Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မြန်မာပြည်၏ ဆာရီရယ်လစ် (သို့မဟုတ်) ပန်းချီစံမင်း

$
0
0

မြန်မာ ပန်းချီလောက၏ ခေတ်ပြိုင်၊ ခေတ်ပေါ်ပန်းချီ ရေးဆွဲမှုတွင် ဆာရီရယ်လစ်ဇင် (Surrealism) ဟု ခေါ်သည့် မော်ဒန် Art ရေးဆွဲသူများထဲ၌ ကွယ်လွန်သူ ပန်းချီစံမင်းက ထင်ရှားသည့် ဆာရီရယ်လစ် ပန်းချီဆရာတဦး ဖြစ်သည်။

ဆာရီရယ်လစ်ဇင်သည် ၁၉၂၀ ဝန်းကျင်က အနုပညာစာပေ လှုပ်ရှားမှုမှ ပေါ်ပေါက်လာသည့် အနုပညာ တင်ပြမှု ပုံစံတခု ဖြစ်သည်။ ယင်းဖန်တီး တင်ပြမှုသည် စိတ်ကူးဆန်ဆန်၊ အိပ်မက်ဆန်ဆန် သရုပ်ဖော် တင်ဆက်သည့် ပုံစံမျိုး ဖြစ်သည်။

ပန်းချီ စံမင်းသည် သူ၏ ဘဝတလျှောက်လုံး သူယုံကြည်သည့် အတွေးအခေါ်၊ ခံစားမှုတို့ဖြင့် ပန်းချီ အနုပညာအပေါ် စိုက်လိုက်မတ်တပ် ရပ်တည်ကာ ဖန်တီးခဲ့သည့် ပန်းချီဆရာတဦး

ပန်းချီ စံမင်းသည် သူ၏ ဘဝတလျှောက်လုံး သူယုံကြည်သည့် အတွေးအခေါ်၊ ခံစားမှုတို့ဖြင့် ပန်းချီ အနုပညာအပေါ် စိုက်လိုက်မတ်တပ် ရပ်တည်ကာ ဖန်တီးခဲ့သည့် ပန်းချီဆရာတဦး ဖြစ်သည်။

“သူ (ပန်းချီ စံမင်း) ရေးတဲ့ ပန်းချီကားတွေက လန့်စရာကောင်းအောင်၊ အံ့အားသင့်လောက်အောင် စိတ်ချောက်ချား လောက်အောင် ကောင်းတယ်။ တကယ့် ထူးထူးခြားခြား မြန်မာပြည်မှာ တယောက်တည်းရှိတဲ့ ပန်းချီဆရာပေါ့” ဟု ပန်းချီ M.P.P ရဲမြင့်က မှတ်ချက်စကား ဆိုသည်။

မြန်မာပြည်၏ ထိပ်တန်း ဆာရီရယ်လစ်တဦးအဖြစ် ပန်းချီအနုပညာရှင်များ၏ သတ်မှတ်ခြင်း ခံရသည့် ပန်းချီစံမင်း (အသက် ၇၂ နှစ်) သည် ပြီးခဲ့သည် ဇန်နဝါရီလ ၃၀ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။

၂၀၁၄ ခုနှစ်က ပြုလုပ်သည့် ပန်းချီစံမင်း၏ သေနတ်စီးရီး အနုပညာပြပွဲ (ဧရာဝတီ)

“ဆရာစံမင်းက နောက်ဆုံးအချိန် သူသေတဲ့အထိ သူယုံကြည်တဲ့ ပန်းချီပညာရပ်အတိုင်း ရပ်တည်တယ်။ ပန်းချီနဲ့ စီးပွားမရှာဘူး။ သူလုပ်ဖူးတဲ့ ပြပွဲတွေမှာ တကားမှ မရောင်းရဘဲ ရှုံးသွားတဲ့ ပြပွဲတွေ ရှိတယ်။ ပိုက်ဆံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ ယုံကြည်ရာကိုပဲ ရပ်တည်တယ်” ဟု ပန်းချီ စံမင်း၏ နီးစပ်သည့် အသိုင်းအဝိုင်းက တညီတညွတ်တည်း ဆိုသည်။

သူလုပ်ဖူးတဲ့ ပြပွဲတွေမှာ တကားမှ မရောင်းရဘဲ ရှုံးသွားတဲ့ ပြပွဲတွေ ရှိတယ်။ ပိုက်ဆံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူ ယုံကြည်ရာကိုပဲ ရပ်တည်တယ်

ပန်းချီစံမင်း ရေးသားခဲ့သော ပန်းချီကားများသည် ယုတ္တိလွန် (ဆာရီရယ်လစ်ဇင်) အမျိုးအစား အများဆုံးဖြစ်ပြီး သူ၏ ပန်းချီကားချပ်တိုင်းသည် သမိုင်းတခေတ်တိုင်းကို ထင်ဟပ် ပြသစေခဲ့သည်။

“ဆရာစံမင်းက မော်ဒန် ခေတ်ပေါ် ပန်းချီလောကအတွက် အရေးပါအရာရောက်တဲ့ ပညာရှင် တယောက် ဖြစ်တယ်။ သူ့ရဲ့ဟန်၊ သူကနေ စီးဆင်းလာတဲ့ နောက်မျိုးဆက်သစ် ပန်းချီဆရာတွေ ဆိုတာ အခိုင်အမာ ရှိတယ်။ ဒီလိုမျိုးက တခေတ်မှာ တယောက်ပဲ ပေါ်တဲ့ ပန်းချီဆရာပါ။ နောက်တယောက် ပေါ်ဖို့ မလွယ်ပါဘူး။ ဘာနဲ့မှကို အစားထိုးမရတဲ့ ဆုံးရှုံးမှုပါပဲ” ဟု စာရေးဆရာ မြေမှုန်လွင်က မှတ်ချက် ပြုသည်။

ပန်းချီစံမင်းသည် ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၀ ကြားကာလ ရန်ကုန်တက္ကသိုလ် ပန်းချီလှုပ်ရှားမှုတွင် အဓိက ပါဝင်ခဲ့သူတဦး ဖြစ်သည်။ သူသည် မြန်မာ မော်ဒန်ပန်းချီဆရာများ ဖြစ်သည့် ဦးခင်မောင် (ဘဏ်)၊ ပန်းချီ အောင်စိုး၊ ပေါ်ဦးသက်၊ ခင်မောင်ရင် စသည့် မော်ဒန် လှုပ်ရှားမှုကြားထဲ ဖြစ်ပေါ်လာသူ ဖြစ်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေဇာတိ ဖြစ်ကြသည့် အဖ ဦးထွန်းစန်း၊ အမိ ဒေါ်စံလှ မိဘနှစ်ပါးက မောင်စံမင်းအား ၁၉၅၁ ခုနှစ်၊ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် သူသည် ဒုတိယမြောက်သား ဖြစ်သည်။ ရခိုင်တိုင်းရင်းသား ဖြစ်သော်လည်း ရန်ကုန်မြို့တွင် နေထိုင် ကြီးပြင်းခဲ့သူ ဖြစ်သည်။

သူသည် ရေကျော် အထက်တန်းကျောင်း တက်ရောက်စဉ် ၇ တန်းအရွယ်ကတည်းက ပန်းချီပညာကို ဆရာ ဦးညွန့်တင်ထံ စတင် သင်ယူခဲ့သည်။ ယင်းနောက် ၉ တန်း၊ ၁၀ တန်းနှစ်များတွင် အရောင်များ စတင် သင်ယူခဲ့ပြီး ၁၉၆၉ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် စတက်သောအခါ ပန်းချီဆရာကြီးများ ဖြစ်ကြသည့် ဦးနန်းဝေ၊ ဦးသုခနှင့် ဦးလွန်းကြွယ်တို့ထံ ပန်းချီပညာကို လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.Sc (Botany) ဘွဲ့ ရရှိခဲ့သော ပန်းချီစံမင်းသည် တက္ကသိုလ်ရှိ “ကံ့ကော်ရွာ” ပန်းချီအဖွဲ့ ထူထောင်သူများတွင် ရှေ့တန်းက ပါဝင်ခဲ့သူ ဖြစ်သည်။ ယင်းအပြင် Wild Eye (မျက်လုံးရိုင်း) ပန်းချီအုပ်စုတွင် ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်သည်။

ပန်းချီစံမင်း ဘွဲ့ရပြီးနောက် တက္ကသိုလ် မြန်မာစာ ကော်မတီတွင် အလုပ်ဝင်ရောက်မည့်အချိန် ၁၉၇၅ ခုနှစ်၊ ဦးသန့် အရေးအခင်းနှင့် ကြုံခဲ့ရသည်။ ထိုအချိန်က ကျောင်းသားများနှင့်အတူ အဖမ်းခံရသည့် စံမင်းသည် ထောင် ၃ နှစ်ကျော်ကြာ ကျခံခဲ့ရသည်။

သူသည် ဘဝတလျှောက်လုံး ပန်းချီဖန်တီးမှုတွင် ဆာရီရယ်လစ်ဇင် ဖန်တီးမှုကိုသာ တစိုက်မတ်မတ် ရေးခဲ့ပြီး ယခင် တပါတီ အာဏာရှင်အစိုးရနှင့် စစ်အုပ်စု အုပ်စိုးစဉ် ကာလများအတွင်း သူ၏ ပန်းချီကားပေါင်းများစွာ ပြခန်းတွင် ပြသခွင့် ပိတ်ပင်ခံရခဲ့သည်။

“ကျနော် တောက်လျှောက် တသက်လုံးက အများကြိုက်တာ မရေးဘူး။ ကိုယ်ကြိုက်တာ ကိုယ်ရေးတာ။ အဲဒီတော့ ကိုယ်ကြိုက်တာ ကိုယ်ရေးတော့ မရောင်းရလည်း ကိစ္စမရှိဘူး” ဟု ပန်းချီစံမင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၁၃ ခုနှစ်က ပြသခဲ့သည့် SAY အနုပညာ ပန်းချီပြပွဲတွင် ဧရာဝတီသို့ ဖြေကြားခဲ့ဖူးသည်။

SAY အနုပညာ ပန်းချီပြပွဲသည် ပန်းချီစံမင်း၊ ပန်းချီအောင်မြင့်နှင့် ပန်းချီ M.P.P ရဲမြင့် စသည့် ပန်းချီဆရာ ၃ ဦး၏ လက်ရာများကို စုပေါင်း ပြသခဲ့သောပွဲ ဖြစ်သည်။

ထိုခေတ်အခါက မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက် ပန်းချီအနုပညာ ဖန်တီးမှုများအပေါ် ထိန်းချုပ် ကန့်သတ်ထားသည့် ဆင်ဆာများကြောင့် ပြည်တွင်း၌ ပြသခွင့်မရသည့် ပန်းချီလက်ရာများကို အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တခြားသော နိုင်ငံတကာ ပွဲများတွင်သာ ပြသခဲ့ရသည်။

ဒီလိုမျိုးက တခေတ်မှာ တယောက်ပဲ ပေါ်တဲ့ ပန်းချီဆရာပါ။ နောက်တယောက် ပေါ်ဖို့ မလွယ်ပါဘူး။

ပန်းချီစံမင်း ရေးဆွဲခဲ့သော ပန်းချီကား များစွာတွင် “၁၉၆၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကျောင်းသားထု၊ နိုင်ငံရေး လှုပ်ရှားမှုများကာလ၊ ဆိုရှယ်လစ်ခေတ်ကာလ၊ စစ်အစိုးရ ခေတ်ကာလ အကြောင်းများကို ခုနှစ်များဖြင့် အကျဉ်းချုပ် ဖော်ပြထားသော သေနတ်ပုံ ပန်းချီကား” သည် အထူး နာမည်ကြီးသည်။

“သူ့ကားတွေက ဈေးကြီးတယ်။ သူရောင်းချင်မှလည်း ရောင်းတယ်။ သူ သတ်မှတ်ထားတဲ့ ဈေးရမှ ရောင်းတယ်။ သတ် မှတ်ထားတဲ့ ဈေးကို ဆစ်လို့ မရဘူး။ အနုပညာမာန ကြီးမားတယ်။ ဦးစံမင်းလို လူက တယောက်ပဲ ရှိတယ်။ သူလိုလူ ဆုံးရှုံးရတဲ့အတွက် မြန်မာပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” ဟု ပန်းချီကား စုဆောင်းသူ မမာမာက ပြောသည်။

ပန်းချီ စံမင်းသည် အမြဲလိုလို ရှပ်အင်္ကျီ ခပ်နွမ်းနွမ်းနှင့် ပုဆိုးကိုသာ ဝတ်ဆင်လေ့ရှိပြီး လူပုံစံ ခပ်အေးအေးနှင့် စိတ်သဘောထား ကောင်းသူဟု သိရသည်။ ပန်းချီအနုပညာနှင့် ပတ်သက်လျှင် စိတ်အားထက်သန်သည့် သူက မြန်မာမော်ဒန် ပန်းချီလောကကို ထွန်းပေါက်စေချင်သည့် စိတ်ရှိသလို၊ အနုပညာမာန ရှိသူလည်း ဖြစ်သည်။

ပန်းချီဆရာ လူမော်ဟန်က “လေးစား အားကျမိတာ သူ့ရဲ့ပညာမာနပေါ့။ ပန်းချီကားကို သူ့ တန်ရာတန်ကြေး ရမှ ရောင်း တာ။ လျှော့ပေးတာလည်း မရှိဘူး။ မြန်မာပြည်မှာလည်း ဒီဈေး၊ ကမ္ဘာမှာလည်း ဒီဈေး၊ သူ့အိမ်မှာ ဝယ်လည်း ဒီဈေးပဲ။ တပြေးညီပဲ သတ်မှတ်တယ်။ ဘယ်တော့မှလည်း လျှော့မရောင်းဘူး။ ဒါ သူ့ပညာမာနပဲ” ဟု ဆိုသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်သည့် ပန်းချီစံမင်းသည် ၂၀၁၈ ခုနှစ်၌ သူ၏ တကိုယ်တော် ပန်းချီပြပွဲတွင် ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်ခဲ့ရသည့် အခြေအနေကို ထင်ဟပ်စေသည့် ပန်းချီကားများ ရေးဆွဲကာ ပြသခဲ့သည်။

ပန်းချီစံမင်း၏ ၁၅ နှစ်မြောက် တကိုယ်တော်ပြပွဲ “Prison Series” (ထောင်စီးရီး) တွင် ပြသထားသော ပန်းချီကား (ဓာတ်ပုံ – Artist Aung Thu)

ပန်းချီစံမင်း၏ ထောင်စီးရီး၊ သေနတ်စီးရီး အစရှိသည့် ပန်းချီကားများနှင့် အင်စတော်လေးရှင်း Art၊ ပါဖောမန့်စ် Art များဖြင့် တွဲဖက် ဖန်တီးပြသခဲ့သည့် အနုပညာ ပန်းချီ ပြပွဲများသည် အထူး နာမည်ကြီးလှသည်။ သူ၏ သေနတ် ပုံစံ ရေးဆွဲသည့် ပန်းချီကားများသည် မြန်မာ မော်ဒန် ပန်းချီ လောကတွင် အထူး ထင်ရှားသည်။

ပန်းချီ M.P.P ရဲမြင့်က “ကိုစံမင်း ရေးတဲ့ထဲမှာ Gun Series (သေနတ်စီးရီး) ကို သိပ်ကြိုက်တာ။ သူက အများကြီး ရေးခဲ့တယ်။ SARS ရောဂါဖြစ်တုန်းကလည်း ရေးတယ်။ စီးကရက် ဆန့်ကျင်ရေး၊ နိုင်ငံရေး ခံယူချက်၊ လူမှု ပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင် အဲဒီလိုတွေ ရေးတယ်။ အဲဒီ Subject တွေ အရေးများတယ်။ ရေးတာလည်း ပြင်းထန်တယ်။ အရောင်တွေလည်း ပြင်းထန်တယ်” ဟု ပြောသည်။

မြန်မာပြည်ရှိ ထင်ရှားသည့် ဆာရီရယ်လစ် ပန်းချီပညာရှင်များတွင် ပန်းချီ စံမင်း၊ အောင်ကို၊ ထွန်းဝေမြင့်၊ လှတိုး၊ တီးတိုနှင့် ပန်းချီဆရာမ စန္ဒီတို့ ပါဝင်သည်။ ပန်းချီစံမင်းသည် ၁၉၈၀ ပြည့်နှစ်မှ စတင်ကာ ၂၀၁၈၊ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ လန်ဒန်၊ ဖင်လန် အစရှိသည့် နိုင်ငံတကာ ပြပွဲပေါင်း ၁၀၀ ကျော် ပြသနိုင်ခဲ့သူ ဖြစ်သည်။

၎င်းမကွယ်လွန်ခင် အချိန်အထိလည်း ကိုဗစ်ကာလအတွင်း အွန်လိုင်းမှ ပြသသည့် ပန်းချီပြပွဲများတွင် အလျဉ်းသင့်သလို ပါဝင် ပြသခဲ့သည်ဟု သိရသည်။ ဆာရီရယ်လစ်ဇင် ရေးသည့် မျိုးဆက်သစ် ပန်းချီဆရာများနှင့်လည်း ပြပွဲများအတူ မကြာခဏ ပြသလေ့ရှိသူဖြစ်သည်။

ဦးစံမင်းလို လူက တယောက်ပဲ ရှိတယ်။ သူလိုလူ ဆုံးရှုံးရတဲ့အတွက် မြန်မာပြည်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ

ပန်းချီ လူမော်ဟန်က “ဆရာနဲ့ ပြခဲ့တာ ၃ ပွဲလောက်ရှိပြီ။ အခုတော့ ထပ်မပြနိုင်တော့ဘူး။ သူက သူယုံကြည်တဲ့ ဆာရီရယ်လစ်ဇင် ပန်းချီကို နှစ် ၅၀ လုံးလုံး တစိုက်မတ်မတ် လုပ်ခဲ့တာ။ အရမ်း လေးစားဖို့ ကောင်းပါတယ်။ ကျနော်တို့လည်း လုပ်ဖို့ မလွယ်ဘူး။ သူနဲ့ ခေတ်ပြိုင်မှာလည်း ဒီလို လုပ်ခဲ့တဲ့သူ မရှိဘူး။ သူက တကယ် ထူးခြားတဲ့ ပန်းချီဆရာကြီးပါ” ဟု ဝမ်းနည်းစွာ ဆိုသည်။

ပန်းချီစံမင်းသည် သူ၏ ဖြတ်သန်းခဲ့သော ဘဝတလျှောက်လုံး အာဏာရှင်များအပေါ် မပြောင်းမလဲ ဆန့်ကျင်ခဲ့ပြီး သူရေးချင်သည့် ပန်းချီကားများကိုသာ ရေးဆွဲ ဖန်တီးခဲ့သလို၊ သူယုံကြည်သည့် အနုပညာ အလုပ်ကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

ခိုင်မာသည့် ရပ်တည်ချက်ဖြင့် အာဏာရှင် စစ်အစိုးရ ခေတ်အဆက်ဆက်တွင် နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆာရီရယ်လစ်ဇင် ပန်းချီကားများအဖြစ် ဖန်တီးပြီး အင်စတော်လေးရှင်း Art၊ ပါဖောမန့်စ် Art များဖြင့် တွဲဖက်ကာ သူ၏ မော်ဒန် အနုပညာ ဖန်တီးမှုကို ပြသခဲ့သည်။

“သူ့ အနုပညာ အလုပ်ကို ယုံယုံကြည်ကြည် လုပ်တယ်။ ဘယ်အချိန် ဘယ်ခေတ်ရောက်ရောက် ပြည်သူဘက်ကနေ ရပ်တည်ပြီး သူယုံကြည်ရာ၊ သူမြတ်နိုးရာ လွတ်လပ်မှု၊ တရားမျှတမှုတွေကို တစိုက်မတ်မတ် ဖော်ထုတ် ရေးသားခဲ့တယ်” ဟု ပန်းချီဇော်ဝင်းဖေက ဆိုသည်။

၎င်းက ဆက်လက်၍ “ဒီလို အနုပညာသမားက ကမ္ဘာမှာ ကျန်ခဲ့မယ့် အနုပညာရှင်မျိုးပေါ့။ မြန်မာ့ အနုပညာရဲ့ ခေတ်ရေစီးကြောင်းမှာ ဆန်တက်တဲ့ အနုပညာရှင်မျိုးပေါ့။ ဒီလို ဆုံးရှုံးရတဲ့ ပုဂ္ဂိုလ်ကို သူ့ အနုပညာကို ချစ်တဲ့ ပရိသတ်တွေ နှမျော တမ်းတနေရမှာပါ။ ကျနော်တို့ ရင်ထဲမှာ ပြောင်းလဲမှာ မဟုတ်ဘဲ အမြဲ ရှိနေမှာပါ” ဟု ပန်းချီ ဇော်ဝင်းဖေက ပြောသည်။

The post မြန်မာပြည်၏ ဆာရီရယ်လစ် (သို့မဟုတ်) ပန်းချီစံမင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...