ကိုဦး၏ သူငယ်ချင်း ကိုကျော် မကွယ်လွန်ခင် ပါးချိုင့်ကလေးနှင့် ရည်းစားတွဲနေသည့် သူ့ ညီငယ်တယောက်နှင့်လည်း ခင်မင်ခဲ့သည်။ နှစ်ချီကြာ သူ့ညီထံ အဆက်အသွယ် မရှိခဲ့။
တရက်တွင် “ကျနော် တပ်မ (၇၇) ထဲ ရောက်နေတာ၊ စာချုပ်ပြည့်ပြီးလည်း ထွက်မရလို့ ကူညီပါ” ဟု ဆက်သွယ်လာသည်။
စစ်ဥပဒေ နားလည်သည့်သူများကို ဆက်သွယ်သော်လည်း ထွက်ခွင့်ရမည်မဟုတ် ဟူသော အဖြေသာ ရသည်။
ညီကဲ့သို့ ခင်မင်ရသူကို ဘာကြောင့် စစ်တပ်ထဲ ဝင်ရသနည်းဟု မေးသောအခါ “စစ်တပ်ထဲကို ဘယ်လို ဝင်ဖြစ်သွားလို့ဆိုတော့ ကျနော်က မူးယစ်ဆေးကို စွဲလမ်းမိပြီး ဖြတ်မရတဲ့အတွက် ကိုယ့်ကိုကိုယ် အကောင်းဆုံးဖြစ်အောင်နဲ့ တိုင်းပြည်ကို တတ်နိုင်သလောက် အကျိုးပြုပြီးမှ သေဆုံးချင်တဲ့ ကျနော့်ရဲ့ ရည်ရွယ်ချက်ကြောင့်ပါ” ဟု ပြောသည်။
မြို့ပြနေ လူငယ်တဦး အနေဖြင့် နာမည်ကြီး ခြေလျင် တိုက်ခိုက်ရေးတပ်သို့ ရောက်ရှိခြင်းအပေါ် သူက ရှင်းပြသည်။
“တပ်မ (၇၇) ကိုရောက်ရတဲ့ အကြောင်းအရင်းက ကျနော်ကတော့ တရားဝင် သတ်မှတ်ထားတဲ့ ၈ တန်းအောင်နဲ့ တပ်ထဲကို ဝင်လို့မရဘူးဗျ။ တက်တူး (ဆေးမှင်ကြောင်) တွေ ဘာတွေနဲ့ဆိုတော့ အဲ့တော့ ၄ တန်းအောင်နဲ့ ဝင်ခဲ့ရတာ၊ ကိုယ်ပိုင်နံပါတ်က တဝမ်းပူ ၂ လုံးနဲ့ဖြစ်ပြီး ပညာသည်တပ်တွေ အထိုင်တပ်တွေ မကျဘူးဗျ၊ တိုက်ခိုက်ရေးတပ်တွေ ဖြစ်တဲ့ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေပဲ ကျမယ်ဆို သင်တန်းကျောင်းမှာ ကတည်းက ပြောတယ်ဗျ” ဟု သူက ပြောသည်။
တပ်မ (၇၇) မှ တပ်သား ကိုမိုးက ဆက်လက်၍ “ပြီးတော့ ၅ နှစ် စာချုပ်လို့ပြောတာပဲ၊ ပင်စင်တို့ ရာထူးတိုးတို့ မရှိဘူးပေါ့၊ သင်တန်းကျောင်းတွေထဲမှာ ၂ ကျောင်းပဲရှိတာပေါ့။ တောင်ငူ ရေနီနဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမှာရယ်ပဲ ရှိတာပါ။ သင်တန်း ၆ လ တက်ရပြီး သင်တန်းရဲ့ ရည်ရွယ်ချက်က ရန်သူအား သတ်ရန်ပါ။ အဲ့ဒီကနေ သင်တန်းဆင်းတော့ တပ်မ (၇၇) လက်အောက်က တပ်ရင်းဖြစ်တဲ့ (၁၀၅) ခြေမြန်တပ်ရင်းကို ရောက်ပါတယ်” ဟု ရှင်းပြသည်။

မူးယစ်ဆေးစွဲခဲ့ဖူးသော်လည်း မိမိကိုယ်ကို အကောင်းဆုံးပြုပြင်ပြီး တိုင်းပြည်အတွက် အတတ်နိုင်ဆုံး အကျိုးပြုလိုတဲ့အတွက် စစ်မှုထမ်းလိုက်သော်လည်း ကိုမိုးကြုံလိုက်ရသည်မှာ စစ်ကောင်စီကို ပြည်သူများ အုံနှင့်ကျင်းနှင့် ဆန့်ကျင်ခြင်း ဖြစ်သည်။
“ရန်ကုန်မြို့၊ လှိုင်သာယာကို (တာဝန်) မကျခင် ရွှေပြည်သာတို့ မြောက်ဥက္ကလာတို့မှာ တာဝန်ကျပါတယ်။ လှိုင်သာယာရောက်တော့ နယ်မြေစိုးမိုးရေးပဲ လုပ်တော့တာပါ။ ဆန္ဒပြမှုတွေ မဖြိုခွင်းရတော့ဘူး” ဟု သူက ပြောသည်။
ဆန္ဒပြသူတွေအပေါ် နှိမ်နင်းတာကတော့ မတရားတာ လူတိုင်းသိပါတယ်။ လူငယ်တွေ သတ်ဖြတ်ခံနေရတာ သိနေရတော့ လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း မကောင်းမှု ကျူးလွန်နေသလိုမျိုး ခံစားရတာပေါ့
“ဆန္ဒပြသူတွေအပေါ် နှိမ်နင်းတာကတော့ မတရားတာ လူတိုင်းသိပါတယ်။ လူငယ်တွေ သတ်ဖြတ်ခံနေရတာ သိနေရတော့ လူငယ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်လည်း မကောင်းမှု ကျူးလွန်နေသလိုမျိုး ခံစားရတာပေါ့။ မြောက်ဥက္ကလာ ကန်သာယာမှာဆို လူငယ် ၂၀၀ လောက်ကို ဖမ်းတာမှာ ပစ်ခတ်မှုတွေရှိခဲ့တော့ တော်တော် စိတ်မကောင်းခဲ့ပါဘူး” ဟု လုံခြုံရေးအရ သီးခြားမေးမြန်းမှုတွင် သူက ပြောသည်။
လူငယ်သဘာဝအရ ပျော်ပျော်ရွှင်ရွှင် နေခဲ့သော တပ်သား ကိုမိုးသည် မတရားမှုကို သိသည့်အလျောက် လွတ်မြောက်ရန် ကြိုးစားခဲ့သည်။
“ထွက်ပြေးတာကတော့ ကျနော်က အာဏာမသိမ်းခင် တခါပြေးဖူးပြီး ပြန်မိထားတော့ မလွတ်လပ်တဲ့အတွက် စိုးရိမ်စိတ်တော့ ရှိတာပေါ့။ အခုတခါ ကင်းချိန်းတဲ့ အချိန်မှာ ထွက်ပြေးတာပေါ့။ သူငယ်ချင်းတယောက်နဲ့ မိုးတွေရွာနေတာ အဲ့ဒီနေ့က၊ လှိုင်သာယာကနေ ဘုရင့်နောင်တံတားပေါ်ကနေ ဖြတ်ပြေးပြီး ဘုရင်နောင် ပွဲရုံတွေဘက်မှာ မိုးလင်းတဲ့အထိ အိပ်ပြီး မနက်ကားတွေထွက်မှ ကားစီးပြီး လစ်တာပေါ့” ဟု သူက ပြောသည်။
ကျွန်တော်က အာဏာမသိမ်းခင်က တခါပြေးဖူးပြီး ပြန်မိထားတော့ မလွတ်လပ်တဲ့အတွက် စိုးရိမ်စိတ်တော့ရှိတာပေါ့။ အခုတစ်ခါမှ ကင်းချိန်းတဲ့ အချိန်မှာ ထွက်ပြေးတာပေါ့
ထွက်ပြေး လွတ်မြောက်သွားမှုနှင့် ပတ်သက်၍ လွတ်မြောက်နယ်မြေက ကြိုဆိုမှုကို သူက “လွတ်မြောက်နယ်မြေမှာတော့ စိစစ်သင့်တာ စိစစ်ပြီး ကြိုဆိုမှုကတော့ ကောင်းမွန်ပါတယ်၊ နေထိုင်ရတာက အဆင်ပြေတယ်လို့ ပြောရအောင်တော့ မဟုတ်ပါဘူး၊ လိုအပ်ချက်တွေတော့ ရှိတာပေါ့” ဟု တပ်မှ ထွက်ပြေးလာသူ ကိုမိုးက ပြောသည်။
လွတ်မြောက်နယ်မြေသို့ ရောက်သွားမှုနှင့် ပတ်သက်၍ မည်သို့ရှေ့ဆက်မည်ကို ဧရာဝတီက မေးမြန်းရာ “တနေရာရာမှာ မခိုလှုံပါဘူး၊ တိုက်ခိုက်ဖို့ပဲ ရွေးချယ်ထားတယ်” ဟု သူက ပြတ်သားစွာ ဖြေသည်။
စစ်တပ်ထဲ စစ်သည်တွေမှာ သာမန် လူပျိုရဲဘော်တွေက မနေချင်ကြဘူး၊ ဘယ်သူမှမဆို လစ်တာနဲ့ပြေးနေတာပဲ၊ တချို့ စစ်သက်ရင့်ပြီး တဖက်ပိတ်တွေဘဲ သူတို့လုပ်ရပ်မှန်တယ် ထင်နေကြတာ
တပ်တွင်း အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင် စစ်ကောင်စီကို ဆန့်ကျင်လာသူ ကိုမိုးက “စစ်တပ်ထဲ စစ်သည်တွေမှာ သာမန် လူပျိုရဲဘော်တွေက မနေချင်ကြဘူး၊ ဘယ်သူမှမဆို လစ်တာနဲ့ပြေးနေတာပဲ၊ တချို့ စစ်သက်ရင့်ပြီး တဖက်ပိတ်တွေဘဲ သူတို့လုပ်ရပ်မှန်တယ် ထင်နေကြတာ” ဟု သီးသန့် မေးမြန်းမှုတွင် ပြောသည်။

တော်လှန်ရေး ဆက်လက် အားကောင်းရန်နှင့် ပတ်သက်၍ တပ်သား ကိုမိုး၏ အမြင်ကို မေးမြန်းခဲ့သည်။ သူက “အခု လက်ရှိ တော်လှန်ရေးကတော့ စစ်လက်နက် လိုအပ်ချက်က အဓိကပေါ့။ လက်နက်ကောင်း ရချင်တာပေါ့။ NUG (အမျိုးသားညီညွတ်ရေး အစိုးရ) ကိုတော့ တချို့နေရာတွေ အားမရဘူးပေါ့။ သူတို့က နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းချင်တာ စစ်ရေးကို သိပ်အားမပေးဘူးလို့ ထင်တယ်” ဟု သူက ပြောသည်။
တပ်ထဲမှာ ကျန်ခဲ့တဲ့စစ်သားတွေကိုတော့ ပြောချင်တာ အာဏာရူးတွေရဲ့ လုပ်ရပ်တွေကို သိသိကြီးနဲ့ ကာကွယ်ပေးမနေဘဲ တပ်ရင်းလိုက် CDM လုပ် ဖို့စဉ်းစားသင့်ကြောင်း အကြံပြုလိုပါတယ်
လွတ်မြောက်နယ်မြေသို့ လွတ်လွတ်ကင်းကင်း ရောက်ရှိသွားသူအနေဖြင့် ကျန်ရစ်သော လုပ်ဖော်ကိုင်ဖက်များကို အကြံပြုချက် အနေဖြင့် “တပ်ထဲမှာ ကျန်ခဲ့တဲ့စစ်သားတွေကိုတော့ ပြောချင်တာ အာဏာရူးတွေရဲ့ လုပ်ရပ်တွေကို သိသိကြီးနဲ့ ကာကွယ်ပေးမနေဘဲ တပ်ရင်းလိုက် CDM လုပ်ဖို့ စဉ်းစားသင့်ကြောင်း အကြံပြုလိုပါတယ်” ဟု ပြောသည်။
သူ၏ နောက်ဆုံး ရပ်တည်ချက်နှင့် ပတ်သက်၍ တပ်သား ကိုမိုးက “နောက်ထပ် ပြောစရာ စကားကတော့ အာဏာရှင် မပြုတ်ကျသေးသရွေ့ လက်နက်မချပါဘူး၊ အမြဲ တတ်နိုင်သလောက် တိုင်းပြည်အတွက် ပေးဆပ်ပါမယ်” ဟု ဖြစ်ပါသည်။
(လုံခြုံရေးအရ ကိုမိုး၏ အမည်ရင်းကို လျှို့ဝှက်ထားပါသည်။)
You may also like these stories:
ဗိုလ်ကတော်တွေလည်း စစ်ကောင်စီ စစ်သင်တန်းတက်ခိုင်း
စစ်ကောင်စီက စစ်တပ်ထောက်ခံသူများကို လက်နက်တပ်ဆင်လေ့ကျင့်နေ
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”
စစ်တပ်အင်အားဖြည့်ရန် စစ်ကိုင်း၊ မကွေးရှိ ရွာများမှ လူငယ်များကို မဲစနစ်ဖြင့် တောင်းနေ
The post တပ်မ (၇၇) မှ စွန့်ခွာသူ တဦးနှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.