ကျနော်တို့ ခန္ဒာကိုယ် ကြီးထား ဖွံ့ဖြိုးဖို့ အတွက် အဓိက လိုအပ်ချက် တခု ဖြစ်တဲ့ အသားဓာတ်ကို ပေးစွမ်းတဲ့ အသားမျိုးစုံကို တရက်တာ နေ့စဉ် ဘယ်လောက် များများ စားသုံးသင့်ပါသလဲ။ တချို့တွေမှာတော့ သားသတ်လွတ်ဆို တဲ့ပုံစံနဲ့ လုံး၀ အသားမစားသူတွေလည်း တွေ့ရသလို ဖြည့်စွက်စာ အဖြစ် အသားဓာတ် မြင့်မားစွာ ပါရှိတဲ့ ပဲမျိုးစုံကို စား သုံးတာ တွေ့ရပါတယ်။
အခု ပြောမယ့်အကြောင်းကတော့ အသားစားသူတွေအတွက် ဖြစ်ပြီး ဘယ်လောက်ထိအောင် အသားစားပေးသင့်တယ် ဆိုတာ ပြောမှာပါ။
အသားဓာတ် အမျိုးအစားများ
အသားဓာတ်အတွက်ကတော့ တိရိစ္ဆာန်တွေရဲ့ အသားကနေ ရရှိတဲ့ အသားဓာတ်ဟာ အကောင်းဆုံးပါ။ အမဲသားကနေ ဝက်သား၊ ငါး အပါအဝင် အခြား အသားပေါတဲ့ တိရိစ္ဆာန်တွေရဲ့ အသားတွေမှာ သင့်ရဲ့ ကြွက်သားတွေ ကြီးထားဖို့ အတွက်ရော ဒဏ်ရာရခဲ့ရင် ပြန်လည်ဖာထေးဖို့အတွက်ပါ လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ပြည့်ဝစွာ ပါရှိလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့ဟာ အသားဆိုတာကို ပြည့်၀ အသားဓာတ် ပေးသူလို့ ဆိုချင်ပါတယ်။ အပင်တွေကနေ ရရှိတဲ့ အသားဓာတ်ကတော့ ပြည့်၀ အသားဓတ် မဟုတ်ပါဘူး။ အမိုင်နိုအက်ဆစ် ပါဝင်မှု နည်းလို့ပါ။
ဒီအတွက် သင်ဟာ အသားမစားသူဆိုရင်တော့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်အတွက် အခြားအစာကိုပါ ပူးတွဲ စားသုံးပေးဖို့ လိုအပ်လာပါပြီ။
ဒီနေရာမှာ အမိုင်နို အက်ဆစ် အမျိုးအစားများစွာ ရှိတဲ့ထဲက သင့် ခနာကိုယ်ကတော့ ၉မျိုး လိုအပ်ပါတယ်။ အသား မှန် ရင်တော့ အဆိုပါ အက်ဆစ် ၉မျိုးလုံးပါပေမယ့်၊ အသား မဟုတ်တဲ့ အသားဓာတ် ပြည့်၀ အသီး၊ အရွက်တွေမှာတော့ အနည်းဆုံး အမိုင်နို အက်ဆစ်ဓာတ် ၁မျိုးကနေ ၂မျိုးလောက်တော့ မပါရှိကြပါဘူး။ ဒါကြောင့် အသားတမျိုးတည်း စားသုံး မလား၊ ဒါမှမဟုတ် ပဲနဲ့ ထမင်းရောစာသုံးတာမျိုး၊ ပဲဟင်းနဲ့ ပလာတာမျိုး စားသုံးလာရပါတယ်။
ဒါပေမယ့် ဒီလို တွဲဖက်စာဟာ သင့်အတွက် အသားလောက်တော့ အာဟာရ မဖြစ်စေဘူး ဆိုတာ သိထားပေးပါ။
အသားဓာတ်လိုအပ်ချက်
သင့် အနေနဲ့ အမျိုးသမီး တယောက် ဖြစ်မယ်ဆိုရင်တော့ တရက်ကို အသားဓာတ် ၄၆ဂရမ်လောက် လိုအပ်ပြီး အမျိုးသား ဖြစ်မယ်ဆိုရင်တော့ တရက်ကို ၅၆ ဂရမ်လောက် လိုအပ်ပါတယ်။
အထက်မှာ ပြောခဲ့သလို အသီးအနှံတွေကနေလည်း ပရိုတင်းဓာတ်ရနိုင်ပေမယ့် အကောင်းဆုံး မဟုတ်ပါဘူး။ အသား ၃အောင်စမှာ အသားဓာတ် ၂၁ ဂရမ်ကနေ ၂၄ ဂရမ်ထိအောင် ပါရှိပါတယ်။ ဒီအတွက် ပျမ်းမျှ အသား ၇အောင်စ ဝန်းကျင် နေ့စဉ် စားပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ အသီးအနှံကနေ အသားဓာတ် ရယူမယ်ဆိုရင်တော့ အနည်းဆုံး အသား ဓာတ်ပါရှိတဲ့ ၁၀အောင်စနဲ့ အထက် အသီးအနှံမျိုးစုံ စားပေးဖို့ လိုအပ်မှာပါ။
သံဓာတ်ပြည့်ဝပါစေ
အသားမှာ ဟီမီအိုင်းရွန်း (heme iron)လို့ဆိုတဲ့ အစာအိမ်ကနေ အလွယ်တကူ စုပ်ယူနိုင်တဲ့ သံဓာတ်ပါရှိပါတယ်။ အသီး အနှံတွေမှာတော့ မပါပါဘူး။ လူတယောက်ရဲ့ နေ့စဉ်ဘဝအတွက် သံဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ သံဓာတ် လိုအပ်ချက်ဟာ ကျား၊ မ အပေါ် မူတည်ပြီး ကွဲပြားပါတယ်။
ပျမ်းမျှ ကျား၊ မ အသက်အရွယ် မရွေး အားလုံး အတွက် တရက်ကို သံဓာတ် ၈ မီလီဂရမ် လိုအပ်ပါတယ်။ ဒါပေမယ့် အပျိုအရွယ် အမျိုးသမီးတွေမှာတော့ ဓမ္မတာနဲ့ အတူ သံဓာတ် ဆုံးရှုံးမှုများတာကြောင့် အဆိုပါအရွယ်တွေမှာ နေ့စဉ် သံဓာတ် ၁၈ မီလီဂရမ်ထိအောင် လိုအပ်တာ တွေ့ရပါတယ်။
အမဲသား ၃အောင်စလောက်မှာတော့ သံဓါတ် ၂ မီလီ ဂရမ်လောက် ပါရှိပြီး အခြား အသားတွေမှာတော့ ၁ မီလီဂရမ် လောက်ပဲ ပါရှိပါတယ်။
ဒါကြောင့် နေ့စဉ် လိုအပ်ချက်ပြည့်ဝအောင် အသားကို ပိုစားမယ်ဆိုရင်လည်း ရသလို တကယ်လို့ အသီးအနှံတွေကနေ သံဓာတ်ရအောင် စားမယ်ဆိုရင်တော့ အသီးအနှံတွေ စားချိန်မှာ တပါတည်း ဗီတာမင် C ဓာတ်အားကောင်းတဲ့ အစာနဲ့ တွဲဖက်စားသုံးပါ။
သင့်ရဲ့ အစာအိမ်ဟာ အသီးအနှံတွေဆီကနေ သံဓာတ်ကို လွယ်လွယ်နဲ့ မြန်မြန် မစုပ်ယူနိုင်ပါဘူး။ ဗီတာမင်C ပါရှိတဲ့ အ စာနဲ့ တွဲဖက်စားသုံးရင်တော့ စုပ်ယူ လွယ်တာကြောင့် လိုအပ်တဲ့သံဓာတ် ရရှိပါလိမ့်မယ်။
အသားအစားများရင်
သင့်အနေနဲ့ အထက်မှာ ပြောခဲ့တဲ့ အသားစားနှုန်းထားတွေထက် ပိုမိုတဲ့ အသားတွေကိုပဲ နေ့စဉ် စားသုံးမယ်ဆိုရင်တော့ သင်ဟာ ကင်ဆာရောဂါ ဒါမှမဟုတ် နှလုံးရောဂါ တခုခုနဲ့ သေဆုံးနိုင်ဖို့ ရာခိုင်နှုန်း ၁၃ထိအောင် ပိုများစေပါလိမ့်မယ်။
အထူးသဖြင့်တော့ အသင့်စား အသားတွေကို စားမယ်ဆိုရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ အသင့်ကြော်ပြီး ချက်ပြီး အသား တွေ၊ အသားပြားတွေ၊ အထားခံနိုင်အောင် ဖန်တီးထားတဲ့ အသားတွေကို စားသုံးမယ်ဆိုရင်တော့ ရာခိုင်နှုန်း ၂၀ ထိ အောင် တိုးလာပါလိမ့်မယ်။
ငါး၊ ပဲ၊ အဆီနည်းတဲ့ နို့ထွက် ပစ္စည်းတွေ၊ အခွံမာသီးတွေလို အသားဓာတ်ပါရှိတဲ့ အစာတွေကို စားမယ်ဆိုရင်တော့ ရောဂါဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၇ကနေ ၁၉ ရာခိုင်နှုန်းလောက်ထိအောင် ပြန်လည် လျှော့ချနိုင်မယ်လို့ သိရပါတယ်။
Ref: www.healthyeating.sfgate.com
The post တရက်ကို အသား ဘယ်လောက် စားသုံးသင့်သလဲ appeared first on ဧရာဝတီ.