စစ်ကောင်စီရဲ့ ရက်စက်ကြမ်းတမ်းတဲ့ အပြုအမူတွေကို သည်းမခံတော့ဘဲ ပြန်တိုက်တော့မယ်လို့ ပြည်မက လူငယ်တွေ ကြားမှာ ကျယ်ကျယ်လောင်လောင် ပြောဆိုလာတဲ့ နောက်မှာတော့ စစ်ကောင်စီက မြို့တိုင်းရဲ့ အဝင်/အထွက်တွေမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးလာပါတော့တယ်။
စစ်ယူနီဖောင်းဝတ် လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားတဲ့ စစ်ကောင်စီရဲ့ စစ်သားတွေက ရန်ကုန်မြို့အထွက် အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးကားတွေ အားလုံးကို စစ်ဆေးပြီး လိုက်ပါလာသူတွေကိုလည်း မှတ်ပုံတင်တွေ တယောက်ချင်းစီ ထုတ်စစ်တာတွေ လုပ်လာပါတယ်။
လူငယ်အများစုလည်း အစစ်ဆေးတွေကြားက လွတ်မြောက်ပြီး နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်နယ်မြေ တွေထဲကို ရောက်ရှိကာ အခြေခံ စစ်သင်တန်းများ သင်ယူနေကြပါပြီ။
ကံမကောင်းတဲ့ ရန်ကုန်မြို့က လူငယ် ၈ ဦးနဲ့ ယာဉ်မောင်း၂ ဦးကတော့ ကရင်ပြည်နယ်ကို စစ်သင်တန်း တက်ဖို့အသွား လမ်းခုလတ်မှာပဲ မတ်၂၃ ရက်က ဖမ်းဆီးခံလိုက်ရပါတယ်။
သူတို့တွေဟာ အသက်၂၀ ကျော် လူငယ်တွေဖြစ်ပြီး ကရင်လက်နက်ကိုင် နယ်မြေထဲကိုသွားတဲ့ အမြန်လမ်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) က လူငယ်တာဝန်ခံ အချို့ကိုလည်း ဖမ်းဆီးဖို့ ရှာဖွေနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပြည်မက လူငယ်တွေကြား ပြင်းပြင်းပြပြ ဖြစ်ချင်နေတဲ့ မျှော်မှန်းချက် နှစ်ခု ရှိပါတယ်။
ပထမတခုက နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထံမှာ စစ်ပညာသင်ယူပြီး လက်နက်ကိုင်တပ်ဖွဲ့၊ စစ်တပ်ကို တိုက်ခိုက်ပြီး နိုင်ငံရေး အခြေအနေတွေကို ပြောင်းလဲပစ်လိုက်ဖို့ပါ။
ဒုတိယ တခုကတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးက စစ်ပြင်၊ စစ်တပ်ကို ရှုံးနိမ့်သွားတဲ့အထိ တိုက်ခိုက်ပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရေး ဖြစ်ပါတယ်။
ရန်ကုန် ဆေးတက္ကသိုလ် (၁)မှာ ပညာသင်ကြားနေဆဲ ဖြစ်တဲ့ ကိုသီဟက “ငြိမ်းချမ်းစွာ ဆန္ဒပြတာနဲ့ ကျနော်တို့ မနိုင်နိုင်ဘူး။ စစ်ကောင်စီက လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ လူထုဆန္ဒကို လေးစားမှု မရှိဘူးဆိုတာ ကျနော်တို့ အားလုံး မြင်ရပြီးပြီ။ ဒီတော့ တခုတည်းသောနည်းက သူတို့ကို ပြန်တိုက်ဖို့ပဲ ရှိတော့တယ်” လို့ ပြောပါတယ်။
ကိုသီဟက တောင်ပေါ်ဒေသက တိုင်းရင်းသားလူမျိုးတဦး ဖြစ်တာကြောင့် သူ့မွေးရပ်မြေကို ပြန်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ထံမှာ အခြေခံ စစ်ပညာသင်ယူနိုင်ဖို့ကိုလည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ကိုသီဟသာ လက်နက်ကိုင် တော်လှန်ရေးလမ်းကို ရွေးချယ်လိုက်ရင် သူ့ ပညာရေးလမ်းကိုလည်း ဆုံးခမ်းတိုင်အောင် လျှောက်လို့ရတော့မှာ မဟုတ်သလို ဆရာဝန်တဦး ဖြစ်ချင်တဲ့ သူ့အိပ်မက်ကိုလည်း လက်လျော့လိုက်ရမှာပါ။
ကိုသီဟလို ဆရာဝန်လောင်းတယောက်၊ မိဘက လိုလေသေး မရှိအောင် ထောက်ပံ့ပြီး ပညာသင်ယူနေရသူ တဦးအတွက် နေအိမ်ကို စွန့် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ စစ်သင်တန်းသွားတက်ဖို့ ဆိုတာ ပြည်မမှာမွေး ပြည်မမှာပဲ ကြီးပြင်းခဲ့တဲ့ လူငယ်တွေအတွက် ယခင်က မတွေးခေါ်ခဲ့ဖူးတဲ့ ဆုံးဖြတ်ချက်ပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ရန်ကုန်မြို့ အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးက ဆရာဝန်တွေ ဆေးကျောင်းသားတွေ သူနာပြုတွေအပြင် အခန်းကဏ္ဍ အသီးသီးက ဝန်ထမ်းတွေမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးက လူတန်းစား ပေါင်းစုံဟာ စစ်အာဏာရှင်စနစ်ကို မကြိုက်ကြောင်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြခဲ့ကြပါတယ်။
စစ်တပ် ခေါင်းဆောင်များက သန်းနဲ့ချီတဲ့ လူထုရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး လူတွေ လမ်းပေါ် မထွက်နိုင်အောင် ပစ်ခတ်သတ်ဖြတ်တာ၊ အကြောက်တရားရအောင် လူမြင်ကွင်းမှာ ညှင်းပန်းနှိပ်စက်ပြတာ၊ လူထုပိုင် ပစ္စည်းတွေကို ဖျက်ဆီးပစ်တာ၊ ရက်သတ္တပတ် ၄ ပတ်အတွင်း စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်တာ ညှင်းပန်းနှိပ်စက်တာတွေကြောင့် သေဆုံးသူဦးရေ ၄၂၉ ဦး ရှိလာပါပြီ။
ရက်ရက်စက်စက် ဖိနှိပ်ခံရတဲ့ အဖြစ်တွေကို ရင်ဆိုင်ရပြီးနောက်မှာတော့ စစ်တပ်ကို ဖြုတ်ချဖို့အတွက် လက်နက်ကိုင်ပြီး ပြန်တိုက်ရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ လူထုစိတ်ထဲ ဝင်လာတာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍ
စစ်တပ်ကို တိုက်ခိုက်ဖို့အတွက်ဆိုရင် ပြည်မက လူငယ်တွေမှာ ရွေးချယ်စရာကတော့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေထဲကို အရောက်သွားပြီး စစ်ပညာသင်ယူကြဖို့ ပါပဲ။
လက်ရှိမှာ စစ်တပ်ကို တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ် နိဂုံးချုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာကြောင့် အဆိုပါ တပ်ဖွဲ့တွေရဲ့ အခြေအနေကို ကြည့်ရမှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၈ ဖွဲ့ ရှိတဲ့အနက် လက်နက်ခဲယမ်း မီးကျောက်နဲ့ လူအင်အား တောင့်တင်းပြီး ငွေကြေးချမ်းသာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ကတော့ စစ်တပ်နဲ့ စစ်ရေး ပဋိပက္ခ လုံးဝ မဖြစ်လိုတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
သူတို့က ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော် (MNDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ရက္ခိုင်စစ်တပ် (AA) တို့ကတော့ အပစ် အခတ်ရပ်စဲရေး တစုံတရာ လက်မှတ် မရေးထိုးထားဘဲ တိုက်ခိုက်နိုင်စွမ်းရှိပြီး အင်အားတောင့်တင်းတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်ပါတယ်။
အခြား ၁၀ ဖွဲ့ကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားသူတွေပါ။
သူတို့ ၁၀ ဖွဲ့ထဲမှာတော့ ၈ ဖွဲ့လောက်က စစ်တပ်ကို စစ်ရေးအရ ရင်ဆိုင်ဖို့ အင်အားမရှိတဲ့ အဖွဲ့ငယ်တွေသာဖြစ်ပြီး လက်နက်ခဲယမ်းနဲ့ အင်အား အသင့်အတင့်တောင့်တာက ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS) တို့ ၂ ဖွဲ့ တည်းပါ။
ကယားပြည်နယ်မှာ အခြေစိုက်တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်တပ်ဖွဲ့ဟာလည်း အင်အား အသင့်အတင့်ရှိတဲ့အဖွဲ့ ဖြစ်ပါတယ်။
အဲဒီ တိုင်းရင်းသားတပ် ၁၈ ဖွဲ့ထဲမှာ စစ်တပ်ရဲ့ အာဏာသိမ်း လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့သူတွေ လုံခြုံရေးအရ ပြေးလွှားနေရသူတွေကို အကူအညီပေးနေတာကတော့ KIA ၊ KNU နဲ့ RCSS တို့ ဖြစ်ပါတယ်။
စစ်တပ်က လိုက်ဖမ်းနေတာကြောင့် အန္တရာယ်ရှိတဲ့ အရေးကြီး အစိုးရအဖွဲ့ဝင်တွေ နိုင်ငံရေးသမားတွေ လူငယ်ခေါင်းဆောင်တွေနဲ့ Civil Disobedience Movement (CDM) ပြုလုပ်ထားလို့ ရှောင်ရှားနေရသူတွေကို KIA၊ KNU ၊ RCSS တို့က သူတို့နယ်မြေထဲမှာ လာရောက် နေထိုင်ခွင့် ပေးထားတာပါ။
စစ်ပညာသင်ချင်လို့ ဆက်သွယ်လာတဲ့ ပြည်မက လူငယ်တွေကိုလည်း အဆိုပါ တိုင်းရင်းသားတပ်တွေက သင်တန်းပေးနေတယ်လို့ ကြားသိရပေမယ့် အဖွဲ့အစည်းအသီးသီးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ တရားဝင် အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။
ဒါ့ပြင် KIAနဲ့ KNU ဆိုရင် တဖက်မှာလည်း စစ်တပ်ကို စစ်မျက်နှာ စဖွင့်လာတာတွေ ရှိနေပါတယ်။
KIA က မတ် ၁၁ ရက်က စပြီး ဖားကန့်၊ အင်ဂျန်းယန်၊ ဗန်းမော် စတဲ့ မြို့နယ်တွေမှာ စစ်တပ် တပ်စခန်းတွေ ရဲကင်းစခန်း တွေနဲ့ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။
စစ်တပ် အာဏာမသိမ်းခင် အချိန်က KIA ဟာ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုနိုင်ဖို့အတွက်၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ကချင်ပြည်နယ်တွင်းမှာ တိုက်ခိုက်မှုတွေ မဖြစ်အောင် ရှေ့တန်းတပ်စခန်းတွေကို မှာကြား ပြီး စစ်ရေးအခြေအနေကို တည်ငြိမ်အောင် နေထိုင်ခဲ့တာပါ။
စစ်တပ်က ပြည်မမှာ လူထုကို သတ်ဖြတ်တာတွေအပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ပစ်ခတ်သတ်ဖြတ်တာ တွေ လုပ်လာပြီး နောက်မှာတော့ KIA က စတင် ထိုးစစ်ဆင်ပြီး စစ်မျက်နှာကို စဖွင့်လိုက်တော့တာ ဖြစ်ပါတယ်။
KNU ဆိုရင်လည်း တပ်မဟာ (၁) ၊ တပ်မဟာ (၃) ၊ တပ်မဟာ (၅) နယ်မြေတွေမှာ စစ်တပ်နဲ့ ဖေဖော်ဝါရီလကတည်းက တိုက်ခိုက်နေ သလို စစ်တပ်ရဲ့ ရှေ့တန်းတပ်စခန်းတွေ အင်အားချိနဲ့အောင် ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက် ပိတ် ဆို့ထားတာတွေ လုပ်နေတာပါ။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက စစ်တပ်ရဲ့ တပ်ရင်းတွေဟာ KNU တပ်မဟာ (၅)ရဲ့ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခဲ့တဲ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က မတ်လ ၂၇ ရက် မနက်ပိုင်း ၆ နာရီမှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ခြေမြန်တပ်ရင်း ၃၄၉ သီးမူထာ အခြေစိုက်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
KNU ဘက်ကတော့ စစ်အာဏာရှင်ကို သက်ဆိုးရှည်အောင် ထောက်ပံ့ထားမယ့် တပ်ရင်းတွေကို ချိနဲ့အောင် လုပ်ဖို့အတွက် ရိက္ခာတွေ သယ်ခွင့်မပေးဘူးလို့ တားမြစ်သလို သံလွင်မြစ်ကို ဖြတ်ကူးပြီး ဖာပွန်ခရိုင်ဘက်ခြမ်း ရောက်လာတာနဲ့ စစ်တပ်လက်ထဲ မရောက်အောင် လုပ်ပစ်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။
ကရင်လူထု အပါအဝင် ပြည်မနဲ့ ပြည်နယ် အသီးသီးက လူထုတွေဟာ စစ်တပ်ကို ရိက္ခာရအောင် ထိုင်းစစ်တပ်က အကူအညီ ပေးတယ်ဆိုပြီး လူမှုကွန်ရက်တွေမှာ ဝိုင်းရှုတ်ချကြတာကြောင့် ထိုင်းစစ်တပ်ဟာလည်း သူတို့ ထောက်ပံ့တာ မဟုတ်ကြောင်း နာရီပိုင်းအတွင်း ရှင်းလင်းခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ မြစ်ကမ်းဘေး သောင်တင်နေတဲ့ ဆန်အိတ်တွေကို စစ်တပ်ရဲ့တပ်ရင်းတွေက မသယ်ရဲတာကြောင့် ဆန်အိတ်တွေ လာရာလမ်းအတိုင်း ထိုင်းနိုင်ငံထဲကိုပဲ မတ် ၂၃ ရက် ညသန်းခေါင်မှာ ပြန်သယ်သွားကြပါတော့တယ်။
KIA ၊ KNU တပ်ဖွဲ့များက လူထုဘက်မှာ ရပ်တည်ကြောင်းပြသတဲ့အနေနဲ့ သူတို့နယ်မြေထဲမှာ အခြေစိုက်ထားတဲ့ စစ်တပ်ရဲ့ လက်အောက်ခံ တပ်တွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို ဖြုတ်ချချင်နေတဲ့ လူထုကတော့ KIA ၊ KNU တို့ကို ထောက်ခံအားပေးတာတွေ လူထုကို အကာအကွယ်ပေးဖို့အတွက် တောင်းဆိုတာတွေ ပြုလုပ်လာကြပါတယ်။
အချို့ကလည်း မြို့တွေကို ဝင်ရောက်တိုက်ခိုက်ပြီး စစ်တပ်ကို အင်အားယုတ်လျော့အောင် လုပ်ဖို့ ပြည်မအထိပါ စစ်ပွဲတွေ ဖန်တီးပစ်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်လိုက်ဖို့ အထိပါ တောင်းဆိုလာကြပါတယ်။
စစ်ရေးအတွေ့အကြုံရှိတဲ့ တပ်မှူးတွေကတော့ လူထုရဲ့တောင်းဆိုသံတွေက စိတ်ကူးနဲ့ တွေးကြည့်ရင်တော့ လွယ်ကူပေမယ့် တိုင်းရင်းသားတပ်တွေက သူတို့ အခြေစိုက်စခန်းတွေ နယ်မြေတွေကို ထားခဲ့ပြီး မြို့ပေါ်ကို တတ်တိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်လို့ သုံးသပ်ကြပါတယ်။
တရုတ်- မြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ဒုဗိုလ်မှူးကြီးတဦးက “တိုက်တယ် ခိုက်တယ်ဆိုတာ ရေတိုအနေနဲ့ တနေရာရာကို ဝင်တိုက်တယ် ဆိုတာလွယ်ပေမယ့် အဲဒီနေရာတခုကို ထိန်းထားဖို့ ဆိုတာ မလွယ်ပါဘူး။ စစ်တိုက်တာက စိတ်ကူးနဲ့ ဖန်တီးလို့ရတာ မဟုတ်ဘူး။ လက်တွေ့ကျကျ ရင်းပြီး လုပ်ရတာပါ” လို့ ပြောပါ တယ်။
စစ်တပ်ကို ဝိုင်းဝန်း တိုက်ခိုက်ပြီး စစ်ပြင်ကြရင် ကိုယ့်ပြည်နယ်မှာရှိတဲ့ လူထုက ဦးဆုံးအထိနာမှာ ဖြစ်သလို စစ်ရေးနဲ့ နိုင်ငံရေးကို ဖြေရှင်းလို့ မရနိုင်ဘူးလို့လည်း အဆိုပါ ဒု ဗိုလ်မှူးကြီးက ပြောပါတယ်။
ဒါပေမယ့် သူက ပြည်မမှာ စစ်မျက်နှာဖွင့်ချင်ရင်တော့ ပြည်မနဲ့ တိုင်းဒေသကြီးတွေမှာ အများစု နေထိုင်တဲ့ ဗမာလူငယ်တွေက တော်လှန်ရေး တပ်တခု တည်ထောင်ဖို့ လိုသလို ဗမာလူငယ်တွေ ကိုယ်တိုင်က ကိုယ့်ဒေသအတွက် ကိုယ်တိုက်မှပဲ ရမယ်လို့ ပြောဆိုပါတယ်။
KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း သွေးထွက်သံယိုမှုတွေကို ရပ်တန့်ဖို့အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းများက လူထု သဘောဆန္ဒကို အလေးထားပြီး စေ့စပ်ညှိနှိုင်းတာတွေ လုပ်စေချင်တယ်လို့ ပြောပါတယ်။
လူထုတွေက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် မျှော်လင့်ချက် ထားနေတာတွေနဲ့ ပတ်သက်လို့လည်း ပဒို စောကွယ်ထူးဝင်းက “ကျနော်တို့က လက်နက်ကိုင်နည်းလမ်းနဲ့ အကာအကွယ်ပေးမယ်ဆိုရင် တဖက်က အခွင့်အရေးပဲ ပြောရမလား၊ နားလည်မှု လွဲပြီးတော့ ပြည်သူလူထုအပေါ်မှာ အကြမ်းဖက်တဲ့နည်းကို ပိိုမိုသုံးလာရင် ကျနော်တို့ မျှော်လင့် တာနဲ့ ဖြစ်တာတွေက တထပ်တည်း မဖြစ်ရင် လူထုလည်း နာပါမယ်။ ကျနော်တို့က အဲဒီလို မဖြစ်စေချင်ဘူး” လို့ ဆိုပါတယ်။
CRPH နဲ့ ဖယ်ဒရယ်တပ် အယူအဆ
ဒါပေမယ့် စေ့စပ်ညှိနှိုင်းတာ လုပ်မယ့် အခြေအနေ မရှိပါဘူး။
စစ်တပ်က၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးရွေးချယ်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေကို မခိုင်လုံတဲ့ သက်သေတွေသုံးပြီး အဂတိ လိုက်စားမှု ရှိကြောင်း စွဲချက်တွေ ထပ်တင်တဲ့အပြင် စစ်တပ်အုပ်ချုပ်တာကို မကြိုက်လို့ ဆန့်ကျင်နေတဲ့ လူထုကိုလည်း ဖိနှိပ်ဆဲ ပစ်ခတ်သတ်ဖြတ်ဆဲပါပဲ။
ရွေးကောက်ပွဲမှာ အနိုင်ရ ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ လူငယ်တွေ လက်နက်ကိုင် တော်လှန်ကြဖို့ တိုက်တွန်းလာသလို တိုင်းရင်းသား တပ်တွေနဲ့လည်း စုပေါင်းပြီး ဖက်ဒရယ် တပ်မတော်တခု ထူထောင်ကာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ တိုက်ခိုက်မယ်လို့ ပြောဆိုလာပါတယ်။
CRPH က ဖက်ဒရယ် တပ်မတော်လို့ ပြောတဲ့ အပေါ်မှာ တိုင်းရင်းသားတပ်တွေချည်းပဲ စုပေါင်းတိုက်ခိုက်ရတာမျိုးမဟုတ်ဘဲ ဗမာတိုင်းရင်းသားများအနေနဲ့လည်း ဗမာတပ်တခု ထူထောင်ပြီး ဖက်ဒရယ်တပ်မတော်မှာ အချိုးကျ ပါဝင်ဖို့ လိုတယ်လို့ တိုင်းရင်းသားတွေဘက်က သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။
CRPH က လက်နက်ကိုင် တပ်ဖွဲ့ အသစ်တဖွဲ့ကို ထူထောင်မှာလား၊ ပြည်မကနေ ထွက်လာပြီး တိုင်းရင်းသားတပ်တွေထံမှ စစ်ပညာသင်ယူနေတဲ့ လူငယ်တွေကို ဦးဆောင်မှာလား ဆိုတာကတော့ ယနေ့ထိ ထုတ်ဖော်ပြောဆိုတာ မတွေ့ရပါဘူး။
CRPH က တိုင်းရင်းသားတပ်ဖွဲ့တွေကို လိုက်လံဆွေးနွေးပြီး ဖက်ဒရယ်တပ်မတော် ထူထောင်ဖို့ ညှိနှိုင်းတာတွေ လုပ်နေ တယ်လို့ ဆိုပေမယ့် CRPH နဲ့ တွေ့ဆုံ ဆွေးနွေးထားတဲ့ KNU၊ KIA ၊ RCSS တို့က မိတ်ဆက်သဘောနဲ့ တွေ့ဆုံကြတာ ဖြစ်ပြီး စစ်ရေးကိစ္စတွေကို ဆွေးနွေးတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အဲဒါအပြင် တိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ NLD ပါတီဝင်တွေချည်း ဖွဲ့စည်းထားတဲ့ CRPH အပေါ် နိုင်ငံရေး အရ ယုံကြည်မှု ဘယ်လောက်ရှိလဲ ဆိုတာကလည်း စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။
NLD အစိုးရအဖြစ် အုပ်ချုပ်စဉ်ကာလတုန်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ယုံကြည်မှု ကောင်းကောင်း တည်ဆောက်နိုင်တာ မရှိသလို စစ်တပ်နဲ့ တိုင်းရင်းသားတွေကြား တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကို ဘက်လိုက်ခဲ့တာတွေ ကြောင့် တိုင်းရင်းသား ခေါင်းဆောင်အချို့ရဲ့ ယုံကြည်မှုက ယုတ်လျော့နေမှုတွေလည်း ရှိနေပါတယ်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သွေးထွက်သံယိုဖြစ်မယ့် လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေး ရလိုမှု တောင်းဆိုတာကို လက်မခံကြောင်း အကြိမ်ကြိမ် ပြောဆိုထားတာကြောင့် CRPH အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်ကို ချိုးဖောက်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုမှာ ဦးဆောင်လာမလား ဆိုတာကလည်း မရှင်းလင်းလှပါဘူး။
လတ်တလောမှာတော့ CRPH က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို စည်းရုံးနိုင်ရေးအတွက် အနာဂတ်မှာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ဖို့ နိုင်ငံရေး ရည်မှန်းချက် ရှိကြောင်း ကြေညာထားပါတယ်။
KIA ထိန်းချုပ်နယ်မြေထဲမှာ အခြေစိုက် ဖွင့်လှစ်ထားတဲ့ ဥပဒေ အထောက်အကူပြုကွန်ရက် (Federal Law Academy) က CRPH အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ နှုတ်ကတိတွေသာ ပေးထားပြီး အခိုင်အမာခြေလှမ်း လှမ်းတာမျိုး မရှိသေးတာကြောင့် တိုင်းရင်းသား အင်အားစုတွေအတွက် ယုံကြည်မှု အားနည်းနေသေးတယ်လို့ ထုတ်ပြန်ချက် တစောင် ထုတ်ပြီး ပြောဆိုထားပါတယ်။
ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးအတွက်လည်း၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ လူထုရွေးချယ်ထားတဲ့ အမတ်တွေ အများစုက သဘောတူပြီး ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတခုကို အတည်ပြု ပြဌာန်းပေးဖို့ လိုတယ်လို့ ဥပဒေ အထောက်အကူပြု ကွန်ရက်က အကြံပြုထားတာပါ။
မည်သို့ပင်ဆိုစေ တိုင်းရင်းသား တပ်ဖွဲ့တွေထံမှာ စစ်ပညာ သင်ယူနေသူတွေ အခြေခံ စစ်သင်တန်းပြီးရင် တပ်ဖွဲ့ တဖွဲ့ဖြစ် လာဖို့ ငွေကြေး အထောက်အပံ့၊ လက်နက်ခဲယမ်း မီးကျောက် ဝယ်ယူဖို့ ဘဏ္ဍာငွေ ပြဿနာတွေကို ဖြေရှင်းရတော့မှာပါ။
တိုင်းရင်းသား တပ်ဖွဲ့တွေက စစ်ပညာကို လက်ဆင့်ကမ်း ပေးနိုင်ရင်တောင်မှ တပ်ဖွဲ့သစ် တဖွဲ့ရပ်တည်ဖို့ နေ့စဉ် စားနပ် ရိက္ခာ စရိတ်၊ စစ်တိုက်ရာမှာ လိုအပ်မယ့် လက်နက်ခဲယမ်း မီးကျောက် ကုန်ကျစရိတ်တွေကို အကူအညီပေးနိုင်မှာ မဟုတ် ပါဘူး။
စစ်အာဏာရှင်ကို ဖြုတ်ချုဖို့ စစ်ပွဲတခု ဖန်တီးမယ်ဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အခြေခံ နယ်မြေ၊ တပ်စခန်းတွေ စတင် တည်ဆောက်ရမှာ ဖြစ်သလို လက်နက်အင်အား သာလွန်တဲ့ စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် တပါတည်း ချိန်ဆ၊ ကာလရှည် ဗျူဟာဆွဲပြီး လက်နက်ခဲယမ်း မီးကျောက်ကို ဖြည့်တင်းထားရမှာ ဖြစ်ပါတယ်။
AA နဲ့ ABSDF ဥပမာ
မကြာသေးခင်နှစ်ကမှ စစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တဲ့ AA ဆိုရင် အင်အားတောင့်တင်းတဲ့ တော်လှန်ရေး တပ်ဖွဲ့ တဖွဲ့ဖြစ်ဖို့ ဆယ်စုနှစ်တခုကြာ ရင်းနှီးမြှုပ်နှံခဲ့ရပြီး စစ်တပ်နဲ့ ၂ နှစ်ကျော်ကြာ တိုက်ခိုက်တဲ့ စစ်မြေပြင်အတွက် နှစ်အတန်ကြာ လက်နက်ခဲယမ်း စုဆောင်းတာတွေကို ကြိုတင် ပြင်ဆင်ခဲ့ရတာပါ။
စစ်မြေပြင် အတွေ့အကြုံရဖို့ကိုလည်း ကချင်နဲ့ ကိုးကန့်ဒေသက တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပေးခဲ့ရပြီး နှစ်အတန်ကြာ ပြင်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။
AA ကိုလည်း KIA က စစ်ပညာသင်ပေးခဲ့ပေမယ့် ရက္ခိုင်စစ်တပ် ကြီးထွားတောင့်တင်းလာဖို့ တပ်တွင်း ဘဏ္ဍာငွေ အလုံ အလောက်ရှိဖို့ လက်ဖြောင့်သေနတ် စနိုက်ပါတွေ လေယာဉ်ပစ် လက်နက်တွေ အပါအဝင် ခဲယမ်းတွေ စုဆောင်းဖို့ အတွက်ကိုတော့ AA ခေါင်းဆောင်တွေ ကိုယ်တိုင်က ကြိုးစားတည်ဆောက်ခဲ့ရတာပါ။
CRPH အနေနဲ့ လက်နက်ကိုင် တိုက်ခိုက်ဖို့ လူထုကို လှုံ့ဆော် စည်းရုံးထားပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မဖြေရှင်းနိုင်ရင်တော့ ပြည်မက လူငယ်တွေဟာ အခြေခံစစ်ပညာ သင်တန်း တက်ထားရုံပဲ ရှိနေမှာပါ။
၁၉၈၈ ခုနှစ်ကလည်း တနိုင်ငံလုံး အုံကြွပြီး ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ချိန်မှာ ဗမာအများစုဦးဆောင်တဲ့ ပြည်မက ကျောင်းသားတွေဟာ တိုင်းရင်းသား တပ်နယ်မြေထံကို ခိုလှုံသွားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ထူထောင်ခဲ့ကြပါတယ်။
ABSDF ကို စတင်ထူထောင်စဉ်က စစ်အစိုးရကို တိုက်ခိုက်ပြီး ဖြုတ်ချဖို့ မြို့ပေါ်မှာ စစ်ဆင်ရေးတွေ လုပ်ဖို့ဆိုတဲ့ ရည်ရွယ် ချက်တွေ ရှိခဲ့ကြပေမယ့် လက်တွေ့မှာတော့ ပြည်မကို ဝင်ရောက်နိုင်တဲ့ အခြေအနေတောင် မရှိခဲ့ပါဘူး။
ABSDF တပ်ထဲက ဦးဆောင်သူ ကျောင်းသားအချို့ဟာလည်း လက်နက်ကိုင်တပ် အမည်ခံအဖြစ်သာ ရပ်တည်ထားပြီး တကယ်တမ်းမှာတော့ ပြည်ပနိုင်ငံမှာ အခြေစိုက် နေထိုင်ရင်း ပြင်ပ စီးပွားရေး အလုပ်အကိုင်တွေနဲ့ ရပ်တည်နေကြတာပါ။
ABSDF အနေနဲ့ တိုင်းရင်းသားတပ်တွေလို တပ်တွင်းဘဏ္ဍာရေးနဲ့ လက်နက်ခဲယမ်း အင်အားတောင့်တင်းအောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တာကြောင့် ယနေ့အချိန်ထိ နယ်စပ်က တိုင်းရင်းသားနယ်မြေတွေမှာ အင်အားသေးငယ်ပြီး လက် နက်ကိုင်တပ် အမည်ခံ အဖွဲ့အစည်းအဖြစ်သာ ဆက်လက် ရပ်တည်နေတာ ဖြစ်ပါတယ်။
လက်ရှိ၂၀၂၁ စစ်အာဏာသိမ်းမှုမှာလည်း စစ်တပ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေရဲ့လုပ်ရပ်ကို မခံမရပ်နိုင်ကြဘဲ လက်နက်ကိုင်ဖို့ ပြောလာကြတဲ့ လူငယ်တွေကိုလည်း ၈၈ တုန်းက ABSDF အဖွဲ့လို မဖြစ်စေဖို့လည်း နမူနာနဲ့ သင်ခန်းစာယူဖို့လည်း ပြောလာ ကြတာတွေလည်း ရှိပါတယ်။
လက်ရှိမှာတော့ မြန်မာ့နိုင်ငံရေး အခြေအနေက အမှောင်မိုက်ဆုံးကာလကို ရောက်ရှိနေပါပြီ။
နိုင်ငံတကာ အသိုင်းအဝိုင်းက ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်ခေါင်းဆောင်အချို့၊ မိသားစုဝင်တွေနဲ့ တပ်မအချို့ကို ပိတ်ဆို့ တားဆီးမှုတွေလုပ်ပြီး လူထုကို သတ်ဖြတ်တာတွေ မလုပ်ဖို့ လူထုဆန္ဒလေးစားဖို့ ပြောနေပေမယ့် စစ်တပ်ကတော့ လျစ်လျူရှုထားပါတယ်။
စစ်တပ်ရဲ့လက်မရွံ့စစ်သားတွေဟာ လူနေထူထပ်တဲ့ မြို့ပေါ်ရပ်ကွက်တွေထဲထိ လူထုပိုင်ပစ္စည်းနဲ့ ငွေတွေကို ဝင်ရောက် လုယက်တာ ဖျက်ဆီးတာတွေ လုပ်တဲ့အပြင် ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကိုလည်း ဆက်လက် လုပ်ဆောင်နေပါပဲ။
အဲဒီ လုပ်ရပ်တွေဟာ ဒီမိုကရေစီ ကျင့်စဉ်အရ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခြင်းကို လျစ်လျူရှုစေပြီး လူငယ်တွေတော ခိုကာ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်အောင် တွန်းပို့နေသလို ဖြစ်နေပါတော့တယ်။
You may also like these stories:
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုကို ဗြိတိန်နှင့် အမေရိကန် အရေးယူ
တိုင်းရင်းသားတပ်များက မြန်မာ့ဒီမိုကရေစီအင်အားစုများကို ကယ်ဆယ်နေ
စစ်ကောင်စီကို တော်လှန်ဖို့ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မလား
မြန်မာစစ်အာဏာသိမ်းမှု သို့မဟုတ် အမှောင်ခေတ်သို့ ပြန်သွားခြင်း
The post စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ appeared first on ဧရာဝတီ.