Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ပြည်သူ့ ရင်ပြင်ထဲက ရေပါတီ

$
0
0
ရေလွှာဥယျာဉ်, ရေပါတီ, ပြည်သူ့ရင်ပြင်

မေလ ၁၉ ရက်နေ့က ရန်ကုန် ပြည်သူ့ရင်ပြင်ထဲမှာ ရှိတဲ့ ရေလွှာဥယျာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံများ – ကျော်ခ / ဧရာဝတီ)

ရန်ကုန်မြို့ရဲ့ တနင်္ဂနွေနေ့ ရုံးပိတ်ရက် တရက်မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်အနီးက ပြည်သူ့ရင်ပြင်ထဲကို သူငယ်ချင်းတွေနဲ့အတူ ရောက်သွားဖြစ်ပါတယ်။ အဲဒီအထဲမှာ မိတ်ဆွေတယောက်ရဲ့ ပန်းချီပြပွဲရှိတော့ အဲဒီပွဲကို ဦးတည်ပြီး သွားလေ့လာကြတာပါ။

ပန်းချီပြပွဲက ပြန်ထွက်လာတော့ ရင်ပြင်ထဲကို လမ်းဆက်လျှောက် ဖြစ်ကြတယ်။ ရုံးပိတ်ရက်လည်း ဖြစ်၊ စက်ရုံ၊ အလုပ်ရုံ တွေလည်း ပိတ်တဲ့ရက်ဆိုတော့ လာရောက် လည်ပတ်ကြတဲ့လူတွေ တော်တော့်ကို များပါတယ်။ နေခြစ်ခြစ်တောက် ပူနေပေမယ့် ရင်ပြင်ထဲက စိမ်းစိုနေတဲ့ သစ်ပင်တွေက သူတို့ကို အရိပ်ကောင်းကောင်း ပေးနေတာ ကြည်နူးစရာ။

ရင်ပြင်ထဲက လမ်းတွေပေါ်မှာ လက်ချင်းချိတ်ပြီး ဥဒဟိုသွားလာနေကြတဲ့ ချစ်သူ စုံတွဲတွေနဲ့ သူငယ်ချင်းတွေ အုပ်စုလိုက် ပျော်ပျော်ပါးပါးသွားလာ နေကြတာတွေ အပြင်၊ မိသားစုလိုက် လာပြီး အရိပ်ကောင်းကောင်း သစ်ပင်တွေအောက်မှာ စုဖွဲ့အနားယူ စားသောက်နေကြတာတွေနဲ့ ရင်ပြင်တခုလုံး စည်ကားနေပါတယ်။

ရေလွှာဥယျာဉ် နားကိုရောက်တော့ ရော့ခ်သီချင်းတွေကို စည်းချက်ညီညီ လူအုပ်ကြီးက လိုက်ဆိုနေတဲ့ အသံတွေ လွင့်ပျံ့လာတာ ကြားလိုက်ရတယ်။ ရေလွှာဥယျာဉ်ဘက်က ထွက်လာတဲ့ လူငယ်စုံတွဲတချို့လည်း ဘေးကနေ ဖြတ်သွားတာ တွေ့လိုက်ရတယ်။ တကိုယ်လုံး ရေတွေစိုရွှဲပြီး မျက်လုံးတွေလည်း နီရဲလို့ပါ။

ရော့ခ်သီချင်းသံတွေကို နားစွင့်ပြီး လျှောက်သွားနေတုန်းမှာပဲ ရေလွှာဥယျာဉ် ဝင်းဘက်ကနေ ဦးခေါင်းသွေးထွက်နေတဲ့ လူငယ်တဦးကို တခြားလူငယ်တဦးက စွပ်ကျယ် အင်းင်္ကျီအဖြူနဲ့ ခေါင်းကိုပတ်ပြီး ဖေးမ သယ်ဆောင်နေလာတာ တွေ့လိုက်ရတယ်။ ဦးခေါင်းဒဏ်ရာရထားတဲ့ လူငယ်ရဲ့ မျက်နှာ တခြမ်းလည်း ဖူးယောင်နေတာ တွေ့လိုက်ရပါတယ်။

ဒရီးဒရိုင်နဲ့ လျှောက်သွားတဲ့ သူတို့နှစ်ဦးစလုံး ရေတွေစိုရွှဲနေပြီး ဖေးကူပြီးခေါ်လာတဲ့ လူငယ်က ဒဏ်ရာတွေရထားတဲ့ သူ့ငယ်ချင်းကို “သွေးထွက်တာများတယ်၊ ဘာမှမပူနဲ့ မင်းကို ငါဆေးရုံပို့ပေးမယ်” လို့ ပြောတာလည်း အနားက ဖြတ်သွားတုန်း ကြားလိုက်ရပါတယ်။

ကျနော်နဲ့ အတူပါလာတဲ့ မိတ်ဆွေ တယောက်ကတော့ “သူတို့ ရေလွှာဥယျာဉ်မှာ ပြဿနာ တက်လာတာလေ” ဆိုပြီး ခုန လူငယ် နှစ်ယောက်ကို ညွှန်ပြရင်း ပြောပါတယ်။

ရေလွှာဥယျာဉ် ဝင်းအဝင်ဝနားကို ရောက်တော့လည်း မျက်နှာမှာ ဒဏ်ရာတွေရနေတဲ့ နောက်ထပ် လူငယ်နှစ်ယောက် ရုန်းရင်း ဆန်ခတ် ထွက်လာပြန်တယ်။ အနားက ဖြတ်သွားချိန်မှာ သတိထားမိလိုက်တာက တကိုယ်လုံး ရေတွေစိုနေသလို အရက်နံ့ တွေလည်း မွှန်ထူနေတဲ့အပြင် မျက်လုံးတွေကလည်း ရဲရဲနီနေပါတယ်။
ထွက်ပေါက်နားမှာလည်း အင်းင်္ကျီဗလာနဲ့ ခန္ဓာကိုယ်ပေါ်မှာ တက်တူးတွေထိုးထားတဲ့ လူငယ် ၃ ယောက်ကို ရဲတွေက တားမြစ် ဖြောင်းဖျ ပြောဆိုနေကြတာ တွေ့ရလိုက်တယ်။ လူငယ် သုံးဦးကလည်း တားမြစ်နေတဲ့ကြားက ထိုးမယ် ကြိတ်မယ် တကဲကဲပါ။ ဘယ်သူ့ကို ထိုးမယ် လုပ်နေတာမသိရပေမယ့် အတွေ့အကြုံ နည်းသူတွေအဖို့တော့ ထိတ်လန့် စေမယ့် မြင်ကွင်းမျိုးပါ။

ကျနော်တို့ ရေလွှာဥယျာဉ်ထဲကို ဝင်ဖို့အတွက် လက်မှတ်တစောင်စီ ဝယ်လိုက်ကြတယ်။ ဝင်ကြေးကတော့ လူကြီး လူငယ်မရွေး တယောက် တထောင်ကျပ်ပါ။ အထဲကို မဝင်ခင်မှာတော့ အဝင်ဝက စည်းကမ်းချက်တွေကို အရင် ဖတ်လိုက်မိ သေးတယ်။ ရေလွှာလျှော စီးတဲ့အချိန် ခန္ဓာကိုယ် ဟန်အနေအထား၊ နေရမယ့် ပုံသဏ္ဍာန်တွေလည်း ပြထားတယ်။

သတိပေး တားမြစ်ချက်တွေထဲမှာ အရေပြားရောဂါ စွဲကပ်နေသူ၊ နှလုံးရောဂါရှိသူ၊ ဝက်ရူးပြန် ရောဂါရှိသူ၊ အရက်သေစာ သောက်စား ထားသူတွေ ရေလွှာလျော မစီးရဆိုပြီး ကန့်သတ်ချက်တွေ တွေ့ရသလို၊ ရေကစားသူတွေ အတွက်လည်း ဝတ်စား ဆင်ယင်မှုတွေ ဆိုးဝါးမှုမရှိအောင် တားမြစ်ထားတာလည်း တွေ့ရပါတယ်။

ကျနော်တို့ အဖွဲ့ဝင်သွားတော့ လက်မှတ်ကလွဲပြီး တခြား ထူးထူးခြားခြား စစ်ဆေးမေးမြန်းတာ မရှိပါဘူး။ ရေလွှာဥယျာဉ် အဝင်ဝက ကလေး ကစားကွင်းလေးထဲမှာ ကလေးတွေ ကစားနေကြပါတယ်။ ကလေးတွေရဲ့ ပျော်ရွှင်စွာ ကစားနေကြတဲ့ ရယ်သံတွေက ရေကူးကန်ဘက်က လွင့်ပျံ့လာတဲ့ ရော့ခ်သီချင်းသံတွေ အောက်မှာ ပျောက်ကွယ်နေတယ်။

ကလေးကစားကွင်း သေးသေးလေးရဲ့ နောက်ကျောဘက်မှာတော့ လူတွေ ရာနဲ့ချီပြီး ပြည့်နေတဲ့ ရေကူးကန်ကြီး တွေ့ရတယ်။ ရေကူးကန်ထဲက ရေပန်းတွေရဲ့ အောက်မှာ ရော့ခ်သီချင်းတွေနဲ့ အတူ စည်းချက်ညီညီ လူငယ်တွေ ကခုန် နေကြတယ်။ ရေပန်းတွေ အောက်မှာ ရော့ခ်သီချင်းတွေနဲ့ စည်းချက်ညီညီ ကနေကြတဲ့ သူတို့တွေကိုကြည့်ရင်း သင်္ကြန် ကျနေသလားလို့တောင် တွေးလိုက်မိတယ်။

ကနေကြတဲ့သူ အများစုက အသက် သုံးဆယ်အောက် အရွယ်တွေများတယ်။ အမျိုးသား၊ အမျိုးသမီးတွေ အပြင် လိင်တူ ချစ်သူ တချို့လည်း တွေ့ရတယ်။ တချို့ စုံတွဲတွေကတော့ ရေပန်းတွေ၊ ရေကန်တွေ ထဲမှာ ကရင်း အနောက်တိုင်း ဆန်ဆန် အနမ်းပေး နေကြတာလည်း တွေ့ရပါတယ်။

ရောထွေးပြီး ကနေကြတာမို့ ဘယ်သူက ဘယ်သူ့ အတွဲလဲ ဆိုတာ ခွဲခြားဖို့ ခက်ပါတယ်။ မိန်းကလေး ကိစ္စနဲ့ မကြာခဏ ခိုက်ရန် ဖြစ်ပွားမှုတွေရှိသလို လူသတ်မှု၊ လူသေမှုတွေလည်း ဖြစ်ပွားခဲ့ဖူးကြောင်း ရောက်ဖူးသူတွေဆီက ပြောဆို နေကြသံတွေ တဆင့် ကြားသိရပါတယ်။

ရေလွှာ ဥယျာဉ်ဝင်းထဲကို ရောက်နေသူအများစု မူးနေကြတာ တွေ့ရတော့ အဝင်ဝမှာ သတိပေး တားမြစ်ထားတဲ့ စည်းကမ်းချက် တွေကို သွားပြီး သတိရမိတယ်။ အထဲမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပြန်ယှဉ်ကြည့်ရင် သတိပေး တားမြစ်ချက် တွေဟာ အဲဒီ ဆိုင်းဘုတ်မှာပဲ ရှိတယ်ဆိုတာပါ။ တကယ်တမ်း ထိထိရောက်ရောက် စစ်ဆေးတာ မတွေ့ရပါဘူး။

ရေကူးကန်မှာ ကခုန်နေသူ တော်တော်များများက အရက်သောက်ထားပြီး မူးနေကြသူတွေပါ။ တချို့ဆိုရင် ရေကူးကန် ဘေးနားမှာပဲ ဝိုင်းဖွဲ့ပြီး အရက်သောက် နေကြတာ ကိုယ်တိုင်တွေ့ခဲ့ရတယ်။ အရက်ပုလင်း၊ ဘီယာပုလင်းတွေနဲ့ ဝိုင်းဖွဲ့နေကြတာ မဟုတ်ပေမယ့် ရေသန့်ဘူး ထဲမှာ အရက်ထည့်ပြီး ဝိုင်းဖွဲ့ သောက်နေကြတာပါ။

ဒီရေကူးကန်ထဲမှာ တချို့ မိဘတွေက ကလေး တွေနဲ့အတူ ရေလာ ကစားတာတွေလည်း ရှိပါတယ်။ ရာသီဥတု ပူတော့ နားနားနေနေ မိသားစုလိုက် ရေလာကစားကြဟန် တူပါတယ်။ ဒါပေမယ့်လည်း အရက်မူးနေကြ သူတွေနဲ့ ရေအတူ ကစားနေရတဲ့ ကလေးတွေ အတွက်တော့ စိုးရိမ်စရာပါ မြင်ကွင်း ဖြစ်နေပါတယ်။

ဒါ့အပြင် ရေကူးကန်ရဲ့ အပြင်ဘက် နေရာတော်တော်များများမှာ အစုလိုက်အစုလိုက် ဝိုင်းဖွဲ့နေကြ သလို စားသောက် ထားတဲ့ ဟင်းထုတ်တွေ၊ ဟင်းဗူး၊ ထမင်းဗူးတွေလည်း ပြန့်ကျဲနေလို့ အမှိုက်တောလို ဖြစ်နေပါတယ်။ တချို့က ဟင်းထုတ် အကျန်တွေပေါ် တက်နင်း သွားလာထားလို့ လမ်းတွေလည်း ပေကျံနေတာနဲ့ မနည်း ရှောင်ကွင်းသွား ခဲ့ရသေးတယ်။

ဒီဝိုင်းတွေမှာ သောက်လိုက်စားလိုက် ထသွားပြီး ရေကူးကန်ထဲမှာ ရေဆင်းချိုးလိုက်၊ ကလိုက်ခုန်လိုက်နဲ့ ရေတွေက ဘယ်လိုမှ မသန့်ရှင်းနိုင်ပါဘူး။ ရေကူးကန်တွေကလည်း လူတွေအဆမတန် ပြွတ်သိပ်ပြီး ချိုးနေကြတာဖြစ်တဲ့ အတွက် ရေညစ်ညမ်းမှုကို ပိုပြီး တွန်းအား ဖြစ်စေနိုင်တယ်လို့ ယူဆရပါတယ်။ ဒီအထဲမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် တွေကလည်း သန့်ရှင်းမှု အားနည်းတာ သတိထားမိတယ်။

ဒီနေရာဟာ ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသတွေက လာရောက်လည်ပတ်ကြတဲ့ အခြေခံလူတန်းစား အများစုအတွက် ပျော်ရွှင်စရာ နေရာလို့ မကြာခန ရောက်ဖူးသူတွေက ဆိုကြတယ်။ သန့်ရှင်းမှုနဲ့ စည်းကမ်းထိန်းသိမ်းမှု အားနည်းတာ တွေကြောင့် ကျန်းမာရေး အပါအဝင် ဒုစရိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပွားမှာ စိုးရိမ်စရာ အနေအထားပါ။

ပြည်သူ့ရင်ပြင်ဟာ ရန်ကုန်တိုင်းအတွင်း အမှုအခင်းဖြစ်ပွားမှု အများဆုံး ဖြစ်ပွားရာ နေရာတွေ အနက် တခု အပါအဝင်ဖြစ်တဲ့ အကြောင်း ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ နေရာထဲမှာလည်း ပါဝင်ပါတယ်။ ထုတ်ပြန်ချက်တွေ အရ ခိုက်ရန်ဖြစ်ပွားမှု၊ လက်နက်ပုန်းမှု၊ ယစ်မျိုးမှု၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးမှု၊ ခြေချုပ်မှု စတာတွေ ပါဝင်ပါတယ်။

ရေကစားသူတွေနဲ့ စည်းကားတဲ့ ရေလွှာဥယျာဉ်က မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်ထားပါတယ်။ အထဲမှာ ရေကူးကန် သုံးခုရှိပြီး ကန်ရဲ့ အလယ်က ရေပန်းတွေအောက်မှာ ရေကစားကြတယ်။ ဒီလောက်များတဲ့ လူတွေကြားမှာ စရိုက်ပေါင်းစုံ ပါဝင်နိုင်သလို ထိန်းသိမ်းဖို့ရာလည်း ခက်ခဲလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။

ကျနော်တို့ စဝင်လာတဲ့ အချိန်ကနေ အခု ကျနော်တို့ ပြန်ထွက်လာတဲ့ အချိန်အထိ မနားတမ်း ဖွင့်ထားတဲ့ ရော့ခ် သီချင်းတွေ ကြားမှာ ကခုန်နေကြသူတွေဟာ လျော့မသွားဘဲ ပိုတိုးလာသလား လို့တောင် ထင်ရတယ်။ ရေကစားလိုက်၊ မောရင် အရက်လာ ပြန်သောက်လိုက်၊ ပြီးရင် ရေကူးကန်ထဲ ပြန်ဆင်းသွားလိုက်ကြနဲ့ ရေကစားသူတွေ တော်တော် များပါတယ်။

ကျနော်တို့ ရေလွှာဥယျာဉ် ထွက်ပေါက်ကို ကျောခိုင်း ထွက်လာတဲ့အချိန်မှာတော့ ရေပန်းတွေ အောက်မှာ ရေကစား နေကြတဲ့ လူအုပ်ကြီးက ဖွင့်ထားတဲ့ လေးဖြူရဲ့ “အမဲလိုက်အက” သီချင်းကို သံပြိုင် သီဆိုကခုန်ပြီး ကျန်ခဲ့ပါတော့တယ်။

The post ပြည်သူ့ ရင်ပြင်ထဲက ရေပါတီ appeared first on ဧရာဝတီ.


Viewing all articles

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...