ခရီးမရောက်သော ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းမှုအပြီး လေးလခွဲကြာသောအခါ စစ်တပ်က လမ်းမများမှ ဆန္ဒပြသူများအပေါ် အသာစီးရသွားပြီးနောက် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် အခြားမြို့ကြီးများတွင် အစိုးရရုံးများ၊ ကျောင်းများ၊ လုံခြုံရေးတပ်များကို ပစ်မှတ်ထားသည့် ဗုံးဖေါက်ခွဲမှုများ များပြားလာသည်။
မေလ ၂၅ ရက်နေ့က ရန်ကုန်ရှိ မင်္ဂလာဆောင်တခုတွင် လျှပ်စစ်မီးဖိုဟုယူဆရသည့် လက်ဖွဲ့ပစ္စည်းတခု ပေါက်ကွဲပြီး သတို့သမီးနှင့် သတို့သား၏ ဆွေမျိုးနှစ်ဦးသေဆုံးသည်။ အခြားဧည့်သည် ၈ ဦးလည်း ဒဏ်ရာရသည်။ ထိုလက်ဖွဲ့ဗုံးကို ပန်းရောင်ရှပ်အင်္ကျီနှင့် နှာခေါင်းစည်းတပ်ဆင်ထားသူ တဦးက ယူဆောင်လာကြောင်း သေဆုံးသူများအနက် တဦး၏မိခင် ဒေါ်ဝင်းဝင်းသိန်းက ပြောသည်။”ဒီလူက ခဏလာထိုင်ပြီးတော့ ဖုန်းလာတဲ့အခါ ပြန်သွားတယ်။ နောက် မကြာခင်မှပဲ ဗုံးပေါက်ကွဲတယ်” ဟု သူက Nikkei Asia သို့ပြောသည်။
ပြည်တွင်းသတင်းဌာနများ၏အဆိုအရ သတို့သားသည် စစ်တပ်ထောက်ခံသူဖြစ်ပြီး လမ်းမပေါ်ဆန္ဒပြပွဲများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းစဉ်က လုံခြုံရေးတပ်များကို သတင်းပေးသူအဖြစ် ကျော်ကြားကြောင်း သိရသည်။ ထိုဖေါက်ခွဲမှုအတွက် မည်သူကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခြင်းမရှိသော်လည်း သတို့သားကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ထိုမင်္ဂလာဆောင်သို့ တက်ရောက်သူများက ယုံကြည်ကြသည်။ သတို့သားသည် အန္တရာယ်မှ လွတ်မြောက်သွားခဲ့သည်။
“ကျမသားက ရပ်ကွက်ထဲမှာ အရမ်းကို ကူညီတတ်တဲ့ကလေး” ဟု သေဆုံးသူ ကို ဇော်ဝင်းအောင်၏ မိခင် ဒေါ် ဝင်းဝင်းသိန်းပြောသည်။ အသက် ၁၉ နှစ်ရှိပြီဖြစ်သော ကို ဇော်ဝင်းအောင်သည် သတို့သားနှင့် ညီအကို ဝမ်းကွဲတော်သည်။ လွန်ခဲ့သောနှစ်က သူသည် ရန်ကုန်ရှိ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဌာနတခုတွင် စေတနာဝန်ထမ်းအဖြစ် လုပ်ကိုင်ရင်း အိမ်သို့ ၆ လခန့် ပြန်မလာနိုင်ပေ။ ကိုဇော်ဝင်းအောင်ကို ဂုဏ်ပြုလက်မှတ်တစောင်နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့် ဆုတံဆိပ်တခုကို ထိုစဉ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချီးမြှင့်ဖူးသည်။
“အပြစ်မဲ့သူတွေ ထိခိုက်တာ ကျမ မမြင်ချင်ဘူး” ဟု ဒေါ်ဝင်းဝင်းသိန်းပြောသည်။ သူမ၏သားများအခြားတယောက်ဖြစ်သော ကိုဝေယံမိုးသည် ထိုတိုက်ခိုက်မှုအတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရပြီး ခြေနှင့်လက်များကို ခွဲစိတ်ကုသရန် တပတ်ခန့်ဆေးရုံတက်ခဲ့ရသည်။

တကမ္ဘာလုံးမှ ပဋိပက္ခများကို လေ့လာစောင့်ကြည့်နေသည့် အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Armed Conflict Location and Event Data Project (ACLED)၏ အဆိုအရ မြန်မာနိုင်ငံတွင် မေလက ဗုံးပေါက်ကွဲမှု ၂၉၇ ခုဖြစ်ပွားပြီး ဧပြီလက ၇၃ ကြိမ်ထက် အကြီးအကျယ် ပိုမိုများပြားလာကြောင်း သိရသည်။ ထိုဖေါက်ခွဲမှုအများစုကို ဖေါ်ထုတ်နိုင်ခြင်းမရှိသည့် လက်နက်ကိုင် အုပ်စုများက ပြုလုပ်ကြခြင်းဖြစ်သည်။
မေလအတွင်း ရန်ကုန်တွင် ဗုံး ၈၇ ကြိမ်ပေါက်ပြီး မန္တလေးတွင် ၄၁ ကြိမ်ပေါက်သည်။ လုံခြုံရေးအတင်းကျပ်ဆုံး နေပြည်တော်တွင် ဗုံးတကြိမ်ပေါက်ခြင်းအပါအဝင် တနိုင်ငံလုံးတွင် အခြားပေါက်ကွဲမှုများလည်း ရှိသည်။
ပေါက်ကွဲမှုအများစုသည် သီးခြားပေါက်ကွဲမှုများဖြစ်သော်လည်း ချိန်ကိုက်ပေါက်ကွဲမှုအချို့လည်း ရှိသောကြောင့် ကောင်းစွာ စည်းရုံး စီစဉ်ထားသည့် အဖွဲ့များ ပါဝင်နေကြောင်း ပြသနေသည်။
မေလ ၂၇ ရက်နေ့ နံနက်အစောပိုင်းက ရန်ကုန်မှ သာကေတတွင် ဗုံးဖေါက်ခွဲမှု ၈ ကြိမ်ဖြစ်ပြီး ထိခိုက်မှုမရှိပေ။ ပစ်မှတ်များတွင် ရဲစခန်း ၂ ခု၊ ကျောင်းတခု၊ ဈေးတခုနှင့် လမ်းထောင့်တခုပါသည်။ ထိုပေါက်ကွဲမှုများအပြီးတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးကို မဖေါ်ထုတ်နိုင်သောသူ ၃ ဦးက လုပ်ကြံသတ်ဖြတ်လိုက်သည်။ သာကေတသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများအပြင်းထန်ဆုံး ဖြစ်ခဲ့သော နေရာများတွင် ပါဝင်သည်။

နိုင်ငံရေးသမားများကိုလည်း ပစ်မှတ်ထားကြသည်။ ဇွန်လ ၁၀ ရက်နေ့တွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းကို ရန်ကုန်မြို့လမ်းများတွင် မဖေါ်ထုတ်နိုင်သူ ၂ ဦးက ပစ်သတ်လိုက်သည်။
လွန်ခဲ့သော ၃ ရက်အတွင်းက မန္တလေးရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်တန်းခေါင်းဆောင် ဦးဇော်မြင့်မောင်၏ နေအိမ်နှင့် NLD ရုံး ၂ ရုံးကို ဗုံးခွဲတိုက်ခိုက်သည်။
ဗုံးများသည် နေ့စဉ်နီးပါး ပေါက်ကွဲနေပြီး ကျောင်းများလည်း ပစ်မှတ်များတွင် ပါဝင်နေသောကြောင့် ဇွန်လ ၁ ရက်နေ့က ကျောင်းများပြန်ဖွင့်သော်လည်း မိဘအများစုသည် ၎င်းတို့၏ ကလေးများကို ကျောင်းသို့လွှတ်ရန် စိတ်အားထက်သန်ခြင်း မရှိကြပေ။ ကိုဗစ်-၁၉ ကြောင့် ကျောင်းများပိတ်ထားရပြီး တနှစ်အကြာတွင် ကျောင်းများ ပြန်ဖွင့်ခြင်းဖြစ်သည်။
“ကျနော်တို့က ကျနော်တို့ကလေးတွေရဲ့လုံခြုံရေးကို စိုးရိမ်တယ်။ ကလေးတွေစာသင်နေတုန်း တခုခုဖြစ်ရင် ဘယ်သူမှမကယ်နိုင်ဘူး” ၇ တန်းကျောင်းသားတဦး၏ ဖခင်က Nikkei သို့ပြောသည်။ စစ်ကောင်စီက ကလေးများအားလုံးကို ကျောင်းပြန်ပို့ရန် တိုက်တွန်းနေသော်လည်း သူသည် သူ၏သားကို ယခုနှစ်ကျောင်းမအပ်ကြောင်း ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေါက်ခွဲမှုနှင့် အခြားတိုက်ခ်ိုက်မှုများအတွင်း အရပ်သား ၁၇၃ ဦး သတ်ဖြတ်ခံရကြောင်း ဇွန်လ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောသည်။ သူက ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ထိုဖေါက်ခွဲမှုများအတွက် အပြစ်တင်သည်။ “ဒီအဖျက်လုပ်ရပ်တွေကို NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေ၊ အစွန်းရောက်တွေက ကျူးလွန်တာဖြစ်တယ်” ဟု သူပြောသည်။
ထိုသို့ နည်းလမ်းပြောင်းသွားခြင်းသည် ဆန္ဒပြပွဲများ အရှိန်ကျဆင်းလာသောကြောင့်ဖြစ်ကြောင်း သူပြောသည်။ “ဒါကြောင့် သူတို့တွေက အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ၊ အုပ်ချုပ်ရေးရုံးတွေကို မီးရှို့တာ၊ ဗုံးခွဲတာတွေကို ကျနော်တို့ ပိုမိုတွေ့လာရတယ်” ဟုလည်း သူပြောသည်။
အခြားသူများသည်လည်း ပြောက်ကျားလှုပ်ရှားမှုများတွင် ပါဝင်နေကြောင်း စစ်ကောင်စီက စွပ်စွဲသည်။ ထိုအခြားသူများတွင် စစ်ကောင်စီနှင့် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုဝင်ဘာလက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသူ လွှတ်တော်က်ိုယ်စားလှယ်အများစုပါဝင်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပါဝင်သည်။
အဝေးရောက် CRPH ၊ NUG နှင့် ၎င်းတကိုထောက်ခံသူများက ထိုရက်စက်ကြမ်းကြုတ်မှုများကို လှုံဆော်ငွေကြေးထောက်ပံ့နေကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်မှူး ကောင်းထက်စံက မေလတွင် သတင်းထောက်များကို ပြောခဲ့သည်။ အောင်မြင်သော မီးရှို့မှု ဖေါက်ခွဲမှုတခုစီအတွက် ငွေကြေးအထောက်အပံ့အဖြစ် ဆုကြေး ကျပ် ၃ သန်းပေးကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ၎င်းတို့၏ စစ်မြေပြင်ထိတွေ့ဆက်ဆံမှု စည်းမျဉ်းများကို မတ်လ ၂၆ ရက်နေ့က Facebook စာမျက်နှာတွင် ကြေညာပြီး အရပ်သားများ၊ ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုနေရာများကို ပစ်မှတ်ထားမည် မဟုတ်ကြောင်း ကြေညာသည်။
မန္တလေးရှိ NLD ရုံးများကို ဗုံးခွဲတိုက်ခိုက်ခြင်းအပါအဝင် တိုက်ခိုက်အချို့နောက်ကွယ်တွင် စစ်ကောင်စီ ပါဝင်ပတ်သက်နေသည်ဆို့သည့် သံသယများလည်း ရှိနေကြသည်။ ပြည်တွင်း ပြည်ပ မီဒီယာ သတင်းများအရ မြို့ပြဒေသများတွင် စစ်တပ်နှင့်ရဲများကို ကူညီရန် ပျူစောထီးအဖွဲ့ ကိုမေလအဆန်းပိုင်းတွင်ဖွဲ့စည်းထားကြောင်း သိရသည်။ ၎င်းတို့သည် လုံခြုံရေးစစ်ဆင်ရေးများတွင် ပါဝင်ပြီး မော်တော်ယာဉ်များကို စစ်ဆေးကြသည်။
“လွန်ခဲ့သောလအတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများက လက်လုပ်ဗုံးများသုံးပြီး မြို့ပြတွင် တိုက်ခိုက်မှု သိသိသာသာမြင့်မားလာသောကြောင့် ပျူစောထီးအင်အားစုများကို လက်နက်မဲ့ အရပ်ဝတ်ဖြင့် ချထားပြီး ထောက်လှမ်းရန်နှင့် ဒေသခံအတိုက်အခံများနှင့် ဆန္ဒပြအဖွဲ့များကို ပစ်မှတ်ထားသည့် သတင်းပေးများအဖြစ် သုံးလာသည်” ဟု Anthony Davis က လွန်ခဲ့သောလ နှောင်းပိုင်းက ထုတ်ဝေသည့် Jane’s Defence Weekly စာစောင်တွင် ရေးသားသည်။
ပျူစောထီးများကို ဖေါက်ခွဲရေးသင်တန်းပေးထားပြီး ၎င်းတို့သည့် ဖေါက်ခွဲမှုများ၏ ၁၅ ရာခိုင်နှုန်းအတွက် တာဝန်ရှိကြောင်း အချို့သုတေသီများက ယုံကြည်ကြသည်။ ထိုလုပ်ရပ်များကို စစ်ကောင်စီဆန့်ကျင်သူများကို အယုံအကြည် ကင်းမဲ့အောင် ရည်ရွယ်သည့် တန်ပြန်လုပ်ရပ်များဖြစ်သည်။
သို့သော် ဗုံးဖေါက်ခွဲအများအပြားသည် စစ်ကောင်စီကို ပစ်မှတ်ထားကြောင်း ထင်ရှားသည်။ ရန်ကုန်ရှိ အများပြည်သူနှင့်ဆိုင်သောနေရာများ၊ ကျောင်းများနှင့် စစ်ကောင်စီတပ်နှင့်ပတ်သက်သည့်နေရာများတွင် ဗုံးခွဲတိုက်ခိုက်မှုများ ပိုမိုဖြစ်လာမည်ဟု အားထားလောက်သော သတင်းရင်းမြစ်များက Nikkei သို့ပြောသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ရက်သတ္တပတ်များတွင် ဆန္ဒပြသူများသည် နိုင်ငံတဝှမ်းလမ်းမများတွင်သာ ချီတက်ကြသော်လည်း ဖြိုခွဲမှုများ ပြင်းထန်လာသောကြောင့် အလျှင်အမြန် ဆန္ဒပြပွဲကျင်းပပြီး အဖမ်းမခံရစေရန် လူစုအမြန်ခွဲသည့် စနစ်ကို သုံးလာကြသည်။
လက်ရှိအခြေအနေသည် လက်နက်ကိုင်ခုခံမှုသို့ ပြောင်းလဲလာနေသော အခြေအနေဖြစ်သည်။ မြို့နယ်များနှင့် ပြည်နယ်များတွက် ကာကွယ်ရေးတပ်များကို ဖွဲ့လာကြသည်။ ကရင်၊ ကရင်နီ၊ ကချင် နှင့် ချင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကိုင်းတိုင်းတို့တွင် ပြင်းထန်သော တိုက်ပွဲများဖြစ်နေသည်။ ထိုင်းနယ်စပ် ကယားပြည်နယ်မှ မကြာသေးမီက တိုက်ပွဲများတွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်ဖွဲ့ဝင်အများအပြားသေဆုံးပြီး ခန့်မှန်းခြေ လူ တသိန်းခန့် ထွက်ပြေးနေရသည့် သတင်းများ ထွက်ပေါ်နေသည်။
(Nikkei Asia ၏ Escalating Myanmar bombings cause civilian casualties ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင် ၂ သိန်းကျော်ဖြစ်လာ
ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော
စစ်ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် မြန်မာ ခရစ်ယာန်သာသနာပိုင် တိုက်တွန်း
မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ
The post အရှိန်မြင့်လာသော ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ appeared first on ဧရာဝတီ.