Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

NLD ရဲ့ ပြုပြင်ပြောင်းလဲရေးကို စစ်ကောင်စီ ပြောင်းပြန်လှန်

$
0
0

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်ခေတ်က အစိုးရဖွဲ့စည်းပုံအတိုင်း လိုက်လုပ်တာတွေရှိခဲ့ပြီး အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ဆောင်ရွက်ခဲ့မှုတွေကိုတော့ ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟာ ဦးသိန်းစိန်ခေတ် ဝန်ကြီးဌာနတွေကို ပြန်ပြီးဖွဲ့စည်းတာ၊ ဦးသိန်းစိန်ခေတ် ပြည်ထောင်စုဝန်ကြီးအချို့ကို ပြန်ခန့်တာ၊ ဦးသိန်းစိန်ခေတ်က စီမံကိန်းတချို့ကို ပြန်စတင်တာမျိုးလုပ်ခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အတည်ပြုခဲ့တဲ့ ဥပဒေတွေကို ပြန်ပြင်တာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ရပ်ဆိုင်းထားတဲ့ စီမံကိန်းတွေကို ပြန်စတာမျိုး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက နာမည်ပေးခဲ့တဲ့ မွန်ပြည်နယ်ကတံတားကို နာမည်ပြန်ပြောင်းတာမျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရကို ပုတ်ခတ်လို့ တရားစွဲခံထားရတဲ့ မဘသဆရာတော်ဦးဝီရသူကို ပြန်လွှတ်ပေးတာမျိုးတွေကို လုပ်ဆောင်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ခေတ် ဝန်ကြီးဌာနအချို့ကို ပြန်လည်ဖွဲ့စည်းမှု

ဦးသိန်းစိန်အစိုးရလက်ထက်က သမဝါယမဝန်ကြီးဌာနကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ဆက်မထားတော့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သမဝါယမဝန်ကြီးဌာနမျိုးကို ပြန်ဖွဲ့စည်းခဲ့ပါတယ်။ နောက် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနဲ့ဝန်ကြီးဌာနလို့ ရှိခဲ့တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ပညာရေးဝန်ကြီးဌာလို့ ပေါင်းစည်းခဲ့ပါတယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးသိန်းစိန်အစိုးရလက်ထက်ကအတိုင်း ဝန်ကြီးဌာနနှစ်ခုအဖြစ် ပြန်ပြီးခွဲထုတ်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနလို့ ဝန်ကြီးဌာနနှစ်ခုရှိတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလို့ ပေါင်းခဲ့ပါတယ်။ ဒါကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနဆိုပြီး ပြန်ခွဲထုတ်ခဲ့ပြန်ပါတယ်။

သမ္မတဦးသိန်းစိန်ခေတ် ဝန်ကြီးအချို့ကို စစ်ကောင်စီအစိုးရတွင် ပြန်လည်ခန့်အပ်ခြင်း

ဝန်ကြီးဌာနတွေပြန်ဖွဲ့စည်းရုံတင်မက ဦးသိန်းစိန်အစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဒေါက်တာပွင့်ဆန်း စတဲ့ ဝန်ကြီးတွေကိုလည်း သူ့ရဲ့စစ်ကောင်စီအစိုးရအဖွဲ့မှာ ပြန်လည်ခန့်အပ်တာဝန်ပေးခဲ့သလို သမ္မတဦးသိန်းစိန်ရဲ့အကြံပေး ဦးကိုကိုလှိုင်ကိုတောင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးအောက် ပြန်လည် ပြောင်းရွှေ့ခြင်း

(ဝဲမှယာ) ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဦးပွင့်စန်းနှင့် ဦးကိုကိုလှိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲတဲ့အနေနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်တုန်းက ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၅ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကို ပြန်ပြီး ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့မှာ စကားရပ်များပြောင်းလဲသတ်မှတ်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတဲ့နေရာမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုပြီး ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုရတာမို့ ပြည်ထဲရေးဝန်ကြီးလက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပေါ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သြဇာရှိနေခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ် ဥပဒေများကို ပြင်ဆင်ရပ်ဆိုင်းမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ပြည်သူတယောက်ဟာ မိမိအိမ်ကနေ တခြားတနေရာကို ညအိပ်ညနေသွားလာတိုင်း အာဏာပိုင်တွေကို မဖြစ်မနေ ဧည့်စာရင်းတိုင်ကြားရတဲ့ ဧည့်စာရင်းဥပဒေဟာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ မညီဘူးဆိုပြီး ၂၀၁၆ ခုနှစ်က ပယ်ဖျက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူအာဏာသိမ်းပြီး ၂ ပတ်မပြည့်ခင်မှာပဲ ဒီဥပဒေကို ပြန်အသက်သွင်းခဲ့ပါတယ်။ ဒီနောက် နွေဦးတော်လှန်ရေးသမားတွေကို ဖိနှိပ်ဖမ်းဆီးမှုတွေ စတင်ခဲ့တာပါ။

လူတယောက်ကို ဖမ်းမယ်ဆိုရင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၊ အသိသက်သေတွေနဲ့ ဖမ်းဝရမ်းပါမှ ဖမ်းဆီးရမယ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာပဲ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ရပ်ဆိုင်းပစ်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ချုပ် ပေးခဲ့သည့် တံတားအမည်ကို ပြောင်းလဲခြင်း

၂၀၂၁ ဇွန်လ တံတားနာမည် ပြန်ပြောင်းပွဲ

ဇွန် ၁ ရက်နေ့မှာတော့ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)လို့ နာမည်ပေးခဲ့တဲ့ မွန်ပြည်နယ်က တံတားတစင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သံလွင်တံတား (ချောင်းဆုံ) လို့ နာမည်ပြောင်းခဲ့ပါသေးတယ်။ နဂိုအနီရောင်ဆိုင်းဘုတ်ကို အစိမ်းရောင် ပြောင်းသုတ်ပြီး တံတားနာမည်ပြောင်းတဲ့ပွဲကို အာဏာသိမ်းခေါင်းဆောင်ကြီးကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ တံတားအမည်ပေးတာနဲ့ပတ်သက်ပြီး ဒေသခံလူထုနဲ့ NLD အစိုးရကြားသဘောထားကွဲလွဲမှုတွေ ရှိခဲ့လို့ နိုင်ငံရေးအမြတ်ဝင်ထုတ်တာဖြစ်ပေမယ့် ဒေသခံတွေကတော့ တံတားနာမည်အပေါ်ခံစားချက်ရှိမနေတော့ဘဲ ဘုံရန်သူ စစ်အာဏာရှင်ကျဆုံးရေးကိုပဲ လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း ဖွင့်ပွဲနေ့က မွန်အမျိုးသားဝတ်စုံနဲ့ ပွဲတက်မယ့် လူတချို့ကို နေ့စား ၂ သောင်းကျပ် ပေးဌားခဲ့ရတာမျိုးတွေ ဖြစ်ခဲ့တာပါ။

မဘသ ဆရာတော် ဦးဝီရသူကို အမှုရုပ်သိမ်းပေးခြင်း

ဦးဝီရသူ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူအာဏာသိမ်းပြီးကတည်းက တောက်လျှောက် NLD အစိုးရရဲ့လုပ်ဆောင်ချက်တွေကို တခုပြီးတခု ပြောင်းပြန်လှန်ပစ်နေပေမယ့် စိတ်ကျေနပ်ပုံမရခဲ့ပါဘူး။ NLD အစိုးရလက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့NLD အစိုးရကို ပုတ်ခတ်ပြောဆိုလို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ -က နဲ့ တရားစွဲဆိုခံထားရတဲ့ မဘသဦးဆောင်ဆရာတော်ဦးဝီရသူကို အမှုကရုတ်သိမ်းပြီး စက်တင်ဘာ ၅ ရက်နေ့မှာ အင်းစိန်ထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။

မဘသဦးဆောင်ဆရာတော် ဦးဝီရသူဟာ ၂၀၁၉ ခုနှစ်က မြိတ်နဲ့ ရန်ကုန်ဟောပြောပွဲတွေမှာ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ဟောပြောခဲ့တာတွေကြောင့် အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။ အမှုဖွင့်ခံရပြီး တရားခံပြေးအဖြစ်ရှောင်တိမ်းနေရာက ၂၀၂၀ ခုနှစ်မှာ ကိုယ်တိုင်လာအဖမ်းခံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ချုပ်၏ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို ပြောင်းလဲခြင်း

နောက်တစ်ခါ NLD အစိုးရလက်ထက်က ပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ပြင်ဆင်ထားတဲ့ မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကိုလည်း ပြန်ပြောင်းခဲ့ပါတယ်။ NLD အစိုးရက ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်နေ့ကနေ စက်တာဘာ ၃၀ အထိသတ်မှတ်ခဲ့တာကြောင့် နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တောင်သူတွေ အဆင်မပြေမှုတွေဖြစ်ပေါ်နေတာကြောင့် ပြောင်းလဲရတာလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြောင်းပြခဲ့ပါတယ်။ စစ်ကောင်စီက ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်ကနေစပြီး ဧပြီလ ၁ ရက်နေ့ကနေ မတ်လ ၃၁ ရက်နေ့အထိ ပြောင်းလဲပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တဦးကတော့ စစ်ကောင်စီက အခွန်အခ အနည်းဆုံးရရှိတဲ့ စိုက်ပျိုးရေးကဏ္ဍအပေါ် အခြေခံပြီး ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်တာဟာ NLD အစိုးရပြင်ဆင်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကို ပယ်ဖျက်ဖို့ အကြောင်းပြချက်တခုပဲဖြစ်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ရပ်ဆိုင်ခဲ့သည့် စီမံကိန်းအချို့ကို ပြန်လည်စတင်ခြင်း

ဧပြီလအတွင်း သံလျင်ရေနံချက် စက်ရုံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားစဉ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ NLD အစိုးရလက်ထက်က ပြည်ထောင်စုလွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ရပ်ဆိုင်းခဲ့တဲ့ စီမံကိန်းတွေကို အမြန်ဆုံးပြန်အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအထဲမှာ အရှုံးပေါ်လို့ ရပ်ဆိုင်းခဲ့တဲ့ ရန်ကုန်က အမှတ် ၁ ရေနံချက်စက်ရုံ (သံလျင်)နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ရုရှားကျောထောက်နောက်ခံပြု အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို လူသိများပါတယ်။

ပြည်ပ sanction တွေနဲ့ ပြည်တွင်း စီးပွားရေး ကောင်းကောင်း မလည်ပတ်နိုင်လို့ နိုင်ငံခြား ဝင်ငွေ မရှိဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလက အမှတ် ၁ ရေနံချက်စက်ရုံ (သံလျင်) ကိုသွားရောက်စစ်ဆေးခဲ့ပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ရေးကြိုးပမ်းဖို့ တိုက်တွန်းမှာကြားခဲ့ပါတယ်။ စက်တင်ဘာလ ရှမ်းပြည်တောင်ပိုင်းခရီးစဉ်မှာလည်း အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းက သံမဏိတွေအမြန်ဆုံးထုတ်နိုင်ရင် နိုင်ငံခြားငွေသုံးစွဲမှု လျော့ချနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားစဉ်

အမှတ် ၂ သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းဟာ စစ်တပ်ပိုင်မြန်မာစီးပွားရေးကော်ပိုရေးရှင်းနဲ့ ရုရှားနိုင်ငံ Tyazhpromexport ကုမ္ပဏီတို့အကြား စာချုပ်နဲ့ စတင်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စက်မှုဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ အရှုံးပေါ်တဲ့စက်ရုံအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ပြင်းထန်တဲ့ဆိုးကျိုးတွေဖြစ်စေတယ်ဆိုပြီး ဒေသခံတွေရဲ့ ကန့်ကွက်မှုကိုလည်း ခံခဲ့ရတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြည်ထောင်စုလွှတ်တော်ဟာ ရှေ့နောက်မဆင်မခြင်ဆုံးဖြတ်ပြီး စီမံကိန်းတည်ဆောက်မှုကို ရပ်ဆိုင်းခဲ့တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပြီး စီမံကိန်းကို ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြန်စလည်မယ်လို့ ပြောပါတယ်။

You may also like these stories:

ဒီမိုကရေစီ ခရီးကြမ်းပေါ် နိုင်ငံရေးသမားကောင်းတဦး မှတ်ကျောက်တင်ခံခြင်း

၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်

စစ်ကောင်စီအား အလုံးစုံ စီးပွားရေး ပိတ်ဆို့ရန် အရပ်ဖက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို

အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ဟု ပြည်သူ့စစ်သားများပြော

The post NLD ရဲ့ ပြုပြင်ပြောင်းလဲရေးကို စစ်ကောင်စီ ပြောင်းပြန်လှန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...