Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ဘဝကို အရှုံးမပေးသူ မောင်ဝေယံဖြိုး

$
0
0

Click to view slideshow.
(ဓာတ်ပုံ – မြတ်ပြည့်ဖြိုး / ဧရာဝတီ)


ပေ ၂၀ ပတ်လည်လောက်ကျယ်တဲ့ ထမင်းဆိုင်လေးရဲ့ အနောက်ထောင့်ဘက်က မှန်ဘီရိုထဲမှာ မိသားစု ဓာတ်ပုံတွေ အပါအ၀င် ကျောင်းပညာရည် ထူးချွန်ဆုလက်မှတ်၊ ဆုတံဆိပ်တွေ ကပ်ထားတာကို တွေ့ရပါတယ်။ မှန်ဘီရို အထက် ဆိုင်နံရံပေါ်မှာတော့ မောင်ဝေယံဖြိုး ဆုယူစဉ်က ပုံတွေကို ပိုစတာကြီးအဖြစ် ချိတ်ထားတာ အမြိန့်သား တွေ့ရပါတယ်။

“တနေ့တော့ ဖြစ်လာမယ်ဆိုတဲ့ ခံစားချက်နဲ့ ကိုယ်ကြိုးစားခဲ့ရတာတွေ တကယ်ဖြစ်လာတော့ အရမ်းပျော်တာပေါ့” ဟု တီရှပ်အနီ၊ ဂျင်းဘောင်းဘီနဲ့ လန်းဆန်းတက်ကြွနေတဲ့ မောင်ဝေယံဖြိုးက ပြောပါတယ်။

မောင်ဝေယံဖြိုးက မွေးရာပါ ခြေလက်အင်္ဂါ ချို့ယွင်းသူတယောက် ဖြစ်ပေမယ့် ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၀ိဇ္ဇာတွဲဖြင့် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ မလျှော့သော ဇွဲ၊ လုံလ၊ ၀ီရိယတို့ အရင်းခံကာ ကြိုးစားခဲ့တဲ့ မောင်ဝေယံဖြိုး အတွက် ၄ နှစ်မြောက် တက္ကသိုလ်ဝင်တန်း ဖြေဆိုတဲ့ နှစ်မှာ အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်လို့ သူ့မိခင် ဒေါ်အေး က ချီးကျုးပြောဆိုပါတယ်။

မောင်ဝေယံဖြိုး ဖခင်ရဲ့ဇာတိဖြစ်တဲ့ အမရပူရမြို့နယ် တောတွင်ကျေးရွာအနီး မြစ်ငယ်-ပြင်ဦးလွင် လမ်းမကြီးပေါ်က ဆည်တော် လေးမြောင်းနံဘေးမှာ ထမင်းဆိုင်ဖွင့်ပြီး သားရဲ့ ပညာရေးကို ကျားကန်ပေးခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၄ ကြိမ်တိုင် ဖြေဆိုခဲ့ပြီး စတုတ္ထမြောက်နှစ်မှာ စာမေးပွဲအောင်ခဲ့တဲ့ မောင်ဝေယံဖြိုးက မိခင်အတွက် ဂုဏ်ယူစရာ သားရတနာတဦးဖြစ်သလို မောင်ဝေယံဖြိုးကလည်း အမေဟာ သူ့အတွက် ရှေ့ဆောင်တယောက်ပါလို့ ဆိုပါတယ်။

သားသမီး ၅ ယောက်မိခင် ဒေါ်အေးက အငယ်ဆုံးသား မောင်ဝေယံဖြိုးနဲ့ ပတ်သက်ပြီး “သူ့အစ်ကို၊ အစ်မတွေတုန်းက ဆယ်တန်း ဘယ်သူမှ မအောင်ခဲ့ဘူး၊ ၄ နှစ်ကျ၊ ၅ နှစ်ကျနဲ့ ကျောင်းထွက်ကြတာချည်းပဲ။ အဲဒီတော့ အန်တီက ကလေးကို ပိုမဲတင်းပြီး ဂရုစိုက်ခဲ့တယ်။ ကျန်တဲ့သူတွေက ဆယ်တန်းမအောင်လည်း လုပ်စားနိုင်တယ်လေ” လို့ ပြောပါတယ်။ စကားပြောနေရင်းတန်းလန်း ဆိုင်မှာ ထမင်းလာစားတဲ့ ဧည့်သည်အတွက် ဟင်းပွဲတွေ ပြင်ဆင်ပေးဖို့ ထထွက်သွားပါတယ်။

ပထမ ၂ ကြိမ်ဖြေဆိုစဉ်က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ကျောက်မီး အထက်တန်းကျောင်းမှာ ဖြေဆိုခဲ့ပြီး မြစ်ငယ် အထက်တန်းကျောင်းကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့ ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။ ပထမနှစ် ကျောက်မီး အ.ထ.ကတွင် ဖြေဆိုစဉ်က စာမေးပွဲခန်မှာ ဆရာမ ၄ ဦး စောင့်ကြပ်ပြီး သီးသန့်တယောက်တည်း ဖြေဆိုစေသဖြင့် ကြောက်လန့်ကာ စာတွေမေ့သွား၍ ဒုက္ခရောက်ခြင်း၊ ဒုတိယအကြိမ် ဖြေဆိုစဉ်က စာမေးပွဲခန်းတွင် သတိလစ်သွားသဖြင့် ဆေးရုံ တက်လိုက်ရခြင်းတို့ကြောင့် စာမေးပွဲ လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။

သူအားနည်းတဲ့ ဘာသာရပ်တွေ ဖြစ်တဲ့ အင်္ဂလိပ်နဲ့ သင်္ချာမှာ စင်းလုံးချော ဖြေဆိုနိုင်ရန် ညလုံးပေါက် စာကြည့်ခဲ့တဲ့ နေ့များက မရေတွက်နိုင်ဘူးလို့ သိရပါတယ်။

မောင်ဝေယံဖြိုးရဲ့ လက်နှစ်ဖက်အနက် ညာဘက်လက်မှာ တံတောင်ဆစ်အနား အထိသာ ပါရှိပြီး ဘယ်ဘက် လက်မှာလည်း လက်ကောက်ဝတ်အနီး အထိသာ ပါရှိပါတယ်။ လက်နှစ်ဖက်လုံးတွင် လက်ချောင်းကလေးများလည်း မပါရှိခဲ့ချေ။

သာမန်ကျောင်းသားများဆိုလျှင် တနှစ်လုံး ကိုယ်ကျက်ထားသည့်စာ ရလျှင်ရသလို ကိုယ်သန်သည့်လက်ဖြင့် ချရေးနိုင်သော်လည်း မောင်ဝေယံဖြိုးမှာမူ ထိုသို့ လုပ်ခွင့်မသာ။ လက်နှစ်ဖက်ကြား ဘောပင်ကိုညှပ်ကာ ရေးသား ဖြေဆိုရသည်။ ထို့အတွက် မောင်ဝေယံဖြိုးအား ပညာရေးဌာနမှ စာဖြေဆိုချိန် မိနစ် ၃၀ အပိုပေးခဲ့သည်။ သို့သော် မောင်ဝေယံဖြိုးအတွက် ထိုမိနစ် ၃၀ သည် မလိုအပ်ပါ။ ငယ်စဉ်ကတည်းက လက်နှစ်ဖက်ပေါင်းပြီး စာရေးခဲ့ရသည့် အတွေ့အကြုံတွေ ဖြတ်သန်းခဲ့ရပြီးပြီမို့ သူ့အတွက်က သာမန်လူတွေအတိုင်း ဖြေဆိုခဲ့ရုံသာ။

“ဒီနှစ် မြစ်ငယ်မှာဖြေတော့ အများနဲ့ ဖြေခွင့်တောင်းလိုက်တယ်။ စိတ်ထဲမှာ အားလုံးနဲ့ တသားတည်းဆိုတဲ့ ခံစားချက် ဖြစ်သွားပြီး အဆင်ပြေသွားတယ်။ အရင်နှစ်တွေက ကျောင်းက အဆင်ပြေစေချင်လို့ သီးသန့်စီစဉ်ပေးပေမယ့် ကျနော့် အတွက်ကျ မကောင်းဘူး” ဟု စာမေးပွဲဖြေဆိုခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်ပြောပါတယ်။

အပြင်လည်တာပတ်တာ မရှိသလောက်နည်းတဲ့ သူ့အတွက် မိသားစုဟာ ဘ၀ဖြစ်ပြီး ပညာရေးဟာ ပျော်ရွှင်မှု ဖြစ်စေခဲ့ပါတယ်။ မိသားစုအားလုံးက “ကလေး” သဖွယ် ခေါ်ဝေါ် ဂရုစိုက်ခံရတဲ့ မောင်ဝေယံဖြိုးတယောက် သိတတ်တဲ့ အရွယ်မှစကာ စာအုပ်မြင်ရင် မွေးရာပါ ချို့ယွင်းသောလက်နှစ်ဖက်နှင့် ဘောပင်ကိုင်ကာ စာရေးကျင့်ခဲ့တာကြောင့် ပုံမှန်လူ တယောက်ကဲ့သို့ စာတွေ ရေးနိုင် ကူးနိုင်ပါတယ်။

ဝိုင်းစက်နေတဲ့ လက်ရေးတွေနဲ့ ရေးထားတဲ့ သူ့ရဲ့ ဆယ်တန်း စာအုပ်တွေက သက်သေပါပဲ။

ကလေးရဲ့ နဂိုဗီဇကို သိမြင်တဲ့ မိခင်က ရွာကျောင်းမှာ ကျောင်းအပ်စဉ်က ဘေးပတ်ဝန်းကျင်ရဲ့ ပြောဆိုကဲ့ရဲ့သံတွေ ကြားခဲ့ရပေမယ့် စိတ်မပျက်ဘဲ ရှေ့ဆက်တိုးခဲ့ပါတယ်။ ဒေါ်အေးက “လေးဖက်စလုံး မပါဘဲ ပညာသင်ပေးလည်း ဘာလုပ်ရမှာလဲ။ အရာမရောက်ဘူးဆိုပြီး ပတ်ဝန်းကျင်က ပြောကြတာတွေရှိပါတယ်၊ ဒါပေမယ့် သူ့ရှေ့မှာ မညည်းရဲဘူး၊ အမေ့ဘ၀နဲ့ အသက်ရှင်လာရတဲ့ ကလေးဆိုတော့ သူအားငယ်သွားမှာစိုးတယ်” ဟု ဆိုပါတယ်။

မောင်ဝေယံဖြိုးက မိခင် ကျောင်းထားရကျိုး နပ်အောင် သူငယ်တန်းစတက်သည့် နှစ်မှာတင် ပထမဆု ရယူနိုင်ခဲ့တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတွေကို အံတုနိုင်ခဲ့ပါတယ်။

သူငယ်တန်းမှ န၀မတန်းအထိ ဆက်တိုက် ပထမဆု ဆွတ်ခူးခဲ့ပြီး ၂၀၀၆ ခုနှစ်က နေပြည်တော်မှာ ဘက်စုံပညာ ထူးချွန်သော ဂုဏ်ထူးဆောင် ကျောင်းသားအဖြစ် ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် ၀ါသနာပါရာ ကွန်ပျုတာ သင်တန်းတက်ရင်း ပထမဆုရရှိပြီး ယခုအခါ Computer Level 3 အဆင့် သင်ကြားပြီး ဖြစ်ပါတယ်။

“ကွန်ပျူတာ သင်ရတာ ကျနော့်အတွက် အခက်အခဲ မရှိပါဘူး၊ သူများလုပ်သလို ကျနော်လုပ်နိုင်ပါတယ်၊ ဘယ်လုပ်ငန်းပဲ ဖြစ်ဖြစ် ကြိုးစားရင် တနေ့ဖြစ်လာမှာပါ၊ အရေးကြီးတာ စိတ်ဓာတ်မကျဖို့ပါပဲ” ဟု ဘ၀တူ သူငယ်ချင်းများအတွက် မောင်ဝေယံဖြိုးက အားတက်သရော ပြောပါတယ်။ ထွက်ရှိလာမယ့် ဆယ်တန်း အမှတ်စာရင်းပေါ် မူတည်ကာ မိမိ ၀ါသနာပါရာ ဘာသာရပ်၊ တက္ကသိုလ်အား ရွေးချယ်သင်ကြားသွားမယ်လို့ ဆိုပါတယ်။

“ကွန်ပျုတာသင်တာ မပြောနဲ့၊ သူက ရေကူးမှာတောင် ချန်ပီယံ” ဟု ငယ်စဉ်က ကျောင်းကို ခါးထစ်ခွင်ပိုးကာ ခေါ်သွားပေးတဲ့ အစ်မကြီးဖြစ်သူက အားပါးတရ ၀င်ပြောပါတယ်။

မောင်ဝေယံဖြိုး လူမှန်းသိတတ်စ အရွယ်ကတည်းက မိခင်ဖြစ်သူက လူအများအား ကြောက်ရွံ့ခြင်း မဖြစ်စေရန် အလှူအတန်း မင်္ဂလာဆောင်စသည့် ပွဲလမ်းသဘင်များကို ခေါ်သွားပြီး လူတောတိုးရဲအောင် အလေ့အကျင့် ပြုပေးခဲ့ပါတယ်။

“သူ့ကိုယ်သူ မသန်စွမ်းဘူးဆိုတဲ့ စိတ်မရှိရအောင်။ အိမ်ထဲမှာပဲ နေရင် လူကြောက်သွားမှာ စိုးတယ်” ဟု မိခင် ဒေါ်အေးက ပြောပြတယ်။

မွေးပြီးစ မီးတွင်းမှာ အခါခါ ငိုကြွေးခဲ့ရပေမယ့် မွေးကတည်းက ကျန်းမာရေးအနေဖြင့် ချူချာခြင်းမရှိ၊ အစစအရာရာ မိသားစု ဂရုစိုက် စောင့်ရှောက်မှုနဲ့ ကြီးပြင်းလာခဲ့ပါတယ်လို့ မိခင်ဖြစ်သူ ဒေါ်အေးက ဆိုပါတယ်။

သားအတွက် ပညာရေး ရည်မှန်းချက်ကြီးလှတဲ့  ဒေါ်အေးက “ခြေလက်အင်္ဂါ မသန်ပေမယ့် ပညာဆိုတာ ယှဉ်လို့မရပါဘူး၊ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ်ဖြစ် ပညာတတ်မှ အရာရောက်မယ်ဆိုတဲ့ ခံယူချက် မွေးထားပေးတယ်” လို့ မျှော်လင့်တကြီး ပြောပါတယ်။

အရွယ်ရောက်လာတဲ့ မောင်ဝေယံဖြိုးအတွက် အချစ်ရေးကိစ္စ ရှိလာပါက ဖူးစာဟု ယူဆပြီး အချင်းချင်း နားလည်မှု ပေးနိုင်ပါက သားဖြစ်သူကို စိတ်ချမ်းသာစေလိုတယ်ဟု ဆိုပါတယ်။

လက်ရှိ အားလပ်ချိန်မှာ ဦးလေးထံမှ ဗေဒင်ပညာ သင်ယူနေတဲ့ မောင်ဝေယံဖြိုးက “အမေ့ခံယူချက်ကြောင့် ကျနော် အောင်မြင်မှုတွေ ရလာတာပါ။ တခြားမိဘတွေဆို ကျနော် ဒီလိုအဆင့်ကို ရောက်မှာ မဟုတ်ပါဘူး။ ဘွဲ့ရပြီး လုပ်ငန်းတခုခု လုပ်ရပြီဆိုရင်တော့ မိသားစုအတွက် ပြန်လုပ်ပေးနိုင်မှာပါ” လို့ အပြုံးလေးနဲ့ ဆိုပါတယ်။

The post ဘဝကို အရှုံးမပေးသူ မောင်ဝေယံဖြိုး appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...