၉/၁၁ တိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်သူ အိုစမာဘင်လာဒင်၏ သား ဟမ်ဇာဘင်လာဒင်နှင့် ပတ်သက်သော သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ တသန်းအထိပေးမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။
ဟမ်ဇာဘင်လာဒင်သည် အယ်လ်ကိုင်ဒါ ထိပ်တန်းခေါင်းဆောင်ဖြစ်ပြီး အထူးအဆင့် သတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမား ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။
ဖခင်အတွက် လက်စားချေရန် သစ္စာဆိုပြီး ၉/၁၁ တိုက်ခိုက်မှုမှ လေယာဉ်ပြန်ပေးဆွဲသူ တဦး၏ သမီးနှင့် လက်ထပ် ထားကာ ပါကစ္စတန်ဝန်ကြီးချုပ် တဦး လုပ်ကြံသတ်ဖြတ်ခံရမှုတွင် တရားစွဲဆိုခံရသူ အိုစမာဘင်လာဒင်၏ သားအကြောင်း အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
အိုစမာဘင်လာဒင်သည် ဟမ်ဇာဘင်လာဒင်ကို ဖခင်၏ အရိုက်အရာကို ဆက်ခံရန် ၂၀၁၁ ခုနှစ်က သူ့ကို အမေရိကန် ရေတပ် အထူးတပ်ဖွဲ့ (၆) က သတ်ဖြတ်သည့်အချိန်အထိ ပြုစုပျိုးထောင်ထားခဲ့သည်။
ကမ္ဘာ့အကျော်ကြားဆုံး အကြမ်းဖက်သမား၏ သားသည် မည်သည့်နေရာတွင် စတင်ပြီး အကြမ်းဖက်မှုများတွင် ပါဝင်သည်၊ မည်သို့မည်ပုံ အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဖြစ်လာသည်၊ မည်သည့်အတွက် အမေရိကန်က သူ့ကို လွန်စွာ ဖမ်းဆီးလိုနေသည် စသည်တို့နှင့် ပတ်သက်ပြီး ရရှိသမျှ အချက်အလက်များကို ဖော်ပြထားသည်။
ဟမ်ဇာဘင်လာဒင်ကို ၁၉၈၉ ခုနှစ်က ဆော်ဒီအာရေဗျ နိုင်ငံ ဂျက်ဒါတွင် ဖွားမြင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

သူသည် ၉/၁၁ တိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်သူ အိုစမာဘင်လာဒင်၏ သားဖြစ်သည်။ မိခင်မှာ အိုစမာ ဘင်လာဒင်၏ ကျန်ရစ်သော ဇနီး ၃ ဦးအနက် ခိုင်ရီယာ ဆဘာဖြစ်သည်။
သူသည် ငယ်ရွယ်စဉ် ၁၂ နှစ်သားကပင် အယ်လ်ကိုင်ဒါ စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။

၂၀၀၅ ခုနှစ်က မြောက်ပိုင်း ဝဇီရစ်စတန်တွင် ပါကစ္စတန် လုံခြုံရေးတပ်များကို အယ်လ်ကိုင်ဒါ တိုက်ခိုက်မှုကို ပြသသည့် ‘ဝါဇီရစ်စတန်မှ မူဂျာဟေဒင်များ’ ဗီဒီယိုတွင် သူ့ကိုတွေ့ရသည်။ ထိုစဉ်က သူအသက် ၁၆ နှစ် ရှိပြီဖြစ်သည်။
ဟမ်ဇာဘင်လာဒင်သည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ အသက် ၁၈ နှစ်အရွယ်က နိုင်ငံတကာ သတင်း ခေါင်းစဉ်များတွင် ပါဝင်လာသည်။ ထိုစဉ်ကပါကစ္စတန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဘန်နဇာဘူတိုကို လုပ်ကြံသတ်ဖြတ်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု အယ်လ်ကိုင်ဒါက ကြေညာခဲ့သည်။ ဘင်လာဒင်နှင့် အယ်လ်ကိုင်ဒါသည် သူ့ကို သတ်ဖြတ်ရန် ကြိုးစားသူများတွင် ပါဝင်နိုင်ကြောင်း ဘူတိုက ယခင်ကပင် မီဒီယာများကိုပြောခဲ့ဖူးသည်။ ထိုပစ်ခတ်မှုတွင် ဟမ်ဇာဘင်လာဒင် တိုက်ရိုက်ပါဝင်သည် မပါဝင်သည်ကို မသိရပေ။
၂၀၁၁ ခုနှစ်မေလ ၂ ရက်နေ့တွင် အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံ အဘော့တာဘက်ရှိ သူ၏ခြံဝန်းကိုစီးနင်းစဉ် အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ ၆ က သတ်ဖြတ်ခဲ့သည်။
ထိုစဉ်က အသက် ၂၂ နှစ်ရှိပြီဖြစ်သော ဟမ်ဇာ ဘင်လာဒင်သည် ထိုနေ့တွင် အထက်ပါခြံဝန်းမှ လွတ်မြောက်သွားသည်ဟု ကောလာဟလများ ထွက်ပေါ်လာသည်။ သို့သော် စီအိုင်အေက ရရှိသော အိုစမာဘင်လာဒင်၏ မှတ်တမ်းများအရ ထိုနေ့က ထိုခြံဝန်းတွင် ဟမ်ဇာဘင်လာဒင် ရှိမနေပေ။
ထိုခြံဝန်းမှရသော အခြား စာရွက်စာတမ်းများအရ အိုစမာဘင်လာဒင်သည် သူ၏ အရိုက်အရာကို ဆက်ခံသူအဖြစ် ဟမ်ဇာဘင်လာဒင်ကို ပြုစုပျိုးထောင်နေကြောင်း သိရသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် အယ်လ်ကိုင်ဒါခေါင်းဆောင် အေမင် အယ်လ် ဇာဝါဟီရီက ဟမ်ဇာဘင်လာဒင်ကို အယ်လ်ကိုင်ဒါ အဖွဲ့ဝင်အဖြစ် တရားဝင်ကြေညာသည်။
သူ့ကိုအဖွဲ့ဝင် အဖြစ် ကြေညာသောအသံဖိုင်တွင် ဟမ်ဇာဘင်လာဒင်က အနောက်နိုင်ငံများ၏ မြို့တော်များတွင် အကြမ်းဖက်မှုများ ကျူးလွန်ကြရန် တောင်းဆိုသည်။ ဟမ်ဇာဘင်လာဒင်သည် အယ်လ်ကိုင်ဒါအတွက် လူငယ်ပိုင်းကို ကိုယ်စားပြုသူ ဖြစ်လာသည်။ အသက်အရွယ်ကြီးရင့်လာသော အယ်လ်ကိုင်ဒါ ခေါင်းဆောင်များသည် ISIS တို့ ခြိမ်းခြောက်ခံနေရသော ကမ္ဘာတဝန်းမှ စစ်သွေးကြွများကို လှုံ့ဆော်ရန် ရုန်းကန်နေကြရသည်။
ဟမ်ဇာဘင်လာဒင်သည် ဝါရှင်တန်ဒီစီ၊ ပဲရစ်နှင့် တယ်လ်အဗစ်တို့ရှိ အမေရိကန်၊ ပြင်သစ်နှင့် အစ္စရေးပစ်မှတ်များကို တကိုယ်တော် တိုက်ခိုက်မှုများပြုလုပ်ရန် ၂၀၁၅ ခုနှစ်တွင် တောင်းဆိုခဲ့သည်။
၂၀၁၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် အယ်လ်ကိုင်ဒါသည် ဟမ်ဇာဘင်လာဒင်၏ အသံဖိုင်တခုကို ထပ်မံထုတ်ပြန်ပြီး ထိုအသံဖိုင်တွင် အမေရိကန်ကို လက်စားချေရန်ကတိပြုပြီး အမေရိကန်တို့သည် ပြည်တွင်းပြည်ပတွင် ပစ်မှတ်ထား ခံရမည်ဟု ခြိမ်းခြောက်သည်။
ဟမ်ဇာဘင်လာဒင်၏ အရှိန်အဝါ ကြီးမားလာသောအခါ အမေရိကန် အာဏာပိုင်များက သူ့ကိုသတိထားလာသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဟမ်ဇာဘင်လာဒင်ကို အထူးအဆင့် သတ်မှတ်ကာ ကမ္ဘာ့အကြမ်းဖက်သမား (SDGT) အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်လိုက်သည်။ ထိုသတ်မှတ်ချက်သည် ပြင်းထန်သော အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သူများ၊ ကျူးလွန်နိုင်သူများအတွက် သတ်မှတ်ချက်ဖြစ်သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် စီအိုင်အေသည် ပါကစ္စတန်နိုင်ငံအတွင်း ခြံဝန်းတခုတွင် ထိုစဉ်က အသက် ၁၇၊ ၁၈ ခန့်ရှိပြီဖြစ်သော ဟမ်ဇာဘင်လာဒင် မင်္ဂလာဆောင်သည့် ဗီဒီယိုကို ထုတ်ပြန်သည်။ ထိုဗီဒီယိုတွင် သတို့သမီးကို မဖော်ပြပေ။ ဟမ်ဇာဘင်လာဒင်သည် အကြိမ်များစွာ လက်ထပ်ခဲ့သည်ဟု ယူဆရသည်။ သူ၏ လက်ထပ်ပွဲတခုမှာ အယ်လ်ကိုင်ဒါ ဝါရင့်ခေါင်းဆောင် အဘူ မိုဟာမက် အယ်လ် မာဆရီ၏ သမီးနှင့် လက်ထပ်ပွဲဖြစ်သည်ဟု ဆိုကြသည်။
၉/၁၁ တိုက်ခိုက်မှုတွင် အဓိက လေယာဉ်ပြန်ပေးဆွဲသူ တဦးဖြစ်သော မိုဟာမက်အက်တာ၏ သမီးကို ဟမ်ဇာ ဘင်လာဒင် လက်ထပ်ထားသည် ဟူသောသတင်းများ ၂၀၁၈ သြဂုတ်လတွင် ထွက်ပေါ်လာသည်။

ဟမ်ဇာ ဘင်လာဒင်နှင့်ပတ်သက်ပြီး အိုစမာဘင်လာဒင်မိသားစုကို Guardian က တွေ့ဆုံမေးမြန်းမှု ပြုလုပ်သည်။ ဟမ်ဇာသည် အကြမ်းဖက်မှုကို ချန်ထားခဲ့ပြီဟု ထင်ကြောင်း၊ သို့သော် ထိုအထင်မှာ မှားသွားကြောင်း ၎င်း၏ ဦးလေး ဟက်ဆန် ဘင်လာဒင်က ပြောသည်။
“အားလုံးအတွက် ဒီကိစ္စက ပြီးသွားပြီလို့ ကျနော်တို့ထင်ခဲ့ကြတယ်။ နောက်တော့ ကျနော်သိရတာက ဟမ်ဇာက အဖေ့အတွက် လက်စားချေမယ်လို့ ပြောနေတာပဲ” ဟု သူက ပြောသည်။
“ကျနော်က ဒါမျိုးတွေ ထပ်မကြုံချင်တော့ဘူး။ သူသာ အခု ကျနော့်ရှေ့မှာရှိနေရင် ဘုရားက မင်းကိုလမ်းညွှန်လိမ့်မယ်၊ မင်းလုပ်နေတာတွေ မင်း ၂ ခါ ပြန်စဉ်းစားလိုက်၊ မင်းအဖေ ခြေလှမ်းမျိုး ထပ်မလှမ်းနဲ့၊ မင်းရဲ့ဝိဉာဉ်က မကောင်းဆိုးရွား အခြမ်းကို ရောက်နေပြီလို့ပြောမိမှာ” ဟုလည်း သူက ဆိုသည်။
ဟမ်ဇာဘင်လာဒင်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး အာဖဂန်-ပါကစ္စတန် နယ်စပ်အနီးတွင် အခြေစိုက်ပြီး အယ်လ်ကိုင်ဒါ ခေါင်းဆောင် အေမင်အယ်လ် ဇာဝါဟီရီ၏ လက်ထောက်အဖြစ် တာဝန်ယူနေသည်ဟု သတင်းများက ဆိုသည်။
“သူဟာ အာဖဂန်-ပါကစ္စတန် နယ်စပ်မှာ ရှိနိုင်တယ်လို့ ကျနော်တို့ တကယ်ပဲ ယုံကြည်တယ်။ သူ အီရန်ထဲကို ကူးဝင်မယ်။ တကယ်တော့သူက တခြားနေရာမှာ ဗဟိုအာရှ တောင်ပိုင်းမှာလည်း ရှိနိုင်တယ်” ဟု အမေရိကန် လက်ထောက်သံတမန် လုံခြုံရေးဝန်ကြီး မိုက်ကယ် အီဗန်းအော့ဖ်က ပြောသည်ဟု BBC က ကိုးကားသည်။
အယ်လ်ကိုင်ဒါ ပြန်လည်ခေါင်းထောင်လာသည်ဟု ဗြိတိန် ထောက်လှမ်းရေး MI-6 အကြီးအကဲက ၂၀၁၉ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သတိပေးခဲ့သည်။
“သူတို့က ပိုပြီး သမားရိုးကျဆန်ပြီး အချိုးအစားမညီတဲ့ ခြိမ်းခြောက်မှုအဖြစ် အသွင်ကူးပြောင်း၊ ပြန်လည်တည်ဆောက် နိုင်ခဲ့ကြတယ်” ဟု MI-6 အကြီးအကဲ အဲလက်စ် ယန်းဂါးပြောသည်။
ဟမ်ဇာဘင်လာဒင်နှင့် ပတ်သက်သော သတင်းပေးနိုင်သူကို ဆုငွေ ဒေါ်လာ တသန်းအထိ ပေးမည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာလိုက်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဟမ်ဇာ ဘင်လာဒင်ကို ဆုငွေထုတ်ပြီး နာရီအတန်ကြာသောအခါ ဆော်ဒီ အာရေးဗျက သူ့ကို နိုင်ငံသား အဖြစ်မှ ရုတ်သိမ်းလိုက်သည်။
ကိုးကား ။ ။ Business Insider
The post သားဘင်လာဒင် ဟမ်ဇာ ဘယ်သူလဲ appeared first on ဧရာဝတီ.