Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

GSCC ပြောတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ပကတိအခြေအနေ

$
0
0

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး ရက်ပေါင်း ၅၈၀ အကြာ စက်တင်ဘာလ ၉ ရက်တွင် နွေဦးတော်လှန်ရေး အခြေအနေနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို အထွေထွေ သပိတ် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (GSCC) စာတမ်းတစောင် ပြုစု၍ ကြေညာသည်။

၂၀၂၁ခုနှစ် မတ်လ ၃၀ရက်တွင် စတင်ဖွဲ့စည်းသည့် GSCC သည် မြန်မာ တနိုင်ငံလုံးရှိ အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်အင်အားစု ကွန်ရက် ၃၇ ဖွဲဖြင့် စုစည်းထား သည့် အထွေထွေ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဖြစ်သည်။

GSCC က ထုတ်ပြန်သည့် နွေဦးတော်လှန်ရေး ၅.၈ စာတမ်းအဖွင့်တွင် လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ဆိုထားသည်။

သို့သော် အောင်ပွဲ အနှေးနှင့် အမြန်ဆိုသည်မှာ တော်လှန်ရေးတွင် ပါဝင်နေသူများ၊ ပါဝင်နေသော အဖွဲ့အစည်းများ၏ အတွေး အခေါ်၊ နိုင်ငံရေး၊ စည်းရုံးရေးနှင့် လုပ်နည်းကိုင်နည်း အမှားအမှန်ပေါ်တွင် မူတည်ကြောင်း၊ အမှားများလျှင် တော်လှန် ရေး ကြာနိုင်ပြီး အမှန်များလျှင် အောင်ပွဲ မြန်ဆန်နိုင်ကြောင်း GSCC က ပြောသည်။

စာတမ်းကို နွေဦးတော်လှန်ရေး၏ ပကတိ အခြေအနေအမှန်ကို ဆန်းစစ်ပြီး တော်လှန်ရေးအား အထောက်အပံ့ဖြစ်စေ ရန် ရည်ရွယ်ကာ ပြုစုထုတ်ပြန်ခြင်း ဖြစ်ကြောင်း GSCC က ဆိုသည်။

စာမျက်နှာ ၃၄ မျက်နှာရှိသည့် စာတမ်းတွင် နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ စစ်ရေးဆိုင်ရာ မျက်နှာစာ၊ နိုင်ငံရေး ဆိုင်ရာ မျက်နှာစာနှင့် နိုင်ငံတကာရေးရာဆိုင်ရာ မျက်နှာစာဆိုသည့် မျက်နှာစာ ၃ ရပ် ရှိနေကြောင်း ပါရှိသည်။

စာတမ်းတွင် တော်လှန်ရေးအင်အားစုများကို (၁) လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားသူများ (၂) စစ်အုပ်စုနှင့် ပူးပေါင်းသူများအား လူမှုရေး ပြစ်ဒဏ်ခတ် လှုပ်ရှားသူများ (၃) စစ်အုပ်စုနှင့် မပူးပေါင်းရေး ဘူးသပိတ် လှုပ်ရှားသူများ (၄) တော်လှန်ရေးအတွက် ထောက်ပို့ ဆောင်ရွက်သူများ (၅) မြေပြင်သပိတ်လှုပ်ရှားသူများ (၆) ကျေးလက်စစ်ရေး လှုပ်ရှားသူများ (၇) မြို့ပြပြောက်ကြားလှုပ်ရှားသူများ (၈) နိုင်ငံတကာရေး လှုပ်ရှားမှု ဆိုသည့် အုပ်စု ၈ စုရှိကြောင်း ဖော်ပြထားသည်။

စစ်ရေးမျက်နှာစာ

စစ်ရေးမျက်နှာစာတွင် နွေဦးတော်လှန်ရေးသည် နယ်စပ်ဒေသအခြေခံ စစ်ရေးလှုပ်ရှားမှုမှ ကျေးလက်အခြေခံ စစ်ရေးလှုပ်ရှားမှု အဖြစ် ပြောင်းလဲလာနေကြောင်း GSCC က ဆိုသည်။

စစ်ရေး လှုပ်ရှားမှုများသည် နယ်စပ်မှ နိုင်ငံအတွင်းပိုင်းအထိ ရောက်လာနေပြီး အချို့ ဒေသများအား တော်လှန်ရေး အင်အားစုများက အချိန်အတိုင်းအတာ တခုအထိ စိုးမိုးထားနိုင်ကြောင်း သိရသည်။

တော်လှန်ရေး အင်အားစုများသည် စိုးမိုးနယ်မြေတချို့တွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားများကို လုပ်ကိုင် ဆောင်ရွက်လာနိုင်ပြီး မြို့ပြပြောက်ကြား စစ်ရေး လှုပ်ရှားမှုများသည်လည်း နိုင်ငံအနှံ့ ဖြစ်နေကြောင်း စာတမ်းတွင် ဆိုသည်။

ထို့ကြောင့် နွေဦးတော်လှန်ရေး စစ်ရေး လှုပ်ရှားမှုသည် မဟာဗျူဟာမြောက် ခုခံစစ်မှ မဟာဗျူဟာမြောက် တန်ပြန် ထိုးစစ်သို့ ကူးပြောင်းနိုင်ရန် တာစူနေကြောင်း GSCC က သုံးသပ်သည်။

စစ်ကိုင်းတိုင်းသို့ ရောက်ရှိနေသည့် တက္ကသိုလ်ကျောင်းသားများအင်အားစုမှ ကိုဇေယျာလွင်ကလည်း အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ်ကြေညာပြီးနောက် တနှစ်ကျော်အကြာတွင် စစ်ကိုင်းတိုင်း၌ တော်လှန် ရေး အင်အားစုများသည် စစ်ကောင်စီစစ်ကြောင်းများကို ကြားဖြတ် နှောင့်ယှက်တိုက်ခိုက်နိုင်သည့် အခြေအနေ ဖြစ်လာနေကြောင်းဆိုသည်။

“အခုက တွန်းလှန်ချေမှုန်းအဆင့်ပေါ့၊ အညာဒေသက တပ်ရင်းတပ်ဖွဲ့တွေ လက်ထဲကို မောင်းပြန်တွေ ရောက်လာပြီ။ ချေမှုန်းတဲ့အဆင့်ကို အတိုင်းအတာကာလတခုထိ ကျော်ဖြတ်ပြီးရင် တိုက်ခိုက်သိမ်းပိုက်တဲ့ အဆင့်ဖြစ် လာနိုင်တယ်၊ ပြီးရင် ပျူရွာတွေ သူတို့ရဲ့ တပ်ရင်းတွေ ရဲစခန်းတွေ တပ်ရင်းတွေ မြို့သိမ်းတိုက်ပွဲ တွေကို တတိယအဆင့်ဖြစ်လာပါ လိမ့်မယ်။ လက်နက်ငယ် စရောက်သလို လက်နက်ကြီးတွေ စရောက်တဲ့အချိန်ဆိုရင် တိုက်ခိုက်သိမ်းပိုက်တဲ့ အဆင့် ကိုကူးပြောင်းလာမယ့်အနေအထားဖြစ်မယ်လို့ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး မျက်နှာစာ

နိုင်ငံရေး မျက်နှာစာတွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပြည်သူလူထုနှင့် စစ်တပ်မှာ ထာဝရ ရန်သူသဖွယ် ဖြစ်သွားပြီး စစ်အုပ်စု၏ နိုင်ငံရေးသည် သုညမှတ်အထိ ကျဆင်း သွားကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများစွာရှိသည့် အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ (DPNS) တို့သာ နွေဦးတော်လှန်ရေးတွင် ပြတ်ပြတ်သားသား ပါဝင်လာသည်ကို တွေ့ရသည်ဟုလည်း GSCC က ဆိုသည်။

လက်ရှိတွင် စစ်တပ် အလိုကျ ရေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်တွင် ရပ်တည်နေရသော ပြည် တွင်း နိုင်ငံရေးပါတီများသည် ၎င်းတို့ ပါတီ၏ နိုင်ငံရေး လမ်းကြောင်းနှင့် ပတ်သက်၍ လူထုအား မည်ကဲ့သို့ အသိပေးရ မည်ဆိုသည့်နှင့် ပတ်သက်၍ အခက်အခဲ ကြုံနေရကြောင်း စာတမ်းတွင် ပါရှိသည်။

ကျန်နိုင်ငံရေး ပါတီများအနေနှင့် စစ်ကောင်စီအလိုကျ ဖန်တီးထားသည့် နိုင်ငံရေးလမ်းကြောင်း၊ နွေဦးတော်လှန်ရေး တွင် ပါဝင်ခြင်းနှင့် နိုင်ငံရေးပါတီအဖြစ်မှ မိမိဘာသာ ရုပ်သိမ်းခြင်း ဆိုသည့် ရွေးချယ်စရာ လမ်း ၃ သွယ်သာ ကျန်နေ သည်ဟု GSCC က ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးကို ဦးဆောင်နေသည့် အမျိုးသား ညီညွတ်ရေးအစိုး (NUG) အပါအဝင် NUG ကို အတည် ပြု ဖွဲ့စည်းပေးခဲ့သော မူဝါဒ ဦးဆောင်အဖွဲ့ ဖြစ်သည့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) အပေါ် လည်း GSCC က ဝေဖန်ထောက်ပြထားသည်။ NUG သည် နွေဦးတော်လှန်ရေးအား ကဏ္ဍအသီးသီးအလိုက် ဟန်ချက်ညီညီ ဦးဆောင်မှုပေးရန် လိုအပ်ချက် ရှိနေဆဲ ဖြစ်ကြောင်း GSCC က ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် NUG ကို ဦးဆောင်မှု ပေးရမည်ဖြစ်ပြီး NUG ကိုယ်တိုင်ကလည်း NUCC ကို တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းအဖြစ် သိမြင်ခံယူရန် လိုကြောင်း စာတမ်းတွင် ထောက်ပြထားသည်။

လက်ရှိတွင် NUCC နှင့် NUG ကြား ဆက်သွယ် ဆက်ဆံမှုတွင် ထိုကဲ့သို့ သဘောတရားအား အပြည့်အဝ အကောင် အထည်ဖော်ခြင်း မတွေ့ရကြောင်း GSCC က ပြောသည်။ ယင်းပြင် NUCC သည် နွေဦးတော်လှန်ရေးအား အချိန်နှင့် တပြေးညီ ဦးဆောင်မှု မပေးနိုင်ဘဲ တော်လှန်ရေးက ရှေ့က သွား၊ ဖွဲ့စည်းမှုနှင့် ဦးဆောင်မှုက နောက်က လိုက်ဆိုသည့် ပုံစံ ဖြစ်နေကြောင်း စာတမ်းအရ သိရသည်။

နိုင်ငံတကာ မျက်နှာစာ

နိုင်ငံတကာရေးရာ မျက်နှာစာတွင် အကြမ်းဖက်မှုများ နေ့စဉ် ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီသည် ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို သတ်ဖြတ်လိုက်ခြင်းဖြင့် အမှားပေါ် အမှားဆင့်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့ ကြောင်း GSCC က ဆိုသည်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကျော် ကြာသည်အထိ စစ်အုပ်စု၏ ပြည်သူလူထုအား လူမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်း စသည့် လုပ်ရပ်များ နေ့စဉ် ကျူးလွန်နေခြင်းကြောင့် စစ်ကောင်စီ၏ နိုင်ငံတကာ ဆက်ဆံရေးသည် ကျဆင်းသထက် ကျဆင်း လာနေသည်။ နိုင်ငံတကာ မျက်နှာစာတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) သည် စစ်ကောင်စီအား အကြောင်းအရင်း ၄ ချက်ပေါ် အခြေခံကာ အနိုင်ရရေး ကြိုးပမ်းနေရကြောင်း GSCC က ပြောသည်။

စစ်အုပ်စုအား နိုင်ငံတကာ အစိုးရနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ အစိုးရတရပ်အဖြစ် အသိအမှတ် မပြုရေး၊ စစ်အုပ်စုအား လက်နက် အပါအဝင် မည်သည့် အကူအညီမျှ မထောက်ပံ့ရေး၊ NUG အား တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံရေး၊ NUG နှင့် နွေဦးတော်လှန်ရေးအား အားပေးကူညီရေး စသည့် အချက်များပေါ် အခြေခံကာ ကြိုးပမ်းနေရခြင်း ဖြစ်သည်။

နိုင်ငံတကာ မျက်နှာစာတွင် သတိထားရမည့် အရေးကြီးသည့် အချက် တချက်လည်းရှိပြီး ယင်းအချက်မှာ တော်လှန် ရေး အင်အားစုများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား အမြင်မတူသည့် အချက်ဖြစ်ကြောင်း GSCC က ဆိုသည်။

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်း ကြောင်းပေါ် ရောက်ရှိရန်သာ တိုက်တွန်းနေခြင်းဖြစ်ပြီး မြန်မာ့တော်လှန်ရေး အင်အားစုများသည် စစ်အာဏာရှင်စနစ် တစမကျန် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေး ရည်ရွယ်ကာ တောင်းဆိုနေခြင်း ဖြစ်သည်။

အဆိုပါ အမြင်၂ ခု မတူညီသည့် အပေါ်တွင် တော်လှန်ရေး အင်အားစုများအနေနှင့် သတိထားကာ နိုင်ငံတကာရေး ရာ ကိစ္စများ ဆောင်ရွက်ရာ၌ မှန်ကန်သည့် နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် လိုအပ်ကြောင်း စာတမ်း တွင် ထောက်ပြထားသည်။

မန္တလေးမြို့မှ နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာတေဇာစန်းကလည်း လက်ရှိနွေဦး တော်လှန်ရေးသည် မင်းပြောင်းမင်းလွဲဖြစ်ရုံ လုပ်သည့် တော်လှန်ရေးမဟုတ်ဘဲ စနစ်ပြောင်းသည့် တော်လှန်ရေး ဖြစ်ကြောင်း သတိပေးထားသည်။

“အခုအချိန်မှာ လူထုတရပ်လုံးရော ပြည်ပရောက်မြန်မာတွေရဲ့ ဘုံပန်းတိုင်က အင်မတန်ရှင်းပါတယ်။ အင်မတန်လည်း ပြတ်သားပါတယ်။ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်ဟူသမျှကို အမြစ်ပြတ် ပြိုလဲဖို့ဖြစ်ပြီးတော့ ကျနော်တို့ရဲ့ အားလုံးမျှော်လင့်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို နွေဦးတော်လှန်ရေးအောင်ပွဲကနေ တည်ဆောက်နိုင် ဖို့ပဲ ဖြစ်ပါတယ်။ ပြည်သူရဲ့ ဆန္ဒမပါဘဲ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကို ပြန်မဝင်တော့ဘူး” ဟု သူကဆိုသည်။

ထို့ကြောင့် မြန်မာပြည်ပြည်သူလူထုသည် စစ်တပ်အလိုကျရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေအောက်က လှုပ်ရှားခဲ့ရသော အာဏာမသိမ်းခင်ကာလ နိုင်ငံရေးအခြေအနေသို့ ပြန်သွားမည်မဟုတ်ကြောင်း ၎င်းက အခိုင်အမာ ပြောသည်။

မဟာဗျူဟာမြောက် ပေါင်းစည်းရေး လိုအပ်နေ

လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေကို မျက်ခြေမပြတ် လေ့လာသူများကလည်း နွေဦးတော်လှန်ရေးသည် နည်း ဗျူဟာမြောက် ပူးပေါင်းမှု (Tactical Alliance) ဖြင့် လှုပ်ရှား ဆောင်ရွက်နေသည်ကို တွေ့ရသော်လည်း မဟာဗျူဟာ မြောက် ပေါင်းစည်းမှု (Strategical Alliance) ကို ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးကြောင်း ဆိုသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးနှင့် ပတ်သက်၍ သင်တန်းများ ပို့ချပေးနေသည့် (Freedom Fighter) အဖွဲ့မှ ကိုရဲ ထက် ကလည်း တော်လှန်ရေး အင်အားစုများကြား မဟာဗျူဟာမြောက် ပေါင်းစည်းမှု မလုပ်နိုင်ပါက စစ်ကောင်စီတပ် ပြိုကွဲသည့် အချိန်တွင် မိတ်ဆွေအဖွဲ့များကြား ပဋိပက္ခများ ရှိလာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“မိမိရန်သူရဲ့ ရန်သူက မိမိမိတ်ဆွေဆိုတာမျိုးနဲ့ အဲဒီ အခြေခံကနေ လုပ်ဆောင်နေတာ ဖြစ်တယ်။ နည်းဗျူဟာအပေါ်မှာ ပေါင်းစည်းပြီး လုပ်ဆောင်နေတာသာ ဖြစ်တယ်။ အဲဒါက ကိုယ့်ဒေသမှာ ကိုယ် တိုက်ပွဲ ဖော်ဆောင်တဲ့အပေါ်မှာတော့ အဆင်ပြေကောင်း ပြောနိုင်လိမ့်မယ်။ ဒါပေမယ့် အခြေအနေတခု ရောက်လို့ ပူးပေါင်း လုပ်ဆောင်ရမယ့် အပိုင်းတွေ စစ်ဗျူဟာပိုင်းတွေမှာ အဆင်ပြေဖို့ အင်မတန် ခက်တယ်။ ရန်သူ မရှိတဲ့အချိန်မှာ ဘာဖြစ်မယ်ဆိုတာ မသိဘူး။ အဲဒီလို အခြေအနေ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာက ပြဿနာတွေ ရှိလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာ ရေးရာတွင်လည်း နွေဦးတော်လှန်ရေး အင်အားစုများသည် နိုင်ငံတကာ အစိုးရနှင့် အဖွဲ့အစည်း (Institutions) များကိုသာ ဦးစားပေး စည်းရုံးနေသည်ကို တွေ့ရကြောင်း ကိုရဲထက်က ဆိုသည်။

မြန်မာ့ နွေဦးတော် လှန်ရေးကို ထောက်ခံသည့် နိုင်ငံ အများစုသည် ဒီမိုကရေစီနိုင်ငံများဖြစ်သဖြင့် နိုင်ငံတကာတွင် စည်းရုံးရေး ဆောင် ရွက်ပါက ယင်းနိုင်ငံရှိ ပြည်သူလူထု အလွှာအသီးသီးကို ချန်မထားဘဲ နွေဦးတော်လှန်ရေးအား အားပေး ထောက်ခံရန် စည်းရုံးသင့်ကြောင်း သူကဆက်လက် အကြံပြုသည်။

“ဒီမိုကရေစီ နိုင်ငံတွေမှာ သူတို့ရဲ့ အဓိက အာဏာက ပြည်သူတွေဆီမှာ ရှိတာ။ ပြည်သူတွေ စိတ်ဝင်စားမှ၊ နိုင်ငံ တကာက ပြည်သူလူထု ကိုယ်တိုင် ထောက်ခံတယ်ဆိုရင် အရွေ့တွေ အများကြီး ဖြစ်လာနိုင်တယ်။ အပေါ်က နိုင်ငံရေး သမားတွေ အဖွဲ့အစည်းတွေ ဆိုတာက ဝတ်ကျေတန်းကျေ နှုတ်ခမ်းက လှုပ်ပြတယ် ဆိုတာမျိုးပဲ လုပ်ကြတာ။ အဖွဲ့ အစည်းတွေရဲ့ သဘာဝအရ စေတနာထက် အကျိုးစီးပွားကိုပဲ ကြည့်တာ များတယ်။ ဒီထက်ပိုတဲ့ အရွေ့ဖြစ်ချင်တယ်ဆို ရင်တော့ နိုင်ငံတကာမှာရှိတဲ့ ပြည်သူလူထု ကိုယ်တိုင်က ကျနော်တို့ တော်လှန်ရေး သဘောကို ပိုနားလည်အောင် စည်းရုံးဖို့ လိုလိမ့်မယ်” ဟု ၎င်းက ထောက်ပြသည်။

ဆက်လက်၍ ကိုရဲထက်က NUG သည် အစိုးရအဖွဲ့ ပုံသဏ္ဍာန်နှင့် တော်လှန်ရေး ဦးဆောင် တပ်ဦး ပုံသဏ္ဍာန်ရော ထွေးနေပြီး မည်သည့် ပုံသဏ္ဍာန်ဖြင့် ရပ်တည်မည် ဆိုသည်မှာ မေးခွန်း ထုတ်စရာ ရှိကြောင်း ဆိုသည်။

တော်လှန်ရေး ကာလ ၁ နှစ်ခွဲကျော် လာသည့်ကာလတွင် ခြေမပေါ်သည့် NUG အစိုးရ အဖွဲ့ဝင် လူပုဂ္ဂိုလ်များအား လည်း ပြောင်းလဲမှု ပြုလုပ်သင့်သည်ဟု နွေဦးတော်လှန်ရေးကို လေ့လာနေသူများက ဆိုသည်။

“ပြင်ဆင်ရာမှာလည်း မူဝါဒ ပြင်ဆင်ရမှာတွေ ရှိသလို တချို့ လူပုဂ္ဂိုလ် ပြင်ဆင်မှုတွေလည်း လုပ်ရမယ်။ ဒီနေရာမှာ လူပုဂ္ဂိုလ်တဦးတယောက်ကို ရည်ညွှန်းပြီး ပြောတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တော်လှန်ရေးဟာ၂ နှစ်ကာလ ရောက်တော့မယ့် အခြေအနေမှာ ပြန်သုံးသပ်မှုတွေ လုပ်ဖို့ လိုတယ်။ ဘယ်သူကတော့ ဘယ်နေရာမှာဆိုရင် ပိုသင့် တော်တယ်။ ဘယ်သူကဖြင့် လိုအပ်ချက်တွေရှိသေးတယ်။ ဒီလိုမျိုးပြီး ပြန်ပြီးစဉ်းစားချက်တွေ သုံးသပ်ချက်တွေ လုပ် သင့်တယ်” ဟု နွေဦးတော်လှန်ရေးကို လေ့လာနေသည့် နိုင်ငံရေး သုံးသပ်သူတဦးက ပြောသည်။

ထို့အတူ NUCC သည်လည်း NUG ကဲ့သို့ပင် ရပ်တည်ပုံ ရောထွေးနေပြီး စနစ်တကျ ဖြစ်လာစေရန် ရှင်းရှင်းလင်းလင်း လုပ်ဆောင်သင့်ကြောင်း ၎င်းက ထောက်ပြသည်။

“NUCC ဟာ တကယ့်ကို မူဝါဒအရ ပေါ်လစ်ဗျူရိုလိုမျိုး နိုင်ငံရေး ဦးဆောင် ကော်မတီလား။ အစကတော့ သူက အဲဒီ လို လုပ်မှာလို့ ရည်ရွယ်ထားတာပဲ။ နောက်ပိုင်းကျတော့ အထဲမှာပါနေတဲ့သူတွေ ကိုယ်တိုင်ကရော ပညာရှင်တွေ ကိုယ်တိုင်ကရော NUCC က ဒိုင်ယာလော့ခ် လုပ်တဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့ နေရာတခုအနေနဲ့ပဲ စဉ်းစား လာကြတယ်။ အဲဒီ ၂ ခုက အသွင်သဏ္ဍာန် မတူဘူး။ ပေါ်လစ်ဗျူရိုလို ပုံစံမျိုးက လုပ်ပိုင်ခွင့် အာဏာရှိတယ်။ မူဝါဒအရ ထိန်းကြောင်း ပိုင်ခွင့်ရှိတယ်။ တော်လှန်ရေးကို တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဦးဆောင်မောင်းနှင်နိုင်တဲ့ အရည်အချင်း ရှိရမှာပေါ့” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့ကြောင့် NUCC အနေနှင့် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ပြီး ရှင်းရှင်းလင်းလင်း ပြန်လည်လုပ်ဆောင် သင့်ကြောင်း ၎င်းက သုံးသပ်အကြံပြုသည်။

ဆက်လက်၍ “တွေ့ဆုံ ညှိနှိုင်းအဖြေရှာတာက မတူညီတဲ့ အင်အားစုတွေ အချင်းချင်း တွေ့ပြီး ဆွေးနွေးကြမယ်၊ ညှိနှိုင်း ကြမယ်။ အဖြေရှာကြမယ်။ ယုံကြည်မှု တည်ဆောက်မယ်။ ၂ ခုစလုံးကတော့ အရေးကြီးတာ မှန်တယ်။ အဲဒီ ၂ ခု လုံး ကို သွားပြီး ရောထွေး စဉ်းစားတဲ့အခါမှာ ဒီလူတွေအကုန်လုံးက တော်လှန်ရေးကို မူအားဖြင့် ဝင်ဆုံးဖြတ်ကြမှာလား ဆိုတဲ့အခါမှာ ပြဿနာတွေက တက်ကုန်ရော” ဟု သူက မှတ်ချက်ပေးသည်။

နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာတေဇာစန်းကလည်း NUCC သည် မတူညီသည့် လူမျိုး၊ အဖွဲ့အစည်း၊ နိုင်ငံရေးအစုအဖွဲ့များ စုဝေးကာ ဆွေးနွေးတိုင်ပင်ရသဖြင့် ဆုံးဖြတ်ချက်ချရာတွင် ကြန့်ကြာမှု တချို့ရှိနေသည်မှာ မှန်ကန်ကြောင်း ပြောသည်။

NUCC တွင် ကြန့်ကြာမှုများရှိနေခြင်းသည် သက်ဆိုင်ရာ နိုင်ငံရေး အစုအဖွဲ့များအကြား ညီညွတ်နှင့် ယုံကြည်မှု အားနည်းခဲ့သောကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“NUCC သည် နွေဦးတော်လှန်ရေး လိုအပ်ချက်အရ ပေါ်လာတဲ့ အမျိုးသားညီညွတ်ရေး ပြယုဂ်သဏ္ဍာန်လည်းဖြစ်တဲ့ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကြီးလည်း ဖြစ်တယ်။ NUCC ကနေ ပြဌာန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်နဲ့ပဲ ဒီတော်လှန်ရေးကို အားလုံးက အတူဖြတ်သန်းနေတာလည်းဖြစ်တယ်၊ ခုနကပြောသလို အဖွဲ့အစည်း တွေလည်းများ မတူညီတဲ့နောက်ခံတွေလည်း ရှိတဲ့အခါမှာ တိုင်ပင်ရတာ ၊ ဆွေးနွေးရတာ ညှိနှိုင်းရတာလည်း အချိန် လေးတွေ လိုတာထက် ပိုကြာတာမျိုး အချိန်ယူတာမျိုးလည်း ရှိပါတယ်။ ဒါလည်း သဘာဝလည်း ကျနေပြန်ရော။ မျှော်လင့်တာက ဒီထက့်ပိုပြီး အလုပ်ဖြစ်သော ဦးဆောင်သော NUCC ဖြစ်ဖို့ ကျနော့်အနေနဲ့ယုံကြည်ပါတယ်” ဟု ဒေါက်တာတေဇာစန်းက မှတ်ချက်ပေးသည်။

အာဏာသိမ်းစစ်ကောင်စီဘက်တွင်မူ ပြိုကျမှုများ များပြားနေသော်လည်း ရုပ်ဝတ္ထုပိုင်းတွင် ရင်းမြစ်တချို့ ကျန်နေ သေးကြောင်း၊ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် ပြည်ထောင်စု မပြိုကွဲရန် ထိန်းသိမ်းနေသူများ ဖြစ်သည်ဆိုသည့် အယူ အဆ အပေါ်လည်း လူထုထောက်ခံမှု ဆက်လက် ကျဆင်းနေ ကြောင်း နိုင်ငံရေးသုံးသပ်သူတဦးက ဆိုသည်။

“ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုကျမှုက အရမ်းကြီးလာတာပဲ။ တပ်ရဲ့ တည်ရှိမှုကိုပါ သက်ရောက်မှုရှိလာမယ်လို့ ကျနော်ထင် တယ်။ တပ်မှာရှိသူတွေကိုယ်တိုင်က ငါတို့ ဘာကြောင့် တပ်ထဲမှာ ရှိနေရတယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိတော့တဲ့ အခါ မှာ ပိုက်ဆံရှာဖို့၊ ရာထူးရဖို့ တယောက်နဲ့ တယောက် အာဏာရဖို့အတွက်ပဲ ရှိပြီး စစ်တပ်ဟာ မာဖီးယားဂိုဏ်းပုံစံ ပိုပြီး ဖြစ်လာတယ်။ သူတို့ကြားထဲမှာပဲ ရန်ပွဲတွေ၊ အချင်းချင်း သတ်တာ၊ အားပြိုင်တာ၊ အခဲမကြေတာတွေ အတွင်းမှာ ပြိုကွဲမှုတွေကတော့ စဖြစ်နေပြီ။ တပ်က တကယ်အထိနာတာက ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာပေါ့။ ရုပ်ပိုင်း ကတော့ သူက နှစ်ပေါင်းများစွာ စုစည်းထားတဲ့ အရင်းအမြစ်တွေ ရှိနေတော့ အတိုင်းအတာ တခုအထိ တောင့်ခံနိုင်ဦး မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ နိုင်ငံရေး သုံးသပ်သူတဦးက စစ်တပ်ဘက်က တစထက် တစပြိုကျနေရုံဖြင့် နွေဦးတော်လှန်ရေးသည် အောင်မြင်ဦးမည် မဟုတ်ဘဲ တော်လှန်ရေး အင်အားစုများကြား မဟာဗျူဟာမြောက် ပေါင်းစည်းရန်နှင့် တော်လှန် ရေးတွင် ပြည်သူလူထု ယခုထက် ပိုပါဝင်နိုင်ရေး လမ်းကျယ်ကျယ်ဖွင့်ထားရန် လိုအပ်နေဆဲ ဖြစ်ကြောင်း အကြံပြု သည်။

You may also like these stories:

စစ်ကောင်စီ၏ စစ်အင်အား အကျပ်အတည်း ဆိုက်နေပြီ

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူများ ကြောက်နေရ

စစ်ကောင်စီ ခြေကုပ်စခန်း တခုအား KNU ထပ်မံသိမ်းပိုက်

မြဝတီ-ဝေါလေ၌ အထိနာသည့် စစ်တပ်အတွင်း အမိန့်မနာခံမှုများ ဖြစ်နေဟုဆို

The post GSCC ပြောတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ပကတိအခြေအနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...