
ရပ်ကွက် ၅ ပတ်ဝန်းကျင်သည် ဆေးသုံးစွဲသူများ စုဝေးကြရန် အကြိုက်တွေ့သည့် နေရာတခု ဖြစ်သည် (ဓာတ်ပုံ – ဘရင်နန် အိုကော်နာ)
လားရှိုး ဒေသတွင်းတွင် မူးယစ်ဆေးသုံးစွဲသူများကို နေ့စဉ်မြင်တွေ့နေရခြင်းကြောင့် ကိုအဇမ်းနှင့် တခြား ကချင်လူငယ် ခေါင်းဆောင် များက ထိုကိစ္စကို မိမိတို့ကိုယ်တိုင် တာဝန်ယူ ဖြေရှင်းရန် ဆုံးဖြတ်ခဲ့သည်။
“အဲဒီ အချိန်က ကျနော်တို့မှာ အစီအစဉ် ကောင်းကောင်း မရှိသေးပါဘူး။ ကျနော်တို့ နယ်မြေထဲမှာ မူးယစ်ဆေးဝါးတွေ ရှိနေတာ မကြိုက်တာဘဲ ရှိတယ်” ဟု ရှမ်းပြည်နယ် လားရှိုးမြို့၏ မြောက်ဘက် တောင်ကုန်း တခုပေါ်တွင်ရှိသော ရပ်ကွက် ၅ တွင် နေထိုင်သည့် ကိုအဇမ်းက ပြောသည်။
ကချင်လူငယ် ခေါင်းဆောင်များသည် ပြီးခဲ့ သည့်နှစ်က အဖြူအသင်း (White Group) အမည်ရှိသော အဖွဲ့ငယ်တခုကို ကချင်နှစ်ခြင်း အသင်းတော်၏ အကူအညီဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ သူတို့က ဒေသခံ လူငယ်များကြားတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ ဆိုးကျိုးများကို ပညာပေးခြင်း များစတင်လုပ် ဆောင်ခဲ့သည်။ ထို့ပြင် ညအချိန် ကင်းလှည့်၍ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ ရောင်းချ သူများကိုလည်း ထွက်သွားရန် သတိပေးခဲ့ကြသည်။ တခါတရံ လားရှိုးမြို့၏ တခြားနယ်မြေများမှ မူးယစ် ဆေးစွဲ နေသူများလည်း ရောက်လာတတ်ကြသည်။
နောက်ပိုင်းတွင် White Group အဖွဲ့ကို ထောက်ခံသူ များပြားလာပြီး ဒေသတွင်းမှ လူငယ် အမြောက်အမြားကိုလည်း စည်းရုံးနိုင်ခဲ့သည်။ မူးယစ်ဆေးဝါး ဖြတ်ခဲ့သူများအတွက် ပြန်လည် ထူထောင်ရေး စခန်းတခုကိုလည်း မကြာမီ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
သို့သော်လည်း သူတို့၏လုပ်ငန်းများမှာ အနှောင့် အယှက်များ မကင်းခဲ့ပါ။
ယမန်နှစ် စက်တင်ဘာလ နှောင်းပိုင်း တည တွင် ရပ်ကွက်လူကြီးများနှင့် လူငယ်တချို့တို့က ဆေးအရောင်းအဝယ် လုပ်သူဟု သိထားသော ဒေသခံတယောက်ကို သူ၏အိမ်နားတွင် မူးယစ်ဆေး စွဲနေသူတဦးနှင့်အတူ တွေ့ခဲ့ပြီးနောက် အချေ အတင် ဖြစ်ခဲ့ရသည်။ ရပ်ကွက်လူကြီး နှစ်ယောက်က မူးယစ်ဆေးရောင်းသူ၏ ခေါင်းကို ရိုက်လိုက်သည့် အတွက် ထွက်ပြေးသွားခဲ့သည်ဟု ကိုအဇမ်းက ပြောသည်။ ခဏအကြာတွင် ထွက်ပြေးသွားသူက ၄င်း၏ ဖခင်နှင့်အတူ ပြန်ရောက်လာခဲ့ပြီး လူကြီးတယောက်ကို တုတ်ဖြင့်ရိုက်သည့်အတွက် ကျေးရွာလူငယ်များက တုံ့ပြန်တိုက်ခိုက်ခဲ့ကြသည်။ လူငယ်တယောက်၏ လက်ချက်ကြောင့် မူးယစ်ဆေးရောင်းသူ၏ မေးရိုးကျိုးသွားခဲ့သည်။
၂ ပတ်ကြာသောအခါ တရားရုံးက လူငယ် အဖွဲ့ဝင် ၁၀ ယောက်တို့ကို ဆေးအရာင်းအဝယ် လုပ်သည်ဟု သံသယရှိသူ၏ ဖခင်အား လျော်ကြေး ကျပ်သိန်း ၄၀ ပေးရန် အမိန့်ချမှတ်ခဲ့သည်။ ထိုကြောင့် လူငယ်အဖွဲ့က မိမိတို့ဆွေမျိုး အသိုင်းအဝိုင်း များထံမှ ငွေချေး၍ လျော်ကြေး ပေးဆောင်ခဲ့ရပြီး ယခုချိန်အထိ ထိုချေးငွေ၏ တဝက်သာ ပြန်ဆပ် နိုင်သေးသည်။
ထိုအချိန် အတောအတွင်းတွင် ဆေးရောင်း သည်ဟု သံသယရှိသူ၏ ဇနီးသည်ကတော့ ဘိန်းဖြူ သုံးစွဲမှု ပိုများလာသည်ဟု ကိုအဇမ်းက ပြောသည်။
ရပ်ကွက် ၅ ပတ်ဝန်းကျင်သည် ဆေးသုံးစွဲသူများ စုဝေးကြရန် အကြိုက်တွေ့သည့် နေရာတခု အဖြစ် လူသိများသည်။
“ကျနော်တို့ရွာက မူးယစ်ဆေးဝါး အရောင်း အဝယ် လုပ်လို့ ကောင်းတဲ့နေရာတခု ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ တရုတ် ဘုရားကျောင်းကြီးရဲ့ အနောက်မှာ တောတွေရှိတော့ ရဲတွေလာဖမ်းရင် သူတို့တွေ အလွယ်တကူ ပုန်းလို့ရတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကတည်းက ကျောင်းသွားရင် လမ်း ပေါ်မှာ ဘိန်းဖြူထိုးနေတဲ့ လူတွေကို တွေ့ရတယ်” ဟု ကိုအဇမ်းက ပြောသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာ ရုံး (UNODC) ၏ ၂၀၁၄ ခုနှစ်အတွက် အရှေ့တောင်အာရှ နိုင်ငံများ၏ ဘိန်းထုတ်လုပ်မှု နှစ်ပတ်လည် စစ်တမ်းတွင် ဖော်ပြချက်အရ မြန်မာ နိုင်ငံသည် ကမ္ဘာ့ဘိန်း အများဆုံး ထုတ်လုပ်သော နိုင်ငံများတွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယ အများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်ကြောင်း သိရ သည်။ ဘိန်း စိုက်ပျိုးမှု အများဆုံးနေရာက ရှမ်းပြည် နယ်တွင် ဖြစ်သည်။
ထိုစစ်တမ်းအရ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းမှ ဘိန်းစိုက်ခင်း ဧရိယာများသည် ၂၀ဝ၆ ခုနှစ်တွင် ၂၁၆၀ဝ ဟက်တာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၄၇၆၀ဝ ဟက်တာ အထိ တိုးမြင့်လာခဲ့သည်။ ထို့ အပြင် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဘိန်း သုံးစွဲမှုနှုန်းသည် ၂ ဆကျော် မြင့်တက်လာခဲ့ပြီး ဘိန်းပင်များ စိုက်ပျိုးသည့် မြန်မာနိုင်ငံ မြောက်ပိုင်း တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေး သုံးစွဲမှုက ၃ ဆ မြင့်တက်လာခဲ့သည်။
ပလောင်တိုင်းရင်း ဆေးဆရာတဦး ဖြစ်သည့် ဦးစိန်လင်း ပြောင်းရွှေ့လာခဲ့သည့် လွန်ခဲ့သော နှစ် ပေါင်း ၂၀ ခန့်ကတည်းက ရပ်ကွက် ၅ သည် လားရှိုးမြို့တွင် မူးယစ်ဆေးဝါး အရာင်းအဝယ် လုပ်သော နေရာတခုအဖြစ် နာမည်ကြီးနေခဲ့သည်။
အစိုးရ စစ်တပ်က ရပ်ကွက် ၅ နှင့် များစွာ မဝေးလှသောနေရာတွင် တပ်စခန်းတခု လာရောက် ဆောက်လုပ်ခဲ့သည်။
နောက်ပိုင်းတွင် ဘိန်းစိုက်ခင်းများကို ဖြတ်၍ ၂ နာရီခန့် ကားဖြင့်သွားရသည့် မုံရောမြို့သို့ သွား သော လမ်းမကြီး ပိုမို ကောင်းမွန် တိုးတက်လာခဲ့ပြီး ဒေသတွင်း မူးယစ်ဆေး တင်ပို့မှုအတွက် လွယ်ကူ သွားစေခဲ့သည်ဟု ဥိးစိန်လင်းက ပြောသည်။
သို့သော်လည်း ပြီးခဲ့သည့်နှစ် လူငယ်အဖွဲ့ကို တည်ထောင်ခဲ့ပြီးကတည်းက ထိုဒေသတွင်းရှိ ဆေး သုံးစွဲသူ အရေအတွက် လျော့ကျသွားသည်ကို မြင်ရ သည်ဟု ဦးစိန်လင်းက ဆိုသည်။
ရပ်ကွက် (၅) အနီးတွင် တည်ရှိသော ဧဒင် ကချင်နှစ်ခြင်း ဘုရားကျောင်း၏ သင်းအုပ်ဆရာ ဦးဇော်ဘောက်သည် ယခင်က ဆေးစွဲသူတဦး ဖြစ်ခဲ့ ဖူးသည်။ ၁၂ နှစ်ကြာအောင် ဆေးစွဲခဲ့ပြီး မိသားစု များ၊ သူငယ်ချင်းများ၏ ကူညီစောင်မပေးမှုနှင့် သူ၏ ဘာသာရေးအပေါ် ယုံကြည်သက်ဝင်မှုကြောင့် ဆေးဖြတ်နိုင်ခဲ့သည်။
မူးယစ်ဆေးဝါးကြောင့် အစ်ကိုတစ်ယောက် ဆုံးရှုံးခဲ့ရသူတဦး အပါအဝင် သူငယ်ချင်းနှစ်ယောက် က ကချင် နှစ်ချင်း ဘုရားကျောင်း၏ အကူအညီဖြင့် သင်းအုပ်ဆရာ ဦးဇော်ဘောက်နှင့်အတူ မူးယစ် ဆေးဝါးစွဲနေသူ လူငယ်များအတွက် ပြန်လည် ထူထောင်ရေး ဌာနတခုကို လားရှိုးမြို့ အပြင်ဘက် ၇ မိုင်ခန့် အကွာတွင် တည်ထောင်ခဲ့ကြသည်။
၎င်းတို့က ဆေးစွဲသူများအား အဖွဲ့လိုက် ဆွေးနွေးကုသခြင်း၊ ဝတ်ပြုဆုတောင်းရာတွင် ပါဝင် စေခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်စေခြင်းများဖြင့် မူးယစ်ဆေးပြတ်နိုင်ရန် ကူညီပေးခဲ့သည်။ သင်းအုပ်ဆရာ ဦးဇော်ဘောက်က ပြန်လည်ထူထောင်ရေး ဌာန၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ၅ နှစ်တာ ကာလအတွင်း ဆေးဖြတ်သူ ၃၇၀ဝ ဦးအား ကူညီပေးနိုင်ခဲ့သည်ဟု ခန့်မှန်းသည်။
သို့သော်လည်း ယခုအခါတွင် သူတို့ ပြန်လည် ထူထောင်ရးဌာနက ယခင်ကလောက် ထိထိရောက် ရောက် မလုပ်နိုင်ဟု ဦးဇော်ဘောက်က ပြောသည်။ လက်ရှိဝန်ထမ်းများက ကိုယ်တိုင် ဆေးသုံးစွဲဖူးသည့် အတွေ့အကြုံ မရှိသူများ ဖြစ်နေသောကြောင့်ဟု သူက ဆိုသည်။
သူတာဝန်ယူခဲ့စဉ် မျှော်လင့်ချက်မဲ့နေသော လူနာများက သူတို့ မူးယစ်ဆေးကို တောင့်တနေဆဲ ဖြစ်ကြောင်း ပြောလာပါက ဦးဇော်ဘောက်က သူ့ ကိုယ်သူ ဥပမာထား၍ ပြောပြလျှင် ထိရောက်မှုရှိပြီး ဆေးဖြတ်သူများကို စိတ်ဓာတ်လည်း တက်ြွကစေ သည်ဟု သိရသည်။
“ငါလည်း တချိန်က မူးယစ်ဆေးသုံးခဲ့တယ်၊ အခုတော့ ငါလုံးဝ ဖြတ်ပစ်လိုက်ပြီလို့ ကျနော်သူတို့ ကို ပြောပြတယ်” ဟု ဦးဇော်ဘောက်က ဆိုသည်။
(၂၀၁၅ ခုနှစ် မေလထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော Brennan O’ Connor ၏ “Neighborhood Watch” ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)
The post ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး တားဆီးရေး appeared first on ဧရာဝတီ.