Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြန်မြင့်တက်လာမလား

$
0
0

အာဏာသိမ်းပြီး ပြည်သူများအပေါ် အကြမ်းဖက်မှု ကျူးလွန်နေသည့် စစ်ကောင်စီကို တရားဝင် အသိအမှတ် မပြုရေး မြန်မာပြည်သူများ အစဉ်တစိုက် တောင်းဆိုနေသော်လည်း တရုတ်နိုင်ငံသည် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးအား တရားဝင် ဖိတ်ခေါ် တွေ့ဆုံခြင်းဖြင့် ထောက်ခံကြောင်း ထပ်မံ ပြသခဲ့သည်။

တရုတ်၏ ဖိတ်ခေါ်မှုသည် ကုလသမဂ္ဂနှင့် အာဆီယံတွင် တရားဝင် အသိအမှတ်ပြု ခံရခြင်း မရှိသည့် စစ်ကောင်စီအား အစိုးရတရပ်သဖွယ် အသိအမှတ်ပြုရာ ရောက်နေသည့်အတွက်လည်း ပြည်သူများကြား ဝေဖန် ကန့်ကွက်သံများ ပြန်လည် ထွက်ပေါ်လာသည်နှင့်အတူ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ခဲ့သည်။

“အာဏာသိမ်း စစ်တပ်မှ တရားမဝင် ဖွဲ့စည်းထားသော စစ်ကောင်စီ၏ လက်ကိုင် ဝဏ္ဏမောင်လွင် ဆိုသူအား “နိုင်ငံခြားရေး ဝန်ကြီး” ဟူသော ဂုဏ်ပုဒ်ဖြင့် မဆီလျှော်စွာ ဂုဏ်ပြု ဖော်ပြထားသည်ကို အပြင်းထန်ဆုံး ကန့်ကွက် ရှုတ်ချသည်” ဟု NUG က ထုတ်ပြန်ခဲ့သည်။

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် မြန်မာပြည်သူများသည် စစ်ကောင်စီ အားပေး ထောက်ခံသည့် ဆက်နွယ်မှု မှန် သမျှအား လက်မခံ၊ ဖယ်ရှားရေး သဘောဆန္ဒအား အကြိမ်ကြိမ် ပြသခဲ့ပြီးဖြစ်သလို စစ်ကောင်စီအား အထောက်အပံ့ပြုနေ သည့် စီးပွားရေး လုပ်ငန်းများအပေါ် အရေးယူ ပိတ်ဆို့ရေး တောင်းဆိုနေကြဆဲ ဖြစ်သည်။

မုံရွာလူထုသပိတ် ဦးဆောင် ကော်မတီဝင် တဦးက “တရုတ်အနေနဲ့ စစ်ကောင်စီကို တရားဝင်လို တွေ့ဆုံနေတာတွေက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှု စော်ကားတာနဲ့ တူတယ်။ ပြည်သူအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ် ကောင်စီနဲ့ ပူးပေါင်းတာက တရုတ်အနေနဲ့ အကြမ်းဖက်မှုကို သူတို့ကိုယ်တိုင် တိုက်ရိုက် ကျူးလွန်တာ မဟုတ်ပေမယ့် အကြမ်းဖက်သူတွေကို အားပေးအားမြှောက်ပြုရာ ရောက်တယ်။ ဒီအတွက် တရုတ်နဲ့ ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက်မှု တွေ ပိုပြီးတော့ မြင့်တက်လာနိုင်ပါတယ်” ဟု ပြောသည်။

စစ်တပ် အာဏာသိမ်းစ အချိန်ကာလများတွင်လည်း နိုင်ငံတကာမျက်နှာစာ၌ တရုတ်၏ စစ်ကောင်စီအပေါ် ကာကွယ် ထောက်ပံ့ပေးခဲ့မှုများကြောင့် မြန်မာပြည်သူများကြားတွင် တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြင်းထန်ခဲ့ပြီး တရုတ်ရင်းနှီး မြှုပ်နှံမှု စီမံကိန်းများနှင့် တရုတ်နိုင်ငံသားပိုင် စက်ရုံ၊ အလုပ်ရုံများ ခြိမ်းခြောက်ခံခဲ့ရသည်။

အထူးသဖြင့် တော်လှန်ရေး အင်အားစုများ အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းက တရုတ်စီမံကိန်းများ၊ ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး စခန်းတို့တွင် လက်နက်ကိုင် စစ်ကောင်စီတပ်သားများ အင်အားတိုးမြှင့်ကာ လုံခြုံရေး ယူပေးနေရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင်မြင်တွေ့ရသည့် ဆန္ဒပြမှုများ (ဓာတ်ပုံ – ဧရာဝတီ)

တရုတ် အစိုးရပိုင် ကုမ္ပဏီတခုက ဖက်စပ်လုပ်ကိုင်နေသည့် တကောင်းနီးကယ် စက်ရုံထံ လျှပ်စစ်ဓာတ်အားပေးနေသည့် လျှပ်စစ်တာဝါ တိုင်းအား မိုင်းခွဲဖျက်ဆီးခံရသည့်အခါတွင်မူ ရန်ကုန်မြို့ရှိ တရုတ်သံရုံးက ၎င်းတို့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွား လုပ်ငန်းများအား မတိုက်ခိုက်ရန် NUG ဆက်သွယ် ပြောဆိုလာခဲ့သည်။

တရုတ်၏ အကျိုးစီးပွား ကာကွယ်လိုမှုနှင့် ပတ်သက်ပြီး အိမ်နီးချင်း နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်ရန် ပေါ်လစီ မရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးက တရုတ်ထံ ပြောကြားထားသလို မြန်မာပြည်၌ ဒီမိုကရေ စီ ရှိနေခြင်းသည် တရုတ်အတွက် ခြိမ်းခြောက်လာနိုင်စရာ မရှိဘဲ ရေရှည် အကျိုးအမြတ်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်း များလာမည်သာ ဖြစ်ကြောင်းလည်း NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က အမေရိကန် အခြေစိုက် The World ရေဒီယိုသတင်းဌာနနှင့် မတ်လ ၁၅ ရက်က တွေ့ဆုံစဉ် သတင်း စကားပါးသည်။

ဒေါ်ဇင်မာအောင်က “အခု အာဏာသိမ်းလိုက်လို့ တရုတ်က ရင်းနှီးမြှုပ်နှံမယ့် လူတွေ မြန်မာပြည်အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာကုန်ပြီ။ ရှင်းအောင် ပြောရရင် ကျမတို့ တော်လှန်ရေးအတွက် တရုတ်ဆီက အကူအညီ တောင်းနေဝာ မဟုတ်ပါဘူ။၊ အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့ကို မထောက်ခံဖို့နဲ့ တရားဝင် အသိအမှတ်ပြုတာမျိုးတွေ မလုပ်ဖို့ပဲ ပြော နေတာပါ” ဟု ပြောထားသည်။

သို့သော် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယိသည် စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘော ဖိတ်ခေါ်ကာ တရုတ်နိုင်ငံ၊ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့တွင် လက်ခံတွေ့ဆုံခဲ့ပြီး အိမ်နီးချင်း မြန်မာနိုင်ငံအား သံတမန် ဆက်ဆံရေးတွင် အရေးပါသော နေရာမှာ ထားရှိပြီး နက်ရှိုင်းသော ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ပေါ်ပြန် လည် ရောက်ရှိရေး ဆောင်ရွက်မှုများတွင် တတ်နိုင်သလောက် ကူညီသွားမည်ဟု မစ္စတာဝမ်ယိက ပြောဆိုခဲ့ သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင်မြင်တွေ့ရသည့် ဆန္ဒပြမှုများ (ဓာတ်ပုံ – ဧရာဝတီ)

ယင်းပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းများ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရေး ပြောဆိုခဲ့ပြီး စီးပွား ရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ ယွမ်သန်း ၆၅၀ အား မြန်မာနိုင်ငံသို့ ကူညီ ထောက်ပံ့သွားမည် ဖြစ်ကြောင်းလည်း သဘောတူညီခဲ့ကြသည်။

အကျိုးစီးပွားဆန်သည့် တရုတ်၏ တိုက်တွန်းပြောဆိုမှုသည် အာဏာဆုပ်ကိုင်ထားလိုသည့် စစ်ခေါင်းဆောင်များအတွက် မည်သို့မျှ ထူးခြားလိမ့်မည် မဟုတ်ဘဲ နိုင်ငံတကာက တိုက်တွန်း ပြောဆိုနေသည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနှင့် အကြမ်းဖက်မှုများ လျော့ချရေး ဆောင်ရွက်ရေးတွင်လည်း စစ်ကောင်စီတွင် ဆန္ဒသဘော ထားရှိသည်ကို မတွေ့ရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ပြောသည်။

၎င်းက “ဘာမှသိပ်ပြီး ထူးခြားမယ် မထင်ပါဘူး။ စစ်ကောင်စီအတွက်ကတော့ ဝမ်းသာစရာ အကွက်လေး တကွက်တော့ ရသွားတာပေါ့။ ဂုဏ်ယူစရာ အကွက်လေး တကွက်တော့ ရသွားတာပေါ့” ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် နှင့် ပတ်သက်ပြီး ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ပွဲတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ၎င်းတို့အား ဆန့်ကျင်သူများအပေါ် အမြစ်ပြတ် ချေမှုန်းမည်ဟုသာ ကြုံးဝါးခဲ့ပြီး အာဆီယံလမ်းကြောင်းမှ ဖြေရှင်း ရေး ဘုံသဘောတူညီချက်များအား လျစ်လျူရှုကြောင်း ပြသခဲ့ပြီး ဖြစ်သည်။

ယင်းအတွက် တရုတ်၏ စစ်ကောင်စီအပေါ် ထောက်ခံအားပေး တိုက်တွန်းနေခြင်းသည် ပြန်လည် ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီရေး ကြိုးပမ်းမှုများအပေါ် အကျိုးသက်ရောက်စေမည် မဟုတ်သည့်အတွက် မြန်မာပြည်သူများ၏ ဆန္ဒအား အလေးမထားဘဲ စစ်ကောင်စီ အကျိုးဖြစ်စေသည့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဆန့်ကျင် ကန့်ကွက်ရမည်ဖြစ်ကြောင်း မန္တလေး သံဃ သမဂ္ဂအဖွဲ့ ဆရာတော်တပါးက မိန့်ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင်မြင်တွေ့ရသည့် ဆန္ဒပြမှုများ (ဓာတ်ပုံ – ဧရာဝတီ)

၎င်းက “အခုနောက်ပိုင်း တရုတ်တင်မကဘဲ နိုင်ငံတချို့က စစ်ကောင်စီနဲ့ ပူးပေါင်းတာတွေ ရှိလာပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူ မှန်သမျှ၊ စစ်ကောင်စီကိုဘက်ကို လိုက်ပြီတော့မှ ထောက်ခံတဲ့ နိုင်ငံတွေကိုလည်း ဆန့်ကျင်ရှုတ်ချတာတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။ ထိထိရောက်ရောက် တုံ့ပြန်သွားဖို့ ပြင်ဆင်ထားပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီ အနေဖြင့်လည်း အာဏာသိမ်းမှု တနှစ်ကျော်လာသည့်တိုင် ပြည်သူများအပေါ် အကြမ်းဖက်ကျူးလွန်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အာဏာသိမ်းကာလအတွင်း လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့ရသလို နေအိမ် ၇၀၀၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံရကာ လူသိန်းနှင့်ချီ စစ်ဘေးရှောင် ထွက်ပြေးနေရဆဲ ဖြစ်သည်။

ယင်းအတွက် တရုတ်၏ ဆွေးမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပြည်သူချင်း ကူးလူးပူးပေါင်းဆောင်ရွက်ရေးတို့မှာ စစ်တပ်၏ အကြမ်းဖက်မှုအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြုံတွေ့ ခံစားနေရဆဲဖြစ်သည့် မြန်မာပြည်သူများအတွက် ဖြစ်လာနိုင် စရာမရှိဘဲ အကောင်းဆုံးနှင့် အလုပ်သင့်ဆုံး နည်းလမ်းမှာ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အရပ်သားအစိုးရ ပြန်လည် ပေါ်ပေါက်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရေးအတွက် တိုင်းရင်းသား လူမျိုးစုများ အပါအဝင် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အတူပူးပေါင်းကာ မြန်မာစစ်တပ်အား ဖိအားပေးရေးပင် ဖြစ်ပြီး အဆိုပါနည်းလမ်းဖြင့် သာ ခိုင်မာ အားကောင်းသော တရုတ်- မြန်မာ အနာဂတ် အကျိုးစီးပွားကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း NUG က ပြောထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင်မြင်တွေ့ရသည့် ဆန္ဒပြမှုများ (ဓာတ်ပုံ – ဧရာဝတီ)

“လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နာမည်ဆိုးနှင့် ကျော်ကြားသော အကြမ်းဖက် စစ်တပ်နှင့် မည်သို့သော လက်တွဲ ဆောင်ရွက်မှု မဆို တရုတ်ပြည်အစိုးရ၏ ဂုဏ်သတင်းကို ပိုမို ထိခိုက်စေရုံမျှသာ တတ်နိုင်စေပါသည်” ဟုလည်း NUG က ပြောထား သည်။

ခေတ်အဆက်ဆက် တရုတ်အစိုးရ၏ ရပ်တည်မှုနှင့် ပတ်သက်၍လည်း စစ်အာဏာရှင်များအပေါ် ကျောထောက်နောက်ခံ ပြုခဲ့ကြောင်း မြန်မာပြည်သူများကြား လေးလေးနက်နက် သုံးသပ် ခံယူထားသည့်အတွက် လက်ရှိ ပြည်သူအများစု ပါဝင် နေသည့် တော်လှန်ရေးကာလတွင် လူထုဆန္ဒအား မျက်ကွယ်ပြုစော်ကားသည့် လုပ်ရပ်များဖြစ်ပေါ်လာပါက ထိုက်တန် သည့် ပြန်လည် တုံ့ပြန်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ဆန္ဒပြသပိတ် ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ တေဇာဆန်း က ပြောသည်။

၎င်းက “အကြမ်းဖက် စစ်ကောင်စီဟာ မြန်မာလူထုကို လုံးဝ၊ လုံးဝ ကိုယ်စား မပြုဘူး၊ စစ်အုပ်စုသည် ပြည်သူရဲ့ ဘုံရန်သူပဲ ဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကို တကယ် ထိန်းသိမ်း ကာကွယ်ချင်တယ်ဆို ရင်တော့ စစ်ကောင်စီက ဘယ်လိုမှ ဆောင်ကြဉ်းပေးနိုင်မယ့် အဖွဲ့အစည်း မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။ လူထုရဲ့ဆန္ဒနှင့် တော်လှန်ရေးအပေါ် မျက်ကွယ်ပြု စော်ကားရာရောက်တဲ့ ဒီလုပ်ရပ်တွေအပေါ် လူထုရဲ့ ဆန့်ကျင် ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ မုချ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

တဖက်တွင်လည်း တရုတ်၏ စစ်ကောင်စီအား ဖိတ်ခေါ် တွေ့ဆုံမှုသည် နိုင်ငံတကာအရေး အပြောင်းအလဲများကြားတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း တည်းငြိမ်ရေးအတွက် သံတမန်နည်းလမ်းအရ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံခြား ရေး ဝန်ကြီးများကိုလည်း ဖိတ်ခေါ်တွေ့ဆုံခဲ့ခြင်း ဖြစ်သကဲ့သို့ မြန်မာနှင့်ပတ်သက်၍မူ အနောက်နိုင်ငံများ၏ ပါဝင်ဆောင် ရွက်မှုအား မျှခြေအဖြစ် တည်ဆောက်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ဆို သည်။

၎င်းက “တရုတ်အနေနဲ့က အာဆီယံ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းရင်းနဲ့ အနောက်တိုင်း အနေနဲ့ မြန်မာပြည် တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့မှုတွေ ပြုလာပြီဆိုရင် သူကလည်း စစ်ကောင်စီကို တဖက် ကနေ တတ်နိုင်သလောက် ပံ့ပိုးပေးမယ်ဆိုတဲ့ မျှခြေ အခြေအနေတခုကို တည်ဆောက်နေတယ်လို့ ယူဆပါတယ်။ အနောက်တိုင်း အင်အားစုတွေရဲ့ ပါဝင်ပက်သက်မှုတွေ တိုးမြှင့်လာတာနဲ့အမျှ သူကလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့အခြေခံ အကျိုးစီးပွားတွေကို ထိန်းသိမ်းနိုင်ရေးအတွက် စစ်ကောင်စီကို ဆက်လက်ပြီးတော့ ထောက်ခံသွားလိမ့်မယ်လို့ ယူဆပါ တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အင်္ဂလန်ရောက် မြန်မာနိုင်ငံသားများက လန်ဒန်မြို့ ရုရှားသံရုံးရှေ့တွင် တရုတ်နှင့် ရုရှားတို့ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ (ဓာတ်ပုံ – Londonghost)

အခြား နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးကမူ လက်ရှိ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွင် တရုတ်က ထောက် ခံသည်ဖြစ်စေ၊ အမေရိကန်က ထောက်ခံသည်ဖြစ်စေ စစ်ကောင်စီ၏ အနာဂတ်သည် မြန်မာပြည်သူများ သဘောဆန္ဒ အပေါ်တွင်သာ မူတည်နေပြီး စစ်ကောင်စီအား ဖြုတ်ချရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းရမည်ဖြစ်ကြောင်း ပြောသည်။

၎င်းက “ဘယ်တိုင်းပြည်မှ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားထက်ပိုပြီးတော့ ကျမတို့ နိုင်ငံကို ချစ်မပြဘူး။ အဲဒါကို သတိထားဖို့ လို တယ်။ ကျမတို့ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် အများကြီး အနှောင့် အယှက်ပေး ဟန့်တားနေတဲ့ စစ်အုပ်စုကို ဖယ်ရှားဖို့ပဲ၊ စစ်အုပ်စုကို နိုင်ငံရေးကနေ ဖယ်ရှားဖို့ပဲ၊ အဲဒါကို နည်းသဏ္ဍာန် ပေါင်းစုံနဲ့ ဆက်လုပ်ဖို့ပဲ” ဟု တိုက်တွန်းသည်။

စစ်ကောင်စီအတွက်မူ နိုင်ငံခြားရေး ဝန်ကြီး၏ တရုတ်နိုင်ငံ ခရီးစဉ်သည် တိုးမြှင့်လာသည့် အနောက်နိုင်ငံများ၏ ဖိအားပေး မှုနှင့် မြန်မာ့အရေး ကူညီမှုများကြောင့် နိုင်ငံတကာ မျက်နှာစာတွင် တရုတ်၏ ထောက်ခံမှုနှင့် အကူအညီရရှိစေရန် ပြန် လည် ကြိုးပမ်းလာခြင်း ဖြစ်ကြောင်းလည်း လေ့လာသူများက ပြောသည်။

စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း “ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များ အထူးသဖြင့် ကုလ သမဂ္ဂနှင့် အာဆီယံ မျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စများကိုလည်း ဆွေး နွေးခဲ့ကြသည်။ အာဆီယံ၏ တူညီဆန္ဒ ၅ ရပ် ဆက်လက် အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ တနိုင်ငံနှင့် တနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု မပြုရေး မူဝါဒနှင့် အာဆီယံ ပဋိညာဉ်နှင့် အခြေခံမူများနှင့်အညီ နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးမှ ဆွေးနွေးခဲ့သည်” ဟု တရုတ် ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်း ထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင်မြင်တွေ့ရသည့် ဆန္ဒပြမှုများ (ဓာတ်ပုံ – ဧရာဝတီ)

ယင်းအတွက် စစ်ကောင်စီ လိုလားသည့် တရားဝင် အသိအမှတ်ပြုမှုနှင့် အားပေးအားမြှောက်ပြုရာ ရောက်နေသည့် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းအဖြစ် ပြည်သူများ၏ ဆန္ဒနှင့် အသံအား အလေးထားဖို့ လိုအပ်ပြီး ပြည်သူ့ ဆန္ဒ အလေးမထားပါက ဆန့်ကျင်မှု ကြုံတွေ့ရမည်ဖြစ်ကြောင်း လူငယ်သပိတ် ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ NUG တွင် ဒုဝန်ကြီးတဦးအဖြစ်လည်း တာဝန်ယူထားသည့် မအိဉ္ဇာမောင်က ၎င်း၏ လူမှုကွန်ရက်က တဆင့် ပြောထားသည်။

၎င်းက “ကျမတို့ဟာ အိမ်နီးနားချင်း တိုင်းပြည်တွေနဲ့ ပတ်သက်ပြီး မိတ်ဆွေစစ်၊ မိတ်ဆွေမှန် ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် လူထုဆန္ဒကို အလေးမထားဘဲ စစ်ကောင်စီနဲ့ ဆွေမျိုးပေါက်ဖော် လုပ်နေသရွေ့ကတော့ မြန်မာပြည်သူတွေနဲ့ ကောင်းမွန် တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ခက်ပါမယ်။ လူထုကို ဆန့်ကျင်ရင် လူထုကလည်း ပြန်ဆန့်ကျင်လိမ့်မယ်” ဟု ပြောထား သည်။

ချစ်ကြည်ရင်းနှီးသော အိမ်းနီးချင်း ဆက်ဆံရေးနှင့် ပြည်သူချင်း ဆက်ဆံရေး တည်တံ့နိုင်ရေးအတွက် မြန်မာပြည်သူများ သဘောဆန္ဒအား အလေးအနက်ထားကာ ထိခိုက် ယိုယွင်းလာသည့် ဆက်ဆံရေးအား “ဆွေးမျိုးပေါက်ဖော်” ဆက်ဆံရေး ပုံစံသစ်တရပ် ထူထောင်ခြင်းဖြင့် ရှေ့ဆက်သွားရန် အသင့်ရှိနေကြောင်း NUG ကလည်း ပြောဆိုထားသည်။

သို့သော် ပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးအား တရုတ်နိုင်ငံခြားရေး ဝန်ကြီး၏ တရားဝင် ဖိတ်ခေါ် ဆွေးနွေးမှုသည် စစ်အာဏာရှင် ဆန့်ကျင်သူ ပြည်သူအများစု မျှော်လင့် တောင်းဆိုနေသည့် ရလဒ်တော့ မဟုတ်ပေ။

ယင်းအတွက် တရုတ်၏ စစ်ကောင်စီအပေါ် အသိအမှတ်ပြု ထောက်ခံကြောင်း ပြသသည့် လုပ်ရပ်သည် လျော့ပါးစ ပြုလာ သည့် တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများအပေါ် မည်သို့ ရိုက်ခတ်လာမည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။ ။

You may also like these stories:

တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို

စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်

အာဆီယံအဖွဲ့အပြီး တရုတ်သံအမတ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

စစ်အုပ်စုအတွင်း အက်ကြောင်းများ ပေါ်လာနေသည်

The post တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြန်မြင့်တက်လာမလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...