Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့များ ၂၁ ပင်လုံ တက်မှာလား

$
0
0

နေပြည်တော်တွင် မေလ ၂၄ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ တက်ရောက် ခွင့် ရဖွယ်ရှိသည်။

၂၁ ရာစုပင်လုံသို့ တက်ရောက်ရန် နာမည်တပ် ဖိတ်ကြားခြင်း မရှိသော်လည်း တရုတ် – မြန်မာ နယ်စပ် တလျှောက်တွင် လှုပ်ရှားနေကြသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် စုဖွဲ့ထားသော “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ” အောက်မှ ပါဝင်လာမည့် အခြေအနေတရပ်ကို ရောက်ရှိနေသည်။

နောက်ဆုံးကြားသိရသော သတင်းများအရ “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ” ၏ အဖွဲ့ဝင် ၇ ဖွဲ့မှ တဖွဲ့လျှင် ၂ ဦးစီ ရွေးချယ် ထားသော ကိုယ်စားလှယ်များ ၂၁ ရာစု ပင်လုံကို တက်ရောက်ရန် အတွက် တရုတ်နိုင်ငံ ကူမင်း သို့ ရောက်ရှိနေပြီ ဖြစ်ပြီး တရုတ်အစိုးရဘက်မှ ကြားဝင်ညှိနှိုင်းမှုများ ပြုလုပ်ပေးနေသည်ဟု သိရသည်။

UWSA ဦးဆောင်သော မြောက်ပိုင်းအဖွဲ့များ ကူမင်းတွင် စောင့်ဆိုင်းနေစဉ် မေလ ၂၂ ရက်နေ့မွန်းလွဲပိုင်းက နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) တို့ တွေ့ဆုံကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးနှင့် ပတ်သက်သည့်ကိစ္စတို့အား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ၂၁ ပင်လုံတက်ရောက်နိုင်ရေး အတွက် တရုတ်က ကြားဝင်ညှိနှိုင်းပေးနေသော်လည်း တပ်မတော်က မီးစိမ်းပြမှ တက်ရောက်ခွင့်ရှိလိမ့်မည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အရေး စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။

UWSA ဦးဆောင်သည့် အဖွဲ့က ၂၁ ရာစု ပင်လုံ တက်ရောက်ရန်အတွက် MNDAA၊ TNLA နှင့် AA တို့ကို လေ့လာသူ အဖြစ် တက်ရောက်ခွင့် ပြုရန်၊ ၂၁ ရာစု ပင်လုံ အစည်းအဝေးတွင် ၎င်းတို့ အမြင်သဘောထားများကို ဆွေးနွေး ဖလှယ်ခွင့် ပေးရန်နှင့် အစည်းအဝေး တက်ရောက်လာသော ခေါင်းဆောင် ကိုယ်စားလှယ်များကို လုံခြုံရေး အကာ အကွယ်ပေး ရန် စသည့် အချက် သုံးချက်ကို တရုတ် အစိုးရ၏ ကြားဝင်ညှိနိုင်းပေးမှုမှ တဆင့် တောင်းဆိုထားကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အရေးစောင့်ကြည့် လေ့လာနေသူ တဦးက “လက်ရှိအခြေ အနေအရ တပ်မတော် က ခေါင်းတချက် ညိတ်ဖို့ပဲလိုတော့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြောက်ပိုင်း အဖွဲ့များ ကူမင်းကို ရောက်ရှိနေသည့် တချိန်တည်းမှာပဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု က လည်း ၂၁ ရာစု ပင်လုံ တက်ရေး၊ မတက်ရေး အတွက် အဆုံး အဖြတ် ပေးရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၂၂ ရက်နေ့ကစပြီး အစည်းအဝေးတရပ် ပြုလုပ် လျက်ရှိသည်။

UNFC အဖွဲ့ဝင်များသည် ၂၁ ပင်လုံ တက်ရောက်ရန်အတွက် ဖိတ်ကြားခံထားရပြီး ဖြစ်သည်။ သို့သော် UNFC အဖွဲ့ဝင် များ ၂၁ ပင်လုံ တက်ရောက်ရေးမှာ မြောက်ပိုင်းအဖွဲ့ကို တက်ခွင့်ပြုမပြု အပေါ်တွင် မူတည်နေလျက်ရှိသည်။

ထိုခွင့်ပြုချက်ကိုလည်း ထိုင်းနိုင်ငံတွင် ပြုလုပ်နေသော UNFC အစည်းအဝေးမှ တဆင့် စောင့်ကြည့်နေလျက်ရှိသည်။

ကူမင်းတွင် ရောက်ရှိနေသော မြောက်ပိုင်း အဖွဲ့များ ၂၁ ပင်လုံ တက်ရန် ခွင့်ပြုမိန့်ရရှိပါက UNFC တပ်ပေါင်းစုက ဖွဲ့စည်း ထားသော နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) မှ ကိုယ်စားလှယ်များကို နေပြည်တော် လွှတ်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်းသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး၏ ရည်ရွယ်ချက်ထဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ “အားလုံးပါဝင်ရေး” ပါဝင်သည်။ ထို့ကြောင့် တပ်မတော်က လက်ခံရန်ခက်နေသည့် MNDAA၊ TNLA နှင့် AA တို့ကို တပါတည်းခေါ်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

MNDAA၊ TNLA နှင့် AA တို့နှင့် ပတ်သက်၍ UPDJC အတွင်းရေးမှူး အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း က “လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ အားလုံး ဖိတ်မယ် ဆိုတော့သူတို့လည်း ပါရမှာပေါ့။ သူတို့မပါတဲ့ကိစ္စကတော့ ဆက်ပြီးညှိရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏ ဥက္ကဋ္ဌ လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်ရန် အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သဖြင့် NLD အစိုးရက အားလုံးပါဝင်ရေးကို လက်ခံမည် ဆိုသည်ကို တိုင်းရင်းသား အင်အားစုများက သဘောပေါက်ထားကြပြီးဖြစ်သည်။

သို့သော် ၂၁ ပင်လုံ တက်ရောက်ရေး ဖိတ်ကြားရာတွင် တပ်မတော်က လက်ခံရန် ငြင်းဆိုနေသော TNLA၊ MNDAA ၊ AA တို့ကို လျစ်လျူရှုထားခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ခွဲခြားဖိတ်ခေါ်ခြင်းသည် တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး အမှန် တကယ် ရယူလိုစိတ်မရှိသေးသည်ကို ပြသရာရောက်နေကြောင်း TNLA ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောသည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ဒါကတော့ မြန်မာ စစ်ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ ဆန္ဒမရှိဘူး ဆိုတာ ဖော်ပြနေတယ်။ ပထမ တကြိမ်တုန်းကလည်းမဖိတ်ဘူး။ အခုတကြိမ်လည်း မဖိတ်ဘူးဆိုတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဖို့ ပြည်တွင်းစစ်ကို ဆက်မွေးထားဖို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး အပေါ် သဘောထားပဲလို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်” ဟု ပြောသည်။

သို့သော်လည်း “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်သည့် “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ” အဖွဲ့ဝင် အဖြစ်နှင့် လိုက်ပါလာရန် လက်တကမ်းအလိုတွင်ရောက်ရှိနေပြီဖြစ်သည်။

“ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ” ကို UWSA ဌာနချုပ် ပန်ခမ်း တွင်ပြုလုပ်သော စတုတ္ထ အကြိမ် ထိပ်သီးအစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီတွင် TNLA၊ MNDAA ၊ AA အပါအဝင် UWSA၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)တို့ ပါဝင်သည်။

ထိုကော်မတီက မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ထုတ်ပြန်ကြေညာချက်တွင် ၎င်းတို့အနေဖြင့် ၂၁ ပင်လုံ ကို ကြိုဆိုကြောင်း၊ “အားလုံးပါဝင်ရေးမူ” ကို အလေးထားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးကို မည်သည့်ကြိုတင် ကန့်သတ်ချက်မျှ မထားရှိဘဲ တန်းတူ၊ ရည်တူ ပါဝင်ခွင့်ရှိရန် တိုက်တွန်းထားသည်။

ထို့အတူ “၂၁ ပင်လုံ ဒုတိယအစည်းအဝေးသို့ စတုတ္ထအကြိမ် ပန်ခမ်းညီလာခံမှ ဖွဲ့စည်းလိုက်သော (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ) ၏ အဖွဲ့ဝင် ၇ ဖွဲ့သည် တဖွဲ့ချင်းစီ မဟုတ်ဘဲ ကော်မတီ အနေဖြင့် တက်ရောက်ရန် အဆင့်သင့် ရှိပါသည်” ဟု ကြေညာချက်တွင်ပါရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ၉ ဖွဲ့ကို ဖိတ်ကြားခဲ့သော ဖိတ်စာတွင် “အထူးဖိတ်ကြားသူများ” ဟု အမည်တပ်ထားသည်။ ထိုသို့ ဖိတ်ကြားရန် အတွက် ယခုလ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော ၁၀ ကြိမ်မြောက် UPDJC အစည်း အဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အထူးဖိတ်ကြားသူများ” အနေဖြင့် တက်ရောက် ကြမည့် အဖွဲ့အစည်းများသည် ၂၁ ပင်လုံ အစည်းအဝေးတွင် တက်ရောက် နားထောင်ရုံမှလွဲ၍ ဆွေးနွေးခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်များ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဖိတ်ကြားခံရသည့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် စိတ်မဝင်စားဘဲ ဖြစ်နေသည်။

ဆွေးနွေး ဆုံးဖြတ်ခွင့် ရှိမည်မဟုတ်သော “အထူးဖိတ်ကြားသူများ” ခေါင်းစဉ်ကို စိတ်မဝင်စားသော်လည်း အနာဂတ် တွင် အစိုးရ၊ တပ်မတော်နှင့် ၎င်းတို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဆွေးနွေးနိုင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးပါဝင်နိုင်ရေး အတွက် ၂၁ ရာစု ပင်လုံသို့ တက်လိုသော ဆန္ဒရှိနေကြသည်။

တရုတ်-မြန်မာ နယ်စပ်တကြောရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ၂၁ ရာစု ပင်လုံသို့ မြောက်ပိုင်း အဖွဲ့များ တက်ရောက်ရန်အတွက် တရုတ်အစိုးရ ဘက်ကလည်း တွန်းအားပေးနေသည်ဟု တိုင်းရင်းသား လက်နက် ကိုင် အသိုင်းအဝိုင်း သတင်းရင်းမြစ်များက ဆိုသည်။

မြောက်ပိုင်းအဖွဲ့များကို အချိန်မီ တက်ရောက်ခွင့် မပြုပါက နေပြည်တော်တွင် ၂၄ ရက်နေ့ ကျင်းပမည့် ၂၁ ရာစု ပင်လုံ တွင် မူလက အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကိုသာ အများစု တွေ့မြင်ရဖွယ် ရှိနေသည်။

The post တရုတ်နယ်စပ်က လက်နက်ကိုင်အဖွဲ့များ ၂၁ ပင်လုံ တက်မှာလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...