Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မန္တလေးမြို့က ကျူးရှင်းလင်းရေး သံသရာ

$
0
0

အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် ကျူးကျော်ရှင်းလင်းရေး လုပ်ငန်းများကို မန္တလေးမြို့ တွင် အင်တိုက်အားတိုက် လုပ်ဆောင်လျက် ရှိသည်။

ထိုသို့ ရှင်းလင်းရာတွင် လက်နက်ဖြင့် အာဏာကို ရယူသူတို့ ထုံးစံအတိုင်း ပြောင်းရွှေ့ခံရမည့် မိသားစုများကို အချိန်မပေး၊ ပြန်လည်ကုစားပေးမည့် အစီအစဉ်မပါ စက်ယန္တရားနှင့် လူအင်အားအပြည့် အသုံးပြုကာ အတင်းအဓမ္မ ဖယ်ရှားနေမှုများ ကြောင့် ကျူးကျော်ဟု သတ်မှတ်ခံရ သည့် ပြည်သူများမှာ သောကပင်လယ်ဝေနေကြရသည်။

“သူတို့ကတော့ အလွယ်လေးပဲ ကျုးကျော်တဲ့၊ စီမံကိန်းတဲ့၊ ဥပဒေတဲ့ ခေါင်းစဉ်တွေနဲ့ ဆိုပေမယ့် ကျနော်တို့ အခြေခံ လူတန်းစားတွေ အတွက်ကတော့ ဘဝတွေ အများကြီး ပြိုလဲကြရတာ” ဟု ဖွင့်ဟပြောပြလာသူက ငွေတော်ကျီကုန်း ရပ်ကွက်နေသူ ကိုဖိုးဇော် ဖြစ်သည်။

အသက် ၄၅ နှစ်ကျော်အရွယ် ကိုဖိုးဇော်သည် အဆိုပါ ငွေတော်ကျီကုန်းရပ်ကွက်တွင် လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်း က အခြေချနေထိုင်ခဲ့သူ ဖြစ်သည်။

အတူနေ မိသားစုဝင် ၆ ဦး ရှိပြီး ယခုအခါ ၎င်းဝယ်ယူထားသည့် ပေ ၃၀ x ၄၀ ပေါ် ဆောက်လုပ်ထားသော နှစ်ထိပ်အိမ် ကလေးမှာ ကျူးကျော်ဟူသော ခေါင်းစဉ်ဖြင့် ဖြိုဖျက်ခံလိုက်ရပြီ ဖြစ်သည်။

“အခု အိမ်တွေ ဖျက်ပေးကြရတဲ့ မိသားစုတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေလည်း ရှိကြတော့ အနာဂတ်တွေ ပျောက်ကုန်ကြရပြီ။ ကျနော်တို့တွေရဲ့ ဘ၀တွေကို ငဲ့ညှာစာနာစိတ်လေးတွေနဲ့ ပြန်ကြည့်ပေးပါ။ သနားစိတ်လေးတွေ ဝင် ပေးကြပါဗျာ” ဟု သူက ဝမ်းနည်းတိုးတိတ်စွာ ရေရွတ်ပြောဆိုသည်။

စစ်ကောင်စီသည် မန္တလေးမြို့ရှိ ကျူးကျော်နေအိမ်များကို ၂၀၂၁ အောက်တိုဘာလကုန်ပိုင်းမှ စတင် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး စတင်ဖယ်ရှားချိန်က အချိန်တပတ်ခန့်ထိ ပေးခဲ့သော်လည်း ယခုအခါ ကြေညာပြီး နာရီပိုင်းအတွင်း နေ့ချင်းပြီး ဖိအားပေး ဖယ်ရှားရှင်းလင်းလာခြင်း ဖြစ်သည်။

ပြည်ကြီးတံခွန်၊ အမရပူရ၊ ချမ်းမြသာစည် မြို့နယ်များအတွင်း၌ မေလလယ်ပိုင်းမှစတင်ကာ ထိုသို့ လုပ်ဆောင်လာခြင်းဖြစ် ပြီး စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး၊ စည်ပင်ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များက စက်ယန္တရားများကိုပါ အသုံးပြုလာခဲ့သည်။

ဇွန် ၆ ရက်ကလည်း အမရပူရမြို့နယ်၊ ကျန်တန်းတိုးချဲ့ (၁) ရပ်ကွက်မှ မန္တလေး-မြစ်ကြီးနားရထားလမ်း၊ မန္တလေး-စစ်ကိုင်း ကားလမ်းဘေးရှိ နေအိမ် ၁၅၀ ကျော်ကို စက်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

ဒေသခံ ဦးနိုင်က “မနက် ၉ နာရီလောက်မှာ စစ်သားတွေရော၊ ရဲတွေရော သေနတ်တွေနဲ့ လာပြီးတော့ နေအိမ်တွေကနေ ဖယ်ရှားပေးဖို့ အော်သွားတယ်။ ပြီးတော့ နာရီဝက်လောက်ပဲ ရှိဦးမယ် မြေကော်ကား ၁ စီး၊ ဘတ်ဟိုး ၁ စီး ရောက်လာပြီး အဝင်ကနေစပြီး ဖြိုတာပဲ။ ရုတ်တရက်ကြီးဆိုတော့ ဘယ်သူမှ ကြိုတင်ပြင်ဆင်ချိန် မရခဲ့ကြဘူး။ အခုတော့ ဘယ်ကိုသွား လို့သွားရမှန်း မသိသေးတော့ ဒီအတိုင်းပဲ ဆက်နေရဦးမှာပေါ့” ဟု ပြောပြသည်။

ယင်းနေရာတွင် နေထိုင်လာသည်မှာ နှစ်ပေါင်း ၃၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း၊ အစောပိုင်းက သံလမ်းနှင့် ၁၀ ပေခွာ ဆုတ်ပေးလျှင် နေ၍ရကြောင်း ပြောခဲ့သော်လည်း ယခုအခါ အိမ်ခြေအတန်းလိုက် အကုန်ဖျက်သွားသဖြင့် နေအိမ် ၁၅၀ ခန့်ထိ ပါသွားကြောင်း ဒေသခံတဦးကလည်း ရှင်းပြသည်။

“မိသားစု ၁၀၀ ကျော်တာပေါ့။ အားလုံး ငိုကြယိုကြနဲ့ တကယ့်ကို အနိဋ္ဌာရုံ မြင်ကွင်းတွေပါပဲ။ နေဖို့ထိုင်ဖို့ အတွက်ကတော့ အားလုံး ဒုက္ခရောက်ကြရတာပေါ့” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ၄၉ လမ်းတလျှောက် ဘေးဝဲယာ (ဋ) ရပ်ကွက်၊ ဇီးအုပ်၊ ရဲဘော်ကွက်သစ်၊ ကံကြီးကုန်းနှင့် ငွေတော်ကျီကုန်း၊ မန္တလေး-လာရှိုး ရထားလမ်းဘေးတလျှောက်ရှိ နေအိမ်များ ဖယ်ရှားရှင်းလင်းခံရပြီး ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် အရှေ့ခြမ်းရှိ ကျုးကျော်နေထိုင်မှုများကိုလည်း စစ် ကောင်စီက ရှင်းလင်းခဲ့သည်။

အလားတူ အမရပူရမြို့နယ်အတွင်းက မြစ်ငယ်မြို့ရှိ နေအိမ်များကိုလည်း စစ်ကောင်စီက မတ် ၈ ရက်မှ စတင်၍ ရပ်ကွက် အတွင်းရှိ နေအိမ်၊ ဈေးဆိုင်နှင့် အဆောက်အအုံများကို စက်ယန္တရားများ အသုံးပြုပြီး ဖြိုဖျက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် မြို့လုံး ကျွတ်နီးပါး ပြောင်းရွှေ့ပေးခဲ့ကြရသည်။

“ကျနော်တို့ ပြည်သူတွေဆိုတာ အခုအချိန်မှာ ထမင်းနပ်မှန်အောင် စားရဖို့အတွက်ကို မိသားစုလိုက် ရုန်းကန်နေကြရတာ။ အဲဒါတောင် အဆင်မပြေကြဘူး။ ကျပ်ကျပ်တည်းတည်းနဲ့ လုပ်ကိုင်ရှာဖွေနေရတဲ့ ပြည်သူတွေကို အိုးမဲ့အိမ်မဲ့ ဖြစ်အောင် လုပ်နေတာတော့ လူမဆန်တဲ့လုပ်ရပ်တွေပဲလို့ မြင်တယ်” ဟု ဇီးအုပ်ကွက်သစ်တွင်နေထိုင်သူ ဦးဝင်းနိုင်က ဆိုသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးကမူ ကျူးရှင်းလင်းခြင်းမှာ ယခင်ကတည်းက လုပ် ဆောင်နေခြင်းဖြစ်ပြီး ယခုအခါ စီမံချက်ချကာ မြို့နယ်အလိုက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကျူးရှင်းမည်ဆိုပါက စည်ပင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အကြိမ်ကြိမ် အသိပေးပြီးမှ ရှင်းလင်းခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

“အခု ရှင်းလင်းနေတယ် ဆိုတာကလည်း ဥပဒေနဲ့အညီ လုပ်ဆောင်တာပါ။ သူတို့တွေက ကျုးကျော် နေထိုင်ကြတာဆို တော့ ကြာလာရင် ရှင်းလင်းရတာ ပိုပြီးခက်မှာဆိုးတဲ့ အတွက်ကြောင့် အခုလို ရှင်းလင်းနေတာ။ အခြား ဘာရည်ရွယ်ချက် မှ မပါပါဘူး” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် စည်ပင်သာယာရေးကော်မတီနယ်နမိတ် ၆ မြို့နယ်အတွင်းရှိ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ် စစ်ဓာတ်အားလိုင်းနယ်မြေ၊ အစိုးရဌာနဆိုင်ရာနယ်မြေနှင့် ပုဂ္ဂလိကပိုင်မြေနေရာများတွင် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ တရားဝင် ပိုင်ဆိုင်ခွင့် မရှိသူများက တရားမဝင် ကျုးကျော်နေထိုင်မှုများကို ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော သတ်မှတ် အဖွဲ့များဖြင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟု ကော်မတီက ထုတ်ပြန်ထားသည်။

သို့သော် တကယ့်မြေပြင်တွင်မူ ကျုးရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ တရားဝင် ရပ်ကွက်ကြီးများအတွင်း နှစ်ရှည် နေထိုင်ကြသူများ၊ စလစ်၊ ဂရန်၊ စည်ပင်ခွင့်ပြုမိန့် စသည့် ပိုင်ဆိုင်မှု ရှိသူများလည်း ပါနေသလို နေထိုင်မှုဆိုင်ရာ သတ်မှတ် အခွန်အခများ ပေးဆောင်နေရသည့် နေအိမ်များလည်း ဖယ်ရှားခံနေရကြောင်း မန္တလေးမြို့ခံများက ဆိုသည်။

“ဆောက်တုန်းက ပေါင်းစားခဲ့ကြတာ။ သူတို့ မသိဘဲ ကျမရဲ့အိမ်ကို ဆောက်လို့ရပါ့မလား။ အခုတော့ နာမည်တပ်ထားတာ က ကျုးတဲ့။ ပိုင်ဆိုင်မှုအနေနဲ့က စလစ်စာရွက်လေး ရှိတယ်။ အခု သူတို့ ပြောတာကတော့ စည်ပင်ပိုင်မြေတဲ့၊ တော်တော် ကြီးကို မတရားကြတာပါ။ ဆောက်တုန်းက မတားခဲ့ဘဲ ခွင့်ပြုပေးခဲ့တဲ့သူတွေကို အရေးယူသင့်တာ။ အခုတော့ နားမလည် တဲ့ ပြည်သူတွေပဲ ဒုက္ခရောက်ကြရတာ။ ငွေယူခွင့်ပြုပေးခဲ့တဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ စည်ပင်တွေက အခုဖျက်တော့ လည်း ရှေ့ဆုံးက ပါနေတယ်” ဟု မူလပိုင်ရှင်ထံမှ စလစ်ဖြင့် လက်ပြောင်းဝယ်ယူခဲ့သည့် ရဲဘော်ကွက်သစ်နေသူတဦးက ပြောပြသည်။

ထိုသို့သော ဖယ်ရှားရှင်းလင်းမှုများကို မူလမြေပိုင်ရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီ လက်အောက်ခံများ နှင့် စည်ပင်သာယာသို့ ငွေပေးကာ ဖယ်ရှားခိုင်းနေခြင်းမျိုး ဖြစ်နိုင်သည်ဟူသော သုံးသပ်ချက်များလည်း ရှိနေသည်။

မန္တလေးမြို့ခံတဦးက “အရင်စစ်အစိုးရလက်ထက် စီးပွားရေးလုပ်ငန်းရှင်တွေက မြေပုံပေါ် စာရွက်ပေါ်ကနေ ဝယ်ယူခဲ့ကြ တာမျိုး ရှိတယ်။ သူတို့က ဒီအတိုင်းပစ်ထားကြတော့ သိမ်းဆည်းခံရတဲ့ မူလတောင်သူတွေက ကိုယ့်နေရာကိုယ် ပြန်နေကြ တာမျိုးနဲ့ အကွက်ရိုက်ရောင်းတာမျိုးတွေ လုပ်ခဲဲ့ကြတာ။ အဲဒီလိုမျိုးတွေ လုပ်ခဲ့ကြပြီးမှ အခုအချိန်မှာ အာဏာရှိတဲ့သူတွေနဲ့ ပေါင်းပြီး ပြန်သိမ်းတာမျိုးတွေ လုပ်တာ။ ပြီးတော့ လူသိရှင်ကြား အရောင်းအဝယ် လုပ်ခဲ့ကြတာကို အဲဒီအချိန်တုန်းက လာ ပြီးမတားခဲ့ကြဘဲ အခုမှ သူတို့ ပိုင်ဆိုင်တာဆိုပြီး အတင်းဖျက်ခိုင်းနေကြတာမျိုးလည်း ရှိတယ်။ အချို့ဆိုရင် ပိုင်ဆိုင်မှု ခိုင်မာကြတာတောင် အာဏာရှိတဲ့သူနဲ့ပေါင်းပြီး အနိုင်ကျင့်လာကြတာမျိုးပေါ့” ဟု မန္တလေးမြို့ခံတဦးက ထောက်ပြသည်။

ကျုးရှင်းလင်းရေး လုပ်ဆောင်မှုများအပေါ် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဲဖြင့်တက်လာ သော အစိုးရ မဟုတ်သောကြောင့် ယခုကဲ့သို့ ကျုးရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သတင်း စာရှင်းလင်းပွဲတခုတွင် တရားဝင် ပြောဆိုထားသည်။

သို့သော် ရှင်းလင်းဖယ်ရှားခံရသည့် ပြည်သူများအတွက် ပြန်လည်ကုစားပေးရန် မည်သည့် အစီအစဉ်များ ချမှတ်ထား သည်နှင့် ကျူးရှင်းလင်းရေးဆိုင်ရာ မူဝါဒများကိုမူ ရှင်းလင်းပြောဆိုထားခြင်း မရှိပေ။

စစ်ကောင်စီက ကျူးကျော်နေထိုင်သူများဟု ဆိုသူများကို မန္တလေးမြို့တွင် ဧရာဝတီမြစ်ကမ်းနားလမ်းဘေး၊ မြို့ပတ်လမ်း ဘေး၊ ရန်ကုန်-မန္တလေး၊ မန္တလေး-လားရှိုး၊ မန္တလေး-မြစ်ကြီး နား မီးရထားသံလမ်းဘေး၊ မန္တလေး-ပြင်ဦးလွင် ကာလမ်းဘေး နှင့် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်များတွင် အများဆုံးတွေ့ရပြီး ၎င်းတို့အများစုမှာ လက်လုပ်လက်စား၊ အခြေခံလူတန်းစားများ ဖြစ်ကြသည်။

တချို့က အမှန်တကယ် နေထိုင်စရာ အခက်အခဲရှိသဖြင့် ကျပ် သိန်းဆယ်ဂဏန်းခန့် ပေးဝယ်၍ နေထိုင်သူများ ရှိသလို မြင့်တက်လာသည့် အိမ်ငှားရမ်းခ ဈေးနှုန်းများကြောင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်အား အသိပေး၊ လခ ပေး၍ နေထိုင်ကြသူများလည်း ပါဝင်သည်။

ချမ်းမြသာစည်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးတွင်နေထိုင်သူ ဦးဇေယျာက “ကျနော်တို့ အရင်ကတော့ ရပ်ကွက်ထဲမှာ အိမ် ငှားနေကြတာပါ။ အလုပ်အကိုင်တွေ အဆင်မပြေတော့ အိမ်လခ မတတ်နိုင်တော့လို့ ရပ်ကွက်ရုံးကို အသိပေးပြီးတော့မှ သံလမ်းဘေးလေးမှာ တဲလေးထိုးပြီး မိသားစုလိုက် နေနေကြတာ။ အဲဒီနေ့က ကျနော့် အိမ်လေးကို ဖျက်သွားကြတာ ညနေအလုပ်ပြန်မှ သိရတာ။ အိမ်မှာက ကလေးတွေပဲ ကျန်ခဲ့တာ။ အခုတော့ လမ်းဘေးမှာပဲ ဒီအတိုင်း နေနေရတယ်” ဟု ပြောပြသည်။

မြေဝယ်ယူရာတွင် တရားဝင် ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းများအပြင် ဂရန်၊ စလစ်၊ အမည်ပေါက် စသည်ဖြင့် အထောက် အထားမျိုးစုံ ရှိကြောင်း၊ ယခု ဖြစ်ရပ်များသည် အဆင့်ဆင့် လက်လွှဲရောင်းချခဲ့မှုကြောင့် ခိုင်မာသည့်ပိုင်ဆိုင်မှု မရှိသော ပြဿနာများ ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတဦးက ရှင်းပြသည်။

“အခုလိုအချိန်မှာ မြို့ဧရိယာပိုင်ဆိုင်မှု မြေတိုင်းနဲ့ လိုက်တာဆိုတော့ ဘာကိုမှ ထည့်တွက်နေကြမှာ မဟုတ်ဘူးဗျ။ အရင် အချိန်က ပိုင်ရာဆိုင်ရာ ကပ်ပေါင်းကြပြီးတော့ မလွတ်ကင်းတဲ့မြေတွေကို ရယူခဲ့ကြတာ။ အဲဒီအချိန်ကတော့ မသိချင် ယောင်ဆောင်နေခဲ့ကြတာ။ အခုဖြစ်တော့ လက်ဝယ်ရှိတဲ့သူက ခံကြရတာပေါ့လေ” ဟုလည်း သူက ပြောသည်။

ထိုသို့ ကျုးကျော်နေထိုင်မှုများအား မြို့ကွက်သစ်ဖော်ထုတ်စဉ်က မြေကွက်များ ချထားပေးသည်ကို ရယူထားသူများ ပါရှိ သလို အချို့နေရာများရှိ မူလနေထိုင်သူများအား မြေသိမ်းယူစဉ်အချိန်က မြေကွက်များ အစားထိုးပေးအပ်ခြင်း လုပ်ဆောင် ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဘက်က ဆိုသည်။

မရမ်းခြံဆိပ်ကမ်းဘက်ကို ဆိပ်ကမ်းသာယာလှပရေးအတွက် ဖျက်သိမ်းစဉ်က မြို့သစ်မှ ပေ ၄၀ x ၆၀ မြေကွက်များ အစား ထိုးပေးထားသည့်ကြားမှ ကျူးကျော်ဝင်ရောက် နေထိုင်ကြကြောင်း၊ အချို့ဆိုလျှင် စီးပွားဖြစ်ပုံစံ ကျူးသည့်အတွက် အရေး ယူရခြင်းများအထိ လုပ်ဆောင်ရခြင်းမျိုး ရှိကြောင်း၊ ထို့အတွက် ကျူးကျော်နေထိုင်မှုများအား ဆက်လက် ရှင်းလင်းသွား မည် ဖြစ်ကြောင်းလည်း ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

သို့သော် စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် ကျုးများအား ဖယ်ရှားရှင်း လင်းရာတွင် ဥပဒေအရ တရားစွဲဆိုခြင်းမပြုဘဲ ဥပဒေမဲ့ အင်အားသုံး ဖယ်ရှားနေခြင်းများသည် ဥပဒေပြင်ပမှ အခွင့်အရေး ကို ကျင့်သုံးနေခြင်း ဖြစ်ကြောင်း မြေယာမှုခင်းကိစ္စရပ်များအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ တဦးက ထောက်ပြသည်။

တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များအရ တဦးတယောက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းတခုခုကသော်လည်းကောင်း သက်ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲရန်လိုအပ်ပြီး သက်ဆိုင်ရာတရားရုံးက ကျုးကျော်နေထိုင်သူများ အနေဖြင့် နောက်ဆုံးရက် သတ်မှတ်၍ ဖယ်ရှားပေးရန် သမ္မန်စာ ထုတ်ဆင့်ပေးပို့ကာ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေး ခြင်း မရှိပါက တရားရင်ဆိုင်စေရမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ကျုးတွေကို အင်အားသုံးဖယ်ရှားတာက လက်ရှိကာလမှာ တရားမဲ့ ပြုမူတာပေါ့။ အမှန်တကယ် စည် ပင်သာယာ နယ်နမိတ်ထဲမှာ ကျုးကျော်နေတယ်ဆိုရင် စည်ပင်သာယာဥပဒေအရ တရားစွဲဆိုပြီးမှ ဥပဒေနဲ့အညီ ဆောင် ရွက်ရမယ်။ အဲဒီလိုမဟုတ်ဘဲ ငါတို့မှာ အာဏာရှိတာပဲဆိုပြီး အခုလို ရှင်းလင်းနေတာကတော့ မင်းမဲ့စရိုက်ဆန်တယ်။ ဥပဒေမှာ ပြဋ္ဌာန်းထားခြင်းမရှိတဲ့ အခွင့်အရေးကို ကျင့်သုံးရာ ကျရောက်တယ်” ဟုလည်း ဆိုသည်။

ထိုသို့ တရားမဲ့ပြုကျင့်မှုခံရသည့် အိုးမဲ့အိမ်မဲ့ ပြည်သူများသည် ရပ်ကွက်များအတွင်း လုံခြုံရေးဆိုင်ရာ အကြောင်းပြချက် များဖြင့် ဧည့်စာရင်းတိုင်ကြားမှုများကို လက်ခံပေးခြင်း မရှိသောကြောင့် နေထိုင်ရေးအတွက် အခက်အခဲ ဖြစ်နေကြရသလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဧည့်စာရင်းစစ်ဆေး၍ ဖမ်းဆီးအရေးယူခြင်း၊ ငွေကြေးဒဏ်ရိုက်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ကိုလည်း ခံနေရသည်ဟု မန္တလေးမြို့ခံများက ပြောသည်။

“ရွာကို မီးရှို့။ မြို့ပေါ် တိုက်ဖျက်။ ဟုတ်တော့ ဟုတ်နေတာပဲ။ သူတို့ခေတ် သူတို့အခါဆိုတော့ နင်းပြားပြည်သူတွေ ခါးစည်း ခံကြပေဦးပေါ့။ အိမ်တလုံးဖြစ်ဖို့ဆိုတာ လွယ်လွယ်နဲ့ ရခဲ့ကြတာမျိုး မဟုတ်ဘူး။ ဒါကို သူတို့ သိကြမှာလည်း မဟုတ်ဘူး။ သူတို့အုပ်ချုပ်တဲ့ ၁ နှစ်ကျော်မှာ မီးမရှို့တာနဲ့မီးရှို့တာပဲ ကွာတယ်။ တာဝန်ယူမှုမရှိ၊ လူသားချင်းစာနာမှုမရှိ။ လူ့အခွင့်အရေး ဆိုတာ မပြောနဲ့။ သူတို့ အာဏာရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ငြိမ်ခံနေရမယ့်စနစ်ကိုသိလို့ အခုထိ အုပ်ချုပ်ခွင့်မပေးဘဲ ရရာနေ ရာကနေ ပြည်သူတွေက တွန်းလှန်နေကြတာ” ဟု မန္တလေးမြို့ခံ မြို့ပြပြောက်ကျားတပ်ဖွဲ့တဖွဲ့မှ တာဝန်ရှိသူက မှတ်ချက်ပြု သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ကလည်း ကျုးကျော်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး ထိုစဉ် က အိမ်ရာမဲ့ ကျုးကျော်နေထိုင်သည့် ပြဿနာကို ဖြေရှင်းပေးသည့် အနေဖြင့် အမှန်တကယ် နေထိုင်စရာ မရှိသူများကို အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် အငှားအိမ်ရာတွင် နေ ထိုင်နိုင်ရန် စီစဉ်ပေးမည်ဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ကမ်းလှမ်းချက် ပြုလုပ်ခဲ့သေးသည်။

သို့သော် စစ်အာဏာသိမ်းမှုနှင့်အတူ ယင်းအစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ရသလို ဒေါက်တာရဲလွင်မှာလည်း အာဏာသိမ်း စစ်ကောင်စီ၏ မတရားဖမ်းဆီး တရားစွဲဆိုခြင်းကို ခံထားရသည်။

လက်ရှိတွင် ကျုးကျော်အဖြစ် ရှင်းလင်းခံရသူများသည် တန်ဖိုးနည်း အကွက်ရိုက်မြေကွက်များအား အရစ်ကျစနစ်ဖြင့် ဝယ် ယူပြီး ပြောင်းရွှေ့နေထိုင်ခြင်း၊ ငှားရမ်းနေထိုင်ခြင်း၊ နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းများထံ ခိုလှုံခြင်း၊ ဘုန်တော်ကြီးကျောင်း များ၌ ယာယီ ပြောင်းရွှေ့နေထိုင်ခြင်းနှင့် မိမိတို့၏ရပ်ရွာများသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ခြင်းများဖြင့် နေထိုင်ရေး အခက် အခဲကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေကြရသည်။

ခေတ်အဆက်ဆက် အစိုးရများက ကျူးရှင်းလင်းခြင်းကို နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ရေရှည်စီမံဆောင်ရွက် ချက်များ၊ ခိုင်မာသည့်မူဝါဒများ မရှိသည့်အတွက် ရှင်းကားရှင်းသော်လည်း မပပျောက်၊ ကျူးလိုက်၊ ရှင်းလင်းလိုက်ဖြင့်သာ မဆုံးသံသရာ လည်နေတော့သည်ဟု မန္တလေးမြို့ခံတဦးက မှတ်ချက်ပြု ပြောဆိုသည်။ ။

You may also like these stories:

မန္တလေး၌ အင်အားသုံး ကျူးကျော်ရှင်းလင်းမှုကြောင့် နေထိုင်ရေး အခက်တွေ့နေ

The post မန္တလေးမြို့က ကျူးရှင်းလင်းရေး သံသရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...