မြန်မာနိုင်ငံ အနောက်ဘက်၊ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသ တလျှောက်ရှိ လုံခြုံရေးစနစ်ကို လက်ရှိထက် ပိုမိုကောင်းမွန်သော လုံခြုံရေး အစီအမံများဖြင့် ဆောင်ရွက်ရန်နှင့် နယ်စပ်တလျှောက် ခြံစည်းရိုးကာရံနိုင်ရန် ရခိုင် ပြည်နယ်လွှတ်တော်၌ အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
အထက်ပါ အဆိုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်သည် မိုင်ပေါင်း ၁၀ဝ ကျော် ရှည်လျားခြင်း၊ ဘတ်ဂျက် လုံလောက်မှုမရှိခြင်း စသည့် အခြေအနေများကြောင့် ခြံစည်းရိုး တံတိုင်းကာရံမည့် အစီအစဉ်သည် လက်တွေ့၌ မဖြစ်နိုင်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။ မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံမည့်အဆိုကို လွှတ်တော်၌ ဆွေးနွေးခဲ့ကြသော်လည်း မှတ်တမ်းအဖြစ်သာ ထားရှိကြောင်း သိရသည်။
ဦးဇော်ဇော်မြင့်က “ကျနော်ဆိုလိုတာက အုတ်တံတိုင်းကြီး တည်ဆောက်ဖို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် နယ်စပ် လုံခြုံရေးအတွက် လက်ရှိထက် ကောင်းမွန်တဲ့ လုံခြုံရေးစနစ်၊ ရေရှည်တည်တံ့မယ့် ခြံစည်းရိုးကို စနစ်တကျ ကာရံနိုင်ဖို့အတွက် အဆိုတင်သွင်းတာပါ ” ဟု ဧရာဝတီကို ပြောသည်။
နယ်စပ်လုံခြုံရေး ဆောင်ရွက်ရာ၌ ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် ခြံစည်းရိုး အပါအဝင် မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ အဘက်ဘက်က နည်းလမ်းပေါင်းစုံဖြင့် ကာကွယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများကို အမှန်တကယ် ကောင်းမွန်မှု၊ တိုးတက်မှု ရှိ၊ မရှိ ဆိုသည်ကို လွှတ်တော်က စောင့်ကြည့်ရန် လိုအပ်မည်ဟု ဦးဇော်ဇော်မြင့်က လွှတ်တော်တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
သံတွဲ မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက မောင်တော နယ်စပ်သည် ရှည်လျားပြီး၊ လုံလောက်သည့် ဘတ်ဂျက် မရှိခြင်းကြောင့် နယ်စပ်တလျှောက် တံတိုင်းကာရံရေး အစီအမံသည် လက်တွေ့ မကျကြောင်း၊ ထို့ကြောင့် လက်တွေ့ကျပြီး လက်ရှိထက် ကောင်းမွန်သည့် လုံခြုံရေး အစီအမံများကိုသာ ဦးစားပေး ဆောင်ရွက်သင့်သည်ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
“ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းကိုတောင် အုတ်တံတိုင်း မပြောနဲ့ ခြံစည်းရိုးတောင် မထိုးနိုင်တဲ့အချိန်မှာ နယ်စပ်မှာ ခြံစည်းရိုး တံတိုင်းကြီးေ ဆာက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ရေရှည်တည်တံမယ့် အကာအကွယ်မျိုးနဲ့ မျိုးချစ်စိတ်တို့နဲ့ပဲ ကာကွယ်ရပါမယ်” ဟု ဦးနိုင်ကြွေအေးက ဆိုသည်။
ရခိုင်အမျိုးသားပါတီ (ANP ) ကိုယ်စားလှယ် တချို့က မောင်တောဒေသ၌ နယ်စပ်ဒေသ လုံခြုံရေးကို အလေးထား ဆောင်ရွက်ခြင်းနှင့်အတူ တရားဥပဒေ စိုးမိုးမှုသည်လည်း အရေးပါကြောင်း၊ နယ်စပ်လုံခြုံရေး မည်မျှပင် ကောင်းမွန်စေမူ တရားဥပဒေ စိုးမိုးမှု မရှိပါက ဒေသတွင်း တည်ငြိမ်ရေး မရှိနိုင်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။
မောင်တောဒေသ၌ တရားဥပဒေ စိုးမိုးမှု အားနည်းနေပြီး နှစ်နိုင်ငံနယ်စပ်ကို အလွယ်တကူ ဝင်ထွက်သွားလာ နေခြင်းကြောင့် နယ်စပ်လုံခြုံရေး ကင်းစခန်းများကို တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နယ်စပ်လုံခြုံရေး အားနည်းချက်ကြောင့် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုမျိုးကဲ့သို့ နောက်ထပ်တဖန် ဖြစ်ပေါ်လာမည်ကို ရခိုင်ဒေသခံများက စိုးရိမ်နေကြကြောင်း ANP ကိုယ်စားလှယ်များက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက နယ်စပ်လုံခြုံရေးကို အလေးထား လုပ်ဆောင်နေပြီး၊ နယ်စပ်ခြံစည်းရိုး တလျှောက်တွင် ကင်းစခန်း ၅၂ ခု၊ တံတား ၉၆ စင်း တည်ဆောက်နေကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် စသည်ဖြင့် စနစ်တကျ လုပ်ဆောင်နေကြောင်း လွှတ်တော်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ ပြန်လည် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် အရာများကို ဘတ်ဂျက်အလိုက် လုပ်ဆောင်နေရကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးအတွက် လက်ရှိထက် ပိုမိုကောင်းမွန်သည့် လုံခြုံရေးစနစ်ဖြင့် ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက ဆက်ပြောသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ အနောက်တံခါးဟု ခေါ်ဆိုနေကြသည့် ရခိုင်-ဘင်္ဂလားနယ်စပ် လုံခြုံရေးအတွက် နိုင်ငံတကာ၏ နယ်စပ် ဒေသများတွင် ကာရံထားကြသည့် ခိုင်ခန့်သည့် တံတိုင်းကြီးမျိုးတခု အမှန်တကယ် လိုအပ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ခေတ်မီသည့် နယ်စပ်လုံခြုံရေး အစီအမံများကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင့် ANP ပါတီ ကိုယ်စားလှယ်များက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်း အစီအစဉ်ကို ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှ စတင် ဆောင်ရွက်ခဲ့သော်လည်း ဘဏ္ဍာရေး အခက်အခဲကြောင့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိပေ။ ဘဏ္ဍာရေး အခြေအနေ အပေါ် မူတည်၍ တဖြည်းဖြည်း ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သည် ကုန်းမြေထိစပ်မှု မိုင်ပေါင်း ၁၂၆ ဒသမ ၆၈ မိုင် ရှိပြီး၊ ရေမြေထိစပ်မှု မိုင် ၃၉ ဒသမ ၈၂ မိုင် ရှိကြောင်း သိရသည်။
လက်ရှိ ကာရံထားသည့် နယ်စပ်ခြံစည်းရိုးသည် မကြာခဏ ဖျက်ဆီးခံနေရကြောင်း၊ ထိုခြံစည်းရိုးမှ သံထည်ပစ္စည်းများကို မကြာခဏ ဖျက်ဆီးခိုးယူခံနေရပြီး မြန်မာ – ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ ကော့ဘဇားဈေး၌ ပြန်လည် ရောင်းချလေ့ရှိကြောင်း ကော့ဘဇားတွင် နေထိုင်သည့် မြန်မာများက ဧရာဝတီကို ပြောသည်။
The post အနောက်တံခါး လုံခြုံရေးစနစ် ပိုမိုကောင်းမွန်သည့် အစီအမံများ လိုအပ်နေ appeared first on ဧရာဝတီ.