စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသပိတ် ပျက်ရက်မရှိထွက်ခဲ့သည့် ပဲခူးမြို့သည် စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၆၈ ရက် အကြာ ဧပြီလ ၉ ရက်တွင် စစ်မြေပြင်သဖွယ်ရက်စက်စွာ ဖြိုခွဲ ခံခဲ့ရသည်။
စစ်တပ်နှင့် ရဲ ပူးပေါင်းထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်က စစ်မြေပြင်သုံး ဗုံးပစ်လောင်ချာ၊ စက်သေနတ်များ သုံးကာ နံနက်အရုဏ်ဦးတွင် ပဲခူးပင်မသပိတ်စစ်ကြောင်းအား အကာအကွယ်ပေးထားသည့် ရပ်ကွက်များကို စီးနင်းတိုက်ခိုက်ခဲ့ခြင်း လည်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ အနည်းဆုံး ၈၂ ဦးသေဆုံးပြီး လူတထောင်ကျော် နေရပ်စွန့်ခွာထွက် ပြေးခဲ့ရကာ လူအမြောက်အမြား ဖမ်းဆီးခံခဲ့ရသည်။
ပြောရလျှင် အဆိုပါနေ့သည် ပဲခူးအတွက် ကြမ္မာငင်သည့် နေ့ဖြစ်ပြီး ဆိုးဝါးသည့် ပစ်ခတ်တိုက်ခိုက်မှုများမှာ မေ့လျော့ပစ်၍ မရနိုင်သည်အထိ ဖြစ်ရကြောင်း ပဲခူးမြို့ဒေသခံများက ပြောဆိုကြသည်။

အာဏာရှင်ကို အာခံကြသည့်ရပ်ကွက်များ
နွေဦးတော်လှန်ရေး ပျားရည်စမ်းကာလများကုန်ဆုံးသွားပြီးနောက် ဆန္ဒပြပြည်သူများကို လိုက်လံဖြိုခွင်းနေသည့် စစ်တပ်နှင့်ရဲ၏ ရန်ကို ကာကွယ်ရန် ပဲခူးဒေသခံများသည် နည်းလမ်း အသစ်ကို မတ်လ ဆန်းကတည်းက စတင်ပြင်ဆင်လာကြသည်။
ယင်းမှာ ရွေ့လျား ဆန္ဒပြမှု အစား စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် အမာခံရပ်ကွက်များကို စုစည်းကာ ယင်းရပ်ကွက်များအတွင်းမှ ဆန္ဒပြကြရန် ဖြစ်သည်။ ထို့ကြောင့် လူငယ်များအပါအဝင် ပဲခူးမြို့ဒေသခံများ စုပေါင်း ဖွဲ့စည်းထားသော ပဲခူးပင်မသပိတ်စစ်ကြောင်းသည် ပဲခူးမြစ် အရှေ့ဘက်ကမ်းရှိ ပုဏ္ဏားစု၊ မှော်ကန်၊ ဆိုရှယ်လစ်၊ အင်းဝင် ၊ ဥဿာ နှင့် အလင်းရောင်ရပ်ကွက် များအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။
စစ်တပ်နှင့် ရဲက ရပ်ကွက်များအတွင်း လိုက်လံဖြိုခွဲကြသော အခါ ပင်မသပိတ်စစ်ကြောင်းကို ဝန်းရံသည့် ယင်း ရပ်ကွက်နေပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လေသေနတ်၊ ဂျင်ကလိ၊ မိုလိုတော့ဖ်များဖြင့် ခုခံခဲ့ကြသည်။ မတ်လ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သော ခုခံတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒုရဲအုပ်တဦး သေဆုံးပြီး လုံခြုံရေး တပ်ဖွဲ့ဝင်အချို့လည်း ရပ်ကွက်အတွင်း လူထု၏ ဝိုင်းပတ်ပိတ်ဆို့ခံရသည် အထိဖြစ်ခဲ့သည်။
ရဲအရာရှိ တဦးသေဆုံးခဲ့ပြီး ရဲတပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည့် မအောင်မြင်သော ဖြိုခွဲမှုနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် အဆိုပါ ရပ်ကွက်များအတွင်း ယခင်ကကဲ့သို့ အတင်း ဝင်ရောက်ဖြိုခွဲမှုမလုပ်တော့ဘဲ ပုဏ္ဏားစု၊ မဂ္ဂတစ်နှင့် ဆံတော်တွင်းလမ်းမကြီး များမှ တဆင့် တွေ့သမျှ အရပ်သားများကို သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။

ပုဏ္ဏားစု၊ မဂ္ဂတစ်နှင့် ဆံတော်တွင်းလမ်းမကြီးများသည် ပဲခူး – သနပ္ပင် လမ်းမကြီးမှ ၉၀ ဒီဂရီ ညာဘက်သို့ ချိုးထားသည့် လမ်းမများဖြစ်ပြီး ပုဏ္ဏားစု၊ မှော်ကန်၊ ဆိုရှယ်လစ်၊ အင်းဝင်၊ ဥဿာ နှင့် အလင်းရောင်ရပ်ကွက်များ၏ အဓိက ကျောရိုးလမ်းမကြီးများလည်း ဖြစ်သည်။
စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုများကို အဆိုပါရပ်ကွက်နေလူထုများနှင့် တက်ကြွသည့် ပဲခူးမြို့ခံများက တိုင်ပင်စုစည်းကာ ပဲခူးကာကွယ်ရေးအဖွဲ့ ဖွဲ့ခြင်းဖြင့် တုံ့ပြန်ခဲ့ကြသည်။ နောက်ပိုင်းတွင် ရှည်လျားသော ပုဏ္ဏားစု၊ မဂ္ဂတစ်နှင့် ဆံတော်တွင်းလမ်းမကြီးများ တလျှောက် သဲအိတ်ကာ အတားအဆီးနှင့် ခံတပ်များ ပေါ်ပေါက်လာကြသည်။
မှော်ကန်စာသင်ကျောင်းအရှေ့ မဂ္ဂတစ်လမ်းမတွင် ပဲခူးကာကွယ်ရေးအဖွဲ့၏ လူတယောက်ရင်ညွန့်နီးပါး အမြင့်ရှိသော ပင်မခံတပ်ရှိပြီး လေသေနတ်ကိုင် ခုခံသူလူငယ် ၄၀ ခန့် ပုံမှန်ရှိနေသည်။ ကာကွယ်ရေးအဖွဲ့သည် မှော်ကန် စာသင်ကျောင်းတွင် ဧပြီလ ၉ ရက်မတိုင်မီအထိ ရှေ့တန်းဌာနချုပ်အဖြစ် တပ်စွဲထားသည်။
စစ်တပ်နှင့် စပ်ဆက်နေရာများ ပေါက်ကွဲမှုဖြစ်ပွား
ပုဏ္ဏားစုနှင့် မဂ္ဂတစ်လမ်းမတွင် ခံတပ်များ ပေါ်လာပြီးနောက် စစ်တပ်နှင့် ဆက်စပ်သည့် နေရာအချို့တွင် မည်သူ့ လက်ချက်မှန်းအတည်မပြုနိုင်သည့် ပေါက်ကွဲမှုများ ခပ်စိပ်စိပ်ဖြစ်လာသည်။
မတ်လ ၃၀ ရက်ကလည်း ပဲခူးမြို့ မြွေဘုရားအနီးရှိ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သေးသည်။ ယင်းပေါက်ကွဲမှုသည် အတော်ပင် အသံကျယ်လောင်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အနီးရှိ ဒေသခံအချို့က ပြောကြားသည်။
စစ်ကောင်စီဘက်ကမူ ပေါက်ကွဲမှုသည် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာမှတဆင့် ထုတ်ပြန်ကြေညာသည်။ ဧရာဝတီက စုံစမ်းရရှိသည့် သတင်းအရ ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တဦး ခြေထောက်ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။

ထို့နောက် ဧပြီလ ၄ ရက် မွန်းလွဲ ၃နာရီခန့်တွင် ပဲခူးမြို့ သနပ္ပင်လမ်းမရှိ စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီ Mytel ရုံးနှင့် ပဲခူး ရွှေမော်ဓော ဘုရားတောင်ဘက်မုခ်ထိပ်တို့၌ ပေါက်ကွဲမှုအချို့ ဖြစ်ပေါ်ခဲ့သည်။
အမည်မသိ ဆိုင်ကယ်သမားများက လာရောက် ပစ်ခတ်တိုက်ခိုက်သဖြင့် ရွှေမောဓောဘုရား တောင်ဘက်မုခ်ထိပ်ရှိ စစ်တပ်ကင်းချထားသော နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးဒေသခံတချို့ ဧရာဝတီသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း ရွှေမောဓောဘုရားတောင်ဘက်မုခ်တွင် ကင်းချထားသော စစ်သား အချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သတင်းများကြားရသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်ခဲ့ပေ။ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ၅ ရက်အကြာ ဧပြီလ ၉ ရက်တွင် စစ်တပ်၏ စစ်မြေပြင်သဖွယ် စီးနင်းတိုက်ခိုက် မှုပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဟင်္သာတွေ အသတ်ခံရတဲ့နေ့
ပဲခူးမြို့၏ အမှတ်သင်္ကေတမှာ ဟင်္သာဖိုအပေါ်ဟင်္သာအမ နားသည့် သင်္ကေတဖြစ်ပြီး ပဲခူးသူပဲခူးသားများသည် ၎င်းတို့ကို ဟင်္သာငှက်များအဖြစ် တင်စားခေါ်ဝေါ်ကြသည်ကို သဘောကျလေ့ရှိကြသည်။
ဧပြီလ ၉ ရက်နေ့သည် ကမ္ဘောဇသာဒီနန်းတော်အနီးတွင် ဟင်္သာများ အစုအလိုက်အပြုံလိုက် အသတ်ခံရသည့် နေ့ဟု ခေါ်ဆိုမည်ဆိုပါက မှားလိမ့်မည်မဟုတ်ပေ။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၅ နာရီဝန်းကျင်တွင် မဂ္ဂတစ်လမ်းမတလျှောက် အင်အား ၃၀ ခန့်ဖြင့် ပင်မခံတပ်သို့ ချည်းကပ်လာရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ပဲခူးကာကွယ်ရေးအဖွဲ့မှ လူငယ်ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဝင်လာသည့် တပြိုင်နက်တည်းမှာပင် မှော်ကန် ၁ လမ်းနှင့် ဆိုရှယ်လစ် ၂ လမ်းမတို့ဘက်မှလည်း အင်အား ၃၀ ခန့်ဖြင့် မဂ္ဂတစ်လမ်းမဘက်သို့ ဦးတည်ဝင်လာပြီး ကင်းတာဝန်ကျသည့် ကာကွယ်ရေးအဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
စစ်တပ်ဘက်က မောင်းပြန်သေနတ်များဖြင့် တရစပ်ပစ်ပြီး ကာကွယ်ရေးအဖွဲ့များက တချက်ပစ်ပြီးသည်နှင့် ကျည်ပြန်ထိုးရသည့် လေသေနတ်များဖြင့် ပြန်လည် ခုခံကြသည်။
တိုက်ပွဲသည် လက်နက်အင်အားမမျှသော ကြောင့် မိနစ်ပိုင်းမျှသာ ခုခံလိုက်ရပြီး ပင်မခံတပ်တွင် ကာကွယ်ရေးအဖွဲ့ဝင်များ ပြန်လည် စုရုံးကာ ထပ်မံခုခံကြရသည်။ စစ်တပ်နှင့် ရဲက ပင်မခံတပ်ကို ဗုံးပစ်လောင်ချာများ ဖြင့် တရစပ်ပစ်ခတ်သဖြင့် ပင်မခံတပ်ကျပြီး ဆိုရှယ်လစ် ၄ လမ်းထိပ်ရှိခံတပ်သို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာလာရကာ လက်ပစ်ဗုံးများဖြင့် ပြန်လည် ခုခံကြသည်။
ပဲခူးကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် စစ်သားအချို့ ကျဆုံးသည်လည်း ရှိကြောင်း ပဲခူးကာကွယ်ရေးအဖွဲ့ထံမှသိရသည်။
“ဗုံးပစ်လောင်ချာနဲ့ကတော့ အချက်ရေတော်တော်များများပစ်တယ်။ အချက်ရေတော့ ကျနော်လည်း မမှတ်မိတော့ဘူး။ ကျနော့်ရှေ့က ဘန်ကာကနေလည်း စက်သေနတ်ထောက်ပြီးတော့ကို ကျနော်တို့ဘက် တွယ်တာ။ တရစပ်ကို ပစ်တာ” ဟု ပဲခူးကာကွယ်ရေး အဖွဲ့မှ လူငယ်ခေါင်းဆောင်တဦးက ပြောသည်။
စက်သေနတ်နှင့် ပစ်ခတ်မှုကြောင့် ကာကွယ်ရေးအဖွဲ့ဝင်များ အားလုံး ဝရုန်းသုန်းကား ထွက်ပြေးရပြီး ၎င်းကိုယ်တိုင်ပင်လျှင် ရေဆိုးမြောင်းမှ တဆင့် ကမ္ဘောဇသာဒီနန်းတော်ဝင်းဘက်သို့ ထွက်ပြေးရာမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးကာကွယ်ရေး အဖွဲ့မှ လူငယ်ခေါင်းဆောင်တဦးက ပြောသည်။
“ကမ္ဘာပြိုမတက်ဘဲဗျာ။ နံနက်ခင်း ၈ နာရီ ၉ နာရီ ၁၀ နာရီအထိက အဆက်အသွယ်တွေမရကြဘူး။ ဖုန်းတွေက ကျန်ခဲ့တဲ့ သူတွေလည်းရှိတယ်။ ကျနော်တို့ တလျှောက်လုံး ညီအကိုတွေလို နေလာခဲ့တာဗျာ။ လွတ်လာတဲ့ ကျနော်တို့မှာလည်း အခုချိန်အထိအမြဲတမ်း၊ မျက်ရည်နဲ့ မျက်ခွက်ပဲ” ဟု ၎င်းကဆိုသည်။

အခြား ပဲခူးကာကွယ်ရေးအဖွဲ့မှ လူငယ်ခေါင်းဆောင်တဦးကလည်း “တချို့အိမ်တွေ ရပ်မိရပ်ဖတွေကလည်း အိမ်ထဲဝင်ပြေးဆိုပြီး ဖွက်ပေးထားတယ်။ ဒါပေမယ့် ခက်တာက သူ့လူကိုယ်ဘက်သားတွေကြောင့် ကျနော်တို့ အကုန်လုံးဖွဲ့စည်းပုံတွေ ပျက်သွားပြီးတော့ ပုန်းနေတဲ့ ကလေးတွေ အကုန်လုံးလည်း ဆွဲထုတ်ခံရပြီး ပစ်သတ်ခံလိုက်ရတယ်ဆိုတာ သိရတယ်ခင်ဗျ” ဟု ရှင်း ပြသည်။
ထို့အပြင် ကာကွယ်ရေးအဖွဲ့တွင် ပါဝင်ခြင်းမရှိသည့် ရပ်ကွက်နေပြည်သူများကိုပါ စစ်တပ်က ပစ်သတ်ခဲ့ ပြီး အလောင်းများကို မှော်ကန် စာသင်ကျောင်းနှင့် ဆိုရှယ်လစ် ၁၃ လမ်းအနီးရှိ ဇေယျာမုနိ ဘုရားဝန်းအနီးတွင် စုပုံထပ်ထားကြောင်း မျက်မြင်တွေ့ရသူများ ထံမှသိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လူနာတင်ယာဉ်များကိုပင် မဂ္ဂတစ်လမ်းသို့ လာခွင့်မပေးခဲ့ပေ။ မဂ္ဂတစ်နှင့် ပုဏ္ဏားစု လမ်းမတလျှောက် ပစ်ခတ်ဖြိုခွဲမှုများလုပ်နေစဉ် ပဲခူးမြို့အရှေ့ဘက် တခြမ်းလုံးသို့ အနောက်ဘက်ကမ်းမှ ပြည်သူများမလာနိုင်ရန် အင်အားအမြောက်အမြားဖြင့် ပဲခူးနာရီစင် တဝိုက်တွင် တားမြစ်ကန့်သတ်ထားပြီး ပုဏ္ဏားစု ၊ မှော်ကန်၊ ဆိုရှယ်လစ်၊ ဥဿာ၊ အင်းဝင် နှင့် အလင်းရောင် ရပ်ကွက်များအား ည ၇ နာရီတိုင်အောင် စိတ်ရှိလက်ရှိ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် လူ ၈၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် ပရဟိတသမား၊ ကျောင်းသားနှင့် ကျန်းမာရေးဝန်ထမ်း စသည့် နယ်ပယ်စုံမှ လူငယ်များ အများစုပါဝင်သည်။
ပဲခူးကို ဘာကြောင့် ပစ်မှတ်ထား ဖြိုခွင်းခဲ့သလဲ
ပဲခူးဖြိုခွင်းမှုကို ပြည်ထဲရေးဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကိုယ်တိုင် ပဲခူးသို့ ဆင်းလာကာ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ပဲခူးပင်မ သပိတ်စစ်ကြောင်းမှ လူငယ်တဦးကလည်း ပဲခူးမြို့ ဖြိုခွင်းခံရမှုသည် စစ်မြေပြင်ဆန်ဆန် ရက်စက်စွာ ဖြိုခွဲခဲ့ခြင်းဖြစ်ပြီး အင်မတန်ထိတ်လန့်စရာကောင်းကြောင်း ပြောပြသည်။
“ထွက်ပေါက်အကုန်ပိတ်ပြီးတော့ စစ်မြေပြင်ဆန်ဆန်လုပ်သွားတယ်ဆိုတာကတော့ အမှန်တရားပဲ။ အရမ်းထိတ်လန့်စရာ ကောင်းတယ်။ စစ်တပ်ဟာ သူတို့အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်မယ်ဆိုတာကို အချက်ပေး ခေါင်းလောင်းထိုးလိုက်တာပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။
ဆက်လက်၍ ပဲခူးပင်မ သပိတ်စစ်ကြောင်းမှ လူငယ်တဦးက မဂ္ဂတစ်လမ်းမရှိ ပင်မခံတပ်သည် ကနဦးပိုင်းတွင် အလွယ်တကူ ဖြိုခွဲ၍ မရဘဲ ရဲတပ်ဖွဲ့ဝင်အချို့သေသည်အထိ ခုခံနိုင်သဖြင့် အညှိုးဖြင့် ဖြိုခွဲခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“မြို့ပေါ် ပျောက်ကြားအဖွဲ့က သူတို့ကို တော်တော်လေးအထိနာအောင်လုပ်နိုင်တယ်လို့ကြားတယ်။ ပေါက်ကွဲမှုတွေ တောက်လျှောက်ဖြစ်တယ်။ ခံတပ်ကို ဖြိုနေတဲ့အချိန်မှာလည်း ထွေအုပ်ရုံးတို့ မက်စ်ဆီဆိုင်တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်တယ်။ ဒီပေါက်ကွဲမှုတွေရဲ့ ပင်မဟာ မဂ္ဂတစ်ခံတပ်က လာတယ်လို့ ယူဆပြီးတော့ ကျနော်တို့ကို စစ်ဗျူဟာ ကျကျ ဖြိုခွဲလိုက်တယ်လို့ထင်တယ်” ဟု ၎င်းက ဆိုသည်။

ပဲခူးကာကွယ်ရေးအဖွဲ့မှ လူငယ်ခေါင်းဆောင်တဦးကမူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မဂ္ဂတစ်ခံတပ်တွင် လက်ပစ်ဗုံးများ နှင့် ရှော့တိုက်ဒုံးများပါ ရောက်နေသည်ဆိုသော သတင်းအမှားများကို အခြေခံကာ အတင်းဝင်ရောက်ဖြိုခွဲခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။
“ဒလန်တွေက တလွဲတွေ သတင်းပေးမှာပေါ့ဗျာ။ သူတို့မှာ ဒါတွေရှိနေပြီ။ တခြားလက်နက်တွေလည်း သူတို့မှာ ရှိနိုင်တယ်ဆိုပြီး သံသယစိတ်တွေ ဝင်သွားတယ်။ အဲဒါကြောင့် သူတို့က စစ်မြေပြင်ကို ဝင်စီးသလို ဝင်စီးတာ။ တကယ်တမ်းကျတော့ သူတို့ ထင်သလိုက မရှိကြဘူး။ လက်ပစ်ဗုံးဘာညာကတော့ ကိုယ့်အဆက်အသွယ် လေးတွေနဲ့ ကိုယ် ရကြတာလည်း ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။
မည်သို့ပင်ဖြစ်စေ ပဲခူးမြို့သည် ဧပြီလ ၉ ရက်တရက်တည်းမှာပင် နွေဦးတော်လှန်ရေးအတွက် သွေးနှင့်ရင်းရသည့် တန်ဖိုးကြီးကြီးပေးလိုက်ရပြီဖြစ်သည်။ ပဲခူးမြို့က ဟင်္သာတို့သည် ဒဏ်ရာ အပြင်းအထန်ရသွားသော်လည်း ဒဏ်ရာကို တသသလုပ်ကာ ညဉ်းညူနေဖို့ အချိန်မအား ဖြိုခွင်းခံရပြီးနောက်ရက်မှာပင် တော်လှန်ရေးအလံစွဲကာ ဆန္ဒပြသည့် စစ်ကြောင်းကို ရအောင် ပြန်ထွက်စေခဲ့သည်။
ပဲခူးမြို့ပေါ်တွင် သမိုင်းဝင် ဖြစ်ပွားခဲ့သော လူအသေအပျောက်များသည့် အဆိုပါ တိုက်ခိုက်ခံရမှုတွင် ဆန္ဒပြပြည်သူများ ဘက်မှ လက်နက်အင်အား မမျှသကဲ့သို့ ပြည်သူ့အိုးအိမ်၊ ပိုင်ဆိုင်မှုများကို ငဲ့ခဲ့ရသဖြင့် အာဏာသိမ်း စစ်တပ်၏ တဖတ်သတ် အင်အားသုံး တိုက်ခိုက်မှုအောက်တွင် ထိခိုက်ဆုံးရှုံးမှုများခဲ့ရသည်။
သို့သော်လည်း “ကျနော်တို့ကို အခုလို ရက်ရက်စက်စက်လုပ်တဲ့ အပေါ်မှာ လုံးဝ လုံးဝ မကျေနပ်ဘူး။ ကျနော်တို့ အားမတန်လို့ မာန်လျှော့လိုက်ရပေမယ့် ကျနော်တို့ ပြန်လာမယ်။ ကျနော်တို့ လက်စားချေဖို့ ပြန်လာခဲ့မယ်” ဟု သပိတ်စစ်ကြောင်းထဲက လူငယ်တဦးက ကြုံးဝါးသည်။
You may also like these stories:
လူကွဲပေမယ့် မူမကွဲတဲ့ သပိတ်ခေါင်းဆောင် ၂ ဦး
စစ်ကောင်စီနဲ့ အလံမလှဲတဲ့ ပြည်သူ
တာဟန်း ခံတပ်ပြိုပေမယ့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ စိတ်ဓာတ် မပြိုတဲ့ လူငယ်များ
The post ဟင်္သာတွေ သွေးမြေကျတဲ့နေ့ appeared first on ဧရာဝတီ.