“အက်ဆစ်နဲ့ပက်တယ်။ မုဒိမ်းကျင့်တယ်ဆိုတာ မဟုတ်ပါဘူး” လို့ ဇွန်လ ၄ ရက်နေ့က တတိယမြောက် ရုံးချိန်းမှာ သရုပ်ဆောင်မင်းရာဇာက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ အမှုကို စောင့်ကြည့်နေသူတွေ အတွက် အံအား သင့်စေခဲ့ပါတယ်။
သရုပ်ဆောင် မင်းရာဇာ က ရုံးချိန်းတိုင်း သတင်းမီဒီယာတွေရဲ့ ရှေ့မှောက်မှာ အမှုနှင့် ပတ်သက်ပြီး လူထုအကြား ကနဦးသိရှိထားချက်တွေနဲ့ ကွဲလွဲပြီး တစတစ ပြောဆိုနေမှုတွေဟာ လက်ပူးလက်ကြပ် မိထားတဲ့ အမှုလို့ ယုံကြည်ထာသူတွေ အတွက် စိတ်ပျက် ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။
ဒီအမှု မတိုင်ခင် တိုင်းသိ ပြည်သိ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုရီးယား အမှုလို ဖြစ်သွားမှာကို စိုးရိမ်သူတွေက အများပါ။ သရုပ်ဆောင် မင်းရာဇာရဲ့ အခုလို ပြောဆိုချက်တွေဟာ ဒီသတင်းကို စိတ်ဝင်တစား စောင့်ကြည့်နေသူတွေတင်မကဘဲ သူ့အိမ်မှာ ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ အိမ်အကူ မိန်းကလေး ဂရေစ့် ဆီကိုလည်း ရောက်ရှိခဲ့ပါတယ်။
တိုင်းသိ ပြည်သိ ဖြစ်သွားတဲ့ ဒီအမှုဖြစ်စဉ်ကြောင့် ဂုဏ်သိက္ခာ အရရော၊ အနာဂတ် ဖြတ်သန်းဖို့ အတွက်ပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂရေစ့် အတွက်လည်း မင်းရာဇာရဲ့ ပြောဆိုချက်တွေဟာ စိတ်ဆိုး ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။
ဂရေ့စ်က “သူပြောတာ မဟုတ်ပါဘူး။ အက်ဆစ်နဲ့ မပက်ခင်က လင်မယား ၂ ယောက်လုံးက ရေချိုးခန်းထဲ ခေါ်ပြီး နဖူးတွေရော၊ ခေါင်းတွေရော၊ မျက်နှာတွေရော ရောင်ကိုင်းနေ အောင်ရိုက်ပြီး ပြန်သွားတယ်။ ဖုန်းနဲ့လည်း လှမ်းဆက်ပြီး တော့လည်း သမီးကို ဖြေခိုင်းတာတွေလုပ်တယ်” လို့ သူမ ရင်ဆိုင်ကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြပါတယ်။
အဲဒီဖြစ်စဉ် ဖြစ်ပြီး နောက်တနေ့မှာပဲ ကားပေါ်မှာ အတူရှိနေစဉ် ဒေါသထွက်နေတဲ့ ဇနီးဖြစ်သူက ဂရေစ့်ရဲ့ မျက်နှာကို လက်သီးနဲ့ အားပါပါ ထိုးဖို့ မင်းရာဇာကို ဖိအားပေးခဲ့တာကြောင့် “ဦးကလည်း သမီးရဲ့မျက်နှာ နှာခေါင်းတည့်တည့်ကို လက်သီးနဲ့ထိုးလိုက်တယ်” လို့ပြောရင်း ဂရေစ့် မျက်ရည်တွေ စီးကျလာပါတယ်။
အဲဒီနောက် မင်းရာဇာရဲ့ အမျိုးသမီးဟာ သူခရီးထွက်စရာရှိကြောင်း အနည်းငယ် ကြာမှာ ဖြစ်ကြောင်းနဲ့ ကလေးတွေကို ထားခဲ့မယ့် အကြောင်း ပြောရင်း သူခရီးသွားတုန်းနောက်မှာ “တခုခုဖြစ်သံကြားရင် နင်သေမယ်” ဆိုပြီး ခြိမ်းခြောက် သွားတယ်လို့လည်း ဂရေစ့် က ပြန်ပြောပြပါတယ်။
ခရီးသွားပြီး ၅ ရက်လောက် အကြာမှာ သူတို့ ပြန်ရောက်လာကြပြီး အဲဒီညမှာပဲ ဂရေစ့်ကို ပြောစရာရှိတယ်ဆိုပြီး လာခေါ်နှိုးလို့ နောက်ဖေးခန်းကို လိုက်သွားဖြစ်ကြောင်း အခန်းထဲတွင် မင်းရာဇာနှင့် ရခိုင်လေးတို့က မတ်တပ်ရပ်ပြီး စောင့်နေကြတယ်လို့ ဆိုပါတယ်။
ဂရေစ့်က မင်းရာဇာရဲ့ လက်နောက်မှာ တခုခုဖွက်ထားတဲ့ ပုံကို သတိထားမိလိုက်ပေမယ့် ကနဦး သဲသဲကွဲကွဲ မတွေ့လိုက်ရဘူးလို့ဆိုပါတယ်။ ရေချိုးခန်းထဲကို ၄ ယောက်လုံး ရောက်သွားတော့မှ သူကို ဝိုင်းဖမ်းပြီး အကြမ်းဖက် နှိပ်စက်တော့မယ့် အရိပ်အယောင်တွေကို သတိထားမိလိုက်တယ်လို့ သူမ ကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။
“အမက ဦးကို နင်ဖြန်းမှာလား။ ငါဖြန်းရမလားလို့ မေးတယ်။ ဦးက မိန်းမဖြန်းစရာမလိုဘူး။ သူဖြန်းမယ်လို့ ပြောလိုက်တယ်။ အမနဲ့ ဦးက သမီးကို ဘောင်းဘီကို ချွတ်ခိုင်းတယ်။ ဦးရခိုင်လေး ရှိတယ်။ သမီး မချွတ်ရဲဘူး။ သမီး ရှက်တယ်ဆိုတော့ အမက နင်အခုမှ ရှက်တာလား။ ငါ့ယောကျာင်္းနဲ့ဖြစ်တုန်းက မရှက်ဘူးလားလို့ပြောတယ်” လို့ ပြောရင်း ဂရေစ့် က သူရဲ့ အင်္ကျီစကို လက်နဲ့ ကျစ်ကျစ်ပါအောင် ချေနေပါတယ်။ သူ့ကိုသူတော့ သတိထားမိဟန် မတူပါဘူး။
ဂရေစ့် ကဆက်ပြီး “သမီးလည်း ကြောက်တာနဲ့ ဘာမှ မပြောဘူး။ ဦးရခိုင်လေးက အပြင်ထွက်သွားတယ်။ ဦးကလည်း သမီးဘောင်း ဘီကို ဆွဲ၊ ဆွဲချွတ် ပေမယ့် သမီးမချွတ်ဘူး။ နောက် ကြောက်လာတာနဲ့ သမီးလည်းချွတ်ပေးလိုက်တယ်။ အိမ်သာပေါ်မှာ လှဲချပြီးတော့ ဦးမင်းရာဇာက အက်ဆစ်နဲ့ ဖြန်းတယ်။ အက်ဆစ်နဲ့ ၂ ခါလား။ ၃ ခါလားမသိဘူး။ သမီးက ရုန်းတော့ ဂုတ်ရယ်၊ ဗိုက်ရယ်၊ မိန်းမကိုယ်ရယ် ထိသွားတယ်” လို့ ရှင်းပြရင်းက အသံတိတ်သွားပါတယ်။
ခနကြာမှ နောက်တော့ ဘာဖြစ်သေးလဲလို့ ဆက်မေးတော့မှ ဒုတိယအကြိမ် အက်စစ်နဲ့ ထပ်ဖြန်းသေးတယ်လို့ စကား ဆက်ပါတယ်။ ဒီအကြောင်းတွေကို ပြန်ရှင်းပြချိန်မှာ အတိတ်က ဖြစ်စဉ်ကို ပြန်သတိရပြီး နာကျင်နေပုံရသလို သူ့အတွက် ဒီငရဲခန်းတွေအကြောင်း တွေးမိတိုင်း မောနေပုံရပါတယ်။

ဒုတိယ အကြိမ်မှာတော့ အိမ်ပြန်ပို့ပေးမယ်ဆိုလို့ ဂရေစ့် လိုက်သွားခဲ့တယ်လို့ဆိုပါတယ်။ အမြန်လမ်း ညဘက် လူခြေတိတ်နေတဲ့ နေရာမှာ ခေါ်သွားပြီး ဇနီးဖြစ်သူက ဓားကို ထုတ်ကာ “နင်လှီးမှာလား။ ငါ လှီးရမှာလား” လို့ မေးတော့ မင်းရာဇာက သူကိုယ်တိုင်လှီးမယ်လို့ပြောရင်း ရခိုင်လေး ဆိုသူက ရုန်းကန်နေတဲ့ ဂရေစ့်ကို ဝိုင်းချုပ်ပေးတယ်လို့ ဆိုပါတယ်။
“မကြီးက မိန်းမကိုယ်ကို လှီးခိုင်းတာ။ ရုန်းရင်းရုန်းရင်း အပေါ်ကို ထိမိသွားတယ်။ ဗိုက်ကို ထိသွားတယ်။ မိန်းမကိုယ်ကိုလည်း ထိသွားတယ်။ ဓါးနဲ့လှီးပြီးတော့ ရခိုင်လေးကို မကြီးက ငါခိုင်းတာ အကုန်ပါလားမေးတော့ အမအတွက်ဆို အကုန်ပါတယ်လို့ ပြောတယ်။ အမ ဖြန်းမှာလား ကျနော်ဖြန်းရမှာလားလို့ ပြောလည်းပြောပြီးရော အာ့ဆိုလည်း ကျနော် ဖြန်းလိုက်တော့မယ် ဆိုပြီး အနာပေါ်ကို အက်ဆစ်နဲ့ ထပ်ဖြန်းတယ်” လို့ ဂရေ့စ်က ပြောပါတယ်။
သွေးထွက်လွန်ပြီး နာကျင်နေတဲ့ ဒဏ်ရာတွေကြောင့် ငိုနေတဲ့ ဂရေစ့်ကို ရခိုင်လေး ဆိုသူက “နင်သေတော့မှာလား။ သေတော့မယ်ဆိုရင် ငါအစဖျောက် လိုက်မယ်။ အဲဒါမျိုးဆို ရခိုင်တွေက ဝန်မလေးဘူး” လို့ ထပ်မံ ခြိမ်းခြောက် ပြောဆိုခဲ့သေးကြောင်းလည်း ရှင်းပြပါတယ်။
ဒဏ်ရာတွေကနေ သွေးထွက်လွန်ကာ မူးမေ့သွားတာမျိုး ဖြစ်နေတဲ့ အတွက် ညလုံးပေါက်ဆေးခန်းသွားပြခဲ့ ပေမယ့် ဆေးခန်းက အနာ ပြင်းထန်လွန်းပြီး မူခင်းဖြစ်နေတာကြောင့် နာတာတွေ သက်သာစေဖို့ ဆေးထိုးပေးပြီး အနာကို ဂွမ်းသာ ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဂရေ့စ်က “အဲဒီဆရာမက သမီးကို အနာကို ဓါတ်ပုံရိုက်သွားလို့ရလားလို့ မေးတယ်။ အမက ရိုက်ပါလို့ ပြောတယ်။ သူ့ ဆရာကို ဖုန်းဆက်ပြီး အနာကလည်း အရမ်းကြီးတယ်။ အပုတ်နံ့ကလည်း ထွက်နေတယ်။ ဘာလုပ်ပေးရမှာလဲမေးတော့ သူ့ဆရာက အနာကိုလည်း မထိနဲ့။ ဘာမှလည်း မလုပ်နဲ့ သူတို့လာကြည့်မယ်လို့ ပြောတယ်။ ဒါပေမယ့် နောက်နေ့ လာမကြည့်ဘူး။ နောက်နေ့ကျတော့ အမေကြီးတို့ လာခေါ်မယ် ပြောတဲ့နေ့ပါပဲ” လို့ ပြောရင်း စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပါတယ်။

နှစ်ချီကြာ နှိပ်စက်ခံရမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေကြောင့် ဂရေ့စ်က ဆေးရုံပေါ်မှာ ၂၁ ရက်ကြာ ကုသမှု ခံယူခဲ့ရပြီး ခန္ဓာကိုယ်သာမက စိတ်ပိုင်းဆိုင်ရာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ မိခင်ဖြစ်သူက ရှင်းပြပါတယ်။
ဂရေ့စ်က တယောက်ထဲ ရီလိုက်၊ ငိုလိုက်နဲ့ စိတ်ဂနာမငြိမ်ဖြစ်နေသလို မိခင်ရင်းကိုပါ စကားပြောဆိုမှုတွေ အဆင် မပြေဖြစ်လာပြီး လူစိမ်းဆိုရင် လုံးဝစကား မပြောတော့ကြောင်း မိခင်ဖြစ်သူ ဂရေစ့်ရဲ့ ကျောပြင်ကို ပွတ်သပ်နှစ်သိမ့်ရင်း ရှင်းပြပါတယ်။
ရံဖန်ရံခါ “သေသွားလည်း အေးရော” ဆိုပြီး ကိုယ့်အနာကို ပြန်ရန်ပြုနေတာကြောင့် ဆရာမတွေက အမြဲစောင့်ကြည့်ပေး နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဂရေ့စ်ကို စိတ်ပိုင်းဆိုင်ရာ ကုစားပေးနိုင်ဖို့ နှစ်သိမ့် ဆွေးနွေးပေးနေတဲ့ ဆရာမ ၂ ဦးနဲ့အတူ ထားပြီး ခန္ဓာကိုယ်ပေါ်ကတော့ ဒဏ်ရာအတွက် ၁ ပတ်တခါ ဆေးထည့် ကုသနေရဆဲပါ။
ဂရေစ့်ရဲ့ မိခင်က “ကလေးအနာက လက်သန်းလုံးလောက် ရှိတယ်။ ရင်ခေါင်းကနေ မိန်းမကိုယ်အထိ တောက်လျှောက် ဓားနဲ့ခွဲထားတာ။ အနာက ပုပ်နေတော့ ချုပ်လို့ မရဘူး။ ဆေးထိုးဆေးသောက် ဆေးထည့်ပဲ လုပ်လို့ ရတော့တာ။ ကိုယ့်စိတ်ထဲမှာ ငါ့သမီးလေး ဒီလိုဖြစ်ရတယ်ဆိုပြီး သားအမိ ၂ ယောက်လုံး အဆိပ်သောက် သေမယ်လို့ တွေး ခဲ့မိတဲ့အထိပါပဲ” လို့ ကျလာတဲ့ မျက်ရည်တွေကို လက်နဲ့သုတ်ရင်း ပြောပါတယ်။

“ကိုယ့်လက်နဲ့ ကိုယ့်ဘာသာလုပ်ရမယ်ဆိုရင် သူ့ (မင်းရာဇာ) အင်္ဂါကို မီးနဲ့ရှို့ တခါထဲ အက်ဆစ်ပက်ပြီး မသေမရှင် ထားပစ်ခဲ့မှာ။ အဲ့လိုလုပ်ချင်တာ” လို့ ဂရေစ့်ရဲ့ မိခင်ဖြစ်သူ က ဒေါသနဲ့ ပြောဆိုပါတယ်။
မိခင်ဖြစ်သူရဲ့ ပြောပြချက်အရ ဂရေ့စ်ကို မင်းရာဇာတို့အိမ်ပို့ပြီး တနှစ်အကြာမှာ ပြန်ခေါ်ဖို့ ၃ ကြိမ်လောက် ကြိုးစားဖူး ပေမယ့် မင်းရာဇာ၏ ဇနီးက “တောမှာနေရင် တေလေဂျပိုးနဲ့ပဲ ညားမှာ။ သူတို့ဆီမှာဆို ကောင်းကောင်း နေရမှာ” စတဲ့ အကြောင်းပြချက်တွေနဲ့ အိမ်ပြန်ခေါ်ခွင့် မပြုခဲ့ဘူးလို့ ဆိုပါတယ်။
ဂရေ့စ် က သရုပ်ဆောင် မင်းရာဇာ အိမ်မှာ အသက် ၁၀ နှစ်ကျော်အရွယ်ကတည်းက အိမ် အကူ အလုပ်ကို ၁ လ ကျပ် ၃ သောင်းနဲ့ အခု အသက် ၁၅ နှစ်ပြည့်ခါနီး အထိ လုပ်ကိုင်ပေးခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။ မနက် ၆ နာရီ အိပ်ယာမှ ထရပြီး မင်းရာဇာရဲ့ ကလေး ၂ ယောက် စားသောက်မှုအတွက် ပြင်ဆင်ပေးရတဲ့အပြင် အိမ်အလုပ်တွေကို ည ၁ နာရီလောက်အထိ လုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
သရုပ်ဆောင် မင်းရာဇာက ရုံးချိန်းတွေမှာ သတင်းမီဒီယာတွေကို သူ အဓမ္မမကျင့်ကြောင်း၊ နှိပ်စက်ခြင်း၊ အက်စစ်နဲ့ ပက်ခြင်းတွေ မပြုလုပ်ခဲ့ကြောင်း ပြောဆိုနေတာတွေဟာ သူတကယ်ကြုံတွေ့ခဲ့ရတာတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်လို့လည်း ဂရေစ့်က ပြောပြပါတယ်။
ဂရေစ့် က “ရုပ်ရှင်ရိုက်လို့ နားတဲ့ ဟိုတယ်မှာလည်း နင့်အစ်မ မသိစေနဲ့ဆိုပြီး သမီးကို အဓမ္မပြုကျင့်တယ်။ နင့်အစ်မကို ပြောရင် နင့်ကို သတ်ပလိုက်မယ်။ အစဖျောက်ပလိုက်မယ်” လို့ ရှင်းပြပါတယ်။
ဂရေ့စ်မိသားစုက အရင်ကတည်းက ဆင်းရဲနွမ်းပါးသူတွေဖြစ်တဲ့အပြင် အခု လက်ရှိ အခြေအနေမှာလည်း ခန္ဓာကိုယ်နဲ့ စိတ်ပိုင်း ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတဲ့ သမီးဖြစ်သူကို ဆေးကုနေကြရပါတယ်။ ဒါ့အပြင် သမီးဖြစ်သူရဲ့ အခြေအနေကြောင့် သူတို့ရဲ့ ပုံမှန်ဝင်ငွေရနေတဲ့ ကျဘန်း လုပ်ငန်းတွေကိုလည်း ရပ်ထားရတဲ့ အတွက် ဝင်ငွေ ပြဿနာ နဲ့ ရင်ဆိုင်နေရပါတယ်။
ဂရေစ့် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အပေါ် သနားကြင်နာကြတဲ့ ရုပ်ရှင် သရုပ်ဆောင် အချို့နဲ့ တခြားအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ဂရေစ့်ရဲ့ မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး သရုပ်ဆောင် မင်းရာဇာအပါအဝင် သူရဲ့ ဇနီး၊ ယောက္ခမဖြစ်သူနဲ့ မင်းရာဇာရဲ့ကားကို မောင်းပေးရသူ ရခိုင်လေးဆိုသူတို့ကို အမှုဖွင့် တရားစွဲဆိုထားပါတယ်။
သမီးဖြစ်သူအမှု အမှန်တရားမျှတမှု ရဖို့ အတွက်လည်း အဆုံးထိ ရင်ဆိုင်ဖို့ သူတို့ ဆုံးဖြတ်ထားကြပေမယ့် ကျဘန်းလုပ်ငန်းပင် ပုံမှန် မလုပ်နိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့် အမှုကို ရေရှည် ရင်ဆိုင်ဖို့ မလွယ်ကူပါ။
တရားရုံးဆုံးဖြတ်ချက် မျှတခဲ့ရင်တောင် ပုံမှန် အတိုင်း ပြန်မရနိုင်တော့တဲ့ ဂရေစ့် ဘဝနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ၊ တိုင်းသိ၊ ပြည်သိ ဖြစ်သွားတဲ့ အမှုကြောင့် ဂရေစ့် ဖြတ်သန်းရမယ့် အနာဂတ်အတွက် မိခင်ဖြစ်သူမှာ ပူပန်သောက ရောက်နေရပါတယ်။
မိသားစုကို ရှာကျွေးဖို့ ပျော်ရွင်တက်ကြွစွာနဲ့ မြို့ပေါ်တက် အလုပ်သွားလုပ်တဲ့ ကလေးကို ဒဏ်ရာတွေနဲ့ တွေ့လိုက်ရတဲ့ အခါမှာ “ငါ့သမီးလေး ငါ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုပြီး သားအမိ ၂ ယောက်လုံး အဆိပ်သောက် သေမယ်လို့ တွေးခဲ့မိတဲ့ အထိပါပဲ” လို့ ဝမ်းနည်းသံနဲ့ ပြောရင်း ဂရေစ့်ရဲ့ မိခင် ငိုပါတော့တယ်။
ဒီအမှုကိစ္စတွေပြီးဆုံးသွားရင် သူတို့ကို မသိနိုင်တဲ့ နေရာတနေရာမှာ ဇာတ်မြုပ်နေထိုင်ဖို့အထိ စဉ်းစားထားပေမယ့်လည်း လုံခြုံပါ့မလား ဆိုတဲ့ အတွေးက ဖုံးလွှမ်းနေဆဲပဲလို့ ဂရေစ့်ရဲ့ မိခင်က ဆိုပါတယ်။
The post သရုပ်ဆောင် မင်းရာဇာအိမ်က ငရဲခန်း appeared first on ဧရာဝတီ.