Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဝူဟန်ဗိုင်းရပ်က တရုတ်နှင့် နီးလာမည့် မြန်မာကို စိုးရိမ်စေသည်

$
0
0

ဇန်နဝါရီလလယ်က တရုတ်သမ္မတရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ သမိုင်းဝင်လာရောက်လည်ပါတ်ပြီး ကတိကဝတ်များစွာပေးခဲ့သည်။

ရှီက တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ဟုခေါ်သည့် မကြုံစဖူး ကုန်သွယ်မှုမြှင့်တင်သည့် နှစ်နိုင်ငံဆက်သွယ်သည့် အခြေခံအဆောက်အအုံစီမံကိန်းသစ်များ တည်ဆောက်ခြင်းကို ငွေးကြေးထောက်ပံ့ရန် ကတိပြုသည်။ ထိုစီမံကိန်းများရည်မှန်းထားသည့်အတိုင်း အောင်မြင်ပါက ပိုမိုကျယ်ပြန့်သော အရှေ့တောင်အာရှမှ ရပ်ဝန်းနှင့်လမ်းအစီအစဉ်များအတွက် စံနမူနာပြဖြစ်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် လူ ၆၀၀ ကျော် သေဆုံးစေပြီး ၃၀၀၀၀ ကျော်ကို ကူးစက်သည့် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားသည့် လွန်ခဲ့သော တလကိုပြန်ကြည့်ပါက ထိုကူးစက်မှုသည် တကမ္ဘာလုံးကို တုန်လှုပ်စေပြီး တရုတ်နိုင်ငံသည် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ပြည်တွင်းကို ပြန်လည်အာရုံစိုက်နေရပြီး မြန်မာနိုင်ငံသည် နှစ်နိုင်ငံ ပိုမိုကူးသန်းသွားလာမှုကို လျှော့ချရန် စဉ်းစားနေရသောကြောင့် မြန်မာနိုင်ငံမှ ထိုစီမံကိန်းများကို သံသယများဖြစ်ပေါ်စေသည်။

အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံသည် တရုတ်ကမ္ဘာလှည့်ခရီးသည်များအပေါ် ဆိုက်ရောက်ဗီဇာ ဆိုင်းငံ့ထားပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံမှ ခရီးသည်များကို ဝန်ဆောင်မှုပေးခြင်းဆိုင်းငံ့ရန် ညွှန်ကြားထားသည်။

ထိုသို့သော အစီအမံများသည် မြန်မာနိုင်ငံအတွက်အရေးပါသော ထွန်းသစ်စ ခရီးသွားလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေနိုင်သည်။ တရုတ်ခရီးသွားများသည် ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံတွင်လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများ၏ ၁၇ ရာခိုင်နှုန်းရှိပြီး ဆိုက်ရောက်ဗီဇာ ဆိုင်းငံ့ခြင်းကြောင့် သိသိသာသာကျဆင်းသွားမည်မှာ သေချာသည်။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်အတွက် အရေးပါသည့် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှ ရွှေလီနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ မူဆယ်အကြား ပုံမှန်နယ်စပ်ဖြတ်ကျော်မှု များပြားသည့်နေရာတွင် ကုန်သွယ်ရေးနှေးကွေးသွားပြီး နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်သစ်များကြောင့် နှစ်ဖက်လုံးတွင် ထရပ်ကားများ တန်းစီနေသည်။

ပုံမှန်အားဖြင့် ထိုထရပ်ကားများသည် ဟင်းသီးဟင်းရွက်များနှင့် သစ်တောထွက်ပစ္စည်းများမှသည် ကျောက်မျက်ရတနာနှင့် လူသုံးကုန်များအထိ သယ်ဆောင်နေသောကားများဖြစ်သည်။

နယ်စပ်ဖြတ်ကျော်မှု ကန့်သတ်ချက်သစ်များသည် အစိုးရ ထိန်းချုပ်ဒေသများတွင်သာမကပေ။

နိုင်ငံအရှေ့မြောက်ပိုင်းမှ တရုတ်နှင့်မြန်မာအကြား ကြားခံဇုန်အဖြစ်တည်ရှိနေသော အင်အားကြီးမားသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကလည်း တရုတ်ခရီးသည်များနှင့်ပတ်သက်ပြီး အလားတူအစီအမံများ ဆောင်ရွက်သည်။

မြန်မာတိုင်းမ် နေ့စဉ်သတင်းစာ၏ အဆိုအရ ၀ အာဏာပိုင်များသည် တရုတ်ခရီးသည်များကို ဆွဲဆောင်သည့် ကာစီနိုလောင်းကစားရုံများနှင့် ညကလပ်များကို ပိတ်ထားပြီး လုပ်ငန်းများ အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန်အမိန့်ထုတ်ထားသည်ဟု သိရသည်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကလည်း စင်းလုံးငှားလေယာဉ်တစင်းသည် ဗိုင်းရပ်ပိုး အဓိက ကူးစက်ရာ ဝူဟန်တွင်ပိတ်မိနေသည့် မြန်မာကျောင်းသား ၆၃ ဦးအနက်မှ ၅၉ ဦးကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ၎င်းတို့ကို အခြားနိုင်ငံများတွင် ဆောင်ရွက်သည့်ကာကွယ်ရေး အစီအစဉ်များအတိုင်း ဆေးရုံတရုံတွင် နှစ်ပတ်ကြာ သီးခြားထားရှိစောင့်ကြည့်မည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံမှ ဓါတ်ခွဲခန်းများသည် ကိုရိုနာဗိုင်းရပ်သစ်ကို မဖေါ်ထုတ်နိုင်ဘဲ အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းသည် သံသယရှိလူနာများထံမှ နမူနာများကို အိမ်နီးခြင်း ထိုင်းနိုင်ငံရှိ ပိုမိုတိုတက်သော ဓါတ်ခွဲခန်းများတွင် စမ်းသပ်ရန် ပေးပို့နေရသည်။

မြန်မာနိုင်ငံသည် တကမ္ဘာလုံးနှင့် အဆက်အသွယ်ဖြတ်သည်မှာ မထူးဆန်းသော်လည်း ယခင်က အဆက်အသွယ်ဖြတ်သည်မှာ ကျန်းမာရေးကြောင့် မဟုတ်ဘဲ နိုင်ငံရေးအရဖြစ်သည်။

ကျန်းမာရေး ဝန်ဆောင်မှု မလုံလောက်ခြင်းအပြင် စစ်အုပ်ချုပ်ရေးဆယ်စုနှစ်များစွာ၏ လက္ခဏာအဖြစ် ယခင် ခေတ်နောက်ကျသည့် အစိုးရများ၏ အမွေဆိုးများကိုလည်း မြန်မာနိုင်ငံရင်ဆိုင်နေရသည်။ ထိုအချက်မှာ ရှည်လျှားပြီး အတားအဆီးမရှိသည့် နယ်စပ်ကို ပြည်တွင်းစစ်နှင့် လုံခြုံရေးရင်းမြစ် လွန်စွာကင်းမဲ့ခြင်းကြောင့် ကာကွယ်နိုင်စွမ်း မရှိခြင်းပင်။

မြန်မာနိုင်ငံ၏ အိမ်နီးခြင်းများနှင့် နယ်နိမိတ်ထိစပ်မှုမှာ စုစုပေါင်း ကီလိုမီတာ ၆၁၅၈ ရှိပြီး တရုတ်နိုင်ငံနှင့်  ၂၂၀၄ ကီလိုမီတာကျော်၊ ထိုင်းနိုင်ငံနှင့် ၂၁၀၇ ကီလိုမီတာကျော် ထိစပ်နေသည်။ လာအိုနှင့် မဲခေါင်မြစ်နယ်နိမိတ် ၂၃၈ ကီလိုမီတာထိစပ်နေပြီး ဘင်္ဂလားဒေ့ရှ်နှင့်လည်းကုန်းနယ်နိမိတ် ၂၇၁ ကီလိုမီတာ ထိစပ်နေသည်။

ထိုနယ်စပ်အများစုသည် ကြမ်းတမ်းပြီး တောင်ထူထပ်သည်။ တရုတ်အပါအဝင် အိမ်နီးချင်းများနှင့် ဆက်သွယ်သော လမ်းများ နည်းပါးပြီး တရားဝင် နယ်စပ်ဖြတ်ကျော်ရေး စခန်း အနည်းငယ်သာရှိသည်။

တိုင်းရင်းသားရေးနှင့် နိုင်ငံရေး လက်နက်ကိုင်များသည် လက်နက်မှောင်ခိုရန်၊ မှောင်ခိုကုန်ကူးရန်နှင့် လုံခြုံရေးအရ ခိုလှုံရန် ထိုနယ်စပ်များကို သုံးနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည်။ မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံမှ တရားမဝင်ဝင်ရောက်မှုသည် မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအတွက် အဓိက ပြဿနာဖြစ်လာသည်။

အဂတိလိုက်စားသည့် အရာရှိများထံမှ ကြားလူဖြင့် ဝယ်ယူထားသည့် မှတ်ပုံတင်လက်မှတ်အစစ်ရှိသည့် တရုတ်နိုင်ငံမှ ဝင်ရောက်အခြေချသူများသည် အထူးသဖြင့် မန္တလေးအပါအဝင် ဒေသအများအပြား၏ လူဦးရေ အချိုးအစားကို ပြောင်းလဲစေခဲ့သည်။

တရားဝင်မဟုတ်သော ခန့်မှန်းချက်များအရ လက်လီစတိုးဆိုင်များမှ အဓိက လုပ်ငန်းများအထိ မန္တလေး စီးပွားရေး၏ ၆၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသားများက ထိန်းချုပ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်ကူးစက်မှုကြောင့်ဖြစ်သည့် အိမ်နီးချင်းမြန်မာနိုင်ငံအပေါ် သက်ရောက်မှုနှင့် ပိုမိုကျယ်ပြန့်သည့် တရုတ်မြန်မာဆက်ဆံရေးအပေါ် ရေရှည်သက်ရောက်မှုကို ပြောဆိုရန် စောနေသေးသည်။

ပြည်တွင်းဈေးများနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ရိုင်းပြသည်ဟု မြန်မာနိုင်ငံသားများက ယူဆသည့် လုပ်ရပ်များကြောင့် အချို့က တရုတ်ခရီးသည်များကို ကြိုဆိုခြင်းမရှိကြပေ။

မန္တလေးကဲ့သို့သော မြို့ကြီးများတွင် နေ့စဉ်ဆွမ်းခံသော ဘုန်းတော်ကြီးများကို ဓါတ်ပုံရိုက်ပြီး ရိုသေလေးစားမှု မရှိသော အပြုအမူများကြောင့် လူမှုကွန်ရက်တွင် တရုတ်ခရီးသွားများ ဝေဖန်ရှုတ်ချခံကြရသည်။

ထိုဗိုင်းရပ်အကျပ်အတည်းကြောင့် မြန်မာအာဏာပိုင်များသည် တရုတ်နိုင်ငံနှင့် ပိုမိုကျယ်ပြန့်သော နှစ်နိုင်ငံဆက်ဆံရေးကို  ပြန်လည်သုံးသပ်နိုင်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ဖျားမှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံတန် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကဲ့သို့သော အငြင်းပွားဖွယ် စီမံကိန်းများမှ မြန်မာပြည်သူများကို အမြတ်ထုတ်နေသည်ဟု အများကမြင်ကြသည်။

အခြားသောရေအားလျှပ်စစ်ဆည်ကြီးများ၊ ဘင်္ဂလားပင်လယ်အော်တွင် ကျောက်ဖြူရေနက် ဆိပ်ကမ်းတည်ဆောက်မှုနှင့် ရန်ကုန်မြို့သစ်စီမံကိန်းများတွင် တရုတ်နိုင်ငံ ပါဝင်ပတ်သက်မှုအပေါ် စိုးရိမ်ပူပန်မှုများလည်း မြင့်မားနေသည်။

သေချာသည်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် BRI ပိုးလမ်းမအစီအစဉ်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နှင့် မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီး မြှုပ်နှံမှုအစီအစဉ်ကြီးများကို သေလောက်အောင် ထိုးနှက်မည် မဟုတ်ပေ။

သို့သော် ထိုဗိုင်းရပ်၏ လျှင်မြန်စွာ ပျံ့နှံ့မှုနှင့် သေဆုံးမှုသည် နေပြည်တော်မှ အာဏာပိုင်များကို အိမ်နီးချင်းအင်အားကြီး နိုင်ငံကြီးနှင့် ပိုမိုပေါင်းစည်း စီးပွားရေးမှီခိုရခြင်းကြောင့် ဖြစ်နိုင်သည့် အန္တရာယ်များကို ပြန်လည်သုံးသပ်ရန် အကြောင်းဖန်လာခဲ့တော့သည်။

( Asia Times ပါ  Bertil Lintner ၏ China virus infects Myanmar Belt and Road plans ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အပ်ကြောင်းထပ်နေသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ကျော်လွန်၍

ဝူဟန်တုတ်ကွေး၊ ဖေ့ဘွတ်နှင့် မြန်မာ့သတင်းတုများ

တရုတ်လက်နက်တွေ မြန်မာပြည်ကို လာအိုကတဆင့် ဝင်နေခဲ့သည်

The post ဝူဟန်ဗိုင်းရပ်က တရုတ်နှင့် နီးလာမည့် မြန်မာကို စိုးရိမ်စေသည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...