Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဓားထုတ်ပြပြီး အင်အားပြလာတဲ့ တရုတ်

$
0
0

အင်အားကြီးမားလာတဲ့ တရုတ်နိုင်ငံဟာ ဟိမန္တာတောင်ကြားကနေ ကမ္ဘာတဝှမ်းမှာ ပဋိပက္ခတွေကို ဖန်တီးလာနေတယ်လို့ နိုင်ငံတကာ ပထဝီနိုင်ငံရေးကို လေ့လာသုံးသပ်သူတွေက မြင်ကြပါတယ်။

တရုတ်အစိုးရဟာ မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာပြီး ကမ္ဘာတဝှမ်းက ပဋိပက္ခတွေကို ဝင်ရောက် ပတ်သက်လာတာ ဟာလည်း တချိန်က ကမ္ဘာကြီးရဲ့ Super Power အဖြစ်ကနေ နောက်ကို တဖြည်းဖြည်း ဆုတ်ခွါနေတဲ့ အမေရိကန်ရဲ့ အနေအထားနဲ့လည်း သက်ဆိုင်နေတယ်လို့ သုံးသပ်လို့လည်း ရပါတယ်။

တချိန်က အင်အားချိနဲ့တဲ့ တရုတ်နိုင်ငံဟာ သမ္မတ ရှီကျင့်ပင် ရဲ့ လက်ထက်မှာ ကမ္ဘာကို လွှမ်းမိုး ခြယ်လှယ်ဖို့ အရင်က သုံးခဲ့တဲ့ မြော်မြင်တွေးတောပြောဆိုတဲ့ သံတမန်ရေးကိုတောင်မှ မသုံးတော့ဘူးလို့ ဆိုပါတယ်။

တဖက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို မိတ်ပျက် စိမ်းကားအောင် ပြုလုပ်ခဲ့တယ်။ စိတ်ဆိုးဒေါသထွက်အောင် ပြုမူခဲ့တယ်။ ပြီးတော့ America First ဆိုတဲ့ ပေါ်လစီကို ကမ္ဘာကို ဗြောင်ချပြပြောဆိုခဲ့တယ်။ နောက်ပြီး တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲကို ဆင်နွှဲပြီး ကသိကအောက် ဖြစ်အောင် လုပ်ခဲ့တယ်။

တရုတ်ဟာ ဒီအချိန်မှာတော့ သူ့ရဲ့ ကမ္ဘာမှာ တည်ရှိ စိုးမိုးရမယ့် နေရာကို အခိုင်အမာ တောင်းဆိုရမယ့် အချိန်ကို ရောက်ပြီလို့ တရုတ်ခေါင်းဆောင်တွေက ယူဆကြောင်း China Institute ရဲ့ ဒါရိုက်တာ ဖြစ်တဲ့ Steve Tsang က သုံးသပ်ပြောဆိုပါတယ်။

သဘောကတော့ ဓါးအိမ်ထဲကဓါးကို ဆွဲထုတ်ပြသရမယ့် အချိန်ပဲလို့ သမ္မတကြီး ရှီကျင့်ပင် က ယူဆနေကြောင်း လန်ဒန်မှာ အခြေစိုက်တဲ့ School of Oriental and African Studies က တရုတ်အရေး သုံးသပ်သူ Steve Tsang က ဆိုပါတယ်။

တရုတ်ဟာ အိန္ဒိယနဲ့ ဟိမဝန္တာတောင်ကြားမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ နှစ်ဖက်စလုံး သေကြေဒဏ်ရာရခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ကို သူပိုင်တယ်လို့ကြွေးကြော်ပြီး သူတို့ တောင်းထားတဲ့ ကျွန်းတွေမှာ စစ်တပ်ရဲ့ အင်အားကို ချပြခဲ့ပါတယ်။ ဒါ့အပြင် ထိုင်ဝမ်နဲ့ ဗီယက်နန် နိုင်ငံအကြားမှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တာကို ဗီယက်နမ် နိုင်ငံက သံတမန် ရေးရာ အရ ဆန္ဒပြထုတ်ဖော်ခဲ့ပါတယ်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကတော့ ဒီစစ်ရေးပြ လုပ်ဆောင်ချက်ဟာ ဒေသတွင်းမှာ မတည်မငြိမ်ဖြစ်တာတွေ ပိုဆိုးလာမယ်လို့ သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကပဲ အမေရိကန် နိုင်ငံက တောင်တရုတ်ပင်လယ်ကို လေယာဉ်တင် သင်္ဘော ၂ စီး စေလွှတ်ခဲ့ပါတယ်။

ဓါးထုတ်ပြီး အင်အားပြနေတဲ့ တရုတ်ဟာ သမိုင်းရန်သူဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံကိုလည်း ရန်စခဲ့တာကိုတွေ့ရပါတယ်။ ဂျပန်ရဲ့ East China Sea အရှေ့တရုတ်ပင်လယ်မှာ ပြီးခဲ့တဲ့လက တရုတ်ရဲ့ ဗုံးကျဲလေယာဉ်တွေ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီနေရာမှာလည်း လူမနေတဲ့ ကျွန်းတွေကို တရုတ်နဲ့ ဂျပန်က သူပိုင်တယ်၊ ငါပိုင်တယ် ဆိုပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးတော့ အမေရိကန်ရဲ့ မဟာမိတ် သြစတြေးလျကိုလည်း တရုတ်ဟာ ကြိုးဝိုင်းထဲကို ဆွဲသွင်းခဲ့ပါတယ်။ သြစတြေးလျဟာ ဝူဟန်မှာ ဖြစ်ခဲ့တယ် ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးရဲ့ ဇစ်မြစ်ကို Investigate လုပ်ရမယ် ဖော်ထုတ် ရှာဖွေရမယ်လို့ အမေရိကန်ကြီးရဲ့ လေကို လိုက်ပြီး တရားဝင် ပြောကြားခဲ့ပါတယ်။ (တရုတ်ကတော့ ဒီလုပ်ရပ်ဟာ သူ့ကို အပြစ်တင်ဖို့ သိက္ခာချဖို့ လုပ်နေတာလို့ မြင်နေတာဖြစ်ပါတယ်)

ဒါကို အပြစ်ပေးတဲ့ အနေနဲ့ တရုတ်က သြစတြေးလျနိုင်ငံကို ဆန်ရှင် လုပ်ခဲ့ပါတယ်။ သူ့ရဲ့ ရောင်းကုန်ပစ္စည်းတွေ တင်ပို့တာကို ပိတ်ပင်ခဲ့ပြီး ရန်စတဲ့ စကားရပ်တွေကို ပီကင်းက ပြောဆိုခဲ့ပါတယ်။ ဓါးထုတ်ထားတဲ့ တရုတ်ရဲ့ ဒေါသဟာ ဒီမှာတင် ရပ်မသွားဘဲ ကနေဒါဆီကို ဦးလှည့်သွားပါတယ်။

တရုတ်မှာ ဖမ်းမိထားတဲ့ ကနေဒါလူမျိုး ၂ ဦးကို သူလျှိုမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ဒီလိုလုပ်တာဟာ ကနေဒါမှာ Huawei ကုမ္ပဏီကြီးရဲ့ ထိပ်ပိုင်းလူကြီးကို ဖမ်းဆီးချုပ်နှောင်ထားတာကို တုံ့ပြန်လိုက်တာပဲလို့ သုံးသပ်ကြပါတယ်။

အနောက်နိုင်ငံ အစိုးရတွေက Covid-19 ကို မထိန်းချုပ်နိုင်တာကို တွေ့ရတဲ့ တရုတ်ဟာ သူ့အတွက်တော့ ဆေးသောက်ပြီး ဘုံမြောက်သွားစေတယ်လို့ တရုတ်အရေး လေ့လာတဲ့ University of Vienna က ပညာရှင် Ling Li က ထောက်ပြပါတယ်။

တရုတ်က ဟောင်ကောင် အရေးကိုလဲ ပိုပြီး သေသေချာချာ ကိုင်တွယ်လာတာကို တွေ့ရပါတယ်။ တရုတ်က ဟောင်ကောင်မှာ သူရေးစွဲထားတဲ့ လုံခြုံရေး ဥပဒေသစ်ကို ပြဌာန်းလိုက်ပါတယ်။ ဒီလို ပြဌာန်းလိုက်တဲ့ အတွက် ဆန္ဒပြသူတွေကို အပြစ်ပေးဖို့ ပိုပြီး လွယ်ကူသွားစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟောင်ကောင်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကိုလည်း ထိပါးစေနိုင်တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို နိုင်ငံတကာနဲ့ အနောက်နိုင်ငံတွေက ဝိုင်းပြီး ဝေဖန်တဲ့ အခါမှာ တရုတ်ရဲ့ ထိပ်တန်း အစိုးရ အရာရှိတဦးရဲ့ တုန့်ပြန်ချက်ကတော့ “ဒါဟာ ခင်ဗျားရဲ့ အလုပ်မဟုတ်ဘူး” လို့ ခပ်မာမာပဲ ပြန်ကြားခဲ့ပါတယ်။ ဝင်မရှူပ်ပါနဲ့လို့ ဖြေကြားခဲ့တာပါ။

မနှစ်က တရုတ်နိုင်ငံရဲ့ Xinjiang ဒေသမှာ မွတ်ဆလင်လူမျိုး တွေကို ထိန်းချုပ်ထားတဲ့ အကြောင်းကို နိုင်ငံပေါင်း ၂၂ နိုင်ငံက ဝေဖန်ပြစ်တင်လိုက်တဲ့ အခါမှာ ပီကင်း က တုံ့ပြန်လိုက်တာကတော့ နိုင်ငံပေါင်း ၃၇ နိုင်ငံက တရုတ်နိုင်ငံရဲ့ anti-terrorism မဟာဗျူဟာကို အကြမ်းဖက်မှု တုံ့ပြန်ရေး ထောက်ခံခဲ့ပါတယ်လို့ ပြန်လည် ထောက်ပြခဲ့ပါတယ်။

နိုင်ငံတကာမှာ တရုတ်ရဲ့ ဒီလိုလုပ်ရပ်တွေကို လေ့လာမယ်ဆိုရင်တော့ သူဟာ သူ့ရဲ့ သြဇာ အာဏာနဲ့ Global Power ကို ပိုပြီးလက်ခမောင်း ခတ်ပြမယ်လို့ သုံးသပ်ကြပါတယ်။

အိန္ဒိယ၊ ဂျပန်၊ ထိုင်ဝမ်၊ ဗီယက်နမ် အပါအဝင် အာရှမှာ တရုတ်ရဲ့ အိမ်နီးချင်းတွေက ဓါးထုတ်ထားတဲ့တရုတ်ကြီးရဲ့ ခြေလှမ်းတွေကို သတိထားစောင့်ကြည့်နေရချိန်ဆိုရင်မမှားပါဘူး။

AFP သတင်းဌာနရဲ့ China taking on more conflict around world ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

You may also like these stories:

တပ်ချုပ်နဲ့ ဒုတပ်ချုပ်ကို ဗြိတိန် ဒဏ်ခတ်မှု ဘယ်လိုသက်ရောက်မှုရှိမလဲ

အလုပ်သမားအရေး ဆောင်ရွက်သူများ ရွေးကောက်ပွဲ ဝင်ပြိုင်မည်

ဟောင်ကောင်လုံခြုံရေး ဥပဒေ ဘာလဲ၊ ဘယ်လဲ

The post ဓားထုတ်ပြပြီး အင်အားပြလာတဲ့ တရုတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...