“ရွှေမြို့တော်ကြီး ရှုခင်းမှာ … သာသာယာယာ ခမ်းနားပါပေ
သာယာခမ်းနား ဝင့်ကြွားကာ … ရိုးရာဓလေ့တွေ ကွယ်ပျောက်လုပေါ့။
သင်္ကြန်တွင်းမှာ ထွက်လို့လာ၊ အမြင်မတော်တာတွေ ပြောချင်လွန်းလို့” ဆိုတဲ့ နှစ် ၃၀ လောက်ရှိပြီ ဖြစ်တဲ့ မှတ်သားထားခဲ့တဲ့ သင်္ကြန်သံချပ် စာသားတချို့ကို အခုလို နှစ်သစ်ကူး ကာလကို ရောက်တိုင်း ပြန်အမှတ်ရ စေပါတယ်။
၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရဲ့ ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့တွင်း လှည့်လည်ရင်း သံချပ် ထိုးခဲ့ကြတာက-
မပြောမပြီး၊ မတီးမမြည် တို့စည်တီးတာ ပြည်သူ့ အတွက်
ပြောမှ သိလို့ ထိမှနာ တို့ရင်ထဲမှာ မချိမချိ
ဒီမိုကရေစီ အနှစ်ဟာ အာဏာပိုင်ရှင် ပြည်သူ ဖြစ်သတဲ့
ပြည်သူ့ထံမှ ဆင်းသက်လာ အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း
ဆိုတဲ့ သံချပ် အတိုင်အဖောက် ကလည်း မှတ်ဉာဏ်ထဲကို ရောက်ရှိလာပါတယ်။
သံချပ်နဲ့ ပိတောက်ဟာ သင်္ကြန်ရဲ့ဝိညာဉ်တဲ့။ ပျိုမေတွေ ဆံနွယ်မှာ ပိတောက်တွေ ဝေလို့ ရေ ဖလားနဲ့ ပက်တဲ့သင်္ကြန်၊ လူငယ်တွေရဲ့ စည်းချက်ညီတဲ့ သံချပ်ထိုးသံ တွေနဲ့ မြူးကြွတဲ့ သင်္ကြန်ဆိုတာ တွေဟာ ရုပ်ရှင်တွေ၊ စာပေတွေထဲမှာပဲ ရှာကြည့်ရတော့ မလားလို့ တခါတခါ တွေးခဲ့ဖူးပါတယ်။ သင်္ကြန် ရေသဘင်ကို အစဉ်အလာ မပျက် ဆင်နွှဲတတ်ကြ ပေမယ့် သင်္ကြန်သံချပ်လို၊ အလှပြယာဉ်တွေလို ရိုးရာ အငွေ့အသက်တွေ ကတော့ တဖြည်းဖြည်း ပါးလျား မှိန်ဖျော့လာ နေပါပြီ။
ခေတ်လူငယ် အများစု မရင်းနှီးတော့တဲ့ သံချပ်ဆိုတာ ဘာလဲ၊ သံချပ်တွေ ဘယ်လို ဖြစ်လာ သလဲ၊ သံချပ်ရဲ့ အနှစ်သာရကရော ဘာလဲ၊ သင်္ကြန် ရဲ့ အသက်ဖြစ်တဲ့ သံချပ်ထိုးသံတွေ ဘာဖြစ်လို့ တိတ်ဆိတ်သွားရသလဲ ဆိုတဲ့ သံချပ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ရှိခဲ့ပါတယ်။
ခေတ် အဆက်ဆက် ရှေးမြန်မာမင်းများ လက်ထက်က ကျေးလက်နေ ပြည်သူတွေရဲ့ နေ့စဉ် ဘဝကနေ သံချပ်တွေ မွေးဖွားလာတာလို့ ဆိုနိုင်ပါတယ်။ ကျေးလက်နေ တောင်သူတွေ လယ်သမားတွေဟာ တပေါင်းလ အကုန် တန်ခူးလ အဝင် စပါးရိတ်သိမ်းပြီးတဲ့ အချိန်တွေမှာ ပျော်ပွဲရွှင်ပွဲ အနေနဲ့ သံချပ်လို သီချင်းတွေကို လယ်တောထဲမှာ ဆိုခဲ့ကြတယ် လို့ သိရပါတယ်။
အဲဒီလို သီဆိုတဲ့အခါ ဂီတတူရိယာ ပစ္စည်းတွေ အစား အလွယ်တကူပဲ လက်ခုပ်၊ လက်ဝါးတီးလို့၊ ၀ါးလက်ခုပ်တို့နဲ့ သုံး မြူးမြူးကြွကြွ သီဆိုခဲ့ကြရာကနေသံချပ်တွေ မွေးဖွား လာတယ်လို့ မှတ်သားရပါတယ်။
တပေါင်းလရဲ့ သဲပုံစေတီပွဲ တွေမှာလည်း သံချပ်ထိုးတဲ့ ဓလေ့တွေ ပါဝင်လာပြီး ကောက်ရိတ်သိမ်းပွဲ အပြီး လယ်သမား မိသားစုတွေရဲ့ သားသမီးတွေ ရှင်ပြု၊ နားသမင်္ဂလာတွေ ကျင်းပတဲ့ အခါမှာလည်း သံချပ်ထိုးတာတွေ ပါဝင်လာတယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ပျော်ပွဲ၊ ရွှင်ပွဲတွေမှာ သံချပ်ထိုးတဲ့ ဓလေ့ဟာ သင်္ကြန်ပွဲတွေအထိ ပါလာတာ ဖြစ်တယ်လို့ လူရွှင်တော် ဇာဂနာက ပြောပြဖူးပါတယ်။
သံချပ်ဟာ ကာရန် အသံနဲ့ ဖွဲ့ရတဲ့ ကဗျာအမျိုး အစားတခု ဖြစ်ပြီး အုပ်ချုပ်သူ အစိုးရ အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်သူတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေကို ထင်ဟပ်ပြသနိုင်တာ ကြောင့် ပြည်သူ့ ဟစ်ကြွေးသံလို့ တင်စား သတ်မှတ်ကြ ပါတယ်။ အလှ၊ အက၊ သဘာဝ၊ ဟာသ ဆိုတာတွေကလည်း သံချပ်ရဲ့ ယဉ်ကျေးမှုပါ။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း သင်္ကြန်သံချပ်တွေဟာ ဖျော်ဖြေရေး သက်သက်သာ ဖြစ်ခဲ့ပြီး အစိုးရကို ဝေဖန်တာမျိုးတွေ၊ ပုတ်ခတ်တာမျိုးတွေ မရှိခဲ့ဘူး လို့ လူရွှင်တော် ဇာဂနာက ဆိုပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှာတော့ သံချပ်တွေဟာ မဆလ အစိုးရကို သရော်တဲ့ သံချပ် စာသားတွေ အဖြစ် ပြောင်းလဲ လာပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြ သရော်တဲ့ သံချပ်အနုလိုင်းနဲ့ အစိုးရကို ဝေဖန် တိုက်ခိုက်တဲ့ သံချပ်အကြမ်းလိုင်း ဆိုပြီး နှစ်မျိုးရှိခဲ့တယ် လို့လည်း သိရပါတယ်။
မဆလ ခေတ်က ထင်ရှားခဲ့တဲ့ သံချပ်အဖွဲ့တွေ ဖြစ်တဲ့ ဆူးကြားက ဘူးခါး၊ တောက်တီးတောက်တဲ့၊ မောင်မောင်ဆိုလေ ထီးရိုးရှည်၊ အနန္တစွမ်းအားရှင်၊ ကဗျာဆရာတွေရဲ့ နွေဒေသ၊ ပိတောက်တစ္ဆေ စတဲ့ အဖွဲ့တွေဟာ အုပ်ချုပ်သူ လူတန်းစားတွေကို သရော်ခဲ့ပြီး မဆလ အစိုးရရဲ့ သင်္ကြန်သံချပ် စစ်ဆေးရေး ကော်မတီကို သတ္တိရှိရှိ စိန်ခေါ်ရပ်တည် ခဲ့တဲ့ သံချပ်အဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ မဆလ အစိုးရက သံချပ်အဖွဲ့ တော်တော်များများကို အရေးယူမှုတွေ ပြုလုပ် ခဲ့တာကြောင့် သံချပ် အနုလိုင်း တချို့ပဲ ၁၉၈၈ ခုနှစ်လောက် အထိ ကျန်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးရ လက်ထက်မှာတော့ သံချပ်တွေ အားလုံးကို ပိတ်ပင်တားမြစ်ခဲ့တဲ့ အတွက် နောက်ပိုင်း အတာသင်္ကြန်ပွဲတွေမှာ သင်္ကြန် ရဲ့ ဝိဉာဉ်တခု ဖြစ်တဲ့ သံချပ်သံတွေ တိတ်ဆိတ်ပြီး ခေတ်ပေါ် တေးသွားတွေ ဖုံးလွှမ်းတဲ့ သင်္ကြန်မဏ္ဍပ်တွေသာ တဖြည်းဖြည်း နေရာယူလာခဲ့ပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၂ ခုနှစ် သင်္ကြန်က စလို့ လူရွှင်တော်တွေရဲ့ သံချပ်အဖွဲ့တွေက ဦးဆောင်ပြီး ရိုးရာ အငွေ့အသက်တွေ မှိန်ဖျော့သွားခဲ့တဲ့ သင်္ကြန်ကို ပြန်လည် အသက်သွင်းခဲ့ ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ အစိုးရရဲ့ တရားဝင် ခွင့်ပြုချက်နဲ့အတူ သင်္ကြန်သံချပ်တွေ ပြန်လည် ကြားခဲ့ရပါတယ်။ “လူထုပဲ့တင်သံ”ဆိုတဲ့ ခေါင်းစဉ်နဲ့ သံချပ်ပြိုင်ပွဲ တခုကိုလည်း Bo Bo Entertainment က ကျင်းပခွင့် ရခဲ့ပါတယ်။
လူရွှင်တော် ဦးမေတ္တာကလည်း သံချပ်တွေ ပြန်ခွင့်ပြု ပေးလိုက်တဲ့ အချိန်ကစလို့ နှစ်တိုင်း သံချပ်တွေ ထွက်ဖြစ်ခဲ့ပြီး ဒီနှစ် သင်္ကြန်မှာလည်း အစဉ်အလာ မပျက် သံချပ်ထွက်ဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သံချပ်ကတော့ အပျော်လေးတွေ ရယ်၊ အသိ ပေးတာလေးတွေရယ် ဆိုတော့ ရယ်စရာတော့ ဖြစ်မှာပါ။ ရယ်စရာလေးတွေ ထွက်မယ်လို့ စိတ်ကူးထား ပါတယ်။ အကြောင်းအရာ အကုန်လုံးပါမယ်။ ပညာရေးကို အဓိက ထားပြီး ဟာသတွေ လုပ်ထားတယ်” လို့ ဦးမေတ္တာက ပြောပါတယ်။
သူတို့ ငယ်ငယ်တုန်းကတော့ သင်္ကြန် ရောက်တာနဲ့ သံချပ်သံတွေ ကြားရတတ်ပြီး ဆုပေးမဏ္ဍပ် တွေလည်း ရှိခဲ့တာကြောင့် အလှပြယာဉ်တွေ၊ သံချပ်အဖွဲ့တွေ အတွက် အားတက်စရာ ကောင်းခဲ့တယ်လို့ အရင်ခေတ်ကာလ သင်္ကြန် အစဉ်အလာတွေကို ၎င်းက ပြောပြပါသေးတယ်။
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အနေနဲ့လည်း သံချပ် မထွက်တာ ဒီနှစ်နဲ့ဆို ၂ နှစ် ရှိပြီ ဖြစ်ပေမယ့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂရဲ့ “ဒေါင်းတို့ မျိုးဆက်” သံချပ်အဖွဲ့ကိုတော့ ကူညီပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်သင်္ကြန် အတွက် ရန်ကုန် ကျောက်မြောင်းကနေ ထွက်မယ့် “ဖွမှာပဲ သံချပ်စွယ်စုံ အင်အားစု” မှ အဖွဲ့ခေါင်းဆောင် ကိုသိန်းထိုက် ကလည်း သူ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ သံချပ်အကြောင်းကို ပြောပြပါတယ်။
“ကျနော်တို့က သင်္ကြန်မင်းသားတွေ၊ သင်္ကြန် ရောက်တာနဲ့ သံချပ်က မနေနိုင်ဘူး။ ကလေး ကတည်းက သံချပ်ကို တကယ်ကို ခံစားတယ်၊ ကြိုက်တယ်။ တွေ့ရင်လည်း မနေနိုင်ဘူး၊ လိုက်ကြည့်တယ်။ ကြီးလာတော့ ကိုယ်ကိုယ်တိုင် ထွက်တယ်။ ငယ်ငယ်တုန်းကတော့ သူများ အဖွဲ့တွေနောက် လိုက်တယ်။ ၈၈ နောက်ပိုင်းမှာကျတော့ သံချပ်တွေက မထွက်တော့တာနဲ့၊ ထွက်လို့ မရတော့တာနဲ့ ဘယ်အသင်းထဲမှ မပါတော့ဘူး။ ၂၀၁၃ ကျတော့ ထွက်လို့ ရနေပြီ ဆိုတော့ သံချပ်ထွက်ကြမယ် ဆိုပြီး ထွက်ဖြစ် သွားတာပါ” လို့ သူက ဆိုပါတယ်။
ကိုသိန်းထိုက် ဦးဆောင်မယ့် သံချပ်အဖွဲ့ကနေ ဒီနှစ်အတွက်တော့ တနှစ်တာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တွေနဲ့ ပတ်သက်ပြီး သံချပ်တွေ ပြင်ဆင်ထားပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သင်္ကြန် သီချင်းနဲ့ သံချပ် စီစစ်ရေး ကော်မတီကို တင်ထားတယ် လို့ သိရပါတယ်။ ဆက်လက်ပြီး ကိုသိန်းထိုက်က “သံချပ် ဆိုတာဟာ သင်္ကြန် အမြောက်တွေ၊ သင်္ကြန်အမြောက် ဆိုတာ အသံပဲ ပါတယ်၊ ကျည်ဆန် မပါဘူး။ ပြုပြင် ပြောင်းလဲရေး အတွက် အပြုသဘောနဲ့ပဲ ပြောကြတာပါ”လို့လည်း ပြောပြပါတယ်။
သံချပ် စာသားတွေကို အစိုးရရဲ့ စစ်ဆေးရေး ကော်မတီကို တင်ပြနေရသေးတာဟာ သင်္ကြန်သံချပ်တွေ အတွက် လွတ်လပ်မှု အပြည့်အဝ မရှိပေမယ့် ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ ထင်သလောက် ဖြတ်တောက်ပစ်တာမျိုး မရှိခဲ့ဘူး လို့ သင်္ကြန် သံချပ်အဖွဲ့တွေက ပြောဆို ခဲ့ကြပါတယ်။
ဒီနှစ် သင်္ကြန်မှာတော့ ကျွန်ုပ်တို့သည်၊ အကယ်ဒမီ ယဉ်ကျေးမောင်၊ အပြာရဲ့အနီ၊ ဆူးကြားက ဘူးခါး စတဲ့ နာမည်ကြီး သံချပ်အဖွဲ့တွေ အပါအဝင် စိစစ်ရေးကို တင်ထားတဲ့ သံချပ်အဖွဲ့ပေါင်း ၂၄ ဖွဲ့ ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က မဟာသင်္ကြန် သီချင်းနဲ့ သံချပ်စိစစ်ရေး ကော်မတီမှ သိရှိရပါတယ်။
စိစစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးသန်းမြင့်က အပြုသဘော အနေနဲ့ ဝေဖန်တာမျိုးတွေ ကိုတော့ လွှတ်ပေးထားမှာ ဖြစ်ပေမယ့် နိုင်ငံတော် အစိုးရရဲ့ ဂုဏ်သိက္ခာ ပျက်စေတာနဲ့ အကြည်ညို ပျက်စေတဲ့ ကိစ္စမျိုးတွေ မပါအောင်တော့ စိစစ်သွားမှာ ဖြစ်တယ် လို့ ပြောပါတယ်။
ဦးသန်းမြင့်က “အဓိက ကတော့ တို့တာဝန် အရေး ၃ ပါးကို မထိခိုက်ဖို့၊ နိုင်ငံတော်နဲ့ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်တွေကို ထိခိုက်တဲ့ အသုံးအနှုန်း မျိုးတွေ မပါဖို့၊ နောက်တချက် ကလည်း ဘာသာရေးတို့၊ သာသနာရေးတို့ကို ထိခိုက်တဲ့ အသုံးအနှုန်းတွေ မပါဖို့တွေ၊ နောက်တခါ တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေ သံချပ်တွေထဲမှာ ပါလာရင် ဒီလိုမျိုးတွေကို အဓိက စိစစ်တာပါ” လို့ ပြောပြပါတယ်။
သင်္ကြန်နဲ့ ပတ်သက်လို့ အင်မတန် သတင်းမွှေး တဲ့ မန္တလေးမြို့မှာတော့ လတ်တလော နိုင်ငံရေး အခြေအနေတွေ ကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ စာပေအနုပညာရှင်တွေရဲ့ မြို့အတွင်း လှည့် လည်ဖျော်ဖြေမယ့် သံချပ် အစီအစဉ်တွေ ဒီနှစ် သင်္ကြန်မှာ ရှိမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။
သံချပ် စာသားရေးတဲ့ ကဗျာဆရာတွေနဲ့ နိုင်ငံရေး အင်အားစု တချို့ဟာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ ပညာရေး ကျောင်းသား သပိတ်မှာ ပါဝင်ခဲ့တဲ့ အတွက် အရေးယူခံထားရတာ ကြောင့် သံချပ်အဖွဲ့ အင်အားတွေ ယုတ်လျော့ပြီး ဒီနှစ် အတွက် သံချပ် ဖျော်ဖြေမှုတွေ ရပ်နားရတာ ဖြစ်တယ်လို့လည်း မန္တလေး အခြေစိုက် သံချပ်အဖွဲ့ တွေက ပြောဆိုကြပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ခေတ်ပေါ် တေးသွားတွေနဲ့ မြူးကြွနေဦးမှာ ဖြစ်တဲ့ ဒီနှစ်သင်္ကြန်မှာရော ရိုးရာ အငွေ့အသက်တွေ ရှိပြီး ပြည်သူ တွေရဲ့ ပဲ့တင်သံတွေနဲ့ မျက်မှောက် မြန်မာနိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်ပြနိုင်တဲ့ သင်္ကြန်သံချပ်သံ တွေက ဘယ်လောက်အထိ ထိုးဖောက်သွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။ ။
The post သင်္ကြန် ၊ သံချပ်နဲ့ ပြည်သူတွေရဲ့ ပဲ့တင်သံ appeared first on ဧရာဝတီ.