အာဏာသိမ်းပြီး ၉ လအကြာမှာ စစ်ကောင်စီအုပ်ချုပ်ရေးမှာ အုပ်ချုပ်ရေးမှူးတွေ ရှားပါးလာနေတဲ့ အခြေအနေဖြစ်လာပါတယ်။
ဒီလိုဖြစ်လာတာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဒေသ PDF တွေရဲ့ ခြိမ်းခြောက်ဖိအားပေးမှု၊ စစ်ကောင်စီရဲ့ အကာအကွယ်မပေးနိုင်မှု၊ သတ်ဖြတ်ခံနေရမှုတွေကြောင့် နုတ်ထွက်နေကြလို့ပါ။
ကျီးလန့်စာစားအနေအထားနဲ့ ကြာကြာရပ်တည်နိုင်ဖို့ ခက်ခဲလာတာကြောင့် အုပ်ချုပ်ရေးမှူး ရာထူးကနေ နုတ်ထွက်သူ များပြားလာနေပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အောက်တိုဘာ ၁၁ ရက်နေ့အထိ ၃၆၆ ဦး နုတ်ထွက်ထားပြီး ဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်ကိုင်းတိုင်းက ၁၆၂ ဦးနဲ့ အများဆုံး နုတ်ထွက်ထားပြီးတော့ ရန်ကုန်တိုင်းက ၉၇ ဦး ၊မကွေးတိုင်းက ၅၈ ဦး နုတ်ထွက်ထားတာကို တွေ့ရပါတယ်။
ဒါဟာ Data For Myanmar က အထောက်အထား အတိအကျ ရရှိသူတွေကို ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုမိုများပြားနိုင်ပါတယ်။
ကိန်းဂဏန်း အချက်အလက်တွေအရ ဆိုရင်တော့ မြန်မာတနိုင်ငံလုံးမှာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးပေါင်း ၁၅၉၇၂ ဦး ရှိတယ်လို့ Asia Foundation နဲ့ မြန်မာ့အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ MDRI တို့ လုပ်ထားတဲ့ သုတေသန စာတမ်းမှာ ဆိုထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဟောင်း တွေကို တာဝန်က ရပ်စဲကြောင်း ကြေညာခဲ့ပြီး သူ့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို လူသစ်တွေနဲ့ အစားထိုးခဲ့တာပါ။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဟာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာ ဘယ်လောက်ထိ လွှမ်းခြုံခန့်အပ်ထားနိုင်တယ်ဆိုတာကို မသိနိုင်ပါဘူး။
“ အာဏာသိမ်းပြီးတော့ ထွေအုပ်ဝန်ထမ်း/အုပ်ကြီးတွေ CDM လုပ်ကြပြီးတဲ့နောက် စကစက အုပ်ကြီးတွေ အားလုံး တာဝန်ကနေ ရပ်ဆိုင်းပြီး သူတို့ စိတ်ကြိုက်လူတွေနဲ့ အစားထိုးခဲ့ပါတယ်။ ချင်းပြည်နယ်လို၊ ကယားပြည်နယ်လို နေရာတွေမှာ အပြည့်အဝ အစားမထိုးနိုင်ခဲ့ဘူးလို့ သိရပါတယ်။
တော်လှန်ရေး အားကောင်းတဲ့ မြို့နယ်တွေမှာလည်း အတော်များများ အစားမထိုးနိုင်ပါဘူး။ အဓိကအားဖြင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ဦးစားပေးခန့်တာများပါတယ်။ အဲဒါတောင် အပြည့်အဝ မခန့်နိုင်ပါဘူး။ စာရွက်ပေါ်မှာ ခန့်ပြီး မြေပြင်မှာ တကယ်မရှိတဲ့ အုပ်ကြီးတွေလည်း ရှိပါတယ်။ ကျေးရွာအုပ်စုတွေ လေး ငါးခုကို အုပ်ကြီး တယောက်တည်းက တာဝန်ယူတာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် ထွေအုပ်မှာလည်း စာရင်းအမှန် update လုပ်နိုင်ဖို့ ခက်မယ် ထင်ပါတယ်” လို့ အုပ်ချုပ်ရေးဆိုင်ရာ လေ့လာနေသူတဦးက ပြောပါတယ်။

Data For Myanmar ရဲ့ ကောက်ယူရရှိထားတဲ့အချက်အလက်တွေအရဆိုရင် အောက်တိုဘာလမှာ နုတ်ထွက်မှု အများဆုံးဖြစ်ပြီး ၁၅၂ ဦး နုတ်ထွက်ထားတာကိုတွေ့ရပါတယ်။
အောက်တိုဘာလအတွင်း သိသာထင်ရှားဆုံး အုပ်ချုပ်ရေးမှူး အများအပြားနုတ်ထွက်မှုဟာ ရန်ကုန်တိုင်း ခရမ်းမြို့နယ်ဖြစ်ပြီး မြို့နယ်လုံးကျွတ် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ထားကြတာ ဖြစ်ပါတယ်။
ခရမ်းမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၃ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၆ အုပ်စုက ရပ်၊ကျေး အုပ်ချုပ်ရေးမှူး စုစုပေါင်း ၅၆ ဦးဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ အားလုံး နုတ်ထွက်ထားပြီးဖြစ်တယ်လို့ ခရမ်း PDF အဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ခရမ်းမြို့နယ်က အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ၁၅ ရက်အတွင်း ရာထူးကနေ နုတ်ထွက်ဖို့၊ မထွက်ဘူးဆိုရင် မိသားစုဝင်တွေရဲ့ အသက်ကိုပါ အာမမခံဘူးလို့ ဒေသခံ ခရမ်း PDF က အောက်တိုဘာ ၃ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူး အားလုံး ရာထူးကနေ နုတ်ထွက်လိုက်ကြတာ ဖြစ်ပါတယ်။
ခရမ်းမြို့နယ်မှာ အဲ့ဒီလို အစုလိုက်အပြုံလိုက် နုတ်ထွက်မှုကြောင့် စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဟာ ခရမ်းမြို့ကို လာရောက်ပြီး အုပ်ချုပ်ရေးမှူးတွေကို တွေ့ဆုံကာ လုံခြုံရေး အသက်အာမခံချက်ပေးမှာဖြစ်ကြောင်း စည်းရုံးပြောဆိုလာခဲ့တယ်လို့ ခရမ်း PDF က အတည်ပြု ပြောပါတယ်။
ဒီလို စည်းရုံးမှုကြောင့် တိတ်တဆိတ်ပြန်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေရှိနေပြီး အဲ့ဒီလိုပြန်လုပ်မယ့်သူတွေအတွက် စစ်ကောင်စီက အသက်အပိုပေးတာမဟုတ်လို့ ဒီနေ့လုပ်ရင် မနက်ဖြန် အပြတ်ပဲလို့ ခရမ်း PDF တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။
အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီနဲ့ PDF တွေအကြား ကြုံတွေ့ရတဲ့ အခက်ခဲတွေနဲ့ ပတ်သက်ပြီး ခရမ်းမြို့ ၆ ရပ်ကွက်အုပ်ချုပ်ရေးမှုး ကိုကျော်ကျော်ကို ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ လက်ရှိမှာ အုပ်ချုပ်ရေးမှူး ရာထူးကနေ နုတ်ထွက်ထားပြီးဖြစ်တာကြောင့် ဘာမှပြောစရာမရှိ ကြောင်းနဲ့ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့အလုပ်တွေ အားလုံးကို ရပ်နားထားပြီး ဖြစ်ကြောင်းသာ ပြောဆိုပါတယ်။

သူ့လိုပဲ နုတ်ထွက်ထားပြီးဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ကို ငြင်းဆိုခဲ့ကြပါတယ်။
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး (ယာယီ)
စစ်ကောင်စီရဲ့ ပျက်ပြားနေတဲ့ အုပ်ချုပ်ရေး ယန္တရားမှာ ပြည်သူတွေဟာ မတရားခံရမှုတွေကို ဒေသ PDF တွေအနေနဲ့ ဖြေရှင်းပေးဖို့ တိုင်ကြားတာတွေ ရှိလာနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာအုပ်စု ၅ စုမှာ ပြည်သူထံကနေ အဓမ္မငွေကောက်တာ ၊ ပစ္စည်းလုတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ တွေ အပြင် လူထုကိုနှိပ်စက်နေတဲ့ ရှိုင်းသာအောင် ဦးဆောင်တဲ့ ဒလန်ရှင်းလင်းရေး အမည်ခံ အဖွဲ့ စခန်းကို ရှင်းလင်းခဲ့ရတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ် PDF က ထုတ်ပြန်ကြေညာ ပါတယ်။
ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် အဆိုပါအဖွဲ့ကို ရှင်းလင်းခဲ့တာဖြစ်ပြီး စခန်းကို ဝင်ရောက် စီးနင်းချိန်မှာ သိမ်းဆည်းရမိတဲ့ ရွှေ၊ ငွေ၊ ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေကို မူလ ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
လစ်လပ်နေတဲ့ အုပ်ချုပ်ရေးမှူး နေရာတွေကို အစားထိုးနိုင်ဖို့အတွက် ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ယာယီ) အဖွဲ့တွေကို ဒေသ PDF တွေက ဦးစီးပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ဖွဲ့စည်းထားကြပါတယ်။
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ဒေသတွင်းအမှုအခင်းတွေကို ကိုင်တွယ်ဖြေရှင်း ပေးရတာမျိုးရှိတယ်လို့ ကလေး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့ PDF ကို လာတိုင်တာကတော့ (၉ လပိုင်းတုန်းက ရှင်းလင်းခဲ့ရတဲ့ ဒလန်ရှင်းလင်းရေး အမည်ခံအဖွဲ့) အဲ့ဒီတခုပါပဲ လက်နက်ကိုင်အဖွဲ့အစည်းတရပ်အနေနဲ့ သောင်းကျန်းနေတာမို့ ၊ ကျန်တဲ့အမှုအခင်းတွေကတော့ ရပ်ရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရပ်ရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ကိုင်တွယ်တယ် ၊ အဓိက ကိုင်တွယ်ရတာတော့ မူးယစ်ဆေးအမှုတွေပဲ” လို့ သူက ဆိုပါတယ်။
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မြို့မိမြို့ဖတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့ကာကွယ်ရေး အစုအဖွဲ့၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တရားရေးနဲ့ ကျန်းမာရေးအစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ အမှုအခင်းတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တူညီတဲ့ စီရင်မှုမျိုးမဟုတ်ပဲ ရပ်ရွာအလိုက် ကျင့်သုံးနေကြတာဖြစ်တာကြောင့် မူတခုချမှတ်ပြီး ပြစ်ဒဏ်တွေစီရင်ဖို့ကိုတော့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
ကြားကာလ ပြည့်သူ့အုပ်ချုပ်ရေး ယာယီ ဖွဲ့စည်းမှုဟာ CRPH ရဲ့ ဖေဖော်ဝါရီလက လမ်းညွှန်ချက်ကို ရယူထားကြတာဖြစ်ပြီး တချို့မြို့နယ်တွေကတော့ ဖွဲ့စည်းမှုအတွက် အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ လမ်းညွှန်ချက် ရယူတာမျိုးတွေ ရှိပါတယ်။
ခရမ်းမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ယာယီကိုတော့ အောက်တိုဘာ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ပြီး NUG ရဲ့ လမ်းညွှန်မှုနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ NUG နဲ့ ချိတ်ဆက်ပြီး ရန်ကုန်တတိုင်းလုံးကို ချိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။ အခုနားသွားတဲ့ အုပ်ချုပ်ရေးမှုးနေရာတွေကို အစားထိုး နေရာယူနိုင်ဖို့ ကြိုးစားလုပ်သွားမှာပါ” လို့ ခရမ်း PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အဆင့်ဆင့် ဖွဲ့စည်းကြဖို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောကြားတာ ဖြစ်ပါ တယ်။
CRPH ရဲ့ လမ်းညွှန်ချက်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တစ်ဖွဲ့ကို အဖွဲ့ဝင်အနည်းဆုံး ၁၁ ဦး ပါရှိရမှာဖြစ်ပြီး ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေ၊ CDM ဝန်ထမ်းတွေနဲ့ လူငယ်တွေပါရှိရမယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ပြည်နယ်နဲ့တိုင်းတွေမှာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဒေသ PDF တွေက ဦးဆောင်ဖွဲ့စည်းထားကြပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို NUG အစိုးရနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့နဲ့ ချိတ်ထားပြီးဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ တော်တော်များများ ရှိနေပါပြီ။ စစ်ကိုင်းတိုင်းမှာ ပိုများတယ်။ အဓိက သူတို့လုပ်ပေးနိုင်မှာက သတင်းဖလှယ်မှုတွေ၊ အပြန်အလှန် ကူညီပံ့ပိုးတာတွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွေ၊ ကျန်းမာရေး ကူညီထောက်ပံ့ရေးတွေကို လုပ်ပေးနိုင်မှာပါ” လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးခူထဲဘူးက ပြောပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေအနေနဲ့ ရပ်ကွက်ကျေးရွာတွေက လူထုလုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စတွေအတွက် ပြည်သူတွေထံကို အဆက်မပြတ်သတင်းပို့ဖို့၊ လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာကျင့်သုံးဖို့နဲ့ စစ်အုပ်စုက ထုတ်ပြန်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်တွေကို ဆန်ကျင်ဖီဆန်ဖို့ ပါရှိပါတယ်။
လက်ရှိမှာ အုပ်ချုပ်ရေးမှုးတွေ နုတ်ထွက်နေကြတယ်ဆိုပေမယ့် စစ်ကောင်စီက အစားထိုး ပြန်လည် ခန့်အပ်တာ၊ အုပ်ချုပ်ရေးမှုး ရာထူးက နုတ်ထွက်ခွင့်မပြုတာ စတဲ့ သူ့တို့ရဲ့ အုပ်ချုပ်ရေးယန္တရား အသက်ဝင်စေဖို့ လက်နက်နဲ့ ဖိအားပေး လုပ်ဆောင်နေဦးပါ။
“တခုရှိတာက နှုတ်ထွက်တယ်ဆိုပြီး နောက်ကွယ်ကနေ ဆက်ပြီး တာဝန်ထမ်းဆောင် တာမျိုးလည်း ရှိနိုင်ပါတယ်။ ခရမ်းမြို့နယ်ဆိုရင် အုပ်ကြီး အားလုံးနှုတ်ထွက်ပြီးပြီဆိုပေမယ့် တပ်က လုံခြုံရေးပေးပြီး ပြန်ပြီး တာဝန်ထမ်းဆောင်ခိုင်းတာမျိုးလည်း ရှိပါတယ်။ အဲဒါကြောင့် အုပ်ကြီး တွေ နှုတ်ထွက်ပြီဆိုတဲ့ indicator တခုတည်းနဲ့ အုပ်ချုပ်ရေး ယန္တရား ရပ်သွားပြီလို့ မဆိုနိုင်သေးပါဘူး” လို့ အုပ်ချုပ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူက ဆိုပါတယ်။
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးတွေ အသက်ဝင်လာဖို့ကတော့ NUG ရဲ့ လမ်းညွှန်ဆောင်ရွက်မှုက အဓိကကျမှာ ဖြစ်တယ်လို့ PDF တွေက ပြောဆိုထားပါတယ်။
You may also like these stories:
PDF နှင့် ရွာသားများကို “ရှင်းလင်းရန်” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား
အာဏာသိမ်းခေါင်းဆောင် နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ဟု ပြည်သူ့စစ်သားများပြော
စစ်တပ်က အရပ်သားဟန်ဆောင်ကာ PDF များကို တိုက်ခိုက်
NLD ရဲ့ ပြုပြင်ပြောင်းလဲရေးကို စစ်ကောင်စီ ပြောင်းပြန်လှန်
The post စစ်ကောင်စီအတွက် အုပ်ကြီးလုပ်မယ့်သူ ရှားလာ appeared first on ဧရာဝတီ.