၅၂ နှစ်ကြာခဲ့ပြီဖြစ်သော ကိုလံဘီယာ စစ်ပွဲအဆုံးသတ်ရေး အစိုးရနှင့် သူပုန်များကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရယူရန် ကိုလံဘီယာ ပြည်သူများက ငြင်းပယ်လိုက်ခြင်းက ပဋိပက္ခများဆီသို့ အလိုအလျောက် ပြန်သွားခြင်းတခုဟု မဆိုလိုပါ။ သို့သော်လည်း လှမ်းကိုင်နိုင်လောက်အောင် နီးကပ်နေပြီဟု ထင်ခဲ့ရသည့် ငြိမ်းချမ်းရေး အလားအလာများက အလှမ်းဝေးသည့် အလားအလာတခု ပြန်ဖြစ်သွားခဲ့သည်။
အစိုးရနှင့် FARC မှ စေ့စပ် ညှိနှိုင်းသူများ ကျူးဘားနိုင်ငံ ဟာဗားနားမြို့တော်တွင် ၄ နှစ်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် သဘောတူညီချက်ကို စတင် အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေခဲ့သည်။ သမ္မတ Juan Manuel Santos နှင့် FARC ခေါင်းဆောင် Timochenko တို့ က အခန်းအနားတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ကုလသမဂ္ဂ စောင့်ကြည့်သူများကလည်း ပေါင်းစည်းရေး နှင့် FARC မှ တိုက်ခိုက် ရေး အဖွဲ့ဝင် ၅၈၀၀ လက်နက်စွန့်လွှတ်ခြင်းကို စောင့်ကြည့်ရန် အသင့် ဖြစ်နေခဲ့သည်။ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီကလည်း ကိုလံဘီယာကို ယခုနှစ် ငြိမ်းချမ်းရေးဆု ပေးအပ်ရန် စဉ်းစားနေခဲ့သည်ဟုလည်း သိရသည်။
သို့သော်လည်း အောက်တိုဘာလ ၂ ရက်နေ့က ဆန္ဒခံယူပွဲပြုလုပ်သည့် အခါ မဲကွာခြားချက်က အလွန်နည်းပါးသော် လည်း ကိုလံဘီယာ ပြည်သူများက ငြိမ်းချမ်းရေးကို ဆန့်ကျင်ခဲ့ကြသည်။ တရားဝင် မဲဆန္ဒပေးခွင့်ရှိသူများ၏ ၃၇ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကန့်ကွက်သူက ၅၀.၂ ရာခိုင်နှုန်း ရှိပြီး ထောက်ခံသူ က ၄၉.၇ ရာခိုင်နှုန်း ရှိသည်။
ရလဒ်က အစိုးရ၊ FARC နှင့် လေ့လာဆန်းစစ်သူများကို အံ့အားသင့်စေခဲ့သည်။ ဆန့်ကျင်ခဲ့သူများကိုယ်တိုင်ပင် အံ့သြစေ ခဲ့သည်။ ဗြိတိန် အခြေစိုက် ငြိမ်းချမ်းရေး အတိုင်ပင်ခံအဖွဲ့အစည်း တခုဖြစ်သည့် Conciliation Resources မှ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူတယောက် ဖြစ်သည့် Kristian Herbolzheimer က “မျှော်လင့်ထားတာနဲ့ လက်တွေ့က ကွာခြားနေပါတယ်” ဟု ပြောသည်။
စစ်ပွဲဆီသို့ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်နေမှုများ သက်သာစေရန် အစိုးရနှင့် FARC တို့က စိတ်ပျက်စရာ ဖြစ်ခဲ့ရ သော်လည်း ငြိမ်းချမ်းရေးကို ဆက်လက်တောင်းဆိုသွားမည်ဟု အလျှင်အမြန် ထုတ်ပြန်ခဲ့ကြသည်။ ပြီးခဲ့သည့် တလကျော် က ရရှိခဲ့သည့် ၂ ဦးသဘောတူ အပစ်အခတ်ရပ်စဲရေးက ဆက်လက်တည်ရှိနေမည်ဟု သမ္မတ Juan Manuel Santos က ပြောကြားခဲ့သလို FARC ကလည်း သူတို့အနေဖြင့် “လက်နက်များအစား စကားလုံးများကိုသာ သုံးစွဲသွားမည်”ဟု ပြောခဲ့ သည်။
ယခုအခါ ငြိမ်းချမ်းရေးဖြစ်စဉ်က သတ်မှတ်ချက် အသစ်များဖြင့် ဆက်သွားလိမ့်မည်ဟု Kristian Herbolzheimer က ပြော သည်။“ငြိမ်းချမ်းရေးဟာ အစိုးရနဲ့ FARC ကြားက ဆွေးနွေးမှု သက်သက်ပဲ ဖြစ်တော့မှာ မဟုတ်ဘူး။ သူတို့ အနေနဲ့ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ အနေ အထားရောက်အောင် ပြောင်းလဲပေးနိုင်မယ့် တီထွင်ဆန်းသစ်ထားတဲ့ အဖြေတွေ ရှာဖွေရပါတော့မယ်” ဟု သူကဆို သည်။
ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆန့်ကျင်သည့် သမ္မတဟောင်း Alvaro Uribe ဦးဆောင်သော လှုပ်ရှားမှု အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း အားလုံးပါဝင်သည့် ဆွေးနွေးမှုတခု ပြုလုပ်ရန် သမ္မတ Juan Manuel Santos က က တောင်းဆိုခဲ့ ပြီး ဖြစ်သည်။ Juan Manuel Santos သည် ယခင်က Alvaro Uribe ၏ ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့သော်လည်း Juan Manuel Santos သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး နောက်ပိုင်းတွင် သူတို့ ၂ ဦးက ခါးသီးသော ရန်ဘက်များဖြစ် လာသည်။ FARC နှင့် ပတ်သက်၍ လက်ရှိ သမ္မတက သမ္မတဟောင်း၏ တင်းမာသော မူဝါဒကို ဆက်လက် ကျင့်သုံးခြင်း မပြုဘဲ လက်နက်ကိုင်များနှင့် ဆွေးနွေး ညှိနှိုင်းရေးကို ဆောင်ရွက်ခဲ့သည်။
သူတို့ရရှိထားသည့် သဘောတူညီချက်တွင် FARC က မူးယစ်ဆေးကုန်သွယ်ရေး နှင့် ပတ်သက်မှုကို ဖြတ်တောက်ရန်၊ သူတို့၏ လက်နက်များကို စွန့်လွှတ်ရန် နှင့် နိုင်ငံရေးလှုပ်ရှားမှုတခု အဖြစ် အသွင်ကူးပြောင်းရန် အတွက် အကူအညီ ပေးခြင်းများလည်း ပါဝင်သည်။ အောက်ခြေအဆင့် တပ်သားများမှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည် ဖြစ်ပြီး ခေါင်းဆောင် များမှာ အထူးခုံရုံး တခုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အကယ်၍ သူတို့က ဝန်ခံခဲ့လျှင် အပြစ်ပေးမှုက ထောင်ဒဏ် အနည်းငယ်မျှသာ ဖြစ်သည်။
Alvaro Uribe က FARC နှင့် ရရှိခဲ့သော သဘောတူညီချက်သည် အရေးကြီးသည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိခဲ့ သော ခေါင်းဆောင်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးထားပြီး ရာဇဝတ်သားများကို နိုင်ငံရေးတွင် ပါဝင်ခွင့်ပြုထားကြောင်း၊ ကိုလံဘီယာနိုင်ငံ၏ အခြေခံ ဥပဒေကို ထိခိုက်စေနိုင်ကြောင်း ပြောသည်။
သို့သော်လည်း သဘောတူညီချက် အသစ်တခု လုပ်နိုင်ခြင်း ရှိမရှိက မသေချာသေးပါ။ “ခုအချိန်မှာ ဝန်ထုပ်ဝန်ပိုးက Alvaro Uribe ဆီရောက်နေပြီးတော့ သူ့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တခု ပေါ်လာနိုင်တယ်ဆိုတာ သက်သေပြ ရမှာ ဖြစ်ပါတယ်။ ဘယ်ဟာက ဖြစ်နိုင်သလဲ၊ ဘယ်ဟာက မဖြစ်နိုင်ဘူး ဆိုတာပြောဖို့ ခက်ခဲပါတယ်” ဟု Kristian Herbolzheimer က ပြောသည်။
မေလအတွင်းက ဟာဗားနားတွင် ဆွေးနွေးရန် FARC ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့သော်လည်း Alvaro Uribe နှင့် FARC ခေါင်းဆောင် Timochenko တို့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှု တခု မကြာမီပေါ်ပေါက်လာနိုင်သည်ဟု လေ့လာ ဆန်းစစ် သူတဦး ဖြစ်သော Hector Riveros က ပြောသည်။
သူတို့တွင် တူညီသော စိတ်ဝင်စားမှုတခု ရှိသည်။ သမ္မတဟောင်း Alvaro Uribe နှင့် FARC ခေါင်းဆောင် Timochenko တို့ ၂ ဦးလုံးက ၁၉၉၁ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရေးအတွက် ညီလာခံတခု ခေါ်ယူရန် တောင်းဆိုထားကြသည်။ ထို ညီလာခံက ကိုလံဘီယာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် ရှုပ်ထွေးသော အခြေအနေမှ ထွက်နိုင်သည့် လမ်းတခုလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း FARC အတွက် ဆွေးနွေးညှိနှိုှုင်းမှုများတွင် ကျန်ရစ်ခဲ့သော တောင်းဆိုမှုများ ပြန်လည်အ သက်ဝင်လာရန် လမ်းပွင့်နေသည်။
“FARC က သူတို့ရဲ့ လိုလားချက်တွေကို ပြန်တင်လာပြီးတော့ သူတို့ရဲ့ မူလတောင်းဆိုချက်တွေဆီ ပြန်ရောက်သွားလိမ့် မယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးဖြစ်သည့် Fernando Giraldo က ခန့်မှန်းလိုက်သည်။
FARC က သူတို့၏ တပ်ဖွဲ့များနှင့် ပတ်သက်သည့် တင်းကျပ်သည့် အမိန့်ကို ထိန်းသိမ်းထားသော်လည်း ဆန္ဒခံယူပွဲ၏ ရ လဒ်များက လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်တွင် အက်ကြောင်းများ ရှိနေသည်ကို စတင်ပြသ လာ ခြင်းဖြစ်သည်ဟု သူက သတိပေးလိုက်သည်။ လူထု ဆန္ဒခံယူပွဲ မပြုလုပ်မီကပင် လက်နက်ကိုင် အဖွဲ့အစည်း တခုမှ ခွဲ ထွက်လာသည့် အဖွဲ့ဝင်များက ငြိမ်းချမ်းရေး သဘောတူညီချက်တွင် သူတို့ ပါဝင်လိမ့်မည် မဟုတ်ကြောင်း ပြောခဲ့ကြပြီး ဖြစ်သည်။
“အခုအချိန်မှာ FARC က လုံးဝကို အင်အားနည်းနေပြီးတော့ အကြီးအကျယ် ကွဲထွက်ဖို့ လမ်းပွင့်နေပါတယ်။ အဲဒါက သူတို့ကို အချိန်မရွေးဘဲ လုံးဝကျဆုံးသွားနိုင်တယ်ဆိုတာက သူတို့ အတွက် စိုးရိမ်စရာ ဖြစ်လာပါလိမ့်မယ်” ဟု Fernando Giraldo က ပြောသည်။
ဆန္ဒခံယူပွဲက ရလဒ်မကောင်းခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆန္ဒခံယူခြင်းက အမှားအယွင်းတခု ဟု မထင်ကြောင်း Kristian Herbolzheimer က ပြော သည်။ “တကယ်လို့ ဆန္ဒခံယူပွဲကိုသာ မလုပ်ခဲ့ဘူးဆိုရင် ဒီသဘောတူ ညီချက်ကို ဆန့်ကျင်တဲ့ သူတွေက ပေါ်လာနိုင်တဲ့ အမှားအယွင်း အားလုံးအတွက် သမိုင်းတလျှောက်လုံးမှာ Juan Manuel Santos ကိုအပြစ်တင်ကြပါလိမ့်မယ်” ဟု သူက ဆိုသည်။
သို့သော်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ Fernando Cepeda က ကိုလံဘီယာနိုင်ငံမှ မမျှော်လင့်သည့် အခြေအနေ က တိုးတက်မှုကို ကိုယ်တိုင်ရှာဖွေသွားနိုင်သည် ဟု ပြောသည်။
“တနိုင်ငံလုံး တစိတ်တဝမ်းထဲနဲ့ ငြိမ်းချမ်းရေးတခုကို တည်ဆောက်ဖို့ ကြီးကျယ်တဲ့ အခွင့်အရေးတခုလည်း ဖြစ်လာနိုင်ပါ တယ်” ဟု သူက ဆိုသည်။
ကိုးကား။ ။ The Guardian
The post လူထုဆန္ဒခံယူပွဲက ပယ်ချအပြီး ကိုလံဘီယာ ငြိမ်းချမ်းရေး appeared first on ဧရာဝတီ.