Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ခေတ်သစ်နဲ့ ထိတွေ့လာတဲ့ သဘာဝ မြိတ်ကျွန်းစုများ

$
0
0
Click to view slideshow.

မြိတ်ကျွန်းစု၏ မြောက်ဘက် အစွန်ပိုင်းနေရာတွင် ရှိသော Bailey ကျွန်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မြင်ရချိန်မှာ အခြေအနေ ကောင်းနေသေးသည့် အသွင် ရှိသည်။

မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် သမုဒ္ဒရာ ကျွမ်းကျင်သူ ဦးဇော်လွန်း၊ ဓာတ်ပုံဆရာ လောရင့် ဒေးဗစ် (Lawrence Davis) နှင့် သိပ္ပံပညာရှင်များကို တင်ဆောင်လာသည့် လှေတစီးက Bailey ကျွန်း၏ အရှေ့တောင်ဘက်ရှိ သာယာ လှပသော ပင်လယ်အော် အတွင်းသို့ ရောက်ရှိလာသည်။ မြိတ်ကျွန်းစု၏ မြောက်ပိုင်းမှ သန္တာကျောက်တန်းများကို လေ့လာရန် သူတို့ ခရီးထွက်ခဲ့သည်မှာ ၇ ရက်မြောက်ခဲ့ပြီ ဖြစ်သည်။

လောရင့်ဒေးဗစ်က ရေထဲသို့ ဒိုက်ဗင်ထိုးချလိုက်ပြီး လွန်ခဲ့သော ၈ လခန့်က သူ ပထမဆုံးအကြိမ် ရောက်ခဲ့သော သန္တာကျောက်တန်းရှည် ဆီသို့ ကူးခပ်သွားသည်။ ထို့နောက် ရောင်စုံမှန်ပြောင်းကို လှည့်လိုက်သည့်ပမာ အသွေး အရောင် စုံလင်လှသော ပင်လယ်ပက်ကျိများ၊ သန္တာကျောက်ခက်များ၊ ငါးများနှင့် တခြားသော ရေနေသတ္တဝါ မှန်သမျှကို မြန်မြန်ဆန်ဆန်ပင် မှတ်တမ်းတင်တော့သည်။ ထိုအချိန်တွင် Emperor angel ငါးတကောင် မြင်ကွင်း ထဲသို့ ကူးဝင်လာသည်။ သူနှင့်အတူ ကြက်တူရွေးငါး (Parrotfishသို့မဟုတ် ငါးကြက်တူ ဟုလည်း ခေါ်သည်) တကောင်လည်း ပါသည်။

တနာရီနီးပါးခန့် မှတ်တမ်းယူပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတခုဖြစ်သည့် Flora and Fauna International (FFI)၊ အစိုးရ တာဝန်ရှိသူများနှင့် အခြားသူများ လည်း လိုက်ပါလာ သည့်အဖွဲ့က အချိန် မဖြုန်းဘဲ နောက် တနေရာသို့ ပြောင်းရွှေ့လာခဲ့သည်။ ၎င်းတို့အဖွဲ့သည် အကျယ် အဝန်း ၁၄၀ဝ၀ စတုရန်းမိုင် ကျယ်ဝန်းသည့် မြိတ် ကျွန်းစုဒေသမှ ရေပေါ်ရေအောက် သက်ရှိများကို လေ့လာမှု အသစ်များ ပြုလုပ်နိုင်ရန် ခရီးထွက်ခဲ့ကြခြင်း ဖြစ်သည်။

ဝင်္ကပါလို ရှုပ်ထွေးသည့် ကျွန်းပေါင်း ၈၀ဝ ခန့် အတွင်းတွင် ပြန်လည်ရှာဖွေမှုများ ပြုလုပ်ရန် အတွက် သုတေသီများ စိတ်လှုပ်ရှားခဲ့ကြ ရသည်။ ရာစုနှစ်ပေါင်းများစွာ အတွင်း အလှမ်းဝေး၍ လူသူ အရောက်အပေါက် နည်းပါးသည့် အဆိုပါဒေသက သဘာဝ အတိုင်း ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ကျေးငှက်များ ကျန်ရှိနေသေးကြောင်း ခိုင်မာသည့် အချက်အလက် တချို့ ရှိနေသကဲ့သို့ သမင်များ၊ သင်းခွေချပ်များ၊ ရှဥ့်များ၊ လင်းနို့များ၊ Langurs မျောက်များ၊ တောဝက်များ၊ မျောက်လွှဲကျော် များနှင့် အမြီးရှည်မျောက်များ ကျန်ရှိနေသေးသည် ဟုလည်း သိရသည်။

ပင်လယ်အတွင်းတွင် ရေဝက်များ၊ ပင်လယ် လိပ်များ၊ ဖျံများ၊ လင်းပိုင်များ၊ ဝေလငါးများနှင့် ငါးမန်းများလည်း ရှိနေကြောင်း သိရသည်။ စတုရန်း ၁၀၅၆ မိုင်ခန့် ကျယ်ဝန်းသည့် သန္တာကျောက်တန်းများက ငါးများနှင့် တခြား ရေနေသတ္တဝါများ နေထိုင် ပေါက်ဖွားနိုင်ရန် အကာအကွယ် ပေးထားသည်။

FFI နှင့် တခြား အဖွဲ့အစည်းများက လတ်တလော စူးစမ်းလေ့လာမှုများ ပြုလုပ်အပြီးတွင် မြိတ်ကျွန်းစုဒေသ၌ သန္တာကျောက် မျိုးစိတ်ပေါင်း ၃၀ဝ ခန့်ရှိနေပြီး အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature – IUCN) က မျိုးတုံးပျောက်ကွယ်တော့မည် ဟု အနီရောင် စာရင်းတွင် ထည့်သွင်း ဖော်ပြထားသော သန္တာကျောက်ခက် မျိုးနွယ် ၂ ခုဖြစ်သည့် Acropora Roseni နှင့် Acropora Rudis တို့ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။

ကမ္ဘာပေါ်တွင် သန္တာကျောက်များ အများဆုံး တွေ့ရှိနိုင်သည့် အင်ဒိုနီးရှားနိုင်ငံကဲ့သို့ အမျိုးအစား စုံလင်မှု မရှိသော်လည်း ဒေသ၏ ၈၀ ရာခိုင်နှုန်းခန့်ကို စစ်တမ်းကောက်ယူ ကြည့်ချက်များ အရ “အလွန် ကောင်းသည်” ဟု သတ်မှတ်နိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ သိပ္ပံပညာရှင်များက ကမ်းရိုးတန်းနှင့် နီးသော ကျွန်းများတွင် ရေနောက်သော်လည်း သန္တာကျောက်တန်းများက ငါးများကောင်းစွာ ရှင်သန်ပေါက်ဖွားနိုင်အောင် ပြုလုပ်ပေးနိုင်သည် ကိုလည်း စိတ်ဝင်စားခဲ့ကြသည်။

“ ဒီတွေ့ရှိမှုက ကျနော်တို့အဖွဲ့ကို စိတ်လှုပ်ရှား စေပါတယ်။ ဒီကျောက်တန်းတွေက ကျနော်တို့ ရောက်ခဲ့သမျှထဲမှာ မျိုးစိတ်တွေ အကြွယ်ဝဆုံး ပါပဲ” ဟု FFI မှ ပညာရှင်တဦး ဖြစ်သည့် ဦးဇော်လွန်းက ပြောသည်။ ယမန်နှစ် အစောပိုင်း က ထိုဒေသသို့ သူတို့အဖွဲ့ ပထမဆုံး သွားရောက်ခဲ့သည်။

ထို့အပြင် မြိတ်ဒေသရှိ သန္တာကျောက်တန်းများမှ မျောပါလာသည့် ပိုးကောင်များက ထိုင်းနိုင်ငံ တောင်ဘက်မှ ချိုးဖဲ့ ခံရ၍ ပျက်စီးနေသော သန္တာကျောက်တန်းများ ပြန်လည် ရှင်သန်လာစေရေး အတွက် အကူအညီ ဖြစ်သည် ဟုလည်း သီအိုရီတခု ရှိနေသည်။

တပ်လှန့်ခြင်း

ယခုနှစ် အစောပိုင်းတွင် FFI ရန်ကုန်ရုံးမှ ရောဘတ် ဟောင်းဝပ် (Robert Howard) သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက သွားရောက်ခဲ့သည့်ခရီးမှ အချက်အလက်များကို ပြန်လည်စစ်ဆေး နေခဲ့သည်။

FFI အဖွဲ့ ပြန်လည် ထွက်ခွာသွားပြီး ရက်သတ္တပတ် အနည်းငယ် အကြာတွင် အပြည်ပြည်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ (IUCN) မှ ပညာရှင်များက Bailey ကျွန်းသို့ သွားရောက်ခဲ့ကြသည်။ “အဲဒီမှာ သန္တာတွေ မရှိတော့ဘူး၊ သက်ရှိတွေ မှီတင်း နေထိုင်တဲ့ နေရာပျောက်သွားပြီ” ဟု သူ့ကို ပြောခဲ့ ကြသည်။

ရှင်သန်ကြီးထွားလာရန် နှစ်ပေါင်း ၃၀ ခန့် အချိန်ယူရသော သန္တာများသည် တရားဝင် ခွင့်ပြု ထားခြင်း မရှိသည့် ဗုံးဖောက်ခွဲ၍ ငါးဖမ်းခြင်းကြောင့် မိနစ် ၃၀ အတွင်း ပျက်စီးသွားနိုင်ပါသည်။

“ဖောက်ခွဲပြီး ငါးဖမ်းတဲ့ နည်းကို နေရာအနှံ့ အပြားမှာ တွေ့နေရတုန်းပဲ။ ဒါက အလွန် စိုးရိမ်စရာ ဖြစ်ပါတယ်” ဟု IUCN မှ Petch Manopawitr က ပြောသည်။

IUCN အဖွဲ့ သွားရောက်ခဲ့သည့် လတ်တလော ခရီးစဉ် အတွင်းတွင် ငါးဖမ်းသည့်နေရာမှ ပေါက်ကွဲသံများ ကြားခဲ့ရသည်ဟု သူက ဆိုသည်။ ဗုံးဒဏ်ခံခဲ့ရသည့် ကျောက်တန်းများကို သူတို့ မှတ်တမ်းတင်ခဲ့သည် ဟု သိရသည်။

ညအခါတွင် မီးရောင်ဖြင့် ဖြားယောင်းပြီး ငါးဖမ်းခြင်းက ရေနေသတ္တဝါများကို ခွဲခြားခြင်း မရှိဘဲ သိမ်းကျုံး ဖမ်းယူ နေခြင်း ဖြစ်ပြီး ငါးသားပေါက်များလည်း အမြောက်အမြား ပါဝင်နေသည် ဟု Petch Manopawitr က ပြောသည်။ မှိန်းနှင့် ထိုး၍ ငါးဖမ်းသည့် စနစ်ကလည်း ပျောက်ဆုံးနေပြီ ဖြစ်သည်။

“ကြက်တူရွေးငါးတွေ တင်ထားတဲ့ လှေတစီးကို ကျနော်တို့ တွေ့ခဲ့တယ်။ လူ ၄ ယောက်နဲ့ ၂ ရက် အတွင်း ဖမ်းခဲ့တာ။ ဒါတွေက ပြည်တွင်းမှာ မစားဘူး။ အားလုံး နိုင်ငံခြားကို ပို့တယ်။ အဓိကကတော့ တရုတ် နိုင်ငံပေါ့။ ထိုင်းကိုလည်း နည်းနည်း ပို့တယ်” ဟု Petch Manopawitr က ပြောသည်။

ရေမှော်ရေညှိများကို စားသည့် ကြက်တူရွေး ငါးများသည် သန္တာများ၏ ကျန်းမာရေး အတွက် အလွန်အရေးကြီး ပါသည်။

ရေအောက် ကြမ်းပြင်အထိ ပိုက်ဆွဲ၍ ငါးဖမ်းသည့် နည်းဖြင့် ငါးဖမ်းခြင်း အပါအဝင် အလွန်အကျွံ ငါးဖမ်းယူခြင်းက ယခုအခါတွင် ကမ်းရိုးတန်းအရှည် ၁၇၄၀ မိုင်ရှိသည့် မြန်မာနိုင်ငံ၏ ပင်လယ်ပြင်၌ ဖြေရှင်းရမည့် ကိစ္စတခုဖြစ်လာ သည်။ ဇွန်လ ၁ ရက် နေ့မှစ၍ ပင်လယ်ပြင်တွင် ငါးဖမ်းခြင်းကို ၃ လ တားမြစ်လိုက်ကြောင်း မြန်မာအစိုးရက ယခင်လ အတွင်းတွင် ကြေညာခဲ့သည်။ ၂၀၁၂ ခုနှစ်မှစ၍ ဖမ်းမိသည့် ငါးအရေအတွက် ကျဆင်းလာပြီး နိုင်ငံခြား တင်ပို့မှုလည်း လျော့နည်းသွား၍ ဖြစ်သည်။ ပြီးခဲ့ သည့်နှစ်မှစ၍ နိုင်ငံခြား ငါးဖမ်းလှေများ မြန်မာ့ ရေပိုင်နက်အတွင်းတွင် ငါးဖမ်းခွင့် မပြုတော့ပါ။

အနာဂတ်

မြိတ်ကျွန်းစုဒေသ၏ ကျော်ကြားမှု ဖြစ်သော သဘာဝအတိုင်း ရှိနေခြင်း၊ ပင်လယ်ပျော် ဆလုံ လူမျိုးများ နေထိုင် ကျက်စားကြခြင်းနှင့် တချိန်က ပင်လယ်ဓားပြတို့၏ အမာခံစခန်း ဖြစ်ခဲ့ခြင်း တို့က အတိတ်မှာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော ရာစုနှစ်များက ဝေးလံခေါင်ဖျားခြင်းနှင့် ရှည်လျားသော မုတ်သုံရာသီကြောင့် မြန်မာ၊ ထိုင်းနှင့် ဗြိတိသျှတို့၏ အုပ်ချုပ်ရေး စက်ဝိုင်းနှင့် ကင်းလွတ်နေခဲ့သော မြိတ်ဒေသသည် ပြီးခဲ့သည့် နှစ်များ အတွင်း မှာတော့ ပြောင်းလဲ လာခဲ့သည်။

ဗမာအရေ အတွက် တိုးလာသလို ကရင်လူမျိုး တချို့နှင့် တခြားတိုင်းရင်းသားများလည်း ကျွန်းများပေါ်တွင် ပြောင်းရွှေ့ နေထိုင်လာကြပြီး ငါးဖမ်းလုပ်ငန်းများ၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ တချို့ ကျွန်းကြီးများ ပေါ်တွင် သီးနှံစိုက်ခင်းများ၊ ရော်ဘာစိုက်ခင်းများ ရှိလာခဲ့သည်။

လူမျိုးကွဲသူများနှင့် လက်ထပ်ခြင်း၊ အခြေချ နေထိုင်ရန် ဖိအားပေး ခံရခြင်း တို့ကြောင့် ဆလုံ တိုင်းရင်းသားများ၏ ရိုးရာအစဉ်အလာ နေထိုင်မှု ပုံစံ ပြောင်းလဲ လာခဲ့ရသည်။ ငါးဖမ်းလုပ်ငန်းရှင်များ၊ အခြေချနေထိုင်သူများ အပြင် အသစ် ရောက်ရှိလာသူများထဲတွင် မြန်မာရေတပ်လည်း အပါအဝင် ဖြစ်သည်။ စီးပွားရေး လုပ်ငန်းရှင်များ၊ စီမံကိန်းများ၊ ကမ္ဘာလှည့်ခရီးသည်များ၊ အစိုးရဌာနဆိုင်ရာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများလည်း ရောက်ရှိလာကြ သည်။

အကာအကွယ်ပေးရေး

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO) က မြိတ်ကျွန်းစုဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် နေရာ အဖြစ် သတ်မှတ်ပေးရေး အတွက် အစိုးရ၏ ဆောင်ရွက်မှုကြောင့် ကျွန်းစုဒေသ၏ ပြီးပြည့်စုံသော အနေအထားကို ထိန်းသိမ်းရန် စိတ်ဝင်စားမှုများ ရှိလာခဲ့သည်။

သို့သော်လည်း ၁၉၉၆ ခုနှစ်တွင် လန်ပိကျွန်းကို အမျိုးသားဥယျာဉ် အဖြစ် သတ်မှတ်ခဲ့သည့်တိုင် ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို ကျင့်သုံး အကောင်အထည်ဖော်မှုက စာရွက်များပေါ်မှာသာ ရှိနေဆဲ ဖြစ်သည်။ ကာကွယ်ရေး လုပ်ငန်းများ မပြုလုပ်မီမှာပင် လက်တွေ့အခြေအနေ၌ ဖိအားများက အလျင်အမြန် တိုးလာနေသည်။

စီးပွားရေး လုပ်ငန်းရှင် အများအပြားက ကမ္ဘာလှည့် ခရီးသည်များ အတွက် အပန်းဖြေစခန်းများ တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြသည်။ စင်ကာပူ အခြေစိုက် ကုမ္ပဏီတခုက ဆလုံကျွန်းဟု ခေါ်သည့် ကျွန်းတခုလုံးကို အပန်းဖြေစခန်းနှင့် လောင်းကစားရုံ (Casino) အဖြစ် အသွင်ပြောင်းရန် မျှော်လင့်နေသည်။

ထိုအချိန်တွင် ဥပဒေနှင့်အညီ ကာကွယ်ပေးမှု အားနည်းချက်ကြောင့် ကျွန်းများသည် အန္တရာယ်ရှိသော အခြေအနေ နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ကျွန်းများပေါ်မှ အဖိုးတန် သစ်များသည် တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် ဆုံးရှုံး နေပြီး ကမ်းစပ်မှ ဒီရေရောက်တောများနှင့် ပင်လယ်နေသတ္တဝါများ အတွက်လည်း ဖိအားများ ရှိနေသည်။ ရေအောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်လည်း လိုအပ်လာသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ကျွန်းစုဒေသအတွင်းတွင် ရေပြင်ကာကွယ်ရေး ဧရိယာ (Marine Protected Area) ကွန်ရက်တခု ပေါ်ပေါက်လာစေရန် ဆန္ဒရှိနေကြသည်။

ထိုသို့ ဖြစ်လာစေရန်အတွက် အစိုးရနှင့် သိပ္ပံ ပညာရှင်များ၏ သတိထားစောင့်ကြည့်မှု အပြင် မြန်မာနိုင်ငံ ငါးဖမ်းလုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင်များနှင့် တခြား စိတ်ဝင်စားသူများ၏ ပူးပေါင်းပါဝင်မှုများ လိုအပ်သည်။ ထို့ပြင် ဒေသခံ လူမှုအသိုင်းအဝိုင်းက လည်း ပြင်ပမှ ဝင်ရောက်လာသည့် အလေ့အထများကို ကျော်လွှား၍ မိမိတို့၏ ရိုးရာအလေ့အထများ ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်လည်း လိုသည်။

အရေးပါသည့် ဇီဝမျိုးကွဲများနှင့် ပင်လယ်နေ သတ္တဝါများ မှီတင်းနေထိုင်ရာ နေရာများကို ရေပြင် ကာကွယ်ရေး ဧရိယာများ အဖြစ် သတ်မှတ်ရန် Petch Manopawitr က အကြုံပြုသည်။ ကျွန်းများပေါ်တွင် နေထိုင် သူများ အတွက်လည်း အသိုင်းအဝိုင်းက စီမံခန့်ခွဲသည့် စနစ်ကို အသုံးပြုနိုင်သည်ဟုလည်း ဆိုသည်။

တဖက်မှ ထိုင်းနိုင်ငံ၏ ထိန်းသိမ်းကာကွယ်ရေး ဧရိယာနှင့်လည်း ဆက်စပ်နေသည့် ဒေသတွင် သင့်တင့်လျောက်ပတ် သော စနစ်တခုကို တည်ထောင်ခြင်း အားဖြင့် မြိတ်ကျွန်းစုများ ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ပါဝင်လာရေးကို ကြီးမားစွာ အထောက်အကူ ဖြစ်စေနိုင်လိမ့်မည် ဟု Petch Manopawitr က ပြောသည်။ ။

(ယခုနှစ် ဇွန်လထုတ် ဧရာဝတီ အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြထားသော Sandy Barron ၏ Myeik’s Meet-Up with Modernity ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)

The post ခေတ်သစ်နဲ့ ထိတွေ့လာတဲ့ သဘာဝ မြိတ်ကျွန်းစုများ appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...