မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များပါဝင်သော ဓါးများ၊ ရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် လက်နက်ပိုင် အကြမ်းဖက် အုပ်စုသည် လွန်ခဲ့သော သီတင်းပတ်က ကြီးမားသော တိုက်ခိုက်မှုတခု ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားပြီး ၁၀၀ ကျော်သေဆုံးကာ ဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးကြရသည်။
ယင်း တိုက်ခိုက်မှုများ အတွက် တာဝန်ရှိသော ARSA အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သော အချက်အလက်များကို အောက်တွင် ဖော်ပြထားသည်။
ARSA ၏ မူလအစ
နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေးအဖွဲ့ (ICG) ၏ အဆိုအရ ထိုအဖွဲ့ကို ဆော်ဒီအာရေးဗီးယားတွင် နေထိုင်သော အဝေးရောက် ရိုဟင်ဂျာများက လွန်ခဲ့သောနှစ်တွင် ထူထောင်ခဲ့သည် ဟု ဆိုသည်။ ICG သည် ARSA နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ယခင်နှစ်က အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။ ခေါင်းဆောင်မှာ ပါကစ္စတန်တွင် မွေးဖွားပြီး မက္ကာတွင် ကြီးပြင်းခဲ့သည့် Attullah Abu Amar Jununi နှင့် အဝေးရောက် ရိုဟင်ဂျာ ၂၀ ခန့်ပါသော ကော်မတီ ဖြစ်သည်။ Jununi နှင့် အခြားသူများသည် ပါကစ္စတန်တွင် စစ်သင်တန်း တက်ခဲ့ပြီး အာဖဂန်တွင် စစ်သင်တန်း တက်ခဲ့ကောင်း တက်ခဲ့နိုင်သည်။
ARSA သည် အဝေးရောက် ရိုဟင်ဂျာများ အပြင် ဆော်ဒီအာရေးဗီးယားနှင့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများမှ အလှူရှင်များထံမှ ရန်ပုံငွေ ရရှိနေသည်ဟု ယုံကြည်ရကြောင်း (ICG) က ဆိုသည်။
ထိုအဖွဲ့ ပေါ်ပေါက်လာစေသော အခြေအနေများ အတွက် သုတေသီများက မြန်မာအစိုးရကို အပြစ်တင်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်မှာ မျိုးဆက်နှင့် ချီပြီး ကြာပြီ ဖြစ်သော်လည်း ဗုဒ္ဓဘာသာအများစုရှိသော မြန်မာ နိုင်ငံမှ အစိုးရ အဆက်ဆက်သည် ၎င်းတို့ကို အခြေခံအခွင့်အရေးများနှင့် နိုင်ငံသား ဖြစ်ခွင့် မပေးဘဲ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများ ဟု သတ်မှတ်ထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ၎င်းတို့ကို လက်မခံပေ။
၎င်းတို့၏ ကံကြမ္မာဆိုးနှင့် ပတ်သက်ပြီး နိုင်ငံရေးအရ ဖြေရှင်းခြင်း မရှိသောကြောင့်၊ အထူးသဖြင့် ဒုက္ခသည် ၁၂၀၀၀၀ ကို နေရပ်စွန့်ခွာ စေခဲ့သော ၂၀၁၂ ခုနှစ် မွတ်စလင်ဆန့်ကျင်ရေးက လက်နက်ကိုင် ပုန်ကန်ရန် မျိုးစေ့ချပေးလိုက်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်စလင်များကို မဲပေးခွင့် မပြုခြင်းနှင့် ၎င်းတို့ ပင်လယ်ရေကြောင်းမှ ထွက်ပြေး လွတ်မြောက်ရန် ဒေသတွင်း လူကုန်ကူးမှု လမ်းကြောင်းကို နှိမ်နင်းခြင်းတို့ကြောင့် ၎င်းတို့သည် ချောင်ပိတ်မိနေသည် ဟု ခံစားလာရသည်။
အကြမ်းဖက်မှု မြင့်မားလာခြင်း
ARSA ၏ ပထမဆုံး စစ်ဆင်ရေးမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်သည် ဟု သိရပြီး ဓါးများ၊ လေးခွများ နှင့် ရိုင်ဖယ်သနတ်များ ကိုင်ဆောင်ထားကြသူများသည် ရခိုင်ပြည်နယ်ရှိ ရဲစခန်းများကို တိုက်ခိုက်ကြသဖြင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးသည်။
မြန်မာ့ တပ်မတော်က လများစွာကြာအောင် ပြင်းထန်သော သောင်းကျန်းမှု နှိမ်နင်းရေးဖြင့် တုံ့ပြန်ပြီး ရွာလုံးကျွတ် မီးလောင်မှုများ ဖြစ်လာသည် ဟု လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။ လုံခြုံရေး တပ်ဖွဲ့များသည် အမျိုးသမီးများကို အုပ်စုလို အဓမ္မပြုကျင့်ပြီး မွေးကင်းစများ အပါအဝင် ကလေးများကိုပင် တရားမဲ့ သတ်ဖြတ်သည် ဟု ကုလသမဂ္ဂက စွပ်စွဲ သည်။ အချို့သော ရက်စက်ကြမ်းကြုတ်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂက ဆိုသည်။
ယခုနောက်ဆုံး ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည် များစွာ ပိုမို ပြင်းထန်သည်။ ARSA သည် ရဲကင်းစခန်း အနည်းဆုံး နှစ်ဒါဇင်ကို တိုက်ခိုက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က လေ့လာခဲ့သော ဂြိုလ်တု ဓာတ်ပုံများ အရ နေအိမ်များကို မီးရှို့ထားသည်ကို ပြသနေပြီး လောင်ကျွမ်းနေသော အကျယ်အဝန်းမှာ ၂၀၁၆ ခုနှစ်က ပမာဏထက် ၅ ဆခန့် ပိုမိုကြီးမားသည် ဟု သိရသည်။ ARSA က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာအစိုးရက ဆိုသည်။
ARSA ၏ စွမ်းရည်သည် သိသိသာသာ တိုးတက်လာကြောင်း ချိန်ကိုက်တိုက်ခိုက်မှုများက ပြသနေသလို နည်းပရိရာယ်သစ်များကိုလည်း အသုံးပြုခဲ့ဖွယ်ရှိနေသည်။ ယခင် တကြိမ်တိုက်ခိုက်မှုများသည် အစိုးရကို ဦးတည် တိုက်ခိုက်ခြင်း ဖြစ်သော်လည်း ARSA သည် ယခုတကြိမ်တွင် ဗုဒ္ဓဘာသာကျေးရွာများနှင့် အရပ်သားများကိုပါ တိုက်ခိုက်ခဲ့သည်ဟု သတင်းများ ရရှိကြောင်း ICG ၏ အာရှ အစီအစဉ် ဒါရိုက်တာ Anagha Neelakantan က ပြောသည်။ ထို အချက်ကို အတည်ပြုနိုင်ပါက ပဋိပက္ခအရှိန် လွန်စွာမြင့်မားသွားပြီ ဟုလည်း သူက ဆက်ပြောသည်။
ပေးလိုသော သတင်းစကား
ထိုအဖွဲ့ကို စတင်ထူထောင်စဉ်က ၎င်းတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ဘာသာတရား လှုပ်ရှားမှု (Harakah al-Yaqin) ဟု ခေါ်သည်။ ၎င်းတို့၏ ပထမဆုံးဗီဒီယိုတွင် ထိုအမည်ကို အာရဗီဘာသာဖြင့် ရှေ့တွင် ရေးသားထားခဲ့သောကြောင့် ကမ္ဘာ့ အကြမ်းဖက်အုပ်စုများနှင့် အချိတ်အဆက် ရှိနိုင်သည် ဟူသော ခန့်မှန်းချက်များ ဖြစ်စေခဲ့သည်။
ထိုအဖွဲ့သည် ဘာသာရေးစစ်ပွဲ ဂျီဟတ်ဝါဒ သဘောမျိုး မရှိဟု သုတေသီများက ပြောပြီး ARSA က ၎င်းတို့သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အချိတ်အဆက် မရှိကြောင်း ကြေညာထားသည်။ မကြာသေးမီလများအတွင်း ထိုအဖွဲ့သည် အကြမ်းဖက် ဟူသော ယူဆချက်များကို ချေဖျက်ရန် ကြိုးစားပြီး ၎င်းတို့၏ လူများကို ကာကွယ်ရန် လက်နက်စွဲကိုင်သော လွတ်မြောက်ရေး တိုက်ပွဲဝင်သူများ ဖြစ်သည်ဟု ရန်ကုန် အခြေစိုက် သုတေသီ David Mathieson က ဆိုသည်။
တွစ်တာတွင် ကြေညာချက်များ တင်လေ့ရှိသော ထိုအဖွဲ့သည် ၎င်းတို့၏ အမည်ကို ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ဟု ပြင်ဆင်ခဲ့သည်။ သြဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်သော ဗီဒီယိုဖိုင်တွင် Jununi သည် မျက်နှာဖုံးစွပ် တိုက်ခိုက်ရေး ရိုင်ဖယ်ကိုင်နှင့် အတူ ရပ်နေပြီး ၎င်းတို့ကိုယ် ၎င်းတို့ ဖိနှိပ်ခံများကို ကာကွယ်လမ်းပြသူများ ဖြစ်သည်ဟု ပြောကာ ၎င်းတို့သည် မြန်မာ စစ်အစိုးရကို ခုခံရေးစစ် ဆင်နွဲနေသည်ဟု ဆိုသည်။ ထိုအဖွဲ့တွင် အင်အား မည်မျှရှိသည်ကို မသိရပါ။
ယခုနောက်ဆုံး တိုက်ခိုက်မှုများ အပြီးတွင် မြန်မာအစိုးရက ထိုအဖွဲ့ကို “အစွန်းရောက် အကြမ်းဖက် ဘင်္ဂလီများ”ဟု ကြေညာသည်။
ငြိမ်းချမ်းရေး အလားအလာ
ထိုအဖွဲ့သည် တသန်းခန့်ရှိသော နယ်မြေခံ မွတ်စလင်များ အကြား ထောက်ခံမှု မည်မျှရသည်ကို ရှင်းရှင်းလင်းလင်း မသိရပါ။ ARSA သည် ၎င်းတို့၏ ထိန်းချုပ်မှုနှင့် သြဇာကြီးမားရေး အတွက် ရက်စက်သော အားထုတ်မှုအနေဖြင့် သတင်းပေးသူဟု သံသယ ရှိသူများကို သတ်ဖြတ်ခဲ့သည် ဟူသော သတင်းများလည်း ရရှိကြောင်း Ms Neelakantan က ပြောသည်။
လွန်ခဲ့သောနှစ်က တိုက်ခိုက်မှုများအပြီး စစ်ဆင်ရေးများကြောင့် ယခုအကြိမ်တွင် ပိုမိုပြင်းထန်သော ဆုံးရှုံးမှုများ ရမည်ကို ARSA က သိပြီးဖြစ်ရမည် ဟု Ms Neelakantan က ပြောသည်။
“သူတို့ လုပ်ရပ်က သူတို့ရဲ့ ရည်ရွယ်ချက်ကို အထောက်အကူ မပြုဘဲ ထိခိုက် နစ်နာစေတယ်။ ဒါပေမယ့် အာရုံစိုက်ခံချင်တော့ သူတို့က ဒီလိုပဲ လုပ်မှာ” ဟုလည်း သူက ဆက်ပြောသည်။
အကြမ်းဖက်မှုများကြောင့်နှစ်ဖက်စလုံး တင်းမာပြီး အသိုင်းအဝန်း နှစ်ခုကြား အမုန်းတရား ပိုမိုနက်ရှိုင်းလာသည်။ “အခြေအနေက ပိုဆိုးလာလိမ့်မယ်။ သတ်ဖြတ်မှု စတင်လိုက်တာနဲ့ ပြန်ထိန်းသိမ်းလို့ မရတော့ဘူး” ဟု Mathieson က ပြောသည်။
(AP သတင်းထောက် Todd Pitman ၏ How the insurgency behind Myanmar attacks grew ကို ဘာသာပြန်သည်။)
The post ရခိုင် မြောက်ပိုင်း အကြမ်းဖက်မှုများ နောက်ကွယ် appeared first on ဧရာဝတီ.