ထိပ်တန်း ဆင်ဒီကိတ် ပစ်မှတ် ၁၉ ခုပါဝင်သည့် စာရွက်စာတမ်းတခုတွင် Tse Chi Lop ကို ဆင်ဒီကိတ်၏ ခေါင်းဆောင်အဖြစ် ဖော်ပြထားသည်။ အဆိုပါ စာရွက်စာတမ်းများအရ ဆင်ဒီကိတ်သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ မူးယစ်ဆေးကုန်သွယ်မှု အနည်းဆုံး ၁၃ ခုတွင် ဆက်သွယ်မှု သို့မဟုတ် တိုက်ရိုက်ပါဝင်ပတ်သက်မှု ရှိခဲ့သည်။ အမှုများနှင့် ပတ်သက်၍ တိကျသေချာသော အသေးစိတ်ကိုမူ အဆိုပါ စာရွက်စာတမ်းများတွင် ဖော်ပြထားခြင်း မရှိပါ။

ထိုင်ဝမ် ဥပဒေ အာဏာပိုင်များ၏ သရုပ်ပြ ပုံစံကားချပ်တခုတွင် Tse Chi Lop ကို ဆင်ဒီကိတ်၏ နိုင်ငံတကာ အမှုဆောင်အရာရှိချုပ်အဖြစ် ဖော်ပြထားသည်။ ဒေသတွင်း အစိုးရ အေဂျင်စီများသို့ ဝေမျှခဲ့သည့် အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန(DEA)၏ ထောက်လှမ်းရေး စာရွက်စာတမ်းတခုက Tse Chi Lop ကို ဆမ်ကော ဆင်ဒီကိတ်၏ ခေါင်းဆောင်အဖြစ် ယုံကြည်ရကြောင်း ပြောထား၏။

Tse Chi Lop သည် မူးယစ်ဆေး ကုန်သွယ်သည့် အုပ်စု၏ ခေါင်းဆောင်အဖြစ် သံသယရှိသူဖြစ်ကြောင်း ရဲအဖွဲ့က လူသိ ရှင်ကြားသတ်မှတ်ထားခြင်း မရှိပါ။

ဆင်ဒီကိတ်၏ လှုပ်ရှားသည့် နယ်ပယ်အတိုင်းအတာက ခေါင်းဆောင်အဖြစ် သံသယရှိသော Tse Chi Lop ကို တောင် အမေရိကမှ ဒဏ္ဍာရီအဆန်ဆုံး မူးယစ်ကုန်သည်များနှင့် တန်းတူ အရေးပါစေခဲ့သည်ဟု စုံစမ်းစစ်ဆေးသူ အချို့က ပြောကြ သည်။ “Tse Chi Lop က အယ်လ်ချာပို El Chapo ဒါမှမဟုတ် ပတ်ဘလို အက်စကိုဘာ Pablo Escobar တို့နဲ့တောင် တတန်းထဲဖြစ်သွားတယ်” ဟု UNODC ၏ အရှေ့တောင် အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas ကပြောသည်။

ရိုက်တာက Tse Chi Lop နှင့် ဆက်သွယ်၍ မရခဲ့ပါ။ ရိုက်တာ၏ မေးခွန်းများကို တုန့်ပြန်ရာတွင် AFP၊ DEA နှင့် ထိုင်ဝမ် တရားရေး ဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေး ဗျုရိုတို့က စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်အတွင်းတွင် ရိုက်တာ သတင်းဌာနက Tse Chi Lop နှင့် သူ၏ ဆမ်ကော ဆင်ဒီကိတ် သတင်းကို ဖော် ထုတ်ရန် အာရှ-ပစိဖိတ် ဒေသအတွင်းတွင် လူးလာခေါက်တုန့် သွားလာခဲ့သည်။ ထိုအထဲတွင် နိုင်ငံ ၈ ခုမှ တရား ဥပဒေ စိုးမိုးရေး တာဝန်ရှိသူ ၂ ဒါဇင်ကျော်နှင့် တွေ့ဆုံမေးမြန်းခြင်း၊ ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများ၏ ထောက်လှမ်းရေး အစီရင်ခံစာများ၊ တရားစွဲဆိုမှုများနှင့် အခြားသော စာရွက်စာတမ်းများကို လေ့လာခြင်းများ ပါဝင်သည်။ ဆင်ဒီကိတ်က မူးယစ်ဆေးများ အမြောက်အများထုတ်လုပ်နေသည်ဟု သံသယရှိသည့် စူပါ ဓာတ်ခွဲခန်းများ တည်ရှိရာ အရှေ့တောင်အာရှ၏ ရွှေတြိဂံ၏ အသည်းနှလုံးဖြစ်သော မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ပြည်သူ့စစ် ခေါင်းဆောင်များနှင့် ရိုက်တာသတင်းဌာနက စကားပြောခဲ့ပါသည်။ ဆင်ဒီကိတ်မှ သံသယရှိသည့် မူးယစ်ရာဇာများထဲမှ တဦး၏ ထိုင်းနိုင်ငံမှ ခြံဝင်းတခုသို့လည်း ရိုက်တာ သတင်းထောက်များ သွားရောက်ခဲ့ကြသည်။

ပေါ်ထွက်လာသည်မှာ အမှန်တကယ်ပင် နိုင်ငံတကာနှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းတခု၏ ရုပ်ပုံ ဖြစ်သည်။ ဩဇီရဲ၏ စာရင်းတွင် ပါဝင်သည့် ဆမ်ကော ဆင်ဒီကိတ် ခေါင်းဆောင် ၁၉ ဦးထဲမှ ရဲတပ်ဖွဲ့က ထိပ်ဆုံးပစ်မှတ် (T1) ဟု ရည်ညွှန်း လေ့ရှိသည့် Tse Chi Lop အပါအဝင် ၄ ဦးသည် ကနေဒါ နိုင်ငံသားများ ဖြစ်ကြသည်။ ကျန်လူများမှာ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် တရုတ်ပြည်မကြီးမှ ဖြစ်ကြသည်။

ဆင်ဒီကိတ်က အလွန်တရာပင် ချမ်းသာကြွယ်ဝသည်။ စည်းကမ်းကြီးသည်။ ခေတ်မီသည်။ နေရာတော်တော်များများတွင် တောင်အမေရိကမှ မည်သည့် ရာဇဝတ် အဖွဲ့အစည်းထက်မဆို ခေတ်မီသည်ဟု မူးယစ်တိုက်ဖျက်ရေး တာဝန်ရှိသူများက ပြောကြသည်။ ဆမ်ကောက ပိုမိုကြီးမား၍ ပိုမိုပျံ့နှံ့မှုရှိသော မူးယစ်ဆေးဈေးကွက်ကို ထောက်ပံ့ပေးနေသည်။ ဂျပန်မှ ယာကူဇာ၊ သြစတြေးလျမှ ဆိုင်ကယ်စီးဂိုဏ်းများနှင့် အရှေ့တောင်အာရှတလွှားမှ တရုတ်ဂိုဏ်းများ အပါအဝင် ပိုမို၍ စုံလင် များပြားသည့် ဒေသခံ ရာဇဝတ်ဂိုဏ်း အမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်မှုက တောင်အမေရိက မူးယစ်အဖွဲ့များထက် ပို၍ များသည်။

(ဂိုဏ်းများကြားတွင်) မထိန်းချုပ်နိုင်သည့် အကြမ်းဖက်ပဋိပက္ခ ပေါ်ပေါက်ခြင်းကြောင့် နစ်နာဆုံးရှုံးရမှုတွင် ထိုရာဇဝတ် ကွန်ရက်က တောင်အမေရိက အဖွဲ့များထက် နည်းသည်ဟု ရဲအဖွဲ့က ပြောသည်။ ငွေကြေး ပမာဏက ကြီးမားလွန်းသည့် အတွက် အချင်းချင်း ကာလရှည်ကြာစွာ သွေးထွက်သံယို ယှဉ်ပြိုင်ခဲ့ကြသည့် အာရှ ရာဇဝတ်အဖွဲ့များကို များပြားလှသော အမြတ်အစွန်း၏ ဆွဲဆောင်မှုက တညီတညွတ်တည်း ဖြစ်ပြီး အတူတကွ ရပ်တည်စေခဲ့သည်။

“အရှေ့တောင်အာရှ ရာဇဝတ်ဂိုဏ်းတွေက အရှေ့ဖျားက ဂိုဏ်းတွေနဲ့ အဖုအထစ်မရှိ ပူးပေါင်းလုပ်ကိုင်ခဲ့ကြတယ်” ဟု အနောက်တိုင်းမှ ဝါရင့် မူးယစ်တိုက်ဖျက်ရေး အရာရှိတဦးက ပြောသည်။ “သူတို့က ကမာ္ဘ့အဆင့် ပူးပေါင်းဆောင်ရွက်မှု တခုလိုမျိုး လုပ်ခဲ့ကြပါတယ်”

ရိုက်တာက တွေ့ဆုံ မေးမြန်းခဲ့သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဧဂျင့် အများစုကဲ့သို့ပင် အဆိုပါ အရာရှိက အမည် မဖော် လိုသူတဦး အနေဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

သူတို့၏ မူးယစ်ဆေးလုပ်ငန်း လုပ်ပုံကိုင်ပုံများ ကွဲပြားမှု အပြင် Tse Chi Lop နှင့် အယ်လ်ချာပို သို့မဟုတ် ပတ်ဘလို အက်စကိုဘာတို့ကြားတွင် ပိုမို၍ ကိုယ်ရေးကိုယ်တာဆန်သော နောက်ထပ်ကွဲပြားမှု ရှိသေးသည်။ ထောင်ချ ခံထားရသော မက္ကဆီကို ဒုစရိုက်ခေါင်းဆောင် အယ်လ်ချာပိုနှင့် ကွယ်လွန်သူ ကိုလံဘီယာ နိုင်ငံသား ကုတ်ကင်း ကုန်သည် ပတ်ဘလို အက်စကိုဘာတို့၏ အလွန် အသုံးအဖြုံးကြီးသော နေထိုင်မှုပုံစံနှင့် ပြင်းထန်သော အကြမ်းဖက်မှုများအကြောင်းကို သီချင်းများတွင် ထည့်သွင်းစပ်ဆိုခံခဲ့ရသည်။ ရုပ်ရှင်များ ရိုက်ကူးခဲ့ကြသည်။ Tse Chi Lop ၏ ဘဝနှင့် အသက်မွေးမှုအကြောင်းကို ဖော်ထုတ်ခြင်းက အလွန်နည်းပါးခဲ့၏။ တောင်အမေရိက မူးယစ်ဘုရင်များကဲ့သို့ မဟုတ်ဘဲ Tse Chi Lop က ပို၍ အမြော်အမြင်ရှိသည်။ ယခုထက်ထိ လွတ်မြောက်နေဆဲ ဖြစ်သည်။

ခရီးတခု၊ ထောင်ချောက်တခု

Tse Chi Lop ကို တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုံး Guangdong ပြည်နယ်တွင် မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း လူလားမြောက်ခဲ့သူဖြစ်သည်။ သွေးစွန်းသည့် ဖယ်ရှားမှုများ၊ အဓမ္မလုပ်အားပေးစခန်းများ၊ ကြီးစွာသော ဆာလောင်မွတ်သိပ်မှုများကြားတွင် မော်စီတုန်း၏ တပ်နီလူငယ် အဖွဲ့ဝင် တစုက တောင်ပိုင်း၏ မြို့တော် ဂွမ်ဒုံးတွင် စက်ဝိုင်းကြီးဂိုဏ်း (Big Circle Gang) ဟု ခေါ်သည့် ဒုစရိုက်ဂိုဏ်းဆန်ဆန် အဖွဲ့အစည်းတခုကို တည်ထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် Tse Chi Lop က ထိုအဖွဲ့၏ အဖွဲ့ဝင်တဦး ဖြစ်လာခဲ့ပြီး သူ၏ အခြားဂိုဏ်းသား ညီနောင် အများအပြားကဲ့သို့ပင် ဟောင်ကောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမှတဖန် သူတို့၏ ရာဇဝတ်မှုလုပ်ငန်းများ အတွက် ခိုလှုံရာ နောက်ထပ်နေရာတခု ရှာဖွေခဲ့ကြပြန်သည်။ ကနေဒါသို့ ၁၉၈၈ ခုနှစ်တွင် သူ ရောက်ရှိလာခဲ့ပါသည်။

၁၉၉၀ နှစ်များအတွင်းတွင် Tse Chi Lop က မြောက်အမေရိက၊ ဟောင်ကောင်၊ မကာအိုနှင့် အရှေ့တောင် အာရှ တို့ကြားတွင် လွန်းပျံသွားလာနေခဲ့သည်ဟု အာရှအခြေစိုက် ဩဇီရဲ အကြီးတန်း စုံစမ်းစစ်ဆေးသူ တဦးက ပြောသည်။ မြန်မာ၊ ထိုင်း၊ တရုတ်နှင့် လာအိုတို့ နယ်နိမိတ်ချင်းဆုံသည့် နေရာတွင် တည်ရှိသော ဥပဒေမဲ့ ဘိန်းထုတ်လုပ်ရာဒေသဖြစ်သည့် ရွှေတြိဂံမှ ဘိန်းဖြူများကို အရင်းအမြစ်ပြုထားသည့် မှောင်ခိုကုန်သွယ်မှု အသိုင်းအဝိုင်းတခု၏ အလယ်အလတ်အဆင့် အဖွဲ့ဝင် တဦး အဖြစ်သို့ သူ တက်လှမ်းလာခဲ့သည်။

တရားရုံးမှတ်တမ်းများအရ ၁၉၉၈ ခုနှစ်တွင် Tse Chi Lop ကို နယူးယောက် အရှေ့ပိုင်းခရိုင်တရားရုံးတွင် မူးယစ်ဆေး ကုန်သွယ်မှုဆိုင်ရာ စွဲချက်များဖြင့် ရုံးတင် စစ်ဆေးခြင်းခံခဲ့ရသည်။ သူက အမေရိကန်နိုင်ငံတွင်းသို့ ဘိန်းဖြူများတင်သွင်း ရန် လျှို့ဝှက် ကြံစည်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု တရားရုံးမှတ်တမ်းများက ဆိုသည်။ ထောင်ဒဏ် တသက် တကျွန်းချနိုင်သည့် အလားအလာက သူ့ခေါင်းပေါ်တွင် ဝဲနေခဲ့သည်။

သို့သော်လည်း ၂၀၀၀ ခုနှစ်တွင် သူ၏ ရှေ့နေက တင်သွင်းခဲ့သည့် အသနားခံစာတစောင်တွင် Tse Chi Lop က သက်ညှာခွင့် တောင်းခံခဲ့သည်။

သူ၏ နာမကျန်းဖြစ်နေသော မိဘများက အမြဲမပြတ် စောင့်ရှောက်မှုပေးရန် လိုအပ်နေသည်ဟု သူက ရှင်းပြထားသည်။ အသက် ၁၂ နှစ် အရွယ် သားဖြစ်သူမှာလည်း အဆုပ်ကောင်းစွာ အလုပ်မလုပ်သည့် ဝေဒနာကို ခံစားနေရသည်။ ဇနီး ဖြစ်သူက အလွန်စိုးရိမ် ထိတ်လန့်နေသည်။ အကယ်၍ သူ့ကို ပြန်လွှတ်ပေးလျှင် စားသောက်ဆိုင် တဆိုင်ဖွင့်မည်ဟု Tse Chi Lop က ကတိပြုသည်။ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအတွက် အလွန်ဝမ်းနည်းမိကြောင်းလည်း ဖော်ပြထားကြောင်း တရားရုံး မှတ်တမ်းများတွင် တွေ့ရသည်။

တောင်းပန်တိုးလျှိုးမှုက အလုပ်ဖြစ်ခဲ့သည့် အသွင်ရှိသည်။ Tse Chi Lop မှာ ထောင်ဒဏ် ၉ နှစ်သာ ကျခံခဲ့ရပြီး အချိန် အများစုမှာလည်း အိုဟိုင်းအိုး Ohio ပြည်နယ်၊ အယ်ကတန် Elkton ရှိ ဖက်ဒရယ်ပြန်လည်ပြုပြင်ရေး စခန်းတွင် ကုန်ဆုံးခဲ့ရသည်။ သို့သော် သူ၏ နောင်တများက တဖြည်းဖြည်း လျော့ပါးသွားခဲ့ပုံရပါသည်။

၂၀၀၆ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် ကနေဒါနိုင်ငံသို့ ပြန်သွားခဲ့သည်ဟု ရဲအဖွဲ့က ပြောသည်။ သူက ကနေဒါတွင် သက်ဆိုင်ရာ၏ စောင့်ကြည့်လေ့လာမှုအောက် နောက်ထပ် ၄ နှစ် နေထိုင်ရမည်ဖြစ်သည်။ အာရှမှ သူ၏ အလုပ်ဟောင်းသို့ Tse Chi Lop မည်သည့်အချိန်တွင် ပြန်လည်ရောက်ရှိလာသည်ဆိုခြင်းက မသဲကွဲပါ။ သို့သော်လည်း Tse Chi Lop နှင့် သူ့ဇနီးတို့က ဟောင်ကောင်တွင် ၂၀၁၁ ခုနှစ်က China Peace Investment Group Company Ltd အမည်ရှိ စီးပွားရေးလုပ်ငန်းတခုကို မှတ်ပုံတင်ခဲ့ကြောင်း ကော်ပိုရေးရှင်းမှတ်တမ်းများက ဖော်ပြနေသည်။

Tse Chi Lop က မူးယစ် ကစားပွဲအတွင်းသို့ အလျှင်အမြန် ပြန်သွားခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိသည်။ “သူက ရပ်ထားခဲ့တဲ့ နေရာကပဲ ပြန်ကောက်ခဲ့တယ်” ဟု AFP အကြီးတန်းစုံစမ်းစစ်ဆေးရေးမှူးတဦးက ပြောသည်။ Tse Chi Lop က တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုနှင့် ရွှေတြိဂံမှ သူ၏ အဆက်အသွယ်များကို အသုံးချခဲ့သည်၊ သူ၏ ဖောက်သည်များ ညင်းဆန်နိုင်စွမ်း မရှိသည့် စီးပွားရေး ပုံစံတခုကို ကျင့်သုံးခဲ့သည် ဟု တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သူများက ပြောကြသည်။ အကယ်၍ မူးယစ်ဆေး ပို့ဆောင်မှုများထဲမှ တခုကို ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးလိုက်လျှင် ငွေကြေးထပ်ပေးစရာမလိုဘဲ အစားပြန်ပို့ပေးသည်။ သို့မဟုတ် ဝယ်သူကို စဘော်ငွေ ပြန်အမ်းပေးသည်။

မူးယစ်ဆေး ပို့ဆောင်ပေးမှုများအပေါ် အာမခံချက်ပေးသော သူ၏ မူဝါဒက စီးပွားရေးအတွက် ကောင်းသည်။ သို့သော် သူ့ကိုလည်း ရဲအဖွဲ့၏ ရေဒါအောက်သို့ ရောက်သွားစေခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် AFP အရာရှိများက သြစတြေးလျနိုင်ငံတွင်းသို့ ဘိန်းဖြူနှင့် မက်သဖက်တမင်းများ တင်သွင်းနေသော မဲလ်ဘုန်းမြို့မှ အဖွဲ့တဖွဲ့ကို တွေ့ရှိခဲ့သည်။ မူးယစ်ဆေး ပမာဏက မများလှပါ။ ကီလို ဒါဇင်အနည်းငယ်မျှသာ ဖြစ်သည်။ ထို့ကြောင့် ရဲအဖွဲ့က သြစတြေးလျနိုင်ငံသား မူးယစ်ဆေး ရောင်းချသူများကို ဖမ်းဆီးခြင်းမပြုဘဲ စောင့်ကြည့်မှုအောက်တွင် ထားလိုက်သည်။ သူတို့၏ တယ်လီဖုန်းများကို ကြားဖြတ်နားထောင်မှုများ ပြုလုပ်ပြီး ရဲတပ်ဖွဲ့က တနှစ်ကျော်ကြာ အနီးကပ်စောင့်ကြည့်နေခဲ့သည်။ သြစတြေးလျ မူးယစ်ဆေး ကလပ်စည်းအတွက် စိတ်ပျက်စရာ ဖြစ်လာရသည်မှာ သူတို့၏ တရားမဝင် ကုန်ပစ္စည်းများက ဆက်တိုက်ဆိုသလို ကြားဖြတ်ဖမ်းဆီးခြင်း ခံနေရသည်။ သူတို့က အဖမ်းဆီးခံရသည့် မူးယစ်ဆေးများအတွက် ဆင်ဒီကိတ်က အစားပေးရန် ဆန္ဒရှိခဲ့ကြသည်။

ဟောင်ကောင်မှ ဆင်ဒီကိတ် အကြီးအကဲများက စိတ်ဆိုးခဲ့ကြသည်။ သြစတြေးလျမှ အခြားသော ပြိုင်ဘက် မူးယစ်ဆေး ကွင်းဆက်များက သူတို့၏ မူးယစ်ဆေးများကို အတားအဆီး မရှိဘဲ စုဆောင်းနေကြသည်။ ရောင်းချနေကြသည်။ ၂၀၁၃ ခု နှစ်တွင် ဆင်ဒီကိတ်ခေါင်းဆောင်များ၏ သည်းခံနိုင်စွမ်းက နည်းပါးလာပြီး ဆွေးနွေးရန်အတွက် မဲလ်ဘုန်း ကလပ်စည်းမှ ခေါင်းဆောင်များကို ဟောင်ကောင်သို့ ဆင့်ခေါ်လိုက်ကြသည်။ ဟောင်ကောင်တွင် သြစတြေးလျအဖွဲ့သည် လူ ၂ ယောက် နှင့် တွေ့ဆုံသည်ကို ဟောင်ကောင်ရဲက စောင့်ကြည့်နေခဲ့သည်။

ထို ၂ ယောက်ထဲမှ တယောက်မှာ Tse Chi Lop ဖြစ်သည်။ သူက ဆံပင်ကို အလယ်မှ ခွဲထားပြီး ပေါ့ပေါ့ပါးပါးဖက်ရှင်နှင့် သက်လတ်ပိုင်း တရုတ်အမျိုးသား အိမ်ထောင်ဦးစီးတယောက် ပုံမျိုးပေါက်သည်ဟု AFP ဧဂျင့်တဦးက ပြောသည်။ သို့သော်လည်း နောက်ထပ်စောင့်ကြည့်လေ့လာမှုများအရ Tse Chi Lop သည် သူ၏ ပုဂ္ဂိုလ်ရေး လုံခြုံမှုနှင့် ပတ်သက်၍ ငွေ အလွန်တရာ ငွေကြေးသုံးစွဲသူ တဦးဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ပြည်တွင်းတွင်ရော ပြည်ပတွင်ပါ သူ့ကို ထိုင်းကစ်ဘောက်ဆာသမားများက ကာကွယ်ပေးထားသည်ဟု AFP စုံစမ်းစစ်ဆေးရေးမှူး ၃ ဦးက ပြောသည်။ တချိန်တည်းမှာပင် သူ့အတွက် အလုပ်လုပ်သူ (သူ့ကို ကာကွယ်ပေးသူ) ၈ ဦးအထိရှိပြီး သူတို့က သူ၏ လုံခြုံရေး အစီအစဉ်အတိုင်း ပုံမှန် အလှည့်နှင့်သွားနေကြသည်။

Tse Chi Lop က နှစ်စဉ်နှစ်တိုင်း အလွန်ရက်ရော ခမ်းနားသည့် မွေးနေ့ပါတီများကို အပန်းဖြေစခန်းများ၊ ကြယ် ၅ ပွင့် ဟိုတယ်များတွင် ဧည့်ခံပြုလုပ်သည်။ သူ၏ မိသားစုများ၊ နောက်လိုက် နောက်ပါများနှင့် အတူ ကိုယ်ပိုင် ဂျက်လေယာဉ်များဖြင့် ခရီးသွားသည်။ တခါက ထိုင်းနိုင်ငံရှိ အပန်းဖြေ စခန်းတခုတွင် တလကြာ နေထိုင်ခဲ့ပြီး ဘောင်းဘီတိုနှင့် တီရှပ်များကို ဝတ်ထားသော ဧည့်သည်များကို ရေကူးကန်ဘေးတွင် ဧည့်ခံနေခဲ့သည်ဟု ဆင်ဒီကိတ်ကို စုံစမ်းစစ်ဆေးနေသည့် အထူး တပ်ဖွဲ့ဝင် တဦး၏ အဆိုအရ သိရသည်။

Tse Chi Lop (ပတ်စပို့နှင့် ယာအစွန် ထောင့်အကွက်) က အာရှရှိ အကြီးဆုံး မူးယစ်မှောင်ခို ဆင်ဒီကိတ်ကို ဦးဆောင်နေသူဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။ မူးယစ်ဆေး မှောင်ခိုများကို ဖမ်းဆီးမိနေသော်လည်း ၎င်း၏ မူးယစ်ဆေး ထုတ်လုပ် ဖြန့်ချိနေမှုက လျော့ကျမသွားပါ/Reuters

Tse Chi Lop က အာရှ၏ ကာစီနိုများသို့ မကြာခဏ ဆိုသလို သွားတတ်သူဖြစ်ပြီး မြင်းပွဲများ အထူးသဖြင့် ခေတ်ဟောင်း စတိုင်မြင်းပွဲများတွင် လောင်းတတ်သူဖြစ်ကြောင်း တွေ့ရသည်။ “မကာအိုက ကာစီနိုတခုရဲ့ လောင်းကစားဝိုင်းတွေမှာ သူက တညတည်းနဲ့ ယူရို သန်း ၆၀ (အမေရိကန်ဒေါ်လာ ၆၆သန်း ခန့်) ရှုံးခဲ့ဖူးတယ်လို့ ကျနော်တို့ ထင်တယ်” ဟု အာရှ အခြေစိုက် AFP အကြီးတန်း စုံစမ်းစစ်ဆေးရးမှူးတဦးက ပြောသည်။

Tse Chi Lop အပေါ် စုံစမ်းစစ်ဆေးမှု နက်ရှိုင်းလာသည်နှင့် အမျှ အဆိုပါ ကနေဒါနိုင်ငံသားသည် သြစတြေးလျနိုင်ငံ အတွင်းသို့ မက်သဖက်တမင်း နှင့် ဘိန်းဖြူကို ecstasy ဟုသိကြသည့် အမြတ်အစွန်း အလွန်များသော စိတ်ကြွဆေးနှင့် အတူ ထောက်ပံ့ပေးနေသည့် အဓိက မူးယစ်ကုန်သည်ဖြစ်သည်ဟု ရဲအဖွဲ့က သံသယရှိလာခဲ့သည်။ သို့သော်လည်း ဆမ်ကော ဆင်ဒီကိတ်၏ အရွယ်အစားနှင့် ကျယ်ပြန့်မှုက ၂၀၁၆ ခုနှစ် နှောင်းပိုင်းကျမှသာ သိသာထင်ရှားလာခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ပေါင် ၂ ဖက်တွင် အဖြူရောင်အမှုန့်များပါသည့် အိတ်တလုံးစီ ချည်နှောင်ထားသော ထိုင်ဝမ်နိုင်ငံသား လူငယ် အမျိုးသားတဦး ရန်ကုန်လေဆိပ်ထဲသို့ ဝင်ရောက်လာသည့် အချိန်ကျမှ ဖြစ်သည်။

သတင်းအချက်အလက် ရတနာသိုက်

ထိုင်ဝမ်ရှိ အိမ်သို့ ပြန်မည့် Cai Jeng Ze က Jimmy Choo သားရေအိတ် တလုံး၊ မိုဘိုင်းဖုန်း ၂ လုံးတို့နှင့် အတူ လေဆိပ် အတွင်းသို့ ဝင်ရောက်လာသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းတွင် ဖြစ်သည်။ Cai Jeng Ze က စိတ်လှုပ်ရှားနေသည့် အသွင်ရှိပြီး အရည်ကြည်ဖုများနှင့် သူ့လက်များပေါ်တွင် အနာစက်များ ရှိနေသည်။ ထိုအသွင်အပြင်က သံသယဝင်စရာ ဖြစ်စေခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုကို ဦးစီးခဲ့သော မြန်မာရဲတပ်ဖွဲ့မှ တပ်မှူးဟောင်းတဦး ကပြောသည်။ “သူ့လက်တွေက အခြေအနေဆိုးနေတယ်။ ဘာကြောင့်လဲဆိုတော့ သူက မူးယစ်ဆေးတွေကို ကိုင်တွယ်ခဲ့ရတယ်လေ” ဟု သူက ရိုက်တာသို့ ပြောသည်။ “မက်သဖက်တမင်းက အလွန်ကို အဆိပ်သင့်စေတယ်”

Cai Jeng Ze ကို ရပ်ခိုင်းပြီး ရှာဖွေခဲ့ကြသည်။ ပေါင်တွင် တိပ်နှင့်ကပ်ထားသော အိတ်ထဲတွင် ပါတီများတွင် မူးယစ်ဆေး အဖြစ် သုံးစွဲကြသည့် အားပြင်းသော စိတ်ငြိမ်ဆေးတမျိုး ဖြစ်သည့် ကီတမင်း ၈၀ ဂရမ် ပါဝင်သည်။ “ကျနော်တို့ အရမ်း ကံ ကောင်းလို့ သူ့ကို ဖမ်းမိတာပါ။ တကယ်တော့ အဲဒါက တိုက်ဆိုင်မှုဖြစ်ပါတယ်” ဟု ရဲမှူးဟောင်းက ပြောသည်။ DEA ထံမှ သတင်းရရှိထားသည့်အတွက် မြန်မာရဲအဖွဲ့က သူ့ကို စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သူ့ကို ခြေရာမကောက်နိုင် ခဲ့ပါ။ လေဆိပ်ရဲတပ်ဖွဲ့က Cai Jeng Ze ကို မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိမထားခဲ့ပါ။

Cai Jeng Ze က သူ့ပေါင်မှ အိတ်ထဲတွင် ပါဝင်သည်မှာ “အပင်နှင့် ပန်းများအတွက် ပိုးသတ်ဆေး သို့မဟုတ် ဗီတာမင်” ဖြစ်သည်ဟု လေဆိပ်ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့ကြောင်း သူ့ကို ကီတမင်းကုန်သွယ်မှုဖြင့် တရားရုံးတင်စစ်ဆေးသည့် မှတ်တမ်းများ၏ အဆိုအရ သိရသည်။ သူ၏ ဖခင်သို့ပေးရန် သူငယ်ချင်းတယောက်က လူကြုံပါးလိုက်ခြင်း ဖြစ်သည်ဟု Cai Jeng Ze က ဆိုသည်။ Cai Jeng Ze ၏ လေယာဉ်က ထွက်တော့မည်ဖြစ်ပြီး လေဆိပ်တွင် ကီတမင်းအတွက် ဆေးဝါးစစ်ဆေးစရာ မရှိဟု ရဲမှူးဟောင်းက ပြောသည်။

ဖြေရှင်းချက်ကို မယုံကြည်သည့်အတွက် ရဲ အဖွဲ့က သူကို တည ထိန်းသိမ်းထားခဲသည်။ နောက်တနေ့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရာရှိများ လေဆိပ်သို့ ရောက်လာခဲ့ကြသည်။ သူ့ကို စောင့်ကြည့်ရန် တာဝန်ယူဆောင်ရွက်နေရသည့် အရာရှိ တဦးက သူ့ကို မှတ်မိသွားခဲ့၏။

သို့သော်လည်း Cai Jeng Ze က ဖွင့်ဟပြောဆိုရန် ညင်းဆန်နေဆဲ ဖြစ်သည်။ သူ့ ဖုန်းများထဲမှ တလုံးတွင် တွေ့ရသည့် ဗီဒီယို တခုက မည်သည့်အတွက်ကြောင့် သူနှုတ်ပိတ်နေရသည်ဆိုသော အဖြေကို ပေးနိုင်ကြောင်း နောက်ပိုင်းတွင် တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ဗီဒီယိုထဲတွင် ငိုယိုခုန်ပေါက်နေသော အမျိုးသားတယောက်ကို တွေ့ရသည်။ အနည်းဆုံး လူ ၃ ယောက်လောက်က သူ့ခြေထောက်များကို ဂဟေဆော်သည့် မီးဖြင့် အလှည့်ကျ မီးရှို့နေကြသည်။ တိရိစာ္ဆန်များကို မောင်းရာတွင် သုံးသည့် ကျဉ်စက်တခုဖြင့် တို့နေကြသည်။ ဗီဒီယိုထဲတွင် တရုတ်ဘာသာဖြင့် “ကောင်းကင်ဘုံသို့ သစ္စာရှိခြင်း” ဟုရေးထားသော လက်ရေးဆိုင်းဘုတ်တခုကို မြင်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူ တဦးကပြောသည်။ အဆိုပါစာတမ်း သည် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် သက်ဆိုင်သည့် သင်္ကေတခု ဖြစ်သည်ဟု သူက ထပ်ပြောသည်။

ဗီဒီယိုကို ကြည့်ခဲ့ရသော AFP အရာရှိ ၂ ဦး၏ အဆိုအရ နှိပ်စက်ခံနေရသော အမျိုးသားသည် မက်သဖက်တမင်း ၃၀၀ ကီလိုဂရမ်ကို လှေတစီးပေါ်မှ ပစ်ချခဲ့သည်ဟု ဆိုသည်။ လျှင်မြန်စွာ ချဉ်းကပ်လာနေသော ယာဉ်မှာ တာဝန်ရှိသူများ၏ လှေဟု မှားယွင်းယူဆမိသောကြောင့် ဖြစ်သည်။ နှိပ်စက်သူများက သူ၏ ပြောဆိုချက် မှန်ကန်ခြင်း ရှိ/မရှိ စမ်းသပ်နေခဲ့ကြသည်။ ထိုဗီဒီယိုကို ရိုက်ကူးဖြန့်ဝေခြင်းအားဖြင့် ဂိုဏ်းသားများက သစ္စာမရှိခြင်းအတွက် ပေးဆပ်ရမည့်တန်ဖိုးနှင့် ပတ်သက်သော သတင်းစကားကို ပေးပို့နေခြင်း ဖြစ်သည်ဟု အရာရှိများက ပြောကြသည်။ ရိုက်တာ သတင်းဌာနက ထိုဗီဒီယိုကို မကြည့်ခဲ့ရပါ။

နှိပ်စက်သော ဗီဒီယိုက Cai Jeng Ze ၏ အိုင်ဖုန်း ၂ လုံးထဲတွင် တွေ့ရသည့် သံသယဖြစ်ဖွယ်ရာများထဲမှ တခုသာ ဖြစ်သည်။ သံသယရှိဖွယ်ရာ ထိုင်ဝမ်နိုင်ငံသား တရားမဝင် ကုန်ကူးသူသည် မူးယစ်ဆေး ဆင်ဒီကိတ်၏ လှုပ်ရှားမှုများ အကြောင်းကောင်းကောင်း သိသူတဦး ဖြစ်သည်။ သို့သော်လည်း သတင်း အချက်အလက် လုံခြုံရေးနှင့် ပတ်သက်၍မူ အတော်ပေါ့ပေါ့တန်တန် နိုင်ခဲ့သည်။ သူ့ဖုန်းများထဲတွင် ဓာတ်ပုံနှင့် ဗီဒီယို အမြောက်အများ၊ ဆိုရှယ်မီဒီယာတွင် အပြန်အလှန် ပြောဆိုမှုများနှင့် ထောင်နှင့် ချီသော ဖုန်းခေါ်ဆိုမှု မှတ်တမ်းများနှင့် စာတိုပေးပို့မှုများ ရှိနေသည်ဟု ရဲအဖွဲ့က ပြောသည်။

၎င်းတို့သည် အဖိုးတန် သတင်းအချက်အလက်များ ဖြစ်သည်ဟု အာရှ အခြေစိုက် AFP အကြီးအကဲ တဦးက ပြောသည်။

သူအဖမ်းမခံရမီ အနည်းဆုံး ၂ လခန့် အချိန်အတွင်းတွင် Cai Jeng Ze က မြန်မာနိုင်ငံအတွင်း လျှောက်သွားနေခဲ့ပြီး ဆင်ဒီကိတ်အတွက် ကြီးမားသော မူးယစ်ဆေးဝါး အရောင်းအဝယ် သဘောတူညီချက်တခုအတွက် လမ်းခင်းနေခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ စုံစမ်းစစ်ဆေးမှုကို ဖော်ပြသော PowerPoint ပြကွက်တခု အရ သိရသည်။ တွေ့ရှိမှုကို ဖော်ပြနေသည်မှာ တရုတ် လက်ဖက်ခြောက်များ ထည့်သွင်းရန် ထုတ်လုပ်ထားသည့် ထုပ်ပိုးပစ္စည်းများကို ရန်ကုန်လိပ်စာတခုသို့ ၂ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း မှတ်တမ်းတင်ထားသည့် နိုင်ငံတကာပို့ဆောင်ရေး ကုမ္ပဏီ တခုထံမှ ဖြတ်ပိုင်းတခု၏ screenshot ဖြစ်သည်။ အနည်းဆုံး ၂၀၁၂ ခုနှစ်မှ စ၍ တထုပ်လျှင် မက်သဖက်တမင်း ၁ ကီလို ပါရှိသည့် လက်ဖက်ခြောက်ထုပ်များကို အာရှ-ပစိဖိတ် ဒေသအတွင်းမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများတွင် မြင်တွေ့ရ လေ့ရှိပါသည်။

Cai Jeng Ze အဖမ်းခံရပြီး နောက် ၂ရက်အကြာတွင် မြန်မာရဲတပ်ဖွဲ့က ရန်ကုန် လိပ်စာတခုကို ဝင်ရောက်စီးနင်းခဲ့ကြပြီး နောက်ထပ် ကီတမင်း ၆၂၂ ကီလိုဂရမ် ဖမ်းမိခဲ့သည်။ ထိုညနေမှာပင် ရန်ကုန်ဆိပ်ကမ်းတခုတွင် ခရစ္စတယ် မက်သဖက် တမင်း ၁.၁ တန်ကို သူတို့ ဖမ်းဆီးမိခဲ့သည်။ မူးယစ်ဆေးဝါးများကို ကြားဖြတ်ဖမ်းဆီးခြင်းက အောင်မြင်သော လျှပ်တပျက် ဆောင်ရွက်မှုတခု ဖြစ်ခဲ့သည်။ သို့တိုင်အောင်ပင် မြန်မာရဲအဖွဲ့ စိတ်ပျက်ခဲ့ရသည်။ လူ ၉ ယောက်ကို ဖမ်းမိသော်လည်း Cai Jeng Ze မှ လွဲ၍ အခြားသူများမှာ ပစ္စည်းသယ်ပို့ပေးသူများနှင့် ယာဉ်မောင်းတဦး အပါအဝင် ဆင်ဒီကိတ်၏ အဆင့်နိမ့် အဖွဲ့ဝင်များ ဖြစ်နေကြသည်။ Cai Jeng Ze ကလည်း ထုတ်ဖော်ဝန်ခံခြင်း မရှိသေးပါ။

ထို့နောက်တွင် အဓိကကျသည့် ကျော်ဖြတ်နိုင်မှုတခု ရောက်လာသည်။ Cai Jeng Ze ၏ ဖုန်းအတွင်းမှ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ကြည့်ရင်း ရန်ကုန်အခြေစိုက် AFP စုံစမ်းစစ်ဆေးရေးမှူးတဦးက လွန်ခဲ့သော တနှစ်ခန့်က သူတက်ရောက်ခဲ့ သော အာရှမူးယစ်ကုန်သည်များနှင့် ပတ်သက်သည့် ထောက်လှမ်းရေး ဆိုင်ရာ ရှင်းလင်းပွဲတခုတွင် သူသိခဲ့သော အကျွမ်း တဝင်ရှိသည့် မျက်နှာတခုကို သတိပြုမိလိုက်သည်။ “အဲဒီတယောက်က ထူးခြားနေတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကနေဒါနိုင်ငံသား ဖြစ်နေလို့။ မင်း ဘယ်သူလဲ ဆိုတာ ငါသိတယ်လို့ ကျနော်ပြောလိုက်မိတယ်” ဟု သူက ပြန်ပြောပြသည်။

ထိုသူမှာ ဆမ်ကော Tse Chi Lop ဖြစ်ပါသည်။

ထောက်လှမ်းရေး သတင်းအချက်အလက် လေ့လာဆန်းစစ်သူများ ပါဝင်သည့် အဖွဲ့တဖွဲ့ စေလွှတ်ပေးရန် မြန်မာရဲတပ်ဖွဲ့ က AFP ကို ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ဖိတ်ကြားခဲ့သည်။ သူတို့က Cai Jeng Ze ၏ ဖုန်းများနှင့် ဆက်၍ အလုပ်လုပ်ခဲ့ ကြသည်။

သြစတြေးလျနိုင်ငံသည် ဗီယက်နမ်စစ်ပွဲပြီးသည့် နောက်ပိုင်းမှစ၍ အာရှ ရာဇဝတ်ဂိုဏ်းများအတွက် အကျိုးအမြတ်များပြား သည့် မူးယစ်ဆေးဝါး ဈေးကွက်တခု ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် တခုအတွင်းတွင် AFP က မူးယစ်ဆေးဝါး အမှုငယ်၊ အမှုကြီးများနှင့် ပတ်သက်သည့် သူတို့၏ မှတ်တမ်းများ အားလုံးကို database တခုအတွင်းသို့ ထည့်သွင်းပေးခဲ့သည်။ အဆိုပါ database သည် အလွန်တန်ဖိုးရှိသည့် အမည်များ၊ ဖမ်းဆီးမိသည့် မူးယစ်ဆေးများ၏ ဓာတုဗေဒ ဖွဲ့စည်းမှုပုံစံများ၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် စောင့်ကြည့်လေ့လာမှုမှ ရရှိသည့် သတင်းအချက်အလက်များပါဝင်သည့်အတွက် ဒေသတွင်းမှ အာရှမူးယစ်ဆေးဝါး ကုန်ကူးသည့် အဖွဲ့အစည်းများနှင့် ပတ်သက်သော ထောက်လှမ်းရေးသတင်းများ အများဆုံး သိမ်းဆည်းပေးထားသည့် နေရာဖြစ်သည်ဟု တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးတန်း ဧဂျင့်တဦးက ပြောသည်။

AFP မှ လေ့လာဆန်းစစ်သူများက Cai Jeng Ze ၏ ဖုန်းများတွင် ပါဝင်သည့် အချက်အလက်များကို database နှင့် တိုက်ဆိုင် စစ်ဆေးကြည့်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးရေးမှူးများနှင့် မြန်မာရဲတပ်ဖွဲ့ စာရွက်စာတမ်းများ၏ အဆိုအရ ၂၀၁၆ ခုနှစ်တွင် တရုတ်၊ ဂျပန်နှင့် နယူးဇီလန်တို့တွင် ခရစ္စတယ် မက်သဖက်တမင်း ၃ ကြိမ် အကြီးအကျယ် ဖမ်းဆီးမိခဲ့ခြင်းနှင့် သက်ဆိုင်သည့် ဓာတ်ပုံများကို သူတို့တွေ့ခဲ့ရကြောင်း သိရသည်။ နောက်ပိုင်းတွင် တရုတ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်ရှိသူ အဖွဲ့တဖွဲ့က Cai Jeng Ze ၏ ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များနှင့် လိပ်စာများကို တရုတ်နိုင်ငံ အတွင်းမှ အခြားသော မက်သဖက်တမင်း ဖမ်းဆီးရမိမှုများနှင့် ဆက်စပ်မိသွားခဲ့သည်။

ဒေသတွင်းမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ အတွက် ထိုသို့ပေါ်ထွက်လာခြင်းက မူးယစ်ဆေးဝါးများကို ကွဲပြားခြားနားသည့် ရာဇဝတ်ဂိုဏ်းများက တရားမဝင် ကူးသန်းရောင်းဝယ်နေကြခြင်းဖြစ်သည်ဆိုသော သူတို့၏ အယူအဆကို ပြောင်းပြန် ဇောက်ထိုးဖြစ်သွားစေခဲ့သည်။ မူးယစ်ဆေးဝါးတင်ပို့မှုများကို အဖွဲ့အစည်းတခုကသာ လုပ်နေခြင်းဖြစ်ကြောင်း ရှင်းလင်းသွားခဲ့သည်။ Cai Jeng Ze သည် ဒေသတွင်းမှ မူးယစ်ဆေးဝါးအမျိုးမျိုး၊ တရားမဝင်ကုန်ကူးခြင်းနှင့် ထုတ်လုပ်ခြင်းများတွင် ပါဝင်ပတ်သက်နေခဲ့သော ကြီးမားသည့် ဆင်ဒီကိတ်တခုမှ အဖွဲ့ဝင် ဖြစ်သည်ဟု သူတို့ ယုံကြည်ကြောင်း တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဧဂျင့်တဦးကပြောသည်။

Cai Jeng Ze က ကီတမင်းအမှုတွင် အပြစ်ရှိကြောင်း မတွေ့ရှိရသော်လည်း ရန်ကုန်တွင် အကျဉ်းကျခံနေရဆဲဖြစ်ပြီး မက်သဖက်တမင်း ဖမ်းဆီးရမိမှုများနှင့် သက်ဆိုင်သည့် တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှု စွဲချက်များဖြင့် တရားရင်ဆိုင်နေရ သည်။ ရိုက်တာက Cai Jeng Ze ၏ ရှေ့နေနှင့် မဆက်သွယ်နိုင်ခဲ့ပါ။

မက်သဖက်တမင်း နိဗ္ဗာန်ဘုံ

ရဲတပ်ဖွဲ့နှင့် မြန်မာ PowerPoint အချက်အလက်များအရ မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း Cai Jeng Ze က တိုင်းပြည် အတွင်း လျှောက်သွားရင်း မူးယစ်ဆေး နမူနာများကို စမ်းသပ် ခဲ့ပြီး သယ်ဆောင်ပေးမည့်သူများကို စုစည်းခဲ့သည်၊ နိုင်ငံတကာ ရေပြင်အတွင်းမှ ပိုမိုကြီးမားသည့် ရေယာဉ်ထံသို့ တရားမဝင်ကုန်များ ပို့ဆောင်ပေးရန် ငါးဖမ်းသင်္ဘော တစီးရရှိခဲ့သည်ဟု ယူဆရပါသည်။ သူ၏ ဖုန်းအတွင်းတွင် မက်သဖက်တမင်းပို့ဆောင်ရာတွင် အသုံးပြုမည့် ယာဉ်များ၊ မက်သဖက်တမင်း ချပေးရမည့်နေရာများနှင့် ငါးဖမ်းသင်္ဘောတို့၏ ပုံများ ရှိနေသည်။

Cai Jeng Ze ၏ မြန်မာနိုင်ငံမှ သဘောတူညီချက်များက ရဲတပ်ဖွဲ့ကို နောက်ထပ် အဓိက ကျသည့် ဖော်ထုတ်မှုတခုဆီသို့ ဦးတည်သွားခဲ့သည်။ မက်သဖက်တမင်း ထုတ်လုပ်မှု၏ အဓိက အချက်အချာနေရာက တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ်များမှနေ၍ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်နယ်မြေများပေါ်ရှိသော ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံတွင် လုပ်ကိုင်ခြင်းက ဆမ်ကော ဆင်ဒီကိတ်အတွက် ပုလဲမြစ်ဝှမ်းစီးပွားရေးဇုန်ရှိ ဆေးဝါး၊ ဓာတုဗေဒနှင့် သုတ်ဆေး စက်ရုံများမှ မှောင်ခိုထုတ်လာသည့် ephedrine နှင့် pseudoephedrine တို့ကဲ့သို့သော မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို အလွယ်တကူ ရယူနိုင်ခွင့် ရှိနေသည်။ ရှမ်းပြည်နယ်က ဆမ်ကော ဆင်ဒီကိတ်ကို သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ အဟန့်အတားမရှိဘဲ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ကို ပေးသည်။

ရှမ်းပြည်နယ်ကဲ့သို့သော တပိုင်းတစ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ဒေသများမှ လက်နက်ကိုင်အဖွဲ့များက နယ်မြေ၏ ကျယ် ပြန့်သော အစိတ်အပိုင်းများကို ကာလရှည်ကြာစွာ ထိန်းချုပ်ထားခဲ့ကြပြီး အစိုးရတပ်နှင့် မကြာခနဖြစ်ပွားသည့် တိုက်ပွဲများ အတွက် ဘဏ္ဍာငွေ ရရှိရန် မူးယစ်ဆေးမှ ရရှိသော ဝင်ငွေများကို အသုံးပြုကြသည်။ နှစ်ပေါင်းများစွာအတွင်း အစိုးရက လက်နက်ကိုင် အဖွဲ့များနှင့် စေ့စပ်ဖြန်ဖြေရေး ကြိုးစားမှုများဆက်တိုက်လုပ်ခဲ့ခြင်းကြောင့် ဒေသက ယခင်ကထက် အတော် အတန် အေးချမ်းနေပြီဖြစ်ပြီး တရားမဝင်မူးယစ်ဆေးလုပ်ငန်း ဆောင်ရွက်မှုများကို ကြီးထွားတိုးတက်ခွင့်ဖြစ်စေ၏။

“ထုတ်လုပ်ရေးစက်ရုံတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ နဲ့ တခြားသော စပ်စုတတ်သူတွေ မသိအောင် ၊ မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်နိုင်အောင် တားဆီး ဖုံးကွယ်ထား လို့ရပါတယ်” ဟု လေ့လာဆန်းစစ်သူတဦး ဖြစ်သည့် Richard Horsey က ယခုနှစ်အတွင်းတွင် International Crisis Group အတွက်ရေးသားခဲ့သော စာတမ်းတစောင်၌ ပြောသည်။ “မူးယစ်ဆေး ထုတ်လုပ်ရေးနဲ့ အကျိုးအမြတ်က အခုဆိုရင် အရမ်းကြီးမားနေပြီး သူတို့က ရှမ်းပြည်နယ်ရဲ့ တခြား ပုံမှန် ကဏ္ဍတွေကို သေးကျုံ့သွားစေခဲ့ပါတယ်။ ”

မြန်မာအစိုးရနှင့် ရဲတပ်ဖွဲ့က ရိုက်တာ၏ မေးခွန်းများကို တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိပါ။

ရှမ်းပြည်နယ် လွိုင်ကန် Loikan ကျေးရွာသို့ သွားသည့် လမ်းတလျှောက်တွင် မူးယစ်ဆေးက လှုံ့ဆော်သည့် အောင်မြင် ကြီးပွားမှု သက်သေ အထောက်အထားရှိနေသည်။ ၂ လမ်းသွားလမ်းမက မြန်မာ့တပ်မတော်နှင့် ကောင်းခါး ပြည်သူစစ် အဖွဲ့မှ ကချင်တိုင်းရင်းသား လက်နက်ကိုင်များ ဆယ်စုနှစ်များစွာ တိုက်ခိုက်ခဲ့ကြပြီး သေမင်းတောင်ကြားဟု သိကြသည့် နက်ရှိုင်းသော လျှိုမြောင်တခုကို ဖြတ်သွားသည်။ ယခုအခါတွင် အဆင့်မြင့် SUV ကားများက ဆောက်လုပ်ရေးပစ္စည်းများ နှင့် အလုပ်သမားများကို တင်ဆောင်လာသည့် ထရပ်ကားများကို ဆူညံစွာ ကျော်တက်သွားကြ၏။

ကောင်းခါးပြည်သူ့စစ်အဖွဲ့၏ သန့်ရှင်းပြီး ကုန်ကျစရိတ်ကြီးမားပုံရသော ဌာနချုပ် အဆောက်အဦးများက လွိုင်ဆမ်ဆစ် တောင်တန်း၏ မတ်စောက်သော အစိမ်းရောင်တောင်ကုန်းများကြားမှ ကုန်းမြင့်ကလေးတခုပေါ် တည်ရှိသည်။ ၎င်းနှင့် ၆ ကီလိုမီတာခန့်ဝေးသည့် လွိုင်ကန် ကျေးရွာ အနီးတွင် ထူထပ်သော သစ်တောကို ရှင်းလင်း၍ ဖန်တီးထားသော မူးယစ်ဆေး စက်ရုံတခု ရှိသည်။ အဆိုပါစက်ရုံက ခရစ္စတယ် မက်သဖက်တမင်း၊ ဘိန်းဖြူ၊ ကီတမင်းနှင့် ကဖင်း (caffeine) နှင့် ရောစပ်ထားသည့် ပိုမိုဈေးချိုသည့် မက်သဖက်တမင်း ပုံစံတမျိုး ဖြစ်သော ရာဘဆေးပြားများ အရေအတွက် မြောက်များစွာ ထုတ်လုပ်နေသည်ဟု ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပြောကြသည်။ ၂၀၁၈ ခုနှစ် အစောပိုင်းက ၎င်းကို ဝင်ရောက်စီးနင်းသည့် အချိန်တွင် လုံခြုံရေးတပ်ဖွဲ့များက မူးယစ်ဆေး ထုတ်လုပ်သည့် ဓာတုပစ္စည်း လီတာ ၂၀၀၀၀၀ ကျော်ကို ဖမ်းမိခဲ့သလို ကဖင်း ၁၀၀၀၀ ကီလိုဂရမ်နှင့် ဆိုဒီယမ် ဟိုက်ဒရောဆိုဒ် ၇၃၅၅၀ ကီလိုဂရမ် ဖမ်းမိခဲ့သည်။ အားလုံးမှာ မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်ကြသည်။

လွိုင်ကန်(Loikan) စက်ရုံသည် ဆမ်ကောဆင်ဒီကိတ်၏ မက်သဖက်တမင်း အများစု၏ အရင်းအမြစ် ဖြစ်ဖွယ်ရာ အလွန် များသည်ဟု ရန်ကုန် အခြေစိုက် AFP အရာရှိတဦးကပြောသည်။

“ပြည်သူ့စစ်တချို့က ဓာတ်ခွဲခန်းတွေမှာ ပါဝင်ပတ်သက်ခဲ့ကြတယ်” ဟု လူအင်အား ၃၀၀၀ ရှိသည့် ကောင်းခါးပြည်သူ့စစ် အဖွဲ့၏ ဆက်သွယ်ရေးအရာရှိ အွိုင်ခွန် Oi Khun က အင်တာဗျူးတခုတွင် ပြောသည်။ “ဒါပေမယ့် အဆင့်မြင့် အဖွဲ့ဝင်တွေ မသိအောင်လုပ်ကြတာပါ” ဟု သူက ထပ်ပြောသည်။

ဓာတ်ခွဲခန်းမှ အလုပ်သမားများ တောင်ကုန်းများပေါ်မှ မည်သို့ ဆင်းလာကြသည်ဆိုသည်ကို လွိုင်ကန် ကျေးရွာမှ လူတဦးက ပြောပြသည်။ အဆိုပါ အလုပ်သမားများမှာ ကျေးရွာသား အများစုကဲ့သို့ပင် တရုတ်လူမျိုးများ ဖြစ်ကြသည်။ သို့သော်လည်း ဒေသခံများထက်ပို၍ ကောင်းမွန်စွာ ဝတ်စားထားကြပြီး န်ိုင်ငံခြားသား လေယူလေသိမ်းနှင့် စကားပြောကြ သည်။ သူတို့ထံတွင် အနံ့ဆိုးတခုရှိသည်ဟု သိရသည်။

“ဘာကြောင့် ရေမချိုးတာလဲလို့ တခါတုန်းက သူတို့ကို ကျနော်မေးကြည့်ဖူးတယ်” ဟု ရိုက်တာနှင့် တွေ့ဆုံခဲ့သည့် ရွာသား ကပြောသည်။ “သူတို့က ရေချိုးပါတယ်။ ဒါပေမယ့် အဲဒီအနံ့ကို ဘယ်လိုမှ လုပ်လို့မရဘူးလို့ ပြောတယ်။”

မက်သဖက်တမင်း ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများက သူတို့၏ တရားမဝင်လုပ်ကိုင်မှုများကို ဖော်ပြနေ သည့် အမှတ်တံဆိပ်ဖြစ်သော အနံ့အတွက် စိတ်ပျက်နေပုံရသည့် အဆိုပါ အမျိုးသားများ၏ အရေပြားအတွင်းသို့ စိမ့် ဝင်နေခဲ့သည်။ “ကျနော်တို့ အားလုံးသိပါတယ်။ ကျနော်တို့ ဒီအကြောင်းကို မပြောကြတာပဲရှိတယ်။ အဲဒါက ခင်ဗျား အတွက် အန္တရယ်တွေ ယူလာမယ်လေ”

ဓာတ်ခွဲခန်း မန်နေဂျာများနှင့် ဓာတုဗေဒ ပညာရှင် အများစုမှာ ထိုင်ဝမ်နိုင်ငံသားများ ဖြစ်ကြသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြော သည်။ ထို့ကြောင့် ရာဇဝတ်မှု ကွန်ရက်၏ ပစ္စည်းပို့ဆောင်ပေးသူများနှင့် အာရှ ပစိဖိတ်တလွှားသို့ မူးယစ်ဆေးများ ပို့ဆောင်ပေးသည့် လှေဝန်ထမ်း အများစုမှာလည်း ထိုင်ဝမ် နိုင်ငံသားများ ဖြစ်ကြသည်။

ရှမ်းပြည်နယ်မှ စူပါဓာတ်ခွဲခန်းများက ကမာ္ဘပေါ်တွင် အသန့်စင်ဆုံးသော ခရစ္စတယ်ကို ထုတ်လုပ်သည်ဟု တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးတန်းအရာရှိတဦးက ရိုက်တာသို့ ပြောသည်။ “သူတို့က ဖြည်းဖြည်း လုပ်နိုင်တယ်။ မက်သဖက်တမင်းကို မြေပေါ်မှာ ဖြန့်ခင်းပြီး အခြောက်ခံတယ်”

အာရှ-ပစိဖိတ်၏ မက်သဖက်တမင်း လက်လီဈေးကွက်က တနှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀.၃ ဘီလီယံမှ ၆၁.၄ ဘီလီ ယံ တန်ကြေးရှိသည်ဟု UNODC က ခန့်မှန်းထားသည်။ မက်သဖက်တမင်းအတွက် စီးပွားရေးလုပ်သည့် ပုံစံက ဘိန်းဖြူ နှင့် အလွန်ကွဲပြားခြားနားသည်ဟု UNODC မှ Jeremy Douglas ကပြောသည်။ “ကုန်ကြမ်းတွေက ပိုပြီးဈေးချိုတယ်။ အလုပ်သမားအင်အား များများစားစားလဲ မလိုဘူး။ တကီလိုဈေးနှုန်းကျတော့ ပိုပြီး မြင့်တယ်။ ဒီတော့ အမြတ်အစွန်းက အများကြီး ပိုပြီးတော့တောင် များသွားတယ်”

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ထုတ်လုပ်သည့် ခရစ္စတယ် မက်သဖက်တမင်း တကီလို၏ လက်ကားဈေးနှုန်းက အမေ ရိကန်ဒေါ်လာ ၁၈၀၀ ခန့်အထိ နည်းပါသည်ဟု တရုတ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အမျိုးသားကော်မရှင်၏ အစီရင်ခံစာ တစောင်ကို ကိုးကား၍ UNODC ကပြောသည်။ ခရစ္စတယ် မက်သဖက်တမင်း၏ ပျမ်းမျှ လက်လီဈေးနှုန်းမှာ ထိုင်းနိုင်ငံတွင် တကီလိုလျှင် အမေရိကန် ဒေါ်လာ ၇၀၅၀၀ နှင့် ညီမျှ၍ သြစတြေးလျတွင် တကီလိုလျှင် အမေရိကန် ဒေါ်လာ ၂၉၈၀၀၀ နှင့် ဂျပန်တွင် ဒေါ်လာ ၅၈၈၀၀၀ အထိရှိကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။ ဂျပန် ဈေးကွက်အတွက်ဆို လျှင် အမြတ်အစွန်းက အဆ ၃၀၀ ကျော်ဖြစ်သည်။

ဆင်ဒီကိတ်က ရရှိနေသည့် ငွေကြေးမှာ “သူတို့ ဆယ်ခါ ဆုံးရှုံးပြီး တကြိမ် အောင်အောင်မြင်မြင် ပို့လိုက်နိုင်တယ်ဆိုရင်တောင် အမြတ်အစွန်းက ကြီးမားနေတုန်းပဲဆိုတဲ့ အဓိပ္ပါယ်ပဲ” ဟု တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရာရှိ တဦးကပြောသည်။ “သူတို့ အရှုံးခံနိုင်တယ်။ အဲဒါက သူတို့အတွက် အရေးမကြီးဘူး”

ပိုက်ဆံ၊ ပိုက်ဆံ

Cai Jeng Ze ၏ ဖုန်းကို လေ့လာဆန်းစစ်ခြင်းက ဆက်လက်၍ လမ်းကြောင်းများပေးနေဆဲ ဖြစ်သည်။ ၎င်းတို့ထဲတွင် မြန်မာနိုင်ငံမှ မက်သဖက်တမင်း တင်ထားသော ငါးဖမ်းလှေများက ပင်လယ်ပြင်တွင်းတွင် ရက်သတ္တပတ်များစွာ ရှိနေနိုင်သည့် မူးယစ်ဆေးတင် မိခင်သင်္ဘောများနှင့် ကပ္ပလီ ပင်လယ်ပြင်အတွင်းတွင် တွေ့ဆုံမည့် နေရာကို ဖော်ပြသည့် GPS အညွှန်း များကို သူတို့ တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

မိခင်သင်္ဘောများထဲမှ တခုမှာ Shun de Man 66 အမည်ရှိသော ထိုင်ဝမ်နိုင်ငံမှ ငါးဖမ်းသင်္ဘောတစီးဖြစ်ကြောင်း ရိုက်တာ မှ ကြည့်ရှုခဲ့ရသည့် ထိုင်ဝမ်အာဏာပိုင်များ၏ စာရွက်စာတမ်းများအရ သိရသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လ အစောပိုင်းတွင် ထိုငါးဖမ်းသင်္ဘောက ပင်လယ်ပြင်တွင်း၌ ရှိနေသည့် အချိန်တွင် သြစတြေလျ အနောက်ပိုင်းမြို့တော် Perth ရှိ သင်္ဘော ငှားရမ်းခြင်းနှင့် အရောင်းအဝယ် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတခုသို့ Joshua Joseph Smith ရောက်လာပြီး စင်းလုံးငှား ငါးဖမ်းသင်္ဘော တစီး ဖြစ်သည့် MV Valkoista အတွက် သြစတြေးလျဒေါ်လာ ၃၅၀၀၀၀ (ထိုစဉ်က ပေါက်ဈေး အရဆိုလျှင် အမေရိကန်ဒေါ်လာ ၂၆၅၀၀၀ နှင့် ညီမျှသည်)ပေးချေခဲ့သည်။ အသက် ၄၅ နှစ်ဝန်းကျင်ရှိသော Joshua Joseph Smith က ပင်လယ်လှိုင်းမူးခြင်းကို ပျောက်စေသည့် ဆေးပြားများအကြောင်းကိုလည်း စုံစမ်းခဲ့သည်။ ဒေသခံမီဒီယာများ၏ အဆိုအရ ထိုစဉ်က သူ့တွင် ငါးဖမ်းလိုင်စင် ရှိမနေခဲ့ပါ။

သင်္ဘောကို ဇူလိုင်လ ၇ ရက်နေ့တွင် ဝယ်ယူခဲ့ပြီးနောက် Joshua Joseph Smith က အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် Shun De Man 66 နှင့် တွေ့ဆုံရန် တိုက်ရိုက်ဦးတည်သော လမ်းကြောင်းအတိုင်း MV Valkoista ကို ဆိပ်ကမ်းမှနေ၍ ထွက်ခွာ သွားခဲ့သည်ဟု AFP မှ ရဲမှူးတဦးကပြောသည်။ ချိန်းဆိုထားသည့် အချိန်တွင် ချိန်းဆိုထားသည့်နေရာ၌ တွေ့ဆုံခဲ့ပြီး နောက် MV Valkoista က သြစတြေးလျ အနောက်ဖက်စွန်း ဆိပ်ကမ်းမြို့ ဖြစ်သည့် Geraldton သို့ မောင်းနှင်းသွားခဲ့ပြီး ထိုဆိပ်ကမ်းတွင် သင်္ဘောဝန်ထမ်းများက အထုပ်အများအပြားကို ဗန်ကားတစီးပေါ်သို့ ချပေးခဲ့သည်ကို မြင်တွေ့ရကြောင်း အဆိုပါ ရဲမှူးက ပြောသည်။

“ကျနော်တို့မှာ နိုင်ငံခြားက တင်သွင်းမှုတခု ရှိတာကို ကျနော်တို့သိပါတယ်။ စုစည်းမှုကောင်းတဲ့ ရာဇဝတ်ကွန်ရက်တွေရဲ့ လုပ်ပုံကိုင်ပုံ နည်းစနစ်ကို ကျနော်တို့သိတယ်။ တကယ်လို့ သင်္ဘောက အလွတ်ကြီး ထွက်သွားပြီးတော့ သူ့ပေါ်မှာ ပစ္စည်း တွေနဲ့ ပြန်လာပြီဆိုရင် အဲဒါက သမုဒ္ဒရာအလယ်ခေါင်မှာ မိုးပေါ်က ကျလာတာ မဟုတ်ဘူးဆိုတာ ကျနော်တို့သိပါတယ်”

စုံစမ်းစစ်ဆေးသူများက CCTV မှတ်တမ်းများနှင့် ဟိုတယ်၊ လေယာဉ်နှင့် ကား ငှားရမ်းသည့် မှတ်တမ်းများကို စစ်ဆေးခဲ့ သည်။ သြစတြေးလျ မူးယစ်ကုန်သည် အချို့၏ တယ်လီဖုန်းများကို ကြားဖြတ်နားထောင်ခဲ့သည်။ မကြာမီမှာပင် ထင်ထင် ရှားရှား ဖြစ်လာသည်ဟု ရဲအဖွဲ့ကပြောသည်။ Joshua Joseph Smith နှင့် ပူးပေါင်းကြံစည်သည်ဟု သံသယရှိသူအချို့မှာ လက်ဘနွန်လူမျိုး မြေအောက်ဂိုဏ်းတဂိုဏ်း နှင့် သြစတြေးလျတွင် “bikies” ဟု သိကြသည့် Hells Angels နှင့် Comanchero အမည်ရှိ မော်တော်ဆိုင်ကယ်စီး ရာဇဝတ်ဂိုဏ်းများမှ အဖွဲ့ဝင်များ ဖြစ်နေကြသည်။

Cai Jeng Ze ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းမိလိုက်ခြင်းက နောက်ကြောင်းကွင်းဆက် အမြောက်အမြားကို ဖော်ထုတ်နိုင်ခဲ့သည်။ သူ့ကို ဖမ်းမိခဲ့သော်လည်း ရှမ်းပြည်နယ်မှ ထွက်သော မူးယစ်ဆေး မှောင်ခို ထုတ်လုပ် တင်ပို့နေခြင်းများက ဆက်လက်ဖြစ်ပေါ်နေသည်/Reuters

သြစတြေးလျနိုင်ငံတွင်းသို့ ၁.၂ တန် ရှိ ခရစ္စတယ် မက်သဖက်တမင်းများ တင်သွင်းရန် သူတို့ အတူတကွ သဘောတူညီချက် ရရှိခဲ့ပြီးနောက် Joshua Joseph Smith ၏ စီးပွားဖက်များက ဆန်ကောဆင်ဒီကိတ်မှ အဖွဲ့ဝင်များနှင့် ဘန်ကောက်မြို့တွင် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်းက တွေ့ဆုံခဲ့ကြကြောင်း ရိုက်တာမှ လေ့လာကြည့်ရှုခဲ့သည့် AFP စာရွက်စာတမ်း တစောင် ၏ မိတ္တူအရသိရသည်။ နောက်တလကြာသည့် အခါ သူတို့က Perth မြို့တွင် ထပ်မံ စုဝေးခဲ့ကြသည်။

ဆိုင်ကယ်စီး ဂိုဏ်းသားများမှာ ကြမ်းတမ်းသော ကလပ်ပါတီပွဲများနှင့် စည်းပြင်မှလူများသဖွယ် နေထိုင်ပြုမူကြခြင်း အတွက် အသိများကြသော်လည်း သြစတြေးလျမှ ဆိုင်ကယ်ဂိုဏ်းသားများက ယဉ်ကျေးသိမ်မွေ့သည့် ပုံစံမျိုးရှိနေသည်။ သူတို့က လေယာဉ်ကို အထူးတန်းမှ စီးကြသည်၊ ကြယ် ၅ ပွင့် ဟိုတယ်များတွင် တည်းခိုကြသည်၊ အကောင်းဆုံး စားသောက်ဆိုင်များတွင် ညစာစားကြသည်ဟု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးများနှင့် ဒေသတွင်း မီဒီယာ သတင်းများ၏ အဆိုအရ သိရသည်။ အဆိုပါ စားသောက်ဆိုင်များထဲမှ တခုမှာ Perth မှ Rockpool Bar & Grill ဖြစ်သည်ဟု AFP တပ်မှူးက ပြောသည်။ ထိုစားသောက်ဆိုင်က ၁၀၄ မျက်နှာရှိသည့် ဝိုင်စာရင်းနှင့် တပွဲလျှင် ၁၈၅ ဒေါ်လာ တန်သည့် caviar နှင့် ပေါင် မုန့်ကင် ပါဝင်သော ဟင်းလျာစာရင်းတခုတို့ဖြင့် ဝန်ဆောင်ပေးနေသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် Shun De Man 66 က နောက်တကြိမ် ပင်လယ်ပြင်သို့ ထွက်ခွာသွားခဲ့သည်။ ဤတကြိမ်တွင် စင်ကာပူမှ ထွက်ခွာသွားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ မက်သဖက်တမင်းများ တင်ဆောင်လာသော ပိုသေးသည့် ရေယာဉ်နှင့် ချိန်းဆိုထားသည့် နေရာတွင် ဆုံတွေ့ရန် သင်္ဘောက မြောက်ပိုင်း ကပ္ပလီပင်လယ်ပြင်အတွင်းသို့ ဦးတည်ခဲ့သည်။ ထို့နောက် Shun De Man 66 က အင်ဒိုနီးရှားနိုင်ငံ စူမတြာကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်း တလျှောက် မောင်းနှင်သွားခဲ့ပြီး နောက် အိန္ဒိယ သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

အင်ဒိုနီးရှားရေတပ်က ၎င်းကို စောင့်ကြည့်နေသလို AFP ကလည်း သတင်းကို နားစွင့်နေခဲ့သည်။

နောက်ဆုံး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် Shun De Man 66 က သြစတြေးလျ အနောက်ဘက်ကမ်းခြေအပြင်ဘက် နိုင်ငံ တကာရေပြင်တွင် MV Valkoista နှင့် နောက်တကြိမ်ဆုံမိကြချိန်တွင် အာရှတိုက်သား လေယူလေသိမ်းဖြင့် “ပိုက်ဆံ၊ ပိုက် ဆံ” ဟု အော်သည့် အသံတခုကို ကြားရကြောင်း AFP ရဲမှူးနှင့် ဒေသတွင်းမီဒီယာ သတင်းများ၏ အဆိုအရ သိရသည်။ Shun De Man 66 သင်္ဘောသား၏ လက်ထဲတွင် ဖြဲထားသည့် ဟောင်ကောင်ဒေါ်လာ တဝက်ရှိသည်။ Joshua Joseph Smith နှင့် သူ့သင်္ဘောသား၏ လက်ထဲတွင် ကျန်တဝက် ရှိနေ၏။ သြစတြေးလျမှ ဝယ်သူများက သူတို့ အစစ်အမှန်ဖြစ် ကြောင်းကို သူတို့ လက်ထဲမှ အပိုင်းနှင့် Shun De Man 66 သင်္ဘောသားကိုင်ထားသည့် ဒေါ်လာရွက် အပိုင်းကို ဆက်စပ် ပြပြီး သက်သေထူရသည်။ ထို့နောက် Shun De Man 66 သင်္ဘောသားက မက်သဖက်တမင်းများကို လွှဲပြောင်းပေးခဲ့ သည်။

ကြမ်းတမ်းသည့် ပင်လယ်ပြင်တွင် ၂ ရက်ကြာခရီးနှင်ခဲ့ပြီးနောက် သြစတြေးလျ ဆိပ်ကမ်းမြို့ ဖြစ်သည့် Geraldton သို့ MV Valkoista ပြန်ရောက်လာသည်။ သူတို့က မူးယစ်ဆေးများကို အရုဏ်မတက်မီ အမှောင်ထုထဲတွင် သယ်ချခဲ့ကြသည်။ မျက်နှာဖုံးစွပ်ထားသည့် AFP တပ်ဖွဲ့ဝင်များနှင့် သြစတြေးလျ အနောက်ပိုင်းရဲတပ်ဖွဲ့က ချေမှုန်းရေးလက်နက်များနှင့်အတူ ရောက်လာကြပြီး မူးယစ်ဆေးများနှင့် အမျိုးသားများကို ဖမ်းဆီးလိုက်ကြသည်။ တရားမဝင် မူးယစ်ဆေးတခုကို စီးပွားဖြစ် ပမာဏ တင်သွင်းခဲ့သည့်အတွက် အပြစ်ရှိကြောင်း Joshua Joseph Smith က အသနားခံခဲ့သည်။ သူနှင့် စီးပွားဖက်ဟု သံသယရှိသူ အချို့မှာ တရားရင်ဆိုင်နေကြရဆဲ ဖြစ်သည်။

Shun De Man 66 နှင့် ပတ်သက်၍ “စုံစမ်းစစ်ဆေးမှုတွေမှာ ကျနော်တို့နဲ့ အဆင့်တူ အခြားတဖက်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်” ဟု ထိုင်ဝမ်တရားရေး ဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေး ဗျူရိုကပြောသည်။ ထိုသို့ ဆောင်ရွက် ခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် သြစတြေးလျအာဏာပိုင်များက တရားမဝင် မူးယစ်ဆေး အမြောက်အများကို ဖမ်းဆီးနိုင်ခဲ့သည်။ အာရှ-ပစိဖိတ်ဒေသတွင်းမှ ပင်လယ်ရေကြောင်း တရားမဝင်မူးယစ်ဆေးကုန်သွယ်မှုများတွင် ထိုင်ဝမ် ဆင်ဒီကိတ်များက ပါဝင်ပတ်သက်ခဲ့သည်ကို ၎င်းတို့ သိရှိကြောင်းနှင့် အဆိုပါ ဆင်ဒီကိတ်များနှင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို တားဆီးရန် အခြားနိုင်ငံမှ အလားတူ တာဝန်ရှိသူများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက် မှု များပြုလုပ်နေကြာင်းလည်း ဗျူရိုက ပြောသည်။

ကျွမ်းကျင်သော၊ ဖမ်းဆီးရန် ခက်ခဲသော၊ အနှောက်အယှက် မရှိသော

ဆင်ဒီကိတ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ နက်ရှိုင်းလာသည်နှင့် အမျှ ဆမ်ကောကို ဖွဲ့စည်းရန် ဒေသတလွှားမှ ရာဇဝတ်အဖွဲ့များက အလွန်တရာကြီးမားသော ပေါင်းစည်းမှုတခုကို ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သုံးသပ်သည်။ အဖွဲ့ဝင်များထဲတွင် ၁၉၉၀ နှစ်များအတွင်းက အချိန်အများစုကို အချင်းချင်း စစ်ဖြစ်ရင်း ကုန်ဆုံးခဲ့ကြသော ဟောင်ကောင်နှင့် မကာအိုမှ အကြီးဆုံး ရာဇဝတ် ဂိုဏ်း ၃ ခုဖြစ်သည့် 14K၊ Wo Shing Wo နှင့် Sun Yee On တို့လည်း ပါဝင်ကြသည်။ အခြား ၂ ခုမှာ Tse Chi Lop ၏ မူလဂိုဏ်းဖြစ်သည့် စက်ဝိုင်းကြီးဂိုဏ်းနှင့် ထိုင်ဝမ် အခြေစိုက် Bamboo Union ဖြစ်သည်။ စုံစမ်းစစ်ဆေးရးမှူးတဦး၏ အဆိုအရဆိုလျှင် ဆင်ဒီကိတ်၏ ထောက်ပံ့ရေးကွင်းဆက်က အလွန်ရှုပ်ထွေးပြီး Apple ကုမ္ပဏီကိုပင် ယှဉ်နိုင်သည့် ကျွမ်းကျင်မှုမျိုးဖြင့် လည်ပတ်နေသည်။

“ဆင်ဒီကိတ်မှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ သူတို့စီးပွားရှာဖို့ ကြီးမားတဲ့ ဈေးကွက်တခုလည်း ရှိတယ်” ဟု အရှေ့တောင် အာရှတွင် ဆယ်စုနှစ်တခုကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ထိုင်ဝမ်နိုင်ငံမှ ရဲမှူးကြီးတယောက် ဖြစ်သော Jay Li Chien-chih က ပြောသည်။ “ဒီကွန်ရက်က ပိုင်ဆိုင်ထားတဲ့ စွမ်းအားက မှန်းဆလို့တောင် မရနိုင်ဘူး”

စုံစမ်းဖော်ထုတ်သူများဖက်မှလည်း အောင်မြင်မှုများ ရခဲ့ပါသည်။ ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီလတွင် ရဲတပ်ဖွဲက မြန်မာနိုင်ငံ မှ လွိုင်ကန်(Loikan) စူပါဓာတ်ခွဲခန်းကြီးကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မက်သဖက်တမင်း ၁၀ တန်အတွက် လုံလောက်သည့် လက်ဖက်ခြောက် တံဆိပ်တပ် ထုပ်ပိုးပစ္စည်းများကို တွေ့ရှိခဲ့ရသည်။ ထိုလအတွင်းမှာပင် Shun De Man 66 ကို မက်သဖက် တမင်း ၁ တန် နှင့် အတူ အင်ဒိုနီးရှားရေတပ်က ကြားဖြတ်ဖမ်းဆီးခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လတွင် ဆမ်ကော ဆင်ဒီကိတ်မှ အရေးပါသော လက်ထောက်တဦးကို ကမော္ဘဒီးယားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ ဒီဇင်ဘာလ အတွင်းက ထိုင်းနိုင်ငံတွင် ဆင်ဒီကိတ်၏ လုပ်ငန်း အကြီးအကဲဟု သံသယရှိသော Sue Songkittikul ၏ ခြံဝင်းကို သက်ဆိုင်ရာက ဝင်ရောက်စီးနင်းခဲ့သည်။

မြန်မာနယ်စပ်အနီး မဲဆောက်တွင် တည်ရှိပြီး ကျုံးဖြင့် ကာရံထားသော ခြံဝင်းထဲ၌ မူးယစ်ဆေးဖော်စပ်နည်း အသစ်များ စမ်းသပ်ရန် အသုံးပြုသည်ဟု ရဲအဖွဲ့က သံသယရှိသော ဓာတ်ခွဲခန်းငယ်တခု၊ ကီလိုမီတာ ၁၀၀ အကွာအဝေးအထိ လွှမ်းခြုံနိုင်အောင် စွမ်းအားရှိသည့် ရေဒီယို တာဝါတိုင်တခု နှင့် ပင်မအိမ်နှင့် ခြံအနောက်ဖက်ကို ဆက်သွယ်ပေးထားသော မြေအောက် လိုဏ်ခေါင်းတခုကို တွေ့ရှိခဲ့ရသည်။

Sue Songkittikul က ထိုနေရာတွင် ရှိမနေခဲ့ပါ။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုများအတွင်းတွင် ခြံဝန်းနှင့် သူနှင့် ဆက်သွယ်နေသည့် ဘဏ်ငွေစာရင်း ၃၈ ခုမှ ငွေကြေးများ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ သန်းခန့်ကို သိမ်းဆည်းရမိခဲ့သည်။ Sue Songkittikul ကတော့ လွတ်မြောက်နေဆဲ ဖြစ်သည်။

ဒေသတွင်း ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေး ထုတ်လုပ်ရာ စက်ရုံကို ဝင်ရောက် ဖမ်းဆီးခြင်းအပြင် တင်ပို့မှု အများအပြားကိုလည်း ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် ဂိုဏ်းခေါင်းဆောင်များက လွတ်မြောက်နေသေးပြီး မူးယစ်ဆေး တင်ပို့မှု လမ်းကြောင်းက ပုံစံပြောင်းသားသည်/Reuters

သို့သော်လည်း ကျယ်ပြန့်သည့် အာရှ-ပစိဖိတ်ဒေသတွင်းသို့ ရွှေတြိဂံမှ ထွက်လာသည့် မူးယစ်ဆေးများ စီးဆင်းမှုက တိုးလာခဲ့သည့် အသွင်ရှိပါသည်။ အရှေ့နှင့် အရှေ့တောင် အာရှတွင် ပြီးခဲ့သည့်နှစ်အတွင်း ခရစ္စတယ် မက်သဖက်တမင်းနှင့် ရာဘ ဖမ်းဆီးရမိမှုက ၁၂၆ တန်အထိ ၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ တချိန်တည်းမှာပင် မူးယစ်ဆေး ဈေးနှုန်းများက နိုင်ငံ အများစုတွင် ကျဆင်းခဲ့သည်။ ထိုကဲ့သို့ ဈေးနှုန်းကျဆင်းခြင်းနှင့် ဖမ်းမိမှုမြင့်တက်လာသည့် ပုံစံက မူးယစ်ဆေး ထုတ်လုပ်ထောက်ပံ့မှု ကျယ်ပြန့်လာသည်ကို ဖော်ပြနေခြင်း ဖြစ်သည်ဟု UNODC က ၂၀၁၉ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစောင်တွင် ပြောထားသည်။

ဆမ်ကော ဆင်ဒီကိတ်နှင့် ပတ်သက်လာလျှင် ရဲတပ်ဖွဲ့မှာ ကျွမ်းကျင်သော၊ နားလည်ရခက်သော ပြိုင်ဖက်နှင့် ရင်ဆိုင်နေ ကြရသည်။ အာဏာပိုင်များက မူးယစ်ဆေးတင်သည့် အဓိက ပင်မသင်္ဘောများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည့် အချိန်တွင် ဆမ်ကောက သူတို့၏ ကုန်ပစ္စည်းများကို ကုန်သေတ္တာများတွင် ဝှက်၍ သယ်သည့်ဘက်သို့ ပြောင်းသွားသည်။ မြန်မာနိုင်ငံမှ နေ၍ နယ်စပ်ကို ကုန်တင်ကားများဖြင့် တိုက်ရိုက်ဖြတ်ကျော် ရောက်ရှိလာသော မက်သဖက်တမင်း အများစုကို ထိုင်း နိုင်ငံက တားဆီးလိုက်သည့် အချိန်တွင် ဆင်ဒီကိတ်က လမ်းကြောင်းပြန် ပြောင်း၍ လာအိုနှင့် ဗီယက်နမ်ကို ဖြတ်ကျော်ပို့ဆောင်သည်။ ထိုသို့ ပို့ရာတွင် တအိတ်လျှင် မက်သဖက်တမင်း ကီလို ၃၀ စီပါဝင် သည့် ကျောပိုး အိတ်ပိုးအိတ်များဖြင့် လာအိုန်ိုင်ငံသားများက အစုလိုက်သယ်ဆောင်၍ ကျဉ်းမြောင်းသည့် တောတွင်းလမ်းများမှ တဆင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းလည်း ပါဝင်သည်။

နှစ်ပေါင်းများစွာ အတွင်းတွင် အာရှ၏ မူးယစ်ဘုရင်များကို နှိမ်နင်းရာ၌ ရဲတပ်ဖွဲ့က အောင်မြင်မှု အနည်းငယ်သာ ရရှိထား ခဲ့သည်။ AFP ပစ်မှတ်စာရင်း၏ အဆိုအရ မသင်္ကာဖွယ်ရာ ဆင်ဒီကိတ်ခေါင်းဆောင်အချို့သည် မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်ခြင်းတွင် ဆယ်စုနှစ်နှင့် ချီ၍ ပါဝင်ပတ်သက်ခဲ့ကြသည်။ အာရှ၏ ထိပ်တန်း မူးယစ်ဘုရင်တဦးကို ရုံးတင် တရားစွဲ ၍ ကာလတိုတခုထက်ပိုသော ထောင်ချနိုင်ခဲ့သည်မှာ ၁၉၇၀ နှစ်များ အလယ်ပိုင်းလောက်က နောက်ဆုံး ဖြစ်သည်။ Limpy Ho ဟုသိကြသည့် ဟောင်ကောင်သား မူးယစ်ကုန်သည် တဦးဖြစ်သည့် Ng Sik-ho ကို ဘိန်းနှင့် မော်ဖင်း တန် ၂၀ ကျော် တရားမဝင်မှောင်ခို ကုန်ကူးခြင်းအတွက် ထောင်ဒဏ် နှစ် ၃၀ ချမှတ်နိုင်ခဲ့သည့် အချိန်ဖြစ်ကြောင်း တရားရုံး မှတ် တမ်းများ၏ အဆိုအရ သိရသည်။

ယခုအချိန်အထိ Tse Chi Lop က Limpy Ho ၏ ကံကြမ္မာမျိုးကို ရှောင်တိမ်းနေနိုင်ဆဲ ဖြစ်သည်။ သူ့ကို ခြေရာခံလိုက်ခြင်း ခံနေရသည်။ သူကလည်း ထိုအကြောင်းကို သိနေကြောင်း အရိပ်အယောင် အားလုံးက ပြသနေသည်ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဧဂျင့်များက ပြောကြသည်။ ပူပန်စရာများ ရှိနေသည့်တိုင် Tse Chi Lop က သူ၏ မူးယစ်ဆေးလုပ်ငန်းများကို အနှောက်အယှက်မရှိ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည်ဟု သူတို့ ယုံကြည်ကြောင်း ရဲအဖွဲ့ဝင် အချို့က ပြောကြသည်။

( Reuters သတင်းဌာနမှ Tom Allard ၏ The hunt for Asia’s El Chapo ကို ဘာသာပြန်ဆိုဖော်ပြသည်။)

The post အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း appeared first on ဧရာဝတီ.

ပြောင်းလဲ တိုးတက်မှု အရှိန်များ နှင့် ဗီယက်နမ်

$
0
0

မျှော်လင့်မထားဘဲ ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက ဗီယက်နမ်နိုင်ငံသို့ ၁၀ ရက်ခရီး သွားရောက် ဖြစ်ခဲ့သည်။

ဗီယက်နမ် နိုင်ငံ၏ မီဒီယာကဏ္ဍ အပါအဝင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်လို သဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ စာရေးသူ အပါအဝင် ကောင်စီဝင် ၄ ဦးအား စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၉ ရက် အထိ ဗီယက်နမ်နိုင်ငံသို့ ဖိတ်ကြားခြင်းကြောင်း ရန်ကုန်ရှိ ဗီယက်နမ် သံရုံး အတွင်းဝန် Ms.Thao ၏ ဆက်သွယ် ပြောကြားချက်အရ ခရီးစဉ် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

ခရီးစဉ်ကို ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်ဆံရေး ဝန်ကြီးဌာနက စီစဉ်ပေးခြင်းဖြစ်သည်ဟု ဝန်ကြီး ဌာန၏ ဒုတိယ အထွေထွေ ညွှန်ကြားရေးမှူး ဖြစ်သူ မစ္စတာ မိုင်အန်းဟွန် (Mr. Mai Anh Hong) က အောက်တိုဘာ ၁၀ ရက်နေ့ ဟနွိုင်း မြို့ စားသောက်ဆိုင်တခုတွင် နေ့လယ်စာ တည်ခင်းဧည့်ခံစဉ် ရှင်းပြသည်။ သူ၏ မူလတာဝန်မှာ နိုင်ငံခြားရေးရာ အချက် အလက် ဝန်ဆောင်မှု ပေးရေး ဌာန (The Authority of Foreign Information Service) ကို စီမံဆောင်ရွက်ရသည်ဟု ဆိုသည်။

မိမိတို့ ခရီးစဉ်နှင့် ပတ်သက်၍ သွားရောက် လေ့လာသင့်သော နေရာဌာနများကို မစ္စတာ မိုင်အန်းဟွန်က စီစဉ်ရေးဆွဲ ပေး ခဲ့သည်။

ဦးစွာပထမ Bkav ဆိုသည့် စမတ်ဖုန်း ကုမ္ပဏီသို့ သွားရောက် လေ့လာနိုင်ရန် စီစဉ်ပေးသည်။ ဗီယက်နမ်နိုင်ငံ၏ နည်း ပညာ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု အခြေအနေကို သိစေလိုသည့် သဘောဟု မိမိအနေဖြင့် မြင်သည်။

Bkav ၏ Managing Director ဖြစ်သူ မစ္စတာ ဟိုင်ထရန် (Hai Tran) က ဘီဖုန်းဟု အမည်ပေးထားသော ဗီယက်နမ်လုပ် စမတ်ဖုန်း (Bphone – The hi-end smartphone, Made in Vietnam) ကို မိမိတို့အား မိတ်ဆက် ရှင်းပြပေးသည်။

Bkav နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီ ၏ အဓိက ထုတ်ကုန်များမှာ ကွန်ပျူတာ၊ စမတ်ဖုန်း အစရှိသည့် အီလက်ထရွန်နစ် ပစ္စည်းများကို အင်တာနက်အတွင်း ဗိုင်းရပ်စ် တိုက်ခိုက်ခံရမှု အန္တရာယ် ကင်းဝေးစေရေး အတွက် လုံခြုံရေး စနစ် ဆိုင်ရာ ဝန်ဆောင်မှုများ ပေးခြင်းဖြစ်သည်ဟု သိရသည်။

Bkav က အဆင့်မြင့် နည်းပညာ အထောက်အကူပေးသည့် ဆော့ဖ်ဝဲ အမျိုးမျိုး ထုတ်လုပ်ကြောင်းလည်း ရှင်းပြသည်။ ကုမ္ပဏီ၏ Antivirus software သည် အထူးကောင်းမွန်သဖြင့် ပြည်တွင်းဈေးကွက်၏ ၇၃ ဒသမ ၉၅ ရာခိုင်နှုန်း ရရှိ ထား သည်ဟု ဆိုသည်။

အခြားသော Security software, e-government, smartphone manufacturing and smart electronic devices များ လည်း ထုတ်လုပ်သည်ဟု ဆိုသည်။

မဲခေါင်ဖြစ်ဝကျွန်းပေါ် ဒေသ မြို့တော် ကန်သို မြို့နှင့် ဆက်သွယ်ထားသည့် ၅၂,၀၀၁ ပေ ရှည်လျားသော မဲခေါင်မြစ်ပေါ်မှ ကန်သိုတံတား/ ဇင်လင်း

ဝန်ထမ်းအင်အား ၈၀၀ ကျော်ရှိသည့် Bkav နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း ကုမ္ပဏီ ၁၀ ခု အနက် တခုအဖြစ် သတ်မှတ်ခံရသည်။ ထူးခြားသည့် အချက်မှာ Bphone ထုတ်လုပ်မှုအဖွဲ့ကို ဗီယက်နမ် နည်းပညာတက္ကသိုလ် ကျောင်ဆင်း လူငယ်များဖြင့်သာ ဖွဲ့စည်းထားပြီး ပျမ်းမျှအသက် ၂၅ နှစ်သာ ရှိကြောင်း မစ္စတာ ဟိုင်ထရန် က ရှင်းပြသည်။ ဘီဖုန်းဟု အမည်ပေးထားသည့် ဗီယက်နမ်နိုင်ငံလုပ် စမတ်ဖုန်းများကို မြန်မာနိုင်ငံတွင်လည်း စတင် မိတ်ဆက်ရောင်းချ နေပြီဟု ဆိုသည်။

ဗီယက်နမ်တို့၏ နည်းပညာ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုအဖြစ် ဗီယက်နမ်ပိုင် စီလီကွန်ဗယ်လီ (Silicon Valley) တခု ထူထောင် နေသည်ကိုလည်း လေ့လာခဲ့ရသည်။ ကွမ်ထရုန်း နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး (Quang Trung Software City) နယ်မြေ၏ ပင်မ အဆောက်အအုံတွင် မြေအောက်အလွှာ အပါအဝင် ၁၀ ထပ် အဆောက်အအုံ ဖြစ်သည်။

ဌာန အလိုက် ရုံးခန်းများ၊ အစည်းအဝေး ခန်းများ၊ မှတ်တမ်းနှင့် သုတေသန အခန်းများ၊ အပန်းဖြေ နားနေခန်းများ၊ စသည် ဖြင့် အတော်ပြည့်ပြည့်စုံစုံ ဖန်တီး ခင်းကျင်းထားသည်။ ထို့ပြင် နိုင်ငံခြားပညာရှင်တချို့ အပါအဝင် နည်းပညာကျွမ်းကျင် ဝန်ထမ်းများ ထောင်နှင့်ချီ အလုပ်ခန့်ထားသည်။ ထိုဝန်ထမ်းများအား မိသားစုနှင့်အတူ နေထိုင်ရန် Quang Trung Software City နယ်မြေအတွင်းမှာပင် နေစရာ အိမ်ခန်းများ စီစဉ်ပေးထားသည်။

ကလေးများအတွက် ကျောင်း၊ ကစားကွင်း၊ ပန်းခြံများလည်း ဖန်တီးပေးထားသည်။ ဈေးဝယ်စရာ City mart ကဲ့သို့သော အခြေခံ ဆိုင်များလည်း ထိုနယ်မြေ ခြံဝန်းထဲမှာပင် စီစဉ်ပေးထားသည်။

Quang Trung Software City နယ်မြေထဲတွင် အခြေခံနည်းပညာ သင်တန်းကျောင်း တကျောင်း၊ နည်းပညာ ကောလိပ် ၂ ကျောင်း၊ နည်းပညာတက္ကသိုလ် ၂ ကျောင်း တည်ထောင် ဖွင့်လှစ်ထားသည်။ တက္ကသိုလ်အဆင့် ကျောင်းသား ၁ သောင်းကျော် လက်ခံ သင်ကြားနေသည်ဟု မိမိတို့အား နယ်မြေအတွင်း လိုက်ပြသူ Ms. Ha Thi Thanh Thao က ပြောပြသည်။

ထို့ပြင် QTSC နယ်မြေအတွင်း လက်ငင်းနည်းပညာ ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်နေသည့် ကုမ္ပဏီများကိုလည်း တိုက်ခန်း နေရာများ အငှားချထားသည်ဟု ဆိုသည်။ စက်မှုသိပ္ပံ နည်းပညာဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာ သင်တန်း အစီအစဉ်များလည်း QTSC ပရဝုဏ် အတွင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

QTSC နှင့် အခြားကုမ္ပဏီများ နည်းပညာပစ္စည်း ဖက်စပ်ထုတ်လုပ်သော လုပ်ငန်းများလည်း ဆောင်ရွက်နေသည်ဟု ဆို သည်။

ထို့ကြောင့် QTSC သည် ဗီယက်နမ်နိုင်ငံအတွက် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာဆိုင်ရာ ပစ္စည်းများသာ မက နည်းပညာ ကဏ္ဍတွင် အားဖြည့်ရန် လူသားအရင်းအမြစ် ပညာရှင်များလည်း မွေးထုတ်ပေးရန် ကြိုးပမ်း ဆောင်ရွက် နေသည်ကို မြင်တွေ့ခဲ့ရသည်။

ဗီယက်နိုင်ငံ တနံတလျား ခရီးသွားရင်းလာရင်း သတိပြုမိသည် အချက်တချို့ကိုလည်း တင်ပြလိုပါသည်။

ဗီယက်နမ် ဖွံ့ဖြိုးတိုးတက်လာရာ၌ လျှပ်စစ်စွမ်းအင် အလျှံအပယ်ရရှိနေခြင်းသည် အရေးပါသည်။ လျှပ်စစ်မီး ပြတ်တောက် မှု မရှိသလောက် ဖြစ်သည်ဟု မဲခေါင် မြစ်ဝကျွန်းပေါ်ရှိ ဒေသခံတို့က ဆိုသည်။ ဟနွိုင်း၊ ဆိုင်ဂုံနှင့် ကန်သို တို့ ကဲ့သို့သော မြို့ကြီးများတွင်လည်း ညဘက်တွင် လမ်းမီးနှင့် ပန်းခြံမီးများ ထိန်ထိန်လင်းနေသည်။ ကျေးရွာများအထိ လျှပ်စစ် အလုံ အလောက် ရရှိနေသည်။

ထို့ကြောင့် ကျေးရွာများ၏ ကုန်ထုတ်လုပ်မှုများလည်း မြင့်မားသည်ကို တွေ့ခဲ့ရသည်။ လောင်စာဆီဈေးလည်း တည်ငြိမ်မှု ရှိကြောင်း သိရသည်။ ပုဂ္ဂလိက မော်တော်ယာဉ်များထက် အများပြည်သူသုံး ဘတ်စ်ကားနှင့် ကုန်တင်ကားများ အတွက် ဆီဈေး အတန်ငယ် သက်သာကြောင်းလည်း သိရသည်။

မဲခေါင်မြစ်ဝကျွန်းပေါ် မြို့တော် ကန်သိုမြို့ ဟိုချီမင်းပန်းခြံ/ ဇင်လင်း

ယခု အောက်တိုဘာလ၌ ကမ္ဘာ့ပေါက်ဈေး ဓာတ်ဆီ တလီတာ ဗီယက်နမ် ဒေါင်ငွေ ၃၃,၉၀၀ ပေါက်နေချိန်တွင် ဗီယက်နမ် ၌ ၂၁,၀၀၀ ဒေါင်ဖြင့် ရောင်းနေသည်ဟု သိရသည်။ အမေရိကန် တဒေါ်လာသည် ၂၃,၀၀၀ ဒေါင် ဖြစ်သည်။
လမ်းပန်း ဆက်သွယ်ရေး စီမံ ဆောင်ရွက်မှုများသည်လည်း မြန်မာနိုင်ငံထက် အဘက်ဘက်မှ သာလွန်သည်ကို မြင်ခဲ့ရ သည်။

ဆိုင်ဂုံ ခေါ် ဟိုချီမင်း မြို့တော်မှ ဗီယက် တောင်ပိုင်း မဲခေါင် ဖြစ်ဝကျွန်းပေါ် ဒေသရှိ ကန်သိုမြို့ (Can Tho) သို့ သွယ်တန်း ဖောက်လုပ်ထားသော လမ်းသည် ၁၇၀ ကီလိုမီတာ (၁၀၄ မိုင်) ခန့် ရှည်လျားပြီး မိုးပျံ အဝေးပြေးလမ်း အဖြစ် ဖောက်လုပ် ထားခြင်း ဖြစ်သည်။ နိုင်လွန်ကတ္တရာ ခင်းထားသဖြင့် ညက်ညောနေသည်။

တံတား ၄ စင်းခန့်ဖြတ်ရပြီး အကြီးဆုံး ကန်သိုတံတားသည် ချဉ်းကပ်လမ်း အပါအဝင် ၁၅,၈၅၀ မီတာ (၅၂,၀၀၁ ပေ) ရှည် လျားသည်။ မြစ်ရေပြင်မှ အထက် အမြင့် ၁၇၅.၃ မီတာ (၅၇၅ ပေ) ရှိသည်။ ဗျက်အကျယ် ၂၃.၁ မီတာ (၇၆ ပေ) ရှိသည်။ အရှည်ဆုံး ခုံးတံတား အကန့်မှာ ၅၅၀ မီတာ (၁,၈၀၄ ပေ) ရှိသည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာ ၂၅ တွင် တံတား စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၀ ဧပြီလ ၂၄ ရက်တွင် တံတားဖွင့်ပွဲ လုပ်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ် နိုင်ငံသားများသည် မြို့ပြသန့်ရှင်းရေး ဆိုင်ရာကိုလည်း အထူးဂရုစိုက်ပုံ ရသည်။ လူတဦးချင်း အတော် စည်းကမ်း ရှိသည်ဟု ဆိုနိုင်သည်။ ရောက်ခဲ့သမျှ မြို့ရွာ နေရာဒေသများတွင် အမှိုက်သရိုက် အတော်ကင်းစင်၍ သန့်ရှင်းမှု ရှိသည်ကို မြင်ခဲ့ရသည်။

အထူးသတိပြုမိသည့် အချက်မှာ ကွမ်းစားသည့် အလေ့အထ မတွေ့ရသကဲ့သို့ ဆေးလိပ်သောက်သူလည်း အတော် နည်းပါးကြောင်း သတိပြုမိသည်။ မြို့ပေါ်နှင့် တောရွာများရှိ လမ်းများပေါ်တွင် ခွေးလေခွေးလွင့် တကောင်မှ မတွေ့ရ သဖြင့် ထိုကိစ္စကို စကားပြန်အား မေးကြည့်မိသည်။ အိမ်အတွင်းမှာသာ မှတ်ပုံတင်ပြီး ခွေးမွေးခွင့် ရှိသည်ဟု သိရသည်။

ထို့နောက် မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသက ဒီရေတောထိန်းသိမ်းရေး ဒေသ၊ နာမည်ကျော် ရေပေါ်ဈေး၊ သစ်သီးခြံများရှိရာ ကျွန်းများဆီသို့ သွားသောအခါ ချောင်းကြိုချောင်းကြား ဖြတ်သွားရသည်။ အထူးသတိပြုမိသည်မှာ ချောင်းကမ်းပါးများ တလျှောက် အိမ်သာဆောက်ထားခြင်း လုံး၀ မတွေ့ခဲ့ရ။ ချောင်းရိုးတလျှောက် အမှိုက်သရိုက် ကင်းစင်နေသည်။

ပလတ်စတစ်အမှိုက်နှင့် ရေသန့်ဘူးခွံများ မြစ်ထဲချောင်းထဲ ပစ်ချထားခြင်းမျိုး မတွေ့ခဲ့ရ။ နိုင်ငံသားတဦးချင်းစီက တာဝန် သိသိ အမှိုက်ကင်းစင်ရန် သန့်ရှင်းရေးကို သတိထား လိုက်နာကြပုံရသည်။ ထိုကောင်းသော အလေ့အထများကို ဗီယက် နမ် တို့ထံမှ မြန်မာတို့ အတုယူရမည်ဟု ဆိုချင်သည်။

ဗီယက်နမ်နိုင်ငံ တိုးတက်ဖွံ့ဖြိုး လာခြင်း၏ အရေးကြီးသည့် အချက်များတွင် နိုင်ငံသားများ စည်းကမ်းရိုသေသည့် အချက် သည်လည်း ပဓာန အချက်တခုဟု ဆိုနိုင်သည်။

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် တည်ရှိ၍ အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အရှေ့ ဘက် အစွန်း၌ တည်ရှိသည်။ ၂၀၁၇ ခုနှစ် စာရင်းအရ လူဦးရေ ၉၃ ဒသမ ၆ သန်း ရှိသဖြင့် ကမ္ဘာပေါ်တွင် ၁၄ ခု မြောက် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ အာရှတိုက်၏ အဋ္ဌမမြောက် လူဦးရေ အများဆုံးနိုင်ငံလည်း ဖြစ်သည်။

ဗီယက်နမ်၏ မြောက်ဘက်၌ တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်၌ လောနိုင်ငံ၊ အနောက်တောင်ဘက်၌ ကမ္ဘောဒီးယား နိုင်ငံနှင့် အရှေ့တောင်ဘက်၌ မလေးရှားနှင့် ပိုင်းခြားထားသည့် တောင်တရုတ်ပင်လယ် ရှိသည်။

၁၉၇၅ ခုနှစ်က တောင် ဗီယက်နမ်နှင့် မြောက် ဗီယက်နမ်တို့ နှစ်နိုင်ငံ ပေါင်းစည်းပြီးနောက် မြို့တော်အဖြစ် ဟနွိုင်းမြို့ (Hanoi) ကို သတ်မှတ်ခဲ့သည်။

ဗီယက်နမ်ဆိုသော အမည်သည် နမ်ဗီယက် (NAM VIET) ဆိုသည့် အမည်မှတဆင့် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ငုယင် ခက်ဗြန် (Nguyen Khac Vien) ရေးသားသည့် ဗီယက်နမ်သမိုင်း (Viet Nam, a long history) စာအုပ်တွင် ဖော်ပြ ထားသည်။

ထရန်အန်း ကမ္ဘာလှည့် လှေစီးခရီးစဉ်/ ဇင်လင်း

၁၈၀၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ငုယင်အန်း(Nguyen Anh) က ငုယင်မင်းဆက် (Nguyen Dynasty) ကို တည်ထောင် ခဲ့ပြီး ကီယာလောင် (Gia Long) ဆိုသော ဘွဲ့အမည်ခံယူ၍ ၁၈၀၄ ခုနှစ်မှ ၁၈၁၃ ခုနှစ် အတွင်း ကီယာလောင် ဧကရာဇ် ဆိုသည့် အမည်ကို တရားဝင် သုံးစွဲခဲ့သည်ဟု ဆိုသည်။ ဟွေးမြို့(Hue)ကို မြို့တော် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ထိုစဉ်က နိုင်ငံအမည်မှာ အန်နမ် (An Nam) ဖြစ်သည်။ ၁၉၄၅ ခုနှစ် အထိ နိုင်ငံအမည်ကို အန်နမ် (An Nam) ဟု သုံးစွဲ ခဲ့ သည်။ ၁၉၄၅ သြဂုတ်လ တော်လှန်ရေး (The August Revolution of 1945) အတွင်း နှစ်ပေါင်း ၈၀ ကြာ ပြင်သစ် ကိုလို နီ အုပ်ချုပ်ရေးစနစ်နှင့် ဂျပန် ကျောထောက်နောက်ခံ ပေးထားသော ဘုရင်ဧကရာဇ် အုပ်ချုပ်ရေးစနစ်တို့ကို ဗီယက်မင်း အဖွဲ့ (Viet Minh-Vietnam Federation of Independence) နှင့် ကွန်မြူနစ် ပါတီတို့ ပူးပေါင်း ဖယ်ရှားခဲ့သည်ဟု ဆို သည်။

၁၉၄၅ သြဂုတ်လ တော်လှန်ရေး နောက်ပိုင်းက စတင်၍ နိုင်ငံအမည်ကို ဗီယက်နမ်ဟု ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲခဲ့ကြောင်း သိရသည်။

ယင်း သမိုင်း အချက်အလက်များမှာ ဆိုင်ဂုံ (Saigon) ခေါ် ဟိုချီမင်းမြို့တော် (Hochimin City) ရောက်ရှိခိုက် အမှတ်တရ ဝယ်ဖြစ်သည့် ငုယင် ခက်ဗြန် (Nguyen Khac Vien) ရေးသားသော ဗီယက်နမ်သမိုင်း (Viet Nam, a long history) စာအုပ်တွင် ဖော်ပြထားသည့် သမိုင်းကောက်ကြောင်း ဖြစ်သည်။

သမိုင်ဆရာ ငုယင် ခက်ဗြန်၏ အဆိုအရ ဗီယက်နမ် သမိုင်းတလျှောက်တွင် တရုတ်နိုင်ငံ၏ သြဇာ ထီးရိပ်အောက်မှ လွတ် မြောက်ရန် ကြိမ်ဖန်များစွာ တွန်းလှန်ရသည်ဟု သိရသည်။ ၁၈၅၈ ခုနှစ် သြဂုတ် ၃၁ ရက်နေ့တွင် ပြင်သစ် ရေတပ်က ဒါနန်း (Da Nang) ကို ကျူးကျော်သိမ်းယူခြင်းဖြင့် ပြင်သစ် ကိုလိုနီလက်အောက် စတင်ရောက်ခဲ့သည်။ ၁၈၈၄ ခုနှစ်တွင် ဗီယက်နမ်သည် ပြင်သစ်ပိုင် အင်ဒိုချိုင်းနားအဖြစ် လာအို၊ ကမ္ဘောဒီးယား တို့နှင့်အတူ ကျရောက်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက် ၁၉၄၅ တွင် ဂျပန်စစ်ရှုံးသဖြင့် အင်ဒိုချိုင်းနားမှ ထွက်သွားခဲ့ရသည်။ ဂျပန်ဆုတ်ခွာမှုကို ပြင်သစ်က အခွင့်ကောင်းယူ၍ ဗီယက်နမ်ကို ပြန်လည်သိမ်းပိုက် စိုးမိုးရန် ကြံစည်ခဲ့သည်။ သို့သော် ဟိုချီမင်း ဦးဆောင် သော ကွန်မြူနစ် ပါတီ နှင့် ဗီယက်မင်း တပ်များက ပြင်သစ် တို့ကို တော်လှန် တိုက်ခိုက် ခဲ့ကြသည်။

၁၉၅၄ ခုနှစ် ဒိန်ဘင်ဖူးတိုက်ပွဲ (Dien Bien Phu Battle) ၌ ဗီယက်နမ်တို့ အောင်ပွဲခံခဲ့သည်။ ဂျနီဗာကွန်ဖရင့် ကျင်းပ၍ ပြင်သစ်-ဗီယက်နမ် စစ်ပြေငြိမ်းခဲ့ကြသည်။ သို့သော်လည်း ၁၉၅၄ ခုနှစ် ဂျနီဗာ သဘောတူညီချက်အရ မြောက်လတ္တီတွဒ် ၁၇ ဒီဂရီမျဉ်းပြိုင်ကို ဗဟိုပြု၍ မြောက်ဗီယက်နမ် နှင့် တောင်ဗီယက်နမ် နှစ်ပိုင်း ကွဲသွားခဲ့ရသည်။

မြောက်ဗီယက်နမ် နှင့် တောင်ဗီယက်နမ် တို့ ဆက်ဆံရေး တင်းမာနေစဉ် ၁၉၆၄ ခုနှစ် သြဂုတ်လ၌ တုံကင်း ပင်လယ်ကွေ့ အတွင်း အမေရိကန် စစ်သင်္ဘောများအား မြောက်ဗီယက်နမ်က တိုက်ခိုက်ခဲ့ခြင်းကို အကြောင်းပြု၍ ၁၉၆၄ ခုနှစ် သြဂုတ် ၇ ရက်တွင် ဒုတိယ အင်ဒိုချိုင်းနားစစ်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်။

ကွန်မြူနစ်ဝါဒနှင့် အရင်းရှင် ဒီမိုကရေစီ ဝါဒတို့ ဝါဒရေးရာ အားပြိုင်မှု ပြင်းထန်သော ကာလဖြစ်သဖြင့် မြောက် ဗီယက်နမ် ကို ဆိုဗီယက်ရုရှား၊ တရုတ် အစရှိသည့် ကွန်မြူနစ်အုပ်စု နိုင်ငံများက ထောက်ခံအားပေးခဲ့သည်။ တောင်ဗီယက်နမ် ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန် အစရှိသော ကွန်မြူနစ် ဆန့်ကျင်သည့် အနောက်အုပ်စု နိုင်ငံများ က အားပေး ကူညီခဲ့သည်။

၁၉၆၄ ခုနှစ် သြဂုတ် ၇ ရက်က စတင်ခဲ့သော ဒုတိယအင်ဒိုချိုင်းနား စစ်ပွဲသည် မြောက်ဗီယက်နမ် တပ်များ တောင်ဗီယက် နမ် နိုင်ငံ ဆိုင်ဂုံမြို့ကို သိမ်းပိုက်ခဲ့သည့် ၁၉၇၅ ခုနှစ် ဧပြီ ၃ဝ ရက်အထိ ၁၁ နှစ်ခန့် ကြာမြင့်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တောင်မြောက် နှစ်နိုင်ငံပြန်လည် ပေါင်းစည်းခဲ့သည်။ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကို ထူထောင်ခဲ့ကြသည်။

တောင် ဗီယက်နမ် မြို့တော် ဆိုင်ဂုံကို ဟိုချီမင်း မြို့တော် ဟု အမည် ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ တောင်မြောက် ဗီယက် နမ် စစ်ပွဲ ကာလအတွင်း ဗီယက်နမ်ပြည်သူ ၃ သန်းခန့် သေဆုံးခဲ့ကြောင်း သတင်းစာ မှတ်တမ်းများက ဆိုသည်။ အမေရိ ကန် စစ်သား ၅ သောင်း ၈ ထောင်ကျော် ဗီယက်နမ် စစ်ပွဲကာလ အတွင်း ကျဆုံးခဲ့ကြောင်း မှတ်တမ်းများ၌ ဖော်ပြသည်။

စစ်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော ဗီယက်နမ်သည် ၁၉၈၆ ခုနှစ်နောက်ပိုင်းက စတင်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ သည်။

၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဆဋ္ဌမ အကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြုပြင် ပြောင်းလဲ ရေး လိုလားသူ နိုင်ငံရေးသမားများက အိမ်စောင့် အစိုးရဟောင်းကို ဖြုတ်ချခဲ့သည်။

ဗီယက်နမ် နည်းပညာတက္ကသိုလ်ကျောင်ဆင်း လူငယ်များဖြင့်သာ ဖွဲ့စည်းထားသည့် Bkav နည်းပညာ ကုမ္ပဏီ၏ Bphone အလုပ်ခန်း/ ဇင်လင်း

အသက် ၇၁ နှစ် အရွယ် ငုယင်ဗန်လင်းက ပြုပြင်ပြောင်းလဲရေးသမားများကို ဦးဆောင်ခဲ့သည်။ ငုယင်ဗန်လင်း ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးအသစ် ဖြစ်လာခဲ့သည်။

ပြုပြင်ပြောင်လဲရေး အတွက် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရာ၌ ပုဂ္ဂလိကကဏ္ဍ နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ ကို အားပေးခဲ့သည်။ ထိုအချိန်က စ၍ ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး နှင့် စက်မှု ကုန်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ပြည်ပပို့ကုန် လုပ်ငန်းများ စတင် တိုးတက်လာခဲ့သည်။

ထို့ကြောင့် အာရှနိုင်ငံ အများစု ကြုံတွေ့ခဲ့ရသော ၁၉၉၇ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းအတွင်း ထိခိုက်မှု အနည်း ငယ်သာ ဗီယက်နမ် ကြုံခဲ့ရသည်ဟု ဆိုသည်။

ဗီယက်နမ် နိုင်ငံသားများ၏ ဇွဲလုံ့လ သတ္တိဗျတ္တိရှိမှု သင်္ကေတပုံရိပ်ကို ဖော်ပြနေသော သမိုင်းဝင် နေရာတခုသို့လည်း ရောက်ခဲ့သည်။

ယင်းနေရာသည် ကူချီရွာ (Củ Chi) နယ်မြေအတွင်းရှိ ဥမင်လှိုင်ခေါင်း ကွန်ရက်များ ဖြစ်သည်။ အမေရိကန် ကျူးကျော်စစ် ကို ခုခံတိုက်ခိုက်သော စစ်ပွဲများအတွင်း ဗီယက်ကောင်း (Viet Cong) စစ်သားများ ပုန်းအောင်းခိုနားရန်၊ ရိက္ခာ ဆေးဝါး သိုလှောင်ရန်၊ လက်နက်ခဲယမ်း သိုလှောင်ရန်၊ လျှို့ဝှက် စစ်ဆင်ရေး အစည်းအဝေးများ လုပ်ရန် စသည့် ရည်ရွယ်ချက် များဖြင့် ဥမင်လှိုင်ခေါင်း ကွန်ရက်များကို နှစ်ပေါင်း ၂၀ ကျော်မျှ ဇွဲကြီးကြီးဖြင့် ဖောက်လုပ်ခဲ့သည်ဟု ဆိုသည်။
နာမည်ကျော် ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အထွေထွေထိုးစစ်ကြီး (Tết Offensive in 1968) ဆင်နွှဲရန် ဗီယက် ကောင်း စစ်သည် တို့သည် ကူချီ ဥမင်လှိုင်ခေါင်း ကွန်ရက်ကို စစ်ဆင်ရေး အခြေခံဒေသအဖြစ် အသုံးပြုခဲ့သည်ဟု ဆို သည်။ ဗီယက်ကောင်း (Viet Cong) စစ်သားများ ဥမင်လှိုင်ခေါင်းအတွင်း မြေအောက်၌ ပုန်းခိုနေထိုင်ရသည့် ဒုက္ခက မသေးလှဟု ပြန်ပြောပြကြသည်။ ပုန်းခိုနေစဉ် သောက်ရေနှင့် အစားအစာ ရရှိရန် ခက်ခဲရုံမက၊ အသက် ၀၀ရှုရန်လည်း ခက်ခဲလှသည်ဟု ဆိုသည်။

ထို့ပြင် မြေအောက်ဥမင်ထဲတွင် ပုရွက်ဆိတ် အပါအဝင် အဆိပ်ရှိသော ပိုးမွှားများ၊ ကင်းမြီးကောက်များ၊ အဆိပ်ပြင်း မြွေ များ နှင့် တွေ့ကြုံကြရသည့် ပြဿနာမျိုးလည်း ရှိကြောင်း သိရသည်။

အထူးသဖြင့် မြေအောက်တွင် နေရသည့်အတွက် ငှက်ဖျား မိခြင်းကလည်း အလွန်ဆိုးသည့် ဒုက္ခဟု ဆိုသည်။ တိုက်ပွဲ ဒဏ်ရာကြောင့် သေရသည့် စစ်သား အရေအတွက်သည် အများဆုံးဟု ဆိုသော်လည်း ငှက်ဖျားကြောင့် သေရသည့် အရေအတွက်က ဒုတိယ လိုက်သည်ဟု မှတ်တမ်းများ၌ ဖော်ပြသည်။

လက်ရှိ ဗီယက်နမ် အစိုးရက ကမ္ဘာလှည့်ခရီးသည်များကိုဆွဲဆောင်ရန် ၇၅ မိုင် (၁၂၁ ကီလိုမီတာ) ရှည်လျားသော ကူချီ (Củ Chi) ဥမင်လှိုင်ခေါင်း ကွန်ရက်များကို မပျက်စီးရန် ထိန်းသိမ်းထားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။

လှိုင်ခေါင်းများ၏ အကျယ်အဝန်းသည် ပိန်ပိန်သေးသေး ဗီယက်ကောင်း စစ်သားများ ဝင်သာရုံမျှသာ ကျယ်သည်။ အမေရိကန် စစ်သားများ၏ ခန္ဓာကိုယ်ကြီးများ ဝင်ဆံ့ရန် မလွယ်ကြောင်း တွေ့ရသည်။

ကိုယ်တိုင် ဥမင်လှိုင်ခေါင်း ခပ်တိုတို တနေရာကို ဝင်ကြည့်ရာတွင် လေးဘက်ထောက် သွား၍ ရရုံသာ ကျယ်သည်။ ခဏ ကလေး အတွင်းမှာပင် ဒူးများအတော်တုန်လာပြီး ဆက်သွားရန် မတတ်နိုင်သည်ကို ခံစားသိရှိခဲ့ရသည်။

အမေရိကန်များ စိတ်ဓာတ် ကျစရာကောင်းသော ဆူးညှောင့်ကျင်းကြီးများ ဆင်ထားသည့် ထောင်ချောက်များကိုလည်း တွေ့ခဲ့ရသည်။ သွေးပျက်လောက်စရာ ကောင်းသော ထောင်ချောက်များပင် ဖြစ်သည်။

ထို့ကြောင့် ကူချီ ဥမင်လှိုင်ခေါင်း ကွန်ရက်များသည် ဗီယက်နမ် နိုင်ငံသားများ၏ ဇွဲလုံ့လနှင့် သတ္တိဗျတ္တိရှိမှု၊ စည်းကမ်းရိုသေ မှု တို့၏ သင်္ကေတဟု ဆိုလောက်သည်။

ပြင်သစ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် ဗီယက်နမ်တို့ကို စစ်ရှုံးရကြောင်းကိုလည်း သိရှိ ခံစားလိုက်မိ ပါသည်။ ။

(စာရေးသူ ဇင်လင်းသည် သတင်းစာဆရာ တဦးဖြစ်ပြီး နိုင်ငံရေး စာပေများကို အစဉ်တစိုက် ရေးသားလျက် ရှိသော ရန်ကုန် အခြေစိုက် စာရေးဆရာ တဦးလည်း ဖြစ်ပါသည်။)

ဆက်စပ်ဖတ်ရှု့ရန်

စင်ကာပူကို ဆယ်စုနှစ်တခုအတွင်း ဗီယက်နမ် ကျော်တက်မည်

ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်း ပြဿနာကို ဖြေရှင်းနေရတဲ့ ဗီယက်နမ် ခရီးသွားလုပ်ငန်း

ဗီယက်နမ် ပြန်လည်ပေါင်းစည်းရေး အမြန်ရထား စီးခြင်း

The post ပြောင်းလဲ တိုးတက်မှု အရှိန်များ နှင့် ဗီယက်နမ် appeared first on ဧရာဝတီ.

ကြင်ရာတော်ကို ထိုင်းဘုရင် ဘာကြောင့် ဘွဲ့ပြန်သိမ်းသလဲ

$
0
0

ထိုင်းနိုင်ငံ၏ ဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက သူ၏ တော်ဝင် ကြင်ရာတော်ကို ရာထူးမှ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရက် အနည်းငယ် အကြာတွင် နောက်ထပ် အပြောင်းအလဲတခု အနေဖြင့် နန်းတော်မှ အရာရှိ ၆ ဦးကို ထုတ်ပယ်လိုက်သည်။ သူတို့၏ “အလွန်ဆိုးရွားသော အပြုအမူများကြောင့်” ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဘုရင့် နန်းတော်၏ ကြေညာချက်တခုက ဆိုသည်။

ထို ၆ ဦးထဲတွင် အမျိုးသမီးတဦး၊ အကြီးတန်း ရဲ အရာရှိတဦး နှင့် တော်ဝင် အစောင့် ၂ ဦးတို့ ပါဝင်ပြီး အားလုံးမှာ နန်း တော်တွင် အလုပ်လုပ်သူများဖြစ်သည်။

အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အလွန်ထူးခြားသော ကြေညာချက်တစောင်တွင် တော်ဝင်ကြင်ရာ တော် ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီ Sineenat Wongvajirapakdi ကို သူ၏ ဘွဲ့ထူးဂုဏ်ထူး အားလုံးပြန်လည် ရုပ်သိမ်းခဲ့သည်။ ရာစုနှစ် တခုနီးပါး ကာလတခုအတွင်းတွင် ပထမဦးဆုံး အနေဖြင့် ဘုရင်က သူ၏ တော်ဝင်ကြင်ရာတော်အဖြစ် အပ်နှင်းခဲ့ပြီး လအနည်းငယ် အကြာမှာပင် ပြန်လည်ဖယ်ရှား ခံခဲ့ရခြင်းဖြစ်သည်။

ကြင်ရာတော်အဖြစ် ခန့်အပ်ပြီးမှ ပြန်ရုပ်သိမ်းသွားခဲ့သူ ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီနှင့် ထိုင်းဘုရင်/Reuters

မိုးကြိုးသွားကို ပိုင်ဆိုင်သူ

ရာမ ၁၀ ဟု တရားဝင်သိကြသည့် ဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက သူ၏ ဖခင်ဖြစ်သူ နတ်ရွာစံ ဘုရင် ဘူမိဘော အဒူလယာဒတ် နတ်ရွာစံခဲ့ပြီး ၃ နှစ် နီးပါးကြာမြင့်ခဲ့သည့် ၂၀၁၉ ခုနှစ် မေလတွင် နန်းတက်ခဲ့သည်။

ထိုင်းနိုင်ငံမှ စာနယ်ဇင်း သတင်းမီဒီယာများအပေါ် ကန့်သတ်ထားမှုများ၏ ကျေးဇူးကြောင့် ဘုရင်သစ်နှင့် ပတ်သက်၍ ပို၍ အသိနည်းကြသည်။

ထိုင်းနိုင်ငံ၏ တော်ဝင် မိသားစုကို ကာကွယ်ပေးသည့် တင်းကျပ်သော ဥပဒေများက ဘုရင် သို့မဟုတ် တော်ဝင်မိသား စု ကို လူသိရှင်ကြား ဝေဖန်ခြင်းကို တားမြစ်ထားသည်။ ဘုရင်ကို စော်ကားပုတ်ခတ်သည့် အတွက် ထောင်ဒဏ် ၁၅ နှစ် အထိ ချမှတ်နိုင်သည်။

၂၀၁၆ ခုနှစ်တွင် ဖခင် ဘုရင် နတ်ရွာစံခဲ့ပြီးနောက် ထီးနန်းကို ဆက်ခံခဲ့သည့် အချိန်မှ စ၍ မဟာဗာဂျီရာလောင်ကွန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော စည်းမျဉ်းခံ ဘုရင်ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ တော်ဝင် ရေးရာ ကိစ္စများနှင့် ဘုရင်၏ ကြီးမားသော ဥစ္စာဓန အပေါ် တိုက်ရိုက်ထိန်းချုပ်မှုကို ပိုမိုရယူခဲ့သည်။ တော်ဝင် ထိုင်းတပ်မ တော်မှ တပ်ဖွဲ့ ၂ ခုကို သူ၏ ပုဂ္ဂိုလ်ရေးအရ ထိန်းချုပ်မှုအောက်သို့ ပြောင်းရွှေ့ခဲ့သည်။

မဟာဗာဂျီရာလောင်ကွန်းကို ၁၉၅၂ ခုနှစ်တွင် ဒုတိယမြောက် ရင်သွေး အနေဖြင့် မွေးဖွားခဲ့ သည်။ သူက ဘုရင်ဘူမိဘောနှင့် မိဖုရား ဆီရိခေတ် တို့၏ တဦးတည်းသော သားလည်းဖြစ်သည်။ သူ၏အမည်မှာ ထိုင်းဘာသာစကားဖြင့် “မိုးကြိုးသွားကို ပိုင်ဆိုင်သူ” ဟု အဓိပ္ပါယ်ရသည်။

ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီ၏ တရားဝင်ဝက်ဆိုက်ပါ ဓာတ်ပုံများ/Reuters

၁၉၇၂ ခုနှစ် သူ့အသက် ၁၅ နှစ် တွင် အိမ်ရှေ့မင်းသားအဖြစ် အပ်နှင်းခြင်းခံခဲ့ရသော်လည်း အမှန်တကယ်အားဖြင့်မူ သူ၏ ကလေးဘဝ အချိန်အများစုကို ထိုင်းနိုင်ငံ အပြင်ဘက်တွင် ကုန်ဆုံးခဲ့ရသည်။ အသက် ၁၃ နှစ်မှ ၁၇ နှစ် အထိ အင်္ဂလန်တွင် ကျောင်းတက်ရန် စေလွှတ်ခြင်းခံခဲ့ရသည်။ ထို့နောက် သြစတြေးလျနိုင်ငံမှ စစ်တက္ကသိုလ်တွင် ၁၉၇၆ ခုနှစ် အထိတက် ရောက်ခဲ့သည်။

သြစတြေးလျနိုင်ငံ ကင်ဘာရာရှိ Duntroon တော်ဝင် စစ်ကောလိပ်မှ ကျောင်းဆင်းခဲ့ပြီးနောက် ထိုင်းတပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး အရာရှိ တဦးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့သည်။ သူ့ဘဝ၏ အချိန်အများစုတွင် စစ်အရာရှိ အဖြစ် လုပ်ကိုင်ခဲ့သည်။ သူက စစ်ဘက်နှင့် အရပ်ဘက် လေယာဉ် ၂ မျိုးလုံးကို မောင်းနှင်ရန် အရည်အချင်းပြည့်မီသော လေယာဉ်မှူးတဦး ဖြစ်သည်။ နိုင်ငံခြားသို့ ခရီးသွားသည့် အချိန်တွင် ကိုယ်ပိုင် ဘိုးအင်း ၇၃၇ လေယာဉ်ဖြင့် သွားသည်ဟု BBC သတင်းကပြောသည်။

ဖခင်ဖြစ်သူ ဘုရင် ဘူမိဘော၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် နတ်ရွာစံခဲ့ပြီးနောက် မဟာဗာဂျီရာလောင်ကွန်း က ရာမ ၁၀ ဘုရင် အဖြစ် ထီးနန်းကို ဆက်ခံခဲ့သည်။  သို့သော်လည်း နန်းတက်ပွဲကို နောက် ၃ နှစ်ကြာမှ သာ ကျင်းပပြုလုပ်ခဲ့သည်။ အဘယ့် ကြောင့်ဆိုသော် တိုင်းပြည်က သူ၏ ဖခင်အတွက် ဝမ်းနည်းပူဆွေးပြီး နောက်မှသာ နန်းတက်ရန် သူက ဆန္ဒရှိခဲ့သော ကြောင့် ဖြစ်သည်။

၂၀၁၉ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သည့် ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့ရသော နန်းတက်ပွဲက အလွန်ကြီးကျယ် သော အခမ်းအနားတခု ဖြစ်ခဲ့သည်။ လူ ၁၃၀၀ ခန့်နှင့် ဆင်များက ထိုင်းဘုရင့် နန်းတော်အနီးတွင်  ၆ နာရီခွဲကြာ စီတန်းချီတက်ခဲ့သည်။

အခမ်းအနားတခုလုံးက အစိုးရ အတွက် ဒေါ်လာ ၃၁ သန်း ကုန်ကျခဲ့သည်ဟု သိရသည်။ ထိုနေ့ အစောပိုင်းတွင် ဘုရင်သစ်က ထိပ်တွင် အိန္ဒိယနိုင်ငံမှ စိန်ဖြင့် တန်ဆာဆင်ထားသော ၇.၃ ကီလိုဂရမ် (၁၆ပေါင်)လေးသည့် သရ ဖူ တခုကို လည်းဆောင်းခဲ့သည်ဟု South China Morning Post သတင်းစာက ရေးသည်။

ဘုရင်က မိဖုရားတင်မြှောက်ခဲ့သူ စုသီတာနှင့် လက်ထပ်ထိမ်းမြားပွဲ/Reuters

ဘုရင်နှင့် သူ၏ မိန်းမများ

နန်းတက်ပွဲ မတိုင်မီ ၃ ရက်အလိုတွင် အံ့အားသင့်ဖွယ်ရာ အခမ်းအနားတခု အနေဖြင့် သူ၏ ကာလရှည်လက်တွဲဖော်နှင့် ပုဂ္ဂိုလ်ရေး သက်တော်စောင့် ဖြစ်သူနှင့် လက်ထပ်ခဲ့သည်။ မင်္ဂလာပွဲက အံ့အားသင့်စရာတခု ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ် စုသီတာ ဗာဂျီရာလောင်ကွန်း Suthida Vajiralongkorn နှင့် ဘုရင်၏ ရိုမန်းတစ် ဆက်ဆံရေးကို နန်းတော်က မည်သည့် အချိန်တွင်မှ အသိအမှတ် မပြုခဲ့သောကြောင့် ဖြစ်သည်။

မင်္ဂလာပွဲမှတ်တမ်းများတွင် ဘုရင့်ဘေးတွင်ထိုင်၍ ထိမ်းမြား လက်ထပ်သည့် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခြင်း မပြုမီ စုသီတာက ဘုရင်၏ ရှေ့တွင် ဒူးထောက် ဦးညွတ် နေသည်ကို မြင်တွေ့ရသည်။ ထိုသို့ လက်ထပ်ခြင်းက မဟာဗာဂျီရာလောင်ကွန်းအတွက် ၄ ကြိမ်မြောက် ဖြစ်သည်။

ဘုရင်က လက်ထပ်လိုက်ခြင်းကြောင့် စုသီတာ အတွက် မိဖုရားနေရာက သေချာသွားခဲ့သည်။ နန်းတက်ပွဲ၏ ပျော်ပွဲရွှင်ပွဲများအတွင်း သူက ဘုရင်နှင့် အတူ နန်းတော်၏ လေသာဆောင်တွင် ရှိနေခဲ့သည်။

ဇူလိုင်လအတွင်း ဘုရင်က မြင့်မြတ်သော တော်ဝင် ကြင်ရာတော်ဘွဲ့ကို စစ်သူနာပြုဟောင်းတဦး ဖြစ်ပြီး သူ၏ ကာလရှည် အမျိုးသမီးမိတ်ဆွေ နောက်တယောက်အဖြစ် ယူဆကြသည့် ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီကို အပ်နှင်းခဲ့သည်။ ဆီနီးနတ်သည် ၁၉၂၁ ခုနှစ်နောက်ပိုင်းတွင် ကြင်ရာတော်နေရာ၌ ပထမဆုံး တရားဝင် ပေးအပ်ခံရသူ ဖြစ်လာသည်။ အဆိုပါ အခမ်းအနားတွင် မိဖုရား စုသီတာက ခင်ပွန်းသည်၏ ဘေးတွင် ရှိနေခဲ့သည်။

တရားဝင် ထုတ်ပြန်ပေးခဲ့သော ဆီနီးနတ်၏ ဓာတ်ပုံတပုံ/Reuters

သြဂုတ်လ အတွင်း ဗိုက်ပေါ်ချက်ပေါ် အဝတ်အစားဖြင့် လေယာဉ်တစီးကို မောင်းနှင်နေသော ဆီနီးနတ်၏ ရှားပါး ဓာတ်ပုံများကို တရားဝင်ထုတ်ပေးခြင်းအားဖြင့် ထိုနေရာတွင် ဘဝက မည်သို့ ရှိသည်ကို ထိုင်းတော်ဝင် နန်းတော်က  တစွန်းတစ ထုတ်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံများ ထုတ်ပြန်ခဲ့ပြီးနောက်တွင် ထိုင်းဘုရင့်နန်းတော်၏ တရားဝင် ဝက်ဘ်ဆိုက်မှာ (ဝင်ရောက်ကြည့်ရှုသူ များလွန်းသည့်အတွက်) ရပ်ဆိုင်းသွားခဲ့ရကြောင်း ရိုက်တာသတင်းက ပြောသည်။

သို့သော်လည်း ဆီနီးနတ်က မိဖုရား စုသီတာကို ဆန့်ကျင်ရန် စီစဉ်နေသည်ဟု အောက်တိုဘာလအတွင်း ပေါ်ထွက်လာသည့် ဘုရင်၏ စွပ်စွဲချက်က ကြင်ရာတော်နှင့် မိဖုရားတို့ကြားမှ တင်းမာမှုကို အတည်ပြု ဖော်ထုတ်ခဲ့သည်။ ဆီနီးနတ်က သူကိုယ်တိုင် မိဖုရားဖြစ်ချင်ခဲ့ပြီး ဘုရင်က စုသီတာအား လက်ထပ်ခြင်းကို တားဆီးရန် ကြိုးစားခဲ့သည်ဟု နန်းတော်၏ ကြေညာချက်တစောင်က ပြောသည်။

ဘုရင်က ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီကို တော်ဝင် ကြင်ယာတော် ဘွဲ့ပေးခြင်းအားဖြင့် အမျိုးသမီး ၂ ဦးကြားမှ တင်းမာမှုများကို ဖြေ လျှော့ရန် ကြိုးစားခဲ့သည်။ အလုပ်မဖြစ်ခဲ့သည့် အသွင်ရှိသည်။

ရာထူးအသစ် ရရှိခဲ့သည့်တိုင် ဆီနီးနတ်က သူ့ကိုယ်သူ မိဖုရား စုသီတာနှင့် တန်းတူ ဖြစ်စေမည့်အရာမှန်သမျှကို လုပ်ခဲ့ပြီး ဘုရင်နှင့် မိဖုရား တို့အပေါ် ရိုသေခြင်းမရှိခဲ့ဟု နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘုရင့်နန်းတက်ပွဲအပြီး လေသာဆောင်သို့ ဘုရင်နှင့် မိဖုရားအတူ ထွက်လာစဉ်/Reuters

သစ္စာဖောက်ဖျက်ခြင်းကြောင့် သူ့ကိုပေးအပ်ထားသည့် တော်ဝင်နှင့် စစ်ဘက်ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများ အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဘုရင်က လူသိရှင်ကြား ထုတ်ပြန်လာခဲ့သည်။

သို့သော် အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်များတွင် အရာရှိ ၆ ဦးထုတ်ပယ် ခံရခြင်းနှင့် ဆီနီးနတ် ဖယ်ရှားခံရခြင်းကို တိုက်ရိုက် ဆက်စပ်ဖော်ပြထားခြင်း မရှိပါ။

ဘုရင်က မိန်းမ လိုက်စားသည့်နေရာတွင် ဂုဏ်သတင်းကျော်စောသည်။ သူသည် ယခင် လက်ထပ်ခဲ့သော အမျိုးသမီး ၃ ယောက်မှ မွေးဖွားသည့် ကလေး ၇ ယောက်၏ ဖခင်လည်း ဖြစ်သည်။ မကျေမလည် အဖုအထစ်များဖြင့် ကွာရှင်းခဲ့ရမှုများကလည်း အတိတ်တွင် ရှိနေသည်။

ဆရီရတ်စမီ Srirasmi အမည်ရှိ တတိယဇနီး၏ မိဘများကိုပင် သူက ဘုရင်ကို ဝေဖန်ပုတ်ခတ်မှုဆိုင်ရာ ဥပဒေများဖြင့် ထောင်ချခဲ့သည်။ ဘုရင်နှင့် ဆက်နွယ်မှုရှိ ခြင်းကို တတိယဇနီး၏ မိဘများက အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု သူက စွပ်စွဲခဲ့ကြောင်း BBC က ဆိုသည်။

You may also like these stories:

ထိုင်းဘုရင်တို့၏ နန်းတက်ပွဲ အစဉ်အလာများ

ဝန်ကြီးချုပ် ပရာရွတ်ဆီက ရွှေ့ပြောင်းနေတဲ့ ထိုင်းစစ်အာဏာ

လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦး အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်

The post ကြင်ရာတော်ကို ထိုင်းဘုရင် ဘာကြောင့် ဘွဲ့ပြန်သိမ်းသလဲ appeared first on ဧရာဝတီ.

ရခိုင်တိုက်ပွဲကြား ဘဝရပ်တည်ရေး ခက်ခဲနေသော ချင်းတိုင်းရင်းသားများ

$
0
0

မျက်နှာပေါ်တွင် ရိုးရာ အစဉ်အလာအတိုင်း ဆေးမင်ကြောင်(ပါးရဲ)  ထိုးထားသည့် အမျိုးသမီးများနှင့် ဆုံချင်ပါက ရခိုင်ပြည်နယ် မြောက်ဦး ခရိုင်အတွင်းရှိ ပန်းပေါင်(Pan Paung) ကျေးရွာက မဖြစ်မနေ သွားရောက်ရသည့် ဒေသထဲ ပါဝင်သည်။ ပန်းပေါင်ရွာသည် မြောက်ဦးခရိုင်အတွင်းရှိ ချင်းတိုင်းရင်းသားရွာ ၁၄ ရွာ အနက်မှ တရွာဖြစ်ပြီး ထိုရွာတွင် ရိုးရာဓလေ့အတိုင်း မျက်နှာတွင် ဆေးမင်ကြောင်များထိုးထားသည့် နားပေါက်ကျယ်ကြီးများရှိသော သက်ကြီးအမျိုးသမီးကြီး ၅ ဦးသာ ကျန်ရှိနေသော ရွာဖြစ်သည်။

ပြီးခဲ့သည့်နှစ်အထိ ရွာသူရွာသားများမှာ ဥယျာဉ်ခြံများ၊ တောင်ယာ လယ်နှင့် သီးနှံစိုက်ပျိုးခြင်း၊ တောင်ကုန်းများပေါ်တွင် သစ် ဝါးခုတ်ခြင်းနှင့် နိုင်ငံခြားသားများ အပါအဝင် ခရီးသွားဧည့်သည်များကို ဧည့်ခံခြင်းများဖြင့် ၎င်းတို့၏ နိစ္စဓူ၀ ပုံမှန်လုပ်ငန်းများတွင် ကျင်လည်နေခဲ့ကြသည်။ ပန်းပေါင်နှင့် ရွာနီးစပ်ကျေးရွာများမှာ လေးမြို့မြစ်နှင့် ကပ်လျက် တည်ရှိကြပြီး ရွာတိုင်း၏ ထွက်ကုန်များကို မြောက်ဦးနှင့် အခြားနေရာများသို့ ရေကြောင်းလမ်းမှ တဆင့် ပို့ဆောင် ရောင်းဝယ်ဖောက်ကားကြသည်။ စီးပွားရေးက အဆင်ပြေနေခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

သို့သော်လည်း ထိုအရာ အားလုံးက ယခုနှစ်တွင် ပြောင်းလဲသွားခဲ့သည်။ အထူးသဖြင့် ဒေသတွင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်မတော် (AA)  တို့ကြားမှ တိုက်ခိုက်မှုများ ပြင်းထန်လာခဲ့ပြီးနောက်ပိုင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA က ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ၌ စစ်ရေးလှုပ်ရှားမှုများ စတင်ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် နှစ်ဘက်လုံးက ထိုးစစ်များ၊ တန်ပြန်ထိုးစစ်များ ပြုလုပ်လာခဲ့ကြသည်။

ဧပြီလ အတွင်းက မြောက်ဦးမှ ရဲတပ်ရင်းတခုနှင့် လေးမြို့မြစ် အနီးမှ တပ်မတော်စခန်းများ အပါအဝင် နေရာ ၄ ခုကို AA က တိုက်ခိုက်ခဲ့သည့် အချိန်တွင် တိုက်ပွဲများသည် မြောက်ဦးခရိုင်တွင် နေထိုင်ကြသူများအပေါ် တိုက်ရိုက် သက်ရောက်ခဲ့သည်။ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရခြင်းကြောင့် ယခုအခါတွင် ၎င်းတို့ စိုက်ခင်းများသို့ သွားရောက်ရန် စိုးရိမ်နေကြသည့်အတွက် ပုံမှန် စိုက်ပျိုးရေးလုပ်ငန်းများ ကမောက်ကမ ဖြစ်ရသည်။

ဧရာဝတီသတင်းဌာနက မကြာသေးမီက ထိုဒေသသို့ ရောက်ခဲ့ချိန်တွင် အချို့ ကျေးရွာသူ ကျေးရွာသားများမှာ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်သော်လည်း အများစုက လုံခြုံရေးအတွက် စိုးရိမ်စရာများ ရှိသည့်တိုင် ကျေးရွာများတွင် နေထိုင်နေကြဆဲ ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်။

ပန်းပေါင်ရွာရှိ ပါးရဲထိုးအမျိုးသမီးကြီး ၅ ဦးအနက် တဦးဖြစ်သူ ဒေါ်မလွေ့/ ဇော်ဇော်

စက်တင်ဘာလ၏ နေသာသော မနက်ခင်းတခုတွင် ပါးရဲထိုးမျက်နှာပိုင်ရှင် နားပေါက်ကျယ်ကျယ်တွင် ဝါးနားကွင်းကို ပန်းတပွင့်နှင့် ရောညှပ်ပန်ဆင်ထားသည့် သက်ကြီးပိုင်း အမျိုးသမီးတဦးက  ပန်းပေါင်ရွာ အဝင်ဝမှနေ၍ ဧရာဝတီသတင်းထောက်များကို အပြုံးနှင့် ဆီးကြိုနှုတ်ဆက်သည်။ ထိုအမျိုးသမီးကြီးကို ဗမာအမည် ဒေါ်မလှစိန် ဟုရော၊ ချင်းအမည် မဖော်လ် (Phawl) အနေနှင့်ပါ သိကြသည်။

လေးမြို့မြစ်ကမ်းပေါ်မှ ကျေးရွာတွင် ကျမတို့ လှေဆိုက်ကပ်ပြီး များမကြာမီပင် ပန်းပေါင်ကျေးရွာ အတွင်းသို့ လမ်းလျှောက်ဝင်ခဲ့ကြသည်။ ပန်းပေါင်သည် မြောက်ဦး မြို့နှင့် ၇၂ ကီလိုမီတာခန့် ဝေးသည်။ ယခုနှစ်အတွင်းတွင် ကျေးရွာသို့ ရောက်လာသည့် ပထမဆုံး ဧည့်သည်များထဲတွင် ပါသည့်အတွက် ကျမတို့ကို အလွန်လှိုက်လှဲစွာ ကြိုဆိုကြပါသည်။

ဒေါ်မလှစိန်က ကျမတို့ကို သူ့အိမ်သို့ လမ်းပြခေါ်သွားပါသည်။ ကျမတို့ကို လက်ခံရသည့်အတွက် သူပျော်နေသည်။ သူ၏  ကြီးမားသော ဝါးနားကွင်းကို ငွေနားကွင်းနှင့် လဲဝတ်လိုက်သည်။ သူ့အသက် ၇ နှစ် အရွယ်တွင် မျက်နှာပေါ် ၌ ဆေးမင်ကြောင် (ပါးရဲ) ထိုးခဲ့ကြောင်း နှင့် ထိုခေတ်က ပါးရဲ ထိုးရသည့် ဓလေ့ အနည်းငယ်ကိုလည်း ရှင်းပြသည်။ မင်အဖြစ် အသုံးပြုရန် မိန်းကလေး၏ ဖခင်က နွားထီး သို့မဟုတ် ကျွဲ၏ သည်းခြေရည်ကို ရှာဖွေရသည့်အတွက် ပါးရဲထိုးရန် မလွယ်ကူပါ။ ပင့်ကူအိမ်ပုံစံ မျက်နှာဆေးမင်ကြောင်ပြီးဆုံးရန် အတွက် တရက်ခွဲခန့် ကြာပြီး နာကျင်လွန်းလှသည်ဟု ပြန်ပြောင်းပြောပြသည်။ မျက်နှာပါးရဲထိုးခြင်းက ဆေးစက်ကျသည်နှင့် တဘဝတာလုံး စွဲမြဲသွားပြီး ပါးရဲမျက်နှာပိုင်ရှင် သေဆုံးမှသာ ထိုဆေးမင်ကြောင်လည်း တပါတည်း ပျက်သုန်းမည် ဖြစ်သည်။ ထိုဓလေ့သည် ရွာမှ သက်ကြီးပိုင်း အမျိုးသမီးများ ကွယ်လွန်သွားကြသည့် အချိန်တွင် ၎င်းတို့နှင့်အတူ ပျောက်ကွယ်တော့မည့် အန္တရယ် ရှိနေသည်။

ပန်းပေါင်ရွာရှိ ပါးရဲထိုးအမျိုးသမီးကြီး ၅ ဦး/ ဇော်ဇော်

သူက အခြားသော ပါးရဲထိုးအမျိုးသမီးကြီး ၄ ဦးနှင့်ပါ ကျမတို့ကို မိတ်ဆက်ပေးသည်။ အသက် ၆၈ နှစ်မှ ၉၀ အတွင်း ရှိကြသည့် အမျိုးသမီးကြီး ၅ ဦးက ပန်းပေါင်တွင် မျက်နှာပေါ်၌ ဆေးမင်ကြောင်ရှိသော ချင်းတိုင်းရင်းသားများ၏ နောက်ဆုံး မျိုးဆက်ထဲတွင် ပါဝင်နေကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့် အထိ မျက်နှာတွင် ဆေးမင်ကြောင်ထိုးခြင်းက ချင်းတိုင်းရင်းသူ မိန်းကလေးငယ်များကြားတွင် ရေပန်းစားခဲ့သည်။ သူတို့က အသက် ၇ နှစ် ခန့်အထိ ငယ်ရွယ်သော အချိန်တွင် စထိုးကြသည်။

“တကယ်လို့ ကျမတို့က ဆေးမင် မထိုးဘူးဆိုရင် မျက်နှာပေါ်မှာ ဆေးမင်မရှိတဲ့ မိန်းကလေးတယောက်ကိုမြင်ရတာ ရှက်ဖို့ ကောင်းတယ်လို့ ယူဆကြတယ်။ ဒါကြောင့် အဲဒါလုပ်ဖို့ ကျမတို့ စိတ်အားထက်သန်ခဲ့ကြတယ်” ဟု အသက် ၇၅ နှစ် အ ရွယ် ဒေါ်မလွေ့က သူ၏ ကလေးဘဝတွင် ခံစားခဲ့ရသော ဖိအားအကြောင်းကို ပြန်ပြောပြသည်။

ပျောက်ကွယ်လုလု ဓလေ့

သို့သော်လည်း ရိုးရာအစဉ်အလာက အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်နေသည်။ ထိုအကြောင်းများထဲမှ တခုမှာ ပါးရဲထိုးကျွမ်းကျင်သူများ အနီးတဝိုက်တွင် မရှိတော့သောကြောင့် ဖြစ်သည်။ ပါးရဲထိုးကျွမ်းကျင်သူ ဆရာမ ကွယ်လွန်သွားခဲ့သည်မှာ နှစ် ၅၀ ရှိပြီဖြစ်သည်။ ရွာတွင် လုပ်ပေးနိုင်သူ တယောက်မှ မကျန်တော့ဟု ဒေါ်မလှစိန်က ရှင်းပြသည်။ နောက်ထပ် အကြောင်းရင်းတခုမှာ ဆေးမင်ထိုးခြင်းက အလွန် နာကျင်ရသော အတွေ့အကြုံ ဖြစ်သဖြင့် မိခင် အများအပြားက ထိုဓလေ့ကို ၎င်းတို့ သမီးများသို့ လက်ဆင့်မကမ်းလိုကြခြင်းကြောင့်ဟု သက်ရှိထင်ရှား အမျိုးသမီးကြီးတို့က ဆိုသည်။

ထိုဒေသတွင် လက်ရှိအချိန်တွင် အသက် ၅၀ အောက် မျက်နှာပါးရဲထိုး အမျိုးသမီးတယောက်ကို မြင်တွေ့ရန် အလွန် ခက်ခဲနေပြီ ဖြစ်သည်။ သူတို့က ရခိုင်နှင့် ဗမာ တိုင်းရင်းသားယဉ်ကျေးမှုများအတိုင်း ပေါင်းစပ် ပြုမှု နေထိုင်ကြပြီး ၎င်းတို့ ချင်းဘာသာစကားပြောချိန်မှသာ ၎င်းတို့ကို ချင်းတိုင်းရင်းသားမှန်း သိနိုင်တော့သည်။

ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် စိန်ခေါ်မှုကြုံနေချိန်တွင် တိုက်ပွဲများက ၎င်းတို့ မိရိုးဖလာ အလုပ်များကို လုပ်ကိုင်ရန် ဟန့်တားနေသည့်အတွက် ချင်းတိုင်းရင်းသားများမှာလည်း အလုပ်လက်မဲ့များ ဖြစ်ကြရပြီး အသက်မွေးဝမ်းကျောင်း ရန် ခက်ခဲနေကြရသည်။

ဧပြီလ အတွင်းတွင် ပန်းပေါင်ကျေးရွာမှ ကျေးရွာသား ၂၆၀ ခန့်သည် ရွာကိုစွန့်ကာ မြစ်ညာဖက်ရှိ ဆင်ကဲရွာတွင် ၃ လကြာ စစ်ဘေးရှောင်ခဲ့ကြသေးသည်။ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း အခြားကျေးရွာများမှ စစ်ရှောင်ဒုက္ခသည်များမှာ တိုက်ပွဲများအတွင်းတွင် ပိတ်မိမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့ နေအိမ်များသို့ ပြန်မသွားနိုင်ကြသေးပါ။ မတ်လ အစောပိုင်းက ဘုရားကြီးကျေးရွာ ၌ တိုက်ပွဲများ အနည်းဆုံး ၄ ကြိမ် ပေါ်ပေါက်ခဲ့သည့် အချိန်တွင် လေးမြို့မြစ် တဘက်ကမ်းရှိ ဘုရားကြီး၊ ခြိတ်ချောင်း နှင့် အခြားကျေးရွာ အနည်းငယ်မှ ဒေသခံများမှာ ရှိုမေ နှင့် စင်းဘောကိုင်ကျေးရွာများရှိ ဒုက္ခသည် စခန်းများ သို့ ထွက်ပြေးခဲ့ကြသည်။ ယခုအချိန်အထိ ၎င်းတို့ စစ်ဘေးရှောင် ခိုလှုံနေကြရဆဲ ဖြစ်သည်။

ဧရာဝတီသတင်းဌာနက မြောက်ဦးမြို့နယ်မှ အဆိုပါ ဒုက္ခသည် စခန်းအချို့နှင့် ကျေးရွာများသို့ သွားရောက်စဉ် ရခိုင်၊ ချင်းနှင့် မြို တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။

စင်းဘောကိုင် ဒုက္ခသည် စခန်းတွင် စစ်ရှောင်ဒုက္ခသည် ၃ ထောင်ခန့် ခိုလှုံနေကြရသည်/ ငြိမ်းငြိမ်း

“မတ်လက စပြီးတော့ ကျနော်တို့ ရွာသား အားလုံးနီးပါး အိမ်က ထွက်ပြေးကြတယ်။ တိုက်ပွဲတွေနဲ့ ဝေးတဲ့ဆီကို ထွက်ပြေး ခဲ့ကြတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ ကျနော်တို့ ဘယ်သီးနှံမှ မစိုက်နိုင်ခဲ့ဘူး။ ” ဟု ခြိတ်ချောင်းကျေးရွာမှ ဦးမောင် ခိုင်ကျော်က ပြောသည်။

၎င်းတို့အတွက် လိုအပ်သည့် ဝမ်းစာအတွက်စိုက်ပျိုးသီးနှံများ မရှိဘဲ မည်သို့ ဆက်လက်ရှင်သန်ရပ်တည် ရမည်ကို သူက စိုးရိမ်နေသည်။

“ကျနော်တို့ စပါးစိုက်ဖို့ အပြင်ကို မသွားရဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စိုက်ပျိုးချိန်ကလည်း ကျော်သွားခဲ့ပြီ” ဟု ခြိတ်ချောင်း ရွာ ခံတဦးဖြစ်သည့် ဦးထွန်းလှအောင်က ပြောသည်။ တိုက်ပွဲများ မဖြစ်ပွားမီ သူက ရှောက်ချိုနှင့် ကျွဲကောသီး အပါအဝင် ရှောက်မျိုးနွယ်များ စိုက်ပျိုးသလို နှမ်း၊ စပါးနှင့် အခြားသီးနှံများလည်း စိုက်ပျိုးသည်။ သို့သော်လည်း သူ့ယာခင်းက တိုက်ပွဲ များကြောင့် ရပ်တန့်နေရသည်။ တိတိကျကျအလုပ်မရှိသည့် နေ့စားအလုပ်သမားများအတွက် ပို၍ပင် ခက်ခဲနေသည်ဟု သူက စာနာစွာ ပြောပြသည်။

“မတ်လအတွင်းက ဘုရားကြီးမှာတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ လက်နက်ကြီးတွေပစ်တော့ ကျနော်တို့ အိမ်တွေနားမှာ လာကျသလို ခံစားရတယ်။ အရမ်းနီးတယ်။ ကျနော်တို့ အိပ်လို့မရဘူး” ဟု သူက ပြန်ပြောပြသည်။

စားဝတ်နေရေးအတွက် ရုန်းကန်ရခြင်းမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ပို၍ ခက်ခဲလာခဲ့သည်ဟု ဦးပိုက်ဆံ ဟု လည်းသိကြသည့် ဦးမောင်ဖြူလှ ကပြောသည်။ သူက ပန်းပေါင် ချင်းတိုင်းရင်းသား ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဖြစ်သည်။

လုံခြုံရေးအတွက် စိုးရိမ်သည့်အတွက် ၎င်း၏ ရွာသားများ ကိုယ်တိုင်လည်း တောင်ယာသို့ သွား၍ အလုပ်မလုပ် ရဲကြသေးကြောင်း ဦးပိုက်ဆံက ပြောသည်။

“ဒီလိုဖြစ်နေတာ လနဲ့ချီနေပြီ။ ရွာတွေနားမှာ လက်နက်ကြီးတွေ ကျနေတာ ပုံမှန် ကျနော်တို့ ကြားနေရတယ်။ အဲဒါက ကျနော်တို့ တောင်ယာတွေမှာ စိုက်ပျိုးရေးလုပ်ဖို့ အခက်အခဲဖြစ်စေပါတယ်။ သစ်ခုတ်ဝါးခုတ်တာနဲ့ စပါးနဲ့ ကျောက်ဖရုံသီးတွေ စိုက်ပျိုးတာလိုမျိုး တောတွေ တောင်တွေထဲမှာ ကျနော်တို့ ပုံမှန်လုပ်နေကျ အလုပ်တွေကို ဆက်လုပ်ဖို့ ကြောက်နေရပါတယ်။” ဟု သူက ထပ်ပြောသည်။

ကျေးရွာများမှ  မြို့  (သို့မဟုတ်) မြို့မှ ကျေးရွာများသို့ ကုန်စည်ပို့ဆောင်ရာတွင် လှေတစီးလျှင် ဆန် ၂ အိတ်သာ သယ်ဆောင်နိုင်သည့် အတွက်ကြောင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုအတွက်လည်း သူက စိုးရိမ်နေသည်။

“တကယ်လို့ ကျနော်တို့က လှေပေါ်မှာ ဆန် ၂ အိတ်ထက် ပိုသယ်ရင် အပစ်ခံရမယ်လို့ ကျနော်တို့ ကြားတယ်။ အဲဒါကြောင့် ကျနော်တို့ စိုးရိမ်တယ်” ဟု သူကပြောသည်။

ငြိမ်းချမ်းသည့် အချိန်တွင် ပန်းပေါင်နှင့် ခြိတ်ချောင်း အပါအဝင် ကျေးလက် ချင်းရွာများသို့ မြောက်ဦးမှ သွားရောက်လည်ပတ်လျှင် တရက်ခရီးဖြစ်ပြီး၊ သဘာဝတောတောင်အလှကို ခံစားကာ ပါးရဲထိုး ချင်းအမျိုးသမီးများနှင့် တွေ့ဆုံနိုင်သည်။

“စစ်ပွဲကြောင့် အစားအစာအတွက်နဲ့ ဝင်ငွေ ရရှိရေးက ခက်ခဲလာတယ်” ဟု အသက် ၆၈ နှစ်အရွယ် ဒေါ်မလှစိန်က ပြော သည်။ သူက ရွာသို့ ရောက်လာသော ခရီးသွားဧည့်သည်များကို လ

က်ရက်ပဝါများ ရောင်းချနေခဲ့သူ ဖြစ်သည်။ ၎င်းတို့ ရက်လုပ်သည့် အထည်များကို စိတ်ဝင်စားကြသည့် ပြင်ပဧည့်သည်များက သူတို့အတွက် ရှားရှားပါးပါး ဝင်ငွေရလမ်းတခု ဖြစ်သည်။

သိမ်းထုပ်ထားရတဲ့ ရက္ကန်းစင်တွေ

ယခုနှစ် အစောပိုင်းမှစ၍ အမျိုးသမီးများ ရက္ကန်းမရက်ကြတော့ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ကုန်ကြမ်းလုံလုံ လောက်လောက် မရှိသောကြောင့် ဖြစ်သည်။ ချည်ခင်များဝယ်ယူရန်လည်း သူတို့ မတတ်နိုင်ကြပါ။ ရက္ကန်းရက်နေစဉ် သူတို့ အိမ်များပေါ်သို့ လက်နက်ကြီး ကျရောက်မည်ကိုလည်း စိုးရမ်ကြသည်။ ထို့ကြောင့် သူတို့က ရက္ကန်းစင်များကို ထုပ်ပိုးသိမ်းဆည်းထားကြသည်။

ပန်းပေါင်ရွာထွက် ကျွဲကောသီးများကို လှေပေါ်တင်ကြစဉ်/ ငြိမ်းငြိမ်း

ဒေသခံများအတွက် ရနိုင်ဆဲဖြစ်သော အလုပ်အနည်းငယ်ထဲမှ တခုမှာ ကုန်ပစ္စည်းသယ်ပိုးပေးခြင်း ဖြစ်သည်။ အသက် ၃၂ နှစ် အရွယ် မခိုင်ထွေးရီက သူ့ကျောတွင် ရှောက်ချိုသီးများကိုထည့်ထားသည့် ဝါးခြင်းတောင်းကြီးကို ပိုးကာ ပန်ပေါင်ရွာထဲမှ မြစ်ဆိပ်ကမ်းသို့ ပို့ပေးသည်။ တခြင်းအတွက် ၁၀၀၀ ကျပ်ရသည်။ ထိုအလုပ်က ယခုနှစ် အစောပိုင်းမှစ၍ သူနှင့် ကျေးရွာသား အများစုအတွက် ရနိုင်သည့် တခုတည်းသော အလုပ်ဖြစ်ခဲ့သည်။

“ကျမတို့ ချည်တွေ မဝယ်နိုင်ဘူး။ ချည်က ဈေးကြီးလာတယ်။ ဒါကြောင့် အခု သီးနှံသယ်ပို့ပေးတဲ့အလုပ်ကို လုပ်တယ်။ တိုက်ပွဲတွေ ဖြစ်တဲ့ အချိန်ကတည်းက နိုင်ငံခြားသားတွေ အလာရပ်သွားတယ်။ အရင်နှစ်တွေ တုန်းကဆိုရင် မိုးရာသီမှာတောင်မှ ကျမ တို့မှာ ဧည့်သည်တွေရှိတယ်။ အဲဒါက ကျမတို့အတွက် အထောက်အကူဖြစ်တယ် ” ဟု မခိုင်ထွေးရီက ပြောသည်။

တိုက်ပွဲများက ဒေသတွင်းမှ ကျေးလက်ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေပြီး ပညာသင်ကြားမှုကို အဟန့်အတား ဖြစ်စေသည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးကပြောသည်။ ဆရာများက ထိုရွာများတွင် ကြာကြာမနေရဲကြပါ။ နေလျှင်လည်း ၂ ပတ် သို့မဟုတ် ၃ ပတ်ခန့် နေပြီးလျှင် တလနီးပါး ပြန်သွားကြသည်ဟု သိရသည်။

“ကျနော်တို့ အဓိက စိုးရိမ်တာက ကျနော်တို့ ကျေးရွာတွေပေါ်ကို လက်နက်ကြီးကျလာမှာကိုပါ။ တကယ်လို့ တိုက်ပွဲတွေက တောတောင်ကုန်းတွေ ဝိုင်းထားတဲ့ ကျနော်တို့ ရွာတွေနားမှာ ဆက်ဖြစ်နေမယ်ဆိုရင်  ကျနော်တို့ပေါ်ကို လက်နက်ကြီးကျလာ မှာ ဧကန်ပဲ။ ပစ်တာက AA လား တပ်မတော်လားဆိုတာ ကျနော်တို့ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တောင်ကုန်းထူ တဲ့ ဧရိယာတွေမှာ နှစ်ဘက်လုံးက တပ်တွေရှိနေနိုင်တယ်” ဟု ဦးပိုက်ဆံက ဆိုသည်။

(Nyein Nyein Fighting Robs Ethnic Chin in Myanmar’s Rakhine State of Livelihoods  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကျောက်ဖြူ စီမံကိန်းကြီးတွေက အကျိုးကျေးဇူးဆိုတာ ဒေသခံတွေအတွက် ဘာမှ မရှိသေးဘူး

အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် အသိပေး

ငြိမ်းချမ်းရေးလှေ မှောက်သလို ဖြစ်သွားပြီဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော

The post ရခိုင်တိုက်ပွဲကြား ဘဝရပ်တည်ရေး ခက်ခဲနေသော ချင်းတိုင်းရင်းသားများ appeared first on ဧရာဝတီ.


နှစ် ၁၀၀ ပြည့် UMFCCI ဘယ်လို ဖြတ်သန်း ရပ်တည်ခဲ့သလဲ

$
0
0

ကိုလိုနီခေတ်၊ ဖဆပလ ခေတ်၊ လွတ်လပ်ရေးခေတ်၊ ဆိုရှယ်လစ်ခေတ် နှင့် ယခု ဒီမိုကရေစီခေတ် အစရှိသဖြင့် ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် နှစ် ၁၀၀ ပြည့်ခဲ့လေပြီ။

UMFCCI ကို အမျိုးသားရေး ဦးတည်ချက်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အတွက် စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များ ကြားတွင် လွယ်လွယ်ကူကူနှင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ဆို သည်။

UMFCCI ဆိုသည်မှာ နိုင်ငံတော်ကိုယ်စား တိုင်းပြည်၏ စီးပွားရေး တခုလုံးကို ဦးဆောင်နေသည့် အဖွဲ့အစည်း တခုဖြစ်ပြီး နိုင်ငံတကာတွင်လည်း နိုင်ငံအလိုက် ဖွဲ့စည်းထားသည့် Chambers များ ရှိသည်။

အသင်း စတင် ဖွဲ့စည်းချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ နယ်စပ်ဒေသ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်း ၂၂ ခု၊ လုပ်ငန်းရှင် အသင်း ၈ ခုနှင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် UMFCCI သည် နယ်စပ်ဒေသ အပါအဝင် ပြည်နယ်နှင့် တိုင်းအလိုက် ကုန်သည်အသင်း ၇၆ သင်း၊ အသင်းဝင်ပေါင်း ၃ သောင်းကျော် ရှိသွားပြီဟုလည်း သိရသည်။

ဈေးကွက် စီးပွားရေး စနစ် တခေတ် ထွန်းလာချိန်တွင် UMFCCI အသင်းသည် ယခင်က လုပ်ငန်းရှင်ကြီးများ အလုပ် အမှုဆောင် အဖွဲ့ဝင်များကသာ လွှမ်းမိုး ကြီးစိုးထားခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောဆို ဝေဖန်မှုများလည်း ရှိခဲ့သည်။

အဆိုပါ အသင်းကို မြန်မာကုန်သည်များ အသင်း (Burmese Chamber of Commerce -BCC) အမည်ဖြင့် ၁၉၁၉ ခုနှစ်က ရန်ကုန်မြို့ရှိ ရွှေဘုံသာလမ်း၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အသင်းကို စတင်ရာတွင် ဟင်္သာတဦးမြနှင့် ဦးယုဆိုင်တို့က ဦးဆောင်ခဲ့သည်ဟု သိရသည်။

နောက်ပိုင်း ၁၉၉၁ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ကုန်သွယ်ရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ အမှတ် ၁၆/၉၁ အရ အလုပ် အမှုဆောင် အဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ ဦးကိုကိုကြီး တာဝန်ယူခဲ့ပြီး နောက်ပိုင်းတွင် ဥက္ကဋ္ဌ များ အဖြစ် ဦးခင်မောင်ရီ၊ ဦးဝင်းမြင့်၊ ဦးဝင်းအောင်နှင့် လက်ရှိ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း ယခင် ဥက္ကဋ္ဌ ဟောင်းဖြစ်သည့် ဦးဝင်းအောင်က ပြောပြသည်။

ဥက္ကဋ္ဌဟောင်း ဦးဝင်းအောင်

ဝင်းအောင်က“ကျနော် တာဝန်ယူစဉ် အချိန်အခါတုန်းကတော့ လူတဦးတယောက်ရဲ့ အကျိုးနဲ့ အစုအဖွဲ့ တခုရဲ့ အကျိုး ဆိုရင် အစုအဖွဲ့ကို ဦးစားပေးရမယ်။ အစုအဖွဲ့ထက် ဆိုရင် တနိုင်ငံလုံးရဲ့ အများပြည်သူ အကျိုးကို ယှဉ်ပြီဆိုရင် အများ ပြည်သူ အကျိုးကို ဦးစားပေး ဆောင်ရွက်ရမယ် ဆိုတဲ့ အခြေခံတရားနဲ့ ဆောင်ရွက်ခဲ့တယ်။ အဲဒီတော့ ကိုယ့်အချိန် ကိုယ့် အခါမှာတော့ စိတ်ကူးတွေးခေါ်ရုံနဲ့ မဟုတ်ဘဲနဲ့ အဲဒါကို အကောင်အထည်တရပ် ပေါ်တဲ့အထိ ကြိုစားရမှာတော့ Chamber များမှာ တာဝန်ယူနေတဲ့ သူတွေ လုပ်ကြရမယ့် ကိစ္စဖြစ်တယ်”ဟုလည်း ၎င်းက ပြောသည်။

ယခုနှစ်တွင် အသင်းကြီး၏ နှစ် ၁၀၀ ပြည့် အကြို အထိမ်းအမှတ် အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း ၂၀၁၉ ရင်းနှီး မြှုပ်နှံမှု ဖိုရမ်တခု ကျင်းပခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်ကလည်း “UMFCCI Centennial International Expo 2019” ကို ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် ၃ ရက် ကျင်းပခဲ့သည်။

ပြပွဲ အခမ်းအနားသို့လည်း ဒု သမ္မတ ၂ ဦးဟင်နရီ ဗန်ထီးယူ၊ စက်မှု ဝန်ကြီးဌာန နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ဒု ဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က တက်ရောက်၍ ပြပွဲကို ဖွင့်လှစ်ပေး ခဲ့သည်။

ဈေးကွက် စီးပွားရေးကို အားမပေးသော ဆိုရှယ်လစ် ခေတ်တွင် UMFCCI ၏ လုပ်ငန်းဆောင်တာများ ခေတ္တ ရပ်ဆိုင်း ခဲ့ရပြီး ၁၉၈၈ ခုနှစ် နဝတ အစိုးရလက်ထက် ဈေးကွက်စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ပေးသည့် အချိန်တွင် ဆက်လက် ရှင်သန် လာခဲ့ခြင်း ဖြစ်ကြောင်း လက်ရှိ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပြသည်။

လက်ရှိ ဥက္ကဌ ဦးဇော်မင်းဝင်း

ဦးဇော်မင်းဝင်းက“၂၀၁၉ ခုနှစ်မှာ ဆိုရင် နှစ် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်တယ်။ အခမ်းအနားကြီးကိုတော့ လာမယ့် နိုဝင်ဘာလ ၂၂ ရက်မှာ စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော UMFCCI သည် အမျိုးသားရေး ခံယူခံချက်ဖြင့် စတင် တည်ထောင် ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၌ သွင်းကုန် ထုတ်ကုန် လိုင်စင် လျှောက်ထားသောအခါ ကုန်သည်ကြီးများ အသင်းဝင် လက်မှတ် လိုအပ်သောကြောင့် ထုတ်ကုန်လုပ်ငန်းများကို ပင်ရင်း နိုင်ငံ သက်သေခံ လက်မှတ် (Country of Origin) ထုတ်ပေးနိုင်သည့် အသင်းတခုလည်း ဖြစ်သည်။

အသင်းအဖွဲ့များကို ယခင်က စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းများ ပေါင်းစပ် ညိုနှိုင်း ဆောင် ရွက် ရာတွင် စီးပွား/ကူးသန်းက လုပ်ဆောင် ပေးကြောင်း သိရသည်။

စီးပွား/ကူးသန်း လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က“စီးပွား/ကူးသန်းက အသင်းအဖွဲ့တွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်တယ်။ UMFCCI ရော သူ့ရဲ့ ညီနောင် အသင်းဖြစ်တဲ့ ဆန်စပါး အသင်းချုပ်ရော ကျန်တဲ့ အသင်း တွေ နဲ့ရော စီးပွားရေးနဲ့ ပတ်သက်ပြီး ဒုသမ္မတ ၁ ကိုယ်တိုင် ဦးဆောင်ပြီး တလတခါ ဖြေရှင်း ဆောင်ရွက် ပေးနေပါတယ်”ဟု ပြောသည်။

တိုင်းပြည်တွင်း စီးပွားရေး လုပ်ကိုင်ရာတွင် အခက်အခဲများစွာ ရှိပြီး တချို့ အခက်အခဲများသည် သာမန် လုပ်ထုံး လုပ်နည်း များကြောင့် ဖြစ်သကဲ့သို့ တချို့အခက်အခဲများသည် ဥပဒေပြင်ဆင် ဆောင်ရွက်ရမည့် အချက်များကြောင့် ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“တချို့ဟာတွေက ဥပဒေအရ ပြင်ဆင်မှ ရမယ့် အခက်အခဲတွေ ရှိတယ်။ ဒါကတော့ အချိန်ယူ ဆောင်ရွက်ရမယ့် ဟာမျိုး ဖြစ်တယ်။ လုပ်ထုံးလုပ်နည်းအရ ဖြေရှင်းရမယ့် ဟာတွေကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ UMFCCI နဲ့ ပေါင်းစပ်ပြီး လုပ်တယ်။ ဘယ်လိုဖြေရှင်း ဆောင်ရွက်မယ် ဆိုတာ အကြောင်းကြားပေးတယ်”ဟု UMFCCI နှင့် ဝန်ကြီးဌာန ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဦးခင်မောင်လွင်က ထပ်လောင်း ပြောကြားသည်။

ထို့ပြင် ဥပဒေအရ တချို့ပြင်ဆင်ပြီးသည့် အချက်များကို ထပ်မံဖြည့်စွက် ပြင်ဆင်လိုလျှင်လည်း နှစ်ဖက် PPP (Public Private Partnership) အနေနှင့် ဆွေးနွေးပြီး ညိုနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်

အဓိကအားဖြင့် UMFCCI နှင့် ညီနောင် အသင်းအဖွဲ့များ အားလုံးသည် စီးပွားရေး လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင် ဆောင် ရွက်နေသော အဖွဲ့အစည်းများ ဖြစ်သောကြောင့် စီးပွား/ကူးသန်း အနေနှင့် ပို၍ ပူးပေါင်း ဆောင်ရွက်ကြောင်း ဦးခင်မောင်လွင် က ပြောသည်။

အသင်းအဖွဲ့ ဆိုသည်မှာ အဓိကအားဖြင့် စီးပွားရေးအတွက် အကျိုးအမြတ် ရရှိရေး လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် မိမိ အသင်းသားများ၏ လုပ်ငန်း နယ်ပယ်အလိုက် လိုအပ်ချက်များ အခက်အခဲများကို အစိုးရနှင့် ပေါင်းစပ် ဖြေရှင်းပေးသည့် အပြင် နိုင်ငံတကာနှင့်လည်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ကူးသန်း ဆက်သွယ်ပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှု များ ကိုလည်း ဖြေရှင်းပေးခြင်း စသည့် အချက်များကို လုပ်ဆောင်ရသောကြောင့် ယင်းကဲ့သို့ အသင်းမျိုး နိုင်ငံတိုင်းတွင် မရှိမဖြစ် လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

UMFCCI ဒု ဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်ကလည်း“ဂျပန်မှာဆိုရင် JCCI ရှိတယ်။ အမေရိကန်မှာဆိုလည်း ရှိတယ်။ အင်္ဂလန် မှာဆိုလည်း ရှိတယ်။ သူရဲ့တိုင်းပြည်အလိုက် အသင်းအဖွဲ့ ရှိတယ်။ ဒါကြောင့် ဒီ Chambers of Commerce တွေက ဘာကို ဆောင်ရွက်ပေးလဲ ဆိုတော့ နိုင်ငံမှာ အစိုးရနဲ့ လုပ်ငန်းရှင်တွေနဲ့ကို ချိတ်ပေးတယ်။ ပြည်တွင်းက လုပ်ငန်းရှင်ကို ပြည်ပနဲ့ ချိတ်ပေးတယ်။ စီးပွားရေး တိုးတက်ဖို့ လုပ်ငန်းတွေ နှစ်ဖက် အချင်းချင်း ချိတ်ပေးတာ။ ကုန်ထုတ်လုပ်ငန်းတွေ တိုးမြှင့်ပေးတာ၊ ပြပွဲတွေ၊ ဖိုရမ်တွေ၊ စီးပွားရေး ဆွေးနွေးဝိုင်းတွေ ဒါတွေကို လုပ်ပေးတာဖြစ်တယ်”ဟု ပြောသည်။

ထိုသို့ လုပ်ပေးခြင်းအားဖြင့် မိမိနိုင်ငံအနေနှင့် အခြားသော နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင် နောက်ကျကျန် ခဲ့ ခြင်း မရှိကြောင်း၊ သို့ဖြစ်၍ UMFCCI အနေနှင့် ယင်းလုပ်ငန်း ဆောင်တာများကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ရမည် ဖြစ် ကြောင်း ဒေါက်တာ မျိုးသက် က ဆိုသည်။

ဥက္ကဋ္ဌဟောင်း ဦးခင်မောင်ရီ

ယခုခေတ် အချိန်အခါသည် နည်းပညာခေတ်၊ ဒစ်ဂျစ်တယ်ခေတ် ဖြစ်လာခြင်းတို့ကြောင့် ကုန်သွယ်ရေး ကဏ္ဍတွင် အွန်လိုင်း နှင့်သာ လုပ်ဆောင်ရသည့် အတွက် UMFCCI အနေနှင့် အစိုးရနှင့် ပူးပေါင်း၍ ကူညီဆောင်ရွှက် ပေးနေကြောင်းလည်း ဒေါက်တာ မျိုးသက်က ပြောဆိုသည်။

နှစ်ပေါင်း ၁၀၀ အတွင်း လုပ်က်ိုင်ရသည့် အခက်အခဲများလည်း များပြားခဲ့သည့်အပြင် ယခင်က အကြောက်တရားဖြင့် လုပ်ငန်းရှင်များက လုပ်ကိုင်ခဲ့ကြရကြောင်း၊ ယခုအချိန်တွင်တော့ လုပ်သာကိုင်သာ ရှိလာပြီ ဖြစ်ကြောင်း UMFCCI အသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး ကလည်း ပြောသည်။

“လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာ ရှိအောင် လုပ်ပေးဖို့ UMFCCI မှာ တာဝန်ရှိတယ်။ သူတို့ လုပ်သာကိုင်သာ ရှိမှ တိုင်းပြည် တိုးတက်မှာ ဖြစ်တယ်။ ဒေသတွင်း နိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အဆင့်အတန်းမီလာမှာ ဖြစ်တယ်။ ဒါကို နိုင်ငံတော်ကလည်း အားပေးမယ်။ ပံ့ပိုးပေးမယ် ဆိုရင် အစစအရာရာ ကောင်းမွန်လာမှာ ဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံ၏စီးပွားရေး တိုးတက်ရန်၊ ငွေကြေး ခိုင်မာရန်၊ အသေးစားနှင့် အလတ်စား(SME) လုပ်ငန်းများ တိုးတက်ရန်၊ အခြေခံ လူတန်းစားဘ၀ မြှင့်တင်နိုင်ရန်၊ ကုန်ဈေးနှုန်းများ ကျဆင်းရန် စသည့်အချက်များ မည်သို့ လုပ်ကိုင် ဆောင်ရွက်မည်လဲ ဆို သည်ကို UMFCCI အနေနှင့် လုပ်ဆောင်ရမည် ဖြစ်သောကြောင့် တာဝန်ပိုကြီးလာသည်ဟု ဒေါက်တာ မောင်မောင်လေး က ဆိုသည်။

ဒေါက်တာ မောင်မောင်လေးက“၂၀၁၉ ခုနှစ်တွင် နိုင်ငံတိုင်းလိုလို စီးပွားရေး ကျဆင်းနေတယ်။ အကြောင်းကတော့ ဥရောပ သမဂ္ဂထဲက ဗြိတိန်ခွဲထွက်တဲ့ ဘရက်စစ် (Brexit)ကြောင့် ဖြစ်တယ်။ အမေရိကန်နဲ့ တရုတ် စီးပွားရေး တင်းမာမှု ကြောင့် ဖြစ်တယ်။ ဟောင်ကောင်မှာလည်း မငြိမ်မသက်မှုတွေရှိတယ်။ နောက်ပြီး နိုင်ငံရေးအရ ကြည့်ရင်လည်း လက်ယာယိမ်း ပေါ်လစီတွေ ဖြစ်လာတဲ့ အတွက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတွက်ပဲ ကြည့်ကြတယ်။ အားလုံးအတွက် သိပ် မကြည့်ကြဘူး။ ဒါမျိုးလေးတွေကို သတိ ပြုရတော့မယ်။ အဆင်ပြေအောင် အများနဲ့ လုပ်လို့ရအောင် Supply Change တွေ အကုန်လုံး ကမ္ဘာနဲ့ယှဉ်ပြီး သွားနိုင်အောင် ကြိုးစားရမယ့် အခြေအနေမှာရှိတယ်”ဟု လက်ရှိ စီးပွားရေးနှင့် ပတ်သက်ပြီး ရှေ့ဆက် လုပ်ဆောင်ရမည့် အခြေအနေများကို ပြောသည်။

လက်ရှိ စီးပွားရေးတွင် စိန်ခေါ်မှုများစွာ ရှိနေပြီး မြန်မာနိုင်ငံ အနေနှင့်လည်း ကြပ်တည်းနေသည့် အခြေအနေတွင် ခေါင်း ဖော်နိုင်ရေး လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို စဉ်းစားထားသင့်သည်ဟု ဒေါက်တာ မောင်မောင်လေးက ပြောဆိုသည်။

ဥက္ကဋ္ဌဟောင်း ဦးကိုကိုကြီး

နယ်စပ် ကုန်သွယ်မှု မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက“အထူးသဖြင့် ၂၀၁၀ နောက်ပိုင်းဆိုရင် အစိုးရက ပိုပြီး ပွင့် လင်း မြင်သာမှုက ရှိလာပြီ။ လုပ်ငန်းကိုင်ငန်း တွေလည်း ဖွံ့ဖြိုးလာပြီ။ နောက်တခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း အများ ကြီး ဝင်လာပြီဆိုတော့၊ ကျနော်တို့ UMFCCI ကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းရှင်တွေကို ကိုယ်စားပြု ပြီး တော့ ဦးဆောင်ရတဲ့ အတွက် ပိုပြီး တာဝန်ကြီးလေးလာတယ်”ဟု ပြောသည်။

လက်ရှိတွင် UMFCCI ၏ ၂၀၂၀ ပြည့်နှစ် စီးပွားရေး Plan တခုကို ရေးဆွဲနေပြီး ယင်း Plan တွင် မည်သည့် ကဏ္ဍကို အသင်း ၏ ဦးစားပေးအနေနှင့် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဆိုသော အချက်များကိုထည့်သွင်း ထားကြောင်း ၎င်းက ရှင်းပြသည်။

ဦးလှဦးက“သိပ်မကြာခင်တော့ ပြီးမယ်။ ပြီးရင်တော့ UMFCCI က ဘယ်ကဏ္ဍကို အဓိကထားပြီးတော့ ပိုဦးစားပေး လုပ်မယ် ဆိုတဲ့ဟာမျိုး Plan ရှိလာမှာ ဖြစ်တယ်။ ဒါဆိုရင် အသင်းချုပ်ရဲ့ ဦးတည်ချက်ကလည်း ပိုပြီးတော့ ရှင်းလင်းလာ မယ်။ အစိုးရနဲ့ ပြောဆိုတဲ့ အခါမှာလည်း ပိုပြီးတော့ မိမိရရ ပြောနိုင်လာမယ်”ဟု ပြောသည်။

UMFCCI အသင်းချုပ်၏ အရေးကြီးသော အခက်အခဲတခုအနေနှင့် နဝတ ခေတ်မှ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ဒီမိုကရေစီ စနစ်ကို ကူးပြောင်းလာသည့် အချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် စိန်ခေါ်မှုများကို အဓိက ရင်ဆိုင်ခဲ့ရကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ပို့ကုန်သွင်းကုန် စီးပွားရေး လုပ်ငန်းရှင် တဦးက“ဒီအချိန်မှာ အပြောင်းအလဲတွေ အစိုးရဘက်က အများကြီး လုပ်နေရသလို ပုဂ္ဂလိက ကဏ္ဍမှာလည်း အများကြီး လုပ်ရတာပေါ့။ အဲဒီအထဲမှာမှ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အဓိက စိန်ခေါ်မှုကတော့ ဒီမိုကရေစီနဲ့ ကျင့်သား မရသေးတာ ဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းတွေ လုပ်တဲ့အခါ အမြင်ခြင်း မတူတာတွေကို ညိုနှိုင်းရတဲ့ ဟာက အကြီးဆုံး အခက်အခဲဖြစ်တယ်”ဟု ပြောသည်။

UMFCCI သည် ပုဂ္ဂလိက ကဏ္ဍကြီးတခုလုံးကို ကိုယ်စားပြုပြီး လုပ်ဆောင်ရခြင်းလည်း ဖြစ်သောကြောင့် လုပ်ငန်းရှင်များ ၏ အကျိုးစီးပွား မတူညီမှုများကို တဖက်နှင့်တဖက်၊ တဦးနှင့်တဦး ညိုနှိုင်းရသည့်အခါ အခက်အခဲများ ရှိသည်ဟု ၎င်းက ဆိုသည်။

ဥက္ကဋ္ဌဟောင်း ဟင်္သာတ ဦးမြ

“နောက်တပိုင်းက ပုဂ္ဂလိကနဲ့ အစိုးရရဲ့ အကျိုးစီးပွားပေါ့။ ဥပမာ-လုပ်ငန်းရှင်တွေကျတော့လည်း အစိုးရရဲ့ လုပ်ထုံး လုပ်နည်းတွေ စည်းမျည်း ဥပဒေတွေကို နေ့ချင်းညချင်း ဖြေလျှော့ ပေးစေချင်တယ်။ လွယ်ကူစေချင်တာပေါ့။ အစိုးရပိုင်း ကျတော့လည်း နှစ်ရှည်လများ ကျင့်သုံးခဲ့ရတဲ့ စည်းမျည်းတွေ လုပ်ထုံးလုပ်နည်းတွေ ပြင်ဖို့ကျတော့လည်း အခက်အခဲရှိ တယ်။ ဒါတွေကို အသင်းချုပ်က ကိုယ်စားပြု ညိုနှိုင်းပေးရတဲ့အခါ အခက်အခဲလေးတွေတော့ ရှိတယ်”ဟု အထက်ပါ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်က ဆက်လက် ပြောဆိုသည်။

ထိုသို့ အခက်အခဲများ ရှိသော်လည်း UMFCCI ကို ဦးဆောင်သူများ အနေနှင့် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်လျှင် ဆောင်ရွက်နေသည် ဆိုရုံမျှနှင့် မလုံလောက်ကြောင်း၊ တကယ့် အကျိုးရလဒ်များ ရသည်အထိ ကြိုစား ဆောင်ရွက် သင့်ကြောင်း ဥက္ကဋ္ဌဟောင်း ဦးဝင်းအောင်က ထောက်ပြသည်။

ဆက်လက်၍ ၎င်းက“ဒါမှသာ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်မှာ ဖြစ်တယ်။ ဒါကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်ပေါ်မှာ လိုက်လျောညီထွေ ဖြစ်အောင် တိုးတက်အောင် အတွေးသစ်၊ အမြင်သစ်၊ မဟာဗျူဟာ အသစ်၊ နည်းပညာ အသစ်တွေနဲ့ ဆောင်ရွက်နိုင်ဖို့က အရေးကြီးတယ်”ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

UMFCCI ၏ ဦးဆောင်သူများ အနေနှင့် လုပ်ဆောင်ရမည့် အရေးကြီးသော အချက်မှာ စီးပွားရေးအတွက် အကျိုးအရှိဆုံး ကိစ္စရပ်များကို ထိထိရောက်ရောက်နှင့် နိုင်ငံတော်နှင့် လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းထားသည်။

အဆိုပါ UMFCCI အသင်းချုပ်နှင့်အပြိုင် လက်ရှိတွင် မြန်မာနိုင်ငံ၌ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တခု အနေဖြင့် မြန်မာ့ ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သော မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ အသင်း MBA ကိုလည်း သြဂုတ်လ ၂၂ ရက် က ရန်ကုန်မြို့ တော်ဝင် ဂါးဒင်း ဟိုတယ်တွင် စီးပွားရေး လုပ်ငန်းရှင်များက ထပ်မံ ဖွဲ့စည်းခဲ့သည်။

မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များအသင်း နာယက ဦးခင်ရွှေက“ကုန်သည်စက်မှု အသင်းချုပ် အောက်မှာ ဆောက်လုပ် ရေး လုပ်ငန်းရှင်တွေ မရှိဘူး။ ဟိုတယ် လုပ်ငန်းရှင်တွေ မရှိဘူး၊ ကျန်တဲ့ လုပ်ငန်းရှင် တော်တော်များများ မရှိဘူး။ စီးပွားရေး လုပ်ငန်းရှင် အကြီးတွေ မရှိဘူး။ ဒါတွေမရှိလို့ အဲဒီ လုပ်ငန်းရှင်ကြီးတွေနဲ့ ကျန်တဲ့သူတွေ ပေါင်းစပ်ပြီး အိုင်ဒီယာနဲ့ တင်ပြပြီး MBA အသင်းဖွဲ့တာ”ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် UMFCCI ကဲ့သို့ အသင်းတသင်း ထပ်မံပေါ်ပေါက်လာခြင်းသည် ယှဉ်ပြိုင် လုပ်ဆောင်မှုများ အားကောင်း လာမည် ဖြစ်သည့် အပြင် အသင်း၏ ရည်ရွယ်ချက်၊ မူဝါဒများ ပို၍ ကောင်းမွန်လာနိုင်ကြောင်း ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောသည်။

ဥက္ကဋ္ဌဟောင်း ဦးယုဆိုင်

“ဒီမိုကရေစီ နိုင်ငံမှာ ဒီလို အသင်းအဖွဲ့တွေ များများပေါ်ပေါက်တာ အားပေးရမှာ ဖြစ်တယ်။ တသင်းနဲ့ တသင်း တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ကုန်သည်စက်မှု အသင်းချုပ် UMFCCI ကလည်း သူလုပ်စရာရှိတာ လုပ်မယ်။ ဒီ MBA အသင်းကလည်း သူ လုပ်စရာရှိတာ လုပ်မယ်။ တချိန်မှာ ဟိုဘက် အသင်းမှာလည်း ပါတယ်။ ဒီဘက် အသင်းမှာလည်း ပါတယ်။ ပြန်ပူးပေါင်း ပြီး ဆောင်ရွက်လိုက်ရင် အင်အားပိုကြီးသွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။

ဝါးခယ်မ ငွေလဲ ကောင်တာ ပိုင်ရှင် ဒေါက်တာ စိုးထွန်းက“UMFCCI ကတော့ သူ့သက်တမ်းအရ နှစ်ပေါင်း ၁၀၀ တော့ ရှိပြီ။ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍအတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး အတွက် လည်း အရေး ကြီးတယ်။ ကျနော်တို့က UMFCCI အနေနဲ့ ဘာပဲဖြစ်ဖြစ် ဒီပုဂ္ဂလိက ကဏ္ဍကို ဒီထက်ပိုပြီး စီးပွားရေး ကောင်း အောင် ဆောင်ရွက်ပေးဖို့ အတွက် ကြိုဆိုပါတယ်။ တာဝန် တခုလည်း ရှိတာပေါ့”ဟု ပြောသည်။

လက်ရှိ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍကြားတွင် ဒုသမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်ပြီး ပေါင်းစပ် ညိုနှိုင်းဆောင်ရွက်ရန် လစဉ် ပုံမှန် စည်းဝေး လုပ်ဆောင်မှုများ ရှိသော်လည်း ယင်း အခြေအနေထက် ပို၍ ပုဂ္ဂလိက ကဏ္ဍ၏ စီးပွားရေးပိုင်းကို ပိုပြီး ဖြေရှင်း ပေးနိုင်သော အဖွဲ့အစည်းအဖြစ် ပိုပြီး မြင်ချင်ကြောင်း ၎င်းက ဆိုသည်။

“အသင်းဘက်ကတော့ တတ်နိုင်သမျှ ဆောင်ရွက်နေတာပေါ့။ ဒါပေမယ့် လုပ်ငန်းရှင်တွေ ဘက်က ကိုယ်လိုချင်တဲ့ ပန်းတိုင် ကို ရောက်ရှိတာတော့ မရှိသေးဘူး။ အထူးသဖြင့် SME လုပ်ငန်းတွေ တိုးတက်လာအောင် လုပ်ဖို့ ဆောင်ရွက် သင့်တယ်လို့ မြင်တယ်”ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။

ဆက်လက်၍ ၎င်းက“တခုတော့ရှိတယ်။ ဒါက UMFCCCI တခုတည်း လုပ်လို့တော့ မရဘူးပေါ့။ အစိုးရတို့ ဗဟိုဘဏ်တို့ ကျန်တဲ့ ဘက်ကနေလည်း ပူးပေါင်း ဆောင်ရွက်ပေးမှ ရတာ။ ကျနော်တို့ကတော့ ဘယ်နေရာမှာ အခက်အခဲရှိလဲ မသိဘူး ပေါ့” ဟု ပြောဆိုသည်။

အသင်းအနေနှင့် ယခင်ကဲ့သို့ စီးပွားရေး လုပ်ငန်းများတွင် တချို့သူများက လွမ်းမိုးမှု၊ ကြီးဆိုးမှု ရှိခဲ့သော်လည်း လက်ရှိ၌ ထိုသို့ ရှိသည် မရှိသည်ကို လောလောဆယ်တွင် ပြော၍ မရသေးကြောင်း၊ အသင်း၏ ရွေးကောက်ပွဲ ပြုလုပ်သည့် အချိန်မှ သာ သိရှိနိုင်မည် ဖြစ်ကြောင်းလည်း ဒေါက်စိုးထွန်းက ပြောဆိုထားသည်။

UMFCCCI အသင်းချုပ် ဦးဆောင်သူများ အနေနှင့် လူငယ်များကို နေရာပေးသင့်ကြောင်း၊ အုပ်စုဖွဲ့ခြင်းကို ရှောင်ကျဉ် သင့် ကြောင်း၊ လုပ်နိုင်မည့် သူများကို နေရာပေးသင့်ကြောင်း၊ အသင်းအဖွဲ့တွင် တနိုင်ငံလုံးရှိ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် လာနိုင်ရန် လမ်းဖွင့် ပေးသင့်ကြောင်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

သို့မှသာ တိုင်းပြည်၏ စီးပွားရေးသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ ရှေ့သို့ လှမ်းတက်နိုင်မည် ဖြစ်ကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လည်ပတ် လုပ်ဆောင်နေသော UMFCCI အဖွဲ့ကြီး အတွင်း၌ ကြီးစိုး လွှမ်းမိုး မှုများ လျော့ကျပြီး နောင်တက်လာမည့် အလုပ်မှုဆောင် အဖွဲ့သစ်များ အနေနှင့်လည်း မည်မျှအထိ အောင်မြင်မှု ရရှိရေး လုပ်ဆောင်နိုင်မလဲ ဆိုသည်ကိုမူ စောင့်ကြည့်ရမည်လည်း ဖြစ်ပါသည်။ ။

You May Also Like eThese Stories:

စီးပွားရေး လုပ်ရန် လွယ်ကူမှု အညွန်းကိန်း မြန်မာ ၆ ဆင့်တက် 

အတွင်းဝန်ရုံးသည် ထူးခြားနေရာဖြစ်၍ ကျန်းမာရေးစင်တာအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဟု လုပ်ငန်းရှင်ပြော 

မန္တလေး ကျောက်မျက်ပြပွဲ ကျောက်စိမ်းတွဲ ရောင်းချရငွေ ကျပ်သိန်းပေါင်း ၃ သိန်းကျော် ရရှိ

The post နှစ် ၁၀၀ ပြည့် UMFCCI ဘယ်လို ဖြတ်သန်း ရပ်တည်ခဲ့သလဲ appeared first on ဧရာဝတီ.

ISIS ခေါင်းဆောင်ကို အမေရိကန်တွေ ဘယ်လိုဝင်စီးခဲ့သလဲ

$
0
0

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က “ကမာ္ဘ့ နံပါတ် ၁ အကြမ်းဖက် ခေါင်းဆောင်” သေဆုံးသွားပြီ ဖြစ်ကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းတွင် အိမ်ဖြူတော်မှ ပြောကြားသည့် ရုပ်မြင်သံကြားမိန့်ခွန်းတွင် ကြေညာသွားခဲ့ သည်။

ISIS အဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘာဒါဒီ Abu Bakr al-Baghdadi သည် ဆီးရီးယားမြောက်ပိုင်းရှိ သူ၏ နေအိမ်ခြံဝင်း အတွင်းသို့ ၂ နာရီ ကြာ ညဘက်စီးနင်းဝင်ရောက်မှုကို ရဲရဲဝံ့ဝံ့ ပြုလုပ်ခဲ့သော အမေရိ ကန်တပ်ဖွဲ့များ၏ ချောင်ပိတ်ဖမ်းခြင်းခံရသည့် အချိန်တွင်”ကိုယ့်ကိုယ်ကို ဖောက်ခွဲ”ပြီး အဆုံး စီရင်သွားသည်ဟု ဒေါ်နယ်ထရမ့်က စစ်ဆင်ရေးနှင့် ပတ်သက်သည့် အသေးစိတ်ကို ပေးရင်း ပြောကြားသွားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုနဲ့ ကမာ္ဘအတွက် ကြီးကျယ်တဲ့ ညတညဖြစ်ပါတယ်။ ဆင်းရဲဒုက္ခတွေနဲ့ သေဆုံးမှု မြောက်များစွာကို ဖြစ်စေခဲ့တဲ့ ရက်စက်ကြမ်းတမ်းတဲ့ လူသတ်သမားတယောက် ပြင်းပြင်းထန်ထန် ရှင်းလင်းခံခဲ့ရပါတယ်” ဟု သူက ထပ်ပြောသည်။

အဘူဘာကာ အယ်လ်ဘာဒါဒီ သေဆုံးသွားခြင်းက ကမာ္ဘပေါ်တွင် အလိုအရှိဆုံးသော အကြမ်းဖက်သမားများထဲမှ တဦး နှင့် ၂၀၁၄ ခုနှစ်တွင် အီရတ်နှင့် ဆီးရီးယား၌ အစ္စလမ်မစ် ကာလီဖိတ် (အစ္စလမ်မစ်နိုင်ငံ) တခု ကြေညာခဲ့သူကို နှစ် ပေါင်းများစွာ ရှာဖွေအမဲလိုက်မှုတခု ပြီးဆုံးသွားခြင်းဖြစ်သည်။

၎င်းမှာ၂၀၁၁ ခုနှစ်မေလ တွင် al-Qaeda ခေါင်းဆောင် အိုစမာဘင်လာဒင် Osama bin Laden ကို အမေရိကန်ရေတပ် အထူးတပ်ဖွဲ့က စိတ်လှုပ်ရှား ဖွယ်ရာ ညဖက်စစ်ဆင်ရေးတခုဖြင့် ဝင်ရောက်ရှင်းလင်းသုတ်သင်ခဲ့ကြောင်း ထိုစဉ်က အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ကြေညာခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်ခေါင်းဆောင်တဦး၏ သေဆုံးမှုနှင့် ပတ်သက်၍ အထူးခြားဆုံး ကြေညာချက် တခု ဖြစ်သည်။

“အဲဒါက ကြီးမားတဲ့ ထိုးနှက်ဖျက်ဆီးမှုတခုဖြစ်ပါတယ်။ အဲဒါက သူတို့ရဲ့ခေါင်းဆောင်သက်သက် မဟုတ်ပါဘူး။ သူတို့ရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။ သူက နည်းလမ်းပေါင်းများစွာနဲ့ လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါ တယ်။ သူက ISIS ကို ၂၀၁၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဒေသတခုလုံးမှာ ရုပ်ပိုင်းဆိုင်ရာ ကာလီဖိတ်တခုကို တည် ထောင်ရေးမှာ သူက ဦးဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒါက သူတို့အတွက် အဓိက ထိုးနှက်မှု တခု ဖြစ်ပါတယ်” ဟု အမေ ရိကန် ကာကွယ်ရေးဝန်ကြီး မာ့က်အက်စ်ပါ Mark Esper က CNN မှ Jake Tapper ၏ တနင်္ဂနွေနေ့ “State of the Union” အစီအစဉ် တွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှ ဒေါ်နယ်ထရမ့်၏ ကျေညာချက်က သူ့နည်းသူ့ဟန်ဖြင့် မှတ်သားလောက် စရာ ဖြစ်သည်။ ကျေညာချက်မထုတ်မီညက Twitter တွင် သူက ကျီစယ်သလို သတင်းပေးခဲ့သည်။ “အလွန်ကြီးမားတဲ့ တစုံတရာက ဖြစ်သွားခဲ့ပြီ”ဟု သူကပြောသည်။ အိုစမာဘင်လာဒင်နှင့် ပတ်သက်၍ အိုဘားမား၏ နိုင်ငံသို့ အလေးအနက် ပြောကြားခဲ့သော မိန့်ခွန်းနှင့် ကွဲလွဲစွာပင် ကင်မရာများ၏ ရှေ့တွင် သို့သော်လည်း စစ်ဆင်ရေး၏ အသေးစိတ် သို့မဟုတ် မည်သူ့ကို ပစ် မှတ်ထားသည်ဆိုခြင်းကို မပြောပြထားခဲ့ကြောင်း ဒေါ်နယ်ထရမ့်၏ သက်တောင့်သက်သာရှိသော ဟန်ပန်ဖြင့် စက်ဆုပ်ထိတ်လန့်ဖွယ်ရာ ပုံရိပ်ကို သရုပ်ဖော်ပြသွားခဲ့သည်။ “ပေါက်ကွဲမှုကြောင့် သူ့ကိုယ်ခန္ဓာက အပိုင်း ပိုင်းပြတ်သွားခဲ့ပါတယ်” ဟု သူကပြောသည်။ အကြမ်းဖက်ခေါင်းဆောင်ကိုလည်း သူက ပွင့်ပွင့်လင်းလင်းပင် ပျက်ရယ် ပြုခဲ့သည်။ အဘူဘာကာ အယ်လ်ဘာဒါဒီက “နည်းအမျိုးမျိုးဖြင့် ညည်းညူရင်း ငိုယိုအော်ဟစ်ရင်း” သေဆုံးသွားခဲ့သည်ဟု သူက ဆိုသည်။

အမေရိကန်တပ်ဖွဲ့ ပြန်လည်ထွက်ခွာအပြီး ခြံဝင်းကို ဝေဟင်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ကာ ဖျက်ဆီးပစ်ခဲ့သည်

စစ်ဆေးရေး ဘယ်လိုဖြစ်ခဲ့သလဲ

လျှို့ဝှက်စစ်ဆင်ရေးက အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် စတင်ခဲ့ပြီး Delta တပ်ဖွဲ့ အော်ပရေတာများ အပါ အဝင် အမေရိကန် လက်ရွေးစင် တပ်ဖွဲ့များကို တင်ဆောင်လာသော ရဟတ်ယာဉ် ၈ စီးက အကြမ်းဖက်ခေါင်းဆောင်၏ ခြံ ဝင်းဆီသို့ “အလွန့်အလွန် အန္တရယ်များလှသော နယ်မြေ” ပေါ်တွင် တနာရီနှင့် ၁၀ မိနစ်ကြာ ဖြတ်ကျော်ပျံသန်းခဲ့ရသည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ အခြား အမေရိကန် သင်္ဘောနှင့် လေယာဉ်အများအပြားလည်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြ သည်။

အမေရိကန် တာဝန်ရှိသူတဦး၏ အဆိုအရ အမေရိကန် တပ်ဖွဲ့ အချို့သည် အီရတ်နိုင်ငံတွင်းရှိ နေရာအမျိုးမျိုးမှ လာကြ သူများဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ အလွန်ကိုနိမ့်တဲ့ အမြင့်ကနေ အလွန်လျှင်မြန်စွာ ပျံသန်းခဲ့ကြပါတယ်။ ဒါက စစ်ဆင်ရေးရဲ့ အရမ်းအန္တရယ်များ တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဝင်အထွက်ကလည်း တူတူပါပဲ။ ကျနော်တို့က ထပ်တူဖြစ်ချင်ခဲ့တယ်။ ကျနော်တို့က တထပ် တည်းတူတဲ့ လမ်းကြောင်းတခုကိုယူခဲ့တယ် “ဟု ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၂၇ ရက်နေ့က လျှိ့ဝှက် စစ်ဆင်ရေးနှင့် ပတ်သက်၍ အသေးစိတ်ပြောပြရာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ခရီးစဉ် အကူးအပြောင်းတခုတွင် ရဟတ်ယာဉ်များကို ဒေသခံများက သေနတ်နှင့် ပစ်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ အမေရိ ကန် လေယာဉ်က ပြန်လည်ပစ်ခတ်၍ ခြိမ်းခြောက်မှုကို ဖယ်ရှားခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

ခြံဝန်းသို့ ရောက်ပြီးနောက်တွင် ထောင်ချောက်ဆင်ထားသည့် ဝင်ပေါက်ကို ရှောင်ရှားရန် အမေရိကန်တပ်ဖွဲ့များ က နံရံတခုကို ဖြိုချခဲ့ကြသည်။ ထိုအချိန်က ဝရုန်းသုန်းကား စတင်ဖြစ်ပွားသည့် အချိန်ဖြစ်သည်ဟု အမေရိကန် သမ္မတက ဆိုသည်။

ခြံဝင်းကို ရှင်းလင်းနေချိန်တွင် သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်ကြသည့် တိုက်ပွဲတခု အတွင်း၌ အမေရိကန် တပ်ဖွဲ့များ က ထိခိုက်ကျဆုံးမှု မရှိဘဲ ISIS တိုက်ခိုက်ရေးသမား အရေအတွက် အမြောက်အများကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်၏ အဆိုအရ သိရသည်။

ISIS တိုက်ခိုက်ရေးသမား အနည်းဆုံး ၂ ဦးဖမ်းမိခဲ့ပြီး ကလေး ၁၁ ဦးကိုလည်း ထိန်းသိမ်းခဲ့သည်။ အဘူဘာကာ အယ်လ်ဘာဒါဒီ၏ ဇနီး ၂ ဦးမှာ စစ်ဆင်ရေးအတွင်းတွင် အသတ်ခံခဲ့ရသည်။ သူတို့၏ ကိုယ့်ကိုယ်ကို သတ်သေရန် ဝတ်ဆင်ထားသည့် ကိုယ်ကျပ်အင်္ကျီမှ ဗုံးများ မပေါက်ကွဲဘဲ ကျန်နေခဲ့သည်။

စစ်ခွေးတကောင် ပါဝင်သော တပ်ဖွဲ့က လိုက်လံရှာဖွေနေစဉ် နောက်ဆုံးတွင် သူကိုယ်တိုင်လည်း ဗုံးဆင်ထားသည့် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားသော အဘူဘာကာ အယ်လ်ဘာဒါဒီက တဖက်ပိတ် လိုဏ်ခေါင်းတခု အတွင်းတွင် ကလေး ၃ ယောက်နှင့် အတူ ပုန်းအောင်းနေခဲ့သည်။

“ကျနော်တို့ရဲ့ ခွေးတွေက နောက်ကနေလိုက်တဲ့ အချိန်မှာသူက လိုဏ်ခေါင်းရဲ့ အဆုံးကို ရောက်သွားပါတယ်။ သူက သူ့ရဲ့ ကိုယ်ကျပ် အင်္ကျီကိုဖောက်ခွဲပြီးတော့ သူကိုယ်တိုင်နဲ့ ကလေး ၃ ယောက်ကို အဆုံးစီရင်လိုက်ပါတယ်။ သူ့ကိုယ်ခန္ဓာက ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ပါတယ်။ အဲဒါအပြင် လိုဏ်ခေါင်းက အတွင်းကို ပြိုကျသွားခဲ့ပါတယ် ” ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

အဘူဘာကာ အယ်လ်ဘာဒါဒီ ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့သည့် DNA စစ်ဆေးခြင်းကို သေဆုံးပြီး ၁၅ မိနစ်ခန့် အကြာတွင် စတင်ခဲ့ပြီး မြေပြင်မှ အမေရိကန်တပ်ဖွဲ့များက ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ပြန်လည် ယူဆောင်လာခဲ့ကြောင်း သတင်းရင်းမြစ်များက CNN ကိုပြောသည်။

အမေရိကန်တပ်ဖွဲ့ ပြန်လည်ထွက်ခွာအပြီး ခြံဝင်းကို ဝေဟင်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ကာ ဖျက်ဆီးပစ်ခဲ့သည်။

အမေရိကန်တပ်ဖွဲ့များက “စီးနင်းမှုကနေ လွန်အကဲဆတ်တဲ့ ပစ္စည်းနဲ့ သတင်းအချက်အလက်တွေ ရရှိခဲ့ပါတယ်။ ကျနော် တို့ အရမ်းလိုချင်တဲ့ အရာတွေ” ဟု သမ္မတကလည်း ပြောသည်။

“စီးနင်းမှုက အောင်မြင်ပါတယ်။ ကျနော်တို့ တပ်တွေ ကိုပြန်ခေါ်ခဲ့တယ်။ ကျနော်တို့ တပ်သားတွေဘက်က အသေးစား မတော်တဆမှု ၂ ခု၊ အသေးစား ထိခိုက်ဒဏ်ရာ ရရှိမှု ၂ ခု ရှိခဲ့ပေမယ့် အလွန်အောင်မြင်ပြီး အားနည်းချက်မရှိတဲ့ စီးနင်း ဝင်ရောက်မှုတခု ဖြစ်ခဲ့ပါတယ် ” ဟု ကာကွယ်ရေးဝန်ကြီး မာ့က်အက်စ်ပါက CNN မှ Jake Tapper Sunday အစီအစဉ်တွင် ပြောကြားခဲ့သည်။

ဘာဒါဒီကို ဘယ်လိုရှာတွေ့လဲ

အောက်တိုဘာလ ၂၆ ရက်နေ့ ညတွင် စစ်ဆင်ရေးက ၂ နာရီမျှသာ ကြာမြင့်ခဲ့သော်လည်း အဘူဘာကာ အယ်လ်ဘာဒါဒီက စောင့်ကြည့်မှုအောက်တွင် ရောက်ရှိနေခဲ့သည်မှာ ရက်သတ္တပတ် အနည်းငယ်ရှိခဲ့ပြီဟု ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောသည်။ အောင်မြင်သည့် စစ်ဆင်ရေးတခုကို မဆောင်ရွက်မီ စီစဉ်ထားသည့် စစ်ဆင်ရေး ၂ ခု သို့ မဟုတ် ၃ ခုကို ပယ်ဖျက်ခဲ့ရသည်ဟု ထပ်ပြောသည်။

ဆီးရီးယားရှိ ကာဒစ်တပ်များ၏ ဦးစီးချုပ် မတ်ဇ်လုံအက်ဘ်ဒီ Mazloum Abdi က အဘူဘာကာ အယ်လ်ဘာဒါဒီကို သုတ်သင်ခဲ့သည့် အမေရိကန် တပ်ဖွဲ့များ၏ စီးနင်းဝင်ရောက်မှုကို ဦးတည်စေခဲ့သော ထောက်လှမ်းရေး စစ်ဆင်ရေးများက လွန်ခဲ့သော ၅ လ ကတည်းက စတင်ခဲ့သည်ဟု Twitter တွင် ရေးသားခဲ့သည်။

နောက်ဆုံးတွင် CIA က အဘူဘာကာ အယ်လ်ဘာဒါဒီ ရှိသောနေရာကို သိရှိခဲ့ပြီး ထိုထောက်လှမ်းရေးသတင်းကို ကာကွယ်ရေး ဝန်ကြီးဌာနသို့ ဝေမျှခဲ့သည်ဟု သတင်းရင်းမြစ်များက CNN သို့ပြောသည်။

ဒေါ်နယ်ထရမ့်နှင့် ဒုတိယ သမ္မတ မိုက်ပန့်စ် Mike Pence ကို အဘူဘာကာ အယ်လ်ဘာဒါဒီ၏ ဖြစ်နိုင်ဖွယ်ရှိသော တည်နေရာနှင့် ပတ်သက်၍ ယခင်အပတ် အစောပိုင်းတွင် အကြောင်းကြားခဲ့ပြီး သူက ခြံဝင်းအတွင်းတွင် ရှိနိုင်ချေ အလွန်မြင့်မားကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

ထို့နောက် သမ္မတက တိကျသေချာသော ရွေးချယ်စရာများ စတင်ရေးဆွဲရန် တပ်မှူးများကို အမိန့်ပေးခဲ့ပြီး ၎င်းတို့ကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် တင်ပြလာခဲ့ကြောင်း မိုက်ပန့်စ်၏ အဆိုအရ သိရသည်။

“သူဘယ်ကိုသွားနေသလဲ၊ ဘယ်ကို ဦးတည်နေသလဲ ဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ နည်းနည်းသိခဲ့ရတယ်။ သူက တခြားနေရာတခုကို သွားနေတယ်ဆိုတဲ့ အလွန်ကောင်းတဲ့ သတင်းကျနော်တို့ ရခဲ့တယ်။ သူမသွားခဲ့ဘူး။ အားထုတ်မှု ၂ ကြိမ်၊ ၃ ကြိမ်လောက်ကို ကျနော်တို့ ပယ်ဖျက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက စိတ်ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ စိတ်ကို ပုံမှန်ပြောင်းနေတယ်။ နောက်ဆုံးမှာ သူက ဒီမှာရှိတယ်၊ ဆက်ရှိနေတယ်ဆိုတာကို ကျနော်တို့ တွေ့ခဲ့ရတယ်” ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုသမ္မတ မိုက်ပန့်စ်တို့ပါဝင်သော စစ်ဆင်ရေး ထိန်းချုပ်ခန်း

“သူအဲဒီမှာ ရှိတယ်ဆိုတာ ကျနော်တို့ သိထားတာတခု ရှိပါတယ်။ ခင်ဗျားတို့ ဘယ်တော့မှ ၁၀၀ ရာခိုင်နှုန်း မသေချာပါဘူး ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့က အဲဒါကို နည်းပညာအပေါ်မှာ ၁၀၀ ရာခိုင်နှုန်း အခြေခံနေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် သူက အဲဒီမှာလို့ ကျနော်တို့ ယူဆခဲ့တယ်။ နောက်တော့ ကျနော်တို့ အတည်ပြုချက်တခု ရခဲ့ပါတယ် “ဟု သူက ထပ်ပြော သည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ABC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ကာကွယ်ရေးဝန်ကြီး မာ့က်အက်စ်ပါကလည်း ဆုံးဖြတ်ချက်ချခဲ့သည့် အချိန်ကာလနှင့် ပတ်သက်၍ အသေးစိတ်များကို ထပ်မံပြောကြားခဲ့သည်။

“အခြေအနေက ပြီးခဲ့တဲ့ အချိန်အနည်းငယ်လောက်က ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်၊ တပတ်နီးပါးလောက် မှာ စ ပြီးတော့ ကောင်းလာခဲ့ပါတယ်။ သမ္မတအတွက် ဖြစ်နိုင်ချေရှိတဲ့ ရွေးချယ်စရာတွေထဲက တခုဖြစ်တဲ့ စစ်ဆင်ရေး တပ်ဖွဲ့ တွေက ဇာတ်တိုက်ခြင်း၊ လေ့ကျင့်ခြင်းတွေ၊ ဦးတည်ချက်ကိုရောက်တဲ့ အချိန်မှာ သူတို့ ဘာတွေလုပ်ရမယ် ဆိုတာတွေ ကို စတင်ပြုလုပ်ခဲ့ပါတယ်” ဟု သူကပြောသည်။

“အဲဒါက ကြာသပတေးနေ့ အထိမဖြစ်ခဲ့ပါဘူး။ နောက်တော့ သောကြာနေ့မှာ သမ္မတက သူ့ရဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီး တော့ ကျနော်တို့ မနေ့က လုပ်ခဲ့တဲ့အတိုင်း ဆက်လုပ်ဖို့ ကျနော်တို့ကို မီးစိမ်းပြခဲ့ပါတယ်” ဟု မာ့က်အက်စ်ပါက ပြော သည်။

သို့သော်လည်း အိမ်ဖြူတော်က အရေးယူဆောင်ရွက် နိုင်လောက်သည့် ထောက်လှမ်းရေးသတင်း ရရှိခဲ့သည့် အောက်တို ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းအထိ စစ်ဆင်ရေးကို ရှေ့ဆက်ဆောင်ရွက်ရန် ဆုံံးဖြတ်ချက် မချခဲ့ကြောင်း ဒုတိယ သမ္မတ မိုက်ပန့်စ်က ပြောသည်။

အမေရိကန်စစ်ဆင်ရေးကို ၂၀၁၅ ခုနှစ်တွင် ISIS ၏ ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော အမေရိကန် နိုင်ငံသူ ကေလမူလာ Kayla Mueller ၏ အမည်ပေးခဲ့သည်ဟု အိမ်ဖြူတော်၏ အမျိုးသား လုံခြုံရေး ပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန် Robert O’Brien က အောက်တို ဘာလ ၂၇ ရက်နေ့တွင် ပြောသည်။

သမ္မတ မီးစိမ်းပြခြင်း

စီးနင်းဝင်ရောက်မှုမပြုလုပ်မီ နာရီအနည်းငယ်က သမ္မတ၊ မိုက်ပန့်စ်၊ မာ့က်အက်စ်ပါ၊ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ မာ့က်မေလေး Mark Milley နှင့် အခြားသော စစ်ဖက်အရာရှိများ အိမ်ဖြူတော်၏ ကွပ်ကဲရေးခန်းအတွင်းတွင် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က စုရုံးနေသည့် နောက်ကွယ်မှ မြင်ကွင်းများပေါ်ထွက်လာခဲ့သည်။ ရဟတ်ယာဉ်များ ပျံတက်မသွားမီ အချိန်တွင် ဖြစ်သည်။

ထိုအချိန်မှစ၍ စီးနင်းဝင်ရောက်မှု ဆောင်ရွက်သည်ကို အချိန်နှင့် တပြေးညီစောင့်ကြည့် နေခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ထိုအခိုက်အတန့်ကို အိမ်ဖြူတော်က အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သော ဒေါ်နယ်ထရမ့်ကို ထိပ်တန်းစစ်ဘက်အရာရှိများက ဝိုင်းရံထားသည့် ဓာတ်ပုံတခုက မှတ်တမ်းတင်ထားသည်။

စစ်ဆင်ရေးကို ပင်တဂွန် (အမေရိကန် စစ်ဌာနချုပ်) က ဦးဆောင်သည့် အသွင်ရှိသော်လည်း CIA ညွှန်ကြားရေးမှူး ဂီနာဟတ်စပဲ Gina Haspel နှင့် အမျိုးသားထောက်လှမ်းရေး ယာယီညွှန်ကြားရေးမှူး ဂျိုးမက်ဂွိုင်ယာ Joe Maguire တို့ကလည်း လုပ်ငန်းစဉ်တခု လုံးတွင် ကြီးမားစွာ ပါဝင်ပတ်သက်ခဲ့ကြပြီး အောက်တိုဘာလ ၂၆ ရက်နေ့က စီးနင်းဝင်ရောက်သည့် အချိန်တွင် ကွပ်ကဲရေးခန်းအတွင်း၌ မရှိခဲ့ကြသည့်တိုင် သူတို့က အဖြစ်အပျက်များကို ကောင်းစွာသိထားခဲ့ကြသည်ဟု CNN ကို ပြောသည်။

ODNI (အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး) ၏ ပြောရေးဆိုခွင့် ရှိသူတဦးက ထိုကိစ္စများကို အောက်တိုဘာလ ၂၇ ရက်နေ့က သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားစဉ် အတွင်းတွင် သမ္မတက “ဂျိုးမက်ဂွိုင်ယာက ကောင်းကောင်း သိရှိထားခဲ့ပြီး အစီအစဉ်ရေးဆွဲရေးမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေး အတွက် ကြိုတင်စီစဉ်ထား တဲ့ တွေ့ဆုံမှုတခုကြောင့် မြို့ပြင်ကိုရောက်နေခဲ့ပါတယ်။ ဒါပေမယ့် ဗဟိုကွပ်ကဲရေးတပ်မှူး နဲ့အတူ စောင့်ကြည့်နေခဲ့ပါတယ်။” ဟု ပြောသည်။

ဂီနာဟတ်စပဲကလည်း ကွပ်ကဲရေးခန်းနှင့် ဆက်သွယ်ရင်း CIA ရုံးချုပ်မှ နေ၍ စောင့်ကြည့်နေနိုင်ပါသည်။ ၂၀၁၁ ခုနှစ်က အိုစမာဘင်လာဒင်ကို လုပ်ကြံခဲ့သည့် စီးနင်းဝင်ရောက်မှုတွင် ထိုစဉ်က CIA ညွှန်ကြားရေးမှူး လီယွန်ပနက်တာ Leon Panetta လုပ်ခဲ့သည့်အတိုင်း အလားတူပင် ဖြစ်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့က သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားစဉ် အတွင်းတွင် သမ္မတက ဂျိုးမက်ဂွိုင်ယာ နှင့် ဂီနာဟတ်စပဲ တို့ ၂ယောက်လုံးကို အမည်တပ်၍ ကျေးဇူးတင်စကားပြောသွားခဲ့သည်။

အမေရိကန်တာဝန်ရှိသူများက စစ်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို စီးနင်းဝင်ရောက်မှု မပြုလုပ်မီ အထိ လျှို့ဝှက်ထားခဲ့သည်။ ထိုသို့ ပြုလုပ်နေခဲ့ကြောင်းကို ကွန်ဂရက်လွှတ်တော်မှာ အရေးပါသည့် ဒီမိုကရက်များကို အကြောင်းကြားခြင်း မပြုခဲ့ပါ။

တစုံတရာ ဖြစ်လာနိုင်သည်ကို ကြိုတင်ပေးသည့် သဲလွန်စက အိမ်ဖြူတော်နှင့် မိုင် အနည်းငယ်မျှသာ ဝေးသည့် နေရာတွင် ပြုလုပ်နေသည့် ဘေ့စ် ဘော World Series ပွဲအပေါ် ဝါရှင်တန်ရှိ လူအများစုက အာရုံစိုက်နေသည့် အချိန်ဖြစ်သော အောက်တိုဘာလ ၂၆ ရက်နေ့ ည ၉ နာရီ ၂၃ မိနစ် တွင် သို့သော်လည်း စစ်ဆင်ရေး၏ အသေးစိတ် သို့မဟုတ် မည်သူ့ကို ပစ် မှတ်ထားသည်ဆိုခြင်းကို မပြောပြထားခဲ့ကြောင်း ဒေါ်နယ်ထရမ့်က Twitter ပေါ်တွင် တင်ခဲ့သော “အလွန်ကြီး မားတဲ့ တစုံတရာက ဖြစ်သွားခဲ့ပြီ” ဆိုသည့် နားလည်ရခက်သည့် ပို့စ် အနေဖြင့်သာ ပေါ်ထွက်ခဲ့သည်။

ရုရှားနှင့် တူရကီအပါအဝင် နိုင်ငံခြားတိုင်းပြည် အချို့ကို အမေရိကန်နိုင်ငံက စစ်ဆင်ရေးတခုကို ဆောင်ရွက်နေကြောင်း ထို အချိန်မတိုင်မီတွင် ကြိုတင်အသိပေးခဲ့ကြောင်း သို့သော်လည်း စစ်ဆင်ရေး၏ အသေးစိတ် သို့မဟုတ် မည်သူ့ကို ပစ် မှတ်ထားသည်ဆိုခြင်းကို မပြောပြထားခဲ့ကြောင်း ဒေါ်နယ်ထရမ့်က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

“ရုရှားက ကျနော်တို့ကိုကောင်းကောင်း ဆက်ဆံပါတယ်။ သူတို့က ပွင့်ပွင့်လင်းလင်းပြောတယ်။ ကျနော်တို့ ရုရှား ဧရိယာ အချို့၊ ရုရှား ထိန်းချုပ်တဲ့ ဧရိယာ အချို့အပေါ်မှာ ဖြတ်ပျံခဲ့ရတယ်။ အီရတ်က အရမ်းထူးခြားပါတယ်။ ကျနော်တို့ တကယ် ကို ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရခဲ့တယ်” ဟုသမ္မတက အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းထောက်များ ကို ပြောကြားခဲ့သည်။

“တူရကီ။ ကျနော်တို့ သူတို့နဲ့ ညှိနှိုင်းလို့ရခဲ့တယ်။ ကျနော်တို့ ဝင်နေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ ကျနော်တို့ တချို့နယ် မြေတွေပေါ်မှာ ဖြတ်ပျံခဲ့တယ်။ သူတို့က ချီးကျူးစရာကောင်းပါတယ်။ ပြဿနာမရှိဘူး “ဟု သူက ထပ်ပြောသည်။

ကိုးကား ။ ။ CNN, Washington Post, New York Times

The post ISIS ခေါင်းဆောင်ကို အမေရိကန်တွေ ဘယ်လိုဝင်စီးခဲ့သလဲ appeared first on ဧရာဝတီ.

ခရီးလမ်းကိစ္စက ငြိမ်းချမ်းရေးစကားဝိုင်းကို လှန်မှောက်နိုင်သလား

$
0
0

ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌ ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် ၄ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား မတက်ရောက်ခြင်းက မြန်မာ့တပ်မတော် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အောက်တိုဘာလ ၂၅ ရက်နေ့၌ တားမြစ်မှုကြောင့်ဖြစ်ပြီး၊ ထိုသို့ အဆင်မပြေဖြစ်ခဲ့ရသည့်အတွက် စေ့စပ်ဆွေးနွေးမှုများ ပိုမို ခက်ခဲလာမည့် အရိပ်လက္ခဏာဖြစ်သည်ဟု RCSS ဥက္ကဌ က ဆိုသည်။

NCA နှစ်ပတ်လည် အခမ်းအနားကို ယခင်က အောက်တိုဘာလ ၁၅ ရက်နေ့တိုင်း နှစ်စဉ် ကျင်းပခဲ့သည်။ RCSS အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် တပ်မတော်တို့နှင့် NCA သဘောတူညီချက် လက်မှတ်ထိုးခဲ့သည့် နေ့ကို အထိမ်းအမှတ်ပြုကျင်းပခြင်း ဖြစ်သည်။

ယခုနှစ် နှစ်ပတ်လည်အခမ်းအနားကို အောက်တိုဘာ လ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး၊ NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့ အနက်မှ RCSS မပါဝင်ခဲ့ပေ။

ထိုနေ့မတိုင်ခင် တရက်အလို အောက်တိုဘာလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ၎င်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင်ကို ညှိနှိုင်းထားပြီး ဖြစ်ကာမှ ယခုမူ တပ်မတော်ကြောင့် ပျက်ရသည်ဟု ဆိုသည်။

ထို့အပြင် ၎င်းက “ဒီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ဒီကိစ္စကို ကြိုတင်ပြီး သိထားပြီး ဖြစ်ပါတယ်။ ကျနော်တို့တွေ့ဆုံနိုင်မယ်ဆိုရင် တပ်မတော်ဘက်က ဖြစ်လိုတဲ့ အကြောင်းအရာ၊ ကျနော်တို့ ဘက်က လိုလားတဲ့ အကြောင်းအရာတွေကို ကျနော်တို့ ဒူးတိုက်ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီ အရှေ့အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင် ရဲ့ ကျနော်တို့ရဲ့ ခရီးစဉ်ကို ပိတ်ပင် တားဆီးတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လှေကြီးက မှောက်သွားသလောက်ကို ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်၍ အဖွဲ့ဝင် ၁၁ ဦးပါဝင်သော RCSS ကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှနေ၍ ရှမ်းပြည်နယ် နယ်စပ် ဟိုမိန်းမြို့နယ်ရှိ နားမွန်း ဂိတ်ကို ဖြတ်ကာ ထိုမှ လင်းခေး-နမ်စန်-တောင်ကြီး လမ်းကြောင်း အတိုင်းသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

တပ်မတော်၏ အောက်တိုဘာလ ၂၆ ရက်နေ့ တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပြောရေးဆိုခွင့် ရှိသူတဦးက RCSS ၏ လမ်းကြောင်းတွင် လုံခြုံရေး အရ စိုးရိမ်ရသည့်အတွက် ၎င်းတို့ကို တာချီလိတ်မှ နေပြည်တော် သို့ လေကြောင်းမှ သွားရန် အကြံပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

လမ်းကြောင်း တလျှောက်တွင် မည်သည့်ပြဿနာ မရှိသည့် အတွက် တပ်မတော်၏ပြောဆိုချက်မှာ ဆင်ခြေသာ ဖြစ်သည် ဟု RCSS က ပယ်ချခဲ့သည်။ တပ်မတော်က RCSS ကိုယ်စားလှယ်အဖွဲ့ကို အဆိုပြုထားသည့် လမ်းကြောင်းတလျှောက်တွင် ပြည်သူများနှင့် မတွေ့ဆုံစေလိုသောကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။

ခရီးလမ်းကိစ္စက သဘောတူခဲ့ပြီးသားလား

ဗိုလ်ချုပ်ကြီး ယွက်စစ်က စကားပြန်မှတဆင့် ဧရာဝတီသို့ ပြောကြားရာတွင် ခရီးစဉ်လမ်းကြောင်းနှင့် ပတ်သက်၍ ယခုလအတွင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်စဉ် တပ်မတော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် သဘောတူညီချက် ရရှိပြီး ဖြစ်သည်ဟု ဆိုသည်။

ခရီးစဉ် အတွက် အဆင်မပြေနိုင်ပါက အစိုးရ၊ တပ်မတော်ဘက်မှ ချက်ချင်း အဖြေပေးခြင်းမျိုး မရှိခဲ့ဟု RCSS က ဆိုသည်။ ၎င်းတို့ ထိုင်း-မြန်မာ နယ်စပ်သို့ရောက်သည့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ဟိုမိန်းဘက် လမ်းခရီးက အဆင်ပြေ ချောမွေ့သည်ဟု အကြောင်းကြားလာကြောင်း ဆိုသည်။

“ဟိုမိန်းဘက်လမ်းက သွားဖို့ခွင့်မပြုဘူးဆိုတာ (၂၄ ရက်နေ့) ည ၁၀ နာရီလောက်မှ ပြန် အကြောင်းကြားလာတာ ဖြစ်တယ်။ သူတို့ချက်ချင်း လက်ငင်းကြီးကို ပြောင်းလဲသွားတာ။” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

RCSS အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဗဟိုဌာန (NRPC)၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် တပ်မတော် တို့နှင့် လမ်းကြောင်း အတွက် ကြိုတင် ညှိနှိုင်းထားသော်လည်း ယခုကဲ့သို့ အဆင်မပြေရခြင်းသည် NRPC၊ PC နှင့် တပ်မတော်တို့အကြား ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းကို ဖော်ပြနေသည် ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က စွပ်စွဲသည်။

ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက အောက်တိုဘာလ ၂၅ ရက်နေ့တွင်ပင် RCSS ဥက္ကဌကို အခမ်းအ နားသို့ တက်ရောက်ရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး RCSS ၏ ပါဝင်မှုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အရေးပါသည်ဟု ဆိုထားသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒေါက်တာတင်မျိုးဝင်း၏ စာကို လက်ခံသော်လည်း “ကျနော်တို့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ပြဿနာ ဖြေရှင်းဖို့ကိစ္စတွေ မပါပါဘူး။ ဒေါက်တာ တင်မျိုးဝင်းတို့ ပေးပို့လာတဲ့ စာထဲမှာ သူတို့ကလည်း တာချီလိတ်ကနေ လေယာဉ်ပျံနဲ့သွားဖို့ ပေးပို့လာတာ။ ကျနော်တို့ဘက်က အခက်အခဲကိုတော့ သူတို့ မမြင်ဘူး ပေါ့” ဟုပြောသည်။

ထိုင်းနယ်စပ်အနီးတွင် အခြေစိုက်လှုပ်ရှားသည့် RCSS က ထိုင်းဘက်ခြမ်း လမ်းကိုပါ အသုံးပြုရသည့်အတွက် လမ်းကြောင်းအတွက် ထိုင်းနိုင်ငံ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရရှိရန် ၅ ရက်ခန့် ကြာသည့်အတွက် ခရီးစဉ်ပြောင်းရန် သူတို့တွင် အချိန်မလုံလောက်တော့ဟု ဆိုသည်။

RCSS၊ အစိုးရ နှင့် တပ်မတော်တို့ကြားမှ ဆက်ဆံရေးက ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သော်လည်း၊ ထိုကဲ့သို့ ခရီးစဉ် အပြောင်းအလဲအတွက် အချိန်မလုံလောက်မှုက ယခုပြဿနာ ဖြစ်စေသည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကော်မရှင်၏ အကြံပေးတဦး ဖြစ်သော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု(MIPS) ၏ ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး က ဆိုသည်။

စေ့စပ်ညှိနှိုင်းမှုများကို ထိခိုက်စေ

ယခုအပတ်အတွင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် တွေ့ဆုံခဲ့ သည်။ ထိုသို့ တွေ့ဆုံမှုများက (NCA) အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်အဝေး (JICM) ၏ ၈ ကြိမ်မြောက် ပုံမှန်ဆွေးနွေးပွဲဖြစ်လာစေရေးအတွက် တွန်းအားပေးနိုင်သော နည်းလမ်းတခုအဖြစ် မြင်ကြသည်။ RCSS နေပြည်တော် လာရောက်နိုင်ပါက JICM အစည်းအဝေး ကျင်းပကောင်း ကျင်းပနိုင်မည်ဟုလည်း ယူဆထားကြသည်။

RCSS က နေပြည်တော်သို့ မလာဖြစ်ခဲ့သည့်အတွက် နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်ချုပ်တို့နှင့် တွေ့ဆုံမည့် အစီအစဉ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က RCSS ဥက္ကဌကို ညစာဖြင့် ဧည့်ခံမည်ဟု သိထားရသည့် အစီအစဉ်တို့ ပျက်သွားခဲ့သည်။

JICM ဆွေးနွေးမှုများကို ပြီးခဲ့သည့် နှစ်မှ စတင်၍ မှန်မှန်ကျင်းပနိုင်ခြင်းမရှိတော့ပါ။ သို့သော်လည်း JICM တွင် ဆွေးနွေးမည့် အချက်များကို စေ့စပ်ညှိနှိုင်းသူများက ပြင်ဆင်ထားခဲ့ကြသည်။ အောက်တိုဘာ ၂၅ ရက်က နောက်ဆုံး ကျင်းပခဲ့သော JICM အကြို ဆွေးနွေးမှုများတွင် RCSS ကိုယ်စားလှယ်များလည်း တက်ကြွစွာပါဝင်ခဲ့ပြီး JICMတွင် သဘောတူညီချက်ရယူရန် ရှိနေသည့် အချက် အနည်းဆုံး ၈ ချက်ကို ချမှတ် နိုင်ခဲ့သည်ဟု သိရသည်။

JICM အစည်းအဝေးသည် အရေးကြီးကြောင်း RCSS ဥက္ကဌက လက်ခံသော်လည်း လမ်းကြောင်း အဆင်မပြေသည့်အတွက် မတက်ရောက်နိုင်ရခြင်းမှာ တပ်မတော်ကြောင့်ဟု ဆိုသည်။

“ဒီလမ်းကြောင်း ကနေ ကျနော်တို့ကို သွားခွင့်မပေးတာ ကျနော်တို့ကို ဟန့်တားတာ ဆိုတာက သူတို့က ဒီအစည်းအဝေးကို မဖြစ် စေချင်လို့လို့ ကျနော်တို့မြင်ပါတယ်။ တပ်မတော်အနေနဲ့ NCA သဘောတူညီချက် စာချုပ်ကို ဖျက်သိမ်းလိုတယ်ဆိုတဲ့ သူ့ရဲ့လက္ခဏာ တခု ပြနေတယ်လို့ ကျနော်တို့ မြင်ရတယ်။” ဟု RCSS ဥက္ကဌက ပြောသည်။

တပ်မတော်က NCA လက်မှတ်ထိုးထားသော အဖွဲ့များ၏ လွတ်လပ်စွာ သွားလာခွင့်နှင့် ဒေသခံ ပြည်သူလူထု သို့မဟုတ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခွင့်တို့ကို ကန့်သတ် ပိတ်ပင်ရန် ကြိုးစားခြင်းအားဖြင့် NCA ကို ချိုးဖောက်နေခဲ့သည်ဟု RCSS က ပြောသည်။

၈ ကြိမ်မြောက် ပြုလုပ်ရန် ရည်ရွယ်ထားသည့် JICM အစည်းအဝေးသည် နိုင်ငံရေး ဆွေးနွေးမှုများ ရှေ့ဆက်နိုင်မည့် လမ်းကြောင်းတခု ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းဝေး နှင့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ စတုတ္တ အစည်းအဝေး သို့ ဦးတည်စေလိမ့်မည်ဟု ငြိမ်းချမ်းရေးဆွေးနွေးသူများ၊ လေ့လာသုံးသပ်သူများအဆိုအရ သိရသည်။

ငြိမ်းချမ်းရေးရယူရေးနှင့် ပြုပြင်ပြောင်းလဲရေးများတွင် ယုံကြည်မှုတည်ဆောက်ခြင်းက သော့ချက်ဖြစ်သည်ဟု ခေါင်းဆောင်များ၏ ပြောစကားကို အမြဲကြားရသကဲ့သို့ RCSS ဥက္ကဌ ကလည်း ထပ်လောင်း ပြောဆိုသည်။

“သို့သော် တပ်မတော်က ယုံကြည်မှုကို မပြောနဲ့၊ ငြိမ်းချမ်းရေးကို မပြောနဲ့ ပိုမိုပြီး သွေးကွဲမှုကိုပဲ ဆောင်ရွက်နေတာ တွေ့ရတယ်” ဟု ငြိမ်းချမ်းရေးအတွက် အလှမ်းဝေးနေကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပသည့် NCA ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဖွဲ့ (PPST) တွင် ယာယီ ဥက္ကဋ္ဌ တာ ဝန်ယူထားသည့် ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ(RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ခြင်း မရှိသည့်ကိစ္စကို “အကြောင်း အမျိုးမျိုးပြပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့များဟာလည်း ၎င်းတို့ အကြောင်းနဲ့ ၎င်းတို့သာ ဖြစ်လိမ့်မယ်” ဟု အခမ်းအနားမိန့်ခွန်း အစပိုင်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

( Nyein Nyein ၏ Could a Logistical Issue Overturn Myanmar’s Peace Talks? ကို ဘာသာပြန်သည်။)

You may also like these stories:

နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်ချုပ်တို့နှင့် တွေ့ဆုံခြင်းက ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်ကြောင်း KNU ပြော

အစိုးရ၏ ရှေ့ဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဒေါ်အောင်ဆန်းစုကြည် အသိပေး

ခြေ/ဥ ပြင်ဆင်ရေး တိုင်းရင်းသားများ၏ တောင်းဆိုမှုကို ဦးစားပေးရမည်ဟု တပ်ချုပ် ပြော

The post ခရီးလမ်းကိစ္စက ငြိမ်းချမ်းရေးစကားဝိုင်းကို လှန်မှောက်နိုင်သလား appeared first on ဧရာဝတီ.

အမေရိကန် စစ်ခွေးများ

$
0
0

ISIS ခေါင်းဆောင် အဘူဘာကာ အယ်လ် ဘဂ္ဂဒါဒီ၏ ခြံဝန်းကို စီးနင်းရာတွင် သုံးသည့် အာရုံခံစားမှုမြင့်သော ခွေးများကဲ့သို့သော စစ်ခွေးများသည် စစ်ဆင်ရေး အများအပြားတွင် အဓိက အစိတ်အပိုင်းမှ ပါဝင်ကြသည်။

လက်တွေ့တွင် ၎င်းတို့သည် လွန်စွာအရေးပါသောကြောင့် တရားဝင်မဟုတ်သော်လည်း အဆောင်အယောင်အဖြစ် ၎င်းတို့ကို ရာထူးများ သတ်မှတ်ပေးခံရပြီး ၎င်းတို့ကို ထိန်းကြောင်းကိုင်တွယ်သူထက် တဆင့်မြင့်မားသော ရာထူးများ ရရှိကြသည်။

ထိုသို့တဆင့်မြင့် အဆင့်သတ်မှတ်ခြင်းသည် ခွေး၏ အခန်းကဏ္ဍကို ဂုဏ်ပြုခြင်းဖြစ်ပြီး အဆင်မပြေသော အခါများတွင် ခွေးကို သက်ညှာစွာ ဆက်ဆံရေးအတွက် ခွေးထိန်းသူများကို သတိပေးရန်ဖြစ်သည်။

ခွေးနှင့် ထိန်းကျောင်းသူတို့ကြားက ကျွမ်းဝင်ရင်းနှီးမှုက အရေးကြီးသည်

ဘဂ္ဂဒါဒီကို မိမိကိုယ်မိမိ သေကြောင်းကြံစည်စေသည်အထိ နောက်ယောင်ခံလိုက်သော ခွေးများသည် ၎င်းတို့၏ အမည်ကို လျှို့ဝှက်ထားစေကာမူ ထင်ပေါ်ကျော်ကြားသူများ ဖြစ်လာကြသည်။ ထိုခွေး၏ ဓာတ်ပုံအရ ၎င်း၏အမျိုးအစား (ဘယ်လ်ဂျီယံ မယ်လင်နွိုက်စ်) ကို အတည်ပြုနိုင်သော်လည်း ထိုကောင်လေး (ကောင်မလေး) ၏ အကြောင်းကို အနည်းငယ်သာ သိကြသည်။

ထိုခွေး၏ အမည်နှင့် ရာထူးအဆင့်ကို ထုတ်ဖော် ပြောဆိုခြင်းသည် ထိုခွေး၏ ဒယ်လ်တာ တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များသို့ ဦးတည်စေသည်ဟု ဝါရှင်တန်ပို့စ်က ဖော်ပြသည်။

၂၀၁၉ စက်တင်ဘာလအတွင်းက မူးယစ်ဆေးနှင့် မြေမြှုပ်မိုင်း ရှာဖွေမှု လေ့ကျင့်ရေးတခု

ထိုတပ်ဖွဲ့သည် လျှို့ဝှက်တပ်ဖွဲ့ဖြစ်သည်။ ထိုတပ်ဖွဲ့သည် စစ်မြေပြင်တွင်ပင်ရှိနေသေးပြီး ခွေး၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်းသည် ၎င်းကိုကိုင်တွယ်ထိန်းကြောင်းသူ နှင့် ခွေး၏ အသက်အတွက် အန္တရာယ်ဖြစ်စေနိုင်သည်။ သို့သော် နယူးစ်ဝိခ်နှင့် ဝါရှင်တန်ပို့စ်တို့က ထိုခွေး၏ လိင်နှင့်အမည်ကို ဖော်ပြခဲ့ကြပြီးဖြစ်သည်။

ခွေးကို ကိုင်တွယ်ထိန်းကြောင်းသူသည် ၎င်းတို့၏ ပစ်မှတ်များနှင့် ပတ်ဝန်းကျင်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရယူရန် ခွေး၏ အပြုအမူအပြောင်းအလဲနှင့် သိမ်မွေ့မှုကိုသာမက ခွေးမည်သို့ ခံစားနေရသည်ကိုပင် ဖတ်ရှုတတ်ရန် လိုသည်။

၂၀၁၁ မတ်လ မက္ကဆီကို ပင်လယ်ကွေ့တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ လေ့ကျင့်ရေးတခုအတွင်း ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းနေစဉ်

ဥပမာအားဖြင့်ဆိုရပါက ခွေးသည် အလုပ်မလုပ်လိုဖြစ်နေလျှင် သို့မဟုတ် တချို့သော လုပ်ငန်းတာဝန်များတွင် ချို့ယွင်းချက်ရှိနေလျှင် ထိုကိစ္စကို ခွေးကိုင်တွယ်ထိန်းကြောင်းသူက သိရှိပြီး လုပ်ငန်းတာဝန် ပြီးစီးစေရန်အတွက် ကိရိယာ၊ လေ့ကျင့်မှုနှင့် စိတ်အားတက်ကြွမှုတို့ကို ခွေးအား ပေးရန်လိုသည်။

ကိုင်တွယ်ထိန်းကြောင်းသူသည် ခွေးက ၎င်းကိုပြောသော အရာကို နားလည်ရမည်ဖြစ်ပြီး ခွေးက ၎င်း၏ စကားကို နားထောင်မည်ကို သံသယမရှိ သိနေရမည်ဖြစ်သည်။

စစ်ဆင်ရေးဝင် စစ်ခွေးနှင့် ထိန်းကျောင်းသူများ လေ့ကျင့်ခန်း အပြင်းအထန် ဆင်းကြရသည်

“ကျနော့်ခွေးနဲ့ ပတ်သက်လို့ ကျနော်သံသယမရှိဘူး။ တစ်- သူက ကျနော့်ကိုကာကွယ်မယ်။ နှစ် – သူဗုံးရှာမယ်” ဟု ပထမတန်း တပ်ကြပ်ကြီး ရက်ဂျီနာ ဂျွန်ဆင်က the Army စာစောင်သို့ ၂၀၁၁ ခုနှစ်ကပြောကြားခဲ့သည်။

ယေဘုယျအားဖြင့် စစ်ခွေးများကို အမေရိကန်အမြဲတန်း တပ်ဖွဲ့ဝင်များကဲ့သို့ပင် သတ်မှတ်ထားသည်။

သို့သော် စစ်ခွေးများကို စစ်မြေပြင်တွင် ချန်ထားခဲ့သည့် အချိန်တခုလည်း ရှိခဲ့သည်။ တောင်ဗီယက်နမ်မှ အမေရိကန်တပ်များ အလျှင်အမြန် ဆုတ်ခွာရချိန်တွင်ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်မတိုင်မီက စစ်ခွေးများ တာဝန်ထမ်းဆောင်မှုပြီးစီးသောအခါ သတ်ပစ်ခဲ့သည်။ ယခုအခါတွင်မူ စစ်ခွေးများတာဝန် ထမ်းဆောင်ချိန်ပြီးဆုံးသောအခါ ၎င်းတို့ကို အရပ်သားများ မွေးစားနိုင်သည်။

ကိုင်ရိုအမည်ရှိခွေးကို ပါကစ္စတန်ရှိ ဘင်လာဒင်ကို ရှာရန် စေလွှတ်ခဲ့သည်။ ထိုစစ်ဆင်ရေးတွင် ကိုင်ရိုပါဝင်သည်ကို သိသောအခါ ထိုစဉ်က သမ္မတ ဘားရက်အိုဘားမားက “ကျနော် ဒီခွေးနဲ့ တွေ့ချင်တယ်” ဟု ပြောခဲ့သည်ဟု နယူးယော့ကာ စာစောင်က ဖော်ပြသည်။

အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး သင်တန်းဝင် ဘလက်ဟော့ ရဟတ်ယာဉ်ပေါ်က စစ်ခွေးတကောင်

“ခွေးကိုတွေ့ချင်ရင်တော့ သမ္မတကြီးအနေနဲ့ သူ့ကိုအထူးလက်ဆောင် ကျွေးမွေးစရာတွေ ယူသွားဖို့ အကြံပြုပါရစေ” ဟု SEAL တပ်ဖွဲ့ဝင်တဦးက ဘားရက်အိုဘားမားကို နောက်ပြောင်အကြံပြုခဲ့သည်ဟု the Army က ဖော်ပြသည်။

ခွေးများနှင့် ၎င်းတို့ကို လေ့ကျင့်ပေးသူများသည် ၎င်းတို့၏ ကျွမ်းကျင်မှုခိုင်မာပြီး ပြင်ပအခြေအနေမှန်တွင် အဖွဲ့လိုက်လုပ်ကိုင်နိုင်မှု အလေ့အကျင့် ရစေရန် ၉၃ ရက်ကြာ သင်တန်းအစီအစဉ်ကို ဖြတ်သန်းကြရသည်။

စစ်တပ်က ဝယ်ယူသည့် ခွေးများ၏ ၅၀ ရာခိုင်နှုန်းသာ ၎င်းတို့အလုပ်အတွက် သင့်တော်သော စစ်ခွေးများ ဖြစ်လာသည်ဟု ဆိုသည်။

ကိုးကား ။ ။ Business Insider ၏ Military working dogs like the one who chased down ISIS’s leader are treated just like regular troops. Here’s why.

You May Also Like These Stories:

အကြမ်းဖက် လုပ်ရပ်များက “တိုင်းရင်းသား အခွင့်အရေးလား” ဟု တပ်ချုပ် မေးခွန်းထုတ်

တပ်မတော်မှ တိုက်ခိုက်သဖြင့် ဖမ်းဆီးခံတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိဟု AA သတင်းထုတ်ပြန် 

တပ်မတော်က အစိုးရကို နာခံတာ နားထောင်တာ မရှိပါဘူး 

The post အမေရိကန် စစ်ခွေးများ appeared first on ဧရာဝတီ.

အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်း

$
0
0

(ပါပွါ Papua ၏ ဂျာယာဝီဂျာယာ Jayawijaya တောင်တန်းမှ နှင်းဖုံးတောင်ထိပ်တခု၏ အမည်ကို အစွဲပြုထားသော) ငဂါပူလူ Nggapulu က ဂျာမနီတွင် တည်ဆောက်ထားသည့် သင်္ဘောတစီး ဖြစ်ပါသည်။ ၎င်းက အင်ဒိုနီးရှား အစိုးရပိုင် အမျိုးသား ဖယ်ရီ ကုမ္ပဏီ PELNI ပိုင်ဆိုင်သော သင်္ဘောများထဲတွင် ပါဝင်သည်။

၁၄၆.၅ မီတာ (ပေ ၄၈၀ ခန့်) ရှည်ပြီး ခရီးသည် ၂၁၇၀ ခန့် တင်ဆောင်နိုင်သည့် သင်္ဘောက အရှေ့ဂျာဗားရှိ ဆူရာဘာယာ Surabaya မှသည် မာကတ်ဆာ Makassar၊ ဘောဘော Bau Bau၊ အမ်ဘော် Ambon၊ ဘန်ဒါနိုင်ရာ Banda Neira နှင့် ကေး Kei ကျွန်းစုရှိ ထွယ် Tual သို့ ၆ ရက်နှင့် ၅ ညကြာ ခရီးသွားစဉ်အတွင်း Ceritalah ၏ အိမ်လည်း ဖြစ်ခဲ့ပါသည်။

မိုင် ၃၀၀၀ နီးပါး ရှိသော ခရီးစဉ်က ဝေါလေ့စ် Wallace မျဉ်းဟု သိကြသည့် ပထဝီအရ ထင်ရှားသော အပိုင်းအခြားတခုကို ဖြတ်သန်းသွားပြီး Ceritalah အဖွဲ့ကို အာရှ၏ မျောက်များ၊ ဆင်များနှင့် ကျားများ ရောနှောနေထိုင်ရာ ကမာ္ဘပေါ်တွင် လူဦးရေ အထူထပ်ဆုံး ကျွန်းများထဲမှ တခုဆီမှနေ၍ သမုဒ္ဒရာပိုင်းဇုံ၏ (ကတ္တဝါများ၊ နန္ဒဝန်ငှက်များ၊ သားပိုက်ကောင်များ) တိရိစာ္ဆန် မျိုးစုံနှင့် သစ်ပင်ပန်းပင်မျိုးစုံ ရှိသည့် ပါပွါ Papua တောင်ဘက်ကမ်းရိုးတန်းအလွန်ရှိ ကြည်နူးဖွယ်ကောင်းသော၊ အသွားအလာ နည်းပါးသော ရေပြင်အထိ ခေါ်ဆောင်သွားခဲ့သည်။

ခရီးသည်များက ၈ ထပ် မြင့်သော သင်္ဘောပေါ်သို့ စတင်၍ တက်ကြချိန်( အထမ်းသမားများ၊ ခရီးဆောင်အိတ်များ၊ သေတ္တာများနှင့် အခြားကိုယ်ပိုင်ပစ္စည်းများဖြင့် အလွန်တရာ ရှုပ်ထွေးဆူညံနေချိန်) မှ စ၍ Nggapulu က အင်ဒိုနီးရှား သမ္မတနိုင်ငံ၏ ပုံတူအသေးစားတခု ဖြစ်လာပါသည်။

သင်္ဘောသွားရာလမ်းပြမြေပုံ/ Team

ဂျာဗားသားများ၊ ဆူမတြာသားများ၊ ဘူဂီများ(နေရာတိုင်းတွင် တွေ့နိုင်သည့် အင်ဒိုနီးရှား အရှေ့ဘက်ခြမ်းမှ ကုန်သည် များ)၊ ပါပူဝမ်များနှင့် အမ်ဘွန်နီးစ်များ ပါဝင်ကြသည်။ မိသားစုလိုက် အဖွဲ့များ၊ လက်ထပ်ပြီးစ စုံတွဲများ၊ ကုန်သည်များနှင့် ကျောင်းသားများက ခေတ်ပြိုင် အင်ဒိုနီးရှား၏ သံစဉ်ကို ပြီးပြည့်စုံစေသည်။

၂၀၁၅ ခုနှစ်တွင် (ကြီးထွားလာသည့် လေကြောင်းပို့ဆောင်ရေး၏ ယှဉ်ပြိုင်မှုကို တုန့်ပြန်သည့်အနေဖြင့်) PELNI အားလုံးက ရိုးရိုးတန်းဖြစ်သည့် ဝန်ဆောင်မှုတခု အဖြစ်သို့ အသွင်ပြောင်းလဲပစ်ခဲ့သည်။ ခရီးသည်များကို အထပ် ၈ ခုလုံးရှိ အခန်းကျယ်ကြီးများထဲတွင် အစိမ်းရောင်တောက်တောက် ပလပ်စတစ်မွေ့ယာများဖြင့် တန်းစီနေရာချ ထားပေးလိုက်ပြီး သီးသန့်ခန်းများနှင့် အတန်းအစား ခွဲခြားမှုကို ရပ်ဆိုင်းလိုက်ခြင်းက ရောနှောနေမှုကို ပို၍ သတိပြုမိစေခဲ့သည်။ ရှောင်ရှားရ ခက်ခဲစေခဲ့သည်။

သို့သော်လည်း အင်ဒိုနီးရှား အစစ်အမှန် စတိုင်အရ ကျပ်ညပ်နေသည့် အနေအထားများနှင့် ထိတ်လန့်စရာ ကောင်းလောက်အောင် ရှေးဆန်ရိုးစင်းသည့် ရေချိုးခန်းများရှိနေသည့်တိုင် လူတိုင်းက သူတို့၏ ဟာသဉာဏ်နှင့် ယဉ်ကျေးပျူငှာမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။ မှန်ပါသည်။ ပုံမှန်သွားနေကျလူများက အကောင်းဆုံး ကြိုတင်ပြင်ဆင်လာခဲ့ကြသည်။ မည်သို့ကြုံတွေ့ရမည်ကို သိနေသည့်အတွက် သူတို့က ရွက်ဖျင်တဲငယ်များ ယူဆောင်လာကြသည်။ သင်္ဘော၏ လူသူရှင်းသည့်နေရာများတွင် အိပ်ကြသည်။ အချို့က လှေခါးအောက်တွင်ပင် ဝင်အိပ်ကြသည်။

Nggapulu သင်္ဘောပေါ်က အိပ်စင်/ Team Ceritalah

PELNI ကို ၁၉၅၀ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ လက်ရှိအချိန်တွင် အရွယ်အစားအမျိုးမျိုးရှိသော သင်္ဘော ၇၉ စီး ရှိသည်။ အနောက်ဘက်အစွန်းမှ မန်ထဝီ Mentawai ကျွန်းများမှ ဂူနန်ဂဆစ်တိုလီ Gunungsitoli မှသည် မြောက်ဖက်စွန်း ဖိလစ်ပိုင်နိုင်ငံပိုင် မင်ဒါနာအို Mindanao ကျွန်းအနီးရှိ မိယန်ဂတ်စ် Miangas အထိ အင်ဒိုနီးရှားနိုင်ငံ၏ သီးခြားအဖြစ်ဆုံး အစိတ်အပိုင်းများအထိ ခရီးစဉ်များ ပြေးဆွဲပေးနေသည်။

အထူးတလည် မဟုတ်သော ဝန်ဆောင်မှုများအရ သင်္ဘောခက များစွာ မြင့်မားခြင်း မရှိသည်မှာ နားလည်နိုင်စရာ ဖြစ်သည်။ Ceritalah အဖွဲ့၏ ဆူရာဘာယာ Surabaya မှ ထွယ် Tual ခရီးစဉ်( ၂ ပတ် တကြိမ်ထွက်သည့် လမ်းကြောင်းက ဂျကာတာမှ စတင်ပြီး ဆိုရွန် Sorong တွင် အဆုံးသတ်သည်) က အင်ဒိုငွေ ရူပီးယား ၅၄၇၀၀၀ (အမေရိကန် ၃၈) ဒေါ်လာခန့် ကျသင့်ပါသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လေယာဉ်လက်မှတ်က ရူပီးယား ၃၀၀၀၀၀၀ (အမေရိကန် ၂၁၂ ဒေါ်လာ) ကျသင့်မည် ဖြစ်သည်။

၂၀၀၀ ခုနှစ်များနှောင်းပိုင်းတွင် PELNI က တနှစ်လျှင် ခရီးသည် ၈ သန်းကျော် ပို့ဆောင်ပေးခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်တွင် ထိုပမာဏက ၃.၆ သန်း ခန့် အထိ ကျဆင်းသွားခဲ့သည်။

မည်သို့ပင်ဖြစ်သည် ဆယ်စုနှစ်များစွာ အရှုံးပေါ်ခဲ့ပြီးနောက် သမ္မတ ဂျိုကိုဝီ၏ ရည်မှန်းချက်ကြီးမားလှသော အခြေခံ အဆောက်အဦး စီမံကိန်းများ၊ အထူးသဖြင့် သူ၏ ထိုလော့ Tol Laut သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံ၏ ပင်လယ် ရေကြောင်းဆက်သွယ်မှုကို မြှင့်တင်မည့် “ပင်လယ်တံတား” စီမံချက်၏ ပင်မအစိတ်အပိုင်းတခု ဖြစ်သော ထိုကုမ္ပဏီက နောက်ဆုံးတွင် အမြတ်ရလာနိုင်ခဲ့သည်။

ကူးတို့ဝန်ဆောင်မှုများ မြန်ဆန်သွက်လက်မှု ရှိမလာသေးသည့် ယခင်ကာလများကဆိုလျှင် ခရီးသည်များအတွက် နေရာတခု သို့မဟုတ် အိပ်ရာတခုအတွက် အာမခံချက် မရှိပါ။ အကန့်အသတ်ရှိသော ဝန်ဆောင်မှုများကို ရရှိရန် စုပြုံ တိုးဝှေ့ကာ လုံးထွေးသတ်ပုတ်နေခဲ့ကြရသည်။ ယခုအခါ နေရာချထားပေးမှုများရှိနေခြင်းနှင့်အတူ စိုးရိမ်ကြောင့်ကြရမှုများ နည်းပါးသွားခဲ့ပြီဖြစ်သည်။

Nggapulu သင်္ဘောကုန်းပတ်ပေါ်က နေထွက်ချိန်တခု/ Team Ceritalah

သို့သော်လည်း ဆူလာဝေဆီ Sulawesi တောင်ပိုင်းမှ အသက် ၃၀ အရွယ် အိမ်ရှင်မတယောက်ဖြစ်သော ဒါနီ Darni ပြောသည့်အတိုင်းဆို လျှင် “PELNI အနေနဲ့ ရေချိုးခန်းတွေကို ဦးစားပေးဖို့ လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒါတွေက ညစ်ပတ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ပိုးဟပ်တွေက နေရာတိုင်းပဲ”။

အားလုံးစားနိုင်သည့် တနေ့ သုံးကြိမ်ကျွေးသည့် အစားအသောက်ကလည်း များစွာ မကောင်းလှပါ။ ခရီးသည်အများစုက ကိုယ်ပိုင် အစားအစာများ ယူလာကြသည်။ သို့မဟုတ် ဝန်ထမ်းများအတွက် စားသောက်ဆိုင်မှ ထပ်ဝယ်စားကြသည်။ ခေါက်ဆွဲခြောက်နှင့် သစ်သီးကဲ့သို့ သရေစာများရောင်းသည့် ဈေးသည်များတော့ ရှိပါသည်။

အစပိုင်းတွင် ကျယ်ပြန့်၍ ဟင်းလင်းပွင့်နေသော ပင်လယ်ပြင်ကိုကြည့်ရခြင်းက အသက်ရှူမှားလောက်စရာ ဖြစ်သည်။ အထူးသဖြင့် နေထွက်ချိန်နှင့် နေဝင်ချိန်တွင် ဖြစ်သည်။ သို့သော်လည်း အဝေးကိုကြည့်ပြီးသည့် နောက်တွင် ကြည့်စရာက ဤမျှသာဖြစ်ကြောင်း သဘောပေါက်လာလ်ိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ခရီးစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားကျယ်ပြန့်သော အတိုင်းအတာကို ရသအမျိုးမျိုးဖြင့် သတိပေးနေသလိုဖြစ်သည့်တိုင် နွမ်းနယ်ပင်ပန်းစရာလည်း ဖြစ်သည်။

ပျင်းရိခြင်းကြောင့် ခရီးသည်များမှာ(လူအများစု မကြာခဏ လုပ်တတ်ကြသလို) စိတ်ပျော်ရွှင်မှုအတွက် အခြားသူများဘက်သို့ လှည့်ကြသည်။ အဆွေခင်ပွန်းဖွဲ့ကြသည်။ သက်သာရာ ရှာကြသည်။

ဘောလီးဝုဒ် ရုပ်ရှင်များပြသည့် ဖြစ်ကတတ်ဆန်း ရုပ်ရှင်ရုံတခုရှိသည်။ စန္ဒယားတီးရင်း အင်ဒိုနီးရှား ဂန္ထဝင်ပေါ့ပ် သီချင်း များကို ကျယ်ကျယ်လောင်လောင် သီဆိုဖျော်ဖြေသည့် ဂီတပွဲလည်း ရှိသည်။ ထို့ပြင် ကစားဝိုင်းများနှင့် လေးညှင်း စီးကရက်၏ ချိုမြမြဆွဲဆောင်နေသော ရနံ့များကိုလည်း အမြဲတမ်းရနေသည်။ တကြိမ်တွင် ကြုံသလိုဖြစ်သလို တန်းစီက ကြသည့် ကပွဲတခုပင် ရှိခဲ့၏။

ပျင်းစရာ ဖြေဖျောက်စရာ စုရုံးကပွဲတခု/ Team Ceritalah

ထုံးစံအတိုင်း လူတိုင်း လှိုင်းမှုးသည့် ဒဏ်ကို မတွန်းလှန်နိုင်ကြပါ။ အထူးသဖြင့် ဘောဘော Bau Bau နှင့် အမ်ဘွန် Ambon ကြားမှ ရေပြင်က ကြမ်းတမ်းလွန်းသည်။ အချို့က မီးကင်ထားသည့် ဖန်ခွက်ဖြင့် အရေပြားကို စုပ်ခြင်းကဲ့သို့သော ရိုးရာကုထုံးများဖြင့် ဖြေဖျောက်ကြ၏။

မွတ်ဆလင်ထုံးစံအရ ဝတ်ပြုသည့် အချိန်များကလည်း လူအများကို အတူတကွ စုစည်းမိစေသည်။ အမှန်တကယ်အားဖြင့်လည်း ဟင်းလင်းပွင့်နေသည့် ကုန်းပတ်ပေါ်တွင် သောကြာနေ့ ဝတ်ပြုသူများကို မြင်တွေ့ရခြင်းက အတော် စိတ်လှုပ်ရှား စရာဖြစ်သည်။

မိုဟာမက်ဒီယာ ဘူတွန် Muhammadiyah Buton တက္ကသိုလ်မှ အသက် ၁၉ နှစ် အရွယ်ကျောင်းသားတဦး ဖြစ်သည့် အစ်ဘ်နူ ရီဟမ်ဒါနီ Ibnu Rihamdani က “ပင်လယ်ခရီးစဉ်နဲ့ ပတ်သက်လို့ လူသစ်တွေနဲ့ ဆုံတွေ့ရတာ ကျနော် သဘောအကျဆုံးပါ။ ဆက်ဆံရေးက ညီအကိုတွေလိုပဲ” ဟု Ceritalah အဖွဲ့ကို ပြောသည်။ သူက ဆူလာဝေဆီ Sulawesi အလယ်ပိုင်းမှ ဖြစ်သည်။

သို့သော်လည်း အဆိုပါ ချစ်ကြည်ရင်းနှီးမှုများကို ခရီးသည်များ သင်္ဘောပေါ်မှဆင်းသွားပြီး သူတို့၏ ပုဂ္ဂလိက ဘဝများသို့ ပြန်ရောက်သွား၍ များမကြာမီမှာပင် မေ့လျော့သွားကြမည်ဖြစ်သည်။ ထို့နောက်တွင် ခရီးသည် အသစ်များ သင်္ဘောပေါ်သို့ တက်လာကြပြီး ဖြစ်စဉ်က တကျော့ပြန်လည်ပါလိမ့်မည်။

အင်ဒိုနီးရှားနိုင်ငံ၏ ၇ ဦးမြောက် သမ္မတ ဂျိုကိုဝီ (အလယ်ဂျာဗားရှိ ဆိုလို Solo မြို့မှ ပရိဘောဂလုပ်သူ တဦးဖြစ်ခဲ့သူ) က သူ၏ ဒုတိယသက်တမ်းကို စတင်ထမ်းဆောင်သည့် အချိန်တွင် Nggapulu အင်ဒိုနီးရှားနိုင်ငံအတွက် စွမ်းအားရှိသော၊ ကွက်တိဖြစ်သော တင်စားမှု နိမိတ်ပုံတခု ဖြစ်သည်။

အပြောင်းအလဲမြန်ခြင်းနှင့် မိုးသက်မုန်တိုင်းများ (နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ သို့မဟုတ် မြေငလျင်ဖြစ်စေ) ၏ ရိုက်ပုတ်မှုကို အမြဲတမ်းခံနေရသည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်သူ ၂၆၇ သန်းက သူတို့သက်ဆိုင်ရာ ကိုးကွယ်ယုံကြည်မှုများတွင် သက်သာရာရှာကြသလို သူတို့ပတ်ဝန်းကျင်မှ (အချင်းချင်း) မိတ်ဆွေဖြစ်မှု ရင်းနှီးချစ်ခင်မှု တွင်လည်း ရှာကြသည်။ အားလုံးက ဒန်းဒွတ် dangdut (အင်ဒိုနီးရှား ရိုးရာဂီတနှင့်အက) ၏ အဆက်မပြတ် တီးခတ်နေသော စည်းချက်များနှင့် ဆိမ့်အီနေအောင်ပြင်းသည့် လေးညှင်းစီးကရက်ရနံ့များကြားတွင် ရှိနေသည်။

သင်္ဘောကုန်းပတ်ပေါ်က သောကြာနေ့ ဝတ်ပြုပွဲ/ Team Ceritalah

အရု Aru ကျွန်းများနှင့် ပါပွါ Papua ရှိ အင်ဒိုနီးရှားပိုင် မရောက်ကီး Merauke တို့က အရှေ့ဘက်မှ ပို၍ပင် ဝေးသည့် နေရာတွင် ရှိနေကြကြောင်း သတိထားမိသည့် အချိန်တွင် ဂျာဗားမှသည် အရှေ့မြောက်ပိုင်းကျွန်းများဆီသို့ တပတ်နီးပါးကြာသည့် ပင်လယ်ခရီးက သင့်ကို အင်ဒိုနီးရှားနိုင်ငံ၏ ရေပြင်ကျယ်ပြောမှုကို ခံစားရစေပါလိမ့်မည်။

ထို့ကြောင့် အရာရာတိုင်းက အမြဲတမ်းကောင်းနေသည် မဟုတ်သော်လည်း သူတို့အတူ ကြုံတွေ့ရသည့် အခက်အခဲများ နှင့် ဦးတည်ရာခရီးဆုံးသို့ ရောက်လိုသော ပြင်းထန်သည့် ဆန္ဒတခုတို့က စုစည်းပေးထားသော ခရီးသည် ၂၁၇၀ ဦးနှင့် အတူ Nggapulu ကိုယ်တိုင်က အင်ဒိုနီးရှားနိုင်ငံနှင့် တူနေခြင်းမှာ သာမန်ထက် ထူးကဲသည့် လက်တွေ့ ဖြစ်သည်။

အမြဲတမ်းလည်း တရွေ့ရွေ့နှင့် ရှေ့သို့ဆက်သွားနေသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You may also like these stories:

အင်ဒိုနီးရှား ကျောင်းသားဆန္ဒပြသူများကြားဝယ်

အိန္ဒိယသားတွေ လာချေပြီ

မာယာကာရင် သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်သူ ရုပ်ရှင်မင်းသမီး

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ လမ်းခင်းပေးသူ ဘီဂျေဟာဘီဘီ

The post အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်း appeared first on ဧရာဝတီ.

ဒူတာတေးကို ယှဉ်မယ့် မနီလာမြို့တော်ဝန်သစ် အစ်စကို

$
0
0

သူ့ကို ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာရှိ တွန်ဒို Tondo မြို့နယ်တွင် မွေးဖွားခဲ့သည်။ တွန်ဒိုက ကမာ္ဘပေါ်တွင် လူဦးရေ အထူထပ်ဆုံးနှင့် အဆင်းရဲဆုံး အပိုင်းများထဲမှ တခုဖြစ်ပါသည်။ သူ၏ လူငယ်ဘဝ အချိန် အများစုမှာ အမှိုက်ပုံတွင် စွန့်ပစ်ထားသည့် အသီးအရွက်သားငါးများထဲမှ ကောင်းသေးသည့် အပိုင်းများကို ရှာဖွေရင်း ကုန်ဆုံးခဲ့ရသည်။

ယခုအခါ အသက် ၄၅ နှစ် အရွယ်ရှိပြီ ဖြစ်သော မိုရီနို ဒိုမာဂိုဆို Moreno Domagoso သို့မဟုတ် ဖိလစ်ပိုင်ပြည်သူများက အစ်စကို မိုရီနို Isko Moreno ဟု သိကြသူက မနီလာ၏ မြို့တော်ဝန် ဖြစ်သည်။

လမ်းပေါ်မှ ဆင်းရဲသားကလေးငယ်တယောက် မြို့တော်ဝန် အဆင့်သို့ တက်လှမ်းလာခဲ့ခြင်းက ရုပ်ရှင်များတွင် မြင်တွေ့ရတတ်သည့် အကြောင်းအရာမျိုးနှင့် ဆင်တူပါသည်။ အမှန်တကယ်တွင်လည်း သူက ထိုနယ်ပယ်တွင် စတင်အောင်မြင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံရေးက များစွာ အလှမ်းမဝေးပါ။

သရုပ်ဆောင်သစ် ရှာဖွေသူတဦးက အစ်စကို မိုရီနိုကို တွန်ဒိုမှ အသုဘ အခမ်းအနားတခုတွင် ရှာဖွေတွေ့ ရှိခဲ့သည်။ ထို့နောက်တွင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်ဇာတ်လမ်း အများအပြား၌ ပါဝင် သရုပ်ဆောင်ခွင့် ရခဲ့သည်။

သို့သော်လည်း သူ ဘယ်က လာသည်ဆိုခြင်းနှင့် မိဘ ဘိုးဘွားတို့၏ သင်ခန်းစာများကို သူမမေ့ခဲ့ပါ။

၂၀၁၉ ဇူလိုင်လ တွင် မနီလာမြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရစဉ်

“ကျနော်က ရာဇဝတ်သားတွေ၊ မူးယစ်ဆေးစွဲနေတဲ့ သူတွေနဲ့ အတူ ကြီးပြင်းခဲ့ရတယ်။ ကျနော်က လမ်းပေါ်မှာ အရွယ်ရောက်ခဲ့တယ်။ ကျနော်မွေးတဲ့နေ့ကနေ စပြီးတော့ ဒီနေ့အထိ ကျနော်တို့ အသိုင်းအဝိုင်းကို နားလည်ဖို့ ခက်ခဲတဲ့ ဘဝတခုကို ရခဲ့တယ်။ ဘုရားသခင်ဆီမှာ ခင်ဗျားကို သင်ကြားပေးတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကျနော်နေတဲ့နေရာကို ခင်ဗျားမြင်ဖူးတယ်။ အရင်ကဆိုရင် အဲဒါက ငရဲပဲ။ ကျနော့်ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျနော်မသိခဲ့ဘူး။ ‘ဘုရားသခင်၊ ဒါတွေက ဘယ်တော့ပြီးဆုံးမှာလဲ’ လို့ ကျနော်တွေးမိခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျနော် သိလာတာက ကျနော် မြို့တော်ဝန်ဖြစ်ချင်တယ်။ အခုတော့ အကြောင်းရင်းကို ကျနော် နားလည်ပြီ။”

တွန်ဒိုကလည်း သူ့ကို သတိရနေဆဲ ချစ်ခင်နေဆဲ ဖြစ်သည်။

တွန်ဒိုတွင် အစ်စကိုနှင့် အတူ ကြီးပြင်းခဲ့သည်ဆိုသော အသက် ၅၀ အရွယ် ဆိပ်ကမ်းအလုပ်သမား တယောက်ဖြစ်သည့် ဂီဘို Gibo က ရုပ်ရှင်နယ်သို့ဝင်ရောက်ရန် အစ်စကို လမ်းစရသွားခဲ့စဉ်က (အသုဘ အခမ်းအနားတွင်) သူလည်း ရှိနေခဲ့သည်ဟု နောက်ပြောင်သည်။ Ceritalah အဖွဲ့ကို ဂီဘိုက ပြောပြခဲ့သည့် အတိုင်းဆိုလျှင် တွန်ဒိုတွင် အခြေအနေများက ချက်ချင်းတိုးတက်မသွားသော်လည်း ယော်မီ “Yorme” (“မြို့တော်ဝန်”ဟု အဓိပ္ပါယ်ရသည့် လမ်းပေါ်မှ ဘန်း စကား) အနေဖြင့် သူလုပ်နေသည့် အရာများကို ဆက်၍ လုပ်ရန်နှင့် နောက်ပိုင်းတွင် စိတ်ပျက်စရာ အဖျားရှူးမသွားရန်သာ လိုအပ်ပါသည်။

မြို့တော်ဝန်အဖြစ် အစ်စကို ကျမ်းကျိန်စဉ်

အာဏာဆီသို့ ဦးတည်သော အစ်စကို၏ လမ်းကြောင်းက ရည်ရွယ်ချက်ရှိရှိ၊ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် ဖြစ်သည်။ သူက အသက် ၂၃ နှစ် အရွယ်၌ မနီလာတွင် (ယခုအချိန်အထိ) အသက်အငယ်ဆုံးသော မြို့တော်ကောင်စီဝင်(၁၉၉၈ မှ ၂၀၀၇ အထိ) ဖြစ်လာခြင်းအားဖြင့် အများ၏ အာရုံ စူးစိုက်မှုရအောင် ပြုလုပ်နိုင်ခဲ့သည်။ အသက် ၃၂ နှစ်တွင် ဒုတိယမြို့တော်ဝန် (၂၀၀၇ မှ ၂၀၁၆ အထိ) ဖြစ်လာပြီး အယ်လ်ဖရီဒို လင်း Alfredo Lim နှင့် သမ္မတဟောင်းအဖြစ်မှ မြို့တော်ဝန်ဖြစ်လာသူ ဂျိုးဇက်အက်စတြာဒါ Joseph Estrada တို့ ၂ ဦးလုံး၏ လက်အောက်တွင် တာဝန်ယူခဲ့သည်။

သမ္မတ ဒူတာတေး အစိုးရလက်ထက်တွင် ၂၀၁၆ ခုနှစ် က အထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်သည့်အခါ အောင်မြင်မှု မရရှိခဲ့သော်လည်း ယခုနှစ် အစောပိုင်းတွင် ဂျိုးဇက်အက်စတြာဒါကို အနိုင်ယူ၍ (မြို့ တော်ဝန်အဖြစ်) နောက်ဆုံးတွင် ပြန်လာနိုင်ခဲ့သည်။ “ဘီလူးသတ်သမား” ဆိုသည့် အမည်ကို ရရှိခဲ့သော ပြတ်ပြတ်သားသား အနိုင်ရရှိမှုလည်း ဖြစ်သည်။

မြို့တော်ဝန်အဖြစ် ရာထူးသက်တမ်း ပထမဆုံး ရက် ၁၀၀ ပြီးခါစ အချိန်လေးမှာပင် အစ်စကိုက ဖိလစ်ပိုင်နိုင်ငံရေးတွင် လူငယ်ပိုင်း ဖြစ်ပြီး မဲဆန္ဒရှင်များနှင့် အထိအတွေ့များသူတဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။ ဆိုရှယ်မီဒီယာ (အထူးသဖြင့် ဖိလစ်ပိုင် နိုင်ငံ၌ လူကြိုက်များသော လူမှုကွန်ရက်ဖြစ်သည့် Facebook) တွင် သူ၏ အောင်မြင်မှုက ထိန်းချုပ်၍ မရနိုင်အောင်ပင် ဖြစ်သည်။ နှစ်ချိုက်ကြောင်းပြသသည့် like ၁.၈ သန်း (ဆက်လက်၍ တိုးလာနေသည်) ရရှိခဲ့သလို ထိုကာလ (ပထမ ရက်၁၀၀) အတွင်း Facebook မှ တိုက်ရိုက် ထုတ်လွှင့်မှု ၂၆၃ ကြိမ်ကျော်ပြုလုပ်ခဲ့သည်။ ထုတ်လွှင့်မှုများထဲတွင် တရားဝင် အစည်းအဝေးများ၊ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများမှသည် သူက သွားဆရာဝန်ထံ သွားရောက်ကုသခြင်းများအထိ ပါဝင်၏။

အွန်လိုင်းပေါ်တွင် သူရှိနေခြင်းက အုပ်ချုပ်ရေး၏ မရှိမဖြစ် အစိတ်ပိုင်းတခုဖြစ်သည်ဟု အစ်စကိုက မြင်သည်။ “ပြည်သူတွေ အိပ်ပျော်နေကြချိန်မှာ လုံခြုံရေး တပ်ဖွဲ့တွေကို ကျနော် တိုက်ရိုက်လွှင့်ပြတယ်။ အဲဒါက မြို့တော်ကို လုံခြုံအောင် လုပ်ပေးနေတဲ့သူတွေ ရှိတယ်လို့ ပြည်သူတွေကို ခံစားရစေတယ်။ ပျင်းတတ်တဲ့ အရာရှိတွေလည်း ညဘက်မှာ အိပ်မနေကြတော့ဘူးပေါ့။ ကျနော် အဲဒါကို ရပ်မှာ မဟုတ်ဘူး။”

မနီလာမြို့တော်၏ ဆင်းရဲသားရပ်ကွက်တခု/ Reuters

အစ်စကိုက အချိန်အားလုံးကို အွန်လိုင်းပေါ်တွင် သုံးစွဲနေသည်ဟု ဆိုလိုခြင်းဟုတ်ပါ။ သူက လူဦးရေ ၁.၇၈ သန်း ရှိသော မနီလာမြို့တော် ပြန်လည် သက်ဝင်နိုးကြားလာရေး ကတိပြု လုပ်ကိုင်နေပါသည်။

လုပ်ဆောင်ရန် များစွာ ရှိနေသည်။ မြို့တော်၏ အစိတ်အပိုင်းအများအပြားမှာ ပျက်စီးယိုယွင်းမှုများကြောင့် နာမည်ပျက်နေ သည်။

မနီလာတရုတ်တန်း၏ အချက်အချာနှင့် စီးပွားရေးလုပ်ငန်းများ၏ ဗဟိုဖြစ်ခဲ့ဖူးသော ဘီနွန်ဒို Binondo နှင့် ကွီယာပို Quiapo မြို့နယ်များသည် ယခုအခါ ယာဉ်ကျောများပိတ်ဆို့ ကျပ်ညပ်နေသည်။ အဆောက်အဦးများက ပိတ်ထားရသည်။ ဒုတိယကမာ္ဘစစ် မတိုင်မီက လူချမ်းသာများ နေထိုင်ခဲ့ရာ အရပ်များဖြစ်ခဲ့ကြသည့် အာမိတ Ermita နှင့် မာလာတေး Malate တို့က ယခုအခါတွင် ညစ်ပတ်၍ ယိုယွင်း ဟောင်းနွမ်းနေသည်။ ပြည့်တန်ဆာများ ကျက်စားသည့်နေရာ၊ ခရီးသွားလုပ်ငန်း၏ ညစ်ညမ်းသော နေရာဖြစ်နေသည်။

ဒိုင်ယာနာ လင်း ဒီတန် Diana Lynn Ditan နှင့် လက်ထပ်ခဲ့ပြီး ကလေး ၅ ယောက်၏ ဖခင်လည်းဖြစ်သည့် အစ်စကိုက စိတ်အားထက်သန်စွာဖြင့် လျှင်လျှင်မြန်မြန် စတင်ဆောင်ရွက်ခဲ့သည်။ မနီလာတွင် ကာလရှည်ကြာစွာ ခံစားနေရသည့် ယာဉ်ကျောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် သူက တရားမဝင် လမ်းဘေးဈေးသည်များကို ဖယ်ရှားပစ်ခဲ့သည်။ အထူးသဖြင့် ဈေးသည် ဈေးဝယ်များသည့် ဒီဗီဆိုရီယာ Divisoria မြို့နယ်တွင် ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့ကို ပြောင်းရွှေ့နေရာ ချထားခဲ့သည်။

စာသင်ကျောင်းများ၊ တက္ကသိုလ်များ ပတ်လည် မီတာ ၂၀၀ အတွင်းတွင် အရက်ရောင်းချခြင်းကို သူက တားမြစ်ခဲ့သည်။ အရွယ်မရောက်သေးသူများ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွတ်ရန်လည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်ခဲ့၏။

ထို့ပြင် အစိုးရ မူလတန်းကျောင်းများတွင် Nutribun (၁၉၆၈ မှ ၇၀ အတွင်းတွင် ဖိလစ်ပိုင် ကလေးငယ်များ အာဟာရ ပြည့်ဝရေးအတွက် ဖြန့်ဝေပေးရန် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ပုံစုံထုတ်၍ ထုတ်လုပ်ခဲ့သော ပေါင်မုန့် တမျိုး။ ထိုအစီအစဉ်က ၁၉၉၇ တွင် အဆုံးသတ်ခဲ့သည်) ကို ဖြည့်စွက်စာအဖြစ် ကျွေးမွေးသည့် အစီအစဉ်ကို ပြန်လည်စတင်ခြင်းအားဖြင့် ကလေးငယ်များ အာဟာရမပြည့်ဝသည့် ပြဿနာကို ဖြေရှင်းရန် သူက ကတိပြုထားသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေး/ Reuters

“ကျနော်တို့က ပညာသင်ကြားပေးနိုင်ဖို့၊ စိမ်းလန်းတဲ့နေရာတွေ ဖွင့်လှစ်ပေးနိုင်ဖို့နဲ့ အထပ်မြင့် လူနေအဆောက်အဦး စီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားနေပါတယ်။ ယာဉ်ကျောပ်ိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်း တွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးနိုင်ဖို့လည်း ကျနော်တို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ပြည်သူတွေပါပဲ။ ဘယ်ဟာက အရင်ဆုံးလာမလဲ။ လူသားအရင်းအမြစ်ပါ။”

စွမ်းဆောင်ရည် မပြည့်ဝသော အရာရှိများကို ထုတ်ပယ်ခဲ့ခြင်းအတွက် အစ်စကို ချီးကျူးခံခဲ့ရသည်။ သူက Ceritalah အဖွဲ့ကို “ကျနော့် သက်တမ်း ပထမ ၃ ပတ်အတွင်းမှာ ရဲအရာရှိ ၉ ဦးကို ဖယ်ရှားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သူတို့ လုပ်ရမယ့် အလုပ်ကို မလုပ်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက ကျနော့်ရဲ့ လုံခြုံရေးကို စိုးရိမ်ကြပါတယ်။ ဒါပေမယ့် အဲဒီတော့ ဘာဖြစ်သလဲ။ အဲဒါက အလုပ်တခုရဲ့ အကျိုးဆက်အန္တရာယ်လို့ ခင်ဗျားတို့က ခေါ်တဲ့အရာပဲ။ အလုပ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်” ဟု သူက ပြောသည်။

သို့သော်လည်း နှိုင်းဆမရအောင် ပိုမို၍ တင်းမာခက်ထန်သည့် ဒူတာတေးကဲ့သို့ မဟုတ်ဘဲ အစ်စကိုက ပြင်းထန်သော နည်းလမ်းများကို သဘောကျသူ တဦး မဟုတ်ပါ။ သူရှင်းပြသည့် အတိုင်းဆိုလျှင် “မူးယစ်ဆေးနဲ့ သက်ဆိုင်နေတဲ့ ရာဇဝတ်သားအများအပြားကို အရှင်ဖမ်းမိခဲ့တယ်။ လူ့အခွင့်အရေးနဲ့ မျှတစွာ ဆက်ဆံရမယ့် ဥပဒေကို ကျနော်လေးစားပါတယ်။ အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော်တို့ ခိုင်ခိုင်မာမာ ရှိပါတယ်။ ရာဇဝတ်သားတွေကို ဖမ်းဆီးတဲ့ နေရာမှာ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေက သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်စေဖို့ သေချာအောင် ကျနော်လုပ်ရပါမယ်။”

၂၀၂၂ တွင် သမ္မတနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟုပင် ပြောနေကြသည့် အစ်စကိုက ရပ်တန့်၍ မရနိုင်ဟု ယူဆရသော ဒူတာတေး၏ နိုင်ငံရေး ယန္တယားကို ဟန်ချက်ထိန်းပေးနေသည် ဟုဆိုကြသည်။

အစ်စကို မြင့်တက်လာခြင်းနှင့် ဒူတာတေး သာမက အရှေ့တောင်အာရှတွင် လူသိများသော မြို့တော်ဝန်ဟောင်း တဦးဖြစ် သည့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီတို့ကြားမှ မျဉ်းပြိုင်များကို မြင်ရခြင်းက စိတ်လှုပ်ရှားစရာ ဖြစ်သည်။

ထိုအမျိုးသား ၃ ဦးလုံးက နိုင်ငံရေး ထိပ်တန်းလူတန်းစားအလွှာ၏ အပြင်ဘက်မှ လာကြသူများဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းတွင် သူတို့၏ ပြည်သူကို ဗဟိုပြုသည့် ချဉ်းကပ်မှုများအတွက် လူသိများကြသည်။

သူ၏ သမ္မတ ရည်မှန်းချက်နှင့် ပတ်သက်၍ ကျနော်တို့ မဆွေးနွေးခဲ့သော်လည်း တရုတ်နိုင်ငံနှင့် ပတ်သက်လျှင် အင်ဒို နီးရှားနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်နေသော ဂျိုကိုဝီ၏ လုပ်ဆောင်ချက်ကို လေးစားကြောင်း အစ်စကိုက ပြောသည်။ “အဲဒါက ခင်ဗျားရဲ့ တိုင်းပြည်ကို ခင်ဗျား ဘယ်လိုကာကွယ်ပေးသလဲ ဆိုတာပဲ” ဟု သူက ဆိုသည်။

မနီလာ၏ မြို့တော်ဝန်က အာဏာဆီသို့ ဦးတည်သော လမ်းကြောင်းကို လျှောက်လှမ်းနေသည့် အသွင်ရှိပါသည်။ အပြစ် မြင်တတ်သူများတော့ သူက စဉ်းစားထားပြီး ဖြစ်သည်ဟု ပြောကြပါလိမ့်မည်။

ဒူတာတေး ကဲ့သို့ပင် သူက တိကျပြတ်သားသည်။ သို့သော်လည်း လက်ရှိသမ္မတ၊ ဖိလစ်ပိုင်နိုင်ငံမှ ကျန်သည့် ထိပ်တန်းနိုင်ငံ ရေးသမားများနှင့် အစ်စကို တို့ကြားမှ ခြားနားမှုမှာ သူ၏ စာနာရိုင်းပင်းတတ်ခြင်း၊ ဟန်ချက်ညီညွတ်စွာ စဉ်းစားတတ်မှုနှင့် ပြည်သူတို့၏ ဂုဏ်သိက္ခာကို အမှန်တကယ်မြှင့်တင်ပေးလိုသော စိတ်ဆန္ဒတို့ ဖြစ်ပါသည်။

အနာဂတ်တွင် အစ်စကို မည်သို့ပင် ဖြစ်လာသည်ဖြစ်စေ ထိုအချက်တို့က ကွဲပြားမှုကို ဖြစ်စေပါလိမ့်မည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You May Also Like These Stories:

အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်း

အင်ဒိုနီးရှား ကျောင်းသားဆန္ဒပြသူများကြားဝယ်

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ လမ်းခင်းပေးသူ ဘီဂျေဟာဘီဘီ

The post ဒူတာတေးကို ယှဉ်မယ့် မနီလာမြို့တော်ဝန်သစ် အစ်စကို appeared first on ဧရာဝတီ.

မကွေးမြို့က “ဓာတ်တိုင်မမ”မသေသေးပါ

$
0
0

သူမကို မကွေး တမြို့လုံးက “ဓာတ်တိုင်မမ”ဟုသာ သိသော်လည်း နာမည်အရင်းက ကျော့ရွှေစင် ဖြစ်သည်။ နူးညံ့လှပသည့် သူမ၏ နာမည်နှင့် သူမ၏ အလုပ်သည် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဒီအလုပ်ကြောင့်ပင် သူမကို “ဓာတ်တိုင်မမ” ဟု လူသိများနေခြင်း မဟုတ်ပါလား။

ခါးနှင့် ခြေကျင်းဝတ်တို့တွင် စတီးနှင့်ပြုလုပ်ထားသော အသက်ကယ်ပစ္စည်းများ ချိတ်ထားသော သူမအနေ ဖြင့် လမ်းဘေးလျှပ်စစ်မီးတိုင်ပေါ်သို့ လုံခြုံရေးအဝတ်နှင့် ဦးထုပ်များ ဝတ်ဆင်ထားခြင်း မရှိပဲ တက်နေသော မြင်ကွင်းမှာ မြင်ရသူတိုင်းကို သည်းထိတ်ရင်ဖိုဖြစ်စေသည်။

သူမအမြဲလွယ်နေကျ ဂျင်းလွယ်အိတ်ထဲမှာတော့ ပလာယာနှစ်ချောင်း၊ ဝက်အူလှည့်စသည့် မီးပြင်ပစ္စည်းတို့ကို ထည့်ထားသည်။

သူမဖခင်မှာ လျှစ်စစ်ဝန်ထမ်းတဦးဖြစ်ပြီး အရက်ကို စွဲစွဲမြဲမြဲသောက်တတ်သူဖြစ်သဖြင့် မိသားစုတာဝန်ကို လက်လွှဲတာဝန်ထမ်းဆောင်ရန် သမီးထွေးဖြစ်သော ကျော့ရွှေစင်က ၁၃ နှစ်အရွယ်ကတည်းက မောင်နှမ ၉ ယောက်၏ စားဝတ်နေရေးအတွက် လျှပ်စစ်မီးတိုင် တက်ပြင်ခြင်း၊ လျှပ်စစ်ပစ္စည်းနှင့် ပါတ် သက်သော အလုပ်မှန်သမျှကို အသက်မွေး ဝမ်းကျောင်း အဖြစ် လုပ်ကိုင်လာခဲ့ရသည်။

မွေးချင်းမောင်နှမထဲတွင် အငယ်ဆုံးသမီးဖြစ်သော်လည်း မိဘနေရာမှာပင် အားလုံးလိုလို ထောက်ပံ့ပေးသည့်အပြင် ၎င်းမွေးချင်းတို့မှ မွေးသော ကလေးများကိုပင် တာဝန်ယူပေးနိုင်သည့် အမျိုးသမီးတဦးဖြစ်သည်။

အရက်သမားလုံးလုံးဖြစ်နေသည့် ဖခင်မှာ သူမ ၁၆ နှစ်အရွယ်တွင် ဆုံးပါးသွားသော်လည်း အခြားလျှပ်စစ် ဝန်ထမ်းများက လျှပ်စစ်ပြင်ပညာကို သူမက ဖခင်ဆီမှ တဖြည်းဖြည်းသင်ယူခဲ့သော သူမ၏ကျွမ်းကျင်မှုကို အသိအမှတ်ပြုသဖြင့် လျှပ်စစ်ပြင်သည့်အလုပ်ကို နားလည် ခွင့်ပြုပေးခဲ့ကြသည်။

မိခင်ကြီးမှာလည်း သူမအသက် ၂၃ နှစ်အရွယ်တွင် လူ့လောကကြီးထဲမှ ထွက်သွားခဲ့ပြန်သည့် သဖြင့် အမကြီး အမိရာ ဆိုသည့် ဆိုရိုးစကားနှင့် ကွဲပြားပြီး သမီးထွေးအမိအရာ ဖြစ်ခဲ့ရပြန်သည်။ အငယ်ဆုံးသမီးဖြစ်သည့် သူမ၏ပခုံးတွင် မိဘတာဝန်များ လွှဲပြောင်းယူခဲ့ရ တော့သည်။

῝မောင်နှမတွေအကုန်လုံးက လျှပ်စစ်နဲ့ပါတ်သက်ပြီး လုပ်ကြတယ်။ မြေအောက်ပိုက်လိုင်းကိုတော့ ကျမက ရုံးကလူတွေနဲ့ တိုင်ပင်ပြီး အဖွဲ့လိုက်လုပ်တယ်။ မီးတိုင်ပေါ်တက်ရင်တော့ အန္တရာယ် ရှိတာပေါ့။ ဒါပေမယ့် လည်း ဒီအလုပ်ပဲ ကျွမ်းကျင်တာကိုး῎ ဟု ကျော့ရွှေစင်က ရှင်းပြသည်။

ကျော့ရွှေစင်သည် အတန်းပညာမသင်ယူခဲ့ရသော်လည်း လျှပ်စစ်မီးပြင်၊ လျှပ်စစ်မီးတိုင် ပေါ်တက်ခြင်း၊ မြေအောက်ပိုက်လိုင်း ပြုပြင်ခြင်းတို့ကို စိတ်ပါဝင်စားစွာ သင်ယူလာခဲ့ခြင်းဖြစ်သည်။ အသက်မွေးဝမ်းကျောင်း အတွက် အစိုးရမှ အသိအမှတ်ပြုလက်မှတ် မရှိသော်လည်း မကွေးတမြို့လုံးက အသိအမှတ်ပြုခဲ့သည်။

῝ကိုယ်က အမျိုးသမီးဖြစ်တော့ မီးလိုင်းသမားအလုပ်ကို တော်ရုံတန်ရုံဆို မခေါ်ကြဘူး၊ အမျိုးသားတွေကိုပဲ ခေါ်ကြတယ်။ ခေါ်တဲ့လူရှိလို့ လိုက်သွားရင်လည်း ဟာ ဒီကောင်မလေး ပါသွားပြန်ပြီ၊ ဟာ တနေ့တနေ့ နှစ် ဦးသုံးဦးပဲ။ အော်ဒါလိုက်နေတာပဲ။ အစကတော့ ကျမက နားမလည်ဘူးပြောတဲ့ဟာတွေ။ မီးပြင်ဖို့လာခေါ် တာ လိုက်သွားခဲ့ရင် ရပ်ကွက်ထဲမှာ ဒီလိုတွေအပြောခံရတယ်῎ ဟု သူ့ကြုံတွေ့ခဲ့ရပုံကို ရှင်းပြသည်။

ပတ်ဝန်းကျင်မှ နိမ့်ချသော၊ ချိုးနှိမ်သော အပြောအဆိုများကို ခံရသည်များရှိသော်လည်း သူမလုပ်ရမည့် အသက်မွေးဝမ်းကျောင်း မီးပြင်အလုပ်ကို စိန်ခေါ်မှုအခက်အခဲများစွာကြားထဲမှ အမျိုးသားများ နှင့် တန်းတူလုပ်ကိုင်နိုင်ခဲ့သည်။

တခါတလေ အမျိုးသားများ မသွားလိုသောအခြေအနေတွင် မီးပြင်သမားအဖြစ် ခံယူထားသည့်အပြင် အသက် မွေးဝမ်းကျောင်းအတွက်ပါ မဖြစ်မနေလိုက်ပေးခဲ့ရသည်။

῝မှတ်မှတ်ရရတရက်မှာ အမျိုးသားတဦးက မီးပြင်ဖို့ ကျမကိုလာခေါ်တယ်။ ကျမလိုက်သွားတော့ သူ့ မိန်းမက အမျိုးသမီးကိုမှ ခေါ်ရလားဆိုပြီး သူတို့လင်မယားပြဿနာတက်ကြတယ်။ တကယ်တမ်း မိုးရွာ လေတိုက်ရင် အမျိုးသားတွေက မီးပြင်မလိုက်ဘူး၊ သူပဲလိုက်လို့ ခေါ်ရတာ ဆိုပြီး ပြောပြရတာမျိုး ကြုံခဲ့ရ တယ်῎ ဟု ကျော့ရွှေစင်က သူ့အတွေ့ အကြုံတခုကို ပြန်ရှင်းပြသည်။

သူမသည် မကွေးမြို့ရှိ ရန်ပယ်ရန်ကင်း၊ ကားဂိတ်ကွင်း စသည့်နေရာများတွင် မီးပြင်၊ ဓာတ် တိုင်တက်သည့် အလုပ်ကို အမြဲတမ်းလုပ်နေသဖြင့် “ဓာတ်တိုင်မမ”ဟု အမည်တွင်ကာ တမြို့လုံးလိုလို သိကြသည်။

အစပိုင်းတွင် လူအများ၏ အထင်လွဲမှုကို ခံခဲ့ရသော်လည်း နောက်ပိုင်းမှာတော့ အံ့သြချီးကျုးမှုများဖြင့် အသိအမှတ် ပြုလာကြသည်။

နာကြည်းမှုနှင့် မခံချင်စိတ်များ ရှိခဲ့သည့်သူမသည် နေ့စားအလုပ်နှင့်ထပ်ချိတ်ကာ ဆိုင်ကယ်တစီး မဖြစ်မနေ ဝယ်ယူခဲ့ပြီး မီးပြင်အလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ မီးလိုင်းသမဖြစ်သည့် သူမကို ပတ်ဝန်းကျင်မှ အတန်းပညာရှိသူ၊ လျှပ်စစ်ဝန်ထမ်းဟု ထင်ခဲ့ကြသော်လည်း သူမမှာ ငယ်စဉ်က လျှပ်စစ်ရုံးမှ ထောက်ပံ့ကြေးဖြင့် ၄ တန်းအထိသာ ကျောင်းနေခဲ့ရသည်ဟု ဆိုသည်။

လွန်ခဲ့သော ၅ နှစ်ခန့်က ဆိုင်ကယ်မှောက်သွားသဖြင့် ဒဏ်ရာအကြီးအကျယ်ရခဲ့ကာ ပတ်ဝန်းကျင်တွင် “ဓာတ်တိုင်မမ” ဆုံးသွားပြီဆိုသော သတင်းထွက်ခဲ့သည့်နောက်ပိုင်း ယခုချိန်အထိ မီးပြင်ရန်ခေါ်မည့်သူ မရှိ သလောက်ဖြစ်သွားသည်ဟု သူမက ပြောသည်။

῝အရင်ကဆို အနည်းဆုံး မီးပြင်ဖို့ လာခေါ်တဲ့သူက တနေ့ ၃ ဦး၊ ၄ ဦးလောက်ရှိတယ်။ ခုသေတဲ့နာမည် ပေါက်သွားတော့ မီးပြင်တဲ့အလုပ် သိပ်မဖြစ်တော့ဘူး။ အရမ်းရင်းနှီးပြီး သိတဲ့သူတွေလောက်ပဲ မီးခေါ်ပြင် ကြတော့တယ်῎ ဟု သူကြုံတွေ့နေရသည့် အခြေအနေကို ရှင်းပြသည်။

သူမအနေဖြင့် လောကကြီးကို အရှုံးပေးလိုက်ချင်သော်လည်း သူမကိုယ်သူမ စိတ်ဓာတ်ခွန်အားများ ပြန် လည်မြှင့်တင်ကာ “ဓာတ်တိုင်မမ”ဟု လူအများက ပြန်သိရှိလာစေရန်နှင့် အမှတ်ရစေရန် အတွက် သူမ အိမ်ရှေ့တွင် “ဓာတ်တိုင်မမ” ဟူသောအမည်ဖြင့် ကွမ်းယာဆိုင်လေး ဖွင့်ထားသည်ဟု ဆိုသည်။

သူမသည် ဓာတ်တိုင်တက်မီးပြင်သည့်အလုပ်အပြင် နေအိမ်၊ ကျောင်းနှင့် အလုပ်ရုံများတွင် ကြုံတွေ့လေ့ရှိသည့် လျှပ်စစ်မီးကိစ္စများကိုလည်း တပ်ဆင်၊ ပြင်ဆင်ပေးနေသူဖြစ်သည်။

သူမသည် အန္တရာယ်ရှိသောအလုပ်ကို လုပ်နေရပြီး ထိုက်တန်သော လုပ်အားခ မရခဲ့သည့် အချိန်များ ရှိသော်လည်း လျှပ်စစ်ပြင်သည့် အလုပ်ကိုသာ ကျွမ်းကျင်ဝါသနာပါသည့်အတွက် ကျိတ်မှိတ်လုပ်ရသည်။

῝အသက်နဲ့ရင်းရတဲ့အလုပ်ကို ကျပ် ၄ ထောင်လောက်နဲ့ လုပ်ခဲ့ရတယ်῎

သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ ငြင်းဆိုခဲ့ပြီး လက်ရှိအချိန်တွင် အကူအညီမဲ့နေသူ ကလေးနှစ်ယောက်ကို မွေး စားထားသည်။

သူမအလုပ်လုပ်ရာတွင် အမြဲတမ်းအာရုံစူးစိုက်မှုရှိပြီး သူမမျက်နှာသည် စိတ်ပါလက်ပါရှိမှု အရိပ်အရောင်များ ကို မြင်တွေ့ရကြောင်း အိမ်နီးချင်းဖြစ်သူ မသန္တာက ပြောသည်။

῝သူကမိရိုးဖလာကနေ ဆင်းသက်လာတဲ့အလုပ်ဆိုတော့ သေချာလုပ်တတ်တယ်῎ဟု ဆိုသည်။

အမျိုးသမီးအများစုသည် အမြင့်တက်ရန် ကြောက်ကြသော်လည်း မကျော့ရွှေစင်မှာမူ အမျိုးသားများ နှင့် တန်းတူလုပ်နိုင်ပြီး တခါတလေတွင် အမျိုးသားများထက်ပင် အလုပ်ပိုလုပ်နိုင်သည်ကို တွေ့မြင်ရသည့် အတွက် တမူထူးသည့်သူဟုပင် မြင်မိသည်ဟု မသန္တာက ဆိုသည်။

῝ပြောရမယ်ဆိုရင် အမျိုးသမီး ၁၀၀ မှာ ၁ ယောက်လောက်ပဲရှိတဲ့ အမူအကျင့်မျိုးပေါ့၊ သူက စိတ်သဘော ထားဖြူစင်ပေမယ့် သူလုပ်တဲ့အလုပ်ကြောင့် အပြင်ပန်းကြည့်ရင် မနူးညံ့သလို ဖြစ်နေတာပေါ့῎ ဟု မသန္တာက မှတ်ချက်ပြုသည်။

ဓာတ်တိုင်ပေါ်တက်ပြီး မီးကြိုးပြင်သည့် အချိန် ဓာတ်လိုက်ပြီး သေကံ မရောက်ပဲ သက်မပျောက်ခဲ့သည့် အချိန်တွေကိုလည်း ကျော့ရွှေစင် က ပြန်လည်ပြောပြသေးသည်။

῝မှတ်မှတ်ရရပြောရရင် ဓာတ်တိုင်ပေါ် မီးတက်ပြင်နေတဲ့အချိန်မှာ လမ်းထဲကားကြီးဝင်လာတယ်။ ကား ကြီးကို ဓာတ်လိုက်မှာစိုးလို့ မလာခဲ့နဲ့လို့ပြောနေတဲ့ ကြားထဲကနေ ကူးလာတယ်။ သူတို့က စ,နေတယ်ထင် ပြီး ကူးလာတော့ ကျမက မီးကြိုးကို သွားဆွဲလိုက်တာ အောက်ကို ပြုတ်ကျ သွားတယ်။ ကားထဲမှာ လူတွေ အများကြီးပဲ။ ကျမက စိုးရိမ်တဲ့စိတ်နဲ့ လှမ်းဆွဲလိုက်တာ အောက်ကျသွားတော့ တကိုယ်လုံးဒဏ်ရာတွေနဲ့ဲ” ဟု သူ့ရဲ့ စွန့်စားခန်းတခုကို ပြန်ရှင်းပြသည်။

ပြုတ်ကျပြီး ဆေးရုံရောက်သွားသော်လည်း သူမမှာ တနာရီခွဲလောက်သာနားပြီး ဓာတ်တိုင်ပေါ် ပြန်တက်ခဲ့ရသဖြင့် ပတ်ဝန်းကျင်မှ သူမကို ῝ဖုတ်ဝင်နေပြီ῎၊ “သရဲစီးနေပြီ” ဟု ထင်မှတ်ကာ အထင်လွဲမှား ခဲ့ကြပြီး ပဌာန်းပင် ရွတ်ပေးခဲ့ကြသူများပင် ရှိခဲ့သည်ဟု ဆိုသည်။

῝ပိုက်ဆံ ၃ ထောင်၊ ၄ ထောင်ရဖို့အရေး အသက်နဲ့ရင်းပြီး လုပ်ရတယ်။ စစ်သားက ကျည်ဆံ ရှောင်လို့ ရမယ်။ ဒီလိုင်းမန်းအလုပ်က ကျည်ဆံရှောင်လို့မရဘူး῎ ဟု နေ့စဉ်နှင့်အမျှ အသက်နှင့် ရင်းနေရသည့် သူမ၏ အခြေအနေကို ဆက်ပြောပြသည်။

ဆိုင်ကယ်မှောက်သည့် ဒဏ်ရာကြောင့် မျက်နှာတခုလုံးပျက်စီးသွားခဲ့သော်လည်း ပြန်လည် ကုသနိုင်ခဲ့သည့် အတွက် ယခုအချိန်တွင် နဂိုရုပ်ပြန်ရသွားပြီဟု သူမက ဆိုသည်။

῝မီးပြင်သွားတာ သူများထက် လျှော့တောင်းတာတောင် မပေးချင်လို့ စိတ်တိုပြီးပြန်လာတဲ့လမ်းမှာ ကား အောက်ထဲရောက်သွားတယ်။ ဒါပေမယ့်မသေခဲ့ဘူး။ ဘဝမှာ ဘာနဲ့သေမလဲတော့မသိဘူး῎ ဟု ရယ်မောပြီး ပြောပြလေသည်။

သူမအနေဖြင့် အသက်အန္တရာယ်ကို ပဓာနမထားပဲ အသက်မွေးဝမ်းကျောင်းအတွက် စိတ်ဆောင်သည့် အတိုင်း အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့သည်ကို သူမကိုယ်တိုင်သာ သိသည်ဟု သူမက ဆိုသည်။

မိသားစုအတွက် မဖြစ်မနေကျွေးမွေးစောင့်ရှောက်ရမည့် တာဝန်သိစိတ်ကြီးမားသည့်အပြင် လူရယ်လို့ဖြစ်လာလျှင် အသက်ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမည်ဆိုသည့်အသိဖြင့် သူမက နောက်မတွန့်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုအခါ သူမကိုယ်တိုင်ကလည်း “ဓာတ်တိုင်မမ” ဆိုသည့် အမည်ဖြင့် ကွမ်းယာဆိုင်လေးကို ဖွင့်လှစ်ကာ သူမ မသေသေးကြောင်း ကိုယ်ထင်ပြကာ အလုပ်လာအပ်မည့်သူများကို မျှော်နေလျှက်ရှိသည်။

῝ကွမ်းယာဆိုင်ဖွင့်တော့ လူတွေလာဝယ်ကြမယ်လေ။ ဒါဆို မီးပြင်သမားမှန်း ပိုသိလာပြီး အလုပ်ပြန်ခေါ်ကြမယ်။ လာခေါ်ပြင်တဲ့သူတွေ ၂ ဦး ၃ ဦးတော့ရှိနေပါပြီ။ အနည်းဆုံးတော့ “ဓာတ်တိုင်မမ” ဒီလောကမှာ ရှိနေသေးတယ်ဆိုတာ လူတွေသိပြီးရင် ကွမ်းယာဆိုင် ပြန်ပိတ်မှာပါ῎

( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ HI (Honest Information) Website ( www.hiburma.net ) မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ )

The post မကွေးမြို့က “ဓာတ်တိုင်မမ”မသေသေးပါ appeared first on ဧရာဝတီ.


ဦးရဲထွဋ်ပြောတဲ့ ဦးသန်းရွှေ

$
0
0

ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်၏ ‘မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် လက်လွတ်ခဲ့သောအခွင့်အရေးများ’ စာတမ်းဟု ဆိုသည်။ စင်ကာပူနိိုင်ငံတွင် ဖြန့်ချိခဲ့သည်တဲ့။ ဘယ်အချိန်လောက်တုန်းက ဖြန့်ချိခဲ့သလဲ တော့ မသိရ။ ယင်းစာတမ်းမှ စိတ်ဝင်စားဖွယ်ရာကောင်းသော အကြောင်းအရာများပါဝင်၍ ပြန်လည်ကောကှ်ုတ်ဖော်ပြလိုက်ကြောင်း ဆရာကျော်စောဟန်(မြန်မာပြည်ဖွားဂေါ်ရခါး)က ဆိုသည်။ ၎င်း၏ကောက်နှုတ်ဖော်ပြချက်များကို ၂၀၁၉ အောက်တိုဘာ ၁၈ ရက်နေ့ထုတ် 7Day Daily သတင်းစာတွင် ‘ဦးရဲထွဋ်ပြောသော သမ္မတဦးသိန်းစိန်လက်ထက် ပါဝါအားပြိုင်မှုများ’ခေါင်းစဉ်ဖြင့် တင်ပြခဲ့သည်။

ဦးရဲထွဋ်ဆိုသည်မှာ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် မြှောက်စားခံရသူ၊ ပြည်ခိုင်ဖြိုးအလွန် ဒီချုပ်အစိုးရလက်ထက်တွင်လည်း ဒီချုပ်အစိုးရ၏ ဆောင်ရွက်ချက်များကို နိုင်ငံရေး ရည်ရွယ်ချက်ပါသော အထိအတို့အရိအရွဲ့များဖြင့် ဖေ့ဘွတ် လူမှုကွန်ရက်ပေါ်တွင် လက်စွမ်းပြလျက် ရှိသူ။ ပြီးတော့ အရေခွံလည်း ထူသူ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ပြည်ခိုင်ဖြိုးအစိုးရ အတွင်းစည်းထဲ ရောက်ခဲ့သူတဦး၏ စာတမ်းမှာ သာမန် ပြည်သူတို့ မသိနိုင်သည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ပါဝင်သည်ကတော့ ငြင်းမရပေ။ စာတမ်းအပြည့်အစုံကို မဖတ်ရသေးသဖြင့် ယင်းစာတမ်းတခုလုံးအပေါ် ခြုံငုံမပြောနိုင်သော်လည်း ဆရာကျော်စောဟန်(မြန်မာပြည်ဖွားဂေါ်ရခါး)၏ ကောက်နှုတ်ချက်သည်ပင် နိုင်ငံရေးစိတ်ဝင်စားသူများအတွက် မှတ်သားစရာများရှိမည်ဟု ထင်သလို တိုက်ဆိုင်စစ်ဆေးစရာ အချက်အလက် တိုးလာတာကသေချာ၏။

လမ်းပြမြေပုံအစနှင့် အဆက်

ဆရာကျော်စောဟန်(မြန်မာပြည်ဖွားဂေါ်ရခါး)က ၎င်း၏ကောက်နှုတ်ဖော်ပြချက်ကို လမ်းပြမြေပုံ ၇ ချက်၏ အစနှင့်စဖွင့်သည်။ လမ်းပြမြေပုံအိုင်ဒီယာကို ဗိုလ်ချုပ်ကြီး ခင်ညွန့်က စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုထံမှ ရရှိခဲ့ခြင်းဟု ဆိုသည်။ လီကွမ်ယုက အတိုက်အခံအင်အားစုများကို စနစ်တကျ ကိုင်တွယ်ရန်၊ အစိုးရ၏ပုံရိပ်ကို တပ်မတော် အစိုးရသက်သက်မှ အရပ်သားအစိုးရအသွင်ရှိသောပုံစံသို့ ပြောင်းယူရန်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပြန်လည်ဆက်ဆံရန် ဗိုလ်ခင်ညွန့်ကိုအကြံပေးခဲ့ကြောင်း သိရသည်။

ယင်းအကြံပြုချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲ အလုပ်လုပ်လို့ရမည့် နည်းလမ်းတခုရှာရန် သွယ်ဝိုက်ပြောလိုက်ခြင်းဟု ဗိုလ်ခင်ညွန့်က နားလည်သည်တဲ့။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပွင့်ပွင့်လင်းလင်းမပြောရဲခဲ့။၂၀၀၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြား ကုလကိုယ်စားလှယ်မှတဆင့် ညှိနှိုင်းနေချိန်ကျမှ လီကွမ်ယုအကြံပြုချက်က စ ပုံပေါ်လာသည့် လမ်းပြမြေပုံကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြခဲ့သည်တဲ့။ နောက်ပိုင်း ဒီပဲယင်းအကြမ်းဖက်မှုအပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မီးစိမ်းပြမှ လမ်းပြ မြေပုံကို ပြည်သူထံ အသိပေးခဲ့သည် တဲ့။

ယင်းလမ်းပြမြေပုံအကြောင်းမှသည် ဘာကိုသွားတွေ့ရသလဲဆိုတော့ စစ်အစိုးရထဲတွင် အထက် အောက်ခေါင်းဆောင်အဆင့်ပင်လျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တခွန်းကို ပြန်မေးခွန်း မထုတ်ဝံ့သော အကြောက်တရားနှင့် ဒေါင်ဒေါင်မြည် အာဏာရှင်ပီသသောဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဘောထား တင်းမာမှုဖြစ်သည်။

တချိန်က လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်/Reuters

ဦးသိန်းစိန် အထိုင်ပေါ်မှနေ၍

ကောက်နှုတ်ချက်၏နောက်တခန်းမှာ သူရဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့၏ တိုက်ပွဲများအကြောင်းဖြစ်သည်။ စာတမ်းရှင်ဦးရဲထွဋ်က ဦးသိန်းစိန်မှန်သည်ဆိုသော အထိုင်ပေါ် စိန်ပြေနပြေ ထိုင်ချလိုက်ပြီးမှ ဦးရွှေမန်းနှင့် ဦးသိန်းစိန်တိုက်ပွဲများကို ကြည့်ရှုရေးသားထားသလိုဖြစ်သဖြင့် ဦးသိန်းစိန် တဖက်သတ်မှန်နေခြင်းများကိုသာ တွေ့ရသည်။

ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူများက ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့၏တိုက်ပွဲကို လွှတ်တော်နှင့် အစိုးရ အပြန်အလှန်ထိန်းကျောင်းမှု အသက်ဝင်နေခြင်းနှင့် ပြဿနာဖြစ်ချင်ယောင်ဆောင်နေခြင်းဟု ယူဆကြသော်လည်း ၎င်းတို့နှစ်ဦး၏ပဋိပက္ခမှာ အမှန်တကယ်ဖြစ်ပွားခဲ့ကြောင်း ဦးရဲထွဋ်က ဆိုသည်ဟု သိရသည်။

အမှန်တကယ်ပင် ၎င်းတို့နှစ်ဦး၏တိုက်ပွဲများကို နိုင်ငံရေးအကဲခတ်များရော ပြည်သူများကပါ သံသယရှိခဲ့ကြသည်။ ဘာ့ကြောင့် သံသယရှိကြသနည်းဆိုသော် ၎င်းတို့နှစ်ဦးစလုံးမှာ စစ်အစိုးရခေါင်းဆောင်ဟောင်းများဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင်များကို ပြည်သူတို့က အယုံအကြည် မရှိသောကြောင့်ဖြစ်သည်။ နောက်ပိုင်း၊တိုက်ပွဲများပြင်းထန်လာသည့်အချိန်ထိပင် ဒါသည် ပြည်သူကို လှည့်စား အကွက်ဆင်နေတာဟု မြင်သူက မနည်းလှ။၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်ည၊ နာမည်ကျော် သန်းခေါင်ယံအာဏာသိမ်းပွဲကျမှ သူတို့နှစ်ဦး၏ တိုက်ပွဲသည် အမှန်အကန်ဖြစ်ကြောင်း လက်ခံကြတော့သည်။

ယခုစာတမ်းကောက်နှုတ်ချက်တွင် ၎င်းတို့နှစ်ဦးကြား အားပြိုင်မှုများ၊ ပါတီဥက္ကဌထိုင်ခုံနှင့် ပါတီကို ထိန်းချုပ်ရန် ဦးရွှေမန်း၏ခြေလှမ်းတို့ကို ဖော်ပြထားသော်လည်း သမိုင်းဝင်အမည်းစက်ကြီးဖြစ်သော သန်းခေါင်ယံ အာဏာသိမ်းမှုအကြောင်းဖော်ပြထားခြင်း မရှိပေ။ မူရင်းစာတမ်းတွင် ယင်းအကြောင်း ဦးရဲထွဋ် ရေးသားထားခြင်း မရှိသဖြင့် စာတမ်းကောက်နှုတ်ချက်၌ မဖော်ပြခြင်းလည်းဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့၏ တိုက်ပွဲအကြောင်းပြောမည်ဆိုပါက ယင်းသည် ပါကိုပါရမည့်အရေးကြီးအကြောင်းတရပ် ဖြစ်သည်။ အကြောင်းမှာ ပါတီတွင်းပြဿနာကို လက်နက်အားကိုးဖြင့် အာဏာသိမ်းခဲ့ခြင်း ကြောင့် ဖြစ်သည်။ ယနေ့အချိန်ထိ အမြင့်ဆုံး တာဝန်ရှိသူ မည်သူလဲဟု ထုတ်မပြောကြသေးသော်လည်း ဦးသိန်းစိန်ဘက်ခြမ်းမှ အာဏာသိမ်းခဲ့ခြင်းကိုမူ ငြင်းလို့မရပေ။ ထို့ပြင် ဦးသန်းရွှေ၏သဘောထားမပါဘဲ လုပ်ရဲပါ့မလားဟုလည်း မေးခွန်းထုတ်မှုများ ရှိသည်။

အာဏာအသိမ်းခံရသူ ဦးရွှေမန်းကိုယ်တိုင်ကလည်း ၎င်းကိုယ်တိုင်ရေး ‘သူ၊ ကျွန်တော်နှင့်မြန်မာနိုင်ငံ့အရေး’စာအုပ်ထဲတွင် အာဏာသိမ်းရခြင်းအကြောင်းနှင့် အာဏာသိမ်းမှု အဓိကတာဝန်ရှိသူကို ထုတ်ဖော် ရေးသားခဲ့ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေ ယင်းအာဏာသိမ်းမှုက ဦးရွှေမန်း၏ပြည်ခိုင်ဖြိုးအိပ်မက်ကို အဆုံးသတ်ပေးလိုက်သလို အရေးကြုံလာလျှင် အကျင့်ပါနေသောလက်က သေနတ်ဆီ အလိုလိုရောက်နေတုန်းပါလားဟု ထိုအချိန်ကပြည်ခိုင်ဖြိုးခေါင်းဆောင်တို့၏ အမူအကျင့်ကို ပြည်သူတို့မြင်ခွင့်ရခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံရှေ့က ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်/Reuters

ဒီချုပ်နှင့် ရွေးကောက်ပွဲလမ်း

ကောက်နှုတ်ချက်၏နောက်ထပ် ခေါင်းစဉ်ငယ်တခုမှာ ‘၂၀၀၈ အခြေခံဥပဒေ၏ အားနည်းချက်များ’ ဖြစ်သည်။ ယင်းခေါင်းစဉ်ငယ်အောက်မှ မှတ်သားစရာဆိုလို့ တခုသာရှိသည်။ ယင်းမှာ၂၀၀၈ အခြေခံဥပဒေ ရေးသားသူများက အနာဂတ်သမ္မတမှာ ဗိုလ်သန်းရွှေသာဖြစ်လာလိမ့်မည်ဟု တွေးထင်ထားသောကြောင့် အ ခြေခံဥပဒေ၌ အပြန်အလှန်ထိန်းကျောင်းရေးကိစ္စများကို လေးနက်စွာ ထည့်သွင်းစဉ်းစားခဲ့မှုမရှိဟု ဆိုထား ခြင်းဖြစ်သည်။ ထားတော့။

နောက်ထပ်ခေါင်းစဉ်ငယ်တခုကျတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ် မြောက်လာပြီးနောက်မှစ၍ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှသည် လွှတ်တော်ထဲ ရောက်ရှိလာခြင်းဆိုင်ရာ အပိုင်းအစအချို့ဖြစ်သည်။

အားလုံးသိကြသည့်အတိုင်း နာဂစ်ကြောင့် ပြည်သူသိန်းနှင့်ချီသေဆုံးခဲ့သဖြင့် တတိုင်းပြည်လုံး ပူဆွေးသောကရောက်နေချိန်တွင် အာဏာရှင်ကြီး စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေကို အချိန်မဆိုင်းဘဲ မရမနေ အတည်ပြုခဲ့သည်။ ယင်း၏အဆက်မှာ၂၀၁၀ ရွေးကောက်ပွဲ။၂၀၁၀ ရွေးကောက်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်လိုပါက ဒူးထောက်လက်မြှောက်ပြီးမှ ဝင်ဟူ၍ ပြောနေသလိုမျိုး ကန့်သတ်ချက်မျိုးစုံဖြင့် ရွေးကောက်ပွဲဖြစ်သည်။ပြောရလျှင် ဒီချုပ်ရွေးကောက်ပွဲ လုံးဝမဝင်ချင်အောင် ဂွင်မျိုးစုံချ ပိတ်ထားသောရွေးကောက်ပွဲ။ ချည်ပြီးတုပ်ပြီးသားရွေးကောက်ပွဲ ဟုဆိုလျှင်လည်း မမှားပေ။

ရွေးကောက်ပွဲပြီးလို့ တပတ်ကြာ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်မှ လွှတ်ပေးသည်။ အစိုးရ အာဏာကို ရွေးကောက်ပွဲနည်းလမ်းဖြင့် ပြည်ခိုင်ဖြိုး အမိအရ ဆုပ်ကိုင်နိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့သည်။ ထို့နောက် ရွေးကေက်ပွဲလမ်းကြောင်းပေါ်သို့ ဒီချုပ်တက်လာသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ၂၀၀၈ အခြေခံဥပဒေကို မည်မျှလက်မခံဟု ရှိစေ၊၂၀၀၈ အခြေခံဥပဒေအရဖြစ်ပေါ်လာသော ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းသည် အခြေခံဥပဒေကို ကာယကံမြောက် လက်ခံလိုက်ခြင်းဖြစ်သလို ဒီချုပ်လွှတ်တော်ထဲရောက်လာမှ နိုင်ငံတကာ၏မေးခွန်းထုတ်သံများ လျော့ပါးလာပေမည်။ ထို့ပြင် ၂၅ ရာခိုင်နှုန်း အသာရနေသလိုဖြစ်နေသော အခြေခံဥပဒေပြဌာန်းချက်အရ ဒီချုပ်သည် လွှတ်တော်တွင်းအတိုက်အခံအဆင့်ထက်ပို၍ အစိုးရအာဏာရစရာ အကြောင်းမရှိဆိုသည့်အမြင်လည်း နက်ရှိုင်းကြပုံရသည်။

ပြောရလျှင် နှစ်လရှည်ကြာ အစိုးရအာဏာ ပြည်ခိုင်ဖြိုးယူ၊ ဒီချုပ်ကအတိုက်အခံဘ၀ဖြင့် နိုင်ငံတကာ အပြစ်ပြောရခက်သော ဒီမိုကရေစီလမ်းကြောင်း ဖြစ်လာသည်။ ယင်းလမ်းကြောင်းကို အာဏာရှင်ကြီး၏ မဟာဗျူဟာမြောက် ဒုတိယအကြိမ် ဆုတ်လမ်းဟု အများက နားလည်ခဲ့ကြသည်။ သို့သော် ဦးရဲထွဋ်စာတမ်းကောက်နှုတ်ချက်ကို ဖတ်ရသည့်အချိန်မှ ယင်းမဟာဗျူဟာမြောက်ဆုတ်လမ်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မဆိုင်မှန်း သိတော့သည်။

“၂၀၁၁ခုနှစ် ဇူလိုင်လ မနက်ပိုင်းတခုတွင် ဦးသိန်းစိန်က ဝန်ကြီးဦးစိုးသိန်းနှင့် ဝန်ကြီးဦးအောင်မင်း တို့ကို သမ္မတအိမ်တော်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်။ Myanmar Egress အဖွဲ့ဝင်များလည်း ထိုတွေ့ဆုံမှုတွင် ပါဝင်ခဲ့ပြီး NLD အား နိုင်ငံရေးဖြစ်စဉ်ထဲသို့ ပါဝင်လာအောင် ခေါ်ဆောင်ရန်ကိစ္စများ ဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုများစွာအပြီး သမ္မတက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးကာ ဖြစ်ပွားနေသော နိုင်ငံရေး အကျပ်အတည်းမှ ကျော်လွှားနိုင်ရန် ဆုံးဖြတ်ခဲ့သည်”ဟု ဆရာကျော်စောဟန်(မြန်မာပြည်ဖွားဂေါ်ရခါး) က ကောက်နှုတ်ဖော်ပြထားသည်။

အထက်ပါအဆိုအရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကို လွှတ်တော်နိုင်ငံ ရေးလမ်းကြောင်းသို့ရောက်ရှိစေခြင်းမှာ ဦးသိန်းစိန်၏ဆုံးဖြတ်ချက်ဟု နားလည်ရပေသည်။

ယင်းဆုံးဖြတ်ချက်ကို ပြည်ခိုင်ဖြိုးဗဟိုကော်မတီအစည်းအဝေးသို့ တင်ပြခဲ့ရာ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဟောင်း ဦးမောင်သောင်းနှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးလွန်းသီ တို့က ကျားသေကို အသက်သွင်းပေးရာရောက်ကြောင်းပြောကာ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။ ဦးရွှေမန်းကမူ ဆက်ကပ်ပွဲများတွင် ကျားများကိုကြာပွတ်နှင့်ထိန်းသိမ်းကြောင်း ၎င်းအနေနှင့်ဒေါ် အောင်ဆန်းစုကြည်ကို ထိန်းသိမ်းနိုင်သည်ဟုဆိုကြောင်း သိရသည်။

တချိန်က လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်/Reuters

အိပ်မက်များပြိုလဲပြီးနောက်

အားလုံးသိသည့်အတိုင်း ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူတို့က ပြည်ခိုင်ဖြိုးအိပ်မက်ကို ပြတ်သား သော မဲရလဒ်ဖြင့် အဆုံးသတ်ပေးလိုက်သည်။ ဦးသိန်းစိန်မှာ နိုင်ငံရေးကန့်လန့်ကာကို သူ့ဘာသာ တိတ်တိတ်ဆိတ်ဆိတ် ချသွားသလို သူအပြုတ်တိုက်ခဲ့သော ဦးရွှေမန်းမှာလည်း ရွေးကောက်ပွဲရှုံးခဲ့သည်။

ဆရာကျော်စောဟန်(မြန်မာပြည်ဖွားဂေါ်ရခါး)၏ စာတမ်းကောက်နှုတ်ချက်တွင် ဦးရွှေမန်းနှင့်ဦးသိန်းစိန်ကြား ပဋိပက္ခပြင်းထန်လာချိန်၌ ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့က ဦးသန်းရွှေထံချဉ်းကပ်ကာ ကြားဝင်ပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်း၏အကြံပြုချက်ကို နားမထောင်ပါက မျက်နှာပျက်ရရုံသာရှိမည်ဟုဆိုကာ ငြင်းဆိုခဲ့ကြောင်း၊ သို့သော် ယင်းတခုတည်းကြောင့်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား လွှတ်တော်နိုင်ငံရေးလမ်းကြောင်းသို့ ခေါ်ယူလာခဲ့ခြင်းအတွက် ဦးသိန်းစိန်အား အပြစ်ပေးချင်ခဲ့ ကြောင်း ဖော်ပြထားသည်။

ဆိုလိုချက်က ဒီချုပ်နှင့်ပတ်သက်၍ ဦးသိန်းစိန်၏ဆုံးဖြတ်ချက်တွင် ဦးသန်းရွှေသဘောထားမပါသလို လုံးဝလည်း သဘောမတူခဲ့ပေ။ ထို့ကြောင့် သူလက်မခံနိုင်သော ဆုံးဖြတ်ချက်ကို ချသည့် ဦးသိန်းစိန်အား အပြစ်ပေးသည့်အနေနှင့် ဦးရွှေမန်းနှင့်တိုက်ပွဲတွင် ထိုင်ကြည့်နေခြင်းဟု နားလည်ရပါသည်။

ဦးရဲထွဋ်၏အရေးအသားအရ ဦးသန်းရွှေ၏သဘောထား သို့မဟုတ် ဦးသန်းရွှေ၏ မဟာဗျူဟာမြောက် ဆုတ်လမ်းကို နောက်တမျိုးထပ်ပြောရသော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်မပါသော ဆုတ်လမ်းဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အစိုးရမဖွဲ့နိုင်မှာ လုံး၀သေချာသော အင်အားချိနဲ့သည့် အတိုက်အခံများကိုသာ လက်ခံပြီး ဒီချုပ်ကို ပြတ်ပြတ်သားသားငြင်းဆန်ကာ ရာသက်ပန်ပြည်ခိုင်ဖြိုးပါတီ အာဏာပိုင်စိုးရေး(သို့မဟုတ်) လူမြင်ကောင်းရုံ ဒီမိုကရေစီအရေခြုံခိုင်းလိုက်ခြင်းဟု ယူသော်ရသည်။

ဆရာကျော်စောဟန်(မြန်မာပြည်ဖွားဂေါ်ရခါး)က သူ့ဆောင်းပါးကို ယခုလို အဆုံးသတ်ထားသည်။ “နောက်ပိုင်းတွင် ဦးသန်းရွှေက ‘ဦးသိန်းစိန်က ပျော့ညံ့သည်။ ဦးရွှေမန်းက သစ္စာဖောက်၊ ဦးစိုးသိန်းနှင့် ဦးအောင်မင်းက CIA agent တွေ အတိုင်းပဲ”ဟု မှတ်ချက်ပေးခဲ့သည်တဲ့။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဦးသန်းရွှေတယောက် အကြီးအကျယ် ခံစားလိုက်ရပုံပေါ်သည်။ ထို့ပြင် ဦးသန်းရွှေနှင့် တိုက်ရိုက်ထိတွေ့နိုင်သော ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်များ အားလုံးနီးပါး ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အနားယူသွားပြီး ဒုတိယအဆင့်ခေါင်းဆောင်များ ပါတီ၏ဦးဆောင်မှုနေရာ ရောက်လာခြင်းက ဦးသန်းရွှေနှင့်ပြည်ခိုင်ဖြိုးကြား ပို၍ဝေးသွားပုံရသည်။ ဦးသန်းရွှေအနေနှင့် သူ့စိတ်ကြိုက် ပုံအောခဲ့သော ပြည်ခိုင်ဖြိုးပါတီအပေါ်လည်း လုံး၀ စိတ်ကုန်သွားပုံရသည်။

(လင်းဆက်ငြိမ်းချမ်းသည် ရန်ကုန်အခြေစိုက် သတင်းစာနှင့် ဂျာနယ်များတွေ နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဆောင်းပါးရှင်တဦးဖြစ်သည်။)

You may also like these stories:

ကျမတို့ ဒီမိုကရေစီက မပြီးပြည့်စုံသေးဘူး

မြန်မာနိုင်ငံ တိုးတက်ဖို့ နှစ် ၆၀ နိုင်ငံရေး စက်ဝန်းကို ချိုးဖျက်ဖို့ လိုသည်

ဗိုလ်ချုပ်ကြီးနေဝင်း၏ ဘက်မလိုက်မူဝါဒကို ဒေါ်အောင်ဆန်းစုကြည် ဆက်ခံကျင့်သုံးနေသလား

The post ဦးရဲထွဋ်ပြောတဲ့ ဦးသန်းရွှေ appeared first on ဧရာဝတီ.

နာဂတောင်တန်းရဲ့ တိမ်လွှာတွေကြားက လေရှီးမြို့

$
0
0

မကြာခဏ ဆိုသလို နှင်းမိုးတွေ ရွာပြီး တိမ်ခိုးတွေ ထူထဲစွာရှိနေတဲ့ နာဂတောင်တန်းကြီးတွေရဲ့ ကျောက်သား နံရံတွေမှာ တွယ်ကပ်ပြီး ဆောက်ထားတဲ့ အိမ်တွေရှိနေတဲ့ နေရာကတော့ နာဂမျိုးနွယ်စု အများအပြား နေထိုင်တဲ့ လေရှီးမြို့ ဖြစ်ပါတယ်။

တောင်တန်းတွေ အထပ်ထပ်ရှိနေတဲ့ နာဂတောင်တန်းကြီးက အပြာရင့်ရောင် မှသည် အပြာနုရောင်ကို တဖြည်းဖြည်းပြောင်းလဲသွားတာကို တစိမ့်စိမ့်ကြည့်ရတာဟာ ပန်းချီကားတချပ် ကြည့်နေရသလိုပါပဲ။

လေရှီးမြို့ဟာ တိမ်ခိုးတိမ်ငွေ့တွေက တောင်တန်းကြီးကို ဝိုင်းပတ်ထားပြီး သစ်တောတွေ ဖုံးလွှမ်းကာ မိုးတိမ်တိုက်တွေ အမြဲ ဖုံးလွှမ်းထားတဲ့ ဒေသတခုလည်း ဖြစ်တယ်။

မြန်မာနိုင်ငံအနောက် မြောက်ဘက်ပိုင်းမှာရှိတဲ့ လေရှီးမြို့က စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသထဲမှာ ရှိပြီး ချင်းတွင်းမြစ် အနောက်ဖက် ၄၂ မိုင် အကွာ ပင်လယ်ရေမျက်နာပြင်အထက် အမြင့်ပေ ၄၄၄၃ မှာ တည်ရှိတယ်။

လေရှီးမြို့ရဲ့အရှေ့မှာ ခန္တီးမြို့၊ အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ၊ တောင်ဘက်မှာ တမူးမြို့ နဲ့ မြောက်ဘက်မှာ လဟယ်မြို့ ရှိပါတယ်။ လဟယ်ကနေ ဆက်သွားလို့ရတဲ့ နန်းယွန်းဒေသက ကချင်ပြည်နယ် တနိုင်းနဲ့ နီးပါတယ်။

လေရှီးမြို့ရောက်တာနဲ့ ပထမဆုံး သတိထားမိတာက ဘယ်မြို့နယ်နဲ့မှ တဆက်ထဲ မရှိတာကြောင့် မျိုးနွယ်စု ရွာတွေကလွဲရင် အနီးအနား သွားရောက် လည်ပတ်စရာမရှိတဲ့အတွက် တကယ့်ကို အထီးကျန်ဆန်တဲ့ နေရာလို့ ထင်ရတဲ့ မြို့လေးပါ။ လေရှီးနဲ့အနီးဆုံးကတော့ အိန္ဒိယ Naga Land ဖြစ်ပြီး အဲဒီဘက်ကို ဆိုင်ကယ်နဲ့ ၂ နာရီခန့်သွားရင် ရောက်နိုင်ပါတယ်။

နာဂလူမျိုး တော်တော်များများက ပြောကြတာက လေရှီးမြို့က သူဌေးတွေ ဖြစ်တာကြောင့် သီးသန့်နေတာလို့ နေကြတာလို့ ရယ်မောစရာအဖြစ် ပြောကြတယ်။ သူက အိန္ဒိယနယ်စပ်နဲ့နီးတဲ့အတွက် အဲဒီဘက်ကို အသွားများပြီး ဗမာစကားထက် အင်္ဂလိပ်စကားကို အသုံးများပါတယ်။

နာဂရဲ့မြို့တော်တွေဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့စတဲ့မြို့တွေထဲမှာမှ လဟယ်ကို ခန္တီးကနေ ကားနဲ့ သွားနိုင်သလို နန်းယွန်း၊ ပန်းဆောင်စတဲ့ မြို့ငယ်လေးတွေဆီလည်း လမ်းကြုံ ဝင်သွားလို့ရပါတယ်။ လေရှီး မြို့ကတော့ ထမံသီတောရိုင်းထဲက ကျောက်ဆောင်ပေါ်မှာ သီးခြားတည်ရှိနေတဲ့ မြို့ငယ်လေးပါ။

လေရှီးမြို့မှာ မြို့မမြို့နယ်နဲ့ အမှုထမ်းမြို့နယ် ၂ ခုရှိပြီး ထိုမြို့နယ် ၂ ခုမှာ ရပ်ကွက် ၅ ခု၊ ကျေးရွာ အုပ်စု ၁၉စုနဲ့ ကျေးရွာပေါင်း ၇၂ ရွာရှိတယ်။ အိမ်ခြေစုစုပေါင်း ၅၀၀ လောက်သာရှိပါတယ်။ အမှုထမ်းရပ်ကွက်မှာ အစိုးရရုံး အများအပြားရှိတဲ့အတွက် လေရှီးမှာ ဗမာ အများဆုံးနေတဲ့ ရပ်ကွက်လို့ ပြောလို့ရပါတယ်။

လေရှီးမြို့မှာ နာဂလူမျိုးတွေရဲ့မျိုးနွယ်စု အများဆုံးရှိရာ နေရာဖြစ်ပြီး ဗမာနှင့် ရှမ်းလူမျိုးတွေကတော့ အနည်း ငယ် ရှိတာကိုလည်း တွေ့ရတယ်။ မြို့ငယ်တခု ဖြစ်တာမို့ တနေရာနဲ့ တနေရာကို ခြေကျင်သွားလာကြတာသာ များတယ်။

လေရှီးကို ဖြတ်သန်းပြီး ချင်းတွင်းမြစ်ထဲစီးဝင်သွားတဲ့ နန့်သလက်ချောင်း၊ နန့်ဝယ်ချောင်းနဲ့ နန်ခန်ချောင်းလေး တွေလည်း ရှိတယ်။

လေရှီးမှာတော့ ဟိုတယ် ၁ ခုသာ ရှိပြီး နိုင်ငံခြားသားတွေ အများဆုံး လာတည်းကြတယ်။ တည်းခိုစရိတ်က လည်း ၂၅၀၀၀ ကျပ်လောက်ပဲ ရှိတာကြောင့် ပွဲတော်ရက်တွေဆိုရင် အခန်းပြည့်တယ်လို့သိရပါတယ်။

ရန်ကုန်ကနေ လေရှီးကို ဘယ်လိုသွားမလဲ

ရန်ကုန်ကနေ လေရှီးမြို့ကို သွားမယ်ဆိုရင်တော့ အချိန် ၂ ရက်ကျော် ကြာပါတယ်။ အရင်ဆုံး ရန်ကုန်ကနေ မန္တလေးကို ညဘက် ထွက်တဲ့ကားစီးရင် မန္တလေးကို မနက် ၆ နာရီလောက် ရောက်မှာ ဖြစ်ပါတယ်။ အဲဒီက နေမှတဆင့် မန္တလေး – ခန္တီးလေယာဉ်စီးမယ် ဆိုပါက ညနေပိုင်း လေယာဉ်နဲ့ သွားရပြီး ခန္တီးမှာ တည အိပ်ရမှာပါ။

ခန္တီးကို ရောက်ပြီဆိုတာနဲ့ ရန်ကုန်ဘက်နဲ့ မတူတဲ့ အေးစိမ့်စိမ့်ရာသီဥတု ကို စတင် ခံစားနေရတော့မှာ ဖြစ်ပါတယ်။

မန္တလေး- ခန္တီး လေယာဉ်တွေက မြန်မာလေကြောင်းလိုင်း၊ ကမော္ဘဇနဲ့ သံလွင်လေကြောင်းလိုင်းတွေရှိပြီး သတိပြုရမယ့် အချက်က အပြန်အတွက် ကြိုတင် လက်မှတ် ယူထားဖို့ လိုပါတယ်။ ခန္တီးကနေ မန္တလေးကို အပြန်လက်မှတ်ရဖို့ ခက်ခဲပါတယ်။ လက်မှတ်ဈေးတွေကတော့ ၇၅၀၀၀ ကျပ် ဝန်းကျင်ရှိတယ်။

ကားဖြင့်သွားမယ် ဆိုရင်တော့ မန္တလေးကနေ ဟုမ္မလင်းကို ကားထပ်စီးပြီး အဲဒီမှာပဲ တညအိပ်ရပါမယ်။ နောက်တနေ့ မနက်အစောပိုင်း ချင်းတွင်းမြစ်ကြီးကို ဖြတ်ဖို့ စက်လှေ(အမြန်ယာဉ်) စီးရပါမယ်။ ခန္တီးကစီးရင် ၄နာရီ ခန့်ကြာနိုင်ပြီး ဟုမ္မလင်းက စီးရင် ၆နာရီခန့် ကြာနိုင်ပါတယ်။

ရေလမ်းကသွားရင်တော့ လမ်းတလျှောက် ရှုခင်းတွေကြည့်ချိန် ပိုပြီး ရနိုင်ပါတယ်။ စက်လှေစီးချိန်မှာတော့ ဆက်သွယ်ရေးလိုင်းတွေဟာ ဧရိယာ ပြင်ပ ဖြစ်နေတတ်ပါတယ်။ စက်လှေစီးခက အထူးတန်းဆိုရင် ၁ သောင်းကျပ် ပေးရပြီး ရိုးရိုးဆိုရင်တော့ ၅ ထောင် ပေးရပါတယ်။

အမြန်ယာဉ် စီးချိန်မှာတော့ ရန်ကုန်မှာ ဘတ်စ်ကား စီးရတာနဲ့ နှိုင်းယှဉ်ပြောရစတမ်းဆိုရင် အမြန်ယာဉ် ကိုလည်း လမ်းတလျှောက်မှာ ကမ်းကပ်ခိုင်းပြီး တားပြီး စီးလို့ရတာက စီးနေကျ မဟုတ်တဲ့သူတွေ အတွက် ထူးဆန်းတဲ့မြင်ကွင်းလို့ ဆိုရမှာပါ။

ဒေသခံတွေဟာ လှေနဲ့သွားလာ ဖြတ်သန်းရာ လမ်းတလျှောက်မှာ ရေလမ်းဈေးသည်တွေလည်း ရှိတာကြောင့် ဝယ်ယူ စားသောက်ကြတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် စားသောက်ပြီး ကျန်တဲ့ အမှိုက်နဲ့ စားကြွင်းစားကျန်တွေကို ချင်းတွင်း မြစ်ထဲ ပစ်ချတာတွေ မြင်တွေ့ရတာတော့ စိတ်မသက်သာစရာပါပဲ။

နောက်တခု သတိထားရမှာက နာဂဒေသကို သွားဖို့ စက်လှေစီးမယ်ဆိုရင် နိုဝင်ဘာ၊ ဒီဇင်ဘာလ တွေဟာ ရေခမ်းတဲ့အချိန် ဖြစ်တဲ့အတွက် စက်လှေရှိ၊ မရှိ စုံစမ်းပြီးမှ သွားဖို့လိုပါတယ်။ အဲဒီကာလဆိုရင် လေရှီးမြို့က ရေတွေ စခဲနေပါပြီ။

ရေလမ်းကြောင်းကို ဟုမ္မလင်းက လာလာ၊ ခန္တီးက လာလာ ထမံသီကို ရောက်မှာဖြစ်တယ်။ ထမံသီကို ရောက်တဲ့အချိန်က နေ့လည်ထမင်းစားချိန်လည်း ဖြစ်နိုင်တာကြောင့် ခေတ္တနားပြီးမှ လေရှီးမြို့ကို ခရီး ဆက်သင့်ပါတယ်။ တခုသတိထားစေချင်တာကတော့ လမ်းခရီး အလွန် ကြမ်းတမ်းတဲ့အတွက် ကားမူးတတ် သူတွေ အနေနဲ့ ဆေးတခွက် ကြိုတင် သောက်ပြီးမှ တက်သင့်ပါတယ်။

ထမံသီ – လေရှီးလမ်းက အကွေ့အကောက်တွေ များလွန်းပြီး အင်မတန် လမ်းကြမ်းတယ်။ တောတောင်ထူပြီး တောရိုင်းပန်းတွေ၊ သားငှက်တွေနဲ့ ကျောက်တောင်ကြားက ကျလာတဲ့ ချောင်းမြောင်းတွေကလည်း ငေးမော မဆုံးနိုင်အောင်ကို သဘာဝ အလှတွေနဲ့ ပြည့်စုံတယ်။

သစ်ပင်ကြီးတွေကြားမှာပေါက်နေတဲ့ သဘာဝတောရိုင်းပန်းလေးတွေဟာ ခရမ်းရောင်၊ အဖြူရောင်၊ အနီရောင် စတဲ့ အရောင်စုံတဲ့ ပန်တွေက ပုံသဏ္ဍန် မျိုးစုံနဲ့ သူ့ထက်ငါ အပြိုင်လှနေကြတယ်။ အမျိုးအမည် မသိနိုင်တဲ့ အရောင်စုံ ငှက်တွေလည်း တွေ့ရတယ်။

နာဂ ဒေသက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မ၅၆(ခ) အတိုင်း သယံဇာတ မထွက်တဲ့ တိုင်းရင်း သား ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာကြောင့် နာဂဒေသက လက်ရှိမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တခု ဖြစ်နေပါတယ်။

 

မြူများ ဖုံးလွှမ်းနေသည့် နာဂတောင်တန်းများ/လဲ့လဲ့/ဧရာဝတီ

လေရှီးမြို့ရောက် အတွေ့အကြုံ

လေရှီးမြို့ကို ရောက်တဲ့အခါမှာတော့ ဒေသခံတွေဟာ ကျမတို့ ကြည့်ဖူးနေကြ ရုပ်ရှင်တွေထဲက လူရိုင်းတွေလို ပုံစံ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားမယ်လို့ ထင်ခဲ့ပေမယ့် သမာရိုးကျ မြန်မာအဝတ်အထည်ကို သာ ဝတ်ဆင်ကြတာ တွေ့ခဲ့ရပါတယ်။

ကျေးရွာတွေဘက်မှာတော့ ရိုးရာအိမ်၊ ရိုးရာဝတ်စုံတွေနဲ့ သူတို့ ဓလေ့အတိုင်း နေထိုင်နေကြဆဲဖြစ်တယ်လို့ လည်း မြို့ခံတွေ ရဲ့ အဆိုအရ သိရပါတယ်။

နာဂလူမျိုးတွေ ဆိုတာ

နာဂဆိုရင် ဘာလူမျိုးလဲလို့ မေးကြတာ ရှိသလို တချို့က ချင်းလူမျိုးတွေလို့ ပြောဆိုတဲ့အပေါ် နာဂလူမျိုးတွေက မကြိုက်ကြဘူး။ အဲဒါအပြင် နာဂလူမျိုးတွေက အရှက်ဖုံးရုံ ဝတ်စားကြတဲ့အတွက် သူတို့ကို ကျောက်ခေတ် လူသားတွေလို့ ပြောတာတွေရှိသလို လူသားစား လူရိုင်းတွေလို့ ပြောဆိုတာတွေလည်း တဆင့်စကားတွေအရ သိရတယ်။

အမှန်က နာဂလူမျိုးတွေက မရိုင်းပါဘူး။ အင်မတန် ယဉ်ကျေးပြီး ရိုးသားတဲ့လူမျိုး ဖြစ်ပြီး ဧည့်သည်လာရင် ပျော်ကြတဲ့ လူမျိုးတွေ ဖြစ်တယ်။

နာဂလူမျိုးတွေရဲ့ ထူးခြားတဲ့ နောက်တချက်က အကြမ်းဖက်ဆိုတဲ့ စကားလုံးပါပဲ။ တယောက်နဲ့ တယောက် အကြမ်းဖက်တာ မရှိဘူး။ ဒေါသနဲ့ ရန်ဖြစ်တာ အလွန်နည်းတယ်လို့သိရတယ်။

လေရှီးမြို့ ဒေသခံ/လဲ့လဲ့/ဧရာဝတီ

နာဂရှေးလူကြီး တဦးရဲ့ပြောပြချက်က ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ပြောစကားတွေအရ နာဂဆိုတာက “တောင်ပေါ်ဒေသမှာ နေထိုင်ကြတဲ့ အဝတ်မပါတဲ့လူ”လို့ အဓိပ္ပာယ် ရတယ်လို့ သိရတယ်။

နာဂလူမျိုးဆိုတာ မြန်မာနိုင်ငံရဲ့ ၁၃၅ မျိုးသော တိုင်းရင်းသားတွေထဲက ရိုးရာဓလေ့ ထုံးတမ်းစဉ်လာတွေရှိတဲ့ လူမျိုးစုဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှာ နေထိုင်တာ များပါတယ်။ အိန္ဒိယ Naga Landမှာ ငါးသန်းကျော် ရှိပြီး မြန်မာနိုင်ငံမှာတော့ ၁၀ ရာခိုင်နှုန်းသာရှိတယ်လို့ နာဂလူကြီးတဦးရဲ့ပြောစကားအရ သိရတယ်။

မြန်မာနိုင်ငံ အစိုးရက အသိအမှတ်ပြုထားတဲ့ နာဂမျိုးနွယ်စုတွေဖြစ်တဲ့ တန်ရှန်း၊ တောင်ကွန်၊ ကွန်ညှပ်၊ ခမ်မြူငမ်၊ လိုင်းနောင်၊ မကူရီ၊ ပါရာဆိုပြီး ၇ မျိုးရှိတယ်။ ဒီ ၇ ခုထဲမှာမှ ခွဲထွက်ထားတဲ့ မျိုးနွယ်စုပေါင်း ၅၀၊ ၆၀ လောက်ရှိပါတယ်။

တချို့သော နာဂလူကြီးတွေက နာဂလူမျိုးတွေက မွန်ဂိုလ်လီးယား လူမျိုးစုတွေကနေ ဆင်းသက်လာတာလို့ ပြောသလို တချို့က တိဗက်က လာတယ်လို့လည်း ဆိုကြတယ်။ လူမျိုးစုတခုရဲ့ သမိုင်းတွေကို တိတိကျကျ ပြန်ပြောနိုင်သူ မရှိတာကလည်း အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။

နာဂရဲ့ အထူးခြားဆုံးနေရာ ၂ ခု

နာဂမှာ အထူးခြားဆုံးနဲ့ နာမည်အကျော်ကြားဆုံး နေရာ ၂ ခု ရှိပါသေးတယ်။ ကမ္ဘာ့ အထူးခြားဆုံး ဟော်နန်းကို ပိုင်ဆိုင်တဲ့ နာဂစော်ဘွားကြီး တိုးညိုင်း ရှိပါတယ်။ တိုးညိုင်းစော်ဘွားရဲ့အိမ်ကတော့ မြန်မာ-အိန္ဒိယနယ်စပ် စည်းပေါ်၊ လဟယ်မြို့အနီးမှာ တည်ရှိတာပါ။ လဟယ်မြို့အနီး ကျေးရွာတွေမှာလည်း ထူးဆန်းတဲ့ ဓလေ့ တွေရှိတဲ့ ကျေးရွာတွေ အများကြီးရှိတယ်လို့ သိရတယ်။ သွားပြီး လေ့လာသင့်တဲ့နေရာပါပဲ။

နောက်ထပ် နာမည်ကျော် နေရာတခုကတော့ အမြင့်ဆုံးတောင်ဖြစ်တဲ့ စာရာမေရိတောင်( အမြင့်ပေ၁၂၅၅၂) တို့ ဖြစ်တယ်။

နာဂ နှစ်သစ်ကူးပွဲတော်

နှစ်စဉ် ဇန်နဝါရီလမှာ ကျင်းပမြဲဖြစ်တဲ့ နာဂနှစ်သစ်ကူးပွဲတော်ကို ၂၀၀၁ ခုနှစ်က စတင်ပြီး မြို့ ၃ မြို့မှာ အလှည့်ကျ ကျင်းပတယ်။ အရင်က နာဂဒေသရဲ့မြို့တော်တွေဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်ရဲ့ သွားလာရေးက ယခုထက်ပိုမို ခက်ခဲခဲ့ပါတယ်။ အခု လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့အချိန်မှာတော့ တခါတခေါက်တော့ ရောက်သင့်တဲ့ ဒေသဖြစ်တယ်။

တကယ်တော့ နာဂဒေသက အခြားဒေသကနေ သွားလာချင်ပေမယ့် နီးလျက်နဲ့ ဝေးနေရတဲ့ဒေသလို့ ပြောလို့ ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ တည်ရှိနေပေမယ့် သွားလာရေး ခရီးစရိတ်ကြီးလွန်းသလို အချိန်ပေး ရတာကြောင့် လူ ၁၀ ဦးမှာ ၇ ဦးက မရောက်ဖြစ်ပါဘူး။ နာဂနှစ်သစ်ကူးပွဲတော်တွေကို ဆိုရင် ပြည်တွင်း ဧည့်သည်တွေထက် နိုင်ငံခြားသားတွေသာ အများဆုံး သွားရောက်ကြပါတယ်။

ရာသီဥတု

လေရှီးမြို့ရဲ့ ရာသီဥတုကတော့ တောတောင်ထူလွန်းတာကြောင့် နွေရာသီမှာတောင် အနွေးထည် ဝတ်ထား ရပါတယ်။ တချို့ပိုက်ဆံရှိတဲ့ အိမ်တွေမှာ အပူပေးစက်တွေ တပ်ဆင်ထားတာ တွေ့ရတယ်။ သုံးရေကတော့ ဘယ်အချိန်ဖြစ်ဖြစ် ရေခဲရေ တမျှ အေးလွန်းနေတာပါပဲ။

နာဂတွေရဲ့ထုံးစံက အိမ်တိုင်းမှာ မီးဖိုတခုရှိပြီး ဘယ်သူလာလာ မီးဖိုကို ဝိုင်း ထိုင် စကားပြော စားသောက် ကြတယ်။ ဒီလိုလုပ်တာက ရင်းနှီးမှုကို ပိုလေးနက်စေတယ်လို့ ဆိုကြတယ်။

သောက်ရေကတော့ ထမံသီကနေ ရေသန့် ဝယ်သောက်ရတာကြောင့် သောက်ရေ ရှားတယ်လို့ ပြောလို့ ရပါတယ်။

လေရှီးမြို့က အစိုးရအထက်တန်းကျောင်း/လဲ့လဲ့/ဧရာဝတီ

ပညာရေးနဲ့ အလုပ်အကိုင်

လေရှီးဒေသက ပညာနဲ့ပတ်သက်ရင် အားပေးပါတယ်။ ကလေးတွေကို ပညာတတ်အောင် သင်ပြီး ဝန်ထမ်း လုပ်စေတယ်။ စားဝတ်နေရေး အရမ်းခက်ခဲတဲ့အတွက် ခေါင်းနဲ့ထမ်းရတာ၊ လက်နဲ့လုပ်ရတာက ပင်ပန်း သလောက် အကျိုးမရှိတဲ့အတွက် ဝန်ထမ်းလုပ်တာ များတယ်။

ဝန်ထမ်းမလုပ်တဲ့သူဆိုရင်တော့ ဆောက်လုပ်ရေးကန်ထရိုက် အနေနဲ့ လုပ်ကြတာရှိတယ်။ နေ့စားအလုပ်တွေ ရှိပေမယ့်လည်း အလုပ်လက်မဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ တချို့ကတော့ တောင်ယာလုပ်ကြတယ်။ ဒါပေမယ့် လေရှီးဒေသက လူငယ်တွေက ဘာသာ စကားအခက်အခဲကြောင့် ၁၀တန်းအောင်ဖို့ အရမ်း ခဲယဉ်းတယ် လို့ သိရပါတယ်။

ယခင်က လေရှီးမှာ ကျောင်းတွေ မရှိတဲ့အတွက် ဟုမ္မလင်းမှာ ကျောင်းသွားတက်ဖို့ လေရှီးကနေ ထမံသီကို ကားလမ်းမရှိတာကြောင့် လမ်းလျှောက်သွားပြီး စက်လှေနဲ့ကျောင်းတက်ကြရတယ်။

ကားနဲ့သွားရင် ၃ နာရီလောက်ကြာတဲ့ ခရီးကို လမ်းလျှောက် ကျောင်းတက်ရတဲ့အတွက် ပင်ပန်းလွန်းတာ ကြောင့် စာမေးပွဲဖြေဖို့ သွားရင် စာတောင်မေ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း ၉ တန်းရောက်ရင် ခန္တီးတို့ ဟုမ္မလင်း တို့မှာ ကျောင်းအိပ်ကျောင်းစားထားကြတာ များတယ်လို့ သိရပါတယ်။

နောက်ပြီး လေရှီးမှာ ဆယ်တန်းမအောင်ပေမယ့် ဗမာစကားနဲ့ စာအခြေခံ သင်ပေးနိုင်ရင် ဆရာမလုပ်လို့ ရတဲ့ အတွက် သင်တန်းပေးထားတဲ့ ဆွဲခန့်ဆရာမ အလုပ် လုပ်နေသူ ၁၅၀ ဦးခန့်ရှိတယ်။ အဲဒီအပြင့်် ရဲမေ အဖြစ် အလုပ်လုပ်နေတဲ့ နာဂအမျိုးသမီး (ယခုအပတ်စဉ်)မှာတင် ၃၇ ယောက်ရှိတယ်။ သူတို့တွေဟာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခြင်းတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

ယခင်က လေရှီးမှာရှိတဲ့ နာဂလူမျိုးတွေထဲမှာ အိန္ဒိယဘက်ခြမ်းမှာ ကျောင်းသွားပြီး တက်သူတွေ ရှိတယ်။ မြို့ပေါ်မှာ အထက်တန်းကျောင်း ၁ ကျောင်းနဲ့ မူလတန်းကျောင်းက ၃ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင် ပညာကျောင်းလည်း ရှိပါတယ်။

မလေးရှားတို့၊ စကာင်္ပူတို့မှာ အလုပ်သွားလုပ်တဲ့သူလည်း အယောက် ၂၀ လောက်ရှိတယ်လို့ သိရတယ်။

နာဂအမျိုးသမီးတွေက သူတို့သားသမီးတွေ ကျောင်းစရိတ်ရဖို့ တောထဲမှာ ဟင်းသီးဟင်းရွက်ရှာပြီး ၇ မိုင် လောက် ဝေးတဲ့နေရာကနေ ပစ္စည်းထမ်းပြီး လမ်းလျှောက် ဈေးလာရောင်းတဲ့ သူတွေ ရှိတယ်။

အဲဒီလို ရောင်းချသူတွေရဲ့ တနေ့တာ ဝင်ငွေက ၄၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်လောက်သာ ရတယ်လို့ သိရပါတယ်။

လေရှီးမြို့ရှိ နာဂယဉ်ကျေးမှုပြတိုက်/လဲ့လဲ့/ဧရာဝတီ

နာဂလူမျိုးတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှု

နာဂမှာက စကားသာရှိပြီး စာမရှိတဲ့အတွက် သမိုင်းကြောင်း အတိအကျသိဖို့ ခဲယဉ်းပါတယ်။ နောက်ပြီး နာဂ လူမျိုးတွေမှာက တဦးနဲ့ တဦး ဆက်သွယ်ဖို့ ဘုံအနေနဲ့ တိုင်းရင်းသားစကားလည်း မရှိတာကြောင့် ဘုံစကား တခုရဖို့ ကြိုးစားနေတယ်လို့ သိရတယ်။

လက်ရှိမှာတော့ အိန္ဒိယ Naga Landမှာသုံးတဲ့ Nagamis စကားကို အဓိက ဘုံစကား အနေနဲ့ သတ်မှတ် ထားပါတယ်။ အဲဒီ အတွက် ဖတ်စာ၊ သင်ရိုးညွန်းတမ်းတွေ လုပ်ဆောင်နေတယ်လို့ နာဂစာပေနဲ့ ယဉ်ကျေးမှု ထံမှ သိရတယ်။

မျိုးနွယ်စုတွေ အချင်းချင်းတွေ့ရင် သူတို့ဘာသာစကားနဲ့ ပြောလို့ရပေမယ့် မတူတဲ့မျိုးနွယ်စု ၂ စု တွေ့ရင် ပြောဖို့ခက်တဲ့အတွက် ဗမာစကားနဲ့သာ ပြောကြတယ်။ သို့ပေမယ့် နာဂလူမျိုးတွေက ဗမာစကားကို ရေလည် အောင် မပြောတတ်ကြပေမယ့် အင်္ဂလိပ်စကားကိုတော့ တော်တော်များများ သုံးစွဲပြောဆိုတာလည်း တွေ့ရတယ်။

ဒေသခံတို့သည် တောင်ယာသစ် လုပ်ကိုင်ချိန်တွင် တိရိစ္ဆာန်ဦးချိုကို နတ်ပူဇော်ပသကြသည်/လဲ့လဲ့/ဧရာဝတီ

နာဂတွေရဲ့ တောင်ယာပွဲ

နာဂလူမျိုး အများစုက တောင်ယာကို အဓိကထား လုပ်ကိုင်ကြတယ်။ နာဂတောင်တန်းက ကျောက်စိုင် ကျောက်တုံးတွေ ဖြစ်တာကြောင့် စီးပွားဖြစ် စိုက်ပျိုးဖို့ မြေနေရာ အခက်အခဲ ရှိပါတယ်။ အဲဒါကြောင့် မိသားစု စားဖို့လောက်သာ တပိုင်တနိုင် စိုက်ကြပါတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့အတွက်ကြောင့် သား၊ ငါးရှားပါးပြီး အသီးအရွက်များကိုလည်း ကိုယ်တိုင်စိုက်ပျိုးကာ စားသုံးကြတယ် လို့ သိရတယ်။

ပီလောပီနံဥ၊ မျောက်ဥ၊ သခွားသီး၊ ဂျင်း၊ မုန်ညှင်း၊ ဂေါ်ရခါးသီး တွေက အစ ယာခင်းထဲမှာ အလေ့ကျပေါက် ပင်တွေ ရှိသလို စိုက်ပျိုးထားတဲ့ အပင်တွေလည်း ရှိပါတယ်။ အဲဒါ အပြင် သစ်တော်သီး၊ ထောပတ်သီး၊ လိမ္မော်သီး တွေကို အဓိကစိုက်ပျိုးကြပြီး စပါးက တောင်ယာစပါးအပြင် လယ်စပါးလည်း စိုက်တယ်။

တောင်ယာနဲ့ ပတ်သက်တဲ့ ဓလေ့တခုကိုလည်း လေ့လာခွင့်ရခဲ့ပါသေးတယ်။ အဲဒါကတော့ နာဂလူမျိုးတွေဟာ တောင်ယာအသစ် လုပ်တဲ့အခါ နွားနောက်ကို သတ်ပြီး ဂျိုကို တောင်ယာအသစ် မှာ ပူဇော်ပသတာမျိုး တွေလည်း လုပ်တာရှိတယ်။

မိသားစု အလိုက် တောင်ယာနတ်ကို ပူဇော် ပသ သလို တစ်ရွာလုံး စုပေါင်းပြီး ပသတဲ့ နတ်ပွဲလည်းရှိတယ်။ မျိုးနွယ်စုတွေ မတူတဲ့အတွက် လုပ်ဆောင်တာလည်း မတူကြဘူးလို့ သိရတယ်။

ပူဇော်မှု အတွက် သတ်လိုက်တဲ့ နွားနောက်သား တချို့ကိုတော့ မိသားစုစားဖို့ ချန်ပြီး ကျန်တာ အားလုံးကို ရောင်းပါတယ်။ နွားနောက်ဟာ ရှားတာကြောင့် အဲဒီလိုနွားနောက်သား ရတဲ့အခါ အလုအယက် ဝယ်ကြရတယ်။

မျိုးနွယ်စုတိုင်းမှာ သူ့ရိုးရာနဲ့သူ ကောက်သစ်စားပွဲ လုပ်တာရှိတယ်။ အဲဒါက စပါးများများထွက်အောင် စောင့်ရှောက်ပေးတဲ့ တောင်ယာနတ်ကို ပူဇော်တဲ့ပွဲဖြစ်တယ်။ စုပေါင်းလုပ်တာ မဟုတ်ဘဲ ကိုယ့်မိသားစုထဲ မှာပဲ သီးခြားလုပ်ကြတာပါ။ ပြီးရင်တော့ အဲဒီလို နတ်ပူဇော်ထားတဲ့ မုန့်တွေကို အရပ်ထဲမှာ လိုက်ဝေပါတယ်။

ကောက်သစ်စားပွဲတွေမှာ တောကောင်တွေနဲ့ ပူဇော်ပသတာကလည်း တောကောင်တွေက သန့်ရှင်းတဲ့အတွက်ကြောင့် ပူဇော်ကြတာဖြစ်တယ်လို့ သူတို့ ယုံကြည်မှုကို ပြောပြပါသေးတယ်။

နာဂလူမျိုးတွေထဲမှာ ၈၀ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြတဲ့အတွက် ခရစ္စမတ်ကို အိမ်မှာပဲ လုပ်လေ့ရှိကြတယ်။ ရန်ကုန်မှာလို ပွဲတော်ကြီးတခုလိုမျိုး ကျင်းပပြုလုပ်တာ မရှိပါဘူးဘူးလို့ သိရတယ်။

နာဂတွေရဲ့ ထမင်းဝိုင်း

နာဂလူမျိုးတွေရဲ့ တောင်ယာဟင်းက ချက်ပြုတ်ရ လွယ်ကူသလို ဆီမပါ၊ ဟင်းချိုမှုန့် မပါဘဲ စားသောက် ကြတယ်။ အသား၊ငါး စတာတွေကို ကြာရှည်ခံအောင် ကျပ်ကင်ထားပါတယ်။

သူတို့ ချက်တဲ့ ဟင်းတမျိုးကို လေ့လာကြည့်တဲ့အခါမှာတော့ ကျပ်ကင်ထားတဲ့ အသားကို လက်နဲ့ဖဲ့၊ ငါးဆိုရင် မညှက်တညှက် ထောင်းတယ်။ အဲဒါတွေကို ပွက်ပွက်ဆူနေတဲ့ ရေထဲကို ပစ်ထည့်ပြီး စိုက်ထားတဲ့ ယာခင်း ထဲက အသီးတခုခု ဒါမှမဟုတ် အရွက်တမျိုးမျိုး ဒါမှမဟုတ် အသီးအရွက် ၃ မျိုးလောက်ကို ခူးပြီး ထည့်ပါတယ်။ အရသာအတွက် အိမ်မှာသိပ်ထားတဲ့ ပဲငပိနဲ့ ရွှေလှံဘိုငရုတ်သီးကို ထောင်းထည့်ပြီး အပေါ့အငန်အတွက် ဆား အနည်းငယ်သာ သုံးပါတယ်။

သူတို့ဒေသက သုံးတဲ့ ခရမ်းချဉ်သီးက မြေပြန့်ကလို နီရဲမနေဘဲ အဝါရောင် ခါးသက်သက် အရသာရှိတယ်။ အခါးအရသာက အသီးတိုင်းမှာ ပါပါတယ်။

နာဂလူမျိုးတွေ သုံးတဲ့၊ အမြဲစားတဲ့ ရွှေလှံဘိုလို့ ခေါ်တဲ့ ငရုတ်သီးက အရမ်းကို စပ်ပါတယ်။ ရွှေလှံဘိုငရုတ်ကို ဗမာတွေက ကုလားအော်သီးလို့ ခေါ်တဲ့အသီးနဲ့ တူပါတယ်။ ဒါပေမယ့် အရသာနဲ့ စပ်ပုံစပ်နည်းခြင်းက မတူညီပါဘူး။ နာဂလူမျိုးတွေက ရွှေလှံဘိုငရုတ်သီးကို မီးကင်ပြီး သုံးကြတဲ့ အတွက် ဗိုက်နာတာ၊ ရင်ပူတာမျိုး မရှိပါဘူး။

ချက်ပြုတ်ရင်လည်း လျှပ်စစ်မီးကို သုံးတာနည်းပြီး ထင်းကိုသာ ဦးစားပေးသုံးတာ တွေ့ရတယ်။ အဲဒီလို ထင်းရဖို့အတွက် တောထဲကို နေ့စဉ် ၁ နာရီနီးပါးလောက် လမ်းလျှောက်ပြီး ထင်းကောက်ကြတယ်။ ကလေးတွေဟာလည်း မိဘကို ကူတဲ့အနေနဲ့ ထင်းခြောက် ကောက်ရာမှာ ကူညီကြတယ်။

လေရှီးမြို့ရဲ့ လမ်းဘေးတွေမှာ စည်းကမ်းမဲ့ ပစ်ချထားတဲ့ အမှိုက်သရိုက် အလွန်နည်းတယ်။ ပစ္စည်းတွေကို ထုတ်ပိုးရာမှာလည်း ဖက်ရွက်သာ သုံးကြတယ်။

ကျန်းမာရေး

လေရှီးဒေသမှာတော့ ငှက်ဖျားနဲ့တီဘီရောဂါကတော့ တခြား ဒေသတွေထက် စာရင် အဖြစ် အများဆုံးပါ။ ငှက်ဖျားကတော့ ဒီရာသီဥတု အနေအထားအရ တောတောင်ထူထပ်တဲ့ ဒေသဖြစ်တာမို့ အဖြစ်များတယ်။ တိုင်းရင်းဆေး အနေနဲ့ ငှက်ဖျားပေါင်းဆေးတွေလည်း ရှိတယ်လို့ ကြေငြာထားတာတွေ့ပါတယ်။ နာဂလူမျိုးတွေ အနေနဲ့ တောတောင်တွေမှာ အလုပ်လုပ်ရတော့ အမြစ်ပြတ်ကုဖို့ကလည်း မလွယ်တော့ ရောဂါသက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတယ်လို့ ဆိုကြတယ်။

တီဘီရောဂါကတော့ အဓိကက လူနေမှုပုံစံနဲ့ တကိုယ်ရေသန့်ရှင်းမှုကြောင့်လို့ ဆိုရမှာပါ။ နေအိမ်တွေမှာ အထူးသဖြင့် နာဂရွာတွေက လူနေအိမ်တွေက ပြတင်းပေါက်မရှိဘူး။ အလုံပိတ်တဲအိမ်ထဲမှာ မီးဖိုပြီး နေတာကြောင့် မီးခိုးငွေ့တွေ ရှူမိပြီး တီဘီဖြစ်ကြတာရှိတယ်။တချို့ကတော့ မိသားစုထဲမှာ တီဘီဖြစ်တဲ့ သူကနေ တဆင့် ကူးစက်ခံရတာကြောင့် ဖြစ်တယ်။

နာဂလူမျိုးတွေက မျိုးဆက်ပြတ်မှာစိုးတဲ့အတွက် သားသမီး အများကြီးယူတဲ့ အစဉ်အလာရှိတယ်။ မိသားစု တခုမှာ သားသမီး အနည်းဆုံး ၅ ယောက် ရှိပါတယ်။ အရင်က ၁၀ ယောက်ကျော်အထိ ကလေးယူ ကြတယ်။ အခုနောက်ပိုင်းမှာ မီးဖွားရင်း သေတာတွေ ရှိတာကြောင့် အရင်လို ကလေးအများကြီး မယူကြတော့ဘူးလို့ သိရပါတယ်။

တောလိုက်တဲ့ ဓလေ့

နာဂလူမျိုးတွေက တောလိုက်ရင် သေနတ်အပြင် ဓားကိုလည်း မပါမဖြစ် ယူသွားလေ့ရှိတယ်။ အဲဒီဓားကို မိဘဘိုးဘွား အစဉ်အဆက် အမွေအဖြစ် တရိုတသေ ထားပါတယ်။

ရှေးယခင် ဂျပန်ခေတ်က နာဂလူမျိုးတွေကို နယ်မြေသတ်မှတ်ပေးပြီး သေနတ်တလက်ပေးကာ သူကြီးလုပ် အုပ်ချုပ်ခိုင်းတယ်လို့ သူကြီးလုပ်ခဲ့ဖူးတဲ့ နာဂလူကြီးက ပြောပါတယ်။ လက်ရှိမှာတော့ နာဂလူမျိုးတွေက တောင်ယာ လုပ်ကြတဲ့အတွက် တောကောင်တွေလာရင် ခြောက်လှန့်ဖို့ သေနတ် ကိုင်ဆောင်ခွင့် ပေးထား တယ်။

အဲဒီသေနတ်တွေက လက်လုပ်သေနတ်တွေဖြစ်ပြီး လိုင်စင်နဲ့ကိုင်တာ ဖြစ်တယ်။နောက်ပြီး သူတို့တွေက တော ကောင်တွေကို စီးပွားဖြစ် သတ်တာ မရှိပါဘူး။ သူတို့စားဖို့အတွက်ပဲ တောကောင်ဖမ်းတာရှိတယ်။ တချို့ဆို တောက်ချောက်ဆင်ပြီး ဖမ်းကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

နာဂဒေသက တောနက်တာကြောင့် တောကောင် အများအပြား ရှိတယ်။ ရှေးယခင်က လေရှီးမြို့ရဲ့ တောင်အောက်က ချိုင့်ဝှမ်းက ဝက်ဝံတွေ ကျက်စားတဲ့နေရာလို့ သိရတယ်။ အခုနောက်ပိုင်း တောကောင် လည်း ရှားလာတဲ့အတွက် အရင်လို တောလိုက်မုဆိုးတွေတောင် သိပ်ပြီး မရှိကြတော့ဘူးလို့ သိရတယ်။

နာဂတောင်တန်းမှာ အများဆုံးရှိတဲ့ တောကောင်တွေက ပြောင်၊ တောဝက်၊ ဂျီ၊ ဆတ်နဲ့ မျောက်တွေ အများ အပြား တွေ့နိုင်သေးတယ်လို့ ဆိုတယ်။ တောလိုက်တဲ့သူတွေကတော့ နေ့စဉ်သွားတာ မဟုတ်ဘဲ တပတ်မှာ တရက်လောက်သာ တောလိုက်ကြတယ်။

နာဂတောင်တန်းမှာရှိတဲ့ ပြောင်၊ အောက်ချင်း၊ မျောက်လွှဲကျော်၊ အောင်လံ၊ ဇာမဏီ၊ ရေကြောင်လို့ ခေါ်တဲ့ ဖျံအမျိုးအစား အမျိုးမျိုးလည်း ရှိတယ်။ တောတောင်နဲ့ ရှားပါးသားငှက် တိရိစာ္ဆန် အများဆုံးရှိရာ ဒေသလို့ ပြောလို့ရတယ်။

လေရှီးမြို့က မုဆိုးတဦးကတော့ “တောကောင်တွေကို မသတ်ဖို့ အစိုးရက မသတ်မှတ်ပါဘူး။ ကျနော်တို့ ရိုးရာ အရသာ ထိန်းသိမ်းခဲ့ကြတာပါ။ သားပေါက်ရာသီတွေမှာ တောကောင်လည်း မပစ်ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းသိမ်း ကြတာဖြစ်တယ်။”လို့ ပြောပြတယ်။

နောက်ပြီး နာဂလူမျိုးတွေရဲ့အယူအဆက ဆင်တွေကို လုံးဝမသတ်ဘူး။ သူများ လာသတ်လို့လည်း မရဘူး။ ဘာလို့လဲဆိုတော့ ဆင်က တောရိုင်းတိရိစာ္ဆန်တွေထဲမှာ အကြီးဆုံးသတ္တဝါဖြစ်ပြီး ဆင်သတ်ရင် ခိုက်တတ် တယ်ဆိုတဲ့ အယူရှိတာကြောင့် ဆင်မသတ်ကြဘူး။ ခိုးပြီး လာသတ်တာတွေတော့ ရှိတယ်လို့ ပြောကြတယ်။

နာဂလူမျိုးတွေရဲ့အိမ်တွေမှာ သားကောင်တွေရဲ့ဂျိုတွေကို အိမ်အပြင်မှာရော၊ အိမ်ထဲမှာပါ အလှဆင်ပစ္စည်း အနေနဲ့ ချိတ်ဆွဲကြတယ်။ အရင်ကတုန်းက နာဂမှာ ရိုးရာပွဲတော်တွေ အများကြီး ရှိပါတယ်။ တောလိုက်တဲ့ အချိန်မှာ မိလာတဲ့ အကောင်တွေ သတ်စားပြီး ဂျိုတွေကို အမှတ်တရ သိမ်းထားတယ်။

မင်္ဂလာဆောင်လိုမျိုး၊ အလှူပွဲတွေ စတာတွေမှာ ငွေကြေးအခြေအနေပေါ် မူတည်ပြီး အကောင်အကြီး အသေး မူတည်ကာ သတ်စားပြီး နောင်လာနောင်သားတွေ သူတို့သတ်ခဲ့တဲ့ အကြောင်း သိအောင် အဲဒီအကောင်တွေရဲ့ ဂျိုတွေကို ချိတ်ထားကြတာပါ။ သူတို့က ဂုဏ်ယူဖို့အတွက် ချိတ်ဆွဲကြတာဖြစ်တယ်။

ဆက်သွယ်ရေး

လေရှီးဒေသက တောင်ပေါ်ဖြစ်ပေမယ့် ရေ၊ မီးရပါတယ်။ မီးကတော့ ရေအားလျှပ်စစ် ရှိတဲ့အတွက် မပျက် ပါဘူး။ အင်တာနက် ဆက်သွယ်မှုအနေနဲ့ကတော့ တောင်ပေါ်မှာဆိုတော့ အလွန်အားနည်းပါတယ်။ တခါတရံ စကားပြောနေရင်း လိုင်းပျောက်သွားတာ။ တနေကုန် လိုင်းပျောက်နေတာတွေ မကြာခဏ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလိုင်း အနေနဲ့က MPT ဖုန်း တခုထဲသာ ရပါတယ်။

နာဂဒေသဟာ တသက်မှာ တခါတော့ ရောက်အောင် သွားသင့်တဲ့ ဒေသတခုလို့ ညွှန်းချင်ပါတယ်။

သဘာဝ အလှအပ၊ တိုင်းရင်းသား လူမျိုးစု တခုရဲ့ ရိုးရာ၊ ဓလေ့တွေကိုလည်း လေ့လာ မှတ်သားနိုင်မှာ ဖြစ်တယ်။

တော်ရုံ တွေ့ရခဲတဲ့ တောတောင်တွေ၊ စမ်းချောင်းတွေ၊ တိမ်စိုင် တိမ်လိပ်တွေ၊ ရေခဲကုန်းလို့ ခေါ်တဲ့ ဒီဇင်ဘာ ရေခဲချိန်မှာတွေ့ရတဲ့ စမ်းချောင်းတွေ၊ သားငှက်တိရိစာ္ဆန်တွေ၊ အလေ့ကျပေါက်တဲ့ စားပင်သီးပင်တွေ အဲဒါတွေကို ကြည့်နေရတာနဲ့ သွားရတာ တန်တဲ့ ခရီးတခုလို့ ဆိုရမှာပါ။

မြို့ကြီးပြကြီးတွေလို လူသံဆူညံပြီး ကား၊ ဆိုင်ကယ်တွေရဲ့ အငွေ့အသက်တွေက ကင်းဝေးမယ်။ တောတောင် အလှကို ခံစားမယ်လို့ တွေးပြီး အပန်းခြေမယ်ဆိုရင်တော့ လေရှီးမြို့ဟာ သွားလာဖို့ အကောင်းဆုံး နေရာတခုပါပဲ။

သေချာတာကတော့ နာဂဒေသဟာ လည်ပတ်သူတိုင်းအတွက် တောင်တန်းတွေ၊ တိမ်တိုက်တွေရဲ့ ဆွဲဆောင်မှုတွေနဲ့ နွေပူပူမှာရွာတဲ့ နှင်းမိုးတွေကြောင့် ခရီးသွားတွေ၊ အပန်းဖြေလိုသူတွေအတွက် စိတ်ကျေနပ်မှု ရမယ့် ဒေသတခု ဖြစ်နေကတော့ အသေအချာပါပဲ။

You may also like these stories:

ကလောမြို့မှာ တန်ဆောင်တိုင်အချိန် ကျင်းပလေ့ရှိတဲ့ မီးရှော်တိုင်ပွဲတော်

အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်း

ချစ်ရပါသော မိုးကုတ်

The post နာဂတောင်တန်းရဲ့ တိမ်လွှာတွေကြားက လေရှီးမြို့ appeared first on ဧရာဝတီ.

အစိုးရ သတ်မှတ်နှုန်း နောက်ကွယ်က ဆန်စပါး ဈေးကွက်

$
0
0

တောင်သူ လယ်သမားများ၏ အကျိုးစီးပွား ကာကွယ်ပေးရေး အတွက်ဟု ဆိုကာ အစိုးရက အောက်တိုဘာ ၁၅ ရက် က ၂၀၁၉ ခုနှစ် မိုးစပါး နှင့် ၂၀၂၀ နွေစပါး ရာသီ အတွက် အခြေခံ ရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန်ပေးခဲ့သည်။

ထို ရည်ညွှန်း ဈေးနှုန်းကို ကြို၍ ထုတ်ပြန်ရမည် ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် နောက်ကျနေခြင်း ဖြစ် သည် ဟု တာဝန်ရှိသူ တချို့ကတော့ ပြောသည်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေး အထက်တွင် ဖြစ်ပေါ်နေသော စပါးအမျိုးအစားများအတွက် ပေါက်ဈေး အတိုင်း သာ ဝယ်ယူရန်နှင့် အခြေခံဈေးအောက် ရောက်ရှိပါက အစိုးရက ထုတ်ပြန်သည့် အခြေခံဈေးနှုန်း ဖြစ်သည့် အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိသော ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ဝယ်ယူပေးရမည် ဖြစ် သည်။

အခြေခံ စပါးဈေးနှုန်း သတ်မှတ်ခြင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ အစိုးရနှင့် ပူးပေါင်းပြီး သတ်မှတ်ရန် ကြိုးပမ်း ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

ထိုသို့ ဈေးနှုန်း သတ်မှတ်ထားသော်လည်း ပြီးခဲ့သည့်နှစ်များတွင် အစိုးရက ဝယ်ယူပေးခြင်း မရှိခဲ့သလို ဈေးလျှော့သည့် အတွက် မည်ကဲ့သို့သော လုပ်ဆောင်မှုများ ရှိမည်ကို သေချာစွာ သတ်မှတ် ဖော်ပြထားခြင်းလည်း မရှိပေ။

ပဲခူးတိုင်း ဒေသကြီး လယ်သမား ဦးဝင်းဦးက“သူတို့ သတ်မှတ်တဲ့ ဈေးက တကယ်တမ်းကျတော့ ကုန်ကျစရိတ်နဲ့က တူတူလောက်ပဲ။ သူတို့သတ်မှတ်မှ မဟုတ်ဘူး။ မသတ်မှတ်ခင်ကလည်း ဒီလောက်ပဲ ရနေတယ်။ စပါး အစိုဓာတ်က ၁၄ လို့ ပြောထားတယ်။ လက်ရှိ စပါးက စိုထိုင်းစ ၂၀ ပတ်လည်မှာရှိတယ်။ အဲဒီ စိုထိုင်းစကို အခြောက်ခံလိုက်ရင် တင်း ၁၀၀ မှာ ၁၂ တင်းလောက်က ပြန်လျော့တယ်”ဟု ပြောသည်။

ယင်းအချက်ကြောင့်လည်း အစိုးရ သတ်မှတ် ဈေးနှုန်းသည် လယ်သမားများ အတွက် အမှန်တကယ် အကျိုးရှိလား ဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

“သတ်မှတ်တဲ့ အရည်အသွေးရဖို့က အခြောက်ခံမယ့် စရိတ်လည်းရှိတယ်။ စပါးဈေးတက်ဖို့က အဓိကတော့ ဝယ်လက် ပါ။ ဝယ်လက် ပျောက်နေရင် စပါးဈေးက ကျနေမှာပဲ။ နိုင်ငံတော်က ချေးငွေ ထုတ်ပေးပြီးတော့ ဝယ်လည်း အခုချိန် အစို ဓာတ်နဲ့ ဘယ်သူကမှ အရှုံးခံပြီးတော့ မဝယ်လောက်ဘူး”ဟုလည်း ဦးဝင်းဦးက ပြောဆိုသည်။

စပါးများကို သယ်ယူနေသော လယ်သမား တချို့/ဧရာဝတီ

သို့ဖြစ်၍ လက်ရှိအချိန်တွင် အစိုးရက စပါးဈေးနှုန်း သတ်မှတ်သည် ဖြစ်စေ၊ မသတ်မှတ်သည် ဖြစ်စေ လယ်သမားများ အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု နည်းကြောင်း သိရသည်။

ပြည်တွင်း ပြည်ပ ဝယ်လက်များ ရှိလာလျှင် စပါးဈေး ပြန်တက်လာနိုင်မည် ဖြစ်သောကြောင့် ရောင်းဝယ်ရေး လမ်းကြောင်း ကိုသာ အစိုးရက ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဦးဝင်းဦးက ထောက်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ် အတွင်းကလည်း ပဲခူးတိုင်းဒေသကြီး သာယာဝတီနယ်က လယ်သမား ၁ ထောင်ခန့်က စပါးတင်း ၁၀၀ လျှင် ကျပ် ၇ သိန်းပေးရေး အတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ပဲခူးတိုင်း သာယာဝတီနယ် ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဝင်းသိန်းက“ပို့ကုန်ဆိုတဲ့ လူတန်းစားတွေက ဈေးကွက်မူဝါဒကို သူတို့က ချုပ်ကိုင်ထားတယ်။ ဈေးကွက်မူဝါဒ ပြောင်းလိုက်ရင် စပါးဈေးက ကျပ် ၇ သိန်းဈေး မကလည်း ဖြစ်သွားနိုင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချိန်က ၁၉၉၇ ခုနှစ်က စီးပွားရေး မပိတ်ဆို့ခင်မှာ ရွှေဈေးနဲ့ စပါးဈေး ညီခဲ့တယ်”ဟု ပြောသည်။

လက်ရှိတွင်လည်း အစိုးရသတ်မှတ်သည့် စပါးဈေးသည် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှင့် မကွာကြောင်း၊ ယင်း အခြေအနေသည် အဆင်မပြေသောကြောင့် လယ်သမားများက တောင်ဆိုနေကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယခု အခြေအနေအတိုင်း ဆိုပါက လာမည့်နှစ်တွင် စပါးစိုက်ပျိုးရေး လုပ်ကိုင်မည့်သူများ အခက်အခဲ ရှိနိုင်သဖြင့် အစိုးရ အနေနှင့် ဈေးနှုန်းမူဝါဒ ကောင်းရန် လုပ်ဆောင်ပေးသင့်သည်ဟုလည်း ဆိုသည်။

“နောက်ပြီး အစိုးရ သတ်မှတ်ပေးတဲ့ ဈေးကိုရော ကုန်သည်က ဝယ်မှာလား။ ဝယ်တော့ရော အဲဒီ လယ်သမား တကယ် အကျိုးရှိမှာလား ဆိုတာ ကြည့်ဖို့လိုတယ်”ဟု ဦးဝင်းသိန်းက ပြောသည်။

အခြေခံ စပါးဈေး သတ်မှတ်ရာတွင် တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး အတွက်ဆိုပြီး ကုန်သည်ကြီးများ က ဦးဆောင်၍ ပြုလုပ်ခြင်း ဖြစ်၍ ယင်းအဖွဲ့များတွင် အမှန်တကယ် လယ်သမားများ ပါဝင် လုပ်ဆောင်ခွင့် ရသလား ဆိုသည်ကို ကြည့်၍ပင် သိနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်တွင်း၌ လက်ကျန် စပါးရှိနေ၍ အစိုးရက ဝယ်ပေးမည်ဆိုလျှင် ဝယ်သူနှင့် ရောင်းသူညီမျှပြီး ကောင်းမွန်သည့် ဈေးကွက် အရွေ့တခု ဖြစ်နိုင်သော်လည်း လက်ရှိတွင် ရောင်းလိုအားသာ များနေသဖြင့် ဈေးကွက် ပျောက်နေသည် ဟု လယ်သမားများထံမှ သိရသည်။

ရန်ကုန်တိုင်းရှိ ဆန်စပါး ကုန်သည်ကြီး ဦးရှမ်းက“ဘာလို့ပြောရလဲ ဆိုတော့ စပါးဈေးကို ၅ သိန်း သတ်မှတ်ပေးပေ မယ့် အပြင်မှာ အရောင်းအဝယ်က သွက်သွက်လက်လက်လေး မဖြစ်ဘူးဆိုရင် အစိုးရသတ်မှတ်တဲ့ ဈေးနှုန်းအောက် ကို ရောက်သွားရော”ဟု ပြောပြသည်။

ယခုနှစ်တွင် ပြည်ပသို့ စပါးထွက်သည့် ပမာဏ နည်းနေခြင်း၊ ပြည်တွင်း၌ လက်ကျန်စပါး ရှိနေခြင်း၊ အသစ်များ ပေါ် ချိန်နှင့် တိုက်နေခြင်းတို့ကြောင့် စပါးဈေးကွက်သည် စိုးရိမ်စရာ ရှိနေသည်ဟု ကုန်သည်လုပ်သက် နှစ် ၃၀ ဝန်းကျင်ရှိ ၎င်းက ပြောသည်။

“ဈေး စသတ်မှတ်တဲ့ ၂၀၁၇ ခုနှစ်ကတော့ စပါးဈေး ကျပေမယ့် အစိုးရက ဝယ်မယ်၊ ပြုမယ် ဆိုပြီး ပုဂ္ဂလိကကို ငှား ထား တဲ့ ဂိုဒေါင်တွေ ပြန်သိမ်းတာတို့ လုပ်လိုက်တယ်။ ဒါပေမယ့် အသံကြောင့် ဈေးက ပြန်တက်ပြီး အပြင်ဈေးက ၅ သိန်းရဲ့ အပေါ်မှာ ဖြစ်သွားတော့ အစိုးရက ဝယ်ပေးလိုက်ရတဲ့ အဆင့် မရောက်လိုက်ရဘူး”ဟုလည်း ဦးရှမ်းက ပြောပြ သည်။

သို့သော် လက်ရှိအချိန်သည် ယခင်ကဲ့သို့ ဝယ်မည်ဟု ပြောဆိုထားသော်လည်း မဝယ်ဘဲနေ၍ မရသည့် အခြေအနေရှိ ကြောင်း ဈေးကွက်တွင်းရှိ ကုန်သည်များ ပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) ဒုဝန်ကြီး ဦးဆောင်သည့် လယ်ယာ ထွက်ကုန်၊ ထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့ အစည်းအဝေးတွင် စပါးဈေးကျနိုင်သော ဒေသများကို လျာထားရာတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဝယ်ယူပေးရမည် ဖြစ်ပြီး ယင်းအနက်မှ ပဲခူးတိုင်း ဒေသကြီးက ဝယ်ယူပေးရန် တောင်းဆိုထားကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံ တရုံ/ ဧရာဝတီ

စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက“အခြေခံ စပါးဈေးကျရင် ဝယ်ယူဖို့ ကျနော်တို့ ကျပ် ၁၅ ဘီလီယံ လျာထားပါ တယ်။ ကျနော်တို့မှာ အဆင်သင့်ပဲ။ ပဲခူးတိုင်းက စပါးဝယ်ယူဖို့ ကျပ် ၈ ဘီလီယံကို ခွဲပေးဖို့ ကျနော်တို့ကို ပြောထားပါ တယ်။ ဒါနဲ့ပတ်သက်ပြီး စည်းမျည်းစည်းကမ်းချပြီး သူတို့လိုတဲ့ ငွေကို ဘယ်လို ပြန်ဆပ်ရမယ်ဆိုတာ လုပ်ပါ့မယ်။ ဒါပြီး ပဲခူးတိုင်း အစီအစဉ်နဲ့ ဝယ်ယူဖို့ လုပ်မယ်”ဟု ပြောသည်။

ဧရာဝတီတိုင်း အနေနှင့် စီးပွား/ကူးသန်းသို့ စပါးဝယ်ယူပေးရန် ဆက်သွယ်လာခြင်း မရှိသေးသော်လည်း ကျပ် ၅ ဘီလီယံ ကို သုံး၍ ဝယ်ယူပေးရန် လျာထားကြောင်းလည်း ၎င်းက ဆိုသည်။

ဈေးကွက် ရှာဖွေရေးအနေနှင့် ယခုနှစ်တွင် စပါးလက်ကျန် များနိုင်သည်ဟု စီးပွား/ကူးသန်းက သုံးသပ်ထားကြောင်း၊ ပထမအဆင့်အနေနှင့် စပါးအတိုင်း ပြည်ပသို့ တင်ပို့ရန် ပထမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးထားကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်ကလည်း ပြောဆိုသည်။

“တင်ပို့မယ့် သူတွေကတော့ ပြည်ပ တင်ပို့ချင်ရင် စီး/ကူးကို လာရောက် လျှောက်ထားရမယ်။ စပါး ၂ သိန်းကနေ ၅ သိန်း အထိ တင်ပို့ဖို့ ဆောင်ရွက်နေတယ်။ တရုတ်ပြည်ဘက်ကလည်း တရားဝင် ဝယ်ချင်လို့ စာရောက်ထားပါတယ်။ အရည်အသွေး သတ်မှတ်ချက်နဲ့ ပတ်သက်တာလည်း သူတို့ဘက်က လက်မှတ်ထိုးဖို့ ပို့ထားတာရှိတယ်။ ဒါကြောင့် လက်မှတ် ထိုးဖို့အတွက် ဆည်မြောင်းနှင့် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနဘက်က လုပ်နေတယ်။ တင်ပို့တဲ့အခါမှာ ကာလနဲ့ ပမာဏ သတ်မှတ်ပြီး ဆောင်ရွက်မှ ရမယ်”ဟုလည်း ၎င်းက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆောင်ရွက်နေပြီး စီးပွား/ကူးသန်း အနေဖြင့် ပေါင်းစပ်ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လယ်ယာစိုက်ပျိုးရေး အတွက် လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေကို မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှတဆင့် ထုတ် ချေးလျက်ရှိရာ ယခုအစိုးရ လက်ထက်တွင် တောင်သူတဦးချင်း မိမိတို့ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်သို့ အပေါင်အဖြစ် ပေးအပ်၍ တောင်သူ တဦးချင်းက ကိုယ်တိုင် အာမခံသည့် စနစ်ဖြင့် ၁ ဧကလျှင် ကျပ် ၁ သိန်းနှုန်းနှင့် ထုတ်ပေးလျက် ရှိသည်။

သို့သော်လက်ရှိတွင် စိုက်ပျိုးစရိတ် အနေနှင့် လယ် ၁ ဧကလျှင် ပျမ်းမျှ ကျပ် ၃ သိန်း ခန့် ကုန်ကျစရိတ် ရှိကြောင်း လယ်သမားများက ပြောပြကြသည်။

ပဲခူးတိုင်း ဒေသကြီးတွင် စပါးမျိုးစုစုပေါင်း ၃၈ မျိုး၊ စိုက်ဧက ၂၆ သိန်း၊ စပါး အထွက်နှုန်း တင်းရေ သိန်းပေါင်း ၁၈၂၀ နှင့် ကြိတ်ခွဲနိုင်သော စပါးစက် ၂၀၁၉ စက် ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ကုန်သည်စက်မှု အသင်းချုပ်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု၊လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးကိုကိုကြီးက “ကျနော်တို့ တိုင်း အတွက် ဝမ်းစာစပါးက သိန်းပေါင်း ၈၅၆ တင်းလောက်ရှိတယ်။ ထွက်တာက စပါးတင်းသိန်းပေါင်း ၁၈၂၀ ဖြစ် တယ်။ ဒီတော့ ပိုလျှံတဲ့ စပါးက တင်းရေ သိန်းပေါင်း ၉၆၄ တင်းရှိတယ်။ အဲဒီကမှ ဆန်စက်တွေက ပုံမှန် ကြိတ်ခွဲနေ တာက သိန်းပေါင်း ၄၈၂ တင်း ဖြစ်တယ်။ ဒီကမှ ကုန်သည်တွေ ဝယ်ယူသိုလှောင်နိုင်တာက သိန်းပေါင်း ၂၈၉ တင်း ဖြစ်တယ်။ ဒါကြောင့် အစိုးရ တကယ်ဝယ်ရမယ့် စပါးက သိန်းပေါင်း ၁၉၃ တင်းဖြစ်တယ်”ဟု ရှင်းပြသည်။

ဆက်လက်၍ ဦးကိုကိုကြီးက “အစိုးရက ဝယ်ပြီဆိုရင် ဝယ်တဲ့စပါးတွေကို သိုလှောင်ဖို့ နေရာရှာရမယ်။ တကယ်တမ်း ကျတော့ သိုလှောင်ဖို့ နေရာမရှိဘူး။ ဒီလိုအခက်အခဲတော့ ရှိတယ်။ အခုက ဆေးမြီးတိုနဲ့ ကုတာပဲရှိတယ်။ ဒါက အမြဲတမ်း ဖြစ်နေမှာပဲ။ ဆန္ဒပြလိုက်ရင်း ဆင်းဝယ်လိုက်ရင်း ဒါမျိုးတော့ မဖြစ်သင့်ဘူး။ ဒါကြောင့် ဒုဝန်ကြီး ဆန်စပါး ဝယ်ယူရေး ကြီးကြပ်မှု အစည်းအဝေးမှာ ကျနော် တင်ပြခဲ့တာတွေ ရှိတယ်”ဟု ရှင်းပြသည်။

လက်ရှိ ပဲခူးတိုင်းဒေသကြီးတွင် စပါး တင်း ၁၀၀ လျှင် ကျပ် ၅ သိန်းဈေးနှင့် ဈေးနှုန်း ပေါက်နေသော်လည်း ဆန်ဝယ် မည့် ဝယ်လက် မရှိသောကြောင့် စပါးအဝယ်လည်း ရပ်နေကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတွင် ပိုလျှံမည့် စပါးကို အစိုးရက ဝယ်ပေးမည် ဆိုလျှင်လည်း ဘတ်ဂျက် လောက်ငမှု မရှိ ကြောင်း တွေ့ရသည်။

ဦးကိုကိုကြီးက “အစိုးရက ပြည်နယ်နဲ့တိုင်း အကုန်လုံးကို ထုတ်ပေးနိုင်တာ ကျပ် ၁၅ ဘီလီယံပဲရှိတယ်။ ဒါက စီးပွား/ ကူးသန်းမှာ ရှိတဲ့ ဘတ်ဂျက်ပေါ့။ အဲဒီတော့ ကျနော်တို့ တိုင်း တတိုင်းတည်းတင်ပဲ ဝယ်မယ်ဆိုရင် ကျပ် သိန်းပေါင်း ၇၉ ဘီလီယံ လောက် ရှိတယ်ဆိုတော့ ရှင်းရှင်းပြောရင် ဒါက ဆင့်ပါးစပ်ကို နှမ်းပက်သလောက်ပဲ ရှိတယ်”ဟု ထောက် ပြ ပြောဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးဆောင်သည့် လယ်ယာ ထွက်ကုန်၊ ထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့က မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ပူးပေါင်းပြီး ဆန်ဝယ်ယူရန် စီစဉ်နေပြီ ဖြစ်ကြောင်း ပြောသည်။

“ဒီအဖွဲ့က ဦးဆောင်ပြီးလုပ်ရမှာ ကျနော်တို့ကတော့ အမြန်ဆုံးဝယ်ဖို့ လုပ်နေပြီ။ စပါးရာသီ အမီဆိုပြီး ကျနော်တို့ ကြိုးစား ပါတယ်။ ဒါပေမယ့် ဝယ်ယူရေးပိုင်းမှာလည်း ခိုင်ခိုင်မာမာဖြစ်အောင် ပြည်နယ်တိုင်း အဆင့်တွေမှာ လယ်ယာ ထုတ်ကုန် အဖွဲ့တွေ ဖွဲ့ဖို့ ဆွေးနွေးနေတယ်။ ဒါတွေက တာဝန်ယူပြီး ဝယ်ရမှာ အဲဒီတော့ Process လေးတော့ နည်းနည်း ရှိတယ်။ တအားကြီးတော့ မကြာလောက်ပါဘူး”ဟု ၎င်းက ဆိုသည်။

စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သောကြောင့် စပါးဈေး သတ်မှတ်ထားသော်လည်း ရောင်းသူ၊ ဝယ်သူ သဘောတူလျှင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် ရှိကြောင်း ဦးမျိုးတင့်ထွန်းက ပြောသည်။

ဆက်လက်၍ ၎င်းက“တခုရှိတာက ကျနော်တို့ သတ်မှတ်ပေးတဲ့ စပါးဈေး ဆိုတာကတော့ သူ့မှာ သတ်မှတ်ထားတဲ့ အစိုဓာတ် ဘယ်လောက် ပေါင်ဘယ်လောက် သတ်မှတ်ချက်ရှိတယ်။ ဒီအရည်အသွေးကို တခုခု ချို့ယွင်းတာတို့ ကွာခြားတာတို့ ဆိုရင်တော့ ရောင်းသူ ဝယ်သူ ဈေးကွက်မှာ သဘောတူတဲ့ ဈေးနဲ့ ရောင်းလို့ ရတယ်။ တချို့ နေရာ မှာတော့ ကွာဟမှုလေးတွေ ရှိနိုင်တာပေါ့”ဟုလည်း ရှင်းပြသည်။

လက်ရှိတွင် ဒုဝန်ကြီးဦးဆောင်သည့် အဖွဲ့မှ စပါးဝယ်ယူရေးနှင့် ပတ်သက်ပြီး တိုင်းနှင့် ပြည်နယ်များတွင် လယ်ယာ ထွက်ကုန်၊ ထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့များ ဖွဲ့စည်းပြီး စပါးဝယ်ယူရေးအတွက် ညိုနှိုင်းရေး အစည်းအဝေးများ ပြုလုပ် ရန် စီစဉ်နေကြောင်း စီးပွား/ကူးသန်းမှ သိရသည်။

ဆန်ကုန်သည် ဦးရှမ်းက “ဆန်လောက စပါးလောကက သူတွေ ဈေးကွက်ကို ကြည့်ရင် မြင်နိုင်ပါတယ်။ စပါး လက် ကျန် များတယ်။ ဆန်အကြမ်းတင်မကဘူး။ ပေါ်ဆန်းတောင် ကျလာတာကိုး အဟောင်းက မကုန်တဲ့အပြင် အသစ်က ထပ်ထွက်လာပြီ။ အသစ်ဆိုတာ အဟောင်းဈေးရဲ့ အောက်မှာပဲရှိတယ်။ အဲဒီလိုဆိုတော့ ဈေးကျမှ လယ်သမားတွေ ကလည်း ဆန္ဒပြ။ အခုကတော့ ကျပ် ၅ သိန်း သတ်မှတ်ပြီပေါ့။ ဒါပေမယ့် ဒီနှစ် အနေအထားက တကယ် ဝယ်ပေးမှာ လား ဆိုတဲ့ အပေါ်မူတည်တယ်”ဟု ပြောဆိုသည်။

နှစ်စဉ်နှစ်တိုင်း စပါးပေါ်ချိန်ရောက်လျှင် ပဲခူးတိုင်း အရှေ့ခြမ်းမှ ဦးဆုံးပေါ်လေ့ရှိပြီး လက်ရှိတွင် တချို့နယ်များတွင် စပါး၊ ဆန်သစ် မပေါ်သေးကြောင်း သိရသည်။

ပြည်ပ ပို့မည့် ဆန်များ သင်္ဘောတင်နေစဉ် / ဧရာဝတီ

ရွှေပြည်စံ ဆန်ဆိုင် ပိုင်ရှင် ဦးဝင်းက “စပါးဈေးနိမ့်ရင် ဆန်ဈေးလည်း နိမ့်တာပဲ ဦးတို့လို လက်လီသမားကတော့ ကြိုဆိုတယ်။ ဘာလို့လဲဆိုတော့ အရင်းနည်းတယ်။ ရူံးရင်တောင် အရူံးပမာဏ နည်းတာပေါ့နော်”ဟု ပြောသည်။

ယခင်နှစ်က ပေါ်ဆန်း (ဆန်ချော) စပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းနှင့် ဧည့်မထ (ဆန်ကြမ်း) ၄ သိန်းကျော်နှင့် စပြီး နောက်ပိုင်းတွင် ကျပ် ၅ သိန်းကျော်သွားကြောင်း၊ အစိုးရက စပါးဈေး သတ်မှတ်လိုက်သော်လည်း ဈေးနှုန်း တက် လာခြင်း မရှိဘဲ ဧရာဝတီတိုင်းဘက်တွင် ကျပ် ၅ သိန်းအောက် ဈေးကျနေကြောင်း လယ်သမားများထံမှ သိရသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “မြေပြင်အခြေအနေမှာတော့ စပါးဈေးက ကျပ် ၅ သိန်းနဲ့ တောင်သူတွေ ဆီက ဝယ်ပေးဖို့ဆိုတာ မရှိသေးပါဘူး။ သူတို့သတ်မှတ်တဲ့ ဈေးနဲ့က မြို့အရောက်ပို့ရမယ်။ အစို ဓာတ် သတ်မှတ်ချက် ဒါတွေက အခုလောလောဆယ်မှာ ကျနော်တို့အတွက် အခက်အခဲရှိတယ်။ တကယ်လို့ သူတို့ ဈေး နဲ့ ဆန်စက် အရောက် အခြောက်ပို့တာတောင်မှ ဝယ်ပေးတဲ့သူ အင်မတန်နည်းပါတယ်။ ဝယ်မပေးနိုင်တဲ့ အခြေ အနေက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ ကြော်ငြာနေရုံနဲ့ မရပါဘူး”ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်းက တရုတ်က တိုက်ရိုက် မြန်မာနိုင်ငံတွင်းသို့ စပါးများ ဆင်းဝယ်ခြင်းကြောင့် ဆန်စက် လုပ်ငန်း ရှင် များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် မွေးမြူရေးသမားများက တိရစ္ဆာန် အစားအစာဖြစ်သော ဆန်ကွဲ၊ ဖွဲများ ဈေးတက် ခြင်းနှင့် ဆန်စက်များ အလုပ်လက်မဲ့ ဖြစ်ခြင်း စသည့် အချက်များကြောင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ တားဆီးပေး ရန် တင်ပြခဲ့သည်။

ယင်းအခြေအနေ တခုကြောင့်လည်း စပါးဈေးကွက်သည် လောလောဆယ် ဝယ်လက်ပျေက်နေခြင်း ဖြစ်ကြောင်း ဦးသိန်းအောင်က ဆိုသည်။

ဆက်လက်၍ ၎င်းက“အဲဒီရဲ့ အမွေက ဒီနှစ်မှာ စပါးဟောင်းက တင်းရေ ၄ သန်းကနေ ၅ သန်းလောက် ကျန်တယ်။ စပါးသစ် တွေကလည်း ထွက်လာပြီ ထားစရာကလည်း မရှိတော့ဘူး။ ဝယ်စရာပိုက်ဆံလည်း အသေးစား ကုန်သည် တွေမှာ မရှိဘူး။ ထားစရာဂိုဒေါင်မရှိဘူး။ အဲဒီတော့ ပေါ်လာတဲ့ စပါးကလည်း အလုံးနဲ့အရင်းနဲ့ ပေါ်တာဆိုတော့ အဲဒီ ပေါ်မှာ ပိုက်ဆံမရှိ၊ ဈေးကွက်မရှိ ရောင်းလိုအားများတဲ့အပေါ်မှာ ဝယ်သူရဲ့ ထုံးတန်းစဉ်လာ အရ ဈေးနှိမ်တာလည်း ပါ တယ်။ ဒါကြောင့် ဈေးကွက်ပျက်နေတယ်”ဟု ထောက်ပြသည်။

ထို့ပြင် ဦးသိန်းအောင်က“မနှစ်က တင်ပို့မှုကို ပိတ်ပစ်ပါလို့ တောင်းဆိုတဲ့ သူတွေ အဖွဲ့အစည်းတွေကို အခု တာဝန် ယူခိုင်းရမယ်။ သူတို့မှာ တာဝန်ရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနှစ်မှာ တောင်သူတွေ အရူံးပေါ်ပြီးတော့ စိုက်ပျိုး ထုတ်လုပ်သူတွေ ဈေးကွက်ပျောက်တာ သူတို့ရဲ့ ပယောဂ မကင်းဘူး။ တကယ်ဒုက္ခလည်းရောက်ရော အဲဒီပိတ်တဲ့ သူတွေက တာဝန်လုံးဝမယူဘဲနဲ့ ကိုယ်နဲ့မဆိုင်သလို နေတာက ဒီတိုင်းပြည်မှာ လည်သူစား ထင်ရာလုပ်ခဲ့တဲ့ ဓလေ့ ထုံးတမ်းကြီး မပျောက်သေးလို့”ဟု ပြောဆိုသည်။

ယခင်နှစ် တရုတ် စပါးဆင်းဝယ်ချိန်တွင် ဧရာဝတီတိုင်း ဒေသကြီးအထိ စပါးတင်း ၁၀၀ လျှင် ကျပ် ၆ သိန်း ၅ သောင်း အထိ ပေးဝယ်ခြင်းဖြစ်သောကြောင့် စပါးဈေးများ ကောင်းခဲ့သည်။

ယခုနှစ်တွင် ဈေးကွက် ပျောက်နေသောကြောင့် အစိုးရသတ်မှတ်သည့် ဈေးလည်း ယနေ့အထိ ဖြစ်မလာဘဲ စပါး တင်း ၁၀၀ လျှင် ကျပ် ၄ သိန်း ၅ သောင်းဈေးနှင့်သာ ဈေးကွက်အတွင်း အရောင်းအဝယ်ရှိနေကြောင်း လယ်သမားများ ထံမှ သိရသည်။

လယ်သမားများ အနေနှင့် ယခုနှစ်တွင် ဝယ်လက်များ ပျောက်နေသည့်အပြင် စပါးပိုးကျခြင်းနှင့် မိုးဦးစောခဲ့သဖြင့် လည်း ယခု မိုးစပါးပေါ်ချိန်တွင် ယခင်နှစ် စပါး ၁ ဧက ပျမ်းမျှ တင်း ၈၀ ထွက်လျှင် ယခုနှစ်တွင် တင်း ၂၀ မှ ၃၀ အထိ အထွက်နှုန်း လျော့ကျခဲ့သည်။

ထို့ပြင် ယခုနှစ်အတွင်း ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့်လည်း သွင်းအားစု ပစ္စည်းများဖြစ်သော လယ်ယာသုံး စက် ပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ ဒီဇယ်ဈေးများ မြင့်တက်လာခဲ့သဖြင့် ယခုနှစ်သည် လယ်သမားများ အတွက် မြွှေပူရာ ကင်းမှောက်သည့် အဖြစ်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။

စပါးဈေးနှုန်း သတ်မှတ်ခြင်းသည် အမှန်တကယ်ဆိုပါက တနိုင်ငံလုံးမှ လယ်သမားများ အသိအမှတ်ပြု ကိုယ်စားပြု သော လယ်သမား ခေါင်းဆောင်များကို ဖိတ်ပြီး ဆွေးနွေရမည် ဖြစ်သော်လည်း လက်ရှိဈေးသတ်မှတ်မှုသည် အမည်ခံ လယ်သမားများနှင့်သာ ပြီးသွားကြောင်း ဧရာဝတီတိုင်း လယ်သမား ဦးသိန်းအောင်က ပြောဆိုသည်။

“ဥပဒေအရ ဖွဲ့စည်းပုံအရ တောင်သူလယ်သမား ဘယ်နှရာခိုင်နှုန်း ပါရမယ်ဆိုလည်း တောင်သူလယ်သမားအများစု ကိုယ်စားပြုတဲ့သူ မဟုတ်ဘဲ အခြားအမည်ခံသူတွေပဲ ဆွဲထည့်ပြီးတော့ ကြော်ငြာလိုက်တယ်။ ဒါတောင် လက်တွေ့ မှာ အဲဒီကြော်ငြာတဲ့ဈေးကို ဝယ်ပေးနိုင်တာ မတွေ့ဘူး”ဟု ၎င်းက ပြောသည်။

ဆန်စပါးအသင်းမှ လူများနှင့် တွေ့၍ စုံစမ်းကြည့်သော်လည်း လက်ရှိတွင် အစိုးရက စပါးဈေး ကြော်ငြာပေးသည်သာ ရှိကြောင်း ဝယ်ပေးမည့် ငွေကြေးကို ပေးထားခြင်း မရှိသဖြင့် လောလောဆယ် ဝယ်ယူရန် အစီစဉ် မရှိသေးကြောင်း၊ အစိုးရ သတ်မှတ်သည့် ဈေးနှင့် မဝယ်နိုင်လျှင် မဝယ်ပါနှင့်ဟု ပြောဆိုထားကြောင်း သိရသည်ဟု ဦးသိန်းအောင်က ဆိုသည်။

“အဓိကတော့ ဝယ်ပေးဖို့ပဲ။ ကြော်ငြာရုံနဲ့ မပြီးဘူး။ ကြော်ငြာရုံပဲဆို ကျနော်တို့လည်း ကြော်ငြာလို့ရတာပဲ”ဟု ဦးသိန်းအောင်က ပြောသည်။

ထို့ကြောင့် ဝယ်မည့်သူရှိလျှင် တောင်သူက အတင်းချရောင်းရမည့် ပုံစံဖြစ်နေကြောင်းလည်း ဈေးကွက်တွင်း ပြောဆို နေကြသည်။

တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေး ဥပဒေအရ ကောက်ပဲသီးနှံ ဈေးနှုန်းများသည် ထုတ်လုပ်မှု ကုန်ကျ စရိတ်နှင့် မကိုက်ပါက အစိုးရက ဝယ်ယူပေးရမည်ဟု ပါရှိပြီး ယင်းအတွက် ၂၀၁၉ ခုနှစ်တွင် စီးပွား/ကူးသန်း အနေနှင့် ကျပ် ၁၅ ဘီလီယံကို လျာထားကြောင်း သြဂုတ်လ ၂၇ ရက်က ပြည်သူ့လွတ်တော် အစည်းဝေးတွင် ဒုဝန်ကြီး ဦးအောင်ထူး က ပြောကြားခဲ့သည်။

ဒုဝန်ကြီးက အခြေခံ စပါးဈေးနှုန်း သတ်မှတ်မှုသည် ထိလွယ် ရှလွယ်သည့် ကိစ္စတခု ဖြစ်သောကြောင့် လက်တွေ့ကျ သည့် ဈေးနှုန်းကို သတ်မှတ်ပေးပြီး လာမည့် ၂၀၂၀ ပြည့်နှစ်သည်လည်း ရွေးကောက်ပွဲနှစ်ဖြစ်၍ ဈေးနှုန်း သတ်မှတ် ရာတွင် သတိပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားထားသည်။

“သတ်မှတ်ဈေးထက် ကျော်ရင် ကောင်းတယ်။ ဒါပေမယ့် သတ်မှတ်ဈေးထက် ကျသွားမယ်ဆိုရင် နိုင်ငံရေး အကျိုး ဆက် တွေ ရှိလာနိုင်တယ်”ဟု ဒုဝန်ကြီးက စပါးဈေးနှုန်း သတ်မှတ်ရေး ဆွေးနွေးပွဲ တခုတွင်လည်း ပြောဆိုထားသည်။

တောင်သူလယ်သမားများ ဘက်ကလည်း မိမိတို့ လိုချင်သည့် နှုန်းထားကိုသာ သိပြီး စပါးအရည်အသွေး ကောင်းရန် မကြိုးစားလျှင် သတ်မှတ်နှုန်းထား အတိုင်းပေးရန် မဖြစ်နိုင်ကြောင်းကို သတိပြုသင့်သည်ဟု ဒုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ၇၀ ရာခိုင်နှုန်းသည် တောင်သူ လယ်သမားများ ဖြစ်ပြီး လာမည့် ၂၀၂၀ နိုဝင်ဘာလတွင် ရွေးကောက် ပွဲ လည်း ကျင်းပရန် ရှိသောကြောင့် အခြေခံ စပါးဈေးနှင့် ပတ်သက်၍ အစိုးရအနေနှင့် သတိထား ကိုင်တွယ်သင့် ကြောင်း ပညာရှင်များကလည်း ထောက်ပြထားသည်။

မုတ်သုံ ကျေးလက် ဖွံ့ဖြိုးရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက “အများစုကလည်း လယ်ယာ စိုက်ပျိုးရေးနဲ့ အသက်မွေးကြတော့ စပါးဈေးက ကျေးလက်စီးပွားရေးနဲ့ ပတ်သက်တယ်။ စိုက်ပျိုးရေး လုပ်ငန်းကို အခြေခံ တဲ့ လုပ်သားတွေက ဒီကဏ္ဍပေါ်မှာ မှီခိုနေရတော့ စပါးရောင်းဝယ်မှုကို ပိုင်ပိုင်နိုင်နိုင် လုပ်ဖို့တော့လိုတယ်။ ဒါက အစိုး ရ ရဲ့ ပုံရိပ်ပေါ်မှာ သွားပြီးတော့ အများကြီး သက်ရောက်မှုတွေ ရှိတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး တည်ငြိမ်မှု၊ နိုင်ငံရေး တည်ငြိမ်မှု ဆိုတာလည်း စပါးဈေးနှုန်းနဲ့ စပါး ရောင်းဝယ်ရေး စီမံခန့်ခွဲမှု ကိစ္စပေါ်မှာ အများကြီး မူတည်တယ်”ဟု ပြောဆိုသည်။

စပါးဈေးကွက် ပြဿနာ အရင်းအမြစ်သည် ယခင်နှစ်က စပါးအဟောင်း လက်ကျန်များ ဂိုဒေါင်အတွင်း ပုံနေခြင်း ကြောင့် ယခုနှစ် ပေါက်ဈေးကို ဆွဲတင်ရန် ခက်ခဲနေခြင်းကြောင့်ဟုလည်း ဆိုသည်။

အဓိကအားဖြင့် မြန်မာနိုင်ငံ၏ စပါးရောင်းဝယ်ရေး၏ ၈၀ ရာခိုင်နှုန်းခန့်သည် တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ သွားခြင်းကြောင့် ယင်းလမ်းကြောင်း ကောင်းမွန်ရန်လည်း လိုအပ်မည်ဟု ဒေါက်တာ သောင်းထွန်းက ပြောသည်။

“ဒီလမ်းကြောင်း ကောင်းဖို့ဆိုရင် ဒီဒေသရဲ့ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု သဘောတူညီချက်တွေ ရဖို့ လို တယ်။ ဒါလည်း အစိုးရလုပ်ရမယ့် လုပ်ငန်းစဉ် တခုထဲမှာ ပါတယ်။ ဒါကောင်းရင် စပါးဈေး ပြန်ကောင်းလာနိုင်တယ်။ အဓိကတော့ အစိုးရရဲ့ ဈေးကွက် ရှာဖွေပေးနိုင်မှုပေါ်မှာ မူတည်တယ်”ဟု ၎င်းက ဆိုသည်။

လယ်ယာ လုပ်ငန်းခွင် တခု/ ဧရာဝတီ

ယခုအစိုးရက ဆောင်ရွက်နေသော စပါးဈေးနှင့်ပတ်သက်သည့် အနိမ့်ဆုံးဈေး သတ်မှတ်ခြင်း၊ စပါးအတိုင်း တိုက်ရိုက် ပြည်ပသို့တင်ပို့ရန် လုပ်ဆောင်ခြင်းတို့သည် လတ်တလော လုပ်ငန်းစဉ်များဖြစ်ပြီး ရေရှည် လုပ်ငန်းစဉ်အနေနှင့် တောင်သူ လယ်သမားကို စပါးအပြင် အခြားတွက်ခြေကိုက်မည့် သီးနှံများ စိုက်ပျိုးနိုင်ရန် အတွက် အမယ်စုံ စိုက်ပျိုး ရေးကို လက်တွေ့ဖြစ်လာအောင် ဖော်ဆောင်ပေးရန်လိုအပ်နေသည်ဟု ဒေါက်တာ သောင်းထွန်းက ထောက်ပြသည်။

“စနစ်တကျ စီမံချက် ချဖို့လိုတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာက စပါးစိုက်ပျိုးမှုက များတယ်။ တောက် လျှောက်က ဒါကိုပဲ အားပေးလာတယ်။ တခြားကဏ္ဍတွေရဲ့ ဆီထွက် သီးနှံပဲဖြစ်ဖြစ်၊ ကုန်ထုတ်ပစ္စည်း ထုတ်လုပ်တဲ့ သီးနှံတွေပဲ ဖြစ်ဖြစ် စိုက်ပျိုးမှုတွေက ဈေးကွက် အနေအထားအရရော စိုက်ပျိုးမှုရော စနစ်တကျ လုပ်တာမရှိတော့ စပါးက ပိုလျှံနေတယ်။ နောက်ပြီး အရည်အသွေးကလည်း မတက်လာတဲ့အတွက် နိုင်ငံတကာမှာ ဈေးကွက် ယှဉ်ပြိုင် နိုင်မှုက အားနည်းတယ်”ဟု ဒေါက်တာ သောင်းထွန်းက ပြောဆိုသည်။

ထို့ကြောင့် ရေရှည်အတွက် စိုက်ပျိုးရေးကဏ္ဍကို စီမံချက်များထား လုပ်ဆောင်သင့်ပြီး စပါးစိုက်ပျိုးရေး ကဏ္ဍ တခုပေါ် တွင် ယခုအတိုင်း ဆက်သွားနေမည် ဆိုလျှင် နောက်ပိုင်းတွင် ဈေးကွက်ပျောက်သည့် ပြဿနာများ ဆက်လက် ကြုံတွေ့ နေရမည် ဖြစ်သည်ဟု ဆိုသည်။

ထိုသို့သော အခြေအနေများကြောင့် အစိုးရအနေနှင့် အမယ်စုံ စိုက်ပျိုးရေးကို အားပေးသည့် နည်းစနစ်များ၊ ဗျူဟာ များ ချမှတ်၍ စနစ်တကျ ဖော်ဆောင်ရန် လိုအပ်နေကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

စပါးနှင့် ပတ်သက်လျှင် ဆန်ပြည်ပတင်ပို့မှုကို အားပေးခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်ခြင်း၊ ဥပမာအားဖြင့် ဆန်ကွဲအတိုင်း ပြည်ပ တင်ပို့မည့် အစား တိရစ္ဆာန်အစာစပ် စက်ရုံများ၊ ကြာဆန်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဖွဲမှ ဖွဲနုဆီ ထုတ်လုပ်သည့် လုပ်ငန်းများအပြင် ယင်းလုပ်ငန်းများနှင့် စပ်ဆက်သည့် မွေးမြူရေးလုပ်ငန်းများ အစရှိသည် တို့ကို တိုးမြင့်အောင် ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း ပြုလုပ်သင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လယ်သမား ၆ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး စိုက်ပျိုးစရိတ်၏ ၅၅ ရာခိုင်နှုန်းက လုပ်သားကုန်ကျစရိတ် အဖြစ် ကုန်ကျ၍ လက်ရှိ ခောတ်အခြေနေအရ လယ် ၁ဧက စိုက်ပျိုးစရိတ်မှာ ကျပ် ၃ သိန်းအထိ ရှိသည်။

တနိုင်ငံလုံး၏ စိုက်ဧကမှာ ဧရာဝတီတိုင်း ဒေသကြီးတွင် ၄၅ ရာခိုင်နှုန်း၊ ရန်ကုန်၊ ပဲခူးတိုင်းတွင် ၉ ရာခိုင်နှုန်း စိုက်ပျိုး ပြီး တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် စပါးစိုက်ဧက ၁၂ သန်းရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက စိုက်ပျိုးရေး ထုတ်ကုန်ဖြစ်သော စပါးဈေးကွက် ပြဿနာကို အစိုးရအနေနှင့် အမြန်ဆုံး ဖြေရှင်း ပေးရန် လိုအပ်နေသည့် အပြင် ယခု သတ်မှတ်ထားသော စပါး အခြေခံ သတ်မှတ် ဈေးနှုန်းသည် လည်း လယ်သမားများ အတွက် အမှန်တကယ် အကျိုးသက်ရောက်မှု ရှိရန် လိုအပ်နေပေသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အစိုးရအနေနှင့် ရေရှည် လုပ်ဆောင်ရမည့် နည်းဗျူဟာများ ရေးဆွဲ ဆောင်ရွက်ရန် လိုအပ်နေကြောင်းလည်း တွေ့ရှိရပါသည်။ ။

You may also like these stories:

ဧရာဝတီတိုင်းတွင် ပေါ်ဆန်းရင်စပါးဈေး ၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ

အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲဈေး မြင့်တက်

ဉာဏ်ကြီးရှင် ကော်ဖီ အာဆီယံ စီးပွားရေးဆု ရ

The post အစိုးရ သတ်မှတ်နှုန်း နောက်ကွယ်က ဆန်စပါး ဈေးကွက် appeared first on ဧရာဝတီ.

ဝေဖန်သံတွေ တိုးတိတ်သွားအောင် တရားရုံးတွေကို အသုံးချလာနေကြသည်

$
0
0

တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကို ကာကွယ်သူများ၊ ဂျာနယ်လစ်များနှင့် သာမန်နိုင်ငံသားများမှာ မြန်မာ့တပ်မတော်နှင့် အစိုးရကို ဝေဖန်သည့်အမြင်များကို ထုတ်ဖော်ပြောဆိုခြင်းအတွက် ထောင်ချခံရမည့် ခြိမ်းခြောက်မှုတိုးလာနေခြင်းနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် လများအတွင်းတွင် အစိုးရနှင့် တပ်မတော်ကို ဝေဖန်သူအများအပြား (အထူးသဖြင့် တပ်မတော်က ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးမှ တပ်မတော်၏ အခန်းကဏ္ဍကို စိန်ခေါ်သူများ)ကို သံတိုင်များနောက်သို့ ပို့ဆောင်ရန် ထုတ်ဖော်ပြောဆိုခြင်း ပုံစံအမျိုးမျိုးကို ရာဇဝတ်မှုမြောက်စေနိုင်သော ဥပဒေများကို အသုံးပြုခဲ့ကြသည်။

နောက်ဆုံး အမိန့်ချခဲ့သည့်အမှုမှာ ဒီမိုကရေစီနည်းမကျသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေက တပ်မတော်ကို ပေးအပ်ထားသော နိုင်ငံရေး အခန်းကဏ္ဍကို သူတို့၏ ဖျော်ဖြေတင်ဆက်မှုတွင် သရော်ခဲ့ခြင်း အတွက် တပ်မတော်က တရားစွဲဆိုထား ပြီး ဧပြီလအတွင်းကထဲက ဖမ်းဆီးခံထားရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ တွင် အလုပ် နှင့် ထောင်ဒဏ် ၁ နှစ် ချမှတ် ခဲ့ခြင်း ဖြစ်သည်။ သံချပ်သည် လူကြိုက်များသည့် မြန်မာ့ရိုးရာ တင်ဆက်မှု အနုပညာတခုဖြစ်ပြီး နိုင်ငံရေးအရ သရော်ချက်များ ပါဝင်လေ့ရှိသည်။

သူတို့ ဖျော်ဖြေတင်ဆက်ခဲ့ရာ ရန်ကုန်ပြင်ပမှ မြို့နယ်အများအပြားတွင်လည်း သံချပ်အဖွဲ့ဝင်များကို တပ်မတော်က ထပ်မံ တရားစွဲဆိုထားခြင်းများနှင့် ရင်ဆိုင်နေကြရသည်။

အမှုတွင် တပ်မတော်ဘက်မှ တရားလိုဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ရှေ့တန်းတွင် တိုက်ခိုက်နေပြီး သူတို့၏ အသက်များကို တိုင်းပြည်အတွက် စွန့်လွှတ်နေသည့် တပ်မတော်သားများကို ဝေဖန်ရင်း လူ့အခွင့်အရေးဆိုသည့် ခေါင်းစဉ်အောက်တွင် ပုန်းကွယ်ခွင့် မပြုသင့်ကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် မီဒီယာသို့ ပြောကြားခဲ့သည်။

“ကျနော်တို့က တရားမျှတမှုကို လိုလားလို့ ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူသွားတာပါ။ အခု ဆုံးဖြတ်လိုက်တာလဲ ဥပဒေနဲ့ အညီဆောင်ရွက်တယ်လို့ မြင်တယ်” ဟု သူက ထပ်ပြောသည်။

ဧပြီလမှ စတင်၍ တပ်မတော်က တရားစွဲဆိုခြင်းခံရသူ အနည်းဆုံး ၁ ဒါဇင် ရှိပြီဖြစ်သည်။ အချို့မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်သည်။

၎င်းတို့ထဲတွင် ထင်ရှားသည့် ရုပ်ရှင်ဒါရိုက်တာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ (ဦး)မင်းထင် ကိုကိုကြီး နှင့် တပ်မ တော်မှ ဗိုလ်ကြီးဟောင်း ဦနေမျိုးဇင် တို့လည်းပါဝင်သည်။ သူတို့ ၂ ဦးလုံးကို ဒီမိုကရေစီ မဆန်သည့် အခြေခံ ဥပဒေ၊ တပ် မတော်ခေါင်းဆောင်များနှင့် နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်ပတ်သက်မှုတို့ကို ဝေဖန်ခြင်းအတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) (ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ထောင်ချရာတွင် အသုံးပြုခဲ့သော အလားတူပုဒ်မ) အရ ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခြင်းခံခဲ့ရသည်။

အာမခံမရနိုင်သည့် ရာဇဝတ်မှုဖြစ်သော ပုဒ်မ ၅ဝ၅(က)၌ တပ်မတော်တွင် အမှုထမ်းနေသော တပ်မတော်သားများအား စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ တာဝန်ဝတ္တရားများကို မလေးစားစေခြင်း၊ ပျက်ကွက်စေခြင်းသော်လည်း ကောင်း၊ ပြုစေ ရန်အကြံရှိလျှင် သို့မဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

နောက်ထပ် တရားစွဲခံရသူများထဲတွင် မန္တလေးမှ ရဟန်း ၂ ပါး၊ တနင်္သာရီတိုင်းမှ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံသည့် လူထုချီတက်ပွဲတခုတွင် မိန့်ခွန်းပြောခဲ့သည့် စာရေးဆရာတဦး၊ တပ်မတော်၏ မြေသိမ်းမှုကို မေးခွန်းထုတ်ခဲ့သော တနင်္သာရီတိုင်းမှ လယ်သမားတဦးနှင့် ဧရာဝတီသတင်းဌာန(မြန်မာပိုင်း)မှ အယ်ဒီတာတို့ ပါဝင်သည်။

ဦးနေမျိုးဇင်၊ ရှေ့နေ ဦးကြီးမြင့် နှင့် ကဗျာဆရာစောဝေတို့ကို ပုဒ်မ ၅၀၅(က) အရ တပ်မတော်က တရားစွဲဆိုလာခြင်းကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် တရားရုံးက လက်ခံခဲ့သည်။ သူတို့ ၃ ဦးက ကော့သောင်းမြို့နယ်တွင် ဧပြီလ အတွင်းက ပြုလုပ်ခဲ့သည့် လူထုချီတက်ပွဲတခု၌ အခြေခံဥပဒေကို ဝေဖန်သည့် မိန့်ခွန်းများ ပြေားကြားခဲ့သောကြောင့် တရားစွဲခံရခြင်း ဖြစ်သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တောင်းဆိုသည့် အဖွဲ့အစည်းတခုဖြစ်သော “အသံ” အဖွဲ့မှ မောင်ဆောင်းခက ဧပြီ လနောက်ပိုင်းတွင် ဝေဖန်ပြောဆိုမှုအတွက် တပ်မတော်က တရားစွဲဆိုသည့် အရေအတွက် တိုးလာသည်ကို သူတို့မြင် တွေ့ရကြောင်းပြောသည်။

တရားစွဲဆိုမှု အရေအတွက်တိုးလာခြင်းသည် လွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ ကြိုးစားမှုများကြောင့် နိုင်ငံရေးဖိအားများတိုးလာနေခြင်းတွင် အခြေခံသည်ဟု သူက ယုံကြည်သည်။

ဇူလိုင်လ အတွင်းက ဧရာဝတီနှင့် စကားပြောရာတွင် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အမှု အရေအတွက်တိုးလာခြင်းသည် နိုင်ငံရေး လှုံ့ဆော်မှုကြောင့် မဟုတ်ကြောင်း ညင်းဆိုသွားခဲ့သည်။ တပ်မတော်ကို အသရေဖျက်သည့်သူ အရေအတွက် တိုးလာခြင်းကို ရောင်ပြန်ဟပ်ခြင်းမျှသာ ဖြစ်သည်ဟု သူကပြောသည်။

“တကယ်လို့ သူတို့က တပ်မတော်ကို မစော်ကားဘူးဆိုရင် ကျနော်တို့က သူတို့ကို တရားစွဲဖို့ အကြောင်းမရှိပါဘူး။ အဖွဲ့အစည်းတခုအနေနဲ့ သူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တပ်မတော်မှာ အခွင့်အရေးရှိပါတယ်။ တကယ်လို့ တစုံတယောက်က အဲဒါကို ထိခိုက်လာမယ်ဆိုရင် ကျနော်တို့က သူတို့ကို အရေးယူဆောင်ရွက်ဖို့ လိုပါတယ်” ဟု သူက ပြောသည်။

တပ်မတော်က ဝေဖန်မှုများကို သည်းမခံကြောင်း ကာလရှည်ကြာစွာ သိခဲ့ကြပြီး ဖြစ်သော်လည်း ဒီမိုကရေစီ အစိုးရသည်လည်း ဝေဖန်သူများကို တရားစွဲဆိုရန် ဆန္ဒရှိသည့်နေရာတွင် များစွာ နောက်ကျန်မနေခဲ့ဟု မောင်ဆောင်းခ က ထပ်ပြော သည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရတာဝန်ရှိသူများကလည်း နိုင်ငံတော်၊ နိုင်ငံတော်ခေါင်းဆောင်များ သို့မဟုတ် တသီးပုဂ္ဂလများအား ဝေဖန်ပြောဆိုမှုများကို ရာဝတ်မှုမြောက်စေသည့် အသရေဖျက်မှု နှင့် အခြားဥပဒေများကို အသုံးပြုနေသည်ဟု သူက ဆိုသည်။

အသံ အဖွဲ့၏ အစီရင်ခံစာတစောင်အရ ၂၀၁၃ ခုနှစ် နှောင်းပိုင်းမှ ၂၀၁၉ ခုနှစ် ဇွန်လ အထိကာလအတွင်းတွင် ဝေဖန်ခြင်း ဟု ယူဆရသည်များကို ဆက်သွယ်ရေးဥပဒေအရ တရားစွဲဆိုသည့် အသရေဖျက်မှု ၂၇ ခုရှိပြီး တပ်မတော်က စွဲဆိုသည့် အမှု ၁၆ ခုရှိသည်။

အစိုးရတာဝန် ရှိသူများကလည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၀၊ ၅၀၅(က)နှင့် ၁၂၄(က) များအရ အသရေဖျက်မှုနှင့် သွေးတိုးလှုံ့ဆော်မှုများဖြင့် တရား စွဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု မောင်ဆောင်းခက ပြောသည်။

ယခုနှစ် ဇွန်လ အတွင်းတွင် လွိုင်ကော်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ကယားပြည် နယ် အစိုးရနှင့် အညင်းပွားခဲ့သော ကရင်နီလူငယ် ၆ ဦးကို ပြည်နယ် အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ် မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအရ တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူတို့ကို လွိုင်ကော်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင် ၆ လချမှတ်လိုက်သည်။

“တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေ အားလုံးအတွက် အလွန်ကို အန္တရယ် ကြီးတဲ့ အခြေအနေတရပ်ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်မှုတွေ မှတ်ချက်တွေအတွက် အချိန်မရွေး အဖမ်းခံရနိုင်ပါတယ်” ဟု မောင်ဆောင်းခက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအဖွဲ့(AAPP) ၏ အတွင်းရေးမှူး ကိုဘိုကြည်က လတ်တလော ဆက်တိုက် ဖမ်းဆီးမှု များက အစိုးရနှင့် တပ်မတော်ကို ဝေဖန်မည့်သူများအပေါ် စိတ်ပျက်အားလျော့စေသည့် သက်ရောက်မှု ရှိနေသည်ဟု ပြောသည်။

“သူတို့ကို ဝေဖန်မှုတွေ တိတ်ဆိတ်သွားအောင် ရည်ရွယ်ချက်နဲ့ သူတို့က စိုးရိမ်ကြောက်လန့်မှုကို ဖြန့်ဖြူးပေးနေတာ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည့် ကိုဘိုကြည်က ဆိုသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမှန်တကယ်လေးစားသည်ဆိုပါက အစိုးရအနေဖြင့် အာဏာပိုင်များကို ဝေဖန်ခြင်းက ရာဇဝတ်မှုမြောက်သည့် ဥပဒေများနှင့် ဥပဒေပါ အချက်များကို ပြန်လည်သုံးသပ်ရန်၊ ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် လွှတ်တော်တွင် လူများစုနေရာရထားခြင်းကို အသုံးပြုသင့်ကြောင်း သူက ထပ်ပြောသည်။

(San Yamin Aung ၏ In Myanmar, Courts Increasingly Used to Silence Criticism of Military and Govt ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

နယ်သာလန် လူ့အခွင့်အရေးဆိုင်ရာဆု ကိုသက်ဆွေဝင်းနှင့် အမျိုးသမီးများအဖွဲ့ချုပ်တို့ ရရှိ

ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော

မြန်မာကို စစ်ဆေးရန် ICC အတည်ပြု

The post ဝေဖန်သံတွေ တိုးတိတ်သွားအောင် တရားရုံးတွေကို အသုံးချလာနေကြသည် appeared first on ဧရာဝတီ.

ကခုန်ပျော်ပါးနေသော ဘောလီးဝုဒ်၏ နောက်ကွယ်

$
0
0

အသက် ၃၀ အရွယ် တန်ညာပူရိုဟစ် Tanya Purohit က ခေါင်းဆောင်မင်းသမီး တယောက်နှင့် တူသည်။ ပိန်ပိန်သွယ်သွယ်နှင့် ရုပ်ရည် ချောမောပြီး အသားအရည်လှသည်။ သို့သော်လည်း သူ့ကို ထူးခြားစေသည်မှာ သူ၏ ဉာဏ်ရည်ထက်မြက်မှု၊ နွေးထွေး ကြင်နာ တတ်ခြင်းနှင့် အမျိုးသမီးဟာသ သရုပ်ဆောင် တယောက်လို ဇဝနဉာဏ်ကောင်းခြင်း ဖြစ်သည်။

ဒေလီအခြေစိုက် ရုပ်မြင်သံကြား ဈေးရောင်းချန်နယ်တခုတွင် အရောင်းမြှင့်တင်ရေးသမားတဦးအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် မွန်ဘိုင်း အားကစားကွန်ရက်တခုသို့ ပြောင်းရွှေ့ခဲ့သော အိန္ဒိယမြောက်ပိုင်းသူ မိန်းမချောက ဘောလီးဝုဒ် Bollywood ၏ ကြီးမားလှသော မီဒီယာနှင့် ဖျော်ဖြေရေး (M&E) လုပ်ငန်းအတွင်းသို့ ပို၍ နက်ရှိုင်းစွာ တ်ိုးဝင်နိုင်အောင်ကြိုးစားနေသည်။

မွန်ဘိုင်း၏ ဆန်တာကရုဇ် Santa Cruz လေဆိပ်အနီး ပင်လယ်ကမ်းစပ်ဘေး မြေနိမ့်ပိုင်း ဆင်ခြေဖုံးအရပ်တခု ဖြစ်သည့် အန်ဒါရီ Andheri က ၎င်းလုပ်ငန်း၏ အချက်အခြာနေရာဟု ဆိုရပါမည်။

အဆင့်မြင့်လူနေတိုက်ခန်းများရှိရာ အကွက်များနှင့် ယခုအခါ သရုပ်ဆောင် အေဂျင်စီများ၊ ထုတ်လုပ်ရေးရုံးများနှင့် အခြား ဖျော်ဖြေရေးဆိုင်ရာ နေရာများနှင့် ကော်ဖီဆိုင်များအဖြစ် ပြောင်းလဲခံထားရသည့် ၁၉၆၀ နှစ်များက ဆောက်ခဲ့သော ဘန်ဂလိုများရောယှက်နေသည့် ထိုနေရာသည် ထိုလုပ်ငန်းအတွင်းမှ လူများ အလုပ်လုပ်ရန်၊ ဆက်သွယ်ရန် နှင့် တိုးတက်မှု ရှာဖွေရန် စုပြုံတိုးဝှေ့နေကြသည့် နေရာဖြစ်သည်။

သို့သော်လည်း အိန္ဒိယနိုင်ငံက ဘာသာစကားမျိုးစုံ ပြောသော နိုင်ငံဖြစ်သည့် အားလျှော်စွာ အခြားသော ဖျော်ဖြေရေး အချက်အချာ နေရာများလည်း ရှိသေးသည်။ တောလီးဝုဒ် “Tollywood” နှင့် ကောလီးဝုဒ် “Kollywood” ဟု အများသိကြသော တီလူဂူ Telugu နှင့် တမီလ် Tamil ဘာသာစကားပြော ရုပ်ရှင်လုပ်ငန်းများ အခြေစိုက်ရာ ဟိုက်ဒရာဘတ် Hyderabad နှင့် ချန်နိုင်း Chennai တို့ အပါအဝင်ဖြစ်သည်။

အသက် ၃၀ အရွယ် ဘောလီးဝုဒ် သရုပ်ဆောင် တန်ညာပူရိုဟစ်/ Tanya Purohit

ရုပ်ရှင်လုပ်ငန်းက အလွန်ကြီးမားသည်။ ကမာ္ဘ့အဆင့် လုပ်ငန်းကဏ္ဍတခု ဖြစ်သလို အိန္ဒိယနိုင်ငံ၏ အအောင်မြင်ဆုံး နိုင်ငံခြားပို့ကုန်လည်း ဖြစ်သည်။ ဥပမာပြရလျှင် ၂၀၁၆ ခုနှစ်ထုတ် ဟင်ဒီစကားပြော ရုပ်ရှင် “Dangal” (အမာရ်ခန် Aamir Khan ပါဝင် သရုပ်ဆောင်ထားသည်)က အိန္ဒိယနိုင်ငံ အပြင်ဘက်ချည်းသက်သက်ပင် အမေရိကန်ဒေါ်လာ ၂၁၆ သန်းကျော် ရရှိခဲ့သည်။

ရုပ်မြင်သံကြားကလည်း လိုင်းပေါင်း ၉၀၀ ကျော်နှင့် အလွန်စည်ပင်နေပြီး ဆက်လက်၍လည်း တိုးတက်နေသည်။ ထို့ပြင် ပြီးခဲ့သည့် နှစ်များအတွင်းတွင် အွန်လိုင်းဝန်ဆောင်မှုကလည်း မြင့်တက်လာခဲ့သည်။

Netflix ၏ “Sacred Games” (ယခုအခါ ဒုတိယတွဲကိုပင် ပြသနေပြီဖြစ်သည်) စံချိန်တင် ကုန်ကျငွေ ဒေါ်လာ ၁၄ သန်း နှင့် အတူ အိန္ဒိယ ထုတ်လုပ်ရေးတခုတွင် ယခုအချိန်အထိ အများဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ခဲ့သည်။ အမှန်တကယ် တွင်လည်း အဆိုပါ ဇာတ်လမ်းတွဲကို ကြည့်ရှုသူ ၃ ယောက်ရှိလျှင် ၂ ယောက်က အိန္ဒိယနိုင်ငံ ပြင်ပမှ ဖြစ်သည်ဟု ခန့်မှန်းရပါသည်။

အိန္ဒိယနိုင်ငံ၏ အင်တာနက် သုံးစွဲသူ သန်း ၅၇၀ က အလွန်ဆွဲဆောင်မှုရှိသော ဆုကြေးတခု ဖြစ်သည်။ Boston Consulting Group (BCG) ၏ လတ်တလော အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ၏ (အွန်လိုင်း အပါအဝင်) အခပေးရုပ်သံ မီဒီယာ လုပ်ငန်းက ၂၇ ရာ ခိုင်နှုန်း ဖွံ့ဖြိုးလာမည်ဟု ခန့်မှန်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဈေးကွက် အရွယ်အစားက အမေရိကန် ဒေါ်လာ ၅ ဘီလီယံ အထိ မယုံနိုင်ဖွယ်ရာ မြင့်တက်လာလိမ့်မည်ဟု ဖော်ပြထားသည်။ KPMG ၏ အဆိုအရ အိန္ဒိယနိုင်ငံ၏ မီဒီယာနှင့် ဖျော်ဖြေရေး လုပ်ငန်းကဏ္ဍတခုလုံး၏ ၂၀၁၉ ဘဏ္ဍာရေးနှစ် ဝင်ငွေက အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ အထိ ရောက်ရှိသင့်ကြောင်း သိရသည်။

စိတ်လှုပ်ရှားစရာ ကိန်းဂဏန်းများအပြင် မက်မောစိတ်ဝင်စားစရာ ကောင်းသည်မှာ တန်ညာကဲ့သို့သော သူများဖြစ်ကြသည်။ သူတို့က လုပ်ငန်းကို ဆက်လက် လည်ပတ်ပေးနေသည့် သေးငယ်သော ခွေးသွားစိတ်ကလေးများ ဖြစ်ကြသည်။ ယခုအခါ သူက အချစ်ဦးဖြစ်သော သရုပ်ဆောင်ခြင်းဖက်တွင် ပိုမို၍ အချိန်ပေးနေသည်။

သို့သော်လည်း သူ၏ ရုပ်မြင်သံကြား နောက်ခံ အတွေ့အကြုံအရ ရုပ်ရှင်လုပ်ငန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် မျှော်လင့်နေကြသူများကဲ့သို့ မဟုတ်ဘဲ အနည်းဆုံးတော့ သူ့တွင် ပုံမှန်ဝင်ငွေရသည့် အရင်းအမြစ်တခု ရှိသည်။ ထိုအချက်နှင့် သူ၏ အလုပ်အပေါ်တွင် အလွန်သတိကြီးသည့် ကိုယ်ကျင့်တရားတို့ ပေါင်းစပ်လိုက်သည့်အခါ ရုပ်သံလုပ်ငန်းနှင့် Project Tank Man အမည်ရှိ အင်တာနက်မှ ထုတ်လွှင့်သော ဇာတ်လမ်းတွဲ တခုကြားတွင် ဟန်ချက်ညီမျှအောင် လုပ်နိုင်ခဲ့သည်။ ထိုနည်းတူ “Commando” ဇာတ်လမ်းတွဲ၏ တတိယပိုင်းတွင် ဇာတ်ပို့ကဏ္ဍမှာ ပါဝင်ခွင့်ရခဲ့သည်။

“Dangal” ၏ဝင်ငွေက အိန္ဒိယနိုင်ငံ အပြင်ဘက်ချည်းသက်သက်ပင် အမေရိကန်ဒေါ်လာ ၂၁၆ သန်းကျော် ရရှိခဲ့သည်

အနာဂတ်တွင် ပါဝင်ရမည့် အခန်းကဏ္ဍများအတွက် အစမ်းသရုပ်ဆောင်မှုများ ပြုလုပ်ခြင်းအပြင် ယခုအခါ တန်ညာက ဘောလီးဝုဒ် ရုပ်သံလိုင်းတခုတွင် အလုပ်လုပ်နေပြီး ရုပ်ရှင်လုပ်ငန်းအတွင်းမှ နောက်ဆုံးရသတင်းများနှင့် ပတ်သက်၍ အင်တာဗျူးများ ပြုလုပ်ခြင်းနှင့် သတင်းတင်ဆက်ခြင်းများ ပြုလုပ်နေသည်။ National School of Drama တွင် ပြဇာတ်များကို ဖန်တီးပေးခြင်းအားဖြင့်လည်း ကျောင်းသားများကို ကူညီနေသည်။ တခြားဖက်တွင် သူ၏ အားကစားသတင်းဌာနတွင် အလွတ် သတင်းသမားတဦးအဖြစ် ဆောင်ရွက်နေပြီး ခရစ်ကတ်မှသည် နပမ်းအထိ အရာရာတိုင်းနှင့် ပတ်သက်သော လေ့လာဆန်းစစ်မှုများ တင်ဆက်ပေးနေသည်။

သို့သော်လည်း ရုပ်ရှင်များတွင် ပါဝင်နိုင်ရေးက အဆုံးစွန်သော ဆုလာဘ်ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်လာပါက ရုပ်ရည် ကြည့်ကောင်းရေးက မလွဲမသွေ လိုအပ်သည်။

“ယောက်ျားလေးတွေက ဝမ်းဗိုက်ကြွက်သားတွေ ရှိရမယ်။ သူတို့က ပရိုတိန်း၊ ကြက်သားနဲ့ ကြက်ဥတွေပဲ စားရမယ်။ အသားဖြူရမယ်။ ကျမတို့ အမျိုးသမီးတွေကလည်း သူတို့နဲ့ အတူ သရုပ်ဆောင်ရတယ်။ ဒါ ကြောင့် ကျမတို့ကလည်း ကျော့ကျော့မော့မော့နဲ့ ကြည့်ကောင်းရမယ် ”ဟု တန်ညာက ရယ်မောရင်း ရှင်းပြသည်။

“အဲဒီလိုမှ မဟုတ်ရင် တခြားတယောက်က အမြဲတမ်းပေါ်လာပြီး အဲဒီ အခွင့်အရေးကို ရှင့်ဆီက လုသွားလိမ့်မယ်။ ကျမ အလုပ်မှာ ကျမ တော်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် တစုံတယောက်က ကျမထက် ပိုကြည့်ကောင်းနေတာကြောင့် ကျမ လက်ထဲက အခွင့်အရေး လွတ်သွားတာမျိုးတော့ အဖြစ်မခံနိုင်ဘူး။”

ထို့ကြောင့် သူ့အချိန်စာရင်းက နားချိန်မရှိဖြစ်နေသည်။ တခါတရံတွင် အလွန် ညနက်သည့် အချိန်မျိုးကျမှသာ လေ့ကျင့်ခန်း လုပ်နိုင်လေ့ရှိသည်။ အန်ဒါရီ၏ ဆူညံရှုပ်ထွေးသော လမ်းများတဝိုက်တွင် ညတနာရီကျော်မှ အပြေးလေ့ကျင့်ခန်း လုပ်ရတတ်သည်။

Sacred Games 2 ကို Netflix က အမေရိကန်ဒေါ်လာ ၁၄ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်

“မွန်ဘိုင်းက ဒေလီလို မဟုတ်ဘူး။ အရမ်းကို လုံခြုံစိတ်ချရတယ်” ဟု သူက ထပ်ပြောသည်။ သတင်းတင်ဆက်သူ တယောက်ဖြစ်သည့် သူ့ခင်ပွန်း ဒီးပက် Deepak က သူ့ရည်ရွယ်ချက်များကို အလွန်ထောက်ခံသူဖြစ်ခြင်းကလည်း အကူအညီတခု ဖြစ်သည်။

သို့သော်လည်း ဘောလီးဝုဒ်တွင် ရှိနေရခြင်းကြောင့် ဖျော်ဖြေရေးလုပ်ငန်းက အမှန်တကယ်တွင် မည်မျှကြမ်းတမ်းကြောင်း သူ့ကို သတိပြုမိစေ၏။ မွန်ဘိုင်းမှ မင်းသမီးတယောက်၏ ဘဝက ခက်ခဲသည်။ အထူးသဖြင့် ငွေကြေးကို စီမံခန့်ခွဲသည့် နေရာတွင် ဖြစ်သည်။

တန်ညာ၏ လစာ ၃ ပုံ ၁ ပုံက အိမ်ငှားခထဲသို့ ရောက်သွားသည်။ မိတ်ကပ်နှင့် ကင်မရာရှေ့တွင် ဝတ်ဆင်ရမည့် အဝတ်အစားများအတွက်လည်း သူပေးရမည် ဖြစ်သည်။ သူ၏ အဝတ်အစားများကို ထပ်တလဲလဲ ဝတ်၍ မရနိုင်ပါ။

သို့သော်လည်း ဘောလီးဝုဒ်က အခြေအမြစ် မရှိသည့် စိတ်လှုပ်ရှားစရာ ပြကွက်များနှင့် တေးဂီတ ဖောချင်းသောချင်း ပါဝင်သည့် မြောက်များစွာသော ဇာတ်ကားများ၏ အလွန်တွင် ပြောင်းလဲ၍ လာနေသည်။ နိုင်ငံရေးအရ စွဲချက်ဖြစ်သော ပုဒ်မ ၁၅ က လတ်တလောတွင် ပြည်သူလူထု၏ အာရုံစိုက်မှုကို ဆွဲဆောင်နေသည်။

တန်ညာကို ထူးခြားစေသည်မှာ သူ၏ ဉာဏ်ရည်ထက်မြက်မှု၊ နွေးထွေး ကြင်နာ တတ်ခြင်းနှင့် အမျိုးသမီးဟာသ သရုပ်ဆောင် တယောက်လို ဇဝနဉာဏ်ကောင်းခြင်း ဖြစ်သည်/ Team Ceritalah

ဇာတ်ကွဲပြားမှုနှင့် ဘာသာရေးက ပြင်းထန်သော အချေအတင် အငြင်းပွားမှုများကို (အကြမ်းဖက်မှုများကိုပင်) ဖြစ်စေနိုင်သော နိုင်ငံတခုတွင် အဆိုပါ အကြောင်းအရာများက (စိတ်ထွက်ပေါက်ရှာခြင်း၏ အဆုံးစွန်သော ပုံစံဟု ယူဆရသည့်) ငွေရောင်ပိတ်ကားပေါ်မှ စကားလုံးများဆီသို့ ဆက်လက်၍ ရောက်ရှိနေသည်။

မည်သို့ပင်ဖြစ်စေကာမူ ဘောလီးဝုဒ်က ဟောလီးဝုဒ် မဟုတ်ပါ။ ၎င်း၏ မြောက်အမေရိကန် လုပ်ငန်းကဲ့သို့ မဟုတ်ဘဲ မွန်ဘိုင်း၏ ရုပ်ရှင်လုပ်ငန်း နှင့် ၎င်း၏ နာမည်ကျော်များက များသောအားဖြင့် ဒေလီ အစိုးရ၏ စက်ကွင်းအတွင်းတွင်သာ လုပ်ကိုင်နေကြသည်။ ပို၍ အာဏာရှင်ဆန်လာသော နေရိန်ဒြာမိုဒီ Narendra Modi က လက်ရှိတွင် အာဏာအလွန်ပြင်းနေသည်။

အွန်လိုင်းမှ ထုတ်လွှင့်သည့် ဝန်ဆောင်မှုများသည်ပင် ရှေးရိုးစွဲ အသိုင်းအဝိုင်းကို ကျော်လွန်နိုင်ခြင်း မရှိပါ။ ဥပမာပြရလျှင် “Sacred Games” မှ အချို့ အခန်းများသည် ဆစ်ခ်လူမျိုး အသိုင်းအဝိုင်းကို စော်ကားနေသည်ဆိုသည့် စွပ်စွဲမှုများဖြင့် အာဏာရ BJP ၏ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မွမ်ဘိုင်းက ဒေလီလို မဟုတ်။ အရမ်းလုံခြုံကြောင်း တန်ညာက ဆိုသည်/ Team Ceritalah

သို့သော်လည်း ရုပ်ရှင်လုပ်ငန်းက ဆက်လက်၍ ဖွံ့ဖြိုးနေသည်နှင့် အမျှ ထိုနေရာတွင် အောင်မြင်ကြီးပွားရန် မျှော်လင့်သူ အရေအတွက်ကလည်း တိုးပွားလာနေသည်။

မည်သည့်ရုပ်ရှင်တွင် ဖြစ်စေ ပါဝင်ရမည့် ဇာတ်ရုပ်နေရာတခုအတွက် အစမ်းသရုပ်ဆောင် စစ်ဆေးခံသူ ပျမ်းမျှအားဖြင့် ၁၀၀ အနည်းဆုံး ရှိသည်ဟု တန်ညာက ပြောသည်။ သူ့ကို (သရုပ်ဆောင်ရန်) ပြန်ခေါ်ခံရသည့် နှုန်း ၂၅ ရာခိုင်နှုန်း ရှိသည်။

သောင်းနှင့် ချီသော ရှရွတ်ခန် Shah Rukh Khan များ၊ အစ်ရှ်ဝါရာ ရိုင်း Aishwarya Rai များ ဖြစ်လိုသူများတွင် ပါရမီ အရည်အချင်းနှင့် ရုပ်ရည် ကြည့်ကောင်းမှုက အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။ များသောအားဖြင့် ထိုမျှလောက်နှင့် မလုံလောက်ပါ။

တန်ညာ၏ အဆိုအရ သင်၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်က ကြေညာထားသည့် ဇာတ်ကောင်ပုံစံနှင့် မည်မျှပင် ကိုက်ညီသည်ဖြစ်စေ အားလုံးက ကံကြမ္မာနှင့်လည်း ဆိုင်သည်။

သို့သော်လည်း တန်ညာကဲ့သို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသူများအတွက် (ပျော်စရာနှင့် အဆုံးသတ်လေ့ရှိသည့်) ဘောလီးဝုဒ် ဇာတ်သိမ်းခန်းတခုနှင့်တူသော အခွင့်အရေးက စောင့်ဆိုင်းနေပါသည်။

မွန်ဘိုင်းတွင် ဘောလီးဝုဒ် နာမည်ကျော်များကို တွေ့နိုင်သော နေရာများမှာ

Parel အောက်ပိုင်းမှ Town Hall စားသောက်ဆိုင်
Soho House Mumbai စားသောက်ဆိုင်
Pali Village Café ကော်ဖီဆိုင်
Prithvi ဇာတ်ရုံ
Masala Library by Jiggs Kalra စားသောက်ဆိုင်
Yauatcha Mumbai စားသောက်ဆိုင်

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

You May Also Like These Stories:

အိန္ဒိယသားတွေ လာချေပြီ

ကက်ရှ်မီးယား ပြဿနာ သို့မဟုတ် အိန္ဒိယ ဝိညာဉ် ပျောက်ဆုံးခြင်း

ငိုက်မြည်းနေသော မော်လမြိုင် (သို့မဟုတ်) လူများ စွန့်ခွာသွားရာ မြို့ 

The post ကခုန်ပျော်ပါးနေသော ဘောလီးဝုဒ်၏ နောက်ကွယ် appeared first on ဧရာဝတီ.

Viewing all 3346 articles
Browse latest View live