“ဈေးရောင်းမကောင်းတာတော့ ၃ နှစ်လောက်ရှိနေပြီ။ တချို့ဆိုရင် ဆိုင်ခန်းတွေတောင် ပြန်အပ်ကြတယ်။ ဈေးရောင်းမကောင်းပါဘူးဆိုမှ စည်ပင်က အမျိုးမျိုးလာပြောတယ်၊ ဒီနေရာမှာတော့ လုပ်စားလို့ မရတော့ ပါဘူး” ဟု လက်ဝတ်ပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချနေတဲ့ မချယ်ရီက လက်ရှိကြုံတွေ့နေကြ ချင်းမိုင် ညဈေးအကြောင်း ရှင်းပြသည်။
မာကျူရီ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေသည့် ချင်းမိုင်မြို့က “Night Bazzar”ဟု ခေါ်သည့် ညဈေးတန်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဈေးရောင်းသူ၊ ဈေးဝယ်သူတွေသာမက ကမ္ဘာလှည့်နိုင်ငံခြားသားတွေ ကူးလူး သွားလာနေကြရင်း ညဈေးဆိုသည့် သဏ္ဍန်ကိုပေါ်လွင်စမြဲ ဖြစ်သည်။
ဒါပေမယ့် ယခုအခါမှာတော့ နာမည်ကျော် ချင်းမိုင်ညဈေး၏ အနာဂတ်သည် မရေမရာဖြစ်နေပြီ ဖြစ်သည်။
ချင်းမိုင်ညဈေးကို အစကနဦး တရုတ်ကုန်သည်တစုက ပိုင်ဆိုင်ခဲ့ရာမှ နောက်ပိုင်း ဈေးနေရာကတဖြည်းဖြည်း ကျယ့်ပြန်လာကာ ထိုင်းလူမျိုးများပါ ခြေဆန့်လာခဲ့ပြီး ယနေ့အချိန်မှာတော့ဆိုင်ခန်းများကို ထိုင်းလူမျိုးများ ပိုင် ဆိုင်လာခဲ့ခြင်းဖြစ်သည်။
၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ဆိုင်ခန်းပိုင်ရှင် ထိုင်းလူမျိုးများက ဆိုင်ခန်းများကို နေရာပေါ်မူတည်၍ လစဉ် ဘတ် ၄၀၀၀ မှ ဘတ် ၁၀၀၀၀ အထိ အမျိုးအစားလိုက် ငှားရမ်းပေးရာ မြန်မာနိုင်ငံသားများက ဆိုင်ခန်း အသီးသီး ရရှိလာခဲ့သည်။
ထို့အပြင် အလုပ်အကိုင်အခက်အခဲ ဖြစ်နေသည့် ချင်းမိုင်မြို့ရှိ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီယား စသည့် ရွှေ့ပြောင်း အလုပ်သမားများလည်း ညဈေးတန်းတွင် အလုပ်အခွင့်အလမ်းများ ရှိခဲ့သည်။
ထိုစဉ်ကတည်းက ချင်းမိုင်ညဈေးတွင် ဆိုင်ခန်းငှား၍ ဈေးရောင်းသူ နှင့် ဈေးအတွင်း အလုပ်လုပ်ကိုင် နေသူ အများစုမှာ ကချင်၊ ချင်း၊ လားဟူ၊ ကရင်၊ ရှမ်း၊ရခိုင်၊ ဂေါ်ရခါးစသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။
ယခုအခါ ဇင်းမယ် (ခေါ်) ချင်းမိုင်မြို့ရဲ့ ညဈေးသည် လွန်ခဲ့သည့် ဆယ်စုနှစ်များကဲ့သို့ ပုံမှန်စည်ကား နေသလို ရှိနေပေမယ့် ဈေးရောင်းနေကြသည့် မြန်မာနိုင်ငံသားအများစုကတော့ စိတ်သောက များစွာဖြင့် ထွေးပွေ့နေကြ ရသည်။
ညဈေးတွင် ဆိုင်ခန်းငှားကာ အမျိုးသမီးဝတ်အထည် ရောင်းနေသူ ကိုရာဂျန်းက “ ချင်းမိုင်မြို့မှာ ၂၀၁၀ တုန်းက ရှပ်နီ နဲ့ ရှပ်ဝါ နိုင်ငံရေး ပြဿနာ စဖြစ်ကတည်းက ဈေးရောင်းမကောင်းတော့တာ။ စစ်တပ်လည်း အာဏာသိမ်း ပြီးရော ပိုဆိုးတာပေါ့။ အခုအထိပဲ။ ပိုဆိုးလာတာက အခုဆိုရင် စည်ပင်က ဒီနေရာ ဈေးမရောင်း ရတော့ဘူးလို့ လာလာတားနေတယ် ” ဟု ဧရာဝတီကို ပြောသည်။
ကိုရာဂျန်းသည် ချင်းမိုင်ညဈေးတွင် ဆိုင်းခန်းပိုင်ရှင် ထိုင်းလူမျိုးထံမှ ဆိုင်ခန်းအား လစဉ် ဘတ် ၄၀၀၀ မြန်မာ ကျပ်ငွေအားဖြင့် တစ်သိန်းသုံးသောင်းကျော် ပေး၍ ဈေးရောင်းနေသည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည်။
လွန်ခဲ့သော ၃ နှစ်ဝန်းကျင်ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးကုမ္မဏီ ဘီယာချန်း (Beer Chang) ကုမ္မဏီက ချင်းမိုင်ညဈေးတန်းတလျှောက် အဆောက်အဦးများကို ဝယ်ယူခဲ့သည်ဟု သိရသည်။
ဘီယာချန်း ကုမ္မဏီဝင်လာပြီးနောက် ၂၀၁၂ခုနှစ် ဝန်းကျင် ညဈေးတန်းမှာ ဘီးတပ်တွန်းလှည်းများဖြင့် ဆိုင်ခန်း အသုံးပြုခြင်းကို ချင်းမိုင်စည်ပင်သာယာမှ တားမြစ်ပိတ်ပင်ခဲ့ပြီး ဘီးတပ်တွန်းလှည်းအစား ဆိုင်ခန်းများ ဆောက် လုပ်ရမည်ဟု ထုတ်ပြန်ခဲ့သည်။
“ကျမတို့က အရင်ကဆိုရင် ဆိုင်ခန်းဖိုး တလကို ဘတ် ၁၃၀၀ ပဲပေးရတာ။ ခုတော့ ဘတ်၂၀၀၀ ပေးရပြီ။ တွန်း လှည်းနဲ့ဆိုရင် ဆိုင်ဖွင့် ဆိုင်သိမ်း မြန်တယ်။ အခုက ဆိုင်ခန်းပုံစံလုပ်ရတော့ သံတွေကို ဖြုတ်လိုက် တပ်လိုက်နဲ့ ဆိုင်ခန်းလုပ်တဲ့သူတွေလည်း လက်ဝင်တယ် အချိန်ကြာတယ်ပေါ့” ဟု ဂျင်းဘောင်းဘီရောင်းနေသူ မဂျူလီက ပြောသည်။
ထို့အပြင် ဘီယာချန်း ကုမ္ပဏီက ညဈေးအနီးရှိ သူပိုင်မြေကွက်တွင် ဆိုင်ခန်းအသစ်များ ဆောက်လုပ်ကာ ဈေးနှုန်းမြှင့်တင်ပြီး ပြန်လည်ငှားခဲ့သဖြင့် ထိုင်းလူမျိုးများက မကြာမီ ညဈေးတခုလုံးကို ဘီယာချန်း တစ်ဦးတည်း ကြီးစိုးတော့မည်ဟု သုံးသပ်ကြသည်။
၂၀၁၅ ခုနှစ် ဧပြီလထဲတွင် ချင်းမိုင်မြို့တော်စည်ပင်သာယာမှ ညဈေးတွင် ဈေးရောင်သူတွေကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် ဆင့်ခေါ်ပြောဆိုပေမယ့် ထိုင်းဆိုင်ခန်းပိုင်ရှင်များမှ ကန့်ကွက်ခဲ့ကြသည့်နောက် ဆိုင်တခန်းလျှင် အမြင့် ၃ ပေ အကျယ် ၁ ပေခွဲ သာဆောက်လုပ်ရမည်ဟု ထပ်မံထုတ်ပြန်လိုက်သည်။
ထိုပြုမူချက်ကို ထိုင်းလူမျိုးများက ဘီယာချန်းကုမ္မဏီအနေဖြင့် ချင်းမိုင်စည်ပင်အား အခကြေးပေး၍ ဈေးရောင်းသူများကို တနည်း နည်းဖြင့် ဖယ်ရှားပေးရန် ဖိအားပေးနေခြင်းဟု ယူဆနေကြသည်။
“အမြင့် ၃ ပေ၊ အကျယ် ၁ ပေခွဲ ဘာသွားလုပ်လို့ ရတော့မှာလဲ။ လူတကိုယ် ဝင်စာတောင် မရှိဘူး။ ဆိုင်တွေကို သူတို့ပြောတဲ့ အတိုင်း ပြန်လုပ်ရမှာ။ ဒီလကုန် နောက်ဆုံးပဲ၊ မပြီးရင် ဈေးရောင်းခွင့်ပါ ပိတ်မယ်တဲ့၊ စည်ပင်က အမျိုးအမျိုး ဖိအားပေးနေတာ။ ကျတော်တို့မှာ အလုပ်တဘက်နဲ့ ဒီဆိုင်းခန်းတွေကို ဆောက်ဖို့ ဘယ်လိုအချိန် ရမှာလဲ။ ဒါ သက်သက်မယ့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နေတာဗျာ။ စိတ်ပျက်ပြီး ဒီနေရာက ထွက်သွားအောင် ပေါ့” ဟု ကိုရာဂျန်းက ရှင်းပြသည်။
၂၀၁၅ ခုနှစ် အစောပိုင်းမှစ၍ ချင်းမိုင်ညဈေးတွင် ကျပန်းအလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား လူငယ် အများစုသည် တည်းခိုခန်းများ၊ စားသောက်ဆိုင်များ နှင့် ဝင်ငွေရလွယ်သည့် နေ့စားအလုပ်များကို တဖြည်း ဖြည်း ကူးပြောင်းလုပ်ကိုင်လာကြသည်။ တချို့ဈေးသည်များကတော့ မြန်မာပြည်တွင်းပြန်ဝင်၍ ၎င်းတို့ အရပ်ဒေသ များတွင် ပြန်လည်ရောင်းချ၍ အသက်မွေးဝမ်းပြုကြသည်။
“ညဈေးခေတ်ကကုန်သွားပြီ။ အခု ကျနော်တို့ သူငယ်ချင်းတွေ ဟိုတယ်မှာ လုပ်နေတာ အေးဆေးပဲ။ ဘာမှ မပူရဘူး၊ စားရိတ်ငြိမ်းပဲ” ဟု ယခင် ချင်းမိုင်ညဈေးတွင် ကျပန်း အလုပ်လုပ်သည့် မြန်မာအလုပ်သမား ကိုမိုးဇော်က ပြောပြသည်။
ယခုအခါ ဘီယာချန်း (Beer Chang) ကုမ္မဏီမှ ညဈေးတန်းရှိ တိုက်တာအဆောက်အဦးအားလုံးကို ဝယ် ယူခဲ့ပြီး ကျန်ရှိနေသေးသည့် လမ်းဘေးဆိုင်ခန်းများကိုလည်း လိုက်လံဝယ်ယူနေလျှက်ရှိရာ တချို့သော ထိုင်းလူမျိုး ဆိုင်ခန်းပိုင်ရှင် မှ လက်မခံကြပေ။
တကယ်တော့ ကျုံးအရှေ့ဘက်ခြမ်းရှိ ချင်းမိုင်ညဈေးသည် အထင်ကရနေရာတခုဖြစ်ပြီး ကမ္ဘာ့လှည့် ခရီးသွား များနှင့် အထူးစည်ကားသည့် နေရာဖြစ်ပြီး ရိုးရာလက်မှုပစ္စည်း များ၊ လူသုံးကုန် ပစ္စည်းများ၊ လက်ဝတ်ရတနာ ပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာ အရုပ်များ၊ စီဒီ၊ ဒီဗွီဒီ အခွေများ၊ ပန်းချီကား မျိုးစုံကို ဝယ်ယူနိုင်သည်။
ယခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေ လမ်းလျှောက်ဈေးဝယ်ရာ ချင်းမိုင်ညဈေး၏ အနာဂတ်သည် နိုင်ငံ ရေးမတည်ငြိမ်မှု၊ စီးပွားရေးမတည်ငြိမ်မှု၊ ဘီယာချန်းကုမ္ပဏီ၏ နယ်ပယ်ချဲ့ထွင်မှုတို့ကြောင့် မရေမရာ အခြေအနေဟု ဆိုရတော့မည်ဖြစ်ပေသည်။
The post ချင်းမိုင်ညဈေး နေ၀င်ချိန် ရောက်ပြီလား appeared first on ဧရာဝတီ.