
မြန်မာ အမျိုးသမီးများသည် ကဏ္ဍအလိုက် ယခင်ကထက် ပိုမိုပွင့်လင်းစွာ ပါဝင်လာကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ယခုနှစ် မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံအသီးသီးတွင် အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပလာသည်မှာ ၁၀၄ ကြိမ်မြောက် ရှိပြီဖြစ်သည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊ ကမ္ဘာ့အမျိုးသမီးထု၏ စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရန်၊ အောင်မြင်မှုများကို ဂုဏ်ပြုရန်နှင့် အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများကို ပူးပေါင်းဖြေရှင်းရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ထိုအထိမ်းအမှတ်ပွဲကို နှစ်စဉ်ကျင်းပကြ ခြင်း ဖြစ်သည်။
၁၉၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက် မြို့ရှိ အထည်စက်ရုံမှ အမျိုးသမီး တသောင်းခွဲက အလုပ်ချိန်လျှော့ချပေးရန်၊ လုပ်ခလစာ တိုးမြှင့်ပေး ရန်နှင့် မဲပေးပိုင်ခွင့်ရရှိရန်တို့အတွက် ချီတက်တိုက်ပွဲ ဝင်ခဲ့ကြရာမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ဟူ၍ စတင်ဖြစ်ပေါ်လာခဲ့သည်။
အမျိုးသမီးများနေ့ကို အစောဆုံး သတ်မှတ် ကျင်းပသည့် နိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်ပြီး အမျိုးသမီးများနေ့ကို အမေရိကန်ပြည်ထောင်စု တွင် ၁၉၀၈ ခုနှစ် မေလ ၃ ရက်နေ့၌ ချီကာဂိုမြို့တွင် လည်းကောင်း၊ ၁၉၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့နှင့် ၁၉၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ ရက် နေ့များတွင် နယူးယောက်မြို့တွင် လည်းကောင်း အမျိုးသမီး အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်း များက စတင်ဦးဆောင် ကျင်းပခဲ့သည်။
နောက်ပိုင်းတွင် ရုရှားနှင့် အရှေ့ဥရောပ နိုင်ငံ များသို့ ပျံ့နှံ့သွားပြီး ကမ္ဘာတဝန်း အမျိုးသမီးများနေ့ ကို မိမိတို့နိုင်ငံအလိုက် နေ့များ သတ်မှတ်ကျင်းပခဲ့ ကြသည်။
ထို့သို့ကျင်းပရာတွင် နိုင်ငံအလိုက် ဖြစ်ပေါ်နေသည့် အမျိုးသမီးထု၏ အခက် အခဲများအတွက် ဖြေရှင်းပေးရန်၊ အထူးသဖြင့် အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးများ ရရှိရန်၊ လိင်ခွဲခြား ဆက်ဆံခံရခြင်းများ ပပျောက်ရန် အတွက် ချီတက်ပွဲများ ကျင်းပခြင်း၊ အမျိုးသမီးထု ညီလာခံများ ကျင်းပခြင်းတို့ ပြုလုပ်လာကြသည်။
၁၉၁၁ ခုနှစ်မှစပြီး အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီးများနေ့ကို နှစ်စဉ် ဖေဖော်ဝါရီလ နောက် ဆုံးပတ်၏ တနင်္ဂနွေနေ့တိုင်းတွင် ဆက်လက်ကျင်းပ ခဲ့ပြီး ရုရှားနိုင်ငံတွင် ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်၏ တနင်္ဂနွေနေ့တွင် စတင်ကျင်းပ ခဲ့သည်။
၁၉၁၄ ခုနှစ်တွင်မူ မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တပြေး ညီသတ်မှတ်ကာ နိုင်ငံတိုင်းတွင် ကျင်းပကြသည်။
၁၉၇၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည့် မတ်လ ၈ ရက်နေ့ကို “အမျိုးသမီးများ၏ အခွင့်အရေး နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ကုလသမဂ္ဂ အထိမ်း အမှတ်နေ့” အဖြစ် တရားဝင်သတ်မှတ်ကာ နှစ်စဉ် ကျင်းပခဲ့သည်။
၂၀ဝ၀ ပြည့်နစ်မှ စတင်၍ နိုင်ငံပေါင်း ၂၈ နိုင်ငံသည် မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြသည်။
မြန်မာနိုင်ငံတွင်မူ အများပြည်သူ သိရှိစေရန် အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာသည်မှာ နှစ်နှစ်ခန့် သာ ရှိသေးသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရွေ့ ကာလတွင် မြန်မာအမျိုးသမီးများသည် ကဏ္ဍအလိုက် ယခင်ကထက် ပိုမိုပွင့်လင်းစွာ ပါဝင်လာကြ သည်ကိုတွေ့ရသည်။ နယ်ပယ်အသီးသီးရှိ အမျိုးသမီး များသည် ယခင်ကထက် အရေးပါသော နေရာများ တွင် ပါဝင်လာနိုင်သော်လည်း အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကဏ္ဍအသီးသီးရှိ အမျိုး သမီးများက ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းစဉ် ဖြေ ကြားကြသည်။
မြန်မာအမျိုးသမီးများသည် ကဏ္ဍအသီးသီး တွင် ပါဝင်လာမှု တိုးတက်လာသော်လည်း ပြောပ လောက်သည့်အရေအတွက် မရှိသေးပါ။ အထူး သဖြင့် စစ်ဘေးဒဏ်ခံနေရသည့် အမျိုးသမီးများ၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် ခေါင်းရွက် ဗျပ်ထိုး ဈေးသည်ဘဝတွင် ကျင်လည်နေရသည့် အမျိုးသမီးများသည် အခွင့်အရေး တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ဘဝလုံခြုံမှု ကင်းမဲ့နေဆဲ ဖြစ်သည်။ အမျိုးသမီး အခွင့်အရေး ရသင့်သည်ဆိုသည့်အချက် ကိုလည်း အဆိုပါလူတန်းစားတွင် သိရှိသူ နည်းပါး နေသေးသည်။
မကြားသေးမီက ဖြစ်ပွားခဲ့သည့် အခြေခံလုပ်ခ လစာ တိုးပေးရေးအတွက် အထည်ချုပ်စက်ရုံ အလုပ်သမတို့၏ ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုးသမီး များကို အာဏာပိုင်များက အင်အားသုံးဖြေရှင်းခဲ့ သည်ကို တွေ့ခဲ့ရသည်။
မြန်မာအမျိုးသမီးများ ကွန်ရက်က ပြုလုပ်သည့် စစ်တမ်းများကို ပြန်လည်ကြည့်ရှုမည် ဆိုပါက သက်ငယ်မုဒိမ်းမှုများ၊ အဓမ္မကျင့်ခံရသည့် အမှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများကြောင့် အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရမှုများ ဖြစ်ပွားမှုနှုန်း များ ပြားနေသည်ကို တွေ့နေရသည်။
ဒီမိုကရေစီ အရွေ့တွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းကဏ္ဍနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက “ကိုယ့်ရဲ့အသံတွေ အရင်ကထက် ပိုပြီးတော့ ဖော်ထုတ်လာနိုင်တယ်ပေါ့။ အသံတွေ ထွက်လာတဲ့ အဆင့်ပဲရှိသေးတယ်။ အခွင့်အလမ်း တွေတော့ မဖန်တီးပေးနိုင်သေးဘူး။ အစိုးရဘက် ကလည်း အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့အနေ အထားမှာ မရှိသေးဘူး။ အမျိုးသမီးတွေ ကိုယ်တိုင် ကိုက မိမိအခွင့်အရေးကို မိမိရယူဖို့အပိုင်းမှာ အခက် အခဲ အတားအဆီးတွေ အများကြီး တွေ့နေရတယ်၊ ထိုက်သင့်တဲ့အောင်မြင်မှုကတော့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ သွားမည်ဆိုပါက အမျိုးသမီးများသည် လွှတ်တော်တွင် အရေအတွက်အရ အနည်းဆုံး သုံးပုံတပုံ ရှိသင့်ကြောင်း၊ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူလူထုအတွက် အကျိုး စီးပွားများ၊ ဥပဒေများနှင့် မူဝါဒများ ရေးဆွဲရန် ပိုမိုနီးစပ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်တွင် အမျိုး သမီးပါဝင်မှုနှုန်း များလျှင် များသလို လာဘ်ပေး လာဘ်ယူမှုများ ကင်းစင်နိုင်ကြောင်း သုတေသန စာတမ်းတချို့တွင် ဖော်ပြထားသည်ဟု ဒေါက်တာ ညိုညိုသင်းက ဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီး ပါဝင် ယှဉ်ပြိုင်မှုနှုန်းကတော့ တိုးတက်လာမှာပဲ။ သို့သော် ရွေးကောက်ခံရမယ့် နှုန်းကတော့ မသေချာဘူး။ ရွေးကောက်ခံရမယ့်နှုန်းကို မြင့်တက်စေချင်ရင် နိုင်ငံတော်က အပြည်ပြည်ဆိုင်ရာကို ကတိပြုထား တာနဲ့အညီ ကိုတာစနစ်ကို ဖန်တီးပေးရမယ်။ ကိုတာ စနစ်ရှိမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့ အမျိုးသမီးတွေ ပိုများလာနိုင်တယ်” ဟု ဖြည့်စွက်ပြောကြားသည်။
လက်ရှိအစိုးရ လက်ထက်တွင် ကျား၊ မ တန်း တူအခွင့်အရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အစိုးရပိုင်းက ပူးပေါင်းပါဝင်မှု အားနည်းနေသေး ကြောင်း၊ ထက်မြက်သည့် အမျိုးသမီးများ အုပ်ချုပ် ရေးပိုင်းတွင် နေရာယူမှုများလာမည်ကို အစိုးရအဖွဲ့ က ကြောက်ရွံ့နေကြောင်း၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများတွင် ဦးဆောင်သည့်နေရာ၌ အမျိုး သမီး အရေအတွက် တိုးတက်လာကာ လူထုယုံကြည် မှု ရရှိလာပါက အစိုးရအဖွဲ့အစည်းက နည်းမျိုးစုံ ကာဆီးထားပြီး လူထုထောက်ခံမှုအား များလာမည် ကို စိုးရိမ်နေကြကြောင်း တောင်သူလယ်သမားအခွင့် အရေး လှုပ်ရှားနေသည့် မစုစုနွေးက ဧရာဝတီသို့ ပြောသည်။
လက်ရှိ အစိုးရအဖွဲ့တွင်လည်း ဦးဆောင်သည့် နေရာ၊ မူဝါဒချမှတ်ရသည့် နေရာတွင် ပါဝင်ခွင့်ရသူ အမျိုးသမီး အရေအတွက်မှာ မရှိသလောက် နည်း ပါးဆဲဖြစ်သည်။
“အမျိုးသမီးတွေက အမျိုးသားတွေ နောက်မှာ ချည်း အစဉ်အလာအရ နေခဲ့ရတယ်။ နည်းမျိုးစုံနဲ့ ဖိအားပေး တိုက်ခိုက်တာမျိုးရှိတယ်။ ကိုယ်ကျင့် တရားတွေကို တိုက်ခိုက်တာတွေရှိတယ်။ တိုက်ရိုက် မစော်ကားပေမယ့် စိတ်ဒဏ်ရာရအောင် နည်းမျိုးစုံ နဲ့ တိုက်ခိုက်တာမျိုးရှိတယ်” ဟု မစုစုနွေးက ဆိုသည်။
အမျိုးသမီးများအနေဖြင့် နိုင်ငံရေးနယ်ပယ် တွင် ဝင်ရောက်လုပ်ကိုင်ပါက စိန်ခေါ်မှုများ၊ အခက် အခဲများ ကြုံတွေ့ရကြောင်း၊ မိမိကျင်လည်နေသည့် အသိုင်းအဝိုင်းအလိုက် အမျိုးသမီးများ ရင်ဆိုင်ရ သည့် အခက်အခဲများ ကွဲပြားကြောင်း စစ်ကိုင်းတိုင်း ပုလဲ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင် စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။
“လွှတ်တော်ထဲမှာဆို ကော်မတီ ၃၀ ကျော် ရှိပေမယ့် ဒီကော်မတီတွေရဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နေရာမှာရတဲ့ အမျိုးသမီးအမတ်ဆိုလို့ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒေါ်ခင်ဝိုင်းကြည်ပဲရှိတယ်၊ လွှတ်တော် ထဲက ကျန်တဲ့ အမျိုးသမီးတွေက ဘယ်နေရာမှာမှ နေရာမရပါဘူး၊ အမျိုးသမီးတွေ ဖြစ်နေတာကြောင့် ကျမတို့အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အရည်အချင်း ပိုင်းဆိုင်ရာ အားလုံး အားလုံးမှာ ပိုမို ပြင်ဆင်ရပါ တယ်” ဟု သူကဆိုသည်။
နိုင်ငံရေးတွင် ပါဝင်သည့် အမျိုးသမီးများနှင့် အမျိုးသားများ ကွာခြားမှုမှာ အမျိုးသမီးများသည် အမျိုးသားများထက် မိသားစုအရေးကိစ္စ (သားသမီး များကို ကြည့်ရှုစောင့်ရှောက်ရခြင်း၊ အိမ်မှုကိစ္စ)၊ အိမ်ထောင်၏ စီးပွားရေးကိစ္စများကို ပိုမိုတာဝန်ယူ ရကြောင်း၊ အမျိုးသမီးများထဲတွင် ပညာတတ် များစွာရှိနေသောကြောင့် အမျိုးသမီးများ ပိုမိုပါဝင် လာရန် လိုအပ်ကြောင်း၊ လွှတ်တော်တွင်း နိုင်ငံရေး၊ လွှတ်တော်ပြင်ပ နိုင်ငံရေးတို့တွင် ထက်မြက်သည့် အမျိုးသမီးများ ပိုမိုပါဝင်လာမည်ဆိုပါက ဒီမိုကရေစီ အရွေ့အတွက် ညီညီမျှမျှ ပိုတွန်းလာနိုင်မည်ဖြစ် ကြောင်း သူကဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နေရာဒေသအလိုက် အမျိုးသမီးများကို နေ့စဉ် နည်းမျိုးစုံဖြင့် အကြမ်း ဖက်မှုများလာကြောင်း၊ အမျိုးသမီးများ အကြမ်းဖက် ခံရမှု၊ အတင်းအဓမ္မ ပြုကျင့်ခံရသည့် အမှုများနှင့် ပတ်သက်ပြီး တရားစီရင်ရေးတွင် အမှုမှန်ပေါ်ပေါက် ခဲ့သည်မှာ အလွန်ပင်ရှားပါးခဲ့ကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိကြောင်း အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူများက ပြောသည်။
“အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုက အရင် တုန်းက သတင်းမီဒီယာတွေမှာ ပွင့်ပွင့်လင်းလင်းဖော် ပြခွင့် မရလို့လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေ အကြမ်း ဖက်ခံရတဲ့ သတင်းတွေဟာ ကြောက်စရာကောင်း လောက်အောင်ကို တိုးတက်လာတယ် ဆိုတာကို တွေ့ရတယ်”ဟု ကျား၊ မ တန်းတူညီမျှရေး ကွန်ရက် အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဆိုသည်။
မသန်စွမ်း အမျိုးသမီးများနှင့် အမျိုးသမီးငယ် များသည် အကြမ်းဖက်မှုကို ပိုခံစားနေရပြီး မသန် စွမ်းလည်း ဖြစ်နေသည့်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုရှိကြောင်း၊ မသန်စွမ်း အမျိုးသမီးများအနေဖြင့် ပါဝင်မှုအခန်းကဏ္ဍ အလွန် နည်းပါးနေသေးပြီး မသန်စွမ်းအားလုံး ခြုံပြောမည် ဆိုပါက ဆယ်စုနှစ် ၅ စုကျော်၊ ၆ စုခန့် အမြဲတမ်း နောက်ကျနေကြောင်း မသန်စွမ်း အမျိုးသမီးများ အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က ပြောပြ သည်။
“ဘက်ပေါင်းစုံက အခွင့်အရေးတွေက ကျမတို့ အတွက် မရှိသလောက် ဖြစ်ခဲ့တယ်။ အဲဒီတော့ မသန်စွမ်း အမျိုးသမီးတွေရဲ့ ပါဝင်မှု ဘယ်လောက် ရှိပြီဆိုတာထက်၊ ပါဝင်ခွင့်ရအောင် ကြိုးစားနေတုန်း ပဲ ရှိပါသေးတယ်။ မသန်စွမ်း အမျိုးသမီးတွေနဲ့ ပတ်သက်ရင် အားလုံးကို Knowledge ပေးဖို့ အစီအစဉ်တွေ ချဆဲပဲ ရှိသေးတယ်” ဟု သူကဆိုသည်။
မြန်မာအမျိုးသမီးများသည် ကဏ္ဍအလိုက် တာဝန်ယူကာ မိမိလုပ်နိုင်သည် အလုပ်များတွင် ပါဝင်လုပ်ဆောင်နေကြကြောင်း တွေ့ရသည်။ တိုင်း ရင်းသူ အမျိုးသမီးများသည်လည်း ၎င်းတို့ဒေသ အတွင်း ပဋိပက္ခဖြစ်ပွားမှုကြားမှ အမျိုးသမီးအရေးကို ဝိုင်းဝန်းလုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရသည်။
ကချင်အမျိုးသမီး တဦးလည်းဖြစ်ပြီး ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့မှအဖွဲ့ဝင် မလုနန်က “အမျိုး သမီးတယောက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုနဲ့ဆက်စပ်ပြီး အလုပ်လုပ်နေရတော့ စိုးရိမ် ပူပန်မှုတွေ၊ စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့။ လက်ရှိငြိမ်းချမ်းရေးမှာ ရှေ့ကိုသွားနေတယ်၊ အဆင် ပြေနေတယ်ဆိုရင် ပြဿနာကမရှိဘူးလေ။ တင်းမာ မှုတွေရှိနေတဲ့ အချိန်ဆိုရင်တော့ ကျမတယောက် တည်းအတွက်က ရင်ဆိုင်လို့ရပေမယ့် မိသားစုရှိ တယ်၊ သူတို့အတွက် စိတ်ပူရပါတယ်” ဟု ဧရာဝတီ သို့ပြောသည်။
အဖွဲ့အစည်းတချို့တွင် ကျား၊ မ တန်းတူညီမျှမှု ရှိကြောင်း ပြသနိုင်ရန် အမျိုးသမီးများကို ထည့် ထားသော်လည်း အမှန်တကယ် ဆုံးဖြတ်ချက်ချရ သည့် အဓိကနေရာတွင် အမျိုးသမီးများကို မထား ကြကြောင်းလည်း မလုနန် ကဆိုသည်။
တက်ကြွလှုပ်ရှားသူများဖြစ်ပြီး အမျိုးသမီး အခွင့်အရေးအတွက် တောင်းဆိုနေသူများသည် လွှတ်တော်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့် ရရေးအတွက် ကြိုးစားနေကြသကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမျိုးသမီးများ ပါဝင်ခွင့် ရရန်နှင့် ထိပ်တန်းဆွေးနွေးပွဲများ၊ ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးအတွက် သက်ဆိုင်ရာသို့ တောင်းဆိုထားကြသည်။
“အမျိုးသမီးတွေက ကဏ္ဍပေါင်းစုံမှာ ပါဝင်နိုင်မှု တိုးတက်လာတယ်။ ထိပ်ပိုင်းမှာပြောဖို့၊ ဆုံးဖြတ်ချက် ချဖို့က နည်းသေးတယ်။ ကျမတို့ပြောနေတဲ့ အမျိုးသမီး တွေရဲ့ ခံစားချက်ကို နားထောင်ပြီးတော့ အမျိုးသမီး ရှုထောင့်ကနေကြည့်ဖို့ အရေးကြီးပါတယ်” ဟု အမျိုးသမီးအဖွဲ့ချုပ် (မြန်မာ) မှ အထွေထွေအတွင်း ရေးမှူး မစုစုဆွေက ဧရာဝတီသို့ပြောသည်။
မြန်မာအမျိုးသမီးများသည် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် ယခင်ထက် ပါဝင်လုပ်ဆောင် လာမှု များလာသော်လည်း မြန်မာနိုင်ငံ၏ ရှေးရိုး အစဉ်အလာအရ မိသားစု အဝန်းအဝိုင်းများတွင် ဒုတိယဦးစားပေး အဆင့်သာရှိနေပြီး အမျိုးသမီး ဖြစ်နေသည့်အတွက် ခွဲခြားခံရမှုများ ရှိနေဆဲဖြစ်သည်။
မိသားစု အသိုင်းအဝိုင်းတွင် အမျိုးသမီးဟူ၍ ခွဲခြားဆက်ဆံခံနေရပြီး မိမိဝါသနာပါသည့် အလုပ် ကိုမလုပ်ကိုင်ရဘဲ မိသားစုအကြိုက်ကြောင့် ဝါသနာ မပါသည့် အပ်ချုပ်သည့်လုပ်ငန်းကို လုပ်ကိုင်နေရ ကြောင်း ရန်ကုန်မြို့ ဘိုကလေးဈေးတွင် အပ်ချုပ်ဆိုင် ဖွင့်ထားသည့် မချောစုက သူ၏ခံစားချက်ကို ပြောပြ သည်။
“မြန်မာ လူမှုအသိုင်းအဝိုင်းမှာဆိုရင် မိဘ ဆွေမျိုးတွေက သားယောကျာ်းလေးဆို ပိုလွတ်လပ် ခွင့်ပေးကြတယ်။ သမီးဆိုရင် ဘယ်နေရာသွားသွား စိတ်မချရဘူး။ ကျမသာ ယောကျာ်းလေးဖြစ်မယ် ဆိုရင် မိဘတွေက ကိုယ်ဝါသနာပါတဲ့ဟာကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ပေးမယ်ထင်တယ်။ အခုတော့ စက်ချုပ်တဲ့အလုပ်ကို ဝါသနာမပါပေမယ့် ဣနြေ္ဒရှိ တဲ့ အသက်မွေးဝမ်းကျောင်း တခုအနေနဲ့ လုပ်နေပါ တယ်” ဟု မချောစုက ရှင်းပြသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပရာတွင် နှစ်အလိုက် အဓိကဆောင်ပုဒ်များကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “A Promise is a Promise: Time for Action to End Violence Against Women” ဖြစ်ကာ အမျိုးသမီးများ အကြမ်းဖက်မှု အဆုံးသတ်ရေး အတွက် အဓိကထား ဆွေးနွေးခဲ့ကြသည်။ ယမန်နှစ် ၂၀၁၄ ခုနှစ်အတွက် ဆောင်ပုဒ်မှာမူ “Equlity for Women is Progress for All” အမျိုးသမီးများ တန်းတူညီမျှမှု ရရှိရေး၊ ညီတူညီမျှ တိုးတက်ရေး ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ “Make It Happen” ဖြစ်ပြီး မြန်မာနိုင်ငံအတွက် သီးသန့်ဆောင်ပုဒ်မှာ “အကြမ်းဖက်မှုကင်းစင်ဖို့ လူတိုင်းအားလုံး ပါဝင်စို့” ဟူ၍ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် မတ်လက ကောက်ခံခဲ့သည့် လူဦးရေ သန်းခေါင်စာရင်းအရ စုစုပေါင်း လူဦးရေ ၅၁ သန်းကျော်တွင် အမျိုးသမီး ဦးရေသည် လူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ရှိနေသည်။ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် အင်အားကို အကျိုးရှိရှိ အသုံးချမည်ဆိုပါက မြန်မာ နိုင်ငံ ဒီမိုကရေစီအရွေ့အတွက် တွန်းအားတရပ် ဖြစ်လာမည်ဟု အမျိုးသမီးအရေး လှုပ်ရှားသူများက သုံးသပ်ကြသည်။
သတင်းထောက် နန်းဆိုင်နွမ်၊ မေစစ်ပိုင်၊ နန်းလွင်နှင်းပွင့်၊ ဇူးဇူးနှင့် တင်ထက်ပိုင်တို့ ပူးပေါင်းရေးသားသည်။
The post မြန်မာ့ ပြုပြင်ပြောင်းလဲရေး အမျိုးသမီးတွေ ပါဝင်နိုင်မှုကို စိန်ခေါ်နေဆဲ appeared first on ဧရာဝတီ.