Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

အောင်ဘာလေထီ နိဂုံးချူပ်တော့မလား

$
0
0

“စစ်ကောင်စီရဲ့ အောင်ဘာလေထီက လုံးဝကို ရပ်ဆိုင်းသွားပြီလို့ ပြောလို့ရတယ်”

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြီးခဲ့သည့် ရက်ပိုင်းက ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။

လက်ရှိ ဩဂုတ်လအတွင်း၌ စစ်ကောင်စီ၏ ထီရောင်းရငွေသည် ကျပ်သိန်း ၆ ထောင်ပင် မပြည့်သေးကြောင်း သူရရှိထားသော အချက်အလက်များကို ကိုးကား၍ အောင်ဘာလေထီ၏ အခြေအနေကို ရှင်းပြသည်။

ဦးတင်ထွန်းနိုင်က “သူတို့ ရောင်းရငွေမှ သိန်း ၆၀၀၀ တောင် မပြည့်တာ သူတို့က ဘယ်လို ဆုကြေး ပြန်ခွဲပေးနိုင်မှာလဲ” ဟု ဆိုသည်။

ယခင်နှစ်များစွာက အိမ်ထောင်စုတိုင်းလိုလို လစဉ် မဖြစ်မနေ ကံစမ်းကြသည့် အောင်ဘာလေထီမှာ ယခုချိန်တွင် ဖယ်ကျဉ်ခံထားရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

၎င်းပြောဆိုသလိုပင် ယခင်နှစ်များစွာက အိမ်ထောင်စုတိုင်းလိုလို လစဉ် မဖြစ်မနေ ကံစမ်းကြသည့် အောင်ဘာလေထီမှာ ယခုချိန်တွင် ဖယ်ကျဉ်ခံထားရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများအပြင် ၎င်းတို့အတွက် ဘဏ္ဍာငွေအဖြစ် ရရှိ နေသော အခွန်ငွေရလမ်း အားလုံးကို အများပြည်သူ ဆန့်ကျင်သပိတ်မှောက်နေကြသည်။

ထိုအထဲတွင် အောင်ဘာလေထီမှာ ထိပ်ဆုံးက ပါဝင်နေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အရပ်သား အစိုးရလက်ထက်က နောက်ဆုံး ရောင်းချခဲ့သော (ဇန်နဝါရီလအတွင်း) ထီများအတွက် ဖေဖော်ဝါရီလ ၁ ရက် ထီဖွင့်ပွဲတွင် ထီရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၂၀၆၁၈ ကျော်ကို ထီဆုမဲပေါင်း ၂၄၂,၃၆၇ အထိ ချီးမြှင့်နိုင်ခဲ့ပြီး အမြင့်ဆုံး ဆုများအဖြစ် ကျပ်သိန်း ၁ သောင်းခွဲ၊ ကျပ်သိန်း ၁ သောင်း၊ ကျပ် သိန်း ၅ ထောင် ၂ဆု၊ ကျပ်သိန်း နှစ်ထောင် ၄ ဆု နှင့် ကျပ်သိန်း တထောင် ၈ ဆု အထိ ချီးမြှင့်နိုင်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အောင်ဘာလေထီကို ထိုးမည့်သူ မရှိသလောက်ဖြစ်သွားပြီ/ ဧရာဝတီ

စစ်ကောင်စီ လက်ထက် နောက်ဆုံး ထီဖွင့်ထားသော ဇူလိုင်လ ၁ ရက် ထီဖွင့်ပွဲတွင် ထီရောင်းရငွေ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၁၂၂၆ ကျော်ကို ထီဆုမဲပေါင်း ၂၁၇၄ ခုသာ ချီးမြှင့်နိုင်တော့ပြီး အမြင့်ဆုံး ဆုများအဖြစ် ကျပ်သိန်း ၅ ထောင် ၁ ဆုနှင့် ကျပ် သိန်း ၁ ထောင် ၁ ဆုကိုသာ ချီးမြှင့်နိုင်တော့သည်။

စစ်ကောင်စီ၏ ထီရောင်းချနိုင်မှု ရငွေသည် NLD အစိုးရလက်ထက် ရငွေ၏ ၆ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ထီဆုအရေ အတွက်လည်း NLD အစိုးရလက်ထက်က ဆုချီးမြှင့်ခဲ့သည့် ဆုမဲအရေအတွက်၏ ၁ ရာခိုင်နှုန်းခန့်သာ ဆုချီးမြှင့်နိုင်သည်။

ထိုအခြေအနေများက အောင်ဘာလေထီအပေါ် လူထု၏ ဆန့်ကျင်သပိတ်မှောက်သည် မည်မျှထိ ရောက်သည်ကို အထင်သား ပေါ်လွင်နေသည်။

ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ငွေသားထုတ်ယူရန် အခက်အခဲဖြစ်မှုကလည်း အောင်ဘာလေထီအပေါ် အများပြည်သူများ၏ ယုံကြည်မှုပါ ထပ်မံ ကျဆင်းသွားစေခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အောင်ဘာလေထီကို ထိုးမည့်သူ မရှိသလောက်ဖြစ်သွားပြီး မရောင်းရဘဲ ထီလက်မှတ်မှာ သိန်းနှင့်ချီ ကျန်လာ၍ မတ်လ ၁ ရက် ထီဖွင့်မည့်ရက်ကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသလို ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် ငွေသားထုတ်ယူရန် အခက်အခဲဖြစ်မှုကလည်း ဆန့်ကျင် သပိတ်မှောက်ခံနေရသော အောင်ဘာလေထီအပေါ် အများပြည်သူများ၏ ယုံကြည်မှုပါ ထပ်မံ ကျဆင်းသွားစေခဲ့သည်။

ယခင်က တလ ၁ ကြိမ်ဖွင့်သည့် အောင်ဘာလေထီလုပ်ငန်းမှ အစိုးရသည် လစဉ် ထီလက်မှတ်ပေါင်း သန်း ၄၀ အထိ ရောင်းချရပြီး နှစ်စဉ်ဝင်ငွေအဖြစ် ကျပ်ငွေဘီလီယံ ၁၅၀ မှ၂၀၀ ကြားအထိ ရှိကြောင်း သိရသည်။

ပုံမှန်အခြေအနေတွင် အမြတ်များသော စီးပွားရေးလုပ်ငန်းတခုဖြစ်သော်လည်း ကျပ် ၁၀၀၀ တန်အဖြစ် စတင် အပြောင်းအလဲ လုပ်ခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လမှစတင်ကာ ထီရောင်းအားသည် တဖြည်းဖြည်းကျဆင်းနေသလို ၂၀၂၀ ပြည့်နှစ်ထဲ တွင်လည်း ကိုဗစ်ကပ်ရောဂါကြောင့်လည်း ထီရောင်းအားသည် သိသိသာသာ ကျဆင်းသွားကာ ထီလုပ်ငန်းလုပ်ကိုင်သူ အများစုမှာ အရှုံးပေါ်သည်အထိ ဖြစ်သွားခဲ့သည်။

ထိုသို့သော ဆုံးရှုံးမှုများကြား ကျားကန်နေရသည့် အခြေအနေမှာပင် စစ်တပ်၏ အာဏာသိမ်းမှု အကျိုးဆက်ကြောင့်လည်း ထီလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှု ကြီးမားလာ၍ ထီလုပ်ငန်းကို စွန့်ခွာသွားသည့် လုပ်ငန်းရှင် အများအပြား ရှိနေကြောင်း ထီလုပ်ငန်းလုပ်ကိုင်သူ တဦးက ဆိုသည်။

“ကိုဗစ်ကာလမှာတုန်းက ကုန်သည်တွေပဲ ထိတာ၊ တဆင့်ပြန်ယူရောင်းတဲ့ ကိုယ်စားလှယ်တွေက အေးဆေးပဲ၊ ဒီအာဏာသိမ်းမှု နောက်ပိုင်းမှာကတော့ အကုန်လုံး ထိကြတာ။ ထီတစောင်ကို အရင်းတင် ၉၁၀ (ကျပ်) လောက်ရှိတာကို ၄၀၀ (ကျပ်) လောက်နဲ့ ဆင်းရောင်းတာတောင် ယူရောင်းမယ့်သူ မရှိသလောက်ပဲ” ဟု ပြောပြသည်။

ပြည်တွင်း အခွန်များ ဦးစီဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီလက်မှတ်များကို တဆင့်ပြန်လည်ရောင်းချသည့် ပင်ရင်းထီဆိုင်များက လျှောက်လွှာစနစ်ဖြင့် ဝယ်ယူကြရပြီး ၎င်းတို့က လက်လီဖြန့်ဖြူး ရောင်းသူများထံသို့ တဆင့် ပြန်လည် ရောင်းချသလို အများပြည်သူသို့လည်း တိုက်ရိုက် ရောင်းချကြသည်။

ထီလုပ်ငန်း သဘောတရားအရ ထီလက်မှတ်များကို ရိုက်နှိပ်ရန်အတွက် ထီလုပ်ငန်းရှင်များက လစဉ် ပုံမှန် ဝယ်ယူမည့် ထီလက်မှတ်အရေအတွက်၏ သုံးလစာကို စရံငွေ ကြိုပေး၍ ဝယ်ယူရပြီး ခွဲတမ်းရသည့် ထီလက်မှတ်များကို ရောင်းချရသည်။

ရောင်းမကုန်သော ထီလက်မှတ်များအတွက် ပြည်တွင်း အခွန်များဦးစီးဌာနက လက်ကားပင်ရင်း ထီလုပ်ငန်းရှင်များကို ငွေပြန်မအမ်းသလို တဆင့် ကိုယ်စားလှယ်ယူ၍ ရောင်းချကြသော လမ်းဘေးထီဆိုင်များနှင့် ထီလှည်းသမားများတွင် မရောင်းရ၍ ကျန်ရှိနေသော ထီလက်မှတ်များအတွက် လက်ကားသမားများက ငွေပြန်မအမ်းသည့်အတွက် ငွေကြိုစိုက်ထုတ်ပြီး ရင်းနှီးလုပ်ကိုင်ရသည့် ထီလုပ်ငန်းအပေါ် လက်တွန့်လာနေကြသည်။

“ကိုယ့်ငွေတွေကို ရေထဲပစ်ချနေရသလို ဖြစ်နေတာလေ။ ရင်းလိုက်ပြီးရင် ပြန်မှ မရောင်းရတော့ ဒီအလုပ်ကို ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး” ရန်ကုန်မြို့ သာကေတမြို့နယ်တွင် နေထိုင်သော ထီကိုယ်စားလှယ်ယူရောင်းသူ တဦးက ပြောသည်။

ထီလုပ်ငန်းကို စွန့်ခွာသွားသည့် လုပ်ငန်းရှင် အများအပြား ရှိလာနေပြီဖြစ်သည်/ ဧရာဝတီ

ကိုဗစ်ကာလမှာပင် လ ၁ လ၏ တတိယအပတ်များနှင့် စတုတ္ထအပတ်များတွင် ထီထိုးအားသည် ပုံမှန် ရှိနေခဲ့ပြီး လစဉ် အမြတ်ငွေ ကျပ် ၃ သိန်းမှ ၄ သိန်း ဝန်းကျင်အထိ ရှိကြောင်း၊ ယခုတွင်မူ ထီထိုးမည့်သူ မရှိသလောက်ဖြစ်သွားပြီး လုံခြုံ ရေး စိုးရိမ်ရသည့် အခြေအနေများကြောင့် ထီလက်မှတ်ရောင်းချခြင်း အလုပ်ကို မလုပ်ကိုင်တော့ကြောင်း အသက် ၄၀ ဝန်း ကျင်အရွယ် ၎င်းက ဆိုသည်။

“ကျနော်တို့ ထီရောင်းတဲ့ သူတွေဆိုတာ နေရာစုံ လျှောက်ပတ်သွားပြီး လိုက်ရောင်းရတာလေ ဒီကာလမှာ အပြင်ထွက် သွားဖို့ လာဖို့ ဆိုတာက ဘယ်လိုမှ အဆင်မပြေဘူးလေ” ဟု ပြောသည်။

ထီကိုယ်စားလှယ်ယူ ရောင်းသူအများစုသည် လက်ရှိ အချိန်တွင် ၎င်းတို့၏ ထီလှည်းများပေါ် ထီလက်မှတ်များအစား ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ် သစ်သီးများကို ပြောင်းလဲရောင်းချနေကြသည်။

မြို့နယ်နှင့် ရပ်ကွက်များအတွင်း လှည့်လည် ရောင်းချကြသော ထီကိုယ်စားလှယ်ယူ ရောင်းသူအများစုသည် လက်ရှိ အချိန်တွင် ၎င်းတို့၏ ထီလှည်းများပေါ် ထီလက်မှတ်များအစား ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ် သစ်သီးများကို ပြောင်းလဲရောင်းချနေကြသည်။

အာဏာသိမ်းပြီးနောက် ထီရောင်းအား ကျဆင်းမှုသည် ၆ လကျော်ပြီ ဖြစ်လာသည့်အတွက် တချို့ထီလုပ်ငန်းရှင်များသည် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းထားသော စရံငွေများကိုပင် အဆုံးခံကာ ထီလက်မှတ်များပင် ထပ် မထုတ်တော့ကြောင်း ထီလုပ်ငန်းလုပ်ကိုင်သူတချို့ထံမှ သိရသည်။

“လူထုက သူတို့အပေါ် ဘယ်လောက် ရာခိုင်နှုန်းက ထောက်ခံတယ်၊ ဘယ်လောက်က ဆန့်ကျင်လည်း ဆိုတာကို ဒီထီ ကိစ္စမှာတင် သိသာတယ် တိုင်းတာလို့ ရတယ်လေ။ သူတို့ရဲ့ တရားဝင်မှုက မရှိသလောက် ဖြစ်နေတာကို ပြတာပေါ့” ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူတဦးက စစ်ကောင်စီ၏ ဝင်ငွေလမ်းကို ဖြတ်တောက်ခြင်း၊ စစ်ကောင်စီကို အယုံအကြည် မရှိခြင်း အစရှိသည့် ကိစ္စရပ်များကြောင့်လည်း အောင်ဘာလေထီမှာ ရောင်းအား ကျသထက် ကျလာခဲ့ကြောင်း သုံးသပ်ပြသည်။

ယင်းပြင် နိုင်ငံရေး အပြောင်းအလဲနှင့် ကိုဗစ်တတိယလှိုင်းဒဏ်များကြောင့် အများပြည်သူများသည် ဝင်ငွေကျဆင်းသွားခြင်းနှင့် ကျန်းမာရေး ကိစ္စအပေါ်ကို ရုန်းကန်နေကြရသည့်အတွက် အောင်ဘာလေထီအပေါ် အာရုံ မရှိတော့ကြောင်း ၎င်းက ဆိုသည်။

“NUG ဆိုတာ ဘာမှ ခိုင်ခိုင်မာမာ ဖြစ်သေးတာ မဟုတ်ဘူး။ တနည်းအားဖြင့် မမြင်ရတဲ့ အစိုးရပေါ့။ အဲဒီ အစိုးရ အပေါ်မှာ တောင်မှ အများပြည်သူရဲ့ ယုံကြည်မှုက သူတို့နဲ့ (စစ်ကောင်စီ) တခြားစီပဲလေ။ နွေဦးထီဆိုပြီး လုပ်လိုက်တာ အလုအယက် ထိုးကြတာလေ။ ဒါတောင် သိန်းထောင်နဲ့ချီပြီး ဆုပြန်ပေးမယ့် ထီမဟုတ်ဘူး” ဟု ပြောသည်။

NUG ၏ နွေဦးထီကိုမူ ဆုကြေးရလိုမှုအတွက် မဟုတ်ဘဲ စစ်အာဏာရှင် ဖြုတ်ချရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်း လို သည့်အတွက် ရည်ရွယ်၍ ထိုးကြသည့် ဦးရေက များပြားသည်။

“နွေဦးထီက ပေါက်ရင် ဘာရမယ်၊ ဆုကြေး ဘယ်လောက်ဆိုတာ ကျမတို့ စိတ်မဝင်စားပါဘူး။ အဓိက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲ ရောက်သွားဖို့ပဲ။ ထီထိုးတဲ့အခါ ပေါက်ရင် အကုန် ပြန်လှူမလား ဆိုတာ တခုပါတယ်။ အဲဒါဆိုရင် ကျမတို့နဲ့ နီးစပ်တဲ့သူတွေလည်း အကုန် ပြန်လှူမယ်ဆိုတာကိုပဲ ရွေးကြတာပဲ” ဟု နွေဦးထီထိုးသူ တဦးက ဆိုသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ အောင်လံလွှင့်ချီ နွေဦးထီသည် စတင် စမ်းသပ်ရောင်းချသော ဩဂုတ်လ ၁၅ ရက်တွင် ဝင်ရောက်ထီထီုးသူ များပြား၍ ၁ နာရီအတွင်းမှာပင် သတ်မှတ်စောင်ရေ ကုန်သည်အထိ ဖြစ်ခဲ့ရသည်။ ၅ ရက် အတွင်း အတည်ပြုအော်ဒါ ပေးပို့ထားသော ထီလက်မှတ် အရေအတွက်အရ ကျပ်သိန်း ၅၀၀၀ ဖိုးအထိ ရှိကြောင်း NUG ဘက်က ပြောကြားထားသည်။

စစ်ကောင်စီ ဘက်ကလည်း လာမည့် စက်တင်ဘာလ ၁ ရက် ထီဖွင့်ပွဲ ပြုလုပ်မည့် ၃၀ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီတွင် ထီလက်မှတ်ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခွဲဝေပေးမည် ဖြစ်သလို ထီ ဆုငွေအားလုံး ကိုလည်း အကန့်အသတ် မထားဘဲ အပြည့်အဝ ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း လိုက်လံ ကြေညာကာ အများပြည်သူများကို ဆွဲဆောင်နေသည်။

သို့သော်လည်း ၎င်းတို့၏ ဆွဲဆောင်မှု အောင်မြင် မအောင်မြင်နှင့် ၎င်းတို့ ပေးထားသည့် ကတိစကားများ တည်မတည်နှင့် အောင်ဘာလေထီ ကျဆုံးသွားလေတော့မလား ဆိုသည်ကို ရက်ပိုင်းသာ လိုတော့သည့် စက်တင်ဘာလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၂၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ထီဖွင့်ပွဲတွင် မျက်ဝါးထင်ထင် မြင်တွေ့ရတော့မည်ဖြစ်ပေသည်။

You may also like these stories:

အောင်ဘာလေထီကို အွန်လိုင်းစနစ်ဖြင့် ရောင်းရန် စစ်ကောင်စီ ကြံရွယ်နေသလား

ထီထိုးသူနည်း၍ အမြင့်ဆုံး ကျပ်သိန်းငါးထောင်ဆုသာ ချီးမြှင့်မည်

နိုင်ငံခြားငွေ မှောင်ခိုဈေးကွက် ပြန်ပေါ်လာမလား

The post အောင်ဘာလေထီ နိဂုံးချူပ်တော့မလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...