Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

မလွှကုန်း မီးရထားဝင်းက CDM သူရဲကောင်းများ

$
0
0

မလွှကုန်း မီးရထားဝင်းလို့ လူသိများတဲ့ မလွှကုန်း မီးရထားရပ်ကွက်အတွင်းက အိမ်အတော်များများရဲ့ တံခါးပေါက်တွေ ဟာ သော့ခလောက်ကိုယ်စီ ပိတ်ထားလျက် တွေ့မြင်ရပါတယ်။

နံနက်ခင်း အစောပိုင်းကတည်းက သူတို့ အိမ်တွေရှေ့မှာ တပ်ချထားတာကြောင့် မရွှေ့ပြောင်းနိုင်ဘဲ ကျန်နေကြတဲ့ အောင် မင်္ဂလာလမ်းနဲ့ တည့်တည့် ဝင်ပေါက်အနီး အိမ်တွေက လူတွေကတော့ အခုမှ ကသုတ်ကရက် ပြောင်းရွှေ့ဖို့ လုပ်နေကြရပါ တယ်။

အဲဒီနေရာမှအပ မလွှကုန်းမီးရထားဝင်းအတွင်း ကျန်တဲ့ နေရာတွေမှာ လူသူ တိတ်ဆိတ်နေပါပြီ။

“သက်ကြီး ရွယ်အိုတွေ ရှိသေးလားခင်ဗျာ။ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ ရှိရင် ပြောပါ” ဆိုပြီး လက်တွန်း လှည်းကို တွန်းနေတဲ့ လူငယ်တွေဟာ တလမ်းဝင်၊ တလမ်းထွက်နဲ့ တကြော်ကြော် အော်နေပါတယ်။

မွန်းလွဲ ၂ နာရီလောက်မှာ အတော်များများ သက်ကြီးရွယ်အိုတွေကတော့ လုံခြုံရာကို ရောက်နေပါပြီ။

အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ကိုရွေးပြီး မလွှကုန်း မီးရထားဝန်းကို စွန့်လွှတ်ခဲ့သည့် ဝန်ထမ်းများ

ပြောင်းရွှေ့ကြတဲ့ မိသားစုတွေဟာ တကိုယ်စာ သူတို့အတွက် အရေးတကြီး အထုပ်အပိုးကလွဲရင် ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ထားခဲ့ပြီး ထွက်လာကြရပါတယ်။

ဒါကတော့ မီးရထားဝန်ထမ်းတွေက သူတို့ရဲ့ ခိုလှုံရာ နေအိမ်တွေကို စွန့်ခွာထွက်သွားတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

မလွှကုန်း မီးရထားဝင်းအတွင်းက ဝန်ထမ်းအားလုံးလိုလိုဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတာကြောင့် အများစုက ရှောင်တိမ်းနေရတာပါ။

စစ်တပ်နဲ့ ရဲအင်အား ရာနဲ့ချီပြီး မီးရထားဝင်းထဲမှာ မတ်လ ၁၀ ရက်နေ့က တပ်လာစွဲတဲ့နောက်မှာတော့ ကျန်ရစ်ခဲ့တဲ့ မိ သားစုတွေဟာ စိုးရိမ်တကြီးနဲ့ နေအိမ်တွေကနေ ပြောင်းရွှေ့ ကြရပါတော့တယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ညွှန်ကြားမှုကြောင့် ရထားတွေ ပြန်လည် ပြေးဆွဲနိုင်ရေးအတွက် ရထား စက်ခေါင်းမောင်း တွေကို ခြိမ်းခြောက်တာ၊ ညှိနှိုင်းတာ စတာတွေလုပ်ဖို့ စစ်တပ်နဲ့ ရဲက နံနက်အစောပိုင်းကတည်းက လာရောက် စခန်းချ ထားတာပါ။

အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ကိုရွေးပြီး မလွှကုန်း မီးရထားဝန်းကို စွန့်လွှတ်ခဲ့သည့် ဝန်ထမ်းများ

ရထားတွေ ပြန်လည်ပြေးဆွဲနိုင်ရေး ကြိုးပမ်းနေတဲ့အထဲမှာ စစ်တပ်ရဲ့ ရိက္ခာထောက် ရထားတွေလည်း ပါတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ လက်နက်ကိုင် တပ်ဖွဲ့ကနေ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို လိုင်းခန်းတွေ၊ နေအိမ်တွေမှာ မနေဘဲ ထွက်သွားဖို့ လှမ်းအော်ပြောတယ်လို့ နေထိုင်သူတချို့က ပြောပြပါတယ်။

အဲဒီနောက်မှာတော့ ရပ်ကွက်တခုလုံးက မိသားစုတွေဟာ အရေးကြီးပစ္စည်းတွေကို သယ်ဆောင်ပြီး အလျင်အမြန် ထွက်ခွာကြတာပဲ ဖြစ်ပါတယ်။

CDM မလုပ်ရင် ဘာပြဿနာမှ မရှိဘဲ ဆက်လက် နေနိုင်မှန်း သိပေမယ့်လည်း ရပ်ကွက်လုံးကျွတ် ပြောင်းရွှေ့ ထွက်ခွာ နေကြပါတယ်။

မီးရထားဝန်ထမ်းတဦးက “CDM အောင်မြင်ဖို့ အရေးကြီးတယ်။ ဘာဖြစ်ဖြစ် မမှုဘူး” လို့ ဆိုပါတယ်။

ဘေးလွယ်အိတ် ၁ လုံးကလွဲလို့ ဘာမှမပါတဲ့ ထိုသူက နံနက် ၆ နာရီခွဲ သူတို့ကို ဝင်ရောက်စီးနင်းချိန်မှာ ရှောင်ထွက် လာခဲ့တာလို့လည်း ပြောပြပါတယ်။

အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ကိုရွေးပြီး မလွှကုန်း မီးရထားဝန်းကို စွန့်လွှတ်ခဲ့သည့် ဝန်ထမ်းများ

ဝင်းအတွင်းမှာ အိမ်ခြေ ၁,၀၀၀ လောက်ရှိပြီး ဝန်ထမ်းမိသားစုတွေသာမက အိမ်ငှားရမ်းနေထိုင်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူတွေက CDM ဝန်ထမ်းတွေကို လှူထားတဲ့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ အစရှိတဲ့ အခြေခံ စားသောက်ကုန်တွေ ကိုတော့ ဂိုထောင်သဖွယ် ထားရှိထားတဲ့ အအောက်အအုံတခုထဲကနေ စစ်တပ်က ထုတ်ယူသွားတယ်လို့ သိရပါတယ်။

“CDM ဝန်ထမ်းတွေအတွက် လှူထားတဲ့ ပစ္စည်းတွေ ကျနော်တို့က ပြန်ခွဲ မပေးရသေးဘူး။ ဆေးပေးခန်းမှာ စုထားတာ။ အဲဒါတွေကို အခု သူတို့ သယ်ထုတ်နေတာ” လို့ မီးရထားဝင်းအတွင်း နေထိုင်သူ တဦးက ပြောပါတယ်။

မီးရထားဝင်း CDM သူရဲကောင်းတွေကို အခမဲ့ ပို့ဆောင်ပေးမယ့် ကားပေါင်းများစွာက မလွှကုန်းဘူတာအနီးကို အပြေး အလွှားရောက်လာပြီး ဝန်ထမ်းမိသားစုတွေ ပြောင်းရွှေ့လိုတဲ့ နေရာကို လိုက်ပို့ပေးကြတာကိုလည်း မြင်တွေ့ရပါတယ်။

မီးရထားဝင်းကလူတွေ ပြောင်းပြေးရတဲ့ည၊ မတ်လ ၁၀ ရက်နေ့ညမှာပဲ ရဲနဲ့ စစ်တပ်ဟာ မလွှကုန်း မီးရထားဝင်းနဲ့ ကပ်လျက် ကျောက်မြောင်း၊ အောင်မင်္ဂလာ၊ မလွှကုန်း စတဲ့နေရာတွေကို စစ်ကား၊ ရဲကား ဒါဇင်နဲ့ချီ ဝင်လာပြီး အသံဗုံးနဲ့ ပစ်၊ လေးခွနဲ့ပစ်တာတွေ ပြုလုပ်ခဲ့သလို လူတချို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ကိုရွေးပြီး မလွှကုန်း မီးရထားဝန်းကို စွန့်လွှတ်ခဲ့သည့် ဝန်ထမ်းများ

မတ်လ ၁၁ ရက်နေ့မှာတော့ တချို့မိသားစုတွေဟာ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ပစ္စည်းတချို့ကို လာရောက် သယ်ဆောင် နေကြပါတယ်။

မီးရထားဝင်းထဲက မျက်ခုံးမွှေးတွေကအစ ဖြူပြီး ရှည်နေတဲ့ သက်ကြီးရွယ်အို ဘုန်းကြီး ၁ ပါးကို ဒီနေ့မှ ခေါ်ထုတ် လာနိုင် တာကိုလည်း တွေ့ရပါတယ်။

ဘုန်းကြီးကို တွဲခေါ်လာတဲ့ ဒကာမတဦးက “ဘုန်းဘုန်းက မနေ့က တနေ့လုံး ဆွမ်းမဘုဉ်းခဲ့ရဘူး။ ခုမှ ခေါ်လာနိုင်တာ” လို့ သူက ဆိုပါတယ်။

ပစ္စည်းတွေ ပြန်လာသယ်ယူတဲ့ သူတွေကို ရန်ကုန်တိုင်းမီးရထားရဲတပ်ဖွဲ့က မပြောင်းရွှေ့ဖို့အတွက် လိုက်လံ စည်း ရုံးနေတာ တွေ့ရသလို ဝင်းထဲမှာတော့ ဒိုင်းကိုင်ထားတဲ့ စစ်သားအချို့ကိုလည်း လှမ်းမြင်နေရပါတယ်။

“(စစ်သားတွေ) စက်ရုံဝင်းထဲမှာ ရှိလိမ့်မယ်” လို့ ပစ္စည်းတွေ ထုတ်ပိုးနေတဲ့ အမျိုးသမီးတဦးကလည်း လှမ်းပြော ပါတယ်။ အဲဒီနားအထိ သွားဖို့ကတော့ မလွယ်ကူပါ။

မီးရထားရဲတပ်ဖွဲ့ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေကတော့ မီးရထားဝန်ထမ်းတွေ မပြောင်းဖို့၊ ဘာမှမဖြစ်ပါဘူး၊ ပြန်နေပါ ဆိုပြီး တအိမ်တက်ဆင်း လိုက်လံ စည်းရုံးပြောဆိုနေပေမယ့် မီးရထားဝန်ထမ်းတွေကတော့ လုံးဝ အယုံအကြည် ရှိမနေပါ။

အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ကိုရွေးပြီး မလွှကုန်း မီးရထားဝန်းကို စွန့်လွှတ်ခဲ့သည့် ဝန်ထမ်းများ

“ဘာလို့ ပြောင်းနေတာလဲ။ ဒီမှာပဲ ပြန်လာနေကြပါ။ ဘာမှမလုပ်ပါဘူးလို့ လိုက်ပြောနေတယ်။ ဘယ်သူကမှတော့ မယုံ ဘူး” လို့ ဝင်းအတွင်း နေထိုင်သူ တဦးက ဆိုပါတယ်။

အမျိုးသမီးတဦးကလည်း ဘယ်ဘက်ချိုင်းကြားမှာ TV ကိုညှပ်၊ ညာဘက်လက်က ခြင်းထောင်ကို ဆွဲကာ ရထားလမ်း ကို ဖြတ်ကူးလာရင်းက “ဘယ်လောက် ပြန်ခေါ်ခေါ် သူတို့ လက်နက်တွေကြားမှာတော့ မနေနိုင်ဘူး” လို့ ရေရွတ်ပြောဆိုပါ တယ်။

မီးရထားဝန်ထမ်းတွေ အနေနဲ့ CDM ကို အပြည့်အဝ ယုံကြည် မျှော်လင့်ထားကြပါတယ်။

“အလုပ်ပဲ ပြုတ်ပြုတ်၊ အိမ်ပဲ ဖျက်ဆီးဆီး အဓိကက CDM အောင်မြင်ဖို့ပဲ” လို့ မီးရထား ဝန်ထမ်း တဦးက တက်တက်ကြွကြွ ပြောလိုက်ပါတယ်။

အရင်က ကလေးတွေ ဆော့ကစား၊ အိမ်မွေးတိရစ္ဆာန်တွေ၊ သွားလာလှုပ်ရှားနေတဲ့ မီးရထားဝန်ထမ်းတွေနဲ့ စည်စည် ကားကား၊ သိုက်သိုက်ဝန်းရှိခဲ့တဲ့ ဒီရပ်ကွက်ကျဉ်းလေးဟာ အခုတော့ အသံတွေ တိတ်ဆိတ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ရဲ့ စခန်းချရာ နေရာတခု ဖြစ်လို့နေပါပြီ။ ။

You may also like these stories:

လူသားမျိုးနွယ်ကို ကျူးလွန်သော ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

တရုတ် သတင်းပေါက်ကြားမှုဖြင့် နိုင်ငံခြားရေး ဝန်ထမ်း ၂ ဦး အဖမ်းခံရ

The post မလွှကုန်း မီးရထားဝင်းက CDM သူရဲကောင်းများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...