Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ကွင်းဆက်ဖြတ်ရမည့် မူးယစ်ဆေးသံသရာ

$
0
0
မူးယစ်ဆေးဝါးများ

ဖျက်ဆီးပစ်မည့် ဖမ်းမိမူးယစ်ဆေးဝါးများ (ဓာတ်ပုံ – သော်ဟိန်းထက်/ဧရာဝတီ)

“မူးယစ်ဆေးသုံးတဲ့ ကျနော့်ကို ပတ်ဝန်းကျင်က ယုံကြည်မှု မရှိတော့ အလုပ် လုပ်ရတာ ခက်လာတယ်။ မိသားစုနဲ့ လည်း အဆင်မပြေတော့ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်လိုက်တယ်” ဟု ကိုခင်မောင်ဦးက ပြောပြသည်။

လက်ရှိတွင် ကိုခင်မောင်ဦးသည် အသက် ၃၈ နှစ် ရှိပြီ ဖြစ်ပြီး လားရှိုးမြို့ ဒေသခံတဦး ဖြစ်သည်။ သူ ဆေးစသုံးခဲ့စဉ် က အသက် ၁၉ နှစ် အရွယ်သာ ရှိသေးသည်။ ၁၉၉၇ ခုနှစ်ကာလက ယင်းမြို့သည် မူးယစ်ဆေးဝါးများ လွယ်ကူစွာ ရရှိနိုင်သည်က တကြောင်း၊ သူငယ်ချင်းဖြစ်သူ၏ ဆွဲဆောင်မှုကြောင့် တကြောင်း ဘိန်းမည်း၊ ဘိန်းဖြူ စသည်တို့ကို အကြောတွင်း ထိုးသွင်းခြင်း၊ ရှူခြင်း စသည့်နည်းလမ်းများဖြင့် သုံးစွဲ ဖြစ်ခဲ့ပြီး စွဲလမ်းခဲ့သည်။

သူသည် ၂ နှစ်ကျော်ကြာ ဆေးစွဲနေခဲ့ပြီးနောက် ဆေးဖြတ်နိုင်ခဲ့ သေးသည်။ သူငယ်ချင်းဖြစ်သူနှင့် တွေ့ကာ ဆေးပြန်စွဲ ခဲ့ပြီး မိသားစုနှင့် အဆင်မပြေ ဖြစ်ကာ အိမ်ပေါ်မှ ဆင်းခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိတော့ဘဲ လမ်း ပျောက်နေခဲ့သည်ဟု ကိုခင်မောင်ဦးက ပြောပြသည်။

“ဆေးသုံးလိုက် ပြတ်လိုက် ဖြစ်ရင်းနဲ့ ကျနော် ဆေးဖြတ်ချင်လာ တယ်။ ဒါနဲ့ လားရှိုးမှာ ရှိနေတဲ့ AHRN ရုံးခန်းကို လူနာ တယောက်အနေနဲ့ ကိုယ့်စိတ်ဆန္ဒ အရ သွားခဲ့တယ်။ အဲဒီက ဆရာတွေရဲ့ ဆွေးနွေးမှုတွေ ယူတယ်။ ကုသမှုတွေ ယူတယ်။ အခု တော့ AHRN မှာ ဝန်ထမ်းတယောက် အဖြစ် ကျနော် လုပ်နေပြီ။ အခုဆိုရင် မက်သဒုန်းလည်း သောက်နေတယ်။ ဆေးဖြတ်နိုင်ခဲ့တယ်” ဟု ကိုခင်မောင်ဦးက ရှင်းပြသည်။

သူသည် လက်ရှိတွင် အာရှဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော အန္တရာယ် လျော့ပါးရေးအဖွဲ့ (Asian Harm Reduction Network – AHRN) ၏ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်ရှိ စီမံချက်ဝင်နယ်မြေတွင် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မိသားစုဝင်များကို နှစ်သိမ့်ဆွေးနွေး သူအဖြစ် လုပ်ကိုင်နေပြီ ဖြစ်သည်။

သူက “ကျနော့်ကြောင့် သူတို့တွေ ဆေးပြတ် သွားတယ်။ သူတို့ရဲ့ မိသားစုဝင်တွေလည်း စိတ်ချမ်း သာမှုရသွားတယ် ဆိုရင် အရမ်းကို ပျော်ရွှင်တယ်၊ ပီတိလည်း ဖြစ်ရတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကို အကြောထဲသို့ ထိုးသွင်းသုံးစွဲသူဦးရေ စုစုပေါင်းမှာ ၈၃၀ဝ၀ ကျော် ရှိနေပြီး ထိုးသွင်း သုံးစွဲသူများ အကြား HIV/AIDS ကူးစက်နှုန်းမှာ ၃၉ ရာခိုင်နှုန်း ရှိကြောင်း UNAIDS က ၂၀၁၄ ခုနှစ် အတွင်း ကောက်ယူခဲ့သည့် စစ်တမ်းများအရ သိရသည်။ ထိုစစ်တမ်းတွင် တခြားနည်းလမ်းများဖြင့် မူးယစ်ဆေး သုံးစွဲနေသူများ မပါဝင်သေးပေ။

ထို့ကြောင့် မူးယစ်ဆေးဝါး ထိုးသွင်းသုံးစွဲသူများ အကြား HIV/AIDS ကူးစက်နှုန်း လျှော့ချနိုင်ရန် အစိုးရမဟုတ်သော အဖွဲ့အစည်းများက အန္တရာယ် လျှော့ချရေး အစီအစဉ် အဖြစ် ၂၀ဝ၃ ခုနှစ်မှ စတင် ဆောင်ရွက်လာကြသည်။ ထို အစီအစဉ်၌ ဆေးထိုးအပ် လဲလှယ်ရေး အစီအစဉ် အပါအဝင် အခြေခံ ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပညာ ပေးမှုများ လည်း ပါဝင်သည်။

ဆေးထိုးအပ် လဲလှယ်ရေး အစီအစဉ်ဆိုသည်မှာ မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းသုံးစွဲသူများ ရှိသည့် နေရာများတွင် စေတနာ့ဝန်ထမ်းများ အသုံးပြု၍ ဆေးထိုးအပ်များ အခမဲ့ ဝေငှခြင်း၊ အသုံးပြုပြီး ဆေးထိုးအပ်များကို ဆေးထိုးအပ် အသစ်များဖြင့် ပြန်လည်လဲလှယ်ပေးခြင်းများ ပြုလုပ်ခြင်း ဖြစ်သည်။

“အပ် အသစ်ပေး၊ အဟောင်းလဲလှယ်တာက မူးယစ်ဆေးဝါး သုံးစွဲသူတွေ အကြားမှာ အန္တရာယ် လျှော့ချဖို့ ဖြစ်တယ်။ ဒါကို လူတွေက မူးယစ်ဆေးဝါး သုံးစွဲသူတွေကို အပ်ပေးတာက မူးယစ်ဆေးသုံးဖို့ ပြောသလို ဖြစ်နေတယ်လို့ ထင်ပြီး နားမလည်ကြဘူး။ ကျနော်တို့ ရည်ရွယ်ချက်က အဲဒီလို မဟုတ်ပါဘူး။ မူးယစ်ဆေးသုံးရာမှာ အပ်တချောင်းတည်းကို ဝေမျှ ပြီးသုံးတဲ့ မကောင်းတဲ့ အလေ့အထနဲ့ သုံးနေကြတယ်။ ဒါလုပ်ရတာကတော့ HIV/AIDS စတဲ့ ကူးစက်တတ်တဲ့ ရောဂါတွေ မပြန့်သွားအောင် ဆောင်ရွက်တာ။ ဆေးသုံးစွဲသူတွေ ပုန်းလျှိုးကွယ်လျှိုး ရှိနေတဲ့ နေရာတွေကို ကွင်းဆင်း ဝန်ထမ်းတွေကို လွှတ်တယ်။ ကျန်းမာရေး အတွက် အပ်အဟောင်းနဲ့ အသစ် လဲတာတွေ လုပ်တယ်” ဟု AHRN မှ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ ဒေမေရီဝီလီ (Mr. Demaere Willy) က ဧရာဝတီသို့ ပြောသည်။

AHRN သည် ၂၀ဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲသူ များကို ပညာပေးခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်း၊ ဆေးထိုးအပ် လဲလှယ်ခြင်းနှင့် မိသားစုဝင်များကို အခြေခံကျန်းမာရေး ဝန်ဆောင်မှုနှင့် ပညာပေးမှု အစီအစဉ်များ ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။

ယင်းအဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနှင့် လောက်ကိုင်၊ ကချင်ပြည်နယ် ဖားကန့်ဒေသ၊ ဗန်းမော်နှင့် ဝိုင်းမော်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးနှင့် တမူးမြို့ စသည်တို့တွင် မူးယစ်ဆေးဝါး အန္တရာယ် လျော့ပါးရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

“စီမံချက်နယ်မြေတွေက မြန်မာနိုင်ငံ အထက်ပိုင်းမှာ များတယ်။ ဒါကတော့ မထူးဆန်းပါဘူး။ အဲဒီနေရာတွေဟာ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ လမ်းကြောင်းတွေကလည်း တမူးဘက်တို့လို လမ်းကြောင်းတွေ ရှိတယ်။ တရုတ်ပြည် ဘက် လမ်းကြောင်းတွေရှိတယ်။ ကချင်ပြည်နယ် ဖားကန့်မှာ ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေ ရွှေတူးဖော်သူတွေ ရှိတယ်။ ဒါကြောင့်မို့လို့ မူးယစ်ဆေးဝါးသုံးစွဲမှု များတဲ့နေရာတွေမှာ ရုံးတွေ လိုက်ဖွင့်တယ်။ ဒါမှ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေကို ပိုပြီးတော့လုပ်ပေး နိုင်ဖို့ ပါ” ဟု မစ္စတာ ဒေမေရီ ဝီလီက ရှင်းပြသည်။

ဆေးထိုးအပ် လဲလှယ်ရေး အစီအစဉ် လုပ်ဆောင်ရာတွင် သုံးစွဲသူများကို အပ်အသစ်များ ပေးသလို အပ်အဟောင်း များကိုလည်း ကျွမ်းကျင် ဝန်ထမ်းများဖြင့် စနစ်တကျ ပြန်လည်သိမ်းဆည်းကြောင်း၊ ရရှိလာသည့် အပ်အဟောင်း များကို ဆေးဝါးများ မီးရှို့သည့် စက်ဖြင့် ဖျက်ဆီးပစ်ကြောင်း သိရသည်။

ဆက်လက်၍ မစ္စတာ ဒေမေရီ ဝီလီက “လူတိုင်းကတော့ စကားကို နားမထောင်ဘူး ပေါ့။ ဒါကြောင့် အရေးပေါ် တယ်လီဖုန်းနံပါတ်လည်း ထားပေးထားတယ်။ အိမ်ပတ်ဝန်းကျင်မှာ အပ်တွေ့ရင် ဖုန်းဆက်၊ ကျနော်တို့ သွားကောက် ပေးတယ်။ မတော်တဆ အပ်စူးမိတာ ဖြစ်ရင် ဆေးစစ်တယ်။ HIV မကူးစက်အောင် သောက်ရတဲ့ ကြိုတင် ကာကွယ်ဆေးကို ကျနော်တို့ တိုက်တယ်” ဟု ရှင်းပြသည်။

UNAIDS မှ ၂၀၁၄ ခုနှစ်အတွင်း ကောက်ယူခဲ့သည့် စစ်တမ်းများအရ နိုင်ငံတွင်း မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူ တဦးကို တနှစ်လျှင် အပ်အချောင်း ရေ ၂၀ဝ ကျော် ဝေငှပေးနိုင်ခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာအားဖြင့် အပ် ၁၄ သန်းကျော် ဝေငှ နိုင်ခဲ့သည်။ ထိုအစီအစဉ်ကြောင့် သုံးစွဲသူများ အကြား ၁၉၉၉ ခုနှစ်မှ ၂၀ဝ၀ ခုနှစ်အတွင်း HIV/AIDS ကူးစက်နှုန်း ၅၀ ရာခိုင်နှုန်းကျော် ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ကူးစက်နှုန်း ၂၃ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

Burnet Institute မှ ရရှိသည့် အချက်အလက်များ အရ မြန်မာနိုင်ငံတွင် မူးယစ်ဆေး အစားထိုး ကုသဆေးဝါး မက်သဒုန်း သောက်သုံးကာ ဆေးကုသမှုခံယူနေသူ ဦးရေသည်လည်း ၂၀၁၁ ခုနှစ်တွင် ၁၆၇၃ ဦး၊ ၂၀၁၂ တွင် ၂၉၀၉ ဦး၊ ၂၀၁၃ တွင် ၄၃၉၇ ဦးနှင့် ၂၀၁၄ ခုနှစ်တွင် ၇၈၇၂ ဦးအထိ ရှိလာကြောင်း၊ မူးယစ်ဆေး အစားထိုးကုသသူများ အတွက် နားခိုရာ အိမ်များမှာလည်း တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ၆၉ ခုအထိ ရှိလာကြောင်း သိရသည်။

လူအများစုကမူ မူးယစ်ဆေးဝါး သုံးစွဲသူများကို ဆေးထိုးအပ်များ အခမဲ့ဝေငှခြင်းသည် “လူမိုက် အားပေးနေသည်။ သုံးစွဲမှုကို ဆက်လက် ဖြစ်စေသည်” ဟု ဝေဖန်ပြောဆို ကြသည်။

“တကယ်တော့ ဆေးသုံးစွဲရတာက ဘာကြောင့်လဲ ဆိုတာ သိစေချင်တယ်။ သုံးစွဲသူ အပြစ် တခုတည်းကြောင့်တော့ မဟုတ်ဘူး။ ကျနော် တာဝန်ကျနေတဲ့ နယ်မြေမှာ ဆိုရင် ဆေးသုံးသူ ၃ ပုံ ၂ ပုံမှာ ဘွဲ့ရ ပညာတတ် လူငယ်တွေ များနေတယ်။ အလုပ်အကိုင် ရှားပါးတော့ ဘွဲ့ရလည်း အလုပ်ကြမ်းတွေ လုပ်ရတယ်။ ဒဏ်ခံနိုင်ဖို့ ဆေးတွေ သုံးကြ တယ်။ ဒါပေမယ့် ဆေးစွဲလမ်းမှုကို ဆိုးကျိုးအဖြစ် မြင်လာပြီး ဆေးဖြတ်ဖို့ ရောက်လာကြတယ်။ ကျနော်တို့တွေ အနေ နဲ့ ရှေ့ဆက် အများကြီး လုပ်ဆောင်ရမှာတွေ ရှိနေသေးတယ်” ဟု AHRN စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စီမံချက် နယ်မြေမှ နှစ်သိမ့်ဆွေးနွေးပေးသူ ကိုခင်မောင်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ၁၉၁၇ ယစ်မျိုး အက်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပုဒ် ၃၃ (ဃ) အရ ဆရာဝန် သို့မဟုတ် ခွင့်ပြုချက် လိုင်စင်ရှိသော အဖွဲ့အစည်းများမှ လွဲ၍ ဆေးထိုးအပ်ကို မည်သူတဦးတယောက်မျှ ကိုင်ဆောင်ခွင့် မရှိဟု ဖော်ပြထား ပြီး ကိုင်ဆောင်သူများကို အရေးယူနိုင်သည်ဟု သိရသည်။ ထို့ကြောင့် တချို့နယ်မြေများတွင် တာဝန်ရှိသူများက ဆေးထိုးအပ်များ တွေ့ရှိရုံဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လေ့ ရှိသည်။

ထို့အပြင် ၁၉၁၇ ခုနှစ် ယစ်မျိုး အက်ဥပဒေပါ ပုဒ်မ ၃၃ (ဃ) နှင့် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဥပဒေပါ ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၆ အရ အစိုးရပိုင်းက အရေးယူ ဆောင်ရွက်မှုများလည်း ပြုလုပ် လျက်ရှိသည်။ ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၆ အရ မူးယစ်ဆေး သုံးစွဲသူများကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ပြစ်ဒဏ် ချမှတ် ခြင်းနှင့် လက်ဝယ် တွေ့ရှိမှု အတွက် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းတို့ ပြုလုပ်နိုင်သည်။

ထို့ကြောင့် အဆိုပါဥပဒေများပါ ပြစ်ဒဏ်များနှင့် သတ်မှတ်ချက်များကို ဖြေလျှော့ပေးရန် Drugs Policy Advocacy Group မှ အကြံပြု တင်ပြထားသည်ဟု သိရသည်။

Drugs Policy Advocacy Group မှ ဒေါက်တာနန်းပန်းအိခမ်းက “အစ်မတို့ဆီမှာ ဆေးဝါး သုံးစွဲသူတွေကို အရေးယူ တယ်၊ ဖမ်းဆီးတယ်၊ တကယ်တမ်း ထောင်ထဲမှာလည်း သုံးစွဲသူတွေ အတွက် ထိရောက်တဲ့ကုသမှုတွေက မရှိသေး ဘူး ဆိုတော့ ကုသမှုတွေ ရှိဖို့ အကျဉ်းစခန်းတွေမှာလည်း လိုအပ်တယ်။ ထောင်ထဲ၊ အချုပ်ထဲ ရောက်သွားရင် ဆေးဝါး ကုသမှုကတော့ မပြတ်ဘဲ ရှိသင့်တယ်။ ဒါမှမဟုတ်ရင် အပြင်ထွက်လာရင် ပြန်စွဲတာမျိုး ရှိနိုင်တယ်။ အနည်းဆုံး အနေနဲ့ ထောင်တွေမှာ မက်သဒုန်းလိုမျိုးတော့ ရှိသင့်တယ်” ဟု ပြောသည်။

အဆိုပါ အဖွဲ့သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲနိုင်ရေး အတွက် စိတ်ပါဝင်စားသည့် အဖွဲ့များက ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် မူးယစ်ဆေး သုံးစွဲသူများနှင့် ဘိန်းစိုက် တောင်သူများကို ကိုယ်စားပြုသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ပါဝင်သည်။

ရည်ရွယ်ချက်အားဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အခြေခံကာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများ၊ စံလုပ်ဆောင်ချက်များနှင့် အညီ မူးယစ်ဆေးနှင့် ပတ်သက်သော မူဝါဒများ၊ ဥပဒေများ ပေါ်ထွက်လာရေး လုပ်ဆောင်မည် ဟု သိရသည်။

ဒေါက်တာ နန်းပန်းအိခမ်းက “ရဲတွေဘက်ကို အကြံပေးမှုတွေ လုပ်တယ်။ အထူးသဖြင့် စီမံချက်ရှိ တဲ့နေရာတွေမှာ အကြံပေး ဆွေးနွေးမှုတွေ လုပ်တယ်။ ဝန်ဆောင်မှု လာယူနေတဲ့သူတွေ (မူးယစ်ဆေးဝါး ထိုးသွင်းသုံးစွဲသူ) ကို မဖမ်းဖို့နဲ့ အဲဒီအတွက် အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေကိုလည်း မဖမ်းဖို့ နားလည်မှု ယူထားတာ ရှိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ ဘက်က ဝန်ထမ်း အပြောင်းအလဲတွေ ရှိလာတော့ တချို့ စီမံချက်ရှိတဲ့ နယ်မြေတွေမှာ ဖမ်းဆီးတာတွေ ရှိတယ်” ဟု အကြံပြုသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မူးယစ်အထူး တပ်ဖွဲ့ ရဲမှူးကြီး ခင်မောင်သိန်းကလည်း မူးယစ် အထူးရဲတပ်ဖွဲ့အနေဖြင့် ဆေးထိုးအပ် လဲလှယ်ရေး အစီအစဉ်တွင် ရဲတပ်ဖွဲ့ဝင်များ ကလည်း ပါဝင်ဆောင်ရွက် ပေးလျက်ရှိသည် ဟု ပြောဆိုသည်။

“နားလည်မှု စာချုပ် MOU ထိုးတာကတော့ နယ်တွေမှာ ဖြစ်ပါလိမ့်မယ်။ ဆေးထိုးအပ် သုံးစွဲသူများတဲ့ နေရာတွေ မှာတော့ နားလည်မှု စာချုပ် လက်မှတ်ထိုးတာတွေ ရှိတယ်။ ဒါကတော့ နယ်တွေမှာ ဖြစ်ပါတယ်။ အဲဒါကျတော့ မူးယစ် အဖွဲ့တွေကလည်း စည်းရုံးပေးတယ်။ ဒီလို ဆေးထိုးအပ် ဝေခြင်း အားဖြင့် ပေါပေါလောလော ရတဲ့အခါကျတော့ တယောက်နဲ့ တယောက် ဝေမျှ မသုံးဖြစ်တော့ဘူး။ တယောက်တည်း သုံးဖြစ်တယ် ဆိုတော့ ရောဂါကို ကာကွယ်ရာ ကျတာပေါ့။ အဲဒီသဘောမျိုးနဲ့ နယ်တွေမှာ သုံးတာများတယ်” ဟု ရဲမှူးကြီး ခင်မောင်သိန်းက ရှင်းပြသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် အမှုများကို ယခင်ထက် ပိုမိုအားစိုက်၍ ဖမ်းဆီး နှိမ်နင်းခြင်း ပြုလုပ် လာကြောင်း၊ မူးယစ်အထူး တပ်ဖွဲ့ဝင် အင်အားလည်း ပိုမို များပြားလာသည့် အတွက် အမှုများ ပိုမိုဖမ်းဆီးလာနိုင်ခြင်း ဖြစ်ကြောင်း၊ ပညာပေး လုပ်ငန်းများ အဖြစ်လည်း အခြေခံပညာ ကျောင်းများ၊ ရပ်ကွက်နှင့် မြို့နယ်များတွင် ဟောပြော ဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် လူစည်ကားရာ နေရာများတွင် ပညာပေးဆိုင်းဘုတ်များ ချိတ်ဆွဲခြင်းများ ပြုလုပ်ကြောင်း မူးယစ်အထူးရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများကို မိသားစု အပါအဝင် ပတ်ဝန်းကျင်လူထုက “မကောင်းသောသူများ၊ ဘိန်းစားများ” ဟု မြင်ကြသည်။ ထို့အပြင် သုံးစွဲသူများကို နားလည်မှုပေးခြင်းနှင့် တန်းတူဆက်ဆံခြင်း နည်းပါးပြီး ခွဲခြားဆက်ဆံ နေကြ သည့် အတွက် သုံးစွဲ သူများ၏ အခြေခံ လူ့အခွင့်အရေးမှာလည်း ချိုးဖောက်ခံနေရဆဲ ဖြစ်သည်ဟု ဒေါက်တာ နန်းပန်းအိခမ်းက သုံးသပ်ပြောဆိုသည်။

သူက “မူးယစ်ဆေးဝါး သုံးစွဲသူတွေကို အရပ် စကားနဲ့ပြောရရင် ဘိန်းစားပေါ့။ ဒီလိုတွေ ခေါ်ဝေါ်ပြီး ပစ်ပယ်ချင်ကြ တယ်။ ဒီကိစ္စက ဆေးသုံးစွဲသူကြားမှာပဲ ရှိတဲ့ ပြဿနာတခုတော့ မဟုတ်ဘူး။ မိသားစုရဲ့ ပြဿနာလည်း ဖြစ်တယ် ဆိုတော့ ကျယ်ပြန့်တယ်၊ ပြည်သူလူထုလည်း သိသင့်တာက ဆေးသုံးတဲ့သူ တိုင်းမကောင်းဘူး၊ လူဆိုးလူမိုက် ဆိုပြီး မြင်နေတယ်။ တကယ်တော့ ဒီလို မဟုတ်ပါဘူး” ဟု ရှင်းပြသည်။

လက်ရှိတွင် မူးယစ်ဆေးဝါး သုံးစွဲခဲ့ဖူးသူများ၊ မက်သဒုန်းဆေးဝါး (မူးယစ်ဆေးဝါးဖြတ်ရန် သုံးစွဲသူများကို တိုက်ကျွေး ရသည့် အစားထိုးဆေးဝါး) သောက်သုံးနေသူများ ပါဝင်သည့် ဘဝတူ ပညာပေးခြင်း၊ ပေါ်လစီပိုင်းများ ပြုပြင်ခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများကို လုပ်ကိုင်နေသည့် အဖွဲ့များလည်း ပေါ်ပေါက်လာသည်။

၎င်းတို့သည် ပညာပေး လုပ်ငန်းများ ဆောင်ရွက် နေသည့် အဖွဲ့အစည်းများနှင့်လည်း လက်တွဲကာ ဘဝတူအချင်းချင်း ပညာပေးခြင်း၊ စည်းရုံးခြင်းများ အပြင် မူးယစ်ဆေးဝါး သုံးစွဲသူများ၏ အခြေခံ လူ့အခွင့်အရေး ရရှိရေးကိစ္စများတွင် တက်ကြွပါဝင် လှုပ်ရှားလာကြသည်။

“တာဝန်ရှိသူတွေက မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်မှုတွေ လျော့ကျအောင် ပိုပြီး ဆောင်ရွက် သင့်တယ်။ အဲဒီလို မလုပ်နိုင်သေးရင် မက်သဒုန်း ဆေးဝါးတွေ လွယ်လွယ်ကူကူ ရနေဖို့ လိုတယ်။ သုံးစွဲသူတွေကို လူထုထဲ ပြန်ဝင်ရောက် နိုင်ဖို့ လမ်းကြောင်းတွေလည်း လိုအပ်တယ်” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲသူများကွန်ရက် (National Drug User Network Myanmar) မှ ဥက္ကဋ္ဌ ကိုကျော်သူက ထောက်ပြပြောဆိုသည်။

ကိုကျော်သူသည် ယခင်က မူးယစ်ဆေးဝါး သုံးစွဲခဲ့ဖူးသူတဦး ဖြစ်ခဲ့သည်။ သို့သော် လက်ရှိတွင် သူသည် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲသူများ ကွန်ရက်တွင် ပါဝင်ကာ ဆေးသုံးစွဲသူများကို ခွဲခြား နှိမ်ချဆက်ဆံမှုများ မရှိရေး၊ မက်သဒုန်း ဆေးဝါးများ လက်လှမ်းမီစွာဖြင့် လွယ်ကူစွာ ရရှိကာ ဆေးဝါးကုသမှု ခံယူနိုင်ရေးနှင့် ဘဝတူသူအချင်းချင်း ပူးပေါင်း ပါဝင်လာရေး လုပ်ငန်းများအပြင် စွမ်းရည်မြှင့်တင်ခြင်း၊ အကြံပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ ကွန်ရက်တွင် တနိုင်ငံလုံး အတိုင်းအတာအားဖြင့် အဖွဲ့ဝင် အမျိုးသား ၁၅၁၇ ဦးနှင့် အမျိုးသမီး ၃၁ ဦး စုစုပေါင်း ၁၈၇၇ ဦး ပါဝင်သည်။ အဆိုပါ အဖွဲ့ဝင်များတွင် လက်ရှိ ဆေးသုံးစွဲနေသူများ၊ ဆေးဖြတ်ပြီး နောက် မက်သဒုန်းဆေးဝါး သောက်သုံးနေသူများ စသည်ဖြင့် ပါဝင်သည်။

၂၀၁၂ ခုနှစ် တနှစ်တည်း၌ပင် အစိုးရက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုပေါင်း ၄၀ဝ၆ မှု ရှိသည်။ အစိုးရ သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းစာမျက်နှာများတွင် ဖော်ပြနေသော နေ့စဉ် ဖမ်းဆီးရမိနေသည့် မူးယစ်ဆေးဝါးမှုများစွာ ရှိနေသေးသည်။ အစိုးရပိုင်း ကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့ကျစေရန်နှင့် သုံးစွဲသူများ လျော့ကျစေရန် ဒေသအလိုက် ပညာပေးမှုများ ပြုလုပ်နေ ကြောင်း သတင်းစာများတွင် ရေးသားဖော်ပြသည်ကို တွေ့ရသည်။

ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး နှိမ်နင်းရေး လုပ်ငန်းများတွင် မြန်မာအစိုးရ အပါအဝင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) အဖွဲ့များ၊ နိုင်ငံတကာက အစိုးရမဟုတ်သော အဖွဲ့များ၊ ဒေသခံအဖွဲ့များ ပူးပေါင်း လုပ်ကိုင်မှု မြန်မာနိုင်ငံတွင် ရှိသော်လည်း မူးယစ် ထုတ်လုပ် ဖြန့်ဖြူး၊ ကုန်သွယ်မှု အများဆုံး နိုင်ငံများ စာရင်းထဲတွင် မြန်မာနိုင်ငံသည် ရှေ့တန်းတွင် ပါဝင်နေဆဲ ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှု များစွာ လျော့ကျသွားပြီး အစိုးရပိုင်း၏ ကိုင်တွယ်မှု ကောင်းမွန်မှသာ မူးယစ်ဆေး သုံးစွဲသူ ပမာဏလည်း လျော့ကျသွားနိုင်မည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပညာပေးမှု လုပ်ဆောင်နေသူများက ထောက်ပြ ပြောဆို နေကြသည်။ ။

Related Images:

[See image gallery at burma.irrawaddy.org]

The post ကွင်းဆက်ဖြတ်ရမည့် မူးယစ်ဆေးသံသရာ appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...