Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ပါလီမန်အခြေပြုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်နိုင်ပါ့မလား

$
0
0
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ , လွှတ်တော် , ဥပဒေပြုရေး မဏ္ဍိုင် , သမ္မတ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဦးဆောင် အခန်း ကဏ္ဍမှ ပါဝင်နေသည် (ဓာတ်ပုံ – Reuters)

စစ်အစိုးရစိတ်ကြိုက် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အုပ်ချုပ်ရေး မဏ္ဍိုင်အတွက် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင် ခွင့်များနှင့် တပ်မတော်၏ အခန်းကဏ္ဍကို ဦးစားပေး ပြဋ္ဌာန်းထားခဲ့သော်လည်း လွှတ်တော်ဥပဒေကြမ်းကော်မတီ က တင်သွင်းသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် မဏ္ဍိုင်အားလုံးအတွက် ပါလီမန်အခြေပြု ဥပဒေအဖြစ် ပြင်ဆင် ထားရာ ယင်းသို့ပြင်ဆင်မှုသည် တပ်မတော်နှင့် အစိုးရ၏ ကန့်ကွက်မှုကြောင့် အောင်မြင်ရန် မလွယ်ကူဟု နိုင်ငံရေး အသိုင်း အ၀ိုင်းက သုံးသပ် ပြောဆို သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိက အကျဆုံးဖြစ်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆ တွင်အရေး ပါသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင် ဆင်ရန် သဘောတူညီလက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက် ကျော် ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားပြီး လွှတ်တော်က တင်သွင်းလာသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ ကြမ်း တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၀ ရာခိုင်နှုန်းအောက်မလျော့သော လွှတ်တော်ကိုယ်စားလှယ် များ က ပြင်ဆင်ရန် သဘောတူညီ လက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲ ဖြင့် ပြင်ဆင်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။

“အရင်က အခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှလို့ဆိုတော့ လွှတ်တော်မှာ ပါ နေ တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက သဘောမတူရင် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်း ကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုပြင်ဆင်မယ့် ပြဋ္ဌာန်းချက်မှာ လွှတ်တော်ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းအောက်မလျော့ သော လို့ ဆိုတဲ့အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် သဘောမတူလည်း အခြေခံဥပဒေ ပြင်နိုင်မယ့် အလား အလာဆိုတဲ့ သဘောပါပဲ။ ဒါကလည်း လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ပြီးမှ ပြင်လို့ရမယ်၊ မရဘူးဆိုတာ သိမှာပါ” ဟု လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် မလိုဘဲ ပြင်ပမှလည်း တင် မြှောက်၍ ရသည်ဟု ပြဋ္ဌာန်းထားသော်လည်း လွှတ်တော်ကတင်သွင်းသည့် အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတွင် သမ္မတနှင့် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမည်ဆိုသော ပြဋ္ဌာန်းချက် ပါဝင်လာကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်သည့် ပြဋ္ဌာန်းချက်တွင် သမ္မတ ရွေးချယ် တင် မြှောက် ရေး အဖွဲ့တဖွဲ့စီသည် ဒုတိယသမ္မတ တဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စား လှယ် မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ် တင်မြှောက်ရမည်ဟု ပြဋ္ဌာန်းထားပြီး လွှတ်တော်က ပြင်ဆင် လိုက်သည့် ပြဋ္ဌာန်း ချက်များတွင်မူ သမ္မတရွေးချယ်တင်မြှောက်ရေး အစုအဖွဲ့တစုစီက ဒုတိယသမ္မတ တဦးစီကို ပြည်ထောင်စု လွှတ်တော်ရှိ ရွှေးကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များထဲကသာ ရွေးချယ် တင်မြှောက် ရမည်ဟု ပြင်ဆင်ထားသည်။

သမ္မတ ရွေးချယ်တင်မြှောက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များထဲမှသာ တင်မြှောက်ရမည်ဟု ပြင်ဆင်ထားခြင်းသည် ပြည်သူ လူထုက မဲပေးရွေးချယ်ထားသူများထဲကသာ သမ္မတဖြစ်စေချင်သည့်အတွက် ယင်းသို့ ပြင်ဆင်ချက် တင်သွင်း ခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။

နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအဆင့် ရာထူးတာဝန်များ ခန့်အပ်မှုကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သမ္မတ ၏ လုပ်ပိုင်ခွင့်သတ်မှတ်ထားသော်လည်း လွှတ်တော်က တင်သွင်းလာသည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေ ကြမ်း တွင်မူ လွှတ်တော်ဥက္ကဋ္ဌများ၏ သဘောတူညီချက်ရယူရမည်ဆိုသော ပြဋ္ဌာန်းချက်အသစ်များ ထပ်မံ ပြဋ္ဌာန်း ထား သည့် အပြင် ပြည်ထောင်စုဝန်ကြီးများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထဲမှ ခန့်အပ်ရမည်ဟု ထည့်သွင်း ပြဋ္ဌာန်း ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ ကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးချယ်ရမည်ဟု ပြင်ဆင်ထားသည်။ အလားတူ ဖွဲ့စည်းပုံ အခြေခံဥပတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ရွေးချယ်၍ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ပြင်ဆင်သည့်ဥပဒေကြမ်းတွင် တိုင်း ဒေသ ကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆန္ဒမဲဖြင့် ရွေးချယ်ပြီး ယင်းရွေး ချယ်သည့် လွှတ်တော်ကိုယ်စားလှယ်ကို သမ္မတက ခန့်အပ်တာဝန်ပေးရမည်ဟု ပြင်ဆင်ထားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးများသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ် ထွက်ရန် မလိုအပ်တော့သကဲ့သို့ နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်လည်း ရာထူးသက်တမ်းအတွင်း ပါတီ၏ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့်ရရှိမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။

လွှတ်တော်က ပြင်ဆင်ရန် တင်သွင်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် တရားစီရင်ရေးဆိုင်ရာ ပြည် ထောင် စု အဆင့် ပုဂ္ဂိုလ်များ ခန့်အပ်ရာတွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့သည် ဒုတိယပြည်ထောင်စုတရားသူကြီးချုပ် တဦးစီကိုရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး ပြည် ထောင် စု လွှတ်တော်က ဒုတိယတရားသူကြီးချုပ်သုံးဦးထဲမှ တဦးကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ရွေးချယ် တင် မြှောက်ရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က သဘောတူညီချက်ရရှိသည့် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ဒုတိယပြည်ထောင်စု တရားသူကြီးချုပ်များကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးရမည်ဟု ပြဋ္ဌာန်းထား သည်။

လွှတ်တော်က ပြင်ဆင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များအရ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးတို့က မိမိကြိုက်နှစ်သက်ကြသည့် ဒုတိယပြည်ထောင်စု တရားသူကြီးချုပ် များကို ရွေးချယ် ပေးခြင်းကြောင့် တရားရေး မဏ္ဍိုင်တွင် လွှတ်တော်၏ထိန်းကျောင်းမှု ပိုမိုများလာကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပြောသည်။

“အခုပြင်ဆင်ထားတဲ့ ဥပဒေကြမ်းမှာ သမ္မတအာဏာကို အများကြီးလျှော့ထားတယ်။ ၀န်ကြီးချုပ်ခန့်တဲ့နေရာ၊ တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ်ခန့်တဲ့နေရာ၊ တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ် ခန့်တဲ့နေရာမှာ သမ္မတအာဏာ လျှော့ထား တယ်။ တရားရေးနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ရဲ့ထိန်းကျောင်းမှုက အများကြီးများလာတယ်။ လွှတ်တော်မှာ အများကြီး ပါဝါတက်လာတယ်။ နောင် ဒီဖွဲ့စည်းပုံအရ တရားရေးကို လွှတ်တော်ရဲ့ထိန်းကျောင်းမှု ပိုများလာမယ်” ဟု ၎င်းက ပြော သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်များအရ နိုင်ငံ၏အုပ်ချုပ်ရေးစနစ်သည် သမ္မတစနစ်မဟုတ်တော့ဘဲ ပါလီမန်စနစ် ဘက် ကို ရောက်သွားမည်ဖြစ်၍ ပြည်ထောင်စုအဆင့်တွင် သမ္မတအုပ်ချုပ်ရေးပုံစံကျင့်သုံးရန် ရေးဆွဲ ထားသည့် အခြေခံ ဥပဒေ ကြီးတခုလုံးကို ပါလီမန်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြဋ္ဌာန်းချက် အများအပြား ထပ်မံပြင်ဆင်ရမည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေကို ပိုပြီးအာရုံစိုက်လာတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို အခြေပြုတယ်ဆိုတာ က ပါလီမန်ကို အခြေပြုလာတဲ့ သဘောပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ၀န်ကြီးခန့်ရမယ်။ သမ္မတက ကြိုက် တဲ့လူ ခန့် လို့မရတော့ဘူး။ နိုင်ငံရေးစနစ်တွေဟာ သူ့သီအိုရီနဲ့သူသွားတာ။ အဲသဘောတရားတွေကိုပိုင်မှ မဟုတ်ရင်တော့ ဟိုလိုလို ဒီလိုလိုနဲ့ ပြဿနာတွေ ရှိနေဦးမှာပဲ” ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဥက္ကဋ္ဌ ဦးမြတ်သူက ဧရာဝတီသို့ ပြောသည်။

The post ပါလီမန်အခြေပြုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်နိုင်ပါ့မလား appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...