Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ့အရေး ဦးစားပေးမည်

$
0
0

မကြာမီ ကျင်းပမည့် အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) ထိပ်သီး ဆွေးနွေးပွဲများတွင် အရှေ့တောင်အာရှ နှင့် တရုတ်အကြား ပိုင်နက် အငြင်းပွားမှုများသည် နောက်တန်းသို့ရောက်နေပြီး စစ်တပ်အုပ်ချုပ်သည့် မြန်မာနိုင်ငံမှ ကြီး ထွားနေသော အကြမ်းဖက်မှုများနှင့် တရုတ်-အမေရိကန် တင်းမာမှုသည် ရှေ့တန်း ရောက်နေမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

အာဆီယံ ဆယ်နိုင်ငံမှ ထိပ်တန်း သံတမန်များသည် ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်တွင် နှစ်ပတ်လည် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရန်ရှိပြီး ထိုအစည်းအဝေးသို့ ဒေသတွင်းမှ ကမ္ဘာ့ခေါင်းဆောင်များလည်း တက်ရောက်ဖွယ် ရှိသည်။

ထိုအစည်းအဝေးသည် အရှေ့တောင်အာရှ သံတမန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါလေ့ရှိပြီး ယခုတကြိမ်တွင်မူ ဘာလီနှင့် ဘန်ကောက်တွင် ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံအစည်းအဝေးနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ် (APEC) တို့နှင့် အပြိုင်ကျင်းပမည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင်ကျင်းပမည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေးတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် မျက်နှာချင်းဆိုင် တွေ့နိုင်ခြေကို အားလုံးက အာရုံစိုက်နေကြပြီး ထိုသို့ တွေ့ဆုံပါက ၉ ရက်ကြာမည့် ထိုအစည်းအဝေးများ၏ အရေးပါသော ဖြစ်ရပ် ဖြစ်လာမည် ဖြစ်သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် မျက်နှာချင်းဆိုင် တွေ့နိုင်ခြေကို အားလုံးက အာရုံစိုက်နေကြသည်

သို့သော် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက အာဏာသိမ်းခဲ့သောကြောင့် ဖရိုဖရဲ ဖြစ်နေသော မြန်မာနိုင်ငံပြဿနာသည် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျင်းပမည့် ASEAN ထိပ်သီး အစည်းအဝေးတွင် ထိပ်တန်းမှ နေရာယူနေမည် ဖြစ်သည်။

“တခြားနိုင်ငံတွေက မြန်မာနဲ့ ပတ်သက်ပြီး စိတ်မရှည်တော့တဲ့ သဘောရှိတယ်”ဟု နန်ယန်း နည်းပညာ တက္ကသိုလ်မှ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ လက်ထောက် ပါမောက္ခ ဒိုင်လန်လိုက ပြောသည်။

အာဆီယံသည် မြန်မာတွင် အကြမ်းဖက်မှု လျှော့ချရန် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ လွန်ခဲ့သောနှစ် ဧပြီလက အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် ချမှတ်ခဲ့သော်လည်း ထိုအစီအစဉ်သည် အောင်မြင်မှု မရပေ။

ထိုသဘောတူညီချက်တွင် အဓိက အချက်များမှာ အကြမ်းဖက်မှု ချက်ခြင်း ရပ်ဆိုင်းရေးနှင့် သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးရေးတို့ ဖြစ်သည်။

အာဆီယံနိုင်ငံ အများအပြားက ထိုငြိမ်းချမ်းရေး အစီအစဉ်နှင့်ပတ်သက်ပြီး တိုးတက်မှု မရှိသောကြောင့် စိတ်ပျက်ကြောင်း လွန်ခဲ့သောအပတ်က ဖေါ်ပြခဲ့ကြပြီး လွန်ခဲ့သောအပတ်က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရန် ခိုင်မာသည့် အချိန်ဇယား သတ်မှတ်ရန် သဘောတူကြသည်။

ထိုထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံသည် မြန်မာစစ်ကောင်စီကို နောက်ထပ်အရေးယူမည့် လက်တွေ့ကျသော ခြေလှမ်းများလှမ်းလာမည်ဖြစ်ကြောင်း လက်ထောက်ပါမောက္ခ လို ပြောသည်။

၂၀၂၁ ဧပြီလ ဂျကာတာတွင် ရယူခဲ့သည့် ဘုံသဘောတူညီချက်က အရာမထင်လာခဲ့ပေ

ထိုအရေးယူမှုတွင် ဒေသတွင်း ဝန်ကြီးအဆင့် အစည်းအဝေးများတွင်သာမက အခြားအစည်းအဝေးများတွင်ပါ မြန်မာ အရာရှိများကို တက်ရောက်ပိတ်ပင်သည့် အရေးယူမှု ဖြစ်မည်ဟု သူပြောသည်။

မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ASEAN ထိပ်သီးစည်းဝေးပွဲသို့ ယခင်နှစ်ကအတိုင်း မဖိတ်ကြားကြောင်း အိမ်ရှင် ကမ္ဘောဒီးယားက အစောပိုင်းက အတည်ပြုထားသည်။

“မြန်မာကို ဗြောင်ကျကျ ဆိုင်းငံ့ထားဖို့ ဘယ်လောက်အထိ အပြင်းအထန် တွန်းအားပေးမယ်ဆိုတာကိုတော့ စောင့်ကြည်ရမှာပဲ”ဟု လို့ ပြောသည်။ “ဒါပေမယ့် သူတို့က အဲဒီလောက်ပြင်းပြင်းထန်ထန်တော့ မလုပ်ချင်ကြသေးဘူးလို့ ကျနော် ထင်တယ်”ဟုလည်း သူက ပြောသည်။

မြန်မာကို အာဆီယံ အဖွဲ့ဝင်အဖြစ်မှ လုံး၀ ဆိုင်းငံ့ထားရန် တောင်းဆိုမှုများ မကြာသေးမီက ပေါ်ပေါက်လာသည်။ ထိုသို့ တောင်းဆိုသူများတွင် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့လည်း ပါဝင်သည်။

စင်္ကာပူ အမျိုးသား တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက် ပါမောက္ခ ချောင်ဂျအီယန်ကလည်း အာဆီယံ အစည်းအဝေးများ တွင် မြန်မာကို ထပ်မံကန့်သတ်ခြင်း ဖြစ်နိုင်ကြောင်း ပြောသော်လည်း အာဆီယံသည် မြန်မာတွင် အကြမ်းဖက်မှု ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးရေး စတင်ရန်အတွက် သြဇာနှင့် ရင်းမြစ် မရှိကြောင်း ပြောသည်။

အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခု၏ ဂီတပွဲကို လေကြောင်းမှ တိုက်ခိုက်သောကြောင့်လူ ၅၀ ကျော်သေဆုံးသည့် သတင်းများ လွန်ခဲ့သောလက ထွက်ပေါ်လာသည်။ မြန်မာစစ်တပ်သည် အတိုက်အခံများကို ဖြိုခွင်းသောကြောင့် လူ ၂၄၀၀ ကျော်အသတ်ခံရသည်ဟု ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့တခုက ပြောသည်။

“အာဆီယံရဲ့ အစိုးရတွေ အားလုံး ဘုံသဘောတူညီချက်ယူတဲ့ နည်းလမ်းက မြန်မာနိုင်ငံရဲ့ မြေပြင်က ရှုပ်ထွေး ကြီးထွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ခက်ခဲနေတယ်။ အဲဒီအခြေအနေတွေ အားလုံးက အာဆီယံက လုပ်နိုင်တာကို အကန့် အသတ်ဖြစ်စေတယ်”ဟု ချောင်က ပြောသည်။

မြန်မာစစ်တပ်ကို ပုံမှန်အတိုင်းလုပ်ရန် မလွယ်သော်လည်း အာဆီယံသည် ရပ်ကြည့်နေမည်ဟု မမြင်သင့်ကြောင်း လက်ထောက် ပါမောက္ခလိုက ပြောသည်။

“ရလဒ်က အကောင်းဆုံး မဟုတ်ပေမယ့် ကြိုတင်ပြင်ဆင်မှု ပြုလုပ်တာအဖြစ် မြင်ရမယ်။ မကြာသေးမီ ကာလအတွင်းမှာ အာဆီယံအတွက် အကြီးမားဆုံး စိန်ခေါ်မှုပဲ။ တော်တော်ခက်တဲ့ ပြဿနာ ဖြစ်လာတော့မယ်”ဟုလည်း သူက ပြောသည်။

မြန်မာ အကျပ်အတည်းအပြင် အာဆီယံ ခေါင်းဆောင်များသည် အမေရိကန်နှင့် တရုတ်အကြား ပိုမိုနက်ရှိုင်းလာသည့် အားပြိုင်မှုကို စိုးရိမ်ကြောင်းလည်း ထုတ်ဖေါ်ပြောဆိုနိုင်သည်။ အထူးသဖြင့် ဒေသတွင်း တည်ငြိမ်မှု၊ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များ၊ နည်းပညာနှင့် ကုန်သွယ်ရေးတို့အရ စိုးရိမ်ခြင်းဖြစ်ကြောင်း ချောင်က ပြောသည်။

တောင်တရုတ်ပင်လယ်ထဲက တရုတ်စစ်သင်္ဘောများ

အခြားဆွေးနွေးနိုင်သည့် ကိစ္စတခုမှာ တောင်တရုတ်ပင်လယ်တွင် ဘေ့ဂျင်းနှင့် ရေပိုင်နက်အငြင်းပွားမှု ဖြစ်သည်။

တရုတ်နိုင်ငံသည် သမိုင်းဆိုင်ရာ အခွင့်အရေးကို အခြေခံကာ ထိုရေပိုင်နက်တခုလုံးကို တောင်းဆိုနေသည်။

တောင်တရုတ်ပင်လယ်သည် ရေကြောင်းကုန်သွယ်မှုအားလုံး၏ ၆၀ ရာခိုင်နှုန်းကို ဆောင်ရွက်ရသည့် ပင်လယ်ဖြစ်သည်။ အရှေ့တောင်အာရှ ၄ နိုင်ငံဖြစ်သည့် မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့ကလည်း ထိုရေပိုင်နက်အတွင်း ၎င်းတို့ ပိုင်နက်အဖြစ် ကြေညာထားသော နေရာများလည်း ရှိနေသည်။

“ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်တဲ့ နိုင်ငံအားလုံးက တိုးတက်မှု နှေးတာနဲ့ ငွေကြေးဖောင်းပွမှုကိုလည်း စိုးရိမ်နေတော့ လုံခြုံရေး ကိစ္စအပြင် စီးပွားရေး တည်ငြိမ်မှုနဲ့ တိုးတက်မှုကိုလည်း ဆွေးနွေးနိုင်တယ်”ဟု ချောင်က ပြောကြားပြီး သဘာ၀ ပတ်ဝန်းကျင်ကိစ္စကိုလည်း ဆွေးနွေးနိုင်ကြောင်း ပြောသည်။

ကမ္ဘာ့အခြား ပြဿနာများဖြစ်သော ရုရှား၏ ယူကရိန်း စစ်ပွဲ၊ ထိုင်ဝမ် ရေလက်ကြားနှင့် မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုများကိုလည်း ဆွေးနွေးနိုင်ကြောင်း လက်ထောက် ပါမောက္ခ လိုက ပြောသည်။

စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak Institute မှ ဝါရင့် သုတေသီ ရှာရွန်ဆီးက ပထဝီနိုင်ငံရေး အားပြိုင်မှု ပြင်းထန် နေသောကြောင့် အာဆီယံ၏ ယခုနှစ် ထိပ်သီး အစည်းအဝေးကို ယခင်ပုံမှန် အစည်းအဝေးများကဲ့သို့ မမြင်ကြောင်း ပြောသည်။

“အာဆီယံမှာ ဆွေးနွေးစရာတွေက အမြဲ ရှိနေတယ်”ဟု သူက ပြောသည်။

အာဆီယံ အစည်းအဝေးများကို ထိုအပတ်အတွင်း ပြုလုပ်မည့် အခြားနိုင်ငံတကာ အစည်းအဝေးများက လွှမ်းမိုးနေနိုင် ကြောင်း သုတေသီများက ယခင်ကပင် ပြောကြားခဲ့သည်။
သို့သော် အာဆီယံ ထိပ်သီးအစည်းအဝေးသည် ထိုဒေသဆိုင်ရာအဖွဲ့အတွက် အင်အားပြပြီး အပြုသဘော ဆွေးနွေးပွဲများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ပေးနိုင်ကြောင်း သုတသီဆီးက ပြောသည်။

အာဆီယံ နိုင်ငံများနှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန် နှင့် သြစတြေးလျတို့၏ ပိုမိုကျယ်ပြန့်သော ထိပ်သီး ဆွေးနွေးပွဲဖြစ်သည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အမေရိကန် သမ္မတ ဘိုင်ဒင်က အတည်ပြုထားကြောင်း သူက ပြောသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် တရုတ်နှင့်အမေရိကန်အကြား ဆက်ဆံရေး ဆိုးဝါးနေချိန်တွင် ဝါရှင်တန်နှင့် ဘေဂျင်းအကြား တွေ့ဆုံရန် ကျယ်ပြန့်သော အခွင့်အလမ်း ဖြစ်စေသည်။

“တင်းမာမှုတွေ လျှော့ချဖို့ ဒီအခွင့်အရေး သုံးခုကို အမိအရ ယူဖို့ အရေးကြီးတယ်”ဟု ထိုထိပ်သီး ဆွေးနွေးပွဲ ၃ ခုကို ရည်ညွှန်းပြီး သူပြောသည်။

တရုတ်သမ္မတရှီသည် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲတက်ရောက်ရန် အတည်မပြုသေးသော်လည်း တရုတ်နိုင်ငံသည် ၎င်းတို့၏ ပါဝင်မှုကို အလေးပေးရန် အရေးပါသည့် ကိုယ်စားလှယ်များ စေလွှတ်မည်ဟု ချောင်က ပြောသည်။

“တရုတ်နိုင်ငံက အရှေ့အာရှ ဒေသတွင်းမှာ သူတို့က အင်အားကြီးနိုင်ငံ ဖြစ်တယ်။ အမေရိကန်က ဒီဒေသမှာ အင်အားကြီး မဟုတ်ဘူး ပြောထားတယ်။ အမေရိကန် သမ္မတက တက်ရောက်ပြီး တရုတ်ခေါင်းဆောင်မလာရင် သူတို့ဘက်က ပျက်ကွက်မှုဖြစ်သွားမယ်”ဟု သူက ပြောသည်။

လုံလောက်စွာပြင်ဆင်ထားပါက ထိုထိပ်သီး အစည်းအဝေး ၃ ခုသည့် တဖက်နှင့် တဖက် အကျိုးရှိစေပြီး ဒေသတွင်းနှင့် ကမ္ဘာတွင် ရင်ဆိုင်နေရသည့် ပြဿနာများကို ဆွေးနွေးရန် အဆင်ပြေမည်ဟု ချောင်က ပြောသည်။

“အန္တရာယ်က ဒီထိပ်သီး အစည်းအဝေးပွဲတွေ အဆင်မပြေဘဲ အကျပ်အတည်း ပိုဆိုးစေမှာပဲ။ အဲဒီလိုဖြစ်သွားရင် ပူးပေါင်း ဆောင်ရွက်ဖို့ မပြောနဲ့ ဆွေးနွေးဖို့တောင် ရေရှည်မှာ အခက်အခဲဖြစ်မယ်”ဟုလည်း သူက ပြောသည်။

( South China Morning Post မှ Dewey Sim ၏ Myanmar to top Asean summit agenda as G20 and Apec draw big powers to region ကို ဘာသာပြန်ဆိုသည်)

You may also like these stories:

အချိန်မတိုင်မီ NUG မီးကုန်ယမ်းကုန် တိုက်ရင် ရှုံးမည်

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူကို အနီးကပ်ကြည့်ရှုခြင်း

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

ခေတ်ဟောင်း ခရိုနီတွေ အရာကျကုန်ပြီ

The post အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ့အရေး ဦးစားပေးမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...