၂၀၁၅ ခုနှစ် ဇူလိုင် ၂၅ ကနေ သြဂုတ် ၂၃ ရက်နေ့ အထိ ရန်ကုန်မြို့ Goethe Vill (ယခင် ပန်းချီပန်းပုကျောင်း ဟောင်း) မှာ ပြုလုပ်တဲ့ ပန်းချီထိန်လင်းရဲ့ ပုံပြောသူ (The Story Teller) ပန်းချီပြပွဲ ကျင်းပပါတယ်။
နိုင်ငံရေး အကျဉ်း သားဟောင်း တဦး ဖြစ်တဲ့ ပန်းချီထိန်လင်းရဲ့ အနုပညာ လက်ရာတွေကို လေ့လာကြည့်ရင် – (၁) တသီးပုဂ္ဂလ ခံစားရမှုကို အခြေခံ ဖန်တီးထားတာ ဖြစ်ပေမယ့် လူသားတယောက်ရဲ့ ခံစားရမှုနဲ့ ဆက်စပ်ယူ ခံစားရစေ တဲ့ Concept အခြေပြု လက်ရာတွေ၊ (၂) သူ့ရဲ့ တကိုယ်ရည် ဖြတ်သန်းမှု ဆိုပေမယ့် မြန်မာ လူ့အဖွဲ့အစည်းနဲ့ ခေတ်ကာလ သမိုင်းစဉ်ထဲမှာ တွေ့ကြုံ ဖြတ်သန်းခဲ့ရမှုကို ဖော်ပြ ပြောပြနေတဲ့ Narrative ဆန်တဲ့ အနုပညာလက်ရာ တွေ လို့ သတ်မှတ်နိုင်ပါတယ်။
ပန်းချီထိန်လင်းတို့လို အရွယ် ကျောင်းသား မျိုးဆက်တခုမှာ အမှန်တကယ် ဖြစ်ပျက် တွေ့ခဲ့ကြုံခဲ့တာကို ပြန်လည် ထင်ဟပ် တင်ပြတဲ့ ဖန်တီးမှုတွေ၊ နာကျင် ခံစားရမှုနဲ့ အတူ အမြဲတမ်းသတိပြုမိဖို့၊ သတိရှိနေဖို့ သတိပေး ထားတဲ့ လက်ရာတွေလည်း ဖြစ်လို့ နေပါတယ်။
သူ့ရဲ့ “အမေ့အတွက် ဗိမာန် (A Monument to My Mother)” လို့ အမည်ပေးထားတဲ့ လက်ရာမှာ ဆိုရင် တခန်းလုံး အပြည့် စပ်ထည်လိုက်ကာနဲ့ အပြည့် ကာရန် အုပ်မိုးထားပြီး တခုတည်းသော ၀င်ပေါက်လေးက ၀င်ကြည့်တဲ့ အခါ ပိုမြင့်တဲ့ မျက်နှာကျက်ရဲ့ အလယ် တည့်တည့်မှာ သူ့မိခင် သုံးစွဲခဲ့တဲ့ စပ်လွယ်အိတ်ကလေးကို ချိတ်ဆွဲပြထားပါတယ်။ သူ့ရဲ့ တင်ပြမှုနဲ့ ပတ်သက်ပြီး “များသောအားဖြင့် အမှတ်တရ ဗိမာန်ဆိုရင် ကျစ်လစ်ခိုင်မာတဲ့ အမြဲတည်ရှိနေတဲ့ အရာ လို့ လူအများ နားလည်ထား ကြပါတယ်။ ကျနော့် ဗိမာန်ကတော့ အတွင်းမှာ ဗလာနယ် ဖြစ်ပြီး ထွင်းဖောက် မြင်နိုင်တဲ့၊ ရွှေ့နိုင် ပြောင်းနိုင်တဲ့ ယာယီသဘောမျိုး ဖြစ်နေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါ မိခင်မေတ္တာကို ဖော်ပြတဲ့ ဗိမာန်တခုပါ” လို့ ပြောပါတယ်။
အရင်က အမေကိုယ်တိုင် စပ်ထည်စနဲ့ ချုပ်ပေးတဲ့ လွယ်အိတ်လေးတွေ လုံးဝကြိုက်နှစ်သက်ခဲ့ခြင်း မရှိခဲ့ဘဲ အဲဒီ အချိန်က ခေတ်စားခဲ့တဲ့ လွယ်အိတ်ကိုပဲ လွယ်ချင်ခဲ့တဲ့ အကြောင်း၊ အရောင်အသွေး စုံလင်ပြီး အနုပညာလက်ရာ တခုလို့ မသိခဲ့ မမြင်ခဲ့လို့ အခုကျမှ တန်ဖိုးအရမ်းရှိတယ်ဆိုတာ သဘောပေါက်ကြောင်း ဆက်ပြောပါသေးတယ်။
သူ့ရဲ့ “ပေါ်လာလိုက် ပျောက်သွားလိုက် (riced and passed away)” ဗွီဒီယို အတ်ထ် တင်ပြမှုက စိတ်ဝင်စားစရာပါ။ ၂၀၁၀ ခုနှစ်မှာ သူ ထောင်ကျစဉ်တုန်းက ခံစားခဲ့ရတဲ့ အစာအိမ်အတွင်း သွေးယိုတဲ့ ရောဂါပြန်ပေါ်လာတာကြောင့် ဆေးရုံကို သွားရောက်ပြီး ဆေးစစ်မှု ခံယူခဲ့ရပါတယ်။ အဲဒီမှာ အူသိမ်အထိ စစ်ဆေးဖို့ တစက္ကန့်မှာ ဓာတ်ပုံ ၂ ပုံ ရိုက်ကူးပေးနိုင်တဲ့ ဆေးတောင့်ငယ် အရွယ် ကင်မရာ သေးသေးလေးကို မြို့ချပြီး မှတ်တမ်းတင် ရိုက်ကူးတယ်လို့ သိရပါတယ်။ သူက – “အပေါ်က အရေပြားလေးဖုံးထားတဲ့ ကျနော်တို့ ခန္ဓာကိုယ် အတွင်းထဲမှာ တရားပြဆရာကြီးတွေ ပြောလေ့ရှိတဲ့ ဓာတ်ကြီး လေးပါး သက်သက် ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ စက္ကန့်နဲ့ အမျှ ဖြစ်နေတယ် ဆိုတာကို ပုံတွေက ပြောနေတာမို့ ဝေငှလိုက်တာပါ” လို့ ပြောပြပါတယ်။
သူဟာ သူ့ရဲ့ နာကျင်ခံစားရမှုထဲကနေ တခြားလူတွေ အတွက်ပါ ခံစားနားလည်နိုင်တဲ့ အနုပညာ ဆက်စပ်မှုကို ဖန်တီး တင်ပြပေးနိုင်တာတွေ့ရတယ်။
ပန်းချီထိန်လင်းရဲ့ လက်ရာထဲမှာ ရယ်စရာလည်းဖြစ်၊ အားမလိုအားမရလည်း ဖြစ်၊ သံဝေဂနဲ့ အတူ အထူးတရားရုံး ဆိုတာကြီးနဲ့ ပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျခဲ့တဲ့ အာဏာရှင် စနစ်အောက်က အဖြစ်ဆိုးတွေကို ပြန်လည် မြင်ယောင် သတိပြုမိသွားစေတဲ့ လက်ရာ တခုအကြောင်း ပြောပါဦးမယ်။ အထူးတရားရုံး (Special Court) လို့ အမည်ပေးထားတဲ့ အင်စတော်လေးရှင်း မှတ်တမ်းတင် တင်ပြမှုလက်ရာပါ။ တရားရုံး တရားခွင်တခုလို စီစဉ်ထားတဲ့ အခန်းထဲကို ၀င်ဝင်ချင်း ချက်ချင်း သတိပြုမိတာက ပလပ်စတစ်ပြားတွေကို ထွင်းထားတဲ့ Justice ဆိုတဲ့ ရောင်စုံ စာလုံးတွေပါ။ သို့ပေမယ့် (ကျနော်တော့ ခင်ဗျားကို ဟာသလို့ပဲ မြင်တယ်) လို့ အဓိပ္ပာယ်ရတဲ့ I C U JEST လို့ ချိတ်ဆွဲထားတာ တွေ့ရ ပါတယ်။
၁၉၉၈ ခုနှစ်မှာ ပန်းချီထိန်လင်းနဲ့ အတူ ၂၅ ဦးကို ၈ လေးလုံး ၁၀ နှစ်ပြည့် နှစ်ပတ်လည် လှုပ်ရှားမှု ဖြစ်ပေါ်စေရန် ကြံစည်မှုနဲ့ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရပါတယ်။ စစ်ခုံရုံးနဲ့ အထူးတရားရုံး ဆိုတာတွေက အတုအယောင်သာ ဖြစ်နေသလို၊ အတုအယောင် သက်သေနဲ့ အတုအယောင် သက်ခံပစ္စည်းတွေနဲ့ လူတွေကို ထောင်ထဲဆွဲချတာ ဖြစ်တယ်လို့ သူ့ရဲ့ အနုပညာ ရှင်းလင်းချက် Artist’s Statement မှာ ဖော်ပြထားပါတယ်။
ပြီးတော့ – “အထူးသဖြင့် အဲဒီခေတ် အဲဒီကာလက လူတွေ ကြောက်ရွံ့ခဲ့တဲ့ စစ်ခုံရုံးဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လို ပုဂ္ဂိုလ်တွေဟာ ဒီစစ်ခုံရုံးတွေ ဖြစ်ခဲ့သလဲ၊ တရားဥပဒေ ချိန်ခွင့်ညှာကို အနုပညာကတဆင့် နားလည်အောင် ကြိုးစား ကြည့်ခြင်း ဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။
ပြီးတော့ အရွယ်စုံ ချိန်ခွင် အမျိုးမျိုးကိုလည်း ချိတ်ဆွဲထားတဲ့ အပြင် ထိုခေတ်က လက်ဝယ်ရှိရင် အချိန်မရွေး အရေးယူ ခံရနိုင်တဲ့ “ထို့ကြောင့် ဤသို့၊ တောခိုကျောင်းသားဟောင်းများ” စာအုပ် အပါအ၀င် စာအုပ်တချို့ကိုလည်း ခင်းကျင်း ပြသထားပါတယ်။
ထပ်ပြီး တွေ့ရတာက စစ်အာဏာရှင် လက်အောက်မှာ တရားမျှတမှု ဆိုတာ နာကျည်း ဒေါသသာ ဖြစ်ရကြောင်း စီစဉ် တင်ဆက်ထားတာပါ။ စားပွဲ တလုံးပေါ်မှာ အင်္ဂလိပ်လက်နှိပ်စက် တလုံး၊ ဘာတေးလင့်တနာရဲ့ Outrage စာအုပ် တအုပ်ကို တွဲလျက် ချထားပါတယ်။ အဲဒီမှာ Type ‘JUSTIC’ then see (လက်နှိပ်စက်မှာ JUSTIC စကားလုံးကို ရိုက်ပြီး ကြည့်ပေးပါ လို့ သတိပေး ပြောထားတဲ့ စာတန်းလေးလည်း ထောင်ထားပါတယ်။
ဒါနဲ့ လက်နှိပ်စက်မှာ ထိုင်ပြီး ရိုက်ကြည့်တော့ Justice လို့ ပေါ်မလာဘဲ Outrage ဆိုတဲ့ စကားလုံးသာ ပေါ်လာပါ တယ်။ ဒါနဲ့ သေချာအောင် နောက်တခေါက် ထပ်ရိုက်တော့လည်း စောစောက အတိုင်းပဲ ပေါ်လာပါတယ်။ သြော် စစ်အာဏာရှင် အောက်မှာ တရားမျှတမှု ဆိုတာ နာကျည်းဒေါသ ဖြစ်စရာတွေပါလားလို့ သတိပြုမိပါတယ်။
ပန်းချီဆရာ၊ ပါဖောမန့် အနုပညာရှင်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စသဖြင့် ထင်ရှားတဲ့ အသက် ၄၈ နှစ်ရှိ ကိုထိန်လင်းဟာ ၁၉၈၅ ခုနှစ်မှာ ဥပဒေအထူးပြု ဘာသာရပ်နဲ့ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး ၁၉၈၈ ခုနှစ် အရေးအခင်း ကာလ နောက် ပိုင်းမှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်တဦး ဖြစ်ခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာတော့ စစ်အစိုးရက သူ့ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၂၀ဝ၄ ခုနှစ်မှာ ထောင်ကလွတ်လာပြီး အနုပညာလုပ်ငန်း တွေကို အဆက်မပြတ် လုပ်ဆောင်လျက် ရှိပါတယ်။
ပန်းချီထိန်လင်းဟာ Beyond the Itch (တရွရွ ထိုးဆွမှုရဲ့ အလွန်) ဆိုတဲ့ ပထမဆုံး တကိုယ်တော် အနုပညာ ပြပွဲကို ၂၀ဝ၆ တုန်းက River Gallery မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ လန်ဒန်ကို ၇ နှစ်ကြာ သွားရောက် နေထိုင်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ကနေ ဧပြီ ၆ ရက် နေ့အထိ ရန်ကုန်မြို့မှာ ရှိတဲ့ Rver Galler II မှာ တကိုယ်တော် ပြပွဲတခု ပြုလုပ်ခဲ့ပါတယ်။ ယခု ပြပွဲက သူ့ရဲ့ တတိယ အကြိမ်မြောက် တကိုယ်တော် ပြပွဲပါ။
ပန်းချီထိန်လင်းရဲ့ ပုံပြောသူ (The Story Teller) အနုပညာ ပြပွဲမှာ A Show of Hand Project ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသားများနဲ့ တခြား ထင်ရှားသူများရဲ့ လက်ပုံစံများကို ပလပ်စတာနဲ့ မိုလောင်း ဖန်တီး ပြသထားတဲ့ လက်ရာတွေပါ။
ပြီးတော့ သူ ထောင်ထဲမှာ နေခဲ့ရတဲ့ ၇ နှစ်တာ အတွင်း ထောင်ထဲမှာ ဖန်တီးရေးဆွဲခဲ့တဲ့ ပန်းချီကားများလည်း ပြသထားပါတယ်။ ထောင်ကျ အခန်းကျဉ်းသဖွယ် ပြင်ဆင်ထားတဲ့ အခန်းလေးထဲမှာ ပန်းချီကားတွေကို ချိတ်ဆွဲ ပြထားတာပါ။ ထောင်ထဲမှာ ကင်းဗတ်တို့ ဆေးတို့ သုံးပြီး ပန်းချီရေးဆွဲရတာ မဟုတ်ဘဲ ထောင်ဝတ်စုံ အင်္ကျီပိတ်ပေါ်မှာ ရေးဆွဲရတာ ဖြစ်ပါတယ်။
“ထောင်ထဲမှာ ကျနော် ပန်းချီဆွဲတယ် လို့ သတင်းရတယ် ဆိုပြီး တာဝန်ရှိသူတွေ ကျနော့် အခန်းထဲကို လာရှာတယ်။ တခန်းလုံးကို မွှေနှောက်ရှာတယ် ဗျာ။ ပန်းချီဆွဲရာမှာ သုံးတဲ့ ပစ္စည်းတချို့ပဲ တွေ့သွားပြီး ပန်းချီကားကို သူတို့ မတွေ့ကြဘူး။ ကျနော်က နံရံမှာ ပန်းချီကားကို ချိတ်ဆွဲ အခြောက်လှမ်းထားတာဗျာ.. သူတို့က အဲဒီနောက်ကိုလည်း ရှာသေးတယ်။ မတွေ့ဘူး ဆိုပြီး ပြန်သွားကြတယ်” လို့ ရယ်ရယ်မောမော ပြောပါတယ်။
ပန်းချီထိန်လင်းက ရယ်ရယ်မောမော ပြောပေမယ့် ထိုအချိန်က သူ ဘယ်လောက် ရင်မောနေရလိမ့်မယ် ဆိုတာ သူရေးဆွဲတဲ့ ပန်းချီကားက မွန်းကြပ် မွန်းလှောင်မှုတွေ ဖော်ညွှန်း သက်သေပြနေပါတော့တယ်။ ။
The post ပုံပြောသူ ပန်းချီထိန်လင်း appeared first on ဧရာဝတီ.