

















ထိုင်းနိုင်ငံ မြောက်ပိုင်းက ဒွိုင် မယ့်စလောင်းလို့ ခေါ်တဲ့ မယ့်စလောင်းတောင်တန်းဒေသဟာ Tea Plantation လက်ဖက်စိုက်ခင်းများရှိရာ လှပတဲ့ဒေသဖြစ်ပါတယ်။
ပေ ၄ထောင်ကျော်မြင့်တဲ့ မယ်စလောင်းတောင်တန်းပေါ်မှာ နေထိုင်သူ အများစုဟာ တရုတ်လူမျိုးများဖြစ်ပြီး၊ ဒေသခံများကတော့ ရှမ်း၊ လားဟူ နဲ့ အာခါ(အီကော) လူမျိုးများဖြစ်ပါတယ်။
အများစုဖြစ်တဲ့ တရုတ်လူမျိုးတွေဟာ ၁၉၄၉ ခုနှစ်မှာ အာဏာရလာတဲ့ တရုတ်ကွန်မြူနစ်ပါတီကို တိုက်ခိုက်ဖို့ မြန်မာပြည် ကျိုင်းတုံနယ်ထဲကို ၀င်ရောက်ခြေကုတ်ယူရင်း မြန်မာတပ်မတော်ရဲ့ ဘုရင့်နောင်၊ ရန်ကြီးအောင် စတဲ့ စစ်ဆင်ရေးကြီးတွေနဲ့ တိုက်ထုတ်တာခံရပြီး ထိုင်းနိုင်ငံထဲကို ရောက်ရှိသွားတဲ့ KMT ဗိုလ်ချုပ်လီမီ ရဲ့မျိုးဆက် တွေပဲ ဖြစ်ပါတယ်။
အဲ့ဒီတရုတ်ဖြူစစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင် ရေး အထုပ္ပတိ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့”စာအုပ်မှာတော့ ယူနန်ပြည်နယ်က ဗိုလ်ချုပ်လီမီရဲ့ အမှတ် ၈ တပ်မတော် နဲ့ ဗိုလ်ချုပ် လူကိုချန်ရဲ့ အမှတ် ၂၆ တပ်မတော်တို့ဟာ စစ်ရှုံးတပ်ပျက်ပြီး ကျိုင်းတုံနယ်ထဲကို စိမ့် ၀င်ကာ မဲခေါင်မြစ်အရှေ့ဘက် လာအို- မြန်မာနယ်စပ်၊ ယိုးဒယား- မြန်မာနယ်စပ် တွေမှာ စခန်းချပုံ၊ အဲဒီ နောက်မှာ မြန်မာ့တပ်မတော်က ကျူးကျော်သူ ကူမင်တန်တို့ကို တိုက်ထုတ်ခဲ့ပုံ တွေကို ဖော်ပြထားပါတယ်။
မယ့်စလောင်းတောင်တန်း ဒေသကို သွားမယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်- မယ့်ရင်း- မယ့်တန်- ကျင်းတောင်း- ချိုင်ပရာကန် စတဲ့ လှပတဲ့ နယ်မြေတွေကို ဖြတ်သန်းသွားရမှာပါ။
မယ့်စလောင်းတောင်တန်းရဲ့ ဟိုဘက်မှာတော့ မြန်မာပြည်က မိုင်းတုံနယ်ရှိပါတယ်။
မူးယစ်ဆေးဝါးထွက်ရှိရာ နှစ်နိုင်ငံနယ်စပ်ဒေသနဲ့လည်း နီးကပ်တဲ့အတွက် စစ်ဆေးရေးဂိတ်များရဲ့ စစ်ဆေးမှုကို တော့ ခံယူရပါလိမ့်မယ်။
မယ့်စလောင်းတောင်ခြေက စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်လိုက်တယ်ဆိုရင်ပဲ တောင်တက်ခရီး စတင်ပါပြီ။
စိမ်းလန်းတဲ့ ထင်းရှုးနဲ့ သစ်တောအုပ်တွေကြားက တိုက်ခတ်လာတဲ့ လေကို ရှုရင်း၊ တရိပ်ရိပ် ကွေ့ပတ် တက် လာတဲ့ တောင်ပေါ်လမ်းပေါ်နေ အောက်ဖက်ကို လှမ်းကြည့်လိုက်တဲ့အခါ အပြာရောင်အမိုးတွေနဲ့ အ၀ါရောင် အဆောက်အဦးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
မယ့်စလောင်းတောင်ကြောကြီးပေါ် တနာရီနီးပါး အတက်အဆင်းပြုလုပ်ကာ မောင်းနှင်ရင်း လမ်းတလျှောက် အနီရောင် အမိုးချွန်၊ မီးပုံးအနီများ၊ တရုတ်စာတန်းတွေကြောင့် တရုတ်အငွေ့ အသက်ကို စတင် ခံစားပြီလို့ ဆိုရမှာပါ။
ထိုင်းအငွေ့အသက်၊ ထိုင်းယဉ်ကျေးမှု ဘာမျှမတွေ့ရတဲ့ ဒီအရပ်မှာ ကျစ်လစ်သိပ်သည်း တဲ့ တရုတ်လူမှုအသိုင်း အ၀န်းကြား ထိုင်းယဉ်ကျေးမှု မထိုးဖောက်နိုင်ဘူး ဆိုတာကတော့ သေချာသလောက် ပါပဲ။
“Welcome To Doi Maesalong” မယ်စလောင်းတောင်မှ ကြိုဆိုပါ၏ ဆိုတဲ့ တရုတ်၊ အင်္ဂလိပ်၊ ထိုင်း ၃ ဘာသာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ကျော်လိုက်ရင်ဖြင့် မယ့်စလောင်း မြို့လေးကို ရောက်ရှိပါပြီ။
မြို့အ၀င် လမ်းဘေးတနေရာမှာတော့ Chinese Martyrs’ Memorial Museum အမည်ပေးထားတဲ့ ကူမင်တန် အမှတ်တရပြတိုက်ရှိပါတယ်။
ပြတိုက်အ၀င်မှာတော့ ချန်ကေရှိတ်ရဲ့ သားမြေးတွေဟာ တရုတ်ပြည်ထွက် ကြွေထည်ပစ္စည်းတွေ၊ ဒေသ ထွက် လက်ဖက်ခြောက်တွေနဲ့ ထိုင်းနိုင်ငံထွက် ပစ္စည်းတွေကို ရောင်းချနေလေ့ရဲ့။
တောင်တန်းတွေကြားက တရုတ်ဘုံကျောင်းပုံစံ တည်ဆောက်ထားတဲ့ ကူမင်တန်ပြတိုက်ဟာ တိတ်ဆိပ်ငြိမ် သက်နေပြီးဘုန်းကြီးကျောင်းတကျောင်းအလားပါပဲ။
ပြတိုက်ဝန်းထဲမှာတော့ “Wishing Pool” မြန်မာလိုဆိုရင်တော့ ဆုတောင်းပြည့်ကန်လို့ ဆိုရမယ့် တရုတ် လက် ရာ ရေကန်ငယ်တခုရှိသလို၊ ချန်ရဲကုန် ဆိုသည့် ကူမင်တန်ခေါင်းဆောင်တဦး၏ ရုပ်ထုကိုတွေ့ရပါတယ်။
ပြတိုက်ထဲမှာတော့ မည်သူမျှမရှိပဲ အလှူခံပုံးတပုံးကိုသာချထားပြီး၊ တရုတ်ကွန်မြူနစ်ပါတီ အာဏာရပြီး နောက် ကူမင်တန်တို့ ယူနန်နယ်က ဆုတ်ခွာလာရပုံ၊ ရှမ်းပြည်အတွင်းဝင်ရောက်အခြေချကာ တရုတ်ကွန်မြူနစ်ကို တိုက်ခိုက်ပြီး လာအို- ထိုင်း- မြန်မာနယ်စပ်တလျှောက် နယ်မြေထူထောင်ရန် ကြံစည်ပုံ၊ မြန်မာ့တပ်မတော်က တိုက်ခိုက်တဲ့ အတွက် ထိုင်းနိုင်ငံထဲသို့ ၀င်ရောက်လာပုံ၊ နောက်ပိုင်းမှာ ယူနန်- လာအို- မြန်မာနယ်စပ်တ လျှောက် ပျံနှံနေတဲ့ ကူမင်တန်တွေ ရောက်ရှိလာကြသလို၊ တချို့လည်း ထိုင်ဝမ်ကို ထွက်သွားကြပုံ၊ လက်ကျန် ကူမင်တန်တွေကို ထိုင်းက မော်ဝါဒီ ကွန်မြူနစ်တို့ရန်မှ ကာကွယ်ဖို့ အသုံးချပုံ၊ နောက်ပိုင်း ထိုင်းဘုရင်- မိဖုရားနှင့် ပြည်သူကများ ကူမင်တန်များ ကို အသိအမှတ်ပြု အကူအညီ ပေးပုံတွေကို ဓာတ်ပုံတွေနဲ့ ဖော်ပြထားပြီး၊ ဟိုစဉ်က တရုတ်ဖြူ ကူမင်တန်တွေ အသုံးပြုခဲ့တဲ့ ခေတ်မီလက်နက် များကိုပါ ပြသထားပါတယ်။
တရုတ်ဖြူနဲ့ ပတ်သက်ပြီးရေးသားတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ စာအုပ်မှာ စိတ်ဝင်စားဖို့ကောင်းတာက ထိုင်း- မြန်မာ နယ်စပ်စည်းရိုးနားကပ်နေတဲ့ လွယ်လန်း စခန်းကို တိုက်ဖို့ပြင်ဆင်စဉ် ထိုင်းဆက်သွယ်ရေး အရာရှိတဦး ရောက်လာကာ ဒီစခန်းကို ဘယ်လောက် ကြာကြာတိုက်ရမလဲ မေးပြီး မနက် ၈နာရီ မှာတိုက်မယ် ညနေ ၄နာရီမှာ အပြီးသိမ်းမယ်ဆိုတဲ့ ဗိုလ်ချုပ် ကျော်ဇောရဲ့ စကားကိုရတော့ ထိုင်းအရာရှိတွေ တရုတ်ဖြူတွေ ဆီကို အပြေးသွားကာ လက်ထဲမှာရှိတဲ့ ဘိန်းတွေ ရောင်းပစ်ဖို့ တိုက်တွန်းပုံ၊ တရုတ်ဖြူတွေက သူတို့စခန်းဟာ လနဲ့ချီပြီး ခံနိုင်ရည်ရှိတယ်လို့ ဆိုတာကြောင့် ထိုင်းဘက်ကမ်းက လူတွေရောက်လာပြီး ၂ဘက်တပ် အနိုင်အရှုံး ကို လောင်းကစားပြုကြပုံ၊ ဒါပေမယ့် မြန်မာ့တပ်မတော်က ပြောတဲအတိုင်းပဲ ညနေ ၃နာရီမှာ သိမ်းပိုက်ပြီး ၄နာရီမှာ မြန်မာအလံကို တောင်ကုန်းမှာ စိုက်ထူနိုင်ခဲ့ပါတယ်။
အဲဒီကတည်းကစပြီး တရုတ်ဖြူတွေဟာ နလံမထူနိုင်တော့ပဲ၊ ထိုင်းနယ်နိမိတ်ထဲ ၀င်ခဲ့ရကာ အနည်းငယ်သာ လှုပ်ရှားနိုင်ပါတော့တယ်။
ဒါကြောင့်လည်း မြန်မာ့တပ်မတော် တရုတ်ဖြူ စစ်ဆင်ရေးကာလ မိုင်းတုံ- မိုင်းဟန်ဒေသနဲ့ ကပ်နေတဲ့ မယ့်စ လောင်း တောင်ကြောကြီးပေါ်ကနေ သေနတ်သံ အမြောက်သံတွေ အတိုင်းသားကြားနေရ မယ်ဆိုတာ တွေးဆ နိုင်ပါတယ်။
အဲဒီနောက်မှာတော့ တရုတ်၊ မြန်မာ၊ အင်ဒိုချိုင်းနား စတဲ့ကွန်မြူနစ် အားကောင်းတဲ့နိုင်ငံတွေကြား အမေရိကန် လိုလားတဲ့ ထိုင်းနိုင်ငံဟာ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် တရုတ်ဖြူတွေကို လက်ခံ အသုံးချရင်း တချိန်ထဲမှာပဲ ဘိန်းပပျောက်ရေးအတွက်လည်း စီမံကိန်းအမျိုးမျိုးချကာ ဆောင်ရွက်ခဲ့ပုံရပါတယ်။
ဒါကြောင့် မယ့်စလောင်းဒေသ တ၀ိုက်က Tea Plantation လို့ ခေါ်တဲ့ လက်ဖက်စိုက်ခင်းတွေဟာ ဘိန်းအစား ထိုး စီမံကိန်းတွေအဖြစ် ထင်ရှားပါတယ်။
လက်ရှိမှာတော့ မယ့်စလောင်းမြို့လေးရဲ့ စီးပွားရေးဟာ လက်ဖက်စိုက်ပျိုးခြင်းသာမကပဲ ရှု့မျော်ခင်းကောင်း တွေကို ကြည့်ရှု့လိုရနိုင်မယ့် တောင်စောင်းတွေမှာ ဟိုတယ်တွေသာမက အပန်းဖြေနိုင်တဲ့ Resort တွေကို ဖွင့်လှစ်ကာ ကမ္ဘာလှည့် ခရီးသွားများ အလာကိုစောင့်မျှော်နေပါတယ်။
Mae Salong Villa ၊ Mae Salong Flower Hill Resort ၊ Phumektawan Resort စတဲ့အမည်မျိုးစုံနဲ့ ဟိုတယ် တွေ Resort တွေ အများအပြားဖွင့်လှစ်ထားပြီး၊ Mae Salong Flower Hill Resort မှာဆိုရင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်က အမျိုးသမီးတွေလာရောက်ကာ အလုပ်လုပ်နေတာကို တွေ့ရပါတယ်။
နိုင်ငံခြားသား ကမ္ဘာ့လှည့်ခရီးသွားတွေအနေနဲ့ဟိုတယ်ဝရန်တာမှာထိုင်ကာ စံပယ်နံသင်းပျံတဲ့ မယ့်စလောင်း လက်ဖက်ရည်(ရေနွေးကြမ်း)ကို သောက်ရင်းနဲ့ အဝေးက ရှု့မျော်ခင်းတွေကို ကြည့်ရှု့ကာ စိတ်လက် အပန်းဖြေနိုင်ပါတယ်။
လတ်တလောမှာတော့ တရုတ်ခရီးသွားများနဲ့သာ ပြည့်နှက်နေပြီး၊ မယ့်စလောင်းတောင်ကြောပေါ်က ကွေ့ ကောက်တဲ့ လမ်းတွေမှာ ဆိုင်ကယ်စီးဖို့အတွက် နိုင်ငံဖြတ်ကျော်လာတဲ့ ဆိုင်ကယ်စီးအုပ်စုတွေကိုလည်း တွေ့ရပါတယ်။
မယ့်စလောင်းမြို့လေးရဲ့ တခုတည်းသော မင်းလမ်းပေါ်မှာ ရှိတဲ့ ရိုးရာဈေးလေးမှာတော့ လားဟူနဲ့ အာခါလူမျိုး များတွေဟာ သူတို့ရဲ့ရိုးရာ ငွေထည်နဲ့ အ၀တ်အထည်အသုံးအဆောင်များ ရောင်းချကာ အသက်မွေးဝမ်း ကျောင်း ပြုနေတာကို တွေ့ရပါတယ်။
ဟိုတုန်းက ရွာငယ်လေးသာသာသာ ရှိတဲ့ မယ့်စလောင်း၊ ရွှေတြိဂံရဲ့ ဘိန်းဖြူသံသရာထဲမှာ ကျင်လည်ခဲ့ဖူးပုံရ တဲ့ မယ့်စလောင်းဟာ အခုအခါမှာတော့ Tea Plantation တွေနဲ့ ကမ္ဘာကျော်တဲ့ နေရာတခုဖြစ်နေပါပြီ။
The post ဒွိုင် မယ့်စလောင်း သို့မဟုတ် တရုတ်ဖြူ နယ်မြေသို့ အလည်တခေါက် appeared first on ဧရာဝတီ.