လမ်းမများပေါ်မှ ရာပေါင်းများစွာသော ဆန္ဒပြသူများကို စစ်ကောင်စီက ပစ်သတ်သလို ဖမ်းဆီးချုပ်နှောင်ခံထားရသူများကိုလည်း သတ်ဖြတ်နေသည်။
ထိုသို့ သတ်ဖြတ်ခံရသူအရေအတွက် အတိအကျမသိရသော်လည်း ညှင်းပမ်းနှိပ်စက်ထားသော ဒဏ်ရာများနှင့် အလောင်း အနည်းဆုံး ၂၁ လောင်းကို မိသားစုများထံ ပြန်လည်ပေးပို့ခဲ့ကြောင်း အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးသတ်ဖြတ်မှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖေါ်ပြသည်။
ထိုသို့ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံရသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိများ၊ ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် လူငယ်များပါဝင်သည်။
NLD အဖွဲ့ဝင် ၃ ဦးကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်
စစ်ကြောရေးတွင် ပထမဆုံး ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံရသော NLD အဖွဲ့ဝင်မှာ ရန်ကုန်တိုင်း ပန်းဘဲတန်း မြို့နယ် ရပ်ကွက်ပါတီ ဥက္ကဌ ဦးခင်မောင်လတ်ဖြစ်သည်။ အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် မွတ်ဆလင်ဘာသာဝင် ဦးခင်မောင်လတ်သည် အဖမ်းခံရပြီး နာရီပိုင်းအတွင် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

ဦးခင်မောင်လတ်ကို မတ်လ ၆ ရက်နေ့က သူ၏နေအိမ်မှ ဖမ်းဆီးချိန်တွင် အပြင်းအထန် ရိုက်နှက်ကန်ကျောက်ကြသည်။ နောက်တနေ့နံနက်ရောက်သောအခါ သူသတိလစ်ပြီး သေသွားကြောင်း မိသားစုများထံအကြောင်းကြားပြီး မင်္ဂလာဒုံစစ်ဆေးရုံတွင် လာယူရန်ပြောသည်။ သူ၏ ဦးခေါင်းနှင့်ကျောတွင် အပြင်းအထန် ဒဏ်ရာများရထားပြီး သူ၏အလောင်းကို သွေးများပေကျံနေသည့် အဝတ်ဖြင့် ဖုံးအုပ်ထားသည်။
ဦးခင်မောင်လတ်သည် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများအတွင်း ပန်းဘဲတန်းမြို့နယ်တွင် NLD အတွက် တက်ကြွစွာ မဲဆွယ်ပေးသူဖြစ်သည်။ ရပ်ကွက်သာယာရေးအတွက် လုပ်ကိုင်ပေးသောကြောင့် လူသိများသူတဦးလည်း ဖြစ်သည်။
ဦးခင်မောင်လတ်၏ဈာပနအပြီး နောက်တရက်တွင် အခြား NLD အဖွဲ့ဝင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ စု အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းတာဝန်ခံ ဦးဇော်မြတ်လင်းကို ညဖက်တွင်ဖမ်းဆီးလိုက်သည်။ နောက်တနေ့နံနက်တွင် သူသေဆုံးသွားပြီဖြစ်ကြောင်း မိသားစုကို အကြောင်းကြားသည်။
အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်သော ထင်ရှားသည့် ရပ်ရွာခေါင်းဆောင်သည် စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူဖြစ်ပြီး ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံရသည်ဟု ယူဆရသည်။ ပုံပျက်ပန်းပျက် ဖြစ်နေသော သူ၏အလောင်းက ထိုစွပ်စွဲချက်များအတွက် သက်သေသာဓကဖြစ်သည်။ သူ၏မျက်နှာသည် လုံးဝပုံပန်းပျက်နေသည်။ သူ၏ပါးစပ်သည် အရည်ပျော်နေပြီး မျက်နှာမှ အရေပြားများကွာကျနေသည်။ ခန္ဓာကိုယ်မှာ ဖူးယောင်ပွန်းပဲ့နေသည်။ သူ့ဝမ်းဗ်ိုက်တွင် ဒဏ်ရာအကြီးအကျယ်ရပြီး အူများထွက်နေကြောင်း ဦးဇော်မြတ်လင်း၏ ကျန်ရစ်သူ ဇနီးသည်ကပြောသည်။

ဦးဇော်မြတ်လင်းသည် သူ့ကို ဖမ်းဆီးစဉ်ထွက်ပြေးပြီး ၉ မီတာမြင့်သော ခြံစည်းရိုးပေါ်မှ စတီးပိုက်တခုပေါ်သို့ ပြုတ်ကျသည်ဟု စစ်တပ်ကပြောသည်။ သို့သော် ခြံစည်းရိုးသည် ၂ မီတာခွဲသာမြင့်ကြောင်း သူ၏ ကျန်ရစ်သူ ဇနီးကပြောသည်။
နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် NLD အမှုဆောင် ဦးကျော်ကျော်သည်လည်း စစ်ကြောမေးမြန်းခံနေရစဉ် မတ်လ ၃၀ ရက်နေ့တွင် သေဆုံးသည်။ သူ့ကို မတ်လ ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်သည်။
သူ၏ မိသားစုအား အလောင်းကို ကြည့်ရှုခွင့်ပေးသော်လည်း ဈာပနအခမ်းအနားအတွက် ပြန်လည်ယူဆောင်ခွင့်မပေးပေ။ သူသေဆုံးရခြင်းနှင့် ပတ်သက်သည့် မည်သည့်ရှင်းလင်းချက်ကိုမျှလည်း မပေးပေ။
ကလေး ၃ ဦး၏မိခင် ဖမ်းဆီး သတ်ဖြတ်ခံရ
မတ်လ ၁၉ ရက်နေ့တွင် သေနတ်သံကြားသောကြောင့် မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိနေအိမ်မှ အသက် ၃၉ နှစ်ရှိပြီဖြစ်သော ဒေါ်မာလာဝင်း အိမ်အပြင်သို့ ထွက်လိုက်သည်။ စစ်ကောင်စီတပ်များသည် လမ်းများပေါ်မှ ဆန္ဒပြသူများကို ပစ်ခတ်နေခြင်းဖြစ်သည်။

“ သူကဘေးကနေ ရပ်ကြည့်နေတာ။ စစ်သားတွေက လမ်းကို ဝင်စီးတော့ သူထွက်မပြေးဘဲ အရိုက်ခံရတာ။ သူက သူ့ကို မဖမ်းဖို့ စစ်သားတွေကို ဒူးထောက်တောင်းပန်တယ်” ဟု မျက်မြင်သက်သေတဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ ကလေး ၃ ဦး၏ မိခင်ဖြစ်သော ဒေါ်မာလာဝင်းသည် ပေါင်တွင် ကျည်ဆံထိမှန်ပြီး ရိုက်နှက်ခေါ်ဆောင်သွားခြင်း ခံရသည်။ နောက်တနေ့နံနက်တွင် အလောင်းလာယူရန် မိသားစုကို အကြောင်းကြားသည်။
“မျက်နှာမှာ ပွန်းပဲ့ယောင်ကိုင်းနေတယ်။ ညှင်းပမ်းနှိပ်စက်ခံရတဲ့ အထောက်အထားပဲ” ဟု သူ၏ အလောင်းကို ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးခဲ့သည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးကပြောသည်။
သပိတ်မှောက် နိုင်ငံ့ဝန်ထမ်း ရိုက်နှက်ခံရပြီး သေဆုံး
အသက် ၂၄ နှစ်ရှိပြီဖြစ်သော သစ်တောလုပ်သား ကိုထွန်းထက်အောင်သည် စစ်ကိုင်းတိုင်း မုံရွာတွင် ဖမ်ဆီးခံထားရစဉ်အတွင်း ညှင်းပမ်းနှိပ်စက် ရက်စက်စွာ ရိုက်နှက်ရာမှ ရရှိသော ဒဏ်ရာများကြောင့် သေဆုံးသည်။
သူ့ကို မတ်လ ၁၅ ရက်နေ့ ဆန္ဒပြပွဲတခုတွင် ဖမ်းဆီးခဲ့သည်။ သူ့ကိုပြန်လွှတ်ပေးပြီး ၁၂ နာရီ မပြည့်မီ ဦးနှောက်အတွင်းပိုင်း သွေးထွက်လွန်သောကြောင့် သေဆုံးခြင်းဖြစ်သည်။
သူ့ကို ပြန်လွှတ်မပေးမီက စစ်ကောင်စီတပ်များသည် သူ့ကို မုံရွာအထွေထွေရောဂါကုဆေးရုံတွင် ဖမ်းထားပြီး စနစ်တကျကုသမှု မပေးကြောင်း သူ၏ မိသားစုကပြောသည်။ သူ၏မိခင်က သူ့ထံဖုန်းဆက်ခွင့်တောင်းသော်လည်း မိသားစုကို သူနှင့်ဆက်သွယ်ခွင့်မပေးပေ။

ကိုထွန်းထက်အောင်သည် အနည်းငယ်ပွန်းပဲ့ရုံသာဖြစ်ပြီး အခြေအနေ တည်ငြိမ်ကောင်းမွန်နေကြောင်း သူ၏ မိသားစုကို ပြောထားကြသည်။ သို့သော် သူ့ကိုပြန်လွှတ်ပေးလိုက်သောအခါ သူသည် လမ်းမလျှောက်နိုင်တော့ဘဲ မျက်လုံးများသည် အရောင်အသွေးမဲ့ကာ အများအားဖြင့် သတိလစ်နေသည်။ မိသားစုက သူ့ကို မန္တလေးဆေးရုံသို့ ခေါ်ဆောင်ခဲ့သည်။
သူမကွယ်လွန်မီ ကိုထွန်းထက်အောင်က “ကျနော်တို့ဒီကောင်တွေကို တိုက်ရမယ်။ ဒီကောင်တွေက အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်” ဟု ရေရွတ်သွားခဲ့သည်။
အခြားအရပ်သား ၃ ဦးဖြစ်သော ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ ကိုကျော်မိုးခိုင်၊ ရှမ်းပြည်နယ်တောင်ကြီးမှ ကိုအောင်ဝင်းတိုးနှင့် မူဆယ်မှ ဦးသိန်းလွင်တို့သည်လည်း မတ်လအတွင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရကြောင်း သတင်းများက ဆိုသည်။
အသက် ၃၉ နှစ်ရှိပြီဖြစ်သော ကျူရှင်ဆရာ ကိုကျော်မိုးခိုင်သည် သုံးထပ်တိုက်မှ ပြုတ်ကျပြီးနောက် ဒရွတ်တိုက်ဆွဲဖမ်းဆီးခံရသည်။ နောက် ၄ ရက်ကြာသောအခါ သူသေဆုံးသည်။ သူ့ကို ဆေးကုသ မပေးဘဲ အကြိမ်ကြိမ်ရ်ိုက်နှက်ခဲ့ကြောင်း မိသားစုက မီဒီယာများကို ပြောကြားသည်။
ကိုအောင်ဝင်းတိုးကို လက်ဖက်ရည်ဆိုင်တခုတွင် အကြောင်းမဲ့ဖမ်းသွားပြီး စစ်းဆေးမေးမြန်းစဉ် နှိပ်စက်မှုများကြောင့် သေဆုံးကြောင်း AAPP က ပြောသည်။
အသက် ၄၃ နှစ်ရှိပြီဖြစ်သော ဦးသိန်းလွင်ကို ဆန္ဒပြပွဲတခုတွင် ဖမ်းဆီးသွားပြီး နောက် ၅ ရက်ကြာသောအခါ ရိုက်နှက်ခံထားရသော အလောင်းကို သူ၏ မိသားစုအား ပြန်လည်ပေးအပ်ခဲ့သည်။
ဇွန်လ ၉ ရက်နေ့အထိ သတ်ဖြတ်ခံရသူ အနည်းဆုံး ၈၅၈ ဦးရှိပြီဖြစ်ကြောင်း AAPP ၏ စာရင်းအရ သိရသည်။ သေဆုံးသူများတွင် သေနတ်အဖြင့် အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်များက ဖမ်းဆီးထားစဉ် ဆေးကုမပေးသောကြောင့် သေဆုံးသူအရပ်သားများလည်း ပါဝင်သည်။
ဒဏ်ရာရ လူမှုဝန်ထမ်းကို ဒရွတ်တိုက် ဆွဲ
ပဲခူးတိုင်းမှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများ အင်အားအလုံးအရင်းဖြင့် ပြုလုပ်နေသည့် မဂ္ဂတစ်လမ်းကို ဧပြီလ ၉ ရက်နေ့က အသေအကြေ တိုက်ခိုက်ဖြိုခွဲသောအခါ အသက် ၃၂ နှစ်ရှိပြီဖြစ်သော ကိုသီဟသည် တံတိုင်းတခုကို တက်ပြေးစဉ် ပေါင်တွင် သေနတ်ပစ်ခံရပြီး အဖမ်းခံရကြောင်း မျက်မြင်သက်သေတဦး ပြောသည်။

လူမှုဝန်ထမ်းတဦးဖြစ်သော ကိုသီဟကို ကြိုးဖြင့်ချည်ပြီး ဆိုင်ကယ်ဖြင့် ဒရွတ်တိုက်ဆွဲသည်။ နောက်တနေ့တွင် သူ၏အလောင်းကို ရင်ခွဲရုံတွင်တွေ့ရပြီး ဦးခေါင်းကြေမွနေသည်။ ထိုနေ့က စစ်ကောင်စီသည် ကျောင်းသားများ အပါအဝင် အရပ်သား ၈၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။
ရွေးကောက်ပွဲအရာရှိများ ညှင်းပမ်းနှိပ်စက်ခံရပြီး သေဆုံး
NLD ကို လူအများစုက ပြတ်ပြတ်သားသားထောက်ခံခဲ့သည့် လွန်ခဲ့သောနှစ်က အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားသည့်ဆိုသည့် မခိုင်လုံသော အကြောင်းပြချက်ဖြင့် စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းသည်။
စစ်ကောင်စီ၏ စွပ်စွဲချက်များကို ပယ်ချခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် စစ်ကောင်စီ ဖမ်းဆီးမှုများအတွက် ပစ်မှတ်ဖြစ်လာသည်။ အာဏာသိမ်းပြီးမကြာမီ ဖြုတ်ချခံလိုက်ရသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို ဖမ်းသည်။ အောက်ခြေအရာရှိများကိုလည်း သိမ်းကျုံးဖမ်းသည်။
မကွေးတိုင်း တောင်တွင်းကြီးမှ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ အသက် ၄၇ နှစ်ရှိပြီဖြစ်သော ဦးခင်မောင်ကြည်သည် ပုန်းအောင်းနေသော်လည်း မေလ ၁၉ ရက်နေ့တွင် အခြားရွာသား ၅ ဦးနှင့်အတူ ဖမ်းဆီးခံရသည်။ သူသည် သူ၏သီးနှံများကို ပြုစုရန် ပြန်လာစဉ် သတင်းပေးများက စစ်တပ်ကို အကြောင်းကြား ခဲ့သည်ဟုဆိုသည်။ အဖမ်းခံရပြီး နာရီပိုင်းအတွင်း ဦးခင်မောင်ကြည်သေဆုံးသည်။ အခြားရွာသား ၅ ဦးမည်သည့် နေရာတွင် ရှိနေသည်ကိုလည်း မသိရတော့ပေ။

သူသည် မေးရိုး၊ လက်များနှင့် နံရိုးများကြိုးကာ ဝမ်းဗိုက်တွင် ဒဏ်ရာရထားကြောင်း မိသားစုကပြောသည်။ သူ့တွင် ကလေး ၃ ဦးကျန်ရစ်ခဲ့သည်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ အတွင်းရေးမှူး ဦးတင်မောင်စန်းသည် တိုင်းကော်မရှင်ရုံးသို့လာရန် ခေါ်ဆောင်ခံရပြီးနောက် သေဆုံးသွားသည်။ သူသည် လှေခါးမှ ပြုတ်ကျသွားသေဆုံးကြောင်း သူ၏ဇနီးကို အကြောင်းကြားပြီး အလောင်းလာယူခိုင်းသည်။ အလောင်းတွင် ဦးခေါင်းဒဏ်ရာများနှင့် နံရိုးများ ကျိုးနေသည်။
ဆုံးဖြတ်ချက် ပြတ်သားသူများ ဖမ်းဆီးခံရစဉ် သေဆုံး
စစ်ကောင်စီကို ဆန့်ကျင်သည့် ကဗျာဆရာ ခက်သီသည်လည်း စစ်တပ်က ဖမ်းဆီးထားစဉ် ညတွင်းချင်းသေဆုံးပြီး သူ့အလောင်းကို ပြန်ပေးသောအခါ ကလီစာများကို ထုတ်ယူထားကြသည်။

အသက် ၄၅ နှစ်အရွယ် ကဗျာဆရာ ခက်သီကို မေလ ၈ ရက်နေ့တွင် သူ၏ ဇနီးနှင့်အတူ ဖမ်းဆီးသည်။ သူ့ကို ရွှေဘိုရှိ စစ်စခန်းတခုသို့ ခေါ်ဆောင်သွားသည်။ နောက်တနေ့နံနက်တွင် သူသေဆုံးကြောင်း မိသားစုကို အကြောင်းကြားသည်။ သူသည် ညှင်းပမ်းနှိပ်စက်ခံထားရသော ဒဏ်ရများဖြင့် မုံရွာဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးကြောင်း ဆွေမျိုးတဦးပြောသည်။
သူသည် “သူတို့က ခေါင်းကိုပစ်တယ် တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့မသိကြဘူး“ ဆိုသည့် ကဗျာကို ရေးသားခဲ့သူဖြစ်သည်။
ဦးမဲကြီးဟုလည်းသိကြသည့် ဦးစိုးမိုးလှိုင်သည်လည်း အတွေ့အကြုံရင့်သော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ပဲခူးတိုင်းမှ စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်း သေဆုံးသည်။ သူသည် စစ်ကောင်စီ ဒုတိယပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်၏ ညီလည်း ဖြစ်သည်။
အသက် ၅၃ နှစ်ရှိပြီဖြစ်သော ဦးစိုးမိုးလှိုင်သည် ၁၉၈၈ ခုနှစ်မှစတင်ပြီး ဘဝကို ဒီမိုကရေစီရေးတိုက်ပွဲအတွက် မြှုပ်နှံထားသည်။ ဒလန်များက ၎င်းတို့ရှိနေသည့်နေရာကို စစ်တပ်အား သတင်းပေးလိုက်ပြီးနောက် သူ့ကို မေလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဇောင်းတူကျေးရွာတွင် အခြားရွာသားအများအပြားနှင့် အတူ ဖမ်းဆီးသည်။

ဖမ်းဆီးစဉ်အတွင်း စစ်သားများက သူ၏ဦးခေါင်းကို ရိုင်ဖယ်သေနတ်ဒင်များနှင့် ထုရိုက်ကြောင်း မျက်မြင်သက်သေများကပြောသည်။ မေလ ၂၄ ရက်နေ့တွင်မူ သူသေဆုံးပြီဖြစ်ကြောင်း သူ၏ ဇနီးထံ ဖုန်းဆက်အကြောင်းကြားသည်။ ကျန်ရွာသားများ မည်သည့်နေရာ ရောက်သွားသည်ကို မသိရတော့ပေ။
သူ့ကိုသေသည်အထိ ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း သူ၏ဇနီးနှင့် မိတ်ဆွေများက ယုံကြည်ကြသည်။ သူ့ကို မင်္ဂလာဒုံ စစ်ဆေးရုံတွင် မသင်္ဂြိုဟ်မီ အခေါင်းထဲတွင် ထည့်ပြီး မိသားစုကို မျက်နှာသာလျှင် ကြည့်ခွင့်ပြုသည်။ သူ့တွင် ကလေး ၅ ယောက် ကျန်ခဲ့သည်။
ရပ်ကွက်ကင်းသမားလည်း သတ်ဖြတ်ခံရ
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ညပိုင်း စီးနင်းတိုက်ခိုက်မှုများမှ ကာကွယ်ရန် မြို့ကြီးအများအပြားမှ ဒေသခံများသည် စေတနာ့ဝန်ထမ်းအဖွဲ့များကို ဖွဲ့စည်းကြသည်။ ထိုရပ်ကွက် ကင်းသမားများကို စစ်ကောင်စီတပ်များက ပစ်မှတ်ထားသည်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာမှ ကိုအောင်ကျော်နှင့် ကိုတင်မောင်မြင့်တို့သည် ဧပြီလ ၂ ရက်နေ့က ၎င်းတို့၏ရွာအတွက် ကင်းစောင့်နေစဉ် ဖမ်းဆီးခံရသည်။ နောက်နှစ်ရက်ကြာသောအခါ ၎င်းတို့ ၂ ဦးသည် ညှင်းပမ်းနှိပ်စက်ခံရပြီး သေဆုံးကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
အင်းစိန်မြို့နယ် အောင်ဆန်းမှ အသက် ၃၉ နှစ်အရွယ် ကိုကျော်လင်းထွေးသည် ဧပြီ ၁၂ ရက်နေ့တွင် သံသယဖြစ်ဖွယ် ကားတစင်းအနီးသို့ ရောက်သွားပြီးနောက် ပျောက်ဆုံးသွားသည်။ သူ့ကို စစ်ကောင်စီတပ်များက ၎င်းတို့စခန်းချသည့် ကျောင်းတခုသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောသည်။ ထိုနောက် သူ၏အလောင်းကို ဆေးရုံတွင် ပြန်လည်တွေ့သည်။
ကိုကျော်လင်းထွေးသည် မော်တော်ဆ်ိုင်ကယ် မတော်တဆဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရကြောင်း စစ်ကောင်စီ တပ်များက ပြောသည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများသည် ပုံမှန်အားဖြင့် မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့်ရသော ဒဏ်ရာများမဟုတ်ကြောင်း သူ၏ဇနီးက ဆိုသည်။ သူ၏မျက်လုံးများသည် ဆိုးဆိုးရွားရွား ဒဏ်ရာရထားပြီး လက်မောင်းတွင် ဒဏ်ရာများရသည်။ သို့သော် သူ၏ဆိုင်ကယ်သည် အရာမယွင်းသလောက်ပင် ဖြစ်သည်။
သူ့တွင် ၁၃ နှစ်နှင့် ၆ နှစ်အရွယ် သမီး ၂ ဦးကျန်ရစ်သည်။
မီးငြိမ်းသတ်သူ သတ်ဖြတ်ခံရ
ဧပြီလ ၄ ရက်နေ့ညက တောင်ကြီးမှ ရပ်ကွက်အုပ်ချုပ်ရေး ရုံးတရုံး မီးလောင်သောကြောင့် ငြိမ်းသတ်ပေးနေစဉ် အသက် ၃၀ အရွယ် ကိုအောင်ပိုင်ထွေးကို စစ်ကောင်စီတပ်များက ဖမ်းဆီးလိုက်သည်။ နောက် ၂ ရက်ကြာသောအခါ သူ့အလောင်းကို ပြန်ပို့သည်။ သူသည် ကားတိုက်သောကြောင့် ဦးနှောက်သွေးထွက်ပြီး အဆုတ်သည် စတီယာတိုင်နှင့် ညပ်သောကြောင့် ပေါက်ပြဲသွားကြောင်း မိသားစုကို အကြောင်းကြားသည်။
သို့သော် သူ၏ခန္ဓကိုယ်တွင် ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများတွေ့ကြောင်း ဒေသခံများပြောသည်။ သူ၏ ဦးခေါင်းသည် ပွင့်နေသည်။ မျက်နှာတွင် ပွန်းပဲ့နေသည်။ နားတဖက်သည် ပြတ်ကျလုနီးပါး ဖြစ်နေသည်။ ကျောတွင် ဓါးဖြင့် အထိုးခံထားရသော ဒဏ်ရာရှိသည်။ သူ၏ ရင်ဘတ်ကိုလည်း ပြန်ချုပ်ထားသည်။

ကိုအောင်ပိုင်ထွေးသည် ညောင်ဖြူစခန်းရပ်ကွက်တွင် မီးလောင်မှုကို ငြှိမ်းသတ်ရန် ကူညီပြီးနောက် စစ်ကောင်စီတပ်များ ဖမ်းဆီးခံရသည့် လူ အနည်းဆုံး ၄ ဦးအနက် တဦးဖြစ်သည်။
ခုခံတိုက်ခိုက်သူလည်း သေဆုံး
မေလ ၁၂ ရက်နေ့က တလုပ်မြို့ ကျေးရွားကို စစ်ကောင်စီတပ်များက တိုက်ခိုက်စဉ် ခုခံနေသည့် မန္တလေးတိုင်းမြင်းခြံမြို့နယ်မှ ခုခံတိုက်ခိုက်ရေးသမား ကိုဇင်ကိုထွန်းကို စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီးပြီးနောက် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်လိုက်သည်။
သူ့ကို ဖမ်းဆီးစဉ်က တတောင်ဆစ်တွင်သာ ဒဏ်ရာရှိသော်လည်း နောက်တနေ့ သူ၏အလောင်းတွင် ညှင်းပမ်းနှိပ်စက်ထားသည်များကို တွေ့ရကြောင်း မိသားစုက ပြောသည်။
သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် မီးလောင်ရာများတွေ့ရကြောင်း ဆွေမျိုးတဦးက မီဒီယာများကို ပြောသည်။ လက်အောက်ဖက်တွင် ဖူးယောင်ဒဏ်ရာအများအပြား၊ ရင်ဘတ်တွင် ဒဏ်ရာတခုနှင့် သူ၏လက်မောင်းတွင် ထိုးထားသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ အလံပုံ တက်တူးကို မီးရှို့ထားသည့် ဒဏ်ရာများ တွေ့ရကြောင်း သူပြောသည်။

ကိုဇင်ကိုထွန်းသည် မြင်းခြံနည်းပညာကောလိပ် ကျောင်းသားသမဂ္ဂနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်ဖြစ်သည်။ သူသည် ပထမနှစ် သတင်းနည်းပညာ ကျောင်းသားဖြစ်သည်။
အရပ်သား သတ်ဖြတ်သေဆုံးမှု များပြား
တနင်္သာရီတိုင်းကော့သောင်းမှ အသက် ၃၂ နှစ်အရွယ် ကိုရဲမင်းထွန်းသည် ညှင်းပမ်းနှိပ်စက်ခံရပြီးနောက် ဧပြီ ၅ ရက်နေ့တွင် ကွယ်လွန်သည်။
အသက် ၃၂ နှစ်အရွယ် လျှပ်စစ်အင်ဂျင်နီယာ ကိုအောင်မြင့်လှိုင်ကို ပဲခူးတိုင်း ပြည်မြို့နယ်တွင် စစ်ကောင်စီက စစ်ဆေးရန် ထိန်းသိမ်းပြီးမကြာမီ မေလ ၄ ရက်နေ့တွင် သေသည်အထိ ရိုက်သတ်ခံရသည်။
မည်သည့်အထောက်အထားမျှ မတွေ့သော်လည်း စစ်တပ်ပိုင်ဘဏ်တခုတွင် ဗုံးပေါက်ကွဲရာတွင် ပါဝင်သည်ဟု သံသယရှိသောကြောင့် အရပ်ဝတ်များအပါအဝင် စစ်ကောင်စီတပ်များက သူ့ကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
သူနှင့် ရပ်ကွက်အတွင်းရှိ အခြားသူနှစ်ဦးတို့သည် ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည်ကိုမျှမသိကြောင်းပြောသောအခါ အကြမ်းဖက်စစ်သားများက သူသည် ၎င်းတို့၏ အချိန်ကိုဖြုန်းသည်ဟု စွပ်စွဲကြောင်း မျက်မြင်သက်သေများပြောသည်။
ကိုအောင်မြင့်လှိုင်က သူ၏အမေကို တမ်းတပြီး သူသေတော့မည်ဟုဆိုကာ အကူအညီတောင်းခံကြောင်းလည်း မျက်မြင်သက်သေများက ပြောသည်။ ခဏအကြာတွင် အော်သံရပ်တန့်သွားကာ ရပ်ကွက်အတွင်းမှလူများ အဝေးသို့ မသွားလျှင် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီတပ်များက ပြောဆိုသည်ဟုလည်း သိရသည်။
နောက်တနေ့တွင် သူ၏အလောင်းကို စစ်ဆေးရုံရှိ အခေါင်းတခုတွင် ထည့်ထားပြီး မိသားစုအား သူ၏မျက်နှာကို မိနစ်ပိုင်းမျှကြည့်ခွင့်ပေးသော်လည်း ဓါတ်ပုံရိုက်ခွင့် မပေးပေ။

“သူ့မျက်နှာက အရမ်းယောင်ကိုင်းနေပြီး ပါး၊ လည်ပင်းနဲ့ မေးရိုးမှာလည်း ဒဏ်ရာရထားတယ်။ သူ့ရင်ပတ်ကို ကြည့်လိုက်တော့ ခွဲပြီး ပြန်ချုပ်ထားတာ” ဟု ကိုအောင်မြင့်လှိုင်နှင့် မောင်နှမတော်စပ်သူက ပြောသည်။ သူသည် မောင်းနှင်နေသည့် ထရပ်ကားပေါ်မှ ခုန်ချသောကြောင့် သေသည်ဟု စစ်ကောင်စီကပြောသည်။
ကိုအောင်ခိုင်မြင့်ဟုလည်း သိကြသော ကိုအောင်မြင့်လှိုင်သည် စစ်အာဏာသိမ်းမှုအပြီး ရန်ကုန်မှအလုပ်ကို ရပ်ဆိုင်းလိုက်သောကြောင့် သင်္ကြန်မတိုင်မီ သင်္ကန်းဝတ်ရန် သူ၏ဇာတိပြည်မြို့သို့ ပြန်လာသူဖြစ်သည်။ ဘဏ်တွင် ဗုံးပေါက်ကွဲသည့်နေ့တွင် သူသည် ဒုလ္လဘရဟန်းဝတ်နေသည်ဟု သူနှင့်မောင်နှမတော်သူကပြောသည်။ စစ်ကောင်စီက ထိုဗုန်းပေါက်ကွဲမှုအတွက် ကိုအောင်မြင့်လှိုင်ကို စွပ်စွဲသည်။
အသက် ၃၉ နှစ်အရွယ် ကိုမင်းမင်းသည် ဆိုင်ကယ်ပြင်ဆရာဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းမရှိပေ။ သို့သော် ကလေးမြို့တွင် ဗုံးတလုံးပေါက်ကွဲပြီးနောက် မေလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်များက သူ့ကို သူ၏အလုပ်မှ ဖမ်းဆီးသွားသည်။ ထိုဗုံးကို ပစ်ပေါက်သူသည် သူဖြစ်ကြောင်း သတင်းရသည်ဟု စစ်ကောင်စီတပ်များက ပြောသည်။

“ပြန်လွှတ်ပေးမယ်လို့ သူတို့ပြောတယ်” ဟု ဆွေမျိုးတဦးပြောသည်။
နောက်တနေ့တွင်မူ သူ၏အလောင်းကို လာယူရန် မိသားစုကိုပြောသည်။ သူသည် အဝတ်လဲနေစဉ် အဆုပ်ရောဂါများကြောင့် သေသည်ဟု စစ်ဆေးရုံကပြောသည်။ မိသားစုကို လျှော်ကြေး ကျပ် ၅ သိန်းပေးသည်။
သူအလောင်းတွင် ပွန်းပဲ့ဒဏ်ရာများပြည့်နေပြီး ဦးခေါင်းနှင့် လက်မောင်းများကို ဓါးဖြင့် မွှမ်းထားကြောင်း မိသားစုကပြောသည်။
ထိုသို့ဖမ်းဆီးခံရခြင်းမှာ သတင်းပေးရှိသောကြောင့်ဖြစ်သော မိသားစုကပြောသည်။ စစ်ကောင်စီကို ဆန့်ကျင်သည့်အနေဖြင့် ကိုမင်းမင်း၏အိမ်မှ သံပုံးတီးသံသည် ဆူညံလွန်းကြောင်း အိမ်နီးချင်းတဦးက အစောပိုင်းက တိုင်ကြားခဲ့သည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာမှ အသက် ၃၆ နှစ်အရွယ် ကိုကျော်နိုင်သည် ဧပြီ ၂၇ ရက်နေ့က စစ်ဆေးရေးဂိတ်တခုတွင် အခြားရွာသားများနှင့်အတူ ဖမ်းဆီးခံရသည်။ ဖမ်းဆီးရခြင်း အကြောင်းရင်းကို မသိရပေ။ မိသားစုက သူ့ကိုအာမခံဖြင့် လွှတ်ပေးစေရန် ကြိုးစားသော်လည်း ဖမ်းဆီးထားစဉ် သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုကို အကြောင်းကြားသည်။
ဖူးယောင်ပွန်းပဲ့နေသော သူ၏အလောင်းတွင် ညှင်းပမ်းနှိပ်စက်ခံထားရသည့် လက္ခဏာများတွေ့ကြောင်း မိသားစုနှင့် ကျေးရွာသားများပြောသည်။ “ရင်ဘတ်၊ ပုခုံး၊ ပေါင်နဲ့ကျောမှာ ဒဏ်ရာတွေ အပြင်းအထန်ရထားတယ်။ သူ့ကို ဝိုင်းကန်ထားကြပုံ ရတယ်” ဟု ဆွေမျိုးတဦးပြောသည်။

“ဒီ မတရားမှုကို ကျနော်မုန်းတီးတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ကျနော်တို့ပြည်သူတွေ အတူတကွ တိုက်ပွဲဝင်ရမယ်” ဟု သူနှင့် ညီအကိုတော်စပ်သူတဦးက ဧရာဝတီသို့ပြောသည်။
ရန်ကုန်ရှိ တောင်ဒဂုံမှ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကျော်ကို မေလ ၁၄ ရက်နေ့တွင် ဖမ်းဆီးသည်။ ပျက်စီးနေပြီဖြစ်သော သူ၏အလောင်းကို မိသားစုက သဂြိုဟ်ခွင့်ရသော်လည်း သူသည် ရောဂါတခုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း လက်မှတ်ထိုးပေးရသည်ဟု AAPP က ဆိုသည်။ မျက်နှာနှင့်ခန္ဓာကိုယ်တွင် ပွန်းပဲ့နေပြီး သွားများကျိုးနေကြောင်းလည်း AAPP ကပြောသည်။
သူ၏ဈာပနကို စစ်ကောင်စီက စောင့်ကြည့်နေပြီး ဓါတ်ပုံရိုက်ခွင့်မပေးကြောင်း အိမ်နီးချင်းတဦးက ဧရာဝတီသို့ ပြောသည်။
ဆောက်လုပ်ရေးလုပ်သား ကိုမျိုးဇော်ဇော်သည်လည်း မသေဆုံးမီတရက်က မင်္ဂလာဒုံ စစ်ဆေးရုံမှ ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်လုပ်ပြီး ရွှေပြည်သာမြို့နယ်သို့ ပြန်လာစဉ် အဖမ်းခံရပြီး ဇွန်လ ၃ ရက်နေ့တွင် သေဆုံးသည်ဟု AAPP ကဖေါ်ပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Tortured to Death in Myanmar Regime Custody ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး
ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို
NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း
The post စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ appeared first on ဧရာဝတီ.