သမိုင်းနှင့်ချီပြီး ဖြစ်ပွားနေသော လူမျိုးနှစ်ခုအကြားက ပြဿနာမီးပွားများက လတ်တလော အခြေအနေတွင် တိတ်ဆိတ်ငြိမ်သက်လျက် နှစ်ဘက်အသိုင်းအဝန်းကြားတွင်လည်း ချစ်ကြည်ရင်းနှီးမှု ပြန်လည်တိုးတက် ကောင်းမွန်လာသည်ကို တွေ့ရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ ထိန်းချုပ်နယ်မြေ ကျေးရွာများတွင် ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင် ကျေးရွာသားများကြား ချစ်ကြည်ရင်းနှီးမှု တိုးတက် ကောင်းမွန်လာစေရန် ဘောလုံးပွဲများ ကျင်းပပေးပြီး တချိန်က မျက်နှာလွှဲ ပစ်ပယ်ခံထားရသော မွတ်ဆလင်ရွာသားများကို အသိအမှတ်ပြု ဆက်ဆံလာသည်ကို တွေ့လာရသည်။
ရခိုင်တပြည်နယ်လုံးကို သြဇာလွှမ်းမိုးထားသည့် ရက္ခိုင့်တပ်တော် (AA) သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများကို တွင်ကျယ်စွာ အကောင်ထည် ဖော်ဆောင်၍ မွတ်ဆလင်ကျေးရွာသားများကိုပါ ULA/AA ၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းတို့တွင် ထည့်သွင်းဆောင်ရွက်ရန် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောကြားထားသည်။
ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင် ကျေးရွာသားများကြားတွင် ချစ်ကြည်ရင်းနှီးမှု တိုးတက် ကောင်းမွန်လာစေရန် ဘောလုံးပွဲများ ကျင်းပပေးပြီး တချိန်က မျက်နှာလွှဲ ပစ်ပယ်ခံထားရသော မွတ်ဆလင်ရွာသားများကို အသိအမှတ်ပြု ဆက်ဆံလာသည်
ရခိုင်-မွတ်ဆလင် ဘောလုံးပွဲ
၂၀၁၂ ခုနှစ် လူမျိုးရေး ပဋိပက္ခမဖြစ်ပွားမီအချိန်က ရမ်းဗြဲလောင်း ဟုခေါ်သည့် လှေကြီးများဖြင့် မွတ်ဆလင်ဘာသာဝင်များသည် ပွင့်လင်းရာသီရောက်တိုင်း ရခိုင်မြောက်ပိုင်းက ကျေးလက်တောရွာများသို့ လာရောက်ကာ ကုန်ပစ္စည်းချင်း ဖလှယ်ခြင်း၊ ရောင်းဝယ်ခြင်းများနှင့်အတူ ကူးလူးဆက်ဆံခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒယ်အိုး၊ ဒယ်ခွက်များ၊ အလှကုန်ပစ္စည်းများကို မြစ်ကြောင်း၊ ချောင်းကြောင်း တလျှောက် လှည့်ပတ်ကာ ရခိုင်တိုင်းရင်းသား ကျေးရွာများအတွင်း ရောင်းဝယ် ဖောက်ကား ကူးလူးဆက်ဆံမှု ရှိခဲ့ကြသည်။

ကျောက်တော်၊ မြောက်ဦးစသည့်မြို့နယ်များ၌ ကျင်းပသည့် နွေရာသီ ဘောလုံးပွဲများတွင်လည်း ရခိုင်ကျေးရွာပေါင်း အမြောက်အများ ပါဝင်သည့် ဘောလုံးပွဲများတွင် ရွာနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသော မွတ်ဆလင်ရွာသားများလည်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုစဉ်အချိန်က မွတ်ဆလင်ရွာသားများ ဘောလုံးပွဲ ပါဝင်ဆင်နွှဲရာတွင် ရခိုင်ရွာသားများ၏ အင်အားသုံး ယှဉ်ပြိုင်ကစားခြင်းကို ခံကြရသလို၊ ကွင်းဒိုင်လူကြီးများက မသိမသာ မျက်နှာလိုက်သည့်အတွက် မွတ်ဆလင်ရွာသား ဘောလုံးအသင်းအဖို့ ဆုဖလား ရရှိရန် မဆိုထားနှင့် ဆီမီးဖိုင်နယ်ရောက်ရန်ပင် မလွယ်ကူလှပေ။
ရခိုင်နှင့်မွတ်စလင် ချစ်ခင်ရင်းနှီးမှု ဘောလုံးပွဲတွင် ဗုဒ္ဓဘာသာ ဆရာတော်များနှင့် မွတ်ဆလင်ဗလီဆရာတို့ အတူတကွ တက်ရောက်ခဲ့ကြသည်
သို့သော်လည်း မွတ်ဆလင်ကျေးရွာသားများသည် ပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားသော ဘောလုံးကွင်းပြင်တွင် ရခိုင်ရွာသားများနှင့် ဘောလုံးယှဉ်တွဲ ကစားရသည်ကိုပင် ကျေနပ်နှစ်သိမ့်ကာ ၎င်းတို့၏ အကြမ်းပတမ်းခံသည့် ကိုယ်ကာယဖြင့် ဘောလုံးကန်ရင်း ပြိုင်ပွဲက ထွက်ခွာခဲ့ကြသည်။
လူမျိုးရေး ပဋိပက္ခဖြစ်စဉ်များအလွန် ရခိုင်မြောက်ပိုင်းတွင် စစ်တပ်နှင့် ရက္ခုင့်တပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်ခဲ့သည့် နောက်ပိုင်းတွင် ဒုက္ခပင်လယ်ဝေကာ လက်တွေ့ သင်ခန်းစာများ ရရှိခဲ့ကြသည့် ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင်ရွာသားများ အကြားတွင်လည်း နှစ်ဘက်ကိုယ်ချင်းစာနာမှုကို ပြသခဲ့ကြပြီး ဆက်ဆံမှုမှာလည်း တစတစ တိုးတက်လာခဲ့သည်။
ပြီးခဲ့သော ဒီဇင်ဘာလကုန်က ကျောက်တော်မြို့နယ်အတွင်း ကျင်းပခဲ့သော ရခိုင်နှင့်မွတ်ဆလင် ချစ်ခင်ရင်းနှီးမှု ဘောလုံးပွဲတွင် ဗုဒ္ဓဘာသာ ဆရာတော်များနှင့် မွတ်ဆလင်ဗလီဆရာတို့ အတူတကွ တက်ရောက်ခဲ့ကြပြီး ထိုဘောလုံး ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုကို အပေါက်ဝ မွတ်ဆလင်ဘောလုံးအသင်းက ဆုရရှိသည်။
ထိုဘောလုံးပြိုင်ပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) အဖွဲ့က ဦးစီးကျင်းပ ခြင်းဖြစ်ကာ မွတ်ဆလင်ဘာသာဝင်များ အပေါ် AA ခေါင်းဆောင်များ၏ သဘောထား၊ ပြည်နယ်အတွင်းက လူမျိုးစုအားလုံးအပေါ် ယုံကြည်မှု တည်ဆောက်ထားနိုုင်မှုနှင့်အတူ သြဇာလွမ်းမိုးမှုကို ပြည်တွင်း၊ ပြည်ပကို ချပြလိုက်ခြင်းလည်း ဖြစ်သည်။
မွတ်ဆလင်ဘာသာဝင် ဘာသာပြန်စာရေးဆရာ ဦးအောင်ခင် (စစ်တွေ) က ယခုလို ဘောလုံးပွဲများ ကျင်းပနိုင်ခြင်းသည်ပင် ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင် ဘာသာဝင်တို့အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်လာသည့် အခြေအနေတရပ် ဖြစ်ကြောင်း သုံးသပ်သည်။
“အဲဒီ ဘောလုံးပွဲစဉ်တလျှေက်လုံးကို ပြန်ကြည့်ရင် ဘယ်မွတ်ဆလင် တယောက်ကိုမှ ရခိုင်သားတွေ အနိုင်ကျင့်ပြီး ကစားခဲ့တာမရှိဘူး။ ရခိုင်သား ဗုဒ္ဓဘာသာ ဆရာတော်တွေနဲ့ မွတ်ဆလင်ဘက်က ဗလီဆရာတွေနဲ့ လက်တွဲပြီးတော့ ဖဲကြိုးဖြတ်ပြီး ဖွင့်ပွဲလုပ်ခဲ့ကြတယ်။ ဆုပေးပွဲကိုလည်း ဆရာတော်တပါးနဲ့ ဗလီဆရာတဦးနဲ့အတူ ဆုပေးတာကို မြင်ရတယ်။ ကောင်းတဲ့အလုပ်တွေမှာ ကျနော်တို့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်တာပဲ” ဟု စစ်တွေမြို့တွင် မွေးဖွား၍ ရန်ကုန်မြို့တွင်နေထိုင်သူ စာရေးဆရာ ဦးအောင်ခင်က ပြောသည်။
၂၀၁၂ ခုနှစ်အရေးအခင်းကာလနောက်ပိုင်း ယုံကြည်မှု ပျက်ပြားသွားခဲ့သော ရခိုင်တိုင်းရင်းသားများနှင့် မွတ်ဆလင်ရွာသားများတို့ ကူးလူးဆက်ဆံရေးမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မီဒီယာများသို့ ထုတ်ဖော်ပြောကြားလာမှု နောက်ပိုင်းတွင် အပြုသဘောဆောင်လာသည်ကို မြင်တွေ့ရကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ နှုတ်ထွက်စကားအပေါ်မှာလည်း အများကြီး သြဇာသက်ရောက်မှုရှိခဲ့တယ်။ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ပေးမယ်ဆိုတာလည်း ပြောခဲ့တယ်။ သမိုင်းမှာ နာကြည်းချက်တွေ၊ မယုံကြည်မှုတွေ ရှိခဲ့ကြပေမယ့် ဗ်ိုလ်ချုပ်ပြောပြီးတဲ့နောက်ပိုင်းမှာ မွတ်ဆလင်တွေ ဘက်ကလည်း အပြုသဘောနဲ့ စဉ်းစားလာကြတာရှိတယ်။ ပြေလည်ဖို့အတွက် တဆင့်ဆီကို ရောက်လာတယ်ပေါ့။ အဲဒီအတွက် အတူယှဉ်တွဲနေထိုင်၊ အတူတူ ပညာသင်ကြားခြင်း ဆိုတဲ့ ပုံရိပ်တွေကို ဖော်ဆောင် လာတာဖြစ်တယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပြောကြားသည်။
ကမ္ဘာ့စာမျက်နှာပေါ်ရောက်နေသော မွတ်ဆလင်အရေး
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သော ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော အရေးအခင်းကာလအတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီး နေအိမ် အမြောက်အများ မီးလောင်ခဲ့ရာ ဒုက္ခသည် သိန်းချီအိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သလို၊ ၂၀၁၇ ခုနှစ် မောင်တောအရေးကာလ အတွင်းတွင်လည်း စစ်တပ်၏ ကြမ်းကြုတ်သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် မွတ်ဆလင်ရွာပေါင်းများစွာ မီးလောင်ခဲ့ပြီး ဒုက္ခသည် သိန်းချီတဘက်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်အရေးကို ဖြေရှင်းမည်ဆိုပါက အုပ်ချုပ်သူ အစိုးရများ၏ မူဝါဒသဘောထားထက် ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒကလည်း အရေးပါနေသည်
၂၀၁၂ ခုနှစ်ဖြစ်ပွားခဲ့သော အရေးအခင်းနှင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော အရေးအခင်းကာလအတွင်း ဒုက္ခသည်အဖြစ် ရောက်ရှိသွားသော မွတ်ဆလင် ကျေးရွာသားများအရေးနှင့်ပတ်သက်ပြီး အစိုးရအဆက်ဆက် စုံစမ်းရေး ကော်မတီ၊ ကော်မရှင် အဖွဲ့အစည်းများစွာ ဖွဲ့စည်းကာ အဖြေရှာခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်နေရာချထားခြင်း မဆောင်ရွက်နိုင်သေးသလို၊ ကမ္ဘာ့တရားရုံးအထိ အမှုရင်ဆိုင်နေရသည်။
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်အရေးကို ဖြေရှင်းမည်ဆိုပါက အုပ်ချုပ်သူ အစိုးရများ၏ မူဝါဒသဘောထားထက် ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒကလည်း အရေးပါနေရာ လက်ရှိပြည်နယ်အတွင်း သြဇာလွမ်းမိုးထားသည့် AA ခေါင်းဆောင်ပိုင်းက ထိုအရေးကို ကိုင်တွယ်လာသည်ကိုလည်း တ်ိုက်ပွဲရပ်တန့်ထားသည့် နောက်ပိုင်းတွင် တွေ့မြင်လာရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) ၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင်လည်း မွတ်ဆလင်ကျေးရွာသားများကို လက်တွဲခေါ်ဆောင်ရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မီဒီယာများက တဆင့် ထုတ်ဖော်ပြောကြားထားသည်။
မကြာသေးမီ ရက်ပိုင်းကတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် မီဒီယာတခုနှင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ အွန်လိုင်းဖြင့် အင်တာဗျူးတခုတွင် ဒေသတွင်းက မွတ်ဆလင် ကျေးရွာသားများနှင့်ပတ်သက်ပြီး ၎င်းတို့၏ သဘောထားမှာ လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးကို အသိအမှတ်ပြုကြောင်း ထုတ်ဖော် ပြောဆိုမှုကို တွေ့ရှိရသည်။
“ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်ရေးနဲ့ နိုင်ငံသားအခွင့်အရေးကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း ဒီပြဿနာနဲ့ ပတ်သက်တဲ့ မေးခွန်းကို စကားတခွန်းနှစ်ခွန်းနဲ့ ဖြေလို့မရနိုင်ဘူး။ လွတ်လပ်တဲ့ နိုင်ငံအနေနဲ့ ဖြေရှင်းရမယ် ဆိုရင်တောင် ဒီပြဿနာက ကြီးမားလွန်းတဲ့အတွက် ဘင်္ဂလားဒေ့ရှ် တနိုင်ငံတည်းလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့အတွက် ဒါက ကြီးမားတဲ့ ကိစ္စရပ်တခုပါ” ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်န်ိုင်က ဘင်္ဂလာဒေ့ရှ်နိုင်ငံ အခြေစိုက် Prothom Alo မီဒီယာသို့ ဖြေကြားထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ရှ်မီဒီယာ၏ မေးခွန်းအပေါ်တွင်သာ ကမ္ဘာ့မီဒီယာများ သုံးနှုန်း ဖော်ပြနေကြသည့်အတိုင်း ရိုဟင်ဂျာဆိုသည့် စကားလုံးဖြင့် ပြန်လည်ဖြေကြား ပြောဆိုခဲ့သော်လည်း ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်ကမူ “ရခိုင်ပြည်နယ်တွင် နေထိုင်ကြတဲ့ မွတ်ဆလင်တွေ” ဟုသာ သုံးနှုန်းကြောင်း အင်တာဗျူး၏ အစပိုင်းတွင် စကားဦးသန်းကာ ဖြေဆိုထားကိုတွေ့ရသည်။
နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးကို အသိအမှတ်ပြုကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင် သဘောထား မှတ်ချက်များမှာ ပြည်တွင်းက မွတ်ဆလင်များသာမက၊ ပြည်ပရောက် မွတ်ဆလင်များပါ အားရကျေနပ်မှုရှိကြောင်းလည်း ရိုဟင်ဂျာ ပြက္ခဒိန် ထုတ်ဝေမှုဖြင့် ထောင်ဒဏ်ချမှတ်ခံရသူ ဘာသာပြန်စာရေးဆရာ ဦးအောင်ခင် (စစ်တွေ) က ပြောသည်။
“ဗိုလ်ချုပ်က ဘင်္ဂလားဒေ့ရှ် မီဒီယာကို ပြောတဲ့စကားက ရခိုင်ဒေသမှာရှိတဲ့ မွတ်ဆလင်တွေတောင် မကဘူး၊ ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ မွတ်ဆလင်တွေရော၊ ကမ္ဘာအရပ်ရပ်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မွတ်ဆလင်တွေ အားလုံးကပါ ဗိုလ်ချုပ် ဒီထက်မက လုပ်နိုင်ပါစေ၊ ရခိုင်လူမျိုးနဲ့ ကျနော်တို့ တသွေးတည်း၊ တသားတည်းပါ ဆိုပြီးတော့ ပြောနေကြပါတယ်” ဟု ဦးခင်အောင်က ပြောသည်။
ရခိုင်တိုင်းရင်းသားအများစုကလည်း ပြည်နယ်အတွင်းက မွတ်ဆလင်များ အရေးနှင့် ပတ်သက်ပြီး စိတ်သဘောထား ပျော့ပျောင်းလာမှုကို တွေ့ရှိရသလို၊ ၎င်းတို့၏ ဖြစ်တည်မှုနှင့် လူ့အခွင့်အရေးနှင့်အညီ တန်းတူဆံဆက်ရမည်ဆိုသည်ကို လက်ခံလာသည်ကိုလည်း တွေ့ရသည်။
“လူတိုင်း တန်းတူအခွင့်အရေးရှိဖို့တော့ လိုအပ်တယ်။ အရင်ကတည်းကလည်း မွတ်ဆလင်တွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ရခိုင်တွေက ကန့်သတ် ဖျက်ဆီးခဲ့တာ မဟုတ်ဘူး။ အာဏာပိုင်အဆက်ဆက်က ဖျက်ဆီးခဲ့တာတွေသာ ဖြစ်တယ်” ဟု ရခိုင်အရပ်ဘက်လူမှုအဖွဲ့မှ ကိုအမ်းသားကြီးက ဧရာဝတီသို့ ပြောသည်။
မွတ်ဆလင်အရေး AA ဖြေရှင်းနိုင်မလား
ရခိုင်မြောက်ပ်ိုင်းက မွတ်ဆလင်အရေးသည် သိမ်မွေ့နက်နဲပြီး သပွတ်အူကဲ့သို့ ရှုပ်ထွေးသည့် ကိစ္စရပ်တခု ဖြစ်ကာ ပြည်တွင်းပြဿနာဆိုခြင်းထက်၊ လက်တွေ့တွင် ကမ္ဘာ့ဇာတ်ခုံ စင်မြင့်ပေါ်သို့ ရောက်ရှိနေသသလို၊ အစိုးရအဆက်ဆက် ကော်မတီ၊ ကော်မရှင်ပေါင်းများစွာ ဖွဲ့စည်းပြီး အဖြေရှာခဲ့သော်လည်း ဆေးမတိုးခဲ့ပေ။
ရက္ခိတ လမ်းစဉ်ကိုချမှတ်ပြီး ကိုယ့်ကံကြမ္မာကိုယ်ပိုင်ဖန်တီးရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လမ်းစဉ်ကို တစိုက်မတ်မတ် လျှောက်လှမ်း အကောင်အထည်ဖော်နေသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA /AA) ခေါင်းဆောင်ပိုင်းများသည် မွတ်ဆလင်အရေးကို တဖြည်းဖြည်းချင်း ကိုင်တွယ်လာသည်ကို တွေ့ရသည်။
ရက္ခိုင့်တပ်တော် (AA) အနေဖြင့် မွတ်ဆလင်ကျေးရွာသားများကို တန်းတူ ဆက်ဆံပြုမှုခြင်းထက် လူသားတိုင်း လိုလားသည့် တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်စေပြီး သာတူညီမျှ ကိုင်တွယ်ဖြေရှင်းပေးခြင်းကလည်း မွတ်ဆလင်ရွာသားများအဖို့ ယုံကြည်ကိုးစားလာခဲ့သည်။

ကျောက်တော်မြို့နယ်အတွင်းက မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကမူ လက်ရှိအခြေအနေတွင် ကျေးရွာအတွင်းက အမှုအခင်းများကို စစ်ကောင်စီလက်အောက်ခံ ဌာနများထံ တိုင်ကြားခြင်းမပြုတော့ဘဲ၊ AA တပ်ဖွဲ့ဝင်များ၏ အဆုံးအဖြတ်ကိုသာ ခံယူနေကြောင်း ပြောသည်။
၎င်းက “သူတို့ (စစ်ကောင်စီလက်အောက်ခံဌာန) က ရွာကို မလာတော့ဘူးဆိုတော့ တောထဲကလူ (AA) တွေကပဲ လာဆုံးဖြတ်တယ်။ ကျနော်တို့ကလည်း လက်ခံကြတယ်။ တချို့ သာမန်အမှုကိစ္စတွေကိုတော့ ကိုယ့်ရပ်ကွက်က လူကြီးတွေကို ဆုံးဖြတ်ခိုင်းတယ်။ ရွာက မနိုင်တဲ့ အမှုတွေကျမှ သူတို့လာရှင်းပေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။
နယ်မြေခံ စစ်ကောင်စီတပ်များသည် AA အုပ်ချုပ်ရေးနှင့် တရားစီရင်းရေး ထူထောင်လုပ်ကိုင်မှုကို အမြဲတစေ ကန့်ကွက်မှုရှိသလို၊ မွတ်ဆလင်ကျေးရွာသားများကိုလည်း တပ်ထဲသို့ ခေါ်ယူပြီး AA ၏ အုပ်ချုပ်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန် သတိပေး ပြောကြားထားမှုလည်း ရှိနေပြန်သည်။
လတ်တလောအခြေအနေတွင် ရခိုင်တိုင်းရင်းသာများနှင့် မွတ်ဆလင်ကျေးရွာတို့အကြား ယုံကြည်မှု ပြန်လည်တိုးလာသည်မှာ အမှန်တရား တခုဖြစ်သော်လည်း သမိုင်းနောက်ခံ၊ ဘာသာစကား၊ ယဉ်ကျေးမှုဆိုင်ရာ မတူညီသည့် လူမျိုးနှစ်ခုအကြားတွင် ရေရှည်ချစ်ကြည်ရင်းနှီးမှု ရရှိမည့်အရေးကတော့ မလွယ်ကူလှကြောင်း သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက သုံးသပ်ပြောကြားသည်။
“မတူညီတဲ့ လူမျိုးနှစ်မျိုးက အုပ်ချုပ်ရေးယန္တရား တခုအောက်မှာ အတူတူနေကြရတယ်။ ဆိုတော့၊ ရောနှော သွားတာလည်းမရှိဘူး၊ ပေါင်းစည်းသွားတာလည်းမရှိဘူး။ သီးသန့်စီ ခြားနေတယ်။ အရောင်းအဝယ်အရ၊ စီးပွားရေးအရ ဆက်ဆံတာရှိတယ်။ ဈေးဝယ်ရင်းတွေ့ကြတာရှိမယ်။ ဘောလုံးပွဲ လုပ်တယ်ဆိုတာကလည်း ပွဲမှာ ဟိုဘက်အသင်း၊ ဒီဘက်အသင်း ဘောလုံးကန်တာကတော့ ရတာပေါ့။ နိုင်တဲ့ အသင်းကို ဆုပေးမယ်၊ ပြီးရင်း ပြန်မယ်၊ ဒီလောက်ပဲ။ ဆိုတော့၊ အဲဒီလူ့အဖွဲ့အစည်း နှစ်ခုကြားထဲမှာ ဆက်ဆံရေး တိုးတက်လာတယ်လို့တော့ မမြင်ဘူး” ဟု ရခိုင်သမိုုင်းပညာရှင် ဒေါက်တာ ချမ်းအေးက ၎င်း၏ အမြင်ကို ချပြသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် လမ်းစဉ်ကို တစိုက်မတ်မတ် လျှောက်လှမ်း အကောင်အထည် ဖော်နေသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA /AA) ခေါင်းဆောင်ပိုင်းများသည် မွတ်ဆလင်အရေးကို တဖြည်းဖြည်းချင်း ကိုင်တွယ်လာသည်
ဘာသာပြန်စာရေးဆရာ အစ္စလာမ်ဘာသာဝင် ဦးအောင်ခင် (စစ်တွေ) ကမူ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ နိုင်ငံသား အခွင့်အရေးနှင့် လူ့အခွင့်အရေးကို အသိအမှတ်ပြုလက်ခံကြောင်း ထုတ်ဖော်ပြောကြားမှု တခုတည်းနှင့်ပင် ယုံယုံကြည်ကြည် လက်ခံကာ၊ အဖြေမရှာနိုင်သော ၎င်းတို့၏ အရေးကိစ္စများကိုလည်း AA ခေါင်းဆောင်ပိုင်းများ၏ ဆုံးဖြတ်ချက်အား လက်ခံသွားမည် ဖြစ်ကြောင်း ပြောသည်။
“အဲဒီအချိန်တုန်းက ကျနော်တို့ကို မွတ်ဆလင်တောင်မသုံးဘူး။ ဘင်္ဂါလီမှာတောင်မှ ခိုးဝင် ဘင်္ဂါလီလို့ တံဆိပ်ကိုနှိပ်ပြီးပြောတော့ ကျနော်တို့ ရခိုင်တွေနဲ့ ညီအစ်ကိုလို နေချင်တာတောင် နေခွင့်မရခဲ့ဘူး။ အခု We recognize the human rights and citizen rights of the Rohingyas လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မီဒီယာတခုမှာ ဗိုလ်ချုပ် (AA စစ်ဦးစီးချုပ်) က တခါတည်းပြောလိုက်တဲ့အတွက်ကြောင့် ကျနော်ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံး ကိုလည်း မငြင်းဘူး။ ULA/ AA အဖွဲ့က ဆုံးဖြတ်တဲ့ အပေါ်မှာ လက်ခံပြီးသား၊ ဝိဝါဒမကွဲဘူး” ဟု ဦးအောင်ခင် (စစ်တွေ) က ၎င်း၏ သဘောထားကို ပြောသည်။
သို့သော်လည်း နိုင်ငံသားဖြစ်ရေး၊ လူ့အခွင့်ရေးတန်းတူရရှိရေးဆိုသည်ထက် မြန်မာ ပြည်သား တိုင်းရင်းသားလူမျိုးများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားတို့ လုံးဝ လက်မခံနိုင်သော “ရိုဟင်ဂျာ” ဆိုသည့် တိုင်းရင်းသား လူမျိုးတမျိုး အမည်ကို ပြည်တွင်း၊ ပြည်ပရောက် မွတ်ဆလင် ခေါင်းဆောင်များက ရှေ့တန်းတင်ကြိုးပမ်းနေမှုကလည်း အဖြေမထုတ်နိုင်သော ပုစ္ဆာ တပုဒ်အဖြစ်ရှိနေသည်။
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်အရေးများကို အဖြေထုတ်ရန် ကြိုးပမ်းမည်ဆိုပါက၊ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမှု အပေါ်တွင် မူတည်နေသဖြင့် အငြင်းပွားသည့် စကားလုံးကို ရှေ့တန်းမတင်ဘဲ ဒုတိယနေရာတွင်သာ ထားရှိရန် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက မွတ်ဆလင်ခေါင်းဆောင်များသို့ တိုက်တွန်းသည်။
ဦးဖေသန်းက “နာမည်တခုအပေါ်မှာ စကား အချေအတင်ပြောပြီး ပိုပြီးတော့ ပဋိပက္ခဖြစ်လာမယ် ဆိုရင် အားလုံး လိုလားတဲ့ လမ်းခရီးကို ဖြောင့်ဖြောင့်တန်းတန်း ရောက်ကြမှာ မဟုတ်ဘူး။ အဲဒါကြောင့် နာမည်ကိစ္စကို ဒုတိယ ထားပြီးတော့ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး၊ တန်းတူရည်တူ ဆက်ဆံခံရရေးကိုပဲ အဓိကထား လုပ်ကိုင်ဖို့ မွတ်ဆလင် ခေါင်းဆောင်တွေကို တိုက်တွန်းလိုတယ်” ဟု ပြောသည်။
You may also like these stories:
စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား
လူမျိုးရေး ပဋိပက္ခ ရခိုင်မှာ ပြန်ဖြစ်မလား
စစ်ရေးတင်းမာနေသည့် ကယားပြည်နယ် အခြေအနေ
ဖရူဆို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု စစ်ဆေးတွေ့ရှိချက် ဖော်ထုတ်မှု
The post ရခိုင်-မွတ်ဆလင်အရေး AA ကိုင်တွယ်နိုင်မလား appeared first on ဧရာဝတီ.