စင်္ကာပူသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သော်လည်း ထိုရင်းနှီးမြှုပ်နှံမှု အများအပြားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရနေချိန်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်က ပြောကြားလိုက်သည်။
စီးပွားရေးအခွင့်အလမ်းများကြောင့် စင်္ကာပူမှ ရင်းနှီးမြှုပ်နှံမှုများဖြစ်လာခဲ့ပြီး နိုင်ငံရေးဖိအားနှင့် မဆိုင်ကြောင်းလည်း သူ အလေးထားပြောသည်။ “နိုင်ငံရေးတည်ငြိမ်မှုရှိတဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေ စီးဆင်းမယ် ဆိုတဲ့အချက်ကို ကျနော်ပြောလိုတယ်။ လတ်တလောမှာတော့ ရင်းနှီးမြှုုပ်နှံမှု စီးဆင်းမှုတွေ ခန်းခြောက်သွားပြီလို့ ကျနော်သေချာပေါက်ပြောနိုင်တယ်”ဟု Reuters သတင်းတပုဒ်တွင် သူက ပြောသည်။
စင်္ကာပူသည် မြန်မာထိပ်တန်းဗိုလ်ချုပ်များနှင့် ခရိုနီများ၏ ခိုလှုံရာနေရာဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ၎င်းတို့သည် ဆေးကုသရန်နှင့် အနားယူရန် စင်္ကာပူသို့ မကြာခဏ သွားရောက်ကြသည်။ ကွယ်လွန်သူ အာဏာရှင်ဟောင်းဦးနေဝင်းသည် စင်္ကာပူတွင် ဆေးကူသမှုခံယူသကဲ့ ယခင်စစ်အုပ်စု အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း စင်္ကာပူတွင်ပင် ဆေးကုခံသည်။ ထိုအာဏာရှင်များနှင့်အဆက်အသွယ်ရှိသူ အများအပြားသည် စင်္ကာပူတွင် အိမ်များ ဝယ်ထားကြသည်။
အာဏာရှင်များနှင့် ခရိုနီများ ဆေးဝါးကုသရေး ခရီးသွားလုပ်ငန်းမှသည် လက်ရှိနှင့် လက်ဟောင်း မူးယစ်ရာဇာများ အားလပ်ရက် အပမ်းဖြေရန် အဆင့်မြင့်ကွန်ဒိုများ ဝယ်ယူခြင်းအထိ မြန်မာနိုင်ငံမှ အနည်းငယ်မျှသော စီးပွားရေးအဆင်ပြေသူများသည်လည်း ၎င်းတို့နည်းဖြင့်၎င်းတို့ စင်္ကာပူစီးပွားရေးအောင်မြင်မှုကို ကူညီမောင်းနှင်ပေး နေကြသည်။
ASEAN သည် မြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရာတွင် မျှော်လင့်ထားသလောက် ထိရောက်မြန်ဆန်မှု ရှိမည်မဟုတ်ကြောင်း ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်က ဝန်ခံလိုက်သည်။
ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN သည် မြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရာတွင် မျှော်လင့်ထားသလောက် ထိရောက်မြန်ဆန်မှု ရှိမည်မဟုတ်ကြောင်း NLD အစိုးရကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က မဖမ်းဆီးမီက အကြိမ်များစွာတွေ့ဆုံဖူးသော ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်က မကြာသေးမီက ဝန်ခံလိုက် သော်လည်း ASEAN နှင့် စင်္ကာပူသည် စစ်ကောင်စီနှင့် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိကြောင်းပြောသည်။
ပစ်မှတ်ထားအရေးယူမှုများသည် ထိရောက်မှု ရှိနိုင်သလားဟု မေးသောအခါ ဘာလာခရစ်ရှ်နန်က လက်တွေ့ကျကျ စဉ်းစားရန် လိုကြောင်းပြောသည်။
“တပ်မတော်ဟာ အထီးကျန်တာတို့ နာကျင်တာတို့ကို အရမ်းခံနိုင်ရည်ရှိတယ်ဆိုတာ အထူးသဖြင့် နာကျင်မှုတွေကို တခြားပြည်သူတွေ ခံရတဲ့အခါ အရမ်းခံနိုင်ရည်ရှိတယ်ဆိုတာ အတိတ်သမိုင်းကနေ ကျနော်တို့ သိပြီးဖြစ်ပါတယ်” ဟု သူပြောသည်။
“ဒါကြောင့်မို့လို့ တွေ့ဆုံဆွေးနွေးမှု၊ ထိတွေ့ဆက်ဆံမှု၊ စေ့စပ်ညှိနှိုင်းမှု၊ ပြန်လည်သင့်မြတ်မှု၊ စီးပွားရေး ပြန်လည်တည်ဆောက်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက ပြန်လည် ဆွဲဆောင်နိုင်ရေးတို့ကပဲ တခါထပ်ပြီး မြန်မာအတွက် ထွက်ပေါက်ဖြစ်ပါတယ်” ဟု သူပြောသည်။
မြန်မာနှင့်စင်္ကာပူတို့သည် တူညီသော ကိုလိုနီသိမ်းပိုက်ခံမှု သမိုင်းရှိကြပြီး အရှေ့တောင်အာရှ အိမ်နီးချင်းများအဖြစ် ရှည်လျှားသော ဆက်ဆံရေးလည်း ရှိကြသည်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရှိစဉ် စင်ကာပူဝန်ကြီးချုပ် လီရှန်လောင်းက ၁၉၅၀ ခုနှစ်များအတွင်း သူ၏ဖခင် လီကွမ်ယူနှင့် ဒေါ်အောင်ဆန်းစုကြည်၏မိခင် အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒေါ်ခင်ကြည်တို့ အတူ ရိုက်ထားသော ဓါတ်ပုံကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် လက်ဆောင်ပေးပြီး ထိုဆက်ဆံရေးကို ပြန်လည်ရည်ညွှန်းပြောကြားဖူးသည်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လောင်းက ၁၉၅၀ ခုနှစ်များအတွင်း သူ၏ဖခင် လီကွမ်ယူနှင့် ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်တို့ အတူ ရိုက်ထားသော ဓါတ်ပုံကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် လက်ဆောင်ပေးဖူးသည်။
စင်္ကာပူနိုင်ငံကို တည်ထောင်သည့် ဖခင်ကြီး လီကွမ်ယူသည် ၁၉၉၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ခဏတာ ဝေဖန်ခဲ့သည်။ မြန်မာစစ်အုပ်စုသည် နိုင်ငံကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး ပြည်တွင်းစစ်ကိုတားဆီးနိုင်သည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း သူပြောပြီး ဒေါ်အောင်ဆန်းစုကြည်အာဏာရလာနိုင် အုပ်ချုပ်နိုင်မည့် စွမ်းရည်ကို မေးခွန်းထုတ်သည်။
အမှန်တကယ်တွင် ကွယ်လွန်သူ အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်းသည် လီကွမ်ယူ၏ မိတ်ဆွေဟောင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံတွင် ဂေါက်ကစားကြပြီး မြန်မာနိုင်ငံသည် အာရှကျား ဖြစ်လာနိုင်ကြောင်း လီကပြောသည်။ နိုင်ငံကို တံခါးဖွင့်ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ဦးနေဝင်းကို သူအကြံပေးသော်လည်း သူ၏အကြံကို ဦးနေဝင်းက လိုက်နာခြင်း မရှိပေ။ နေဝင်းစစ်အုပ်စုအောက်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ အဆင်းရဲဆုံးနှင့် အထီးကျန် အဖြစ်ဆုံး နိုင်ငံတခုဖြစ်လာသည်။
၂၀၀၇ ခုနှစ်က ပေါက်ကြားလာသော အမေရိကန် သံတမန်ကြေးနန်းသတင်းအရ လီကွမ်ယူက မြန်မာဗိုလ်ချုပ်များသည် ထုံပေပေ ကပ်တပ်တပ်များဖြစ်ကြောင်း ပြောသည်ဟု ဖေါ်ပြထားသည်။
စစ်အုပ်စုခေါင်းဆောင်များနှင့် ဆက်ဆံရသည်မှာ လူသေများကို စကားပြောရသည်နှင့်တူကြောင်း လီက အမေရိကန် သံတမန်များကိုပြောသည်ဟု ထိုကြေးနန်းသတင်းက ဆိုသည်။ ထိုဗိုလ်ချုပ်များသည် နိုင်ငံ၏ သယံဇာတများကို စီမံခန့်ခွဲမှုမှားကြောင်း သူပြောပြီး ထိုဗိုလ်ချုပ်များကို လက်လျှော့ထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဟုလည်း သူပြောသည်။
ဝါရင့်သံတမန်တဦးဖြစ်သော ဘာလာခရစ်ရှ်နန်အနေဖြင့် လီကွမ်ယူကဲ့သို့ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး စိတ်ထဲရှိသည့်အတိုင်း ပြောမည် မထင်။ ပြောလျှင်လည်း ကွယ်လွန်သူ စင်္ကာပူ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီး၏ စကားများကိုသာ ပဲ့တင်ထပ်နေပေလိမ့်မည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Singapore Says ‘Lines of Communication’ Open With Myanmar Junta—but to Say What? ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မေရိကန်ဒုသမ္မတနှင့် စင်ကာပူ ဝန်ကြီးချုပ် မြန်မာ့အရေး ဆွေးနွေး
စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်သည့် အာဆီယံ ပါလီမန် အဝေဖန်ခံနေရ
မြန်မာစစ်ကောင်စီ သံတမန်များ ပြည်ဝင်ခွင့် ဂျပန်ငြင်းဆန်
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ
The post စင်ကာပူက စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထား appeared first on ဧရာဝတီ.