လွန်ခဲ့သော နှစ်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် အကြီးအကျယ် ထိခိုက်စေကာမူ Foodpanda မှ အစားအသောက်များကို စက်ဘီးဖြင့် ပို့ဆောင်ပေးသူ ကိုမျိုးမြင့်မောင်သည် သူ၏ဇနီး၊ မိခင်နှင့် ညီငယ်တဦးပါဝင်သော မိသားစုကို သင့်တင့်လျှောက်ပတ်သော ဝင်ငွေဖြင့် ထောက်ပံ့နိုင်ခဲ့သည်။ သို့သော် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ပြီး ကိုမျိုးမြင့်မောင် အလုပ်မဲ့အကိုင်မဲ့ဖြစ်နေသည်မှာ ယခုအခါ နှစ်လခွဲ ကြာပြီဖြစ်သည်။
ယခုအခါ ကိုမျိုးမြင့်မောင်သည် မိခင်အတွက်လိုအပ်သော ဆေးဝါးများကို မဝယ်နိုင်သလို နှစ်လအရွယ် သမီးငယ်အတွက် ဖြည့်စွက်အာဟာရများကိုလည်း ဝယ်ယူနိုင်ခြင်း မရှိတော့ပေ။
“တနေ့ကို ထမင်းသုံးနပ်စားဖို့အတွက်တောင် ရုန်းကန်နေရပြီ။ အိမ်လခတွေလည်း မပေးနိုင်လို့ အိမ်ရှင်ကို တောင်းပန်နေရတယ်” ဟု ကိုမျိုးမြင့်မောင်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
အာဏာသိမ်းမှုနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်သွားရသူမှာ သူတဦးတည်း မကပေ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို သွေးချောင်းစီးသတ်ဖြတ်မှုများအား လူအများမသိအောင် တားဆီးရန် စစ်ကောင်စီက မိုဘိုင်းအင်တာနက်နှင့် ဘရော့ဘန်းဝါယာလက်များကို ပိတ်ပင်လိုက်ပြီးနောက် နိုင်ငံတဝန်းမှ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ ထောင်ပေါင်းများစွာသည် ကိုမျိုးမြင့်မောင်နှင့်အလားတူသော ကံကြမ္မာကို ရင်ဆိုင်နေကြရသည်။
စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်း ဆန့်ကျင်မှုများ လူမှုကွန်ရက်တွင် အားကောင်းလာသောကြောင့် အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီက အင်တာနက်ဖြတ်တောက်မှု နည်းမျိုးစုံလုပ်နေသည်။ ဖေဖေါ်ဝါရီလလယ်တွင် အင်တာနက်အသုံးပြုမှုကို နံနက် ၁ နာရီမှ နံနက် ၉ နာရီအထိ နေ့စဉ် ဖြတ်တောက်ခဲ့သည်။ သို့သော် ဆန္ဒပြသူများအပေါ် လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ပြည်သူများက လူမှုကွန်ရက်တွင် ဆက်လက်တင်ပြနေသောကြောင့် မိုဘိုင်းအင်တာနက် အသုံးပြုခြင်းကို စစ်ကောင်စီက မတ်လနှောင်းပိုင်းတွင် ဖြတ်တောက်ပြီး အကျပ်ကိုင်သည်။ ဧပြီလ ၂ ရက်နေ့သို့ ရောက်သောအခါ ဝါယာလက်ဘရော့ဘန်း အင်တာနက်လိုင်းများကိုပါ စစ်ကောင်စီက အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်။

“အင်တာနက်က ရလိုက်မရလိုက်ဆိုတော့ ကျမတို့တော်တော်များများက ဖေဖေါ်ဝါရီလလယ်ကတည်းက အလုပ်လက်မဲ့ဖြစ်နေကြတာ။ နေမကောင်းတဲ့မိဘတွေကိုတောင် မထောက်ပံ့နိုင်တာ လတော်တော်ကြာနေပြီ” ဟု စမ်းချောင်းမြို့နယ်မှ Foodpanda ဝန်ဆောင်မှုပေးသူ မမာလာထွန်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
စမတ်ဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှု ကျယ်ပြန့်လာသောကြောင့် Food2u, Yangon Door2Door, Foodpanda, Hi-So Mall နှင့် Grab Food စသည့် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများသည် ၂၀၁၉ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင် လူသိများလားသည်။ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပြည်သူများက လူအများစုဝေးရာနေရာများကို ရှောင်ရှားလာပြီး မိုဘိုင်းအပလီကေးရှင်းများမှတဆင့် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာသည်။ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများသည် မြို့ကြီးများ အထူးသဖြင့် စီးပွားရေးမြို့တော် ရန်ကုန်တွင် လူငယ်များကို ထောင်ချီအလုပ်ခန့်ထားလာရသည်။
ထိုအစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများအနက် Foodpanda သည် မြန်မာနိုင်ငံတွင် ရေပမ်းအစားဆုံး လုပ်ငန်းများအနက်တခုဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာပြီးနောက် Foodpanda တွင် ဖေါက်သည်ပေါင်း တသန်းကျော်ရှိပြီး လူ ၇၀၀၀ ကျော်က စက်ဘီးဖြင့် အစားအသောက်ပို့ဆောင်သည့် ဝန်ဆောင်မှုများပေးရသည်။
သို့သော် ယခုအခါတွင်မူ စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုများကြောင့် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရသည်။
စစ်ကောင်စီက အင်တာနက်မဖြတ်တောက်မီက ၎င်းတို့သည် တပတ်လျှင် ကျပ် ၈၀၀၀၀ မှ ၁၅၀၀၀၀ အထိ ဝင်ငွေရကြကြောင်း စက်ဘီးဖြင့် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“မိုဘိုင်းအင်တာနက်ဖြတ်လိုက်ကတည်းက ဘာဝင်ငွေမှ မရတော့ဘူး။ ကျနော့်မှာ ရှာဖွေကျွေးမွေးရတဲ့ မိသားစုရှိတယ်။ ကျနော်တို့အတွက် တော်တော်လေး ကျပ်တည်းတယ်” ဟု စက်ဘီးဖြင့် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ ကို သက်နောင်မြင့်က ဧရာဝတီသတင်းဌာနသို့ပြောသည်။
“ကျနော့်သမီးလေးက ၄ လပဲရှိသေးတယ်။ သူ့အတွက် ဖြည့်စွက်အာဟာရ မဝယ်နိုင်တော့ဘူး” ဟု သူပြောသည်။

အလုပ်လက်မဲ့ဖြစ်နေကြသော်လည်း စက်ဘီးဖြင့် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူများသည် ရန်ကုန်နှင့် အခြားနေရာများမှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ကြသည်။ မတ်လ အစောပိုင်းက စစ်ကိုင်းတိုင်း မုံရွာတွင် စစ်ကောင်စီတပ်များက ဆန္ဒပြသူများကို ဖြိုခွဲစဉ် ဒဏ်ရာရရှိသော အမျိုးသမီး တဦးကို ကူညီခဲ့သည့် Foodpanda မှ အသက် ၂၀ အရွယ် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ ကိုဇော်သိန်းအောင်ကို စစ်ကောင်စီတပ်များက ပစ်သတ်ခဲ့သည်။
ထို့အပြင် ရန်ကုန်မှ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူများသည် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်ပါဝင်ပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ရန်ငြင်းဆန်သော နိုင်ငံ့ဝန်ထမ်းများအတွက် အခမဲ့ ဝန်ဆောင်မှုပေးခဲ့ကြသည်။
“ကျနော်တို့ရဲ့အနာဂတ်ပျောက်ဆုံးနေပေမယ့် အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထိန်းသိမ်းဖို့ တိုက်ပွဲဝင်နေသူတွေကို ကျနော်ကူညီချင်တယ်” ဟု ကိုမျိုးမြင့်မောင်ပြောသည်။
အာဏာသိမ်းမှုနောက်ပိုင်းတွင် လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းမှ အရာရှိတဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။ အလွန်နည်းပါးသည့် နေရာများသို့သာ အစားအသောက်ပို့ဆောင်ပေးနိုင်ကြောင်း ဝိုင်ဖ်ိုင်အင်တာနက်သုံးပြီး တနေ့လျှင် ဝန်ထမ်း ၂၀ မှ ၃၀ အထိသာ အလုပ်ဆင်းနိုင်တော့သည်။ သို့သော်လည်း ၎င်းတို့၏ အပလီကေးရှင်းသည် အင်တာနက်ဖြတ်တောက်မှုကြောင့် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ပေ။
“စက်ဘီးသမားတွေက GPS ဝန်ဆောင်မှု သုံးလို့မရတော့ဘူး။ ဒါကြောင့် ဖေါက်သည်ရဲ့ နေရာကို ရှာရတာ သူတို့အတွက် အရမ်းကို ခက်ခဲလာတယ်။ သူတို့မှာ မိုဘိုင်းအင်တာနက် မရှိဘူး။ စားသောက်ဆိုင်ကနေ ထွက်သွားတာနဲ့ သူတို့နဲ့ ကျနော်တို့ အဆက်အသွယ်ပြတ်သွားပြီ။ တော်တော်လေးကို အဆင်မပြေဘူး” ဟု သူပြောသည်။
“ရန်ကုန်မှ လုံခြုံရေးတပ်တွေကလည်း နေရာတိုင်းမှာ ရှိနေတယ်။ သူတို့အတွက် လုံးဝမလုံခြုံဘူး” ဟုလည်း သူပြောသည်။
ရန်ကုန်တွင် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူများထံမှ အစားအသောက်နှင့် ငွေကြေးကို စစ်ကောင်စီတပ်များက လုယူသည့်သတင်း အများအပြားလည်း ရှိနေသည်။ စနေနေ့က ရန်ကုန်ရှိ လှည်တန်းစင်တာအနီးတွင် အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူတဦးထံမှ အစားအသောက်များနှင့်ငွေကျပ် ၅ သိန်းကို စစ်ကောင်စီတပ်များက လုယူခဲ့သည်။
အချို့ စက်ဘီးဖြင့် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူများက ၎င်းတို့သည် ဖေါက်သည်များအတွက် ရန်ကုန်မှ ဈေးများရှိ အစားအသောက်၊ ကုန်ပစ္စည်နှင့် ဆေးဝါးများပို့ဆောင်ပေးနိုင်ကြောင်း ဖေ့ဘွတ်တွင် ရေးသားတင်ပြလာကြသည်။
“ကျနော်တို့မိသားစုက ဘဝရှင်သန်ရေးအတွက် ရုန်းကန်နေကြရတယ်။ ကျနော်တို့ကိုကူညီပါ။ ဖုန်းဆက်လိုက်တာနဲ့ လိုချင်တာကို သွားဝယ်ပြီး အ်ိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါမယ်” ဟု အချို့က ရေးသားကြသည်။
စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုကြောင်း လူသိန်းချီ ထိခိုက်နေသော်လည်း စစ်ကောင်စီက မည်သည့်အချိန်တွင် အင်တာနက်ပြန်ဖွင့်ပေးမည်ကို မည်သူမျှမသိပေ။အင်တာနက်ပြန်ဖွင့်ရန် အစီအစဉ်မရှိကြောင်း စစ်ကောင်စီပြောခွင့်ရသူက မတ်လနှောင်းပိုင်းတွင်ပြောသည်။
အသက် ၂၄ နှစ်အရွယ် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ အမျိုးသမီးတဦးသည် ဖေါက်သည်များအတွက် အစားအသောက်နှင့်ဆေးဝါးပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသည်။ သူမသည် စမ်းချောင်းရှိ အဆောင်တခုတွင် နေထိုင်သည်။ ရန်ကုန်မြို့စွန်တွင် နေထိုင်သည့်မိဘများထံသို့ အာဏာမသိမ်းမီအထိ ငွေကြေးထောက်ပံ့နိုင်ခဲ့သည်။ “အခု ပစ္စည်းတခါပို့ရင် ငွေ ၂၀၀၀၊ ၂၅၀၀ ပဲ ရတော့တယ်။ တနေကုန်မှ တခါနှစ်ခါပဲ ပို့ရတာ။ တခါတခါဆို ဘယ်သူမှ ပစ္စည်းမမှာတဲ့ နေ့တောင်ရှိတယ်” ဟု သူပြောသည်။

“ အရင်လအတွက်ရော ဒီလအတွက်ပါ အဆောင်လခ မပေးနိုင်သေးဘူး” ဟုလည်း သူပြောသည်။
လုံခြုံရေးတပ်များ နေ့စဉ် အကြီးအကျယ် လှုပ်ရှားနေသည့် မြို့နယ်တွင် နေထိုင်သော်လည်း ဈေးများနှင့်စားသောက်ဆိုင်များမှ ပစ္စည်းမျာဝယ်ယူလိုပါက ဖုန်းဆက်ရန် ဖေါက်သည်များကို ကိုသက်နိုင်မြင့်အကြောင်းကြားထားသည်။
“နေ့စဉ်ထမင်းစားနိုင်ဖို့ ကျနော်တို့အသက်ကို ရင်းနေရတယ်” ဟု သူပြောသည်။
“အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာကို မသိရတော့ လူတော်တော်များများက ငွေကို မသုံးချင်ကြဘူး။ ကျနော်တို့ ဝင်ငွေအရမ်းကျသွားတယ်။ အရမ်ကျပ်တည်းသွားတယ်။ ဖျားဖို့နာဖို့တောင် မတတ်နိုင်တော့ဘူး” ဟု သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta’s Internet Blackout Leaves Food Delivery Riders Struggling to Survive ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
နယ်စပ်မှ သွင်းကုန် ၅ မျိုးကို ပိတ်ပင်မှုက အဂတိနှင့် မှောင်ခိုဈေးကွက်ပေါ်လာနိုင်
ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးများ ဘဏ်ခွဲတချို့ ပြန်ဖွင့်နိုင်ရန် ပြင်ဆင်
အကျိုးအမြတ်ယူပြီး ငွေသားထုတ်ပေးနေသူများ အလုပ်ဖြစ်နေ
The post အင်တာနက်ပြတ်တောက်မှုကြောင့် စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်သူများ ရှင်သန်ရန် ကြိုးစားနေရ appeared first on ဧရာဝတီ.