Quantcast
Channel: ဆောင်းပါး - ဧရာဝတီ
Viewing all articles
Browse latest Browse all 3346

ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း

$
0
0

စစ်တပ်နဲ့ ရဲတွေက အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦးကို မတ်လ ၆ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပြီး နောက်တနေ့မှာ တော့ အဆိုပါ အမျိုးသားရဲ့ အလောင်းကို ပြန်လည်ထုတ်ယူဖို့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။

သူ့နာမည်က ဦးခင်မောင်လတ်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပန်းဘဲတန်းမြို့နယ် ၇ ရပ်ကွက်၊ ရပ်/ ကျေး ဥက္ကဋ္ဌ တဦးလည်း ဖြစ်ပါတယ်။

ဦးခင်မောင်လတ်ကို မတ် ၆ ရက်၊ ည ၉ နာရီခွဲလောက်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး နောက်တနေ့ မတ် ၇ ရက်နေ့ နံနက်မှာတော့ သူ့ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထုတ်ယူဖို့ ရဲဘက်က မိသားစုဝင်တွေဆီကို အကြောင်းကြားလာခဲ့တာပါ။

“၉ နာရီခွဲမှာ မြို့တော်ခန်းမကို ဖမ်းသွားတယ်။ မနက် ၇ နာရီခွဲမှာ ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက မိသားစုကို ဖုန်းဆက် တယ်။ ကိုခင်မောင်လတ်ဟာ မိုက်ခနဲဖြစ်ပြီး လဲသွားတယ်။ မင်္ဂလာဒုံ စစ်ဆေးရုံကို တင်တယ်။ ဆုံးသွားတယ်။ ဒီသတင်း စကားပါးတယ်”လို့ ဦးခင်မောင်လတ် သေဆုံးမှုနဲ့ ပတ်သက်လို့ လိုက်ပါဆောင်ရွက်နေသူတဦးက ပြောပါတယ်။

ဒီလို ပြည်သူတယောက်ကို ဖမ်းဆီးသွားပြီးနောက် ညတွင်းချင်း သေဆုံးခဲ့မှုဟာ အာဏာသိမ်း စစ်ကောင်စီ လက်အောက် ခံ လက်နက်ကိုင်(ရဲနှင့် စစ်သား)တွေရဲ့ လက်မရွံ့တမ်း သတ်ဖြတ်နေမှုကို အထင်းသား မြင်တွေ့နေရတယ်လို့ ပြည်သူတွေ က ဝေဖန်နေကြပါတယ်။

ဦးခင်မောင်လတ်ကို နှလုံးရောဂါနဲ့ ကွယ်လွန်သွားတာလို့ ဖမ်းဆီးသွားသူတွေက ဆိုပေမယ့် ဦးခင်မောင်လတ်ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာတွေ ရှိနေတယ်လို့ အလောင်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သူတွေက ဆိုပါတယ်။

ဦးခင်မောင်လတ် သေဆုံးမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်ရဲ့ ပြောပြ ချက်အရ ဦးခင်မောင်လတ်ရဲ့ သွေးကျနေတဲ့ ဦးခေါင်းကဒဏ်ရာ၊ ညိုမဲနေတဲ့ လက်ချောင်းတွေ၊ ခါးက အညိုအမဲတွေနဲ့ ပတ် သက်လို့ မေးမြန်းတဲ့အခါ တာဝန်ရှိသူတွေဘက်က နှလုံးရောဂါကြောင့်ဟုသာ တခွန်းတည်း အကြောင်းပြချက် ပေးတယ် လို့ သိရပါတယ်။

ဦးထွန်းကြည်က“နှလုံးရောဂါကြောင့် လက်ချောင်းတွေ ညိုမဲစွဲနေတာ။ ခါးတွေ ညိုမဲစွဲနေတာ။ တခြားနေရာတွေ ညိုမဲစွဲနေ တာ ထားပါတော့။ ခေါင်းဒဏ်ရာက နှလုံးရောဂါနဲ့ လားလားမှ မဆက်စပ်ဘူး။ ပြီးတော့ အပြင်ကို ထုတ်ဖော်မပြောဖို့ ပြော လာတယ်။ ဒါကြောင့် နှလုံးရောဂါနဲ့ ကိုခင်မောင်လတ် ကျဆုံးသွားတာ မဟုတ်ဘူး။ ဒါကတော့ ရှင်းရှင်းလင်းလင်း အတိ အလင်းပြောတာ”လို့ ခိုင်ခိုင်မာမာ ပြောပါတယ်။

အစ္စလာမ်ဘာသာဝင် တဦးဖြစ်တဲ့ ဦးခင်မောင်လတ်ဟာ ဗုဒ္ဓဘာသာဝင် မွေးစားမိခင်၊ ညီမတွေနဲ့အတူ နှစ်ပေါင်း ၃၀ ကျော် အတူနေထိုင်ခဲ့ပြီး ရိုးသားကာ အနေအေးဆေးသူ၊ စိတ်ရှည်သူလို့ သူနဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် သူဟာ မြို့နယ် သန့်ရှင်းရေးကနေစလို့ သာရေး၊ နာရေးအဆုံး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလေ့ ရှိသူလည်း ဖြစ်ပါတယ်။

ဦးခင်မောင်လတ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံတဲ့ ကိုစည်သူမောင်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်တာဝန် ယူခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ကို ခေါ်ယူဖမ်းဆီးစစ်ဆေးတဲ့ ရည်ရွယ်ချက်က ကိုစည်သူမောင်ကို မေးမြန်းရှာဖွေဖို့ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံး သပ်သူတွေက ယူဆပါတယ်။

မတ်လ ၇ ရက်နေ့မှာ ကိုစည်သူမောင်ရဲ့ အဖေ ဦးပီတာကို စစ်တပ်နဲ့ ရဲတွေက လာရောက် ဖမ်းဆီးခဲ့ခြင်းက ဒီယူဆချက်ကို သက်သေ ပြနေပါတယ်။

ဦးပီတာကို လာရောက်ဖမ်းဆီးရာမှာလည်း တံခါးကို ချိုးဖျက်ဝင်ရောက်ရုံမျှမက လူကိုပါ သေနတ်ဒင်တွေနဲ့ ထု၊ အကြမ်း ဖက် ရိုက်နှက်ပြီး လက်ပြန်ကြိုးတုပ် ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုစည်သူမောင်ရဲ့ ညီမ ဝတ်ရည်မောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ“အမေက ဝရမ်းပါလားမေးတော့ စကားမများနဲ့ ပစ်သတ်လိုက်မယ်ဆိုပြီး သေနတ်တွေနဲ့ ချိန်ထားပါတယ်။ အမေက တံခါးမဖွင့်ပေးတော့ အိမ်တံခါးကို ဖျက်ပြီး အကြမ်း ဖက် ဝင်လာပါတယ်” လို့ ရေးသားထားပါတယ်။

စစ်သားနှစ်ယောက်က ညီမလေးနဲ့ အမေကို သေနတ်နဲ့ တောက်လျှောက် ချိန်ထားပြီး ငြိမ်ငြိမ်နေ၊ စကားများရင် ပစ်သတ် လိုက်မယ်လို့ ပြောခဲ့သလို သူ့တူလေး လသားအရွယ် ကလေးငယ်လေးကိုပါ သေနတ်နဲ့ ချိန်တယ်လို့လည်း ဆိုပါတယ်။

ဦးပီတာဟာ ၁၉၉၀ ထဲက NLD လှိုင်မြို့နယ်အမတ် ဦးစောမြသိန်းရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ သလို မြို့နယ်လူငယ်တာဝန်ခံလည်း ဖြစ်ခဲ့သူပါ။

၂၀၀၇ ရွှေဝါရောင် သံဃာအရေးတော်ပုံမှာ ကိုစည်သူမောင်ကို ဖမ်းဆီးခဲ့တဲ့အပြင် မိဘများကိုလည်း နိုင်ငံရေးလှုပ်ရှားမှု နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းရုံနဲ့တင် မလုံလောက်တော့ဘဲ အောက်ခြေအဆင့်အထိပါ လိုက်လံဖမ်းဆီးမှုတွေကို ၁၉၈၈ တုန်းကလို လုပ်ဆောင်လာတာ တွေ့ရ ပါတယ်။

တဖက်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးတာတွေ၊ ပစ်ခတ်သတ်ဖြတ်တာတွေ ပိုမို ဆိုးရွာလာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေကြောင့် အာဏာသိမ်းပြီး တလကျော်အတွင်း သေဆုံးသူ ၆၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ညတွင်းချင်း သေဆုံးသွားတဲ့ ဦးခင်မောင်လတ်ကို ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့က နှလုံး ရောဂါကြောင့်လို့ တွင်တွင်ပြောနေပေမယ့် အလောင်းကို ခွဲစိတ်စစ်ဆေးမှုတွေ ပြုလုပ်ထားတာ တွေ့ရတယ်လို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။

ဦးထွန်းကြည်က“နှလုံးရောဂါနဲ့ ကျဆုံးသွားတာ မဟုတ်ဘူး။ ရဲဘော် ခင်မောင်လတ်သည် ဖမ်းဆီးပြီး ဖိနှိပ်ညှဉ်းပန်း နှိပ် စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်ဆိုတာ ခိုင်ခိုင်မာမာ ပြောနိုင်တယ်”လို့ ထပ်မံပြောဆိုပါတယ်။

သေဆုံးသွားတဲ့ ဦးခင်မောင်လတ်ကို အစ္စလာမ်အသိုင်းအဝိုင်းက အစ္စလာမ်ထုံးစံနဲ့အညီ သဂြိုဟ်ပေးခဲ့သလို မွေးစားမိခင်နဲ့ မိသားစုက ဗုဒ္ဓဘာသာ ဓလေ့ထုံးစံနဲ့ ရက်လည်ဆွမ်းကပ် ပေးမယ်လို့လည်း သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်လတ် အပါအဝင် အစ္စလာမ်ဘာသာဝင် တချို့ သေ ဆုံးမှုတွေ ရှိလာပေမယ့် အစ္စလာမ်ဘာသာရေးအဖွဲ့တွေက အဲဒီပေါ်မှာ အရေးတယူပြုပြီး ထုတ်ပြန်တာမျိုး မရှိသလို စစ် အာဏာ သိမ်းယူတဲ့အပေါ်မှာလည်း ယနေ့အထိ သဘောထားမှတ်ချက် တစုံတရာ မပေးသေးပါဘူး။

ဖမ်းဆီး ခေါ်ဆောင်သွားသူ တဦးကို အကြောင်းရင်း တစုံတရာ မရှိဘဲ သေဆုံးသည်အထိ နှိပ်စက်ညှည်းပန်းတာဟာ အကြီးမားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှုတခုလို့ လူ့အခွင့်အရေးအဖွဲ့တွေက သုံးသပ်ပါတယ်။

“ဆိုးတာက သေဆုံးရတဲ့ အကြောင်းအရင်း အပေါ်မှာပါ တာဝန်ယူမှု၊ တာဝန်ခံမှု မဲ့တဲ့ လိမ်ညာမှုပါ” လို့ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးက ဆိုပါတယ်။

နေပြည်တော်မှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်နဲ့ မန္တလေးမှာ သေဆုံးခဲ့တဲ့ မကြယ်စင်တို့ သေဆုံးမှု မှာလည်း အာဏာသိမ်း စစ်ကောင်စီက သူတို့ရဲ့ လက်ချက် မဟုတ်ဘူးလို့ ဝါဒဖြန့်မီဒီယာတွေကနေတဆင့် ထုတ်ပြန်ထား ပါသေးတယ်။

ဆိုရှယ်မီဒီယာပေါ်မှာလည်း ဖမ်းဆီးခံထားရသူတွေကို ရိုက်နှက် နှိပ်စက်တာ၊ ပစ်ခတ်သတ်ဖြတ်တာ၊ ဒဏ်ရာရသူတွေ ကို ဆေးကုသခွင့်မပေးဘဲ တရွတ်တိုက် ဆွဲခေါ်ပြီး အချုပ်ကားပေါ် တင်သွားတာတွေကို မြင်တွေ့နေရတာကြောင့် မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ အတော်ကို ဆိုးရွားပြီး နှစ်ပေါင်းများစွာ အနောက်ကို ပြန်ရောက်သွားတယ်လို့ လည်း သုံးသပ်ပြောမှုတွေ ရှိနေပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံသား တဦးချင်းဆီရဲ့ လွတ်လပ်မှုနဲ့ လုံခြုံရေးကို အာမခံချက်ပေးထားတဲ့ နိုင်ငံသားများ ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ (နိုင်လွတ်လုံ) ကို အလျင်အမြန် ပြင် ဆင်တာ၊ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်တာတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီလို နိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာအကွယ်ပေးထားတဲ့ ပုဒ်မတွေကို ဖျက်သိမ်းတာ၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ထိပါးတဲ့ ပုဒ်မတွေကို ဖြည့်စွက်တာဟာ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံသားတွေအပေါ် လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေ ဗြောင်ကျကျ ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ပြင်ဆင်လိုက်ခြင်း ဖြစ်တယ်လို့ ပြည်  ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က လည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ သက်တမ်း ရှည်လာတာနဲ့အမျှ ဦးခင်မောင်လတ်လိုပဲ နိုင်ငံသား ပြည်သူများစွာဟာ တရား ဥပဒေမဲ့ နေ့မြင်ညပျောက် အလောင်းကောက်ရမယ့် ဘဝတွေကို ရင်ဆိုင်လာရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ ။

You may also like these stories:

စစ်တပ် ဖမ်းဆီးသည့် ပန်းပဲတန်း NLD ရပ်/ကျေး ဥက္ကဋ္ဌ ညတွင်းချင်း သေဆုံး

The post ခေါ်သွားတော့ အကောင်း ပြန်ရောက်တော့ အလောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 3346

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...