Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all 3346 articles
Browse latest View live

အပြောင်းအလဲများ မြင်တွေ့ရဦးမည့် မန္တလေးသင်္ကြန်

$
0
0

တန်ခူးလတွင် နိုင်ငံတဝှမ်းဆင်နွှဲကြသော မြန်မာ့ရိုးရာအတာသြင်္ကန် ရေသဘင်ပွဲတော်များအနက် မန္တလေးသင်္ကြန်သည် တမူထူးခြားပြီး ယဉ်ကျေးမှု သြင်္ကန်အနေဖြင့် အစဉ်အလာရှိခဲ့သည်။ မြန်မာ့ရိုးရာသြင်္ကန်ဟု ပြောဆိုမှုများရှိလာလျှင် မန္တလေးသြင်္ကန်ကိုပဲ ညွှန်းဆိုကြသည်။

မန္တလေးသြင်္ကန်၏ အထင်ကရမှတ်တိုင်များ အနေဖြင့် စစ်ကြီးမတိုင်မီက ၁၃၀၀ ပြည့်သြင်္ကန်၊ စစ်ကြီးအပြီး ၁၉၄၇ မန်းတောင်ရိပ်ခို သြင်္ကန်၊ ၁၉၅၀ ငြိမ်းချမ်းရေးသြင်္ကန်၊ ၁၉၅၁ ပြည်ထောင်စုသြင်္ကန်၊ ၁၉၇၀ ကျော်ကာလ ရုပ်ရှင်မင်းသား ကြီးဝင်းဦးနှင့် အလှပြကားများ၊ အလှပြ မဏ္ဍပ်များ ရာချီရှိခဲ့သည့် မန်းဟန်နှင့် နန်းဆန်ခဲ့သော သြင်္ကန်တို့သည် သမိုင်းဝင် သြင်္ကန်များဖြစ်ခဲ့သည်။

ထိုကဲ့သို့ ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းခဲ့သည့် မန္တလေးသြင်္ကန်၏ ပုံရိပ်များ ပျောက်ကွယ်လုဖြစ်နေသည်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်၍ ပြန်လည်ဖော်ထုတ်နေလျက်ရှိရာ ယခုနှစ် သြင်္ကန်ပွဲ တော်တွင်လည်း အပြောင်းအလဲ များပြုလုပ်ရန် ကြိုတင်ပြင်ဆင်နေကြသည်ကိုတွေ့ရသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက ၂၀၁၉ ခုနှစ် မန္တလေး မဟာသြင်္ကန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေသည့်အထဲတွင် သြင်္ကန်ရေကစားမဏ္ဍပ်နေရာများနှင့် လမ်းလျှောက်သြင်္ကန်တို့ အပြင် တောသြင်္ကန်နှင့် တိုင်းရင်းသားသြင်္ကန် (ပြည်ထောင်စုသြင်္ကန်) တို့လည်း ပါဝင်သည်။

တောသြင်္ကန်တွင် ညဈေးလည်း ပါဝင်မည်ဖြစ်ပြီး နိုင်ငံခြားခရီးသွားများအတွက် စွဲဆောင်မှု တခုဖြစ်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာမှု မြန်မာ့ရိုးရာ အစားအစာများ ရောင်းချခြင်း၊ မြန်မာ့ရိုးရာရုပ်သေးပွဲ၊ ရှေးယခင်ကဲ့သို့ ပိတ်ကားရုပ်ရှင် ပြသခြင်းစသည့် တောဓလေ့ရိုးရာများ ဖြင့် အသက်ပြန်သွင်းတော့မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် မန္တလေးသြင်္ကန် ဖွင့်ပွဲပုံရိပ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင် က “ဒီနှစ် တောသြင်္ကန်မှာ သန့်ရှင်းတဲ့ စားသောက်ဆိုင်တွေ နေ့ရောညပါ ဖွင့်ခွင့်ပေးမှာပါ၊ ၆၆ လမ်း ၁၉ လမ်းနဲ့ ၂၃ လမ်းကြားမှာပါ” ဟု ပြောသည်။

ယမန်နှစ်က မန္တလေးသြင်္ကန်တွင် လမ်းလျှောက်သြင်္ကန် ထည့်သွင်းပြုလုပ်ခဲ့ရာတွင် ပါဝင်ဆင်နွှဲသူများ ခန့်မှန်းသည်ထက် ပိုစည်ကားခဲ့သဖြင့် ယခုနှစ်တွင် ပါဝင်ဆင်နွှဲသူများ ပိုမို အဆင်ပြေစေရန် အတွက် ကျုံး၏ မျက်နှာစာ ၂ ဖက် ၂၆ လမ်းနှင့် ၆၆ လမ်းတွင် တိုးချဲ့ ဆောင်ရွက် ပေးသွားရန် ပြင်ဆင်နေလျှက်ရှိသည်။

ထို့အတူ မိသားစုများ ရေကစားနိုင်ရန် အတွက်လည်း ယခင်နှစ်က နှုန်းထားထက် ထက်ဝက် လျှော့ချပြီး မျက်နှာစာ ၁၀ ပေ နေရာကို ကျပ် ၅ သိန်း၊ ပေ ၂၀ ကို ၁၀ သိန်းနှင့် ပေ ၃၀ ကို ၁၅ သိန်းနှုန်း သတ်မှတ်ထားပေးကြောင်း ဒေါက်တာ ရဲလွင်ထံမှ သိရသည်။

စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် ကလည်း “ပြီးခဲ့တဲ့နှစ် သြင်္ကန်မှာ လာတဲ့သူ များတော့ အဆင်မပြေမှုလေးတွေ ရှိခဲ့လို့ နေရာတိုးချဲ့သွားမယ်၊ အခုရက်ပိုင်းက စပြီး ကြိုက်နှစ်သက်တဲ့ ပေအလိုက် သတ်မှတ်ငွေကြေးကို ပေးသွင်း ပြီးတော့ ဦးရာလူစနစ်နဲ့ နေရာကို ရွေးချယ်မှတ်သားလို့ ရပါပြီ” ဟု ပြောသည်။

၂၀၁၈ ခုနှစ် မန္တလေးသြင်္ကန် ဖွင့်ပွဲပုံရိပ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

မန္တလေးသြင်္ကန်သည် ၁၉၈၀ ခုနှစ်နောက်ပိုင်း အာဏာရှင် စနစ်လက်ထက် စိစစ်ရေး အဖွ့ဲ၏ နှိပ်ကွပ်မှုများကြောင့် အလှပြယာဉ်ကြီးများ၊ အလှပြ မဏ္ဍပ်ကြီးများ၊ သံချပ်အသင်းများ တဖြည်းဖြည်း တိမ်ကောလာခဲ့ပြီး စီးပွားဖြစ်သြင်္ကန်အသွင်သို့ ကူးပြောင်းခဲ့ရကြောင်း စာရေးဆရာ ဆူးငှက်က ရှင်းပြသည်။

မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက် က “ဒီလို ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မန္တလေးသြင်္ကန်ဆိုတာ ကျုံးကြီးခြေကန် ပြီးတော့ ရေပတ်ကြတာ အဓိကဖြစ်လာတယ်၊ အဲဒီလို ရေပတ်ဖို့ ကြော်ငြာစပွန်ဆာတွေ တောင်းကြမယ်၊ နာမည်ကြီးအဆိုတော်တွေရဲ့ ခေတ်ပေါ်သီချင်းတွေကိုပဲ ရေပတ်ရင်းနဲ့ အော်ကြ ဟစ်ကြ ဆိုကြ ကကြခုန်တာမျိုးတွေ ဖြစ်ကုန်တယ်၊ ပြောချင် တာက သြင်္ကန်ကို နာမည်ခံပြီး လုပ်စားလာကြတဲ့ စီးပွားရေးသြင်္ကန်ဖြစ်သွားတယ်” ဟု ပြောသည်။

ယခုနှစ်မန္တလေးသြင်္ကန်တွင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၏ အလှူငွေဖြင့် မဟုတ်သော အလှပြယာဉ်များကို ပို၍ မြင်တွေ့ရမည်ဖြစ်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း က “လုံခြုံရေး၊ အလှပြယာဉ်တွေနဲ့ ပြင်ပ ကုန်ကျစရိတ်တွေကို စည်ပင်သာယာက အကုန်ကျခံရတာ၊ အရင်နစ်တွေက အဲဒီကုန်ကျစရိတ်တွေ အတွက် လုပ်ငန်းရှင်တွေဆီက အလှူခံတယ်၊ ဒီနှစ် ဘယ်လုပ်ငန်းရှင်ထံကမှ အလှူမခံတော့ဘူး၊ ဒီနှစ်မှာ ဘဏ္ဍာငွေ သုံးစွဲမှုကို သိန်း ၃ ထောင်သုံးစွဲဖို့ လျာထားချက် ရှိပါတယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ် မန္တလေးသြင်္ကန် ဖွင့်ပွဲပုံရိပ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

ယခင်နှစ်များက ၆၆ လမ်း ကျုံးအရှေ့ဘက်တွင် ဖျော်ဖြေရေး မဏ္ဍပ်များ၊ ရေကစား မဏ္ဍပ်ကြီးများ ချထားပေးခဲ့ သော်လည်း ယခုနှစ်တွင် လမ်းလျှောက် သြင်္ကန်ကို တိုးချဲ့မည်ဖြစ်သည့်အတွက် မဏ္ဍပ်ကြီးများ ချထားပေးတော့မည် မဟုတ်ပေ။

ကျုံးအရှေ့ဘက်တွင် ပလက်ဖောင်းပြုပြင်ခြင်းများ ပြုလုပ်လျက်ရှိပြီး သြင်္ကန်မတိုင်ခင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကာ ထိုပလက်ဖောင်းများ ပျက်စီးမှုမရှိအောင် သြင်္ကန်ရက်အတွင်း အကာအရံများဖြင့် ကာထားမည်ဖြစ်သလို လမ်း ၇၀ နှင့် ၁၄ လမ်းရှိ သန့်စင်ခန်းများကိုလည်း ခေတ္တပိတ်ထားပြီး နှစ်ဆန်းတရက်နေ့မှ ပြန်ဖွင့်ပေးသွားမည်ဟု သိရသည်။

ဦးကျော်ဆန်းမြင့် က “ဒီနှစ်မှာ ကျုံးအရှေ့ဘက်ခြမ်းမှာ အရင်နှစ်တွေကလို ရေကစားမဏ္ဍပ်ကြီးတွေ မပေးတော့ဘူး၊ ကျုံးမြောက် ဘက်ခြမ်း ၁၂ လမ်းပေါ်မှာ ကိုယ်ပိုင် ရေစုပ်စက်နဲ့ တနိုင်တပိုင် မိသားစု ရေးကစားဖို့ခွင့်ပြုမှာပါ၊ ဒီနှစ် ထူးထူး ခြားခြား အစီအစဉ်တွေကတော့ တိုင်းရင်းသား သွေးချင်းများရဲ့ရိုးရာသြင်္ကန်၊ မနော်ရမ္မံမှာ ပြုလုပ်မယ့် ဖျော်ဖြေရေး မဏ္ဍပ်မှာတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေကို နေ့/ည ဖျော်ဖြေပေးသွားပါမယ်၊ ဆုပေးမဏ္ဍပ်က အရင်နှစ်များလို မြို့တော်ဝန်မဏ္ဍပ်မှာ မလုပ်တော့ဘဲ မနော်ရမ္မံမှာ လုပ်မယ်” ဟု ပြောသည်။

ယခုနှစ်မှ စတင်ထည့်သွင်းပြုလုပ်မည့် ပြည်ထောင်စုသြင်္ကန်အား ၂၆ လမ်း၊ ၆၆ လမ်းမှ ၆၈ လမ်းအထိ လမ်းနှစ်ပြ ပေးမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာ ရေပတ်က စားခြင်း၊ တိုင်းရင်းသားရိုးရာ အစားအသောက်များ စတုဒီသူကျွေးခြင်းနှင့် ရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မန္တလေးသြင်္ကန် ဖွင့်ပွဲပုံရိပ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

စာရေးဆရာ ဆူးငှက် က “မနှစ်ကစပြီး တောသြင်္ကန်ဆိုတာလည်း ထည့်သွင်းလာတယ်၊ လမ်းလျှောက်သြင်္ကန် လုပ်တယ်၊ သိပ်ကောင်း သွားတယ်၊ ကျုံးဘေး မြို့ရိုး ၄၈ ရပ် ပြသာဒ်တွေနဲ့ ကျုံးထဲက ရေတွေကို ဖြုန်းတီးရာမရောက်ဘဲနဲ့ အားလုံးလွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင် ယဉ်ယဉ်ကျေးကျေး ကစားနိုင်တယ်၊ တကယ်ကိုကောင်းပါတယ်၊ သို့သော် သြင်္ကန်မှာ လမ်းလျှောက်ပြီးတော့ ကောက်ညှင်းပေါင်းနဲ့ အကြော်စာရုံလောက်က တကယ့် မန္တလေးသြင်္ကန်ရဲ့ အနှစ်သာရမဟုတ်ဘူး” ဟု ပြောသည်။

“မန္တလေးသြင်္ကန် အထိမ်းအမှတ်က ဂီတသြင်္ကန်၊ အကသြင်္ကန်ပါ၊ ရေပတ်တာ အဓိက မဟုတ်ဘူး၊ ရေပတ်တာ ကလည်း ပက်ရိုးပတ်စဉ် ယဉ်ယဉ် ကျေးကျေးနဲ့ ဖလားလေးနဲ့ ပတ်ခဲ့ကြတာ၊ အဓိကက ညပိုင်းဖျော်ဖြေမှုတွေပဲ၊ အလှပြ ယာဉ်တွေ၊ ဧည့်ခံယိမ်းအကအဖွဲ့တွေ၊ သံချပ်အဖွဲ့တွေနဲ့ အသစ် အသစ်တွေကိုပဲ အနုပညာရသမြောက်စွာ ဖန်တီးဖျော်ဖြေ တင်ဆက်မှု တွေက မန္တလေးသြင်္ကန်ရဲ့ တကယ့် အနှစ်သာရတွေပဲ ဖြစ်တယ်” ဟု စာရေးဆရာ ဆူးငှက် က ရှင်းပြသည်။

ယခုနှစ် မန္တလေးမဟာသြင်္ကန် အပြောင်းအလဲများထဲတွင် ကစားမည့် ရေသုံးစွဲမှုနှင့် ရေကစားချိန် လျှော့ချခြင်းများလည်း ပါဝင်မည်ဖြစ်သည်။ ရေကစားမဏ္ဍပ်များ အတွက် ရေသုံးစွဲမှုနှင့် ရေကစားချိန်ကို လျှော့ချရသည့် အကြောင်းအရင်းများထဲတွင် အယ်နီညိုရာသီကြောင့် ရေပြက်လက်မှု မရှိစေရေး၊ ရေကစားကြမည်သူများ မလိုလားအပ်သည့် ကျန်းမာ ရေးပြသနာများ ဖြစ်ပွားမှုမရှိစေရေးအတွက်လည်း ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။

ဦးသက်နိုင်ထွန်းက “မန္တလေးမဟာသြင်္ကန် ပွဲတော်အတွက် ဒီနှစ်မှာ ထူးခြားတာကတော့ ရေကစားချိန်လျှော့ချထားသလို ရေသုံးစွဲမှုတွေကို လည်း လျှော့ချထားပါတယ်၊ သြင်္ကန်ကာလအတွင်း ရေကစားဖို့ နေ့စဉ် ရေဂါလံ ၁၀သန်းလောက်ကုန်တယ်၊ ရေသုံးစွဲမှု လျှော့ချနိုင်ဖို့အတွက် ရေကစားချိန် လျှော့ချခဲ့တာပါ” ဟု ဆက်လက်ပြောသည်။

ပွဲတော်ရက်များအတွင်း နန်းမြို့ရိုးကျုံးပတ်လည်ရှိ ရေကစားမဏ္ဍပ်များအတွက် ယခင်နှစ်များက ရေဂါလံ သန်း ၆၀ ခန့်အထိ အသုံးပြုခဲ့ပြီး ယခုနှစ်တွင် ရေဂါလံသန်း ၃၀ သာ သုံးစွဲခွင့်ပြုသွားမည်ဖြစ်သလို ရေကစား မဏ္ဍပ် များသည် နံနက် ၈ နာရီမှ ၁၂ နာရီထိနှင့် ညနေ ၃ နာရီမှ ၆ နာရီအထိသာ ရေကစားကြရမည်ဖြစ်ပြီး ယခင်နှစ်က နံနက် ၇ နာရီမှ ၁၂ နာရီထိနှင့် ညနေ ၂ နာရီမှ ၆ နာရီအထိ ရေကစားခွင့် ပြုခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မန္တလေးသြင်္ကန် ဖွင့်ပွဲပုံရိပ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

၂၀၁၉ ခုနှစ် မန္တလေး မဟာသြင်္ကန်ပွဲတော်တွင် ရပ်ကွက်ယိမ်းအဖွဲ့များကို ပြန်လည်တွေ့မြင်ရတော့မည် ဖြစ်ပြီး ထိုအတွက် ပြိုင်ပွဲကိုလည်း ထည့်သွင်းထားပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၂သိန်း၊ တတိယဆု ၁၀ သိန်း၊ အထူးဆု ၅ သိန်းနှုန်း ချီးမြှင့်ပေးသွားမည်ဟု သိရသည်။

ဦးကျော်ဆန်းမြင့် က “မန္တလေးသြင်္ကန်မှာ နှစ်ပေါင်းမြောက်များစွာ ကွယ်ပျောက်နေတဲ့ ရပ်ကွက်ယိမ်းတွေကို ပြန်လည်ဖော်ထုတ်တာ ဖြစ်ပါတယ်၊

ကော်မတီက ချီးမြှင့်ပေးမယ့်ဆုကြေးအပြင် အခြားဝါသနာရှင်၊ စေတနာရှင်တွေကလည်း သီးခြားဆုတွေကို ချီးမြှင့်ပေးသွား မယ်လို့တော့ သိထားပါတယ်၊ ပြိုင်ပွဲတွေက မနော်ရမ္မံမှာ အားလုံးပြိုင်ကြရမှာဖြစ်ပြီး ဆုရတဲ့အဖွဲ့တွေက မြို့တော် ဝန်မဏ္ဍပ်မှာ လာရောက် ဖျော်ဖြေကြရမှာပါ”ဟု ပြောသည်။

ယိမ်းပြိုင်ပွဲများကို ပြန်လည် ထည့်သွင်းလာခြင်းအပေါ် စာရေးဆရာ ဆူးငှက် က ကြိုဆိုလိုက်ပြီး သြင်္ကန် အလှပြမဏ္ဍပ်ကြီးများ၊ သြင်္ကန် အလှပြယာဉ်များနှင့် သြင်္ကန် တေးသီချင်းများကိုလည်း ပြန်လည်ပေါ်ပေါက်လာစေလိုကြောင်း ပြောသည်။

“ဂီတဆိုတာ အမျိုးသားအမွေအနှစ်ဖြစ်တယ်၊ ဥပမာ မန်းတောင်ရိပ်ခို သီချင်းဆိုရင် ၁၉၄၇ ခုနှစ်က ဆရာငြိမ်း ရေးစပ်ခဲ့တယ်၊ အခုဆိုရင် သြင်္ကန်ရဲ့အထိမ်းအမှတ် နိုင်ငံတော် သီချင်းဖြစ်သွားတာ အမျိုးသားအမွေအနှစ်ပဲ၊ ဒီတပုဒ်ထဲ တင်မဟုတ်ဘူး၊ သြင်္ကန်သီချင်း မှန်သမျှ မန္တလေးသြင်္ကန်က အများဆုံးပေါ်ထွက်ခဲ့တာ ၉၉ ရာခိုင်နှုန်းလောက်ရှိတယ်၊ ဒါတွေက အမျိုးသားအမွေအနှစ်တွေဖြစ်တယ်၊ ဒီတော့ ဒီလိုသြင်္ကန် မဏ္ဍပ်တွေ၊ သြင်္ကန်အ လှပြယာဉ်တွေ မရှိတော့တာနဲ့ အမျိုးသားအမွေအနှစ်က ကန်းသွားပြီ မရှိတော့ဘူး၊ အဲဒါမျိုးတွေကို ဦးစားပေး ပြန်လည် ဖော်ထုတ်ကြရမှာ ဖြစ်တယ်”ဟု ဆရာဆူးငှက် က ပြောသည်။

၂၀၁၈ ခုနှစ် မန္တလေးသြင်္ကန် ဖွင့်ပွဲပုံရိပ်များ (ဓာတ်ပုံ – ဇော်ဇော်၊ ဧရာဝတီ)

သြင်္ကန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည့် အထဲတွင် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးလည်း ပါဝင်ပြီး ယခုနှစ် သြင်္ကန်ကာလအတွက် ကြိုတင်ပြင်ဆင်မှုများ အဖြစ် လူအင်အား ဖြည့်တင်းမှုများ ဆေးဝါး စုဆောင်းမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

ဦးမင်းလွင်က “ဆရာဝန်၊ ဆရာမ၊ အလုပ်သမား၊ ကျွမ်းကျင်တွေကို ပုံမှန်အချိန် ထက် ပိုပြီးချထားပေးတယ်၊ နောက် အဖြစ်များပြီး တကယ် လိုအပ်တဲ့ လူနာတွေအတွက် ဆေးဝါးစုဆောင်းတာတွေကိုလည်း ကြိုတင်ပြင်ဆင်တာတွေကို နှစ်စဉ် တလလောက် ကြိုတင်ပြီး လုပ်ရတယ်၊ ဒီနှစ်အတွက်လည်း ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ် မန္တလေးသြင်္ကန် ကာလအတွင်း၌ အထွေထွေရောဂါကုဆေးရုံကြီးသို့ ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ တက်ရောက်ကုသခဲ့ သော ဆေးဝါးကုသမှုခံယူလူနာပေါင်း ၆၈၃ ဦးနှင့် သေဆုံးပြီးရောက်လာသူ ၈ ဦးရှိခဲ့သည်။ အများစုက ယာဉ်မတော်တဆမှု ဖြစ်ပြီး ဒုတိယ အများဆုံးက ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး လူမှု ဆက်ဆံရေးဌာနမှ ဦးမင်းလွင်ကပြောသည်။

၂၀၁၇ ခုနှစ်သြင်္ကန်ကာလက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူသူ ၈၁၃ ဦးရှိခဲ့ပြီး သေဆုံး ၁၇ ဦးရှိခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရသိရသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ် မန္တလေး မဟာသြင်္ကန်ပွဲတော် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေရာတွင် လုံခြုံရေးကဏ္ဍကိုလည်း အထူးအလေးထား ဆောင်ရွက်နေလျက်ရှိပြီး လုံခြုံရေးကဏ္ဍအတွက် မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ အင်အား ၃ ထောင်ကျော်အထိ အသုံးပြုရန်လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The post အပြောင်းအလဲများ မြင်တွေ့ရဦးမည့် မန္တလေးသင်္ကြန် appeared first on ဧရာဝတီ.


ဖိလစ်ပိုင်က ကိုကိုးမာတင်

$
0
0

ကိုကိုးမာတင် Coco Martin က သူလိုကိုယ်လို ဖိလစ်ပိုင် အမျိုးသားတယောက်ဖြစ်သည်။ လူပုဂ္ဂိုလ်အရ ဆိုလျှင် သူက သင်မျှော်လင့်ထားသည်ထက် အရပ်ပို၍ပုပါသည်။ နှစ်လိုဖွယ်ကောင်းသည်။ သူက သပ်သပ်ရပ်ရပ်လည်း နေတတ်သည်။ ရုပ်ချောသည် (အများကြီးတော့ မချောပါ) ။ စာနာနားလည်တတ်သည့် အပြုံးတခုနှင့် နွေးထွေးသော မျက်လုံးများ ရှိသည်။ သူနှင့် တွေ့လိုက်လျှင် ချက်ချင်း အကျွမ်းတဝင် ဖြစ်သွားလိမ့်မည်ဖြစ်သည်။ သူက လမ်းအောက်ပိုင်းမှာ နေသော စက်ပြင် ဆရာတယောက်၊ ကြင်နာတတ်သော ဆေးရုံဝန်ထမ်းတယောက် သို့မဟုတ် နိုင်ငံခြားသား အလုပ်သမားတယောက်လည်း ဖြစ်နေနိုင်သည်။ ပြောပလောက်စရာမရှိပါ။ သာမန်ဖြစ်သည်။ သို့သော် ယုံကြည်အားကိုးရနိုင်သည်။

ထိုအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၌ သမ္မတ ဒူတာတေး၏ သမ္မတသက်တမ်းက ၃ နှစ်ထဲသို့ ဝင်လာခဲ့ပြီ ဖြစ်သည်။ အရေးပါသော အထက်လွှတ်တော်အမတ် နေရာများအပါအဝင် အားလုံးအတွက် အရေးကြီးသည့် သက်တမ်းဝက် ရွေးကောက်ပွဲများကလည်း လျှင်လျှင်မြန်မြန် ချဉ်းကပ်လာနေသည်။ ဒူတာတေး၏ ပထမသမီး လက်ရှိ ဒါဗောင်း Davao မြို့ တော်ဝန် ဆာရာဒူတာတေး Sara Duterte က သူ၏ ကိုယ်ပိုင် ကိုယ်စားလှယ်လောင်းများကို စုစည်းနေပြီး အများပြည်သူနှင့်ဆိုင်သော ဘဝတွင် အမှန်ပြောရန် လိုအပ်ခြင်းကိုလည်း ဖယ်ထုတ်လာသည်နှင့်အမျှ ဖိလစ်ပိုင်နိုင်ငံသည် ဒူတာတေး အမွေ၏ ဖြစ်နိုင်ဖွယ်ရာ အနာဂတ်နှင့်လည်း ထိပ်တိုက်ရင်ဆိုင်နေရသည်။

ယခုအခါ အသက် ၃၇ နှစ် ရှိပြီဖြစ်သော ကိုကိုးမာတင်က ဖိလစ်ပိုင်နိုင်ငံတွင် အကြီးဆုံး ရုပ်သံ ဇာတ်လမ်းတွဲ ဖြစ်သည့် “Ang Probinsyano” (သို့မဟုတ် “ပြည်နယ်ကလူ”) ကို ဦးဆောင်နေသည်။ Kantar Media ၏ အဆိုအရ ဖေဖော်ဝါရီ တလတည်းအတွင်းမှာပင် ABS-CBN ရုပ်သံလိုင်းက ကာလရှည် တင်ဆက်ခဲ့သော ဇာတ်လမ်းတွဲကို တနိုင်ငံလုံးတွင် ကြည့်ရှု့သူ ၄၁ ရာခိုင်နှုန်း ရှိခဲ့သည်။ ကျော်ကြားသူများကို စွဲလမ်းနှစ်သက်တတ်ကြပြီး လူဦးရေ ၁၀၅ သန်းရှိသည့် နိုင်ငံတွင် မယုံနိုင်လောက်အောင် မြင့်မားသည့်နှုန်းဖြစ်သည်။ ကိုကိုးမာတင်က ဖန်တီးမှု အတိုင်ပင်ခံလည်း ဖြစ်ပြီး ဒါရိုက်တာ အဖြစ်လည်း အခါအားလျှော်စွာ ပါဝင်တတ်သည့် ထိုဇာတ်လမ်းတွဲကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံး စတင် ပြသသည့် အချိန်ကတည်းက ချက်ချင်းဆိုသလို အောင်မြင်မှု ရခဲ့သည်။

သို့သော်လည်း ၂၀၁၆ ခုနှစ်တွင် ဒူတာတေး သမ္မတဖြစ်လာပြီးနောက် တိုင်းပြည်အုပ်ချုပ်ရေးတွင် သူ၏ ခက်ထန်မာ ကျောသည့် ချဉ်းကပ်မှုကြောင့် ဇာတ်လမ်းတွဲသည်လည်း ခေတ်ပြိုင် ပကတိတရားများကို တုန့်ပြန်သည့်အနေဖြင့် ဂီယာ ပြောင်းခဲ့ရသည်။

Ang Probinsyano ဇာတ်လမ်းတွဲတွင် ရဲတပ်ဖွဲ့ဝင်တဦးအဖြစ် သရုပ်ဆောင်သော ကိုကိုးမာတင်/ ABS-CBN

အမှန်တကယ်တွင် လည်း ကိုကိုးမာတင်၏ ဇာတ်ရုပ်ဖြစ်သော ဖြောင့်မတ် တည်ကြည်၍ လာဘ်မစားသည့် ရဲ ဖြစ် သော ရီကာဒို Ricardo (သို့မဟုတ် ကာဒို “Cardo”) က ဖိလစ်ပိုင်လူမျိုးအားလုံးကို လျှင်လျှင်မြန်မြန် ဆွဲဆောင် နိုင်ခဲ့သည်။ သူ၏ ရေပန်းစား လူကြိုက်များမှုနှင့် ဈေးကွက်ဝင်မှုကို ပိုမိုအင်အားကောင်းစေခဲ့သည်။

အားလုံးအတွက်လည်း အကျိုးဖြစ်စေခဲ့သည့် အသွင်ရှိပါသည်။ “Ang Probinsyano” က ယခု အချိန်အထိ ဇာတ်လမ်း တွဲ (Season) ၆ ခု (အပိုင်း ၈၉၈ ပိုင်း) ပြသခဲ့ပြီး ဖြစ်သည်။

ကိုကိုးမာတင်၏ ဇာတ်ရုပ် ကာဒိုက ရဲရင့်၍ လေးစားဖွယ်ဖြစ်သည်။ သူ၏ မိသားစုကို ချစ်ခင်၍ သစ္စာရှိသည်။ လက်တွေ့တွင်လည်း ကာဒိုကို သူ့နေရာတွင် သရုပ်ဆောင်သည့် ကိုကိုးမာတင် နှင့် ခွဲခြားရန် ခက်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် (၁၃ ယောက်မြောက် သမ္မတနှင့် ရုပ်ရှင်မင်းသားဟောင်း ဂျိုးဇက်အက်စတြာဒါ Joseph Estrada ကိုကြည့်ပါ) ရုပ်ရှင်မင်းသားများသည် သူတို့၏ အများပြည်သူကြားမှ ဘဝများတွင် သူတို့၏ အထင်ရှားဆုံးသော ဇာတ်ရုပ်များ ရောစပ်ထားခြင်း မလွဲဧကန် ဖြစ်နေလေ့ရှိကြသည်။

ထို့ပြင် နိုင်ငံ၏ စိတ်ခံစားမှုက အကြမ်းဖက်မှုနှင့် အယုတ္တ အနတ္တ စကားများထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသည့် အချိန်တခုတွင် ကာဒိုနှင့် ကိုကိုး ပေါင်းစပ်မှုက အားလုံးထက် ပို၍ သတိထားမိဖွယ်ဖြစ်သည်။

“Ang Probinsyano” က ကြီးကျယ်ခမ်းနားသော ဖျော်ဖြေတင်ဆက်မှုဖြစ်သည်။ လှုပ်ရှားမှုက လျှင်မြန်စွာ ပြောင်းလဲ နေသည်။ ဇာတ်ကြောင်းက စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နေသည်။ အချစ်နှင့် သစ္စာဖောက်မှုများ ပါဝင်သည်။ ဇာတ်လမ်းတွဲက အလွန်မြင့်မားသည့် အာဏာနှင့် ငွေကြေးမှသည် အညစ်ပတ်ဆုံး ဆင်းရဲသား ရပ်ကွက်များနှင့် အလွန်ဆင်းရဲသည့် ကျေးလက်ဒေသများအတွင်းပိုင်း အထိ လူ့အဖွဲ့အစည်း တခုလုံးကို ဖော်ပြသည်။

ထို့ပြင် ဖော်ကျူးသည့် အဓိက ဆိုလိုရင်းများက ပို၍ ရှုပ်ထွေးလာခဲ့သည်။ အကျင့်ပျက်ခြစားမှု၊ တရားမဝင် မူးယစ်ဆေး၊ လူဆိုးဂိုဏ်းစစ်ပွဲများနှင့် ပြည်နယ်များတွင် ဥပဒေကင်းမဲ့မှု အစရှိသော တိုင်းပြည်မှ တင်းမာမှုများကို ရောင်ပြန်ဟပ်ပြနေသည်။

လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် (ဇာတ်လမ်းထဲ ဖန်တီးထားသော) သမ္မတက သူနှင့် ကာလရှည်ကြာ လက်တွဲခဲ့သည့် ဘဏ္ဍာရေးတာဝန်ခံနှင့် အကြွေးကောက်ခံပေးသူ လူကောင်ထွားထွားနှင့် စကားပြော မာထန်သော အမျိုးသမီးတယောက်ကို ဒေါသထွက်၍ မယုံသင်္ကာဖြစ်ပြီး သုတ်သင်ရှင်းလင်းရန် တောင်းဆိုခဲ့သည်။ နိုင်ငံရေးနောက်ခံ ရုပ်သံဇာတ်လမ်းတွဲများဖြစ်သည့် “The Bridge” နှင့် “House of Cards” တို့ကဲ့သို့ပင် ပြင်း ထန်သည့် အလွန် တုန်လှုပ်စရာ ဇာတ်လမ်းတွဲတခုဖြစ်သည်။

ကိုကိုးမာတင်နှင့် ဒါရိုက်တာ ဘရေးလန့် မန်ဒိုဇာ /The Phillipine Star

ဇာတ်ကွက်များနှင့် ဇာတ်ကောင်စရိုက်များ စုဆောင်းရန် သူ မည်ကဲ့သို့ ကြိုးစားခဲ့ရကြောင်း ကိုကိုးက ရှင်းပြသည်။ “ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတွေ၊ ကျနော်ကြီးပြင်းခဲ့တဲ့ နေရာကနေ၊ ဖိလစ်ပိုင်နိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ သတင်း တွေမှာ မြင်တွေ့ခဲ့ရတာတွေဆီကနေ ကျနော် ရယူပါတယ်။ အဲဒါတွေ အားလုံးကို “Ang Probinsyano” အတွက် ဇာတ်လမ်းတွေ အဖြစ်ပြောင်းလဲခဲ့ပါတယ်။”

ခေါင်းဆောင်မင်းသား၏ ရဲတပ်ဖွဲ့ကို ကိုယ်စားပြုမှုကလည်း အာဏာပိုင်များထံမှ ဝေဖန်မှုများရရှိစေခဲ့သည်။ “ကျနော့်ကို ရဲတပ်ဖွဲ့ ရုံးချုပ်ကို လာဖို့ အကြိမ်အများအပြား ဆင့်ခေါ်ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ ပုံရိပ်ကို စွန်းထင်းအောင် ဘာကြောင့် လုပ်နေတာလဲလို့ အမေးခံရတယ်။ ကျနော် သူတို့ကို ရှင်းပြခဲ့ပါတယ်။ ခင်ဗျားတို့ မေ့နေတာ ဖြစ်ပါလိမ့်မယ်။ ကျနော့်ရဲ့ ဇာတ်ကောင်က ရဲတပ်ဖွဲ့ဝင် တယောက်ပါ။ သူက သာမန် ရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ ဖြတ်သန်းမှု အတိုင်းပဲ ဖြတ်သန်းပါတယ်။ ရဲဆိုတာ ရဲဆိုးလည်း ဖြစ်နိုင်ပါတယ်၊ ရဲကောင်းလည်း ဖြစ်နိုင်ပါတယ်။ ကျနော်က ၂ မျိုးလုံးကို ဇာတ်လမ်းတွဲထဲမှာ ပြခဲ့ပါတယ် လို့။”

ကွီဇွန် Quezon မြို့ လက်လုပ်လက်စား ရပ်ကွက်မှ ဆင်းရဲသော လူငယ်တယောက် အနေဖြင့် ကိုကိုး (သူ၏ အမည်ရင်းမှာ Rodel Nacianceno ဖြစ်သည်) က သူ ယခုလောက်အထိ ဖြစ်လာမည်ဟု မည်သည့်အချိန်တွင်မှ ထင်မှတ်မထားခဲ့ပါ။ “ကျနော့် မိဘတွေက ကွဲနေတယ်။ ကျနော်က လမ်းပေါ်က ကလေးတယောက်ပါ။ ကျနော်က အမြဲတမ်း တိုက်ခိုက်နေခဲ့ရတယ်။ ငါ ဘာကြောင့် ဒုက္ခထဲမှာပဲ အမြဲတမ်း အဆုံးသတ်နေရတာလဲလို့ ကျနော့်ကိုယ် ကျနော်မေးခဲ့ပါတယ်။ ကျနော့် အဖေက ရန်ပွဲတွေ ဖြစ်တတ်တယ်။ အရက်မူးတဲ့အခါ ပိုပြီးကြမ်းတမ်းလာတယ်။ မကြာ ခန ဆိုသလို သေနတ် တရမ်းရမ်းနဲ့ လုပ်လေ့ရှိပါတယ်။”

မရေရာ မသေချာသည့် အခြေအနေမှ ကိုကိုး မြင့်တက်လာခြင်းက မထူးဆန်းပါ။ ဖိလစ်ပိုင်နိုင်ငံတွင် ထိုသို့သော ဇာတ်ကြောင်းများ အပြည့်ရှိနေပါသည်။

သို့သော်လည်း သူ့ အလုပ်နှင့် လောကအမြင်ကို ထူးခြားမှတ်သားလောက်ဖွယ်ရာ အမျိုးသား ၂ ယောက်က ပုံဖော်ပေး ခဲ့သည်။ သူတို့၏ အသက်မွေးမှုလုပ်ငန်းများက ကိုကိုး၏ အနာဂတ်ကို ကောင်းကောင်း ဖော်ပြပေးပါလိမ့်မည်။

ပထမတယောက်မှာ ကိန်း Cannes ရုပ်ရှင်ပွဲတော်မှ Palme D’Or ဆုရှင် ဒါရိုက်တာ ဘရေးလန့် မန်ဒိုဇာ Brillante Mendoza ဖြစ်သည်။ ဒုတိယ တဦးမှာ ရုပ်ရှင်မင်းသားဟောင်း နှင့် သမ္မတလောင်း အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ဖူးသူ ဖာနန်ဒိုပိုး ဂျူနီယာ Fernando Poe Junior ဖြစ်သည်။ ဖာနန်ဒိုပိုး ဂျူနီယာသည် ၂၀၀၄ ခုနှစ်ရွေးကောက်ပွဲတွင် ဂလိုရီယာ အာရိုယို Gloria Arroyo ကို ရှုံးနိမ့်ခဲ့ရပြီး အဆိုပါ ရွေးကောက်ပွဲသည် အလွန် အပြစ်အနာအဆာများသည့် ရွေးကောက်ပွဲတခု အဖြစ် ယခုအခါ ယူဆထားကြသည်။

ကိုကိုးက မန်ဒိုဇာ၏ ရုပ်ရှင် ဇာတ်ကား ၃ ကားတွင် ပါဝင်ခဲ့သည်။ ကားတိုင်းက ထူးခြားဖောက်ထွက်သည့် ဇာတ်ကားများဖြစ်သော်လည်း ၂၀၀၉ ခုနှစ်တွင် ဖြန့်ချိသည့် “Kinatay(သုတ်သင်မှု)” ဖြစ်သည်။ (မင်းသား ကိုကိုးရော ဒါရိုက်တာ မန်ဒိုဇာပါ ပြည်တွင်းပြည်ပတွင် ထူးချွန်ဆု အမျိုးမျိုးရခဲ့ကြသည်။ ဇာတ်ကားထဲတွင် ကိုကိုးက ပြစ်မှု ဗေဒ ဆိုင်ရာ ကျောင်းသားတဦး ဖြစ်ပြီး ငယ်ရွယ်သော မိသားစုတခု ရှိသည်။ အပိုဝင်ငွေလည်း အသည်းအသန် လိုအပ်နေသည်။ သူက နောက်ဆုံးတွင် သွေးဆောင်ဖျားယောင်းမှု၊ မုဒိန်းမှု၊ လူသတ်မှုနှင့် ပြည့်တန်ဆာတဦး အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံရခြင်းများကို မျက်မြင်တွေ့ရခြင်း၌ အဆုံးသတ်ခဲ့သည်။

ဖာနန်ဒိုပိုး ဂျူနီယာက ကိုကိုးမာတင်အပေါ် ဩဇာလွှမ်းသည်/FPJ Productions

မန်ဒိုဇာ၏ မနီလာက မှောင်မိုက်သည်။ ခက်ထန်ပြီး လွမ်းမောစရာ ကောင်းသည်။ ကိုကိုးအတွက်မူ မန်ဒိုဇာနှင့် အလုပ်လုပ်ရခြင်းက တိုးတက်မှုကို ရယူခြင်းပင် ဖြစ်သည်။“ကန့်သတ်ချက်တွေ မရှိဘူး။ ကျနော့်ကိုယ့်ကျနော် အားလုံး ပြသရမယ့်၊ စားပွဲပေါ်ကို အားလုံးတင်လိုက်ရမယ့် နေရာမှာ ကျနော် ရုပ်ရှင်ရိုက်နေတယ် ဆိုတာကို ကျနော်သဘော ပေါက်ခဲ့တယ်။”

“Ang Probinsyano” သည် (ကိုကိုး၏ စံပြပုဂ္ဂိုလ်တယောက်ဖြစ်သော) ဖာနန်ဒိုပိုး ၏ ၁၉၉၇ ခုနှစ်က အလားတူ အမည်ဖြင့် ဂန္ထဝင် ရုပ်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးခြင်း ဖြစ်သည်။ “ကျနော် ကလေးဘဝကထဲက ဖာနန်ဒိုပိုးကို စံထားခဲ့တယ်။ အရွယ်ရောက်လာတော့ ဖာနန်ဒိုပိုးရဲ့ ရုပ်ရှင် အားလုံးနီးပါးကို ကြည့်ခဲ့တယ်။”

ထို့ကြောင့်ပင် ရဲတပ်ဖွဲ့အကြောင်း ဇာတ်လမ်းတပုဒ်ရိုက်ရန် သူ ပထမဆုံးစိတ်ကူးသည့် အချိန်တွင် ဖာနန်ဒိုပိုး၏ “Ang Probinsyano” က အမြင်သာဆုံး ရွေးချယ်စရာ ဖြစ်ခဲ့ရသည်။ အမှန်တကယ် ရိုက်ကူးသည့်အခါ ကွယ်လွန်ခဲ့ပြီ ဖြစ်သော ဖာနန်ဒိုပိုး၏ ဇနီးသည် ဆူဆန်ရိုဆက် Susan Roces က ရုပ်သံဇာတ်လမ်းတွဲတွင် အဖွားနေရာမှ ပါဝင်ရိုက်ကူးပေးခဲ့ခြင်းက လွမ်းစရာပါသည့် ဇာတ်လမ်းတပုဒ်တွင် စိတ်ခံစားမှုအတွက် အရေးပါသော မှီတွယ် စရာတခု ဖြစ်စေခဲ့သည်။

မှန်ပါသည်။ နိုင်ငံရေးသည် ဖိလစ်ပိုင်နိုင်ငံ၏ အနုပညာလုပ်ငန်းနှင့် မည်သည့်အခါတွင်မှ အလှမ်းဝေးမနေခဲ့ခြင်းနှင့် အတူ ကိုကိုးက ဖာနန်ဒိုပိုး၏ သမီးဖြစ်သူ အထက်လွှတ်တော်အမတ် ဂရေ့စ်ပိုး Grace Poe ၏ မဲဆွယ်လှုပ်ရှားမှုတွင် ပါဝင်ပေးခဲ့သည်။ “ကျနော်က သူ့အတွက်ပဲ။ ဒါက ဖိလစ်ပိုင်ရဲ့ ယဉ်ကျေးမှုပဲ။ ကျနော်တို့က ရှေးရိုးစွဲဆန်တယ်။ ဘာသာရေးကိုင်းရှိုင်းတယ်။ မိသားစု စိတ်ဓာတ်ရှိတယ်” ဟု သူက ဗြောင်ကျကျပင် ပြောသည်။

အဆုံးစွန် အနေဖြင့် “Ang Probinsyano” က သူ၏ ပရိသတ်များကို မျှော်လင့်ချက်ပေးရန် ကိုကိုးက ဆန္ဒရှိနေသည်။ “သတင်းတွေမှာက သေဆုံးမှုတွေ၊ မုဒိန်းမှုတွေ၊ မူးယစ်ဆေးတွေနဲ့ မကောင်းတာတွေ ပြည့်နေတယ်။ သူတို့က ကောင်းတာ တခုခုပြကြသလား။ အဲဒါမျိုးက ရှားပါတယ်။ “Ang Probinsyano” နဲ့ အတူ လူတွေ မျှော်လင့်ချက်ကို ရတယ်။ ကျနော်တို့ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ တိုက်ခိုက်ပေးမယ့်သူတွေ ရှိတယ်၊ အဲဒါက လူတွေကို မောင်းနှင်တဲ့ တကိုယ်ကောင်းဆန်မှုသက်သက် မဟုတ်ဘူး၊ ထိခိုက်ခံစားရတဲ့ သားကောင်တွေအတွက် တရားမျှတမှုဆိုတာ ရှိတယ် လို့ သူတို့ ယုံကြည်ကြတယ်။”

ထို့ကြောင့် သူ၏ ရုပ်သံ ဇာတ်လမ်းတွဲနှင့် အတူဆက်သွားရင်း မျှော်လင့်ချက်နှင့် အမှန်တရား၊ လက်တွေ့နှင့် စိတ်ကူးယဉ် မှန်းဆမှုတို့ကြားတွင် ဟန်ချက်ညီမျှစေသော ဇာတ်ကြောင်းများကို ဖန်တီးနေသည်နှင့် အမျှ သူ၏ အလုပ်အကိုင် ရွေးချယ်မှုက သူ့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို စောင့်ကြည့်ရသည်မှာ စိတ် ဝင်စားစရာ ဖြစ်ပါလိမ့်မည်။

ရုပ်ရှင်မင်းသား တယောက်အနေဖြင့် သူ၏ ပါရမီနှင့် အမြင်က သံသယရှိစရာ မလိုပါ။ သူ၏ ဟောလီးဝုဒ် သူရဲကောင်း များဖြစ်ကြသည့် အဒ်ဝက်နော်တန် Edward Norton နှင့် ရှောင်ပင်း Sean Penn တို့ လျှောက်ခဲ့သည့်လမ်းလိုလား။ သို့မဟုတ် သူ၏ အန္တိမ ပန်းတိုင်က အစိုးရရုံးတခု ဖြစ်လိမ့်မည်လား။

သူ့ အဖြေက မရေရာသော်လည်း ထူးခြားသည်။ “ဖိလစ်ပိုင်နိုင်ငံသားတွေက ရှင်သန်ထမြောက်နိုင်တဲ့သူတွေပါ။ ကျနော်တို့ ရင်ဆိုင်ရသမျှအားလုံးကို ကျနော်တို့ ကျော်ဖြတ်နိုင်တယ်။ ကျနော်တို့ ကျရှုံးတယ်။ ဒါပေမယ့် နောက်တကြိမ် ကျနော်တို့ ပြန်ထလာလိမ့်မယ်။ အဲဒါ လက်တွေ့မှာဖြစ်နေတဲ့ အမှန်တရားပဲ။”

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post ဖိလစ်ပိုင်က ကိုကိုးမာတင် appeared first on ဧရာဝတီ.

အိန္ဒိယ သမုဒ္ဒရာထဲက အမေရိကန် စစ်စခန်း

$
0
0

ကက်ရှ်မီးယားတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြားမှ လတ်တလော တိုက်ပွဲငယ်များက နယူကလီးယားလက်နက်ပိုင်ရှင် နိုင်ငံ ၂ ခုကို မှတ်မိနိုင်သမျှထဲတွင် ပဋိပက္ခနှင့် အနီးကပ်ဆုံးသို့ ယူဆောင်လာခဲ့သည်။

Islamic State of Iraq and Syria (ISIS) က ဆီးရီးယားတွင် ၎င်းတို့၏ နောက်ဆုံး ပိုက်နက်နယ်မြေများ ဆုံးရှုံးနေခြင်းက ကျန်ရှိနေသေးသော ၎င်းတို့၏ တိုက်ခိုက်ရေးသမားများက အရှေ့အလယ်ပိုင်းတလွှားနှင့် အရှေ့အလယ်ပိုင်း အလွန်ဆီသို့ ပြန့်ကျဲ ထွက်သွားလိမ့်မည်ဆိုသော အဓိပ္ပါယ်ကို ဆောင်ဖွယ်ရာ ရှိပါသည်။

အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် တရုတ်စီမံကိန်းများက ယခင် မရှိဖူးသည့် နည်းလမ်းများဖြင့် အင်အားကောင်းလာခြင်းကြောင့် မော်လ်ဒိုက်နှင့် တောင်အာရှ နိုင်ငံများတွင် တရုတ်နှင့် အိန္ဒိယ ပြိုင်ဆိုင်မှုက အရှိန်မြင့်တက်လာနေသည်။

စစ်ပွဲကြောင့် ထိခိုက် ကျေမွနေသည့် အာဖဂန်နစ္စတန်တွင် ငြိမ်းချမ်းရေးက ယခင်အချိန်များထက်ပို၍ နားလည်ရန် ခက်ခဲလာသည်။

ထိုသို့သောဒေသတွင်းမှ ပဋိပက္ခအပူများအားလုံးတွင် အမေရိကန်ပြည်ထောင်စုအတွက် တူညီသောတချက် ရှိနေသည်။ ဒီယေးဂိုး ဂါစီယာ Diego Garcia ကျွန်း ဖြစ်သည်။

အိန္ဒိယ သမုဒ္ဒရာထဲက ဒီယေးဂိုး ဂါစီယာ ကျွန်းပြ မြေပုံ/ Facebook

အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းနှင့် အာဖဂန်နစ္စတန်မှ ၎င်း၏ စစ်ဆင်ရေး အများစုကို အီကွေတာနှင့် နီးသည့် သန္တာ ကျွန်းမှနေ၍ စီစဉ်ဆောင်ရွက်သည်။ အာရှ၊ အာဖရိက နှင့် ဥရောပကြားမှ ဗျုဟာမြောက်အရေးပါသည့် ရေကြောင်းလမ်း များကို စောင့်ကြည့်ရန်အတွက်လည်း အမေရိကန်နိုင်ငံက ဒီယေးဂိုး ဂါစီယာ ကျွန်းကို အသုံးချသည်။

ဝေးလံပြီး နည်းဗျူဟာကျသည့် အဆိုပါကင်းစခန်းသည် အကယ်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ လတ်တလော အကြံဉာဏ်ပေးမှုက တရားဝင် စာချုပ်စာတမ်းဖြင့် အုပ်ချုပ်ခြင်းဆီသို့ ရောက်သွားခဲ့လျှင် ကြိုတင်မျှော်လင့် မထားသည့် ခြိမ်းခြောက်မှုတခုနှင့် ရင်ဆိုင်ရနိုင်ပါသည်။

ဒီယေးဂိုး ဂါစီယာ အပါအဝင် ယခင် ချားဂို့စ် Chagos ကျွန်းများမှ ဒေသခံ ပြည်သူများကို ဗြိတိန်က နှင်ထုတ်ခဲ့ခြင်းသည် နိုင်ငံတကာ ဥပဒေ များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ICJ က ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ ဗြိတိန်က အဆိုပါကျွန်းများတွင် ၎င်း၏ အုပ်ချုပ်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရန်လည်း အကြံပြုခဲ့သည်။

ယခုအခါ ဗြိတိသျှ အိန္ဒိယ သမုဒ္ဒရာပိုင်နက်(British Indian Ocean Territory – BIOT) ဟု သိကြသည့် ချားဂို့စ် ကျွန်းစု သည် ဆူးအက် Suez မြို့ အရှေ့ဘက်တွင် ဗြိတိန်၏ နောက်ဆုံးပိုင်ဆိုင်မှုဖြစ်သည်။ ၎င်းကို ဗြိတိန်ကိုလိုနီဖြစ်သည့် မောရစ်သျှမှ ၁၉၆၅ ခုနှစ်တွင် သီးခြားခွဲထုတ်ခဲ့သည်။ မောရစ်သျှ ကျွန်းနိုင်ငံ လွတ်လပ်ရေးမရမီ ၃ နှစ် အလိုတွင် ဖြစ်သည်။

ဒီယေးဂိုး ဂါစီယာ ကျွန်းပေါ်တွင် ရပ်ထားသော အမေရိကန် စစ်လေယာဉ်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာအတွင်း မြင်ရစဉ်/Facebook

၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်းတွင် BIOT ၏ လူဦးရေ စုစုပေါင်းမှာ ၁၅၀၀ မှ ၂၀၀၀ ကြားတွင် ရှိသည်။ အများစုမှာ အိန္ဒိယနှင့် အာဖရိကန် ရောနှောနေသည့် Creole စကားပြောသူများဖြစ်ကြပြီး အုန်းပင်စိုက်ပျိုးခြင်း၊ မြေသြဇာအဖြစ်အသုံး ပြုသည့် ငှက်ချေးများ စုဆောင်းခြင်းတို့ဖြင့် အသက်မွေးသူများဖြစ်ကြသည်။ သူတို့ကို မိုင်ပေါင်း ၁၀၀၀ ကျော် အဝေးတွင် ရှိသော မောရစ်သျှ သို့မဟုတ် ဆေရှဲလ် နိုင်ငံများသို့ ပို့ဆောင်ခဲ့ကြသည်။

အဓိက ကျွန်းဖြစ်သည့် ဒီယေးဂိုး ဂါစီယာ သို့ အမေရိကန် စစ်ဘက်မှ လူများ ၁၉၇၁ ခုနှစ်မတ်လတွင် ရောက်ရှိလာကြသည်။ သူတို့နှင့် အတူ မြေတူးမြေသယ်စက်များ၊ တည်ဆောက်ရေး ပစ္စည်းများနှင့် အလုပ်သမားများ ပါလာခဲ့ကြသည်။ ယခုအခါ ကမ္ဘာပေါ်၌ အရေးအပါဆုံးသော စစ်အခြေချစခန်း များထဲမှ တခုဖြစ်လာမည့် အဆိုပါ စခန်းကို တည်ဆောက်ရန် ခေါ်ယူ လာသည့် အလုပ်သမား အများစုမှာ ဖိလစ်ပိုင်လူမျိုးများ ဖြစ်ကြသည်။

၁၉၆၆ ခုနှစ်တွင် ဗြိတိန်နှင့် အမေရိကန်တို့က အိန္ဒိယ သမုဒ္ဒရာမှ ကျွန်းအချို့ကို ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် အသုံးပြု နိုင်ရေး (Availability of Certain Indian Ocean Islands for Defense Purposes) သဘောတူညီချက်တခုကို လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်၌ ကျွန်းများပေါ်တွင် လုပ်ဆောင်မည့် ကိစ္စများ၏ သဘောသဘာဝကို အသေးစိတ် ရည်ညွှန်းဖော်ပြခြင်း မရှိခဲ့ပါ။

အမေရိကန် ပညာရှင်တဦးဖြစ်သည့် ဒေးဗစ်ဗိုင်း David Vine ၏ အဆိုအရ ထိုသဘောတူညီချက်ကို ကွန်ဂရက် သို့မဟုတ် လွှတ်တော်၏ စစ်ဆေးကြီးကြပ်မှုမပါဘဲ “အမှောင်ထုကို အကာအကွယ်ယူ၍” (ပွင့်လင်းမြင်သာမှု မရှိစွာဖြင့်) လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သို့သော်လည်း မည်သို့သော သဘောတူညီချက်ဖြစ်ကြောင်း မကြာမီမှာပင် ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့သည်။ ဒီယေးဂိုး ဂါစီယာကို ဝိုင်းပတ်ထားသော ထုံးအိုင်သည် ၂၄ ကီလိုမီတာရှည်၍ ၆.၄ ကီလိုမီတာကျယ်သည်။ ၁၀ မီတာနီးပါး နက်၏။ သောင်များကို တူးခြင်း၊ အောက်ကို ထပ်တူးခြင်းများ ပြုလုပ်ပြီးနောက် ရေနက်ဆိပ်ကမ်းတခု တည်ဆောက်လိုက်သည်။

သေသေချာချာခင်းထားသည့် လမ်းများဖြင့် ဆက်သွယ်ထားသည့် ခေတ်မီအိမ်များကို နောက်က ကျောက်ကျွန်းပေါ်တွင် တည်ဆောက်သည်။ ကြီးမားသော စစ်လေယာဉ်များ ဆင်းသက်နိုင်လောက်အောင် ရှည်လျားသည့် လေယာဉ်ပြေးလမ်း တခု ရှိသည်။ ဒီယေးဂိုး ဂါစီယာက အခြားသော အမေရိကန် စစ်စခန်းများနှင့် လျှင်မြန်စွာပင် ဆင်တူလာခဲ့သည်။ သို့သော်လည်း ဆန့်ကျင် ကန့်ကွက်မည့် ဒေသခံ ပြည်သူများက အနီးတွင် မရှိခဲ့ပါ။

ဒီယေးဂိုး ဂါစီယာကို ရွေးချယ်ခဲ့ခြင်းသည် “ဗျူဟာမြောက် ကျွန်းများ သဘောတရား” အဖြစ် ထိုစဉ်က သိခဲ့ကြသည့် အမေရိကန် မူဝါဒတခု နှင့် အညီဖြစ်သည်။ အဆိုပါမူဝါဒက ဒေသခံတို့၏ အနောက်တိုင်းဆန့်ကျင်ရေးများ ဖြစ်ပေါ်နိုင်သည့် လူဦးရေထူထပ်သော ကုန်းမြေများနှင့် ဝေးကွာသည့်နေရာတွင် စစ်စခန်းများ တည်ထောင်ရန် ရည်ရွယ်ချက်ရှိခဲ့သည်။

ဒီယေးဂိုး ဂါစီယာကို အမေရိကန် သို့ နှစ် ၅၀ အငှားချထားရန် ဗြိတိန်က သဘောတူခဲ့ကြောင်း နောက်ပိုင်းတွင် ပေါ်ထွက် လာခဲ့သည်။ ထိုသဘောတူညီချက်က ၂၀၁၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးသွားခဲ့သော်လည်း ဗြိတိန်က နောက်ထပ် နှစ် ၂၀ ငှားရန် ရွေးချယ်ခဲ့သည်။ မည်သည့် အချိန်တွင်မဆို စစ်သားနှင့် အရပ်သား ၃၀၀၀ မှ ၅၀၀၀ အထိ အခြေချနေကြ သည်။

ဒီယေးဂိုး ဂါစီယာက အမေရိကန်၏ တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီမှ စစ်စခန်းများထက် သေးငယ်သော်လည်း ဒေသ တွင်းမှ အဓိက အချက်အချာနေရာတွင် တည်ရှိခြင်းနှင့် အိန္ဒိယ သမုဒ္ဒရာဒေသတွင် တရုတ်နိုင်ငံ၏ ကျူးကျော်မှုမြင့်တက် လာခြင်းတို့ကြောင့် ၎င်း၏ ဗျူဟာမြောက် အရေးပါမှုက ပိုမိုကြီးမားဖွယ်ရာ ရှိပါသည်။

ချားဂို့စ်ကျွန်းများ မောရိသျှသို့ ပြန်ပေးရန် ဆန္ဒပြတောင်းဆိုနေသူများ/Facebook

အခြေစိုက်စခန်းအတွင်းသို့ အပြင်လူများ ဝင်ခွင့်မရှိပါ။ သတင်းများအရ ပစ္စည်းစုံသော စူပါမားကက်များ၊ ဟမ်ဘာဂါဆိုင် များ၊ ဘီယာဘားများ၊ တင်းနစ်ကွင်းများ၊ အပြေးလေ့ကျင့်သည့် လမ်းများ၊ ဂြိုလ်တုစနစ်သုံး TV တို့ဖြင့် အမေရိကန် ဆင်ခြေဖုံးတခု အသွင်ဖြစ်ကြောင်း ဖော်ပြနေသည်။

သမ္မတ ဂျော့ဘုရှ်၏ အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲ အတွင်းတွင် ဒီယေးဂိုး ဂါစီယာက လူသိများ ကျော်ကြားမှု ရရှိခဲ့သည်။ အာဖဂန် နစ္စတန်မှ အပါအဝင် အကြမ်းဖက်သံသယ ရှိသူများကို ထိန်းသိမ်း စစ်ဆေးသည့် နေရာများထဲမှ တခုအဖြစ် ပေါ်ထွက်ခဲ့သောကြောင့် ဖြစ်သည်။

၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များအတွင်းတွင် သာမန်ထက် ထူးကဲသည့် စစ်ဆေးမေးမြန်းမှုများဟု နားခံသာအောင် ပြောလေ့ရှိသည့် ကိစ္စများ သို့မဟုတ် ထိန်းသိမ်းခံများအား ဥပဒေ ပြင်ပ လွှဲပြောင်းမှုများအတွက် ဒီယေးဂိုး ဂါစီယာကို ဗြိတိန် အာဏာပိုင်များ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသုံးပြုခဲ့သည်ဟု ကာတာ အခြေစိုက် သတင်းဌာနတခုဖြစ်သည့် Al-Jazeera က သတင်းဖော်ပြခဲ့သည်။ ထိန်းသိမ်းခံရသူများကို ဒီယေးဂိုး ဂါစီယာတွင် နှိပ်စက် ညှဉ်းပမ်းမှုများပြုလုပ်ခဲ့သည့် သတင်းများလည်း နောက်ပိုင်းတွင် ပေါ်ထွက်ခဲ့သည်။

သို့သော်လည်း ၁၉၆၀ နှစ်များအတွင်းက ကြိုတင်မမြင်နိုင်ခဲ့သည့် ပြဿနာတခုက အဆိုပါ ကျွန်းများပေါ်မှ ဖိအားသုံး ပြောင်းရွှေ့ခိုင်း၍ မောရစ်သျှနှင့် ဆေရှဲလ်တို့တွင် အခြေချခဲ့ရသည့် ပြည်သူများထံမှ မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့သည်။ ထိုစဉ်က သူတို့ကို နစ်နာမှုအတွက် ငွေကြေးပေးခဲ့သော်လည်း အများစုက အိမ်ကိုပြန်ရန် သူတို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခဲ့ကြသည်။

မူလနေထိုင်သူများမှ ဆင်းသက်လာသူများ အပါအဝင် ယခုအခါ လူ ၆၀၀၀ ခန့်ရှိမည့် Chagossians ချာဂို့စ် ကျွန်းသားများ က ကမ္ဘာတဝှမ်းမှ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ စာနာမှုနှင့် ထောက်ခံမှုများကို ရရှိခဲ့ကြသည်။ သူတို့ကိစ္စကို နိုင်ငံတကာ တရားရုံးများသို့ တင်သွင်းနိုင်ရန် အချို့က ဥပဒေရေးရာ အကူအညီများ ပေးနေကြသည်။

ချာဂို့စ် ကျွန်းသားများ၏ ကိစ္စက ဗြိတိန်တရားရုံးများ၊ ကုလသမဂ္ဂ၊ ဥရောပ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးနှင့် သည်ဟိဂ်မှ အမြဲတမ်း ခုံသမာဓိရုံး နှင့် အခြားတရားရုံးများ ပါဝင်နေသည့် အဓိက နိုင်ငံတကာ ကိစ္စတခုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

မောရစ်သျှ နိုင်ငံရေးသမားများကလည်း သူတို့၏ ဘိုးဘေးများ ချာဂို့စ်ကို မည်ကဲ့သို့ မတရား လက်လွှတ်ခဲ့ကြရကြောင်း ရှေ့တန်းထွက်ပြီး စတင်ပြောဆိုလာခဲ့ကြသည်။ ကျွန်းများကို ထိန်းချုပ်မှုရရှိရန် ဗြိတိန်က နိုင်ငံရေးအရ ခြိမ်းခြောက်အကျပ်ကိုင်မှုကို အသုံးပြုခဲ့သည်ဟု ယခုအခါ အချို့က မြင်နေကြသည်။

ICJ ၏ အကြံပေးချက်တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအရ ချာဂို့စ်ကျွန်းစုကို ပေးအပ်ရန် သူတို့က သဘောမတူပါက လွတ်လပ်ရေးကို ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ဗြိတိသျှတို့က ဒေသခံ ခေါင်းဆောင်များကို ပြောခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။

ချာဂို့စ် ကျွန်းစုကို မောရစ်သျှ နိုင်ငံမှ ခွဲထုတ်သည့် အချိန်တွင် ဗြိတိန်က ကိုလိုနီ စွန့်လွှတ်ခြင်း လုပ်ငန်းစဉ်ကို ဥပဒေနှင့် အညီ ဆောင်ရွက်ခဲခြင်း ရှိ မရှိ ICJ ထံမှ ထင်မြင်ချက် တောင်းခံရန် ၂၀၁၇ ခုနှစ် ဇွန်လတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ထောက်ခံမဲ ၉၅ မဲ၊ ကန့်ကွက်မဲ ၁၅ မဲ၊ ကြားနေမဲ ၆၅ မဲဖြင့် ဆုံးဖြတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ICJ ၏ ထင်မြင်ချက်တွင် ဥပဒေနှင့်အညီ စာချုပ်စာတမ်းဖြင့် ပြုလုပ်ထားခြင်း မဟုတ်ကြောင်း ဖော်ပြထားပြီး BIOT ကို စွန့်လွှတ်ရန် ဗြိတိန်ကို တိုက်တွန်းခဲ့သည်။ သဘောတရားမှာ ချာဂို့စ် ကျွန်းစုကို မောရစ်သျှသို့ ပြန်ပေးရလိမ့်မည်ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန် ICJ က အချိန်စာရင်းတခု ထုတ်ပြန်ပေးခဲ့ခြင်း မရှိသေးသော်လည်း နစ်နာခဲ့ရသည့် ချာဂို့စ် ကျွန်းသားများက သူတို့၏ အမှုကို နောက်ထပ် ဖိအားပေးကြဖွယ်ရာ ရှိသည်။

၎င်းတို့ အနေဖြင့် ICJ ၏ ထင်မြင် အကြံပြူချက်အပေါ် ဂရုတစိုက် လေ့လာသွားမည်ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးရုံးက ပြောကြားခဲ့သလို ဥပဒေနှင့် အညီ စာချုပ်စာတမ်းဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ ကာကွယ်ရေး ဆိုင်ရာ အဆောက်အဦးများမှာ ဗြိတိန်နှင့် ကမ္ဘာတလွှားမှ ပြည်သူများကို အကြမ်းဖက်ခြိမ်းခြောက်မှုများ၊ အစုအဖွဲ့အလိုက် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပင်လယ်ဓားပြ ရန်မှ ကာကွယ်ပေးရန်တွင် အထောက်အကူဖြစ်စေရန် ထားရှိခြင်း ဖြစ် ကြောင်းလည်း ပြောကြားခဲ့သည်။

ICJ တရားသူကြီးများက သူတို့၏ ထင်မြင်အကြံပြုချက်တွင် အမေရိကန်အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံး အနေဖြင့် မောရစ်သျှတွင် ကိုလိုနီဖျက်သိမ်းရေး ပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုကိစ္စက မည်သို့ဖြစ်လာမည်ဆိုသည်က လုံးလုံးလျားလျား မသဲကွဲသေးပါ။ ပြီးခဲ့သည့် နှစ်က ပြုလုပ်ခဲ့သော ကြားနာမှု တခုတွင် မောရစ်သျှ ကာကွယ်ရေး ဝန်ကြီး Anerood Jugnauth က ၎င်းတို့ နိုင်ငံက ဒီယေးဂိုး ဂါစီယာ၏ တည်ရှိမှုကို အသိအမှတ်ပြုကြောင်းနှင့် အခြေစိုက် စခန်း၏ အနာဂတ်ကို လက်ခံကြောင်း အမေရိကန် နှင့် စီရင်ဆုံးဖြတ်ခွင့်ရှိသည့် အဖွဲ့အစည်းများသို့ ရှင်းလင်းစွာ အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ အာမခံချက်မျိုးကို အမေရိကန်အစိုးရက ကြိုဆိုလိမ့်မည် ဖြစ်သလို အမေရိကန်နိုင်ငံက ၎င်း၏ ဝေးလံပြီး သီးခြား အထီးကျန်သည့် အခြေစိုက်စခန်းနှင့် ပတ်သက်၍ ဗြိတိန်နှင့် ပြုလုပ်ခဲ့သည့် ကြီးမားသော အားထုတ်မှုနှင့် ယုံကြည်စိတ်ချ ရသော အစီအစဉ်ကို ဆက်လက် ထိန်းသိမ်းထားလိုသော ဆန္ဒရှိမည်မှာ သံသယရှိစရာ မလိုပါ။

(Asia Times ပါ Bertil Lintner ၏ Legal storm clouds gather over Diego Garcia ကို ဘာသာပြန်ဆိုသည်။)

The post အိန္ဒိယ သမုဒ္ဒရာထဲက အမေရိကန် စစ်စခန်း appeared first on ဧရာဝတီ.

နေပြည်တော် တပ်မတော် အခမ်းအနားတွေမှာ ဗိုလ်ချုပ်ကြီးတွေ မစုံတာ ဘာကြောင့်လဲ

$
0
0

ဒီရက်ပိုင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တပ်မတော်နဲ့ ဆိုင်တဲ့ အခမ်းအနား ၂ ခု ရှိပါတယ်။ အဲဒါတွေကတော့ မတ်လ ၂၆ ရက်နေ့မှာ သူရဲကောင်း စစ်သည် ဗိမ္မာန် ဖွင့်ပွဲနဲ့ မတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ တပ်မတော်နေ့ အခမ်းအနား တွေပဲ ဖြစ်ပါတယ်။

အဲဒီ အခမ်းအနားတွေမှာ တပ်မတော် အရာရှိဟောင်းတွေကို ပြန်တွေ့ရပေမယ့် ဗိုလ်ချုပ်ကြီးဟောင်း ၂ ဦး ဖြစ်တဲ့ သူရ ဦးရွှေမန်းနဲ့ ဦးခင်ညွှန့်တို့ မပါပါဘူး။

သူရဲကောင်း စစ်သည် ဗိမ္မာန် ဖွင့်ပွဲကို နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်က သူ နောက်ဆုံး တာဝန် ထမ်းဆောင်ခဲ့ တဲ့ ဗိုလ်ချုပ်ကြီး အဆင့် ဝတ်စုံနဲ့ တက်ရောက်လာသလို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း တင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်စိုးနဲ့ ဗိုလ်မှူးချုပ်ဟောင်း ခင်ရီ တို့လည်း ဝတ်စုံကိုယ်စီနဲ့ ပါဝင်ကြ ပါတယ်။

အဲဒီ အခမ်းအနားဟာ စစ်ဘက် ဆိုင်ရာ အမြင့်ဆုံး စွမ်းရည်ဆု တံဆိပ်ဖြစ်တဲ့ အောင်ဆန်းသူရိယ ဘွဲ့ ရရှိခဲ့သူ ၆ ဦး (အားလုံး ကွယ်လွန်ခဲ့ပြီး) ကို ဂုဏ်ပြုခြင်း ဖြစ်ပြီး လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နဲ့ အခြား တာဝန် ထမ်းဆောင်ဆဲ အရာရှိကြီးတွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ဦးသိန်းစိန် အပါအဝင် အငြိမ်းစား ဗိုလ်ချုပ်တွေဟာ တပ်မတော် ယူနီဖောင်းကို ဂုဏ်ပြုဝတ်ဆင်ပြီး အတူတကွ ဓာတ်ပုံ တွေရိုက်လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ လူမှုကွန်ရက်မှာ မြင်တွေ့ ခဲ့ရပါတယ်။

သူတို့အားလုံးဟာ တပ်မတော်ဘက်က ဖိတ်ကြားလို့ တက်ရောက်ကြတာ ဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) က ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ဒါပေမယ့် တပ်မတော်မှာ ဗိုလ်ချုပ်ကြီး အဆင့်နဲ့ အငြိမ်းစား ယူခဲ့တဲ့ သူရ ဦးရွှေမန်းကိုတော့ တပ်မတော်နဲ့ ဆိုင်တဲ့ ဘယ် အခမ်းအနားကိုမှ ဖိတ်ကြားတာမျိုး မရှိတဲ့အတွက် တက်ရောက်ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။

သူရ ဦးရွှေမန်းနဲ့ နီးစပ်သူ ဗိုလ်ချုပ်ဟောင်း တဦးက“၁ အချက်ကတော့ မဖိတ်တာပေါ့။ ဘာကြောင့် မဖိတ်လဲလို့ ပြော ရင် နိုင်ငံရေး ပါတာပေါ့။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့သူ၊ လုပ်ဆောင်တဲ့သူတွေကို သစ္စာဖောက်၊ သာကူး ဆိုပြီး တံဆိပ် ကပ်တယ်ဗျာ။ အဲဒီတော့ မဖိတ်ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

သူရ ဦးရွှေမန်း နည်းတူ ဖိတ်ကြားခြင်း မခံရသူ များစွာရှိပြီး တကယ်တော့ တပ်မတော်မှာ ပြစ်မှုနဲ့ အရေးယူခံရသူ၊ ထုတ်ပယ်ခံရသူက လွဲရင် ဖိတ်ကြားရမှာ ဖြစ်ပြီး တပ်မတော်ရဲ့ အစဉ်အလာ၊ ထုံးတမ်းစဉ်လာအရ ပုဂ္ဂိုလ်စွဲ မကြည့်ဖို့ လိုတယ်လို့ ၎င်းက ဆက်လက် ပြောဆိုပါတယ်။

“ကျနော်တို့ကိုလည်း အဲဒီတံဆိပ် ကပ်လိုက်တာပေါ့။ ကျနော်တို့လည်း ကော်မရှင် လုပ်တဲ့အခါ လွှတ်တော် အတွက်၊ နိုင်ငံ အတွက် လုပ်တာ။ သူတို့က ကျနော်တို့ကို NLD အောက်မှာ သွားလုပ်နေတယ် ဆိုပြီး တံဆိပ် ကပ်တာ။ အမှန် ကတော့ ကျနော်တို့က NLD ပါတီဝင်လည်း မဟုတ်ဘူး။ NLD အစိုးရ အဖွဲ့မှာလည်း ပါတာ မဟုတ်ပါဘူး”လို့ အထက်ပါ ဗိုလ်ချုပ်ဟောင်း တဦးက ပြောပါတယ်။

အဲဒီ အခမ်းအနားတွေနဲ့ ပတ်သက်လို့ တပ်မတော်က မူဝါဒနဲ့အညီ ဖိတ်ကြားတာ ဖြစ်ပြီး အဖိတ်မခံရသူတွေဟာ လည်း မူဝါဒအရ အဖိတ်မခံရတာ ဖြစ်ကြောင်း၊ အသေးစိတ်ကို မပြောဆိုလိုကြောင်း တပ်မတော် သတင်းမှန် ပြန်ကြား ရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုပါတယ်။

နိုင်ငံတကာမှာလည်း တပ်မတော်နဲ့ ပတ်သက်တဲ့ နေ့မျိုးတွေကို တပ်မတော် အရာရှိဟောင်းတွေကိုပါ ဖိတ်ကြားပြီး အခြား နိုင်ငံက စစ်ဘက် အရာရှိတွေကိုပါ ဖိတ်ကြားတဲ့ ဓလေ့မျိုးရှိပြီး အခု မြန်မာ တပ်မတော် အရာရှိဟောင်းတွေ အနေနဲ့လည်း သူတို့ နောက်ဆုံး ရရှိခဲ့တဲ့ စစ်ဘက် ရာထူးအတိုင်း ဝတ်ဆင်ပြီး နိုင်ငံတော် သမ္မတနဲ့ တပ်မတော်က ဖိတ်တဲ့ အခမ်းအနားတွေကို တက်ရောက်ခွင့် ရှိတယ်လို့ တပ်မတော် အသိုင်းအဝိုင်းက သိရပါတယ်။

ဒါပေမယ့် သူရ ဦးရွှေမန်းနဲ့ နီးစပ်သူတွေကတော့ ၁၉၉၇ ခုနှစ်မှာ အငြိမ်းစား အပေးခံရတဲ့ ဗိုလ်ချုပ်ကြီးတချို့တောင် ဒီနှစ် တပ်မတော် ဆိုင်ရာ အခမ်းအနား တွေကို တက်ရောက်လာတာမျိုး ရှိသလို NLD အစိုးရ လက်ထက်မှာ ငွေကြေး ရန်ပုံငွေ တချို့ ပြန်သွင်းရတဲ့ ယခင် အစိုးရ လက်ထက်က ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ တပ်မတော် အရာ ရှိဟောင်း တချို့ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

“ဒီလူတွေတောင် ဖိတ်ပြီးတော့ ကျနော်တို့ကို မဖိတ်ဘူးဆိုတာတော့ ဒါက နိုင်ငံရေးပေါ့ဗျာ။ ဒါပါပဲ။ အခုလို ဖိတ်ကြား မခံရတော့ စိတ် အနှောင့်အယှက်တော့ ဖြစ်မိတာပေါ့။ ကျနော်တို့က အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်ကိုတော့ ခွဲမြင်ပါတယ်။ သို့သော် အဲဒီ အဖွဲ့အစည်းကို ကိုယ်ကျိုးအတွက် အသုံးချပြီးတော့ အရောင်ဆိုးနေတဲ့ သူတွေ ရှိတယ်”လို့ တပ်မတော် မှ အထက်ပါ ဗိုလ်ချုပ်ဟောင်း တဦးကပဲ ပြောဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကတော့ ဝန်ကြီးချုပ်၊ တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ တာဝန်ကနေ အဂတိ လိုက်စားမှု အကြောင်းပြချက်နဲ့ နေအိမ် အကျယ်ချုပ် ၄၄ နှစ် ဆိုင်းငံ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ အတွက် တပ်မတော်ရဲ့ မူဝါဒ တွေ အရ ဖိတ်ကြား မခံရတာ ဖြစ်တယ်လို့ တပ်မတော် အသိုင်းအဝိုင်းကပဲ သိရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း (ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ)

အခြား တပ်မတော်မှာ အရေးအပါဆုံး ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးတို့ကတော့ လူမြင်ကွင်း မထွက်တာကြာပြီ ဖြစ်ပြီး ဦးမောင်အေး ကတော့ ကျန်းမာရေး သိပ်မကောင်းဘူးလု့ိ့ သိရပါတယ်။

ဒီလို ဖိတ်ကြားတဲ့သူတွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဧည့်သည်အနေနဲ့ ဖိတ်တာလို့ နားလည်ပြီး သူရ ဦးရွှေမန်းကို မဖိတ်တာမျိုး ဖြစ်နိုင်သလို ဖိတ်သင့် မဖိတ်သင့်ဆိုတာကလည်း တပ်မတော်နဲ့ ဆိုင်တဲ့ ကိစ္စတွေသာ ဖြစ်တယ်လို့ မြန်မာ့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“ဖက်ဆစ် တော်လှန်ရေးနေ့လို့ ပြောတဲ့ တပ်မတော်နေ့ အခမ်းအနားကို အရပ်ဘက် ခေါင်းဆောင်တွေရော၊ တိုင်းရင်း သား ခေါင်းဆောင်တွေရော တပ်မတော် ခေါင်းဆောင်တွေရော စုံစုံညီညီ တက်ရောက်ပြီးတော့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ ဖြစ်မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီးတော့ အရေးပါလာနိုင်တယ်လို့ မြင်တယ်”လို့ ၎င်းက သုံးသပ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ အရပ်ဘက် ခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေ၊ အာဏာရပါတီ ခေါင်းဆောင် တွေ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို ဦးတည်တဲ့ မျက်နှာစုံညီ အလွတ်သဘော၊ အလုပ်သဘော ဆွေးနွေးမှုတွေ များများ လုပ်ဖို့ လိုအပ်နေတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ ဒေါက်တာ ရန်မျိုးသိမ်း က ဆိုပါတယ်။

ဒီနှစ် ကျင်းပတဲ့ တပ်မတော်နေ့ကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ် တိုင် ကျန်းမာရေး အခြေအနေကြောင့် တက်ရောက်နိုင်ခြင်း မရှိဘဲ သူ့အစား ဒု တပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ခဲ့ပါတယ်။

တပ်မတော်နေ့ ဂုဏ်ပြု ညစာ စားပွဲကိုလည်း ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိပေမယ့် ဒီနေ့မှာတော့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပုံမှန် အလုပ် တာဝန်တွေကို ပြန်ထမ်းဆောင်နေပြီလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

တပ်မတော်နေ့မှာဆိုရင် အပိုင်း ၃ ပိုင်းရှိပြီး မနက်ပိုင်း စစ်ရေးပြ အခမ်းအနား၊ နေ့လယ်ပိုင်း ဂါရဝပြု အခမ်းအနားနဲ့ ညပိုင်း ဂုဏ်ပြု ညစာစားပွဲတို့ ရှိရာမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာ ဘယ်အခမ်းအနားကိုမှ ဖိတ်ကြားခံရ တာမျိုး မရှိဘူးလို့ သိရပါတယ်။

နောက်တခုကတော့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာဆိုရင် တက်ရောက်လာတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုဆိုတဲ့ အစီအစဉ်တခုပါလို့ ပရိုတိုကော (Protocol) အရ တပ်ချုပ်ထက် ပိုမြင့်တဲ့ သမ္မတ၊ အတိုင်ပင်ခံ တို့က တက်ရောက်ဖို့ ခက်နေတယ်လို့လည်း သိရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် (ဓာတ်ပုံ – ဧရာဝတီ)

“ဘာလို့ဆိုတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အလေးပြုဆိုတဲ့ အစီအစဉ် ပါတဲ့ အခါကျတော့ တက်တဲ့သူ တွေ အားလုံးက မတ်တတ်ရပ် အလေးပြုရတဲ့ အခါကျတော့ ပရိုတိုကော အရ မြင့်တဲ့သူတွေက အဲဒီ အခမ်းအနားကို ဖိတ်စာရရင်တောင် တက်မှာ မဟုတ်ဘူး”လို့ တပ်မတော် အရာရှိဟောင်းတဦးက ဆိုပါတယ်။

သူရ ဦးရွေမန်းဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိထားသူတဦး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဌ ဘဝမှာလည်း သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ နာမည်ကြီးတဲ့ ဖြစ်စဉ်နဲ့ ရာထူးက ဖြုတ်ချခံရသူ ဖြစ်ပါတယ်။

အဲဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို သာမန်ပါတီဝင်တဦး အနေဲ့ ဖြူးမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပေမယ့် NLD ပါတီ အာဏာရလာတဲ့အခါ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စ ရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်တာဝန်ပေး ခံရပါတယ်။

ဒါပေမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာတော့ သူရ ဦးရွှေမန်း ကိုယ်တိုင် ကြိုတင် မသိရှိခဲ့ဘဲ သူ့ရဲ့ အထူး ကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်မှာ သက်တမ်း တိုးမပေးတော့ဘဲ ဖျက်သိမ်း ခံလိုက်ရပါတယ်။

သူရ ဦးရွှေမန်းဟာ ၁၉၆၅ ခုနှစ်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ သို့ တက်ရောက်ခဲ့သူတဦး ဖြစ်ပြီး တပ်မတော်မှာ ၂၀၁၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီး အဆင့်နဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ကနေ ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးချယ် ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

အခုတော့ ပြည်ထောင်စု ကောင်းကျိုးဆောင် လို့ အမည်ရတဲ့ နိုင်ငံရေး ပါတီ တခုကို ဦးဆောင် တည်ထောင်ဖို့ ကြိုးစား နေပါတယ်။ ။

The post နေပြည်တော် တပ်မတော် အခမ်းအနားတွေမှာ ဗိုလ်ချုပ်ကြီးတွေ မစုံတာ ဘာကြောင့်လဲ appeared first on ဧရာဝတီ.

ချန်ပီယံဘွဲ့အတွက် ဂျပန်မြေတွင် အစွမ်းပြရမည့် အောင်လအန်ဆန်း

$
0
0

အာရှတလွှား တိုက်ခိုက်ရေးအားကစားပွဲများ စီစဉ်ကျင်းပနေသည့် ဝမ်းချန်ပီယံရှစ်အဖွဲ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် “A New Era” အမည်ရှိ ပြိုင်ပွဲကို မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။

ဂျပန်နိုင်ငံတွင် ပထဆုံး ကျင်းပမည့်အဆိုပါပြိုင်ပွဲတွင် မြန်မာတို့၏ အချစ်တော် MMA နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်း အနေဖြင့် ၎င်း၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို တတိယအကြိမ်မြောက် ကာကွယ်ထိုးသတ်ရတော့မည် ဖြစ်သည်။

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လက ရန်ကုန်မြို့တွင်ကျင်းပသည့် “Light Of A Nation” ပြိုင်ပွဲတွင် ရှုံးပွဲမရှိသော MMA မစ်ဒယ်ဝိတ်ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ပထမဆုံးသော မြန်မာနိုင်ငံသား ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ၎င်း၏ချန်ပီယံဆုကို လုယူရန် စိန်ခေါ် လာခဲ့သည့် ဂျပန်ဖိုက်တာ ဟာဆဲဂါဝါနှင့် လက်ဘနွန်ဖိုက်တာ မိုဟာမက် ခရာကီတို့ကို အလဲထိုးဖြင့်အနိုင်ယူကာ မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သည်။

သို့သော် အောင်လအန်ဆန်း ယခင်ထိုးသတ်ခဲ့သည့် ချန်ပီယံခါးပတ်ကာကွယ်ပွဲများက ၎င်းမွေးဖွားရာ မြန်မာ့မြေ၊

မြန်မာ ပရိတ်သတ်များ ရှေ့မှောက်တွင် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ဒီတကြိမ် ထိုးသတ်ရမည့်ပွဲက ဂျပန်ဖိုက်တာ ဟာဆဲဂါဝါကို ဂျပန်နိုင်ငံတွင် ထိုးသတ်ရမည့် ပွဲစဉ်ဖြစ်သည်။

အောင်လအန်ဆန်းအတွက်တော့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပြည်ပနိုင်ငံတခုတွင် ပထမဆုံးထိုးသတ်မည့်ပွဲစဉ်ဖြစ်ပြီး ဟာဆဲဂါဝါဆိုသူက အောင်လ၏ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို တကြိမ်လုယူရန် ကြိုးစားခဲ့ဖူးသူ ဖြစ်နေသည့်အတွက် အောင်လနှင့် ဟာဆဲဂါဝါတို့၏ ဒုတိယအကြိမ် တွေ့ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းနေသည်။

ဖိုက်တာ ဟာဆဲဂါဝါ အကြောင်း မိတ်ဆက်ပေးရလျှင် သူက ဂျပန်နိုင်ငံရှိ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ – MMA

လောက၏ မစ်ဒယ်ဝိတ်တန်းတွင် နံပါတ်ဝမ်း ဖိုက်တာတဦးဖြစ်ပြီး ၂၀၁၀ ခုနှစ်ကစတင်၍ ခက်ခဲ ကြမ်းတမ်းသည့် MMA လောကထဲကို ဝင်ရောက်ခဲ့သူ ဖြစ်သည်။ ဟာဆဲဂါဝါ၏ MMA ဖိုက်တာဘ၀ ၈ နှစ်တာကာလအတွင်း ဂျပန်နိုင်ငံ၏ သိုင်းပေါင်းစုံ ကိုယ်ခံပညာ ပြိုင်ပွဲများ ဖြစ်သည့် Deep နှင့် Rizin ပွဲများတွင် ၁၈ ပွဲထိုးသတ်ခဲ့ရာ ၁၆ ပွဲ အနိုင်ရရှိထားသူ ဖြစ်သည်။

အနိုင်ရခဲ့သည့် ၁၆ ပွဲတွင် အလဲထိုးဖြင့် ၆ ပွဲ၊ ပိုင်နိုင်သည့်ချုပ်နှောင်မှုဖြင့် ပြိုင်ဘက်မှ အရှုံးပေးစေခဲ့သည့်ပွဲ ၄ ပွဲနှင့် ဒိုင်အဖွဲ့ အဆုံးအဖြတ်ဖြင့် ၆ ပွဲ အနိုင်ရရှိထားသူ ဖြစ်သည်။

ပြိုင်ဘက်ကို ခြေကန်ချက်၊ လက်သီးချက်များဖြင့် တိုက်ခိုက်လေ့ရှိပြီး အထိုးခံ၊ အနာခံ၍ ပြိုင်ဘက်ကို ချုပ်နှောင်ကာ အနိုင်ယူတတ်သည့် အသက် ၃၂ နှစ်အရွယ်ရှိ ဟာဆဲဂါဝါအနေဖြင့် ၂၀၁၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဝမ်းချန်ပီယံရှစ်အဖွဲ့နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

ထို့နောက် ချန်ပီယံဖြစ်ရန် ရည်မှန်းချက်ကြီးမားသည့် ဟာဆဲဂါဝါက ဝမ်းချန်ပီယံရှစ်တွင် ပထမဆုံး ယှဉ်ပြိုင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သူက မြန်မာပရိတ်သတ် အချစ်တော် MMA ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆန်း ဖြစ်သည်။

မြန်မာ့မြေပေါ်တွင် ပြိုင်ဘက်တိုင်းကို အနိုင်ယူပြီး ရှုံးပွဲမရှိ စံချိန်ရယူထားသူ ချန်ပီယံ အောင်လအန်ဆန်းကို

ထိုးသတ်ရန် စွန့်စားမှုများစွာဖြင့် ရွေးချယ်ခဲ့သူ ဟာဆဲဂါဝါမှာ ၂၀၁၈ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့၌ ကျင်းပသည့်

“ONE ; SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် အောင်လအန်ဆန်းနှင့် ရင်ဆိုင်ထိုးသတ်ခဲ့သည်။

ကြိုးဝိုင်းအတွင်း၌ အောင်လနှင့် ဟာဆဲဂါဝါတို့ အပြန်အလှန် ထိုးသတ်မှုများဖြင့် ပြိုင်ပွဲက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့ပြီး ပြိုင်ပွဲ၏ ၅ ချီမြောက် ၃ မိနစ်နှင့် ၁၃ စက္ကန့်တွင် ချန်ပီယံအောင်လ၏ လက်သီးချက်ဖြင့် ဟာဆဲဂါဝါတယောက် ရှုံးနိမ့်ခဲ့ပြီး ဒဏ်ရာ ဒဏ်ချက်များစွာဖြင့် အရှုံးကို ရင်ဝယ်ပိုက်၍ ဂျပန်မြေသို့ ပြန်သွားခဲ့ရသည်။

အောင်လနှင့် ဟာဆဲဂါဝါတို့ ထိုးသတ်သည့်ပွဲစဉ်က ဝမ်းချန်ပီယံရှစ်၏ သမိုင်းတလျှောက် အကောင်းဆုံးနှင့် အကြမ်းတမ်းဆုံး ပွဲစဉ်များထဲတွင် ပါဝင်ခဲ့သလို ၂၀၁၇ ဇွန်လနောက်ပိုင်း ထိုးသတ်ခဲ့သည့် ချန်ပီယံ အောင်လ၏ ပြိုင်ဘက် ၄ ဦးတွင် ဟာဆဲဂါဝါမှာ ၅ ချီ အထိ အချိန်အကြာဆုံး ထိုးသတ်ခဲ့ရသည့်ဖိုက်တာအဖြစ် မှတ်တမ်း ဝင်ခဲ့သည်က ဟာဆဲဂါဝါအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့သည်။

အောင်လကို ရှုံးနိမ့်ခဲ့သော်လည်း ဟာဆဲဂါဝါတယောက် ၎င်း၏ချန်ပီယံဖြစ်ရေး အိပ်မက်ကို မစွန့်လွှတ်ခဲ့ပဲ

ကြိုးစား လေ့ကျင့်ခဲ့ပြီး တခြားမည်သည့်ပွဲစဉ်ကိုမျှ ထိုးသတ်ခြင်း မရှိဘဲ အောင်လနှင့် ဒုတိယအကြိမ်မြောက် ထိုးသတ်ခွင့်ရရန် စောင့်ဆိုင်းနေခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံတွင် ပထမဆုံးကျင်းပမည့် “A New Era” ပြိုင်ပွဲ ပေါ်ပေါက် လာချိန်မှာတော့ ဂျပန်ဖိုက်တာ ဟာဆဲဂါဝါအတွက် ၎င်းမွေးဖွားရာ ဂျပန်မြေ၊ ဂျပန်ပရိတ်သတ်ရှေ့တွင်ချန်ပီယံ အောင်လအန်ဆန်းကို ရှုံးကြွေးပြန်ဆပ်ရန် အခွင့်အရေး ပေါ်ပေါက်လာခဲ့သည်။

အောင်လအန်ဆန်းအတွက်တော့ ဖိုက်တာ ဟာဆဲဂါဝါက ၎င်း၏ကစားသမားဘ၀ သက်တမ်းတလျှောက် ပထမဆုံး ထိုးသတ်သော ဂျပန်ဖိုက်တာဖြစ်သည်။ ဟာဆဲဂါဝါမှာ ဂျူဒို ခါးပတ်နက်ပညာရှင် တဦးဖြစ်ပြီး ၎င်း၏ထူးခြားသည့် အရည်အချင်းမှာ ခံနိုင်ရည်နှင့် သက်လုံမြင့်မားခြင်းဖြစ်သည်။ ပထမအကြိမ် မြန်မာ့မြေပေါ်၌ ဆုံတွေ့ခဲ့စဉ်က အောင်လအနေဖြင့် ၅ ချီမြောက်အထိ အပြန်အလှန် ထိုးသတ်ခဲ့ရပြီး ဒဏ်ရာများစွာ ရနေသည့်တိုင် အောင်လကို ခုခံထိုးသတ်ခဲ့သည့် ဟာဆဲဂါဝါ၏ ခံနိုင်ရည်စွမ်းအားက ချီးကျူးဖွယ်ရာဖြစ်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ကြိုးဝိုင်းအတွင်း၌ မတ်လ ၃၁ ရက်နေ့တွင် ထိုးသတ်မည့် “A New Era” ပွဲစဉ်တွင် ချန်ပီယံ

အောင်လအနေဖြင့် ဟာဆဲဂါဝါကို ပထမပွဲကဲ့သို့ လူချင်းခွာ၍ လက်သီးချင်း ယှဉ်ထိုးမလား၊ လူချင်းပူး၍ ၎င်း၏

မြန်မာ့စပါးအုံးမြွေဟု လူသိများထင်ရှားသည့် ချုပ်ကွက်ဖြင့် ချုပ်၍ကစားမလားဆိုသည်က စိတ်ဝင်စားဖို့

ကောင်းသည်။

ပြိုင်ဘက်ကို ချုပ်ကိုင်သည့်ပညာ ကျွမ်းကျင်နေသည့် ဟာဆဲဂါဝါကို ချုပ်ဖို့မကြိုစားဘဲ လူချင်းခွာ၍ လက်သီးချင်း ယှဉ်ထိုးကာ ဖြိုလှဲမည့်နည်းကို အောင်လအနေဖြင့် အသုံးပြုသွားမည်ဟု ခန့်မှန်းရသည်။ ထိုနည်းအတိုင်း

တိုက်ခိုက်ခဲ့လျှင်တော့ ရန်ကုန်မြို့မှာ ၂၀၁၈ ဇွန်လက ထိုးသတ်ခဲ့သည့်ပွဲကဲ့သို့ လက်သီးချက်၊ ခြေကန်ချက်များဖြင့်

ကြိုးဝိုင်းထဲတွင် သူတပြန်၊ ကိုယ်တပြန် အကြိတ်အနယ် ထိုးသတ်မှုကို ပရိတ်သတ်များ ရှုစားရမည်ဖြစ်သည်။

ဟာဆဲဂါဝါကတော့ ပထမပွဲစဉ်က ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးကို ပြန်ဆပ်ကာ အောင်လကို အနိုင်ယူသွားမည်ဟု

ဝမ်းချန်ပီယံရှစ်နှင့် အင်တာဗျူးတွင် ပြောဆိုသည်။

“ကျနော်သူ့ကို နိုင်အောင်ထိုးမှာပါ။ ပထမပွဲစဉ်တုန်းက ရှုံးထားတဲ့ ရှုံးကြွေးကို ပြန်ဆပ်ချင်ပါတယ်။ ပထမ အချီမှာတင် ဒီပြိုင်ပွဲကို အဆုံးသတ်ဖို့အတွက် ကျနော် အဆင်သင့်ဖြစ်နေပါပြီ”ဟု ဟာဆဲဂါဝါက ပြောသည်။

အောင်လအနေဖြင့် ဟာဆဲဂါဝါနှင့် ထိုးသတ်ဖို့အတွက် UFC ဖိုက်တာ Derek Brunson နှင့် Jonas စသည့်

မစ်ဒယ်ဝိတ် ဖိုက်တာများနှင့် ပူးတွဲလေ့ကျင့်ခဲ့ပြီး ချန်ပီယံခါးပတ်ကာကွယ်ဖို့ အကောင်းဆုံးပြင်ဆင်ထားကြောင်း

၎င်း၏လူမှုကွန်ရက်မှတဆင့် ပြောဆိုသည်။

“ပရိသတ်တွေကို အကောင်းဆုံးပွဲတစ်ခု တင်ဆက်ခွင့်ရမယ့်အတွက် အရမ်းပဲ ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံက

ဘော်ဒါတွေ လာမယ့်တနင်္ဂနွေမှာ အကောင်းဆုံးပွဲတစ်ခုကို ခင်ဗျားတို့ မြင်ရတော့မယ်”ဟု သူ၏လူမှုကွန်ရက်မှ

တဆင့် အောင်လအန်ဆန်းက ပြောသည်။

One Championship အဖွဲ့၏ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းအနေဖြင့် ဟာဆဲဂါဝါကို အနိုင်ရခဲ့ပါက နှစ်ထပ်ကွမ်း ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ စွန့်လွှတ်ရမည် ဖြစ်ကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ်သာ ဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။

အောင်လအန်ဆန်းနှင့် ဟာဆဲဂါဝါတို့၏ ကစားသမားဘ၀ ထိုးသတ်မှုမှတ်တမ်းများကို နှိုင်းယှဉ်ကြည့်လျှင်

မြန်မာတို့၏အချစ်တော် အောင်လက ဂျပန်ဖိုက်တာထက် များစွာသာလွန်နေသည်။ အောင်လအန်ဆန်းမှာ

၂၀၀၅ ခုနှစ်ကစတင်ကာ MMA လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ကစားသမားဘဝသက်တမ်းတလျှေက်

၃၄ ပွဲထိုး၊ ၂၄ ပွဲနိုင်၊ ၁၀ ပွဲရှုံးရလာဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဇွန်လက ကျင်းပသည့် Light of a Nation ပြိုင်ပွဲတွင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့ပြီး မြန်မာပြည်ကိုယ်စားပြု ပထမဆုံးသော ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် Quest For Gold ပြိုင်ပွဲတွင် ၎င်းထိုးသတ်နေသည့် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ်ကစားသမား မာချာဒိုကို အနိုင်ယူကာ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံးသော မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် နှစ်ထပ်ကွမ်းချန်ပီယံ အောင်လအန်ဆန်းအဖြစ် မှတ်တမ်းသစ် ရေးထိုးထားခဲ့သူ ဖြစ်သည်။

၂၀၁၇ ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ထိုးသတ်သည့် ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်နောက်ပိုင်း အောင်လအန်ဆန်း ထိုးသတ်သည့်ပွဲတိုင်း ရှုံးပွဲမရှိခဲ့ပဲ

၅ ပွဲထိုး ၅ ပွဲနိုင်ဖြင့် ချန်ပီယံခါးပတ် ၂ ခုကို ရယူထားသူဖြစ်သည်။

ဟာဆဲဂါဝါအနေဖြင့် ဝမ်းချန်ပီယံရှစ်တွင် ထိုးသတ်သည့် ပထမဆုံးပွဲစဉ်မှာပင် ချန်ပီယံအောင်လကို စိန်ခေါ်၍

၎င်း၏ကစားသမား ဘဝအတွက် အခက်ခဲဆုံးပွဲစဉ်ကို ရွေးချယ်ခဲ့သည်။ ယခုလည်း ရှုံးကြွေးဆပ်၍ ချန်ပီယံ ဖြစ်ရန်

ရည်မှန်းချက်ကြီးစွာဖြင့် အောင်လကို ထပ်မံစိန်ခေါ်ကာ MMA ကစားသမားဘ၀ အခက်ခဲဆုံးပွဲစဉ်ကို ထပ်မံရွေးချယ်

ခဲ့ပြန်သည်။

သူ့အနေဖြင့် ချန်ပီယံ အောင်လနှင့် ဒုတိယအကြိမ်မြောက် ထိုးသတ်ခွင့်ရသည့်ပွဲတွင် အောင်လကို ဖြိုလှဲနိုင်ကြောင်း သက်သေပြဖို့ လိုအပ်နေပြီး ဒီတကြိမ်ထပ်မံရှုံးနိမ့်လျှင်တော့ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံကို ထပ်မံစိန်ခေါ်ဖို့ အလှမ်းဝေးသွားမည် ဖြစ်သည်။

အောင်လအန်ဆန်းဟူသည်က ၁ နှစ်ခွဲကျော်ကာလအတွင်း ဝမ်းချန်ပီယံရှစ်၏ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုကို ရယူကာ မြန်မာနိုင်ငံ၏ဂုဏ်ဆောင် အားကစားသမားဘဝကို အချိန်တိုအတွင်း ရယူနိုင်ခဲ့သူဖြစ်ပြီး ရာနှုန်းပြည့်နိုင်ပွဲဖြင့် ခရီးဆက်နေသည့် ချန်ပီယံဖြစ်သည်။

သို့သော် ၂၀၁၆ ခုနှစ် နောက်ပိုင်း ထိုးသတ်သည့် နိုင်ပွဲ ၈ ပွဲအနက် ၇ ပွဲမှာ အောင်လ၏ မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင် ထိုးသတ်ပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည် ပြင်ပတွင် ပထမဆုံးထိုးသတ်မည့် ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် ဟာဆဲဂါဝါကို အနိုင်ယူကာ ပြည်တွင်း၊ ပြည်ပ နေရာမရွေး အနိုင်ယူသည့် “မြန်မာနိုင်ငံ၏ နယ်မရှောင်သည့် ကြယ်ပြောင်ဖိုက်တာ” ဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်နေသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ရိုဂိုကု ဂိုကူဂီကန် အားကစားခန်းမတွင် မတ်လ ၃၁ ရက်နေ့ ညနေပိုင်း (မြန်မာစံတော်ချိန်

ညနေ ၄ နာရီ) အချိန်တွင် ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့မစ်ဒယ်ဝိတ် အောင်လအန်ဆန်းနှင့် စိန်ခေါ်သူ ဂျပန်ဖိုက်တာ ဟာဆဲဂါဝါတို့ အကြိတ်အနယ် ထိုးသတ် ကြတော့မည် ဖြစ်သည်။

ဟာဆဲဂါဝါက သူ၏အိပ်မက်အတိုင်း အောင်လကို ရှုံးကြွေးဆပ်ကာ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို သိမ်းပိုက်သွားမလား၊ မြန်မာတို့၏အချစ်တော် အောင်လအန်ဆန်းကပဲ ဟာဆဲဂါဝါကို ထပ်မံအနိုင်ယူကာ

မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ကို ၃ ကြိမ်မြောက် ဆက်လက်ကာကွယ်သွားနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။

The post ချန်ပီယံဘွဲ့အတွက် ဂျပန်မြေတွင် အစွမ်းပြရမည့် အောင်လအန်ဆန်း appeared first on ဧရာဝတီ.

ရှမ်းနီ အမျိုးသားများ ခရီးကြမ်း ဘယ်လို ဖြတ်သန်းမလဲ

$
0
0

“ကျမတို့ လူမျိုးဆိုရင် လက်နက်ကိုင်တဲ့လူမရှိဘူး။ အများကြီး နိုင်စားတာ ခံနေရတယ်၊ အဲဒါတွေ လုံးဝ မခံချင်ဘူးရှင့်။ အဲဒါကြောင့် ဒီအဖွဲ့ထဲကို တတ်နိုင်တဲ့ဘက်ကနေ တာဝန်ထမ်းဆောင်မယ် ဆိုပြီးတော့ ဝင်လာခဲ့တာရှင့်”

ထိုစကားကို ပြောလိုက်သူကတော့ ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) တွင် ဆေးတပ်သား အဖြစ် တာဝန် ထမ်းဆောင် နေသည့် စစ်သမီးပျို စိန်စိန် ဖြစ်သည်။

စိန်စိန် ဝင်ရောက် အမှုထမ်းနေသည့် ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) သည် ၁၉၈၉ ခုနှစ် ဇူလိုင် ၅ ရက်က ဖွဲ့စည်း ထူထောင်ခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားရင် တဖြည်းဖြည်း ကြီးထွားလာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာ နယ်စပ်က နွဲ့အင်ဖာ (ကျောက်ဖြာတောင်) သို့ ၂၀၀၇ ခုနှစ်တွင် သွားရောက် လေ့လာခဲ့ပြီး ၂၀၀၉ ခုနှစ်၌ အခြေစိုက်လှုပ်ရှားခဲ့ရာ ယနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ တမူး နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် အခြေစိုက်ထားပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်ထဲက မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ ဟောင်ပါး၊ ဖားကန့် စသည့် ဒေသများတွင်လည်း လှုပ်ရှားနေပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် SNA သည် ၈၉၁၊ ၉၇၂၊ ၇၅၃ တပ်မဟာ ၃ ခုကို ဖွဲ့စည်းကာ လူအင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင် ပြည်နယ်အတွင်းမှာ လှုပ်ရှားနေကြပြီဟု ဆိုသည်။

ရှမ်းနီ အမျိုးသားများ တောင်းဆိုနေသည့် ပြည်နယ် အခြေပြ မြေပုံ (ဓာတ်ပုံ – ရှမ်းနီအမျိုးသား ဖေ့စ်ဘုတ်)

SNA အစ နွဲ့အင်ဖာက ဟုလည်း ဆိုကြသည်။ ရှမ်းနီစကားအရ နွဲ့ဆိုသည်မှာ တောင်ကို ခေါ်ပြီး အင်ဖာ ဆိုသည်မှာ ကျောက်ဖြာဟု အနက်ဓိပ္ပာယ် ထွက်ရာ ပေါင်းစပ်ပါက ကျောက်ဖြာတောင်ဟုလည်း ခေါ်ဆိုနိုင်ပါသည်။

SNA ကို စဝ်မိန်းလျှန်းနှင့် စဝ်ခွန်အောင်တို့က ဦးဆောင်၍ ရှမ်းနီ များ၏ ဆုံးရှုံးနစ်နာနေသည့် အခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် မူ ၅ ချက်ကို ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ထို မူ ၅ ချက်မှာ ရှမ်းနီပြည်နယ် ရရှိရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ထူထောင် နိုင်ရေး၊ ရှမ်းမျိုးနွယ်စု အားလုံး စည်းလုံး ညီညွတ်ရေး၊ ရှမ်းနီဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုသည့် အချက်များ ဖြစ်သည်ဟု ဆိုသည်။

SNA တပ်မဟာ ၈၉၁ တပ်မဟာမှူး ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“ကျနော်တို့က လူမျိုးတမျိုးပဲ၊ ရှမ်းပြည်ထဲမှာ ကျနော် တို့က မပါပေမယ့် ရှမ်း၊ ရှမ်းနီလူမျိုးဖြစ်တယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းထဲမှာ ကျနော်တို့ ပါသွားတယ်။ ပါသွားခဲ့တော့ ကျနော်တို့က တစုတစည်းထဲ ပုံစံမျိုး မရှိတော့ဘူး။ ကချင်ကပြောရင် ဗမာ လက်အောက်ခံလို့ ပြော တယ်၊ မြန်မာအစိုးရ တပ်တွေကပြောရင် ကချင်ရဲ့သတင်းပေးတွေလို့ ပြောတယ်။ ကိုယ့် ရှမ်းနီအမျိုးသား သီးသန့် ရှိပါ တယ်။ ကိုယ့်ရှမ်းနီအမျိုးသားထုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိ အောင် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ် ချက် နဲ့ ကျနော်တို့ ဖွဲ့စည်းခဲ့တာပါ”ဟု ပြောသည်။

ရှမ်းနီတိုင်းရင်းသားများသည် ရှေးယခင်ကတည်းက ကိုယ့်မင်း ကိုယ့်ချင်းဖြင့် သီးခြား လွတ်လပ်သော လူမျိုး တမျိုး အဖြစ် နေထိုင်ခဲ့ကြသူများ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မိုးညှင်းစော်ဘွား စဝ်လုံ၊ ဝန်းသိုစော်ဘွား စဝ်အောင်မြတ်တို့သည် အထင်ရှားဆုံး ရှမ်းနီစော်ဘွားများ ဖြစ်ကြပြီး ခမ်းတီးလုံ (ပူတာအို) စော်ဘွား၊ သောင်သွပ် စော်ဘွား၊ ခန္တီး စော်ဘွား တို့ကလည်း ထင်ရှားသည့် သမိုင်းများ ရှိခဲ့ကြ သည်။

စစ်ရေးပြ လေ့ကျင့်နေသော SNA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)

၁၈၈၆ ခုနှစ်တွင် ဗြိတိသျှ လက်အောက်သို့ မြန်မာနိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးသွားသည့် အခါမှာပင် ဝန်းသို စော်ဘွားကြီး စဝ်အောင်မြတ်သည် အင်္ဂလိပ် လက်အောက်သို့ ရှမ်းနီဒေသများ ကျဆုံးမသွားရန် ပြန်လည် တိုက်ခိုက် ခဲ့ဖူးကြောင်း ရှမ်းနီတို့က ဆိုသည်။ သို့သော် အင်အား မမျှတသည့် အတွက် အင်္ဂလိပ် လက်အောက်သို့ ကျရောက် ခဲ့ကြရသည်။

ထို့နောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ရာ တခြားသော တိုင်းရင်းသားများ၏ ခွဲထွက်ခွင့် ပေးရေး ပြဌာန်း တောင်းဆိုချက်များကြောင့် ရှမ်းနီ ဒေသများဖြစ်သည့် မြစ်ကြီးနား ခရိုင်၊ မိုးညှင်း ခရိုင်၊ ဗန်းမော် ခရိုင် တို့အား ရှမ်းနီများ၏ သဘောဆန္ဒမပါဘဲ ဆန့်ကျင် ကန့်ကွက် နေသည့်ကြားကပင် ကချင်ပြည်နယ် အတွင်းသို့ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ ၆ အရ ထည့်သွင်း ပေးလိုက်သည်ဟု မှတ်တမ်းများ အရ သိရ သည်။

အလားတူ ကလေးခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်၊ ကသာခရိုင်၊ တမူး ခရိုင် တို့ကိုလည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲအပြီး စစ်ကိုင်းတိုင်းကို ဖွဲ့စည်းစဉ် ထည့်သွင်း ခံလိုက်ရသည်ဟု ရှမ်းနီတို့က ဆိုသည်။

ထိုသို့ ထည့်သွင်း ပေးလိုက်ခြင်းကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ထဲတွင် ချင်း၊ ရှမ်း၊ ကရင်နီ (ကယား) တိုင်းရင်းသားတို့ နည်းတူ ကချင် တိုင်းရင်းသားများ၏ ခွဲထွက်ခွင့်ရှိခြင်း ထည့်သွင်းပေးရန် တောင်းဆိုမှု အဆုံးသတ်သွားကြောင်း သမိုင်း မှတ်တမ်းများတွင် ပါရှိသည်။

တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ခွန်းမတ်ရ်ကိုဘန် ရေးသားထားသည့် ပင်လုံ စိတ်ဓာတ်မှသည် စစ်မှန် သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆီသို့ ဆိုသော စာအုပ်တွင် “ဝန်ကြီးချုပ် ဦးနုက ဆမား ဒူဝါကြီး (ဆမားဒူဝါဆင်ဝါးနောင်)အား ကချင်ပြည်နယ် ဖွဲ့စည်းရာတွင် မြစ်ကြီးနားအပြင် ရှေးယခင်က တောင်းဆိုခဲ့တဲ့ ဗန်းမော် ဒီစတြိတ်ကိုပါ ကချင်ပြည်နယ်တွင် ထည့်သွင်းမယ်၊ ၎င်းအပြင် ကချင်ပြည်နယ် ဥက္ကဋ္ဌ သည် ကချင် လူမျိုး များသာ ဖြစ်ရမည်လို့ အခြေခံ ဥပဒေတွင် ထည့်သွင်းပေးမယ်၊ အပြန်အလှန် အနေဖြင့် ကချင် ခေါင်းဆောင်များ က ခွဲထွက်ရန် အပိုဒ်ကို စွန့်လွှတ်ပါ”ဟု ပြောရာ ဆမားဒူဝါကြီးက လက်ခံ၍ “ကချင်ပြည်နယ် ဥပဒေ ၌ ခွဲထွက်ခြင်း နှင့် ပတ်သက်သော အခြေခံဥပဒေနှင့် မသက်ဆိုင်စေရ”ဟု ထည့်သွင်း ရေးရပါသည်ဟု ဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ထိုအပေါ် ရှမ်းနီ တိုင်းရင်းသားများက ကချင်နှင့် ဖဆပလ တို့ကြား အလဲအထပ် လုပ်လိုက်သော နည်းဗျူဟာ တခု ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

ရှေးတိုင်း ခမ်းတီ စစ်သည်တော်များ (အင်္ဂလိပ်ကို တော်လှန်ခဲ့သော ရှမ်းနီ တိုင်းရင်းသားများ) (ဓာတ်ပုံ – ရှမ်းနီအမျိုးသား ဖေ့စ်ဘုတ်)

ဤကဲ့သို့ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းသို့ ရှမ်းနီ ဒေသများကို အပိုင်းတပိုင်းစီ ခွဲခြား၍ ထည့် သွင်း လိုက်ခြင်းကြောင့် ရှမ်းနီပြည်နယ်သည် မြန်မာနိုင်ငံ မြေပုံပေါ်ကနေ ပျောက်ကွယ် သွားခဲ့ရသည်။

ထို့ကြောင့် ရှမ်းနီ တိုင်းရင်းသားများသည် ရှမ်းနီပြည်နယ် ရရှိရေး ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့ရာ ယနေ့ အထိ ပင် ဖြစ်သည်။

SNA မှ ရဲဘော် စိုင်းမိဏ်းက“ရှမ်းနီပြည်နယ် ဘာကြောင့် ရချင်လဲဆိုရင် ရှမ်းနီပြည်နယ် ဆိုတာက ကျနော်တို့ ပစ္စည်း အမှန်လို့ ပြောရမှာပေါ့၊ ရှမ်းနီပြည်နယ် အရင်တုန်းကတည်းက ရှိခဲ့တယ်။ အခု နောက်ပိုင်းမှာ ပျောက်ဆုံးပြီးတော့ ဟိုဘက် ကချင်ပြည်နယ် ဆိုရင်လည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ ရသွားတယ်။ ဒီဘက် စစ်ကိုင်းတိုင်း ဒေသ ကျတော့ လည်း ရှမ်းနီဒေသ ဖြစ်ရဲ့သားနဲ့ ရှမ်းနီဒေသ အဖြစ် မပေးထားဘူးပေါ့။ အဲဒါကြောင့် မလို့ ကျနော်တို့ ကိုယ့်ရဲ့ ပစ္စည်း ကို ကိုယ်ပြန်လိုချင်တယ် ဆိုတဲ့ သဘောမျိုးပါ”ဟု ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း မြို့နယ်မှ စိုင်းလူကျန် ကလည်း SNA သည် ရှမ်းနီ တိုင်းရင်းသားများ မျှော်လင့် တောင်းတ နေသည့် ရှမ်းနီပြည်နယ် ရရှိရေးကို ရရှိအောင် လုပ်ဆောင်ပေးနိုင်မည့် အဖွဲ့အစည်းဟု ယုံကြည်ကြောင်း ဆိုသည်။

“ကျနော်တို့ ခေတ်အဆက်ဆက်က ရှိခဲ့တဲ့ ကျနော်တို့ ရှမ်းနီ နယ်မြေတွေကို ရှမ်းနီပြည်နယ် ရရှိဖို့ အတွက်ကို မျှော်လင့် ထားပါတယ်။ SNA က လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ပြည်နယ်ကို သေချာပေါက် ရမယ်လို့ မျှော်လင့်ထား တာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ပံ့ပိုးမှုကို ကျနော်တို့က အချိန်မရွေး ပံ့ပိုးနိုင်ပါတယ်ဗျ။ ကျနော်တို့က မားမား မတ်မတ် ရပ်တည်ပြီး ထောက်ခံပေးနိုင်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။

သို့သော် SNA သည် ရှမ်းနီပြည်နယ် ရရှိရေးအတွက် လွယ်ကူသည့် ခရီးလမ်းပေါ်တွင် လျှောက်လှမ်းနေရခြင်း မဟုတ် ဘဲ ခက်ခဲကြမ်းတမ်းသည့် ခရီးကြမ်းတခုကို ကျော်ဖြတ်ရဦးမည် ဖြစ်ပါသည်။

ရှမ်းနီ တိုင်းရင်းသားများ လိုလား တောင်းတနေသည့် ရှမ်းနီပြည်နယ် ဆိုသော အဝန်းအဝိုင်းသည် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ် အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ ဖြစ်ကြောင်း သိရသည်။

ဤသို့ဆိုလျှင် ရှမ်းနီပြည်နယ်ရရှိရေး တည်ဆောက်ရာတွင် SNA အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ ကချင် ပြည်နယ် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အပါအဝင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ကချင် မျိုးနွယ်စု တိုင်းရင်း သား များ၊ တခြားသော တိုင်းရင်းသားများဖြင့် စေ့စပ်ညှိနှိုင်းရန် လိုအပ်သလို ထောက်ခံမှု ရရှိရန်လည်း လိုအပ်သည်။

ထို့ကြောင့် SNA အနေဖြင့် သက်ဆိုင်ရာ ဒေသမှ အဖွဲ့အစည်း၊ လူမျိုးစု ခေါင်းဆောင်များနှင့် စေ့စပ်ညှိနှိုင်းရန် လိုအပ် ရာတွင် လွယ်ကူချောမွေ့သည့် စေ့စပ်ညှိနှိုင်းမှုများတော့ ဖြစ်လာနိုင်မည်ဟု မထင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ် သူ တချို့က ဆိုသည်။

စစ်ရေးပြ လေ့ကျင့်နေသော SNA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)

တိုင်းရင်းသား အရေး သုတေသီ ဦးမောင်မောင်စိုးက“ပြည်နယ် လိုချင်တယ်ဆိုတဲ့ ပြဿနာကတော့ ဒါကတော့ သူတို့ တောင်းဆိုချက်ပေါ့ဗျာ၊ သူတို့လို ချင်တယ်ဆိုတဲ့ ပြည်နယ်က ကျနော် သိသလောက်တော့ စစ်ကိုင်းတိုင်းနဲ့ ကချင် ပြည်နယ် ထဲမှာ ပါတဲ့ ဒေသပေါ့။ ဒီလို ကိစ္စမျိုးကျတော့ ကျန်တဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားလည်း ပါဝင်ဖို့ လို တာပေါ့။ ပြီးတော့ ပြည်ထောင်စု အစိုးရရော ဆွေးနွေး တိုင်ပင်ပြီး ဆုံးဖြတ်မှ ရမယ့်ကိစ္စ ဖြစ်နေတယ်။ ရသင့်တယ် မရသင့်ဘူး ဆိုတာကတော့ ကိုယ့်လူမျိုး တမျိုးချင်း အလိုက် ပြောတာဆိုတာ ရှိမှာပေါ့။ ဒါကတော့ သူတို့ရဲ့ Rights ပေါ့၊ တောင်းဆိုချက်ပေါ့၊ တကယ် ဖြစ်နိုင် မဖြစ်နိုင်ကတော့ လက်တွေ့ အခြေအနေနဲ့ မူတည်ပြီး ဆိုင်တာပေါ့”ဟု ပြော သည်။

SNA အနေဖြင့် ခရီးကြမ်း ရှည်ကြီးတခုကို ကျော်ဖြတ်ရမည်ဖြစ်ရာ မည်သည့် ပုံစံဖြင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ပြီး ရှမ်းနီ ပြည်နယ် ရရှိရေးကို အကောင်အထည် ဖော်မလဲ ဆိုသည့်အပေါ် စိတ်ဝင်စားလျက် ရှိနေကြသည်။

ရှမ်းနီ တိုင်းရင်းသားများနှင့် SNA ကတော့ မိမိတို့သည် ပြည်နယ် တပြည်နယ် သတ်မှတ်ရာတွင် လိုအပ်သည့် အချက် ၇ ချက်ဖြင့် ပြည့်စုံပြီးသား ဖြစ်သကဲ့သို့ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် အတွင်းမှာ ရောက် ရှိနေသည့် ရှမ်းနီ ဒေသများသည် နယ်မြေ တစပ်တည်း ဖြစ်နေကြောင်း၊ ရှမ်းနီ ပြည်နယ်သည် ယခင်ကတည်းက တည်ရှိသည့် အတွက် မိမိတို့ ပစ္စည်းအမှန်ကို မိမိတို့ ပြန်လည် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆိုသည်။

တိုင်းရင်းသား လူမျိုးစုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပြည်နယ် အဖြစ် သတ်မှတ် ရာ တွင် ဂုဏ်အင်္ဂါရပ် ၇ ရပ်ဖြင့် ပြည့်စုံရန် လိုအပ်ကြောင်း ဖ.ဆ.ပ.လ ပဏာမ ညီလာခံတွင် ချမှတ် ထားသည်ဟု ဦးခွန်မောင်တုတ် ရေးသားသည့် ပအို့ဝ် အမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၏ နိုင်ငံရေးခရီးတွင် ဖော်ပြထားသည်။

ထို ဂုဏ်အင်္ဂါရပ် ၇ ရပ်မှာ (၁) ပထဝီ အနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း၊ (၂) ဗမာစကားနှင့် မတူသော ဘာသာစကား တမျိုးတည်း ရှိခြင်း၊ (၃) ယဉ်ကျေးမှု တမျိုးတည်း ရှိခြင်း၊ (၄) ရာဇဝင် အစဉ်အလာအရ တမျိုးတည်း သော လူစုရှိခြင်း၊ (၅) စီးပွားရေး ဆိုင်ရာ အကျိုးကျေးဇူး နှင့် စီးပွားရေး လုံလောက်မှုရှိသော လူစု ရှိခြင်း၊ (၆) လူဦး ရေ အတော်အတန် ရှိခြင်းနှင့် (၇) ပြည်ထောင်စု ဒေသ အဖွဲ့ဝင် တခုအဖြစ်ဖြင့် မိမိကိုယ်ပိုင် ထင်ရှားချက်အတိုင်း နေထိုင် လိုသော ဆန္ဒရှိခြင်း စသည့် အချက်များဖြင့် ပြည့်စုံလျှင် ပြည်ထောင်စု ပြည်နယ် အဆင့်အတန်းကို ဖြစ်စေ၊ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ဖြစ်စေ၊ လူမျိုးစု ပြည်နယ်အဆင့် အတန်းကို ဖြစ်စေ ရရှိစေရမည်ဟု ချမှတ်ခဲ့ကြောင်း ထိုစာအုပ်တွင် ဖော်ပြထားသည်။

ခမ်းတီးလုံ (ပူတာအို) စော်ဘွား မိသားစု (ဓာတ်ပုံ – ရှမ်းနီအမျိုးသား ဖေ့စ်ဘုတ်)

SNA မှ ဗဟိုကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“ကျနော်တို့ ပြောချင်တာက အမျိုးသားရေး၊ အမျိုး သားရေး ကိုပဲ အဓိကထားပြီး ပြောမယ်၊

ကချင်ပြည်နယ်မှာပဲ ရှိနေပါစေ၊ စစ်ကိုင်းတိုင်းမှာပဲ ရှိပါစေ၊ ရှမ်းနီဆိုတဲ့ အမျိုးသားရေး ကို ကိုင်ဆွဲပြီးမှပဲ ကျနော်တို့ ညီညွတ်ရေးကို တည်ဆောက်မှာ။ အဲဒါအပြင် တခြားဒေသက ရှမ်းတွေကိုလည်းပဲ ကျနော် တို့နဲ့ ညီညွတ်ရေးရအောင် တည်ဆောက်သွားမယ်။ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ဆိုရင် နယ်မြေ တဆက် တစပ်တည်း ဖြစ်တယ်။ ကျနော်တို့ ရှမ်းနီတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဆိုတဲ့ အဆင့်ထက်ကို ကျော်တယ်။ ဒါကြောင့် ပြည်နယ်ရရှိရေးကို ကျနော်တို့ တောင်းဆိုတာ ဖြစ်တယ်”ဟု ပြောသည်။

လက်ရှိတွင် SNA သည် ၎င်းတို့ ကျော်ဖြတ်ရမည့် ခရီးကြမ်းအတွက် ရှမ်းနီ တိုင်းရင်းသားများကို စည်းရုံး နေရ သကဲ့ သို့ မဟာမိတ် အဖွဲ့အစည်း များကိုလည်း လိုက်လံ ရှာဖွေနေရကြောင်း သိရသည်။

တဖက်ရှိ ရှမ်းနီ တိုင်းရင်းသား အရေး ကို ဆောင်ရွက်နေသည့် ရှမ်းနီပါတီ များကလည်း ညီညွတ်မှုမရှိဘဲ ပါတီကွဲများ ဖြစ်နေခြင်း ကလည်း SNA အတွက် ခေါင်းခဲစရာ တခု ဖြစ်နေပြန်သေးသည်။

ရှမ်းနီ ပါတီများ ဖြစ်သော တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (TNDP) နှင့် ရှမ်းနီ (တိုင်းလိုင်) အမျိုးသားများ ပါတီ (SNP) တို့ ပေါင်းစည်းရန်လည်း ကြိုးပမ်းရန် လိုအပ်နေသည်။

TNDP ပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က “ဒီ ဗမာ အင်ပါယာကြီးကို ကျနော်တို့ ခဏခဏ သိမ်းပိုက်ပြီးမှ အုပ်ချုပ်တာ ကျနော်တို့ ရှမ်းနီတွေပါ။

ပထမ ရှမ်း ခေတ်၊ ဒုတိယ ရှမ်းခေတ်ကို တည်ထောင်ခဲ့တာ ကျနော်တို့ ရှမ်းနီတွေပါ။ ဒုတိယ ရှမ်းခေတ် ကုန်သွားပြီး နောက်ပိုင်းမှာမှ ကျနော် တို့ ရှမ်းနီတွေဟာ တဖြည်းဖြည်းနဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတာပေါ့။ စုစည်းမှု အားနည်းလာခဲ့တယ်။ နောက် အင်္ဂလိပ် လက်အောက် ရောက်တယ်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်က အင်္ဂလိပ်ကို တော်လှန်တယ်။ အဲဒီအခါကျတော့ အင်္ဂလိပ်က ကျနော်တို့ကို ဖိနှိပ်ပြန်တယ်။ လွတ်လပ်ရေး ရပြီးတဲ့ အခါမှာလည်း ကျနော်တို့ လူမျိုးက စစ်ကိုင်းတိုင်းထဲမှာ တပိုင်း၊ ကချင်ပြည်နယ်က တပိုင်း ကျနော်တို့ နယ်မြေကို ၂ ပိုင်း ခွဲပြီးတော့မှ ဖြစ်သွားပါတယ်။ ရှမ်းနီတွေဟာ နယ်မြေ ခွဲခြား အုပ်ချုပ်ခြင်းခံရတဲ့ အခါကျတော့ စိတ်လေးတွေ ဝေးသွားကြတာပေါ့။ ခံစားချက်လည်း ကွာသွားကြပါတယ်”ဟု ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက ဧရာဝတီကို ပြောဆိုထားသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးရန် အစိုးရနှင့် တပ်မတော်က ကြိုးပမ်းနေသည့်တိုင် SNA ကို ကမ်းလှမ်းခြင်း မရှိဘဲ ဥပက္ခာပြုထား သည့် အတွက် SNA အနေဖြင့် ရှမ်းနီ တိုင်းရင်းသားများ၏ နစ်နာမှုများကို တင်ပြ တောင်းဆိုခွင့် မရဘဲ ဖြစ်နေသည်။

တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း အားလုံးပါဝင်ရေး အစိုးရ နှင့် တပ်မတော်ဘက်က လမ်းဖွင့် ပေးသင့်သည်ဟု တိုက်တွန်း တောင်းဆိုနေသည့်တိုင် SNA ကို ပါဝင်ခွင့်ပေးရန် တိုက်တွန်းမှုကိုမူ နှုတ်ပိတ် နေကြသလို တစုံတရာ ဖွင့်ဟပြောဆိုမှုပင် မရှိကြသည်ကို တွေ့ရှိရသည်။

ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) (ဓာတ်ပုံ – ဧရာဝတီ)

SNA အနေဖြင့် NCA တွင် ပါဝင် လက်မှတ်ရေးထိုးခွင့် မရသကဲ့သို့ ပါဝင်ရန် ကမ်းလှမ်းခြင်း မခံရသည့် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ (အစည်းအဝေး) တွင် ရှမ်းနီ တိုင်းရင်းသားများ၏ နစ်နာ ဆုံးရှုံးမှု များကို တင်ပြ တောင်းဆိုခွင့် ထိထိရောက်ရောက် မလုပ်နိုင်ဘဲ ဖြစ်နေခြင်းကြောင့် ရှမ်းနီ ပြည်နယ်ရရှိရေး ရှမ်းနီ တိုင်းရင်းသားများ၏ အိမ်မက်ကို အသက်သွင်းပေးရာတွင် အားနည်းမှု ဖြစ်နေသည်။

ထို့ပြင် ရှမ်းနီတိုင်းရင်းသားများသည် မူးယစ်ဆေးဝါး နွံထဲသို့ နစ်မွန်းနေသူများ များပြားသည့်အတွက် SNA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်ရန် လိုအပ်နေသေးသည်။

SNA သည် ပထမဆုံးအနေဖြင့် NCA တွင် ပါဝင်လာနိုင်ရေး ကြိုးပမ်းရန်၊ ထိုမှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံသို့ တက်ရောက်၍ ရှမ်းနီ တိုင်းရင်းသားများ၏ သဘောထား ဆန္ဒများ တင်ပြနိုင်ရေး ကြိုးပမ်းရန်၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရန်၊ ရှမ်းနီပါတီများ တပါတီတည်း ဖြစ်ရေး ကြိုးပမ်းရန်၊ လွှတ်တော်တွင်း၌ လွှတ်တော်အမတ်များ ရှိလာရေး ကြိုးပမ်းရန်၊ ရှမ်းနီ တိုင်းရင်းသားများ နိုင်ငံရေး အသိ ဖွံ့ဖြိုး တိုးတက်လာရန်၊ ရှမ်းနီ ဒေသတွင်းရှိ သဘာဝ ပတ်ဝန်းကျင်များ ပျက်စီးနေခြင်းကို တားဆီးနိုင်ရန် စသည်တို့ လိုအပ်ကြောင်း ရှမ်းနီအရေး တက်ကြွ လှုပ်ရှားသူများ က ဆိုသည်။

SNA မှ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“NCA ဘောင်ထဲကို ဝင်သွားဖို့အတွက် ကျနော်တို့ အနေနဲ့ ကြိုးစားနေ ပါ တယ်။ NCA ဘောင်ထဲ ဝင်သွားမှ ရှမ်းနီ အမျိုးသားရေးကို ပိုမို ဆောင်ရွက်နိုင်မယ်။ NCA ကို လက်မှတ် ရေးထိုးဖို့ကို လည်း ကျနော်တို့အနေနဲ့ မျှော်လင့်တယ်။ ကျနော်တို့ SNA အနေနဲ့ ပါကိုပါရမယ်။ မပါလို့မရဘူး ဘာကြောင့်လဲဆိုလို့ ရှိရင် ကျနော်တို့ ရှမ်းနီပြည်နယ်အဆင့် မရောက်သေးရင် လက်ရှိ ရှမ်းနီတွေနေထားတဲ့ ဒေသက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း။ ဒီဒေသကြီး တခုလုံး မငြိမ်ချမ်းဘဲနဲ့ မြန်မာပြည် ငြိမ်းချမ်းမလား၊ ဒီတော့ ကျနော်တို့က ပါသင့်တယ်”ဟု ပြောဆိုသည်။

တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးကမူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာလျှင် အစိုးရ နှင့် တပ်မတော်ဘက်က လွယ်လင့်တကူ အသိအမှတ်ပြုလေ့ မရှိကြောင်း၊ ယခုလို အဖွဲ့မျိုး ပေါ်လာပါက စောစော စီးစီး မီးငြှိမ်းသင့်ကြောင်း၊ NCA ထိုးသည့် ပုံစံမဟုတ်ရင်တောင် ဆွေးနွေးပွဲ အဖြေရှာသင့်ကြောင်း၊ မည်သည့် ပုံစံဖြင့် ဆွေးနွေးမလဲဆိုသည်ကို မြန်မြန်ဖြေရှင်း သင့်ကြောင်း၊ သို့မဟုတ်ပါက အပ်နှင့်ထွင်းရမည့် ကိစ္စ ပုဆိန်နှင့် ထွင်း ရမည့် အခြေအနေသို့ ဖြစ်သွားနိုင်ကြောင်း ပြောသည်။

“တကယ်လို့ ဒီဟာကို ဆက်ထားလို့ သူ့ဟာနဲ့သူ အင်အားက ချည့်နဲ့သွားတယ်၊ လျော့ကျသွားတယ် ဆိုရင် ပြဿနာ မရှိဘူး၊ ဒါပေမယ့် AA လိုပဲ စစချင်းဖွဲ့တုန်းက လူ ၃၀-၄၀ လောက်နဲ့ နောက်ပိုင်း ၅၀၀၀-၁၀၀၀၀ လောက်ကျမှ ဖြေရှင်း မယ် ဆိုရင် ကျနော်တို့က ဘာဖြစ်သွားမလဲဆိုရင် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ထွင်းရမလိုဖြစ်သွား လိမ့်မယ်။ ဒါက ဖြေရှင်းဖို့လိုအပ်တဲ့ နိုင်ငံရေးအရ စောစောစီးစီး ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာ တရပ်အဖြစ် မြင်ပြီး ဖြေရှင်း တယ် ဆိုရင်တော့ ကျနော်တို့က မီးမလောင်ခင် တားနိုင်လိမ့်မယ်လို့ မြင်ပါတယ်”ဟုလည်း ဦးမောင်မောင်စိုးက ပြောဆို ပါသည်။ ။

The post ရှမ်းနီ အမျိုးသားများ ခရီးကြမ်း ဘယ်လို ဖြတ်သန်းမလဲ appeared first on ဧရာဝတီ.

မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း

$
0
0

မြန်မာတို့၏ အချစ်တော် အောင်လအန်ဆန်းမှာ၂၀၁၇ ခုနှစ် ဝမ်း ချန်ပီယံရှစ်၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရပြီး ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ အသစ် ဖြစ်လာချိန်တွင် MMA လောကသား တချို့က “အောင်လရဲ့ မွေးရပ်မြေမှာ ထိုးလို့ ဘစ်ဒက်ရှ် ကို နိုင်ပြီး ချန်ပီယံ ဖြစ်တာ”ဟူ၍ ဝေဖန်ခဲ့ကြသည်။

လက်ရှိ အချိန်မှာတော့ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံဘွဲနှင့် မထိုက်တန် သကဲ့သို့ ပြောဆိုခဲ့ကြသည့် ဝေဖန်မှုများ မှားယွင်း ကြောင်း အောင်လအန်ဆန်းက သက်သေပြခဲ့ပြီ ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်က ဂျပန်နိုင်ငံ တိုကျို မြို့တွင် ကျင်းပသည့် A New Era ပြိုင်ပွဲတွင် ဂျပန်နိုင်ငံ၏ မစ်ဒယ် ဝိတ်တန်း MMA လောကတွင် နံပါတ်ဝမ်း ဖြစ်သည့် ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကို အိမ်ရှင် ဂျပန် ပရိတ်သတ်များ ရှေ့ မှောက်၌ အလဲထိုးဖြင့် အနိုင်ယူကာ စစ်မှန်သည့် ကမ္ဘာ့ မစ်ဒယ် ဝိတ် ချန်ပီယံ ဖြစ်ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့သား အောင်လအန်ဆန်းက သက်သေ ပြခဲ့သည်။

ဝမ်း ချန်ပီယံရှစ်၏ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းနှင့် ဂျပန် ဖိုက်တာ ဟာဆီဂါဝါတို့ ဒုတိယ အကြိမ်မြောက် မကျေပွဲ အဖြစ် ဂျပန်နိုင်ငံမှာ ထိုးသတ်မည် ဆိုတော့ အောင်လကို သည်းသည်း လှုပ် အားပေးကြသည့် မြန်မာ ပရိသတ် တွေ ရင်ခုန်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လက ရန်ကုန်မြို့မှာ အောင်လနှင့် ဟာဆီဂါဝါတို့ ထိုးသတ်စဉ်က ပွဲကစားချိန် ၅ ချီ အထိ သူတပြန် ကိုယ်တပြန် ထိုးနှက်ခဲ့ကြပြီး မျက်နှာတွင် အညိုအမည်း ဒဏ်ရာဒဏ်ချက် များစွာဖြင့် နှစ်ယောက်စလုံး အထိနာ ခဲ့ကြသည်။

နောက်ဆုံး အချီကျမှ အောင်လ၏ ညာဖြောင့် လက်သီးချက်ဖြင့် ဟာဆီဂါဝါ တယောက် ကြမ်းပြင်ပေါ် လဲကျပြီး ရှုံးနိမ့် သွားခဲ့သည်။

မြန်မာ့မြေပေါ်မှာတောင် အောင်လကို အကြိတ်အနယ် ထိုးသတ်ခဲ့ရသည့် ဂျပန် ဖိုက်တာနှင့် ဂျပန်မြေ မှာ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ် ကာကွယ်ပွဲ ထပ်မံ ထိုးသတ်ရမည် ဆိုတော့ သူတို့ ချစ်သော အောင်လအန်ဆန်း အတွက် မြန်မာ ပရိတ် သတ်တွေ စိတ်ပူခဲ့ကြသည်။

အောင်လ အတွက် ၂၀၁၇ ခုနှစ် ဇွန်လတွင် မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်ပြီးသည့် နောက်ပိုင်း ပြည်ပ၌ ပထမဆုံး ထိုးမည့် ပွဲစဉ် ဖြစ်သလို ပြိုင်ဘက် ဟာဆီဂါဝါ ကလည်း အောင်လနှင့် တကြိမ် ထိုးသတ် ထားဖူးသူ၊ အောင်လကို ဒဏ်ရာ ဒဏ် ချက် များစွာ ရအောင် ထိုးနှက်ခဲ့သူ ဖြစ်နေသည့် အချက်များက အောင်လ ပရိတ်သတ်တွေ ရင်ပူစေခဲ့သည်။

ဟာဆီဂါဝါ ကလည်း ၈ လကျော် အချိန်ယူ လေ့ကျင့်ခဲ့ပြီး အမေရိကန် နိုင်ငံသို့ သွားရောက်၍ MMA ဖိုက်တာများနှင့်ပါ ပူးတွဲ လေ့ကျင့်မှုများ လုပ်ဆောင်ကာ အောင်လ အန်ဆန်း၏ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်ကို ဂျပန်နိုင်ငံ အတွက် လုယူနိုင် ရန် ပြင်ဆင်ထားခဲ့သည်။

တကယ်တမ်း A New Era ပြိုင်ပွဲ ကြိုးဝိုင်းထဲတွင် ဖိုက်တာ နှစ်ဦး ဆုံတွေ့ကြချိန်မှာတော့ ဟာဆီဂါဝါ တယောက်ရန်ကုန်မြို့သုဝဏ္ဏ အားကစားရုံထဲတွင် ထိုးသတ်ခဲ့သည့် အောင်လအန်ဆန်းနှင့် လားလားမှ မတူသည့် အောင်လ အန် ဆန်း အစစ်အမှန်ကို မြင်တွေ့သွားခဲ့သည်။

ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လက ထိုးသတ်ခဲ့သည့် ပွဲစဉ်တွင် အောင်လက ပွဲကို ထိန်း ကစား သည်။ မျက်နှာကို အကာ အကွယ် မလုပ်၊ ခန္ဓာကိုယ်ကို အရှောင်အတိမ်း၊ အတက် အဆင်း မလုပ်ဘဲ ဟာဆီဂါဝါနှင့် သူတချက် ကိုယ်တချက် အပြန် အလှန် ထိုးနှက်ခဲ့ကြသည်။

ဒီတခေါက် ဂျပန်ပွဲစဉ်မှာတော့ ထိုသို့ မဟုတ်တော့။ အောင်လက သတိကြီးစွာဖြင့် ဟာဆီဂါဝါကို ချဉ်းကပ်ပြီး ဘယ်ထောက် လက်သီး၊ ညာဖြောင့် လက်သီးများဖြင့် လိုက်ထိုးသည်။ အခွင့်ရသည်နှင့် ဟာဆီဂါဝါ၏ ပေါင်၊ ခါးနှင့် ဦးခေါင်း ဆီကို လှမ်းကန်သည်။

အောင်လ၏ ခြေကန်ချက်တွေက ကြိုးဝိုင်း အတွင်းမှာ တဖြောင်းဖြောင်း မည်နေသည်။ အောင်လကို ပထမ အချီမှာပင် ဖြိုလှဲသွားမည် ဟု ပြောဆိုထားသည့် ဟာဆီဂါဝါကတော့ ကြိုးဝိုင်းထဲမှာ ပတ်ပြေး နေတာ တွေ့ရသည်။

ဟာဆီဂါဝါ အနေဖြင့် အောင်လကို ထိုးနှက် တိုက်ခိုက်ဖို့ထက် အောင်လ၏ တိုက်ခိုက်မှုမှ လွတ်အောင် သတိထားပြီး ရှောင်တိမ်း ပြေးလွှားနေရသည်။

ဂျပန်ဖိုက်တာ ဟာဆီဂါဝါ နှင့် ထိုးသတ်နေသည့် အောင်လအန်ဆန်း(One Championship Facebook)

အလစ် အငိုက်မှာ တိုက်ခိုက်သည့် ဟာဆီဂါဝါ၏ လက်သီးချက်နှင့် ခြေကန်ချက် တို့ကိုလည်း အောင်လအန်ဆန်းက စနစ်တကျ ရှောင်တိမ်း ကာကွယ်နေသည့် အတွက် ဟာဆီဂါဝါ၏ တိုက်ခိုက်မှုတို့က အချည်းအနှီး ဖြစ်နေခဲ့သည်။

အောင်လ ကတော့ တိုက်စစ် ဖွင့် ဆော့သည်။ ကြိုးဝိုင်းထဲတွင် ပတ်ပြေးနေသည့် ဟာဆီဂါဝါ နောက်ကို လိုက်ထိုး၊လိုက်ကန်ရင်း ပွဲသိမ်း တိုက်ကွက်ဆင်ဖို့ အချိန်အခါကို စောင့်ကစားနေခဲ့သည်။

မြင်သာသည့် ဥပမာ ပေးရလျှင် အောင်လ အန်ဆန်း ဟူသည့် မုဆိုးကြီးက ဝမ်းချန်ပီယံရှစ် ကြိုးဝိုင်း အတွင်းမှာ ဟာဆီဂါဝါကို သားကောင် ဖမ်းသလို အမိအရ ဖမ်းဖို့ ကြိုးစားနေသည့် ပုံသဏ္ဌာန် မြင်တွေ့ရသည်။

ပထမ အချီ ၃ မိနစ်နှင့် ၄၆ စက္ကန့်တွင် အောင်လ၏ ညာဖြောင့် လက်သီးချက်က ဟာဆီဂါဝါ၏ မျက်နှာကို တည့်တည့် ထိမှန်ပြီး ဖင်ထိုင် လဲကျခဲ့သော်လည်း ဟာဆီဂါဝါ တယောက် အမြန်ဆုံး ပြန်ထနိုင်ခဲ့သည့် အတွက် အောင်လအန်ဆန်း
ပွဲသိမ်းဖို့ အခွင့်မသာခဲ့။

လူချင်းခွာ၍ လက်သီးချင်း ယှဉ်ထိုးသည့် အနေအထား အလုပ် မဖြစ်မှန်း သဘောပေါက်သွားသည့် ဟာဆီဂါဝါမှာ ၄ မိနစ် ၁၅ စက္ကန့်တွင် အောင်လကို လူချင်းလုံး၍ ချုပ်ကိုင်ဖို့ ကြိုးစားခဲ့သည်။

သို့သော် ဂျူဂျစ်ဆု ပညာ ကျွမ်းကျင်သည့် အောင်လ က ဟာဆီဂါဝါ၏ ချုပ်နှောင်မှုကို ဖြည်ထုတ်ကာ ရုန်းထွက်နိုင်ခဲ့သည်။

ပထမအချီ ထိုးသတ်ပြီးချိန်တွင် ထင်ရှားသည့် အချက်ကတော့ ဟာဆီဂါဝါနှင့် ဒုတိယ အကြိမ် ထိုးသတ်ဖို့ အတွက်ဘယ်သန် ဖိုက်တာ လေ့ကျင့်ဘက်များနှင့် လေ့ကျင့်မှု များစွာ ပြုလုပ်ခဲ့သည့် အောင်လအန်ဆန်း၏ ကစားပွဲ ဗျူဟာ -Game Plan ရေးဆွဲ လုပ်ဆောင်မှု မှန်ကန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအကျိုးဆက် အရ ဟာဆီဂါဝါ၏ လက်သီးချက်၊ ခြေကန်ချက်နှင့် ချုပ်နှောင်မှုများကို အောင်လ အန်ဆန်း စနစ်တကျ ကာကွယ်နိုင်ခဲ့ သလို အသာစီး အနေအထားဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။

ဒုတိယ အချီမှာတော့ ဟာဆီဂါဝါက ဘယ်ညာ လက်သီးတွဲလုံးများဖြင့် ပြန်လည် ထိုးနှက်ခဲ့သည့် အတွက် ပွဲကကြည့်ကောင်းခဲ့သည်။ အထူးသဖြင့် ဟာဆီဂါဝါက ညာထောက် လက်သီးကို အယောင်ပြ၍ သူအားသန်သည့် ဘယ်ဝိုက် လက်သီးဖြင့် အောင်လကို ဖြိုလှဲဖို့ ကြိုးစားသည်။

သို့သော် အောင်လက အကွက်ကျကျ ရှောင်တိမ်း နေသည့်အတွက် ထိရောက်ခြင်း မရှိခဲ့ပေ။ ဟာဆီဂါဝါ၏ ထိုးနှက်ချက် များကို အတက်အဆင်း မှန်မှန်ဖြင့် ရှောင်တိမ်းရင်း ဘယ်ညာ လက်သီးတွဲလုံးများ၊ ခြေကန်ချက်များဖြင့် ထိန်းကစားရင်း ပွဲသိမ်း ထိုးနှက်ဖို့ အောင်လ အကွက်ရှာနေခဲ့သည်။

ဒုတိယချီ ၃ မိနစ်နှင့် ၅၀ စက္ကန့်တွင် ဟာဆီဂါဝါက အောင်လကို ထပ်မံ ချုပ်နှောင်ခဲ့သော်လည်း အောင်လ ရုန်းထွက်နိုင်ခဲ့သည်။ ဒုတိယ အချီ ပွဲချိန် ၄ မိနစ်နှင့် ၃၄ စက္ကန့်မှာတော့ အောင်လ စောင့်ဆိုင်းနေသည့် အချိန်အခါ ရောက်လာခဲ့ သည်။

ဟာဆီဂါဝါ မောပန်းစ ပြုလာ၍ အာရုံ စူးစိုက်မှု အနည်းငယ် လျော့သွားသည့် အနေအထားတွင် အောင်လက လျှင်မြန် ပြင်းထန်သည့် ပါဝါ လက်သီးချက် ပစ်သွင်းခဲ့ရာ ဟာဆီဂါဝါ၏ မျက်နှာတည့် တည့်ကို ထိမှန်ခဲ့သည်။

ပါဝါလက်သီးချက်ကြောင့် ပက်လက်လန် လဲကျသွားသည့် ဟာဆီဂါဝါ တယောက် ကုန်းထရန် ကြိုးပမ်းနေသည့် အခြေ အနေတွင် အပေါ်စီးမှ ချုပ်ကိုင်၍ တရစပ် ထိုးနှက်ကာ ပွဲသိမ်း တိုက်ကွက် ဖြင့် ပြိုင်ပွဲကို အောင်လအန်ဆန်း အဆုံးသတ် ခဲ့ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ၃ ကြိမ် မြောက် ကာကွယ်သွားနိုင်ခဲ့သည်။

A New Era ပြိုင်ပွဲကျင်းပသည့် တိုကျိုမြို့ရှိ အားကစားခန်းမ အတွင်း၌ ပွဲစကတည်းက အောင်လ အန်ဆန်းကိုအားပေး ကြွေးကြော်သံများ ညံနေခဲ့ပြီး ဟာဆီဂါဝါကို ပွဲသိမ်းလိုက်ချိန်မှာတော့ ဂျပန် ရောက် မြန်မာနိုင်ငံသားတို့၏“အောင်လ” “အောင်လ”ဟူသည့် ကြွေးကြော်သံများက ခန်းမ တခုလုံး ဖုံးလွှမ်းသွားလေသည်။

“မြန်မာ ပရိတ်သတ်များ အထူးပဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့ အတွက် ကျနော် အမြဲတမ်း ဆုတောင်း နေပါတယ်။ ကျနော်တို့ အတူတကွ လုပ်ဆောင်မယ် ဆိုရင် ဘယ်အရာမဆို ကျနော်တို့ လုပ်နိုင်ပါတယ်။ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။ အားလုံးကို ချစ်တယ်လို့ ပြောချင်ပါတယ်”ဟု မြန်မာ့ ဂုဏ်ဆောင် ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်းက ပွဲအပြီး အင်တာဗျူးတွင် ပြောသွားသည်။

စိန်ခေါ်သူ ဟာဆီဂါဝါ အတွက်တော့ ဝမ်း ချန်ပီယံရှစ်နှင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ် ဆိုကာ အောင်လအန်ဆန်း၏မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လုယူရန် နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပြီး နောက် လက်ရှိ အချိန်တွင် သူ၏ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ရေး အိပ်မက်မှာ မဖြစ်နိုင်သေးကြောင်း ထင်ရှားသွားခဲ့သည်။

အောင်လ အတွက်တော့ ယမန်နေ့ နိုင်ပွဲက သူ၏ MMA ကစားသမား ဘဝ တလျှောက်၂၅ ပွဲမြောက် နိုင်ပွဲဖြစ်ပြီး ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ နောက်ပိုင်း ထိုးသတ်ခဲ့သည့် ပွဲစဉ် ၆ ပွဲ ဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ နေရာမရွေး အနိုင်ယူနိုင်စွမ်း ရှိသည့် “နယ်မရှောင်သည့် မြန်မာနိုင်ငံ၏ ကြယ်ပြောင် ဖိုက်တာ” ဖြစ်ကြောင်း ဂျပန်နိုင်ငံတွင် သက်သေ ပြနိုင်ခဲ့သည့် ပွဲစဉ်လည်း ဖြစ်ခဲ့သည်။

တိုကျိုမြို့တွင် A New Era ပြိုင်ပွဲတွင် အောင်လအန်ဆန်းက ဂျပန်ဖိုက်တာ ဟာဆီဂါဝါကို အလဲထိုး အနိုင်ယူကာ ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်ပြီးချိန်တွင် ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာက ကြိုး ဝိုင်း အတွင်းသို့ ဝင်ရောက်ကာ အောင်လအန်ဆန်း ရရှိထားသည့် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ် အတွက် ထိုးသတ်လို ကြောင်း စိန်ခေါ်ခဲ့သည်။

နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လ အဖို့တော့ မိမိ ပိုင်ဆိုင်ထားသည့် ချန်ပီယံဘွဲ့ကို စိန်ခေါ်သူရှိလာလျှင် ကာကွယ်ထိုးသတ်ရမည့် တာဝန်ရှိသည့် အလျှောက် ဟဲဗီး ဝိတ်ဖိုက်တာ ဘရန်ဒန် ဗီရာနှင့် လာမည့် အောက်တိုဘာလတွင်ဂျပန်နိုင်ငံ၌ ထိုးသတ်သွားရန် လက်ခံခဲ့သည်။

ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာက “မစ္စတာ အောင်လရဲ့ဒီကနေ့ ည နိုင်ပွဲ အတွက် ဂုဏ်ပြုပါတယ်။ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်နဲ့ ပတ်သတ်ပြီး လာမယ့် အောက်တိုဘာမှာ ဒီဂျပန် နိုင်ငံမှာပဲ ထိုးသတ်ဖို့ ခင်ဗျားကို ကျနော် စိန်ခေါ်ချင်ပါ တယ်”ဟု ကြိုးဝိုင်း အတွင်း ပြောဆိုသည်။

ချန်ပီယံ အောင်လအန်ဆန်းနှင့် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာ(One Championship Facebook)

အောင်လအန်ဆန်းမှာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရခဲ့သည့်အတွက် မြန်မာ နိုင်ငံ ကိုယ်စားပြု ပထမဆုံးသော MMA ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ထို့နောက် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ် အတွက် ဘရာဇီး ဖိုက်တာ မာချာဒိုနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထိုးသတ်ခဲ့ရာ ပထမ အချီမှာပင် အနိုင်ရရှိသည့် အတွက် အောင်လအန်ဆန်းမှာ ဝမ်းချန်ပီယံရှစ်၏ လိုက် ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ခါးပတ် နှစ်ခုကို ပိုင်ဆိုင်သည့် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာခဲ့သည်။

ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်နှင့် ပတ်သက်၍ စိန်ခေါ်သူ ဂျပန် ဖိုက်တာ ဟာဆီဂါဝါနှင့် လက်ဘနွန်ဖိုက်တာ ကရာကီ တို့ကို ၂၀၁၈ ခုနှစ် အတွင်း အောင်လအန်ဆန်းက အလဲထိုး အနိုင်ယူခဲ့ သလို “A New Era” ပြိုင်ပွဲတွင် မကျေပွဲ အဖြစ် ပြန်လည် စိန်ခေါ်ခဲ့သူ ဟာဆီဂါဝါကို အလဲထိုးဖြင့် ထပ်မံ အနိုင်ယူကာ ကမ္ဘာ့မစ်ဒယ် ဝိတ်ချန်ပီယံဘွဲ့ကို ၃ ကြိမ် ကာကွယ်နိုင်ခဲ့သည်။

အောင်လအန်ဆန်း အနေဖြင့် ကမ္ဘာ့လိုက် ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်နှင့် ပတ်သက်ပြီး ချန်ပီယံ ဖြစ်ခဲ့သည့် နောက်ပိုင်း ကာကွယ် ထိုးသတ်မှု မရှိခဲ့ဘဲ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာနှင့်ပွဲမှာ ပထမဆုံးသော လိုက်ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ ကာကွယ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

အသက် ၄၁ နှစ် အရွယ် ရှိပြီဖြစ်သည့် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာမှာ ဖိလစ်ပိုင် နိုင်ငံ ကိုယ်စား ပြု ထိုးသတ်နေသည့် MMA ကစားသမား ဖြစ်ပြီး အောင်လအန်ဆန်း ကဲ့သို့ပင် ဖိလစ်ပိုင်နိုင်ငံ၏ တိုက်ခိုက်ရေး အားကစား လောကတွင် နာမည် ကျော်ကြား ထင်ရှားသူ ဖြစ်သည်။

၂၀၀၂ ခုနှစ် ကစတင်၍ MMA တိုက်ခိုက်ရေး အားကစား လောကသို့ ဝင်ရောက်လာခဲ့သူ ဘရန်ဒန် ဗီရာမှာ အစောပိုင်း တွင် ကိုယ်ခံပညာ ဘက်စုံသုံး တိုက်ခိုက်ရေး အားကစား အဖွဲ့ ဖြစ်သည့် WEC နှင့် ကမ္ဘာကျော် တိုက်ခိုက်ရေး အား ကစားပွဲများ စီစဉ် ကျင်းပနေသည့် UFC တို့တွင် ဝင်ရောက် ထိုးသတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စင်္ကာပူ နိုင်ငံ အခြေစိုက် ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့် လက်မှတ်ထိုးကာ အာရှ ဒေသရှိ တိုက်ခိုက်ရေး အားကစား လောကသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသည့် ONE ; Sprit of Champions ပြိုင်ပွဲတွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူပြီးနောက် ဖိလစ်ပိုင် နိုင်ငံကိုယ်စားပြု ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ဘရာဇီး ဂျူဂျစ်ဆု ခါးပတ်နက် အဆင့် ရှိသည့် ဘရန်ဒန်ဗီရာမှာ MMA ကစားသမား ဘဝတလျှောက် ၂၃ ပွဲထိုး၊ ၁၆ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

လျှင်မြန်သည့် လက်သီးချက်၊ ခြေကန်ချက်များဖြင့် ပြိုင်ဘက်များကို ဖြိုလှဲတတ်သည့် ဘရန်ဒန်ဗီရာ မှာ ၂၀၁၄ ခုနှစ်က စတင်၍ ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့် စာချုပ်ချုပ်ဆို ထိုးသတ်ခဲ့သည့် ပွဲစဉ် ၄ ပွဲစလုံး အလဲထိုးဖြင့် အနိုင်ယူထားသည့် ရှုံးပွဲ မရှိသော ဟဲဗီးဝိတ် ချန်ပီယံလည်း ဖြစ်သည

ဟဲဗီးဝိတ် ချန်ပီယံ၏ စိန်ခေါ်မှုကို အောင်လအန်ဆန်းက တွေဝေခြင်း မရှိဘဲ ချက်ခြင်းပင် လက်ခံခဲ့ပြီး One Championship အဖွဲ့၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ချက်တရီ၏ သဘော ထားကို မေးမြန်းခဲ့ရာ မစ္စတာ ချက်တရီက ပွဲစီစဉ် ပေးမည် ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည့် အတွက် အောင်လအန်ဆန်း အနေဖြင့်လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ် ကာကွယ်ရန် အတွက် ဘရန်ဒန် ဗီရာနှင့် ထိုးသတ်ရတော့မည် ဖြစ်သည်။

မြန်မာပြည်သူများ ကတော့ မည်သူနှင့် ထိုးသည်ဖြစ်စေ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား အဖြစ် ကြိုးစား ဆောင်ရွက် နေသည့် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းကို ချစ်ခြင်း မေတ္တာများစွာ ဖြင့် အခိုင်အမာ အားပေးနေကြမည်မှာ အသေအချာပင် ဖြစ်သည်။

The post မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း appeared first on ဧရာဝတီ.

အာရှသားကြီးတွေ မဲပေးချိန်

$
0
0

အာရှ၏ ၂၀၁၉ ရွေးကောက်ပွဲ ရာသီ စတင်ခဲ့ပြီ ဖြစ်သည်။ ၂ လအတွင်း အာရှတိုက်သား ၁.၂ ဘီလီယံတို့ မဲရုံဆီသို့ ဦးတည်ကြတော့မည်။ ထိုင်းနိုင်ငံ (မဲဆန္ဒရှင် ၅၂ သန်း) က မတ်လ ၂၄ ရက်နေ့တွင် စတင်၍ ထို့နောက်တွင် အိန္ဒိယ (မဲဆန္ဒရှင် သန်း ၉၀၀)၊ အင်ဒိုနီးရှား (မဲဆန္ဒရှင် ၁၉၃ သန်း) နှင့် ဖိလစ်ပိုင် (မဲဆန္ဒရှင် ၆၄သန်း) တို့လိုက်လာကြမည် ဖြစ်သည်။

မဲပေးမည့်သူ အလွန်များပါသည်။ သို့သော်လည်း ထုံးစံအတိုင်းပင် ဒေသအပြင်ဖက်မှ လူအနည်းငယ် (အထူးသဖြင့် ဥရောပတိုက်သားများနှင့် အမေရိကန်များ) ကသာ အာရုံစိုက်ကြမည့် အသွင်ရှိပါသည်။ ထိုသို့ဖြစ်ခြင်းက သူတို့ အတွက် နစ်နာပါသည်။ အရှေ့ဘက်တွင် ဖြစ်ပျက်သည်များက အနောက်တိုင်းတွင်လည်း ဆက်လက်၍ သက်ရောက် မှု ဖြစ်တတ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ရွေးကောက်ပွဲငလျင်၏ ဗဟိုချက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိန်နှင့် အမေရိကန် တလွှားသို့ (အဆိုပါ ငလျင်လှိုင်းများက) ဆက်လက် စီးဆင်းသွားခဲ့သည်။

၂၀၁၆ ခုနှစ် မေလတွင် မြို့ငယ်လေးတခု၏ မြို့တော်ဝန် ရိုဒရီဂို ဒူတာတေး Rodrigo Duterte က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခြင်းအားဖြင့် ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။ မာကျောခက်ထန်သည့် အပြောအဆိုနှင့် အွန်လိုင်းမှ လုပ်ကြံသတင်းများ အဆိပ်ပြင်းပြင်း ပေါင်းစပ်ခြင်းအားဖြင့် အာဏာရရှိလာခဲ့သော၊ အများယုံကြည်လက်ခံသော ထုံးစံများကို ခပ်ကြမ်းကြမ်း ပုတ်ခတ်ဝေဖန်ပြောဆိုတတ်သော ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံသားတိုင်း၏ စိတ်ကူး မျှော်လင့်ချက်များကို သိမ်းပိုက်ရန် မည်သည့်နေရာမှန်း မသိသည့်နေရာမှ ပေါ်ထွက်လာခဲ့သည်။

နောက် တလကြာသည့်အခါ ဗြိတိန် မဲဆန္ဒရှင်များက ဥရောပသမဂ္ဂ(EU) မှ ထွက်ခွာရန် မမျှော်လင့်ဘဲ ထောက်ခံခဲ့ကြ ခြင်းအားဖြင့် မြို့ပြမှ နိုင်ငံရေး ခန့်မှန်းတွက်ချက်ဟောကိန်းထုတ်သူများနှင့် လူထုသဘောထား ကောက်ခံသူများကို အကျဉ်းအကျပ်ထဲသို့ တွန်းပို့ခဲ့ကြသည်။ ထို့နောက် နိုဝင်ဘာလတွင် ကျနော်တို့ အားလုံး သိကြပြီး ဖြစ်သည့်အတိုင်း နောက်ပိုင်းတွင် ရုပ်သံစတားတဦး ဖြစ်လာခဲ့သော နယူးယောက်မြို့မှ သံသယဖြစ်ဖွယ်ရာ အိမ်ခြံမြေလုပ်ငန်းရှင် တဦးဖြစ်သလို လူဖြူကြီးစိုးရေးဝါဒ ထောက်ခံသည့် အသွင်အပြင်နှင့် အနားကွပ်ထားသည့် ဒေါ်နယ်ထရမ့်က လူများစုမဲကို ဆုံးရှုံးခဲ့သည့်တိုင် အိမ်ဖြူတော်သို့ ရောက်လာခဲ့သည်။

ပထဝီနိုင်ငံရေးနှင့် စတင်ကြပါစို့။

အဆိုပါ ရွေးကောက်ပွဲများကို တရုတ်နိုင်ငံက အလွန်နီးကပ်စွာ စောင့်ကြည့်နေပါလိမ့်မည်။ ပြီးခဲ့သည့် နှစ်က မလေးရှား နိုင်ငံတွင် မမျှော်လင့်ဘဲ ဒေါက်တာ မဟာသီယာ မိုဟာမက် အနိုင်ရရှိခဲ့ခြင်းနှင့် အတူ အဓိကကျသော သံတမန်ရေး ဆုံးရှုံးမှုတခု ကြုံတွေ့ခဲ့ရခြင်းနှင့် အတူ တရုတ်နိုင်ငံက အလားတူ အဖြစ်မျိုးကို ထပ်မံ မြင်တွေ့ချင်လိမ့်မည် မဟုတ်ပါ။

ယခင်သမ္မတ ဘီနစ်နို အကွီနို Benigno Aquino ၏ တရုတ်ဆန့်ကျင်ရေး သဘောထားနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဒူတာတေး လက်အောက်မှ ဖိလစ်ပိုင်နိုင်ငံက တရုတ်လိုလားသည့်နိုင်ငံတခု ထင်ထင်ရှားရှား ဖြစ်နေခဲ့၏။ ဖိလစ်ပိုင်နိုင်ငံမှ သက်တမ်းဝက်ရွေးကောက်ပွဲများက ဒူတာတေး၏ လူကြိုက်များမှုနှင့် မူဝါဒများအတွက် အရေးပါသော စမ်းသပ်ချက်တခု ဖြစ်လာပါလိမ့်မည်။

အကယ်၍ သူ၏ အထက်လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခြင်းခံခဲ့ရလျှင် ဒူတာတေးက တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများမှ စီးပွားရေး အကျိုးအမြတ်အနည်းငယ်ကို ရယူရင်း တောင်တရုတ်ပင်လယ်တွင် တရုတ်စစ် ရေးတိုးချဲ့မှုကို ဆက်လက် ဥပေက္ခာပြုသွားလိမ့်မည် ဖြစ်သည်။

ထိုင်းနိုင်ငံက တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုဟု မည်သည့် အချိန်တွင်မျှ မမြင်ခဲ့ပါ။ သို့သော်လည်း လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာ Prayuth Chan-o-Cha က (အခြားသော အာရှ စစ်ဗိုလ်ချုပ်ကြီး အများစုကဲ့သို့ပင်) တရုတ် လိုလားသူ ဖြစ်သည်။ အကယ်၍ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရသော ထိုင်းခေါင်းဆောင် တက်လာလျှင်မူ ပိုမို၍ ခြားနားကွဲပြားသော အမြင်များရှိနေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ တရုတ်ခရီးသည်များက ကမ္ဘာ့လှည့် ခရီးသည်များ အကြီးအကျယ် ဝင်ရောက်လာမှုတွင် အဓိက အားဖြည့်ပေးနေကြသည်။ ဗိုလ်ချုပ်ကြီးသာ ဝန်ကြီးချုပ် ပြန်ဖြစ်လျှင် ဆက်ဆံရေးများကို ပြန်လည်ပြင်ဆင်ရန် စက်ဆုပ်လိမ့်မည် ဖြစ်သည်။

(၂ နိုင်ငံလုံးက G20 အဖွဲ့ဝင်များ ဖြစ်သည့်) အိန္ဒိယနှင့် အင်ဒိုနီးရှားတို့က တရုတ်အစိုးရ၏ ပထဝီနိုင်ငံရေး ရည်မှန်းချက်များအပေါ် စိုးရိမ်နေကြသော်လည်း တရုတ်နိုင်ငံမှ ပိုက်ဆံအတွက် အလွန်စိတ်အားထက်သန်နေကြ သည်။ အထူးသဖြင့် ကုန်ကျစရိတ်ကြီးသော ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် အခြေခံ အဆောက်အဦး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြစ်သည်။ ဂျိုကိုဝီဒိုဒို Joko Widodo သို့မဟုတ် နေရိန်ဒြာ မိုဒီ Narendra Modi ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခြင်း သို့မဟုတ် အင်အား နည်းပါးသွားခြင်းက မူဝါဒများကို အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။

သို့သော်လည်း BJP ပါတီမှ သူ၏ လုပ်ဖော်ကိုင်ဖက်များက နိုင်ငံ၏ အစောင့်အဖြစ် အမည်ပေးထားသည့် နေရိန်ဒြာ မိုဒီမှာ လတ်တလောတွင် (အကြမ်းဖက်အဖွဲ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသော) Jaish-e-Muhammad အဖွဲ့၏ ပါကစ္စတန် အခြေစိုက် ခေါင်းဆောင် အက်ဇာမာဆွတ် Azhar Masood ကို အရေးယူပိတ်ဆို့ရန် တရုတ်နိုင်ငံက ငြင်းဆန်ခဲ့ခြင်းနှင့် ၎င်းက ပြီးခဲ့သည့် လက အိန္ဒိယ တပ်သား ၄၀ သေဆုံးခဲ့ရသည့် ပူလ်ဝါမာ ဗုံးခွဲမှုတွင် နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့သည်ဟု ယူဆခြင်းတို့ကြောင့် ဆိုးဆိုးရွားရွား ဒေါသထွက် အရှက်ရနေခဲ့သည်။

နိုင်ငံရေး အပြောင်းအလဲများက ဟွာဝေး Huawei က စီစဉ်ထားသည့် 5G စနစ်ကို ကမ္ဘာသို့ ထုတ်ပြရေး၌ ပြဿနာ ဖြစ်စေနိုင်ကြောင်းလည်း တွေ့ရှိခဲ့ရသည်။ တရုတ်၏ ရည်ရွယ်ချက်များအပေါ် အိန္ဒိယ၏ မယုံကြည်မှု (သူတို့က နယ်စပ် နယ်မြေတခုအတွက် အပြင်းအထန် အငြင်းပွားနေသည်) က Qualcomm (အမေရိကန် အခြေစိုက် ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ) ၏ ပို၍ ဈေးကြီးသော ကမ်းလှမ်းမှုကို ကောင်းကောင်း အရှိန်မြှင့်ပေးနိုင်ပါသည်။ အကြီးဆုံးနှင့် အလျှင်မြန်ဆုံး ဖွံ့ဖြိုးနေသည့် ဆက်သွယ်ရေးဈေးကွက်တခုမှ ပိတ်ပင်ခံထားရခြင်းက ခါးသီးသော ထိုးနှက်မှုတခု ဖြစ်ပါလိမ့်မည်။ အာဆီယံ အစိုးရများက စိုးရိမ်မှုနည်းသည့် အသွင်ရှိသော်လည်း နိုင်ငံရေးနှင့် အမေရိကန်၏ လော်ဘီလုပ်မှုများက ဟွာဝေး၏ အစီအစဉ်ကို ပျက်စီးစေနိုင်ပါသည်။

စီးပွားရေးနှင့် ပတ်သက်၍ ဆက်ကြည့်မည်ဆိုလျှင် ၄ နိုင်ငံ (ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား) တို့က ဥရောပ ပို့ကုန်လုပ်ငန်းရှင်များ စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်မည့် တိုးတက်မှုအဆင့်အတန်းများ( တနှစ်လျှင် GDP တိုးနှုန်း ၄ ရာခိုင်နှုန်း အထက်) တွင် ရှိနေကြသည်။ တချိန်တည်းမှာပင် ဈေးကွက်လိုချင်သည့် ရေနံတင်သွင်းသူများ အနေဖြင့်ဆိုပါက ၄ နိုင်ငံလုံးက အရှေ့အလယ်ပိုင်းမှ ထုတ်လုပ်သူများ၏ မြင်ကွင်းထဲတွင် အခိုင်အမာ ရှိနေကြသည်။ ဈေးကွက်ရရှိမှု သေချာစေရေးနှင့် ထိန်းသိမ်းထားရေးတို့အတွက် ဆော်ဒီအာရေးဗီးယားက ပြင်းပြင်းထန်ထန် ကြိုးစားနေသည်။

အင်ဒိုနီးရှား လေကြောင်း အာဏာပိုင်များက သူတို့၏ ဘိုးအင်း 737 Max 8 လေယာဉ်များကို ပျံသန်းခြင်းမှ တားမြစ် ခြင်းအားဖြင့် ကမ္ဘာသို့ပျံ့သွားသည့် လှိုင်းတခုကို မည်သို့ စတင်ခဲ့သည် ဆိုသည်ကလည်း မေ့မထားသင့်သော ကိစ္စ ဖြစ်ပါသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ အမေရိကန်တာဝန်ရှိသူများသည်လည်း ထိုလမ်းကြောင်းသို့ လိုက်ရန် ဖြစ်လာခဲ့ ရသည်။ အမေရိကန် ကော်ပိုရေးရှင်းများနှင့် အဖွဲ့အစည်းများအပေါ် မယုံကြည်မှုများ တိုးလာနေခြင်းကို ပေါ်ထွက်စေ ခဲ့သည်။ အာရှနိုင်ငံကြီးများက Google၊ Facebook၊ Amazon နှင့် Netflix တို့၏ သြဇာလွှမ်းမိုးမှု နှင့် အမြတ်အစွန်းကို ကန့်သတ်ခြင်းနှင့် ဖြေရှင်းခြင်းများ ပြုလုပ်နိုင်သဖြင့် အဆိုပါ လမ်းကြောင်းကို ထပ်တူပုံစံအတိုင်း ကောင်းကောင်းပြု လုပ်နိုင်ပါလိမ့်မည်။

စီးပွားရေး အရဆိုလျှင် အိန္ဒိယက ဆုလာဘ်ဖြစ်သည်။ (ဝယ်ယူနိုင်မှု စွမ်းအားအရ) ကမ္ဘာတတိယ အကြီးဆုံး စီးပွားရေးတခု ဖြစ်ခြင်း၊ တိုးတက်မှုနှုန်းက ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအတွင်း ရှိခြင်းနှင့် ရည်မှန်းချက်ကြီးသော ဝန်ကြီးချုပ်တယောက် ရှိနေခြင်းတို့ကြောင့် အိန္ဒိ်ယ တိုက်ငယ်သည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုတွင် အာရှ၏ ဒုတိယ မြောက် အင်ဂျင်တလုံးနှင့် တရုတ်နိုင်ငံကို တန်ပြန်ချိန်ညှိနိုင်သူ ဖြစ်လာလိမ့်မည်ဟု အများက မျှော်လင့်နေကြသည်။ လက်ရှိ အချိန်တွင် အိန္ဒိယက အင်ဒိုနီးရှားနိုင်ငံမှ ဆီအုန်းနှင့် ကျောက်မီးသွေး ၂ မျိုးလုံးကို အများဆုံး ဝယ်ယူသူနေ ရာကို တရုတ်နိုင်ငံထံမှ အစားထိုးရယူလိုက်ပြီ ဖြစ်သည်။

နိုင်ငံရေး ဘက်သို့ ပြန်သွားကြပါစို့။

အဆိုပါ ရွေးကောက်ပွဲ ရလဒ်များက ကမ္ဘာ့လမ်းကြောင်းများကို ညွှန်ပြနိုင်ပါသလား။ ဖိလစ်ပိုင်နှင့် အိန္ဒိယတို့က ဆော့ဖ်ဝဲ၊ သတင်းအချက်အလက်နည်းပညာနှင့် Outsourcing ပြင်ပ အရင်းအမြစ် ပြုလုပ်သည့် စီးပွားရေးများအတွက် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ဝန်ဆောင်မှုပေးနေသူများ ဖြစ်ကြသည်။ ဘီလီယံနှင့် ချီသော ဝင်ငွေများ ရရှိနေသည်။ သို့သော်လည်း မနီလာ၊ ဘန်ဂလောနှင့် ဟိုက်ဒရာဘတ်မှ လုပ်သားအမြောက်အမြား၏ လုပ်အားကို အသုံးပြုနေရသော ၂၁ ရာစု၏ ကြီးမားသော ချွေးထုတ်စက်ရုံကြီးအပေါ် အွန်လိုင်းယဉ်ကျေးမှု စစ်ပွဲများက နိုင်လိမ့်မည် သို့မဟုတ် ရှုံးလိမ့်မည် ဆိုသည်ကို ကျနော် သင်္ကာမကင်း ဖြစ်မိပါသည်။

၃ နှစ်ကြာခဲ့သည့် ယခုချိန်အထိတိုင် မေးရန် ထိုက်တန်ပါသေးသည်။ ချိန်သီးက ဒူတာတေး၏ ရက်စက်မှုများမှ ဖယ်ခွာ တော့မည့် အချိန်ဖြစ်နိုင်ပါသလား။ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းများသို့ ကျနော်တို့ ပြန်သွားခြင်း ဖြစ်နိုင်ပါသလား။ သို့မဟုတ် အမေရိကန်တွင် ဒီမိုကရက်များ ပြန်လည် အာဏာရလာမည်လား။ AOC ဟု သိကြသော အလွန် တက်ကြွသည့် Alexandria Ocasio-Cortez (အမေရိကန် အောက်လွှတ်တော် သမိုင်းတွင် အသက်အငယ်ဆုံးသော အမျိုးသမီးကိုယ်စားလှယ်) ရွေးချယ်ခံရခြင်းက ထင်ယောင်ထင်မှား မြင်တွေ့ရခြင်း တခုမျှသာလား။

သင်္ကေတများက မျှော်လင့်ချင်စရာ မဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင် BJP နှင့် မိုဒီကို အားပေးထောက်ခံသူများထက် အနည်းငယ်မျှသာ ပိုသာသည့် အခြေအနေသို့ ရောက်လာသော ပင်မမီဒီယာကို သတင်းအတုအယောင် အများစုက ဖုံးအုပ်ထားသည်။ အကြမ်းဖက်တိုက်ခိုက်မှုတခု နှင့် ပါကစ္စတန်နှင့် တင်းမာမှုများမြင့် တက်လာခြင်းက ဒေါသ ဖြစ်စရာများကို ထပ်တိုးစေခဲ့သည်။ ယခုအခါ ကိုယ့်ပတ်သက်ရာ အသိုင်းအဝိုင်းကိုသာ အခြေခံသည့် ဝါဒနှင့် လှည့်ကွက်များဖြင့် ပြည့်နေသော ပတ်ဝန်းကျင်တခုတွင် ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့် နေရူး အတွေးအခေါ်များ ပြန်လည်လွှမ်းမိုး လာပါတော့မည်လား စဉ်းစားစရာပင်။

သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ နိဂုံးပိုင်းသို့ ရောက်နေသည့် အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ်က တရုတ်လူမျိုး ခရစ်ယန်ဘာသာဝင် ဂျကာတာ မြို့တော်ဝန်ကို ဘာသာရေး စော်ကား ပြောဆိုမှု စွပ်စွဲချက်များဖြင့် လှုံ့ဆော် ဖယ်ရှားခဲ့ရသည့် အမှတ်ရစရာများက ယခုအခါ အင်ဒိုနီးရှား၏ လူမှု အသိုင်းအဝိုင်းကို ပြင်းထန်သော သတိပေး ချက်တခု အနေဖြင့် ဆိုရှယ် မီဒီယာပေါ်တွင် ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် အာရှမှ မဲဆန္ဒရှင် ၁.၂ ဘီလီယံတို့ မဲရုံများသို့ သွားကြသည့် အချိန်တွင် မည်မျှအထိ အရေးကြီးသည်ဆို သည်ကို စိတ်ထဲတွင် စွဲမှတ်ထားသင့်ပါသည်။ ကမ္ဘာကလည်း အလေးထားဖို့ လိုပါသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post အာရှသားကြီးတွေ မဲပေးချိန် appeared first on ဧရာဝတီ.


ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ

$
0
0

ဘရူနိုင်းနိုင်ငံတွင် ကြီးပြင်းခဲ့ရသည့် လိင်ပြောင်း အမျိုးသမီးတဦးအနေဖြင့် ဇိုးသည် ကလေးဘ၀ အရွယ် ကတည်းက နိုင်ငံ၏ ရှေးရိုးစွဲဝါဒအပေါ် ဦးတည်ကြောင်း ရှုမြင်ခဲ့သည်။ ထို့ကြောင့် ယခုသီတင်းပတ်တွင် တင်းကြပ်သော အစ္စလာမ္မစ်ဥပဒေသစ်ဖြင့် စတင်မိတ်ဆက်လာမည့် အစီအစဉ်ကို မအံ့သြမိတော့ပေ။

အသက် ၁၉ အရွယ်ရှိ ၎င်းသည် မွေးဖွားစဉ်က ယောက်ျားလေး ဖြစ်သော်လည်း ငယ်စဉ်ကပင် မိန်းကလေး ဟုသာ သတ်မှတ်ခဲ့ပြီး ယမန်နှစ်အကုန်ပိုင်းက သူ့တိုင်းပြည်မှ ထွက်ပြေးလာပြီးနောက် ယခုအခါ ကနေဒါ နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခြင်းရလဒ်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။

“ရှရီးယားဥပဒေ မတိုင်ခင်ကတောင်မှ LGBT+ တွေဟာ အရပ်ဖက်ဥပဒေနဲ့ တရားစွဲ ခံရနိုင်ပါတယ်” ဟု ဇိုးက သော်မဆင် ရိုက်တာဖောင်ဒေးရှင်းသို့ ပြောသည်။ သူ၏ လုံခြုံရေးအတွက် နာမည်တလုံးတည်းကိုသာ အစွဲပြု သုံးနှုန်းထားသည်။

“ဘရူနိုင်း နိုင်ငံမှာ ကျမဘဝနဲ့ကျမ လွတ်လွတ်လပ်လပ် နေထိုင်မှုကို အမြဲခြောက်လှန့် ခံနေရခဲ့ပါတယ်။ အခု တထိတ်ထိတ်တလန့်လန့် ရှိနေတုန်းပဲ။ ကျမ ရှင်သန်ရပ်တည်ဖို့ အခြေအနေတွေက တွန်းပို့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖော်ပြရမလဲ ဆိုတာ အခုထိ တွေးနေမိတုန်းပါပဲ” ဟု သူက ပြောသည်။

လူဦးရေ ၄ သိန်းဝန်းကျင်ရှိပြီး ယခင်က ဗြိတိသျှ အစောင့်အရှောက်ခံ ဖြစ်ခဲ့ဖူးသော ဘရူနိုင်းနိုင်ငံတွင် ရှရီးယား ဥပဒေများကို ဧပြီလ ၃ ရက်က စတင် အကောင်အထည်ဖော်ခဲ့ရာ လိင်တူဆက်ဆံချင်း၊ အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနှင့် မုဒိမ်းမှုများအတွက် သေဒဏ်အပြစ်ပေးမည် ဖြစ်သည်။

၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းရမည့် အစိတ်အပိုင်းများကို စတင်ရေးဆွဲခဲ့သော ယင်းဥပဒေအများအရ LGBT+ (အမျိုးသမီးချင်း လိင်တူချစ်သူ၊ အမျိုးသားချင်း လိင်တူချစ်သူ၊ လိင်တူလိင်ကွဲနှစ်မျိုးစလုံး စိတ်ဝင်စားသူ၊ လိင်ပြောင်းလဲထားသူနှင့် ဆက်စပ် အသိုင်းအဝိုင်း) များကို လိင်တူဆက်ဆံမှုဖြင့် ကြာပွတ်ရိုက်ခြင်း (သို့မဟုတ်) ကျောက်ခဲဖြင့်ပစ်ခြင်း တို့ဖြင့် သေဒဏ် စီရင်ခံရမည် ဖြစ်သည်။ ယင်းဥပဒေ၏ အချို့ ရှုထောင့်များမှာ မွတ်စလင် မဟုတ်သူများအတွက်လည်း ကျင့်သုံးသွားရန် ရေးဆွဲထားသည်။

“ဒါတွေ ဖြစ်ပျက်နေပြီ ဆိုတာ ကျမသိပါတယ်” ဟု ဇိုးက ပြောသည်။ ၎င်းသည် တနေ့တချိန်တွင် ဟော်မုန်း ကုထုံးခံယူရန် မျှော်လင့်ထားပြီး တခါတရံသာ သုံးစွဲခွင့်ရသော ၎င်းအမည်ကို စနစ်တကျ ပြောင်းလဲပစ် လိုသည်။

“ကျမတို့ ရေနံသယံဇာတတွေ နည်းလာနေပါပြီ။ စူလတန်ဘုရင်က စီးပွားရေးကို ထိန်းဖို့ နည်းလမ်းတခု လိုတယ်။ အဲဒီအတွက် အခွန်တွေ အတင်းကောက်တယ်။ နှုန်းထားမြင့်တဲ့ ထောက်ပံ့မှုတွေကို လျှော့ချ ပစ်တယ်”

ဘရူနိုင်း ဝန်ကြီးချုပ်ရုံး ထံသို့ ဧပြီလ ၁ ရက်က အီးမေးလ်ဖြင့် သဘောထား မှတ်ချက် တောင်းခံသော်လည်း တုံ့ပြန်ခြင်းမရှိပေ။

ဘရူနိုင်း အစိုးရသည် ရွေးကောက်ပွဲ ကျင်းပပေးခြင်း မရှိသကဲ့သို့ အခွန်ကင်းလွတ်ခွင့်၊ အိမ်ရာချထားပေးမှု၊ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးမှုနှင့် ပညာရေးအပါအဝင် အစိုးရ၏ ရက်ရောသော မူဝါဒများ ချမှတ် ထားခြင်းဖြင့် မည်သည့် မကျေနပ်ချက်ကိုမဆို လျော့ကျစေရန် စီမံထားသည်။

ဘရူနိုင်းတွင် ကျန်ခဲ့သည့် သူ၏ LGBT+ သူငယ်ချင်းများအနေဖြင့် အန္တရာယ် အခြေအနေတရပ်နှင့် မကြာခင် ရင်ဆိုင်ရဖွယ်ရှိပြီး မရေရာသည့် အနာဂတ်နှင့် ရင်ဆိုင်ရမည့်အရေးအပေါ် ကောင်းစွာ သဘောမပေါက် ကြမည်ကို ဇိုးက စိုးရိမ်နေသည်။

“တကယ်လို့ ကျမ ဘရူနိုင်း ပြန်အပို့ခံရတယ်ဆိုရင် ကျမ ဘယ်သူဖြစ်တယ်၊ ဘာကို ယုံကြည် သက်ဝင်တယ် ဆိုတာ ဘရူနိုင်း အာဏာပိုင်တွေဆီ ဝန်ခံသွားမှာပါ” ဟု ၎င်းက ပြောသည်။

“တသက်လုံး မကျေမချမ်း ဖြစ်နေရမယ့်အတူတူ ကိုယ့်ဘဝအမှန် ကိုယ်ဖော်ပြပြီး သေလိုက်ချင်ပါတယ်။ ရှရီးယား ဥပဒေကို လိုလားတဲ့ မွတ်စလင်တွေလည်း သူတို့ကိုယ်တိုင်နဲ့ ဘုရားသခင်က စောင့်ရှောက်ပါစေလို့ ကျမ ဆုတောင်းပါတယ်။ တခြား ပြည်သူတွေအပေါ်မှာ အတင်းအဓမ္မ မလုပ်ပါစေနဲ့”

အာရှ၏ တုံဏှိဘာဝေ

အသက် ၇၂ နှစ် ရှိပြီဖြစ်သည့် စူလတန်ဟာဆာနယ် ဘော့ကိရှ်သည် ကမ္ဘာ့ဒုတိယ သက်တမ်းအရှည်ဆုံး အမျိုးသား ဘုရင်စနစ် ကျင့်သုံးနေဆဲဖြစ်ပြီး ရေနံ သယံဇာတကြွယ်ဝသော ဘရူနိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် တာဝန် ယူထားသည်။ ကမ္ဘာ့အချမ်းသာဆုံး သူများ စာရင်းတွင် သူကလည်း တနေရာရထားသည်။

ဥပဒေ သစ်များကို အသေးစိတ် ကြေညာပြီးကတည်းက ထင်ပေါ်ကျော်ကြား အနုပညာသမားများ ဖြစ်ကြသည့် မင်းသားဂျော့ကလိုနေးနှင့် ဂီတပညာရှင် အဲလ်တန်ဂျွန်တို့က ဘရူနိုင်း ရင်းနှီးမြှုပ်နှံ ဌာနအောက်ရှိ အစိုးရပိုင် ဟိုတယ်များကို သပိတ်မှောက်ကြရန် ဆော်သြခဲ့ကြသည်။

ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးတို့က ပြစ်မှုဆိုင်ရာ ဥပဒေများကို ပြင်ဆင် ပြောင်းလဲရန် ဘရူနိုင်း အစိုးရကို ဝိုင်းဝန်း တိုက်တွန်းခဲ့ကြသည်။

“ဘရူနိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ နှုန်းစံတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့အတွက် အင်မတန်မှ ဝမ်းနည်းဖို့ ကောင်းပါတယ်” ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သည့် ကြေညာချက် တစောင်တွင် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန်မီတာက ပြောကြား ထားသည်။

ဘရူနိုင်း စီမံကိန်း လူ့အခွင့်အရေး အုပ်စု တည်ထောင်သူ မစ္စတာမက်သရူးဝေါ့ဖ်က ယခုအခါကျမှ ဘရူနိုင်းအစိုးရ ပြန်ရုတ်သိမ်းဖို့ သိပ်မမြင်ကြောင်း၊ သို့သော် အာရှနိုင်ငံများထံမှ သံတမန်ဖိအားက ယင်းဥပဒေများ အတိုင်း အတိအလင်း အဓမ္မ မကျင့်သုံးစေရန် အထောက်အကူ ဖြစ်နိုင်းကြောင်း ဆိုသည်။

“အာရှအစိုးရတွေက ဒီကိစ္စ ဝိုင်းဝန်းပြီး ရဲရဲတင်းတင်းပြောပေးကြဖို့ ကျနော်တို့လိုလားပါတယ်။ အခု သူတို့က နှုတ်ဆိတ် နေကြတယ်ဗျ” ဟု သြစတြေးလျ အခြေစိုက် စည်းရုံး လှုပ်ရှားသူက ပြောသည်။

အာရှတခွင်တွင် လူမှုရေးအရ ရှေးရိုးစွဲ အယူအဆများ အမြစ်တွယ်နေဆဲ ဖြစ်ပြီး မြန်မာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတွင် အမျိုးသားချင်း လိင်ဆက်ဆံခြင်းကို တားမြစ်ထားသည်။ အလားတူ အင်ဒိုနီးရှားနိုင်ငံတွင် မကြာသေးမီ နှစ်များက LGBT+ များကို ပစ်မှတ်ထားသည့် ရှောင်တခင် စီးနင်းအရေးယူများ တိုးမြှင့် လုပ်ဆောင်နေကြောင်း တွေ့ရသည်။

သဘောထားမှတ်ချက် တောင်းခံခြင်းကို မတုံ့ပြန်ကြသော အာဆီယံ အသင်းဝင်နိုင်ငံတွင် တနိုင်ငံ၏ ပြည်တွင်းရေးကို အခြားတနိုင်ငံက ဝင်မစွက်ဖက်ရေး စည်းမျဉ်းစည်းကမ်း ရှိနေသည်။

“ဘယ် အာဆီယံနိုင်ငံကမှ ဒီဥပဒေနဲ့ ပတ်သက်လို့ တခုခု ထောက်ပြတာ၊ ထွက်ပြောတာ လုပ်လိမ့်မယ်လို့ ကျနော်မထင်ပါဘူး” ဟု မစ္စတာဝေါ့ဖ်က ဆိုသည်။

ကြမ်းတမ်းသည့် ဥပဒေများ

ဘော်နီယိုကျွန်းပေါ်တွင် မလေးရှားလူမျိုး အများစုနေထိုင်ရာ တိုင်းပြည်များနှင့် အိမ်နီးချင်းဖြစ်သည့် ဘရူနိုင်းသည် မလေးရှားနှင့် အင်ဒိုနီးရှားတို့ထက် အစ္စလာမ္မစ် သွန်သင်ချက်များမှာ ပိုမိုတင်းကြပ်လွန်းပြီး အရှေ့တောင်အာရှရှိ မွတ်စလင်အများစု နေထိုင်ရာ တိုင်းပြည်တပြည်လည်း ဖြစ်သည်။

ယခင်က လိင်တူဆက်ဆံခြင်းကို ဘရူနိုင်းတွင် တရားမဝင် သတ်မှတ်ခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးသည်။ တချိန်တည်းမှာပင် ယမကာ ရောင်းဝယ် ဖောက်ကားခြင်းကို တားမြစ်ထားပြီး အခြား ကိုးကွယ်ယုံကြည်ရာ ဘာသာများ၏ စည်းရုံး ဟောပြောခြင်းကိုလည်း ကန့်သတ်ထားသည်။

ဘရူနိုင်းနိုင်ငံအပေါ် ဖိအားပေးရန် ဒေသတွင်းရှိ တခြား မွတ်စလင်နိုင်ငံများကို မနီလာမြို့၊ OutRight Action International အဖွဲ့မှ စီမံကိန်းညှိနှိုင်းရေးမှူး မစ္စဂျင်ခရစ္စတိုဘယ်က တိုက်တွန်းသည်။

“တကယ့်တကယ်တော့ မွတ်စလင် အများစုမဟုတ်တဲ့ နိုင်ငံတွေက ဖိအားပေးမယ်ဆိုရင် ဘရူနိုင်းက အလျှော့ပေးမယ့် သဘောမရှိပါဘူး” ဟု မစ္စခရစ္စတိုဘယ်က ပြောသည်။

“အာရှက တခြားဒေသတွေမှာလည်း ဒါမျိုးရှိတာပဲလို့ ဘရူနိုင်းက ပြန်ပြောကောင်း ပြောနိုင်ပါတယ်။ အဲဒီအတွက် တခြား အာရှနိုင်ငံတွေက ဒီလိုကြမ်းတမ်းတဲ့ ဥပဒေတွေကို အပြစ်တင်တာမျိုးပဲ ကောင်းပါလိမ့်မယ်”

ထွက်သွားတာ ပိုကောင်းတယ်

မစ္စတာ ရှဟီရန်ရှရက်ဖ်ဖူဒင်ဘင်ရှာရန်နီသည် ဖေ့စ်ဘွတ်ပေါ်သို့ အစိုးရဝေဖန်ရေး ပြောဆို လွှင့်တင်မှုကြောင့် ပုန်ကန်မှုဖြင့် တရားစွဲခံရပြီးနောက် ဘရူနိုင်းနိုင်ငံမှ ထွက်ပြေးလာသူ လိင်တူချစ်သူ တဦးဖြစ်သည်။

ယခုအခါ ကနေဒါတွင် ခိုလှုံခွင့် ကြိုးပမ်းနေသူ အသက် ၄၀ ရှိ ၎င်းသည် ရှရီးယား ဥပဒေသစ်များကို အကောင်အထည် ဖော်နေခြင်းအပေါ် တခဏချင်း အံ့အားသင့်သွားခဲ့ရသည်။

“ဖြစ်တော့မယ်ဆိုတာ ကျနော်တွက်တော့ တွက်တယ်။ ဒီလောက် မြန်မယ်မထင်ဘူး။ ဘရူနိုင်းမှာ ကျနော်တို့လို လူတွေအတွက် ဒီကနေ ထွက်သွားတာက ပိုကောင်းမယ်ဆိုတာ အသိတရားရဖို့ အချိန်မီပါသေးတယ်” ဟု ၎င်းက ပြောသည်။

အလုပ်လက်မဲ့ များပြားလာခြင်းနှင့် ရာဇဝတ်မှုများကြောင့် ဘရူနိုင်းရှိ လူအတော်များများမှာ ရှရီးယားဥပဒေကို ကျောခိုင်း လိုကြကြောင်း သူက ပြောသည်။

ဘရူနိုင်းနိုင်ငံတွင် သေဒဏ် အပြစ်ပေးခြင်း မရှိသလောက်ဖြစ်ပြီး လိင်တူ ဆက်ဆံမှု ခိုင်လုံစေရန် သက်သေ အထောက်အထားမှာ မြင့်လွန်းကြောင်း သူက ထပ်လောင်း ပြောကြားသည်။

မည်သို့ပင်ဆိုစေ LGBT+ များကို ရုံးတင်စစ်ဆေးနိုင်မည့် အလားအလာကြောင့် ပထမဆုံး အစီရင် ခံရသူအတွက် ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်းကဲ့သို့ ကြောက်မက်ဖွယ် အန္တရာယ်ရှိနေကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။

အပြစ်မရှိကြောင်း ထင်ရှားလျှင်ပင် ၎င်းတို့ကျန်ရှိသည့် ဘဝရပ်တည်မှုအတွက် ကဲ့ရဲ့ခြင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မစ္စခရစ္စတိုဘယ်က ပြောသည်။

“LGBTIQ တွေကို ရာဇဝတ်မှု ကျူးလွန်သူတွေ၊ ချိုးဖောက်သူတွေအဖြစ် တခြားသူတွေက ရှုမြင်ဖို့အရေး ဥပဒေသစ်က ခွင့်ပြုလိုက်သလို ဖြစ်နေပါတယ်” ဟု ၎င်းက ထောက်ပြသည်။

အသက် ၁၉ နှစ်ရှိ ခိုင်းရဲလ်သည် ဘရူးနိုင်းတွင် နေထိုင်လျက်ရှိသည့် မွတ်စလင် လိင်တူချစ်သူတဦးဖြစ်ပြီး သူ့အနာဂတ်အတွက် စိုးရွံ့နေရပြီဖြစ်သည်။

“LGBTQ+ အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုရှိတဲ့ ဥပဒေသစ်တွေက ကျနော့်ကို ခြောက်လှန့်နေပါတယ်။ ဒီနိုင်ငံမှာ ကျနော့်ဘဝက ပိုပြီး ခက်ခဲ ရှုပ်ထွေးလာတော့မှာပါ ” ဟု ခိုင်းရဲလ်က ပြောသည်။

၎င်းအပေါ်ကျရောက်မည့် အန္တရာယ်ရှိ၍ အမည်နာမအတိအကျ ထုတ်ဖော်ခြင်းမပြုပါ။

“သေရမယ်ဆိုတဲ့ ကြောက်စိတ်က တကယ်ဖြစ်လာခဲ့ပါပြီ။ တချိန်တည်းမှာပဲ မိသားစုက လက်ခံမယ်ဆိုတဲ့ မျှော်လင့်ချက် ကလေးလည်း အခုတော့ အိပ်မက်ဖြစ်သွားပြီပေါ့” ဟု သူက ဆိုသည်။

( Reuters ၏ Fleeing LGBT Bruneians fear for community back home ahead of new Islamic laws ကို ဘာသာပြန်သည်။)

The post ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ appeared first on ဧရာဝတီ.

ချစ်သမျှကို ပတ်ပျိုးကို ဘယ်သူရေးသလဲ

$
0
0

မဟာဂီတ သီချင်းတပုဒ်ဖြစ်တဲ့ ကုန်းဘောင်ခေတ်က “ချစ်သမျှကို … ပတ်ပျိုး” ကို ဘယ်သူရေးသလဲ ဆိုတာ ကျနော့်ကို အတော် စိတ်ဝင်စားစေပါတယ်။ ဒီကိစ္စကို ဆရာ အဆူဆူက အကြိမ်ကြိမ် ဆွေးနွေးဖူးပြီးသား ဖြစ်မှာပါ။ တချို့ စာအုပ်၊ မှတ်တမ်းတွေမှာ အနောက်နန်းမတော် မမြလေးလို့ ဖော်ပြကြပေမယ့်၊ တချို့ မှတ်တမ်းတွေမှာတော့ ပဲ့နင်းဦးနေဦးလို့ ဝိဝါဒ ကွဲပြားစွာ ဖော်ပြထားတာကို ဖတ်ရှုရ ပြန်ပါတယ်။

ဒီသီချင်းဟာ မိန်းကလေးက သူ ချစ်သမျှ အကြောင်းကို ဖွင့်ဟ ထားတဲ့ပုံစံနဲ့ ရေးသား ထားတာတော့ သေချာပါတယ်။

“တခါသော် အနောက်နန်းမမြလေးအား ရွှေဘိုမင်းတရားကြီး အမျက်တော်ရှိသောကြောင့် ကျည်းတိုက်တွင် ချထားလေသည့်အခါ ‘ချစ်သမျှကို’ ပတ်ပျိုးကို ရေးသား တင်ဆက်စေသည်တွင်မှ အမျက်တော် ပြေပျောက်၍ အကျဉ်းမှ လွှတ်တော်မူဖူးသည်…” ဟု ၁၉၆၂ – ခုနှစ် စာပေဗိမ္မာန် စာပဒေသာ ပထမဆုရ … ‘စာဆိုတော်များအထ္ထုပ္ပတ္တိ’ စာအုပ်တွင် မဟာဝိဇ္ဇာ ရွှေတံဆိပ် ဆုရ မောင်သုတ (ဗိုလ်မှူးကြီး ဘသောင်း) က ရေးထားကို ဖတ်ရှုရပါတယ်….။ ခေတ် အဆက်ဆက်က မြန်မာ့ စာဆိုကျော် ၁၆၈ ဦး အကြောင်း ဖော်ပြထားတဲ့ အဲဒီစာအုပ်မှာ ပဲ့နင်းဦးနေဦး အကြောင်းတော့ သီးခြား မပါဝင်ပါဘူး။

၁၉၇၁ ခုနှစ်ထုတ် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဂီတသမိုင်း ပြုစုရေး ဌာနခွဲက ဆရာကြီးဦးဂုဏ်ဘဏ်နဲ့ ဦးအောင်သိန်း (နန်းညွန့်ဆွေ) တို့ ရေးသား ပြုစုတဲ့ “မြန်မာသီချင်းကြီး တဆယ့်ငါးပုဒ် အဖွင့်” မှာလည်း “ချစ်သမျှကို အစချီ သစ္စာတိုင် ပတ်ပျိုးသီချင်းကို သာယာဝတီမင်း၏ အနောက်နန်း မိဘုရား မမြကလေး ရေးသား ဖွဲ့ဆိုသည် ဟု ဖော်ပြပြီး ယင်းအဆိုကို သာယာဝတီမင်း၏ သားတော် ပုဂံမင်း လက်ထက်တွင် စာတော်ဖတ် အဖြစ် ထမ်းရွက်ရသော အပျိုတော်ခင်သဲက ပြောပြသည်ကို သူ၏မြေးဖြစ်သူ ဆရာတင့်က ရေးမှတ်ထား၍ ဖော်ပြရေးသားခဲ့သည်ဟု မြန်မာစာ ညွန့်ပေါင်းကျမ်း ဒုတိယတွဲတွင် အရေးပိုင်မင်း ဦးကျော်ထွန်းက ရေးသားခဲ့သည်။ ထို့ကြောင့်ပင် ထိုအဆိုကိုပင် အခိုင်အမာဟု ယူဆရ ပေတော့မည်။ ပဲ့နင်း ဦးနေဦးရေးသည်၊ ကွမ်းရေတော်ခေါင်း ရေးသည်ဟု အချို့စာအုပ်များတွင် ကွဲလွဲ ဖော်ပြချက်များ တွေ့ရသော်လည်း ခင်သဲ၏အဆိုကဲ့သို့ ခိုင်မာသည် မဟုတ်သဖြင့် ပယ်ရပေတော့မည်…” လို့ ဖော်ပြခဲ့တာလည်း ရှိပါတယ်။

တချို့ဆရာများက သာယာဝတီမင်း အမျက်တော်ရှချိန် ပဲ့နင်းဦးနေဦး ရေးသားတဲ့ ပတ်ပျိုး သီချင်းကို ဘုရင့်ရှေ့တော်မှောက်မှာ မမြလေးက ကိုယ်တိုင်သီဆို ဆက်သွင်းခဲ့ လေသလားလို့ တွေးတောယူဆ ပြောဆိုကြပါတယ်။ ဒီအဆိုက အတော် ထူးဆန်း ပါတယ်။ မမြလေး သီချင်းအဆိုကောင်း၊ အသံကောင်းတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပေမယ့်၊ အကျဉ်းကျခံနေရသူက ဘယ်လို ရှေ့တော်မှောက် လာရောက် သီဆို ဆက်သွင်းမလဲ။ ဖြစ်နိုင်ချေ အတော်နည်းသလို ယုတ္တိလည်း မတန်ပါ။

၁၉၇၂ ခုနှစ်ထုတ် ရွှေဖြူးသစ္စာလွင် ရေးတဲ့ “တေးဂီတ၏မျက်နှာစာ” စာအုပ်မှာလည်း မမြလေးရဲ့ အဖြစ်အပျက် အချိန်အခါ နည်းနည်းကွဲလွဲတာက လွဲပြီး “ချစ်သမျှကို” ကို မမြလေးရေးတယ်လို့ပဲ ဖော်ပြထား ပြန်ပါတယ်။

ဒါပေမယ့် အလင်္ကာကျော်စွာ ဂီတမိခင်ကြီး ဒေါ်စောမြအေးကြည်ကတော့ ချစ်သမျှကို အစချီ ပတ်ပျိုးကလေးကို ရွှေဘိုမင်း လက်ထက် မင်းဘူးမြို့ ပဲ့နင်းဦးနေဦးက ရေးတယ်ရယ်လို့ စာပေ ဗိမ္မာန်ထုတ် သူ့ရဲ့ “ဂီတနှင့် အက” စာအုပ်မှာ ဖော်ပြထားပြန်ပါတယ်။

ဒီးဒုတ်ဦးဘချို စီစဉ်တည်းဖြတ် ထုတ်ဝေတဲ့ ဂီတဝိသောဒနီ ကျမ်းမှာတော့ ချစ်သမျှကို ပတ်ပျိုးကို ရွှေဘိုမင်းလက်ထက် ပဲ့နင်းဦးနေဦး ရေးတယ်လို့ မှတ်တမ်းပြုထားတာကို အရင်းပြုလို့ မဟာဂီတ သုတေသီ ဆရာမကြီး ဒေါ်ရွှေကူနန်းနွဲ့နွဲ့ ကတော့ ဦးနေဦးရေးတာကို လက်ခံတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချစ်သမျှကို ပတ်ပျိုး အပိုဒ် ၁၃ မှာ ပါတဲ့ “ရုံးညာပိုင်၊ အုံးပြိုင် သဉ္ဇာကြွေ့မှာ လှလေ …” ဆိုတဲ့ စာသားဟာ အဲဒီခေတ် အဲဒီအခါက အမျိုးသမီးတယောက် နုတ်ထွက် မပြောဝံ့ လောက်အောင် ရဲတင်းတဲ့ အသုံး ဖြစ်နေတာကြောင့် အမျိုးသားစာဆို ရေးသောစာသာ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။ ဒီလိုဆိုရင် အဲဒီအမျိုးသား စာဆိုရေးသားတဲ့ ဒီလို စကား အသုံး မျိုးကို သီဆိုဆက်သွင်းသူ အမျိုးသမီး အဆိုတော်ကရော သီဆိုရဲပါ့မလား စဉ်းစားစရာ တခု ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဒီးဒုတ်ဦးဘချို ကိုယ်တိုင် ရေးတဲ့ ဆောင်းပါးတပုဒ် မှာတော့ ချစ်သမျှကို ပတ်ပျိုးကို မမြလေး ရေးတာပါလို့ ပြန်လည်တင်ပြထားတာ ရှိပါတယ်။

ဂီတသုတေသီ ပုသိမ်ဒေါ်တင်တင် ကတော့ … ချစ်သမျှကို … ကို မမြကလေး ရေးတယ်လို့ သူ့ရဲ့ ၁၉၆၈ ခုနှစ်ထုတ် “ဂီတ သုတေသနစာတမ်း” ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါအပြင် သူကိုယ်တိုင် သီဆို ရှင်းလင်းထားတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ သူ့ ရှင်းလင်းချက် မှာလည်း ဒီမှတ်တမ်းတွေကို အနောက်နန်းမတော် မမြကလေး လက်ထက်တော်ကနေ သမီးတော် အိမ်ရှေ့မိဖုရား လှိုင်ထိပ်ခေါင်တင် လက်ထက်တော်တိုင်အောင် အမှုတော်ထမ်းခဲ့တဲ့ အပျိုတော်ကြီး “အမေစာ” က နယ်ချို တိုက်သူကြီးဦးအောင်မင်းရဲ့သမီး ဒေါ်မြစိန်နဲ့ ဓနုဖြူမှာ အတူ နေခဲ့ကြပြီး ဒေါ်မြစိန်ကိုယ်တိုင် ပြန်ပြောပြလို့သိရတာပါ လို့လည်း ရှင်းလင်း တင်ပြထားပါတယ်။

ဒီလောက်ဆိုရင် စာဖတ်သူလည်း ခေါင်းမူးနေလောက်ပါပြီ။ ချစ်သမျှကို သစ္စာတိုင် ပတ်ပျိုးကလေး ဘယ်သူရေးသလဲ။ ကျနော်ကတော့ ဆရာကြီး စစ်ကိုင်းလှရွှေ ပြောတာကို ကိုးကား ချင်ပါတယ်။ မဟာဂီတ သီချင်းတပုဒ်ဖြစ်တဲ့ ထူးမခြားနား သီချင်းခံ့ဟာ (ဒီနေရာမှာလည်း သီချင်းခံနဲ့ သီချင်းခံ့ အသုံးအနှုံးကို ဝိဝါဒကွဲလွဲတာ ရှိပါတယ်။ ကျနော်ကတော့ သီချင်းခံ့လို့သုံးပါမယ်) ဦးလွန်းပြေ ရေးသလိုလို မြဝတီမင်းကြီးဦးစပဲ ရေးသလိုလိုနဲ့ ဂီတပညာရှင်တွေ သာမက ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့လို စာပေ သုတေသီတွေပါ မဆုံးဖြတ်နိုင် ဖြစ်နေတာ ဒီနေ့ အထိပါ။

ချစ်သမျှကို ဟာလည်း ဒီလိုပါပဲ။

ယနေ့ခေတ် မြန်မာ့မဟာဂီတ စန္ဒယား ပညာရှင် ဆရာကြီး ဒေါက်တာ ဦးရည်နွယ်ကတော့ ဒီကိစ္စဟာ စာပေသုတေသီတွေရဲ့ အလုပ်ဖြစ်ပေမယ့် သူ့အနေနဲ့ ပြောရမယ် ဆိုရင် ပဲ့နင်းဦးနေဦး ထက် နန်းမတော် မမြလေး ဖြစ်ဖို့များတယ်လို့ ထင်ကြောင်း ပြောဖူးပါတယ်။

ဒီအကြောင်းကို တစိုက်မတ်မတ် သိချင်နေခဲ့တဲ့ ကျနော်ဟာ ဆရာ ဦးသန်းအေး (ပတ္တလား လုလင်ငယ်သွေး မောင်သန်းအေး) က တဆင့် မဟာဂီတကို တောက်လျှောက် လေ့လာ လိုက်စား ခဲ့တဲ့ ယခင်ယဉ်ကျေးမှု ဝန်ကြီးဌာနက အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဆရာလေး ဦးခင်မောင်တင်ကို မေးမြန်းမိတော့ ဆရာဦးခင်မောင်တင်က မမြလေးရေးတာပါလို့ ပြောပြီး ပိုတိကျ ခိုင်မာအောင် ဆရာဦးမြင့်ကြည်ရဲ့ စာအုပ်ကိုရှာဖတ်ပါလို့ ပြောပါတယ်။

ဦးမြင့်ကြည်ဟာ မြန်မာစာနဲ့ မြန်မာ့ဂီတကို လေ့လာသုတေသနပြုနေသူ ဖြစ်ရုံမက၊ မြန်မာ နိုင်ငံတော် အစိုးရ မြန်မာစာအဖွဲ့ဝင် တယောက်လည်း ဖြစ်ပါတယ်။ ဆရာဦးမြင့်ကြည်၊ ၁၉၆ဝ ပြည့်နှစ် မဟာဝိဇ္ဇာဘွဲ့အတွက် ရန်ကုန်တက္ကသိုလ်ကို တင်သွင်းတဲ့ “မြန်မာတေးဂီတ အနုစာပေသမိုင်း” (ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အဆုံး) စာတမ်းကို ထုတ်ဝေထားတဲ့ စာအုပ်မှာတော့ ချစ်သမျှကို ပတ်ပျိုးကို အနောက်နန်းမတော် မမြလေး ရေးတယ်လို့ ဆုံးဖြတ် တင်ပြထားတာ တွေ့ရပါတယ်။

ကျနော့် အနေနဲ့တော့ ပညာရှင် အဆူဆူရဲ့ မှတ်တမ်းများနဲ့ သုံးသပ် ဆုံးဖြတ်ချက်များကို ထောက်ဆရမယ် ဆိုရင် နောက်ဆုံး သုံးသပ်ဆုံးဖြတ်ခဲ့တဲ့ သြဇာတိက္ကိမ ကြီးမားသော မြန်မာ့ဂီတ သုတေသီ ဆရာကြီးများ ဖြစ်တဲ့ ဦးဂုဏ်ဘဏ်နဲ့ နန်းညွန့်ဆွေတို့ ဆုံးဖြတ်ချက်နဲ့ သက်ရှိထင်ရှား ဆရာကြီး ဦးမြင့်ကြည်နဲ့ ဦးရည်နွယ်တို့ရဲ့ တင်ပြပြောဆိုချက်တွေကို ချက်ကျလက်ကျ စောဒက မတက်နိုင် သေးရင် ချစ်သမျှကို ပတ်ပျိုးကို “နန်းမတော်မမြလေး” ရေးတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

ဒါကြောင့် အွန်လိုင်း မီဒီယာ၊ ရုပ်မြင်သံကြားနဲ့ ဂီတမှတ်တမ်းမှတ်ရာတွေမှာ ချစ်သမျှကိုနဲ့ ပတ်သက်ပြီး ရေးသူနေရာမှာ ဖော်ပြချက်တွေဟာ ပညာရှင်များရဲ့ သုံးသပ် ဆုံးဖြတ်ချက်များနဲ့ ကိုက်ညီအောင် ရေးထိုး မှတ်တမ်းတင်သင့် ပါကြောင်းနဲ့ သို့မဟုတ်ရင် နောင်လာနောက်သားများ အမှတ်လွဲမှား၊ ဝေဝေးဝါးဝါး ဖြစ်နိုင်ကြောင်း တင်ပြရပါတယ်ခင်ဗျာ။

“ချစ်သမျှကို” (သစ္စာတိုင်ပတ်ပျိုး)

၁။ ချစ်သမျှကို မြင့်မိုရ် ရွှေတောင်လုံး သာပလေး။ လေးဆူဒီပါ သီတာ ရေမြေ ဆုံးစေတော့ လေး….။
၂။ အို … ဘယ်မမုန်းပါတော့နိုင်၊ ကပ်လုံးဆုံးတိုင်တိုင်။
၃။ ရုံးညာပိုင်၊ အုံးပြိုင် သဉ္ဇာကြွေ့မှာ လှ လေ …၊ ကြိုးမည့်နောင်တာ၊ ရိုးပြာ မြေဝယ်မြေ့စေ တော့လေး။
၄။ မှန်သရွေ့ကိုလ၊ ဖန်စေ့ငယ်ရေရေ၊ ကိုးဂုဏ်ရှင့် ဂူတော်မွေ။
၅။ တူမသွေ၊ ပါစေမယ်နှင့်သား။
၆။ လှစ်ကျူ မြွက်ကြား ဝှက်မထား မြတ်ရှင်ပင် တန်ခိုးအား။
၇။ မခြားသိစေကြောင်း၊ ပန်ထွာသည့် ခဝပ်ညောင်း။
၈။ တူပြိုင် ဂူလိုဏ် စကားသစ္စာ တိုင်။
၉။ သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးမယ်၊ ဆုထူးငယ် ပန်ရွယ်သွန်း။
၁၀။ ချစ်လို့ရယ် မကုန်၊ ဝသုန် ဤ မြေ၊ သိကြားစေ သက်သေညွှန်း။
၁၁။ ပျံ့မွှန်းမွှေးလှိုင် ကြူ လေတည့်မှ၊ သုံးလူ့ ထွတ်မှန်ကူ။
၁၂။ မတူလေပြိုင် နှုန်းကင်း၊ ခြောက်ဖြာစုံ ရောင်ဖြိုးလင်း။
သဖြန်။ ။ ချစ်ချင်းငယ်ပြိုင်၊ မြစ်မင်းပိုင်အဏ္ဏဝါက၊ ပြန်မသာကဲ။
ယွင်းစေဝသုန်၊ ငွေ ဝန်းသော်တာ ယုန်သို့၊ ကမ္ဘာကုန် ကျယ်သရွေ့ ငယ်မှာ၊ ဘယ်မေ့လိမ့်လဲ။ ။

“သီချင်း စာသား အဓိပ္ပာယ်”

၁။ မောင်တော့်အပေါ်တွင် မယ်ကချစ်သမျှ နှိုင်းယှဉ်ပြောဆို ရပါလျှင် မြင့်မိုရ်တောင်ကြီးတမျှ ရှိပါလိမ့်မည်၊ ဘုးရားလေးဆူ ပွင့်တော်မူခဲ့ပြီးသော ဘဒ္ဒကမ္ဘာ၏ အရှေ့ အနောက် တောင်မြောက် ကျွန်းကြီးလေးကျွန်းရှိ ရေမြေများ ပျက်စီးဆုံးရှုံး သွားပါစေတော့ .. .ချစ်မြဲချစ်နေဦးမှာပါ။
၂။ ကပ်ကမ္ဘာ တခုလုံး အဆုံးတိုင် မောင်တော့်အပေါ် ဘယ်တော့မှ မမုန်းနိုင်ပါ …။
၃။ ပိုးဖဲကတ္တီပါ တို့ဖြင့် လှလှပပ မွမ်းမံ ခြယ်သထားသော သဉ္ဇာလီ ထားရာ အခန်းဆောင် (အိပ်ခန်းဆောင်) တွင် အတူ အိပ်စက်ရာ ညာလက်ရုံးကို ပိုင်သော (လက်ျာဖက်က ထား၍ စံစားရသော မိဖုရား အဖြစ်သို့ ရောက်ရပါစေ့မယ်လို့ ဆိုခဲ့ကြောင်းနှင့် အရိုးမြေကျ ဆွေးမြေ့သည် အထိ ပါရမီဖြည့်ရန် ကြိုးစားပါ့မယ် …။
၄။ သစ္စာစကားတွေ မှန်ကန်ကြောင်း ရွှေဂူကြီး ဘုရား ရှေ့တော်မှာ အဖန်ဖန် အထပ်ထပ် မြွက်ဆို ပြောကြားပါ့မယ်…။
၅။ မောင်နဲ့အတူ နိဗ္ဗာန်ကို အပါခေါ်ဆောင်ပါစေမယ် …။
၆။ မောင်တော်ဟာ မယ့်ကိုချစ်တဲ့အကြောင်း ဝမ်းထဲ သိုဝှက်မထားဘဲ၊ ဘုရားရှင်ထံပါးမှာ တိုင်တည် ဖွင့်ဆိုခဲ့ပါတယ်…။
၇။ ကွဲကွဲပြားပြား၊ ခြားခြားနားနား သိအောင် မခြွင်းမချန် မြတ်စွာဘုရားအား ရိုသေစွာ ဝတ်ပြု ခစား ပြောဆိုခဲ့ပါတယ် …။
၈။ မယ်နဲ့ မောင်တို့ဟာ ရွှေဂူကြီးဘုရားမှာ သစ္စာစကားအခိုင်အမာ ဆိုခဲ့ကြပါတယ် …။
၉။ သံသရာ တဖက်ကမ်း နိဗ္ဗာန် နန်းကို အတူူတူူ ကူးခတ်သွားဖို့ ဆုထူးပန်ရေစက်သွန်းခဲ့ ကြပါတယ်။
၁၀။ မယ်နဲ့မောင်တို့ ချစ်သည့် မေတ္တာသည် ဘယ်သောအခါမှ မကုန်ခမ်းနိုင်ကြောင်း မဟာပထဝီ မြေကြီးကို သက်သေပြု ကျိန်ဆိုဝံ့ပါတယ် …။
၁၁။ (သစ္စာပြုနေသော) မြတ်စွာဘုရား၏ သစ္စာလေးပါးတရားသည် မွှေးပျံ့ သင်းကြူ နေပါတယ်…။
၁၂။ ရောင်ခြည်တော်ခြောက်သွယ် ဖြာဖြာ လင်းပြီး မည့်သည့် အရာနဲ့မှ နှိုင်းယှဉ်စရာ မရှိ …။

“သဖြန်”

မောင်နဲ့ မယ်တို့ရဲ့ ချစ်ခြင်းပြိုင် ကြီးမားပုံက သမုဒ္ဒရာ ကြီးနဲ့ ထပ်တူ ထပ်မျှပါပဲ။ သမုဒ္ဒရာက မယ်နဲ့မောင်တို့ရဲ့ ချစ်ခြင်းထက် ပိုမို လွန်ကဲ တယ်လို့ မရှိပါ။ ဝသုန္ဒြေ ဤကမ္ဘာမြေကြီး ပျက်ယွင်း သွားသည့်တိုင် ငွေလမင်းရဲ့ အတွင်းမှာရှိတဲ့ ယုန်ရုပ်ကလေး တည်ရှိနေသလို ဘယ်သော အခါမှ မေ့နိုင်မယ် မဟုတ်ပါ။ မယ်နဲ့မောင်တို့ သစ္စာဟာလည်း တကမ္ဘာပတ်လုံး ခိုင်မြဲ တည်ရှိ နေပါမယ်။

(စာရေးသူသည် ရန်ကုန်အခြေစိုက် ဂီတမိတ် သင်တန်းကျောင်း၏ မန်နေဂျာနှင့် အဆိုရှင်တဦး ဖြစ်သည်။)

The post ချစ်သမျှကို ပတ်ပျိုးကို ဘယ်သူရေးသလဲ appeared first on ဧရာဝတီ.

သတင်းထောက်တဦး၏ မြောက်ဦး မှတ်တမ်း

$
0
0

မတ်လ ၁၈ ရက်နေ့ညက တပ်မတော်တပ်ဖွဲ့များသည် ရခိုင်ပြည်နယ် မြောက်ပိုင်း ရှေးဟောင်းမြို့တော် မြောက်ဦးမှ လူနေအိမ်များကို ပစ်ခတ်ခဲ့သောကြောင့် ကမ္ဘောဇဘဏ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ခန့် စားသောက်ဆိုင်တွင်သာ ညစာစားခဲ့ပါက စာရေးသူသည် ယခုဆောင်းပါးကို ရေးသားနိုင်တော့မည် မဟုတ်ပေ။

မြို့၏ အဓိကလမ်းမကြီးသည် မြို့လယ်ရပ်ကွက်ကို ၃.၆ ကီလိုမီတာခန့် ဖြတ်သန်းသွားသည်။ ထိုညတွင် ရခိုင်ရိုးရာ ဟင်းလျာများနှင့် အသုပ်များရသော ဆိုင်တဆိုင်တွင် ညစာစားရန် မိတ်ဆွေတဦးက အကြံ ပေးသည်။ ညနေ ၆ နာရီခွဲခန့်တွင် မြို့၏ အခြေအနေမှာ ငြိမ်းချမ်းနေဆဲဖြစ်သည်။ လမ်းများတွင် လူများ အပြားလျှောက်နေကြသလို၊ လက်ဖက်ရည်ဆိုင် များတွင်လည်း လူအပြည့်ရှိနေသည်။

၇ နာရီ ၂၀ မိနစ်ခန့် ရောက်သောအခါ ဒေသခံများထံမှ ကြောက်မက်ဖွယ်ရာ သတင်းစကားတခု စာရေးသူထံ ရောက်လာခဲ့သည်။ မြန်မာ့တပ်မတော် ယာဉ်တန်းတခုက မြို့အတွင်း ဝင်ရောက်လာပြီး ပစ်ခတ်သည်ဟူသော သတင်းပင် ဖြစ်သည်။ မိနစ်အနည်းငယ် ကြာသောအခါတွင် ကျယ်လောင်လှသော သေနတ်သံ၊ အမြောက်သံ များကို ကြားလာရသည်။

စားသောက်ဆိုင်နှင့် အဓိက လမ်းမကြီးကို ခွဲခြားထားသည့် တခုတည်းသော အရာမှာ မီတာ ၂၀၀ ခန့်ကျယ်သည့် မြက်ခင်းကလေး တခုသာဖြစ်သည်။ ရိုင်ဖယ်သေနတ်သံနှင့် အမြောက်သံများကို ကြားနေရသည်နှင့် တပြိုင်နက်တည်းမှာပင် လေထဲသို့ ကျည်တိုးသည့် တရွှီရွှီ အသံများကိုလည်း ကြားနေရသည်။ ထိုစားသောက်ဆိုင်အတွင်းသို့ ကျည်ဆံများ ထိုးဖောက်သွားသောအခါ အမျိုးသမီး အုပ်စုတစု၏ စူးစူးရှရှ အော်သံကို ကြားလိုက်ရသည်။

နာရီဝက်အတွင်း လူ ၆ ဦး ဒဏ်ရာရ

တပြိုင်နက်တည်းမှာပင် မြောက်ဦးမှ လူမှုကွန်ရက် အသုံးပြုသူများသည် ထိခိုက်ဒဏ်ရာရသည့် စာရင်းများကို ရေးသားကြသည်။ အမြောက်၊ သေနတ် ကျည်တို့ကြောင့် စုစုပေါင်း လူ ၆ ဦး ဒဏ်ရာရသည်။ နောက်တနေ့ နံနက် ဖြစ်သော မတ်လ ၁၉ ရက်နေ့တွင် စာရေးသူသည် ပစ်ခတ်မှု ဖြစ်ပွားသောနေရာသို့ သွားရောက် ကြည့်ရှုှုနိုင်ခဲ့သည်။ ကမ္ဘောဇဘဏ်ခွဲ၏ ရှေ့တံခါးမှာ ပေါက်ကွဲလွင့်စင်သွားပြီး နံရံများတွင် ကျည်ဆံ ဖောက်ဝင်သွားသော အပေါက်များကို တွေ့နေရသည်။

ပစ်ခတ်မှုအတွင်း ဘေးမသီရန်မခဘဲ လွတ်မြောက်လာသောသူများက ထိုနေရာတွင်ပင် စာရေးသူကို ၎င်းတို့၏ ကြောက်မက်ဖွယ် အတွေ့အကြုံကို ပြန်ပြောပြကြသည်။ ၎င်းတို့၏ ပြောပြချက်နှင့် စာရေးသူကိုယ်တိုင် ကြုံတွေ့ရသည့် အခြေအနေအရ အကဲဖြတ်ရလျှင် ရက္ခိုင့်တပ်မတော် (AA) က တပ်မတော် ယာဉ်တန်းကို မြို့လယ်တွင် တိုက်ခိုက်သောကြောင့် ပြန်လည် ပစ်ခတ်သည်ဆိုသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော မြောက်ဦးပစ်ခတ်မှု အကြောင်းပြချက်သည် အဓိပ္ပာယ် ကင်းမဲ့နေပေသည်။

ထိုရှင်းလင်းချက်ကြောင့် စာရေးသူတွင် မေးစရာ မေးခွန်းများ ရှိလာခဲ့သည်။ AA ကသာ တပ်မတော်ကို အမှန်တကယ် ချောင်းမြောင်း တိုက်ခိုက်ခဲ့လျှင် မည်သည့်အတွက် တပ်မတော်ဘက်က ထိခိုက်ဒဏ်ရာ ရခြင်း မရှိရသနည်း။ ထိုနေ့က ၎င်းတို့ဘက်တွင် ထိခိုက်မှုမရှိကြောင်း တပ်မတော်က ကြေညာခဲ့သည်။ ချောင်းမြောင်း တိုက်ခိုက်မှုကို တုံ့ပြန် ပစ်ခတ်သည်ဆိုလျှင် မည်သည့်အတွက် ကမ္ဘောဇဘဏ်ခွဲရုံးကို ရည်ရွယ် ပစ်ခတ်ရ သနည်း။

ကမ္ဘောဇဘဏ်သည် AA တပ်ဖွဲ့ဝင်မျာကို လက်ခံ ထားရလောက်အောင်လည်း အသိဉာဏ် ကင်းမဲ့ခြင်း ရှိပုံမရပေ။ လမ်းတလျှောက်တွင် ၅.၅၆ မမ ကျည်ဆံခွံများ၊ ၄၀ မမ လက်ပစ်ဗုံး အိမ်များနှင့် မော်တာ ကျည်အရွယ်စုံ တို့ကို တွေ့ရပြီး ထိုလက်နက်များသည် တပ်မတော်က အသုံးပြုသော လက်နက်များသာ ဖြစ်နေသည်။

တပ်မတော်က ပစ်ခတ်၍ ပျက်စီးသွားသော ကမ္ဘောဇဘဏ်ရှေ့တံခါး/ မိုးမြင့်

ကျည်ဆံ တတောင့်သည် နဝရတ်ဟိုတယ်၏ စားသောက်ခန်းမကို ထိမှန်သည်။ မတ်လ ၁၉ ရက်နေ့ နံနက်အထိ ပစ်ခတ်သံများကို မြောက်ဦးမြို့လယ်မှ ရှင်းရှင်းလင်းလင်း ကြားနေရသောကြောင့် နိုင်ငံခြားသားနှင့် ရန်ကုန်မှ ပြည်တွင်း ခရီးသွား တဒါဇင်ခန့် တို့သည် ပြည်နယ်မြို့တော် စစ်တွေသို့ အမြန်လှေများ၊ ကားများဖြင့် ထွက်ပြေးကြသည်။

ကမ္ဘောဇဘဏ်ရှေ့တွင် တပ်ဆင်ထားသော စီစီတီဗီ ကင်မရာ ၂ လုံးရှိသည်။ ထို စီစီတီဗီတွင် အထောက်အထား တချို့ ရှိနေမည်မှာ သေချာနေသည်။

ပစ်ခတ်မှုမတိုင်မီ မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း

မြောက်ဦးတွင် ပစ်ခတ်မှုမတိုင်မီ ညနေ ၆ နာရီခွဲခန့်က စစ်တွေမှ မြောက်ဦးသို့ လာသော လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သားများအပြည့် ပါသော စစ်ကား ၁၁ စင်းခန့်ရှိ ယာဉ်တန်းကို AA တပ်ဖွဲ့များက မြောက်ဦးမှ ၃၂ ကီလိုမီတာ ကွာဝေးသည့် ကျောက်တော်မှ မဟာမုနိ ဘုရားအနီး ကျောက်ကျက်နှင့် တောင်ဦး ကျေးရွာများ အနီးတွင် တိုက်ခိုက်ခဲ့သည်။

စစ်ကား ၃ စင်းကို RPG ဖြင့် လုံး၀ ဖျက်ဆီးလိုက်သည်ဟု AA အဆင့်မြင့် အရာရှိများက စာရေးသူကို ပြောသည်။ ထိုနေရာတွင် စစ်သား ၂၀ ခန့် ပွဲချင်းပြီး သေဆုံးသည်ဟု ဒေသခံများက ခန့်မှန်းကြသည်။ AA ထံမှ စာရေးသူ သိရသော သတင်းအရ ညနေ ၆ နာရီ ၅၀ မိနစ် မြောက်ဦး ပစ်ခတ်မှုမတိုင်မီတွင် ထိုတိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

ထို့နောက်တွင် စစ်ကား ၈ စင်းသည် မြောက်ဦးတွင် အရပ်သားများကို ပစ်ခတ်သည်။ ထို စစ်ကားများသည် AA တိုက်ခိုက်မှုကို ခံခဲ့ရသော ယာဉ်တန်းမှ လက်ကျန်ကားများ ဖြစ်နိုင်သည်။ ပစ်ခတ်မှုသည် မမျှော်လင့်ဘဲ ဖြစ်လာပြီး အဓိကလမ်းများကြီမှ ဒေသခံများ ဆိုင်ပိုင်ရှင်များ အားလုံး ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။ မပြေးနိုင်သူ များက ပစ်ခတ်မှုအတွင် မြေပြင်တွင် ဝပ်နေရကြောင်း ပြန်ပြောပြကြသည်။

အမြောက်ဆံ၊ ကျည်ဆံ ထိမှန်ပြီး နေအိမ်များအပါအဝင် အဆောက်အအုံ အများအပြား ပျက်စီးသွားသည်။ မတ်လ ၁၉ ရက်နေ့ နံနက်တွင် မြောက်ဦးတွင် အစည်ကားဆုံးဖြစ်သော မြောက်ဦး မြူနီစပယ်ဈေးကို သော့ခတ် ထားပြီး ပတ်ဝန်းကျင်ရှိ လမ်းများတွင် လူသူကင်းမဲ့နေသည်။ အမြောက်သံ၊ လူနာတင်ယာဉ် ဥသြဆွဲသံ များကို နေရာတိုင်းတွင် ကြားနေရသည်။ ထိုဒေသ၏ သမိုင်းဝင် ဘုရားကျောင်းကန်များ ဖြစ်သည့် ရှစ်သောင်းနှင့် ထပ်ကသိမ် တို့တွင် ဈေးသည်နှင့် ခရီးသည်တို့ ကင်းမဲ့နေသည်။

တပ်မတော်က ပစ်ခတ်ပြီး ကျန်ခဲ့သော ၅ ဒသမ ၅၆ ကျည်ခွံ/ မိုးမြင့်

နေ့စဉ်ရက်ဆက် အမြောက်နှင့် ပစ်

မတ်လ ၁၉ ရက်နေ့တွင် မြို့ပြဒေသသို့ ရောက်လာကြသူများမှာ ပတ်ဝန်းကျင် ကျေးရွာများမှ နေရပ်စွန့်ခွာ ထွက်ပြေးရသူများ ဖြစ်သည်။ အများစုမှ ရွာဟောင်းတော်မှ ဖြစ်သည်။ ယခုတပတ်အထိ ရခိုင်မြောက်ပိုင်းတွင် နေရပ် စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်းကျော်ရှိသည်။ ရွာဟောင်းတော် ရွာကို မြောက်ဦး အခြေစိုက် ရဲတပ်ရင်း ၃၁ သို့မဟုတ် အမှတ် ၅၄၀ ခြေလျင်တပ်ရင်းက ပစ်ခတ်သည်ဟု ယူဆရသည့် ၁၂၀ မမ နှင့် ၆၀ မမ မော်တာ ကျည်များ ထိမှန်သည်။

တပ်မတော်က ထိုရွာကို မတိုက်ခိုက်မီ AA က တပ်မတော်ကို တိုက်ခိုက်မှု မရှိကြောင်း ရွာဟောင်းတော် ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် အပါအဝင် မျက်မြင် သက်သေများနှင့် ပစ်ခတ်မှုကို ကိုယ်တိုင် ကြုံတွေ့ရသူများက စာရေးသူကို ပြောသည်။ ရွာမှ ဝါးနှင့် သက်ကယ်အိမ်များလည်း ကျည်ဆံထိမှန် ပျက်စီးကုန်ပြီး ဇနီးမောင်နှံ ၂ ဦးမှာ ၁၂၀ မမ ကျည်ကြောင့် ဒဏ်ရာရသွားကြောင်းလည်း သိရသည်။

မြောက်ဦးတွင် တပတ်တာ နေထိုင်ခဲ့စဉ်အတွင်း ကိုးသောင်းဘုရား အနီးတွင်ရှိသော ရဲတပ်ရင်းသည် မင်းပြားမြို့နယ် ပန်းမြိုင်ကျေးရွာအနီး AA တပ်ဖွဲ့များ ရှိသည်ဟု ယူဆသည့် တောင်များပေါ်သို့ နေ့စဉ် ဟော်ဝစ်ဇာ အမြောက်ဖြင့် အကြိမ် ၄၀ မှ ၆၀ အကြား ပစ်ခတ်နေသည်။

သေနတ်သံ၊ အမြောက်သံများကို တသက်တာလုံးတွင် ယခုမှ ကြားဖူးကြောင်း၊ တိုက်ခိုက်မှုများ မြို့ပေါ်အထိ ရောက်လာသောကြောင့် ခရီးစဉ်ကို ရုတ်တရက် ဖျက်လိုက်ရကြောင်း ရန်ကုန်မှ လာရောက်လည်ပတ်သူများက စာရေးသူကို ပြောသည်။ ၎င်းတို့၏ အပန်းဖြေ ခရီးစဉ်မှာ ပျက်စီးသွားပြီဖြစ်သော်လည်း သူတို့သည် မြောက်ဦးမြို့၏ အခြေအနေမှန်ကို သိခွင့်ရသောကြောင့် ဒေသခံ နေရပ်စွန့်ခွာ ရသူများနှင့် ထိခိုက်ဒဏ်ရာ ရသူများ၏ ဆိုးရွားသော ကံကကြမ္မာကို ပိုမိုနားလည်ခွင့် ရကြမည်ဖြစ်သည်။

စာရေးသူ တုန်လှုပ်မိသည်မှာ မြောက်ဦးမှ ဝေးကွာလှသော မြို့ကြီးများမှ လူအများအပြားတို့သည် လူမှုကွန်ရက်တွင် မြောက်ဦး အခြေအနေကို အမျိုးမျိုး ရေးသားနေကြခြင်းပင် ဖြစ်သည်။ ပြည်တွင်း ခရီးသွားများသည်ပင် မြောက်ဦးတွင် ရက်အနည်းငယ်ပင် မနေနိုင်အောင် ဖြစ်နေကြသည်။ မြို့ခံများအတွက်မူ အခြေအနေမှာ အိမ်ရှေ့တံခါးများတွင်ပင် သေနတ်ကျည်၊ အမြောက်ကျည်များ ကျနေပြီး အိပ်မက်ဆိုးကြီး ဖြစ်နေပေလိမ့်မည်။

ရခိုင် တိုင်းရင်းသားများသည် မြို့လယ်တွင် အမြောက်နှင့် ပစ်ခြင်း အပါအဝင် တိုက်ခိုက်မှုများကို ဆယ်စုနှစ် ၆ ခုမျှအတွင်း တွေ့ကြုံဖူးခြင်း မရှိပေ။ အချို့သော သက်ကြီးရွယ်အိုများမှာ ကားဖြင့်ထွက်ပြေးရင်း ကြားနေ ရသည့် သေနတ်သံများကြောင့် စိတ်ဒဏ်ရာများပင် ရနေကြသည်။

အမြောက်ကျည်များကြားတွင် သွားလာနေကြရ

ရပ်ကွက်တခုသို့ လူစိမ်းတယောက် ရောက်လာပါက အထူးသဖြင့် စာရေးသူကဲ့သို့သော သူများ နေ့ခင်း ကြောင်တောင် အမြောက် ပစ်ခတ်မှုများအကြားတွင် ကားဖြင့် ဖြတ်မောင်းသွားပါက ထိုသူကို ရပ်ကွက်တွင် နေထိုင်သူများက သံသယဖြင့် ကြည့်ကြသည်။ မြေပြင်အခြေအနေကို သတင်းယူသော သတင်းထောက် တဦး အနေဖြင့် အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိနိုင်ရေးသည် အရေးပါလှသော်လည်း ဒေသခံများမှာ တိုက်ပွဲ ဖြစ်ပွားသော နေရာများကို စာရေးသူနှင့်အတူ လမ်းပြအဖြစ် လိုက်ပါရန်ပင် စိုးထိတ်နေကြသည်။

ဒေသခံများ၏ ပူပန်မှုများကို နားလည်နိုင်ပေသည်။ ရွာဟောင်းတော် ကျေးရွာအနီးရှိ တနေကုန် အမြောက်ဖြင့် ပစ်နေသော ရဲတပ်ရင်းအနီး ဖြတ်သန်းသွားလာရခြင်းမှာ တုန်လှုပ်စရာ ကောင်းလှပေသည်။ ရွာဟောင်းတော် ကျေးရွာ အတွင်းသို့ အမြောက်ဆံ ၁ လုံး ကျရောက် ပေါက်ကွဲပြီး ဖြစ်သည်။ မြောက်ဦးမြို့လယ်မှ အရှေ့ဘက် ၁၂ ကီလိုမီတာ အကွာရှိ အိမ်နီးချင်း ပန်းမြိုင်ကျေးရွာအနီး တောအတွင်းသို့လည်း တပ်မတော် ဂျက်လေယာဉ်များက ဗုံးများ ကျဲချခဲ့သည်။ အမြောက်များဖြင့် ရမ်းသန်း ပစ်နေသောကြောင့် ထိုနေရာသို့ သွားပါက အန္တရာယ် မကင်းလှပေ။

ရှစ်သောင်း ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် နေရပ်စွန့်ခွာရသူ ကရင်ချေက စာရေးသူကို သူ၏ ရွာသို့ လမ်းပြပေးရန် သဘောတူခဲ့သောကြောင့် စာရေးသူသည် မျက်မြင်သက်သေများနှင့် တွေ့ဆုံမေးမြန်းနိုင်ခဲ့ပြီး ၎င်းတို့ ကောက်ယူထားသော အမြောက်ဆံ ၈ ခုကို ဓာတ်ပုံရိုက်နိုင်ခဲ့သည်။

၁၂၀ မမ နှင့် ၆၀ မမ အမြောက်ဆံများကို ရွာဟောင်းတောင် ဘုန်းကြီးကျောင်းတွင် မတ်လ ၂၀ ရက်က ထုတ်ပြစဉ်/ မိုးမြင့်

တပ်မတော်သည် မင်းပြားမြို့နယ် ပန်းမြိုင်ကျေးရွာအနီး တောင်များရှိ AA တပ်များကို ၃ ရက်ကြာ တိုက်ခိုက် ရာတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်များစွာ သုံးခဲ့ကြောင်း မြောက်ဦးတွင် နေခဲ့သည့် တတိယနေ့ ဖြစ်သော မတ်လ ၁၈ ရက်နေ့တွင် သိခဲ့ရသည်။

မိသားစု ၂၀၀၀ နှင့် ဈေးတခု၊ ဆေးရုံတရုံနှင့် ဘုန်းကြီးကျောင်း များစွာလည်းရှိသော ပန်းမြိုင်ကျေးရွာသည် ၎င်း၏ ပတ်ဝန်းကျင် ကျေးရွာများမှ စစ်ဘေးရှောင် ၂၀၀၀ ခန့်ကို ပိုမို လက်ခံထားရသည်။ ဒေသတွင်းတွင် ချထားသည့် အမှတ် ၅၅ နှင့် ၂၂ ခြေမြန် တပ်မများက ၎င်းတို့ကို ဖမ်းဆီး သတ်ဖြတ်မည်ကို စစ်ဘေးရှောင်များ ကြောက်လန့် နေရသည်။

ပန်းမြိုင် ကျေးရွာအခြေအနေကို ကိုယ်တိုင်တွေ့မြင် ရေးသားလိုသော်လည်း မြောက်ဦး ဒေသခံများက စာရေးသူကို ထိုနေရာသို့ ပို့ဆောင်မပေးဘဲ၊ ငြင်းဆန်ခဲ့သည်။

စစ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ

မြောက်ဦးတွင် ၅ ရက်မြောက်နေ့ဖြစ်သော မတ်လ ၂၁ ရက်နေ့တွင် စာရေးသူသည် ပန်းမြိုင်ကျေးရွာသား များနှင့် တွေ့ဆုံနိုင်ခဲ့ပြီး ထိုရွာတွင် တညအိပ်ခဲ့သည်။ မတ်လ ၂၁ ရက်နေ့ နံနက်တွင် အမြောက်သံများကြောင့် အိပ်ယာမှ နိုးလာသည်။ အမှန်မှာ တပ်မတော်၏ စစ်ဗျူဟာ အခြေစိုက် စခန်းတခုသည် ပန်းမြိုင် ဘုန်းကြီးကျောင်း အနီး တောင်ကုန်းတခု၏ အနောက်တွင် တည်ရှိနေသည်။ ထို ဘုန်းကြီးကျောင်းသည် စစ်ဘေးရှောင် ၁၀၀၀ ခန့် ခိုလှုံနေသော နေရာ ၂ ခုအနက် တခုဖြစ်သည်။

တပ်မတော်က အမြောက်တချက် ပစ်လိုက်တိုင်း ဘုန်းကြီးကျောင်း ဝင်းအတွင်း ဆော့ကစား နေသော ကလေး များသည် ကျောင်းအတွင်းသို့ ဝင်ပြေးကြသည်။ အမြောက်ကျရောက် ပေါက်ကွဲသံထက် သေနတ်သံကို ပိုမို ကြောက်ရကြောင်း စစ်ဘေးရှောင် များက စာရေးသူကို ပြောသည်။ တပ်မတော်က ရဟတ်ယာဉ်နှင့် ဂျက် လေယာဉ်များ အသုံးပြု တိုက်ခိုက်သော ၅ ကီလိုမီတာ အကွာရှိ ဗျူဟာ အခြေစိုက်စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တောင်တန်းများကို ရွာသားများက စာရေးသူကို ပြသသည်။

စစ်သား ၁၀၀ ခန့်သည် AA ကို တိုက်ရန် မလိုသော်လည်း ပန်းမြိုင် စံပြကျေးရွာရှိ နေရာအချို့ကို စီးနင်းသည်ကို ရွာသားများက ပြန်ပြောပြသည်။ စစ်သားများက နေအိမ်များကို ပစ်ခတ်ပြီး သံသယရှိသော ရွာသား ၁၂၀ ခန့်ကို နာရီပေါင်းများစွာ ညှဉ်းပမ်းနှိပ်စက်ပြီး ရွာမှ အရပ်သား ၄ ဦးကို ဖမ်းဆီးခဲ့သည် ဟုလည်း ဆိုသည်။

ပန်းမြိုင်ကျေးရွာသား ၈ ဦးတို့က တပ်မတော်၏ မတ်လ ၁၉ ရက်နေ့က ညှဉ်းပမ်းနှိပ်စက်မှု၊ ပစ်ခတ်မှုနှင့် လုယက်မှု များအတွက် အထောက်အထားများ ပြသခဲ့ကြသည်။ မြောက်ဦးဆေးရုံတွင် တွေ့ဆုံစကားပြောခွင့် ရခဲ့သည့် သေနတ်ကျည်နှင့် အမြောက်ဆံထိမှန် ဒဏ်ရာရသူ လူနာ ၆ ဦးခန့် (မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ထိမှန်သည်) တို့က တပ်မတော်က သူတို့ကို အကြောင်းမဲ့ ပစ်ခတ်ကြောင်း ပြောသည်။

မြောက်ဦးမြို့လည်တွင် ပစ်ခတ်ရာ အမြောက်ဆံထိမှန်ပြီး မြောက်ဦးဆေးရုံတွင် တက်ရောက်ကုသရသူ မောင်ဝင်းရီ/ မိုးမြင့်

အမှတ် ၂၂ နှင့် ၅၅ ခြေမြန်တပ်မများနှင့် ရခိုင်မြောက်ပိုင်းမှ ဒေသခံတပ်များသည် မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ကျူးလွန်ခြင်းမရှိကြောင်း တပ်မတော် ထိပ်တန်းအရာရှိများက ပြောသော်လည်း အမှတ် ၂၂ ခြေမြန်တပ်မက မြောက်ဦးဆေးရုံမှ လူနာများကို လွန်ခဲ့သောတပတ်က ငွေ ကျပ် ၁ သိန်း ပေးခဲ့သည်။

စစ်သားများကို ကြောက်ရသောကြောင့်သာ ထိုငွေကို ယူခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် ပြန်ပေးလိုကြောင်း ဒဏ်ရာရရှိသွားသော ပန်းမြိုင်ကျေးရွာမှ ဒေါ်သန်းသန်းဝင်း၏ သမီး မနန္ဒာခိုင်က ပြောသည်။

(Moe Myint ၏ Reporter’s Notebook: On the Ground in Mrauk-U  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

The post သတင်းထောက်တဦး၏ မြောက်ဦး မှတ်တမ်း appeared first on ဧရာဝတီ.

သတိပြုစရာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ပြဿနာ

$
0
0

မိုးကောင်းကင် တခွင် မြူခိုးငွေ့နှင့် ပြာမှုန်များ ပျံ့လွင့်နေပြီး ပတ်ဝန်းကျင်တခုလုံး မှုန်မှိုင်းနေသည်။ နှစ်စဉ် ဒီလိုအချိန် ရောက်တိုင်း ဖြစ်လေ့ရှိသည်မို့ တာချီလိတ်မြို့နေလူထုအတွက် သိပ်ပြီး အထူး အဆန်း မဖြစ်မိပေ။

သို့သော် ထိုမြင်ကွင်းက တရက် နှစ်ရက်မကသလို တနေ့ထက် တနေ့လည်း မီးခိုး ပြာမှုန်များက ပိုများလာပြီး ဆိုင်ကယ်စီး လျှင် နှာခေါင်းစည်း မတပ်၍ မရတော့သည့်၊ မျက်မှန်မတပ်၍ မရတော့ သည့် အခြေအနေ၊ အအုပ်အဆောင်းမပါဘဲ အပြင် ထွက်မိလျှင် ချောင်းဆိုး မျက်စိစပ်ဖြစ်သည့် အဆင့်ထိ ရောက်ရှိလာသည်။

ရက် ကြာရှည်လာသည်နှင့်အမျှ တာချီလိတ် ဒေသခံများအကြား လှုပ်လှုပ်ရှားရှားဖြစ်လာပြီး လေထု ညစ်ညမ်းမှု အန္တရာယ် ကို သတိပြုမိလာကြကြောင်း မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ တာချီလိတ် ဒေသခံ တဦးဖြစ်သူ ဦးတင့်ဆွေက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အခြေအနေများကို ပြန်လည် ပြောပြသည်။

“ပထမတော့ ပုံမှန်ပဲ။ ခါတိုင်းနှစ်တွေလိုပဲ ထင်တာပေါ့။ ဒါပေမယ့် အမှုန်တွေက တအားများလာတယ်။ နေကို မမြင်ရတာ” ဟု ၎င်းက ဆိုသည်။

တာချီလိတ်သို့ ရောက်လာသည့် ဧည့်ဆိုး

ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်နှင့် ကပ်လျက် မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့တွင် မတ်လ ၁၀ ရက်ကျော်က စတင်၍ မီးခိုးမြူများ ဖုံးလွှမ်းပြီး ပြာမှုန်များ ကျဆင်းမှု ဖြစ်ပွားခဲ့သည်။

နှစ်စဉ် နှစ်တိုင်း နွေဦး ကာလများတွင် တောင်ယာမီးရှို့မှုကြောင့် မီးခိုးငွေ့များ ဖြစ်ပေါ်လာသော်လည်း ယခုနှစ်တွင် လေထု အရည်အသွေး အညွန်းကိန်း ပိုမိုမြင့်ခြင်းနှင့် ရက်ရှည် ကြာမြင့်ခြင်းများကြောင့် ယခုနှစ်သည် အဆိုးရွားဆုံးဖြစ်ကြောင်း ဒေ သခံများက ပြောဆိုကြသည်။

“အဆိုးဆုံးပဲ။ ခါတိုင်းနှစ်ကတော့ အပေါ်ယံလောက်ပဲ။ ခုက ရက်ရှည်ကြီးလည်း ဖြစ်နေပြီ။ ရာသီဥတု ကလည်း ဆိုး။ ဆိုင် ကယ်စီးတဲ့သူတွေ ချောင်းဆိုး မျက်လုံးစပ် ဖြစ်တဲ့အဆင့်ထိ ရောက်ကုန်တာ။ ဒါပေမယ့် ဟိုဘက်ကမ်း (မယ်ဆိုင်၊ ချင်းရိုင်၊ ချင်းမိုင်)လို နှာခေါင်းသွေးယိုတာတွေ ဘာတွေ ကြီးကြီး မားမားတော့ မရှိသေးဘူး” ဟု ဦးတင့်ဆွေက ပြောသည်။

အဆိုပါ မီးခိုးမြူများသည် ထိုင်းဘက်မှ လာသည့် မီးခိုးမြူများဖြစ်ပြီး မြန်မာဘက်အခြမ်းမှ တောင်ယာ မီးရှို့မှု အနည်းငယ် ရှိ မည် ဖြစ်သော်လည်း ယခုကဲ့သို့ ဆိုးရွားသည့် အခြေအနေထိ ဖြစ်လာနိုင်စရာ မရှိဟုလည်း ၎င်းက ယူဆသည်။

အာရှမိုးလေဝသဌာန (ASMC)၏ ဒေသတွင်း တောမီးလောင်ခြင်းနှင့် တောင်ယာမီးရှို့မှုကြောင့် ဖြစ် ပေါ်နေသည့် မီးလောင် ကျွမ်းနေသော နေရာများ (Hot Spots)ကို မတ် ၃ မှ ၃၁ ရက်ထိ တိုင်းတာ ချက်အရ ဆိုလျှင်လည်း ထိုင်းဘက်တွင် ပိုများ နေသည်ကို တွေ့ရကြောင်း တာချီလိတ်ခရိုင် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးရဲထူးကလည်း ပြောဆိုသည်။

သက်ရောက်မှုက တာချီလိတ်သာမက မိုင်းဆတ်မြို့တွင်လည်း မြူခိုးငွေ့များကြောင့် မီးသတ်ကား များ ဖြင့် ရေဖျန်းရ သည် များ ရှိကြောင်း၊ လေထု အရည်အသွေး တိုင်းတာသည့်စက် မရှိ၍သာ အညွှန်း ကိန်း မည်မျှရှိသည်ကို မပြောနိုင်ခြင်း ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

“မနက် အိပ်ယာထတာနဲ့ တံခါးပေါက် ဖွင့်လိုက်ပြီဆို မြူတွေမှိုင်းပြီးတော့ မျက်လုံးစပ်တာ ရှိတယ်။ အဓိကက မျက်စိ စပ် တာပါပဲ။ လက်တွေနဲ့ မပွတ်ဖို့ ပြောပေးရတယ်” ဟု တာချီလိတ်ခရိုင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက် တာရွှေဝင်းကလည်း ပြောပြသည်။

ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် မတ် ၁၆ ရက်မှ စတင်ကာ ယနေ့ အချိန်ထိ တာချီလိတ်မြို့၏ လေထု အရည်အသွေး တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန လူမှုကွန်ရက်စာ မျက်နှာတွင် နေ့စဉ် သတင်း ထုတ်ပြန်ပေးခဲ့သည်။

တိုင်းတာချက်များအရ တာချီလိတ်မြို့ လေထုအတွင်း အလွန်သေးငယ်သည့် အမှုန်အမွှား (Particulate Matter – PM10) ပါဝင်မှု လေထုအရည်အသွေး အညွှန်းကိန်း (AQI) သည် မတ် ၁၆ ရက်တွင် ၃၀၂ ရှိခဲ့ပြီး တက်လိုက်ကျလိုက်ဖြင့် မတ် ၃၀ တွင် ၄၄၈၊ မတ် ၃၁ တွင် ၅၀၂ (အလွန် အန္တရာယ်ကြီးမားသည့်) အဆင့်ထိ ရောက်သွားခဲ့သည်။

သို့သော် လေထုအတွင်း လူကို အန္တရာယ်ပေးနိုင်သည့် ဆာလဖိုင်ဒိုင် အောက်ဆိုဒ် (SO2)၊ ကာဗွန်မို နောက်ဆိုဒ် (CO)နှင့် နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ် (NO2) ပါဝင်မှုနှုန်းမှာ အသင့်အတင့်နှင့် ကောင်း မွန်အဆင့်၌ ရှိ၍ တာချီလိတ်ဒေသခံများ အနေဖြင့် မီးခိုးငွေ့ကြောင့် မျက်စိစပ်ခြင်း၊ ချောင်းဆိုးခြင်း လောက်သာ ခံစားခဲ့ရကြောင်း သိရှိရသည်။

မီးခိုးမြူများ ဖုံးလွှမ်းနေမှု ဖြစ်စဉ်ကြောင့် မတ် ၃၀ ရက် မွန်းလွဲပိုင်းအထိ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနိုင်ခြင်း၊ ဆင်းသက် နိုင်ခြင်း မရှိဘဲ ရပ်နားထားခဲ့ရသည်။

တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် ကျန်းမာရေးဆိုင်ရာ သတိပေးကြညာချက်များ ထုတ်ပြန်သကဲ့သို့ လေထု ညစ်ညမ်းမှု လျော့ပါးစေရေးအတွက် နေ့စဉ် တရက် သုံးကြိမ် မီးသတ် ယာဉ်များဖြင့် ရေမှုန်ရေမွှားများ ပက်ဖျန်းပေးခဲ့ကာ တာချီလိတ် ရှမ်းရိုးမကွင်းတွင် မီးခိုးငွေ့ကင်းစင် နယ်မြေအဖြစ် ဆောင်ရွက်ပေးထားသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီ ၄ ရက် တွင် အညွန်းကိန်း ၁၂၉ သို့ ကျဆင်းလာပြီး ဧပြီ ၃ရက်နေ့ ညပိုင်းက မိုးရွာ သွန်းမှုကြောင့် မီးခိုးမြူများ လျော့သွားကာ ပတ်ဝန်းကျင် အနေအထား လင်းလင်းရှင်းရှင်း ဖြစ်လာ ပြီဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ (Transboundary Smoke)

အာရှ မိုးလေဝသဌာန (ASMC)၏ အချက်အလက်အရ မတ် ၁၇ ရက်က အာဆီယံ ဒေသအတွင်း ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံတို့၌ တောမီးလောင်ခြင်း၊ တောင်ယာမီးရှို့ခြင်းကြောင့် မီးလောင် ကျွမ်း မှု (Hot Spots) အရေအတွက်မှာ ကမ္ဘောဒီးယား ၌ ၁၄၄ ၊ လာအို၌ ၁၁၂ ဖြင့် အများဆုံး ဖြစ်ပေါ်နေ ကြောင်း တွေ့ရသည်။

အာဆီယံဒေသတွင်း လအလိုက် မီးလောင်ကျွမ်းမှု (Hot Spots) နေရာပြ ဇယား / အာရှမိုးလေဝသဌာန – ASMC

မီးလောင်ကျွမ်းမှုများမှ မြူမီးခိုးများထွက်ရှိလာရာ နယ်စပ်ဒေသများကို ဖြတ်ကျော်လျက် မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသများ သို့ ဆိုးဝါးစွာ ကျရောက်လျက်ရှိပြီး ယင်းတို့ကို နယ်စပ်ကျော်ဖြတ် မြူမီးခိုးများ (Transboundary Smoke) ဟု ခေါ်ဆို ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မတ် ၁၈ ရက်က ရေးသား ဖော်ပြခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယင်းမြူမီးခိုးများကြောင့် လေထုညစ်ညမ်းမှု ဆိုးဝါးစွာ ဖြစ်ပေါ်လျက် ရှိသည်ဟုလည်း ရေးသားထားသည်။

ဒေါက်တာထွန်းလွင်က “ဒီနှစ် မီးခိုးအများဆုံး လာတာတော့ ကမ္ဘောဒီးယားကနေ ဝင်လာတာလို့ ပြောတယ်။ ကမ္ဘောဒီး ယား ကနေ ထိုင်းမြောက်၊ အဲဒီကမှ တာချီလိတ်ပေါ့” ဟု ပြောသည်။

မိုးလေဝသ ပညာရပ်အနေဖြင့် ယင်း မြူမီးခိုးများကို ရာသီဥတု ခြောက်သွေ့သော ကာလများတွင် ကြုံတွေ့ရတတ်သည်ဟု လည်း ၎င်းက ဆိုသည်။

လအလိုက် ကြည့်မည်ဆိုပါက ၂၀၁၉ မတ်လအတွင်း မြန်မာနိုင်ငံ၌ မီးလောင်ကျွမ်းနေသော (Hot Spots) အရေအတွက် ၃၉၀၀ ကျော်ဖြင့် အာဆီယံနိုင်ငံများအနက် အများဆုံးဖြစ်နေသည်ကို တွေ့ရ သည်။

“ဒီနှစ်က ပူတယ်။ ခြောက်သွေ့တယ်။ မိုးမရွာဘူး။ အရှေ့တောင်အာရှ နိုင်ငံအားလုံးက ပူပြင်းပြီး ခြောက်သွေ့နေတယ်။ မိုး မရွာတာ တော်တော်ကြာပြီ။ မုန်တိုင်းလည်း တလုံးမှ မဖြစ်ဘူး။ အယ်နီညို (ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု)ကလည်း ပြန် ပြီး အားကောင်းနေတယ်။ အဲဒါတွေ အားလုံး ပေါင်းစုံသွားတာပဲ” ဟု ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံ၏ လေထုညစ်ညမ်းမှု

တကယ်တော့ ထိုင်းနိုင်ငံ၏ လေထုညစ်ညမ်းမှုမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ကတည်းကပင် မြို့တော် ဘန်ကောက်၌ ဆိုးရွား စွာ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံ မြောက်ပိုင်း လေထုညစ်ညမ်းမှုမှာ တောင်ယာမီးရှို့ချိန် မတ်လခန့်မှ စတင်ခဲ့ရာ အိမ်နီး ချင်း လာအိုနှင့် မြန်မာနိုင်ငံသို့ပါ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

ထို့အတွက် ထိုင်းမြောက်ပိုင်း မြို့ကြီးများ ဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင် အပါအဝင် မယ်ဟောင်ဆောင် တို့တွင် ဖုန်နှင့် အမှုန်ပါ ဝင်မှု အဆင့် (PM2.5) သည် ၁ ကုဗမီတာ လျှင် ၃၀၀-၅၀၀ မိုက်ခရိုဂရမ် အထိ ရှိခဲ့သည်။

မီးခိုးမြူ မွန်းကျပ်မှုမှာ ထိုင်းမြောက်ပိုင်းတွင် ရက်သတ္တပတ် အတန်ကြာခဲ့ပြီး ချင်းမိုင်မြို့တွင် ဘေးကင်းဇုန်တခု သတ်မှတ်၍ လူအများ စုဝေးနေထိုင်စေခဲ့သလို ချင်းရိုင်မြို့၌လည်း ကျောင်းများ ပိတ်ထားခဲ့သည်။

ချင်းမိုင်တက္ကသိုလ် ကျန်းမာရေး သိပ္ပံ သုတေသနဌာနမှ ညွှန်ကြားရေးမှူး ခွန်ချိုင်းစက် ပါရက် ပင်ယို က “မီးခိုးမြူတွေက ခါတိုင်းလို တပတ်လောက် ပေါ်လိုက်ပြီးတော့ ပြီးတာပဲ။ ဒါပေမယ့် အခုချိန်မှာ တော့ ပိုအခြေအနေ ဆိုးလာ ပါတယ်။ အခုဖြစ်စဉ်က တကယ့်ကို အန္တရာယ်ကြီးပါတယ်။ ကျန်းမာရေး ကိုပါ ခြိမ်းခြောက်နေပါပြီ” ဟု ဆိုကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မီးခိုးမြူ ပမာဏ အန္တရာယ် ရှိလောက် သော အတိုင်းအတာ ဖြစ်လာရာ ကျောင်းသားများ၏ ကျန်းမာရေး စိုးရိမ်ရသည့်အတွက် ကျောင်း ၄၀၀ ကျော် ပိတ်ထားခဲ့ရသည်။

လေထု ညစ်ညမ်းမှု ဒဏ်ကို နှစ်စဉ် နှစ်တိုင်း ခံစားရသည့် ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုကို လျှော့ ချရန် သကြား ရည် များ ကောင်းကင်မှ ဒရုန်းများဖြင့် ဖျန်းပက်ရန် စီစဉ်ခဲ့သလို တိမ်အတု များနှင့် မိုးရွာသွန်းစေရန် ဖန်တီးမှုများ၊ မိုးပျံလမ်း များပေါ်တွင် ရေနှင့် ပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

တာချီလိတ်ဒေသခံ ဦးတင့်ဆွေက “စိုးရိမ်စိတ် ရှိတယ်။ ကိုယ့်ဘက်က သူတို့လောက် နည်းပညာ မပြည့်စုံဘူး။ နေ့စဉ် မီး သတ်ကား ၃ စီးနဲ့ မြို့ပတ် ပတ်လည် မှာ မနက်တကြိမ် ည တကြိမ် လေထု သန့်စင်အောင် ရေမှုန်ရေမွှားတွေ လိုက်ဖျန်း ပေးတယ်။ ဒီလောက်ပဲ လုပ်ပေးနိုင်တာ။ သူတို့(ထိုင်းနိုင်ငံ)ဘက်ကလည်း ကြပ်ကြပ်မတ်မတ်နဲ့ တောမီးရှို့တဲ့ဟာကို ထိထိရောက်ရောက်လေး တားမြစ်ပေးဖို့။ ကျနော်တို့ ဘက် ကလည်း ဒါကို ထိထိရောက်ရောက် တားမြစ်ပေးဖို့ လိုတယ်” ဟု တိုက်တွန်းသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း သစ်တောမြေများ၌ ယမန်နှစ်က မီးရှို့ကြသူ ၂၃၀ ဦးကို ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ ယင်း သည် ၂၀၁၇ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း တိုးလာသည်ဟုလည်း ထိုင်းအခြေစိုက် မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။

လေထုညစ်ညမ်းမှုနှင့် ပြည်သူ့ကျန်းမာရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်သည် မသန့်ရှင်းသည့်လေကို ရှူရှိုက်နေကြရပြီး နှစ်စဉ် လူ ၇ သန်းနီးပါး လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ရောဂါဝေဒနာ များဖြင့် သေဆုံးနေကြောင်း ခန့်မှန်းထားသည်။

၂၀၁၈ သြဂုတ်အတွင်းက ထုတ်ပြန်ခဲ့သည့် တရုတ်နှင့် အမေရိကန်မှ ဆေးသုတေသီများ၏ ရှာဖွေတွေ့ ရှိမှုအရ ညစ်ညမ်း သည့် လေ၊ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ပါဝင်မှုနှုန်းများသည့် လေဆိုးများကို အမြဲလို လို ရှုရှိုက်နေရမည်ဆိုလျှင် လူသားတို့ ၏ ဉာဏ်ရည်ကို အကြီးအကျယ် ထိခိုက်ကျဆင်း စေနိုင်သည် ဟုလည်း တွေ့ရှိရသည်။

နှလုံးရောဂါဖြစ်ပွားမှု ၆၀ ရာခိုင်နှုန်း၊ အသက်ရှူလမ်းကြောင်း ရောဂါများနှင့် ကင်ဆာများသည် လေထု မသန့်ရှင်းမှုနှင့် ဆက်စပ်ကြောင်း၊ လေထုညစ်ညမ်းမှုနှင့်ဆက်စပ်၍ သေဆုံးရသူပေါင်း ၂၀၁၂ တွင် ၇ သန်းရှိခဲ့ကြောင်း ဆေးပညာ အသိပညာပေး ဆောင်းပါးများကို ရေးသားသူ ဒေါက်တာ တင့်ဆွေက သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထား သည်။

ပြင်ပလေထု ညစ်ညမ်းမှုကြောင့် နှလုံး သွေးကြောကျဉ်းရောဂါဖြင့် ၄၀ ရာခိုင်နှုန်း၊ နှလုံး-ဦးနှောက် သွေးကြောရောဂါ (Stroke) ဖြင့် ၄၀ ရာခိုင်နှုန်း၊ နာတာရှည် အသက်ရှူ လမ်းပိတ်ရောဂါဖြင့် ၁၁ ရာခိုင်နှုန်း၊ အဆုပ်ကင်ဆာဖြင့် ၆ ရာခိုင်နှုန်း၊ ကလေးများ ရက်တို အသက်ရှူလမ်းပိုးဝင်ရောဂါဖြင့် ၃ ရာခိုင်နှုန်း သေဆုံးရသည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် အိမ်တွင်း လေထု ညစ်ညမ်းမှုကြောင့် နှလုံး-ဦးနှောက်သွေးကြောရောဂါဖြင့် ၃၄ ရာခိုင်နှုန်း၊ နှလုံးသွေးကြောကျဉ်း ရောဂါဖြင့် ၂၆ ရာခိုင်နှုန်း၊ နာတာရှည် အသက်ရှူ လမ်းပိတ်ရောဂါဖြင့် ၂၂ ရာခိုင်နှုန်း၊ ကလေးများ ရက်တို အသက်ရှူလမ်း ပိုးဝင်ရောဂါဖြင့် ၁၂ ရာခိုင်နှုန်း၊ အဆုပ်ကင်ဆာဖြင့် ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

လေထု ညစ်ညမ်းမှုသည် ကမ္ဘာပေါ်က လူသားများ၏ အခြေခံ အခွင့်အရေးများဖြစ်သော အသက်ရှင် နေထိုင်မှု၊ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်ရေးနှင့် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး ကိစ္စရပ်များတွင် ထိခိုက်ခံစားနေရကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ဝေဖန်ထောက်ပြထားသည်။

တာချီလိတ်မှ သတိပေး ခေါင်းလောင်းသံ

မီးခိုးမြူ ဖုံးလွှမ်းခြင်းကို နှစ်စဉ် ခံစားနေရသည့် တာချီလိတ်မြို့သည် လေထု အရည်အသွေး တိုင်းတာခြင်းကို ယခုနှစ်တွင် မှ ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“၂၀၁၀ နောက်ပိုင်းမှာ မီးခိုးငွေ့တွေ ပိုဆိုးလာတယ်။ နှစ်စဉ်နှစ်တိုင်း တောင်ယာတွေ မီးရှို့တဲ့အတွက် ဖေဖော်ဝါရီနဲ့ မတ်လ တွေမှာဖြစ်တယ်။ ဒီနှစ်ကျတော့ လေထုအရည်အသွေး တိုင်းတာတဲ့အခါ ပိုပြီး ညစ်ညမ်းတယ်ဆိုတာ ထွက်လာတာပေါ့” ဟု ဒေသခံ ဦးဇော်မြင့်က ပြောသည်။

တောမီးလောင်ခြင်းသည် ရာသီဥတုနှင့် သက်ဆိုင်သကဲ့သို့ လူသားများ ကြောင့်လည်း ဖြစ်နိုင် ကြောင်း၊ တောမီးမရှို့ ကြရန် နှင့် တောမီး လောင်နေသည်ကို တွေ့ပါကလည်း သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားပြီး ငြိမ်းသတ်ရန်၊ တောင်ယာ မီးရှို့မှုများ မပြုလုပ်ဘဲ လှေကားထစ် စိုက်ပျိုးရေးကို ဆောင်ရွက်ရန် စသည်ဖြင့် အသိပညာပေးမှုများ ပြုလုပ်သင့်သည်ဟု လည်း ၎င်းက ဆိုသည်။

“ရာသီဥတုကြောင့်လည်း ဆိုင်တယ်။ နေပြည်တော်မှာ ပြီးခဲ့တဲ့ တလအတွင်းမှာ သူ့ ဘာသာနေရင်း ထိုင်ရင်းကနေ ချုံပုတ် တွေကနေ မီးထလောင်တာဖြစ်တယ်။ နှစ်တိုင်းလည်း ဖြစ်တယ်” ဟု ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က ပြောသည်။

ဆက်လက်၍ ၎င်းက Hot Spots များသည် တောမီး၊ တောင်ယာမီးများကြောင့် သာမက လမ်း လုပ်ငန်းများမှ ကတ္တရာပုံး မီး ရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်း စသည်ဖြင့် တခြားအကြောင်း များကြောင့် လည်း တိုင်းတာသည့် ဂြိုဟ်တုတွင် ပေါ်လာနိုင်ကြောင်း ရှင်းပြသည်။

“Traditional Method (တောင်ယာမီးရှို့ခြင်း) ကတော့ လက်ရှိ အနေအထားအရဆို မကောင်းဘူး ဆိုတဲ့ အနေအထားလေး တွေ့ရတဲ့အတွက် သက်ဆိုင်ရာ ဌာနအလိုက် ကျေးလက်ဒေသတွေမှာ တောင်ယာမီးရှို့တဲ့ အလုပ်တွေကို မလုပ်ကြဖို့ ပညာပေး စည်းရုံးတဲ့ ဟာမျိုးပဲ လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။

မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သဘာဝ ပတ်ဝန်းကျင် ရှုထောင့်အရ ကြည့်လျှင် အရှေ့တောင်အာရှ နိုင်ငံများသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု နာမည်ဆိုးဖြင့် ကျော်ကြားပြီး ထိုအထဲတွင် မြန်မာနိုင်ငံသည် အဆိုးဆုံး ဖြစ်ကြောင်း၊ ရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် တောမီးလောင်မှုများကို ကြိုတင်တားဆီးရန် မည်သို့မျှ မတတ်နိုင် ကြောင်း ဆိုသည်။

“တတ်နိုင်တဲ့ အပိုင်းကတော့ သစ်တောတွေ ထိန်းသိမ်းတာ။ လူတွေကို အသိပညာပေးတာ။ ကာကွယ်ရေး စနစ်တွေ ကောင်းအောင်လုပ်တာ။ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ သတင်း အချက်အလက်ကို အချိန်မရွေး ရနိုင်တဲ့ စနစ်တွေ အစိုးရက လုပ်ပေးနိုင်ဖို့ လိုတယ်” ဟု ၎င်းက အကြံပြုသည်။

နိုင်ငံတကာ သတ်မှတ်ချက်တွင် PM 10 ပါဝင်မှု ညွှန်းကိန်း(AQI) သည် ၀ မှ ၅၀ အထိ ကောင်းမွန်၊ ၅၁ မှ ၁၀၀ အထိ အသင့်တင့်၊ ၁၀၁ မှ ၁၅၀ ကြားသည် ထိခိုက်ခံစားလွယ် အုပ်စုများအတွက် ကျန်းမာရေးထိခိုက်၊ ၁၅၁ မှ ၂၀၀ သည် ကျန်းမာရေး ထိခိုက်၊ ၂၀၁ မှ ၃၀၀ သည် ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ၃၀၁ မှ ၅၀၀ သည် အလွန် အန္တရာယ်ကြီးမားဟု ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တာချီလိတ်၏ လေထုအတွင်း အလွန်သေးငယ်သည့် အမှုန်အမွှား (PM10) ပါဝင်နှုန်းသည် အလွန် အန္တရာယ်ကြီးမားသည့် (Hazardous) အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းသည် နောင်လာမည့် နှစ်များအတွက် သတိပေး ခေါင်းလောင်သံပင် ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်

တာချီလိတ် မီးခိုးမြူ ယခင်နှစ်များထက် ပိုမိုဆိုးရွားနေ

တာချီလိတ်မှ မီးခိုးမြူများ အခြေအနေ သိရန် ဆန်းစစ်ဆဲဟု ဆို

ပြောင်းခင်းမီးမှ မီးခိုးမြူများ ချင်းမိုင်ကို ဒုက္ခပေးနေ

မီးခိုးများထူထပ်နေခြင်း အပေါ် ထိုင်းဘုရင် စိုးရိမ်မကင်းဖြစ်

တာချီလိတ် လေထုညစ်ညမ်းမှု အညွှန်းကိန်း ကျဆင်းသော်လည်း စိုးရိမ်မှုများရှိနေဆဲ

The post သတိပြုစရာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ပြဿနာ appeared first on ဧရာဝတီ.

မဲကွဲပေမယ့် အမုန်းမထားတဲ့ အင်ဒိုနီးရှားက အိမ်ကလေး

$
0
0

၂၀၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၌ ရွေးကောက်ပွဲများ ပြုလုပ်တော့မည် ဖြစ်သည်။ နေထိုင်သူ လူဦးရေ ၄၈.၆ သန်း ရှိပြီး တိုင်းပြည်တွင် လူဦးရေ အထူထပ်ဆုံး ပြည်နယ်ဖြစ် သော အနောက်ဂျာဗားက ရွေးကောက် ပွဲ စစ်မြေပြင်တွင် အရေးအကြီးဆုံးနေရာဖြစ်သည်။

၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို Joko Widodo သည် မဲဆန္ဒရှင် အများဆုံးရှိသောဆုတခု (အနောက် ဂျာဗားပြည်နယ်) ကို သူ၏ ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို Prabowo Subianto လက်သို့ မဲကွာခြားချက် ကြီးမားစွာ (၂၀ ရာခိုင်နှုန်း) ဖြင့် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှ စ၍ သူက ဆန်းဒါ Sunda လူမျိုးများ၏ ဇာတိမြေဖြစ်သော အနောက် ဂျာဗား ပြည်နယ်ကို အဓိက ပစ်မှတ်ထားခဲ့သည်။ လေဆိပ်သစ်များ၊ ရထားလမ်းများ၊ LRT (အပေါ့စား ရထား)များ၊ ဆည်များနှင့် အဝေးပြေးလမ်းများ အပါအဝင် အရေးပါသော အခြေခံ အဆောက်အဦး စီမံကိန်းများကို ဆက်တိုက် အကောင်အထည် ဖော်ခြင်းအားဖြင့် ဒေသကို ရက်ရက်ရောရော ထောက်ပံ့ခဲ့သည်။

မြို့ငယ်လေးတခု၏ မြို့တော်ဝန်ဘဝမှ သမ္မတဖြစ်လာသော ဂျိုကိုဝီက ဆုံးရှုံးခဲ့သည့် ထောက်ခံမှုများကို ပြန်လည်ရရှိခဲ့ပါသလား။ ဘာသာရေး ပညာရှင်တဦး ဖြစ်သည့် မာရုဖ်အာမင် Ma’ruf Amin ကို သူ၏ ဒု သမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းက သူ၏ အစ္စလမ်ယုံကြည်မှုအပေါ် အမြဲမပြတ် အပြစ်ရှာခံနေရခြင်းကို ဖြေရှင်း ပေးနိုင်ပါမည်လား။

ထိုခံစားချက်ကို သိရှိနိုင်ရန်အတွက် ကျနော်က Ceritalah အဖွဲ့နှင့် အတူ အနောက်ဂျာဗားမှ ဂျကာတာမြို့ ဆင်ခြေဖုံး ဘီကာဆီ Bekasi မြို့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။ အသက် ၃၈ နှစ် အရွယ် အင်ဂျင်နီယာတဦးဖြစ်သလို တက်ကြွလှုပ်ရှားသူတဦး အဖြစ်မှနေ၍ ကျောင်းဆရာ ဖြစ်လာသော ဆာပူထရို ဒွီ Saputro Dwi နှင့် အတူ အချိန်ဖြုန်းခဲ့ပါသည်။

ဆာပူထရို ဒွီက ပရာဘိုဝိုက အင်ဒိုနီးရှား စီးပွားရေးအပြောင်းအလဲကို ပိုဆောင်ကျဉ်းပေးနိုင်ကြောင်း ယုံသည်/ Ceritalah

ဆာပူထရို ဒွီ၏ ၆၀ စတုရန်မီတာ ရှိသော အိမ်ကျဉ်းကျဉ်းလေးထဲမှ နိုင်ငံရေး သစ္စာခံမှုများက ရှုပ်ထွေးမှုကို ဖော်ပြ နေသည်။ ပြည်နယ်အတွင်းမှ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အနေအထားမှာလည်း ထိုသို့ ဖြစ်လိမ့်မည်မှာ သံသ ယ ရှိစရာမလိုပါ။

သူနှင့် သူ့အဖေ မာရီဂျို Marijo တို့ ၂ ယောက်လုံးက ပရာဘိုဝိုကို အခိုင်အမာ ထောက်ခံကြသူများဖြစ်သည်။ အလယ်ဂျာဗားတွင် မွေးသော သူ့အမေကမူ ဂျိုကိုဝီ၏ ပရိသတ်တဦး ဖြစ်သည်။ သို့သော်လည်း သူ၏ ဇနီးဖြစ်သူ (ကျနော်တို့ မတွေ့ခဲ့ရပါ) မှာ ခင်ပွန်းဖြစ်သူက ဗိုလ်ချုပ်ကြီးဟောင်းကို ထောက်ခံရန် တိုက်တွန်းထားသည့်တိုင် ဘက်မလိုက် ကြားနေမှုကို ခိုင်ခိုင်မာမာ ထိန်းသိမ်းထားဆဲ ဖြစ်သည်။

အကယ်၍ မြို့တော်၏ အရှေ့ဘက်တွင် ရှိသည့် ဘီကာဆီမြို့ နှင့် ခရိုင်အကြောင်းကို သင်က ဂျကာတာတွင် တစုံတယောက်ကို မေးကြည့်မည်ဆိုပါက အခြားသော မည်သည့်နေရာနှင့် မဆို အလှမ်းကွာသည့်နေရာတခု ဟု သူတို့က သင့်ကို ပြောကြပါလိမ့်မည်။ ပူပြင်းသည်။ ပျင်းစရာကောင်းသည် သို့သော် အနည်းငယ်မျှ အန္တရယ် ရှိနိုင်သည်။

ပုံမှန်အားဖြင့် ဆိုလျှင် ဆင်ခြေဖုံးများက ချစ်စရာမကောင်းကြပါ။ ခရွိုင်ဒန် Croydon (လန်ဒန်တောင်ပိုင်းမှမြို့) နှင့် ဂျာစီစီးတီး Jersey City (နယူးယောက်မြို့ပြဧရိယာအတွင်း ပါဝင်သောမြို့) တို့ကို ပြည်သူများက အမြဲတမ်း နှိမ်ချပြောဆိုခဲ့ကြသည်။

မာရီဂျိုကလည်း ပရာဘိုဝိုကို အခိုင်အမာ ထောက်ခံသည်/ Ceritalah

ဘီကာဆီလည်း မထူးခြားပါ။ ဆွဲဆောင်မှု မရှိသော နေရာတခု ဖြစ်ပါသည်။ သို့သော်လည်း စုစုပေါင်း လူဦးရေ ၆.၃ သန်း ကို ၁.၅၀၀ စတုရန်းကီလိုမီတာနီးပါး အတွင်းသို့ ပြွတ်သိပ်ထည့်သွင်းထားခြင်းနှင့် အတူ သင် မည်သည့် အချိန် တွင်မှ မကြားဖူးခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး မြို့ပြ အချက်အချာတခုဖြစ်ပါသည်။ အနောက်ဂျာဗားတွင် နေထိုင်သူ လူဦးရေ၏ ၁၃ ရာခိုင်နှုန်းကိုလည်း ကိုယ်စားပြုပါသည်။

အမှန်တကယ်တွင် ဘီကာဆီက အင်ဒိုနီးရှား၏ စက်မှုလုပ်ငန်း အချက်အချာ နယ်မြေဖြစ်သည်။ ကြီးမားသော မော်တော် ကားစက်ရုံများ (Toyota မှသည် Honda နှင့် Wuling အထိ)၊ သိုလှောင်ရုံများ (Unilever ၏ အရှေ့တောင် အာရှတွင် အကြီးဆုံး ဖြန့်ဖြူးရေးစန်တာ အပါဝင်)၊ ရှော့ပင်းစန်တာများ၊ လူနေတိုက်ခန်းကွက်များနှင့် ကျယ်ပြန့်သော အိမ်ယာနေရာများ ရှိသည်။

မည်သို့ပင် ဖြစ်စေ စိုက်ပျိုးရေးလုပ်ကိုင်ခဲ့ကြသော ထိုနေရာ၏ အတိတ်က (မဖွံ့ဖြိုးမီဘဝတွင် မည်သို့ ရှိခဲ့သည်ကို ပြသသည့် သဲလွန်စများက) မည်သည့်အချိန်တွင်မျှ လုံးလုံးလျားလျား ပျောက်ကွယ်မသွားခဲ့ပါ။

ဆာပူထရို ဒွီ၏ အိမ်သို့ သွားသည့် လမ်းတွင် အခြားကမ္ဘာတခု၏ မြင်ကွင်းများကို လိုက်ကြည့်နေမိကြောင်း ကျနော့်ကိုယ်ကျနော် သတိထားမိခဲ့သည်။ သို့မဟုတ် အခြားခေတ်တခုဟု ကျနော်ပြောသင့်ပါသလား။

အင်ဒိုနီးရှားမြို့ပြ၏ ညစ်ပေမှုနှင့် မွဲပြာပြာနိုင်လွန်းခြင်းကြားတွင် အစီအစဉ်တကျမရှိဘဲ ရှုပ်ထွေးနေသည့် အိမ်များ၊ ဈေးဆိုင်ငယ်များဖြင့် ပြည့်ကျပ်နေသော ကျဉ်းမြောင်းသည့် လမ်းငယ်များနှင့် အတူ စက်ဘီးပေါ်တွင် ငါးမျှားတံများကို ဝှေ့ရမ်းနေသော လူငယ်များ၊ ဆိတ်များနှင့် သီးပင်စားပင်များ ရှိသည်။ (တချိန်က) မည်သည့်နေရာဖြစ်ခဲ့သည်ကို ဖော်ပြနေသည့် သင်္ကေတများဖြစ်ကြသည်။

အီဘူးစီမင်နီကမူ ဂျိုကိုဝီ ထောက်ခံသူဖြစ်သည်/ Ceritalah

ဆာပူထရို ဒွီက ဘီကာဆီသို့ သူ၏မိဘများနှင့် အတူ သူ ကလေးအရွယ်သာ ရှိသေးသည့် အချိန်တွင် ဂျကာတာမှ ပြောင်းရွှ့လာခဲ့သည်။ အပြင်ဖက် လမ်းငယ်ပေါ်တွင် ကလေးတစုက ဆူညံစွာကစားနေကြသော သူ၏ အိမ်ကလေး ထဲတွင် ထိုင်ရင်း ဆာပူထရို ဒွီက လယ်ကွင်းများနှင့် ချောင်းများအကြောင်း ပြန်ပြောပြသည်။ နောက်ပိုင်းတွင် ၎င်းတု့ိမှာ အိမ်ယာဖွံ့ဖြိုးရေး စီမံကိန်းများထဲတွင် ပါသွားခဲ့ကြသည်။

အနုပညာရှင်တယောက်၏ စိတ်နေစိတ်ထားရှိပြီး ဆူဟာတို အာဏာရှင် အစိုးရ၏ နောက်ဆုံးကာလများအတွင်းတွင် အရွယ်ရောက်ခဲ့သည့် ဆာပူထရို ဒွီက အခြားထောင်ပေါင်းများစွာသော သူများနှင့် အတူ တက်ကြွလှုပ်ရှားသူ တဦး ဖြစ်လာခဲ့သည်။

သူ၏ လူငယ်ဘဝ စိတ်အားထက်သန်မှုများကို ကျော်ဖြတ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူပတ်ဝန်းကျင် (လက် ကိုင်ဖုန်းများနှင့် အသုံးအဆောင်များ၏ ကမ္ဘာ)တွင် မြင်တွေ့နေရသော အရှိန်ရနေသည့် စားသုံးသူပဓာန ဝါဒကို ပို၍ သံသယ ဝင်လာသည်။ သူက သူ စံထားသော ပထမဆုံး သမ္မတ ဆူကာနို၏ အကြီးစား ပရိသတ်တယောက် ဖြစ်သော်လည်း လက်ရှိသမ္မတ ဂျိုကိုဝီ အပေါ်တွင် မယုံမကြည် ရှိနေဆဲ ဖြစ်သည်။

“ကျနော် အပြောင်းအလဲကို လိုချင်တယ်။ ကျနော်တို့ တိုင်းပြည်ကို ပိုကောင်းတဲ့နေရာတခုဆီကို ခေါ်သွားပေးမယ့် တစုံတယောက်ကို လိုချင်တယ်။ အလုပ်ရဖို့ ခက်တယ်၊ ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒီနေ့ခေတ်မှာ လူတိုင်းက စောဒက တက်နေကြတယ်။ ဒါကြောင့် ကျနော် ပရာဘိုဝိုကို ထောက်ခံခဲ့တယ်။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းပေးဖို့ သူက ကတိပြုတယ်။ အဲဒီအပြင် ကျနော်တို့က သမ္မတမဖြစ်ခင်ကထဲက ချမ်းသာပြီးသားဖြစ်တဲ့ ခေါင်းဆောင်တယောက်လိုတယ်။”

ဆာပူထရို ဒွီ၏ ဖခင်ဖြစ်သူ မာရီဂျိုက ပရာဘိုဝိုနှင့် ခိုင်မာသော ဆက်နွယ်မှုတခု ရှိခဲ့သည်။ ထင်ရှားသည့် Djojohadikusomo မိသားစု၏ ဆွေမျိုးတဦး ပိုင်ဆိုင်သော အကျွေးအမွေးကုမ္ပဏီတခုတွင် နှစ်ပေါင်း ၃၀ နီးပါး လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ဂျာကာတာ ဆင်ခြေဖုံး ဘီကာဆီမြို့/ Ceritalah

“ပရာဘိုဝို လက်ထပ်တဲ့ အချိန်မှာ ကျနော့် သူဌေးရဲ့ ကုမ္ပဏီက အကျွေးအမွေး တာဝန်ယူခဲ့ရတယ်။ ဝန်ထမ်းတွေ အ နေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူဌေး အမိန့်ကိုလိုက်နာရပါတယ်။ သူက အလုပ်ရှင်ကောင်း တ ယောက် ပါ။ ကျနော် မိသားစု တခုကို စောင့်ရှောက်နိုင်ခဲ့တယ်။ ဒီအိမ်ကို ဝယ်နိုင်ခဲ့တယ်။ ကလေး ၂ ယောက်ကို ပညာသင်ပေးနိုင်ခဲ့တယ်။”

မဲဆွယ်လှုပ်ရှားမှုတွင် လိုက်ပါနိုင်ခဲ့ခြင်း ရှိ/မရှိ ကျနော်မေးသည့်အခါ သူက ခေါင်းကိုခါသည်။ သူက သူ၏ ကိုယ်ပိုင် အလုပ်ဖြင့် အလွန် အလုပ်ရှုပ်နေခဲ့သည်။ သို့သော်လည်း နာမည်ကျော် ရုပ်သံ စီစဉ်တင်ဆက်သူ ကားနီအေးလ်ယက်စ် Karni Ilyas က ဦးဆောင်သော “အင်ဒိုနီးရှား ရှေ့နေကလပ်” အမည်ရှိ နိုင်ငံရေး အချေအတင် ဆွေးနွေးမှု အစီအစဉ် ကြည့်ခြင်းကို သူ သဘောကျသည်။

သို့သော် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး တယောက်ဖြစ်သော သူ့ ဇနီး အီဘူးစီမင်နီ Ibu Semini က ဂျိုကိုဝီ၏ အမာခံ ပရိသတ် တယောက်ဖြစ်သည်။ BPJS (အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်)မှ အကျိုးကျေးဇူး ရရှိနေခြင်းနှင့် အသစ်စက်စက် အဝေးပြေးလမ်းများကို မြင်တွေ့ရခြင်း တို့ ကြောင့် သူ၏ လေးစားမှုတို့က တိုး၍သာ လာခဲ့သည်။

“ဂျိုကိုဝီကို သူက ဆိုလို မြို့တော်ဝန် ဘဝကထဲက ထောက်ခံခဲ့ပါတယ်။ နောက်တော့သူက ဂျကာတာ အုပ်ချုပ်ရေး မှူး ဖြစ်လာတယ်။ သမ္မတဖြစ်လာတယ်။ ကျမ ဇာတိနဲ့ ဆိုလိုက အိမ်နီးချင်းဒေသတွေ ဖြစ်တဲ့အတွက် ကျမရဲ့ မဲက ဂျိုကိုဝီအတွက်ပဲ။”

သို့သော်လည်း မဲဆွယ်လှုပ်ရှားမှုက သူတို့၏ မိသားစု ဘဝကို သက်ရောက်မှု မရှိကြောင်း မာရီဂျို နှင့် အီဘူးစီမင်နီတို့ ၂ ဦးလုံးက ပြောသည်။ မာရီဂျိုက သူ့ ဇနီးဖြစ်သူကို TV တွင် ဂျိုကိုဝီ၏ မဲဆွယ်လှုပ်ရှားမှုများကို ကြည့်ခွင့် ပေးသည်။ ဇနီးဖြစ်သူကလည်း အပြန်အလှန် ခွင့်ပြုသည်။ သူတို့၏ ရပ်ကွက်ကလည်း တဘက်တည်းကို လိုက်သည့် အသွင်မရှိကြောင်းလည်း သူတို့က ရှင်းပြသည်။ မည်သူ ရွေးချယ်ခံရသည်ဖြစ်စေ သူတို့ လက်ခံကြမည်ဟု ၂ ဦးလုံးက သဘောတူထားခဲ့သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ သူတို့ ရှင်းပြသည်ကို နားထောင်ရခြင်းက စိတ်သက်သာစရာရနေသည်။ သူတို့၏ ပွင့်လင်းမှုက ရုပ်မြင်သံကြားနှင့် ဆိုရှယ်မီဒီယာပေါ်မှ ပြင်းထန်၍ စိတ်ဝမ်းကွဲစေသော ပြောဟောမှုများနှင့် ဆန့်ကျင်ဖက်ပင်။

အင်ဒိုနီးရှားနိုင်ငံသားများတွင် မဲပေးရန် အခွင့်အရေးတခု ရှိသော်လည်း ရွေးချယ်ခံရသူမည်သူဖြစ်စေ လေးစားရမည် ဟု မာရီဂျိုက မှတ်ချက်ချသည်။ အမုန်းစကားများနှင့် လှည့်ဖျားမှုများကိုလည်း သူတို့ အားလုံး မကြိုက်ကြပါ။

ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ တလွှားတွင် နိုင်ငံရေးသစ္စာခံမှုများက ကွဲပြားနေသည့်တိုင် အနည်းဆုံးတော့ ဘီကာဆီမှ ၆၀ စတုရန်း မီတာ ကျယ်သည့် အိမ်တလုံးတွင် မိသားစုတစုက ဧပြီလ ၁၇ ရက်တွင် မည်သူ အနိုင်ရခဲ့သည် ဖြစ်စေ ရှေ့သို့သာ ဆက်လက်ချီတက်ကြပါလိမ့်မည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

The post မဲကွဲပေမယ့် အမုန်းမထားတဲ့ အင်ဒိုနီးရှားက အိမ်ကလေး appeared first on ဧရာဝတီ.

တရုတ်ဖိအားနဲ့ မြစ်ဆုံဆည်ဆန့်ကျင်ရေး

$
0
0

အနီးရှိကျေးရွာတခုတွင် နေထိုင်သူအားလုံးကို အာဏာပိုင်များက မြစ်တဖက်ကမ်းသို့ အတင်းအကျပ် ပြောင်းရွေ့ရသည့်နေ့ကို ဒေါ်ဂျာခေါန် မှတ်မိနေသေးသည်။ ထိုအချိန်မှာ၂၀၁၀ ခုနှစ်မေလက ဖြစ်သည်။ မလိဇွပ် ကျေးရွာသားများကို ၎င်းတို့ပိုင်ဆိုင်သမျှ သိမ်းဆည်းရန် အချိန် ၃ ရက်သာပေးခဲ့သည်။

မွေးမြူထားသော တိရစ္ဆာန်များအား စုစည်းပြီး ပိုင်ဆိုင်သမျှကို သယ်ဆောင်ကာ ထွက်ခွာသွားရသော ကျေးရွာသားများကို သူမြင်ခဲ့သည်။ လေးလံသောခြေလှမ်းများဖြင့် မြစ်တဖက်ကမ်းရှိ နေရာသစ်သို့ ထွက်ခွာကြရသည်။ အချို့က ထွက်ခွာသွားရင်း မျက်ရည်ကျနေကြသည်။

နောက်နှစ် ဧပြီလတွင် ထိုစဉ်က တန်ဖဲ ကျေးရွာတွင်နေထိုင်သော ဒေါ်ဂျာခေါန်သည်လည်း မလိဇွပ်ကျေးရွာသားများကဲ့သို့ပင် ကံကြမ္မာဆိုးနှင့် ကြုံရသည်။ သူတို့တရွာလုံးကိုလည်း ၈ မိုင်ခန့်ဝေးသည့် နေရာသစ်ဖြစ်သော အောင်မြင်သာရွာသို့ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့သည်။

ထိုသို့ အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း၏ အကြောင်းရင်းမှာ နိုင်ငံတော် လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(SPIC) ဟု ယခုခေါ်သည့် တရုတ်လျှပ်စစ်ဓါတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(CPI) က တည်ဆောက်မည့် အကြီးစားဆည်ကြီးအတွက် ပြောင်းရွှေ့ပေးရခြင်းပင်ဖြစ်သည်။

“ဒီမှာနေရတာကို မကြိုက်ဘူး။ ကိုယ့်ရွာကိုပဲ ပြန်ချင်တယ်” ဟု ဒေါ်ဂျာခေါန်က ပြောသည်။ မေခနှင့် မလိခမြစ်ဆုံရှိ ရွာဟောင်းကိုသာ သူ သတိရနေသည်။ အောင်မြင်သာနေရာသစ်သည် ကျောက်မြေနီတွင်တည်ဆောက်ထားသောကြောင့် စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဘဝသည် ကြမ်းတမ်းခက်ခဲသည်။

တခါက ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် မြေဧက အများအပြား ပိုင်ဆိုင်သူ ယခု အသက် ၅၃ နှစ်အရွယ်ရှိ ကချင်တိုင်းရင်းသူ ဂျာခေါန်နှင့် အမျိုးသမီးများသည် လူထုအခြေပြု အဖွဲ့စည်းများ အကူအညီဖြင့် အော်ဂဲနစ်ဆပ်ပြာများ၊ ဒေသထွက်မုန့်များနှင့် ‘ဆည်အလိုမရှိ’၊‘ဧရာဝတီ သက်တော်ရှည်ပါစေ’ စသည့်စာတမ်းများ ရေးထိုးထားသည့် တီရှပ်များ ရောင်းချသော ဆိုင်ကို မြစ်ဆုံတွင် ဖွင့်လှစ်ထားသည်။ ပြောင်းရွေ့ခံရသော ရွာသားအချို့မှာ ဈေးသည်အဖြစ် မြစ်ဆုံတွင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

ဧရာဝတီမြစ်ထဲတွင် မပြီးသေးသော စီမံကိန်းဝင် အင်္ဂတေထောက်တိုင်များကို ၂၀၁၉ ခုနှစ် မတ်လအတွင်းက မြင်ခဲ့ရစဉ်/ နန်းလွင်

ကချင်ပြည်နယ်၏ လှပထင်ရှားသော နေရာများအနက် တခုနှင့် ဧည့်သည်များ မဖြစ်မနေ လာရောက်လေ့ရှိသည့် မြစ်ဆုံသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ် ပေါ်ပေါက်လာစေသည့် မေခနှင့် မလိခမြစ်များ ဆုံစည်းသောနေရာ ဖြစ်သည်။ ထိုမြစ်ဆုံသည် ဇီဝမျိုးကွဲနှင့် သဘာဝအမွေအနှစ် ကြွယ်ဝသောနေရာအဖြစ် ကမ္ဘာ့ သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အသိအမှတ်ပြုထားသည်။ မကြာသေးမီက ထိုနေရာသို့ ဧရာဝတီသတင်းဌာနက သွားရောက်ခဲ့ရာတရုတ်ခရီးသည်များ ဘတ်စ်ကားတစင်းစာ လာရောက်လည်ပတ်သည်ကို တွေ့ခဲ့ရသည်။

ဧရာဝတီမြစ်ဆုံမှ တောင်ဖက်သို့ ၂၅မိနစ်ခန့် လှေခရီးတွင် အမေရိကန်ဒေါ်လာ ၃.၆ ဘီလျှံ ကုန်ကျမည်ဟု ခန့်မှန်းရသည့် ဒေသတွင်း အကြီးမားဆုံး ရေအားလျှပ်စစ် စီမံကိန်းများအနက် တခုဖြစ်သည့် ၆၀၀၀ မဂ္ဂါဝပ် ထုတ်နိုင်မည့် မြစ်ဆုံဆည်ကို တည်ဆောက်မည်ဖြစ်သည်။ CPI သည် ထိုစီမံကိန်းကိုရွှေ့ပြောင်းရသော ရွာများ တည်ဆောက်ရေးဖြင့် ၂၀၀၉ ခုနှစ်က စတင်ခဲ့သည်။ ပြန်လည်နေရာချထားပေးသော ရွာ ၂ ရွာ ဖြစ်သည့် အောင်မြင်သာနှင့် မလိယမ်ရွာတို့မှာ ဧရာဝတီမြစ် တဘက်ကမ်းတွင် မျက်နှာချင်းဆိုင် တည်ရှိသည်။

နားလည်မှုစာချွန်လွှာကို အဆင့်မြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ကာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် အကူအညီ တောင်းခံပြီးနောက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် CPI အကြား လက်မှတ်ရေးထိုးခဲ့သည်။

မြစ်ဆုံနှင့် ၄ ကီလိုမီတာ အဝေး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ်ရှိ တရုတ်ကုမ္ပဏီဝင်းအနီး မပြီးပြတ်သေးသော တိုင်များ/ နန်းလွင်

သမ္မတဟောင်း ဦးသိန်းစိန် စတင်တာဝန်ယူသောအခါ လူထုအကြားတွင် ထိုစီမံကိန်းကို အပြင်းအထန် ဆန့်ကျင်မှု စတင်ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းသူများက ရေကာတာ စီမံကိန်း ပြုလုပ်မည့်နေရာတွင် ကမ္ဘာ့ပေါ်တွင် အမြင့်မားဆုံး ဇီဝမျိုးကွဲများရှိနေပြီး ရေကာတာကြောင့် ဧရာဝတီမြစ်ရဲ့ သဘာဝအလှအပနဲ့ ရေစီးဆင်းမှုကို ထိခိုက်လိမ့်မည်ဟု သတိပေးထားသည်။ရေကာတာကြောင့် ရေနစ်မြုပ်နိုင်သော ဧရိယာမှာ စင်ကာပူနိုင်ငံ အရွယ်အစားရှိပြီး လူပေါင်းတစ်သောင်းခန့် ရွေ့ပြောင်းရလိမ့်မည်ဟု ခန့်မှန်းထားသည်။

ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများကြောင့် မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့လိုက်ကြောင်း ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကြေညာသည်။ သို့သော် တရုတ်အစိုးရသည် ကြီးထွားနေသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် စိတ်ထက်သန်ပြီး ဆည်လုပ်ငန်းပြန်လည်စတင်ရေး မျှော်လင့်ချက်ကို လက်မလွှတ်ခဲ့ပေ။

မကြာသေးမီ လများအတွင်း တရုတ်အစိုးရသည် ၎င်း၏ ရည်ရွယ်ချက်ကို ပိုမိုပြသလာပြီး ကချင်ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်ရန်ပင် ခြိမ်းခြောက်လာပြီး ထိုစီမံကိန်းသည် ၎င်း၏ ရည်မှန်းချက်ကြီးလှသော ရပ်ဝန်းတခုလမ်းတခု အစီအစဉ်( BRI) ၏ အစိတ်အပိုင်းဖြစ်ကြောင်း အတည်ပြုပြောဆိုလာသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စဉ်က အတိုက်အခံခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရချုပ်ဆိုခဲ့သော ထိုစာချုပ်ပါ အချက်များကို လူသိရှင်ကြားထုတ်ပြန်မည်ဟု ကတိပေးခဲ့သည်။ သို့သော် နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်လာသောအခါ ထိုစီမံကိန်းနှင့်ပတ်သက်သည့် သူ၏ ရပ်တည်မှုကိုပင် ထုတ်ဖေါ်ပြောဆိုခြင်း မပြုတော့ပေ။

မကြာသေးမီကဆိုလျှင် လူထုအနေဖြင့် ထိုစီမံကိန်းနှင့်ပတ်သက်ပြီး အမြင်ကျယ်ရန်ပင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြီး ယခင်အစိုးရများလုပ်ခဲ့သည့် စီမံကိန်းများကို ယခု သူ၏အစိုးရမူဝါဒများနှင့် မကိုက်ညီသောကြောင့် မရုပ်သိမ်းသင့်ကြောင်းပင် ပြောခဲ့သေးသည်။ ထိုပြောဆိုချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် တရုတ်အစိုးရ၏ ဆန္ဒ အထူးသဖြင့် မြစ်ဆုံနှင့် ပတ်သက်လျှင် တရုတ်အစိုးရဘက်သို့ တိမ်းညွတ်လိမ့်မည် ဟူသည့် ပူပန်မှုများကိုပင် ဖြစ်စေခဲ့သည်။

လွန်ခဲ့သောနှစ် နိုဝင်ဘာလမှ စတင်ပြီး SPIC အရာရှိများသည် ကျေးရွာ နေအိမ်များကို သွားပြီး ဒေသခံများ၏ လိုအပ်ချက်များကို မေးကာ မြစ်ဆုံစီမံကိန်းသည် ဒေသခံများ၏ ဘဝကို တိုးတက်စေမည်ဟု ပြောဆိုနေကြသည်။ လူထုတွေ့ဆုံပွဲများတွင် ထိုဆည်စီမံကိန်းကို ကမ္ဘာ့အကောင်းဆုံး ဆည်တည်ဆောက်သူများနှင့် အကောင်အထည်ဖေါ်မည်ဟု SPIC က စီမံကိန်းအနီးမှ ဒေသခံများကို ပြောကြသည်။

“ သူတို့ရဲ့လုပ်ရပ်က မူမမှန်ဘူး။ ကျမတို့တွေကြားမှာ ဒီစီမံကိန်း ပြန်စတော့မယ်လို့ တီးတိုးပြောနေကြတယ်” ဟု ဒေါ်ဂျာခေါန်က ပြောသည်။ “သူတို့ဆီက ကျမတို့ ဘာမှ မလိုချင်ဘူး။ တကယ်လို့ ယူလိုက်မိရင် သူတို့ပြောတာကို လိုက်နာဖို့ ကျမတို့ကို အကျပ်ကိုင်လိမ့်မယ်” ဟုလည်း သူပြောသည်။

နေရာသစ်မှ အခက်အခဲ

၈ နှစ်နီးပါးကြာပြီးသည့်တိုင် ရွာသားများသည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများအတွက် တရုတ်ကုမ္ပဏီက တည်ဆောက်ထားသည့် ရွာသစ်ဖြစ်သော အောင်မြင်သာတွင် အခြေကျသည်ဟု မခံစားရပေ။

ပတ်ဝန်းကျင်သစ်တွင် နေထိုင်ရခြင်း၊ ဘုရားကျောင်းသစ်သို့ တနင်္ဂနွေနေ့တိုင်း သွားရခြင်းနှင့် မျိုးဆက်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော အသက်မွေးဝမ်းကြောင်း ဆုံးရှုံးရခြင်းတို့ကြောင့် သူတို့သည် တနေ့တွင် ဇာတိရပ်ရွာသို့ ပြန်နိုင်မည်၊ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းမည်ဟူသော မျှော်လင့်ချက်ကို မွေးမြူထားကြသည်။

ရွှေ့ပြောင်းခံ ဒေသခံများ ထင်းရှာထွက်လာစဉ်/ Reuters

“စီမံကန်းကို ဆိုင်းငံ့လိုက်ကတည်းက ကိုယ့်နေရာကို ပြန်ရလိမ့်မယ်လို့ပဲ ထင်ခဲ့ကြတယ်” ဟု တန်ဖဲကျေးရွာမှ အောင်မြင်သာ ပြန်နေရာချထားရေးစခန်းသို့ ပြောင်းရွှေ့လာခဲ့ရသူ ဒေါ်ရွယ်ဂျားက ပြောသည်။

“အခု လူက ဒီမှာရောက်နေပေမယ့် စိတ်က ဟိုမှာပဲ ရှိနေတာ။ ဒါ နေခဲ့တဲ့နေရာဟောင်းလေ” ဟု သူပြောသည်။

၎င်းတို့ကို ပြန်လည်နေရာချထားပေးသော နေရာသည် စိုက်ပျိုးထွန်ရက် မရသောနေရာဖြစ်သောကြောင့် အောင်မြင်သာတွင် နေထိုင်ရသောဘဝမှာ ခက်ခဲသည်။ ထိုကြောင့် ဒေသခံလူမှုအသိုင်းအဝန်းများသည် ဆင်းရဲတွင်း ပိုမိုနက်ပြီး အခက်အခဲကြုံရသည်။ ဘဝကို ဘာမျှမရှိသည့်ဘဝမှပြန်လည်စတင်ရန် ဖိအားပေးခံရသည့်သဘော ဖြစ်နေသည်။

 

“ဒီမှာ လယ်စိုက်လို့ မရဘူး။ မြေက ကျောက်မြေတွေ ပြည့်နေတယ်” ဟု ဒေါ်ဂျာခေါန် ပြောသည်။

သူမ၏ ယခင်ကျေးရွာဖြစ်သော တန်ဖဲရွာသည် ရွှေ့ပြောင်းတောင်ယာ၊ သစ်တောထွက်ပစ္စည်း ရှာဖွေခြင်း၊ မြစ်တလျှောက် ရွှေကျင်ခြင်း၊ ငါးဖမ်းခြင်း၊ ကုန်စုံဆိုင်ငယ်ဖွင့်ခြင်း၊ ဝါးရောင်းဝယ်ခြင်း၊ သစ်ခွစိုက်ခြင်းစသည်တို့အပါအဝင် အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းများနှင့် ဝင်ငွေရင်းမြစ်များပေးနိုင်သည်။ ထိုကဲ့သို့သော စီးပွားရေးလုပ်ငန်းဆောင်တာများ အားလုံးကို ဒေသစီးပွားရေးကရေရှည်တည်တံ့အောင် ထိန်းသိမ်းထားပြီး ပိုမိုကျယ်ပြန့်သော ဈေးကွက်အပေါ် မှီခိုရခြင်း မရှိသလောက်ပင်ဖြစ်သည်။ ဒေသ သဘာဝပတ်ဝန်းကျင်အပေါ် မှီခိုသော ဒေသစီးပွားရေးသည် ရေရှည်တည်တံ့နေသည်မှာ မျိုးဆက်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်ပြီး ဒေသခံလူမှုအသိုင်းအဝန်း ဘဝ လုံလောက်မှုကို ပေးသည်။

၂၀၀၆ ခုနှစ်က ကျိန်ခရမ် မြစ်ရေလျှံသောအခါ ယခုအောင်မြင်သာကျေးရွာ တည်ရှိသောနေရာသည် ရေနစ်မြုပ်သွားသည်။ အပေါ်ယံမြေလွှာနှင့် မြေဆီမြေနှစ်များ ရေတိုက်စားခံရပြီး ထိုနေရာနှင့်အောင်မြင်သာ ပတ်ဝန်းကျင်သည် တိရိစ္ဆာန်ထိန်းကျောင်းရန်နှင့် သီးနှံစိုက်ပျိုးရန် သင့်တော်ခြင်း မရှိတော့ပေ။ ထိုနေရာသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် သဘာဝရင်းမြစ်များကို အသုံးပြုရန်အခွင့်အလမ်းလည်း နည်းပါးသလို ငါးဖမ်းခြင်း၊ ရွှေကျင်ခြင်းတို့ကို လုပ်ကိုင်ရန် ကောင်းသောနေရာလည်း မဟုတ်ပေ။ ရွာအနီးရှိ မြေများကို ပုဂ္ဂလိကကုမ္ပဏီကြီးများက ပိုင်ဆိုင်ကြသောကြောင့် ရွာသားများမှာ ထင်းကောက်ရန်ပင် မတတ်နိုင်ကြပေ။

“ အားလုံးရဲ့ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေ အကုန်နီးပါး ပျက်စီးသွားတယ်” ဟု ဒေါ်ရွယ်ဂျားပြောသည်။

ရွာသားအများစုကို စိုက်ပျိုးရန် အစားထိုးမြေကွက်များ ပေးလျှော်ခဲ့သော်လည်း ထိုမြေများသည်ပြန်လည်နေရာချထားသော နေရာမှ ၈ မိုင်၊ ၉ မိုင်ဝေးသည်။ “အရင်က ကိုယ်ခြံထဲမှာ ကိုယ်စိုက်ထားတာကို စားလို့ ရတယ်။ ဒါကြောင့် ဘာမှကို ဝယ်စရာ မလိုဘူး” ဟုလည်း သူပြောသည်။

“အခုဆိုရင် အသက်မွေးဝမ်းကြောင်းအတွက် ငွေလိုတာကြောင့် အများစုက ကလေးတွေကို တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်ခိုင်းရတယ်” ဟုလည်း သူပြောသည်။

လယ်ယာ စိုက်ပျိုးနိုင်ခြင်း မရှိသောကြောင့် ရွာသားများသည် SPIC က ပုံမှန်ထောက်ပံ့နေသောဆန်ကိုသာ မှီခိုနေရသည်။ SPIC သည် ၃ လ တကြိမ် ဆန်ထောက်ပံ့ရန် တာဝန်ရှိသော်လည်း တခါတရံအကြောင်းမဲ့ပျက်ကွက်သည်ဟု ရွာသားများပြောသည်။

မြစ်ဆုံဆည်ကို ဆန့်ကျင်ကန့်ကွက်ရာတွင် ပါဝင်သောကြောင့် ၂၀၁၄ ခုနှစ်တွင် SPIC က ဆန်ထောက်ပံ့မှု ရပ်တန့်သူများတွင် ဒေါ်ဂျာခေါန် သည်လည်း တဦးအပါအဝင် ဖြစ်သည်။ ၎င်းတို့၏ ဒုက္ခများကို မီဒီယာများအား ပြောဆိုသော ရွာသားများကိုလည်း SPIC က ဆန်ထောက်ပံ့မှုဖြတ်တောက်သည်ဟု ဆိုသည်။

“မီဒီယာနဲ့ စကားပြောလိုက်ရင် ဆန်ထောက်ပံ့တာ ရပ်လိုက်တယ်” ဟု ဒေါ်ရွယ်ဂျားက ပြောသည်။

အစိုးရ သတင်းစာတစောင်၏ အဆိုအရ ထိုတရုတ်ကုမ္ဗဏီသည် ကျေးရွာများ နေရာချထားရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် သုံးစွဲခဲ့သည်ဟု ဆိုသည်။ သို့သော် ရွာသားများသည်ရွှေ့ပြောင်းသော ကျေးရွာရှိ သစ်အပေါစားနှင့် ဆောက်ထားသောကြောင့် ၎င်းတို့နေအိမ်များ၏ အကြီးစားပြင်ဆင်မှုများကို ၎င်းတို့ဘာသာ လုပ်ကိုင်ရကြောင်း ရွာသားများပြောသည်။ ထိုအိမ်အများစုသည် မိုးယိုခြင်း၊ လေပြင်းတိုက်ရင် လှုပ်ခါနေခြင်း စသည်တို့ဖြစ်နေသည်ဟု ဆိုသည်။ ပြတင်းပေါက်များ တံခါးများသည်လည်း အံဝင်ဂွင်ကျ မရှိတော့ပေ။ “အိမ်က အပြင်ကနေကြည့်လိုက်ရင်တော့ တောင့်တောင့်တင်းတင်ပဲ။ ဒါပေမယ့် အတွင်းပိုင်းမှာတော့ ပျက်စီးနေတာ။ တခြားရွေးစရာမရှိတော့ ကိုယ့်ဖာသာပဲ ပြင်ဆင်နေထိုင်ကြရတယ်” ဟုလည်း သူရှင်းပြသည်။

ဧရာဝတီသတင်းဌာနသည် အောင်မြင်သာကျေးရွာသို့လည်း သွားရောက်ခဲ့ပြီး အိမ်အများအပြားကိုရွာသားများက ပြင်ဆင်ထားကြသည်ကို တွေ့ခဲ့ရသည်။

ပိုင်ရှင်များ ရွှေ့ပြောင်းခံရပြီး ၅ လအကြာ ပျက်စီးနေသော အိမ်တအိမ်/ Supplied

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု

ပြန်လည်နေရာချထားရေးလုပ်ငန်းများ ပြီးစီးချိန်မှ စတင်ပြီး ရွှေတူးဖေါ်ရေး ကုမ္ပဏီကြီးများသည်ဆည်၏ ရေလှောင်ကန်နေရာတွင် ရွှေတူးဖေါ်နေကြကြောင်း ဒေသခံလူမှုအဖြေပြုအဖွဲ့အစည်းတခု၏ အစီရင်ခံစာဖြစ်သော “လျစ်လျူရှုခံတို့၏အသံများ” အမည်ရှိ အစီရင်ခံစာက ဆိုသည်။

ထိုရွှေတူးဖေါ်ရေးလုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပြီး စိမ်းလန်းနက်မှောင်သောသစ်တောကြီးများကို မြေဆီမြေနှစ် ကင်းမဲ့ဒေသဖြစ်စေကာ တောရိုင်းတိရစ္ဆာန်များ ဆက်လက်ရှင်သန်နိုင်ရန် နေရာမကျန်တော့ကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

မေခနှင့် မလိခ ပေါင်းဆုံရာ/ နန်းလွင်

တခါက မြစ်ရေကြည်လင်လှသော မြစ်ဆုံတွင် ယခုအခါ တိုက်စားခံနှုန်းများကြောင့် ရွံ့နှစ်ရောင်ရေကိုသာ မြင်တွေ့နိုင်သည်။

တခါက ဧည့်သည်များ လာရောက်သောနေရာဖြစ်သည့် မေခမြစ်ကမ်းဘက်သို့ ယခုအခါ သွားရောက်ခွင့် ပိတ်ပင်ထားသည်။ စီမံကိန်းနေရာများကို ဆက်သွယ်သောလမ်းတခုကို တရုတ်ကုမ္ပဏီတခုက တောင်များပေါ်တွင် ပတ်ပြီး ဖေါက်ထားသည်။ မြစ်ဆုံမှ ၄ ကီလိုမီတာခန့် ကွာဝေးသောနေရာတွင် SPIC သည် ကမ်းနှစ်ဖက်လုံးတွင် အဆောက်အအုံများ တည်ဆောက်ထားပြီးဖြစ်သည်။ လုံခြုံရေးဝန်ထမ်းများထားရှိပြီး မြစ်ကမ်း၂ဖက်လုံးတွင် မည်သည့်လှေမျှ မဆိုက်ကပ်စေရန် တားမြစ်ထားသည်။

၂၀၁၀ ခုနှစ်မှ စတင်ပြီး ရွာသားများသည် ၎င်းတို့၏ လယ်တောအိမ်များနှင့် လယ်မြေများသို့ သွားရောက်ခွင့် မရတော့ပေ။ ထိုလယ်မြေများအားလုံး အစိုးရက အစိုးရပိုင်နေရာများအဖြစ် ကန့်သတ် သတ်မှတ်လိုက်သည်။ ၎င်းတို့ လယ်တောသို့ ပြန်သော ကျေးရွာသား ၅၀ ကျော်တို့ကို ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများက ခေတ္တဖမ်းဆီးခဲ့ကြောင်း ဒေသခံ လူမှုအခြေပြုအဖွဲ့အစည်းများကပြောသည်။ ထိုဖမ်းဆီးခံရသူများ လွတ်မြောက်ရေးအတွက် အလဲအလှယ်အနေဖြင့် ရွာသားအချို့မှာ ရွာဟောင်းသို့ မည်သည့်အကြောင်းကြောင့်မျှ ပြန်မည် မဟုတ်ကြောင်း ခံဝန်လက်မှတ်ရေးထိုးရသည်ဟုလည်း ဆိုသည်။

ထိုကုမ္ပဏီသည် ဆည်တည်ဆောက်ရေးအတွက် မြေညှိစဉ် မြေပေါ်၊ မြေအောက်နှင့် မြစ်ဆုံပတ်ဝန်းကျင်မှ သယံဇာတများကို ထုတ်ယူရန်၊ သစ်ပင်ကြီးငယ်များ အားလုံးကို ခုတ်လှဲရန်စက်ယန္တရားကြီးများကို ယူဆောင်လာသည်ဟု ရွာသားများ၏အဆိုအရ သိရသည်။

“စီမံကိန်းကို ဆိုင်းငံ့လိုက်တာတောင်မှ ဒီကုမ္ပဏီက ကျမတို့ရဲ့မြေကို ပိုင်နေသေးတယ်” ဟု ဒေါ်ရွယ်ဂျား ပြောသည်။

“စီမံကိန်းစပြီး တနှစ်လောက်ကြာတော့ တောင်တွေပေါ်မှာ ဘာပင်မှ မရှိတော့ဘူး” ဟု ဒေါ်ဂျာခေါန် က မေခမြစ်ကမ်းတလျှောက်ရှိ တောင်များကို လက်ညှိုးထိုးကာ ပြောသည်။ “စီမံကိန်း ဆိုင်းငံ့လိုက်တော့မှ သစ်ပင်တွေ ပြန်ပေါက်လာတာ။ ဒါပေမယ့် ကြည်လင်တဲ့ရေကတော့ ပျက်သွားပြီ” ဟုလည်း သူဆက်ပြောသည်။

မြစ်ဆုံအတွက် သွေးစည်းညီညွတ်မှု

တရုတ်အစိုးရက မကြာသေးမီက ဖိအားပေးလိုက်သောကြောင့် မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်မှုများ နိုင်ငံတဝန်းတွင် အသစ်တဖန် ပေါ်ပေါက်လာသည်။ တရုတ်သံအမတ် ဟုန်လျှံသည် လွန်ခဲ့သောဒီဇင်ဘာလကုန်က ကချင်ပြည်နယ်သို့ သွားရောက်လည်ပတ်ပြီးနောက် ကချင်တိုင်းရင်းသားများသည်ဆည်တည်ဆောက်ခြင်းကို မဆန့်ကျင်ကြောင်း ပြောလိုက်သောကြောင့် ထိုသို့ ဆန့်ကျင်မှုများပေါ်ပေါက်လာခြင်းဖြစ်သည်။

မကြာသေးမီကဆိုလျှင်လည်း ကချင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးကို ထောက်ခံရန် ယူနန်ပြည်နယ်မှ အဆင့်မြင့်ခေါင်းဆောင်များက တရုတ်နယ်စပ်မြို့ ရွှေလီတွင် တွေ့ဆုံပြောကြားခဲ့သည်။ ယူနန်ပြည်နယ် ထိပ်တန်းခေါင်းဆောင်များ ကချင်နှစ်ခြင်းအသင်းတော်(KBC) ကိုယ်စားလှယ်များအကြား အစည်းအဝေးတွင် တရုတ်အရာရှိများက မြစ်ဆုံဆည်သည် တရုတ်သမ္မတရှီ၏ ဦးစားပေးစီမံကိန်းဖြစ်ကြောင်းနှင့် ထိုဆည်နှင့်ပတ်သက်ပြီး ၎င်းတို့ဘက်ကသဘောထားပြောင်းလဲခြင်း မရှိကြောင်း ပြောခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံက မြစ်ဆုံဆည်ကို ပြန်လည်စတင်ရန် တွန်းအားပေးပြီးနောက် လွန်ခဲ့သောအပတ်များအတွင်း ရန်ုကုန်၊ မြစ်ကြီးနား၊ ပုသိမ်အပါအဝင် အဓိက မြို့ကြီးများတွင် မြစ်ဆုံဆည်ကိုဆန့်ကျင်သော ကန့်ကွက်ပွဲများ ပေါ်ပေါက်လာသည်။

၂၀၁၉ ဖေဖော်ဝါရီလ ဆန္ဒပြပွဲတွင် မြစ်ဆုံဆည် အလိုမရှိကြောင်း တရုတ်စာဖြင့် ရေးသော ပိုစတာ/ Supplied

ကချင်လူမှုအသိုင်းအဝန်းမှ လူတစ်သောင်းခန့် ပါဝင်သည့်မြစ်ဆုံဆည်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတခုကို ဖေဖေါ်ဝါရီလက ဦးဆောင်ကျင်းပပြီးနောက် ဒေါ်ဂျာခေါင်န်သည် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရေးဥပဒေ ပုဒ်မ ၂၀ အရ တရားစွဲဆိုခံရသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ၁၉ ကီလိုမီတာခန့်ဝေးသော ဝိုင်းမော်တွင်လည်း ဒေသခံ ၄၀၀၀ တို့သည် မြစ်ဆုံဆည်စီမံကိန်းကို ဧပြီလဆန်းတွင် ထပ်မံ ဆန့်ကျင်ကန့်ကွက်ရန် စီစဉ်ထားသည်။ ဝိုင်းမော်သည် စီမံကိန်း၏ မြစ်အောက်ဖက်ရှိမြို့နယ်တခုဖြစ်ပြီး ဆည်ကျိုးပေါက်ပါက ၎င်းတို့၏နေအိမ်များကို ရေလွှမ်းမိုးခံရမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

“ဒီဆန္ဒပြပွဲ တမြို့လုံး ပါဝင်မယ်။ တရုတ်သံအမတ်ရဲ့ ပြောစကားတွေဟာ မှားယွင်းကြောင်းသက်သေပြမယ်” ဟု ဝိုင်းမော်မြို့နယ် မြစ်ဆုံကော်မတီ ဥက္ကဌ ဝုယန်ကျေးရွာမှ ဘောင်ဆောင်မ်ပြောသည်။

“တရုတ်နိုင်ငံက ဒီစီမံကိန်းကို အမြန်ပြန်စချင်တာနဲ့ အပြင်းအထန် တွန်းအားပေးနေတာ” ဟုလည်း သူပြောသည်။

မြစ်ဆုံဆည်ကို အကန့်အသတ်မရှိ ဆိုင်းငံ့မည် သို့မဟုတ် ပြန်လည်စတင်မည်နှင့်ပတ်သက်ပြီး ပါတီ၏ရပ်တည်ချက်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသောကြောင့် အာဏာရပါတီအပေါ် စိတ်ပျက်မှု များသည်လည်း ဒေသခံများအကြားတွင်သာမက ဆည်တည်ဆောက်ရေးလုပ်ငန်းများကို ဆန့်ကျင်သူများအကြားတွင် ပေါ်ပေါက်လာနေသည်။

“ကျနော်တို့က ရှင်းလင်းတဲ့အဖြေပဲ လိုချင်တယ်။ နေ့နေ့ညည စိုးရိမ်ပူပန် မနေချင်ဘူး” ဟု ဘောင်ဆောင်မ်ပြောသည်။

ထင်ရှားသော ကချင်နိုင်ငံရေးသမားဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP) ဥက္ကဌ မနမ်တူးဂျာသည် ဒီဇင်ဘာလက တရုတ်သံအမတ်ကြီးကို တွေ့ဆုံခဲ့ရာတွင်လည်း မြစ်ဆုံဆည်ကို ကချင်လူမှုအသိုင်းအဝန်းက ပြင်းထန်စွာ ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။

“ကျနော်တို့က ကချင်ပြည်သူလူထုကို ကိုယ်စားပြုမှန်း သူတို့သိတယ်။ ဒါကြောင့်မို့ သူတို့က ကျနော်တို့ကို ချဉ်းကပ်လာတာ” ဟု သူပြောသည်။

ဒေသခံများ၏ ဆည်ဆန့်ကျင်ရေးစိတ်ဓါတ်ကို သိသောကြောင့် ဒေသခံတိုင်းရင်းသားပါတီများက ၎င်းတို့သည် မြစ်ဆုံဆည်ကို ဆန့်ကျင်မည်ဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲအတွင်းက ကတိပေးခဲ့ကြသည်။

၂၀၁၉ ဖေဖော်ဝါရီလ မြစ်ဆုံဆည် အလိုမရှိကြောင်း ဒေသခံ အဖွဲ့အစည်းများ စုစည်း ဆန္ဒထုတ်ဖော်စဉ်/ Supplied

မနမ်တူးဂျာနှင့် အခြား ကချင်နိုင်ငံရေးသမားများသည်လည်း ဖေဖေါ်ဝါရီလက မြစ်ကြီးနားတွင် ကျင်းပသည့် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး ချီတက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်။

“ကျနော်တို့က ကျနော်တို့ ပြည်သူတွေနဲ့ တသံတည်းပါပဲ။ ဒီစီမံကိန်းကို ပြန်လည်အသက်သွင်းလာတာကို ကျနော်တို့ လုံးဝဆန့်ကျင်ပါတယ်” ဟု မြစ်ကြီးနားရှိ သူ၏နေအိမ်တွင် ဧရာဝတီ သတင်းဌာနနှင့်တွေ့ဆုံစဉ် မနမ်တူးဂျာပြောသည်။

“မြန်မာနိုင်ငံမှာရှိတဲ့သူ ၉၉ ရာခိုင်နှုန်းက ဒီဆည်စီမံကိန်း ပြန်စတာကို သဘောမတူဘူးဆိုတာ ကျနော်ပြောလို့ရတယ်။ ဒီလူတွေထဲမှာ ကချင်တိုင်းရင်းသားတွေသာမက တတိုင်းပြည်လုံးက လူတွေလည်း ပါတယ်” ဟုလည်း သူပြောသည်။

ရိုဟင်ဂျာများကို ဆက်ဆံပုံနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ဆက်ဆံရေးမှာလွန်ခဲ့သောနှစ်အတွင်း စတင်အစည်းပြေလာသောကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်လာသည်ဟု ကချင်နိုင်ငံရေးသမားများ ခံစားနေကြရသည်။ တရုတ်နိုင်ငံ၏ သြဇာကြီးထွားလာခြင်းကြောင့် ထိုဆည်နှင့်ပတ်သက်ပြီး စာချုပ်သစ်တခုချုပ်ရန် အစိုးရကို ဖိအားပေးလာနိုင်သည်ကို ဆည်ဆန့်ကျင်သူများက စိုးရိမ်နေကြသည်။

အစိုးရက ဆည်စီမံကိန်းကို ဖျက်သိမ်းလိုက်ပါက မြန်မာနိုင်ငံသည် ၎င်းတို့ကိုလျှော်ကြေးဒေါ်လာသန်း ၈၀၀ ပေးရမည်ဖြစ်ပြီး ဆက်လုပ်လျှင် တနှစ်လျှင် ဝင်ငွေဒေါ်လာသန်း ၅၀၀ ရမည်ဟု SPIC က ၂၀၁၆ခုနှစ်တွင် ပြောကြားခဲ့သည်။ ရပ်တန့်ထားသည့်အတွက်လည်း နှစ်စဉ် ဒေါ်လာ သန်း ၅၀ ခန့် အတိုးတတ်နေကြောင်းကိုလည်း ပြောဆိုခဲ့သည်။

အာဏာရလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြစ်ဆုံစီမံကိန်းကို ပြန်လည်သုံးသပ်ရန် နှင့် ဖြစ်နိုင်ခြေရှိသော သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံအသိုင်းအဝန်းများအပေါ် သက်ရောက်မှုများကို လေ့လာရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အဖွဲ့ဝင် ၂၀ ပါဝင်သောကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်သည် ယနေ့အထိ အစီရင်ခံစာ ၂ စောင် တင်သွင်းပြီးဖြစ်သော်လည်း မည်သည့်အစီရင်ခံစာကိုမျှ အစိုးရက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

မြစ်ဆုံဆည် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရေး လှုပ်ရှားမှုတွင် ရှေ့တန်းမှ ပါဝင်သူ ဒေါ်ဂျာခေါင်/ Supplied

ဇန်နဝါရီလနှောင်းပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဦးသောင်းထွန်းကအစိုးရနှင့် ထိုစီမံကိန်းကို လေ့လာသောကော်မရှင်တရပ်တို့ အပြင်းအထန်ဆွေးနွေးနေကြောင်း၊ ဆည်အရွယ်အစားနှင့် တည်နေရာ သို့မဟုတ် အခြားစီမံကိန်းများဖြင့် အစားထိုးခြင်းတို့အပါအဝင် ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းစဉ်းစားကြောင်း ပြောကြားခဲ့သည်။

“အရွယ်အစား လျှော့ချတာတို့၊ နေရာရွှေ့တာတို့လည်း အလုပ်ဖြစ်မယ်လို့ ကျနော်မထင်ဘူး။ ကျနော်တို့က ဧရာဝတီမြစ်ပေါ်မှာ ဆည်မလိုချင်ဘူး။ တရုတ်ကုမ္ပဏီတွေဟာ မလိရော မေခရောရဲ့ အထက်ပိုင်းမှာ ဆည်တွေဆောက်နေပြီ။ တော်လောက်ရောပေါ့။ ဒီစီမံကိန်းကို သူတို့ လုံးဝ ရုတ်သိမ်းသင့်တယ်” ဟု ဘောင်ဆောပြောသည်။

ငြိမ်းချမ်းသောအနာဂတ်အတွက် ထိုဆည်စီမံကိန်းကို ရပ်ရမည်ဖြစ်ကြောင်း ရန်ကုန်မှ သာသနာပိုင်ချုပ် ချားလ်ဘိုကလည်း ပြောကြားခဲ့ပြီး ထိုဆည်ကို ဆည်ဆောက်ခြင်းသည် မြန်မာပြည်သူများကို သေဒဏ်ချမှတ်ခြင်းပင် ဖြစ်ကြောင်း ပြောသည်။

တချိန်တည်းတွင် ထင်ရှားသော လူမှုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများနှင့် ဆည်ဆန့်ကျင်ရေးလှုပ်ရှားသူများသည် မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်သော သွေးစည်းညီညွတ်မှုကို ပြသရန် ရန်ကုန်တွင် နိုင်ငံလုံးဆိုင်ရာကော်မတီတခုကို ဖွဲ့စည်းခဲ့သည်။

ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရသည်ပင် ထိုစီမံကိန်းကို ၅ နှစ်ကြာ ဆိုင်းငံ့ခဲ့ကြောင်းပြောသည်။ “NLD ကရော ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ သူတို့က ပြည်သူက ရွေးချယ်ထားတဲ့အစိုးရလေ” ထင်ရှားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတဦးဖြစ်သူ ဒေါ်ဒေဝီသန့်စင်က ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း မြစ်ဆုံအနီး စုဝေးဆုတောင်းပွဲ/ Supplied

“NLD အနေနဲ့ သူတို့ မဲဆွယ်ဆောင်ပုဒ်အတိုင်း လိုက်နာစေချင်တယ်။ သူတို့ပဲ ပြည်သူနဲ့ အတူ ရပ်တည်မယ်လို့ ပြောခဲ့တာလေ” ဟုလည်း သူပြောသည်။

“နိုင်ငံ ၂ နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရင် အစိုးရနဲ့ပဲ ဆက်ဆံရေးတည်ဆောက်လို့ မရဘူး။ ပြည်သူတွေနဲ့လည်း ဆက်ဆံရေး တည်ဆောက်ရမယ်။ မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ တရုတ်နိုင်ငံကို ကျမ သတိပေးချင်တယ်” ဟုလည်း သူဆက်ပြောသည်။

NLD အနေဖြင့် ပြည်သူလူထုကို ပြတ်သားရှင်းလင်းသော သတင်းစကားတခု ပေးရန် လိုနေကြောင်းနှင့် ထိုသို့မလုပ်ဆောင်ပါက နိုင်ငံတဝန်းမှ ပြင်းထန်သော ဆန့်ကျင်မှုကို ခံရမည်ဖြစ်ကြောင်း ဒေသခံပြည်သူများ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ၏ ဆည်ဆန့်ကျင်မှု လှိုင်းများက ပြသနေသည်။

“ဧရာဝတီဟာ ဒီနိုင်ငံရဲ့ အသက်သွေးကြောပဲ။ ဒီကိစ္စဟာ ကချင်ပြည်နယ် တခုတည်းရဲ့ ကိစ္စသာမကဘူး အမျိုးသားရေးကိစ္စလည်း ဖြစ်တယ်။ တိုင်းပြည်အသက်သွေးကြောမြစ်တစင်းရဲ့ လည်ပင်းကို ပိတ်လိုက်မယ်ဆိုရင် မြန်မာပြည်သူအားလုံးကို သတ်လိုက်တာနဲ့ အတူတူပဲ” ဟု ဒေါ်ဂျာခေါန်င် ပြောသည်။

“ကျမက တရုတ်လူမျိုးတွေကို မမုန်းဘူး။ ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းတွေပဲ။ ကျမတို့ တောင်းဆိုနေတာကို သူတို့နားထောင်သင့်တယ်” ဟုလည်း သူပြောသည်။

“တရုတ်တွေ သူတို့နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း သူပြောသည်။

(Nan Lwin ၏ As China Pushes, Opposition to Myitsone Dam Builds ကို ဘာသာပြန်ဆိုသည်။)

The post တရုတ်ဖိအားနဲ့ မြစ်ဆုံဆည်ဆန့်ကျင်ရေး appeared first on ဧရာဝတီ.

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မတိုင်မီ BRI ဆိုင်ရာ စိုးရိမ်မှု မြင့်မားနေ

$
0
0

နိုင်ငံခေါင်းဆောင်ပေါင်း ၃ ဒါဇင်နီးပါးသည် ဒုတိယအကြိမ်မြောက် ရပ်ဝန်းတခု၊လမ်းတခု Belt and Road Initiative (BRI) ညီလာခံတက်ရောက်ရန် ယခုလအတွင်း ဘေ့ဂျင်းသို့ လာရောက်ကြမည်ဖြစ်သည်။

ထိုခေါင်းဆောင်များအကြား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်မည်ဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေး စြင်္ကန်(CMEC) ၏ အစိတ်အပိုင်းဖြစ်သည့် စီမံကိန်းအနည်းဆုံး ၆ ခုနှင့်ပတ်သက်သော သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရန် ညှိနှိုင်းကြမည်ဖြစ်သည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလက CMEC အတွက် နားလည်မှုစာချွန်လွှာ(MoU) ကို လက်မှတ်ရေးထိုးစဉ်က မြန်မာအစိုးရသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော BRI ၏လုပ်ဖေါ်ကိုင်ဖက် တရားဝင်ဖြစ်လာသည်။ BRI ၏အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံသည် စီမံကိန်းပေါင်း ၃၀ အဆိုပြုထားသည်။

တရုတ်သမ္မတ ရှီကျင့်ပင်၏ အဓိကနိုင်ငံခြားရေးမူဝါဒဖြစ်သော BRI သည် သမိုင်းဝင် ပိုးလမ်းမကြီးကို ပြန်လည်အသက်သွင်းရေးနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းမကြီးဖန်တီးရေး မဟာရည်မှန်းချက်ဖြစ်သည်။ ထိုအစီအစဉ်များသည် တရုတ်နိုင်ငံမှ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားတို့ကိုဖြတ်သန်းပြီး ကုန်သွယ်ရေးလမ်းကြောင်းများ ကွန်ရက်တခုကို ဖန်တီးမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့သော BRI သည် နိုင်ငံပေါင်း ၇၀ နှင့် ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံ ပါဝင်နေသည်။

သို့သော် လွန်ခဲ့သော ၂ နှစ်အတွင်းတွင်မူ BRI သည် နိုင်ငံအများအပြားတွင် ဆန့်ကျင်မှုများဖြင့်ကြုံတွေ့လာရသည်။ BRI တွင် ပါဝင်ခြင်းသည် နိုင်ငံတိုးတက်ရေး အထောက်အကူပြုနိုင်သော်လည်းအချို့နိုင်ငံများသည် သဘောတူညီချက်များကို ပြန်လည်ညှိနှိုင်းလိုကြသည်။

တရုတ်အစိုးရ၏ ထိုအဓိကလမ်းကြောင်းတွင် ကျရောက်နေပြီး ရည်မှန်းချက်ကြီးမားသော အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတွင် မရှိမဖြစ် အရေးပါသည့် နိုင်ငံအချို့က အကြွေးထောင်ချောက်မမိစေရန်နှင့် သဘောတူညီချက်များ မျှတမှုရှိရန် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

အရှေ့တောင်အာရှမှ ပူပန်မှု

လွန်ခဲ့သောနှစ်က မလေးရှားနိုင်ငံသည် ဝန်ကြီးချုပ်မဟာသီယာ ဦးဆောင်သည့်အစိုးရကို ရွေးချယ်လိုက်ပြီးနောက် မဟာသီယာက စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈ ဘီလျှံတန်ပြီး တရုတ်ကုမ္ပဏီတခုက တည်ဆောက်နေသည့် ရထားလမ်းတခုနှင့် ဓါတ်ငွေ့ပိုက် နှစ်ခုပါဝင်သည့် စီမံကိန်းများကိုဖျက်သိမ်းလိုက်သောအခါ BRI အတွက် အခက်အခဲများ ဖြစ်ပေါ်လာသည်။

ထိုသို့ ဖျက်သိမ်းရခြင်းမှာ အကြွေးထောင်ချောက်ကို ရှောင်ရှားနိုင်ရန်ဖြစ်ကြောင်း မဟာသီယာပြောသည်။ ယခင်ဝန်ကြီးချုပ်က ခွင့်ပြုခဲ့သည့် တရုတ်နိုင်ငံနှင့် မမျှတသည့် သဘောတူညီချက်များကိုဖျက်သိမ်းရန် သို့မဟုတ် ပြန်လည်ညှိနှိုင်းရန် သူ တောင်းဆိုခဲ့သည်။ နာဂျစ်ရာဇာတ်မှာ ကြီးမားသောငွေကြေးအရှုပ်တော်ပုံအတွက် စုံစမ်းစစ်ဆေးခံနေရသည်။

ဝန်ကြီးချုပ် အင်မရန်ခန် ဦးဆောင်သည့် ပါကစ္စတန်အစိုးရသည်လည်း ပါကစ္စတန်ကုမ္ပဏီများအတွက် မမျှတဟု ယူဆသောကြောင့် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်(CPEC) စီမံကိန်းအားလုံးကို ပြန်လည်သုံးသပ်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။ မော်ဒိုက်နိုင်ငံတွင်လည်း တရုတ်လိုလားသော သမ္မတကို မကြာသေးမီက ရွေးကောက်ပွဲတွင် ဖြုတ်ချခဲ့သည့် သမ္မတ အီဗရာဟင် မိုဟာမက်ဆိုလစ်သည် BRI နှင့်ပတ်သက်သော အကြွေးများအားလုံးကို ပြန်လည်စိစစ်နေသည်။ အနောက်အာဖရိက နိုင်ငံတခုဖြစ်သော ဆီရာလီယွန်သည် အကြွေးဝန်ထုပ်ဝန်ပိုးကို ရှောင်ရှားရန် မြို့တော်ဖရီးတောင်းပြင်ပတွင် တည်ဆောက်မည့် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ်သော လေဆိပ်တည်ဆောက်ရေး စီမံကိန်းကို မကြာသေးမီက ဖျက်သိမ်းလိုက်သည်။

ယခု ကျင်းပမည့် ညီလာခံသို့ မတက်ရောက်မီ အင်ဒိုနီးရှားနှင့် မလေးရှားခေါင်းဆောင်များသည် BRI
သဘောတူညီချက်များရရှိရေး တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် စည်းကမ်းချက်များ၊ ပြဋ္ဌာန်းချက်များကို လူသိရှင်ကြား ထုတ်ပြန်ကြေညာကြသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် စည်းကမ်းချက် ၄ ချက် လိုက်နာရမည်ဟု အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ကြေညာသည်။ ထိုစည်းကမ်းချက်များတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာများကိုသာ အသုံးပြုရေး၊ ပြည်တွင်းလုပ်အားကို အများဆုံးအသုံးပြုရေး၊ လေ့ကျင့်ရေးအစီအစဉ်များဖြင့် ပြည်တွင်းလုပ်ဖေါ်ကိုင်ဖက်များကို နည်းပညာမျှဝေရေးနှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်းများကဲ့သို့သော သယံဇာတ ထုတ်လုပ်သည့်လုပ်ငန်းများအပေါ် မှီခိုမှုလျှော့ချရန်နှင့် နိုင်ငံစီးပွားရေးအတွက် ရေရှည်အကျိုးရှိစေရန် အင်ဒိုနီးရှားစက်မှုလုပ်ငန်းများအတွက် တန်ဖိုးမြှင့် ထုတ်ကုန်ဖန်တီးသော စီမံကိန်းများဖြစ်ရေးတို့ ပါဝင်သည်။

ညီလာခံမတက်မီ BRI နှင့်ပတ်သက်သည့် သူ၏အမြင်ကို South China Morning Post ကလွန်ခဲ့သောလက မေးမြန်းသောအခါ မလေးရှားဝန်ကြီးချုပ်က အခြားနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း စီးဝင်သောငွေသည် တရုတ်နိုင်ငံမှ ချေးယူသော ငွေမဖြစ်ရေးအတွက် သတိပေးပြောကြားလိုက်သည်။ တရုတ် စီမံကိန်းများကို အလွယ်တကူ သဘောတူညီမှုကြောင့် အကြွေးနွံနစ်သောနိုင်ငံများသည် ၎င်းတို့၏လုပ်ရပ်အတွက် တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း သူပြောသည်။ ထို့ကြောင့်မလေးရှားနိုင်ငံသည် တရုတ်ချေးငွေနှင့် လုပ်ဆောင်သော စီမံကိန်းများထက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုသာ ပိုမိုနှစ်သက်ကြောင်း သူရှင်းပြသည်။ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးရင်းမြစ်များကို ကြိုဆိုကြောင်း သို့သော် တရုတ်နိုင်ငံ၏ထိန်းချုပ်မှုနှင့် သြဇာကို လက်မခံနိုင်ကြောင်းပြောသည်။

မြန်မာက လွယ်ကူသော သားကောင်လား

မြန်မာနိုင်ငံတွင် CMEC သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စတင်ကာ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့ကြီးများဖြစ်သော နိုင်ငံအလယ်ပိုင်း မန္တလေးနှင့် စီးပွားရေးမြို့တော် ရန်ကုန်ကို ဖြတ်ကာရခိုင်ပြည်နယ်မှ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဆိပ်ကမ်းအထိ ကီလိုမီတာ ၁၇၀၀ ရှိမည်ဖြစ်သည်။ ထိုအဆိုပြုချက်တွင် မြန်မာနိုင်ငံဘက်ခြမ်း မန္တလေးနှင့် မူဆယ်ကို ဖြတ်သန်းသော အဓိကလမ်း ၂ ခုအဆင့်မြှင့်တင်ရေးနှင့် ရှမ်းပြည်နယ်မှ အခြားလမ်းအချို့ ပါဝင်မည်ဖြစ်သည်။

၂၀၁၇ ခုနှစ် မေလတွင် ဘေဂျင်းတွင် ကျင်းပသော ပထမအကြိမ် Belt and Road Forum ပိတ်ပွဲတွင် ရှီကျင့်ဖျင် မိန့်ခွန်းပြောစဉ်/Reuters

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံက အဆိုပြုထားသော စီမံကိန်း ၃၀ အနက် အဓိက ၉ ခုကို အရှိန်မြှင့်လုပ်ဆောင်ရန် သဘောတူထားကြောင်း မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့် BRI ပူးတွဲကော်မတီဝင် ဦးမြတ်သူက ဧရာဝတီသတင်းဌာသို့ ပြောသည်။ သို့သော် ထိုစီမံကိန်းများသည် မည်သည့် စီမံကိန်းများဖြစ်သည်ကို သူ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။

တရုတ်-မြန်မာနယ်စပ် ရှမ်းနှင့် ကချင်ပြည်နယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန် ၃ ခုတည်ဆောက်ရေးမှအပ CMEC စီမံကိန်းများစာရင်းကို အစိုးရက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိပေ။

သို့သော် CMEC အရ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဓရာကို တရုတ်နိုင်ငံက တိုက်ရိုက်အသုံးပြုခွင့်ရစေပြီး ၎င်း၏ရေနံနှင့် သဘာဝဓါတ်ငွေ့များ မလက္ကာရေလက်ကြားကို မဖြတ်သန်းပဲ ပို့ဆောင်နိုင်မည့် အချက်အခြာနေရာဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် အကျိုးပြုမည်ဖြစ်သည်။

ရန်ကုန်မှ ဒေါ်လာဘီလျှံထောင်ချီတန်သည့် ရန်ကုန်မြို့သစ်စီမံကိန်းသည်လည်း CMEC
၏ အစိတ်အပိုင်းဖြစ်သည်။ ထိုစီမံကိန်းအတွက် မူဘောင်သဘောတူညီချက်တခုကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး မြို့သစ်များ၊ စက်မှုဇုန်များနှင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်းများသည် မြန်မာနိုင်ငံကို ထိန်းချုပ်ရန် ခက်ခဲသည့် ကြွေးမြီများနှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီးစီမံကိန်းဒေသများတွင် လက်နက်ကိုင်ပဋိပက္ခ ပိုမိုဖြစ်ပွားစေမည်ဟု ဝေဖန်သူများက သတိပေးထားသော်လည်း နိုင်ငံပိုင်ကုမ္ပဏီများဖြစ်သော တရုတ်မီးရထားအုပ်စု(CREEG) နှင့် မြန်မာ့မီးရထားတို့သည် မူဆယ်-မန္တလေး မြန်နှုန်းမြင့်ရထားလမ်းအတွက် ဖြစ်နိုင်ခြေစစ်ဆေးရန် နားလည်မှုစာချွန်လွှာကို အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့ကြသည်။

ရထားလမ်းစီမံကိန်းသည် မြန်မာနိုင်ငံမှ စီးပွားရေးဗဟိုချက် ၂ ခုနှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းတို့ကို ဆက်သွယ်မည်ဖြစ်ပြီး ထိုစီမံကိန်းသည် တရုတ်အစိုးရ၏ဒေသတွင်း မဟာအခြေခံအဆောက်အအုံစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည်။ မူဆယ်-မန္တလေးရထားလမ်းသည် တရုတ်အစိုးရ၏ ယူနန်ပြည်နယ် ရွှေလီမှ ရခိုင်ပြည်နယ်ကျောက်ဖြူအထိ သေနင်္ဂဗျူဟာ ရထားလမ်း၏ ကနဦးအဆင့်ဖြစ်သည်။ ထိုရထားလမ်းနှင့်အပြိုင် အဝေးပြေးကားလမ်းကိုလည်းတည်ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၊ အိန္ဒိယအရှေ့မြောက်ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်တို့သို့လည်း သီးခြားလမ်းများကိုလည်း ပူးတွဲတည်ဆောက်မည်ဖြစ်သည်။

သို့သော် နိုင်ငံ၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ပေါ်မှ အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည်ကို တရုတ်နိုင်ငံက ပြန်လည်အသက်သွင်းရန် ကြိုးစားနေသောကြောင့် တရုတ်နိုင်ငံအပေါ် မုန်းတီးမှုများ တိုးပွားနေချိန်တွင် မြန်မာခေါင်းဆောင်များသည် BRI နှင့်ပတ်သက်သည့် စီမံကိန်းများနှင့် မူဝါဒများကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိကြပေ။ အခြားတဖက်တွင်လည်း ကမ္ဘာ့ဘဏ်အပါအဝင် ကျွမ်းကျင်သူများက မြန်မာ့စီးပွားရေးတိုးတက်မှုသည် ယခုနှစ်အတွင်း စတင်မည့် အဓိက BRI စီမံကိန်းများအပေါ် အကြီးအကျယ် မှီခိုနေသည်ဟု ထောက်ပြကြသည်။

မြန်မာအစိုးရသည် CMEC နှင့်ပတ်သက်သော မဟာစီမံချက်တခုကို ရေးဆွဲနေကြောင်း ဧရာဝတီသတင်းဌာနက သိရသည်။ ထိုမဟာစီမံချက်တွင် စီမံကိန်းများကို လူသိရှင်ကြား တင်ဒါစနစ်ဖြင့်ခေါ်ယူရေး၊ ချေးငွေလိုအပ်ပါက မြန်မာနိုင်ငံအနေဖြင့် ရင်းမြစ်အများအပြားမှ ချေးယူနိုင်ရေးစသည်တို့အပါအဝင် အဓိက စည်းကမ်းချက်များ ပါဝင်သည်ဟု သိရသည်။ သို့သော် ထိုမဟာစီမံချက်ပါအကြောင်းအရာများသည် ကြွေးမြီဆိုင်ရာ မူဝါဒ၊ လူသိရှင်ကြား တင်ဒါလုပ်ငန်းအဆင့်ဆင့်နှင့် အလုပ်သမားအခွင့်အရေးတို့အရ လွန်စွာ ကျယ်ပြန့်လွန်းနေသည်။ တရုတ်နိုင်ငံနှင့်ပတ်သက်သော စီမံကိန်းများအတွက် အခြားနိုင်ငံများမှ ချေးငွေရယူရန် ခက်ခဲကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။ လူသိရှင်ကြား တင်ဒါစနစ်အရ ဝင်ရောက်ယှဉ်ပြိုင်သူ အနည်းမျှရှိလျှင်ပင် တရုတ်နိုင်ငံမှမဟုတ်သော ကုမ္ပဏီမဟုတ်လျှင် BRI စီမံကိန်းကို တည်ဆောက်ခွင့်ရဖွယ် မရှိကြောင်း ဝေဖန်သူများက ပြောသည်။

CMEC စီမံကိန်းများသည် မြန်မာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) နှင့် ကိုက်ညီရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဒု ဝန်ကြီး ဦးဆက်အောင်က ပြောသည်။ စစ်မှန်ပြီး အားလုံးအကျုံးဝင်ကာ အသွင်ကူးပြောင်းရေးကာလ စီးပွားရေးတိုးတက်မှုရရှိရေးအတွက် ထိုစီမံကိန်းကို လက်ရှိအစိုးရက ရေးဆွဲခဲ့သည်။

MSDP တွင် ဖေါ်ပြထားသော သေနင်္ဂဗျူဟာများသည် အလွန်ကောင်းမွန်သော်လည်း အစိုးရသည် ထိုစီမံကိန်းကို မြေပြင်တွင် မည်သို့အကောင်အထည်ဖေါ်မည်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးကြောင်း သေနင်္ဂဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန (ISP- Myanmar) မှ တရုတ်နိုင်ငံဆိုင်ရာ လေ့လာရေးအကြီးအကဲ ဒေါ်ခင်ခင်ကျော်ကြီးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“CMEC နဲ့ပတ်သက်ရင် MSDP ကို အကောင်အထည်ဖေါ်ဖို့ အစိုးရမှာ လိုအပ်တဲ့ အောက်ခြေယန္တရားတွေ မရှိဘူး” ဟု ပြောသည်။

MSDP အရ ထိုစီမံကိန်းများနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် အကောင်အထည်ဖေါ်ခြင်းနှင့်ပတ်သက်လျှင် အစိုးရသည် အများပြည်သူအသံနှင့် ဆန္ဒများကို နားထောင်ရန် လိုသည်။အစိုးရက လက်မှတ်ရေးထိုးပြီးနောက်ပိုင်း CMEC စီမံကိန်းများနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြည်သူလူထု မရရှိကြောင်းလည်း သူထောက်ပြသည်။

“ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ပြည်သူလူထုကို အခြေခံ သတင်းအချက်အလက်တွေတောင် မပေးဘူးဆိုရင် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ပြောလို့ မရဘူး” ဟု ထိုစီမံကိန်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များ လူသိရှင်ကြားထုတ်ပြန်ရန် အားထုတ်မှုမရှိခြင်းကို သူမေးခွန်းထုတ်သည်။

လက်ရှိကြွေးမြီများ၏ ထက်ဝက်ကို တရုတ်နိုင်ငံတွင် ပေးရန်ရှိနေသော ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် စီမံကိန်းအဆိုပြုချက် အပြိုင်တင်သွင်းရန် လိုအပ်သလို၊ စီမံကိန်းကြီးများကို ပြန်လည်သုံးသပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ကြွေးမြီမူဝါဒများဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ကျင့်သုံးခြင်းစသည့် BRI စီမံကိန်းနှင့် ပတ်သက်သေ ာလုပ်ထုံးလုပ်နည်း တခုချင်းစီကို အကောင်အထည်ဖေါ်သင့်ကြောင်း ကျွမ်းကျင်သူများက အကြံပြုကြသည်။

တရုတ်နိုင်ငံသည် အကူအညီပေးရေးလှုပ်ရှားမှုများနှင့် ချေးငွေအကြီးအကျယ်ထုတ်ပေးခြင်းတို့ဖြင့် BRI တွင် ပါဝင်သောနိုင်ငံအများအပြားကို ဘဏ္ဍာရေးအန္တရာယ် ကျရောက်စေသည်ဟု ဝါရှင်တန်အခြေစိုက် ကမ္ဘာ့တိုးတက်ရေးဌာန အစီရင်ခံစာတစောင်က ၂၀၁၈ ခုနှစ် မတ်လတွင် ဖေါ်ပြခဲ့သည်။

“BRI စီမံကိန်းတွေ အကြွေးတွေ အရမ်းတင်သွားတဲ့နိုင်ငံတွေဆီကနေ မြန်မာနိုင်ငံအနေနဲ့ လေ့လာနိုင်တယ်” ဟု ဘန်ကောက်ရှိ ချုလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနရှိ လုံခြုံရေးနှင့် နိုင်ငံတကာရေးရာဌာနမှ တွဲဖက်ပါမောက္ခ သစ်တည်နန်ပေါင်ဆူဒီရက်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ ပြည်ပကြွေးမြီအများဆုံး ဘယ်လောက်ပဲ ယူရမယ်၊ နိုင်ငံခြားသုံးအရန်ငွေ၊ ပို့ကုန်တိုးတက်မှု၊ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု တိုးလာခြင်းစတဲ့ မက်ခရိုစီးပွားရေးအပေါ် အခြေခံပြီးအကြွေးဘယ်လောက်ဆိုရင် ထိန်းချုပ်နိုင်မယ်ဆိုတာကို ကန့်သတ်တဲ့ကြွေးမြီဥပဒေ ပြဋ္ဌာန်းသင့်တယ်” ဟုလည်း သူပြောသည်။

ပူးပေါင်းဆောင်ရွက်ရေးနှင့် ထိပ်တိုက်မတွေ့ဆုံရေး

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာနိုင်ငံ BRI ဦးဆောင်ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအထိပါသော ဝန်ကြီးဌာနများမှ ဝန်ကြီး ၁၈ ဦးနှင့် ကချင်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်နှင့် ရှမ်းမှ ဝန်ကြီးချုပ် ၅ ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် နေပြည်တော်ကောင်စီ ဥက္ကဌ စသည့် အဖွဲ့ဝင် ၂၅ ဦးပါဝင်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း တရုတ်-မြန်မာစီးပွားရေးစြင်္ကန် တည်ဆောက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ်/ NDRC

BRI စီမံကိန်းများကို BRI ဦးဆောင်ကော်မတီက သုံးသပ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၏အဆိုအရ သိရသည်။

“တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ စားပွဲဝိုင်းမှာ ညှိနှိုင်းနိုင်တဲ့ ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်သင့်တယ်” ဒေါ်ခင်ခင်ကျော်ကြီးပြောသည်။

အစိုးရသည် CMEC စီမံကိန်းများကို တရုတ်နိုင်ငံ၏ အဆိုပြုချက်များအပေါ်တွင်သာ အခြေခံစဉ်းစားကြောင်း၊ လက်တွေ့တွင် နိုင်ငံအကျိုးနှင့်ပြည်သူ့အကျိုး ဖြည့်ဆည်းမည့်အရာများကို အခြေခံပြီး တန်ပြန်အဆိုပြုချက်တင်သင့်ကြောင်းလည်း သူပြောသည်။ ဥပမာဆိုရပါက တရုတ်နိုင်ငံဘက်မှ ကိုယ်ပိုင် BRI စီမံကိန်းများ အဆိုပြုထားသော်လည်း အင်ဒိုနီးရှားအစိုးရသည် နိုင်ငံ၏သေနင်္ဂဗျူဟာစီမံကိန်းများနှင့် ကိုက်ညီပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၁.၁ ဘီလျှံကုန်ကျမည့် စီမံကိန်း ၃၀ ခန့်ကို တန်ပြန် အဆိုပြုခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံရဲ့ တာဝန်မဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု အလေ့အထတွေကို ဆွေးနွေးတဲ့အခါတိုင်း သူတို့က မြန်မာအစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမယ်လို့ သူတို့ပြောတယ်။ ဒါက ကျမတို့မှာ နိုင်ငံတကာ စံနှုန်းမီတဲ့ လုပ်ထုံးလုပ်နည်းတွေ လုံလုံလောက်လောက် မရှိကြောင်း ပြသနေတာပဲ” ဟုလည်း သူပြောသည်။

မြန်မာ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများတွင် မြန်မာလုပ်သားအများဆုံး သုံးရန် ဖေါ်ပြထားခြင်း မရှိကြောင်းလည်း သူထောက်ပြသည်။

နိုင်ငံတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သော အများပြည်သူပူပန်မှုများ ရှိစေကာမူ ရခိုင်ပြည်နယ်မှ လူသားချင်းစာနာမှု အကျပ်အတည်းကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လက်အတွင်းသို့ ပြန်တွန်းပို့ခံလိုက်ရသည်။

ဇန်နဝါရီလနှောင်းပိုင်းက ကျင်းပသည့် နိုင်ငံ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် အခြေခံအဆောက်အအုံ စိန်ခေါ်မှုများအကြောင်း ပြောကြားရာ၌ ဦးသောင်းထွန်းက ကမ္ဘာ့အရေးအပါဆုံး ထွန်းသစ်စစီးပွားရေးများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့အကြား သေနင်္ဂဗျူဟာကျစွာတည်ရှိခြင်းကို အသုံးချလိုကြောင်း ပြောသည်။

“BRI ကို ပြန်ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံက အလယ်မှာ ရှိနေတာ တွေ့ရလိမ့်မယ်။ ရေကြောင်းပိုးလမ်းမကြီးက မြန်မာကနေ ဖြတ်သန်းရမှာမို့လေ” ဟုပြောပြီး မြန်မာနိုင်ငံသည် BRI ၏ဗဟိုချက်ဖြစ်ကြောင်း သူပြောသည်။

BRI စီမံကိန်းများမှ နိုင်ငံအားလုံး အကျိုးခံစားရနိုင်သည်ဟု သူယုံကြည်သောကြောင့် တရုတ်နိုင်ငံသြဇာကြီးထွားလာခြင်းကို အတားအဆီးအဖြစ် မမြင်သင့်ကြောင်း သူပြောသည်။

“ထိပ်တိုက်မတွေ့ဘဲ ပူးပေါင်းဆောင်ရွက်လို့ ရတယ်။ ဒီစီမံကိန်းက ဒေသတွင်းမှာသာမက တကမ္ဘာလုံးတိုးတက်ဖို့ အထောက်အကူပြုနိုင်တယ်” ဟုပြောပြီး BRI အရ မြန်မာနိုင်ငံသည် သယ်ယူပို့ဆောင်ရေးဗဟိုချက် ဖြစ်လာနိုင်ကြောင်း သူရှင်းပြသည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲကမ္ဘာတွင် အခြေခံအဆောက်အအုံ ငွေကြေးစိုက်ထုတ်ပြီး ဆက်လက်တွန်းအားပေးနေချိန်တွင် ကြွေးမြီဆိုင်ရာ သံခင်းတမန်ခင်း စွပ်စွဲချက်များ ပေါ်ပေါက်လာသည်။ BRI
ကို စတင်ကြေညာစဉ်က တရုတ်နိုင်ငံ၏ နိုင်ငံခြားသုံးအရန်ငွေသည် အမေရိကန်ဒေါ်လာ ၄ ထရီလျှံပတ်ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။ ဘေ့ဂျင်းယွမ်ငွေအပေါ် ဖိအားကို လျှော့ချရန် ကြိုးစားသောကြောင့်နှင့် ထိုအရန်ငွေအချို့ကို ပြည်ပတွင် သုံးရန် စိတ်ဝင်စားသော တရုတ်ကုမ္ပဏီများကို ပေးသောကြောင့် လွန်ခဲ့သော ၅ နှစ်အတွင်းတွင် ထိုအရန်ငွေသည် အမေရိကန်ဒေါ်လာ ၃ ထရီလျှံသို့ ကျဆင်းသွားသည်ဟု မီဒီယာသတင်းများအရ သိရသည်။

အမေရိကန်ကုန်သည်ကြီးများ၏ အဆိုအရ တရုတ်ကုမ္ပဏီကြီးများသည် အမေရိကန် အခွန်၏ ဖိအားပေးခံနေရပြီး တရုတ်နိုင်ငံမှ စက်ရုံများ၏ ထုတ်လုပ်မှုမှာ လွန်ခဲ့သောဆယ်စုနှစ်က ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်းတွင် မကြုံဖူးသည့်နှုန်းဖြင့် ကျုံ့နေသည်။ ထို့ကြောင့် တရုတ်ကုမ္ပဏီများသည် အကြွေးပိနေပြီး BRI ကဲ့သို့သော ပြည်ပစီမံကိန်းများကို လုပ်ကိုင်ရန် မကြာတော့သောအနာဂတ်တွင် တတ်နိုင်ကြတော့မည် မဟုတ်ပေ။

အင်ဒိုပိစိဖိတ်ဒေသတွင် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဆောင်ရွက်ခဲ့သည့် BRI စီမံကိန်း ၁၈၁၄ ခု၏ ၂၇၀ ကျော်မှာ လက်တွေ့မကျမှုနှင့် ဘဏ္ဍာရေးအရ လက်တွေ့မဖြစ်နိုင်မှုများကြောင့် ရပ်ဆိုင်းသွားခဲ့သည်ဟု မီဒီယာသတင်းများအရ သိရသည်။

“နှစ်ဘက်စလုံးပြန်ညှိပြီး စီမံကိန်းတွေကို မျှမျှတတ ပွင့်လင်းမြင်သာစွာနဲ့ ရင်းနှီးမြှုပ်နှံသူရဲ့ အကျိုးအတွက် မဟုတ်ဘဲ အိမ်ရှင်နိုင်ငံရဲ့ အကျိုးအတွက်ပါ အကောင်အထည်ဖေါ်ရမယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးပြောသည်။

“တရုတ်နိုင်ငံနဲ့ နောက်ထပ်သဘောတူစာချုပ်တွေ မချုပ်ခင် မြန်မာပြည်သူတွေရဲ့ အကျိုးကျေးဇူးကို အာမခံနိုင်တဲ့ မဟာစီမံချက် ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတွေ ရှိသင့်တယ်” ဟုလည်း သူပြောသည်။

( Nan Lwin ၏ Wariness Over BRI as State Counselor Prepares for Beijing Forum ကို ဘာသာပြန်သည်။)

The post ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မတိုင်မီ BRI ဆိုင်ရာ စိုးရိမ်မှု မြင့်မားနေ appeared first on ဧရာဝတီ.


ဘဝကို ကုန်ပစ္စည်းသဖွယ် တရုတ်လက်ထဲ ထိုးအပ်ခံနေရတဲ့ အမျိုးသမီးလေးများ

$
0
0

အသက် ၂၅ နှစ်အရွယ် သမီးတယောက်မိခင်၊ ခေတ်ဆန်ဆန် ဝတ်စားထားသူနဲ့ ခပ်ရိုးရိုး၊ ခပ်အေးအေး မိဘနှစ်ဦးတို့နဲ့ တွေ့ဆုံလိုက်တဲ့ ခဏတာမှာပဲ မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံကို ရောင်းကုန်အဖြစ် ဘယ်လောက်များ ကုန်ကူးဖို့ ကြိုးစားနေကြလဲ၊ အဲ့ဒီထဲကမှ တင်တောင်းတယ်ဆိုတဲ့ ငွေကြေးပမာဏထက် ဘယ်လောက်များ ကြားပွဲစားတွေက ခေါင်းပုံဖြတ်နေကြသလဲဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတယ်။

အတန်းပညာ ၇ တန်းအထိသာ နေခဲ့ဖူးတဲ့ မပြည့်ပြည့် (အမည်လွှဲ) ကို သေသေချာချာ မေးစမ်းလိုက်တော့မှ ယခုနှစ် မတ်လကုန်ပိုင်းမှာပဲ သူက တရုတ်ပြည်ကို လေယာဉ်ပျံနဲ့သွားရတော့မယ်ဆိုတာ၊ သူ့ကို ကျပ်သိန်း ၅၀ (တရုတ်ငွေ ယွမ် ၂၃၀၀၀ ကျော်) နဲ့ တရုတ်အမျိုးသား တဦးကို လက်ထပ်ဖို့ ဦးလေးလုပ်သူနဲ့ မိသားစုတွေက ချိတ်ဆက်ပေးတာဆိုတာ သိလိုက်ရတယ်။

မပြည့်ပြည့်ကိုယူမယ့် တရုတ်အမျိုးသားနဲ့ အဖော်တယောက်က မတ်လ ၁၀ ရက်နေ့ကတည်းက သန်လျင်မြို့နယ်ထဲက သူ့ဦးလေး အိမ်မှာ တည်းခိုနေပြီး မပြည့်ပြည့်ကလည်း အဲ့နေ့ထဲက အဲ့ဒီအိမ်မှာ သွားအိပ်နေရတော့မယ်။ သူ့ရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေကအစ မပြည့်ပြည့် ဦးလေး မိသားစုတွေက သိမ်းထားလိုက်ပါပြီ။ သူ့ဦးလေးရဲ့ ချွေးမဖြစ်သူက တရုတ်နိုင်ငံသူ အစစ်ဖြစ်ပြီး သူ့ချွေးမကနေတဆင့် မြန်မာအမျိုးသမီးတွေနဲ့ တရုတ်နိုင်ငံသားတွေကို ချိတ်ဆက်ခဲ့ကြတာဖြစ်တယ်။

မပြည့်ပြည့်နဲ့ အဆိုပါတရုတ်အမျိုးသား ရန်ကုန်မှာ သွားလာနေတဲ့အခါ အသုံးပြုနေတဲ့ စကားပြန်လုပ်ပေးသူက မပြည့်ပြည့် ကို ပြန်ပြောပြချက် အရ တရုတ်ငွေ ယွမ် ၁ သိန်း (ကျပ်သိန်း ၂၁၀ ကျော်)နဲ့ လက်ထပ်ဖို့ တရုတ်အမျိုးသား ဘက်က ပေးရတယ်လို့ မပြည့်ပြည့်က သူသိခဲ့ရတဲ့ အခြေအနေကို ပြန်ရှင်းပြပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ လူကုန်ကူးခံရသည့် အမျိုးသမီး၏ နေအိမ်တွင် လာရောက် တောင်းယူပြီး သံဃာတော်များကို ဆွမ်းကပ်သည့်နေက တွေ့ရသော တရုတ်နိုင်ငံသား ချိရှောင်ချန်း / ဧရာဝတီ

သူ့အတွက် နိုင်ငံကူးလက်မှတ်ကိုလည်း သူ့ဦးလေးမိသားစုတွေက အမြန်လိုက်လုပ်တာ ၂ ရက်အတွင်း ရလာတယ်၊ ဗီဇာကိုလည်း ဒီနေ့တင် မနက်ဖြန်ရ ဆိုတဲ့နည်းလမ်းနဲ့ လုပ်ပြီးသွားပြီ။ လေယာဉ်လက်မှတ်နဲ့တကွ ဒီနှစ် မတ်လကုန်ပိုင်းမှာပဲ တရုတ်ပြည်ကို ခေါ်သွားတော့မယ်၊ တရုတ်ပြည်ရောက်မှ သူ့ကို လက်ထပ်မယ်ကို သူသိထားသမျှ ဆက်ပြောတယ်။

သူက သန်လျင်မြို့နယ်က ဖုန်းကတ်ရောင်းတဲ့ဆိုင်မှာ စကားစပ်မိရင်းနဲ့ သူ့ကိုတရုတ်ကိုခေါ်သွားရင် ဟိုရောက်တဲ့အခါ ဘာဆက်ဖြစ်နိုင်မယ်ဆိုတာ မသေချာတဲ့အကြောင်း ဖုန်းကတ်ဆိုင်နားက ရပ်မိရပ်ဖလိုဖြစ်နေသူတဦးက ပြောပြရာကနေ သူဟာ တရုတ်ပြည်ကို ပါသွားတော့မှာကို ကြောက်စိတ်ဖြစ်ပေါ်လာစေတယ်လို့ သူက ပြောပါတယ်။

အစကတော့ ဟိုမှာ ကောင်းကောင်း မွန်မွန်နေရမယ်၊ သူ့ကိုတင်တောင်းတဲ့ငွေ ကျပ်သိန်း ၅၀ ကလည်း အိုးပိုင်အိမ်ပိုင် မရှိတဲ့ သူ့မိဘတွေ အတွက် အဆင်ပြေစေမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ လက်ခံလိုက်တာ၊ သူ့အိမ်မှာလည်း အဆင်မပြေမှုတွေနဲ့ ဦးလေးဖြစ်သူဆီက ငွေဆွဲယူထားတာ ၈ သိန်းဝန်းကျင်လောက်ဖြစ်နေတဲ့အပြင် သူ့ကိုသားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ်ဆိုတဲ့ စကားတွေကို မျှော်တွေးပေမယ့် အခုမှသူဘာဆက်လုပ်လို့ လုပ်ရမယ်မှန်း မသိဘူးဖြစ်နေပါတယ်။

“ကျမသမီး တရုတ်ပြည်ကို မပါသွားရင်တော်ပြီ။ ဟိုက ယူထားတဲ့ ပိုက်ဆံကို ပြန်ပေးဖို့ကလည်း ကျမတို့မှာ ပေးစရာက မရှိနဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ ဘယ်သူပဲ ကူညီကူညီ ကျမတို့က ပူူးပေါင်းမယ်” လို့ သူရဲ့မိခင်ဖြစ်သူက ပြောတာနဲ့ လိုက်ပါကူညီပေးနေတဲ့ သန်လျင်မြို့နယ်က ဒေသခံတွေကို ရန်ကုန်မြို့၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ရဲမှူးဖြစ်သူနဲ့ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်လိုက်ကြပါတော့တယ်။

ရဲမှူးကလည်း တရုတ်နိုင်ငံသားနဲ့အတူ ရန်ကုန်လေဆိပ်ကို ဆင်းတဲ့အချိန် လူကုန်ကူးဖို့လာတဲ့ တရုတ်နိုင်ငံသားတွေနဲ့ လိုက်ပို့ပေးမယ့် ချိတ်ဆက်ပေးခဲ့သူတွေကို စောင့်ဖမ်းတဲ့ တပြိုင်ထဲမှာပဲ သန်လျင်မြို့နယ်မှာရှိတဲ့ သူ့ဦးလေးဖြစ်သူကို စောင့်ဖမ်းဖို့ ချက်ချင်း စီစဉ်လိုက်ကြတယ်။

မပြည့်ပြည့်ကတော့ ဟန်မပျက် အဲ့ဒီနေ့ည မိသားစုတွေကို ဖိတ်ထားတဲ့ ညစာစားပွဲကို သွား၊ တင်တောင်းမယ်ဆိုတဲ့ ငွေကြေးကို ရသမျှ တောင်းဖို့လုပ်နေ၊ မနက်ဖြန် သူ့ကိုတင်တောင်းမယ့် ကျပ်သိန်း ၅၀ ထဲက ကျပ် ၁၀ သိန်းဖိုး ရွှေဆင်ပေးမယ်ဆိုတာကိုလည်း ယူဖို့ ပြောထားတယ်။

ဒါပေမယ့် နောက်တနေ့ လေယာဉ်ကွင်းမဆင်းခင် မနက်ပိုင်း သာကေတမြို့နယ်က ရွှေဆိုင်မှာ ရွှေသွားဝယ်အပြီးမှာ ဝယ်ခဲ့တဲ့ ရွှေတွေကို ယူပြီးတော့ မပြည့်ပြည့်က ထွက်ပြေးသွားပါတော့တယ်။ သူ့ရဲ့ လက်ကိုင်ဖုန်းကိုလည်း နာရီအတန်ကြာ ပိတ်ထားပြီး အားလုံးနဲ့ အဆက်သွယ် ဖြတ်တောက်ထားလိုက်ပါတော့တယ်။

အဲ့ဒီလိုနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စီစဉ်ထားတဲ့ အစီအစဉ်တွေဟာ ကစဉ့်ကလျားဖြစ်ကာ တရုတ်လူမျိုးတွေကလည်း သန်လျင်မြို့နယ်ကနေ ထွက်သွား၊ ချိတ်ဆက်ပေးတဲ့သူတွေကလည်း အိမ်ကိုသော့ခတ်ပြီးတော့ ရှောင်တိမ်းသွားပါတော့တယ်။

ချိတ်ဆက်ပေးတဲ့ မပြည့်ပြည့်ရဲ့ ဦးလေးမိသားစုတွေက ရက်အတန်ကြာတော့မှ ခရီးထွက်သွားတယ်ဆိုပြီး ဟန်မပျက် အိမ်ကို ပြန်လာမှ ပတ်ဝန်းကျင်မှာရှိတဲ့ သန်လျင်မြို့၊ ဒေသခံတွေက လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ထံ အလျင်အမြန်အကြောင်းကြားကာ လက်ရဖမ်းဆီးမိလိုက်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံသားတွေကိုတော့ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိခဲ့ဘူး။

လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေထံက နောက်ပိုင်း သိရှိချက်အရ ဒီအမှုမှာ ပတ်သက်နေတဲံ တရုတ်နိုင်ငံသားဟာ နောက်တနေ့ လေယာဉ်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တရုတ်ပြည်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝှမ်း ၂၀၁၈ ခုနှစ်က လူကုန်ကူးမှု ၂၀၆ မှုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်က ၂၂၅ မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ လူကုန်ကူးမှု ဖြစ်တွေအများဆုံးကတော့ အဓ္ဓမလက်ထပ်ခြင်းဖြစ်ပြီး လူကုန်ကူးမှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်အထိ ရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှု ပြဿနာများရဲ့ အဓိကအကြောင်းအရင်းက ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းသွားလာမှုအပေါ် အခြေခံတဲ့ လူကုန်ကူးမှုနဲ့ တရုတ်နိုင်ငံရဲ့ မိသားစုစီမံကိန်းပေါ်လစီ (One Child Policy) ရဲ့ သက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အဓမ္မ လက်ထပ်ခြင်းတို့ပဲ ဖြစ်တယ်လို့ ၂၀၁၈ ခုနှစ် လူကုန်ကူးမှုနှင့် ပက်သက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာ စာအုပ်မှာလဲ ဖော်ပြထားပါတယ်။

“အခုနောက်ပိုင်း တရုတ်တွေက မြန်မာနိုင်ငံထဲက အမျိုးသမီးတွေကို တရားဝင်လက်ထပ်ပြီးတော့မှ ခေါ်သွားတာမျိုးလည်း ရှိတယ်။ ဟိုရောက်မှ လက်ထပ်မယ်ဆိုပြီး လေယာဉ်နဲ့ရော ကားနဲ့နယ်စပ်လမ်းကရော မျိုးစုံ လူကုန်ကူးနေကြတယ်။ တချို့အမှုမှာဆိုရင် တရုတ်တွေကိုယ်တိုင် ဟိုဘက်ကပွဲစားကနေတဆင့် ရှာတာမဟုတ်ဘူး။ ရန်ကုန်အထိ ဆင်းလာပြီး ဒီရောက်မှ လူရှာတာ” ဟု ရဲမှူး ခင်မောင်ကြွယ်က ဆိုပါတယ်။

လူကုန်ကူးခံရသူတချို့မှာ လူကုန်ကူးမှုအကြောင်းတွေကိုမသိ

ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ တရုတ်နိုင်ငံသားနဲ့တကွ ချိတ်ဆက်ပေးသူတွေကို ဖမ်းမိလိုက်နိုင်တဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်က အသက် ၁၉ နှစ်အရွယ် မခင် (အမည်လွှဲ) ကို တရုတ်နိုင်ငံသားနဲ့ လက်ထပ်ဖို့ စီစဉ်တဲ့အမှုမှာဆိုရင် မခင်ရော၊ မခင်မိဘတွေကပါ လူကုန်ကူးတယ်ဆိုတာကို မသိကြပါဘူး။

ကျပ် ၄၅ သိန်းနဲ့ တင်တောင်းမယ်၊ အိမ်မှာလည်း ဘုန်းကြီးကို မင်္ဂလာဆွမ်း တရုတ်နိုင်ငံသားပါ လာပြီးတော့ ကပ်တယ် ဆိုတဲ့အတွက် သမားရိုးကျ မိန်းမတောင်းတယ်လို့ပဲ ယူဆခဲ့ကြောင်း မခင်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

ဖခင်ဖြစ်သူက ကနဦးကန့်ကွက်နေပေမယ့် သမီးဖြစ်သူက ဒီအစီအစဉ်ကို သဘောကျသဖြင့် နောက်ဆုံး လိုက်လျောကာ သူ့ကို လေယာဉ်ဖြင့် တရုတ်နိုင်ငံခေါ်သွားမည့်အရေးကို လိုက်လျောခဲ့ရကြောင်း၊ တရုတ်အမျိုးသားနဲ့ ချိတ်ဆက်ပေးသူ တွေက သူ့သမီးကို တရုတ်နိုင်ငံ၊ ဘယ်မြို့ကိုခေါ်သွားမယ်ဆိုတာ သူမသိဘူးလို့ ဆက်ပြောတယ်။

“ကျမတို့တော့ ဘယ်ခေါ်သွားမယ်ဆိုတာ မသိဘူးရှင့်။ ဒါမျိုးက လူကုန်ကူးတယ်ဆိုတာ အခုမှ ကြားဖူးတာ။ ကျမကလည်း ၁ တန်းအထိပဲ ကျောင်းနေဖူးတာ။ စာတောင်ဖတ်တတ်တာမဟုတ်ဘူး။ ကိုယ့်သမီးကို ကိုယ့်ဓလေ့အတိုင်း တောင်းရမ်းလက်ထပ်တယ်လို့ပဲ ယူဆနေတာ” လို့ သူက ဆိုတယ်။

မခင်တယောက်ကလည်း အလုံမြို့နယ်က အလုပ်ရုံတစ်ခုမှာ အလုပ်လုပ်နေရင်း ရင်းနှီးပြီးသားဖြစ်တဲ့ လှိုင်သာယာက အဒေါ်လိုဖြစ်နေသူက ချိတ်ဆက်တဲ့အပြင် အဲ့ဒီအဒေါ်ရဲ့ ညီမကိုယ်တိုင် တရုတ်နိုင်ငံသားနဲ့ လက်ထပ်ပြီး အဆင်ပြေနေတဲ့ အကြောင်းကို မိမိရှေ့မှာတင် ဗီဒီယိုဖြင့် စကားပြောခွင့်ရတဲ့အတွက် ယုံကြည်မိတယ်၊ တရုတ်နိုင်ငံသားနဲ့ တကယ် တွေ့ဆုံတဲ့ အခါ မိမိကိုယ်တိုင် အဲ့ဒီသူကို သဘောကျမိတဲ့အတွက် လက်ခံလိုက်တာဖြစ်တယ်လို့ မခင်က ပြောပါတယ်။

မခင် ကိုယ်တိုင်ကလည်း လူကုန်ကူးတယ်ဆိုတဲ့ စကားလုံးကိုတောင် တခါမှမသိ မကြားခဲ့သလို ဘယ်လိုအခြေအနေက လူကုန်ကူးတယ်၊ တရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်တဲ့အခါ ရောင်းစားခံရတာမျိုးတွေ၊ ရိုက်နှက်နှိပ်စက်ခံရတယ် ဆိုတာမျိုးတွေ တခါမှ မသိခဲ့ဖူးလို့ သူက ဆိုပါတယ်။

“ကျမကို ကျပ် ၄၅ သိန်း(တရုတ်ငွေ ယွမ် ၂၁၀၀၀ ကျော်) တင်တောင်းမယ်၊ တလကို ကျပ် ၅ သိန်းလည်း ထောက်ပံ့ပေးမယ်ဆိုတဲ့အပြင် ကောင်းကောင်း မွန်မွန်ထားမယ်၊ တနှစ်ပြည့်ရင်လည်း ဒီကို ပြန်လာရမယ်ဆိုတော့ ဝမ်းသာတာပေါ့။ နောက်ပြီး ချိတ်ပေးတဲ့သူရဲ့ ညီမ ကိုယ်တိုင်က အဆင်ပြေနေတာကို ကိုယ်က ကြားရတဲ့အပြင် သူ့ကိုမြင်လိုက်တဲ့အခါ ကိုယ်ကလည်း သဘောကျတော့ လက်ခံလိုက်တာ” လို့ မခင်က ဆိုပါတယ်။

အခုလို ဖြစ်ပျက်လာခဲ့တဲ့အတွက် လူကုန်ကူးမှုဆိုသည်က ဘယ်လိုပုံစံတွေလဲ၊ တရုတ်ပြည်ရောက်သွားရင် ဘာတွေ ဖြစ်ပျက်လာနိုင်မလဲကို လူကုန်ကူးရဲတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုမှုကြောင့် သိခဲ့ရပေမယ့် တကယ်လို့များ တရုတ်ပြည်ကို ရောက်သွားခဲ့မယ်ဆိုရင် ဆိုတဲ့ ကြောက်စိတ်မျိုးတော့ မဖြစ်မိဘူးလို့တောင် မခင်က ပြောပါသေးတယ်။

ကြောက်စိတ်မဖြစ်ဘူးဆိုရင် တရုတ်အမျိုးသားနဲ့ လက်ထပ်ဖို့ နောက်ထပ် ကမ်းလှမ်းမှုမျိုးရှိလာရင် လက်ခံမလားလို့ မေးလိုက်တဲ့ အခါမှာတော့ အဖြေမပေးပေမယ့် ရယ်လျှက်သာ နေသည်။

မခင်ရဲ့ အမှုမှာတော့ ချိတ်ဆက်ပေးတဲ့ ပွဲစား၊ စကားပြန်နဲ့ အတူ မခင်ကို လာရောက် တောင်းရမ်း လက်ထပ်မယ်ဆိုတဲ့ တရုတ်နိုင်ငံသားကိုပါ လူကုန်ကူး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
လူကုန်ကူးသူများက ပညာရေးနိမ့်ပါးတဲ့၊ ငွေကြေးလိုအပ်ချက်ရှိတဲ့၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို အဓိက ပစ်မှတ်ထားပြီး လူကို ရောင်းကုန်တစ်ခုလို အသုံးချကာ ငွေကြေးခေါင်းပုံဖြတ်ကြလေ့ရှိတယ်လို့ လူကုန်တားရဲတပ်ဖွဲ့မှ ရဲမှူး ခင်မောင်ကြွယ်က ရှင်းပြပါတယ်။

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု အမှုဖြစ်စဉ်တွေမှာ ရန်ကုန်မြို့က ၂ နှစ်ဆက်တိုက် ထိပ်ပိုင်းကိုရောက်နေပြီးတော့ အဲ့ဒီထဲမှာမှ လူကုန်ကူးမှုကို အရင်က မဖြစ်ခဲ့ဖူးတဲ့ ရန်ကုန်၊ တောင်ပိုင်းခရိုင်ဟာ အခုဆိုရင် ၂၀၁၈ ခုနှစ်ကစပြီး လူကုန်ကူးမှုတွေ ဖြစ်ပျက်လာနေပါတယ်။

မြန်မာတနိုင်ငံလုံးထဲမှာ ရန်ကုန်တိုင်းဟာ လူကုန်ကူးမှုဖြစ်စဉ်ကို ယခုနောက်ပိုင်းနှစ်တွေမှာ အမြဲတမ်းထိပ်ဆုံးက ရှိနေပြီး အများစုကလည်း တရုတ်နိုင်ငံကို လူကုန်ကူးကြတဲ့ ဖြစ်စဉ် အများဆုံးလို့ သူက ဆက်ပြောတယ်။

ရန်ကုန်တိုင်းက ၂၀၁၇ ခုနှစ်တွင် လူကုန်ကူးမှု ၆၀ အမှုအရေအတွက် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ၅၅ အရေအတွက် ရှိခဲ့သည်။

“ကျနော်တို့ ရန်ကုန်ကတော့ နှစ်တိုင်းထိပ်ဆုံးက ဦးဆောင်နေပြီ။ ဖြစ်တာအများဆုံးက လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာလို နေရာတွေ အဖြစ်များတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာဆို တောင်ပိုင်းခရိုင်က အမှုဖြစ်စဉ်တွေ နည်းနည်း ပိုစိတ်လာတယ်” ဟု သူက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ကလည်း ကမ္ဘာပေါ်တွင် လူသားသန်း ၂၀ ကျော်က နှစ်စဉ် အဓမ္မစေခိုင်းခံနေရကြောင်း ထုတ်ပြန်ထားသည်။ ဒါ့အပြင် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ ခန့်က ဒီလူကုန်ကူးမှုကနေ အမြတ်အစွန်းရနေပြီး လူကုန်ကူး ခံရသူ အများစုက အမျိုးသမီးတွေဖြစ်ကြတယ်၊ လူကုန်ကူးမှုရဲ့ ၄၉ ရာခိုင်နှုန်းအထိ ဖြစ်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး ( UNODC ) က ထုတ်ပြန်ထားပါတယ်။

ယခုကဲ့သို့ ရန်ကုန်တောင်ပိုင်းခရိုင်က အမှုဖြစ်စဉ်တွေ တိုးတက်လာရခြင်းကလည်း အရင်က အဖြစ်များတဲ့နေရာတွေကို မိမိတို့က ဖိဖိစီးစီး တားဆီးကာကွယ်လာတဲ့အခါမှာ စားကျက်နယ်မြေ ရွေ့လျားလာတဲ့ သဘောမျိုးဖြစ်တယ်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ပတ်ဝန်းကျင်မှာ ဆိုရင်လည်း ယခင်က ထိုင်းနိုင်ငံကို လူကုန်ကူးနေရာကနေ ယခုနောက်ပိုင်း တရုတ်အမျိုးသားတွေနဲ့ လက်ထပ်တဲ့ လူကုန်ကူးဖြစ်စဉ်တွေ ဖြစ်ပျက်လာခဲ့ကြတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့က ဒုရဲမှူးကြီး သက်နောင်က ရှင်းပြပါတယ်။

ဒါ့အပြင် ယခင်အချိန်များက လူကုန်ကူးတယ်ဆိုတာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြသူတွေ၊ အိမ်ထောင်ကွဲခဲ့ကြတဲ့ အမျိုးသမီးတွေကို အဓိက ပြစ်မှတ်ထား ကုန်ကူးခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ အပျိုဝင်စ အရွယ်များကိုပါ ဘဝနေရေး ခက်ခဲမှုအပေါ် အခွင့်အရေးယူပြီးတော့ တရုတ်အမျိုးသားတွေနဲ့ လက်ထပ်တဲ့ ဖြစ်ပျက်မှုတွေ ဖြစ်လာတာလို့ သူက ပြောပါတယ်။

“အရင်က သာမန်အပျို မိန်းကလေးတွေကို တရုတ်မှာ ဘာလုပ်ရမယ်ဆိုပြီး လိမ်ခေါ်ပြီးမှ တရုတ်တွေနဲ့ ယူခိုင်းတာ။ အခုနောက်ပိုင်းကြတော့ တရုတ်နဲ့ လက်ထပ်ရမယ်ဆိုပြီး တိုက်ရိုက်ကိုခေါ်လာတယ်။ ဒါကလည်း တဖက်မှာ မိသားစု စားဝတ်နေရေး၊ အဆင်ပြေရေးကို ကြည့်ပြီးတော့ ရင်းစရာရှိ ကိုယ်သာရင်းလိုက်တော့မယ်ဆိုတဲ့ အတွေးတွေနဲ့ လုပ်လာကြတဲ့ သဘောမျိုးပေါ့” လို့ သူကဆိုပါတယ်။

လူကုန်ကူးမှု တားဆီးရေးမှာ ဘာတွေ အခက်အခဲရှိကြလဲ

အထူးသဖြင့် တရုတ်နိုင်ငံကို ရောက်ရှိသွားပြီးမှ လူကုန်ကူးဖြစ်စဉ် သတင်းရရှိတဲ့အခါ ဘယ်နေရာကို ရောက်ရှိနေလဲဆိုတဲ့ အချက်အလက်ကို မရနိုင်တော့တဲ့အတွက် ပြန်လည်ကယ်ဆယ်ရေးက အရမ်းကို အခက်အခဲရှိတယ်လို့ ရဲမှူး ခင်မောင်ကြွယ်က ပြောပါတယ်။

ဒါ့အပြင် တချို့သော လူကုန်ကူးခံရသူများကလည်း လူကုန်တားရဲတပ်ဖွဲ့ရဲ့ အမှုမဖွင့်ခင် ကနဦးတိုင်ချက်အတွက် စစ်ဆေးတဲ့အခါ ဖြစ်စဉ်အမှန်များကို ပြောပြတတ်ကြပေမယ့် တကယ်တမ်း လူကုန်တားရဲတပ်ဖွဲ့က တရားလိုလုပ်တဲ့ တရားရုံးမှာ စစ်ဆေးတဲ့အခါ ယခင်ပြောဆိုချက်တွေနဲ့ ကွဲလွဲထွက်ဆိုတတ်ကြတဲ့အတွက် လူကုန်ကူးကြတဲ့သူတွေကို တရားစွဲဆိုရေးမှာ အခက်တွေ့ကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“အဓိကကတော့ လူကုန်ကူးခံရသူက ငွေကြေးရလိုမှုတွေနဲ့ ဖြစ်ခဲ့ကြတော့ တရားစွဲခံရသူတွေရဲ့ ငွေကြေးညှိနှိုင်းမှုတွေနဲ့ မူလ ကျနော်တို့ဆီမှာ ပြောဆိုခဲ့တာတွေနဲ့ ကွဲလွဲထွက်ဆိုတတ်ကြတယ်။ အဲ့ဒီအတွက် အခုနောက်ပိုင်းမှာ ကျနော်တို့က လူကုန်ကူးခံရတဲ့သူတွေကို အမှုဖွင့်လိုက်ပြီဆိုတာနဲ့ ကနဦး တရားရုံး ထွက်ဆိုချက်မျိုးကို အတည်ဖြစ်အောင် လုပ်ကြရတယ်။ အဲ့ဒီလိုမှ သူက တကယ်အမှုရင်ဆိုင်ရတဲ့ တရားရုံးမှာ အဓိကသက်သေအဖြစ် ထွက်ဆိုတဲ့အခါ တလွဲထွက်လို့ မရတော့အောင် လုပ်ထားရတာ” လို့ သူက ဆိုပါတယ်။

အဲ့ဒီအပြင် လူကုန်တားရဲတပ်ဖွဲ့က နယ်မြေအလိုက် ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့မဟုတ်သလို ဖွဲ့စည်းပုံအရ အင်အားများစွာလည်း မရှိတဲ့အတွက် နယ်မြေရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိက အရေးကြီးတယ်လို့ ရန်ကုန်တိုင်းအတွင်းရှိ လူကုန်တားတပ်ဖွဲ့မှ နယ်မြေခံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

သန်လျင်မြို့နယ်က လူကုန်ကူးမှုဖြစ်စဉ်မှာ လူကုန်ကူးသူတို့ ရှောင်တိမ်းအပြီး ၎င်းတို့နေအိမ်ကို ပြန်ရောက်သည့်ချက်ချင်း ဖမ်းဆီးရမိနိုင်ရေး အတွက် လူကုန်တားရဲတပ်ဖွဲ့မှ နယ်မြေခံရဲစခန်းကို အကူညီတောင်းခံတဲ့အခါ ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုသာ အကူညီပေးပြီး ဖမ်းဆီးရေးမှာ လက်နက်လည်း မပါတဲ့အတွက် တကယ်များ ဖမ်းဆီးခံရမယ့်သူများက ခုခံကာကွယ်ရင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို အဓိက စဉ်းစားခဲ့ရတယ်လို့ အဆိုပါ ဖမ်းဆီးရေးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ သန်လျင်မြို့နယ်က အရပ်ဖက်အဖွဲ့အစည်းက ဒေသခံတစ်ဦး ပြောပြတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ လူကုန်ကူးခံရသည့် အမျိုးသမီး၏ နေအိမ် / ဧရာဝတီ

“ကျနော်တို့ ပြည်သူတွေဆိုတာ တကယ်တမ်း ဖမ်းဆိုရင် ဖမ်းလို့ရတဲ့သူတွေမဟုတ်ဘူး။ ရဲတပ်ဖွဲကပဲ ဖမ်းရမှာ။ လူကုန်တားက ရဲ ၂ ဦး ချက်ချင်း ရောက်လာတယ်။ ဒါပေမယ့် စခန်းက တခြားအမှုတွေ များနေလို့ လူမရှိဘူးဆိုပြီး သူ့စခန်းက ၂ ဦးပဲ ထည့်ပေးတယ်။ ဒီ ၄ ဦးနဲ့ လက်နက်လဲမပါပဲ ဘယ်လိုဝင်ဖမ်းမလဲ။ အမျိုးသမီးတွေပါ ဖမ်းရမယ်ဆိုတာမှာတောင် အမျိုးသမီးရဲမေ မပါဘူး။ ကျနော် တော်တော် အားမရဖြစ်ခဲ့ရတယ်။ ကျနော်တို့ ချက်ချင်းအကြောင်းကြား၊ လူကုန်တားက ချက်ချင်းလာတယ်။ နယ်မြေရဲကိုက ဒါမျိုးဆို သိပ်အရေးမစိုက်သလို ဖြစ်နေတာ” လို့ သူက ဆိုပါတယ်။

ယခုလို ဖြစ်ပျက်မှုမျိုးက ရဲတပ်ဖွဲ့ဝင်တွေကြားမှာ ပုဂ္ဂိုလ်ရေး ခံစားချက်မျိုးကြောင့်သာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးတဲ့ အဖြစ်အပျက်မျိုးသာဖြစ်ကြောင်း၊ မိမိတို့ရဲတပ်ဖွဲ့တွင် ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ လုပ်ထုံးလုပ်နည်းနဲ့ လမ်းညွှန်ချက်တွေ ရှိပြီးသားဖြစ်တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး သက်နောင်က ပြောပါတယ်။

ယနေ့ လူကုန်ကူးမှုနဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အားလုံးဟာ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုတွေသာ လျော့ပါးလာနိုင်မယ်ဆိုရင် တားဆီးကာကွယ်ရေးမှာ ပိုမိုထိရောက်စေမယ်လို့ သူက သုံးသပ်ပါတယ်။ ပြည်သူတွေကို ပညာရည်နိမ့်ပါးတယ်ဆိုပြီး ပညာရေးတဖက်ထဲကို ဇောက်ချလုပ်ကိုင်နေရုံနဲ့ လျော့ပါးမှာမဟုတ်သလို တိုင်းပြည်ရဲ့ ကဏ္ဍအားလုံးကို တိုးတက်လာမှ နှိမ်နင်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ့် ဝင်ငွေနဲ့ ထွက်ငွေ မျှတနေမယ်၊ တည်ငြိမ်နေမယ်ဆိုရင် ဘယ်သူကမှ ကိုယ့်မွေးရပ်ဇာတိကို စွန့်ခွာပြီး တိုင်းတပါးကို သွားကြမှာမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

တရုတ်အမျိုးသားတွေနဲ့ လက်ထပ်ဖို့ စဉ်းစားကြတဲ့ မြန်မာမိန်းကလေးတွေအနေနဲ့ အထူးသတိထားရမှာက တရုတ်နိုင်ငံကို ရောက်သွားမယ် ဆိုရင် ဘာဆက်ဖြစ်နိုင်မယ်၊ ဘာသာစကား ကျွမ်းကျင်မှုမရှိတဲ့နယ်ပယ်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သေသေချာချာ စဉ်းစားသင့်တယ်လို့ ရဲမှူးခင်မောင်ကြွယ်က အကြံပြုပါတယ်။

“အခု တရုတ်တွေနဲ့ လက်ထပ်တဲ့ဖြစ်စဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ ကားဝယ်စီးသလိုပဲဗျာ။ ကိုယ်ဝယ်စီးတဲ့ကား ဈေးကောင်းရကြည့်။ ပြန်ရောင်းကြမှာပဲ။ ၆ လ၊ ၁ နှစ် စီးပြီးလည်း ပြန်ရောင်းတာပဲ။ ကိုယ်စီးရတာ အမြတ်ပဲမဟုတ်လား” လို့ သူက ဆိုပါတယ်။

The post ဘဝကို ကုန်ပစ္စည်းသဖွယ် တရုတ်လက်ထဲ ထိုးအပ်ခံနေရတဲ့ အမျိုးသမီးလေးများ appeared first on ဧရာဝတီ.

ယမ်းငွေ့တွေ ဝေခဲ့တဲ့ စည်တောင်ရွာ

$
0
0

ဘူးသီးတောင်မြို့နဲ့ မိုင် ၂၀ နီးပါး ဝေးကွာတဲ့ စည်တောင်ရွာ ကလေးဟာ လရောင် ထိန်ထိန်အောက်မှာ ကမ္ဘာပျက် သလို ကြုံခဲ့ရပါတယ်။

အဲ့ဒီညက ဆယ်တန်း ဖြေထားတဲ့ အသက် ၁၇ နှစ်အရွယ် မစောနှင်းခင်တယောက် အတွက်ကတော့ ဒီတသက်မှာ ဘယ်တော့မှ မေ့ပျောက်မသွားမယ့် အတွေ့အကြုံကို ရင်ဆိုင်ကြုံခဲ့လိုက်ရပြီ။

မတ်လ ၂၁ ရက်နေ့ည ၉ နာရီလောက်က ရွာလယ်မှာရှိတဲ့ ဘိုးဘွား လက်ထက်ကတည်းက နေထိုင်လာကြတဲ့ နေအိမ် မှာ မိသားစုဝင် ၁၀ ဦးကျော် ပျော်ရွှင်စွာနဲ့ စကားလက်စုံကျပြီးတော့ လူစုံတက်စုံ ရှိနေချိန် ဂျိမ်း ဂျိမ်း ဆိုတဲ့ အသံက တရွာလုံးရဲ့ ငြိမ်သက်မှုကို ဖြိုခွင်းလိုက်တယ်။

ရွာထဲမှာ လက်နက်ကြီး လက်နက်ငယ်တို့ ပေါက်ကွဲသံ များနဲ့အတူ ယမ်းငွေ့တွေလည်း ဖုံးလွှမ်းသွားပါတော့တယ်။

သွပ်မိုး၊ ထရံကာ အိမ်ကလေး အနောက်ဘက်က တောင်ကမ်းပါးမှာ တူးထားတဲ့ တခုနဲ့တခု ၃ ပေလောက်သာ ကွာ ဝေး တဲ့ ဗုံးခိုကျင်း ၂ ကျင်းထဲကို တိုင်ပင်စရာ မလို၊ တယောက်ကိုတယောက် လှည့်ကြည့်ချိန်ပင် မရဘဲ ပြေးပုန်း လိုက် ကြရတော့တယ်။

အသက် ၁၀ နှစ်ဝန်းကျင်သာ ရှိတဲ့ ကလေးငယ်တွေက တကျင်း၊ မစောနှင်းခင်နဲ့ ဦးလေး၊ အဒေါ် တော်စပ်သူတို့နဲ့ တခြား မိသားစုဝင်တွေက တကျင်းနဲ့ လူစုကွဲပြီးတော့ ဗုံးခိုကျင်းတွေထဲ ရောက်ခဲ့ကြတယ်။

“သမီးတို့ ဗုံးခိုကျင်းထဲကို ပြေးတဲ့အချိန် ကျည်ဆန်တွေက “ရွှီး …. ရွှီး” မြည်ပြီး မီးခဲတွေ ဘေးနားကနေ ဖြတ်သွားတာ ကိုပဲ သိတယ်။ ခေါင်းလည်း မဖော်ရဲဘူး။ မြေမှာ မျက်နှာကို ကပ်ပြီး ဝပ်နေကြရတယ်”လို့ အဲ့ဒီနေ့က ဝမ်းဗိုက်မှာ ကျည်ဆန် ထိမှန်ထားလို့ စစ်တွေဆေးရုံမှာ ဆေးကုသနေရတဲ့ မစောနှင်းခင်က ခုတင်ပေါ်ကနေ ဝေဒနာကို ခံစားရင်း လေသံ တိုးတိုးလေးနဲ့ သူကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြနေတယ်။

အဲ့ဒီ ကြုံတွေ့ခဲ့ရပုံတွေကို မေးမြန်းတဲ့ အခါ သူ့နှုတ်ခမ်းက ထွက်လာတဲ့ စကားလုံးတိုင်းမှာ ဝေဒနာကို ခံစားရလို့ မျက်ရည်တွေ စီးကျပြီး ခန္ဓာကိုယ်က တဖက် လှည့်လှည့် သွားပါတယ်။
မွန်းလွဲပိုင်း ရွာပြင်မှာ တပ်မတော်သားတွေ ရောက်နေကတည်းက တရွားလုံးက စိုးရိမ်စိတ်တွေ ဖြစ်နေခဲ့ကြတယ်။

ညပိုင်း အမေရိကန် အသံ (VOA) သတင်းဌာနက လွှင့်နေတဲ့ ရေဒီယို သတင်းတွေကို နားထောင်နေရင်း လက်နက် ကြီး ပေါက်ကွဲသံတွေ ကြားလိုက်တာနဲ့ ဗုံးခိုကျင်းထဲ ပြေးဝင်ရတဲ့ စည်တောင်ရွာသား ဦးထွန်းသာစိန် ကလည်း သူ ဗုံးခို ကျင်းကို ပြေးမဝင်မီမှာ တပ်မတော်သားတွေက ရွာထဲက လမ်းကြားတွေအထိ ဝင်ရောက် ပစ်ခတ်နေတာကို မြင်တွေ့ ခဲ့ရတယ်လို့ ပြောပြတယ်။

အဲ့ဒီနေ့ည ၉ နာရီလောက်ကနေ ၁၁ နာရီကျော်အထိ မနားတမ်း ပစ်ခတ်သံတွေကို ကြားနေရပြီးတော့ ဒီလိုသာ ပစ်နေ မယ်ဆို ရွာကလူတွေ အကုန် သေကုန်ကြတော့မှာပဲ ဆိုတဲ့ ကြောက်စိတ်က ကြီးထွားခဲ့ရတယ် လို့လည်း သူက ဆက်ပြောတယ်။

“ည ၉ နာရီလောက်ထဲက ပစ်တာ။ ၂ နာရီလောက် ကြာတဲ့အထိ မနားတမ်းပစ်နေတာ။ ကျနော့်အိမ်နဲ့ နီးနီးလေး။ တဒိုင်းဒိုင်းနဲ့ ပစ်နေတာ”လို့ သူက ဆိုပါတယ်။

နောက်တနေ့ မနက် ၁ နာရီလောက်မှာတော့ သေနတ်ပစ်ခတ်သံတွေ နည်းပါးသွားတာကြောင့် မစောနှင်းခင် တယောက် ခေါင်းမဖော်ဘဲ သူ့ဘေးနားကို ကြည့်လိုက်တဲ့အခါ အသံတွေ တိတ်ဆိတ်နေပြီး သွေတွေလည်း အိုင်ထွန်း နေ တာကို မြင်တွေ့လိုက်ရတယ်။

“ကျမဘေးနားက မောင်လေးလက်မောင်းကို ကိုင်ပြီး မောင်ချေ..မောင်ချေ(မောင်လေး) လို့ခေါ်ပြီး လှုပ်ကြည့်တယ်။ သူ ဘာမှ ပြန်မထူးဘူး။ သူ့လက်တွေကို စမ်းကြည့်တော့ အေးစက်နေပြီ”လို့ မစောနှင်းခင်က ဆိုတယ်။

ဒါပေမယ့် သေနတ် ပစ်သံတွေက လုံးဝရပ်စဲတာ မဟုတ်တဲ့ အတွက် ဗုံးခိုကျင်းထဲမှာ တခြားမိသားစုဝင်တွေ သေနေ လား၊ ရှင်နေလားဆိုတာ ဆက်မကြည့်နိုင်ဘဲ မြေကြီးနဲ့ မျက်နှာ မကွာအောင်သာ ကပ်ထားနေရတယ်လို့ သူက ဆက် ပြော ပါတယ်။

အဲ့ဒီနေ့ဖြစ်စဉ်မှာ စည်တောင်ရွာ အိမ်ပေါ်မှာ အိပ်နေတဲ့ အသက် ၈၀ ကျော်အရွယ် မျက်မမြင်အဘွား တဦးနဲ့ ဗုံးခိုကျင်း ထဲ ဝင်ပုန်းနေတဲ့သူ ၄ ဦးတို့ သေဆုံးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားတချို့လည်း ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ မစောနှင်းခင်ကို သိပ်ချစ်တဲ့၊ သူနဲ့အတူ ၁၀ တန်းဖြေဆိုထားတဲ့ အသက် ၁၇ နှစ်အရွယ် မောင် ဖြစ်သူ ကိုမြတ်ဆွေသိန်းလည်း ပါဝင်ခဲ့ပါတယ်။

နောက်သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အရွယ် မခင်ဇာထွန်းရဲ့ မိဘနှစ်ပါးလုံးလည်း ပါဝင်ခဲ့ပါတယ်။ မခင်ဇာ ထွန်း က အခုဆိုရင် ရင်ခွင်မဲ့လေး ဖြစ်သွားတဲ့ အတွက် သူ့ဆွေမျိုးသားချင်းတွေကပဲ ဆက်စောင့်ရှောက် ထားရတယ်။

ဒဏ်ရာရသူတွေက စေတီတောင် တိုက်နယ်ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရပြီး ဒဏ်ရာ ရသူတွေထဲမှာ အပြင်း အထန် ဒဏ်ရာရခဲ့တဲ့ မစောနှင်းခင်နဲ့ သူ့ရဲ့အဒေါ် ဒေါ်တင်အေးသိန်းတို့ အပါအဝင် ၅ ဦးကိုတော့ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း နဲ့ ICRC အဖွဲ့က စစ်တွေဆေးရုံကို ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသနေရပါတယ်။

အသက် ၃၀ အရွယ် ဒေါ်တင်အေးသိန်း ဆိုရင် မျက်လုံးတဖက် ဆုံးရှုံးလိုက်ရသလို ကနေ့အချိန်အထိ စကားမပြော နိုင် သေးတဲ့ အနေအထားမျိုး ရှိနေဆဲပါ။

တွေ့ရှိရသည့် လက်နက်ကြီး လက်နက်ငယ် ကျည်ခွံများ / မင်းအောင်ခိုင်/ဧရာဝတီ

ယမ်းငွေ့တွေ လွင့်ပြယ် သွားပြီးနောက်

စည်တောင်ရွာသားတွေက ဗုံးခိုကျင်းထဲမှာ တညလုံး မအိပ်စက်ဘဲ ဖြတ်သန်းပြီးနောက် မနက်ပိုင်း နေရောင်ကို တွေ့မြင် ရတော့မှ ဗုံးခိုကျင်းထဲက ထွက်လာကြပြီး ကျေးရွာအတွင်း အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရသူ ရှိမရှိကို စူးစမ်း လေ့လာကြရတယ်။

ရွာထဲကို ရံဖန် ရံခါ ပစ်ခတ်မှုတွေ ရှိနေသေးတဲ့ အတွက် ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ ဆီကို ဖုန်းနဲ့ ညက ဖြစ်ပျက်ခဲ့တာတွေကို ရွာသူရွာသားတွေက ဆက်သွယ် အကြောင်းကြား ကြ တယ်။

ဦးအောင်သောင်းရွှေ ကလည်း မြို့ပေါ်က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဘူးသီး တောင် မြို့နယ်ခွဲက တပ်ခွဲမှူး ဦးကျော်မြင့်ေ၀ တို့အဖွဲ့နဲ့အတူ မတ်လ ၂၂ ရက်နေ့ မနက်မှာ စည်တောင်ရွာကို ရောက် လာခဲ့ကြတယ်။

သူတို့အဖွဲ့ စည်တောင်ရွာကို ရောက်တဲ့အချိန် တပ်မတော်သားတွေက ဆုတ်ခွာနေတာကို မြင်တွေ့ရတယ်၊ သူတို့ကို တောင် ကနဦး သေနတ်တွေနဲ့ ချိန်ထားသေးပြီး နောက်မှ ဆုတ်သွားတာလို့ ဦးအောင်သောင်းရွှေက ပြောတယ်။

ဦးကျော်မြင့်ဝေကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်နဲ့ ဒဏ်ရာရသူတွေကို သယ်ဆောင်ဖို့ စည်တောင် ရွာ ရောက်တဲ့အခါ တပ်မတော်သား တချို့ကို မြင်တွေ့ခဲ့ရတယ်လို့လည်း အတည်ပြုပါတယ်။

တပ်မတော်သားတွေက ရွာအပြင်ဘက်မှာ တဖွဲ့၊ ဘုန်းကြီးကျောင်းမှာ တဖွဲ့ ရှိနေတာကို မြင်တွေ့ရခဲ့ရတယ်လို့ သူက ဆို ပါတယ်။

မစောနှင်းခင်တို့ နေခဲ့တဲ့ ဗုံးခိုကျင်းက အိမ်အနောက်ဘက် တောင်ကမ်းပါးယံမှာ တူးထားတာဖြစ်လို့ တကယ်လို့များ လက်နက်ကြီး ကျည်ဆန်တွေ ကျလာမယ်ဆိုရင်တောင် ဗုံးခိုကျင်းကို ကျော်လွန်ပြီး နေအိမ်ကိုသာ ထိမှာဖြစ်တယ်။ ဗုံးခိုကျင်း ဝန်းကျင်မှာလည်း လက်နက်ကြီး ကျည်ဆန် ကျပြီးပေါက်ကွဲတဲ့ အစအနတွေ တခုမှ မတွေ့တာကြောင့် လက်နက် ငယ်တွေနဲ့ ကျင်းထဲကို ပစ်ခတ်သွားတာ ဖြစ်နိုင်တယ်လို့ ကျေးရွာသားတွေက ယူဆကြတယ်။

တညလုံး လက်နက်ကြီး၊ လက်နက်ငယ်သံတွေ လွှမ်းခြုံနေတာကြောင့် မစောနှင်းခင် အပါအဝင် ဗုံးခိုကျင်းထဲမှာ အသက် ရှင်လျက် ကျန်ခဲ့သူတွေတောင် ကိုယ့်မိသားစုဝင်တွေ ဘယ်လို သေဆုံးခဲ့တယ်ဆိုတာကို မသိလိုက်ကြပါဘူး။

မစောနှင်းခင် ကိုယ်တိုင်ပင် သူ့မှာ ဒဏ်ရာရခဲ့တယ် ဆိုတာကို မနက်ပိုင်း သေဆုံးသူတွေကို လာကြည့်တဲ့ ရွာသူ ရွာသား တွေက သူ့ကိုယ်မှာ သွေးတွေ စီးကျနေတာကို မြင်ပြီး ပြောမှသာ သိခဲ့ရတယ်လို့ မစောနှင်းခင်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်ချေ က ပြောပြပါတယ်။

မြေကြီးတွင် စိုက်ဝင်နေသော လက်နက်ကြီး ကျည်တခုကို တွေ့ရစဉ် / မင်းအောင်ခိုင်/ဧရာဝတီ

စည်တောင်ရွာသို့

မတ်လ ၂၆ ရက်နေ့မှာတော့ ဧရာဝတီ သတင်းထောက်နဲ့အတူ တခြား သတင်းထောက်တဦး တို့က ရေကြောင်းကနေ အမြန် ယာဉ်နဲ့ စည်တော်ရွာကို သွားရောက်ခဲ့ကြပါတယ်။ တခြားသော သတင်းထောက်တွေက လုံခြုံရေး အခြေအနေ အရ သွားခါနီးမှ မလိုက်ခဲ့ကြတော့ပါ။

စည်တောင်ရွာဆိုတာက ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ်ကြားက အိုးဖောက်(ခ) အုတ်ဖိုရွာ ဆိပ်ကမ်းကနေ တဆင့် သွားရတာပါ။ အိုးဖောက် ဆိပ်ကမ်းဆိုတာကလည်း သတ်သတ်မှတ်မှတ် ဆိပ်ကမ်းရှိတာမဟုတ်၊ အမြန်ယာဉ် ကို ရေလယ်မှာရပ်ပြီး အသင့်စောင့်နေတဲ့ စက်လှေလေးတွေနဲ့ အိုးဖောက် ချောင်းရိုးအတိုင်း စည်တောင်ရွာကို ဆန် တက် ခဲ့ကြတယ်။

ချောင်းရိုးတလျှောက်မှာ ဘင်္ဂါလီရွာသားတချို့က ငါးရှာနေကြတယ်။ စည်တောင်ရွာ မရောက်မီ လမ်းတဝက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေက စီးလာတဲ့ စက်လှေလေးရဲ့ အင်ဂျင်စက်သံကို ကျော်လွန်ပြီး ကြားနေရတယ်။

စက်လှေသမားက ရေလယ်မှာ စက်ကို ခဏရပ်ပြီး ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်လိုက်တယ်။ ဒီဒေသရဲ့ ရွာသူရွာသားတွေဟာ ဆိုင်ကယ်၊ စက်လှေ စတာတွေနဲ့ နိစ္စဒူ၀ သွားလာနေတာမှာ လမ်းခုလတ်မှာ မထင်မှတ်ဘဲ တိုက်ပွဲနဲ့ကြုံကြရင် အပစ်ခံရတာရှိသလို ဖမ်းဆီးရိုက်နှက်ခံရတာ၊ အစအနတောင် ရှာမရဘဲ ပျောက်သွားတာမျိုးတွေ ရှိခဲ့တာကြောင့် စည်တောင်ရွာခရီးကို သွားရတာ သတိကြီးကြီး ထားပြီး သွားနေရတယ်။

တိုက်ပွဲကြား ညပ်သွားမှာစိုးလို့ ရှေ့တိုးသင့်၊ မသင့်ကို စက်လှေသမားနဲ့ တိုင်ပင်ပြီး နာရီဝက်ခန့် ရေလယ်မှာ စက်ရပ် ပြီး နားစွင့်နေရတယ်။ အိုးဖောက် ချောင်းရိုးတလျှောက်မှာလည်း စက်လှေ အဆင်း၊ အတက် တစီးမှမတွေ့တော့ တစုံ တခုသာ ဖြစ်ခဲ့မယ်ဆိုရင် လူမသိ သူမသိ သေဆုံးသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်က ကြီးလာနေတယ်။

မိနစ်အတန်ကြာတော့မှ စက်လှေသမားက စည်တောင်ရွာကို ဖုန်းဆက် မေးကြည့်တဲ့အခါ တိုက်ပွဲဖြစ်နေတာက စည်တောင်ရွာနဲ့ အတန်ဝေးတဲ့ ပဲသဒူရွာ အနီးက တောင်တန်းတွေမှာ ဖြစ်နေတာဆိုလို့ စက်လှေက အင်ဂျင်ကို ပြန်နှိုးပြီး ခရီးဆက်ခဲ့ကြတယ်။

စည်တောင်ရွာကို ခြေချမိလိုက်သည့်အချိန် ရွာထဲက အမျိုးသမီးတချို့က အထုပ်ကိုယ်စီဆွဲပြီး ဆိပ်ကမ်းဘက်ကို ဆောက်တည်ရာမရ ပြေးလွှားနေကြတာကို မြင်လိုက်ရတယ်။

“အိုးဖောက် ဒုက္ခသည်စခန်းက အခု ရွာကိုပြန်ပြီး အဝတ်အစားတွေ ပြန်လာယူတာ။ ရွာက ထွက်ပြေးတဲ့နေ့က ကျမတို့ မှာ ဘာမှ ယူချိန်မရလိုက်ဘူး။ ဒီနေ့မှ ပြန်လာယူတာ။ အခုလည်း လက်နက်ကြီးသံတွေ ကြားလို့”လို့ ရွာထဲကနေ ထွက်ပြေး လာနေတဲ့ အမျိုးသမီးတဦးက လှမ်းအော်ပြောတယ်။

စက်လှေပေါ်ကို ခပ်သုတ်သုတ် ဆင်းပြေးသွားတဲ့အတွက် မေးမြန်း စုံစမ်းချိန်တောင် မရလိုက်ပါဘူး။

စည်တောင်ရွာဟာ ရွာလယ်မှာ အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီးနဲ့အတူ သာယာလှပ နေပေမယ့် နေအိမ်တွေကတော့ ခြံ တံခါးပိတ်ပြီး လူသူကင်းမဲ့ နေပါပြီ။ ရွာစောင့်အဖြစ် အသက်ကြီးတဲ့ အမျိုးသားတချို့နဲ့ လူလတ်ပိုင်း အမျိုးသား တချို့ သာ ကျန်ရစ်ခဲ့ကြတယ်။

ကျန်ခဲ့တဲ့ရွာသားတွေက ကိုယ်တွေ့ကြုံခဲ့ကြရတဲ့ အဖြစ်အပျက်တွေကို ရှင်းပြကြပြီး ရွာထဲမှာ မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်ကြီး ကျည်ဆန်တွေကို လိုက်ပြကြတယ်။ ကျည်ဆန်ထိမှန်ထားတဲ့ တပိုင်းတစ ကျိုးပျက်နေတဲ့ နေအိမ်တွေ၊ အပြာရောင် သွပ်မိုးတွေက ခေါင်မိုးပေါ်မှာ လုံးဝမရှိတော့ဘဲ ဆိုင်ကလုံးမုန်တိုင်း တိုက်သကဲ့သို့ ပျက်စီးနေတဲ့ နေအိမ် တွေ ကို မြင်တွေ့ခဲ့ရတယ်။

မစောနှင်းခင်တို့ ဝင်ပုန်းခဲ့တဲ့ ဗုံးခိုကျင်းထဲမှာ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့သွေးတွေက ခြောက်ကပ် ကျန်ရစ်နေဆဲပါ။

စည်တောင်ရွာ ပစ်ခတ်မှုဖြစ်တဲ့ မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ စည်တောင်ရွာနဲ့ ၁ မိုင်ကျော်လောက်ဝေးတဲ့ စပါးထား ရွာကနေ တပ်မတော်သားတွေ ရောက်လာဟန်ရှိပြီးတော့ အဲ့ဒီနေ့မတိုင်ခင် တရက်အလိုကလည်း သုံးဆက် တဘုံ ဘုရား အနီးက စံဂိုးထောင်ရွာ အနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲဖြစ်ဟန် ရှိခဲ့ တယ်လို့ ရွာသားတွေက ပြောကြတယ်။

“ကျနော်တို့ ဒီနားတွေမှာက ဒီလိုပဲ။ လက်နက်ကြီး ပစ်ခတ်သံတွေ အမြဲတမ်းကြားနေရတော့ တိုက်ပွဲဖြစ်တာလား၊ နယ်မြေရှင်းတာလားဆိုတာ ကျနော်တို့ မခွဲတတ်ဘူး”လို့ စည်တောင်ရွာသား ဦးထွန်းသာစိန်က ပြောပါတယ်။

နေ့လယ်ပိုင်းထဲက ရောက်လာကြတဲ့ တပ်မတော်သားတွေရဲ့ ယူနီဖောင်း လက်မောင်းတံဆိပ်မှာ ၂၂ ဆိုတဲ့ နံပါတ် တွေ ကို တွေ့မြင်ခဲ့ရပြီး စစရောက်ချင်းက တပ်မတော်သားတွေဟာ ရွာသားတွေနဲ့ အေးအေးဆေးဆေးပဲ ယဉ်ယဉ် ကျေးကျေးနဲ့ အပြန်အလှန် စကားပြောခဲ့ကြပေမယ့် ညနေ ၄ နာရီနောက်ပိုင်းမှာ တပ်မတော်သားတချို့ရဲ့ အပြုအမူက ပြောင်းလဲလာတာကို တွေ့ခဲ့ရတယ်လို့ အိုးဖောက် စစ်ဘေးရှောင် စခန်းကို ရောက်နေတဲ့ စည်တောင်ရွာသူ မနွယ်နွယ်စိုး က ပြန်ပြောပြတယ်။

“ညနေပိုင်းကြတော့ သူတို့က အိမ်တွေကိုဝင်ပြီး အစ်မ ဘာဟင်းချက်လဲ၊ ရော့ ဒီဗုံးသီးယူ၊ အိုးထဲထည့်ပြုတ်လိုက်၊ ဒီ သေနတ် ကြောက်လား၊ အဲ့ဒီလိုမျိုး ပြောလာတယ်။ အဲ့ဒါကြောင့် တခုခုဖြစ်လာမလား ဆိုပြီး သတိနဲ့ နေနေခဲ့ကြတာ။ မိန်းကလေးတွေ တွေ့ရင်လည်း ဟေ့.. ပြေးတယ် .. ပြေးတယ်.. လိုက်လိုက်နဲ့။ ဘေးနားက အိမ်တွေကိုလည်း ဒီအိမ် က ငါ့ယောက္ခမ အိမ်။ အဲ့ဒီလို စသလို နောက်သလိုနဲ့ ပြောလာတယ်”လို့ သူက ဆိုပါတယ်။

ပစ်ခတ် ခံရမှုကြောင့် အမိုးလန်သွားသော အဆောက်အအုံတခု / မင်းအောင်ခိုင်/ဧရာဝတီ

ရွာသူရွာသားတွေက မြေစာပင်လား

ရခိုင်ပြည်နယ် အတွင်း တပ်မတော်နဲ့ AA လက်နက်ကိုင်တို့ ၂ ဖက်တိုက်ပွဲများကြား ဒေသခံ ရွာသူရွာသားတွေဟာ မြေစာပင်တွေ ဖြစ်နေရတယ်။

တပ်မတော် စစ်ကြောင်းတွေကို ကျေးရွာနားတွင် မိုင်းခွဲ တိုက်ခိုက်ခံရတဲ့ အတွက် ရသေ့တောင်မြို့နယ်က သမီးလှ ကျေးရွာနဲ့ မင်းဖူး ကျေးရွာတို့မှာ ပစ်ခတ်မှုတွေကြောင့် ရွာသူရွာသားများ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

AA တပ်ဖွဲ့ဟာ ကျေးရွာနား များကိုပင်မရှောင် တပ်မတော် စစ်ကြေားတွေကို ချောင်းပစ်တာ၊ မိုင်းခွဲတာ၊ အများ ပြည်သူ သွားလာနေတဲ့ လမ်းမကြီးတွေမှာ တပ်မတော် စစ်ကားတွေကို တိုက်ခိုက်တာကို စိတ်နာနေတဲ့ အကြောင်း အောက်ခြေ တပ်မတော်သား တချို့နဲ့ တပ်မတော်နဲ့ နီးစပ်သူတွေဆီက ကြားရပါတယ်။

တပ်မတော်နဲ့ AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက စပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် ဒေသခံဦးရေဟာ ၂၆၀၀၀ ကျော်အထိ တိုးလာနေပါတယ်။

စည်တောင်ရွာ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားမှုရှိခဲ့ပြီး ကျေးရွာ ထိခိုက်မှုနဲ့ ပတ်သက်လို့တော့ ဖြစ်စဉ် အသေးစိတ်ကို မသိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော် သိသလောက် အဲ့ဒီနေ့ည ၉ နာရီလောက်မှာပေါ့။ တိုက်ပွဲဖြစ်သွားတာ ရှိတယ်။ စည်တောင်ရွာနဲ့ နီးတယ်။ စည်တောင်ရွာနဲ့ မီတာ ၁ ထောင်(ကိုက် တထောင်ကျော်)လောက် ဝေးမယ်နဲ့တူတယ်။ AA ခန့်မှန်း အင်အားက ရာဂဏန်း လောက် ရှိတယ်။ တိုက်ပွဲမှာ အပြန်အလှန် ဖြစ်တာတော့ ရှိတယ်။ ည ၁၁ နာရီလောက်အထိ ဖြစ်ခဲ့တယ်” လို့ သူက ဆိုပါတယ်။

မတ်လ ၁၉ ရက်နေ့က AA နဲ့ တပ်မတော်တို့ ဘူးသီးတောင်မြို့နယ် ကွမ်းတောကွမ်း တောင်ရွာနဲ့ စပါးထားရွာ ကြားမှာ မနက် ၁၀ နာရီလောက်မှာ တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ မတ်လ ၂၄ ရက်နေ့မှာ AA အဖွဲ့က သတင်း ထုတ်ပြန်ထားတယ်။

ဒါပေမယ့် မတ်လ ၂၁ ရက်နေ့ စည်တောင်ရွာ အနီးဝန်းကျင်မှာတော့ တိုက်ပွဲ လုံးဝဖြစ်ပွားတာ မရှိဘူးလို့ AA အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

“စည်တောင်ရွာနားမှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာ လုံးဝမရှိဘူး။ မတ်လ ၂၁ ရက်နေ့မှာရော မတ်လ ၂၀ ရက်နေ့မှာ ရော တိုက်ပွဲဖြစ်တာ မရှိဘူး။ မြန်မာစစ်တပ်ကတော့ မဖြစ်ရင်လည်း ကျနော်တို့အဖွဲ ရှိတယ်ထင်ပြီးတော့ လှမ်းပစ်တာ တော့ ရှိတယ်။ တိုက်ပွဲဖြစ်တဲ့ တလျှောက်မှာ သူတို့နိုင်တဲ့ပွဲ တပွဲမှ မရှိသေးဘူး။ ကြွက်မနိုင် ကျီမီးရှို့တဲ့ သဘောနဲ့ ရွာသားတွေကို တမင်ပစ်ခတ်နေတဲ့သဘောသာဖြစ်တယ်”လို့လည်း သူက ဆိုပါတယ်။

တပ်မတော်နဲ့ AA အဖွဲ့ရဲ့ ပြောဆိုချက်တွေ ကွဲလွဲနေသလို စည်တောင်ရွာ ဒေသခံတွေရဲ့ အမြင်မှာလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ရွာသားတွေကို ဦးတည်ပစ်ခတ်ခြင်းဟာ AA နဲ့ ပတ်သက် ဆက်နွယ်မှုရှိတယ် ဆိုပြီး စွပ်စွဲချက်တွေနဲ့ ပစ်ခတ်တာဖြစ်သလို AA အပေါ် ရခိုင်ဒေသခံတွေရဲ့ ထောက်ခံမှု ကျဆင်းလာအောင် လုပ်ဆောင် ခြင်း ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အခုလို အရပ်သားတွေ သေကြေ ပျက်စီးမှုနဲ့ ပတ်သက်ပြီး လက်ရှိ အစိုးရအနေနဲ့ အကာကွယ်ပေးဖို့ လိုအပ်တယ်၊ တဖက်မှာ စစ်ဘေးရှောင် ဒေသခံ တွေ အတွက် အစိုးရရဲ့ ကူညီထောက်ပံ့မှုက မဖြစ်စလောက်သာ ရှိနေပြီးတော့ အလှူငွေ ကောက်ခံတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း ကန့်သတ်ပိတ်ပင်တာတွေ ဖြစ်လာတဲ့အတွက် ရခိုင်လူထုနဲ့ အစိုးရကြားမှာ ပျောက်ဆုံးနေ တဲ့ ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့ မလွယ်ကူတဲ့ အခြေအနေကို ရောက်နေတယ်လို့ သုံးသပ် ပြောဆိုတယ်။

စည်တောင်ရွာက ပြန်လာပြီးတော့ အိုးဖောက်ရွာက စာသင်ကျောင်းမှာ ဖွင့်ထားတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ စစ်ဘေးရှောင်တွေကို အင်တာဗျူး လုပ်နေစဉ်မှာပဲ အုံး..ဂျိန်း ဆိုတဲ့ လက်နက် ပေါက်ကွဲသံတွေက လက်နက်ကြီး ပေါက်ကွဲသံတင်မက ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတဲ့ အသံတွေ နားထဲ တိုးဝင်လာနေတာကို ကြုံခဲ့ရ ပါတယ်။ ။

The post ယမ်းငွေ့တွေ ဝေခဲ့တဲ့ စည်တောင်ရွာ appeared first on ဧရာဝတီ.

ကျောက်ဆည်က သန်းခေါင်ယံ သစ်ဖမ်းပွဲ

$
0
0

နွေတည၏ သန်းခေါင်းယံ အချိန်တွင် လူငယ် ရဲတပ်သား နှစ်ဦး ခေါင်းဆောင်သည့် ၇ ဦးအဖွဲ့သည် တရားမဝင် သစ်ကား များ ဖြတ်သန်းရာ ရဲရွာ-ဘဲလင်း လမ်းတနေရာသို့ ဦးတည် ထွက်ခွာလာသည်။

ကျောက်ဆည်မြို့မှ ကားဖြင့် တနာရီခန့် မောင်းလာပြီးနောက် ရဲရွာ နယ်မြေ ရဲစခန်းအပိုင် သမန်းသာ ကျေးရွာနား အရောက် တွင် တရားမဝင်သစ်များ တင်ဆောင်ပြီး လမ်းဘေး ထိုးရပ်ထားသည့် ကားတစီးကို စတင် တွေ့လိုက်ရသည်။

အချိန်သည် ညဉ့်နက်ပိုင်း ၁၂ နာရီကျော်နေပြီး ဆက်တိုက် ဆိုသလို နောက်ထပ် သစ်ကား ၃ စီးကိုလည်း ထပ်မံ ဖမ်းဆီးမိ လိုက်ကြသည်။

ထိုအချိန်တွင် တရားမဝင် ကျွန်းနှင့် အင်ကြင်းသစ် ၂၂ တန်ကျော် သယ်ဆောင်လာသည့် ကား ၄ စီးနှင့် လူ ၁၀ ဦးအား ဖမ်းဆီး လိုက်နိုင်ပြီ ဖြစ်သော်လည်း ၎င်းတို့ထက် အင်အား များနေသည့် အတွက် အခက်တွေ့ရသည်ဟု ဦးဆောင်သူ လူငယ် ရဲ တပ်သား တဦးက ပြောပြသည်။

ဖမ်းဆီး ထားသူများထဲမှ ၈ ဦးကိုသာ လက်ထိပ် ခတ်ထားနိုင်သည့် အခြေအနေဖြစ်သည်ဟုလည်း ဆိုသည်။

“ည ၁၂ နာရီလောက်က စဖမ်းတာ၊ ကျနော်တို့ဖမ်းပြီးတော့ မြို့နယ်မှူးကို ဖုန်းနှစ်ခါခေါ်တယ် လုံးဝမကိုင်ဘူး၊ စခန်းမှူးကို ခေါ်တယ် စက်ပိတ်ထားတယ်၊ ရဲဆိုလို့ ကျနော်တို့ နှစ်ယောက်တည်း၊ ကူညီ ဖမ်းပေးတဲ့သူတွေက ပေါက်ကွဲတာပေါ့ဗျာ” ဟု လူငယ် ရဲတပ်သားက ဖွင့်ဟ ပြောဆိုသည်။

သစ်ဖမ်းပွဲအား နားစွင့်နေသည့် ကျောက်ဆည်မြို့ခံများကလည်း ညတွင်းချင်း အကူအညီပေးရန် ခရိုင်အဆင့်အထိ ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း အကူအညီမရခဲ့ကြောင်း ဖွင့်ပြောကြသည်။

၎င်းတို့အနေဖြင့် ဌာနအကူအညီ မရနိုင်တော့မှန်း သိလိုက်ချိန်တွင် အနီးရှိ သမန်းသာရွာ အုပ်ချုပ်ရေး အဖွဲ့ထံ အကူအညီ တောင်းခံ ရတော့သည်။

အဆက်အသွယ် ရပြီးနောက် နံနက် ၄ နာရီခန့်တွင် သစ်ကားများ ဖမ်းထားရာ နေရာသို့ သမန်းသာ အုပ်ချုပ်ရေး အဖွဲ့ ရောက်ရှိ လာခဲ့သည်။

နံနက်လင်းချိန် ရောက်လာသည့်အခါ လူငယ် ရဲတပ်သား နှစ်ဦးနှင့်အဖွဲ့သည့် သစ်ကား တစီးနှင့် တရားခံများအား ကျောက်ဆည် ရဲစခန်းသို့ အရောက်မောင်းပို့ လိုက်သည်ဟု ဆိုသည်။

ထိုအချိန်အထိ မည့်သည့် ရဲနှင့် သစ်တော ဝန်ထမ်းမှ ဖမ်းဆီးထားရာသို့ မရောက်ခဲ့ကြောင်း၊ နံနက် ၈ နာရီခန့်မှသာ ပူးပေါင်းအဖွဲ့ ပုံစံဖြင့် ရောက်လာခြင်းဖြစ်ကြောင်း သမန်းသာ ကျေးရွာ အုပ်ချုပ်မှူးနှင့် အဖွ့ဲက ပြောပြသည်။

ထိုဖြစ်ရပ်သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သမန်းသာ ကျေးရွာအနီး ရဲရွာနယ်မြေ ရဲစခန်း အပိုင် အတွင်း ဧပြီ ၅ ရက်နေ့ည ညဉ့်နက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။

သန်းခေါင်ယံ သစ်ဖမ်းပွဲ ကိုင်တွယ်ခဲ့သည့် ထိုရဲတပ်သား နှစ်ဦးသည် အကြီးတန်း ရဲအရာရှိများ မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် အတွင်း ကျောက်ဆည်မြို့၏ တရားမဝင်သစ် အမှုကို ဖော်ထုတ်ခဲ့သည့် လူငယ် ရဲတပ်သားများထဲမှ ကိုထွန်းထွန်းဝင်း နှင့် ကိုချစ်ကိုပင် ဖြစ်သည်။

၎င်းတို့သည် ဆဲဗင်းဒေး သတင်းဌာန၏ သူရဲကောင်းဆု ချီးမြှင့်ခံထားရသူများလည်း ဖြစ်သည်။ ထိုဆုသည် တရားခံနှင့် အတူ မိထားသည့် သစ်များအား ပိုင်ရှင်မဲ့အမှုအဖြစ် လုပ်ခဲ့သည့် ရဲအရာရှိများအား ဖော်ထုတ်မှုကြောင့် ရဲတပ်သား ၅ ဦးက  ရခဲ့ကြခြင်း ဖြစ်သည်။

ထိုအမှုကို ၂၀၁၈ ခုနှစ်အတွင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး ရဲအထူးခုံရုံးက ပါဝင် ပတ်သက်သည့် စခန်းမှူး နှစ်ဦးအား ထောင် တနှစ်စီ ချမှတ်ခဲ့ပြီး နယ်ထိန်း ခေါင်းဆောင်အား ထောင် ၂ နှစ်နှင့် ဒုတပ်ကြပ် တဦးကို ထောင် ၃ နှစ် ချမှတ်ခဲ့သည်။ မြို့နယ်မှူးကိုလည်း ရာထူးလျှော့ချကာ နယ်ပြောင်းခဲ့လေသည်။

ဒေသတွင်း မူးယစ်ဆေးနှင့် သစ်မှောင်ခိုကဲ့သို့ တရားမဝင် ရာဇဝတ်မှုများအား ဖော်ထုတ် ဖမ်းဆီးရန် စိတ်အား ထက်သန် သည့် ၎င်းတို့အတွက် ဆဲဗင်းဒေး သတင်းဌာန၏ ဂုဏ်ပြု ဆုငွေသည် များစွာ အထောက်အကူပြုခဲ့ကြောင်း ဆိုကြသည်။

“ဆုငွေရတာကို ကျနော်တို့ ကိုယ်ကျိုး မသုံးဖို့ ဆုံးဖြတ်ထားတာ၊ အမှုစုံစမ်းတော့ ကားလိုလာတယ်၊ ဒီငွေ ၇ သိန်းနဲ့ ခွေး ဘီလူး ကားလေး ငှားပြီး ကျနော်တို့ စုံစမ်းခဲ့တာ၊ ဆုငွေကို ဒီလိုအသုံးချရလို့လဲ ကျေနပ်ပါတယ်”ဟု ၎င်းတို့က ပြောသည်။

ဒေသတွင်း သတင်းပေးချက်များအရ မှောင်ခိုသစ်များ ဖြတ်သန်းရာ လမ်းကြောင်းအား သုံးညကြာ တိတ်တဆိတ် စောင့် ကြည့် ခဲ့ပြီး အချိန်ကောင်းကို စောင့်ဖမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း ပြောဆိုကြသည်။

“သတင်းရလို့ သေချာအောင် အရင်ညတွေထဲက စောင့်ကြည့်တယ်၊ တစီးတစီး ဖြတ်တာတွေ့တယ်၊ ဒီညမှာတော့ သတင်း လည်း အတိအကျ ရထားလို့ သွားပြီးစောင့်ဖမ်းတာ”ဟု ၎င်းတို့က ပြောသည်။

ထိုသို့ ဖမ်းဆီးရန် အတွက် ကျောက်ဆည်မြို့ရှိ လုပ်ငန်းခွင်တခုမှ လူ ၅ ဦးကလည်း ကူညီပေးရန် လိုလားစွာ လက်ခံခဲ့ပြီး လူငယ် ရဲတပ်သား နှစ်ဦးအား ကူညီခဲ့ကြခြင်း ဖြစ်သည်။

သစ်မှောင်ခို ဖမ်းမည့်အစီအစဉ်ကိုမူ ၎င်းတို့အနေနှင့် မည့်သည့် ဌာနတာဝန်ရှိသူများထံ အသိပေးခြင်း မရှိခဲ့ကြပေ။ ထို အတွက် အကြောင်းပြချက်သည်လည်း ဖမ်းဆီးရာ၌ ကူညီခဲ့သူများ ထံတွင် ရှိနေခဲ့သည်။

“ကျနော်တို့ သတင်းပေါက်ပြီး ဖမ်းမမိဘဲ သစ်တွေပျောက်သွားမှာ စိုးရိမ်တယ်”ဟု ဖမ်းဆီးမှုကို လိုက်ပါ ကူညီသူတဦးက အကြောင်းပြချက် ပေးသည်။

ဖမ်းဆီးစဉ် ရိုက်ယူထားသည့် ဗီဒီယို မှတ်တမ်းများနှင့် စစ်ဆေး မေးမြန်ချက်များ အရလည်း သစ်ကားများ အနေနှင့် ရဲရမန် ဒေသမှ ကြောင်ရွာ၊ ရဲရွာ နယ်မြေတို့မှတဆင့် ကားလမ်းအတိုင်း ဖြတ်သန်းခြင်း ဖြစ်သည်ကို သိရကြောင်း ဖမ်းဆီးသူများ က ပြောပြသည်။

ဒေသခံများ၏ ပြောပြချက်အရ ထိုလမ်းကြောင်းတွင် ရဲရွာ နယ်မြေ ရဲစခန်းနှင့် ကြောင်ရွာရှိ သစ်တောဌာနတို့ ရှိနေပြီး နှစ်ခု စလုံးသည် လမ်းမဘေးတွင်ပင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုလမ်းကြောင်းသည် ပြင်ဦးလွင် မြို့နယ် အထိ ပေါက် သည့် လမ်းကြောင်း တခုလည်း ဖြစ်ကြောင်း သိရသည်။

ဖမ်းမိ သစ်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့် သစ်တောဌာနတို့က မည့်သည့်အတိုင်းအတာအထိ ဖော်ထုတ်မည်ကို ကျောက် ဆည် ဒေသခံများက စောင့်ကြည့်နေပြီး လိုအပ်ပါက အဂတိတိုက်ဖျက်ရေး ကော်မရှင်ကဲ့သို့ အဖွဲ့များထံ တိုင်းကြား ဖော် ထုတ် မှုများ ပြုလုပ်ရန် အထိပင် တိုင်ပင်ထားကြသည်ဟု ဆိုသည်။

“လူ့နှစ်ဖက်စာလောက် ကျွန်းသစ်လုံးကြီးတွေ၊ တော်တော်နှမြောဖို့ ကောင်းပါတယ်၊ ကုန်ပါပြီဗျာ”ဟု ဖမ်းဆီးသူ တဦးက ပြောသည်။

၎င်းတို့တွင် အမှုနှင့်ဆက်စပ်သည့် အချက်အလက်များ၊ ဂိတ်ကြေးနှင့် တာဝန်ပျက်ကွက်မှု အခြေအနေ ခိုင်မာသည့် အကြောင်း အရာ မှတ်တမ်းများ အခင်းဖြစ်သည့် ညတွင် ရထားကြောင်း ပြောဆိုကြသော်လည်း ဖွင့်ချပြခြင်းတော့ မရှိသေး ပေ။

လတ်တလော အမှုအပေါ်တွင် ကိုင်တွယ်စစ်ဆေးကာ သတင်း ထုတ်ပြန်နေသည့် ရဲတပ်ဖွဲ့နှင့် သစ်တော ဌာနတို့၏ လုပ်ရပ် တချို့ကိုတော့ ဘဝင်မကျကြောင်း ဖမ်းဆီးရာတွင် ပါဝင်ကူညီသူများက ရင်ဖွင့် ပြောဆိုကြသည်။

နံပါတ်တစ် အချက်သည် ကျောက်ဆည် ရဲတပ်သား နှစ်ဦးက ရဲရွာအပိုင်အတွင်း ဖမ်းမိသည့် သစ်များအား ကျောက်ဆည် ရဲစခန်း သို့ ကိုယ်တိုင်လွှဲပေး သော်လည်း ရဲ နှင့် သစ်တောက စဉ့်ကိုင်မြို့နယ်ဟု သတင်း ထုတ်ပြန်ကာ အမှုကို စဉ့်ကိုင် မြို့မ ရဲစခန်းသို့ လွှဲပြောင်းခြင်း ဖြစ်ကြောင်း သိရသည်။

“ဘယ်ဌာနမှ ထပ်မလိုက်လာလို့ မနက်လင်းတဲ့အခါ ကျနော်တို့ပဲ ကျောက်ဆည် ရဲစခန်းကို လူတွေနဲ့ သစ်ကားတစီး မောင်းပြီး သွားပို့ရတာ၊ အမှုဖွင့်တော့ စဉ့်ကိုင်မှာတဲ့၊ ဘယ်လိုတွေ ကိုင်တွယ်မလဲ နားကိုမလည်းဘူး”ဟု သစ်များ ဖမ်းဆီး ရာတွင် ပါဝင်သူ တဦးက ပြောသည်။

နှစ်အချက်သည် ဖမ်းဆီးရာတွင် မပါဝင်ခဲ့သူများက ကိုယ်တိုင် ဖမ်းဆီးခဲ့သယောင် သတင်း ထုတ်ပြန်ကြခြင်းပင် ဖြစ်သည် ဟု ဆိုသည်။

Mandalay Police ရဲတပ်ဖွဲ့ လူမှုကွန်ရက် စာမျက်နှာတွင် သစ်များအား ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့၊ တံတားဦး မြို့နယ် သစ်တော ဌာန ဝန်ထမ်းများ၊ ကျောက်ဆည် မြို့နယ် ရဲတပ်ဖွဲ့ နှင့် ရဲရွာ နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့များက သတင်းအရ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၇ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

Forest Department သစ်တော ဌာန ဝက်ဘ်ဆိုဒ် ကလည်း ကျောက်ဆည်ခရိုင် သစ်တော ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် တာဝန်သိ ပြည်သူ ၅ ဦးတို့ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခြင်းဟု သတင်း ထုတ်ပြန်ခဲ့သည်။

Mandalay Police လူမှုကွန်ရက် စာမျက်နှာတွင် တွေ့ရသည့် သတင်း ထုတ်ပြန်ချက်

“အဲ့ဒီလိုရေးထားတဲ့ စာသားကို မကြိုက်တာ၊ သူတို့က မနက်မှရောက်လာတာ၊ ညကရဲဆိုလို့ နှစ်ယောက်ပဲ တွေ့တယ်၊ ကျနော်က အမှန်တိုင်းပဲ ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်”ဟု ကျောက်ဆည် ခရိုင် သရက်ပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း က ပြောသည်။

၎င်းသည် သရက်ပင်ကျေးရွာ အုပ်စုအတွင်း ပါဝင်သည့် သမန်းသာရွာတွင် နေထိုင်သူလည်း ဖြစ်သည်။

အမှန်တကယ် သစ်ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ တဦးကလည်း“သူတို့မပါဘဲ ဒီလိုရေးတာတွေ့တော့ ရယ်ချင်တာပေါ့ဗျာ”ဟု ပြောသည်။

သမန်းသာ ကျေးရွာမှ ဆယ်အိမ်မှူး ဦးမြတ်ဇော်ကလည်း“အဲ့ဒီညက ကျနော်တို့ရောက်တော့ ရဲဆိုလို့ ကိုထွန်းထွန်းဝင်းနဲ့ ကိုချစ်ကိုပဲ တွေ့တယ်၊ တခြား ဘယ်ဌာနကမှ မရှိဘူး၊ ကျနော်တို့ အပိုင်နယ်က ရဲတောင်မရှိဘူး”ဟု ထပ်မံ အတည်ပြု ပြောဆိုသည်။

စဉ့်ကိုင် သစ်တောဌာနက သက်သေလက်မှတ် ထိုးခိုင်းချိန်တွင် ရှာဖွေပုံစံ၌ သတင်း ထုတ်ပြန်ချက်ကဲ့သို့ပင် ရေးထားသည့် အတွက် ဦးမြင့်သန်းနှင့် ကိုမြတ်ဇော်တို့ နှစ်ဦးစလုံး လက်မှတ် ထိုးပေးခြင်း မပြုခဲ့ကြောင်း ပြောသည်။

ထိုသို့ ဌာနအမည် ထိပ်၌တင်ကာ နာမည်ယူသည့် လုပ်ရပ်များသည် သာမန် ရဲတပ်သားဖြစ်သည့် ကိုထွန်းထွန်းဝင်းတို့ အတွက် ထူးခြားစွာ ခံစားရမည့် ကိစ္စမျိုးပင် မဟုတ်တော့ကြောင်း ဒေသခံတချို့ကလည်း ပြောဆိုကြသည်။

ယခင် ဖော်ထုတ်ခဲ့သည့် ပိုင်ရှင်မဲ့သစ် အမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ တရားမဝင် မှောင်ခိုကား နှစ်စီးအား ဖမ်းဆီးနိုင်ခဲ့ မှု တို့တွင် ရဲတပ်သားများက ပြည်သူနှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သော်လည်း ဒေသခံများမှ လွဲ၍ ၎င်းတို့အား နာမည် တပ် ဂုဏ်ပြုရန် တုံ့ဆိုင်းခဲ့ကြကြောင်း သိရသည်။

အမှုများ၏ နောက်ဆက်တွဲအနေဖြင့် သာမန် ရဲတပ်သား ဖြစ်သည့် သူတို့ထံ သွယ်ဝိုက်သော ခြိမ်းခြောက်မှုနှင့် ပေါင်းစပ် လုပ်ကိုင်ရာတွင် အခက်အခဲ တွေ့လာခြင်းများသာ ရောက်လာတတ်သည်ဟု သစ်ကား ဖမ်းခဲ့သူများက ဆိုသည်။

ရဲတပ်သား ထွန်းထွန်းဝင်းက“ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ နိုင်ငံနဲ့ပြည်သူအတွက် လုပ်နေတာပဲ မကြောက်ဘူးပေါ့၊ တခါတလေကျ စိုးရိမ်မိပါတယ်၊ ကိုယ်က တယောက်တည်း မဟုတ်ဘူး၊ မိဘတွေနဲ့ မိသားစုလည်း ရှိသေးတယ်လေ၊ ရဲက ထွက်ပြီး အရပ်သား အနေနဲ့လုပ်ရင် ပိုတောင် ခရီးတွင်မလား တွေးမိတယ်”ဟု ပြောပြသည်။

ဖမ်းဆီး ရမိသော တရားမဝင် သစ်များ (ဓာတ်ပုံ – Forest Deperment facebook)

ယခု သစ်မှောင်ခို ဖမ်းဆီးမှုသည် ဇာတိကျောက်ဆည် အတွက် ကိုထွန်းထွန်းဝင်းနှင့် ကိုချစ်ကို၏ နောက်ဆုံး လက်ဆောင် ဖြစ်တော့သည်။

သူတို့ နယ်ပြောင်းရွှေ့ ရတော့မည့် အမိန့်စာများသည် ကျောက်ဆည်မြို့မ ရဲစခန်းသို့ ရောက်ရှိနေ၍ ဖြစ်သည်။

အမိန့်စာများအရ ကိုထွန်းထွန်းဝင်းသည် ညောင်ဦးမြို့နယ်သို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ကိုချစ်ကိုသည် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သို့ ပြောင်းရတော့မည် ဖြစ်သည်။

“အရင်က အပြောင်းအရွှေ့ အော်ဒါ ထွက်တုန်းကတော့ ကျနော်တို့ မပါဘူး၊ အခုရက်ပိုင်းမှ ပြောင်းမိန့်ကို သိရတာ၊ ဘာကြောင့်လဲတော့ မပြောတတ်ဘူး”ဟု ရဲတပ်သား တဦးက ပြောသည်။

တရားမဝင် မှောင်ခိုမှုများအား ဖော်ထုတ်နေသည့် ရဲတပ်သားများ နယ်ပြောင်းရမည်ကို ကျောက်ဆည်မြို့ ဒေသခံများက လိုလား နှစ်သက်ခြင်း မရှိကြပေ။

ပိုင်ရှင်မဲ့ သစ်အမှု ဖော်ထုတ်မှုကြောင့် ကျောက်ဆည်မြို့၏ ဂုဏ်ပြုခံ ရဲတပ်သား ၅ ဦးစလုံး ဆုံးရှုံးရတော့မည့် အခြေအနေ ဖြစ်လာသည်။

“အရင်က သစ်အမှု ဖော်ထုတ်ခဲ့တဲ့ ၅ ယောက်ထဲက နှစ်ယောက်က ရဲစည်းကမ်းဆိုပြီး အရေးယူခံလိုက်ရတယ်၊ အခု နှစ်ယောက်ပါ ပြောင်းရင်တော့ တယောက်မှ မရှိတော့ဘူး”ဟု ၂၀၁၈ ခုနှစ်က သစ်အမှုကို ဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူ တဦးက ပြောသည်။

လက်ရှိ ဖော်ထုတ် ဖမ်းဆီးခဲ့သည့် သစ်နှင့် တရားခံ ၁၀ ဦးအား စဉ့်ကိုင် ရဲစခန်းတွင် သစ်တော ဥပဒေ ပုဒ်မ ၄၃(က)၊ ၄၂ (က) တို့ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စုံစမ်းလျက် ရှိကြောင်း စခန်း တာဝန်ရှိသူတဦးက ဧရာဝတီသို့ ရှင်းပြသည်။

သစ်တောဌာန Forest Deperment ဝက်ဘ်ဆိုက်တွင် တွေ့ရသော သတင်း ထုတ်ပြန်ချက်

ကျောက်ဆည် သစ်တောဌာန ဝန်ထမ်းများ အနေဖြင့်လည်း ထို့နေမှစကာ ကြောင်ရွာနှင့် ရဲရမန် သစ်တောကြိုးဝိုင်း အတွင်း ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဧပြီ ၉ ရက်နေ့အထိ ကျွန်းနှင့် သစ်မာ ၂၁ တန်ကျော် ထပ်မံ ဖမ်းမိကြောင်း ကျောက်ဆည် သစ်တောဌာန ဦးစီးအရာရှိ ဦးညီညီဖြိုးက ပြောသည်။

“ဧပြီ ၆ ရက်နေ့က ဖမ်းမိပြီးတော့ ကျနော်တို့လဲ နယ်မြေဆက်ရှင်းတာပေါ့၊ အဲ့ဒီမှာ သစ်တွေ ထပ်မိတာပါ၊ အမှုက ဆက်စပ် နေပါတယ်”ဟုလည်း ဦးညီညီဖြိုးက ရှင်းပြသည်။

တရားမဝင်သစ်များ ထပ်မံဖမ်းမိသည်ဟု ဆိုသော်လည်း ဖမ်းဆီးထားသူများနှင့် ပတ်သက်ပြီး သစ်များအား နောက်ကွယ်မှ မှောင်ခို ထုတ်နေသည့် လူများ၊ ဖမ်းဆီးဖော်ထုတ်ရန် တာဝန် ပျက်ကွက်သူများအား ဖော်ထုတ် ဖမ်းဆီးနိုင်ရန်လည်း လိုအပ် နေသေးကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူများက ထောက်ပြကြသည်။

သစ်ပင် သစ်တောများသည် အများပြည်သူပိုင် ပစ္စည်းများသာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် အတွက်လည်း အဓိက အရေး ပါသည့် အတွက် တဦးတည်းပိုင် သဘောဖြင့် လုပ်ကိုင်နေမှုများကို တားဆီးရမည် ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

“ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေ ပူးပေါင်း တားဆီးကြပါ၊ အဖွဲ့အစည်းတွေက မယုံကြည်ရဘူးဆိုရင်တောင် ပြည်သူချင်း ပူးပေါင်းပြီး တားဆီးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်”ဟု ကိုထွန်းထွန်းဝင်း ပြောဆိုလိုက်ပါသည်။  ။

The post ကျောက်ဆည်က သန်းခေါင်ယံ သစ်ဖမ်းပွဲ appeared first on ဧရာဝတီ.

သြင်္ကန်မှာ ပျော်ပျော်ပါးပါး မုန့်လုပ်စားကြမယ်

$
0
0

မကြာခင် ရောက်ရှိလာတော့မယ့် မြန်မာတို့ရဲ့ နှစ်သစ်ကူး အခါသမယမှာ မိသားစု ဆွေမျိုးသားချင်းတွေ၊ အိမ်နီးချင်း မိတ်ဆွေ သူငယ်ချင်းတွေ၊ မိမိတို့ ချစ်ခင်ရသူတွေနဲ့ ရိုးရာမုန့်တွေ အတူတူ ပြုလုပ်ပြီး စတုဒိသာမဏ္ဍပ်တွေ ဆောက် လုပ် ကာ ကျွေးမွေး အလှူပြုကြတာဟာ မြန်မာတို့ရဲ့ ချစ်စရာ ဓလေ့တခု ဖြစ်ပါတယ်။

တချို့ကလည်း တပိုင်တနိုင် ကိုယ့်အိမ်က မိသားစုလေးနဲ့ပဲ သြင်္ကန်ရိုးရာ မုန့်တွေလုပ်ပြီး ဘုန်းကြီးကျောင်းပို့ ကုသိုလ် ယူ၊ ဘေးအိမ်တွေကို မုန့်လိုက်ဝေကြပါတယ်။ တအိမ်နဲ့တအိမ် မုန့်တွေလုပ်ပြီး အပြန်အလှန် လိုက်ဝေကြရင်း သြင်္ကန် တွင်း ကာလပတ်လုံး ရိုးရာမုန့်တွေကို တနေ့တမျိုး မရိုးအောင် စားရတာဟာလည်း သြင်္ကန်ပွဲတော်ရဲ့ အနှစ်သာရ တခု ဖြစ်ပါတယ်။

ဒီတော့ လာမယ့် သြင်္ကန်တွင်းမှာ အလွယ်တကူ လုပ်စားနိုင်မယ့် သြင်္ကန်ရိုးရာ မုန့်တွေနဲ့ ပြုလုပ်နည်းလေးတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

မုန့်လုံးရေပေါ်

ဒါကတော့ သြင်္ကန်မှာ မပါမဖြစ်တဲ့ ရိုးရာမုန့်တမျိုးပဲ ဖြစ်ပါတယ်။ မိသားစု သူငယ်ချင်း မိတ်ဆွေတွေ ဝိုင်းဖွဲ့ပြီး ထန်းလျက် ညှပ်သူကညှပ်၊ မုန့်လုံးသူက လုံး၊ ပြုတ်သူက ပြုတ်၊ စားသူက စား၊ လိုက်ဝေသူက ဝေနဲ့ သိပ်ကို ပျော်စရာ ကောင်းလှပါ တယ်။ မုန့်လုပ်တဲ့ အဖွဲ့ထဲမှာ စတတ် နောက်တတ်သူတွေ ပါပြီဆိုရင်တော့ ငရုတ်သီးပါတဲ့ မုန့်လုံး ရေပေါ် စားမိရင်း ရယ်ရမလို ငိုရမလို အခိုက်အတန့်တွေလည်း ကြုံရမှာ ဖြစ်ပါတယ်။

မုန့်လုံးရေပေါ် ပြုလုပ်ဖို့ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ထန်းလျက်နဲ့ အုန်းသီး လိုအပ်ပါတယ်။ အရင်ကတော့ မုန့်နှစ်ရဖို့ မုန့် ကြိတ်ဆုံတွေမှာ တရက်လောက် သွားတန်းစီ ကြိုပြီး အပ်ရပေမယ့် အခုတော့ မုန့်နှစ်အတွက် ကောက်ညှင်းမှုန့်၊ ဆန်မှုန့် တွေက အဆင်သင့် ရနိုင်တာမို့ မုန့်ကြိတ်ဆုံဆီ သွားစရာ မလိုတော့ပါဘူး။

မုန့်နှစ်အတွက် ကောက်ညှင်းမှုန့်ရဲ့ ၄ ပုံ ၁ ပုံကို ဆန့်မှုန့်ထည့်ပြီး ရောမွှေပါ။ ရေအနည်းငယ်ထည့်ပြီး မပျော့မမာ အနေ အထားရောက်အောင် နယ်ပြီးပြီဆိုရင်တော့ မုန့်သားကို ခဏထားလိုက်ပါ။ ထန်းလျက်ကို မုန့်လုံးရေပေါ်ထဲ ထည့်ဖို့ သင့်တော် တဲ့အရွယ် စိတ်ထားပါ။ ပြီးရင် အုန်းသီးကို ခြစ်ထားပါ။

ဒါတွေ ပြီးသွားပြီဆိုရင်တော့ မုန့်လုံးရေပေါ် စလုံးလို့ ရပါပြီ။ နယ်ထားတဲ့ မုန့်နှစ်ကို အနေတော်လေးလုံး၊ ထန်းလျက်ခဲ ကို မုန့်ထဲထည့်ပြီး ညီညီညာညာလေး လုံးပါ။ ဒယ်အိုး ဒါမှမဟုတ် ဒန်အိုးကြီးကြီးမှာ ရေ တဝက်ကျော်ကျော် ထည့်ပြီး မီးဖိုပေါ်မှာ တည်ထားပါ။ ရေဆူလာပြီဆိုရင် လုံးထားထဲ့ မုန့်လုံးရေပေါ်တွေကို ထည့်ပါ။

ကျက်လာရင် ရေပေါ်ကို ပေါ်လာတာမို့ ရေပေါ်ပေါ်လာတဲ့ မုန့်လုံးရေပေါ်တွေကို ပန်းကန်တခုထဲထည့်ပြီး အအေးခံ ထား လိုက်ပါ။ အားလုံး ပြီးသွားပြီဆိုရင်တော့ ခြစ်ထားတဲ့ အုန်းသီးတွေ ဖြူးပြီး သြင်္ကန်စာ မုန့်လုံးရေပေါ်ကို စားသုံးနိုင် ပါပြီ။

မုန့်လက်ဆောင်း

မုန့်လက်ဆောင်းကတော့ သြင်္ကန်ကာလရဲ့ စတုဒိသာ ရိုးရာမုန့်တမျိုးပဲ ဖြစ်ပါတယ်။ မုန့်လက်ဆောင်းကို ထန်းလျက်ရည်နဲ့ ရော အုန်းနို့သကြားရည်နဲ့ပါ စားသုံးကြပါတယ်။

ပါဝင်ပစ္စည်းတွေက ဆန်ကြမ်း ၄ လုံး၊ အုန်းသီး ၁ လုံး၊ ထုံးအနည်းငယ်နဲ့ သကြား (သို့) ထန်းလျက် ၁၅ ကျပ်သား လိုအပ် ပါတယ်။

ဆန်ကို ရေနဲ့စင်ကြယ်စွာ ဆေးပြီးနောက် မုန့်ကြိတ်ဆုံမှာကြိတ်ပြီး အနှစ်တွေကို မုန့်အိတ်နဲ့ စစ်ယူပါ။ ရေစစ်တဲ့အခါ မုန့်နှစ် ကို ထုံးကြည်နဲ့ နာနာ နယ်ပေးရပါမယ်။ ပြီးရင် ထုံးရည်ကြည်နဲ့ ကြိုပါ။ မုန့်များရေစစ်ပြီး ပျစ်လာတဲ့အခါ မုန့်လက်ဆောင်း လုပ်တဲ့ သံဆန်ခါပေါ် ထည့်ပြီး အပေါ်ကနေ ဖိချပေးလိုက်ရင် မုန့်ဖတ်ကလေးတွေ သံဆန်ခါ အောက်မှာ ခံထားတဲ့ ရေအေးဇလုံထဲ ရောက်ပြီး မုန့်လက်ဆောင်းဖတ်လေးတွေ ရရှိမှာ ဖြစ်ပါတယ်။

တချို့က အနံ့မွှေးပြီး မုန့်ဖတ် အစိမ်းရောင်လေးတွေ ရဖို့ ဆူးမွှေးရွက် အနည်းငယ် ထည့်ကျိုကြပါတယ်။

ရရှိလာတဲ့ မုန့်လက်ဆောင်းကို အုန်းနို့နဲ့ သကြားရည် ဒါမှမဟုတ် ထန်းလျက်ရည်နဲ့ အုန်းသီးဖတ်လေးတွေ ထည့်၊ ရေခဲ အနည်းငယ် ထည့်ပြီး ချိုအေးမွှေး မုန့်လက်ဆောင်လေး သောက်လို့ရပါပြီ။

မုန့်လက်ဆောင်းဖတ်ကို ကိုယ်တိုင်ပြုလုပ်ဖို့ အခက်အခဲ ရှိတယ်ဆိုရင်တော့ ပြုလုပ်ပြီးသား မုန့်လက်ဆောင်းဖတ် ဝယ်ပြီး လည်း စားသုံးနိုင်ပါတယ်။

မုန့်လက်ဆောင်းဖက် ၁ ပြည်ကို ထန်းလျက် ၂၅ ကျပ်သား (သို့) သကြား ၂၀ ကျပ်သား၊ အုန်းသီးတလုံး အရည်ညှစ်ပြီး (သို့) ခြစ်ထားသည့်အဖတ်၊ ဆားလက်ဖက်ရည်ဇွန်း တဝက်နဲ့ ရေခဲအနည်းငယ်ပဲ လိုအပ်ပါတယ်။

အုန်းနို့ကျောက်ကျော

အုန်းနို့ကျောက်ကျောကတော့ အလွယ်တကူ ပြုလုပ်လို့ရပြီး အလုပ်လည်း သိပ်မရှုပ်တာမို့ လူဦးရေနည်းတဲ့ မိသားစု တွေ အတွက် အဆင်ပြေလှပါတယ်။

အုန်းနို့ကျောက်ကျော ပြုလုပ်ဖို့ ကျောက်ကျော အသေး ၁ ထုပ် (တယ်လီဖုန်း တံဆိပ်)၊ အုန်းနို့ ယိုးဒယားသံဘူးအကြီး ၁ ဘူး၊ သကြား ၂၅ ကျပ်သားနဲ့ ရေ ၂ လီတာ လိုအပ်ပါတယ်။

ကျောက်ကျော ကျိုမယ့်အိုးထဲကို သကြား၊ ကျောက်ကျောမှုန့်နဲ့ အုန်းနို့တို့ကို ထည့်ပြီး အားလုံး ပျော်သွားအောင် မွှေ ပါ။ နှံ့ရင် ရေ ၂ လီတာပါ ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် အိုးကို မီးဖိုပေါ်တင်ပြီး အဆက်မပြတ်မွှေကာ ပွက်ပွက်ဆူ အောင် ကျို ပါ။ ပွက်ပွက်ဆူပြီး ၅ မိနစ်လောက်အကြာမှာ ခဲမခဲသိနိုင်ဖို့ ပန်းကန်အသေးလေးထဲ ကျောက်ကျောရည် ၄/၅ စက် လောက် ချပြီး စမ်းကြည့်လို့ စက္ကန့် ၃၀ လောက်အတွင်း ခဲသွားတယ်ဆိုရင်တော့ အိုးကို ချလို့ရပါပြီ။

ပြီးရင်တော့ အအေးခံမယ့် လင်ဗန်းထဲကို ကျောက်ကျောရည် လောင်းထည့်ပြီး အအေးခံပါ။ အအေးခံထားပြီး ခဲသွားပြီ ဆို ရင်တော့ မိမိ နှစ်သက်သလို လှီးပြီး သုံးဆောင်နိုင်ပါပြီ။

ကန်ဇွန်းဥ သာကူ

အချိုကြိုက်တဲ့ သူတွေအတွက် ကန်ဇွန်းဥ သာကူ ကျိုနည်းလေးပါ။ သြင်္ကန်မဏ္ဍပ် တော်တော်များမှာလည်း စတုဒိသာ ကျွေးလေ့ရှိတာမို့ ကန်ဇွန်းဥ သာကူလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ သာကူစေ့ ၄၀ ကျပ်သားအတွက် အုန်းသီး ၁ လုံး၊ သကြား ၃၀ ကျပ်သား၊ ကန်စွန်းဥ ၁၀ ကျပ် သားနဲ့ ဆား အနည်းငယ် ဖြစ်ပါတယ်။

သာကူကို ရေနဲ့ စင်ကြယ်စွာဆေးပြီး ကျိုပါ။ သကြားနဲ့ ဆားထည့်ပါ။ အိုးမကပ်အောင် အဆက်မပြတ် မွှေပေးပါ။ သာကူစေ့ တွေ ပျော်သွားပြီဆိုရင်တော့ မကျက်တကျက်ပြုတ်ထားတဲ့ ကန်ဇွန်းဥကို အခွံခွာပြီး အတုံးလေးတွေ စိတ်ပြီး ထည့်ပါ။ တချို့ က ကန်ဇွန်းဥအစား အာလူးစိတ်လေးတွေ ထည့်ပါတယ်။ အားလုံး ကျက်သွားပြီဆိုရင်တော့ ပန်းကန်ထဲထည့် အုန်းနို့ ဒါမှ မဟုတ် အုန်းသီးဖတ်လေးတွေ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

ရွှေရင်အေး

ရာသီဥတု ပူပူမှာ ရွှေရင်ကို အေးစေမယ့် ရွှေရင်အေးလေး လုပ်စားကြရအောင်။ ရွှေရင်အေးမှာ မုန့်လက်ဆောင်း၊ သာကူ၊ ကျောက်ကျော၊ ကောင်းညှင်းပေါင်း၊ ပေါင်မုန့် စသဖြင့် စုံလွင်စွာ ပါဝင်တာမို့ ပြုလုပ်ရတာ နည်းနည်းလေး အလုပ်ရှုပ်တယ် လို့ ထင်ရပေမယ့် ချိုအေးဆိမ့် အရသာလေးနဲ့ ရွှေရင်အေးက နွေအပူရဲ့ အိုအေစစ်လေးတခုဆိုရင် မမှားပါ။

ရွှေရင်အေးမှာ ပါဝင်ပစ္စည်းတွေက မုန့်လက်ဆောင်းဖတ် ၁ ပြည်ဆိုရင် သာကူစေ့ ၁၀ ကျပ်သား၊ ကောက်ညှင်းပေါင်း ၁၀ ကျပ်သား၊ ကျောက်ကျော ၁ ထုပ်၊ အုန်းသီး ၁ လုံး (အရည်ညှစ်ပြီးသား)၊ သကြား ၃၀ ကျပ်သား ဖြစ်ပါတယ်။

ကျောက်ကျော ပြုလုပ်နည်းကတော့ အပေါ်မှာ ဖော်ပြထားပြီးသား ဖြစ်ပါတယ်။

ရွှေရင်အေး ပြုလုပ်ဖို့ ဒန်အိုး တလုံးထဲကို အုန်းရည်တွေနဲ့အတူ သကြားထည့်ပြီး သကြား အရည်ပျော်တဲ့အထိ ဇွန်းနဲ့ ခပ် ပြင်းပြင်းလေး မွှေပေးထားပြီး ကျိုပါ။ ပြီးမှ သာကူ ကျိုပါ။ သာကူကျိုဖို့ ဒန်အိုးတလုံးထဲ ရေထည့်ပြီး ပွက်ပွက်ဆူ လာ မှသာ ကူကို ထည့်ကာ အဆက်မပြတ် မွှေပေးပါ။ သတိထားရမှာက သာကူတွေ မပြဲစေဖို့ပါ။ နောက်ပြီး သာကူ တွေ မကပ်အောင် အဆက်မပြတ် မွှေပေးရပါမယ်။ သာကူထဲက အဆံလေးတွေ မရှိတော့ဘူးဆိုရင် ရပါပြီ။ ဆန်ခါနဲ့ ဆယ်ယူထားလိုက်ပါ။

ကောက်ညှင်းကို ထမင်းပေါင်းအိုးလေးနဲ့ ချက်ပါ။ ထမင်းချက်တာနဲ့စာရင် ကောက်ညှင်းချက်တဲ့အခါ ရေ လျှော့ထည့်ရ ပါ မယ်။ ကောက်ညှင်းကျက်ရင် ပန်းကန်ထဲထည့်ပြီး အအေးခံထားလိုက်ပါ။

ပြီးတဲ့အခါမှာတော့ ပန်းကန်တခုထဲကို သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်းနဲ့ ပေါင်မုန့် တပွဲစာ ထည့်လိုက်ပြီး အုန်းနို့ရည်ကို ယောက်ချိုဇွန်းနဲ့ ၁ ဇွန်းခန့် ထည့်လိုက်ပါ။ နောက်ဆုံးမှာတော့ ရေခဲတုံးလေးတွေ ထည့်ပြီး စားသုံးနိုင်ပါပြီ။

နှစ်သစ်ကူး အခါသမယမှာ သြင်္ကန်မုန့်လေးတွေ လုပ်ပြီး အလှူဒါနပြုရင်း ကုသိုလ်ယူနိုင်ကြပါစေ။ ။

The post သြင်္ကန်မှာ ပျော်ပျော်ပါးပါး မုန့်လုပ်စားကြမယ် appeared first on ဧရာဝတီ.

မကျင်းပဖြစ်တဲ့ ရခိုင် သြင်္ကန် ရေကစားပွဲ

$
0
0

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရသူတွေကို စာနာ ထောက်ထားတဲ့ အနေနဲ့ ရန်ကုန်မြို့မှာ နှစ်စဉ် ကျင်းပနေကျ ရခိုင် သြင်္ကန် ပွဲတော်ကို မကျင်းပတော့ပါဘူး။

ရန်ကုန်မြို့မှာ ရခိုင် သြင်္ကန် ကျင်းပတာ ဒီနှစ် ဆိုရင် ၁၆ နှစ်မြောက်ခဲ့ပါပြီ။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ လုံခြုံရေး အခြေအနေကြောင့် အပြင် တခြား အကြောင်း တွေကြောင့်လည်း ပါတယ်လို့ ရခိုင် စာပေနဲ့ ယဉ်ကျေးမှု အသင်းက ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ဆိုပါတယ်။

“အခုကတော့ အကြောင်းအရပ် မျိုးစုံကြောင့် မဖြစ်နိုင်တဲ့ အတွက် လက်လျှော့လိုက်တာပါ။ ပါမစ်တွေ ဘာတွေ ပေးပြီး သားပါ။ အခု လက်ရှိ လုံခြုံရေး အခြေအနေကြောင့်လည်း ပါသလို ဒီမှာ ရှိတဲ့သူတွေကလည်း ရခိုင်မှာ ကိုယ့်ရဲ့ ဆွေမျိုး သားချင်းတွေ အကုန် ရှိနေကြတာ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် မပျော်ရွှင်နိုင်ကြဘူးပေါ့”လို့ ဒေါ်စောခင်တင့်က ပြော ပါတယ်။

ဒါ့ပြင် အဓိက အချက်တွေထဲမှာ မဏ္ဍပ် ရေလောင်းမယ့် မိန်းကလေးတွေရဲ့ အုပ်ထိန်းသူတွေက ခွင့်မပြုကြဘူး လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေကြားထဲက ဒေသခံတွေကို စာနာတဲ့ အနေနဲ့ သြင်္ကန် ပျော်ပွဲ ရွှင်ပွဲတွေ မကျင်းပဘဲ ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရားရေ သပ္ပာယ်ပွဲလောက်ကိုသာ ကျင်းပဖို့ အတွက် စီစဉ်ထားကြတယ်လို့ ဒေသခံ တချို့ထံက သိရပါတယ်။

ရန်ကုန်မြို့မှာ ၁၆ နှစ်မြောက် ရခိုင်သြင်္ကန် ပွဲတော် မကျင်းပ ဖြစ်တော့ဘူး ဆိုပေမယ့်လည်း ရခိုင် သြင်္ကန်ရဲ့ ကျန်ရှိတဲ့ အပိုင်း ၂ ပိုင်း ကိုတော့ ဆက်လက် ကျင်းပဖို့ ရှိနေပါတယ်။

အဲဒါကတော့ ရခိုင် ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရား ရေသပ္ပာယ်တဲ့ ပွဲပါ။

နံ့သာ သွေးနေသော ရခိုင် ပျိုဖြူများ(ဓာတ်ပုံ – ထက်ဝေ/ဧရာဝတီ)

ဒီနေ့ ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်ကတော့ ရခိုင် သြင်္ကန်ရဲ့ တစိတ်တပိုင်း ဖြစ်တဲ့ နံ့သာသွေးပွဲကို စတင် ပြုလုပ်နေပြီပဲ ဖြစ် ပါတယ်။

အဲဒါကိုတော့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ ရှိတဲ့ ရခိုင်ပြည်နယ် ဓမ္မာရုံမှာပဲ ကျင်းပတာပါ။

ရခိုင် သြင်္ကန်မှာ အပိုင်း ၃ ပိုင်း ရှိပါတယ်။

ပထမပိုင်း အနေနဲ့ သြင်္ကန် အကြိုနေ့မှာ နံ့သာသွေးပွဲ ကျင်းပပါတယ်။ နံ့သာသွေး ပွဲကတော့ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် စတဲ့ အမွှေးနံ့သာတွေကို သွေးပြီးတော့ အိုးတလုံးထဲမှာ စုစည်းထားပါတယ်။ နောက်တရက်မှာတော့ သွေးထားတဲ့ နံ့သာရည် တွေနဲ့ ဘုရားမှာ သပ္ပာယ် ပူဇော်တာပဲ ဖြစ်ပါတယ်။

အရင်နှစ်တွေက ဆိုရင် နံ့သာသွေးပွဲကို အသင်း အဖွဲ့တွေနဲ့ ပြိုင်ပွဲတခုလို ထည့်သွင်း ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကတော့ ပြိုင်ပွဲ ပုံစံ မလုပ်ဖြစ်တော့ဘူး လို့ ရခိုင် စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က သိရပါတယ်။

“၁၂ ရက်နေ့ကို ညနေ လောက်ကနေ ညပိုင်း အထိ အသင်းအဖွဲ့တွေက ဆင်တူ ဝတ်စုံနဲ့ နံ့သာသွေးကြမှာပါ။ ခါတိုင်း ကတော့ အမျိုးသမီး အငယ်တွေနဲ့ သွေးတာပေါ့။ အခုကတော့ အမျိုးသမီး အကြီးတွေရော အမျိုးသားတွေရော ပါဝင် နိုင်အောင် ဖိတ်ပါတယ်။ ဘယ်သူမဆို ဝင်ရောက်ပြီး နံ့သာသွေး နိုင်ပါတယ်” လို့ ဒေါ်စောခင်တင့်က ဆိုပါတယ်။

ဧပြီ ၁၃ ရက် ဖြစ်တဲ့ သြင်္ကန် အကြိုနေ့မှာတော့ ၁၂ ရက်နေ့က အားလုံး စုပေါင်း သွေးထားတဲ့ နံ့သာရည်တွေကို ဘုရားမှာ သပ္ပာယ် ပူဇော်မှာ ဖြစ်ပါတယ်။

အဲဒီအခမ်းအနားကိုတော့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်များ၊ အသင်း အဖွဲ့များ၊ ဧည့်သည်တော်များကိုလည်း ဖိတ်ကြားထားပါတယ်လို့ သိရပါတယ်။ ဒါကတော့ ရခိုင် ရိုးရာ သြင်္ကန်ရဲ့ ဒုတိယ အပိုင်းပါ။

ရခိုင်ရိုးရာ ဓလေ့ အရတော့ ဘုရား ရေသပ္ပာယ်ပြီးမှပဲ ရေကစားကြပါတယ်။

အရင်နှစ်တွေက ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ပွဲတော် ကျင်းပရေးမှာ ပါဝင်ခဲ့သူ ဦးအေးမောင် (မြောက်ဦး)က“လုံခြုံရေး အရ ပျော်ပွဲ ရွှင်ပွဲတွေ မလုပ်ဖြစ်တော့ပေမယ့် နောက်နှစ်တွေမှာတော့ ရခိုင်ပြည်နယ်လည်း ငြိမ်းချမ်းမှု ရှိပြီး ရခိုင် သြင်္ကန် လည်း ပြန်လည် လုပ်ဆောင်ဖို့ အတွက် မျှော်လင့်နေတယ်”လို့ ပြောပါတယ်။

ရခိုင် ရိုးရာ သြင်္ကန်ရဲ့တတိယ အပိုင်း ဖြစ်တဲ့ လောင်းလှေနဲ့ ရေကစားခြင်း အစီအစဉ်ကိုတော့ ဒီနှစ်မှာ မလုပ်ဆောင်ဖြစ် တော့တာပါ။

ရခိုင် သြင်္ကန်လို့ ဆိုလိုက်ရင် လောင်းလှေနဲ့ ရေကစား တာက ထင်ရှားပြီးတော့ လူသိများကြပါတယ်။

လောင်းလှေနဲ့ ရေကစားခြင်း အလေ့အထ ကတော့ ရခိုင် တိုင်းရင်းသားတွေရဲ့ ထူးခြားတဲ့ ရိုးရာ တခုလည်း ဖြစ်သလို ဒီအလေ့အထကြောင့်လည်း ရခိုင် သြင်္ကန် က ပိုပြီး ထင်ရှားစေပါတယ်။

လှေထဲမှာ ဘာကြောင့် လောင်းကြသလဲ ဆိုရင် ရခိုင် လူမျိုးတွေက ပင်လယ် ကမ်းရိုးတန်း ဒေသ တလျှောက်မှာ နေ ထိုင် ကြသူတွေပဲ ဖြစ်ပါတယ်။ ကျွန်းတွေနဲ့ ကမ်းရိုးတန်း တလျှောက်မှာ ကြီးပြင်းလာခဲ့ကြပြီး နှစ်ပေါင်းများစွာ အစဉ်အဆက် ကတည်း က ရေလမ်းကို အားကိုးပြီး သွားလာ လှုပ်ရှားကြပါတယ်။

ရခိုင် တိုင်းရင်းသားတွေဟာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတဲ့ လှေကို အရမ်း တန်ဖိုးထားပါတယ်။ ဒါ့ကြောင့် လှေ ကို အသုံးပြုပြီး လှေထဲ ရေထည့်ကာ ရေကစားတဲ့ အလေ့အထ ဖြစ်လာတာပါ။

ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ်က ကျင်းပသည့် ရခိုင် ရိုးရာ သြင်္ကန်ပွဲတော် (ဓာတ်ပုံ – ဧရာဝတီ)

လောင်းလှေနဲ့ ရေကစားရာမှာ လိုက်နာရမယ့် စည်းကမ်းချက်များစွာလည်း ရှိနေပါတယ်။ အဲဒါတွေကတော့ သြင်္ကန်ထဲမှာ ပါတဲ့ အမျိုးသမီးလေးတွေက မဏ္ဍပ် အတွင်းမှာပဲ ရေကစားရပါတယ်။ ရေကစားမယ့် မိန်းကလေးတွေက အပျို ဖြစ်ရပါ မယ်။ ရေလောင်း မဏ္ဍပ်မှာ ဆိုရင် မဏ္ဍပ် ရှင်မ လို့ ခေါ်တဲ့ မဏ္ဍပ် အုပ်ထိန်းသူ ရှိပါတယ်။

ရေကစားကြမယ့် အမျိုးသားတွေကတော့ အပြင် သတ်မှတ်နေရာမှာပဲ စည်းကမ်းနဲ့ အညီ ရေကစားခွင့် ရှိပြီးတော့ အဖွဲ့ လိုက်လည်း ရေကစားနိုင်သလို သီးသန့် ရေကစားလိုတဲ့ အမျိုးသမီးလေးကိုလည်း ခွင့်တောင်းပြီး ရွေးချယ်ပြီးလည်း ရေ ကစား နိုင်ပါတယ်။

“နောက်တချက်က အမျိုးသမီးလေးတွေကို အမျိုးသားတွေနဲ့ ဘယ်လောက်ပဲ ခင်ခင် ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး နာမည် ထုတ်ဖော်ခွင့် မရှိပါဘူး။ အဲဒီ အမျိုးသမီးတွေကို “မရီး” လို့ ပဲ ခေါ်ရပါတယ်” လို့ ဒေါ်စောခင်တင့်က ရိုးရာ ဓလေ့ကို ပြောပြ ပါတယ်။

ရခိုင် ဓလေ့ အရတော့ လူပျိုလေးတွေက ရေကစားဖို့ လာတယ်ဆိုရင် အဲဒီမှာ ရှိနေတဲ့ အမျိုးသမီးကို ရွေးချယ်တဲ့အခါ သူ့မှာ ပါလာတဲ့ ရေနဲ့ အရင်ဆုံး ၂ ချက် ၃ ချက် ဖြန်းလိုက်ရတယ်။ အဲဒီ မိန်းကလေးက သူ့ကို လက်ခံချင်တဲ့ သဘော ဆိုရင် လှေထဲမှာ ပါတဲ့ ရေနဲ့ သူ့ကို ဖြည့်ပေးရတယ်။ ပြီးတော့မှ အတူတူ ရေကစားရတယ်လို့ သိရပါတယ်။

ဒေါ်စောခင်တင့်က “ရေကစားပြီးပြီ ဆိုရင် အမျိုးသားက အမျိုးသမီးကို ချစ်ခွင့် ပန်ချင်ရင် ဖြစ်ဖြစ် ပြန်တော့မယ် ဆိုရင် မေတ္တာရေ လောင်းတာ ဆိုတာ ရှိသေးတယ်။ နောက်ဆုံး မေတ္တာရေ လောင်းမယ် ဆိုရင် အမျိုးသမီးလေးနားကို အမျိုး သားက ကပ်ပေးရတယ်။ နောက်ဆုံး ဒီရေလေးကို တဖြည်းဖြည်းချင်း လောင်းပေးပြီးမှ သဘောကျပါတယ်။ မိဘတွေ တောင်းဖို့ ရမ်းဖို့ ကိစ္စတွေ ပြောကြတယ်” လို့ ဆိုပါတယ်။

ရခိုင်ရိုးရာ သြင်္ကန်ဟာ အမျိုးသားတွေ အတွက် အခွင့်အရေးပဲ လို့လည်း ပြောကြပါတယ်။

အရင် ရှေးကတည်းကဆို ရခိုင် အမျိုးသမီးတွေကသိပ်ပြီး အပြင် ထွက်ကြတာ မဟုတ်ဘူး။ ဒီအမျိုးသမီးတွေကို သဘော ကျတယ် ဆိုရင် အမျိုးသားတွေက သြင်္ကန်ကျအောင် စောင့်ရတာ။ ဒီသြင်္ကန်ပွဲတော်က ဖူးစာဖက် ဆုံတွေ့တဲ့ပွဲ ဆိုရင် လည်း မမှားပါဘူး။

ဒီသြင်္ကန်ကို အကြောင်းပြုပြီးတော့ အိမ်ထောင်ပြုသွားတဲ့သူတွေ အများကြီး ရှိပါတယ်လို့ ရခိုင် သြင်္ကန် ပွဲတော် ဓလေ့ကို ဆိုကြပါတယ်။

ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ ရခိုင် သြင်္ကန်ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေ လျော့လျဲလာကြောင်းနဲ့ ရိုးရာ ဓလေ့တွေ ပျောက်ကွယ်လာကြောင်းကို ရခိုင် သြင်္ကန် စီစဉ်သူ တချို့က ပြောပါတယ်။

ရခိုင် ရိုးရာ လောင်းလှေကြီးဖြင့် ရေကစားကြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ဒေါ်စောခင်တင့်က “ကျမတို့က အရင်ကဆို သိမ်ဖြူကွင်းမှာတော့ အကုန်လုံး တာဝန်ယူပြီး ရိုးရာ ဓလေ့ ယဉ်ကျေးမှုကို ထုတ်ဖော်ဖို့ အတွက် ရေဖလားကို ဘယ်လို ကိုင်ရမလဲ ဆိုတာက အစ သင်ပြီး ရိုးရာယဉ်ကျေးမှု နဲ့ အညီ ဖြစ်အောင် လုပ်ခဲ့တယ်။ စဉ်ဆက်မပြတ် ထိန်းသိမ်းခဲ့တယ်။ နောက်ပိုင်းကျတော့ တာဝန်ယူသူတွေလည်း ကွဲသွားတယ်” လို့ ဆိုပါ တယ်။

နောက်ပြီး ဒါက တဦး တယောက်တည်း လုပ်ဆောင်လို့ မရကြောင်းနဲ့ ရခိုင် ရိုးရာ သြင်္ကန် ယဉ်ကျေးမှု အလေ့အထ မပျောက်ကွယ်စေဖို့ အားလုံး ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုတယ်လို့ လည်း တိုက်တွန်းပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ ရခိုင် ရိုးရာ သြင်္ကန်ကို ရန်ကုန် အပြင် တခြား မြို့ကြီးတွေမှာ ကြီးကျယ်ခမ်းနားစွာ မပြုကြတော့ဘဲနဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲ ကိုသာ ကျင်းပ ကြဖို့ အတွက် နှိုးဆော်ကြတာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ရခိုင် ပြည်နယ် စစ်တွေမြို့မှာတောင် လုံခြုံရေး အခြေအနေကြောင့်မို့ မြို့တော်ဝန် မဏ္ဍပ် မလုပ်တော့ဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပတဲ့ ရခိုင် သြင်္ကန်ကတော့ ၂၀၁၃ ခုနှစ်လောက်ကမှ စတင် ကျင်းပခဲ့တာပါ။ အရင်က ဆိုရင် ရခိုင် သြင်္ကန်ကို သိမ်ဖြူကွင်းမှာ ၂၀၀၄ ခုနှစ်က စပြီး နှစ်စဉ်ကျင်းပ ခဲ့တာပဲ ဖြစ်ပါတယ်။

ရခိုင် သြင်္ကန်ရဲ့ ထူးခြားချက်များကြောင့်ပဲ ရခိုင် တိုင်းရင်းသားတွေသာ မက တိုင်းရင်းသား ပေါင်းစုံနဲ့ ကမ္ဘာလှည့် ခရီး သွားတွေ တကူးတက လည်ပတ်ကြရတဲ့ ပွဲတော် တခုလည်း ဖြစ်သလို နိုင်ငံတော် အဆင့် ပွဲတော် တရပ်လည်း ဖြစ်ခဲ့ ပါတယ်။

ရန်ကုန် သြင်္ကန်ကို ဆင်နွှဲတဲ့ အခါ “ရခိုင် သြင်္ကန်” ကို မရောက်ရင်တော့ သြင်္ကန်ပွဲ စုံအောင် လည်ဖြစ်တယ်လို့ မဆိုနိုင်ပါ ဘူး။

အခုလို ရခိုင် သြင်္ကန် မကျင်းပ ဖြစ်တဲ့အခါမှာတော့ ရန်ကုန်မြို့ သြင်္ကန်မှာ လည်ပတ်စရာ နေရာတခု လျော့သွားသလို နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ အတွက် ဆွဲဆောင်နိုင်တဲ့ ပွဲတော် တခု လည်း လျော့သွားခြင်းပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား အစုံ ပျော်ကြတဲ့ ရခိုင် သြင်္ကန် ပွဲတော် အဓွန့်ရှည်ဖို့ အတွက် ရခိုင် ပြည်နယ် ယမ်းငွေ့တွေ ပြယ်စေဖိ့ု…ရခိုင် ပြည်နယ် အမြန်ဆုံး ငြိမ်းချမ်း အေးချမ်းနိုင်ဖို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ။

The post မကျင်းပဖြစ်တဲ့ ရခိုင် သြင်္ကန် ရေကစားပွဲ appeared first on ဧရာဝတီ.

Viewing all 3346 articles
Browse latest View live