ပြန်လည်ပြင်ဆင်ထားသည့် ဒုတိယကမ္ဘာစစ်ကျန် ဘတ်စ်ကားကြီး တစီးပေါ်တွင် ဆရာမ ဖြစ်သူက ပို့စကတ်တခုကို ကိုင်ကာ “လက်ဖက်ရည်ဆိုင် မန်နေဂျာက ကိုယ့်လခကို ခေါင်းပုံဖြတ်ရင် ဘယ်လို ဖြေရှင်းမလဲ” ဟု ကျောင်းသားများကို မေးခွန်းထုတ်နေသည်။ ကျောင်းသားများက တယောက်တမျိုးစီ သူတို့စိတ်ထဲ တွေးတောမိရာ များကို ပြန်လည် ဖြေကြားနေကြသည်။ တချို့ကလည်း အဖြေကို စဉ်းစားနေကြသည်။
ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံအနီး လမ်းမပေါ်တွင် စာသင်ခန်းတခန်းနှင့် ပုံစံတူအောင် သေချာစွာ ပြင်ဆင်ထားသည့် ဘတ်စ်ကားပေါ်တွင် မြန်မာရွေ့လျား ပညာရေးစီမံကိန်း (Myanmar Mobile Education Project – myME Project) မှ စေတနာ့ဝန်ထမ်း ဆရာမတဦးက လက်ဖက်ရည် ဆိုင်မှ စားပွဲထိုးလူငယ်များနှင့် စာသင်ကြားရာနေရာ အနီးရှိ ရပ်ကွက်မှ ကလေးငယ်တချို့ကို စာသင်ကြား ပေးနေသည့် မြင်ကွင်းဖြစ်သည်။
“စာသင်ရတာကို ပျော်တယ်။ ဒီကားကြီး ရောက်လာပြီး စာသင်ရတော့မယ့်အချိန် နီးလာရင် စိတ်တွေ တက်ကြွလာတယ်။ ကျောင်းကားလာမယ့် အချိန်ကို မျှော်နေမိတာ။ ဒီနေရာမှာ စာသင်ချင်လို့ ကျနော် အလုပ်လုပ်နေတဲ့ဆိုင်မှာ အခက်အခဲတွေ ရှိနေရင်တောင် သည်းခံပြီး နေဖြစ်တယ်”ဟု my-ME project ၏ စီမံကိန်းတွင် စာလာသင်နေသူ လက်ဖက်ရည်ဆိုင် စားပွဲထိုးဝန်ထမ်း မောင်ထက်နိုင် ဦးက ပြောပြသည်။
အသက် ၁၅ နှစ်အရွယ်ရှိ မောင်ထက်နိုင်ဦး သည် ဧရာဝတီတိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် တွင် နေထိုင်သူဖြစ်သည်။ မိဘများ၏ စီးပွားရေး အဆင်မပြေမှုကြောင့် ၅ တန်း ကျောင်းသားအရွယ် ကတည်းက ကျောင်းထွက်ခဲ့ရပြီး ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်ကာ ရရှိသည့်လစာကို အိမ် သို့ ပြန်လည်ထောက်ပံ့နေရသူ တဦးဖြစ်သည်။
သူသည် လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုး ဝန်ထမ်းအဖြစ် တလလျှင် ၅၀ဝ၀ဝ ကျပ်ဖြင့် အလုပ် လုပ်နေ ကြောင်း၊ မြန်မာရွေ့လျား ပညာရေးစီမံကိန်းမှ ၎င်းအလုပ်လုပ်ရာ လက်ဖက်ရည်ဆိုင်သို့ ဆက်သွယ် လာရာမှ စိတ်ဝင်စားပြီး တက်ဖြစ်ခဲ့ကြောင်း သိရ သည်။
“ရတဲ့လစာကို မိဘကို ပြန်ပြီးထောက်ပံ့ရတယ်။ ဆရာမက ကျောင်းသားတွေကို ပျော်အောင် သင် ပေးတယ်။ ဘဝတွက်တာ လူမှုရေးပိုင်းတွေ သင်ပေး တယ်။ ပြောဆိုဆက်ဆံရေး အပိုင်းတွေ သင်ပေး တယ်။ ကိုယ့်အပေါ် မကောင်းရင် ပြန်ကောင်းအောင် လုပ်ပြရမယ်ဆိုတာ သင်ပေးတယ်။ နားလည်နိုင်စွမ်း ရှိဖို့ပေါ့။ တချိန်ချိန်မှာ ကျနော့်လိုပဲ ကျောင်းမတက် ခဲ့ရတဲ့သူတွေကို ကျနော် စာတတ်ခဲ့ရင် ပညာ ပြန်သင်ပေးလို့ရတယ်။ ကျောင်းတော့ပြန်တက်ဖို့ ဆန္ဒမရှိတော့ပါဘူး။ ကျောင်းနဲ့ ဝေးနေတာကြာပြီ လေ။ ကျနော် သူဌေးဖြစ်ချင်တယ်၊ အောင်မြင်အောင် ကြိုးစားချင်တယ်” ဟု သူက ပြောပြသည်။
မောင်ထက်နိုင်ဦး အပါအဝင် ကျောင်းမနေရ သည့် ကလေး၊ လူငယ်အများအပြား စိတ်ဝင်စားကြ သည့် မြန်မာရွေ့လျား ပညာရေး စီမံကိန်းသည် ၂၀၁၃ ခုနှစ်ခန့်မှ စတင်ကာ ကျောင်းပညာရေး မပြီးပြတ်သေးသည့် ကလေးများ၏ဘဝ အပြောင်း အလဲ ဖြစ်လာစေရန်နှင့် လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြရပြီး ကျောင်းပညာရေးနှင့် ဝေးကွာနေကြသည့် လူငယ်များနှင့် ကလေးများကို လူမှု ဆက်ဆံရေးတွင် ပိုမိုတိုးတက်စေချင်သည့် ရည်ရွယ်ချက်ဖြင့် လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့ကို စီမံကိန်း ဒါရိုက်တာ ကိုတင်မောင်မောင်အေး အပါအဝင် သူ၏မိတ်ဆွေ ၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
“ကလေးသူငယ်တွေ ကျောင်းတွေ မတက်နိုင် ဘူးဆိုတာက ကျောင်းတွေမရှိလို့လည်း မဟုတ်ဘူး။ ဆရာမတွေ မရှိလို့လည်း မဟုတ်ဘူး။ အဓိကက သူတို့စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ဖြစ် နေတယ်။ ဒီကလေး တွေက အလုပ်ကို လုပ်ရမှာ။ အလုပ်ကလည်း ထွက်လို့ကို မရဘူး။ မြန်မာပြည်မှာ အချိန်ပိုင်းကျောင်းတွေက မရှိဘူး။ တခြားနိုင်ငံတွေ မှာလို နံနက်ပိုင်း အလုပ်လုပ် ညဘက် ကျောင်းတက် လို့ရတာမျိုးက ဒီမှာမရှိသေးဘူး ဆိုတာတွေကို ပြန် သုံးသပ်ပြီးတော့ ဒီတခါစီမံကိန်းမှာ ကျောင်းသား တွေအတွက် သင်ကြားမှုမှာ အသက်မွေး ဝမ်းကျောင်း ဘက်ကို ပိုပြီးတော့ ဦးတည်ချက်ထားတဲ့ သင်ခန်းစာ တွေကို သင်တယ်” ဟု ကိုတင်မောင်မောင် အေးက ရှင်းပြသည်။
လက်ရှိ စီမံကိန်းတွင် ပါဝင်နေသည့် လက်ဖက် ရည်ဆိုင်များမှာ ရန်ကုန်တွင် ၂၄ ဆိုင်နှင့် မန္တလေး တွင် ၂ ဆိုင်ရှိကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင်လည်း သင်ကြားပေးနေကြောင်း၊ ဆရာ၊ ဆရာမဦးရေ ၂၀ ဦးခန့်ရှိပြီး တက်ရောက်နေ သည့် ကျောင်းသား ၄၀ဝ ခန့်ရှိကြောင်း သိရသည်။
ကလေး၊ လူငယ်များကို သင်ကြားရာတွင် အဆင့် ၁ နှင့် ၂ ဟူ၍ နှစ်ဆင့် ခွဲခြားထားကြောင်း၊ အဆင့် ၁ တွင် ကလေးနှင့် လူငယ်များကို အခြေခံ အင်္ဂလိပ်စာ၊ လူမှုဆက်ဆံရေးနှင့် တကိုယ်ရည်သန့် ရှင်းရေး ကိစ္စများကို သင်ကြားပေးခြင်းဖြစ်သည်။ အဆင့် ၂ တွင် အခြေခံကွန်ပျုတာနှင့် အင်တာနက် အသုံးပြုမှုနှင့် အသက်မွေး ဝမ်းကျောင်း ကဏ္ဍကို သင်ကြားပေးပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်္ဂလိပ်စာကို သင်ကြားပေးမည်ဖြစ် သည်။
“ဒီကလေးတွေက မြို့ကြီးရောက်တော့ လက်ဖက် ရည်ဆိုင်တွေမှာ နံနက်ကနေ ညအထိ အလုပ်ဝင်ရ တယ်။ သူတို့တွေမှာ အပြင်ဗဟုသုတ အတွေ့အကြုံ မရှိသလောက် အားနည်းတယ်။ သူတို့ကို မေးလိုက် ရင် ဘောလုံး သမား ဖြစ်ချင်တယ်။ လက်ဖက်ရည်ဆိုင် မှာ အလုပ်ဆက်လုပ်မယ်။ ဒီ ၂ ခုပဲ သူတို့ဖြေတယ်။ ပြီးတော့ ရွာပြန် မယ်၊ မိဘလယ် ဆက်လုပ်မယ် ပြော ကြတယ်။ သူတို့ဘဝမှာ ရွေးချယ်စရာလမ်းတွေကို မရှိသလောက် နည်းတယ်။ အခုလက်ရှိမှာတော့ ဆိုင်ရှင်တွေက တော်တော်လေး အားရဖို့ကောင်း တယ်။ အားပေးကူညီ ထောက်ပံ့ကြတယ်။ အစ်ကို တို့ဆီမှာက ပရဟိတစိတ်ရှိသူတွေ များတော့ ကလေးတွေဘဝကို အောင်မြင် တိုးတက်စေချင် တဲ့သူတွေများတယ်” ဟု ကိုတင်မောင်မောင်အေးက ရှင်းပြသည်။
စီမံကိန်းတွင် ပါဝင်ကာ ကျောင်းတက်နေသည့် ကျောင်းသား မောင်မြင့်မြတ်သူကလည်း ယခု စီမံကိန်းမှ သင်ကြားပေးသည့် အကြောင်းအရာများ မှာ လက်တွေ့ဘဝတွင် အသုံးချစရာများ ဖြစ်လာ ကြောင်း၊ ကျောင်းမနေနိုင်သည့်အတွက် ကျောင်း တက်နေရသလို သင်ကြားရသည့် အပေါ် ပျော်ရွှင် ကြောင်း ပြောပြသည်။
“ကိုယ့်ပညာရေး အတွက်ဆိုတော့ နည်းနည်း လေးပဲဖြစ်ဖြစ် သင်ရတယ်ဆိုရင်ပဲ သူများ အနှိမ် မခံရဘူး။ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်ညီအစ်ကို မောင်နှမတွေကို ပြန်သင်ပေးနိုင်မယ်။ သူများတွေ မတတ်တာ မသိတာရှိရင်လည်း ပြုပြင်ပေးလို့ရမယ်။ အစက အလုပ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာတွေ ရှိတယ်။ အခုတော့ အဲဒီလိုမပြောတော့ဘဲနဲ့ ချိုသာ ပြောသင့်တာ ပြောရမယ်ဆိုတာ သိလာတယ်။ ကျောင်းတုန်းကတော့ စာမကြိုးစားခဲ့မိဘူး၊ အခု တော့ စာကြိုးစား သင်ချင်စိတ်တွေဖြစ်လာတယ်” ဟု အသက် ၁၆ နှစ်အရွယ်ရှိ မောင်မြင့်မြတ်သူက ဆိုသည်။
သူသည်လည်း စားပွဲထိုးဝန်ထမ်းတဦးဖြစ်ပြီး လစာ တလလျှင် ၅၀ဝ၀ဝ ကျပ်ခန့် ရရှိသည်။ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့သစ်တွင် နေထိုင်ပြီး အိမ်တွင်း စီးပွားရေး အဆင်မပြေသည့်အတွက် ကျောင်းထွက် ခဲ့ရကြောင်း၊ မိဘများက အလုပ်လုပ် ရန် ရန်ကုန်မြို့သို့ လွှတ်လိုက်သည့်အတွက် လက်ဖက် ရည်ဆိုင်တွင် အလုပ်လုပ်နေကြောင်း၊ ရရှိသည့် လစာကို အိမ်သို့ထောက်ပံ့နေသည်ဟု သူ၏ ပြောပြ ချက်အရ သိရသည်။
“ကျောင်းက အပြီးထွက်လိုက်ရတာ၊ နားထား တာ မဟုတ်ဘဲနဲ့လေ၊ အိမ်က အဆင်မပြေလို့။ ကျနော့်ကို အမေက ရန်ကုန်လာပြီး အလုပ်လုပ်ဖို့ ပြောတယ်။ အခု အိမ်ကို ပိုက်ဆံပို့ရတယ်လေ။ ကျနော် သုံးဖို့အတွက် လည်း လောက်ငပါတယ်” ဟု မောင်မြင့်မြတ်သူက ပြောသည်။
လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်နေကြ သည့် ကလေးများ အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်း၊ အိမ်ဖော် လုပ်ငန်းများတွင် လုပ်ကိုင်နေကြ သည့် ကလေးများ၏ ဝင်ငွေသည် တလလျှင် ကျပ် ၁၀ဝ၀ဝ မှ ၅၀ဝ၀ဝ ကျပ်ကြားတွင် ရှိသည်။
ဗြိတိန်အခြေစိုက် Maplecroft Consult အဖွဲ့၏ ညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ကလေး အလုပ်သမားပြဿနာ အဆိုးဆုံး ရှိနေသော နိုင်ငံဖြစ်ပြီး လုပ်ခလစာရရှိမှုမှာလည်း အနည်းဆုံး နိုင်ငံစာရင်း တွင် ပါဝင်နေကြောင်း ဖော်ပြထားသည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တရပ် တွင်လည်း မြန်မာနိုင်ငံမှ အသက် ၇ မှ ၁၆ နှစ် အတွင်း ကလေး ၃ ပုံ ၁ပုံသည် လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြရကြောင်း ပါရှိသည်။
“ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်” (NNER) ၏ တာဝန်ရှိသူ တဦး ဖြစ်သူ ဒေါက်တာ သိန်းလွင်က မြန်မာရွေ့လျား ပညာရေး စီမံကိန်းကဲ့သို့ ကျောင်းမနေနိုင်သည့် ကလေး၊ လူငယ်များအတွက် ပညာရေးလှုပ်ရှားမှု အစီအစဉ်များ ပေါ်ပေါက်လာခြင်းမှာ ကောင်းမွန် သည့် ကိစ္စဖြစ်ကြောင်း၊ အစိုးရ အပါအဝင် အရပ် ဘက် လူမှုအဖွဲ့အစည်းများကလည်း ဝိုင်းဝန်း လုပ် ဆောင်သင့်ကြောင်း၊ ဘွဲ့ရလူငယ်များကို သင်ကြားမှု နည်းစနစ်များ ညွှန်ပြခြင်းဖြင့် ကလေး၊ လူငယ်များ ကို သင်ကြားရာတွင် ကူညီနိုင်ကြောင်း ရှင်းပြသည်။
“ကလေးလုပ်သားတွေ များလာတာကတော့ နိုင်ငံရဲ့စီးပွားရေးစနစ်၊ ပညာရေးစနစ်နဲ့ဆိုင်တာပေါ့။ ပညာရေးကလည်း ကလေးတွေ ကျွမ်းကျင်အောင် သင်ကြားပေးနိုင်တဲ့ပညာရေး မျိုးမဟုတ်သေးဘူး။ စီးပွားရေးကလည်း လူတိုင်း အဆင်ပြေအောင် ဖန်တီးပေးနိုင်တဲ့ စီးပွားရေးမဟုတ်သေးတော့ ကျောင်းမနေ နိုင်တဲ့ ကလေးတွေ များလာတယ်၊ အလုပ်လုပ်ရတဲ့ ကလေးတွေများလာတယ်။ အသက်မွေးဝမ်းကျောင်းပညာ မရတဲ့ကလေးတွေ များလာတယ်။ နောက်ပြီး အလုပ်လုပ်ဖို့ အခွင့် အလမ်းကလည်း မရှိဘူး၊ အားလုံးကို တပြိုင်နက် ပြင်ဖို့ လိုတယ်။ ကလေးတွေလည်း ပညာရအောင် လုပ်ရမှာဖြစ်သလို တဖက်ကလည်း အလုပ် အကိုင် အခွင့်အလမ်းတွေ များများဖန်တီးပေးရမယ်” ဟု ဒေါက်တာ သိန်းလွင်က ထောက်ပြဝေဖန်သည်။
သူက ဆက်လက်၍ “ကျယ်ကျယ်ပြန့်ပြန့်လည်း ရှိဖို့လိုတယ်။ ကျောင်းမနေနိုင်တဲ့ ကလေးတွေက တောရွာ တွေမှာ လည်းရှိတာကိုး။ အဲဒါကို ရပ်ရွာ တွေကလည်း ဝိုင်းကူပြီးတော့ ဒေသတိုင်း ကျောင်း မနေနိုင်တဲ့ ကလေးတွေကို သင်ပေးနိုင်ရင် ကောင်း တယ်။ အစိုးရတခုတည်းလည်း အားလုံးနှံ့စပ်အောင် မလုပ်နိုင်ဘူး။ အရပ်ဘက်ရော လူမှု အားလုံးတိုင်ပင် ပြီး လုပ်ရင်ပိုကောင်းတာပေါ့။ အဓိကကတော့ ကလေးတွေ စာတတ်သွားဖို့ပဲ” ဟု ပြောပြသည်။
လက်ရှိတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ် အတွက် ပညာရေး အသုံးစရိတ်သည် ၅ ဒသမ ၉၆ ရာခိုင်နှုန်းရှိ သည်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်ရာတွင် ပညာရေး အသုံး စရိတ်အတွက် နိုင်ငံတော် အသုံးစရိတ်မှ ၂၀ ရာခိုင် နှုန်းကို နောင် ၅ နှစ်အတွင်း အသုံးပြုပေးရန် တောင်းဆိုထားကြသည်ဟု သိရသည်။
အစိုးရ က အခြေခံပညာကဏ္ဍတွင် မသင်မနေ ရ အခမဲ့ မူလတန်းပညာလုပ်ငန်းစဉ်၊ ကျောင်းသား များအတွက် Stipend နှင့် Scholarship အစီအစဉ်၊ ယခင်ကရှိခဲ့သည့် လူရည်ချွန်ကဲ့သို့သော ဘက်စုံ ထူးချွန်ဆု ချီးမြှင့်ရေး အစီအစဉ်နှင့် ပုဂ္ဂလိက ပညာ သင် ကျောင်းဆိုင်ရာ ဥပဒေစသော ပြောင်းလဲမှုများ ပြုလုပ်ပြီး ပညာရေးကဏ္ဍ မြင့်တင်နေသည်ဟု ပြော ဆိုထားသည်။
The post ခရီးတွင်နေတဲ့ ရွေ့လျား ပညာရေးစီမံကိန်း appeared first on ဧရာဝတီ.