၂၀၁၆ သည် မြန်မာ့နိုင်ငံရေးတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လူထုက ရွေးကောက် တင်မြှောက်သော အရပ်သားအစိုးရကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးစီးသော အရပ်သားတပိုင်း အစိုးရဟောင်းထံမှ ချောမွေ့စွာ အာဏာလွှဲပြောင်း ရယူနိုင်ခဲ့သည်။ ယင်း၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် လွှတ်တော်၊ အစိုးရနှင့် အာဏာနိုင်ငံရေးတို့တွင် မျက်နှာသစ်များကို မြင်တွေ့လာခဲ့ရသည်။ ထိုသို့ အရေးပါသော နှစ်အတွင်း ထူးခြားထင်ရှားပြီး လူအများ စိတ်ဝင်တစားဖြစ်ကြသူ ပုဂ္ဂိုလ်များအား ဧရာဝတီသတင်းအဖွဲ့က ရွေးချယ်ဖော်ပြအပ်ပါသည်။
ဒေါက်တာ စင်သီယာမောင်
မြန်မာပြည်ရဲ့ မာသာထရီဆာလို့ လူသိများတဲ့ ဒေါက်တာ စင်သီယာမောင်ဟာ ထိုင်း-မြန်မာ နယ်စပ်က ငွေကြေးချို့တဲ့သူ နွမ်းပါးသူလူတန်းစားတွေ၊ မဲဆောက်မြို့နယ်ထဲမှာရှိတဲ့ ရွှေ့ပြောင်း မြန်မာ လုပ်သားတွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည် မိသားစုတွေအရဲ့ ကျန်းမာရေး၊ ပညာရေးပိုင်းအတွက် မရှိမဖြစ် ပုဂ္ဂိုလ်တဦးလို့ ဆိုရမှာပါ။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ “မယ်တော် ဆေးခန်း” ခေါ် ကျောင်းသား ဆေးခန်းဟာ နှစ်နိုင်ငံ နယ်စပ်က မြန်မာ စစ်ပြေးဒုက္ခသည်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ အနယ်နယ်အရပ်ရပ်က လာတဲ့ ငွေကြေး ချို့တဲ့သူတွေရဲ့ အထွေထွေရောဂါတွေကို အတွင်းလူနာ၊ အပြင်လူနာ အဖြစ် နေ့စဉ် တရက်ကို ၃၀ဝ ခန့် အခမဲ့ ကုသပေးနေပါတယ်။ ဒါ့အပြင် စစ်ပြေးဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း မြန်မာလုပ်သားတွေရဲ့ ထောင်ချီတဲ့ ကလေးတွေကိုလည်း အခြေခံအဆင့်ကနေ အထက်တန်းအဆင့်အထိ ကျောင်းတွေ ဖွင့်လှစ်ပြီး အခမဲ့ သင်ကြားပေးနေတာပါ။
ကျောင်းသားအချို့ဆိုရင် ထိုင်းတက္ကသိုလ် တွေမှာတောင် တက်ရောက် ပညာသင်ကြားနေကြပါပြီ။ ဒီလို ဆောင်ရွက်မှုတွေကြောင့်ပဲ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ AidEx အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ် အတွက် လူသားချင်း စာနာမှု သူရဲကောင်းဆု (AidEx Humanitarian Hero Finalists 2016) ကို ရရှိခဲ့ပါတယ်။ ဒါဟာ သူ့အတွက် ၂၅ ခုမြောက် ဆုပါ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတံခါး ပွင့်စပြုလာတဲ့ အခြေအနေမှာ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့ ပေးနေကြတဲ့ အလှူရှင်တွေဟာ ပြည်တွင်းကို အာရုံစိုက်လာကြတာကြောင့် ကျန်းမာရေးနဲ့ ပညာရေး အခမဲ့ ဆောင်ရွက်ပေးနေမှုမှာ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒေါက်တာ စင်သီယာမောင်က ဆက်လက် ရပ်တည်နိုင်အောင် ကြိုးပမ်းနိုင်ခဲ့တဲ့အတွက် ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုတွေ အခြေမပျက် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒေါက်တာ စင်သီယာမောင်ဟာ ၁၉၈၈ လူထု အရေးတော်ပုံမှာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကို ရောက်ရှိခဲ့ပြီး မယ်တော်ဆိုတဲ့ ထိုင်းရွာလေးမှာ ဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသပေးခဲ့တာပါ။ ရှစ်လေးလုံး အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ မယ်တော်ဆေးခန်းကို မြန်မာတွေ အများစုကတော့ ကျောင်းသားဆေးခန်းလို့ ခေါ်ကြပါတယ်။
အရှင် ဇေယျာနန္ဒ
အောင်ဇေယျာမင်း ဘကကျောင်း ဆရာတော်လို့ လူအများသိကြတဲ့ အရှင် ဇေယျာနန္ဒကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ ငွေလင်ဗန်း စက်မှုဇုန် အနီးမှာ ဖွင့်လှစ်ထားတဲ့ အောင်ဇေယျာမင်း ပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဂေဟာကို စတင် တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ သက်တော် ၅၅ နှစ်၊ ဝါတော် ၃၅ နှစ်ရှိ အောင်ဇေယျာမင်း ဆရာတော် အရှင်ဇေယျာနန္ဒဟာ မိဘမဲ့ကလေးများ၊ မိဘရှိသော်လည်း ဆင်းရဲနွမ်းပါးတဲ့ ကလေးများရဲ့ ပညာရေး၊ အနာဂတ်အတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာကို ၂၀ဝ၂ ခုနှစ်က စတင် ထူထောင်ခဲ့တာ ယနေ့အထိ ဖြစ်ပါတယ်။
အရှင် ဇေယျာနန္ဒရဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသားကျောင်းသူ ၂၅၀ဝ ကျော် တက်ရောက် သင်ကြားနေပြီး ဖွံ့ဖြိုးရေးဂေဟာမှာ အမြဲနေထိုင်သူအဖြစ် စောင့်ရှောက်ထားရသူ ကလေး၊ လူငယ်၊ ကိုရင်နဲ့ သီလရှင် စုစုပေါင်း ၈၆၀ နီးပါးရှိတယ်လို့ သိရပါတယ်။
လှိှုုင်သာယာ မြို့နယ်တဝိုက်က ကလေးတွေအပြင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီးနောက်ပိုင်း ရောက်ရှိလာတဲ့ ကလေးတွေ၊ ရှမ်းပြည်နယ်ဘက်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကလေးတွေလည်း လာရောက်နေထိုင်ကာ ပညာ သင်ကြားနေတယ်လို့ သိရပါတယ်။ ဆရာတော်ရဲ့ ကျောင်းနဲ့ ဂေဟာမှာတော့ ဘာသာပေါင်းစုံက ကလေးတွေကို စောင့်ရှောက်ပေးထားပါတယ်။ ပရဟိတ ပညာရေးလုပ်ငန်း အပြင် အခမဲ့ဆေးကုခန်းကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။ “ဘုန်းဘုန်းက ဒီကလေးတွေကြောင့် စိတ်ညစ်တယ်၊ တာဝန်ပိတယ်ဆိုတာ မရှိဘူး။ ကလေးတွေကို စောင့်ရှောက်ရတာနဲ့ ပျော်နေတာပဲ။ သူတို့တွေ ဘဝကို ရပ်တည်နိုင်တယ်ဆိုရင် ပီတိဖြစ်ရတာပဲ။ အများအကျိုး အတွက် မလုပ်ပေးနိုင်ရင် ငါတို့ လူ့လောကကြီးကို ရောက်လာတာ အဓိပ္ပါယ်မဲ့သလားလို့ တွေးပြီး ပရဟိတ အကျိုးတွေကို ပိုပြီးလုပ်ဖြစ်တယ်။ ဒါက စတင်လုပ်ခဲ့ကတည်းက တွေးမိတဲ့ ခံယူချက်ပါ” လို့ အရှင် ဇေယျာနန္ဒက မိန့်ပါတယ်။
ဆရာမ နော်ဖောမေစေး
သတ္တိခဲ ကျေးလက် ကျန်းမာရေး စေတနာဝန်ထမ်း ဆရာမ နော်ဖောမေစေးရဲ့ လုပ်ရပ်က မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ကျေးလက်ဖွံ့ဖြိုးမှု လိုအပ်ပုံတွေကို မီးမောင်းထိုး သတိပေးနိုင်ခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ မိုင် ၂၀ ကျေးရွာမှာ ယခုနှစ် အောက်တိုဘာလအတွင်း ပယောဂဆရာဆိုသူက ကလေးငယ် ၃ ဦးကို ရိုက်နှက်သတ်ခဲ့ပါတယ်။ ၁၉ မိုင် (တာကုန်း) ကျေးရွာလေးမှာ ကျေးလက်ကျန်းမားရေး စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်နေတဲ့ နော်ဖောမေစေးဟာ မသင်္ကာတဲ့ စိတ်နဲ့ ဒီပယောဂဆရာ ဘယ်လို ကုလဲဆိုတာကို နောက်ယောင်ခံ လိုက်ရရာမှ ကလေးငယ်တွေကို ညှဉ်းပမ်းနှိပ်စက်တာတွေ့ရင်း မခံမရပ်နိုင်ဖြစ်ကာ ဝင်ရောက်တားဆီးခဲ့တယ်။ ကလေးငယ်တွေ ရိုက်နှက်မှုမှာ သေဆုံးခဲ့တာလည်း ဖော်ထုတ်နိုင်ခဲ့သလို ပယောဂဆရာရဲ့ နောက်ကိုလည်း စက်လှေငှား လိုက်ဖမ်းခဲ့ပါတယ်။
အပြစ်မဲ့ ကလေး ၃ ယောက် ဆိုးဝါးစွာ သေဆုံးသွားရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကြားသိရတဲ့သူတွေ တုန်လှုပ် ချောက်ချားမှုတွေနဲ့ အတူ ဂရုဏာ ဒေါသတွေလည်း ဖြစ်ခဲ့ကြရပါတယ်။ မိဘတွေ အသိပညာ ဗဟုသုတနည်းပါးမှုကို လူအများက ပြစ်တင်ဝေဖန်ခဲ့ကြတယ်။ ဗဟုသုတနည်းပါးတဲ့ သူတွေအပေါ် ပယောဂဆရာဆိုသူရဲ့ လှည့်စားခြိမ်းခြောက်ပြီး အကာအကွယ်မဲ့ ကလေးငယ်တွေ သတ်ဖြတ်ခံရမှုကို ဖော်ထုတ်နိုင်တာကြောင့် ဆရာမ နော်ဖောမေစေးရဲ့ လုပ်ရပ်ကို လူအများက အသိအမှတ်ပြုခဲ့ကြပါတယ်။
ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကို
မြန်မာနိုင်ငံအတွက် အလွန် မင်္ဂလာရှိတဲ့ သတင်းတခု မေ ၁၉ ရက်၊ မနက် ၇ နာရီ ၁၇ မိနစ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကို မြန်မာနိုင်ငံသား ၂ ဦး အောင်မြင်စွာ ခြေချနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဧဝရက်တောင် ထိပ်ရောက်ခဲ့ကြတဲ့ ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ နှစ်ဦးကို တပ်မတော်သားများ အားလုံးနဲ့ မိသားစုဝင်တွေက လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ (တခြား အဖွဲ့ဝင်တဦးဖြစ်သူ ကိုညီညီအောင်ကတော့ ခရီးလမ်းမှာ ကျန်းမာရေးအခြေအနေ ချွတ်ယွင်းသွားတာကြောင့် ဆရာဝန် အကြံပေးချက်အရ ဆက်မတက် ဖြစ်ခဲ့ပါဘူး။)
အမြင့်ပေ ၂၉၀၂၉ (၈၈၄၈ မီတာ) ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်တာ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်ပါတယ်။ အရင်ကလည်း တောင်ထိပ်တက် ရောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းအမျိးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး။ သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံသားထဲက ဧဝရက်တောင်မှာ ပထမဆုံး ခြေချနိုင်ခဲ့ကြတဲ့ တောင်တက်သမားနှစ်ဦး ဖြစ်ပါတယ်။
ဧဝရက်တောင်ထိပ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တာက ၁၉၅၃ ခုနှစ် မေလ ၂၉ ရက်နေ့က ဖြစ်တယ်။ အက်ဒ်မန့် ဟီလာရီ (Edmund Hillary) နဲ့ တန်ဇင် နော်ဂေး (Tenzing Norgay) တို့နှစ်ယောက် ဖြစ်ပါတယ်။ ကမ္ဘာ့ အသက်အကြီးဆုံး တောင်တက်သမားက ဂျပန်နိုင်ငံသား ယူရီချီရို မီအူရာ (Yuichiro Miura) ဖြစ်ပြီး ဧဝရက်တောင်ကို နောက်ဆုံးအခေါက် တက်ချိန်မှာ အသက် ၈၀ ကျော်လို့ ၂၂၄ ရက် စွန်းနေပါပြီ။ အသက်အငယ်ဆုံး တောင်တက်သမားက အမေရိကန်နိုင်ငံသား အသက် ၁၃ နှစ် ၁၀ လ ၁၀ ရက်သားအရွယ် ဂျော်ဒန် ရိုမီယို (Jordan Romeo) ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေ ၂၂ ရက်နေ့က ဧဝရက်တောင်ကို တက်ရောက်ခဲ့တာ ဖြစ်တယ်။
ကိုဉာဏ်ကျယ်စေ
ကိုနိုင်ကောင်းဉာဏ် (ခ) ဉာဏ်ကျယ်စေဟာ ၂၀၁၆ ခုနှစ်မှာ “My Life I Don’t Want” (ကျမ မလိုချင်တဲ့ ကျမဘဝ) လို့ အမည်ရတဲ့ Animation ဇာတ်လမ်းနဲ့ နိုင်ငံတကာ ကာတွန်း ရုပ်ရှင် Film Festival တွေမှာ ဆုပေါင်းများစွာ ရရှိထားတဲ့ Animation Artist တယောက် ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဉာဏ်ကျယ်စေဟာ ၂၀၁၅ ခုနှစ်ကတည်းက “I wanna go to school” (ကျောင်းတက်ချင်တယ်) ဆိုတဲ့ ဇာတ်ကားနဲ့ “လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်” မှာ The Best Animation (March 13) ဆုကို ရရှိခဲ့ဖူးပြီး၊ ၂၀၁၆ ခုနှစ်မှာလည်း “My Life I Don’t Want” ဇာတ်ကားနဲ့ The Best Animation ဆု ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။
“My Life I Don’t Want” ဇာတ်ကားဟာဆိုရင် ၂၀၁၆ ခုနှစ် အတွင်းမှာ နိုင်ငံတကာက ကာတွန်း ရုပ်ရှင်တို ပြိုင်ပွဲများမှာ ပထမဆုံးအကြိမ် ထုတ်လုပ်ပြသချိန်ကနေ နိုဝင်ဘာလကုန်အထိ ရရှိခဲ့တဲ့ နိုင်ငံတကာဆုပေါင်း၊ စုစုပေါင်း ၂၀ ဆု ပြည့်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ “My Life I Don’t Want” ဇာတ်ကားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့၊ သြစတြေးလျ နိုင်ငံ၊ ဆစ်ဒနီမြို့တော်မှာ ပြုလုပ်မယ့် “26th Flickerfest International Short Film Festival 2017” (၂၆ ကြိမ်မြောက် အော်စကာဆု အဆင့်မီ အသိအမှတ်ပြု ရုပ်ရှင်ပွဲတော်) မှာ ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။
ကာတွန်း အော်ပီကျယ်ရဲ့ သားတဦး ဖြစ်တဲ့ ဉာဏ်ကျယ်စေဟာ ဝါသနာအရ Animation ရေးဆွဲခြင်း အပြင် လက်ရှိ ရန်ကုန်မြို့၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) မှာ ပညာသင်ကြားရင်း House Surgeon ဆင်းနေတဲ့ ဆေးကျောင်းသား၊ အနာဂတ်ရဲ့ ဆရာဝန်လောင်း လူငယ်တဦး ဖြစ်ပါတယ်။
ကိုဇော်ဇော်
မန္တလေးစာကြည့်တိုက် ဇော်ဇော်လို့ လူသိများတဲ့ ကိုသိန်းဇော်ဟာ ငါးကင်ရောင်းရင်း အခမဲ့ စာကြည့်တိုက် ဖွင့်ခဲ့ရာကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် ပေးအပ် ချီးမြှင့်တဲ့ လူငယ်ဆုကို ရရှိခဲ့သူ အသက် ၂၆ နှစ်အရွယ် လူငယ်တဦး ဖြစ်ပါတယ်။
ကိုဇော်ဇော်ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့အပိုင် ကန်ဒေါကျေးရွာ အုပ်စု၊ စည်သာကျေးရွာမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဟာ ပညာအရည်အချင်း ၄ တန်း အောင်နဲ့ ကျောင်းထွက်ခဲ့ရပြီး ရန်ကုန်မြို့၊ လှည်းတန်းတဝိုက်မှာ ငါးကင်ရောင်းရင်း ကိုယ်ထူကိုယ်ထ၊ အခမဲ့ စာကြည့်တိုက် ဖွင့်လှစ် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေ သူ့စာကြည့်တိုက်ကနေ စာအုပ်စာပေများများ ဖတ်ဖို့နဲ့ စာအုပ်တွေကနေတဆင့် အသိပညာ ဗဟုသုတတွေ ရစေလိုတာကြောင့် ဖြစ်ပါတယ်။ ဒီလို စိတ်စေတနာနဲ့ ငါးကင်ရောင်းရင်း တဖက်ကနေ စာကြည့်တိုက် အလုပ်ကို တကိုယ်တော် ပရဟိတ လုပ်ငန်းအဖြစ် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
ကိုဇော်ဇော်ဟာ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံအတွင်း လူမှုအဖွဲ့အစည်းအတွက် လိုအပ်သည့် လုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူ/ အဖွဲ့အစည်းများအား ပြည်ပရောက် မြန်မာမိသားစုများက စုပေါင်းဂုဏ်ပြုကြတဲ့ “Citizen of Burma Award” (အထူးဆု) ရရှိခဲ့ပါတယ်။
ကိုဇော်ဇော်ရဲ့ မန္တလေး အခမဲ့ စာကြည့်တိုက် ဖွင့်ချိန်ဟာဆိုရင် မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပြီး လိပ်စာကတော့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အောင်မေတ္တာ ၄ လမ်းမှာ တည်ရှိပါတယ်။ ၂၀ဝ၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ ကိုဇော်ဇော်ရဲ့ စာကြည့်တိုက်လေးဟာ အခုဆိုရင် တည်ထောင်ခဲ့တာ ၉ နှစ် ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှ အလှူရှင်များက စာအုပ်များ အမြဲလှူဒါန်းလျက် ရှိတယ်လို့ သိရပါတယ်။
ဝေလ
၂၀၁၁ ခုနှစ် လောက်ကစပြီး အနုပညာလောကထဲကို စတင ်ဝင်ရောက်လာခဲ့တဲ့ အဆိုတော် ဝေလဟာ လူငယ်၊ လူကြီး ပရိသတ် အားလုံးကြိုက်ကြတဲ့ အဆိုတော်တဦးလို့ ဆိုနိုင်ပါတယ်။ တေးသီချင်းများကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေကို ဖန်တီးနိုင်တဲ့ အဆိုရှင်တဦးလည်းဖြစ်တဲ့ ဝေလက လက်ရှိမှာ တကိုယ်တော် တေးစီးရီး ၃ ခွေနဲ့ Mini Album တချပ် ထွက်ရှိပြီးသား အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။
ပထမဆုံးထွက်ရှိခဲ့တဲ့ “၁၉၈၂ ခုနှစ်” တေးစီးရီးကတော့ ပရိသတ်တချို့သာ သတိထားမိပြီး အောင်မြင်ခဲ့တဲ့ တေးစီးရီးခွေတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယ တေးစီးရီးဖြစ်တဲ့ “မိတ်ကပ်မကြိုက်သော သီချင်းများ” တေးစီးရီးကတော့ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ တေးစီးရီးတခွေ ဖြစ်ခဲ့ပါတယ်။ ဒီတေးစီးရီးကြောင့် ဂီတနဲ့ပတ်သက်တဲ့ ဆုအများအပြားလည်း ရရှိခဲ့ပြီး အဆိုတော် ဝေလဟာ အောင်မြင်တဲ့ ဂီတသမားတဦး ဖြစ်လာခဲ့ပါတယ်။
ရွှေ FM နှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ထုတ်ဝေခဲ့သော တေးစီးရီးမှာ ပါဝင်ခဲ့တဲ့ “ဆိုင်းဘုတ်ကိုင်ပြီး လမ်းလျှောက်မယ်” တေးသီချင်းဟာ ပရိသတ်များအကြား ရေပန်းစား အောင်မြင်ခဲ့ပါတယ်။ ခေတ်ကို မျက်ခြေမပြတ်ဘဲ အံ့ဝင်ခွင်ကျ ဖြစ်စေမယ့် စာသားအကြောင်းအရာများကို သီကုံးရေးစပ်တတ်တဲ့ အဆိုတော်တဦး ဆိုရင်လည်း မမှားပါဘူး။
အဲဒီနောက်မှာတော့ တတိယ တေးစီးရီးဖြစ်တဲ့ “အဓိပတိဖွား” ဆိုတဲ့ တကိုယ်တော် တေးစီးရီးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်းမှာ ဖြန့်ချိလိုက်ပြီး ဒီတေးစီးရီးဟာ အဆိုတော် ဝေလအတွက် ဒုတိယတကြိမ် အောင်မြင်မှု ရရှိခဲ့တဲ့ တေးစီးရီး ဖြစ်လာပြန်ပါတယ်။ အနုပညာအရ အောင်မြင်ခဲ့ပြီး ငွေကြေးအရဆိုရင်တော့ အွန်လိုင်းမှာ ကော်ပီပွားကြလို့ မူရင်းအခွေ ရောင်းအားက ထင်သလောက် မရရှိခဲ့ဘူးလို့ သိရပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့ဟာ အဆိုတော် ဝေလရဲ့ မွေးနေ့ဖြစ်တာကြောင့် မွေးနေ့ အမှတ်တရအဖြစ် “ကုတင်အမှတ် ၁၈” ဆိုတဲ့ တေးသီချင်း ၃ ပုဒ် ပါဝင်တဲ့ Mini Ablum ကို ဖြန့်ချိခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာ အဆိုတော်ဝေလရဲ့ တေးသီချင်းတွေဟာ ပရိသတ်ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ်အတွင်း အောင်မြင်ကျော်ကြားတဲ့ အဆိုရှင်တဦး ဖြစ်ပါတယ်။
မနော
ဒီနှစ်ကုန်ပိုင်းလောက်မှာ နာမည်ကြီး အဆိုတော်တွေ အားလုံးကို ဖြတ်ကျော်ပြီး သီချင်းတပုဒ်ကြောင့် အောင်မြင် ကျော်ကြား လူသိများတဲ့ အဆိုရှင်တဦးကတော့ မနော ဖြစ်ပါတယ်။ အသံနေအသံထားက သူများနဲ့မတူဘဲ ကွဲပြားနေတဲ့ အဆိုရှင် မနောရဲ့ “ဗိုလ်အောင်ဒင်” တေးသီချင်းက ကထိန်ပွဲမှ စတင်ကာ မြန်မာပြည် တနံတလျားက ပရိသတ်အကြား အရမ်းအောင်မြင်ခဲ့တဲ့ တေးသီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။
“ငါက ဗိုလ်အောင်ဒင် … နင်က ဒါကို မမြင်” ဆိုတဲ့ ဒီ တေးသီချင်းမှာ ပါဝင်တဲ့စာသားတွေဟာ ကလေး၊ လူကြီး အကုန်လုံး ပါးစပ်ဖျားပေါ် ရောက်ခဲ့တာကြောင့် အဆိုရှင် မနောကို လူသိများလာတာဖြစ်ပြီး မနောရဲ့ အရင်သီဆိုခဲ့တဲ့ တေးသီချင်းများကိုလည်း ပရိသတ်များက ပြန်လည်ပြီး စိတ်ဝင်တစား ရှိလာကြပါတယ်။ “ကြာဖြူ”၊ “သနပ်ခါးလေး”၊ “ချစ်တယ်” အစရှိတဲ့ တေးသီချင်းများကို ပရိသတ် လက်ခံအားပေးမှုများရရှိခဲ့တဲ့ အဆိုရှင် မနောက ဂီတကိုဝါသနာ ပါတဲ့အတွက် ဂီတလမ်းပေါ် လျှောက်လှမ်းနေတာ ဆယ်စုနှစ်နီးပါးလည်း ရှိတော့မှာ ဖြစ်ပါတယ်။ “အဆင်ပြေတဲ့နေ့” အမည်ရတဲ့ တကိုယ်တော်တေးစီးရီးခွေနဲ့ အဆိုရှင် လှိုင်ဦးမော်နဲ့တွဲဖက်ပြီး တေးစီးရီးနှစ်ခွေ ထွက်ရှိပြီးသား အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ “ဗိုလ်အောင်ဒင်” သီချင်းပါဝင်တဲ့ “ချမ်းမြေ့ပါစေ … အမေ” ဆိုတဲ့ တကိုယ်တော် တေးစီးရီးကိုလည်း ထပ်မံဖြန့်ချိထားပါတယ်။ “ဗိုလ်အောင်ဒင်” သီချင်းကြောင့် လူသိများပြီး အောင်မြင်ခဲ့တဲ့ အဆိုရှင် မနောရဲ့အောင်မြင်မှုကလည်း ကြောက်မခန်း လိလိပါပဲ။ ဒီ သီချင်းကြောင့်ပဲ သူ့ကို ပရိသတ် ပိုမိုလက်ခံအားပေးခဲ့ပြီး လက်ရှိမှာ နယ်ရှိုးပွဲတွေ တော်တော်များများမှာ သီဆိုနေရပါတယ်။
အက်စသာ ထုဆန်
မြန်မာနိုင်ငံမှ ထောင်နဲ့ချီသော ရေလုပ်သားများ ကျွန်ပြုခံရပြီး ငါးဖမ်းလှေများပေါ်မှာ နာရီပေါင်းများစွာ အဓမ္မ အလုပ် စေခိုင်း ခြင်းခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတကျွန်းသို့ ဧည့်သည်အဖြစ် သွားရောက်ခဲ့ပါတယ်။ သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံသို့ လူကုန်ကူးခြင်းခံရတဲ့ ခေတ်သစ်ကျေးကျွန်များ ဖြစ်ကြပါတယ်။ ပထမဆုံး အနေနဲ့ အက်စသာ ထုဆန်က ရေလုပ်သားများနဲ့အတူ လည်ပတ် အရက်သောက်ခဲ့ပါတယ်။ နောက်ပိုင်းကျမှ လူကုန်ကူးမှုအကြောင်း သတင်းရေးသားဖို့ ရောက်ရှိလာတဲ့ သတင်းထောက်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
အဆိုပါ ကျွန်းများဆီသို့ အင်ဒိုနီးရှား ပင်မကုန်းမြေမှနေ၍ သင်္ဘောများနဲ့ သွားနိုင်သော်လည်း လွယ်ကူတဲ့ ခရီးတခု မဟုတ်ပါ။ သတင်းအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဖို့ ကျွန်းကို အကြိမ်များစွာ သွားရောက်ခဲ့ပါတယ်။ လူကုန်ကူးတဲ့ မာဖီးယားများက နေရာတိုင်းမှာ ရှိနေတာကို သူသိပေမယ့် စွန့်စားခဲ့ပါတယ်။ ရက်၊ လ၊ နှစ်နဲ့ ချီပြီး စုံစမ်း ထောက်လှမ်းစဉ် အတွင်း ထိုင်းနိုင်ငံ၊ မဟာချိုင်ကိုလည်း သွားရောက်ခဲ့ပါတယ်။ အန္တရာယ် များခဲ့ပေမယ့် သူနဲ့ သူ့အဖွဲ့ရဲ့ စုံစမ်းထောက်လှမ်း ရေးသားမှုကြောင့် ထောင်နဲ့ချီသော မြန်မာနိုင်ငံသား ရေလုပ်သားများ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ဒီ ကြိုးပမ်းမှုကြောင့် သူနဲ့ သူ့အဖွဲ့သားများ ၂၀၁၆ ခုနှစ်အတွက် ပူလစ်ဇာဆု ရရှိခဲ့ပါတယ်။ အက်စတာ ထုဆန်က ကချင်တိုင်းရင်းသူတဦး ဖြစ်ပါတယ်။
ကိုဆွေဝင်း
ကိုဆွေဝင်းက စာနယ်ဇင်းသမားတဦးဖြစ်ပါတယ်။ ဒါပေမယ့် အသက်မပြည့်သေးတဲ့ အိမ်အကူ မိန်းကလေး ၂ ယောက်အတွက် တရားလိုအဖြစ် ရပ်တည်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ အိမ်အကူ မိန်းကလေးများရဲ့ ကိုယ်ခန္ဓာမှာ ဆိုးရွားစွာ နှိပ်စက်ခံထားရတာကို သူ တွေ့မြင်ခဲ့ပါတယ်။ မိန်းကလေး ၂ ဦးအပေါ် ကျူးလွန် နှိပ်စက်ခဲ့ခြင်းများအတွက် ရန်ကုန်မြို့ရှိ၊ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် မိသားစုက လျော်ကြေးပေး ကျေအေးခဲ့ပေမယ့် သူက တရားစွဲမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။ တရားမျှတမှုအတွက် သူတိုက်ပွဲ ဝင်ရတဲ့ ရည်ရွယ်ချက်က အပြစ်ကျူးလွန်သူတွေကို တရားရုံးတင် စစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့၊ မိန်းကလေး ၂ ဦးအတွက် တရားမျှတမှု ရရှိဖို့ ဖြစ်ပါတယ်။
မီဒီယာတွေမှာ အဆိုပါ အမှုအကြောင်း ဖော်ပြခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်မှုတွေ စတင်ပြုလုပ်ကာ အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင် ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားရုံးမှာ စစ်ဆေးလျက်ရှိပါတယ်။ လွှတ်တော်မှာလည်း အဆိုပါ မိန်းကလေး ၂ ဦး နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးရတဲ့အဆင့်ကို ရောက်ခဲ့ပြီး ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းရာမှာ အားနည်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အဖွဲ့ဝင်တချို့ကို နုတ်ထွက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြစ်အောင် ဆောင်ရွက်နိုင်တဲ့အတွက် ပြည်သူများက ကိုဆွေဝင်းရဲ့ ပါဝင်ဆောင်ရွက်မှုကို အားပေးဂုဏ်ပြုခဲ့ကြပါတယ်။
ဒေါက်တာခင်မောင်လွင်
Fame ဆေးဝါးလုပ်ငန်း တည်ထောင်သူနဲ့ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ ခင်မောင်လွင်ဟာ မြန်မာ အော်ဂင်းနစ် ဆေးဝါးလုပ်ငန်းတွင် စွန့်ဦးတီထွင်သူတဦးဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်လုပ်ငန်းကို ၂၀ဝ၃ ခုနှစ်မှာ စတင် ထူထောင်ပြီး Fame ဆေးဝါးလုပ်ငန်းဟာ ပြည်တွင်း ထုတ်ကုန်များအပေါ် အဓိကအခြေခံကာထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံမှာ အော်ဂဲနစ်ဆေးဝါး ထုတ်လုပ်တဲ့တခုတည်းသော ကုမ္ပဏီဖြစ်ပါတယ်။ ဆရာဝန်အဖြစ် တာဝန်ထမ်ဆောင်ခဲ့တဲ့ ဒေါက်တာ ခင်မောင်လွင်ဟာ အောဂဲနစ် စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကိ်ုလည်း ရေးသားပြုခြင်း၊ ရုပ်သံဆွေးနွေးပွဲနဲ့ တက္ကသိုလ် ဆွေးနွေးပွဲတွေမှာ ပါဝင်ခြင်းတွေ လုပ်ဆောင်နေပါတယ်။ Fame ဆေးဝါးလုပ်ငန်းဟာ ယခုနှစ်အတွက် အာဆီယံ စီးပွားရေးလုပ်ငန်းများရဲ့ လူမှုတာဝန်ကျေပွန်မှုဆု Asean Business Awards for Corporate Social Responsibility ရရှိသူများအနက် တခုအပါအဝင် ဖြစ်ပါတယ်။
ဒေါ်ဝင်းဝင်းတင့်
ဒေါ်ဝင်းဝင်းတင့်ဟာ မိသားစု ဆူပါမားကက် လုပ်ငန်းကို စတင်ချိန် ၁၉၉၆ ခုနှစ်ကစပြီး နိုင်ငံတဝန်း မြို့ကြီးများမှာ စီးတီးမတ် ဆိုင်ခွဲ တဒါဇင်ကျော်နဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဈေးကွက်များအနက် တခုအဖြစ် ချဲ့ထွင်ခဲ့သူ ဖြစ်ပါတယ်။ City Mart Holdings ရဲ့ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်ဟာ စီးတီးမတ် အပြင် အိုးရှင်း ဆူပါစင်တာနဲ့ တခြား လက်လီ စတိုးဆိုင်များရဲ့ နောက်ကွယ်မှာလည်း ရှိနေပါတယ်။ ၂၀၁၅ မှာ ဒေါ်ဝင်းဝင်းတင့်ဟာ Forbe မဂ္ဂဇင်းက ရွေးချယ်တဲ့ အာရှဒေသမှာ သြဇာ အကြီးများဆုံးသော စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ စာရင်းမှာ ပါခဲ့ပြီး ပထမဆုံး အဲဒီလို ဖော်ပြခံရတဲ့ မြန်မာ အမျိုးသမီး ဖြစ်ပါတယ်။ City Mart Holdings ဟာ ယခုနှစ် အာဆီယံ လူငယ် စီးပွားရေး လုပ်ငန်းစဉ်ဆု Asean Business Award လည်း ရရှိခဲ့ပါတယ်။
နန်းလိုင်ခမ်း
ကမ္ဘောဇ ကုမ္ပဏီများအုပ်စု ဆက်ခံသူများအနက် တဦးဖြစ်တဲ့ နန်းလိုင်ခမ်းဟာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကဏ္ဍ ဦးဆောင်မှုရဲ့ ထွန်းသစ်စ မျက်နှာသစ် ခေါင်းဆောင်များအနက် တဦးအဖြစ် ကိုယ်စားပြုနိုင်ပါတယ်။ တခြား ယှဉ်ဘက် ကုမ္ပဏီတွေ အမေရိကန် စီးပွားရေး အရေးယူ ပိတ်ဆို့မှုက လွတ်မြောက်အောင် ကြိုးစားနေရစဉ်မှာ ကမ္ဘောဇ ကုမ္ပဏီများအုပ်စုကတော့ အရေးယူပိတ်ဆို့မှုရဲ့ ပစ်မှတ် မဖြစ်ခဲ့ပါဘူး။ ၂၀၁၁ ကစပြီး ကမ္ဘောဇဘဏ်ဟာ ထိပ်ဆုံး အခွန်အများဆုံး ပေးဆောင်သူ စာရင်းမှာ ပါခဲ့ပါတယ်။ အသက် ၂၇ နှစ်ရွယ်ရှိ နန်းလိုင်ခမ်းဟာ စီးပွားရေး လုပ်ငန်းများရဲ့ လူမှုတာဝန် ကျေပွန်မှုဆိုင်ရာ လုပ်ဆောင်မှုနဲ့ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းကနေ ဆောင်ရွက်ချက်များကလည်း ထူးခြားပါတယ်။ သူက ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ကမ္ဘောဇ ပရဟိတလုပ်ငန်းဟာ ရှမ်းပြည်နယ် မိုးခေါင်ရေရှားဒေသများမှာ ၂၀ဝ၈ ခုနှစ်ကစပြီး ရေတွင်းတူးခြင်း၊ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး၊ အမျိုးသမီးများ လုပ်ပိုင်ခွင့် ပိုရရေး၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ ပါဝင်လုပ်ဆောင်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ နန်းလိုင်ခမ်းဟာ Forbes ရဲ့ စောင့်ကြည့်ရမည့်သူ တဒါဇင်စာရင်မှာလည်း ပါဝင်ခဲ့ပါတယ်။
The post People of 2016 (ဒုတိယပိုင်း) appeared first on ဧရာဝတီ.