ယခင် စစ်အုပ်စုလက်ဝေခံ ဦးသိန်းစိန်အစိုးရ၏ ဝန်ကြီးတဦးအနေဖြင့် ဦးစိုးသိန်းသည် မြန်မာတွင် ဆယ်စုနှစ် များစွာကြာခဲ့သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီး ၎င်းတို့အစိုးရသည် နယ်ပယ် အသီးသီးတွင် ပြုပြင် ပြောင်းလဲရန် စိတ်ထားရှိသည့် အစိုးရဖြစ်သည်ဟု ပြောကြားကာ မြန်မာနိုင်ငံသည် ထူးခြားသော အပြောင်းအလဲ ဖြစ်နေသည်ဟုထင်အောင် တကမ္ဘာလုံးကို အရူးလုပ်ခဲ့သည်။
သူသည် ဒါဗို့စ် စီးပွားရေးညီလာခံ တက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ ရုတ်တရက် တံခါးဖွင့်လာခြင်းကို သံသယရှိသည့် နိုင်ငံတကာစီးပွားရေးလုပ်ငန်း အမှုဆောင်များ၊ ပြည်တွင်း ပြည်ပ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်းလည်း သူက မြန်မာနိုင်ငံသည် ပြောင်းလဲနေပြီဖြစ်ကြောင်း ပြောပြီး အကူအညီတောင်းခံသည်။
ထိုသို့ သံသယရှိသူများ ယုံကြည်စေရန်အတွက် ထိုရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းက သူ၏နိုင်ငံတွင် ပြုလုပ်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများသည် ကျယ်ပြန့်လှသောကြောင့် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ကြောင်း နိုင်ငံတကာကို အာမခံချက်ပေးသည်။
၂၀၁၁ ခုနှစ်အစောပိုင်းတွင် ဦးသိန်းစိန်ကို အာဏာလွှဲပေးခဲ့သော ယခင်စစ်အုပ်စုအဖွဲ့ဝင်တဦး အနေဖြင့် သူသည် ဗိုလ်ချုပ်ကြီးမှ သမ္မတဖြစ်လာသူ ဦးသိန်းစိန်အစိုးရက လုပ်ကိုင်သည့် မြန်မာနှင့် နိုင်ငံတကာ ထိတွေ့ ဆက်ဆံရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများကို ကူညီသော ပြုပြင်ပြောင်းလဲရေး ဝန်ကြီးအဖြစ် သူ့ကိုယ်သူ ပုံဖော်သည်။

သို့သော် နောင် ၁၀ နှစ်ကြာပြီးနောက် ဦးစိုးသိန်းသည် ယခင်နှစ်က မြန်မာစစ်အာဏာသိမ်းမှုကို လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်သောအခါ မျက်နှာဖုံးကွာကျပြီး သူ၏ အရောင်အသွေးမှန် ပေါ်ထွက်လာသည်။ ယခင်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရကို ဖြုတ်ချလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ၂၀၁၅ ခုနှစ်က တောင်ပြိုကမ်းပြို ရွေးကောက်ပွဲအောင်နိုင်ပြီးနောက် ဦးသိန်းစိန်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူခဲ့သော အစိုးရဖြစ်သည်။ စစ်အာဏာသိမ်းမှုသည် နိုင်ငံ၏ ဆယ်စုနှစ်တခုအကြာ ဒီမိုကရေစီစမ်းသပ်မှုကို အဆုံးသတ်လိုက်သည်သာမက မြန်မာတနိုင်ငံလုံးတွင် လူမှုနှင့် နိုင်ငံရေး ဖရိုဖရဲအခြေအနေသို့ ကျဆင်းသွားသည်။ လက်ရှိအချိန်အထိ လူပေါင်း ၁,၃၀၀ ကျော်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူအများစုမှာ စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ ဖြစ်သည်။
၁၀ နှစ်ကြာပြီးနောက် ဦးစိုးသိန်းသည် ယခင်နှစ်က မြန်မာစစ်အာဏာသိမ်းမှုကို လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်သောအခါ မျက်နှာဖုံးကွာကျပြီး သူ၏ အရောင်အသွေးမှန် ပေါ်ထွက်လာသည်
ထိုစစ်ဗိုလ်ချုပ်ဟောင်း၏ ပြောကြားချက်သည် သူ၏နောက်ဆုံးထုတ် စာအုပ်ဖြစ်သည့် ‘ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ’ အမည်ရှိ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ အထိကြာသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ သက်တမ်းကို ရည်ညွှန်းသော စာအုပ်တွင် ဖော်ပြထားသည်။ မြန်မာဘာသာဖြင့် ထုတ်ဝေသည့် နှစ်အုပ်တွဲရှိသော ထိုစာအုပ်ကို အများပြည်သူသို့ မည်သည့်အတွက် ဖြန့်ချိခြင်း မရှိသည်ကို မသိရပေ။ ဧရာဝတီသတင်းဌာနက လေ့လာခဲ့သည့် ထိုစာအုပ်များအရ ပထမတွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေပြီး ဒုတိယတွဲကို စစ်အာဏာသိမ်းပြီး ၇ လအကြာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေခဲ့ကြောင်း သိရသည်။
“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွတ်လပ်ရေးကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်”
ထိုစာအုပ် ဒုတိယတွဲတွင် စာရေးသူက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NLD ထံမှ အာဏာသိမ်းယူလိုက်ခြင်းသည် လွန်စွာကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်ကြောင်း ချီးကျူးသည်။ မြန်မာ နိုင်ငံကို စစ်အာဏာရှင်စနစ် ဝတ်ရုံအောက်တွင် ပြန်လည်ထားရှိလိုက်သည့် ထိုကြမ္မာငင်သောနေ့တွင် ရေတပ် ဗိုလ်ချုပ်ဟောင်းသည် စစ်အာဏာသိမ်းသောကြောင့် ပေါ်ပေါက်လာသည့် ပျော်ရွှင်မှုကို ဖုံးကွယ်နိုင်ခြင်း မရှိတော့ပေ။ “မိမိတို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လည် ထိန်းသိမ်းခဲ့သည်” ဟု ရေးသားထားသည်။

နောက်ကြောင်းပြန်လှည့် မရတော့သည့် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုဆိုသည့် သူ၏စကားကို ယုံကြည်ခဲ့သူများအနေဖြင့် ထိုမှတ်ချက်မှ ရှင်းရှင်းလင်းလင်း လေ့လာစရာ သင်ခန်းစာတခုပင် ဖြစ်သည်။ ထိုသင်ခန်းစာမှာ “စစ်အုပ်စုနှင့် ပတ်သက်သူ မည်သူမဆိုက ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးတရား ဟောလာပါက ထိုသူများ လိမ်နေကြောင်း သိရန်” သင်ခန်းစာသာ ဖြစ်သည်။
မြန်မာဘာသာဖြင့် ထုတ်ဝေသည့် နှစ်အုပ်တွဲရှိသော ထိုစာအုပ်ကို အများပြည်သူသို့ မည်သည့်အတွက် ဖြန့်ချိခြင်း မရှိသည်ကို မသိရပေ
စာအုပ်အမည်တွင် ဖော်ပြထားသည့်အတိုင်း ဆိုပါက ဦးစိုးသိန်း၏ နောက်ဆုံးစာအုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရအကြောင်း ဖြစ်သည်။ ထိုစာအုပ်၏ ဒုတိယတွဲကမူ မဲဆွယ်ပွဲနှင့် NLD က နောက်တကြိမ် တောင်ပြိုကမ်းပြိုနိုင်သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနောက်ပိုင်း အငြင်းပွားမှုများကို အထူးအာရုံစိုက်သည်။ NLD သည် အာဏာရနေစဉ်အတွင်း အာဏာအလွဲသုံးစားလုပ်ပြီး ရွေးကောက်ပွဲတွင် မဲလိမ်သည်ဟု စစ်အုပ်စုက အကြောင်းပြသည်။ စာရေးသူကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထိုပြောကြားချက်များကို သံယောင်လိုက်သည်။
အကျင့်ပျက်ခြစားသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည့် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် အာဏာရလာသောအခါ ဦးသိန်းစိုးကို စက်မှုဝန်ကြီးအဖြစ် ကြေညာသည်။ ထို့နောက် သူ့ကို သမ္မတရုံး ဝန်ကြီးများအနက် တဦးနှင့် စီးပွားရေးအကြီးအကဲခန့်ကာ ဒေါက်တာ သန့်မြင့်ဦး၏ နောက်ဆုံးစာအုပ်တွင် ဖော်ပြချက်အရ သူသည် စကားကို ပွင့်လင်းစွာပြောပြီး နိုင်ငံ၏အလားအလာကို အကောင်းမြင်သော ပြည်ပတွင် အဓိက စည်းရုံးပြောကြားသူ ဖြစ်လာသည်။
ယခင်တနှစ်က ရွေးကောက်ပွဲတွင် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရှုံးနိမ့်ပြီး ၂၀၁၆ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရကို NLD အစိုးရက ဆက်ခံလိုက်သောအခါ ဦးစိုးသိန်းသည် အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီး NLD အစိုးရ၏ ဆောင်ရွက်ချက်များကို ဝေဖန်အကဲဖြတ်ရန် အခွင့်အလမ်း ရရှိသွားသည်။
ထိုအကြောင်းကြောင့်ပင် သူသည် ဓမ္မဒိဋ္ဌာန်ကျပြီး အချက်အလက်အခြေပြုသည့် သုံးသပ်ချက်ပေးခဲ့ပါက ထိုကာလအတွက် သူ၏ မှတ်တမ်းသည် လွန်စွာစိတ်ဝင်စားဖွယ် ကောင်းမည်ဖြစ်သည်။ သူ၏ စာအုပ်အမှာစာတွင် ထိုစာအုပ်သည် အနာဂတ်သမိုင်းပညာရှင်များ၊ အခြားပညာရှင်များနှင့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူများအတွက် ရည်ရွယ်ကြောင်းနှင့် အခြားမည့်သည့် နောက်ကွယ် အကြောင်းရင်းမျှ မရှိကြောင်း ရေးသားဖော်ပြထားသည်။
သို့သော် ထိုစာအုပ်မှာ NLD အစိုးရကို အပုပ်ချပြီး ဦးသိန်းစိန်အစိုးရ အောင်မြင်မှုများကို ချီးကျူးကာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သကဲ့သို့ NLD အစိုးရ အုပ်ချုပ်ရေးအတွင်း မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာသည် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသည်ဟုဆိုကာ အမျိုးသားရေး မီးထိုးသည့် အားထုတ်မှုထက် မပိုကြောင်း ပေါ်ပေါက်လာသည်။
NLD အစိုးရ၏ မူဝါဒအချို့ကို အကောင်အထည်ဖော်သော လုပ်ငန်းများအား ယခင်အစိုးရက ခန့်ထားသည့်၊ အပြောင်းအလဲကို လက်မခံလိုသည့် အမြဲတမ်း အတွင်းဝန်များနှင့် ထိပ်တန်းအရာရှိများက ဟန့်တားသည် ဆိုသည့်အချက်မှာ အားလုံးသိနေသော လှို့ဝှက်ချက်ဖြစ်သည်
NLD အစိုးရတွင် အပြစ်အနာအဆာအချို့ ရှိသည်နှင့် ဦးသိန်းစိန် ရာထူးသက်တမ်းအတွင်း အပြုသဘောဆောင်သည့် နိုင်ငံတိုးတက်မှုများ ရှိသည်မှာ မှန်သည်။ သို့သော် စာဖတ်သူများကို မလိမ်လည်သင့်ပေ။ ထိုဗိုလ်ချုပ်ဟောင်းသည် ၂၀၁၁ ခုနှစ်တွင် သူ၏ ပြုပြင်ပြောင်းလဲရေးများကို စတင်သောအခါ နိုင်ငံ၏သယံဇာတ ရင်းမြစ်များ အားလုံးနီးပါးကို စိတ်တိုင်းကျလုပ်သည်။ ဝန်ကြီးဌာနများကို အများအားဖြင့် စစ်ဗိုလ်ဟောင်းများက ဦးဆောင်ပြီး ထို ဝန်ကြီးဌာနများတွင်လည်း စစ်သားဟောင်းများကိုသာ ထည့်သွင်းထားပြီးဖြစ်သည်။ ပိုမိုအရေးကြီးသော အချက်မှာ စစ်အုပ်စုသည် သူ့ဘက်တွင် ရှိနေခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် NLD က အစိုးရဖွဲ့သောအခါ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခဲ့သည့် ကိစ္စများအားလုံးကို ထိုအချိန်အထိ သူ့ကို ထောက်ခံသူများနှင့် အသစ်ဖွဲ့စည်းထားသော အစိုးရအဖွဲ့နှင့်သာ လုပ်ကိုင်ရသည်။ NLD အစိုးရ၏ မူဝါဒအချို့ကို အကောင်အထည်ဖော်သော လုပ်ငန်းများအား ယခင်အစိုးရက ခန့်ထားသည့်၊ အပြောင်းအလဲကို လက်မခံလိုသည့် အမြဲတမ်း အတွင်းဝန်များနှင့် ထိပ်တန်းအရာရှိများက ဟန့်တားသည် ဆိုသည့်အချက်မှာ အားလုံးသိနေသော လှို့ဝှက်ချက်ဖြစ်သည်။
ထိုစဉ်က NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ၂၀၁၇ ခုနှစ်တွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။ “သူတို့တွေက အရင်မြင်းထိန်းက လေ့ကျင့်ပေးခဲ့တဲ့ မြင်းဟောင်းတွေနဲ့ တူတယ်။ ကျနော်တို့တွေက မြင်းဟောင်းစီးနေရတဲ့ မြင်းစီးသမားအသစ်တွေ။ ကိုယ်လိုချင်တဲ့ဘက်သွားအောင် အရမ်းကို ကြိုးစားနေရတယ်။ စိတ်ပျက်စရာ ကောင်းတယ်” ဟု သူက ပြောသည်။

ထိုအချက်ကို ဦးစိုးသိန်း၏ စာအုပ်တွင် မတွေ့ရမည်မှာ သေချာသည်။ သူသည် သူ၏ဆရာသမားဟောင်း ဦးသိန်းစိန်ကို ချီးကျူးရန်နှင့် ဦးသိန်းစိန်ထားခဲ့သည့် အပြစ်စွန်းထင်းနေသော အမွေအနှစ်ကို ဖုံးကွယ်ရန်သာ စိတ်ဝင်စားသူ ဖြစ်သည်။ ဦးစိုးသိန်း၏ ၂၀၁၈ ခုနှစ်က စာအုပ်ဖြစ်သည့် မြန်မာ့အသွင်ကူးပြောင်းရေးနှင့် ဦးသိန်းစိန် – အတွင်းလူတဦး၏ မှတ်တမ်း (Myanmar’s Transition & U Thein Sein: An Insider’s Account) ကို ဖတ်ရှုခဲ့သူတိုင်းသည် ထိုတိမ်းညွှတ်မှုကို ကောင်းစွာတွေ့မြင်နိုင်သည်။
စစ်အုပ်စု၏ လိမ်နည်းစာအုပ်ဟောင်းဖြင့် ဆက်လက်ရှင်သန်ခြင်း
စာဖတ်သူများအတွက် နောက်ထပ် အကြီးအကျယ် စိတ်ပျက်စရာကောင်းသည့် ကိစ္စမှာ ထိုစာအုပ်တွင် NLD ဆန့်ကျင်သူများ၊ အမျိုးသားရေးဝါဒီများနှင့် စစ်အုပ်စုလိုလားသူများ ရေးသားသည့် Facebook ပို့စ်များကို ကူးယူဖော်ပြခြင်းဖြစ်ပြီး ထိုစာအုပ်ကို ရေးသားသူသည် သူ၏ ရေးသားချက်များအတွက် အထောက်အထားပြရန်နှင့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချရန် ထိုပို့စ်များကို အလွန်အမင်း မှီခိုနေခြင်းဖြစ်သည်။
ထိုပို့စ်များအနက် အချို့မှာ စစ်ကောင်စီက အာဏာသိမ်းရန် အကြောင်းရင်းတခုဖြစ်ကြောင်း ထင်ရှားပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အစိုးရသစ်ဖွဲ့ပြီးသောအခါ နေပြည်တော်မှ နိုင်ငံတကာ တရားရုံး တရားသူကြီးများရှေ့တွင် စစ်ခေါင်းဆောင်များကို NLD က တရားစီရင်မည်ဆိုသည့် ရေးသားချက်များ ပါဝင်သည်။ “ယခင်အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ် ၃၆ ဦးကို သေဒဏ်စီရင်မည်” ဆိုသည့် ရေးသားမှုမျိုး ဖြစ်သည်။
တနေရာတွင်မူ ဦးစိုးသိန်းက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာမှ ရိုဟင်ဂျာမွတ်ဆလင်များ၏ အခွင့်အရေးများကို ကာကွယ်နေသည့် အဖွဲ့ဖြစ်သော အာရကန်ရိုဟင်ဂျာ သမဂ္ဂမှ ညွှန်ကြားရေးမှူးချုပ် ဝါကာအူဒင်ထံ စာတစောင်ရေးသား ပေးပို့သည်ဟု ပြောသည်။ ထိုစာအုပ်တွင် ထုတ်ဝေထားသည့်အတိုင်း ဆိုပါက ထိုရက်စွဲတပ်မထားသည့်စာတွင် ဒေါ်အောင်ဆန်းစုကြည်က ကော့မူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းနှင့် NLD ခေါင်းဆောင်အနေဖြင့် သူမ၏ ပါတီကို ထောက်ခံရန် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများကို ပြောသည်ဟု ဆိုသည်။
ဦးစိုးသိန်း၏အဆိုအရ ဒေါ်အောင်ဆန်းစုကြည်က NLD အနိုင်ရပါက ရိုဟင်ဂျာပြည်သူများကို ခွဲခြားဆက်ဆံသည့် မြန်မာပြည်သူများကို လူမျိုးရေး ဘာသာရေးအမုန်း ရာဇဝတ်မှုဥပဒေအရ အပြင်းအထန် အပြစ်ပေးမည့် ဥပဒေသစ်တခု ပြဋ္ဌာန်းမည်ဟု ထိုရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူအား ပြောသည်ဟု ဆိုသည်။
“မြန်မာနိုင်ငံကို ထိုသို့ အပြောင်းအလဲဖြစ်စေရန် မိမိတို့ NLD ရွေးကောက်ပွဲနိုင်ရန် လိုသည်။ ပါတီသည် မြန်မာနိုင်ငံတွင် အပြောင်းအလဲဖြစ်စေလိုသော နိုင်ငံခြားသားများ၏ အကူအညီ အပြင်းအထန် လိုအပ်နေသည်။ ထိုကြောင့် မိမိတို့သည် သင်တို့၏ အကူအညီကိုလည်း လိုအပ်သည်” ဟု ထိုစာက ဆက်လက်ဖော်ပြကြောင်း ဆိုသည်။
ရိုဟင်ဂျာပြဿနာသည် မြန်မာတွင် အပြင်းအထန် ငြင်းခုန်ရသော ပြဿနာဖြစ်သောကြောင့် ထိုစာအုပ်ကို ရေးသားသူသည် အခြေအမြစ်မရှိသော သတင်းအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ပြည်တွင်းမှ ထောက်ခံသူများအကြား သပ်လျှိုခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
ထို့အပြင် ဦးစိုးသိန်းက ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ရန် နိုင်ငံခြားသားများကို ပြုစုပျိုးထောင်နေသည့် မယုံကြည်ရသော ခေါင်းဆောင်အဖြစ်လည်း သရုပ်ဖော်သည်။ ထိုအချက်သည် သူ၏ရည်ရွယ်ချက်ဖြစ်ပါက သူ့အနေဖြင့် နောက်တကြိမ်တွင် ပိုမို တီထွင်ဖန်တီးမှု ရှိရှိ ရေးသားရန်လိုသည်။
အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ယခင်စစ်အုပ်စုက ပြည်သူလူထုကို လိမ်လည်ရန် ၁၉၈၈ နောက်ပိုင်းတွင် အကြိမ်ကြိမ်သုံးခဲ့သော အချက်ဖြစ်နေသောကြောင့် ဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် ထိုနည်းလမ်းသည် အလုပ်မဖြစ်ပေ။ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၀ တို့တွင် ရွေးကောက်ပွဲ အောင်နိုင်မှုများက ယနေ့တိုင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု မဆုတ်နစ်ကြောင်း ပြသနေသည်။ သို့သော် ထိုသို့သော အခြေအမြစ်မရှိသည့် သတင်းများကို ယုံကြည်သူများလည်း ရှိနေသည်။

NLD ခြေစုံကန်သွားသူ ဦးသိန်းညွန့်နှင့် ဦးသိန်းစိန်ထံ အောက်ကျို့ခံလိုက်သူ မန်းငြိမ်းမောင်တို့ ပါဝင် ပတ်သက်လာသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ယခုအခါတွင် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီအတွက် ဘဝကို မြှုပ်နှံလုပ်ကိုင်ပေးနေသူများ ဖြစ်နေကြသည်။
၎င်းတို့၏ အမှာစာများတွင် ထိုစစ်ကောင်စီ ထောက်ခံသူများက ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စာပေးစာယူကို အထောက်အထားမရှိသည့် ဖော်ထုတ်မှုအတွက် တုန်လှုပ်ကြောင်း ဖော်ပြကြသည်။
ဦးသိန်းညွန့်က “နိုင်ငံကို လွန်စွာသစ္စာမဲ့ပြီး ကိုယ်ကျိုးအတွက် နိုင်ငံကိုရောင်းစားသောကြောင့် ထိုအုပ်စုက လှမ်းနေသည့် ခြေလှမ်းများကို မြင်ရသောအခါ ကိုယ့်မျက်လုံးပင် ကိုယ်မယုံနိုင်” ဟု ရေးသည်။
မန်းငြိမ်းမောင်ကမူ “ဒါဟာ နိုင်ငံတော်နဲ့ ပြည်သူတွေကို စော်ကားတာပဲ” ဟု ရေးသားပြီးနောက် “ကျနော်တို့ ပြည်သူတွေက သူတို့ရဲ့ စရိုက်မှန်ကို မမြင်နိုင်သေးဘူး။ ဒီလို အရောင်အသွေးတူတဲ့ ငှက်တွေက တူညီတဲ့ သီချင်းကိုဆိုတာ အံ့သြစရာမဟုတ်ဘူး” ဟု ရေးသားသည်။
ဦးစိုးသိန်းသည် NLD အစိုးရနှင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချစေကာမူ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ပြီးစီးသည့် သူ၏စာအုပ် ပထမတွဲတွင် အာဏာသိမ်းရန် တိုက်ရိုက်တောင်းဆိုမှုအဖြစ် မြင်နိုင်သော ကိစ္စများကို ဂရုတစိုက်ရှောင်ရှားသည်
ဦးစိုးသိန်းသည် NLD အစိုးရနှင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချစေကာမူ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ပြီးစီးသည့် သူ၏စာအုပ် ပထမတွဲတွင် အာဏာသိမ်းရန် တိုက်ရိုက်တောင်းဆိုမှုအဖြစ် မြင်နိုင်သော ကိစ္စများကို ဂရုတစိုက်ရှောင်ရှားသည်။ ထိုသို့မတောင်းဆိုဘဲ သူသည် NLD ကိုယ်စားလှယ်များနှင့် စစ်အုပ်စုခန့် ကိုယ်စာလှယ်များအကြား လွှတ်တော်တွင်း တင်းမာမှုများကို ဖော်ပြရန် သူ၏စာအုပ်တွင် အခန်းတခန်း ရေးသားသည်။
ထိုပြဿနာများတွင် ဒုတိယသမ္မတ တဦး အမည်စာရင်းတင်သွင်းခြင်းမှသည် ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ခံရာထူး ဖန်တီးခြင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် NLD ၏ အားထုတ်မှုများအထိ ပါသည်။ ထိုလုပ်ရပ်များသည် အခြေခံဥပဒေနှင့်မညီကြောင်း စစ်အုပ်စု လွှတ်တော်ကိုယ်စားလှယ်များက စွပ်စွဲသည်။
ထိုအချက်သည် ၎င်းတို့ကိုယ် ၎င်းတို့ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်သူများအဖြစ် သတ်မှတ်ထားသော စစ်အုပ်စုအတွက် အနီရောင်စည်း (အန္တရာယ်စည်း) ဖြစ်သည်။ NLD အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သည်၊ အစိုးရ၏ စွမ်းဆောင်ရည်ကို လူထုက မကျေမနပ်ဖြစ်နေသည် စသည့် ပြောဆိုမှုများအတွက် အထောက်အထားများအလို့ငှာ စစ်တပ်လိုလားပြီး NLD ဆန့်ကျင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေး လူမှုကွန်ရက်များကို အားကိုးသည်။
သို့သော် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ရေးသားသည့် ဒုတိယတွဲတွင်မူ တခါက ပြုပြင်ပြောင်းလဲရေးသမားဟု ခေါ်ကြသည့် ရေတပ်ဗိုလ်ချုပ်က သူသည် စစ်တပ်က ဝင်ရောက်စွက်ဖက်ခြင်းကို NLD အစိုးရဖွဲ့ပြီး ရက်ပိုင်းအတွင်း တမ်းတနေသည်မှာ ကြာပြီဖြစ်သည်ဆိုသည့် အချက်ကို ဖုံးကွယ်ထားရန် မကြိုးစားတော့ပေ။

NLD က ဒုတိယသမ္မတလောင်း အမည်နှင့် နိုင်ငံတော်အတိုင်ပင်ခံဥပဒေကို လွှတ်တော်သို့ တင်သွင်းကာ ဒေါ်အောင်ဆန်းစုကြည်ကို ထိုရာထူးပေးရန်ုလုပ်သည့် ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ထိုအချက်နှစ်ခုလုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကြောင်း စစ်တပ်ကစွပ်စွဲသည်။ သို့သော် လွှတ်တော်တွင် နေရာ အများစုရထားသောကြောင့် NLD က အနိုင်ရသည်။
ထိုဖြစ်ရပ်နှစ်ခုလုံးကို ဦးစိုးသိန်းက ဒုတိယတွဲ စာအုပ်တွင်ရေးသည်။ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ချိုးဖောက်ခံရသောကြောင့် စစ်တပ်အနေဖြင့် မှန်ကန်သော အခြေအနေများဖြစ်စေမည့် အခွင့်အလမ်းကို ယူခဲ့သင့်သည်” ဟု သူက ရေးသားပြီး “(အတိုက်အခံဘက်မှ) မိမိတို့အများစုသည် ထိုကိစ္စ (နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေပြဋ္ဌာန်းခြင်း) ကို သည်းမခံနိုင်ဘဲ စစ်တပ်က နိုင်ငံကိုလမ်းကြောင်းမှန်သို့ ချမှတ်ပေးရန် ဆန္ဒရှိသည်” ဟု သူက ဆက်လက်ရေးသားသည်။
ဦးစိုးသိန်း၏ ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံစာအုပ်က သူသည် လွန်ခဲ့သော ဆယ်နှစ်တွင် ပြုပြင်ပြောင်းလဲရေး အရေခြုံခဲ့သော်လည်း စစ်အာဏာရှင်စနစ်ကို နှလုံးသားတွင် အမြဲတမ်း ထောက်ခံသူ ဖြစ်ကြောင်း ပြသနေသည်
“အခြေအနေ မှန်ကန်အောင်ပြုလုပ်ခြင်း”၊ “လမ်းကြောင်းမှန်အောင်ပြုလုပ်ခြင်း” ဖြစ်ပါသလား။ အဆက်ဆက်သော စစ်အုပ်စုများအောက်တွင် နေထိုင်ခဲ့ကြသော မြန်မာ ပြည်သူများသည် ထိုသို့သော အန္တရာယ်များသည့် စကားများကို ကောင်စွာနားလည်သည်။ ထိုစကားများသည် စစ်အာဏာသိမ်းမှုအတွက် စစ်အုပ်စုက သုံးနေကျစကားလုံးများသာ ဖြစ်သည်။
ခြုံ၍ဆိုရပါက ကျားသစ်သည် သူ၏ အစက်အပြောက်များကို ပြောင်းလဲမရနိုင်သကဲ့သို့ ဦးစိုးသိန်း၏ ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံစာအုပ်က သူသည် လွန်ခဲ့သော ဆယ်နှစ်တွင် ပြုပြင်ပြောင်းလဲရေး အရေခြုံခဲ့သော်လည်း စစ်အာဏာရှင်စနစ်ကို နှလုံးသားတွင် အမြဲတမ်း ထောက်ခံသူ ဖြစ်ကြောင်း ပြသနေသည်။
ထိုစာအုပ်သည် တချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သော အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် စာရေးဆရာတယောက်က သူသည် စစ်အုပ်စုစိတ်ထားသာရှိပြီး ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုကာ စစ်တပ်ကသာ နိုင်ငံကို ချောက်ထဲမကျအောင် ကယ်နိုင်မည်ဟုယုံကြည်ကြောင်း ဖော်ပြသည့် ဖြောင့်ချက် ဖြစ်သည်။ ထိုစာအုပ်ကို ဖတ်သောအခါ သူ့ကို ပြုပြင်ပြောင်းလဲရေးသမားဟု ကြိုဆိုခဲ့သူများ အရှက်ရသင့်သည်။
အဆိုးတကာ့အဆိုးဆုံးမှာ ထိုစာအုပ်ရေးသားသူသည် သွေးချောင်းစီးပြီး လက်ရှိအချိန်အထိ လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်သည့် မင်အောင်လှိုင် အာဏာသိမ်းမှုကို ချီးကျူးပြောဆိုခြင်း ဖြစ်သည်။ စစ်အာဏာသိမ်း ခေါင်းဆောင်ကို တရားစီရင်လျှင် ဦးစိုးသိန်းသည် ကြံရာပါဖြစ်သည်။ သူ၏စာအုပ်တွင် လူတိုင်းမြင်နိုင်သော အထောက်အထားများစွာ ရှိနေပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Hpone Myat ၏ Pro-Military at Heart, Myanmar Ex-Minister Once Dubbed a ‘Reformer’ Reveals True Colors ကို ဘာသာပြန်ဆိုသည်)
You may also like these stories:
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပေါ် လုံခြုံရေးကောင်စီအရေးယူရန် NUG တိုက်တွန်း
ဖရူဆိုတွင် အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရမှု ၄၉ ဦးခန့်ထိ ရှိလာနိုင်
ဖမ်းဆီးနှိပ်စက်ခံရသည့် တန့်ဆည်မှ ကျောင်းသား ၂ ဦး မိသားစုနှင့် အဆက်သွယ်ပြတ်နေ
The post ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း appeared first on ဧရာဝတီ.