မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသော အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) သည် ရခိုင် မြောက်ပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့များနှင့် အရပ်သားများကို တိုက်ခိုက်နေချိန်တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် နယူးယောက်တွင် တွေ့ဆုံစည်းဝေးသည်။
မြန်မာ ခေါင်းဆောင်များ ချွေးပြန်ရန် မလိုပေ။ ၎င်းတို့ဘက်တွင် သြဇာကြီးမားလှသော မိတ်ဆွေကြီး တရုတ်နိုင်ငံက ရပ်တည်ပေးနေသည်။ မြန်မာနိုင်ငံကို ယူနီဖောင်းဝတ်များက အုပ်ချုပ်သည် ဖြစ်စေ၊ ရွေးကောက်ခံ အရပ်သားအစိုးရက အုပ်ချုပ်သည် ဖြစ်စေ တရုတ်နိုင်ငံသည် ယခင်အတိုင်း တောင်ပိုင်းအိမ်နီးချင်း မြန်မာနိုင်ငံကို မတွန့်မဆုတ် ထောက်ခံသည်။
UNSC အဖွဲ့ဝင်များက ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုကို ရှုတ်ချသော်လည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် Matthew Rycroft ၏ အဆိုအရ ပြောရလျှင် လုံခြုံရေးကောင်စီသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက် ထောက်ခံကြသည် ဟု သိရသည်။
အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီး ရက်ပိုင်း အတွင်း ဗြိတိန်က မြန်မာ့အရေး အစည်းအဝေးခေါ်ရန် တောင်းဆိုသည်။ “ကျနော်တို့ တော်တော်များများက သူ့တိုးတက်မှုကိုသူ တစိုက်မတ်မတ် လုပ်နိုင်လို့ အဝေးကနေ လေးစားနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို အကြီးအကျယ် ထောက်ခံတဲ့ မဟာမိတ်တွေပါ” ဟုဗြိတိန်သံအမတ်က သတင်းထောက်များကို ပြောသည်။
သို့သော် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ရာတွင် လုံခြုံရေးကောင်စီက ပြင်းပြင်ထန်ထန် ပါဝင်ပတ်သက်ခြင်း ကို တရုတ်နိုင်ငံက မလိုလားဟူသော သတင်းများ ထွက်ပေါ်လာသည်။ မတ်လလည်း အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သော လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေကို ဆွေးနွေးပြီးနောက် တိုတောင်းသော ကြေညာချက် ထုတ်မည့် အစီအစဉ်ကို တရုတ်နိုင်ငံသည် ရုရှားနိုင်ငံနှင့် အတူ ကန့်ကွက်ခဲ့သည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလက လုံခြုံရေး ရဲကင်းများ တိုက်ခိုက်ခံရပြီးနောက် မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ် တွင် မွတ်စလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ အဓမ္မ ပြုကျင့်ပြီး ရွာများကို မီးရှို့သည်ဟု ကုလသမဂ္ဂ လူ့ အခွင့်အရေးရုံးက ဖေဖော်ဝါရီလတွင် စွပ်စွဲသည်။
ကုလသမဂ္ဂက ဆိုလျှင် မြန်မာ တပ်မတော်သည် လူသားမျိုးနွယ် တခုလုံး ရာဇဝတ်မှု ကျူးလွန်ပြီး မျိုးတုန်း သတ်ဖြတ်မှုပင် ဖြစ်ကောင်း ဖြစ်နိုင်သည် ဟုပင် စွပ်စွဲသည်။
ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ် Nikki Haley က မြန်မာ လုံခြုံရေးတပ်များကို ပြစ်တင် ဝေဖန်သော စာတစောင်ကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။
“မြန်မာ လုံခြုံရေး တပ်များသည် အကြမ်းမှုများ ထပ်မံ မဖြစ်ပွားရန် ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် ၎င်းတို့တွင် နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေကို လိုက်နာရန်လည်း တာဝန်ရှိပြီး အပြစ်မဲ့အရပ်သားများနှင့် လူသားချင်း စာနာမူ ဆိုင်ရာ အကူအညီပေးနေသည့် ဝန်ထမ်းများကို မတိုက်ရန်နှင့် အကူအညီများ လိုအပ်နေသူများထံ ရောက်ရှိအောင် ဆောင်ရွက်ရေးတို့ ပါဝင်သည်” ဟု Haley က ပြောသည်။
ရွာသားများကို တိုက်ခိုက်ခြင်း မရှိကြောင်းနှင့် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့များကို ကာကွယ်ပေးရန် တပ်များ ချထားခြင်း ဖြစ်သည်ဟု မြန်မာ စစ်ဘက် အထက်တန်းအရာရှိများက ပြောသည်။
ထိုစွပ်စွဲချက်များကို တပ်မတော်နှင့် အစိုးရက ပယ်ချပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲနှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြင်းပယ်သည်။ တရုတ်နိုင်ငံက မြန်မာအစိုးရကို ထောက်ခံသည်။
အဓိကမဟာမိတ်
ရခိုင်ပြဿနာ အတွက် အစိုးရနှင့် စစ်တပ်ကို အနောက်နိုင်ငံများက ဖိအားပေးစဉ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို သံတမန်ရေး အကာအကွယ် ဆက်လက် ပေးအပ်ထားသည်။
ထိုမျှသာ မကသေးဘဲ တရုတ်နိုင်ငံသည် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အတွက် အဓိက မဟာမိတ်ပင် ဖြစ်နေပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် အနောက်နိုင်ငံများ၏ ထောက်ခံမှုသည် အေးစက်စ ပြုလာနေသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံရခြင်းမှာ မြန်မာနိုင်ငံတွင် ခြေကုပ် ပိုမိုခိုင်မာအောင် ဆောင်ရွက်လိုခြင်းနှင့် သူ၏ အိမ်နီးချင်း နိုင်ငံများတွင် အနောက်တိုင်း သြဇာပျံ့နှံသည်ကို လက်မခံနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓိက ရင်းနှီးမြှုပ်နှံသော နိုင်ငံတခု အဖြစ် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်ရှိ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ ဆိပ်ကမ်းပေါ် မျှော်လင့်ချက်ထားသည်။ မြန်မာနိုင်ငံသည် အိန္ဒိယ သမုဒ္ဓရာတွင် စီးပွားရေး အရရော မဟာဗျူဟာ အရပါ အကျိုးစီးပွား ရှိနေသည်။
တရုတ်နိုင်ငံသည် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်၏ အစိတ်အပိုင်း အဖြစ် မဟာင်္ဂဗျူဟာ ကျသော ကျောက်ဖြူ ဆိပ်ကမ်းတွင် ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်းအထိ ရယူလိုသည် ဟု မေလတွင် Reuters သတင်းက ဖော်ပြသည်။
တရုတ်နိုင်ငံသည် အာရှတခုလုံးရှိ စီးပွားရေး လုပ်ငန်းများနှင့် တရုတ်နိုင်ငံတို့ ချိတ်ဆက်မှုကို ပိုမိုနက်ရှိုင်းစေမည့် ကြီးမားသော ရည်မှန်းချက် ရှိနေနေပြီး ယင်း ရည်မှန်းချက် အတွက် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း၏ အပိုင်းတခု အဖြစ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် အထူးအခွင့်အရေး ရလိုသည် ဟု Reuter ၏ အစီရင်ခံစာက ဆိုသည်။
လွန်ခဲ့သော ဧပြီလက တရုတ်နိုင်ငံသို့ သွားရောက်စဉ်အတွင်း သမ္မတဦးထင်ကျော် သည် တရုတ်သ မ္မတရှီကျင်းဖျင်နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ သွယ်တန်းထားသော တစိတ်တပိုင်းပြီးစီး နေသည့် ရေနံပိုက်လိုင်း ဆိုင်ရာ သဘောတူစာချုပ် တစောင်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထို ပိုက်လိုင်းသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၏ အစိတ်အပိုင်း ဖြစ်ပြီး ပြန်လည် သုံးသပ်နေသည် ဟု ယူဆရသော ယူန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ ရထားလမ်း စီမံကိန်းလည်း ရှိသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ပထဝီ နိုင်ငံရေး သြဇာကို တိုးချဲ့ပြီး တောင်ဘက် အိမ်နီးချင်း မြန်မာနိုင်ငံတွင် စီးပွားရေး စင်္ကြန်တခု ဖွင့်လှစ်လိုက်သောကြောင့် တရုတ်သည် ရခိုင်ပြည်နယ်တွင် တည်ငြိမ်စေလိုသည်။
တရုတ် အရာရှိများသည် မကြာသေးမီးက ရခိုင်နိုင်ငံရေး သမားများကို တရုတ်နိုင်သို့ ဖိတ်ခေါ်ခဲ့သည်။ ထိုသူများ အနက်တဦးမှာ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ဖြစ်ပြီး သူသည် အယူအဆ ပြင်းထန်သော လူမျိုးစု အမျိုးသားရေးဝါဒီ ဖြစ်သည် ဟု မကြာခဏ ရည်ညွှန်း ပြောဆိုခံရသူလည်း ဖြစ်သည်။
ဒေါက်တာအေးမောင် သည် မေလကကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲတွင် အမတ် ဖြစ်လာသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ စစ်တပ်များ စေလွတ်ရန်နှင့် ထိုဒေသတွင် အရေးပေါ်အခြေအနေ ကြေညာရန် သူ၏ ပါတီက တပ်မတော် ခေါင်းဆောင်များကို မကြာသေးမီက တောင်းဆိုခဲ့သည်။
လွန်ခဲ့သော ဧပြီလက တရုတ် နိုင်ငံအာရှ ရေးရာ အထူးသံတမန် ဆွန်ကော့ရှန် သည် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ပြီး ဖိနှိပ်ခံ ထွက်ပြေး ရိုဟင်ဂျာများကြောင့် ဖြစ်ပွားရသော ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား သံတမန်ရေး အငြင်းပွားမှုကို ကြားဝင် ဖြေရှင်းပေးမည် ဟု ကမ်းလှမ်းသည်။
တရုတ်၏ အခြားကုန်သွယ်ဘက် ဖြစ်သော ဘင်္ဂလားဒေ့ရှ်သည်လည်း One Belt One Road အစီအစဉ် အရ တရုတ်ထံမှ အခြေခံအဆောက်အအုံ အကူအညီများ ရသည်။
သမ္မတ ရှီကျင့်ဖျင် ဒါကာသို့ သွားရောက်လည်ပတ်စဉ် အတွင်း အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ စီမံကိန်း ၃၀ အတွက် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
ဝင်ရောက်စွက်ဖက်သည် ဟု မြန်မာ ခေါင်းဆောင်များနှင့် ရခိုင် နိုင်ငံရေး သမားများက ယူဆမည် စိုးသောကြောင့် တရုတ်သည် မကြာသေးမီက အထိ တရုတ်နိုင်ငံသည် ရိုဟင်ဂျာ ပြဿနာတွင် တိုက်ရိုက် ပါဝင်ခြင်းကို ရှောင်ရှားသည်။
သို့သော် တရုတ်နိုင်ငံ အတွက် မဟာဗျူဟာ အရ အရေးပါသော ဒေသတွင် အကြမ်းဖက်မှု မြင့်မားလာသောကြောင့် ဘေဂျင်းတွင်လည်း အချက်ပေး ခေါင်းလောင်းသံများ ဆူဆူညံညံ ထွက်ပေါ်နေမည်ကို သံသယရှိရန် မလိုပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် China Backs Myanmar at UN Security Council ကို ဘာသာပြန်သည်။)
The post တရုတ်က မြန်မာကို ဘာကြောင့် ထောက်ခံ ရပ်တည်ပေးတာလဲ appeared first on ဧရာဝတီ.